← Chapters

အလွန်ထူးဆန်းသော...

Vol. 12 Ch. 1114

အလွန်ထူးဆန်းသော...

Vol. 12 Ch. 1114

လျှိုမြောင်ကြီးက တောင်တန်းတစ်ခု အပါအဝင် မြေကြီးများအား ကွဲထွက်သွားစေ၏။ လက်ရှိအချိန်တွင် လျှိုကြီး ထွင်းလိုက်ခြင်းကြောင့် ထွက်ပေါ်လာသည့် ပြင်းထန်သောထစ်ခြုန်းသံများ လေထဲ ပဲ့တင်ထပ်နေဆဲပင်။

ကောင်းကင်ကြီးပင် အောက်ဖက်ရှိ မြေကြီးများကဲ့သို့ အက်ကွဲတော့မတတ် ပုံပျက်ရှုံတွလာတော့သည်။ ထိုအချိန်တွင် အပြာရောင်ဓားအလင်းက လျှိုမြောင်အတွင်း ပြည့်နှက်လာကာ ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာအကြားကို ပိုင်းခြားလိုက်သည့် ဧရာမနံရံကြီးတစ်ခုပမာ မြင့်တက်လာသည်။

ကုန်းစွန်းဝမ်အာ၏ နောက်တွင်ကား တစ်ပြည်တည်းသားအချင်းချင်း ကူညီရန် စီရင်စုထဲ ဝင်ရောက်လာလိုသော မိစ္ဆာဧကရာဇ်နိုင်ငံတော်တပ်သားများ ဖြစ်သည်။ လောလောဆယ်တွင် သူတို့အားလုံး ဖြစ်ပွားနေသော အဖြစ်အပျက်များကို ကြည့်ကာ ကြောက်ရွံ့ထိတ်လန့်သော မျက်နှာများဖြင့် နောက်ဆုတ်နေကြသည်။ အသေးအဖွဲ ယွမ်ဟိုင်စီရင်စုမှာ သူတို့၏အသက်စတေးရန်အတွက် သေချာပေါက်မထိုက်တန်သည် မဟုတ်ပါလော။

ထို့ပြင် သူတို့သာ အမှန်တကယ် စီရင်စုထဲ ဝင်ရောက်လိုပါက အခြားတစ်နေရာမှ သွားနိုင်သည်။ ဤနေရာတစ်ခုတည်းမှ ဝင်ရောက်ရန် မလိုအပ်ပေ။

သို့သော် ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်သော ပိုင်ရှောင်ချန်း၏ ရည်ရွယ်ချက်က အရာအားလုံးအတွက် အခရာ ဖြစ်သည်။ သိသာထင်ရှားစွာပင် သူက လူတိုင်းကို ယွမ်ဟိုင်စီရင်စုကို မလာစေချင်သည်ဖြစ်၍ သူတို့ဝင်ရောက်ရန် မည်မျှကြိုးစားစေကာမူ ရလဒ်ကား အတူတူပင် ဖြစ်လောက်ပေမည်။

သူတို့ရနိုင်သည့် တစ်ခုတည်းသော အခွင့်အရေးမှာ သရဲမယ်တော်က သူ အလုပ်များအောင် ဆောင်ရွက်နိုင်မှသာ ဖြစ်ပေမည်။ ထို့နောက် သူတို့သည် မဟာကောင်းကင်သခင်နှင့် သရဲကြီးဘုရင်၏တပ်ဖွဲ့များကို ရင်ဆိုင်နိုင်လောက်ပေမည်။

သို့သော် ဤဧရာမအပြာရောင်အလင်းဒိုင်းကြီးနှင့် ပိုင်ရှောင်ချန်း၏ လက်ထဲတွင် ကိုင်စွဲထားသည့် မဟာဓားမှာ ကြောက်ခမန်းလိလိ တုန်လှုပ်ဖွယ်ကောင်းလွန်းသည်။ သူသည် ထာဝရအင်မော်တယ်နယ်မြေရှိ ကောင်းကင်ဧကရာဇ်ဆယ့်နှစ်ပါးထဲက တစ်ယောက်ဖြစ်ပြီး အတော်လေးနာမည်ကြီးနေသူ မဟုတ်ပါလော။

