မြောက်ပိုင်းဘုရင်
Vol. 12 Ch. 1113
ကံကောင်းသည်မှာ ထိုကောင်းကင်ဧကရာဇ်အဆင့်ကျင့်ကြံသူ နှစ်ယောက်စလုံး အထိန်းအကွပ်မဲ့သည့် အခြေအနေအထိ မရောက်သေးခြင်းပင်။ ရင်ထဲမှ ခံစားချက်များ ပြေပျောက်သွားစေရန်အလို့ငှာ သူတို့နှစ်ဦးက ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံလိုက်ပြီးနောက် မာန်လျှော့လိုက်ကြသည်။ သို့သော်လည်း မြို့တော်ထဲတွင် နေထိုင်နေကြသူများ၏ရင်ထဲတွင်မူ အကြောက်တရားများဖြင့် ပြည့်နှက်နေကြဆဲပင်။
ပိုင်ရှောင်ချန်းနှင့် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်တို့သာ သူတို့ကိုယ်သူတို့ သေသေချာချာ မထိန်းသိမ်းပဲ အမှန်တကယ် တိုက်ခိုက်ကြမည်ဆိုပါက ကပ်ဘေးကြီးတစ်ခုဆိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ကြောင်း လူတိုင်း သိကြသည်။
သူတော်စင်ဧကရာဇ်မှာလည်း ထိုနှစ်ယောက်အကြားရှိ တင်းမာမှုများအကြောင်းကို ကြားသိလိုက်ရပြီး သူတော်စင်မြို့တော်တစ်ခုလုံးသည်လည်း အံ့သြတုန်လှုပ်သွားကြသည်။
ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများ အချင်းချင်းမတိုက်ခိုက်ရန် တားမြစ်ထားသည့် စည်းမျဥ်းများရှိသည်။ အထူးသဖြင့် သူတို့၏ကိုယ်ပိုင် ပိုင်နက်များထဲမှာ ပို၍တင်းကြပ်သေးသည်။ သို့သော် ထိုစည်းမျဥ်းများမှာ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းအပေါ်တွင် အပြည့်အဝ လွှမ်းမိုးနိုင်စွမ်းမရှိသည့်အပြင် ထိုသို့သောစည်းမျဥ်းများကို ဖောက်ဖျက်ပါက ဖြစ်ပေါ်လာနိုင်မည့် အကျိုးဆက်များမှာ အလွန်ကြီးမားနိုင်ပေသည်။
ထိုအချိန်တွင် သူတော်စင်ဧကရာဇ်ဆီသို့ ပိုင်ရှောင်ချန်းနှင့် သက်တော်ရှည်ဝိညာဥ်တို့နှစ်ယောက်စလုံးထံမှ တရားဝင် တောင်းဆိုချက်များ ရောက်ရှိလာတော့သည်။ ထို့နောက် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်၏ နားချနိုင်စွမ်းများကြောင့်လား၊ သူအသုံးပြုခဲ့သည့် အခြားလျှို့ဝှက်နည်းလမ်းများကြောင့်လားတော့မသိပေ ... သူတော်စင်ဧကရာဇ်သည် အမိန့်တော်တစ်ခုကို ထုတ်ပြန်လိုက်လေသည်။
" အခုကစပြီး ကောင်းကင်တံတားဘုရင်ကို ဒုတိယအင်မော်တယ်နယ်မြေရဲ့ မြောက်ပိုင်းဘုရင်လို့ သတ်မှတ်လိုက်တယ်။ သူက အဲဒီနယ်မြေရဲ့ အင်မော်တယ်အရှင်သခင်ဖြစ်တဲ့အတွက် မြောက်ပိုင်းစီရင်စုနယ်မြေငါးခုရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်တိုးပွားလာအောင်ဆောင်ရွက်ဖို့ တာဝန်ရှိတယ် "
