အခန်း (၂၇၉-၂၈၀)
Vol. 22 Ch. 279-280
အခန်း ၂၇၉
- အပိုင်း ၅၃ - ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် (၁)
ရှက်သွေးဖြာနေသော ကလေးနတ်ရုပ်ငယ် နှစ်ရုပ်၏ ပုံပါရှိသည့် တံဆိပ်တစ်ခု တပ်ထားသော တံခါးတစ်ချပ်။ တံခါးပေါ်ရှိ အမည်ပြားတွင် ရေးထိုးထားသော [ယူရီအယ် *] ဆိုသည့် စာသားကို မြင်လိုက်ရသောအခါ ဂေဘရီရယ်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
[ဟေ့]
သူ တံခါးကို ခေါက်လိုက်သော်လည်း မည်သည့်ပြန်ထူးသံမှ မကြားရချေ။ ထို့ကြောင့် သူ ထပ်မံခေါက်လိုက်ပြန်သည်။
[ဟေ့… ယူရီအယ်]
သူ တံခါးကို ပိုမိုပြင်းထန်စွာ ခေါက်လိုက်သောအခါ ဘေးဘက်မှ ညည်းညူသံတစ်ခု ထွက်ပေါ်လာသည်။
['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်က သွားလိုက်တော့လို့ ပြောနေပါသည်။]
သွယ်ဝိုက်သော မက်ဆေ့ချ်ကြောင့် ဂေဘရီရယ် မျက်မှောင်ကြုတ်သွားသည်။
[ငါကရော ဒီကို လာချင်လို့ လာနေတယ် ထင်နေလား။ ငါ့ရဲ့ တာဝန်ကြောင့် လာရတာ]
ဂေဘရီရယ်၏ အသံမှာ စကားပြောရသည်ကိုပင် စိတ်ပျက်နေသည့်အလား ထွက်ပေါ်လာသည်။ မက်တာထရွန်ထံမှ ကျိုးကြောင်းဆီလျော်မှုမရှိသော တာဝန်ကို သူ လက်ခံရရှိခဲ့သည်မှာ နှစ်ရက်ပင် ရှိသွားပြီ ဖြစ်သည်။ သူက အေးအေးဆေးဆေး ကစားရန် အစီအစဉ်ရှိသော်လည်း မက်တာထရွန်က သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
–ဂေဘရီရယ်၊ ယူရီအယ်ရဲ့ တာဝန်ကို မင်း လွှဲပြောင်းယူပေးပါ။ ပြီးတော့ ဂေဘရီရယ် အပျင်းမထူစေဖို့ ဂျိုဖီရယ်က စောင့်ကြည့်လိမ့်မယ်
–ကျွန်တော့်ကိုသာ ယုံလိုက်ပါ
သူသည် အမြဲတမ်း ဖြောင့်မတ်လွန်းလှသော ဂျိုဖီရယ်နှင့် တစ်ဖွဲ့တည်း ကျသွားခဲ့သည်။ ဂေဘရီရယ်အနေဖြင့် ယူရီအယ်နှင့် တစ်ဖွဲ့တည်းကျရသည်ကိုပင် ပို၍ နှစ်သက်ဦးမည် ဖြစ်သည်။
[နင့်ဆီမှာ ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်ကို စောင့်ကြည့်ထားတဲ့ မှတ်တမ်းတွေ ရှိတယ်မလား။ ငါ အဲဒါကို လာယူတာ။ တံခါးဖွင့်စမ်း]
တံခါးတစ်ဖက်ခြမ်းမှ တရှပ်ရှပ်အသံတစ်ခု ထွက်ပေါ်လာသည်။
['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်က နင်က ဘာလို့ ငါ့ရဲ့ တာဝန်ကို ဆက်ခံသူ ဖြစ်နေရတာလဲလို့ မေးနေပါသည်။]
[အေး။ နင် ■]
သွယ်ဝိုက်သော မက်ဆေ့ချ်သည် မိုးကြိုးပစ်လိုက်သည့်အလား ထပ်မံထွက်ပေါ်လာပြန်သည်။
['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ် က ■■■■ လို့ ပြောနေပါသည်။]
[နင် ကိုယ်တိုင် ထွက်လာပြီး ပြောချင်နေတာလား]
['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်က တာဝန်ကို ဆက်ခံသူက နင် တစ်ယောက်ထဲပဲလားလို့ မေးနေပါသည်။]
[ငါရယ်၊ ဂျိုဖီရယ်ရယ် နှစ်ယောက်ပါ]
တံခါးတစ်ဖက်ခြမ်းမှ သက်ပြင်းချသံအရှည်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ခေတ္တမျှကြာပြီးနောက် တံခါးကြားမှ အပေါက်လေးတစ်ခု ပွင့်လာပြီး ရှည်လျားသော လက်ချောင်းထိပ်လေးများ ထွက်လာ၏။ သေချာကြည့်လိုက်သောအခါ ဖြူစင်သော လက်ချောင်းထိပ်လေးများက တစ်စုံတစ်ခုကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ ဂေဘရီရယ်သည် ထိုတစ်စုံတစ်ခုမှာ ဘာလဲဆိုသည်ကို သိသွားပြီး လျှာတစ်ချက် သပ်လိုက်သည်။
[...USB လား။ အခုခေတ်မှာ ဘယ်သူက USB သုံးနေသေးလို့လဲ။ နင်က လူသားလား]
['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်က အဓိပ္ပာယ်မရှိတာတွေ မပြောဘဲ အမြန်ယူသွားဖို့ သတိပေးနေပါသည်။]
ဂေဘရီရယ်သည် USB ကို လက်ခံလိုက်ပြီး ယူရီအယ်က ထပ်လောင်းပြောလိုက်သည်။
['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်က ဒါကို အနီရောင်အာကာသဆီကနေ လျှို့ဝှက်ထားပေးဖို့ ပြောနေပါသည်။]
[ဂျိုဖီရယ်လား။ ဘာလို့လဲ]
ယူရီအယ်က ပြန်မဖြေဘဲ တံခါးကို ပိတ်လိုက်သည်။ ထို့နောက် အဝေးမှနေ၍ ရှိုက်ကြီးတငင် ငိုသံသဲ့သဲ့ကို ကြားလိုက်ရသည်။ ဂေဘရီရယ်သည် တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် နှုတ်ခမ်းဆူရုံသာ တတ်နိုင်တော့၏။ သူတို့သည် ပုံမှန်အားဖြင့် အဆင်မပြေကြသော်လည်း 'မိစ္ဆာမုဆိုး ယူရီအယ်' ၏ ဤကဲ့သို့သော အခြေအနေကို မြင်လိုက်ရသောအခါ သူ စိုးရိမ်သွားမိသည်။
[ဟေ့… တုန်မနေစမ်းနဲ့။ အချုပ်ခံရတာကနေ မကြာခင်မှာ ပြန်လွတ်မှာပါ။ သုံးနှစ်ဆိုတာက ခဏလေးပါပဲ...]
['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်က နင့်ကို အမြန်ထွက်သွားဖို့ပြောနေတယ်ဟု အော်ဟစ်နေပါသည်။]
[ရူးနေတဲ့ ■။ ငါက ကောင်းစေချင်လို့ ■...]
ခေတ္တမျှကြာပြီးနောက် ဂေဘရီရယ်သည် သူ၏အခန်းတွင် USB ကို ဖွင့်ကြည့်လိုက်သည်။ ထို့နောက်...
