အခန်း (၂၇၃-၂၇၄)
Vol. 22 Ch. 273-274
အခန်း ၂၇၃
- အပိုင်း ၅၁။ မဟာဇာတ်လမ်းကြီး (၂)
သူရိယ သည် လေထဲတွင် ဝဲပျံနေရင်း ရှုပ်ထွေးသော အကြည့်ဖြင့် မြေပြင်ကို ငုံ့ကြည့်လိုက်သည်။
စာသားများက တစ်ခုတည်းသော ဖြစ်တည်မှုအဖြစ် ယှက်နွယ်သွားကြစဉ် ၇၃ ခုမြောက် မိစ္ဆာနယ်မြေ သည် တောက်ပသော အလင်းတန်းများဖြင့် ဝန်းရံသွားခဲ့သည်။
ဤမြင်ကွင်းမှာ စကြဝဠာထဲမှ ပျံသန်းလာသော ကြီးမားလှသည့် ဖျက်ဆီးခြင်းကြီး မကျရောက်မီ ကမ္ဘာမြေက ၎င်း၏ အရှင်သခင်ကို ရွေးချယ်လိုက်သည့် မြင်ကွင်းပင် ဖြစ်သည်။
သူရိယ က တိုးတိုးလေး ရေရွတ်လိုက်သည်။
[ဒါက ၂၅ ခုမြောက် ဇာတ်ဝင်ခန်းပဲ ရှိသေးတာကို မဟာဇာတ်လမ်းကြီး တစ်ခုကို ရရှိသွားတာတဲ့လား။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ထဲမှာ ဒီလိုအရာမျိုး ရှိနေတာဆိုပဲ]
သူရိယ သည် ကာလရှည်ကြာ ရှင်သန်ခဲ့သူ ဖြစ်သော်လည်း သူ၏ မှတ်ဉာဏ်ထဲတွင် မည်သည့်အမည်ကိုမျှ ရှာမတွေ့ချေ။ အိုလံပတ်စ်၏ ဟာကြူလီ ရှိသော်လည်း သူက နတ်ဘုရားတစ်ပိုင်းသာ ဖြစ်ပြီး စစ်မှန်သော လူသားတစ်ယောက် မဟုတ်ချေ။ အီးဒီးပပ်စ် ဘုရင် က အော်ဟစ်လိုက်သည်။
[သူရိယ၊ အဆင်ပြေပါတယ်။ အဲဒါက အခုမှ စပြီး အမြစ်တွယ်နေတုန်းပဲ ရှိသေးတာ၊ မင်း အဲဒါကို ချေမှုန်းပစ်လို့ ရပါတယ်]
'မဟာဇာတ်လမ်းကြီး' ဆိုသည်မှာ အခြားသော ဇာတ်လမ်းများနှင့် မတူချေ။ ၎င်းမှာ မြောက်မြားစွာသော ဇာတ်လမ်းများ၏ စုစည်းမှုဖြစ်ပြီး ၎င်းကိုယ်တိုင်ကပင် ကြီးမားသော ဖြစ်နိုင်စွမ်း ကို အာမခံထားသော ဇာတ်လမ်းမျိုး ဖြစ်သည်။ သို့သော်လည်း ၎င်းသည် မဟာဇာတ်လမ်းကြီး ဖြစ်နေပါစေဦး၊ ယခုမှ စတင်ရုံသာ ရှိသေးသည်။ ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် မှာ ကံကောင်းထောက်မစွာဖြင့် နက္ခတ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် အပေါ်ယံ ဖြစ်တည်မှုတစ်ခုမျှသာ ဖြစ်၏။ သို့သော်ငြားလည်း သူရိယသည် အဘယ်ကြောင့် အလွယ်တကူ ယုံကြည်ချက် မရှိဖြစ်နေရသနည်း။
[သူရိယ၊ မင်း ဘာဖြစ်နေတာလဲ။ ဒါကို အဆုံးသတ်လိုက်ကြရအောင်...]
မဟာဇာတ်လမ်းကြီးများ အားလုံးသည် 'အဆုံးသတ်၏ အစ' ဖြစ်သည်။ ဤခမ်းနားလှသော ဇာတ်ဝင်ခန်း၏ အဆုံးသတ်ဆီသို့ ဦးတည်သွားမည့် ဇာတ်လမ်းပင်။ သို့သော်လည်း မဟာဇာတ်လမ်းကြီး တစ်ခုကို ရရှိလိုက်ခြင်းက လူတိုင်း 'အဆုံးသတ်၏ အရည်အချင်း' ကို ရရှိလိမ့်မည်ဟု မဆိုလိုချေ။ အချို့သော မဟာဇာတ်လမ်းကြီးများသည် ■■ နှင့် ဆက်နွှယ်နေသော်လည်း အချို့မှာမူ ■■ ၏ အနီးအနားသို့ပင် မရောက်ရှိနိုင်ဘဲ ပျောက်ကွယ်သွားတတ်ကြသည်။
—သူရိယ။ မင်းကိုယ်တိုင်က အဆုံးသတ်ရဲ့ အရည်အချင်းကို မရနိုင်လို့ပဲကွ။
သူသည် အက်စ်မိုးဒီအက်စ် ၏ စကားများကို မမေ့သေးချေ။ သူ၏ ငြိမ်သက်နေသော ဒေါသများကြားတွင် မက်ဆေ့ချ်တစ်ခုက သူရိယ၏ နားထဲသို့ ဝင်ရောက်လာသည်။
[သင့်ထံသို့ ဇာတ်ဝင်ခန်းသစ်တစ်ခု ပေးအပ်လိုက်ပါပြီ။]
[သင်သည် ၇၃ ခုမြောက် မိစ္ဆာနယ်မြေ ၏ ဖျက်ဆီးသူ ဖြစ်လာပါလိမ့်မည်။]
မိမိမနှစ်သက်သော အခန်းကဏ္ဍကို သတ်မှတ်ပေးလိုက်မှုကြောင့် သူရိယ က မျက်မှောင်ကြုတ်လိုက်သည်။
'ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု။ မင်းက ဒီခန္ဓာကိုယ်အိုကြီးဆီကနေ ဘာကို လိုချင်နေတာလဲ'
သူသည် ချောက်ဂျွန်ဂယောင်း ကြောင့် သူ၏ နေ ၁၂ စင်းထဲမှ တစ်စင်းကို ဆုံးရှုံးခဲ့ရပြီး အက်စ်မိုးဒီအက်စ် ကို ရင်ဆိုင်ရာတွင်လည်း စွမ်းအင် အမြောက်အမြား ဖြုန်းတီးခဲ့ရသည်။ ထို့အပြင် သူ့ထံသို့ ပေးအပ်ထားသော ဖြစ်နိုင်စွမ်း အများစုမှာလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
[သူရိယ။ မင်းက စည်းကမ်းအတိုင်း လုပ်စရာ မလိုပါဘူး။ ငါ့မှာ အကြံတစ်ခု ရှိတယ်။ သူတို့ကို တိုက်ခိုက်မနေဘဲနဲ့ နှိမ်နင်းလို့ရမယ့် နည်းလမ်းတစ်ခု ရှိတယ်]
သူရိယ က မျက်မှောင်ကြုတ်လိုက်သည်။
[အီးဒီးပပ်စ်။ မင်းက ယုတ်မာတဲ့ လှည့်ကွက်တွေကို ထပ်သုံးဦးမလို့လား။ လူသားတွေအပေါ်မှာသုံးမှာလား]
[မ-မဟုတ်ပါဘူး...]