" သူ ... ကမ္ဘာရတနာတစ်ပါးကို ကိုင်ထားတာလား "

" ကျုပ်ကြားတာတော့ ကောင်းကင်တံတားဒေသရဲ့ကုန်းမြေထုကြီးတစ်ခုကနေ ထုလုပ်ထားတယ် ကြားတယ် ... "

" ကောင်းကင်ဧကရာဇ်တိုင်းမှာ ကမ္ဘာရတနာတစ်ပါးမရှိဘူး။ ဒါဆို ကောင်းကင်တံတားဘုရင်ရဲ့ အတိုက်အခိုက်စွမ်းရည်က အရင်ကထက် သုံးဆယ်ရာခိုင်နှုန်းပိုများတယ် ဆိုလိုတာပေါ့ "

စကားသံများ ပွက်ပွက်ညံနေစဥ် ကုန်းစွန်းဝမ်အာက ပိုင်ရှောင်ချန်းကို ကြည့်၍ လေထဲတွင် ရပ်နေ၏။ တခဏကြာပြီးနောက် သူမက ပြုံးလိုက်သည်။ သို့သော် လျှို့ဝှက်ဆန်းကြယ်သောအလင်းက သူမ၏မျက်ဝန်းများထဲမှ ထွက်မသွားပေ။ သူမက လက်ကိုဝှေ့ယမ်းလိုက်၍ အေးစက်သောသရဲချီများ နေရာအနှံ့မှ တလိပ်လိပ်ထွက်ပေါ်လာသည်။

" သိပ်ကောင်းတယ် အချစ်လေး ။ အခု အချစ်လေးက ကောင်းကင်ဧကရာဇ်ဆိုတော့ ဘယ်လောက်အစွမ်းထက်လဲ ကြည့်ကြတာပေါ့ "

သူမက ခပ်တိုးတိုးရယ်၍ သူမ၏စစ်သင်္ဘောထံမှ ထွက်လာရာ သူမ၏ ရှည်လျားနက်မှောင်သော ဆံနွယ်လေးများနှင့်အတူ အနီရောင်ဂါဝန်လေးသည် လေထဲတွင် တလွင့်လွင့်ဖြစ်နေတော့သည်။ သူမမှာ ရင်သပ်ရှုမောဖွယ်ကောင်းပါသော်လည်း တချိန်တည်းမှာပင် ကြောက်စရာကောင်းနေသည်။ ထိုသက်ရောက်မှုက သူမ၏နှုတ်ခမ်းလေးများ သပ်လိုက်ချိန်တွင် ပို၍ခိုင်မာသွားပြီး ယင်းက ပိုင်ရှောင်ချန်းအား သူတို့၏နောက်ဆုံးတွေ့ဆုံမှုကို ပြန်တွေးမိလိုက်စေတော့သည်။

ထိုအချိန်တွင် ကုန်းစွန်းဝမ်အာက ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်ပြီး သူမ၏လက်ချောင်းကို သူ့ထံ ဝှေ့ယမ်းလိုက်ရာ မြူတိမ်တစ်ခုဖြစ်တည်လာသဖြင့် ကောင်းကင်နှင့်မြေပြင်တွင် ပြင်းထန်သော ထစ်ခြုန်းသံများ ပြည့်နှက်သွားသည်။ ထိုမြူတိမ်အတွင်းမှ ဟိန်းဟောက်သံများ ပဲ့တင်ထွက်လာကာ မရေမတွက်နိုင်သော သရဲလက်ပေါင်းများစွာ ပိုင်ရှောင်ချန်းထံ ဆန့်ထွက်လာကြသည်။