[နင်က ဒီတာဝန်မှာ ဘာတွေလုပ်ခဲ့တာလဲ]
သူ နှုတ်မှ ရေရွတ်နေမိသော်လည်း ဂေဘရီရယ်၏ မျက်လုံးများမှာ ဖန်သားပြင်ပေါ်မှ ရုပ်သံမှတ်တမ်းများထံမှ မခွာနိုင်အောင် ဖြစ်နေတော့သည်။
['Aquariusရာသီခွင်တွင် ပွင့်သော နှင်းပန်း' နက္ခတ်က သင့်အပေါ် စိတ်ဝင်စားနေပါသည်]
['Aquariusရာသီခွင်တွင် ပွင့်သော နှင်းပန်း' နက္ခတ်က သင့်ကို ကြည့်နေရသည်ကို သဘောကျနေပါသည်။]
ယောင်ဟီဝန်သည် လေထဲမှ ထွက်ပေါ်လာသော အသံကို ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ယူရီအယ် ပျောက်ကွယ်သွားပြီးနောက် ယခုတစ်ကြိမ်တွင်မူ ထူးဆန်းသော နက္ခတ်တစ်ပါးက သူ့ထံသို့ ကပ်တွယ်လာပြန်ပြီ ဖြစ်သည်။ သူ့အတွက် စိုးရိမ်စရာမှာ ဤသည်တစ်ခုတည်း မဟုတ်ချေ။ ယောင်ဟီဝန်သည် အဝေးတွင် လျှောက်သွားနေသော ကင်ဒေါ့ဂျာကို လှမ်းကြည့်လိုက်သည်။
"…သူက ဘာလို့ ဘာမှမပြောတာလဲ"
"ဘာကို ပြောတာလဲ"
ယောင်ဟီဝန် လှည့်ကြည့်လိုက်သောအခါ သူ့ဘေးတွင် ကပ်ပါလာသော လီဂျီဟယ်ကို တွေ့လိုက်ရ၏။
"ထားလိုက်ပါတော့"
"ဘာလို့လဲ၊ ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူး"
"အမ။ အမရော ကင်ဒေါ့ဂျာ၏ ကုမ္ပဏီထဲကို ဝင်မှာလား"
လမ်းဘေးဈေးသည်ထံမှ ဝယ်ယူလာသော အအေးကို သောက်နေသည့် ယောင်ဟီဝန်မှာ သီးသွားသဖြင့် တဟွတ်ဟွတ် ချောင်းဆိုးသွားသည်။
"ဘာ-ဘာပြောတယ်။ မဟုတ်တာ။ နာမည်ကလည်း ထူးဆန်းလိုက်တာ။ အဲဒီလိုဟာထဲ ဝင်ရမှာ ရှက်စရာကြီး မဟုတ်ဘူးလား"
"ကျမကတော့ မျှော်လင့်နေတာ။ ကုမ္ပဏီနာမည်က နည်းနည်းထူးဆန်းပေမဲ့ တကယ့် လုပ်ငန်းခွင်ထဲ ရောက်နေရသလိုမျိုး ခံစားချက်ရမှာပဲ။ မဟုတ်မှလွဲရော လစာတောင် ရဦးမှာလားမသိဘူး"
"နင်သာ တကယ့် လုပ်ငန်းခွင်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ သိရင် ဒီလိုတွေးမှာ မဟုတ်ဘူး"
လီဂျီဟယ်က နှုတ်ခမ်းဆူလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကျမကတော့ ဝင်ဖို့ အခွင့်အရေးကို စောင့်နေတာ။ ဆရာလည်း အဲဒီမှာ ရှိနေတာပဲလေ"
"ယူဂျွန်ဟော့က ဝင်သွားပြီလား"
"ဒါက ယူဂျွန်ဟော့နဲ့ ငါ့ရဲ့ နက်ဗျူလာပဲ လို့ဦးလေးကြီး ဒေါ့ဂျာက ပြောတယ်လေ"
အမှန်စင်စစ် သူက ထိုကဲ့သို့သော စကားမျိုးကို တစ်ခါမျှ မပြောခဲ့သော်လည်း ယောင်ဟီဝန်က ရောင်ပြန်ဟပ်သလို ကောင်းကင်ယံသို့ မော့ကြည့်လိုက်မိသည်။ သို့သော်လည်း သူ စောင့်မျှော်နေသော သွယ်ဝိုက်မက်ဆေ့ချ်ကို မကြားလိုက်ရချေ။ သူ တစ်စုံတစ်ခုကို စိတ်မသက်မသာ ဖြစ်သွားမိသည်။
['Aquariusရာသီခွင်တွင် ပွင့်သော နှင်းပန်း' နက္ခတ် က ကိုယ်စားလှယ် 'လီဂျီဟယ်' ၏ ဟာသကို သဘောမကျပါ။]
ယောင်ဟီဝန်က ခေါင်းခါလိုက်ပြီး ရင်ပြင်ထဲတွင် အလုပ်ရှုပ်နေသော ကင်ဒေါ့ဂျာကို လှမ်းကြည့်လိုက်သည်။ သူသည် အလွန်အမင်း အလုပ်ရှုပ်နေသဖြင့် ယောင်ဟီဝန်အနေဖြင့် သူ၏မျက်နှာကို မမြင်ရသည်မှာ ရက်အနည်းငယ်ပင် ရှိနေပြီဖြစ်ပြီး သူ ဘာတွေ ဒီလောက်တောင် ကြိုးစားပမ်းစား လုပ်နေသည်ကိုလည်း ယောင်ဟီဝန် မသိချေ။ ထို့နောက် ယူဆန်းအာ၏ ပုံရိပ်က ယောင်ဟီဝန်၏ မျက်စိထဲသို့ ဝင်လာသည်။ ယောင်ဟီဝန်သည် ခုံတန်းလျားပေါ်တွင် ထိုင်လျက် ဗလာကျင်းနေသော လေထုကို ငေးကြည့်နေသည့် ယူဆန်းအာကို လက်လှမ်းပြလိုက်သည်။
"ဆန်းအာ။ ဒေါ့ဂျာ ရဲ့ နက်ဗျူလာထဲကို ဝင်မှာလား"
ယူဆန်းအာသည် ယောင်ဟီဝန်ကို တွေ့သွားပြီး အံ့အားသင့်စွာဖြင့် မော့ကြည့်လာသည်။
ဒီအမျိုးသမီးက ဘာတွေများ တွေးနေလို့ ရက်အနည်းငယ်လောက် စိတ်နဲ့လူနဲ့မကပ်ဘဲ ဖြစ်နေရတာလဲ...
"ကျမရဲ့ အခြေအနေက နည်းနည်း..."
"အာ… ဟုတ်သားပဲ။ ဆန်းအာ အတွက်က ခက်ခဲမှာပဲလေ"
ယူဆန်းအာမှာ အိုလံပတ်စ်၏ ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။ နက်ဗျူလာ တစ်ခုလုံး၏ ထောက်ပံ့မှုကို ရရှိထားသော အထူးအခြေအနေမျိုး ဖြစ်သဖြင့် ကင်ဒေါ့ဂျာ၏ နက်ဗျူလာထဲသို့ ဝင်ရန်မှာ ခက်ခဲပေလိမ့်မည်။ အကယ်၍ ထောက်ပံ့မှုများကိုသာ ရယူပြီး အခြားနက်ဗျူလာကို ရွေးချယ်မည်ဆိုလျှင် မည်သို့ဖြစ်လာမည်မှာ ထင်ရှားလှ၏။
"အဲဒီအစား ကျမက မဟာမိတ်ဖွဲ့ဖို့ ကမ်းလှမ်းချက် လုပ်ထားတယ်။ တချို့သော နက္ခတ်တွေက ကျမကတစ်ဆင့် ဒေါ့ဂျာ နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြတယ်"
"အိုလံပတ်စ်ရဲ့ နက္ခတ်တွေ အကုန်လုံးက ဒေါ့ဂျာ ကို မုန်းကြတာ မဟုတ်ဘူးလား"
"အားလုံးတော့ မဟုတ်ပါဘူး။ ဟီဝန် ရော နက်ဗျူလာထဲ ဝင်လိုက်ပြီလား"
"ကျမ စဉ်းစားနေတုန်းပဲ"
ယောင်ဟီဝန်က ရင်ပြင်ဘက်သို့ တစ်ဖန် ပြန်ကြည့်လိုက်သည်။
"တကယ်တော့ ကျမ ဝင်ဖို့အတွက်က သိပ်မသေချာဘူး။ ကျမရဲ့ ထောက်ပံ့သူနဲ့ ပြဿနာ အချို့ ရှိနေလို့လေ"
ယောင်ဟီဝန်၏ မြင့်မားလှသော မိမိကိုယ်ကိုယ် တန်ဖိုးထားမှုမှာ ထိခိုက်နေပုံရသဖြင့် ယူဆန်းအာက ညင်သာစွာ ပြုံးလိုက်သည်။
"ကျမကတော့ ဟီဝန် သာ ဒေါ့ဂျာ ရဲ့ နက်ဗျူလာထဲ ဝင်လိုက်ရင် သူ့အတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်လို့ ထင်တယ်"
"ဖြစ်နိုင်ရင်တော့ ကျမလည်း ကူညီပေးချင်တာပါပဲ"
ကံကောင်းသည်လား သို့မဟုတ် ကံဆိုးသည်လားတော့ မသိချေ၊ ရှုပ်ထွေးသော အခြေအနေနှင့် ရင်ဆိုင်နေရသူမှာ ယောင်ဟီဝန် တစ်ယောက်တည်း မဟုတ်ချေ။
အဝေးမှ ရင်ပြင်အလယ်တွင် လီဟန်းဆောင်သည် နားမလည်နိုင်သော ခွေးကြီးတစ်ကောင်ကဲ့သို့ ထိုင်နေသည်။ သူ့ဘေးတွင်မူ ရှင်ယူဆောင်းနှင့် လီဂီယောင်တို့က ကြောင်ပေါက်လေးများကဲ့သို့ ဆောင့်ကြောင့်ထိုင်လျက် သုံးယောက်သား ကင်ဒေါ့ဂျာကို စိုက်ကြည့်နေကြ၏။ အတိအကျ ပြောရမည်ဆိုလျှင် သူ လှုပ်ရှားလိုက်တိုင်း သူတို့၏ မျက်လုံးများက သူ့နောက်သို့ လိုက်ပါနေကြခြင်း ဖြစ်သည်။ သူတို့ ဘာကို စောင့်မျှော်နေကြသည်မှာ ထင်ရှားလှသည်။ ကင်ဒေါ့ဂျာကမူ သူတို့ကို အဆုံးအထိ လျစ်လျူရှုထားခဲ့သည်။
"…အခုထိ ဘာသတင်းမှ မရသေးဘူး"
လီဂျီဟယ်၏ စကားကို ယောင်ဟီဝန်က ခေါင်းငြိမ့်ပြလိုက်သည်။
"အချိန်တန်ရင် သူ ပြောလာပါလိမ့်မယ်။ သူက လျှို့ဝှက်ချက်တွေများပြီး လူကြောက်တတ်တဲ့ အမျိုးအစားမလို့ပါ"
ယောင်ဟီဝန်လည်း ဘာတွေဖြစ်နေသလဲဆိုသည်ကို သိချင်နေ မိသည်။ ပါတီပွဲတွင် လူအများ စောင့်မျှော်နေသော ငြိမ်းချမ်းမှုများ ရောက်ရှိလာသော်လည်း ကင်ဒေါ့ဂျာကမူ တစ်စုံတစ်ခုကို စဉ်းစားနေဆဲ ဖြစ်၏။ ထို့ကြောင့် သူတို့မှာ ဘာမှမလုပ်ဘဲ စောင့်ဆိုင်းနေရုံသာ တတ်နိုင်တော့သည်။
['Aquariusရာသီခွင်တွင် ပွင့်သော နှင်းပန်း' နက္ခတ်က သင့်ကို အသိအမှတ်ပြုသော အကြည့်ဖြင့် ကြည့်နေပါသည်]
['အနီရောင်အာကာသ၏ စစ်သေနာပတိ' နက္ခတ်က ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်ကို သတိထားနေပါသည်။]
…ထူးဆန်းသော ကောင်းကင်တမာန်များ ရှိနေသဖြင့် ယောင်ဟီဝန်အနေဖြင့် ခေတ္တမျှတော့ ပျင်းနေမည် မဟုတ်ချေ။ ယောင်ဟီဝန်သည် စိုးရိမ်ပူပန်မှုများကို မတတ်သာဘဲ ဘေးဖယ်ထားလိုက်သည်။
ထိုအချိန်တွင်... အလုပ်များက ရုတ်တရက် စတင်လာတော့သည်။
"တကယ်ပဲလား။ သူတို့ကို ဆက်သွယ်လို့ရမယ့် နည်းလမ်း လုံးဝမရှိဘူးလား"
"မိစ္ဆာနယ်မြေဆီကို သွားတဲ့ လမ်းကြောင်းတွေ အားလုံး အပိတ်ခံထားရတယ်။ အဲဒါက အင်အားပြင်းတဲ့ အင်းကွက်တစ်ခုပဲ..."