သူတော်စင်ဧကရာဇ်မင်းဆက်ထဲရှိ လူတိုင်း ယခုကဲသို့ ရုတ်ချည်းဆန်လွန်းလှသော ပြောင်းလဲမှုများကြောင့် ဆွံ့အကုန်ကြသည်။ သို့သော် ယခုကြေငြာချက်မှာ ပိုင်ရှောင်ချန်းအတွက် အံ့သြဖွယ်ကောင်းလွန်းလှသော ရာထိုးတိုးမြှင့်ခြင်းတစ်ခု ဖြစ်နေသောကြောင့် မဟုတ်ပေ။ ဒုတိယအင်မော်တယ်နယ်မြေထဲရှိ မြောက်ပိုင်းစီရင်စုနယ်မြေငါးခုမှာ သူတော်စင်ဧကရာဇ်၏ လက်အောက်တွင် ရှိမနေသောကြောင့်ဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ မြောက်ပိုင်း၏ဘုရင်ဖြစ်သွားပါသော်လည်း အုပ်ချုပ်စရာ နယ်မြေတစ်ခုတစ်လေပင် ပိုင်ဆိုင်မည် မဟုတ်ပေ။
ထို့အပြင် မြောက်ပိုင်း၏ ' ဂုဏ်ကျက်သရေကို ပြန်လည်တိုးပွားလာအောင် ဆောင်ရွက်ရမည် ' ဟူသော သူ၏တာဝန်ကိုပင် ထည့်မပြောရသေးပေ။ လူအချို့မှာ နားမလည်နိုင်လောက်အောင်ဖြစ်နေပါသော်လည်း အများစုမှာမူ ခေါင်းများယမ်းလိုက်ကြပြီး ပိုင်ရှောင်ချန်းမှာ သူတော်စင်ဧကရာဇ်မင်းဆက်ထဲတွင် လူချစ်လူခင်မပေါသဖြင့် နှင်ထုတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ရိပ်မိသွားကြသည်။
လူအများစုက ထိုသို့ ယူဆတွေးတောလိုက်ကြပြီး ဒုတိယအင်မော်တယ်နယ်မြေထဲတွင် ထိုသတင်းများမှာ ဆက်၍ပျံ့နှံ့နေတော့သည်။ သို့သော် သရဲကြီးဘုရင်နှင့် မဟာကောင်းကင်သခင်တို့၏ တုံ့ပြန်မှုမှာမူ အများနှင့်မတူပေ။ သူတို့မှာ အလွန်စိတ်လှုပ်ရှားနေကြသည်။
" အချိန်ကျပြီ "
ပိုင်ရှောင်ချန်းမှာလည်း သူတို့နည်းတူ စိတ်လှုပ်ရှားနေသည်။ မည်သူမှ မရိပ်မိပါသော်လည်း ဤရာထူးအသစ်မှာ အလွန်အရေးကြီးပေသည်။ ထိုရာထူးကြောင့် သူသည် ဒုတိယအင်မော်တယ်နယ်မြေထဲမှ ထွက်သွားနိုင်ရုံသာမက အပေါ်ယံ လွတ်လပ်မှုကိုလည်း အနည်းငယ်ခန့် ရရှိသွားပြီဖြစ်သည်။ အရာရာတိုင်းမှာ မဟာကောင်းကင်သခင်၏ အစီအစဥ်အတိုင်း ဖြစ်နေသည်သာ ဖြစ်သည်။
ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်နှင့် ဆက်လက်ငြင်းခုံနေမည့်အစား သူ့ကို စောင့်ကြည့်နေမည့် လူတစ်ယောက်မှမရှိသော မြောက်ပိုင်းတွင် ကိုယ်ပိုင်လမ်းအသစ်ဖောက်ရန်မှာ ပို၍ ကောင်းမွန်မည်ဖြစ်သည်။ ထိုနေရာတွင် သူ၏ခိုင်မာသော အခြေခံအုတ်မြစ်ကို ချရမည်ဖြစ်သည်။
ဤအကြံအစည်မှာ ကောင်းမွန်ပေသည်။ ထို့ကြောင့်လည်း ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်က ပိုင်ရှောင်ချန်းထံသို့လာရောက်ခဲ့ပြီး သူ မည်သည့်အရာကို အလိုရှိသနည်းဟု မေးခဲ့စဥ်က သူ၏အဖြေမှာ ရိုးရှင်းနေခဲ့ခြင်းဖြစ်သည်။
ထိုအဖြေမှာ " ကျုပ် မြောက်ပိုင်းကို လိုချင်တယ် " ဟူ၍ပင် ဖြစ်သည်။