[ငါက အလင်းရဲ့ အမြင့်မြတ်ဆုံးနတ်ဘုရား သူရိယ ပဲ]
ဝေဒ ၏ ခမ်းနားသော စာသားများမှာ သူရိယ ၏ ရောင်ခြည်တော်ထဲတွင် တောက်ပနေသည်။
[ငါ့ရဲ့ စွမ်းအားအပြည့်ကို မသုံးနိုင်ရင်တောင်မှ လူသားတွေကိုတော့ ငါ ဘယ်တော့မှ ရှုံးမှာမဟုတ်ဘူး]
လွှမ်းမိုးထားသော 'အရှိန်အဝါ' ရှေ့တွင် အီးဒီးပပ်စ် က ပါးစပ်ပိတ်သွားသည်။ သူရိယ က သူ၏ လက်ကို မြှောက်လိုက်ရာ ရပ်တန့်နေသော ရထားလုံးကြီးမှာ ပြင်းထန်သော အရှိန်ဖြင့် ထပ်မံ ပြေးဝင်လာတော့သည်။
ရထားလုံးခေါင်းတွဲကြီးသည် လေထုကို ထိုးခွဲဖြတ်သန်းလာစဉ် နားစည်ကွဲမတတ် အသံကြီးကို မြည်ဟီးစေသည်။ ဦးခေါင်းပိုင်းမှ နီပြာရောင် မီးလျှံများမှာလည်း တဖျတ်ဖျတ် စင်ထွက်နေသည်။ ပထမဆုံး စကားပြောသူမှာ ယူဂျွန်ဟော့ ဖြစ်သည်။
"ကီလိုမီတာ ၁၃၅,၀၀၀ နဲ့တော့ မတူဘူး"
အကယ်၍ ထိုမျှကြီးမားသော ရထားတွဲကြီးသာ တကယ်ပေါ်လာပါက ဧရာမ ဂြိုဟ်ကြီးတစ်လုံး ကျဆင်းလာသကဲ့သို့ပင် ထင်ရပေလိမ့်မည်။ ချောက်ဂျွန်ဂယောင်း က ကျနော့်ကို ပြောလိုက်သည်။
[သူ့စကားက မှန်တယ်။ အရှည်က ကီလိုမီတာ ၃၀ ဝန်းကျင်ပဲ ရှိပါတယ်။ ဒါတောင်မှ ဒီနေရာကို ဖျက်ဆီးပစ်ဖို့ လုံလောက်နေပါသေးတယ်။ ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်၊ မဟာဇာတ်လမ်းကြီး က ဘာဖြစ်သွားပြီလဲ]
"အခုမှ စကားပြောရုံပဲ ရှိသေးတယ်။ စာသားတွေ စုစည်းဖို့က နှေးနေသေးတယ်"
၇၃ ခုမြောက် မိစ္ဆာနယ်မြေ ၏ မဟာဇာတ်လမ်းကြီး ကို ဘေးကင်းစွာ ရရှိခဲ့သော်လည်း ၎င်းကို ရရှိရုံဖြင့် အရာအားလုံး ပြီးဆုံးသွားသည် မဟုတ်ချေ။
"စနစ်တကျ အလုပ်လုပ်ဖို့ အချိန်ထပ်လိုသေးတယ်။ ကျနော်တို့တွေ ရထားအရှိန်ကို လျှော့အောင် လုပ်ရမယ်"
ဤ 'ရထား' မှာ လက်ရှိ သူရိယ လှုပ်ရှားနိုင်သမျှ အရာအားလုံး ဖြစ်လောက်သည်။ ထိုရထားကိုသာ ကျနော်တို့ တားဆီးနိုင်ခဲ့လျှင် အခွင့်အရေး ရှိလောက်ပေသည်။ ကျနော် လှည့်ကြည့်လိုက်ရာ ရှေ့သို့ ခုန်ထွက်ရန် အဆင်သင့်ဖြစ်နေသော ချောက်ဂျွန်ဂယောင်း ကို တွေ့လိုက်ရသည်။
"ကူညီပေးပါ။ ဂိုလျော၏ ပထမဆုံးသော ဓါး"
[ငါ့ကို ယုံလိုက်စမ်းပါ]
ချောက်ဂျွန်ဂယောင်း သည် ကောင်းကင်ယံသို့ မြားတစ်စင်းအလား ထိုးထွက်သွားသည်။ ယူဂျွန်ဟော့ နှင့် ကျနော်ကလည်း သူ၏နောက်မှ လိုက်ပါသွားကြပြီး ကျန်အဖွဲ့ဝင်များမှာမူ ရှင်ယူဆောင်း ၏ ခိုင်မဲရာ နဂါး ပေါ်မှ လိုက်လာကြသည်။ မိုးကြိုးစားငှက် နှင့် နိုင်းမြစ်၏လျှို့ဝှက်ဆန်းပြားသောငှက် တို့က ကျနော်တို့ကို နှောင့်ယှက်ရန် ပျံသန်းလာကြသော်လည်း ရဲတင်းသော ရွှံ့နွံသားရဲ က ၎င်းတို့၏ အတောင်ပံများကို ကိုက်ဆွဲလိုက်သည်။
[ဒီကောင်တွေကို ငါ့တာ့ဝန်ထားလိုက်]
ရထား၏ ဦးခေါင်းပိုင်းသို့ ပို၍ နီးကပ်လာလေလေ ဝေဒ ၏ ဧရာမ အတိုင်းအဆကို ပို၍ သတိပြုမိလေလေ ဖြစ်သည်။ ရထားဦးခေါင်း၏ အကျယ်မှာ မီတာ ရာဂဏန်းခန့် ရှိပြီး ၎င်းမှာ ပြင်ပနတ်ဘုရား တစ်ပါး၏ အဆင့်အတန်းမျိုး ဖြစ်သည်။
[ကျားးးး]
ချောက်ဂျွန်ဂယောင်း က ဟိန်းဟောက်လိုက်ရင်း သူ၏ ဓါးသုံးလက်ဓါးသိုင်း ကို ပြသလိုက်သည်။ ဓါးနှစ်လက်ဓါးသိုင်း၊ ဓါးနှစ်လက်တောင်ဖြိုခုတ်ချက်။
တောင်တစ်လုံးကို ဖြတ်တောက်နိုင်သော ချောက်ဂျွန်ဂယောင်း ၏ ခုတ်ချက်မှာ ရထားကြီးကို ထိမှန်သွားသည်။ ရထားဦးခေါင်းပိုင်းသည် ချောက်ဂျွန်ဂယောင်း ၏ အရှိန်အဝါနှင့် ထိပ်တိုက်တွေ့ကာ ထူးဆန်းသော အသံကြီးကို မြည်ဟီးစေသည်။ လမ်းကြောင်းမှ အနည်းငယ် သွေဖည်သွားသော်လည်း ရထား၏ အရှိန်မှာမူ လျော့ကျမသွားချေ။
ပြင်းထန်လှသော အပူရှိန်ကြောင့် အရည်ပျော်သွားသည်မှာ ချောက်ဂျွန်ဂယောင်း ၏ ဓါးချက်သာ ဖြစ်သည်။ သို့သော်လည်း ချောက်ဂျွန်ဂယောင်း က မရပ်တန့်ချေ။