လီဆော့ယောင်၏ စကားကြောင့် ဟန်ဆိုယောင်း၏ မျက်နှာ အမူအရာမှာ တင်းမာသွားသည်။ ဟန်ဆိုယောင်းသည် စောစောကတည်းက ဒိုကဲဘီများကို ခေါ်ဆိုနေခဲ့သော်လည်း တစ်ဦးမျှ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။ ဟန်ဆိုယောင်းသည် ကံကောင်းခြင်း၊ ကံဆိုးခြင်း၊ ဘေးအန္တရာယ်နှင့် ပျော်ရွှင်ခြင်းတို့ကို ဟောပေးသည့် ရေဖလားကို ငုံ့ကြည့်လိုက်သည်။
ကံဆိုးခြင်း၊ ကံဆိုးခြင်း၊ ကံဆိုးခြင်း၊ ကံဆိုးခြင်း၊ ကံဆိုးခြင်း၊ ကံဆိုးခြင်း၊ ကံဆိုးခြင်း...
'ကံဆိုးခြင်း' ဟူသော စာသား မည်မျှအထိ ထွက်ပေါ်လာသည်ကို ဟန်ဆိုယောင်း မရေတွက်နိုင်တော့ချေ။
"ဒါက ဘာတွေဖြစ်ကုန်တာလဲ"
ပြီးခဲ့သည့်အကြိမ်က 'မဟာကံဆိုးခြင်း' ပေါ်ထွက်လာစဉ်တွင် ကင်ဒေါ့ဂျာသည် ဝေဒ၏ လောကပါလနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် ယခုမူ 'ကံဆိုးခြင်း' ပေါင်းများစွာ ဖြစ်နေလေသည်။ မဟာကံဆိုးခြင်း မဟုတ်သော်လည်း ကျယ်ပြန့်လှသော ကံဆိုးခြင်းတစ်ခု ဖြစ်လောက်၏။ ဖလားထဲရှိ ရေများမှာ တုန်ခါနေပြီး အားနည်းသော လျှပ်စစ်မီးပွားများ ပေါ်ထွက်လာသည်။
['မဟူရာမီးလျှံ အသူတစ်ရာနဂါး' နက္ခတ်က ခေါင်းမော့လာပါသည်။]
"မဟူရာနဂါး"
['မဟူရာမီးလျှံ အသူတစ်ရာနဂါး' နက္ခတ်က ၇၃ ခုမြောက် မိစ္ဆာနယ်မြေကို လှမ်းကြည့်နေပါသည်။]
"နင် တစ်ခုခု သိနေတာလား"
['မဟူရာမီးလျှံ အသူတစ်ရာနဂါး' နက္ခတ်က ခြိမ်းခြောက်ဟိန်းဟောက်သံတစ်ခု ပြုလုပ်လိုက်ပါသည်။]
ပတ်တီးစည်းထားသော ဟန်ဆိုယောင်း၏ လက်မှာ တဆစ်ဆစ် နာကျင်နေပြီး မဟူရာနဂါးနှင့် စည်းချက်ညီနေသော ဟန်ဆိုယောင်း၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် လျှပ်စစ်မီးပွားများ ပေါ်ထွက်လာသည်။
"ဟေ့… လူကြီးမင်း"
မဟူရာမီးလျှံနဂါး၏ ခံစားချက်များမှာ ဟန်ဆိုယောင်းထံသို့ စီးဝင်လာ၏။ မဟူရာနဂါးသည် ပြိုင်ဘက်နှင့် ရင်ဆိုင်ရသည့် အခါတိုင်းတွင် ဤကဲ့သို့ တစ်ခါမျှ မပြုမူခဲ့ဖူးချေ။
['နှစ်ဖက်ချွန် ကစားရာတွင် ကျွမ်းကျင်သူ' နက္ခတ်၏ နှုတ်ခမ်းများ ဖြူဖျော့သွားပါသည်။]
['ဂူအမ် နတ်ဆေးဆရာ' နက္ခတ်က တံတွေးများ ကျနေပါသည်။]
['မဟာဘုရင် ဟွန်းချွန်း ဟုန်ဒို ဂယောင်မွန် ဝီမူ' နက္ခတ်က တိတ်ဆိတ်စွာဖြင့် သူ၏ ဓါးကို ချလိုက်ပါသည်။]
['ဂျိုဆွန်း၏ ပထမဆုံးသော မှော်ဆရာ' နက္ခတ်က သူ၏ ခြေရာများကို ဖျောက်ဖျက်နေပါသည်။]
ကိုရီးယားကျွန်းဆွယ်၏ နက္ခတ်များသည် သူတို့၏ အလင်းများကို ပိတ်ပစ်လိုက်ကြသည်။ သားရဲကြီးတစ်ကောင်ထံမှ ပုန်းကွယ်နေကြသည့်အလား ဖြစ်နေကြ၏။ ဟန်ဆိုယောင်း၏ ပတ်တီးစည်းထားသော လက်မှာလည်း ဆက်တိုက် တဆစ်ဆစ် နာကျင်နေဆဲ ဖြစ်သည်။
ဟန်ဆိုယောင်းသည် လီဆော့ယောင်၏ ဗေဒင်ဖလားကို ဘေးသို့ဖယ်လိုက်ပြီး ပတ်တီးများကို ဖြည်ချလိုက်ရာ တောက်ပနေသော မဟူရာနဂါး၏ တက်တူး ပေါ်လာသည်။ လျှပ်စစ်မီးပွားများ ပေါက်ကွဲထွက်လာပြီး ဟန်ဆိုယောင်း၏ ညာဘက်လက်မှာ လေထဲတွင် စာလုံးများကို ရေးသားလိုက်သည်။
–ကြယ်တာရာတွေရဲ့ ကပ်ဘေးတစ်ခု ရောက်လာတော့မယ်
"ကြယ်တာရာတွေရဲ့ ကပ်ဘေးဟုတ်လား။ အဲဒါက ဘာလဲ"
မာနထောင်လွှားလှသော 'မဟူရာမီးလျှံ အသူတစ်ရာနဂါး' သည် ဤအခြေအနေမှာ အလွန်အမင်း အရေးကြီးနေသဖြင့် ကိုယ်တိုင်ကိုယ်ကျ စာရေးသားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဟန်ဆိုယောင်းသည် မည်သည့်အကြောင်းနှင့်မျှ မိစ္ဆာနယ်မြေသို့ မသွားရန် တားဆီးလိုသော မဟူရာမီးလျှံနဂါး၏ ဆန္ဒကို ခံစားလိုက်ရသည်။
"ဟေ့… ငါ့ကို စိတ်လှုပ်ရှားအောင် မလုပ်စမ်းပါနဲ့။ နင် ထပ်လုပ်ပြန်ပြီလား"
ဟန်ဆိုယောင်းသည် မဟူရာမီးလျှံနဂါး၏ လှည့်စားခြင်းကို တစ်ခါမက ခံခဲ့ရဖူးသည်။ မဟူရာနဂါး ဘာတွေပြောနေသည်ကို ဟန်ဆိုယောင်း မသိသော်လည်း ကင်ဒေါ့ဂျာက အိုလံပတ်စ်၏ ကိုရီးယားကျွန်းဆွယ် ကျူးကျော်မှုကို ခန့်မှန်းထားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် ဤအခြေအနေကို သိနေပေလိမ့်မည်။
ဟန်ဆိုယောင်း၏ လက်မှာ လေထဲတွင် စုတ်တံတစ်ခုကဲ့သို့ လှုပ်ရှားနေစဉ် အားနည်းသော လျှပ်စစ်မီးပွားများ ထွက်ပေါ်လာသည်။
–၇၃ ခုမြောက် မိစ္ဆာနယ်မြေ ပျက်စီးတော့မယ်
၎င်းကို ပထမဆုံး သတိပြုမိလိုက်သူမှာ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ကြီး ဖြစ်သည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် စက်မှုဇုန်၏ တံတိုင်းပေါ်တွင် လဲလျောင်းနေစဉ် ပါးစပ်ထဲတွင် ခဲထားသော ဆေးတံမှာ ကျွတ်ကျသွားခဲ့သည်။
"…အဲဒီကောင် ပြောတာ မှန်နေတာပဲ"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်က ရေရွတ်လိုက်ပြီး ကောင်းကင်ဖြိုခွင်းဓါးကို ဆွဲထုတ်လိုက်စဉ် စူးရှတောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။ ကောင်းကင်ဖြိုခွင်းဓါး ဟူသော အမည်ကို ရရှိခဲ့ပြီးနောက်ပိုင်း ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် ဤဓါးကို ဆယ်ကြိမ်အောက်သာ ကိုင်စွဲခဲ့ဖူးလေသည်။
ဤဓါးက သူ့ကို သိုင်းလောက၏ ကပ်ဘေးဟု ခေါ်တွင်စေခဲ့သော ဓါးတစ်လက် ဖြစ်သည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် သူ၏ လက်ဖဝါးပေါ်တွင် ထိတွေ့နေသော ဓါး၏ အထိအတွေ့ကို ခံစားရင်း ရယ်ချင်သလို ဖြစ်သွားမိသည်။
ကပ်ဘေး။ ဘယ်လိုအရာမျိုးကို ကပ်ဘေးလို့ ခေါ်နိုင်မလဲ။
လူသားတွေအတွက်တော့ ကပ်ဘေးဆိုသည်မှာ ကြီးမားသော သဘာဝဖြစ်စဉ်များ ဖြစ်သည်။ ဥပမာအားဖြင့် မြေပြိုခြင်း၊ ဆူနာမီနှင့် ငလျင်လှုပ်ခြင်းတို့ကဲ့သို့သော အရာများ ဖြစ်၏။ ၎င်းတို့မှာ လူသားတို့၏ အင်အားဖြင့် မတွန်းလှန်နိုင်သော ကြီးမားလှသည့် ဖြစ်စဉ်များ ဖြစ်ကြသည်။