ထိုတောင်းဆိုချက်မှာ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်အတွက် နစ်နာမှုရှိမည် မဟုတ်ပေ။ သူသည် ပိုင်ရှောင်ချန်းအား နှင်ထုတ်နိုင်မည်ဖြစ်ပြီး သူတို့နှစ်ဦးကြားရှိ စိတ်ပင်ပန်းဖွယ် ပဋိပက္ခကြီးကိုလည်း ရပ်တန့်နိုင်မည် ဖြစ်သည်။
သူတို့နှစ်ယောက်စလုံးမှာ အပြန်အလှန်သဘောတူထားသော ရလဒ်ကိုရရှိနိုင်ရန်အတွက် အနည်းငယ်ဟန်ဆောင်ကာ တစ်ယောက်ကိုတစ်ယောက် မုန်းတီးဟန်ဆောင်ခဲ့ကြခြင်းသာ ဖြစ်သည်။ ထို့အပြင် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်မှာ သူ၏တောင်းဆိုချက် ချက်ချင်း ပြည့်ဝနိုင်စေရန်အပြင်းအထန်ကြိုးစားခဲ့ရသည်လည်းဖြစ်သည်။ ဤမင်းဆက်ထဲတွင် သူတော်စင်ဧကရာဇ်အပါအဝင် ပိုင်ရှောင်ချန်း၏ အကြံအစည်ကို သိမြင်နိုင်သည့် ဉာဏ်ပညာထက်မြက်သူများစွာရှိနေသည် မဟုတ်ပါလော။ အမှန်တွင် သူတော်စင်ဧကရာဇ် ယခုကဲ့သို့ လျင်မြန်စွာ သဘောတူခဲ့ရသည့် တစ်ခုထဲသောအကြောင်းအရင်းမှာ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် အကူအညီတောင်းထားသည့် အဖွဲ့အစည်းများစွာက သူ့အားဖိအားအမြောက်အမြား ပေးနေခဲ့သောကြောင့်သာ ဖြစ်သည်။
" ဒီ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်က ဘယ်ဆိုးလို့လဲ " ပိုင်ရှောင်ချန်းက တွေးလိုက်သည်။
" အဲဒီတောင်းဆိုချက်ကို ဒီလောက်မြန်မြန်ကြီး ဖြည့်ဆည်းပေးဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး "
သူက သက်ပြင်းချလိုက်တော့သည်။ မြို့တော်ထဲတွင် ဆက်၍ရှိနေမည်ဆိုပါက သူ၏အစီအစဥ်အတိုင်း ဆောင်ရွက်ရန် ခက်ခဲနေမည်ဖြစ်ပြီး မျက်နှာလည်း အနည်းငယ် ပျက်ရမည်မဟုတ်ပါလော။
ထို့ကြောင့် သူတော်စင်ဧကရာဇ်ထံမှ ဓမ္မအမိန့်တော်ရရှိပြီး နှစ်ရက်အကြာတွင် သူ ထွက်ခွာသွားတော့သည်။ သူနှင့်အတူ မည်သူ့ကိုမှ ခေါ်မသွားသလို မည်သူ့ကိုမှလည်း နှုတ်ဆက်စကား ဆိုမသွားခဲ့ပေ။ မိုးသောက်ချိန်တွင် သူသည် စူးရှတောက်ပသော အလင်းတန်းတစ်တန်းအသွင် ပြောင်းလဲသွားပြီး အဝေးသို့ ပျံထွက်သွားတော့သည်။
သူ၏ ဦးတည်ရာကား မြောက်ပိုင်းပင် ဖြစ်သည်။
ကျစ်လန်စီရင်စုနယ်မြေအတွင်း ကျင့်ကြံသူများပါဝင်သည့် စစ်တပ်တစ်တပ် စတင်စုဝေးနေကြပြီဖြစ်သည်။ ထိုထဲမှ ကျင့်ကြံသူအချို့မှာ ထိုစီရင်စုနယ်မြေထဲမှဖြစ်ပြီး အခြားကျင့်ကြံသူများမှာ တာကျန်းစီရင်စုနယ်မြေမှ ဖြစ်ကြသည်။
ဤစစ်တပ်မှာ သရဲကြီးဘုရင်နှင့် မဟာကောင်းကင်သခင်တို့နှစ်ယောက် စုစည်းကာ ပိုင်ရှောင်ချန်း ရောက်ရှိလာမည့်အချိန်အတွက် ပြင်ဆင်ထားခဲ့သည့် စစ်တပ်ပင်ဖြစ်သည်။
