မင်း ဘာလိုချင်တာလဲ
Vol. 12 Ch. 1112
မြို့တော်ထဲတွင် တာဝန်ထမ်းဆောင်နေကြသည့် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူဆယ်ဦးစလုံးမှာ ခေါင်းများကို ငုံ့ထားကာ ခြေချောင်းများကိုသာ စိုက်ကြည့်နေကြသည်။ သူတို့၏မျက်နှာများပေါ်တွင် မြင်နေရသည့် လေးနက်သော အမူအရာအများကြောင့် သူတို့၏ခြေထောက်များထဲတွင် နက်နဲသော လျှို့ဝှက်ချက်များ ရှိနေနိုင်သည်ဟုပင် ထင်ရသည်။
ပိုင်ရှောင်ချန်း၏ စကားများမှာ ခန်းမထဲတွင် ပဲ့တင်ထပ်နေစဥ် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်သည် ဒေါသထောင်းခနဲထွက်သွားပြီး နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူဆယ်ဦးမှာ သူတို့ရှေ့တွင်မြင်နေရသည့် အရှုပ်ထုတ်ကြီးထဲတွင် ဝင်ပါရန် လုံးဝ ဆန္ဒမရှိကြပဲ သတိမရှိတော့သည့်အလားပင် ဖြစ်နေကြသည်။
ဤကဲ့သို့သော နတ်ဘုရားအဆင့် ပဋိပက္ခများမှာ သူတို့လက်ရှိထက် ဆယ်ဆတိတိပို၍ သတ္တိရှိနေလျှင်တောင်မှ ဝင်ရောက်စွက်ဖက်ရန် မဖြစ်နိုင်သည့် ပဋိပက္ခများဖြစ်သည်။ အများစုဆိုလျှင် တံခါးအပြင်ဘက်သို့ ပြေးထွက်သွားချင်စိတ်များပင် ပေါက်နေပြီဖြစ်သည်။
ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်မှာ ပိုင်ရှောင်ချန်း၏ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်ဖြေရှင်းသွားပုံကြောင့် ဒေါသများကို မထိန်းနိုင်တော့ပဲ သူ့အားစိုက်ကြည့်လိုက်သည်။
မြို့စားကျစ်လင်နှင့် ကိစ္စဖြစ်စေ၊ ကျင့်ကြံသူများ၏ လစဥ်ထောက်ပံ့ကြေးကို တိုးမြှင့်ပေးသည့် ယခုကိစ္စဖြစ်စေ ထိုကိစ္စရပ်နှစ်ခုစလုံးကြောင့် သူသည် မစင်ပုံတစ်ပုံကို မသိပဲစားမိခဲ့သည့်အတွက် အူများတွန့်လိမ်နေရသည့်အလား ခံစားနေရတော့သည်။
" တော်တော်ကို ရက်စက်တဲ့အကြံပဲ... " ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်မှာ အံကြိတ်နေပါသော်လည်း သူ၏ခံစားချက်များကို ဖြေဖျောက်၍မရ ဖြစ်နေတော့သည်။ ဤအစီအစဥ်ကို သူလက်မခံပဲ ငြင်းဆိုလိုက်မည်ဆိုပါက ပိုင်ရှောင်ချန်း၏ ကျော့ကွင်းထဲသို့ ရောက်သွားမည်ဖြစ်သည်။ သို့သော် အကယ်၍ သူ လက်ခံလိုက်မည်ဆိုလျှင်လည်း ကုန်ကျစရိတ် အလွန့်အလွန် ကြီးမားသွားမည်ဖြစ်သည်။ ထို့အပြင် ဒုတိယအင်မော်တယ်နယ်မြေသည် ပိုင်ရှောင်ချန်း၏ အပိုင်မဟုတ်သဖြင့် သူသည် ကုန်ကျစရိတ်များကို ဂရုစိုက်နေမည် မဟုတ်ပေ။ သို့သော် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်မှာ ဒုတိယအင်မော်တယ်နယ်မြေကို သူ၏ကိုယ်ပိုင် ပိုင်နက်တစ်ခုအဖြစ်သတ်မှတ်ထားသဖြင့် လက်ခံလိုက်ပါက ဖြစ်လာမည့်အကျိုးဆက်ကြောင့် သူ၏တစ်ကိုယ်လုံး တဆစ်ဆစ် နာကျင်နေရတော့သည်။
