အခန်း (၂၇၁-၂၇၂)
Vol. 22 Ch. 271-272
အခန်း ၂၇၁
- အပိုင်း ၅၀ - ဒေါ့ဂျာ၏ ဇာတ်လမ်း (၈)
နက္ခတ်များ ဝင်ရောက်လာသည်နှင့်အမျှ ကျနော် ခေါင်းမော့ကြည့်လိုက်မိသည်။
[သင့်အား နှစ်သက်သဘောကျသော နက္ခတ်များက သင့်ကို ကြည့်ရှုနေပါသည်။]
သူတို့အားလုံးသည် တစ်ချိန်က ကျနော့်ဘက်က ရပ်တည်ပေးခဲ့ဖူးသော နက္ခတ်များ ဖြစ်ကြသည်။
['ဆောအဲအီဖီ' နက္ခတ်က သင့်ကို ကြည့်နေပါသည်။]
['ဂျိုဆွန်း၏ ပထမဆုံးသော မှော်ဆရာ' နက္ခတ်က သင့်ကို ကြည့်နေပါသည်။]
ထိုအထဲတွင် ကမ္ဘာမြေမှ နက္ခတ်များလည်း ပါဝင်နေသည်။
['ဂိုလျော၏ ပထမဆုံးသော ဓါး' နက္ခတ်က သင့်ကို ကြည့်နေပါသည်။]
အတန်ကြာ အဆက်အသွယ် ပြတ်တောက်နေခဲ့သော ချောက်ဂျွန်ဂယောင်း လည်း ရှိနေလေသည်။ သို့သော်လည်း ပို၍ပင် ဝမ်းသာအားရ ကြိုဆိုရမည့် တည်ရှိမှုတစ်ခုလည်း ရှိနေသေး၏။
['လျှို့ဝှက်ကြံစည်သူ' နက္ခတ်က သင့်ကို ကြည့်နေပါသည်။]
လျှို့ဝှက်ကြံစည်သူ။ သူ၏ သရုပ်မှန်မှာ မည်သူဖြစ်ကြောင်းကို ကျနော် အတိအကျ မသိသေးချေ။ ကျနော် သိထားသည်မှာ သူက ကျနော့်ကို နှစ်သက်ပြီး ကျနော့်၏ ဇာတ်ဝင်ခန်းများကို စောင့်ကြည့်နေသည်ဟူသောအချက်သာ ဖြစ်၏။
['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်က လက်နှစ်ဖက်ကို အသာအယာ ဆုပ်ကိုင်ထားပါသည်။]
['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်က လက်သီးများကို တင်းတင်းဆုပ်ထားပါသည်။]
['မဟူရာမီးလျှံ အသူတစ်ရာနဂါး' နက္ခတ်က နှာမှုတ်ရင်း သင့်ကို ကြည့်ရှုနေပါသည်။]
ကျနော့်၏ အစောပိုင်းဇာတ်လမ်းကတည်းက အားပေးလာသော နက္ခတ်လေးပါးလုံး ယခုအခါ ပြန်လည် စုစည်းမိကြပြီ ဖြစ်သည်။
[သင်၏ ဇာတ်လမ်းသည် ၇၃ ခုမြောက် မိစ္ဆာနယ်မြေ ထဲ၌ ဖန်တီးတည်ဆောက်နေပါပြီ။]
အကြည့်များအားလုံး ကျနော့်ထံသို့ စုပြုံကျရောက်လာပြီး ဇာတ်လမ်း၏ အစဦးသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။
သူရိယ က ပြောလိုက်သည်။
[ကလေး။ မင်းရဲ့ မျှော်လင့်ချက်တွေကို ငါ သိပါတယ်။ ဒါပေမဲ့ ဒါတွေက မင်းကို ကူညီနိုင်မှာ မဟုတ်ဘူး။ နက္ခတ်တွေဆိုတာ ပါးနပ်ကြတယ်။ မင်းတို့ လူသားတွေလိုမျိုး မိုက်မဲတဲ့ ရွေးချယ်မှုတွေကို လုပ်မှာ မဟုတ်ဘူး]
မနည်း ရုန်းကန် မတ်တပ်ရပ်နေကြသော ကျနော့်၏ အပေါင်းအဖော်များကို လှမ်းကြည့်လိုက်မိသည်။ ကျနော့် အပေါင်းအဖော်များသည် လဲကျနေသော ယူဂျွန်ဟော့ ကို ဝန်းရံကာ အလယ်ဗဟိုတွင် ရှိနေကြသည်။
သူရိယ က လှောင်ရယ်လိုက်သည်။
[သူတို့ထဲက ဘယ်သူကမှ နက်ဗျူလာ တစ်ခုရဲ့ ရန်သူ မဖြစ်ချင်ကြပါဘူးကွာ...]
သူ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူရိယ နှင့် ကျနော့်ကြားတွင် မြေငလျင်တစ်ခု လှုပ်ခတ်သွားသည်။ မြေပြင်မှာ လျင်မြန်စွာ စိုစွတ်လာပြီး စေးကပ်သော ရွှံ့နွံအဖြစ်သို့ ပြောင်းလဲသွား၏။
ခြေတစ်လှမ်း ချလိုက်ရုံနှင့် နစ်ဝင်သွားမည့် ထိုရွှံ့နွံထဲမှ တစ်စုံတစ်ယောက် နိုးထလာနေလေသည်။
ထိုသူမှာ မည်သူဖြစ်သည်ကို ကျနော် ချက်ချင်း သတိပြုမိလိုက်သည်။
['ရဲတင်းသော ရွှံ့နွံသားရဲ' နက္ခတ်သည် မိစ္ဆာနယ်မြေ ထဲ၌ ပေါ်ထွက်လာပါပြီ။]
ရဲတင်းသော ရွှံ့နွံသားရဲ။ သူသည် စားတော်ဆက်အသင်း မှ နက္ခတ်တစ်ပါး ဖြစ်သည်။ သူသည် အကြွေးများ တင်ရှိနေသဖြင့် စီမံခန့်ခွဲရေးဌာန၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။
သူသည် ပေ ၁၀၀ ကျော် ရှည်လျားသော ပုတ်သင်ညိုကြီး တစ်ကောင် ဖြစ်သည်။ ရွှံ့နွံထဲမှ နိုးထလာသော ရှေးဟောင်းပုတ်သင်ညိုကြီးမှာ ဟိန်းဟောက်သံကြီးကို ထွက်ပေါ်စေသည်။ ကောင်းကင်ဖြိုခွင်းသခင်မှာ ရဲတင်းသော ရွှံ့နွံသားရဲ ကို မှတ်မိသွားပြီး အသံပြုလိုက်သည်။
ကျနော့် အထင်အရ ဤတစ်ကြိမ်တွင် သူက ကျနော့်၏ ရန်သူ မဟုတ်လောက်ချေ။
ကျနော် ပြုံးလိုက်ပြီး မေးလိုက်သည်။
"မင်းရဲ့ အကြွေးတွေကို လာဆပ်တာလား"
အတိတ်တုန်းက ထုတ်လုပ်ရေး လုပ်ငန်းရှင် က ကျနော့်ကို ရန်သူတွေ အများကြီး မထားပါနဲ့ဟူ၍ အကြံပေးခဲ့ဖူးသည်။
[...မင်းသာ ငါ့ကို မကူညီခဲ့ရင် ငါ ပြန်ဆပ်နိုင်ခဲ့မှာပါ]
ဧရာမ ပုတ်သင်ညိုကြီးက ခေါင်းလှည့်လိုက်ပြီး နက္ခတ်များဘက်သို့ ရန်လိုမှုကို ပြသလိုက်သည်။
[ငါ သူတို့ကို သိပ်မကြိုက်ဘူး။ အဲဒါကြောင့် ငါ လာခဲ့တာ]
ဧရာမ ပုတ်သင်ညိုကြီးက တိုတောင်းသော စကားဝိုင်းကို အဆုံးသတ်လိုက်ပြီး နက္ခတ်များဆီသို့ အပြေးဝင်သွားတော့သည်။ နက္ခတ်များက သူတို့ထံသို့ ပြေးဝင်လာသော သားရဲကြီးကို ကြည့်ကာ အော်ဟစ်လိုက်ကြသည်။
ရဲတင်းသော ရွှံ့နွံသားရဲ သည် ဒဏ္ဍာရီလာအဆင့် နက္ခတ်တစ်ပါး ဖြစ်သည်။ ရန်သူအဖြစ် ရှိနေစဉ်က ကြောက်စရာကောင်းခဲ့သော်လည်း အခုလိုမျိုး တစ်ဖက်တည်းသား ဖြစ်လာသည့်အခါတွင်မူ စိတ်သက်သာရာ မရဘဲ မနေနိုင်ချေ။ ဒေါသထွက်နေသော သူရိယ က အော်ပြောလိုက်သည်။
[စားတော်ဆက်အသင်း ရဲ့ လက်ပါးစေကောင်... မင်းက နက်ဗျူလာ ကို မကြောက်ဘူးလား]
[နက်ဗျူလာဟုတ်လား။ ဟားဟားဟား။ ဘယ်တုန်းကများ စားတော်ဆက်အသင်း က အဲဒါမျိုးတွေကို ဂရုစိုက်ဖူးလို့လဲ]
စားတော်ဆက်အသင်း ၏ အဖွဲ့ဝင်အများစုမှာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ၏ မိစ္ဆာဒိဋ္ဌိများ ဖြစ်ကြသည်။ သူတို့သည် နက်ဗျူလာ တစ်ခုနှင့် သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ သူတို့၏ အလိုဆန္ဒအတိုင်း ကျင့်ကြံကြသူများ ဖြစ်၏။ ရဲတင်းသော ရွှံ့နွံသားရဲ သည် မည်သည့် နက်ဗျူလာ တွင်မှ ပါဝင်ခြင်းမရှိဘဲ စားတော်ဆက်အသင်း ထဲတွင် စိတ်အလွတ်လပ်ဆုံးသူများထဲမှ တစ်ဦး ဖြစ်သည်။
[ဂါး]