ထို့နောက် သူမက နောက်ထပ်မန္တန်လက်ကွက်တစ်ကွက်ဖော်ပြီး သူမ၏ပါးစပ်ကို ဖွင့်ဟလိုက်သည်။ ချက်ချင်းပင် ကို့ရိုးကားယားအသံကြီးတစ်သံ လေထဲ ပြည့်နှက်သွား၏။ ထိုအသံကြီးက သရဲတစ်ကောင်၏ တအီအီငိုရှိုက်သံကြီးအလား ပတ်ဝန်းကျင်ရှိ အရာရာတိုင်းကို လိမ်ဖယ်ရှုံ့တွသွားစေပြီး မမြင်နိုင်သောအသံလှိုင်းများအား ပိုင်ရှောင်ချန်းထံ ပို့လွှတ်လိုက်သည်။

သို့ပေမည့် ဤမျှနှင့် မပြီးသေး။ သူမက ညာလက်ကိုလည်း ဆန့်ထုတ်လိုက်ရာ ၄င်းသည် ကြီးသထက် ကြီးလာကာ သရဲလက်သည်းလက်ကြီးအသွင် ပြောင်း၍ ပိုင်ရှောင်ချန်းကို ဆတ်ခနဲ လှမ်းဆွဲလိုက်သည်။

ထိုအရာအားလုံးအား ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်ပါသော်လည်း အမှန်တွင် အတိုတောင်းဆုံးအချိန်လေးအတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်၏။ ပိုင်ရှောင်ချန်းက တုန်လှုပ်သွားကာ သူ၏မဟာဓားဖြင့် နောက်တစ်ကြိမ် ခုတ်ပိုင်းလိုက်ရာ ပြင်းထန်သော ထစ်ခြုန်းသံများ လေထဲ ပြည့်နှက်သွားတော့သည်။ တစ်ဆက်တည်းမှာပင် သူက ရှေ့တက်ပြီး ဘယ်လက်ဖြင့် ထာဝရဧကရာဇ်လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ သရဲမြူတိမ်ကြီး ပျောက်ကွယ်သွားပြီး ပိုင်ရှောင်ချန်းက အမြန်နှုန်းအတွက် တောင်ဖြိုသိုင်းအား ဝုန်းခနဲ သုံးလိုက်သည်။ သူက တောင်တစ်လုံးအလား ကိုယ်ထည်ကြီးဖြင့် ကုန်းစွန်းဝမ်အာရှေ့တွင် ပေါ်လာကာ သူ့ဓားကို လွှဲယမ်းလိုက်သည်။

အံ့ဩဖွယ်ကောင်းစွာ ကုန်းစွန်းဝမ်အာက မရှောင်တိမ်းဘဲ ပါးစပ်ကို ကျယ်ကျယ်ဟ လိုက်သည်။ ကိုးရို့ကားယားအသွင်ကြီးဖြင့် သူမ၏ပါးစပ်သည် ကျယ်သထက် ကျယ်လာပြီး အနက်ရောင်တွင်းနက်ကြီးအသွင် ဖြစ်လာကာ ပိုင်ရှောင်ချန်းကို ၄င်းထံ ဆွဲသွင်းလာတော့သည်။

ပိုင်ရှောင်ချန်းမှာ သူ၏ သက်စောင့်အားများ စုပ်ယူခံနေရသည်ကို ခံစားလိုက်ရသဖြင့် အံ့အားသင့်သွားလေသည်။

" ငါတို့ တကယ်ပဲ ဒီလိုလုပ်မှ ဖြစ်မှာလား ကုန်းစွန်းဝမ်အာ "

သူက လျှပ်စီးတိမ်တိုက် ဘိုးအေအသွင်ပြောင်းလဲခြင်းကို ဆင့်ခေါ်၍ ပြောသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မီတာသုံးရာမြင့်သွားပြီး ဆွဲအားကို တိုက်ခိုက်ရန် သူ၏ ရှိန်လောက်သော အပြင်အားကို ထုတ်သုံးလိုက်သည်။