သူသည် မတ်တတ်ထရပ်လိုက်ပြီး လုံးဝနီးပါးထိန်းချုပ်၍ မရနိုင်တော့သော သတ်ဖြတ်လိုစိတ်များ တောက်လောင်နေသည့် စိတ်နှလုံးဖြင့် အပြင်သို့ ထွက်သွားတော့သည်။ သူသည် လက်ခံခြင်းမရှိသလို မငြင်းဆိုခဲ့ပေ။ ပိုင်ရှောင်ချန်းမှာ ထိုအချင်းအရာကို မြင်လိုက်ရသောအခါ အလွန်ကျေနပ်သွားပြီး ဤကိစ္စနှင့်ပတ်သတ်၍ ထပ်မံဖိအားပေးရန် လိုအပ်မည်မဟုတ်ဟု ခံစားလိုက်ရသည်။ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်မှာ အနှေးနှင့်အမြန် အဖြေတစ်ခုပြန်ပေးလိမ့်မည်ဟု သူကယုံကြည်ထားသည်။
သူ ယုံကြည်သည့်အတိုင်း တထေရာထဲပင်။ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်မှာ အချိန်သုံးရက်မကုန်ဆုံးခင် ဒုတိယအင်မော်တယ်နယ်မြေထဲရှိ အမှုထမ်းများအားလုံးကို ထောက်ပံ့ကြေးနှစ်ဆတိတိ တိုးပေးမည်ဟု ကြေငြာချက် ထုတ်လိုက်တော့သည်။
ထိုကြေငြာချက်ကြောင့် ချက်ချင်းပင် အုတ်သော်သောင်းနင်းဖြစ်သွားကြပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများစွာမှာ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်နှင့် ကောင်းကင်တံတားဘုရင်ပိုင်တို့အား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်သွားကြတော့သည်။ သို့သော် အခြေအနေအစစ်အမှန်ကို နားလည်သူများလည်း အနည်းငယ်ခန့် ရှိပေသည်။ ပိုင်ရှောင်ချန်းမှာ လူအများ၏ကောင်းကျိုးအတွက် ကြိုးစားပေးနေသည့်ပုံ ပေါ်နေပါသော်လည်း အမှန်မှာ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူနှစ်ယောက်အကြားရှိ အားပြိုင်မှုတစ်ခုဖြစ်ကြောင်း သူတို့က ရိပ်မိကြသည်။
ဤအကြိမ်တွင် ပိုင်ရှောင်ချန်း အနိုင်ရသွားသည်မှာ အထင်အရှားပင်။ ပိုင်ရှောင်ချန်းအပေါ်ထားရှိသည့် လူအများ၏ အမြင်များမှာ တဖြည်းဖြည်း ပြောင်းလဲလာပြီး အချို့ဆိုလျှင် သူ့ဘက်ပင် ပါလာကြပြီဖြစ်သည်။
ထိုသို့ဖြင့် ပိုင်ရှောင်ချန်းသည် ဖြစ်ရပ်ကြီးနှစ်ခုကိုအသုံးချ၍ ဒုတိယအင်မော်တယ်နယ်မြေထဲရှိ ကျင့်ကြံသူများ၏ လေးစားမှုကို ရယူသွားတော့သည်။ သူ့အတွက် အဓိကကျသည့် အကျိုးအမြတ်မှာ ယခုဆိုလျှင် လူအများသည် ကောင်းကင်ဧကရာဇ်များနှင့်ပတ်သတ်သည့် အကြောင်းအရာများပြောဆိုရာတွင် ယခင်ကကဲ့သို့ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် တစ်ယောက်ထဲအကြောင်းသာ မပြောတော့ခြင်းပင်ဖြစ်သည်။ စကားဝိုင်းများထဲတွင် ပိုင်ရှောင်ချန်း၏ အကြောင်းများမှာလည်း မကြာခဏဆိုသလို ပါဝင်လာပြီဖြစ်သည်။