ဧရာမ ပုတ်သင်ညိုကြီးက သူ၏ အမြီးကို ဝှေ့ယမ်းလိုက်ရာ မြေပြင်မှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး အပိုင်းအစများမှာ အပေါ်သို့ လွင့်တက်ကုန်သည်။ မိုးကြိုးစားငှက် နှင့် နိုင်းမြစ်မှ နက်နဲသောငှက် တို့က သူ၏ဆီသို့ ပြေးဝင်သွားကြသည်။ ဧရာမ သားရဲကြီးများ စတင် တိုက်ခိုက်ကြပြီး ပတ်ဝန်းကျင်မှာ လျင်မြန်စွာပင် ပျက်စီးရှုပ်ထွေးသွားတော့သည်။ ထိုရှုပ်ထွေးမှုများ၏ အလယ်တွင် သူရိယ က ကောင်းကင်ယံသို့ ပျံတက်သွားပြီး ကျနော့်ကို ငုံ့ကြည့်လိုက်သည်။
[အမှိုက်တစ်စက ရလဒ်ကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ဘူး]
သူရိယ ၏ အလင်းတန်းများ ကျနော့်ထံသို့ စီးဆင်းလာသည်။ လေ၏လမ်းစဉ် နှင့် လျှပ်စစ်ဓါတ် အားဖြည့်ခြင်း ကို အသုံးပြုထားသော်လည်း ရှောင်တိမ်းရန် မလွယ်ကူချေ။ လောကနတ် တစ်ပါးကို ကျနော် မယှဉ်နိုင်သော်လည်း လက်မလျှော့ခဲ့ချေ။ ကျနော့်၏ အရေပြားများ ပြတ်ရှကုန်ပြီး အရိုးများပင် ပေါ်လာသည်။ ဤနာကျင်မှုများကြားမှ ကျနော်သည် အချိန်ဆွဲရန် တစ်နည်းနည်းဖြင့် ကြိုးစားနေမိသည်။
ကျနော့်၏ အာရုံများမှာ လေထဲရှိ စနစ်မက်ဆေ့ချ်များပေါ်တွင် စုစည်းထားသည်။
[ဒုတိယမြောက် ဂိမ်း၏ အနိုင်ရရှိသူကို မကြာမီ ကြေညာပါမည်။]
ဂိမ်း၏ အနိုင်ရရှိသူကို သတ်မှတ်ပြီးပြီ ဖြစ်သည်။ ဇာတ်ဝင်ခန်းကို နှောင့်နှေးအောင် လုပ်ဆောင်နေသည့် တည်ရှိမှုက မည်မျှပင် သန်မာစေကာမူ အကန့်အသတ်တော့ ရှိစမြဲပင်။ တစ်နည်းအားဖြင့် ကျနော် အချိန်ဆွဲနိုင်ရုံနှင့် ဤဂိမ်းတွင် ကျနော်တို့ အနိုင်ရရှိမည် ဖြစ်သည်။
[ကလေး။ မင်း အလိုရှိတဲ့အတိုင်း ဖြစ်လာမှာ မဟုတ်ဘူး]
ဖြစ်နိုင်စွမ်း များစွာ လှုပ်ရှားနေသည်ကို ကျနော် ခံစားလိုက်ရသည်။ ဤသည်က မူလကတည်းက ဤဇာတ်ဝင်ခန်းအတွက် ခွင့်မပြုထားသော ဖြစ်နိုင်စွမ်း တစ်ခု ဖြစ်သည်။ ဝေဒ မှ ပေးအပ်ထားသော ဖြစ်နိုင်စွမ်းက လှုပ်ရှားနေခြင်းပင်။ ကောင်းကင်ယံရှိ ဟန်ချက်မှာ ပြောင်းလဲသွားပြီး ဖြစ်နိုင်စွမ်း ဟန်ချက်များမှာ ယိမ်းယိုင်လာသည်။
[ဝေဒ ၏ အလိုဆန္ဒသည် ဤနေရာသို့ ရောက်ရှိလာပါပြီ။]
တောက်ပသော နေမင်းကြီးတစ်ခုမှာ သူရိယ ၏ နောက်ကွယ်တွင် တောက်ပနေလေသည်။ ကျနော့်၏ ခန္ဓာကိုယ်မှာ အရည်ပျော်တော့မတတ် ခံစားရသဖြင့် ချွေးများ စီးကျလာသည်။ တစ်ခု၊ နှစ်ခု၊ သုံးခု၊ လေးခု... အလင်းရင်းမြစ်များက မြေပြင်ကို လောင်ကျွမ်းစေ၏။ သူရိယ ကို ကြည့်မိလျှင် မျက်စိကွယ်သွားနိုင်သဖြင့် ကျနော် သူ့ကို မကြည့်ဘဲ သူ၏ အရိပ်ကိုသာ အာရုံစိုက်ထားလိုက်သည်။
['နေမင်း တစ်ဆယ့်နှစ်စင်း၏ ဘုရင်' ဇာတ်လမ်းက တောက်ပနေပါသည်။]
ဤသည်မှာ ဝေဒ ၏ သူရိယ ပင် ဖြစ်သည်။ သူသည် နေနတ်ဘုရား တစ်ဆယ့်နှစ်ပါးကို စုစည်းခဲ့သော ဘုရင်တစ်ပါး ဖြစ်သည်။
[အရှိန်အဝါရဲ့ ကွာခြားချက်ကို အခု မြင်ပြီလား]
နုံးချည့်နေသော ကျနော့်၏ အဖွဲ့ဝင်များမှာ လဲကျကုန်ပြီး ညည်းတွားနေကြသည်။
"အား... အား..."
ရဲတင်းသော ရွှံ့နွံသားရဲ မှာလည်း နာကျင်စွာ ရုန်းကန်နေရပြီး နက္ခတ်များကလည်း သူရိယ ကို ကြောက်ရွံ့အားကျစွာဖြင့် မော့ကြည့်နေကြသည်။ သူရိယ မှာ အားကောင်းပြီးသား ဖြစ်သော်လည်း ဝေဒ ၏ 'ဖျက်ဆီးခြင်း ဇာတ်ဝင်ခန်း' အပြီးတွင် ပို၍ပင် အားကောင်းလာခဲ့သည်။ ဗီဗာ့စ်ဗတ် နှင့် ဆာဗီတာ တို့၏ စွမ်းအားအားလုံးကို စုပ်ယူထားသော နေနတ်ဘုရား သူရိယ သည် Ways of Survival ၏ ၂၆၅ ကြိမ်မြောက် ကမ္ဘာမြေကို မီးငရဲအဖြစ်သို့ ပြောင်းလဲပစ်ခဲ့သော သားရဲကြီးတစ်ကောင် ဖြစ်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ ရန်သူက မည်မျှပင် သန်မာပါစေ ကျနော် ရုန်းကန်ရမည်သာ ဖြစ်သည်။
[အထူးစွမ်းရည် 'ဓါးတေးသံ အဆင့် ၃' ကို အသုံးပြုလိုက်ပါပြီ။]
[သင်၏ ဓါးသည် သစ္စာရှင်စစ်သူကြီး ချန်ရစ်ခဲ့သော စကားလုံးများဖြင့် ပြည့်နှက်သွားပါသည်။]
「 ညအခါတွင် နတ်ဘုရားတစ်ပါးက သူ၏ အိပ်မက်ထဲတွင် ပေါ်လာပြီး 'သင် ဤသို့ပြုလုပ်လျှင် ကြီးစွာသော အောင်မြင်မှုကို ရလိမ့်မည်။ မဟုတ်လျှင်မူ သင် ရှုံးနိမ့်လိမ့်မည်' ဟု မိန့်ကြားတော်မူသည်။ 」
ထိုစာသားမှာ သာမန်နဂါး ကို ရင်ဆိုင်စဉ်က ကျနော် ကြားခဲ့ရသော ကဗျာတစ်ပုဒ် ဖြစ်သည်။
[ဤသည်က သမိုင်းဝင်အဆင့် နက္ခတ်တစ်ပါး၏ အထူးစွမ်းရည် ဖြစ်ပါသည်။ သင်သည် သာမန် လှည့်ကွက်တစ်ခုကိုသာ အသုံးပြုနေခြင်းဖြစ်ပါသည်။]
ထိုစွမ်းရည်၏ အကျိုးသက်ရောက်မှုကြောင့် ကျနော်သည် နေကာမျက်မှန် တပ်ထားသကဲ့သို့ ဖြစ်သွားပြီး ကျနော့်ရှေ့မှ အလင်းမြစ်ကို မြင်နိုင်သွားသည်။ ကျနော် မှတ်မိသလောက်ဆိုလျှင် ဤကဗျာသည် ရန်သူ၏ အားနည်းချက်ကို အရောင်များဖြင့် ဖော်ပြပေးသည့် အာနိသင်ရှိသည်။ အစိမ်းရောင်မှာ အားကောင်းသော နေရာများကို ပြသပြီး အနီရောင်မှာမူ အားနည်းသော နေရာများကို ပြသသည်။ ကျနော်သည် သူရိယ ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်သည်။
ကျနော် စိုက်ကြည့်ရင်း စိုက်ကြည့်ရင်းနှင့် ကျောပြင်မှ ချွေးအေးများ စီးကျလာသည်။
[ဟုတ်ပြီလေ။ မင်း ဘာတွေကို မြင်နေရလဲ]
ပြုံးနေသော သူရိယ က ကျနော့်ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။
[မင်းက အထူးစွမ်းရည်တွေကို ဆက်ပြီး ခိုးယူနေလို့ ရပါတယ်။ မင်းက နက္ခတ်တစ်ပါး ဖြစ်လာဖို့ မြင့်တက်လာနိုင်ပေမဲ့ မင်းကို လူသားအဖြစ်ပဲ မွေးဖွားခဲ့တာကွ]
သူရိယ ၏ တစ်ကိုယ်လုံးမှာ အစိမ်းရောင်များ ဖုံးလွှမ်းနေသည်။ မည်သည့် အားနည်းချက်ကိုမျှ ကျနော် မမြင်ရချေ။