သူ လွတ်တော့မည့်ဆဲဆဲမှာပင် ကုန်းစွန်းဝမ်အာက ရယ်လိုက်သည်။

" ပြောကြည့်လေ အချစ်လေး "

သူမ၏စကားလုံးများက လေထုကိုဖြတ်၍ မျောလွင့်သွားချိန်မှာပင် သူမက ရိပ်ခနဲ အလွန်လျင်မြန်စွာ ရွေ့လျားနေသဖြင့် သူမကို မမြင်နိုင်လုနီးပါး ဖြစ်သွားတော့သည်။ တချိန်တည်းမှာပင် သူမ၏ဘယ်လက်သည် လျှို့ဝှက်ဆန်းကြယ်သော မြူတိမ်တစ်ခုမှ ပြုလုပ်ထားသည့်အလား ဝိုးတိုးဝါးတားဖြစ်လာ၏။ ၄င်းကို မြင်နိုင်သည့်မည်သူမဆို အစွယ်များနှင့် လျှာနှစ်ခွ မြွေပွေးတစ်ကောင်ကဲ့သို့ အရာကို မြင်မည် ဖြစ်သည်။

ပိုင်ရှောင်ချန်း၏မျက်နှာအမူအရာ ရိပ်ခနဲဖြစ်သွားကာ နောက်ဆုတ်လိုက်သည်။ သူပြောနိုင်မှာ ကုန်းစွန်းဝမ်အာ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ အမှန်တကယ် ဝင်းလက်နေလေသည်။ သို့ဖြစ်၍ သူ အတော်လေး စိတ်ပျက်နေမိသည်။ ဤစွန့်စားခန်းတွင် သူလုပ်ချင်သည်မှာ ယွမ်ဟိုင်စီရင်စုကို သိမ်းပိုက်ရန်သာဖြစ်သည်။ ကံဆိုးစွာပင် မြောက်ပိုင်းတွင်ရှိသော ဤနေရာသည် မိစ္ဆာဧကရာဇ်နိုင်ငံနှင့် သူတော်စင်ဧကရာဇ်နိုင်ငံအကြား နှစ်ပေါင်းများစွာ ယှဥ်ပြိုင်သည့်နေရာတစ်နေရာ ဖြစ်ခဲ့သည်။

" မင်းက ငါ့ကို လက်ပါအောင် လုပ်နေတာပဲ ကုန်းစွန်းဝမ်အာ "

သူက ညာလက်ဖြင့် လျင်မြန်စွာ မန္တန်လက်ကွက်တစ်ကွက်ဖော်ကာ အချိန်ကိုချုံ့နိုင်သည့် စွမ်းအား ထုတ်လွှတ်လိုက်သည်။ သူက ကုန်းစွန်းဝမ်အာထံ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ ဖုန်များ၊ အပျက်အစီးအစအနများအားလုံး သူ့ထံမှ လွင့်ထွက်ကုန်တော့သည်။

" အတိတ်ပြန်လည်ဝင်စားခြင်းကျမ်း "

" ချီးပဲ "

ကုန်းစွန်းဝမ်းအာ မျက်နှာပျက်သွားကာ လွှတ်ခနဲပြောလိုက်သည်။ သူမ ပိုင်ရှောင်ချန်းနှင့် ပတ်သက်၍ အကြောက်ဆုံးအရာက သူ၏ ကမ္ဘာရတနာမဟာဓားမဟုတ်လဲ ဤနတ်ဘုရားအတတ် ဖြစ်သည်။