ထိုအချင်းအရာများကို ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်က သတိထားမိသွားသဖြင့် သူသည် အချိန်ပေး၍ စဥ်းစားခန်းဖွင့်နေရပြီဖြစ်သည်။ အစောပိုင်း ပိုင်ရှောင်ချန်း စတင်ရောက်ရှိခဲ့သည့် အချိန်က သူသည် သိပ်၍ အလေးမထားခဲ့ပေ။ ထိုစဥ်က သူသည် ပိုင်ရှောင်ချန်းမှာ လူငယ်မျိုးဆက်မှ ရိုးအသည့် လူတစ်ယောက်ဖြစ်ပြီး သူတော်စင်ဧကရာဇ်မြို့တော်တွင် စိတ်ရှုပ်စရာပြဿနာအချို့ရှာနိုင်ခဲ့သော်လည်း ဒုတိယအင်မော်တယ်နယ်မြေထဲတွင် အနှောင့်အယှက်ပေးနိုင်မည် မဟုတ်ဟု သူကယူဆခဲ့သည်။
ထို့ကြောင့်လည်း ပိုင်ရှောင်ချန်း သိုသိုသိပ်သိပ်နေခဲ့စဥ်က ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်မှာ ထိုအချင်းအရာကို အားနည်းချက်တစ်ခုအဖြစ် မှတ်ယူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် သရဲကြီးဘုရင်ကို ရာထူးချလိုက်ပြီး ပိုင်ရှောင်ချန်း၏ ထိုအားနည်းချက်ကို အခွင့်ကောင်းယူကာ သူ့အား ပို၍နှိပ်ကွက်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
မြို့စားကျစ်လင်နှင့်ပတ်သတ်သည့် ကိစ္စနောက်ပိုင်းမှာပင် သူ၏စိတ်သဘောထား ပြောင်းလဲမသွားခဲ့ပေ။ ပိုင်ရှောင်ချန်းက သူ့အားပြန်တုံ့ပြန်ခဲ့သည်မှာ မှန်ကန်ပြီး ၎င်းမှာ အနည်းငယ် ခံပြင်းစရာကောင်းပါသော်လည်း သူက ပိုင်ရှောင်ချန်းကို အထင်သေးနေသေးသည်သာဖြစ်သည်။ ထိုစဥ်က ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်သည် ပိုင်ရှောင်ချန်း၏ ရုန့်ရင်းကြမ်းတမ်းသော နည်းလမ်းများကို ကြောက်စရာမလိုပဲ သူ့အား သင်ခန်းစာကောင်းကောင်း ပြန်ပေးနိုင်မည်ဟု ယုံကြည်ထားခဲ့သည်။
သို့သော် ပိုင်ရှောင်ချန်းမှာ ရက်စက်ကြမ်းကြုတ်လွန်းလှပြီး တိကျပြတ်သားလွန်းလှသော အကြံအစည်တစ်ခုကို တရားဝင်သတ်မှတ်ပေးရန် တောင်းဆိုနိုင်ခဲ့သည်။ ထိုအခါမှသာ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်သည် ပိုင်ရှောင်ချန်းမှာ သူနှင့် အဆင့်အတန်းတူညီမှုရှိသည်ဟု စတင်သဘောထားလာတော့သည်။
ယခုတွင် သူသည် ပိုင်ရှောင်ချန်းနှင့် အချိန်ကြာမြင့်စွာ ပဋိပက္ခဖြစ်နေရမည်ဆိုပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို သေသေချာချာ စဥ်းစားတွေးတောလိုက်သည်။ အဆုံးသတ်တွင် သူတို့နှစ်ယောက်စလုံး အကျိုးဖြစ်ထွန်းမည်မဟုတ်ပဲ သူတော်စင်ဧကရာဇ်သာ အမြတ်ထွက်သွားမည်ဖြစ်သည်။