[လူသားသမိုင်းက နတ်ဘုရားတစ်ပါးကို မကျော်လွန်နိုင်ပါဘူးကွာ။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ထဲမှာ အဲဒီလိုအရာမျိုး မရှိဘူး]
ကျနော် တစ်ယောက်တည်းဖြင့် သူရိယ ကို မယှဉ်နိုင်ချေ။ ရဲတင်းသော ရွှံ့နွံသားရဲ ၏ အကူအညီဖြင့်ပင် မဖြစ်နိုင်ချေ။ ကျနော်သည် စုတ်ပြဲနေသော ဝတ်ရုံကို ပစ်ချလိုက်ပြီး ပြောလိုက်သည်။
"...ဖြစ်နိုင်စွမ်း ရဲ့ ဟန်ချက်က ယိမ်းယိုင်နေပြီ။ ဒါက ကျနော့်ကို အလေးသာအောင် ထပ်ပြီး ဖြည့်လို့ရတယ်ဆိုတဲ့ သဘောပဲ"
[ဘယ်သူပဲ လာလာ ဟန်ချက်က ယိမ်းယိုင်မှာ မဟုတ်ဘူး]
ကျနော့် ဇာတ်လမ်းမှာ ဒဏ္ဍာရီတစ်ခု မဟုတ်ချေ။ ကျနော်သည် နတ်ဘုရား သို့မဟုတ် သူရဲကောင်းတစ်ဦးလည်း မဟုတ်ချေ။ ကျနော့် ဇာတ်လမ်းမှာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ထဲတွင် သာမန်ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်ကောင်းဖြစ်နိုင်လေသည်။
[ညကောင်းကင်ယံရှိ နက္ခတ်များက ဆုံးဖြတ်ချက်တစ်ခု ချမှတ်နေပါသည်။]
သို့သော်လည်း ဤကမ္ဘာပေါ်ရှိ တစ်စုံတစ်ယောက်က ကျနော့် ဇာတ်လမ်းကို အလေးအနက် နားထောင်နေ၏။
"ဒါကတော့ စောင့်ကြည့်ရမှာပေါ့လေ။ လာခဲ့စမ်း၊ ဂိုလျော၏ ပထမဆုံးသော ဓါး"
ပေါက်ကွဲသံများနှင့်အတူ မီးပွားများ ထွက်ပေါ်လာပြီး မဟူရာတိမ်တိုက်များကြားမှ ဥက္ကာခဲတစ်ခု ကျဆင်းလာသည်။
['ဂိုလျော၏ ပထမဆုံးသော ဓါး' နက္ခတ်က သင်၏ ခေါ်ယူမှုကို တုံ့ပြန်နေပါသည်။]
ခမ်းနားလှသော ဓါးစွမ်းအင်မှာ ကောင်းကင်ယံကို ခွဲထွက်သွားသည်။ ဤသည်က အရင်က ကျနော် မြင်ဖူးခဲ့သော ဓါးသုံးလက်ဓါးသိုင်းပင် ဖြစ်သည်။
[ဘယ်သူက ငါဆိုတဲ့ ချောက်ဂျွန်ဂယောင်း ကို ခေါ်လိုက်တာလဲ]
ဓါးမှာ မိုးကြိုးကဲ့သို့ ကျရောက်သွားပြီး သူရိယ ၏ နေမင်းများထဲမှ တစ်စင်းကို နက်ရှိုင်းစွာ ဒဏ်ရာရစေလိုက်သည်။ မျက်စိကျိန်းမတတ် ပေါက်ကွဲသံနှင့်အတူ သူရိယ ၏ အသံကို ကြားလိုက်ရသည်။
[အဆင့်နိမ့် သမိုင်းဝင်အဆင့် နက္ခတ်တစ်ပါးကများ ရာရာစစကွာ]
ပူပြင်းသော အလင်းတန်းများ မြေပြင်ပေါ်သို့ စီးဆင်းလာပြီး တစ်စုံတစ်ခုက မြေပြင်ပေါ်သို့ ဒုန်းခနဲ ကျရောက်လာရာ ကျနော်နှင့် ကျနော့် အပေါင်းအဖော်များ နောက်သို့ လွင့်ထွက်သွားကြသည်။ သတိပြန်ဝင်လာချိန်တွင် ကျနော်သည် လူတစ်ယောက်၏ ရင်ခွင်ထဲသို့ ရောက်ရှိနေ၏။ ခန္ဓာကိုယ် အရွယ်အစားအရဆိုလျှင် သူသည် ကောင်းကင်ဖြိုခွင်းဓါးသခင် ထက်ပင် မသေးချေ။
[မတွေ့တာ ကြာပြီနော်။ မျိုးဆက်သစ်လေး]
ခမ်းနားထည်ဝါသော ဂိုလျော၏ ပထမဆုံးသော ဓါး ကို ကျနော့်ရှေ့တွင် မြင်တွေ့လိုက်ရသည်။
"မတွေ့တာ ကြာပြီနော်။ ဘိုးတော်ရေ။ ခင်ဗျားရဲ့ အရှိန်အဝါက ပြောင်းလဲသွားပြီပဲ"
သမိုင်းဝင်အဆင့် ရှိခဲ့သော ချောက်ဂျွန်ဂယောင်း မှာ ယခုအခါ ဒဏ္ဍာရီလာအဆင့် ဖြစ်နေပြီ ဖြစ်သည်။
[ဒါက မင်းကြောင့်ပဲ။ အကြောင်းအရာတွေ အများကြီး ဖြစ်ပျက်ခဲ့တာကွ]
ကျနော် မျှော်လင့်ထားခဲ့သည့်အတိုင်းပင်။ ချောက်ဂျွန်ဂယောင်း သည် ပြင်ပနတ်ဘုရား ကို တိုက်ခိုက်သည့် တိုက်ပွဲတွင် ပါဝင်ခဲ့သည်။ သူသည် အစွမ်းထက်သော ဇာတ်လမ်းတစ်ခုကို ရရှိခဲ့ပြီး ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ခြင်း ဖြစ်လောက်ပေသည်။
[နောက်ဆုံးတော့ အကြွေးကို ဆပ်နိုင်တော့မယ်]
ချောက်ဂျွန်ဂယောင်း က ကောင်းကင်ယံကို မော့ကြည့်လိုက်ပြီး နက္ခတ်များ၏ သွယ်ဝိုက်သော မက်ဆေ့ချ်များမှာ နောက်မှ လိုက်လာကြသည်။
['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်က ဒေါသတကြီးဖြင့် သူ့ဘာသာသူ မြည်တွန်တောက်တီးနေပါသည်။]
['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်က မှိုင်တွေစွာဖြင့် စိုက်ကြည့်နေပါသည်။]
အခြားသော နက္ခတ်များလည်း ဤနေရာကို လာချင်နေကြပုံရသည်။ သို့သော်လည်း ဖြစ်နိုင်စွမ်း ဆိုင်ရာ ကန့်သတ်ချက်များ ရှိနေပြီး နက်ဗျူလာ ၏ မျက်စိအောက်တွင် သူတို့ မလှုပ်ရှားနိုင်ကြချေ။
အထူးသဖြင့် ယူရီအယ် သည် အေဒင် နှင့် သက်ဆိုင်နေပြီး ပြဿနာမှာ ပို၍ ရှုပ်ထွေးသည်။ ယူရီအယ်သာ တစ်ခုခု မှားယွင်းစွာ လုပ်မိပါက ကောင်းမှုနှင့် မကောင်းမှုကြားတွင် မဟာစစ်ပွဲကြီးတစ်ခု ဖြစ်ပွားသွားနိုင်၏။
ယူရီအယ် ထံမှ အကူအညီ မရရှိသော်လည်း ကျနော် စိတ်မပျက်ခဲ့ချေ။
"လာနေပြီ"
သူရိယ ၏ အလင်းတန်းများမှာ လှိုင်းတံပိုးများကဲ့သို့ ရောက်ရှိလာသည်။
[...အိန္ဒိယဘက်က နတ်ဘုရားတွေကို လွယ်လွယ်ကူကူ ဆော့ကစားလို့မရဘူးဆိုတာ ငါ သိပေမဲ့ သူတို့က တကယ်ကို သားရဲကြီးတွေပါကွာ]
ချောက်ဂျွန်ဂယောင်း က ကျနော့်ကို ကာကွယ်ပေးပြီး အလင်းလှိုင်းများကို ခုတ်ပိုင်းလိုက်သည်။ သို့သော်လည်း ချောက်ဂျွန်ဂယောင်း ၏ ဓါးမှာ အနည်းငယ် တိုက်စားခံလိုက်ရသည်။
[ငါက မဟာတောင်ကြီးနဲ့ ပင်လယ်ကို ဖြတ်တောက်နိုင်ပေမဲ့ အခုထိ နေမင်းကိုတော့ မဖြတ်တောက်နိုင်သေးဘူး။ အဲဒီလို သားရဲကြီး ရှိမှန်း သိရင် ငါ 'ယဲ့' ကို ခေါ်လာခဲ့မှာ]
'ယဲ့' ဆိုသည်မှာ တရုတ်ဒဏ္ဍာရီထဲမှ နေမင်းကို အမဲလိုက်သူ ဖြစ်နိုင်သည်။ သူသည် ချောက်ဂျွန်ဂယောင်း ၏ မိတ်ဆွေတစ်ဦး ဖြစ်ပုံရသည်။ သို့သော်ငြားလည်း 'ဧကရာဇ်' တစ်ဦး၏ အင်္ဂါရပ်များရှိသော နက္ခတ်တစ်ပါး ဖြစ်သည့် သူရိယ ကို ယဲ့ ကပင် ရင်ဆိုင်နိုင်မည် မဟုတ်ချေ။
[မင်းကို ငါ ကိုင်တွယ်မယ်]
လူသားမျိုးနွယ်ကို တည်ထောင်သူ သည် ချောက်ဂျွန်ဂယောင်း ဆီသို့ ပြေးဝင်လာသည်။ ကြီးမြတ်သော လူသားများ တိုက်ခိုက်ကြပြီး ပတ်ဝန်းကျင်မှာ ဓါးစွမ်းအင်များကြောင့် ပျက်စီးသွားရသည်။
[၇၃ ခုမြောက် မိစ္ဆာနယ်မြေ က သင်၏ ဇာတ်လမ်းကို လိုက်လံစုံစမ်းနေပါသည်။]