အဆင့်ကျော်လွန်သူများ အတွက်မူ ၎င်းမှာ ရုပ်ပိုင်းဆိုင်ရာ ဖြစ်စဉ်များကို လှည့်စားခြင်းထက် မပိုချေ။ သူတို့သည် လူသားတို့၏ စံနှုန်းများထက် များစွာ ကျော်လွန်နေသော တည်ရှိမှုများ ဖြစ်သည်။ သူတို့သည် ဓါးချက်တစ်ချက်တည်းဖြင့် မြေပြိုခြင်းနှင့် ဆူနာမီများကို ဖြစ်ပေါ်စေနိုင်သလို ပြန်လည်ငြိမ်သက်သွားအောင်လည်း ပြုလုပ်နိုင်စွမ်း ရှိကြသည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ကဲ့သို့သော အဆင့်ကျော်လွန်သူများ အတွက် 'ကပ်ဘေး' ဟူသော စကားလုံးမှာ သာမန်လူသားတို့၏ စံနှုန်းများနှင့် ကွဲပြားခြားနားသော အဓိပ္ပာယ်ရှိ၏။
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် ယခုအခါ ထိုအဖြေနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
အားနည်းသော လျှပ်စစ်မီးပွားများ ပေါက်ကွဲထွက်လာပြီး ကိုင်ရီယော့စ်သည် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ ဘေးနားတွင် ရုတ်တရက် ရောက်ရှိလာသည်။ ကိုင်ရီယော့စ်၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စစ်ဓါတ် အားဖြည့်ခြင်း အရှိန်အဝါများ မြင့်တက်နေပြီ ဖြစ်သည်။ အဆင့်ကျော်လွန်သူ နှစ်ဦးသည် ဟာလာဟင်းလင်းဖြစ်နေသော ကောင်းကင်ယံ၏ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ကြသည်။ ကိုင်ရီယော့စ်က မေးလိုက်သည်။
"အဲဒါ သူပဲလား"
မျက်စိဖြင့် သေသေချာချာ မမြင်ရသေးသော်လည်း တည်ရှိမှုတစ်ခုမှာ ဤနေရာသို့ ဦးတည်လာနေသည်မှာ ထင်ရှားလှသည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ကြီးက လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်သည်။
"သံသယဖြစ်စရာ မလိုပါဘူး။ အဲဒါက ပထမမြောက် သိုင်းလောကကို ဝါးမြိုဖို့ ကြိုးစားခဲ့တဲ့ ကောင်ပဲ"
လေထုထဲသို့ အမှောင်ထုများ စိမ့်ဝင်လာသည်။ အလင်းကိုပင် ဝါးမြိုပစ်နိုင်သော စကြာဝဠာ၏ အခြားတစ်ဖက်ခြမ်းမှနေ၍ တည်ရှိမှုတစ်ခုမှာ ပြန့်ကျဲနေသော ဖြစ်နိုင်စွမ်းများကို ဝါးမြိုရင်း ချဉ်းကပ်လာနေပြီ ဖြစ်သည်။
အခန်း ၂၈၀
- အပိုင်း ၅၃ - ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် (၂)
[ဝှက်ထားသောဇာတ်ဝင်ခန်း ― မိစ္ဆာနယ်မြေမှ လွတ်မြောက်ခြင်း စတင်ပါပြီ။]
ထိုအချိန်တွင် စီမံခန့်ခွဲရေးဌာနရှိ ဒိုကဲဘီအားလုံးသည် ထိန်းချုပ်ရေးဘောင်ကို အာရုံစိုက်နေကြသည်။
[မင်းတို့ နောက်နေတာလား။ ဇာတ်ဝင်ခန်းတစ်ခု ထွက်လာပြီကို ဘာလို့ ရှေ့ဆက်ဖို့ ဒိုကဲဘီ တစ်ယောက်မှ မရှိရတာလဲ]
တစ်ဦးတည်း သောင်းကျန်းနေသော ဘီဟွန်းကို အခြားဒိုကဲဘီများက ဝိုင်းဝန်းတားဆီးကြသည်။ မိစ္ဆာဘုရင် ရွေးချယ်ပွဲအပြီးတွင် ၇၃ ခုမြောက် မိစ္ဆာနယ်မြေအတွင်း ရုပ်သံလိုင်းများကို ထိန်းချုပ်မောင်းနှင်သည့် ဒိုကဲဘီများအားလုံးကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဖြစ်သည်။
[ဘာရမ် ဘယ်မှာလဲ။ လီးပဲ။ မအေဘေး ဒို့ဂက်]
"..."
[မိစ္ဆာနယ်မြေက ရုပ်သံလိုင်းတွေ ထိန်းချုပ်မရ ဖြစ်နေတာကို မင်းတို့က ဘာလုပ်နေကြတာလဲ။ ဒီလိုပဲ လုပ်နေကြမှာဆိုရင် ငါ့ကို အဲဒီကို သွားခွင့်ပြုလိုက်တော့]
[ဘီဟွန်း၊ အခုအချိန်မှာ ထုတ်လွှင့်ဖို့ ဖြစ်နိုင်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား]
မာနကြီးလှသော ဒို့ဂက်ပင်လျှင် ဤဇာတ်ဝင်ခန်းကို လက်လျှော့ထားခဲ့ပြီ ဖြစ်သည်။ စီမံခန့်ခွဲရေးဌာနသည် မိစ္ဆာဘုရင် ရွေးချယ်ပွဲအတွင်း ရရှိနိုင်သမျှ ဖြစ်နိုင်စွမ်းအားလုံးကို ကုန်ဆုံးစေခဲ့သည်။ ထို့အပြင် ပြဿနာမှာ ၎င်းတစ်ခုတည်း မဟုတ်ချေ။
–ဘတ်
ဘာမျှမသိသေးသော ဒိုကဲဘီလေးတစ်ကောင်၏ ငိုသံ ထွက်ပေါ်လာသည်။ အချို့သော ဒိုကဲဘီများမှာ သက်ပြင်းချရင်း မျက်နှာလွှဲသွားကြသော်လည်း အချို့ကမူ မျက်နှာပြင်ပေါ်မှ မြင်ကွင်းကို အဆုံးအထိ မျက်တောင်မခတ်ဘဲ ကြည့်နေကြသည်။
အဝေးမှ တည်ရှိမှုကြီးမှာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုကို ဖြတ်ကျော်လာခဲ့ပြီး ၇၃ ခုမြောက် မိစ္ဆာနယ်မြေ၏ ကောင်းကင်ယံကို ဖုံးလွှမ်းသွားခဲ့သည်။
သက်ရှိအားလုံးသည် ဇာတ်ဝင်ခန်းတစ်ခုအတွင်းတွင် ရှင်သန်နေကြသည် မဟုတ်ချေ။ အကယ်၍ နက္ခတ်များသည် 'ဇာတ်လမ်း' တစ်ခုအတွင်းတွင် ရှင်သန်နေကြသည်ဆိုလျှင် ပြင်ပနတ်ဘုရားများသည် ရှုပ်ထွေးနေသော 'ဇာတ်လမ်း' တစ်ခုအပေါ်တွင် အခြေခံထားကြခြင်း ဖြစ်၏။ သူတို့သည် ဇာတ်လမ်း၏ မသိစိတ်ထဲမှ မွေးဖွားလာကြသော တည်ရှိမှုများ ဖြစ်သည်။ ဒိုကဲဘီများပင်လျှင် မထိန်းချုပ်နိုင်သော ဇာတ်ဝင်ခန်း၏ အနက်ရှိုင်းဆုံး ပင်လယ်ပြင်အတွင်း လှည့်လည်သွားလာနေသည့် သားရဲကြီးတစ်ကောင် ဖြစ်သည်။
'ဒါက ဖြစ်သင့်တဲ့ ဇာတ်ဝင်ခန်း မဟုတ်ဘူး'
ဘီဟွန်းသည် သူ၏ ကြီးမားလှသော ပါးစပ်ကြီးကို ဖွင့်ဟလိုက်သည့် 'ထိုအရာ' ကို ကြည့်ရင်း လေးလံသော စိတ်နှလုံးဖြင့် ဆုတောင်းနေမိသည်။
'ထွက်ပြေးတော့။ ကင်ဒေါ့ဂျာ'
"ဒါက ဘာကြီးလဲ"
‘ထိုအရာ’ ကို ယောင်ဟီဝန် သတိထားမိသည်မှာ မိနစ်အနည်းငယ်သာ ကြာမြင့်သေးသည်။ ရုတ်တရက်ဆိုသလို ယောင်ဟီဝန်၏ တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်ထလာပြီး ချွေးများ စီးကျလာသည်။ ပတ်ဝန်းကျင်ကို ယောင်ဟီဝန်ကြည့်လိုက်သောအခါ သတိလစ်သွားကြသော သို့မဟုတ် မြေပြင်ပေါ်တွင် သွေးအန်နေကြသော မြို့သားများကို တွေ့လိုက်ရ၏။ ယောင်ဟီဝန်ဘေးတွင် ရပ်နေသော လီဂျီဟယ်မှာလည်း မှေးမှိန်နေသော မျက်လုံးများဖြင့် ယောင်ဟီဝန်၏ ပုခုံးကို ညှစ်ထားသလေည်။
"ဂျီဟယ်။ သတိထားဦး"
ယောင်ဟီဝန်က ပုခုံးကို အကြိမ်ကြိမ် လှုပ်ခါလိုက်ပြီးနောက်မှ လီဂျီဟယ်က မနည်းမောပြီး မော့ကြည့်လာသည်။
"အ-အ... အမ..."