သူမမှာ မဟာဓားကို ကိုင်တွယ်ရန် နည်းလမ်းများရှိသော်လည်း အချိန်ဖြင့် တစ်နည်းနည်းဖြင့် ဆက်စက်နေသော ဤလက်ဖျားခါလောက်သော နတ်ဘုရားအတတ်မှာ မည်သို့ရင်ဆိုင်ရမည်ကို သူမ မသိသည့် အရာဖြစ်သည်။ ထို့ကြောင့် သူမက သူ ထိုအတတ်ကို ထုတ်ဖော်ခြင်းမှ ဟန့်တားရန် မျှော်လင့်ချက်များဖြင့် လက်ဦးမှုရယူခဲ့ခြင်းဖြစ်၏။

သို့သော် ပိုင်ရှောင်ချန်း၏ ကောင်းကင်ဧကရာဇ်အဆင့်တိုးတက်မှုက ပြောရလျှင် လက်ဖျားခါရလောက်သည်။ အချိန်တိုလေးအတွင်း သူက အစောပိုင်းကောင်းကင်ဧကရာဇ်အဆင့်၏ အထွတ်အထိပ်ကို ရောက်နေလေပြီ။ ထို့ကြောင့် သူမက ချက်ချင်းနောက်ဆုတ်လိုက်သည်။ သူမအတွက် ကံဆိုးစွာပင် သူမမှာ ဤတာအိုမှော်အတတ် မည်သို့အလုပ်လုပ်သည်ကို နားမလည်ချေ။ ၄င်းအား ထုတ်ဖော်သည်နှင့်တစ်ပြိုင်နက် ရှောင်တိမ်းရန် မဖြစ်နိုင်သလောက်ပင်။

အချိန်တိုလေးအတွင်း ပိုင်ရှောင်ချန်းက သူ၏လက်ချောင်းကို ဝှေ့ယမ်းပြီးသွား၍ မရေမတွက်နိုင်သော မှော်သင်္ကတများ ကုန်းစွန်းဝမ်အာ၏ ပတ်လည်တွင် ပေါ်ပေါက်လာတော့သည်။ ကုန်းစွန်းဝမ်အာမှာ တုန်ရီလာပြီး သူမ၏မျက်လုံးများထဲတွင် မိန်းမောတွေဝေသော အကြည့်တစ်ချက်ပေါ်လာလေသည်။

ယင်းမှာ သူမ၏ မှတ်ဉာဏ်များ နုတ်ယူခံရပြီး မှော်သင်္ကတများအဖြစ် ပြောင်းလဲခံလိုက်ရသည့်အလားပင်။

ပိုင်ရှောင်ချန်းက ကုန်းစွန်းဝမ်အာ မှော်သင်္ကတများ၏ ချုပ်နှောင်ခံရပြီး မိန်းမောနေသည်ကို မြင်နေရသည်။ ထို့ပြင် သူက တကယ်တမ်း သူမကို နာကျင်အောင် မလုပ်ချင်ပေ။ ထိုသည်က အနာဂတ်တွင် ပြဿနာများဖြစ်စေနိုင်ပြီး သူတို့၏ပတ်သက်မှုကို ထာဝရ ထိခိုက်စေနိုင်သည် မဟုတ်ပါလော။

" တစ်ကွက်ပဲ ရွှေ့ဖို့လိုတယ် ထင်တယ် "

သူက တွေးလိုက်သည်။ လူပေါင်းများစွာ ဝိုင်းကြည့်နေကြသည်ကို ခေါင်းထဲပင် မထည့်ဘဲ သူက ကုန်းစွန်းဝမ်အာထံ ပျံသန်းပြီး လက်ကိုမြှောက်၍ သူမ၏တင်ပါးကို ရိုက်ချလိုက်သည့်အတွက် မိစ္ဆာဧကရာဇ်နိုင်ငံတော်မှ လူများ မျက်လုံးပြူးထွက်ကုန်တော့သည်။

ဖြန်းခနဲအသံကြီးက အစီအစဥ်မကျစွာ ပဲ့တင်ထပ်သွားရာ စောင့်ကြည့်နေကြသူများ၏ စိတ်အစဥ်ကို ဗလာကျင်းသွားစေတော့သည်။