ထိုအခါ ကျနော့်၏ ရင်ဘတ်ထဲမှ တစ်စုံတစ်ခု ကောင်းကင်ယံသို့ စီးဆင်းသွားသည်။ ထိုအရာများမှာ နောက်ဆုံးဂိမ်းမှ ကျနော် ရရှိခဲ့သော 'စာသားများ' ဖြစ်ကြသည်။ သူရိယ က မိုးကြိုးသံကဲ့သို့ ဟိန်းဟောက်ကာ အော်ဟစ်လိုက်သည်။
[မင်းတို့ ဘာလုပ်နေကြတာလဲ။ အချိန်မရှိတော့ဘူး။ သူတို့ကို အခုချက်ချင်း သတ်လိုက်ကြစမ်း]
ဤစာသားများသည် မဟာဇာတ်လမ်းကြီး ကို ဖန်တီးပေးသော ကုန်ကြမ်းများ ဖြစ်ကြသည်။ နောက်ဆုံးတွင် ဤကမ္ဘာ၏ မဟာဇာတ်လမ်းကြီးမှာ ယိမ်းယိုင်လာတော့သည်။
['သဘောထားကွဲလွဲမှုဖန်တီးသူ' မိစ္ဆာဘုရင်က သင့်အပေါ် ရန်လိုမှုကို ပြသနေပါသည်။]
ငြိမ်နေသော မိစ္ဆာဘုရင်များ နောက်ဆုံးတွင် လှုပ်ရှားလာကြပြီ ဖြစ်သည်။ သဘောထားကွဲလွဲမှုဖန်တီးသူ ထံမှ ပေးပို့လိုက်သော အပူရှိန်က ကျနော့်ကို လေထဲသို့ လွင့်စင်သွားစေပြီး ကျနော့်၏ တစ်ကိုယ်လုံး ပြတ်ထွက်တော့မတတ် နာကျင်မှုကို ခံစားလိုက်ရသည်။
ကျနော့်တွင် မဟာမိတ်နှစ်ဦး ရှိနေသော်လည်း စစ်မြေပြင်မှာ ကျနော့်အတွက် အဆမတန် အားနည်းနေဆဲပင်။ မိစ္ဆာဘုရင်များက သူတို့၏ စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး ဖြစ်နိုင်စွမ်း ချိန်ခွင်လျှာမှာ တစ်ဖန် ပြန်လည် မြည်ဟည်းလာသည်။
ကျနော့်အနေဖြင့် လူများစွာ၏ အကူအညီကို လိုအပ်သော်လည်း အစွမ်းထက်သော ဤမိစ္ဆာဘုရင်များကို မည်သူက ရင်ဆိုင်နိုင်မည်နည်း။ ကျနော် အသည်းအသန် စဉ်းစားသော်လည်း ကူညီပေးမည့် နက္ခတ်ကို ရှာမတွေ့ခဲ့ချေ။ ရုတ်တရက် ချဉ်းကပ်လာသော မိစ္ဆာဘုရင်များမှာ နှေးကွေးသွားသည်။
"စွမ်းအားအပြည့်နဲ့ ပစ်လိုက်ကြစမ်း"
ရင်းနှီးနေသော မိန်းကလေးတစ်ဦး၏ အသံနှင့်အတူ အမြောက်သံကြီး ထွက်ပေါ်လာသည်။
"ဦးလေးကြီး။ ကျမပါ"
['ပင်လယ်စစ်နတ်ဘုရား' နက္ခတ် က သင့်ကို ကြည့်နေပါသည်။]
"နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်"
စက်မှုဇုန်၏ အဝေးတစ်နေရာရှိ ကျုံးပေါ်တွင် လီဂျီဟေး ၏ ဝိညာဉ်သင်္ဘောအုပ်စုမှာ အမြောက်များဖြင့် ပစ်ခတ်နေသည်။ ဒေါသထွက်နေသော မိစ္ဆာဘုရင်များ၏ သွယ်ဝိုက်သော မက်ဆေ့ချ်များမှာ လေထုထဲတွင် ပြည့်နှက်နေသည်။ မိစ္ဆာဘုရင် နှစ်ပါးမှာ လီဂျီဟေး ဘက်သို့ လှည့်သွားကြသည်။
"ဂျီဟေး"
လီဂျီဟေးက ကူညီရန် ရောက်လာသည်မှာ ကောင်းသော်လည်း လီဂျီဟေး တစ်ယောက်တည်းနှင့်မူ မဖြစ်နိုင်ချေ။ လီဂျီဟေး၏ ပြိုင်ဘက်များမှာ မိစ္ဆာဘုရင် နှစ်ပါး ဖြစ်၏။ လီဂျီဟေးသာ တစ်ခုခု မဆင်မခြင် လုပ်မိပါက ချက်ချင်း အသတ်ခံရပေလိမ့်မည်။
"ထွက်ပြေးတော့"
ကျနော် အမြန် လှုပ်ရှားလိုက်သော်လည်း ရရှိထားသော ဒဏ်ရာများကြောင့် လှုတ်ရှားဖို့မလွယ်ကူချေ။ မိစ္ဆာဘုရင်များမှာ လီဂျီဟေး ၏ အနီးအနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤအတိုင်း ဆက်သွား၍ မရချေ။ ဤအခြေအနေတွင်... ကျနော် လေ၏လမ်းစဉ် ကို အသုံးပြုနိုင်ပါက...
ထိုစဉ် တစ်စုံတစ်ယောက်က ကျနော့်၏ ပုခုံးကို လှမ်းကိုင်လိုက်သည်။
"ဒေါ့ဂျာ။ တစ်ယောက်ထဲ ဒုက္ခခံပြန်ပြီလား... ဒီလိုမျိုး မလုပ်ပါနဲ့လို့ ငါ ပြောထားတယ်လေ"
သူရိယ ၏ အလင်းတန်းများအောက်တွင် အချိန်အတော်ကြာအောင် လောင်ကျွမ်းခံခဲ့ရခြင်းကြောင့်လော မသိ၊ ထိုအမျိုးသမီး၏ မျက်နှာကို ကျနော် သေသေချာချာ မမြင်ရချေ။ သို့သော်လည်း ထိုအမျိုးသမီး၏ အသံကို ကြားရုံနှင့် မည်သူဖြစ်သည်ကို ကျနော် သိလိုက်သည်။
"ဒင်္ဂါးပြားမြှောက်ပြီး ရွေးတာမှာ ရှုံးသွားလို့ နောက်ကျသွားတာပါ။ သိပ်ပြီး စိတ်မဆိုးပါနဲ့ဦး"
ထိုအမျိုးသမီးမှာ မိစ္ဆာဘုရင်များရှိရာဘက်သို့ လျှောက်သွားသည်။
"ခဏစောင့်ဦး။ ဟီဝမ်"
ယောင်ဟီဝမ် သည် သန်မာပါသည်။ ကိုယ်ပိုင်ဇာတ်ဝင်ခန်းများကို ပြီးဆုံးပြီးနောက် ယောင်ဟီဝမ်သည် ပို၍ပင် သန်မာလာခဲ့ပေလိမ့်မည်။ သို့သော်ငြားလည်း မိစ္ဆာဘုရင်တစ်ပါးကို ရင်ဆိုင်ရန်မှာမူ ယောင်ဟီဝမ်အတွက် အဆမတန် ခက်ခဲလွန်းလှ၏။ မိစ္ဆာဘုရင်အပေါ် တရားစီရင်ချိန် ကို အသုံးပြုမည်ဆိုလျှင်ပင်...
"နင် ဘာတွေ တွေးနေလဲဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့"
ကျနော် အမြင်မှားနေခြင်းလား မသိပေ။ ယောင်ဟီဝမ်၏ ကျောပြင်တွင် ကောင်းကင်တမန် အတောင်ပံများရှိနေသကဲ့သို့ ထင်မှတ်နေမိ၏။
"ဘာဖြစ်လို့လဲဆိုတော့ ငါက တိုက်ခိုက်နေတာ မဟုတ်လို့ပဲ"
ဤသည်က ကျနော် တစ်ခါမျှ မခံစားဖူးသော ကြီးမားလှသည့် 'အရှိန်အဝါ' တစ်ခု ဖြစ်သည်။ လီဂျီဟေး ထံသို့ ပြေးဝင်နေသော မိစ္ဆာဘုရင်မှာ အံ့အားသင့်သော အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။ နက္ခတ်၏ စွမ်းအားမှာ ယောင်ဟီဝမ် ထံသို့ ဆင်းသက်လာပြီး မိစ္ဆာနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံသွားကာ ခေတ္တခဏအတွင်း ငွေရောင်အဖြစ်သို့ ပြောင်းလဲသွားစေတော့သည်။
['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်သည် ၇၃ ခုမြောက် မိစ္ဆာနယ်မြေ ထဲ၌ ပေါ်ထွက်လာပါပြီ။]
အခန်း ၂၇၂
- အပိုင်း ၅၁ - မဟာဇာတ်လမ်းကြီး (၁)
နတ်ခေါင်ချုပ် ယူရီအယ် သည် ၇၃ ခုမြောက် မိစ္ဆာနယ်မြေ ထဲ၌ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ မူရင်းဝတ္ထု၏ နောက်ဆုံးပိုင်းတွင် ယူရီအယ်သည် ကိုယ်စားလှယ် ခန္ဓာကိုယ်ဖြင့် တိုက်ရိုက်ဆင်းသက်လာခဲ့ဖူးသည်။ သို့သော်လည်း ယခုအချိန်တွင်မူ ၂၅ ခုမြောက် ဇာတ်ဝင်ခန်းသာ ရှိသေးလေသည်။
မိစ္ဆာဘုရင်များနှင့် နက္ခတ်များ၏ ဇဝေဇဝါဖြစ်နေသည့် ရေရွတ်သံများကို ကြားလိုက်ရသည်။
[ဘယ်လိုမျိုး အဓိပ္ပာယ်မရှိတဲ့...]