သူသည် ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အားေလျာ်စွာ အခြားသူများကို စွမ်းအားမသုံးပဲ ချေမှုန်းနိုင်ကြောင်း သိနားလည်ထားသည်။ မည်သို့ညှိနှိုင်းကာ မည်သည့်အပေးအယူများ ပြုလုပ်ရမည်ကိုလည်း သူက သိသည်။ ထို့ကြောင့် သူသည် မည်သူမှ မသိနိုင်အောင် သူ၏ပုံရိပ်တစ်ခုကို ပိုင်ရှောင်ချန်း၏ ကိုယ်ပိုင်အခန်းထဲသို့ လျှို့ဝှက်စွာ ထုတ်လွှတ်လိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ သူ၏အခန်းထဲတွင် တရားထိုင်နေသည်။ သူမျက်လုံးများဖွင့်လိုက်သည့်အချိန်တွင် သူ၏ရှေ့၌ မြူခိုးလုံးတစ်လုံးနှင့် ထိုမြူခိုးထဲရှိ ပြုံးနေသောမျက်နှာတစ်ခုကို မြင်လိုက်ရသဖြင့် အဆုံးသတ်တွင် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်ကညှိနှိုင်းရန်ရောက်လာပြီဖြစ်ကြောင်း သိလိုက်သည်။
ပိုင်ရှောင်ချန်းသည် မဟာကောင်းကင်သခင်နှင့် ဆွေးနွေးတိုင်ပင်ခဲ့ပြီးနောက် သူ လိုအပ်သည့်အရာများနှင့် သူ လိုချင်သည့်အရာများကို ကောင်းကောင်းသိလိုက်ပြီး သူ၏လက်ရှိအခြေအနေတစ်ခုတည်းနှင့် ထိုအရာများကို ရရှိနိုင်မည်မဟုတ်ကြောင်းကိုလည်း သိလိုက်သည်။ ထို့အပြင် ဤမြို့တော်ပတ်ဝန်းကျင်တွင် သူရှိနေသည်ကို မနှစ်မျို့ဆုံးလူမှာ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် ဖြစ်ကြောင်းကိုလည်း သူကသိသည်။
ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်၏ မီးခိုးပုံရိပ်မှာ ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်ရှိ အပြုံးကိုမြင်လိုက်ရသောအခါ သူ၏ဆုံးဖြတ်ချက် မှန်ကန်သွားပြီဖြစ်ကြောင်း သိလိုက်တော့သည်။ ထို့ကြောင့် သူသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တော့သည်။ ပိုင်ရှောင်ချန်းတွင် ဖုံးကွယ်ထားသည့် ရှုပ်ထွေးပွေလှီသော အခြားရည်ရွယ်ချက်များ ရှိမနေသည်မှာ အထင်အရှားပင်။ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်မှာ သူ့ကို အနည်းငယ် လေးစားသွားတော့သည်။
သူတို့နှစ်ယောက်စလုံးမှာ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများဖြစ်ကြသဖြင့် တစ်ခါတရံတွင် စကားတစ်ခွန်းနှင့် အပြုံးတစ်ခုမှာ များစွာအကျိုးသက်ရောက်မှုရှိနိုင်ကြောင်းကို နှစ်ယောက်စလုံးက နားလည်ထားကြသည်။
တဒင်္ဂကြာသွားပြီးနောက် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်က တစ်ခွန်းထဲ မေးလိုက်သည်။
" မင်း ဘာလိုချင်တာလဲ "