ဓါးသုံးလက်ဓါးသိုင်း၊ ဓါးသုံးလက်ပင်လယ်ဖြတ်တောက်ချက်။
ပင်လယ်ကို ဖြတ်တောက်နိုင်သော ရိုက်ချက်ပင်။ ဆူနာမီတစ်ခု ကျရောက်လာသကဲ့သို့ ခံစားလိုက်ရပြီး ရထား၏ အရှိန်မှာ အနည်းငယ် လျော့ကျသွားသည်။ အကြီးမားဆုံး အောင်မြင်မှုမှာ ရှေ့ဆုံးတွဲ ပေါက်ကွဲသွားကာ အတွင်းသို့ ဝင်ရောက်နိုင်မည့် လမ်းစတစ်ခု ပွင့်သွားခြင်းပင် ဖြစ်သည်။
[အတွင်းထဲမှာ လှုပ်ရှားရတာ ပိုလွယ်လိမ့်မယ်။ အပြင်ကနေတော့ ငါကပဲ အရှိန်လျှော့အောင် လုပ်ထားလိုက်မယ်]
ချောက်ဂျွန်ဂယောင်း သည် ရထားဦးခေါင်းပိုင်းမှနေ၍ ပြင်းထန်သော မှော်စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။ သို့သော်ငြားလည်း ဤမျှ မြန်ဆန်သော အရာဝတ္ထုကြီးကို ချောက်ဂျွန်ဂယောင်း တစ်ဦးတည်းနှင့် ရင်ဆိုင်ရန်မှာ ခက်ခဲလှသည်။
"ဦးလေးကို သမီး ကူညီမယ်"
ရှင်ယူဆောင်း ၏ ခိုင်မဲရာ နဂါး သည် ချောက်ဂျွန်ဂယောင်း ရှိရာ ရထားဦးခေါင်းပိုင်းသို့ ရွှေ့လျားသွားသည်။ ဒုတိယအဆင့် သားရဲဖြစ်သော ခိုင်မဲရာ နဂါး က ပြင်းထန်သော လေဖိအားကို ဖန်တီးလိုက်ရာ ရထား၏ အရှိန်မှာ ပို၍ လျော့ကျသွားသည်။ ချောက်ဂျွန်ဂယောင်း က အော်ဟစ်လိုက်သည်။
[ငါ ဘယ်လိုပဲဖြစ်ဖြစ် မိနစ် ၂၀ လောက် အချိန်ဆွဲပေးထားမယ်။ သူရိယ က အနောက်ဆုံးတွဲမှာ ရှိနေလိမ့်မယ်ကွ။ သူ့ကို နှိမ်နင်းလိုက်ရင် ဒီဇာတ်လမ်းက ပျောက်ကွယ်သွားလိမ့်မယ်။ သွားကြတော့]
ကျနော်တို့ ခေါင်းငြိမ့်ပြလိုက်ပြီး ရထားအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။ ရထားအတွင်းပိုင်းမှာ လူသားကြီးများအတွက် တည်ဆောက်ထားသော မြေအောက်ရထားနှင့် တူလှသည်။ ကျနော်တို့က အရှိန်ကြောင့်ဖြစ်သော ယိမ်းထိုးမှုကို တစ်စုံတစ်ရာအထိ အသားကျအောင် လုပ်လိုက်ပြီး နောက်ထပ် ရထားတွဲသို့ ကူးရန် ခလုတ်ကို နှိပ်လိုက်သည်။
[တံခါးက ပွင့်မလာပါ။]
[ဤရထားကို ဝေဒ ၏ နက္ခတ်များသာ အသုံးပြုနိုင်ပါသည်။]
ယူဂျွန်ဟော့ က တွေဝေမနေဘဲ ကောင်းကင်ဖြိုခွင်းဓါးသိုင်း ကို အသက်သွင်းကာ တံခါးကို ရိုက်နှက်လိုက်သည်။ တံခါးတွင် ချိုင့်ဝင်သွားမှု ရှိသော်လည်း ပွင့်မလာခဲ့ချေ။
"...အံ့ဩစရာပဲ"
ချောက်ဂျွန်ဂယောင်း ၏ မျှော်လင့်ချက်များနှင့် မတူဘဲ ရထား၏ အတွင်းပိုင်း ခိုင်ခံ့မှုမှာ ကြောက်ခမန်းလိလိပင်။ ယူဂျွန်ဟော့ နှင့် ကျနော်သာ အကောင်းအတိုင်း ရှိနေလျှင် ၎င်းကို ဖျက်ဆီးရန် မခက်ခဲသော်လည်း ရထားမှာ ကီလိုမီတာ ၃၀ ရှည်လျားလှသည်။ တစ်နည်းအားဖြင့် ကျနော်တို့ စွမ်းအင် ခွဲဝေသုံးစွဲမှုကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
ထိုစဉ် မဟာဇာတ်လမ်းကြီး ၏ ပထမဆုံး စာသားကို ကြားလိုက်ရသည်။
「 ဇာတ်လမ်းက မြေအောက်ရထားပေါ်မှာ စတင်ခဲ့တယ် 」
မီးပွားများ လွင့်စင်လာပြီး ကျနော့် ဇာတ်လမ်းများမှာ လေထုထဲသို့ လွင့်ပျံလာသည်။ ဝေးကွာသော တစ်နေရာမှ လှိုင်းလုံးကြီးများ တက်လာသကဲ့သို့ ကျနော် ခံစားလိုက်ရသည်။ ဤသည်က အလွန်ဟောင်းနွမ်းသော ဇာတ်လမ်းတစ်ခု၏ အမှတ်အသားပင်။ ကျနော် လှည့်ကြည့်လိုက်ရာ အဖွဲ့ဝင်များလည်း အလားတူတစ်ခုခုကို ခံစားနေရပုံ ရသည်။
[သင်၏ 'မဟာဇာတ်လမ်းကြီး' ၏ ပထမဆုံး ဇာတ်လမ်း စတင်ပါပြီ။]
ယူဂျွန်ဟော့၊ လီဟန်းဆောင် နှင့် ယူဆန်းအာ တို့က ကျနော့်ကို ကြည့်လိုက်ကြသည်။ ဒီရေအလား စီးဆင်းလာသော မီးပွားများက ကျနော်တို့ ပတ်ဝန်းကျင်ရှိ ရှုခင်းများကို ပြောင်းလဲပစ်နေသည်။ လီဟန်းဆောင် က အံ့ဩတကြီးဖြင့် ရေရွတ်လိုက်သည်။
"ဒါ-ဒါက..."