၎င်းမှာ သူနှင့် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်အကြားရှိ ပြဿနာများကို ဖြေရှင်းခဲ့သည့် အစီအစဥ်ထဲတွင် တစ်စိတ်တစ်ပိုင်း အပါအဝင်ဖြစ်သည်။ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်၏ အမိန့်များကြောင့် မဟာကောင်းကင်သခင်မှာ လျှို့ဝှက်နေစရာမလိုတော့ပဲ မူလအစီအစဥ်အတိုင်း စစ်တပ်တစ်တစ်တပ်ကို ပေါ်ပေါ်ထင်ထင် စုစည်းနိုင်ခဲ့သည်။
ထိုစစ်တပ်ကြီးမှာ ကျင့်ကြံသူ အယောက်ငါးသောင်းခန့် အင်အားရှိနေပြီပင်ဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူမှာ သရဲကြီးဘုရင်နှင့် မဟာကောင်းကင်သခင်တို့ နှစ်ယောက်သာ ရှိသော်လည်း သူတို့၏လက်အောက်တွင် နတ်အဆင့်ကျင့်ကြံသူ အနည်းငယ်မျှ ရှိနေသည်။ ကောင်းကင်တံတားနယ်မြေမှ ကျင့်ကြံသူအချို့လည်း ပါဝင်ပေသည်။ သူတို့မှာ သရဲကြီးဘုရင်နှင့် မဟာကောင်းကင်သခင်တို့၏ လက်အောက်တွင် ခိုလှုံရန် အခက်တွေ့နေပါသော်လည်း အချို့မှာ ခိုလှုံနိုင်ခဲ့ကြပြီး အဖိုးတန်ကျောက်မျက်ရတနာများကဲ့သို့ သတ်မှတ်ခံခဲ့ရသည်။
ထိုစုဝေးနေကြသည့် စစ်တပ်များမှာ ပိုင်ရှောင်ချန်းကို သိပ်၍မစောင့်လိုက်ရပေ။ တခဏအကြာတွင် ပိုင်ရှောင်ချန်းသည် လေပြင်းတစ်ချက်နှင့်အတူ ပေါ်ထွက်လာပြီး ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်လွှတ်ကာ လေပေါ်တွင်ရစ်ဝဲနေသဖြင့် ကောင်းကင်တံတားနယ်မြေမှ ကျင့်ကြံသူအားလုံး အံ့သြမှင်တက်သွားကြပြီး ကြောက်ရွံ့လေးစားစွာဖြင့် မော့ကြည့်လိုက်ကြသည်။
ပိုင်ရှောင်ချန်းမှာ ထိုအစုအဖွဲ့ကို လှမ်းကြည့်လိုက်ပြီးနောက် မဟာကောင်းကင်သခင်အား စိုက်ကြည့်၍မေးလိုက်သည်။
" မဟာကောင်းကင်သခင်၊ ပြင်ဆင်မှုတွေအကုန် ပြီးပြီလား "
သရဲကြီးဘုရင်နှင့် မဟာကောင်းကင်သခင်တို့နှစ်ယောက်စလုံးမှာ လတ်တလောတွင် မြို့တော်ဆီသို့ မရောက်ခဲ့ပါသော်လည်း ပိုင်ရှောင်ချန်းနှင့် တချိန်လုံး အဆက်အသွယ်မပြတ်ရှိနေခဲ့ကြသည်။ သူတို့မှာ အသေးစိတ်ကျသော အကြံအစည်တစ်ခုအတိုင်း စတင်ဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေပြီး ထိုအစီအစဥ်၏ ပထမအဆင့်မှာ စီရင်စုနယ်မြေတစ်ခုကို သိမ်းပိုက်ရန်ဖြစ်သည်။
" ပြီးပါပြီ အရှင်။ အကုန်လုံး အဆင်သင့်ပါပဲ။ အရှင်သာ သရဲမယ်တော်ကို ထိန်းထားနိုင်မယ်ဆိုရင် ကျွန်တော်တို့က ယွမ်ဟိုင် စီရင်စုနယ်မြေကို သိမ်းပိုက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ တစ်လအတွင်း အောင်မြင်နိုင်ပါတယ် အရှင် "