ပိုင်ရှောင်ချန်းကလည်း စကားတစ်ခွန်းထဲဖြင့် တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။ ထိုအခါ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်မှာ မျက်လုံးများအရောင်လက်သွားပြီး တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ပျောက်ကွယ်သွားတော့သည်။ သူသည် သူ၏အဖြေကို ချက်ချင်း မပေးခဲ့ပေ။
ပိုင်ရှောင်ချန်းထံသို့ သူ သွားရောက်ခဲ့သည်ကို မည်သူမှမသိသလို သူသည်လည်း ဒုတိယအကြိမ် ထပ်၍မသွားတော့ပေ။ အရာရာတိုင်းမှာ ယခင်ကအတိုင်းပင်။ သူနှင့် ပိုင်ရှောင်ချန်းတို့မှာ ကတောက်ကဆဖြစ်နေသည့် ပုံပေါ်နေဆဲဖြစ်ပြီး ပိုင်ရှောင်ချန်း ရံခါဖန်ခါ တက်ရောက်လေ့ရှိသည့် ဆွေးနွေးပွဲများတွင် သူတို့နှစ်ယောက်မှာ အကြီးအကျယ် ဆွေးနွေးငြင်းခုံ စကားများနေကြစမြဲပင်။ ထို့ကြောင့် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများမှာ တိုက်ပွဲကြီးတစ်ခု အမှန်တကယ်ဖြစ်ပွားမည်စိုးသဖြင့် အမြဲတစေ တုန်ရီနေကြရတော့သည်။
လအနည်းငယ်အကြာတွင် ကျစ်လန်စီရင်စုနယ်မြေမှ ဆရာသခင်က ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်ထံသို့ လာရောက်လည်ပတ်လေသည်။ သူသည် စိတ်ဓာတ်ကျကာ မှုန်ကုပ်ကုပ်ဖြစ်နေသည့် အမူအရာဖြင့် ရာထူးမှနှုတ်ထွက်လိုကြောင်း လျှောက်တင်လိုက်သည်။ သက်တော်ရှည်ဝိညာဥ်က နှုတ်ထွက်လိုသည့်အကြောင်းအရင်းကို မေးလိုက်သောအခါ သူသည် ပိုင်ရှောင်ချန်းမှာ စီတု ဟုအမည်ရသော နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို လက်ထောက်ဆရာသခင်အဖြစ် တာဝန်ထမ်းဆောင်ရန် ကျစ်လန်စီရင်စုနယ်မြေသို့ ပိုခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ပြန်ဖြေလိုက်သည်။
ထိုစီတုဆိုသူမှာ ရက်စက်ကြမ်းကြုတ်ကာ သနားညှာတာမှုကင်းမဲ့ပြီး အလွန်ဉာဏ်များလှသည်။ သူသည် အကြံအစည်၊ အစီအစဥ်အမြောက်အမြားကိုအသုံးချ၍ သုံးလအတွင်း ထိုစီရင်စုနယ်မြေထဲရှိ လူအားလုံးနီးပါးကို ညွှန်ကြားရေးမှုးနှင့် ရန်တိုက်ပေးနိုင်ခဲ့သည်။ ထိုဆရာသခင်မှာ စီတုကို ကြောက်လန့်နေသဖြင့် ရာထူးမှနှုတ်ထွက်ကာ ကျစ်လန်စီရင်စုနယ်မြေမှ ထွက်ခွာသွားလိုသည့် အထိပင်။
ထိုအကြောင်းကို ကြားလိုက်ရသောအခါ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်မှာ ဒေါသများတထောင်းထောင်းထလာပြီး အသက်ရှူသံများ မြန်လာတော့သည်။ ဤအချင်းအရာမှာ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်ကို အထိန်းအကွပ်မဲ့သွားစေသည့် နောက်ဆုံးကျည်ဆံတစ်ချက်အလားပင်။
" အတော်အတင့်ရဲလှပါလား။ မင်းတော်တော်ကို တရားလွန်နေပြီနော် ပိုင်ရှောင်ချန်း "