မျက်လုံးမှိတ်ထားသော ယောင်ဟီဝန် ၏ နောက်ကွယ်တွင် ယူရီအယ်၏ ကြည်လင်နေသော ပုံရိပ် ပေါ်ထွက်လာသည်။ ခမ်းနားလှသော အရှိန်အဝါနှင့်အတူ ယူရီအယ်၏ ရှည်လျားသော ရွှေရောင်ဆံနွယ်များမှာ လေထဲတွင် လွင့်နေလေသည်။
ဖြစ်နိုင်စွမ်း ၏ ဟန်ချက်မှာ တစ်ဖန် ပြန်လည် ယိမ်းယိုင်လာသည်။ လုံးဝ ပျက်စီးနေသော ဟန်ချက်ညီမှုမှာ ယူရီအယ် ပေါ်ထွက်လာခြင်းနှင့်အတူ တဖြည်းဖြည်း ပြန်လည် ပြည့်စုံလာခဲ့သည်။ မဟုတ်သေး၊ ယခုအခါ ဤဘက်အခြမ်းက ပို၍ လေးလံလာသကဲ့သို့ပင် ခံစားနေရသည်။
ယူရီအယ်၏ စွမ်းအားထက် ပို၍ အံ့အားသင့်စရာကောင်းသည့်အချက်မှာ စစ်မြေပြင်ရှိ တိုက်ပွဲများအားလုံး ရပ်တန့်သွားခြင်းပင် ဖြစ်သည်။ သူရိယ သည် တင်းမာသော မျက်လုံးများဖြင့် စောင့်ကြည့်နေပြီး တိုက်ခိုက်နေသော နက္ခတ်များအားလုံး ရပ်တန့်သွားကြ၏။ နတ်ခေါင်ချုပ်တစ်ပါး ဆင်းသက်လာခြင်းမှာ နက္ခတ်များအတွက်လည်း အလွန်တရာ ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။
ပထမဆုံး စကားပြောလာသူမှာ မီးတောက်နေသော ဓါးကို ကိုင်ဆောင်ထားသည့် ဇီးကွက်မျက်နှာနှင့် မိစ္ဆာဘုရင် ဖြစ်သည်။
[နတ်ခေါင်ချုပ်။ မင်းက... မင်းက ဒီကို ရဲရဲတင်းတင်း ပေါ်လာတာလား]
သူက မည်သူဖြစ်သည်ကို ကျနော် သိသည်။ သဘောထားကွဲလွဲမှုဖန်တီးသူ။ ၆၃ ခုမြောက် မိစ္ဆာနယ်မြေ ၏ မိစ္ဆာဘုရင် အန်ဒရပ်စ် ပင် ဖြစ်သည်။ သူသည် တစ်ခါက သူ၏ လက်အောက်ငယ်သားကို သတ်ခဲ့ဖူးသော ဟန်ဆိုယောင်း ကို ကျိန်စာတိုက်ခဲ့သူ ဖြစ်၏။
ထိုအခါ သူ၏ဘေးမှ မိစ္ဆာဘုရင်ကလည်း ပြောလိုက်သည်။
[ရ-ရ-ရုပ်အလောင်း ဖြစ်သွားချင်နေတာလား။ နတ်ခေါင်ချုပ်ကြီး]
သရဖူ ဆောင်းထားပြီး အစိမ်းရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော အရိုးစုကြီး။ ရုပ်အလောင်းများအပေါ် ဒဿနပညာရှင်ဆန်သော ဧကရာဇ်။ သူသည် ၅၄ ခုမြောက် မိစ္ဆာနယ်မြေ ၏ မိစ္ဆာဘုရင် မာမာ ဖြစ်သည်။
သူတို့သည် အဆင့်နိမ့် မိစ္ဆာဘုရင်များ ဖြစ်ကောင်းဖြစ်လောက်သော်လည်း သူတို့နှစ်ဦးလုံးမှာ ကျနော့်ထက် ပို၍ သန်မာကြသည်။ သို့သော်ငြားလည်း ဤသန်မာသော တည်ရှိမှု နှစ်ခု၏ အမူအရာတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရှိနေလေသည်။ ၎င်းမှာ ကြောက်ရွံ့မှုပင် ဖြစ်သည်။
ဆင်းသက်လာပြီးနောက် ယူရီအယ် သည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏ ရင်သပ်ရှုမောဖွယ် ဧကရာဇ်စိမ်းရောင် မျက်လုံးများက ကမ္ဘာကြီးကို လှမ်းကြည့်လိုက်သောအခါ ကမ္ဘာ၏ အရောင်အသွေးမှာ ပြောင်းလဲသွားတော့သည်။ ယူရီအယ်နှင့် မျက်လုံးချင်း မဆုံရသေးသော်လည်း ကျနော့် နှလုံးသားမှာ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်က ၇၃ ခုမြောက် မိစ္ဆာနယ်မြေ ကို ကြည့်ရှုနေပါသည်။]
နတ်ခေါင်ချုပ်၏ အကြည့်မှာ 'ဖျက်ဆီးခြင်း' ကို ရည်ညွှန်းနေသည်။ ထိုအကြည့်က ကမ္ဘာကြီးကို သန့်စင်ရန်အတွက် ကမ္ဘာပေါ်ရှိ နောက်ဆုံးတောင်တန်းကို စိုက်ကြည့်နေသော အကြည့်မျိုး ဖြစ်သည်။ ၇၃ ခုမြောက် မိစ္ဆာနယ်မြေ သည် ယူရီအယ်၏ အကြည့်အောက်တွင် တုန်လှုပ်နေပေပြီ။
[■■။ မတွေ့တာ ကြာပြီနော်]
မိစ္ဆာဘုရင် နှစ်ပါးမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြသည်။ ယောင်ဟီဝန် ၏ နှုတ်ခမ်းများမှာ သိမ်မွေ့စွာ ကွေးညွှတ်သွားသည်။
[နင်... အဲဒီဓါးကို ငါ့ရှေ့မှာ ကိုင်မလာနဲ့လို့ ငါ အရင်က ပြောထားတယ် မဟုတ်လား။ ဝိသေသ လက္ခဏာ တွေ ထပ်နေလို့ ငါ စိတ်အနှောင့်အယှက် ဖြစ်တယ်]
ထိုစကားကြောင့် အန်ဒရပ်စ် သည် မီးတောက်နေသော ဓါးကို အနည်းငယ် နှိမ့်လိုက်သည်။ အန်ဒရပ်စ် ၏ ဇီးကွက်မျက်လုံးများမှာ အဆက်မပြတ် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး မာမာ ၏ အရိုးစု မေးရိုးမှာလည်း ပြင်းထန်စွာ တုန်ရီနေလေသည်။
ပထမဆုံး ရှေ့သို့ တက်လာသူမှာ မာမာ ဖြစ်သည်။
[မိုက်မဲတဲ့ နတ်ခေါင်ချုပ်။ မင်းရဲ့ လုပ်ရပ်က ဘာကို ဆိုလိုတယ်ဆိုတာ မင်း သိရဲ့လား။ ဒါမှမဟုတ်... အေဒင် က ရွေးချယ်မှုမှာ ဝင်ရောက် စွက်ဖက်ဖို့ ဆုံးဖြတ်လိုက်တာလား...]
[■။ ငါ့ဘာသာငါ လာခဲ့တာ]
ယူရီအယ်၏ စရိုက်ကို ကျနော် ပြန်လည် အမှတ်ရလိုက်သည်။ ကျနော့်အပေါ် ပြသခဲ့သော ယူရီအယ်၏ ကြင်နာမှုများကြောင့် ကျနော် မေ့လျော့နေခဲ့သော်လည်း ယူရီအယ်သည် အေဒင် တွင် ကြောက်မက်ဖွယ်အကောင်းဆုံး နတ်ခေါင်ချုပ်များထဲမှ တစ်ဦး ဖြစ်သည်။
မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ။ သူသည် အခြားသော နတ်ခေါင်ချုပ်များထက် ပို၍ ရက်စက်ပြီး မိစ္ဆာများကို အများဆုံး သုတ်သင်ခဲ့သူ ဖြစ်သည်။ သူသည် လက်ကို လေထဲသို့ မြှောက်လိုက်ရာ အဖြူရောင် မီးလျှံဓါးတစ်လက် ပေါ်ထွက်လာသည်။ သူ၏ ဓါးရှေ့တွင် မီးတောက်များအားလုံးမှာ ယဇ်ပူဇော်လိုက်ကဲ့သို့ ငြိမ်းသတ်သွားကြသည်။
သူ၏ဓါးမှာ ငရဲမီးလျှံများ ပါဝင်သော ဓါး ဖြစ်သည်။ ဤသည်မှာ ယူရီအယ်၏ ကြယ်အမွေအနှစ် ပင် ဖြစ်သည်။ ယူရီအယ်က ဓါးကို ထုတ်လိုက်သည့်အခါ မိစ္ဆာဘုရင်များမှာ ပြာပြာသလဲလဲ အမူအရာများ ဖြစ်သွားကြတော့သည်။
[မင်းက သဘောတူညီချက်ကို မေ့သွားပြီလား]
[■ စားလိုက်။ ■■ မင်းကို မုန်းတယ်]
[ဘာ]
[အာ၊ ■ ထိသွားပြီ။ ■ စစ်ထုတ်စနစ် က...]