မဟာဇာတ်လမ်းကြီးတိုင်းသည် မတူညီသော ဇာတ်လမ်းများ ဖြစ်ကြသည်။ အချို့မှာ သူရဲကောင်းတစ်ဦး၏ မွေးဖွားခြင်းအကြောင်း ဖြစ်ပြီး အချို့မှာမူ ကမ္ဘာတစ်ခု၏ မွေးဖွားခြင်းအကြောင်း ဖြစ်သည်။ ကျနော်တို့၏ ဇာတ်လမ်းမှာမူ သူရဲကောင်း အတ္ထုပ္ပတ္တိ သို့မဟုတ် ဖန်ဆင်းခြင်း ဇာတ်လမ်း မဟုတ်ချေ။ ဤဇာတ်လမ်းမှာ ကျနော်တို့၏ ရှင်သန်ခြင်း မှတ်တမ်းပင် ဖြစ်သည်။
ရထား၏ နောက်တံခါးတွင် '၃၈၀၇' ဟူသော နံပါတ်ကို တွေ့လိုက်ရသည်။ ကျနော် ပတ်ဝန်းကျင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"...ဒါ မြေအောက်ရထားပဲ"
ဇာတ်လမ်းတွင် ပါဝင်သော နေရာ သို့မဟုတ် လူပုဂ္ဂိုလ်တို့ ထိပ်တိုက်တွေ့ဆုံသည့်အခါ ဇာတ်လမ်းအားလုံးက ဇာတ်ခုံအသွင်ပြောင်းခြင်း ကို ဖြစ်ပေါ်စေသည်။
—၃၄၃၄။ ဘူဂွမ်ရထား၏ အတွဲနံပါတ် ၃၈၀၇။
ထိုရထားတွဲမှာ ယူဆန်းအာ နှင့် လီဟန်းဆောင် တို့ ကျနော့်၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်လာခဲ့သော နေရာဖြစ်ပြီး ကျနော် ယူဂျွန်ဟော့ နှင့် စတင်တွေ့ဆုံခဲ့သော နေရာလည်း ဖြစ်သည်။
ကျနော်တို့၏ ဇာတ်လမ်းအားလုံးမှာ ဤနေရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ လီဟန်းဆောင် ၏ လက်သီးများမှာ တင်းတင်းဆုပ်ထားလျက် ရှိပြီး သူက တည်ကြည်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။
"အဲဒီအချိန်တုန်းက အကြောင်းကို ကျုပ် မှတ်မိနေသေးတယ်"
"အဲဒါက သိပ်ကောင်းတဲ့ အမှတ်တရတော့ မဟုတ်ဘူး၊ ဒါပေမဲ့..."
ယူဆန်းအာ က ကျနော့်ကို သာယာသော အပြုံးဖြင့် ကြည့်နေသည်။
"ဒါတောင်မှ ကျမ အဲဒီအကြောင်းကို ခဏခဏ စဉ်းစားမိတယ်"
ဤသည်က ပျော်ပျော်ရွှင်ရွှင် ပြန်တွေးနိုင်သည့် အမှတ်တရမျိုး မဟုတ်ချေ။ တစ်စုံတစ်ယောက်၏ သေဆုံးခြင်းနှင့် အဓိပ္ပာယ်မဲ့သော ဇာတ်ဝင်ခန်း၏ ငရဲခန်း။ လွမ်းဆွတ်တမ်းတနိုင်သည့် အမှတ်တရမျိုး မဟုတ်သော်လည်း ၎င်းမှာ ကျနော်တို့ ကျော်ဖြတ်ရှင်သန်ခဲ့သော သမိုင်းကြောင်းပင် ဖြစ်သည်။ လီဟန်းဆောင် က ပြုံးလိုက်ပြီး တံခါးပေါ်သို့ သူ၏လက်ကို တင်လိုက်သည်။
"ကျုပ် တစ်နည်းနည်းနဲ့ လုပ်နိုင်မယ်လို့ ထင်ပါတယ်"
「 ဖြောင့်မတ်ချင်ခဲ့တဲ့ စစ်သားတစ်ယောက် ရှိခဲ့တယ် 」
နောက်ဆုံးတွင် အရာအားလုံးမှာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာခဲ့သည်။ ခက်ခဲခဲ့သည်၊ ဝမ်းနည်းခဲ့ရသည်၊ မေ့ပစ်ချင်သည့် အရာမျိုးပင် ဖြစ်ခဲ့သည်။ သို့သော်လည်း အရာအားလုံးမှာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။
"ကျားးးး"
ဤဇာတ်လမ်းက ယခုအခါ ကျနော်တို့အတွက် နှစ်သိမ့်မှု ဖြစ်လာလိမ့်မည်ဟု ကျနော် မမျှော်လင့်ထားခဲ့ချေ။ ကျနော်တို့ သိနိုင်သည့်အရာမှာ တစ်ခုတည်းသာ ရှိသည်။
['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်သည် သင့်အဖွဲ့ကို စောင့်ကြည့်နေပါသည်။]
['လျှို့ဝှက်ကြံစည်သူ' နက္ခတ်သည် သင့်ဇာတ်လမ်းကို နားထောင်နေပါသည်။]
ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ အသုံးမဝင်သော ကမ္ဘာကြီးတွင် ကျနော်တို့ ဇာတ်လမ်းကို ဆက်သွားရမည် ဖြစ်သည်။ ယူဂျွန်ဟော့ ၏ ကောင်းကင်ဖြိုခွင်းဓါးသိုင်း နှင့်ပင် ပွင့်မလာခဲ့သော တံခါးမှာ လီဟန်းဆောင် ၏ ခွန်အားကြောင့် စတင်ပွင့်လာခဲ့သည်။ လီဟန်းဆောင် ၏ ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသော မဟာဇာတ်လမ်းကြီး က ၎င်း၏ အစွမ်းကို ပြသလာခြင်း ဖြစ်သည်။
[ဇာတ်ကောင် 'လီဟန်းဆောင်' သည် အထူးစွမ်းရည် 'မဟာတောင်ဖြိုတွန်းအား အဆင့် ၁၀' ကို အသုံးပြုလိုက်ပါပြီ။]
ကျနော် ပြန်စဉ်းစားကြည့်လိုက်ရာ လွတ်မြောက်ရန် တံခါးကို စတင်ဖွင့်ပေးခဲ့သူမှာလည်း လီဟန်းဆောင် ပင် ဖြစ်သည်။
"သွားကြရအောင်။ မြန်မြန်လုပ်"
လီဟန်းဆောင် က လမ်းဖွင့်ပေးလိုက်သည်နှင့် ကျနော်တို့အဖွဲ့ ပြေးထွက်ခဲ့ကြသည်။ သို့သော်ငြားလည်း ၎င်းမှာ တံခါးတစ်ချပ်သာ ရှိသေးပြီး ရထားတွဲကြီးမှာ ရှည်လျားနေဆဲပင်။ ယခုတစ်ကြိမ်တွင်မူ ယူဂျွန်ဟော့ က ရှေ့သို့ ထွက်လာသည်။
"နောက်တစ်ဆင့်ကို ငါ ဖြတ်ကျော်မယ်"
လွန်ခဲ့သော အချိန်အတော်ကြာက အကြောင်းအရာကို ကျနော် ရုတ်တရက် သတိရသွားမိသည်။ ရထားပေါ်ရှိ အခြားသော ကိုယ်စားလှယ်များ ကို သုတ်သင်ပစ်ခဲ့ပြီး တင့်ကားတစ်စီးလို ရှေ့သို့ အတင်းတိုးဝင်ခဲ့သည့် နောက်ပြန်ဆုတ်သူ သည် ယခုအခါ ကျနော့်ရှေ့တွင် ရှိနေလေသည်။
「 ကမ္ဘာပေါ်မှာ အင်အားအကောင်းဆုံးနဲ့ အထီးကျန်ဆုံး အမျိုးသားတစ်ယောက် ရှိခဲ့တယ် 」
ယူဂျွန်ဟော့ သည် သူ၏ဓါးကို ပြန်သိမ်းလိုက်ပြီး သူ၏ မှော်စွမ်းအင်အားလုံးကို လက်သီးပေါ်တွင် စုစည်းလိုက်သည်။ ထို့နောက် သူ၏ လက်ဗလာဖြင့် တံခါးကို အရှိန်ပြင်းပြင်း ထိုးနှက်လိုက်သည်။ ဓါးနှင့်ခုတ်စဉ်က ဘာမှမဖြစ်ခဲ့သော ရထားတွဲတံခါးမှာ သူ၏လက်ဗလာဖြင့်ပင် စုတ်ပြတ်သတ်သွားခဲ့ရသည်။