လီဂျီဟယ်၏ လက်သည်းများက ပုခုံးထဲသို့ စိုက်ဝင်နေပြီး သွေးများ စီးကျနေသည်။
ယောင်ဟီဝန်က ရင်ပြင်ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ယူဆန်းအာကတော့ လှုပ်ရှားနေပြီ ဖြစ်သည်။
"အားလုံးပဲ၊ ဒီဘက်ကို လူစုကြပါ"
ယူဆန်းအာ၏ အသံထဲတွင် မှော်စွမ်းအင်များ ပြည့်နှက်နေပြီး အဖွဲ့ဝင်များ တစ်ယောက်ပြီးတစ်ယောက် သတိပြန်ဝင်လာကြသည်။
"ဒါ-ဒါက ဘာကြီးလဲ"
လီဟန်းဆောင်နှင့် ကလေးများက ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ လီဂီယောင်က ယိုင်တိယိုင်တိုင် ဖြစ်နေစဉ် ရှင်ယူဆောင်းကမူ လီဟန်းဆောင်ကို ဖက်တွဲထားပြီး တုန်ရီနေလေသည်။
ထိုအချိန်တွင် ရင်ပြင်အတွင်းရှိ အဖွဲ့ဝင်များအားလုံး စိတ်ထဲတွင် တစ်ခုတည်းကိုသာ တွေးနေမိကြသည်။ သူတို့ စာအုပ်တွေ ဘယ်လောက်ဖတ်ခဲ့ဖူးသလဲ၊ စကားလုံးတွေ ဘယ်လောက် သိသလဲဆိုတာက အရေးမကြီးတော့ချေ။
'ဒါကို စကားလုံးနဲ့တောင် ဖော်ပြလို့ မရနိုင်ဘူး'
ယူဆန်းအာ၊ လီဟန်းဆောင်နှင့် ယောင်ဟီဝန်တို့လည်း ထပ်တူပင် ဖြစ်သည်။ ရောက်ရှိလာသော တည်ရှိမှုကြီး၏ ရှေ့မှောက်တွင် လူသားတို့၏ စကားလုံးအားလုံးမှာ အားကိုးရာမဲ့နေသည်။ ကောင်းကင်တစ်ခုလုံးမှာ ဤတည်ရှိမှုကြီး၏ အမှောင်ထုဖြင့် ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။
အဖွဲ့ဝင်များသည် သူတို့ မြင်နေရသည်ကို နားမလည်နိုင်ကြချေ။ ထို့ကြောင့်ပင် သူတို့မှာ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းလည်း ပျောက်ဆုံးသွားခဲ့ရသည်။
အကယ်၍ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်လာလျှင် သူတို့အနေဖြင့် ပြတင်းပေါက်များကို သတင်းစာများဖြင့် ကပ်ထားနိုင်သည်။ အကယ်၍ ဆူနာမီ ဖြစ်ပေါ်လာလျှင် ခိုင်ခံ့သော အထပ်မြင့် အဆောက်အအုံများအတွင်းသို့ ဝင်ရောက်နိုင်သည်။ အကယ်၍ နျူကလီးယား ဖုန်မှုန့်များ ကျဆင်းလာလျှင် ထူထဲသော အကာအရံများရှိသည့် မြေအောက်ခန်းထဲတွင် ပုန်းအောင်းနိုင်သည်။ သို့သော် ဤအရာကိုမူ...
ဒါကို သူတို့ ဘယ်လိုများ တားဆီးနိုင်မှာလဲ။ ဒါကို တားဆီးဖို့ကော ဖြစ်နိုင်ပါ့မလား။
ထိုစဉ် အလင်းရောင်များ ပျောက်ကွယ်နေသော ကောင်းကင်ယံ၌ လူတစ်ယောက် ပေါ်လာသည်။ သူသည် တောက်ပစွာ လင်းလက်နေရင်း သူ၏ ဖြစ်နိုင်စွမ်းကို ကုန်ဆုံးစေနေ၏။
ယောင်ဟီဝန်က ထိုသူကို မြင်လိုက်ရသောအခါ စိတ်သက်သာရာ ရသွားသည်။ စားတော်ဆက်အသင်း၏ ပွဲတော်သို့ တက်ရောက်ခဲ့ကြသော နက္ခတ်အများစုမှာ လွန်ခဲ့သော နှစ်ရက်ကတည်းက မိစ္ဆာနယ်မြေမှ ထွက်ခွာသွားကြပြီ ဖြစ်သည်။ သို့သော် အားလုံးတော့ မဟုတ်ပေ။
တောက်ပသော မီးပွားများ ဝန်းရံလျက် ထိုလူသည် မြို့ရိုးပေါ်တွင် ရပ်နေသည်။ သူက အကျယ်ကြီး ဟစ်အော်လိုက်သည်။
[အားလုံးပဲ၊ သတိထားကြစမ်း]
ဂိုလျော၏ ပထမဆုံးသော ဓါး၊ ချောက်ဂျွန်ဂယောင်းပင် ဖြစ်သည်။ ကြီးမားလှသော ဟိန်းဟောက်သံက မြို့ရိုးထံမှ ပဲ့တင်ထပ်သွားပြီး စိတ်ဓာတ် အကြံ့ခိုင်ဆုံးသော ကိုယ်စားလှယ်များမှာ မနည်းမောပြီး သတိပြန်ဝင်လာကြသည်။ သူတို့က ချောက်ဂျွန်ဂယောင်းကို ကြည့်နေကြသည်။ ဘာတွေ ဖြစ်လာတော့မည်ကို သူတို့ မသိသော်လည်း သူတို့ဘက်တွင် ချောက်ဂျွန်ဂယောင်း ရှိနေ၏။ ချောက်ဂျွန်ဂယောင်းတွင် ပြင်ပနတ်ဘုရားတစ်ပါးနှင့် တိုက်ခိုက်ခဲ့ဖူးသည့် အတွေ့အကြုံလည်း ရှိလေသည်။
[ပြင်ပနတ်ဘုရား။ မင်း ဘာလို့ ဒီကို လာတာလဲ။ ဒါက မင်းရဲ့ ဇာတ်ဝင်ခန်း မဟုတ်ဘူး]
ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်သော အသံဖြစ်သည်။ ဤအသံကို ကြားလိုက်ရပြီးနောက် ကိုယ်စားလှယ်များ၏ မျက်နှာတွင် မျှော်လင့်ချက် အလင်းရောင်များ ပေါ်လာသည်။ ချောက်ဂျွန်ဂယောင်းက နောက်တစ်ကြိမ် ထပ်မံ အော်ဟစ်လိုက်သည်။
[အပိုဖြစ်နိုင်စွမ်းတွေကို ဝါးမျိုနေတဲ့ ကြီးမားလှတဲ့ ပြင်ပစွမ်းအားကြီးပါလား]
အကြိမ်ကြိမ် ခေါ်ဆိုနေသော်လည်း ကောင်းကင်ယံထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။ ဆင်တစ်ကောင်က ပုရွက်ဆိတ်ကို မမြင်သကဲ့သို့ ‘ထိုအရာ’ က ချောက်ဂျွန်ဂယောင်းကို လှည့်ပင် မကြည့်ချေ။ ချောက်ဂျွန်ဂယောင်း၏ မျက်နှာ တင်းမာသွားသည်။ အကယ်၍ ဆင်က ပုရွက်ဆိတ်ကို မမြင်ဘူးဆိုလျှင် သူက မြင်အောင် လုပ်ပြရမည်။
[■■■■]
ဤအခိုက်အတန့်တွင် တစ်စုံတစ်ခုက ချောက်ဂျွန်ဂယောင်းကို စိုက်ကြည့်လိုက်သည်။ ချောက်ဂျွန်ဂယောင်း၏ ခန္ဓာကိုယ်မှ မီးပွားများ ပေါက်ကွဲထွက်လာသည်။ သူ၏ အပြင်ဘက် အရေပြားမှာ မည်းတူးသွားသည်။ ချောက်ဂျွန်ဂယောင်း၏ တင်းမာသော ကြွက်သားများမှာ ပြတ်ထွက်ကုန်ပြီး သွေးများ စီးကျလာကာ ကျိုးပဲ့သွားသော ကြယ်အမွေအနှစ်မှာလည်း ပြာများအဖြစ် လေထဲတွင် လွင့်စင်သွားသည်။ ၎င်းမှာ အမည်ကို ခေါ်ဆိုလိုက်ရုံမျှဖြင့် ပေးဆပ်လိုက်ရသော တန်ဖိုးဖြစ်သည်။ သို့သော်ငြားလည်း ချောက်ဂျွန်ဂယောင်းမှာ နောက်မဆုတ်ဘဲ သူ၏ ဓါးကို မြှောက်လိုက်သည်။
[ဒါက တောင်တွေ၊ ပင်လယ်တွေနဲ့ နေမင်းကြီးကိုတောင် ဖြတ်တောက်နိုင်တဲ့ ဓါးကွ။ ဒီဓါးနဲ့ ဒီတစ်ခါတော့ မင်းကို ငါ ဖြတ်တောက်ပြမယ်]
ကြီးမားလှသော ထိုအရာကြီးက ချောက်ဂျွန်ဂယောင်း၏ မျက်လုံးထဲတွင် ပြည့်နှက်နေလေသည်။