" ပိုင်ရှောင်ချန်း "

သူမက စူးစူးရှရှ အော်ဟစ်လိုက်သည်။ ပိုင်ရှောင်ချန်းမှာ အတော်လေး လန့်ဖျပ်သွားလျက် သူမကို ထပ်ချလိုက်ရာ သူမမှာ ဆတ်ခနဲ ဖြစ်သွားလေသည်။

" ငါ့ကို ယွမ်ဟိုင်စီရင်စုပေး … ဟုတ်ပြီလား "

သူက ငေါက်လိုက်သည်။

" နင် ... လုံးဝ အရှက်မရှိလိုက်တာ ... "

သူမက စကားစသည်။ ထို့နောက် သူက သူမကို ထပ်ချလိုက်ပြန်ရာ မိစ္ဆာဧကရာဇ်နိုင်ငံသားများမှာ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သွားကြတော့သည်။

နောက်ဆုံးတွင် ကုန်းစွန်းဝမ်အာ၏ မိန်းမောသော အမူအရာက ငိုင်တွေတွေဖြစ်သွားတော့သည်။ ထိုသည်ကို မြင်သောအခါ ပိုင်ရှောင်ချန်းက နောက်ထပ် ခပ်ပျောပျော့ ဆက်တိုက်ချလိုက်သည်။ ထိုအချိန်တွင် ကုန်းစွန်းဝမ်အာက လျှို့ဝှက်မှော်သိုင်းတစ်ခုခု ထုတ်လွှတ်လိုက်ဟန်တူ၏။ ဝှစ်ခနဲ သူမ၏တစ်ကိုယ်လုံး အနက်ရောင် မီးခိုးအသွင်ပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်းထံမှ ရုန်းထွက်၍ အဝေးထွက်သွားလေသည်။

" နင် နေနှင့်ဦး ပိုင်ရှောင်ချန်း "

သူမက မီးခိုးအတွင်းမှ စူးစူးဝါးဝါး အော်လိုက်သည်။ သိူ့သော် သူမမှာ ဆက်နေရဲဟန်မတူဘဲ အဝေးသို့ ဆက်ပြေးသွားတော့သည်။

ပိုင်ရှောင်ချန်းမှာ အတော်လေး အံသြသွားကာ ချောင်းဟန့်ပြီးနောက် မိစ္ဆာဧကရာဇ်နိုင်ငံသားများကို လှမ်းကြည့်လိုက်သည်။ သူက မျက်တောင်တဖျပ်ဖျပ်ခတ်ပြီးနောက် ခါတိုင်းကဲ့သို့ တင်းမာခက်ထန်စွာ တောင်ထိပ်ကို ပြန်သွားပြီး ထိုင်ချလိုက်လေသည်။ သူက အတန်ငယ်အေးစက်ပြီး ညှာတာမှုမရှိသည့်ပုံပေါက်အောင်ပင် ကြိုးစားလိုက်သည်။

မိစ္ဆာဧကရာဇ်နိုင်ငံသားများမှာ အနေရခက်စွာ အကြည့်များ ဖလှယ်လိုက်ကြပြီးနောက် တဖြေးဖြေး ဆုတ်ခွာသွားကြသည်။ သူတို့မှာ အမှန်ပင် ရွေးချယ်စရာမရှိပေ။ သရဲမယ်တော် ထွက်ခွာသွားသောကြောင့် သူတို့ရှိနေလျှင်လည်း အပိုပင်ဖြစ်သည်။ ထို့ပြင် သူတို့အားလုံးသည် ပိုင်ရှောင်ချန်းနှင့် သရဲမယ်တော်၌ အလွန်ထူးဆန်းသောပတ်သက်မှုတစ်ခုရှိနေကြောင်း မြင်နိုင်သည် မဟုတ်ပါလော ...

All Chapters