၎င်းမှာ ဇာတ်ခုံအသွင်ပြောင်းခြင်း ၏ အကျိုးသက်ရောက်မှုပင်။ သူ၏ အဓိကဇာတ်လမ်းမှာ ဤ 'ရထား' ဖြစ်နေခြင်းက သူရိယ အတွက်တော့ ကံဆိုးမှုပင် ဖြစ်သည်။
"ဒေါ့ဂျာ။ ဒီတွဲကိုတော့ ကျမတို့ ဖျက်ဆီးဖို့ မလိုဘူး ထင်တယ်"
ယူဆန်းအာ က တစ်ခုခုကို ရိပ်မိသွားပြီး အော်ပြောလိုက်သည်။ ကျနော် တံခါးဖွင့်စက်ကို ရှာတွေ့ခဲ့စဉ်ကအတိုင်းပင် ယူဆန်းအာသည် အင်အားသုံးစရာမလိုဘဲ ရထားတံခါးကို ဖွင့်နိုင်မည့် နည်းလမ်းကို ရှာတွေ့သွားခဲ့သည်။
「 အခြားသူတွေအတွက် မိမိကိုယ်ကိုယ် ဖုံးကွယ်ထားခဲ့တဲ့ အမျိုးသမီးတစ်ယောက်လည်း ရှိခဲ့တယ် 」
တစ်တွဲပြီး တစ်တွဲ။ ကျနော်တို့ ရှေ့သို့ ဆက်လက် ရွှေ့လျားခဲ့ကြသည်။ ကျနော်တို့ ကျော်ဖြတ်ခဲ့သော သမိုင်းကြောင်းကို ထပ်မံ ရှင်သန်နေရသကဲ့သို့ပင်။ ရထား၏ အပြင်ဘက်မှ ထုနှက်သံများကို ကြားနေရသည်။ လီဂျီဟယ် ကလည်း ရထား၏ အရှိန်ကို လျှော့ချရန် အစွမ်းကုန် ကြိုးစားနေသည်။
「 အချစ်တစ်ခုကို ဆုံးရှုံးခဲ့ရလို့ ဒဏ်ရာရခဲ့တဲ့ ဓါးမိစ္ဆာနဲ့ ဆုံတွေ့ခဲ့တယ် 」
ခိုင်မဲရာ နဂါး၏ ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ ကျနော့်ရင်ခွင်ထဲတွင် ဘီယူ က ခေါင်းမော့ကာ ရထားဦးခေါင်းပိုင်းဆီသို့ ကြည့်လိုက်သည်။ အတိအကျ ပြောရလျှင် ရှင်ယူဆောင်း ရှိရာ အရပ်ပင်။
「 အတိတ်နဲ့ အနာဂတ်ကြားက ဟာကွက်ထဲမှာ မွေးဖွားလာခဲ့တဲ့ ကလေးငယ်တစ်ယောက် ငိုကြွေးခဲ့တယ် 」
နောက်တစ်စက္ကန့်တွင် ခိုင်မဲရာ နဂါး က ပြင်းထန်သော ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်သည်။ ရထားကြီးမှာ တစ်စောင်း စောင်းသွားပြီး အရှိန်မှာ ပို၍ လျော့ကျသွားခဲ့သည်။ ကျနော် မသိသော်လည်း ဘီယူ က ရှင်ယူဆောင်း ကို တစ်ခုခု ပေးလိုက်သည်ဟု ထင်မိသည်။
"ငါတို့ တစ်ဝက်တောင် မရောက်သေးဘူး။ မြန်မြန်သွားရမယ်"
ယူဂျွန်ဟော့ ပြောခဲ့သကဲ့သို့ပင် ကျနော်တို့မှာ ရထား၏ အဆုံးသတ်နှင့် ဝေးကွာနေဆဲ ဖြစ်သည်။ ၁၀ မိနစ်ကျော်ပင် ကုန်လွန်သွားခဲ့ပြီ။ အရှိန်လျော့သွားသည်ဟု ဆိုသော်လည်း ဤအရှိန်နှင့်သာဆိုလျှင် စက်မှုဇုန်မှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်။ ပို၍ဆိုးသည်မှာ နောက်တစ်တွဲသို့ ရောက်သောအခါ စိန်ခေါ်မှုတစ်ခုနှင့် ရင်ဆိုင်လိုက်ရခြင်းပင်။
အလင်းတန်းတစ်ခုက ကျနော်တို့ဆီသို့ ပစ်လွှတ်လိုက်သည်။ လီဟန်းဆောင် က ကျနော့်အား ကာကွယ်ပေးလိုက်ပြီး သူ၏ ပုခုံးကို ဆုပ်ကိုင်ထားသည်။
[မင်းတို့ နောက်ထပ် ရှေ့ဆက်သွားလို့ မရတော့ဘူး။]
'လူသားမျိုးနွယ်ကို တည်ထောင်သူ' မနူး နှင့် အခြားသော နက္ခတ်အချို့မှာ ထိုနေရာတွင် စောင့်ဆိုင်းနေကြသည်။ ယူဂျွန်ဟော့က ၎င်းတို့ကို ကောင်းကင်ဖြိုခွင်းဓါးသိုင်း ဖြင့် တိုက်ရိုက် ရင်ဆိုင်သော်လည်း ခံစစ်ပြင်ထားသော နက္ခတ်များကို ဖောက်ထွက်ရန် မလုံလောက်ခဲ့ချေ။ ၎င်းတို့မှာ ဤနေရာတွင် အချိန်ဆွဲရမည်ကို သိနေကြသည်။
စုဆောင်းထားသော မှော်စွမ်းအင်များကို သုံးရန် ကျနော် ပြင်လိုက်စဉ် ရထား၏ မျက်နှာကြက်မှာ ညှစ်ခံလိုက်ရတော့သည်။ အပြင်ဘက်မှ တစ်စုံတစ်ယောက်က ကြီးမားသော မှော်စွမ်းအင်ဖြင့် ရထားကို ဖျက်ဆီးနေခြင်းပင်။
[ဘာ-ဘာ... ဘာဖြစ်နေတာလဲ]
ဖျက်ဆီးနေသူမှာ အနည်းဆုံး ဒဏ္ဍာရီလာအဆင့် နက္ခတ်တစ်ပါး ဖြစ်ရမည်။ ချောက်ဂျွန်ဂယောင်း နှင့် ယှဉ်နိုင်သော စွမ်းအားမျိုး မရှိလျှင် ရထား၏ အခွံကို မဖျက်ဆီးနိုင်ချေ။
"ဖယ်ကြစမ်း"
ထိုစဉ် ဂျန်ဟာယောင်း ၏ အသံကို ရထားအပြင်ဘက်မှ ကြားလိုက်ရသည်။
"ကင်ဒေါ့ဂျာ။ သူတို့ ရောက်လာပြီ။ သူတို့ ရောက်လာပြီ"
နောက်တစ်စက္ကန့်တွင် မျက်နှာကြက်တစ်ခုလုံးမှာ ကွာကျသွားပြီး ဂျန်ဟာယောင်း နှင့်အတူ ဖြစ်တည်မှု နှစ်ခု ပေါ်လာ၏။
[ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ်က သင့်ကို ကြည့်နေပါသည်။]
ထိုသူတို့မှာ တောက်ပသော ဖြူပြာရောင် စွမ်းအင်များ ပြည့်နှက်နေသော လူသေးသေးလေး တစ်ယောက်နှင့် အပြာရောင် အရှိန်အဝါများကို ထုတ်လွှတ်နေသော ဧရာမ အမျိုးသမီးကြီး တစ်ဦးပင် ဖြစ်သည်။ ရယ်စရာကောင်းသည်မှာ ကျနော့် အမြင်အာရုံမှာ ခဏတာ ဝေဝါးသွားသကဲ့သို့ ခံစားလိုက်ရခြင်းပင်။
"ငါ့တပည့် ဘယ်မှာလဲ"
「 ကမ္ဘာပေါ်မှာ အင်အားအကောင်းဆုံး လူသေးသေးလေး တစ်ယောက်က ဆရာအဖြစ် ရှိခဲ့တယ် 」
"ငါတို့ နည်းနည်း နောက်ကျသွားပုံရတယ်"
「 အင်အားအကောင်းဆုံး ဧရာမလူသားရဲ့ ကမ္ဘာကြီးကို ကယ်တင်နိုင်ခဲ့တယ် 」
၎င်းတို့မှာ ကျနော်တို့ကို ကူညီနိုင်မည့် ချောက်ဂျွန်ဂယောင်း ကဲ့သို့ စွမ်းအားရှိသော ဖြစ်တည်မှုများပင်။
[အဆင့်ကျော်လွန်သူ...]