အေဒင် ၏ နတ်ခေါင်ချုပ်များတွင် သူတို့၏ နက်ဗျူလာ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် ကိုယ်ပိုင် စစ်ထုတ်စနစ် များ ရှိကြသည်။ ထို့နောက် ယူရီအယ် သည် ကျနော့်ကို လှမ်းကြည့်လိုက်သည်။
[ကင်ဒေါ့ဂျာ]
ကျနော်က သိပ်ပြီး တုန်လှုပ်နေပုံ ပေါက်နေသလား။ ယူရီအယ် က ကျနော့်ကို ကြည့်ပြီး အိုးတိုးအမ်းတမ်း ပြုံးပြလိုက်သည်။
[...အာ… ဟယ်လို]
ယူရီအယ်၏နှုတ်ဆက်မှုက သူ၏ စောနက အရှိန်အဝါနှင့် ယှဉ်လျှင်မူ အလွန်ပင် ရှက်ကိုးရှက်ကန်းနိုင်ပြီး အိုးတိုးအမ်းတမ်းနိုင်သော နှုတ်ဆက်မှု ဖြစ်သည်။
[နက္ခတ်အများအပြားမှာ စကားမပြောနိုင်လောက်အောင် ဖြစ်နေပါသည်။]
['မဟူရာမီးလျှံ အသူတစ်ရာနဂါး' နက္ခတ်က လိုက်ဖက်မှုမရှိကြောင်း ထောက်ပြနေပါသည်။]
ခုနလေးတင် ခြိမ်းခြောက်ခံလိုက်ရသော မိစ္ဆာဘုရင်များမှာ အဓိပ္ပာယ်မရှိသော အမူအရာဖြင့် စောင့်ကြည့်နေကြသည်။ ကျနော် သတိပြန်ဝင်လာပြီး ဦးညွှတ်လိုက်သည်။
"မတွေ့တာ ကြာပြီနော်၊ ယူရီအယ်"
[ဟုတ်ကဲ့]
ယူရီအယ် က ရယ်မောလိုက်သည်။
[သင်သည် နတ်ခေါင်ချုပ်တစ်ပါး၏ ချစ်ခင်မြတ်နိုးမှုကို ရရှိထားသူ ဖြစ်ပါသည်။]
[သင်သည် ဇာတ်လမ်းသစ်တစ်ခုကို ရရှိပါသည်။]
['နတ်ခေါင်ချုပ်၏ ချစ်ခင်မြတ်နိုးမှုကို ရရှိသူ' ဇာတ်လမ်းကို ရရှိပါသည်။]
ကျနော် ကြောက်နေသည်ဟု ယူရီအယ် ထင်နေ၍လား မသိ၊ ဂရုစိုက်မှုများ ပြည့်နှက်နေသော သွယ်ဝိုက်သော မက်ဆေ့ချ်များကို ကျနော့်ထံ တရစပ် ပေးပို့နေလေသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကျနော် အနည်းငယ် စိတ်လှုပ်ရှားမိသည်။ ယခုအချိန်အထိ ကျနော့်အပေါ် သဘောကျခဲ့သော နက္ခတ်အချို့ ရှိခဲ့ဖူးသည်။ သို့သော်လည်း ယူရီအယ်လောက် ကျနော့်ကို ကူညီခဲ့သူ တစ်ဦးမျှ မရှိချေ။
ကျနော် ယူရီအယ်အတွက် ဘာတစ်ခုမှ မလုပ်ပေးခဲ့ဖူးချေ။ ကျနော်က အမြဲတမ်း လက်ခံရရှိသူသာ ဖြစ်ခဲ့သည်။ သို့သော်လည်း ယူရီအယ်သည် ယနေ့တွင် ကျနော့်အတွက် ဤနေရာသို့ ရောက်လာပေးခဲ့သည်။
ယူရီအယ် က ယောင်ဟီဝန် ၏ လက်တွေကို မြှောက်လိုက်ပြီး အောင်နိုင်သူတစ်ဦးကဲ့သို့ ကြွေးကြော်လိုက်သည်။
[စိတ်မပူနဲ့။ ကင်ဒေါ့ဂျာ။ နင့်အတွက် သူတို့အားလုံးကို ငါ သတ်ပေးမယ်]
ဤအပြုအမူက သရုပ်ပြနေခြင်း ဖြစ်သည်ကို ကျနော် သိသည်။ ဤနေရာမှာ မိစ္ဆာနယ်မြေ ဖြစ်သည်။ နတ်ခေါင်ချုပ်တစ်ပါးက ဤနေရာတွင် သူ၏ စွမ်းအားကို ထုတ်သုံးမည်ဆိုလျှင် တစ်ခုခု ဖြစ်လာမည်မှာ အသေအချာပင်။ သို့သော်ငြားလည်း ယူရီအယ်က ထိုသို့ ပြောလာသည့်အခါ...
"...ယူရီအယ်"
ဂါး
"ခဏလေး။ ယူရီအယ်"
ယူရီအယ်၏ ဓါးမှ ငရဲမီးလျှံများ ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ အဆက်မပြတ် မြင့်တက်သွားသည်။ ဤသည်က စစ်မှန်သော ငရဲမီးလျှံ တောက်လောင်ခြင်း ပင် ဖြစ်သည်။ တစ်ချက်တည်းဖြင့် ကမ္ဘာကြီးကို မီးပင်လယ်အဖြစ် ပြောင်းလဲနိုင်သော ယူရီအယ်၏ စစ်မှန်သော စွမ်းအားပင်။
[န-နတ်ခေါင်ချုပ်က ရူးသွားပြီ။ ထွက်ပြေးကြတော့]
[လုံးဝကို ရူးသွားတာပဲ]
ထိတ်လန့်သွားကြသော နက္ခတ်များမှာ စတင် ထွက်ပြေးကြတော့သည်။ ယူရီအယ်က သူ၏ စစ်မှန်သော စွမ်းအားကို ထုတ်သုံးလိမ့်မည်ဟု ကျနော် မထင်ခဲ့မိချေ။ ပုန်းနေသော ဒိုဂတ် လည်း နောက်ဆုံးတွင် ပေါ်လာခဲ့သည်။
[ခ-ခဏလောက် စောင့်ပါဦး။ နတ်ခေါင်ချုပ်၊ ကျေးဇူးပြုပြီး စိတ်အေးအေး ထားပေးပါ]
သူ၏ လှည့်ဖြားတတ်သော မျက်နှာမှာ နီမြန်းနေသည်။ ဇာတ်ဝင်ခန်းမှာ အောင်နိုင်သူကို ကြေညာသည်အထိ နှောင့်နှေးနေခဲ့ပြီး ယခုအချိန်မှ...
ယူရီအယ် က ကျနော့်စိတ်ကို ဖတ်နိုင်သကဲ့သို့ ပြောလိုက်သည်။
[■]
[ဟုတ်-ဟုတ်ကဲ့]
[ဇာတ်ဝင်ခန်း ■။ ဒိုကဲဘီ ■၊ ■ ကောင်တွေ]
ယူရီအယ် သည် တကယ်ပင် ဒေါသထွက်နေသော အမူအရာ ရှိနေသည်။ မိစ္ဆာနယ်မြေ ၏ ကောင်းကင်ယံမှာ ယူရီအယ်၏ ဒေါသကြောင့် ဟိန်းဟောက်နေသည်။ နတ်ခေါင်ချုပ်၏ ဓါးက မြေပြင်ကို ထိတော့မည့် အချိန်တွင်။
['အတိုင်းအဆမဲ့ ခြိုးခြံချွေတာသူ' မိစ္ဆာဘုရင်က ဒေါသထွက်နေပါသည်။]
ကောင်းကင်ယံရှိ အနက်ရောင် မိစ္ဆာစွမ်းအင်များမှာ ကြမ်းတမ်းစွာ ရုန်းကန်နေကြသည်။
['အရှေ့ငရဲ၏ အုပ်စိုးသူ' မိစ္ဆာဘုရင်က နတ်ခေါင်ချုပ်ကို စိုက်ကြည့်နေပါသည်။]
['နိယာမများ၏ နတ်ဆိုး' မိစ္ဆာဘုရင်က သူ၏ အရှိန်အဝါကို မြှင့်တင်နေပါသည်။]
['အနက်ရောင်လည်ဆံရှိသော ခြင်္သေ့' မိစ္ဆာဘုရင်က အေဒင် ထံသို့ ဦးတည်နေပါသည်။]
ကြောက်မက်ဖွယ်ကောင်းပြီး အဆင့်မြင့်သော မိစ္ဆာဘုရင်များမှာ ချန်နယ်ထဲသို့ တစ်ပါးပြီးတစ်ပါး ပေါ်လာကြသည်။
သေစမ်း
မိစ္ဆာနယ်မြေ ထဲမှာ စစ်ပွဲတစ်ခု ဖြစ်တော့ပေမည်။ သို့သော်လည်း ပေါ်လာသူများမှာ မိစ္ဆာဘုရင်များသာ မဟုတ်ချေ။
['လူငယ်များနှင့် ခရီးသွားများ၏ နာယက' နက္ခတ်က ချန်နယ်ထဲသို့ ဝင်ရောက်လာပါပြီ။]
[' Aquarius ရာသီခွင်တွင် ပွင့်သော နှင်းပန်း' နက္ခတ်က ချန်နယ်ထဲသို့ ဝင်ရောက်လာပါပြီ။]
['အနီရောင်အာကာသ၏ စစ်သေနာပတိ' နက္ခတ် က ချန်နယ်ထဲသို့ ဝင်ရောက်လာပါပြီ။]
ပေါ်လာရုံနှင့် လူတိုင်းကို ထိတ်လန့်သွားစေနိုင်သော အမြင့်ဆုံးအဆင့် နက္ခတ်များ။ အေဒင် ၏ အဓိက နက္ခတ်များ ချန်နယ်ထဲသို့ ဝင်လာကြရာ ချန်နယ်၏ ပမာဏမှာ အဆမတန် ကြီးမားလာသည်။ ဘီယူ မှာ နာကျင်နေသကဲ့သို့ တုန်ရီနေသည်။