သူသည် လုံးဝတွေဝေမနေတော့ပဲ သရဲကြီးဘုရင်နှင့် မဟာကောင်းကင်သခင်တို့အား သူတို့၏ သက်ဆိုင်ရာစီရင်စုနယ်မြေများရှိ စစ်တပ်များကိုဦးဆောင်၍ မြောက်ပိုင်းသို့ စစ်ချီရန် အမိန့်ပေးလိုက်တော့သည်။ ထို့အပြင် အကယ်၍ သူတို့က မြောက်ပိုင်းနယ်မြေများကို မသိမ်းပိုက်နိုင်ပဲ ကျရှုံးခဲ့မည်ဆိုပါက သူတို့အားလုံးကို အကျဥ်းချမည်ဟု ထုတ်ပြန်ခဲ့သည်။
ထိုသတင်းများ ပျံ့နှံ့သွားသောအခါ မြို့တော်ကြီးတစ်ခုလုံး ပေါက်ကွဲတော့မည့်အလား ပွက်ပွက်ဆူသွားတော့သည်။ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူအားလုံးမှာ ပင့်သက်များရှိုက်ကုန်ကြပြီး ကောင်းကင်ဧကရာဇ်နှစ်ယောက်အကြားတွင် ကိစ္စရပ်ကြီးတစ်ခု ဖြစ်တော့မည်ဟု ယုံကြည်သွားတော့သည်။
" မဟန်ဘူးဟေ့။ ကြောက်စရာဖြစ်ရပ်ကြီး တစ်ခုခုတော့ ဖြစ်တော့မှာ "
" သောက်ကျိုးနည်း သူတော်စင်ဧကရာဇ်မင်းဆက်မှာ စည်းမျဥ်းတွေရှိတယ် မဟုတ်လား။ တိုင်းပြည်ရဲ့ ပိုင်နက်ထဲမှာ ကောင်းကင်ဧကရာဇ်တွေက အချင်းချင်း တိုက်ခိုက်ခွင့်မရှိဘူးလေ ... "
ထိုသတင်းများမှာ ဒုတိယအင်မော်တယ်နယ်မြေထဲတွင် ပျံ့နှံ့နေစဥ် ပိုင်ရှောင်ချန်းမှာ ၎င်းတို့ကိုကြားလိုက်ရသောအခါ သူ၏မျက်လုံးများ အရောင်လက်သွားတော့သည်။ ထို့နောက် သူသည် ဒေါသထွက်နေသည့် အမူအရာဖြင့် သူ၏ တံခါးပိတ်ကျင့်စဥ်အခန်းထဲမှ ဝုန်းခနဲထွက်လာသဖြင့် သူ၏ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားများ တစ်မြို့လုံးတွင် ပြည့်နှက်သွားတော့သည်။ သူသည် လုံးဝတွေဝေမနေပဲ မာန်ပါပါဖြင့် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်၏ စံအိမ်သို့ ဦးတည်သွားတော့သည်။
" လူယုတ်မာ သက်တော်ရှည်ဝိညာဥ်။ ဒီလောက်ထိ အနိုင်ကျင့်တာက အဓိပ္ပါယ်လုံးဝမရှိတော့ဘူး "
ပိုင်ရှောင်ချန်းမှာ သူ၏နတ်ဘုရားအာရုံကို ရှေ့သို့ အရှိန်ဖြင့် စေလွှတ်လိုက်သောအခါ တခြားနတ်ဘုရားအာရုံစီးကြောင်းတစ်ခုမှာလည်း ထွက်ပေါ်လာပြီး သူ၏နတ်ဘုရားအာရုံနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ ထိုနှစ်ခု တိုက်မိသွားသောအခါ မြို့တော်ထဲရှိ ကျင့်ကြံသူအားလုံး၏ နားထဲတွင် နားများအူသွားစေနိုင်သည့် အုန်းခနဲ မြည်သံကြီးတစ်သံ ပေါ်ထွက်လာတော့သည်။
" သေချင်နေတယ်ပေါ့ ဟုတ်လား ပိုင်ရှောင်ချန်း "
သူတို့နှစ်ယောက်ကြားရှိ ပဋိပက္ခမှာ ရေဆူမှတ်သို့ ရောက်သွားပြီ ဖြစ်သည်။ တစ်မြို့လုံးတွင် တဂျိန်းဂျိန်းမြည်ဟည်းသံများဖြင့် ပြည့်နှက်နေပြီး ဖုန်လုံးကြီးများ လေထဲတွင် တဝေါဝေါ တိုက်ခတ်နေကြသည်။ မြို့ထဲရှိ လူများအတွက်မူ ကမ္ဘာကြီးအဆုံးသတ်မည့်နေ့သို့ ရောက်သွားသကဲ့ပင်။