မနူး ၏ ရှေ့တွင် ပထမဆုံး သိုင်းလောက မှ အဆင့်ကျော်လွန်သူ နှစ်ဦး ဆင်းသက်လာခဲ့သည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၊ နမ်ဂွန်မင်းယောင်း။ပြောင်းလဲခြင်း ဘတ်ချွန်း၊ ကိုင်ရီယော့စ် ရော့ဒ်ဂရိမ်။
နမ်ဂွန်မင်းယောင်း က ကျနော်တို့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"အဆုံးထိ သေသေချာချာ လုပ်ကြစမ်း။ မဟုတ်ရင် နင်တို့ တင်ပါးကို ငါ ကန်ပစ်မှာနော်"
ကိုင်ရီယော့စ် က ကျနော့်ကို စိုက်ကြည့်ကာ ကြေညာလိုက်သည်။
"မင်း ငါ့ကို လိမ်ပြောခဲ့တဲ့အတွက် တန်ဖိုးပြန်ပေးရလိမ့်မယ်။ အဲဒီအချိန်အထိတော့ မင်းကို သေခွင့်မပေးနိုင်ဘူး"
ကိုင်ရီယော့စ် နှင့် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် တို့သည် နောက်တစ်တွဲ၏ တံခါးဆီသို့ ၎င်းတို့၏ စွမ်းရည်များကို ပစ်လွှတ်လိုက်ကြသည်။ ကောင်းကင်ဖြိုခွင်းဓါးသိုင်း ၏ စွမ်းအင်နှင့် လျှပ်စစ်ဓါတ် အားဖြည့်ခြင်း တို့ ပေါင်းစပ်သွားကာ ပြင်းထန်သော လေဖိအားလှိုင်းကြီး ထွက်ပေါ်လာတော့သည်။
နက္ခတ်များမှာ ၎င်းတို့၏ အရှိန်အဝါရှေ့တွင် နောက်သို့ ဆုတ်သွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအင် လှိုင်းလုံးကြီးများက ရှေ့သို့ တိုးဝင်သွားပြီး ကျနော်တို့ လမ်းကို ပိတ်ဆို့ထားသော တံခါးများကို ချေမှုန်းပစ်လိုက်သည်။ ၎င်းမှာ ခဏတာအတွင်း ပြင်ဆင်လိုက်သော ဖြောင့်တန်းသည့် လမ်းမကြီးပင်။ ယူဂျွန်ဟော့ က ကျနော်နှင့်အကြည့်ဆုံသွားပြီး ကျနော်တို့ ပြေးထွက်ခဲ့ကြသည်။
[သီးသန့်စွမ်းရည် 'လေ၏လမ်းစဉ် အဆင့် ၁၁ (+၁)' အသက်ဝင်လာပါပြီ။]
ကျနော်တို့ ပြေးနေစဉ် လေ၏လမ်းစဉ် နှင့် ဖီးနစ်နီအလျှင် တို့က တစ်ဦးကိုတစ်ဦး ကူညီပေးနေကြသည်။ မကြာမီ ကျနော်တို့သည် ရထား၏ နောက်ဆုံးတွဲသို့ ရောက်ရှိသွားသည်။
「 နောက်ဆုံးမှာတော့ ဒီကမ္ဘာအားလုံးရဲ့ အဆုံးသတ်ကို သိနေတဲ့ အမျိုးသားတစ်ယောက် ရှိခဲ့တယ် 」
ဤဇာတ်လမ်းမှာ Ways of Survival ထဲတွင် မရှိခဲ့ချေ။ ၎င်းမှာ ယခင်က လုံးဝ မတည်ရှိခဲ့ဖူးသော ဇာတ်လမ်းပင်။ ၎င်းမှာ ကျနော် အလိုရှိသော အဆုံးသတ်ဆီသို့ ကျနော့်ကို ပို့ဆောင်ပေးမည့် ဇာတ်လမ်း ဖြစ်၏။
ကျနော် ရထား၏ နောက်ဆုံးတံခါးကို ဖွင့်လိုက်လေတော့သည်။
အခန်း ၂၇၄
- အပိုင်း ၅၁ - မဟာဇာတ်လမ်းကြီး (၃)
နောက်ဆုံးတံခါး၏ အပြင်ဘက်တွင် သူရိယ ရှိနေသည်။ ယူဂျွန်ဟော့၏ လက်သီးချက်ကြောင့် တံခါးမှာ ပွင့်ထွက်သွားပြီး ပြင်းထန်သော လေတိုက်ခတ်မှုနှင့်အတူ ကောင်းကင်ယံ မြင်ကွင်းကြီး ပေါ်ထွက်လာသည်။ သူရိယ ရှိနေသော နောက်ဆုံးရထားတွဲမှာ တစ်စုံတစ်ရာက ဆွဲဖဲ့ပစ်လိုက်သကဲ့သို့ ပြတ်တောက်နေ၏။
[မင်းတို့က ငါထင်ထားတာထက် စောရောက်လာတာပဲ]
သူရိယ သည် ကျနော်တို့ကို ကျောပေးထားလျက် ကောင်းကင်ယံကို ကြည့်ရင်း စကားပြောလိုက်သည်။ ပြတ်တောက်သွားသော ရထားတွဲ၏ အပြင်ဘက်တွင် စတုရန်းပုံစံ ဟာကွက်တစ်ခုကို မြင်နေရသည်။ မြင့်မြတ်သော ထိုဖြစ်တည်မှု၏ အလင်းတန်းများသည် မှောင်မိုက်သော နေရာလွတ်ထဲသို့ ဖြာထွက်နေပုံမှာ ကျယ်ပြောလှသော ကမ်းခြေတစ်ခုပေါ်တွင် သဲများကို စုစည်းနေသည့် လက်ဝါးတစ်ခုနှင့် တူလှသည်။
ကျနော်က ရည်ရွယ်ချက်ရှိရှိဖြင့် ယဉ်ကျေးသော လေသံကို သုံးလိုက်သည်။