ထိုအရာကြီးသည် ဘယ်နေရာက စပြီး ဘယ်နေရာမှာ ဆုံးမှန်း သူ မမြင်နိုင်သောကြောင့် ဘယ်နေရာကို ဖြတ်ရမည်မှန်း သူ မသိချေ။ လက်တစ်ဆုပ်စာမျှသော ဖြစ်နိုင်စွမ်းပင် မရှိသည့် အနန္တအတွင်း၌ ချောက်ဂျွန်ဂယောင်းက လှုပ်ရှားလိုက်သည်။
[အိုးးးးး]
ချောက်ဂျွန်ဂယောင်းထံမှ အလင်းတန်းတစ်ခု ပစ်ထွက်သွားသည်။
ဓါးတစ်လက်ဖြင့် လူတစ်ထောင်ကို သုတ်သင်ခြင်း။ ဓါးနှစ်လက်ဖြင့် မဟာတောင်ကြီးကို ဖြတ်တောက်ခြင်း။ ဓါးသုံးလက်ဖြင့် ပင်လယ်ကို ခွဲထုတ်ခြင်း။
ကျယ်ပြန့်လှသော အမှောင်ထုအတွင်း ရွေ့လျားသွားသော ဓါးမှာ ကြယ်ကြွေနေသကဲ့သို့ တောက်ပနေသည်။ ခဏမျှ အလင်းတန်းတစ်ခုမှာ ကောင်းကင်၏ အနက်ရှိုင်းဆုံးနေရာသို့ ဆွဲဝင်သွားသည်။ ကိုယ်စားလှယ်များမှာ ထိုအလင်းကို မြင်လိုက်ရပြီး စိတ်လှုပ်ရှားသွားကြ၏။
ဂိုလျော၏ ပထမဆုံးသော ဓါးသည် ပြင်ပနတ်ဘုရားကို တိုက်ခိုက်နေလေသည်။ နောက်တစ်ခဏအကြာတွင် ကောင်းကင်ယံမှ ထူးဆန်းသော အသံတစ်ခုကို သူတို့ ကြားလိုက်ရသည်။ ထိုအသံမှာ ဝေးကွာလှသော ဂလက်ဆီတစ်ခုတွင် သက်တမ်းကုန်ဆုံးသွားသော ကြယ်တစ်လုံး၏ အသံပင် ဖြစ်သည်။ ထို့နောက် တစ်စုံတစ်ခု ကောင်းကင်မှ ပြုတ်ကျလာလေသည်။
"အာ-အာ၊ အား..."
အမြင်အာရုံ ကောင်းသော တစ်စုံတစ်ယောက်က ၎င်းကို အရင်ဆုံး တွေ့လိုက်ရသည်။ ပြတ်တောက်သွားသော လက်များနှင့် ခြေထောက်များ။ ကိုယ်စားလှယ် ခန္ဓာကိုယ်၏ တစ်ဝက်သာ ကျန်ရှိတော့ပြီး ပြတ်တောက်သွားသော အစိတ်အပိုင်းများမှာ မြေပြင်ပေါ်သို့ ပြုတ်ကျနေသည်။ အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှု။ ချောက်ဂျွန်ဂယောင်း၏ မျက်နှာအမူအရာကို မမြင်ရသူများပင်လျှင် သူ ဘာခံစားနေရသည်ကို သိနိုင်ကြသည်။
တောင်၊ ပင်လယ်နှင့် နေမင်းကြီးကိုပင် ဖြတ်တောက်နိုင်သော ဓါး။ ဤဓါးသိုင်းပင် မဖြတ်တောက်နိုင်သော အရာတစ်ခု ရှိနေသည်။ ၎င်းမှာ အစကတည်းက ‘မကျိုးပဲ့နိုင်’ သော အရာဖြစ်သည်။ ချောက်ဂျွန်ဂယောင်း၏ ပျက်စီးသွားသော ခန္ဓာကိုယ်ကို ဖမ်းယူလိုက်သူမှာ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်ပင် ဖြစ်သည်။
[...ဓါးကို မှတ်ထားပါ]
ချောက်ဂျွန်ဂယောင်း၏ ကိုယ်စားလှယ် ခန္ဓာကိုယ်မှာ သေဆုံးသွားပြီး သူ ထွက်ခွာသွားခဲ့သည်။ ဤခန္ဓာကိုယ်မှာ ဒဏ္ဍာရီလာအဆင့် နက္ခတ်တစ်ပါး၏ ကိုယ်စားလှယ် ခန္ဓာကိုယ်ဖြစ်သည်။ သူသည် သူရိယ၏ ရထားလုံးကို ဖျက်ဆီးခဲ့ပြီး ပြင်ပနတ်ဘုရားတစ်ပါး၏ ခြေထောက်များကို ဖြတ်တောက်ခဲ့ဖူးသည်။ သို့သော် ထိုကဲ့သို့သော နက္ခတ်တစ်ပါးမှာ တိုက်ပွဲ၏ တစ်ခဏအတွင်းမှာပင် သူ၏ ကိုယ်စားလှယ် ခန္ဓာကိုယ်ကို ဆုံးရှုံးခဲ့ရသည်။
"အ-အားးး"
မြို့သားများ၏ အော်ဟစ်သံများမှာ သူတို့၏ စိတ်ထဲတွင် ကြောက်လန့်မှုများ ဝင်ရောက်လာသည်နှင့်အမျှ ထွက်ပေါ်လာသည်။ အမှောင်ထုသည် အရပ်မျက်နှာ အားလုံးရှိ မိုးကုတ်စက်ဝိုင်းကို ဖုံးလွှမ်းသွား၏။ မြေပြင်မှာ သန္ဓေသားတစ်ဦးကဲ့သို့ လှုပ်ရှားနေသည်။ မိုးကုတ်စက်ဝိုင်းမှာ ပို၍ နီးကပ်လာသယောင် ရှိနေသည်။ မြေပြင်ပေါ်သို့ ကျရောက်နေသော အလင်းရောင်၏ ပြင်းအားမှာလည်း တဖြည်းဖြည်း လျော့နည်းလာသည်။
[၇၃ ခုမြောက် မိစ္ဆာနယ်မြေမှာ နာကျင်စွာ ညည်းတွားနေပါပြီ။]
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်နှင့် ကိုင်ရီယော့စ်တို့သည် ဤမြင်ကွင်းကို ပထမဆုံး သိုင်းလောကတွင် မြင်တွေ့ခဲ့ဖူးပြီးသား ဖြစ်သည်။
ကိုင်ရီယော့စ်က ပြောလိုက်သည်။
"…ငါ့ရဲ့ အရူးတပည့်ကြောင့် ငါတော့ ဒီမှာတင် သေရတော့မယ် ထင်တယ်"
"နင်ရော၊ ငါရော တပည့်ကံ မကောင်းကြတာတော့ အတူတူပါပဲ"
ကမ္ဘာကြီးက အော်ဟစ်သံတစ်ချက် လွှတ်လိုက်သည်။ လောဘဇောများ ပြည့်နှက်နေသော အမှောင်ထုကြီးသည် ၇၃ ခုမြောက် မိစ္ဆာနယ်မြေကို ဝါးမြိုရန် ချဉ်းကပ်လာနေပြီ ဖြစ်သည်။ ကိုင်ရီယော့စ်သည် အသန့်စင်ဆုံးဓါးစွမ်းအင်၏ မှော်စွမ်းအားအားလုံးကို စုစည်းလိုက်သည်။
"ဒါကြောင့်မလို့ ငါတို့က ဖြစ်နိုင်စွမ်းကိုပဲ ဖက်တွယ်ထားရမှာ"
ဖော်ပြ၍မရသော အကွာအဝေး။ ကြယ်တာရာတို့၏ ကပ်ဘေးဟု ခေါ်တွင်သော ထိုပြင်ပနတ်ဘုရားသည် တစ်နည်းအားဖြင့် ဖြစ်နိုင်စွမ်း မုန်တိုင်းကိုယ်တိုင်ပင် ဖြစ်သည်။ ၎င်းမှာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု၏ စည်းမျဉ်းများ ကျိုးပျက်သွားမှုကြောင့် ဖြစ်ပေါ်လာသော ရှုပ်ထွေးမှုများအတွင်းမှ ရောက်ရှိလာသည့် သန့်ရှင်းရေးသမား ဖြစ်လေသည်။
"အရာအားလုံးက လွဲချော်ကုန်ပြီဆိုတော့လည်း မတတ်နိုင်ဘူးလေ။ ငါ့ရဲ့ အစွမ်းရှိသမျှနဲ့ ဒါကို တွန်းလှန်ရမှာပေါ့"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်က ဟစ်အော်လိုက်ပြီး အဆင့်ကျော်လွန်သူနှစ်ဦး၏ အလင်းတန်းများမှာ တောက်ပစွာ လင်းလက်လာသည်။
ကောင်းကင်ကို အစိတ်စိတ်အမွှာမွှာ ခွဲပစ်နိုင်သော ကောင်းကင်ဖြိုခွင်းဓါး။ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်သည် ပထမဆုံး သိုင်းလောက၏ စွမ်းအားများကို သူ၏လက်ထဲတွင် ဆုပ်ကိုင်လျက် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။
ကောင်းကင်ဖြိုခွင်းဓါးသိုင်း။
ဖျက်ဆီးခြင်း စွမ်းရည်။
ကောင်းကင်ဖြိုခွင်း ကြယ်တံခွန်။