ပိုင်ရှောင်ချန်းက မဟာကောင်းကင်သခင်ကို အချိန်အတော်အတန်ကြာအောင် စိုက်ကြည့်လိုက်ပြီးနောက် တိုက်ခိုက်ရန် စိတ်အားထက်သန်နေသည့် သရဲကြီးဘုရင်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် ခေါင်းညိတ်ပြလိုက်ပြီး သူတစ်ယောက်ထဲ မြောက်ပိုင်းသို့ ထွက်သွားတော့သည်။
ပိုင်ရှောင်ချန်း ထွက်သွားသည်နှင့် မဟာကောင်းကင်သခင်နှင့် သရဲကြီးဘုရင်တို့မှာ သူတို့၏ တပ်ဖွဲ့များကိုဦးစည်းကာ စတင်လှုပ်ရှားလိုက်ကြတော့သည်။ သူတို့သည် ကျစ်လန်စီရင်စုနယ်မြေကိုဖြတ်၍ ယွမ်ဟိုင်စီရင်စုနယ်မြေဆီသို့ ချီတက်သွားကြသဖြင့် လမ်းတစ်လျှောက်တွင် လေပေါ်သို့ ဖုန်လုံးကြီးများ တလိပ်လိပ်ထလာတော့သည်။
ပိုင်ရှောင်ချန်းမှာမူ ယွမ်ဟိုင်စီရင်စုနယ်မြေထဲသို့ တစ်ယောက်ထဲဝင်သွားပြီး တောင်ထိပ်တစ်ခုကိုရှာ၍ တင်ပျဥ်ခွေထိုင်ချကာ တရားမှတ်နေတော့သည်။ သူသည် မလှုပ်ရှားပဲ သူ၏ကျင့်ကြံခြင်းအခြေခံအငွေ့အသက်များကို ဤစီရင်စုနယ်မြေတစ်ခုလုံးတွင် ပြည့်နှက်သွားစေရန် ထုတ်လွှတ်လိုက်တော့သည်။ တစ်ခဏအတွင်း သူသည် ညအမှောင်ထုထဲရှိ တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်ကြီးတစ်ခုပမာ ဖြစ်သွားပြီး အဝေးမှပင် လှမ်း၍မြင်နေရတော့သည်။
သူ၏စွမ်းအင်ကို ယွမ်ဟိုင်စီရင်စုနယ်မြေထဲရှိ ဆရာသခင်နှင့် အခြားစွမ်းအားကြီးကျင့်ကြံသူများသာမက ဤနယ်မြေအလွန်ရှိ အခြားလူများ သတိထားမိလိုက်ကြသည်။ ထို့ကြောင့် ယွမ်ဟိုင်စီရင်စုနယ်မြေထဲသို့ ဝင်ရောက်၍ မိစ္ဆာဧကရာဇ်မင်းဆက်၏ တပ်ဖွဲ့များကို အားအင်ဖြည့်တင်းရန်အတွက် ချက်ချင်း စုစည်းခဲ့ကြသည့် စစ်တပ်များအားလုံး ဘာမှ မလုပ်ရဲလောက်အောင် ကြောက်ရွံ့တုန်လှုပ်သွားကြတော့သည်။
မည်သူမှ ယွမ်ဟိုင်စီရင်စုနယ်မြေ၏အနီးသို့ မကပ်ရဲကြတော့ပေ။
ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက်ရှိနေသည့်အတွက် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများပင် ဦးညွှတ်ရုံမှတစ်ပါး အခြားမလုပ်နိုင်ပေ။ မည်သူကမှ ပြန်လည်ခုခံနိုင်စွမ်း မရှိကြပေ။
ထိုအချိန်တွင် အေးစက်စက်အသံကြီးတစ်သံ ကောင်းကင်နှင့် ကမ္ဘာမြေပြင်တခွင် ပဲ့တင်ထပ်၍ထွက်ပေါ်လာတော့သည်။
" ပိုင်ရှောင်ချန်း "
မိစ္ဆာဧကရာဇ်မင်းဆက်မှ ကျင့်ကြံသူများမှာ ထိုပဲ့တင်ထွက်လာသောအသံကို ကြားလိုက်ရပြီး အနီရောင်ဝတ်ရုံနှင့် အမျိုးသမီးတစ်ဦး ယွမ်ဟိုင်စီရင်စုနယ်မြေထဲတွင် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါ စိတ်နှလုံးလှုပ်ရှားသွားတော့သည်။
သူမသည် ပိုင်ရှောင်ချန်းထိုင်နေသည့် တောင်ထိပ်ဆီသို့ ဦးတည်သွားလိုက်တော့သည်။