"သူရိယ၊ ဒီမှာတင် ရပ်လိုက်ရအောင်"
စကြဝဠာ၏ ကံကြမ္မာကို မထိတွေ့နိုင်သော မြင့်မြတ်သည့် အလင်းတန်းများက ကျနော့်ဆီသို့ ဦးတည်လာသည်။ သူရိယ ၏ မျက်လုံးများက ကျနော့်ကို စိုက်ကြည့်နေလေသည်။ သူ၏အကြည့်မှာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ကို နားမလည်နိုင်လျှင်ပင် ကျနော့်အကြောင်း အရာအားလုံးကို ဖတ်ရှုနိုင်သည်ဟု ပြောနေသည့်အလားပင်။
[ကမ္ဘာအားလုံးရဲ့ အဆုံးသတ်ကို သိနေတဲ့ အမျိုးသားတစ်ယောက်... တကယ်ကို ထူးဆန်းတဲ့ ဇာတ်လမ်းပဲ]
သူရိယ သည် ကျနော့်၏ 'မဟာဇာတ်လမ်းကြီး' ထဲမှ စာသားကို ကြားသွားပုံရသည်။ ကျနော် ပြန်မပြောနိုင်ခင်မှာပင် ဘုရင် အီးဒီးပပ်စ်က သူရိယ ဘေးတွင် ရပ်လိုက်ပြီး ပြန်ပြောလိုက်သည်။
[ဒါက တင်စားချက်သက်သက်ပါပဲ။ စကားလုံး ကစားတာ တစ်ခုပါ]
သူက ထိုသို့ ထင်နေခြင်းမှာပင် ကံကောင်းသည်ဟု ဆိုရမည်။ ဇာတ်လမ်း၏ အကြောင်းအရာများမှာ ကျနော့်ဆီက တိုက်ရိုက်ထွက်ပေါ်လာခြင်း ဖြစ်သောကြောင့် ကျနော် အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသည်။
['ထုတ်လုပ်ရေး လုပ်ငန်းရှင်' နက္ခတ်က သင်၏စာသားများကို သံသယဝင်နေပါသည်။]
['ဝိုင်နှင့် ကာမဂုဏ်ခံစားမှုတို့၏ နတ်ဘုရား' နက္ခတ်က သင်၏မဟာဇာတ်လမ်းကြီးကို စိတ်ဝင်တစား ရှိနေပါသည်။]
['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်က သူ့ကို သတိထားဖို့ ပြောနေပါသည်။]
['ပင်လယ်စစ်နတ်ဘုရား' နက္ခတ်က လက်သီးကို တင်းတင်းဆုပ်ထားပါသည်။]
['လျှို့ဝှက်ကြံစည်သူ' နက္ခတ် က သင့်ကို ကြည့်နေပါသည်။]
ကျနော့်အပေါ် ထားရှိသော သူရိယ ၏ အကြည့်များမှာ ပြောင်းလဲလာသည်။ ကျနော် ဘာပဲပြောပြော သူ့ကို တားဆီးနိုင်မည် မဟုတ်ကြောင်း နားလည်လိုက်သည်။
[လာလိုက်တော့။ ကလေးငယ်လေး။ မင်းကို ပေးထားတဲ့ အချိန်က ၁၀ မိနစ်ပဲ ရှိတယ်]
သူရိယ သည် သူ၏ လက်လေးဖက်ကို မြှောက်ကာ တိုက်ခိုက်မည့် ပုံစံကို ပြင်လိုက်သည်။ သူက သူ၏ အဆင့်အတန်းကို ဖွင့်ချလိုက်သည်နှင့်အမျှ သူ၏ အရွယ်အစားမှာ တဖြည်းဖြည်း ကြီးမားလာသည်။ သူက မည်သည့်လက်နက်ကိုမျှ မသုံးချေ။ သူရိယသည် ဇာတ်လမ်းများ၏ စစ်မှန်သော စွမ်းအားကိုသာ သုံးပြီး ကျနော့်ကို ဖယ်ရှားပစ်ရန် ကြံရွယ်ထား၏။
[နောက်ထပ် ၁၀ မိနစ်နေရင် ဒီရထားတွဲက မိစ္ဆာနယ်မြေနဲ့ တိုက်မိလိမ့်မယ်]
အချိန်ဆွဲနေရန် မလိုတော့ဘဲ ယူဂျွန်ဟော့ က အရင်ဆုံး ပြေးဝင်သွားသည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် ကို သတိရစေသော အပြာရောင် အရှိန်အဝါများက ယူဂျွန်ဟော့ ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ကောင်းကင်ဖြိုခွင်းဓါးသိုင်း သည် ၎င်း၏ အလင်းတန်းများကို ဖြန့်ကျက်နေသည်။
မဟာဇာတ်လမ်းကြီး ၏ အကျိုးသက်ရောက်မှုကို ခံစားနေရသူမှာ ကျနော် တစ်ဦးတည်း မဟုတ်ချေ။ ယူဂျွန်ဟော့ တွင်လည်း ဤဇာတ်လမ်းတွင် ပါဝင်ပတ်သက်မှု ရှိနေသည်။ ဒဏ်ရာရထားသော ခန္ဓာကိုယ်ရှိသော်လည်း ယူဂျွန်ဟော့ သည် ယခုအခါ နက္ခတ်တစ်ပါးနှင့် ညီမျှသော စွမ်းအားကို ထုတ်ဖော်နိုင်နေပြီ ဖြစ်သည်။
ဓါးသွားနှင့် တုတ်တစ်ချောင်း ရိုက်ခတ်သံကို ကြားလိုက်ရသည်။ ယူဂျွန်ဟော့ ၏ တိုက်ခိုက်မှုကို လက်ခံလိုက်သူမှာ သူရိယ မဟုတ်ချေ။
[ကျားးး...]