၎င်းမှာ အတိတ်က ယူဂျွန်ဟော့ အသုံးပြုခဲ့သော ဓါးသိုင်းနည်းစနစ် ဖြစ်သည်။ နက္ခတ်ပေါင်းများစွာကို အနိုင်ယူခဲ့သော ကောင်းကင်ဖြိုခွင်းဓါးသိုင်း ဖြစ်လေသည်။ ပထမဆုံး ကောင်းကင်ဖြိုခွင်းဓါးမှာ ကောင်းကင်ယံသို့ ပစ်လွှတ်လိုက်သည်။ ပေါက်ကွဲထွက်လာသော မှော်စွမ်းအင်များမှာ လေထုထဲတွင် တောက်ပနေပြီး ကြယ်တံခွန်ဓါးသည် အရောင်အသွေးစုံလင်သော ပုံရိပ်များကို ဖော်ဆောင်နေသည်။
သို့သော်လည်း ‘ထိုအရာ’ မှာ ခြစ်ရာတစ်ခုပင် မထင်ခဲ့ချေ။ အာကာသထဲတွင် လွင့်မျောနေသော ဖုန်မှုန့်များကဲ့သို့ပင် ဓါးသည် ဟာလာဟင်းလင်း ဖြစ်နေသော ဟင်းလင်းပြင်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်ကို ခွဲပစ်နိုင်သော သူ၏ ဓါးသိုင်းသည် စကြာဝဠာကိုမူ မဖျက်ဆီးနိုင်ခဲ့ချေ။
"ကိုင်ရီယော့စ်"
ကိုင်ရီယော့စ်သည် အချက်ပြမှုကို လက်ခံရရှိပြီး ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ ပုခုံးကို နင်းကာ အပေါ်သို့ ခုန်တက်လိုက်သည်။ ကိုင်ရီယော့စ်သည် လျှပ်စစ်ဓါတ် အားဖြည့်ခြင်း စွမ်းအားဖြင့် အရှိန်မြှင့်တင်လိုက်ပြီး လေထုကို ဖောက်ထွက်ကာ ဟင်းလင်းပြင်ကျယ်ကြီးထဲသို့ ပျံသန်းဝင်ရောက်သွားတော့သည်။
အဆုံးမရှိသော စကြာဝဠာ။ အမှောင်ထု၏ အရိပ်အောက်တွင် ကိုင်ရီယော့စ်သည် ကောင်းကင်ကို ဖုံးလွှမ်းထားသော အမှောင်ထုနှင့် အမှောင်ထု၏ အခြားတစ်ဖက်မှ ကြည့်နေကြသော နက္ခတ်တို့၏ အကြည့်များကို ခံစားမိနေသည်။
[‘ရွှေခေါင်းကွင်း၏အကျဉ်းသား’ နက္ခတ်က ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေပါသည်။]
[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က ဟိန်းဟောက်နေပါသည်။]
ထိုနေရာမှာ နက္ခတ်များ တည်ရှိရာ နေရာဖြစ်သည်။ လူသားတို့၏ တိုတောင်းသော လက်တံများဖြင့် မည်သည့်အခါမျှ လက်လှမ်း မမီနိုင်သော နေရာဖြစ်သည်။ ကိုင်ရီယော့စ်လည်း ထိုအချက်ကို သိသည်။ ထို့ကြောင့်ပင် သူက ကြိုးစားခဲ့သည်။ သူသည် ထပ်ကာထပ်ကာ ကြိုးစားခဲ့သည်။
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် ချန်ထားရစ်ခဲ့သော ကြယ်တံခွန် အပိုင်းအစများကို နင်းကာ ကိုင်ရီယော့စ်သည် ပို၍ပို၍ မြင့်အောင် ခုန်တက်ခဲ့သည်။ သူသည် လက်လှမ်းမမီနိုင်သော နက္ခတ်များဆီသို့ အပြင်းအထန် ပြေးဝင်သွားခဲ့ပြီး ပြင်းထန်သော ကြိုးစားအားထုတ်မှုမှတစ်ဆင့် သူ၏ သမိုင်းကြောင်းကို တည်ဆောက်ခဲ့သော သာမန်ဆန်လှသောတည်ရှိမှုမှာ နောက်ဆုံးတွင် နက္ခတ်များရှိရာသို့ ရောက်ရှိသွားခဲ့သည်။
သူသည် စကြာဝဠာထဲသို့ ရောက်ရှိသွားသည်။ ကိုင်ရီယော့စ်သည် နောက်ဆုံးတွင် ‘ထိုအရာ’ ကို မြင်နိုင်သော အနေအထားသို့ ရောက်ရှိသွားခဲ့သည်။ ထိုအရာမှာ ဧရာမ မြူခိုးကြီးတစ်ခုနှင့် ဆင်တူနေသည်။ တိကျသော ပုံသဏ္ဌာန်မရှိသော ထိုမြူခိုးကြီးမှာ ၇၃ ခုမြောက် မိစ္ဆာနယ်မြေကို လောဘတကြီး ဝါးမြိုနေလေသည်။ မြူခိုးများ၏ အလယ်ဗဟိုတွင် ချောက်ဂျွန်ဂယောင်း ချန်ထားရစ်ခဲ့သော အမျှင်တန်းလေးတစ်ခု ရှိနေလေသည်။
အပြာရောင်နှင့် အဖြူရောင်စွမ်းအားများသည် အကန့်အသတ်အထိ မြင့်တက်လာပြီး ကိုင်ရီယော့စ်၏ ညာလက်ထဲတွင် စုစည်းသွားသည်။
[အသေးငယ်ဆုံးသော အမှုန်အမွှားလေးကနေ စကြာဝဠာကြီး စတင်ခဲ့တာ]
ကိုင်ရီယော့စ်၏ ပြင်းထန်သော ဟစ်အော်သံနှင့်အတူ သူ၏ ညာလက်မှာ လှုပ်ရှားသွားသည်။ Big Bang မဟာပေါက်ကွဲမှုကြီး ကဲ့သို့ပင် ဖြူပြာရောင် စွမ်းအင်များမှာ မြူခိုးများ၏ အလယ်ဗဟိုကို ရိုက်ခတ်သွားသည်။ အဖြူရောင် အလင်းတန်းတစ်ခု ဖြတ်ခနဲ ပေါ်လာပြီး မြို့သားအားလုံး မျက်လုံးများကို မှိတ်လိုက်ကြရ၏။
ဤအခိုက်အတန်းက အဆင့်ကျော်လွန်သူ နှစ်ဦး၏ စွမ်းအားများက စကြာဝဠာကို ဖုံးလွှမ်းထားသော အမှောင်ထုကို လွှမ်းမိုးလိုက်သည့် အခိုက်အတန့် ဖြစ်လေသည်။ အလင်းရောင်များ ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် ကောင်းကင်ကို ဖုံးလွှမ်းထားသော အမှောင်ထုအတွင်း၌ ကြီးမားသော အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
မြို့သားများက အော်ဟစ်လိုက်ကြသည်။
"သူ-သူ လုပ်နိုင်ခဲ့ပြီ"
"သူ လုပ်နိုင်ခဲ့ပြီဟေ့။ အဆင့်ကျော်လွန်သူကြီး လုပ်နိုင်ခဲ့ပြီ"
သို့သော်လည်း ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ မျက်နှာအမူအရာမှာမူ မကောင်းလှချေ။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် ဟင်းလင်းပြင်ကို ဖောက်ထွက်နေသော ကိုင်ရီယော့စ်ကို ကြည့်ရင်း အားနည်းစွာ ရယ်လိုက်မိသည်။
'ဒီအထိပဲပေါ့လေ'
ပြုတ်ကျလာသော ကိုင်ရီယော့စ်၏ အလွန်တွင် ကောင်းကင်ကြီးမှာ ကွဲအက်နေသည်။ အမှောင်ထုအတွင်းမှ တစ်စုံတစ်ခုမှာ နိုးထလာနေပြီ ဖြစ်သည်။ ထိုတစ်စုံတစ်ခုမှာ မျက်လုံးသူငယ်အိမ်တစ်ခု ဖြစ်သည်။ ဧရာမ မျက်လုံးကြီးတစ်လုံး ကမ္ဘာပေါ်သို့ ရောက်ရှိလာခဲ့သည်။ အဖြူရောင် မျက်သားနှင့် အနက်ရောင် မျက်လုံးသူငယ်အိမ်တို့မှာ ပြုတ်ကျလာသော ကိုင်ရီယော့စ်နောက်သို့ လိုက်ပါနေသည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်က လှုပ်ရှားလိုက်ပြီး ကိုင်ရီယော့စ်က လှည့်ကြည့်လိုက်သည်။ အဆင့်ကျော်လွန်သူ၏ စွမ်းအားသည် မတွန်းလှန်နိုင်သော လေထုနှင့် ထိတွေ့မိသွား၏။