သူမသည် လွန်စွာ ချောမောလှပပါသော်လည်း တချိန်ထဲမှာပင် သရဲမြူခိုးများအသွင်ရှိပြီး ပြင်းထန်သည့် သတ်ဖြတ်လိုသောအငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။ သူမ၏ပတ်ပတ်လည်တွင် သရဲမျက်နှာပေါင်းများစွာ ဝန်းရံနေသည်ဖြစ်ပြီး သူမသည် ဧရာမဖွတ်ကြီးတစ်ကောင်နှင့်တူသော စစ်သင်္ဘောတစ်စင်းကို စီးနင်းထားသည်။
သူမကား ကောင်းကင်ဧကရာဇ်သရဲမယ်တော်ပင် ဖြစ်သည်။
သူမသည် ကောင်းကင်ကိုဖြတ်၍ ပျံသန်းလာပြီး သူမ၏ပတ်ပတ်လည်ရှိ လေထုထဲတွင် သရဲမြူခိုးများဖြင့် ပြည့်နှက်လာတော့သည်။
သူမချဥ်းကပ်လာနေသည်ကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်သည်။ ဖြစ်နိုင်မည်ဆိုပါက သူက သူမကို မတိုက်ခိုက်ချင်ပေ။ သို့သော် သူသည် ယွမ်ဟိုင်စီရင်စုနယ်မြေကို အပိုင်သိမ်းရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ဤနေရာတွင် သူ အခြေချရန်ဆုံးဖြတ်ထားသဖြင့် သူသည်အံကိုကြိတ်၍ မော့ကြည့်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်သောအခါ အပြာရောင်အလင်းရောင်တစ်ခု ဖျတ်ခနဲလင်းလက်သွားတော့သည်။
သူသည် မြောက်ပိုင်း၏ဓားကြီးကို ကိုင်၍ ဖြေးညင်းစွာ မတ်တတ်ထလာသည်။ ထို့နောက် သူသည်ထိုဓားကို သူ၏ရှေ့တွင် ခုတ်လိုက်တော့သည်။
ထိုအခါ အပြာရောင်အလင်းများ ပေါ်ထွက်လာပြီး သက်ရှိသက်မဲ့အားလုံး၏ခန္ဓာကိုယ်ထဲတွင် တဂျိန်းဂျိန်းမြည်သံများ ပေါ်ထွက်လာတော့သည်။ ပိုင်ရှောင်ချန်းမှာ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားပြီဖြစ်သဖြင့် မြောက်ပိုင်း၏ ကမ္ဘာရတနာကြီးမှရသောစွမ်းအားကို အပြည့်အဝအသုံးချနိုင်ပြီဖြစ်သည်။ ထိုစွမ်းအားမှာ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများ စိတ်ကူးနှင့်ပင် နားမလည်နိုင်လောက်သည့် စွမ်းအားမျိုးဖြစ်သည်။ ကောင်းကင်ကြီးကို ပိုင်းကာ ကမ္ဘာကြီးကို ကြေမွသွားစေနိုင်သည့် ဓားချီများ ပေါ်ထွက်လာ၏။ ၎င်းမှာ ကုန်းစွန်းဝမ်အာကို ဝန်းရံနေသည့် သရဲမြူခိုးများကို ခုတ်ထစ်မိသွားသောအခါ တစ်ကမ္ဘာလုံး တုန်ရီနေသကဲ့သို့ ဖြစ်သွားသည်။
ထို့နောက် ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာတို့ကြားတွင် ဧရာမလျှိုမြောင်ကြီးတစ်ခု ပွင့်ထွက်လာတော့သည်။
" ဒီအမှတ်အသားကို မင်း ကျော်ဖို့ မစဥ်းစားနဲ့ "
ပိုင်ရှောင်ချန်းက လက်ကိုနောက်ပစ်၍ အေးစက်စက် ပြောလိုက်သည်။ သူ၏အတွေးထဲတွင် သူက အထက်စီးဆန်ဆန် ပြောဆိုလိုက်သည်ဟု ယူဆလိုက်ပြီး ကုန်းစွန်းဝမ်အာ၏ တုံ့ပြန်မှုကို မြင်ရရန် မစောင့်နိုင်လောက်အောင် ဖြစ်နေတော့သည်။