['ကောင်းကင်ဘုံ၏ စာရေးတော်' နက္ခတ်က 'မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' ကို ပြင်းထန်သော မျက်လုံးများဖြင့် စောင့်ကြည့်နေပါသည်။]
ယူရီအယ်၏ ဓါးမှာ တုန်ရီနေသည်။ အချိန်များ အေးခဲသွားသကဲ့သို့ပင်။ မိစ္ဆာဘုရင်များနှင့် နတ်ခေါင်ချုပ်များ အားလုံးမှာ ယူရီအယ်၏ ဓါးအပေါ်တွင် အာရုံစိုက်နေကြသည်။ မိစ္ဆာနယ်မြေ နှင့် အေဒင် ၏ အနာဂတ်မှာ ဤဓါး၏ ဦးတည်ရာအပေါ်တွင် မူတည်နေသည်။
[မိစ္ဆာနယ်မြေ ၏ မိစ္ဆာဘုရင်များနှင့် အေဒင် ၏ နတ်ခေါင်ချုပ်များက အရေးပေါ် အစည်းအဝေးတစ်ခုကို ဖွင့်လှစ်လိုက်ပါပြီ။]
[ဤအချိန်အတွင်း ဇာတ်ဝင်ခန်းထဲရှိ မိစ္ဆာဘုရင်များနှင့် နတ်ခေါင်ချုပ်များ အားလုံးကို အရေးပေါ် ခေါ်ယူသွားမည် ဖြစ်ပါသည်။]
ကြီးမားသော ဖြစ်နိုင်စွမ်း လှုပ်ရှားသွားသည့် အသံနှင့်အတူ ယူရီအယ်၏ ဓါးမှာ လေထဲတွင် ပျောက်ကွယ်သွားသည်။
နတ်ခေါင်ချုပ်၏ စွမ်းအင်များ မိစ္ဆာနယ်မြေ မှ ထွက်ခွာသွားသည်နှင့်အမျှ ယောင်ဟီဝန် ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။ ယူရီအယ် သည် ကျနော့်ကို သာမန်အပြုံးလေးဖြင့် လှမ်းကြည့်လိုက်သည်။
[နင့်ကို အဆုံးအထိ ကူညီပေးချင်ခဲ့တာ]
ပြန်စဉ်းစားကြည့်မှ ယူရီအယ်၏ ရည်ရွယ်ချက်ကို ကျနော် သဘောပေါက်လိုက်သည်။
[ဒါ-ဒါက…မဖြစ်နိုင်ဘူးလေ]
ပျောက်ကွယ်သွားသူမှာ ယူရီအယ် တစ်ယောက်တည်း မဟုတ်ချေ။ ဆင်းသက်လာခဲ့သော မိစ္ဆာဘုရင်များမှာလည်း ဖြစ်နိုင်စွမ်း မီးပွားများကြားတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။ ယူရီအယ် သည် ဤနေရာရှိ မိစ္ဆာဘုရင်များအားလုံး၏ ခြေလက်များကို တုတ်နှောင်ထားနိုင်ရန်အတွက် သူ့ကိုယ်သူ စတေးခဲ့ခြင်း ဖြစ်သည်။
[...အံ့ဩစရာပဲ]
ချောက်ဂျွန်ဂယောင်း က အံ့ဩချီးကျူးစွာဖြင့် သူ့ဘာသာသူ ရေရွတ်လိုက်သည်။
[ခမ်းနားတဲ့ နတ်ခေါင်ချုပ်တစ်ပါးက မင်းအတွက် ဒီလောက်ကြီးမားတဲ့ စွန့်လွှတ်မှုကို လုပ်သွားတယ်ဆိုတော့...]
ယူရီအယ် ရင်ဆိုင်ရတော့မည့် ကြီးမားလှသော ပြစ်ဒဏ်ကို ကျနော် အလွယ်တကူ ခန့်မှန်းနိုင်သည်။ ကိုယ်ပိုင်ဆန္ဒဖြင့် 'အကောင်းနှင့်အဆိုးစစ်ပွဲ' ၏ သဘောတူညီချက်ကို ချိုးဖောက်ခဲ့သော နတ်ခေါင်ချုပ်။ ယူရီအယ်သည် အေဒင် ထံမှ ပြင်းထန်သော အရေးယူပိတ်ဆို့မှုများကို ရရှိပေတော့မည်။
[ကျေးဇူးပြုပြီး အနိုင်ယူပေးပါ။ ကင်ဒေါ့ဂျာ]
ပျောက်ကွယ်သွားသော ယူရီအယ် ထံသို့ ကျနော် လက်လှမ်းလိုက်သော်လည်း ယူရီအယ်မှာ ပြာများအဖြစ်သို့ လွင့်စင်သွားခဲ့ပြီ ဖြစ်သည်။ ကျနော် လဲကျနေသော ယောင်ဟီဝန် ကို အမြန်ပွေ့ချီလိုက်သည်။ ယောင်ဟီဝန်မှာ ယူရီအယ်၏ အရှိန်အဝါကို လက်ခံပြီးနောက် မောပန်းနွမ်းနယ်သော မျက်နှာဖြင့် အိပ်ပျော်သွားခဲ့သည်။
ကောင်းကင်ယံမှ ဖိအားတစ်ခုကို ခံစားလိုက်ရသဖြင့် ကျနော် ခေါင်းမော့ကြည့်လိုက်ရာ အရာအားလုံးကို စောင့်ကြည့်နေသော သူရိယ ကို တွေ့လိုက်ရသည်။
[ငါ့ရဲ့ အကဲဖြတ်မှု မှားသွားခဲ့တာပဲ။ မင်းက ဒီကို နတ်ခေါင်ချုပ်တစ်ပါးကို ခေါ်နိုင်တဲ့ နက္ခတ်တစ်ပါး ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး]
ယူရီအယ် ကျေးဇူးကြောင့် မိစ္ဆာဘုရင်များ ဝင်ရောက်လာမည့်အရေးကို စိတ်ပူစရာ မလိုတော့ချေ။ သို့သော်လည်း ပို၍ ဆိုးရွားသောအရာ တစ်ခု ရှိနေသည်။
တိတ်ဆိတ်နေသော သူရိယ ၏ မျက်လုံးများထဲတွင် ပို၍ တည်ကြည်သော အလင်းတန်းတစ်ခု ပေါ်လာသည်။ သူရိယ ၏ ဘေးဘီဝဲယာတွင် စောင့်ကြပ်နေသော အီးဒီးပပ်စ် ဘုရင် နှင့် မနူး တို့လည်း ထိုနည်းတူပင် ဖြစ်သည်။
[အခုကစပြီး ငါ အလေးအနက်ထားတော့မယ်]
သူရိယ ၏ စွမ်းအင်သစ်များမှာ ကောင်းကင်ယံသို့ ထိုးထွက်သွားသည်။ ပတ်ဝန်းကျင်ရှိ လေထုမှာ ပြောင်းလဲသွားပြီး ကြီးမားလှသော လေဖိအားတစ်ခုက ထိုနေရာကို ရိုက်ခတ်သွားသည်။ ခေတ္တအကြာတွင်...
"ဒါ-ဒါက ဘာကြီးလဲ"
ကျနော့်အဖွဲ့ဝင်များမှာ ကျနော့်ထံသို့ တစ်ယောက်ပြီးတစ်ယောက် ချဉ်းကပ်လာကြသည်။ ပထမဆုံး စကားပြောသူမှာ ပင်ပန်းနွမ်းနယ်နေသော ဂျန်ဟာယောင်း ဖြစ်သည်။
"ဒီငရဲက ဘယ်တော့မှ ပြီးမှာလဲ... အဲဒါက ဘာကြီးလဲ"
တောက်ပနေသော နေမင်း၏ အလွန်၊ ဝေးကွာသော စကြဝဠာထဲတွင် တစ်စုံတစ်ခုက ပျံသန်းလာနေသည်။ တစ်စုံတစ်ခုက လေထုကို ဖြတ်သန်းလာနေခြင်း ဖြစ်သည်။ ထွက်ပေါ်လာသည့်အသံက ဥက္ကာခဲများ တိုက်မိသည့် အသံနှင့် တူနေသည်။
ကျနော် သေသေချာချာ ကြည့်လိုက်ရာ ကြီးမားလှသော ရထားလုံးကြီး တစ်ခုမှာ ဤနေရာသို့ ပျံသန်းလာနေသည်။ ဧရာမ ရွှေရောင်မြင်းမကြီး အရှိန်မြှင့်လိုက်တိုင်း မိစ္ဆာနယ်မြေ တစ်ခုလုံးမှာ ပေါက်ကွဲတော့မည့်အလား တုန်ခါသွားသည်။
"...ရထားလုံးကြီးလား"
ဤအရာကို ရထားလုံးဟု ခေါ်နိုင်ပါမည်လော။ မဟုတ်သေး၊ မီးရထားခေါင်းတွဲဟု ခေါ်သင့်ပါသလော။ မည်သည့်စကားလုံးနှင့်မျှ မလိုက်ဖက်ချေ။ သေချာသည့် တစ်ခုတည်းသောအချက်မှာ သာမန်အသိနှင့် နားမလည်နိုင်လောက်အောင် ကြီးမားလှသည့် အရာကြီးတစ်ခုမှာ ဤဘက်သို့ ဦးတည်လာနေခြင်း ဖြစ်သည်။ ဤအရာသည် ဤကမ္ဘာအတွက် ကပ်ဘေးတစ်ခု ဖြစ်ပေလိမ့်မည်။
ယူဆန်းအာ က ပြောလိုက်သည်။
"သူရိယ ရဲ့ ရထားလုံးပဲ။ ဒဏ္ဍာရီတွေအရဆိုရင် အဲဒါက ကီလိုမီတာ ၁၃၀,၀၀၀ ကျော် ရှည်လျားတယ်တဲ့..."