ကိုင်ရီယော့စ်၏ ဆံပင်ရှည်များမှာ ဖြူဖွေးသွားသည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ ကြွက်သားများမှာ ပေါက်ကွဲထွက်တော့မတတ် ဖောင်းကားလာသည်။ အိုမင်းရင့်ရော်ခြင်း ဝေဒနာကို ခံစားနေရသကဲ့သို့ အဆင့်ကျော်လွန်သူ နှစ်ဦး၏ ခန္ဓာကိုယ်များမှာ သေလုမျောပါးဖြစ်နေကြပြီ ဖြစ်သည်။
စကြာဝဠာ၏ ‘အဆင့်အတန်း’ မှာ ကွဲပြားလှသည်။ သူတို့သည် သာမန်လူသားတို့၏ အဆင့်ကို ကျော်လွန်ကာ နက္ခတ်များကို ဖျက်ဆီးနိုင်သော စွမ်းအားများကို ရရှိခဲ့ကြသည်။ သို့သော်လည်း သူတို့ ဖြတ်သန်းခဲ့ရသော ပင်ပန်းခက်ခဲသည့် လေ့ကျင့်မှု သမိုင်းကြောင်းမှာ စကြာဝဠာ၏ ‘သမိုင်းကြောင်း’ နှင့် နှိုင်းယှဉ်လျှင် ဖုန်မှုန့်မျှသာ ဖြစ်တော့သည်။
[‘ဖော်ပြ၍မရသော အကွာအဝေး’ က ၇၃ ခုမြောက် မိစ္ဆာနယ်မြေကို ကြည့်နေပါသည်။]
မြို့သားများမှာ ရူးသွပ်ကုန်ကြပြီး ဟိုဟိုဒီဒီ ပြေးလွှားနေကြသည်။
"ထွက်ပြေးကြတော့။ ထွက်ပြေးကြဟေ့"
"အား"
မြို့သားများသည် သူတို့ကိုသူတို့ ဘာတွေ ပြောနေမှန်းပင် မသိဘဲ တောရိုင်းတိရစ္ဆာန်များကဲ့သို့ ငိုယိုနေကြသည်။
[အင်အားကြီးမားသော တည်ရှိမှုတစ်ခု၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ကူးပြောင်းမုခ်ဝကို အသုံးပြု၍ မရနိုင်ပါ။]
"ဘာ... ဘာ... ဘာလဲဟ"
"ဘာ... ဘာ... ဘာတွေလဲ"
"ဘာကြီးလဲ..."
မြို့သားများ၏ ခန္ဓာကိုယ်များမှာ နေရာအနှံ့ ပေါက်ကွဲထွက်ကုန်သည်။ အချို့မှာ ထူးဆန်းသော သတ္တဝါများအဖြစ် ပြောင်းလဲသွားပြီး အချို့မှာမူ ပါးစပ်များထဲမှ နှာမောင်းတံများ ထွက်ပေါ်လာကြသည်။ ကမ္ဘာကြီးတစ်ခုလုံး ရူးသွပ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် အားလုံးတော့ မဟုတ်ချေ။ အဓိပ္ပာယ်မရှိလှသော ထိုတည်ရှိမှုကြီး၏ အကြည့်များရှေ့တွင် သူတို့၏ ဓါးများကို အောက်သို့ မချလိုက်ကြသူများလည်း ရှိနေသေးသည်။
"...မပြီးသေးဘူး။ ငါတို့ တိုက်နိုင်သေးတယ်"
ထိုသူမှာ ယောင်ဟီဝန် ဖြစ်သည်။ ယောင်ဟီဝန်သည် အမောတကော ဖြစ်နေသော်လည်း ပျို့အန်ချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာ ဒူးထောက်မသွားစေရန် ကြိုးစားနေသည်။ အဖွဲ့ဝင်များမှာ တစ်ယောက်ပြီးတစ်ယောက် ယောင်ဟီဝန်ဘေးတွင် လာရပ်ကြသည်။ သူတို့ တောင့်ခံနိုင်ရသည့် အကြောင်းရင်းမှာ ရိုးရှင်းလှသည်။
[မဟာဇာတ်လမ်းကြီး ‘မိစ္ဆာနယ်မြေ၏ နွေဦး’ က ကိုယ်စားလှယ်များကို ကာကွယ်ပေးနေပါသည်။]
ထိုသို့ဖြစ်ရခြင်းမှာ ဤကမ္ဘာကြီးက ပျက်သုဉ်းသွားရန် ငြင်းဆန်နေသောကြောင့် ဖြစ်သည်။ သူတို့သည် ဤ ၇၃ ခုမြောက် မိစ္ဆာနယ်မြေ၏ သမိုင်းကြောင်းများ ဖြစ်ကြလေသည်။
[‘အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ’ နက္ခတ်က ထွက်ပြေးကြရန် အော်ဟစ်နေပါသည်။]
[‘ဝင်္ကပါထဲက စွန့်ပစ်ခံရသူ’ နက္ခတ်က အော်ဟစ်ငိုယိုနေပါသည်။]
[‘ဆောအဲအီဖီ’ နက္ခတ်က နာကျင်မှုကြောင့် သူ၏ မျက်လုံးများကို မှိတ်ထားပါသည်။]
အဖွဲ့ဝင်များလည်း အခြေအနေမှန်ကို သိကြသည်။ သူတို့ ပိုင်ဆိုင်ထားသော စွမ်းအားမှန်သမျှမှာ ထိုအင်အားကြီးမားလှသော တည်ရှိမှုကြီး၏ ရှေ့မှောက်တွင် သိမ်ဖျင်းလွန်းလှသည်။ ယောင်ဟီဝန်သည် မိစ္ဆာသုတ်သင်ခြင်းဓါးကို ဆုပ်ကိုင်လျက် သွေးများ အန်ထုတ်ရင်း ဟစ်အော်လိုက်သည်။
"ယူရီအယ်။ ကူညီပေးပါ"
မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။ ဂုံဖီဒူ၏ ခံစစ် သခင်နှင့် လီဟန်းဆောင်၏ သံမဏိသခင်တို့မှာလည်း ထပ်တူပင် ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူတို့သည် ကိုယ်စားလှယ်တို့၏ တောင်းဆိုမှုကို မတုံ့ပြန်ခဲ့ကြချေ။ မဟုတ်သေး။ မတုံ့ပြန်နိုင်ကြဟုပြောခြင်းက ပိုမှန်လောက်မည် ဖြစ်သည်။
[ညကောင်းကင်ယံရှိ ကြယ်အားလုံး တိတ်ဆိတ်နေကြပါသည်။]
ကောင်းကင်ရှိ နက္ခတ်များမှာ မည်သည့်အရာကိုမျှ ကမ်းလှမ်းမလာကြချေ။ မိုးကြိုးနှင့် လျှပ်စီးများကို ထိန်းချုပ်၍ မရနိုင်သကဲ့သို့ ‘ထိုအရာ’ သည်လည်း လက်ခံရင်ဆိုင်နိုင်သော အရာမျိုး မဟုတ်ချေ။
ကြောက်လန့်နေသော အိုဆူးမှာ ဆီးထွက်ကျသွားသည်။ ဂျန်ဟာယောင်းမှာ မြေပြင်ပေါ်သို့ ပြိုလဲသွားပြီး အော့အန်နေသည်။ အသိစိတ်လွတ်နေသော ဂုံဖီဒူမှာ အဓိပ္ပာယ်မဲ့သော တံတိုင်းများကို စတင် တည်ဆောက်နေသည်။ ဟန်မြုံအိုမှာ တုန်ရီနေပြီး သူ၏ ခြေတစ်ဖက်အတွက် နားခိုစရာ နေရာကို ရှာဖွေနေသည်။ သို့သော်လည်း သူ၏ ခြေထောက်မှာ လှုပ်ရှား၍ မရချေ။ ကမ္ဘာကြီးကို ဝါးမြိုနေသော သတ္တဝါကြီး၏ ရှေ့တွင် သူ၏ ခြေထောက်ကို အားကိုးလို့ တစ်စက်မျှ မရတော့ချေ။
"ဒေါ့ဂျာ"
ထိုစဉ် ကင်ဒေါ့ဂျာ ပေါ်လာသည်။ ယူဆန်းအာက အော်ဟစ်လိုက်ပြီး အားလုံးက တစ်နေရာတည်းကို လှမ်းကြည့်လိုက်ကြသည်။ ထိုနေရာမှာ မပြီးစီးသေးသော နာရီစင်၏ ထိပ်ဖျားပင် ဖြစ်သည်။ အချိန်များ နှေးကွေးစွာ စီးဆင်းနေစဉ် ကင်ဒေါ့ဂျာသည် စင်မြင့်၏ အစွန်းတွင် ရပ်နေသည်။
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က ညကောင်းကင်ယံကို ကြည့်နေပါသည်။]
အလင်းရောင်များ ပျောက်ကွယ်နေသော ညကောင်းကင်ယံတွင် တစ်ဦးတည်းသော ထွန်းလင်းတောက်ပနေသည့် ကြယ်တစ်လုံး။ ထိုကြယ်မှာ ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် ပင် ဖြစ်တော့သည်။