"၁၃၀,၀၀၀ ဟုတ်လား။ အဲဒါက ဖြစ်နိုင်လို့လား"
ဂျန်ဟာယောင်း က မေးလိုက်ရာ ယူဆန်းအာ က ခေါင်းခါပြလိုက်သည်။
"...မဖြစ်နိုင်လောက်တာမလို့လည်း အဲဒါက ဒဏ္ဍာရီ ဖြစ်နေတာလေ"
အိန္ဒိယ ဒဏ္ဍာရီများတွင် ဧရာမ လိပ်ကြီးများနှင့် ဆင်ကြီးများက ကမ္ဘာမြေကို ထမ်းထားသည်ဟု ဆိုကြသည်။ ထို့ကြောင့် ဤမျှကြီးမားသော မီးရထားခေါင်းတွဲကြီး ပေါ်လာခြင်းမှာ မထူးဆန်းချေ။ ပြဿနာမှာ ကျနော်တို့ ထိုကပ်ဘေးကို ရင်ဆိုင်ရမည် ဖြစ်ခြင်းပင်။
[သင်သည် မဟာဇာတ်လမ်းကြီး 'ဝေဒ' ၏ အစိတ်အပိုင်းတစ်ခုကို ကြည့်ရှုလိုက်ပါပြီ။]
[သင်၏ ဇာတ်လမ်းနားလည်နိုင်စွမ်း တိုးလာပါပြီ။]
...ဤသည်မှာ သူရိယ ပြောခဲ့သော 'အလေးအနက်ထားခြင်း' ပေလော။ ကျနော့်တစ်ကိုယ်လုံးကို ချမ်းစိမ့်သွားစေသော 'အရှိန်အဝါ'ကို ကျနော် အံ့ဩမိသည်။ ရထားလုံးကြီးမှာ ကျနော်တို့ဘက်သို့ ချဉ်းကပ်လာရုံဖြင့်ပင် ကျနော် ပြင်းထန်သော မျှော်လင့်ချက်မဲ့မှုကို ခံစားလိုက်ရသည်။ ကျနော်က 'အချို့' ကိုသာ ကြည့်ရှုခဲ့ရခြင်း ဖြစ်သော်လည်း ဤခွန်အားမှာ သာမန် 'ဇာတ်လမ်း' တစ်ခုနှင့် ကွဲပြားခြားနားလှသည်။ ဤသည်မှာ ကျနော် အဘယ်ကြောင့် မဟာဇာတ်လမ်းကြီး တစ်ခုကို ရရှိရန် ကြိုးစားရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။
[ချီး။ ထွက်ပြေးကြတော့]
အချို့သော နက္ခတ်များမှာ ပြေးဝင်လာသော ရထားလုံးကြီးကို မြင်ပြီး ပုန်းအောင်းနေကြပြီ ဖြစ်သည်။ ရထားလုံးကြီးနှင့် တိုက်မိပြီးနောက် ဘေးကင်းမည့် နက္ခတ်ဟူ၍ မရှိချေ။
ချောက်ဂျွန်ဂယောင်း က ရေရွတ်လိုက်သည်။
[အခြေအနေတွေက တကယ် ခက်ခဲလာပြီပဲ။ သူက ဒီကမ္ဘာကို တကယ် ဖျက်ဆီးပစ်ချင်နေပုံရတယ်]
"...ခင်ဗျား ကြောက်နေတာလား"
[မဟုတ်ဘူး။ စိတ်ဝင်စားဖို့ ကောင်းလို့ပါ]
ချောက်ဂျွန်ဂယောင်း က တကယ်ပင် ပျော်ရွှင်နေသကဲ့သို့ ရယ်မောလိုက်သည်။ ကျနော့်အဖွဲ့ဝင်များကို တစ်ခုခု ပြောရန် ကြိုးစားလိုက်စဉ် တစ်စုံတစ်ယောက်က ကျနော့်ဘေးတွင် လာရပ်သည်။ ထိုသူမှာ ချောက်ဂျွန်ဂယောင်း သို့မဟုတ် နက္ခတ်တစ်ပါး မဟုတ်ချေ။
"...မင်း နိုးလာပြီလား"
ကျနော် လှည့်ကြည့်လိုက်ရာ မဟူရာကောင်းကင်မိစ္ဆာဓါး ကို ကိုင်ဆောင်ပြီး ရပ်နေသော ယူဂျွန်ဟော့ ကို တွေ့လိုက်ရသည်။
[ဇာတ်ကောင် 'ယူဂျွန်ဟော့' သည် ပြန်လည်ကောင်းမွန်ခြင်း အဆင့် ၁၀ ကို အသုံးပြုလိုက်ပါပြီ။]
ယူဂျွန်ဟော့ ၏ ခန္ဓာကိုယ်မှာ ပြန်လည်ကောင်းမွန်ခြင်း စွမ်းရည်ကို သုံးနိုင်သည်အထိ နောက်ဆုံးတွင် သက်သာလာခဲ့ပြီ ဖြစ်သည်။ ယူဂျွန်ဟော့ ၏ နောက်ဆုံး ဇီဝအင်အားများမှာ မှောင်မည်းနေသော ဓါးပေါ်တွင် တောက်လောင်နေသည်။ ပါးစပ်နှင့် အသံကြိုးများမှာ ပြန်လည်ကောင်းမွန်ရန် နှေးကွေးနေသေးသဖြင့် ယူရွန်ဟော့က စကားမပြောချေ။ ထိုအစား အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် မှတစ်ဆင့် ယူဂျွန်ဟော့ ၏ အတွေးများကို ကျနော် ကြားလိုက်ရသည်။
「 ကင်ဒေါ့ဂျာ 」
"အင်း"
ဤသည်မှာ မိစ္ဆာနယ်မြေ ထဲက နောက်ဆုံး တိုက်ပွဲ ဖြစ်ပေလိမ့်မည်။
[၇၃ ခုမြောက် မိစ္ဆာနယ်မြေ သည် သင်၏ ရွေးချယ်မှုအပေါ် အာရုံစိုက်နေပါသည်။]
ဤတစ်ကြိမ်တွင်မူ ကျနော် ဘာကိုမျှ အာမ မခံနိုင်ချေ။ ဤနေရာရှိ တစ်စုံတစ်ယောက် သေဆုံးသွားနိုင်သည်။ ယူဂျွန်ဟော့ နှင့် ကျနော်လည်း သေဆုံးသွားနိုင်သည်။ သို့သော်ငြားလည်း ကျနော် ကြေညာလိုက်သည်။
"သွားကြစို့"
ယူဆန်းအာ နှင့် လီဟန်းဆောင် တို့က ခေါင်းငြိမ့်ပြကြပြီး ရှင်ယူဆောင်း မှာမူ ခိုင်မဲရာ နဂါး ပေါ်သို့ တက်လိုက်သည်။ လီဂျီဟယ်ကလည်း ကျုံးပေါ်မှ ကောင်းကင်ကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
ကျနော်တို့ကို ကူညီမည့် နက္ခတ်များ မရှိတော့ချေ။ ယခု ဤနေရာတွင် လူသားများသာ ရှိတော့သည်။ ဤတိုက်ပွဲက အနိုင်ရရန် အခွင့်အရေး မရှိသော တိုက်ပွဲဟု မဆိုလိုချေ။ အဘယ်ကြောင့်ဆိုသော် ယူရီအယ် ကျေးဇူးကြောင့် လုံလောက်သော အချိန်ကို ကျနော် ရရှိထားပြီး ဖြစ်သောကြောင့်ပင်။
[၇၃ ခုမြောက် မိစ္ဆာနယ်မြေ သည် သင်၏ ရွေးချယ်မှုအပေါ် တုံ့ပြန်နေပါသည်။]
သူရိယ အနေဖြင့် သူ၏ အလေးအနက်ထားမှုကို ပြသလိုက်ခြင်းမှာ မှားယွင်းသွားခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ရောက်ရှိလာတော့မည့် ကပ်ဘေးကြီး၏ ရှေ့မှောက်တွင် ကျနော်တို့ တစ်ယောက်တည်း အဆုံးသတ်သွားမည် မဟုတ်ချေ။ ဖျက်ဆီးခြင်း ဇာတ်ဝင်ခန်း ထဲက ပထမဆုံး သိုင်းလောက ကဲ့သို့ပင် ၇၃ ခုမြောက် မိစ္ဆာနယ်မြေ သည် ရွေးချယ်မှု ပြုလုပ်ရမည့် အချိန်သို့ ချဉ်းကပ်လာခဲ့ပြီ ဖြစ်သည်။
[၇၃ ခုမြောက် မိစ္ဆာနယ်မြေ ၏ မဟာဇာတ်လမ်းကြီး စတင် အမြစ်တွယ်လာနေပါပြီ။]
မိမိကိုယ်မိမိ ဖျက်ဆီးမည့်သူကို အရှင်သခင်အဖြစ် အလိုရှိသည့် ကမ္ဘာဟူ၍ မရှိချေ။
[၇၃ ခုမြောက် မိစ္ဆာနယ်မြေ သည် ၎င်း၏ အရှင်သခင်ကို ရွေးချယ်လိုက်ပါပြီ။]
တွေဝေနေကြသော ဒိုကဲဘီများနှင့် နက္ခတ်များမှာ ဤမက်ဆေ့ချ်ကို မြင်ပြီး အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။ သို့သော်လည်း ကျနော် တစ်ခုမျှ မကြားရချေ။ အဘယ်ကြောင့်ဆိုသော် ယခုအခါ ကျနော်သည် ဇာတ်လမ်းကို နားထောင်နေခြင်း မဟုတ်ဘဲ ဇာတ်လမ်းနှင့် စကားပြောနေခြင်းကြောင့် ဖြစ်သည်။
[သင်၏ 'မဟာဇာတ်လမ်းကြီး' က စကားစပြောလာပါပြီ။]