ဘုရင် အီးဒီးပပ်စ် သည် ယူဂျွန်ဟော့ ကို ရင်ဆိုင်ရင်း နာကျင်စွာ ညည်းတွားလိုက်သည်။
[အ]
အီးဒီးပပ်စ် သည် အပူရှိန်လွန်ကဲနေသော ကိုယ်စားလှယ် ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို ညှစ်ထုတ်နေသော်လည်း ယူဂျွန်ဟော့ကို ရင်ဆိုင်ရန်မှာ ခက်ခဲနေပုံရသည်။
"ကင်ဒေါ့ဂျာ"
ယူဂျွန်ဟော့ ၏ အော်ဟစ်သံနှင့်အတူ ကျနော်သည် အီးဒီးပပ်စ် ၏ ခံစစ်ကို ကျော်ဖြတ်ကာ သူရိယ ဆီသို့ ခုန်ဝင်လိုက်သည်။ ရထားပေါ်ရှိ လေထုထဲတွင် ဆယ်ဆခန့် ပိုမိုကြီးမားနေသော သူရိယက ကျနော့်ကို ဆီးကြိုနေလေသည်။
[သီးသန့်စွမ်းရည် 'လျှပ်စစ်ဓါတ် အားဖြည့်ခြင်း' အဆင့် ၁၂ (+၂) အသက်ဝင်လာပါပြီ။]
ကျနော့်ကို လျှပ်စစ်ဓါတ် အားဖြည့်ခြင်း ၏ အလင်းတန်းများက ဝန်းရံသွားပြီး ဖြူပြာရောင် စွမ်းအင်များက သူရိယ ၏ ရင်ဘတ်ကို ထိမှန်သွားသည်။ ယခင်တစ်ကြိမ်ကမူ သူရိယ သည် ကျနော့်၏ လျှပ်စစ်ဓါတ် အားဖြည့်ခြင်း ကို လက်သီးတစ်ဖက်တည်းဖြင့် တားဆီးနိုင်ခဲ့သည်။
သို့သော် ယခုတစ်ကြိမ်မှာမူ ကွဲပြားသည်။ သူရိယ ၏ အသားအရေမှာ ဖြူပြာရောင် စွမ်းအင်များနှင့် ထိတွေ့ကာ လောင်ကျွမ်းလာသည်။ အနည်းငယ်မျှသော ထိမှန်မှုမှ ဖြစ်ပေါ်လာခြင်းပင်။ သူရိယ ၏ မျက်ခုံးများမှာ အံ့အားသင့်မှုကြောင့် တွန့်ချိုးသွားသည်။ ကျနော်သည် လေထဲသို့ ပျံတက်ကာ သူရိယ ၏ လက်သီးများနှင့် ထိပ်တိုက်တွေ့လိုက်သည်။ ထိုရိုက်ခတ်မှုက ကျနော့်နှလုံးသားကို တုန်ခါသွားစေသော်လည်း ကျနော် တောင့်ခံထားလိုက်သည်။
[ 'မဟာဇာတ်လမ်းကြီး' ၏ စွမ်းအားက သင့်အတွက် အလုပ်လုပ်နေပါပြီ။]
ကမ္ဘာကြီး၏ စာသားများမှာ ကျနော့်ပတ်ဝန်းကျင်တွင် ဝေ့ဝဲနေသည်။ ထိုစွမ်းအားက အားကောင်းလှသော ဒဏ္ဍာရီလာအဆင့် နက္ခတ်ကို ယှဉ်ပြိုင်နိုင်ရန် ကျနော့်ကို ခွင့်ပြုပေးထား၏။ ၎င်းမှာ ကြီးမြတ်သော ဇာတ်လမ်းဖြစ်သော်လည်း သူရိယ မှာ အသက်ရှင်နေဆဲပင် ဖြစ်သည်။
[ငါ အရင်က ပြောခဲ့ဖူးတယ်။ မင်း ခိုးယူထားတဲ့ စွမ်းရည်တွေနဲ့ မင်းဟာ အနိုင်မရနိုင်ဘူးကွ]
သူရိယ ပြောခဲ့သကဲ့သို့ပင် ဖြစ်နိုင်လောက်သည်။ ကျနော်သည် အခြားသူများ၏ စွမ်းရည်များကို အသုံးပြုရတိုင်း အမြဲတမ်း ရုန်းကန်ခဲ့ရသည်။
"ဒါက တခြားလူတွေဆီက ခိုးယူထားတာ မဟုတ်ဘူး။ ကျုပ် ကိုယ်တိုင် ဖတ်ခဲ့တာ"
[ဖတ်ခဲ့တာဟုတ်လား]
ပါစီဖုန်း ကျနော့်ကို ပြောခဲ့သကဲ့သို့ပင် ဖြစ်တည်မှုတစ်ခုမှာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။ နှစ်ပေါင်းများစွာ ဖတ်ရှုခဲ့သော စာသားများ၏ အမှတ်တရများ။ ကျနော် ဖတ်ရှုခဲ့သမျှနှင့် တွေ့မြင်ခဲ့သမျှ အရာအားလုံးမှာ ယခုအခါ ကျနော်ကိုယ်တိုင် ဖြစ်လာခဲ့သည်။
[သီးသန့်စွမ်းရည် 'Fourth Wall' သည် ပြင်းထန်စွာ အသက်ဝင်နေပါသည်။]
Fourth Wall ပေါ်တွင် မဟာဇာတ်လမ်းကြီး ၏ စာသားများ ပေါ်ထွက်လာသည်။
「 ဒါက စာဖတ်သူတစ်ယောက်ရဲ့ ဇာတ်လမ်းပဲ 」
ကျနော် သူရိယ ဆီသို့ ပြေးသွားလိုက်သည်။ ကျနော် ပြေးလွှားနေသော လမ်းကြောင်းပေါ်တွင် တစ်ယောက်တည်း ဖတ်ရှုရင်း ကုန်ဆုံးခဲ့သော မရေမတွက်နိုင်သော နာရီများ ရှိနေလေသည်။ ၎င်းမှာ သာမန်ဘဝတစ်ခုပင်။ မှောင်မိုက်သော အခန်းထဲတွင် တစ်ယောက်တည်း ထိုင်ရင်း Ways of Survival ကို ဖတ်ခဲ့သည်။ အချိန်ပိုင်းအလုပ်ပြီးလို့ စီးခဲ့တဲ့ ဘတ်စ်ကားပေါ်မှာ၊ စစ်တပ်ထဲမှာ၊ စာသင်ခန်းထဲမှာ၊ အလုပ်ကအပြန် မြေအောက်ရထားပေါ်မှာ ဖတ်ခဲ့၏။
「 တစ်ချိန်တည်းမှာပဲ ဒါက ဒေါ့ဂျာ ရဲ့ ဇာတ်လမ်းလည်း ဖြစ်တယ် 」
ကျနော် ထိုကမ္ဘာထဲတွင် တစ်ယောက်တည်း ရှင်သန်ခဲ့သည်။ မရေမတွက်နိုင်သော ဇာတ်ကောင်များ၏ စိတ်ထဲသို့ ဝင်ရောက်ခဲ့ပြီး မတူညီသော ဖြစ်တည်မှုများအဖြစ် ထပ်ခါတလဲလဲ ဖြစ်ခဲ့သည်။
[ဒီဇာတ်လမ်းတစ်ခုထဲကပဲ...]
ထို့ကြောင့် ကျနော်သည် နောက်ပြန်မဆုတ်ခဲ့ဖူးသော နောက်ပြန်ဆုတ်သူ တစ်ဦး ဖြစ်လေသည်။
[သီးသန့်စွမ်းရည် 'လေ၏လမ်းစဉ် အဆင့် ၁၁ (+၁)' အသက်ဝင်လာပါပြီ။]
တစ်ခါမျှ ပြန်မလာခဲ့ဖူးသော ပြန်လာသူ တစ်ဦး။
[နံပါတ် ၃ စာမှတ် အသက်ဝင်လာပါပြီ။]
[သီးသန့်စွမ်းရည် 'သားရဲဘုရင်၏ အာရုံခံစားမှု အဆင့် ၁၀ (+၁)' အသက်ဝင်လာပါပြီ။]
ကျနော်က ပြန်လည်မွေးဖွားသူ တစ်ဦးလည်း ဖြစ်နိုင်လောက်သည်။
ကျနော့်၏ 'အဆင့်အတန်း' နှင့် ထိပ်တိုက်တွေ့သောအခါ သူရိယ ၏ မျက်နှာမှာ အနည်းငယ် ပုံပျက်သွားသည်။ ကျနော်တို့၏ အဆင့်အတန်းများ ရိုက်ခတ်မိတိုင်း ကျနော်တို့၏ ခန္ဓာကိုယ်များ ပျက်စီးနေသည်ကို ကျနော် ခံစားနေရသည်။ သူရိယ သည်လည်း သူ တတ်နိုင်သမျှ စွမ်းအားအားလုံးကို ထုတ်သုံးနေလေသည်။
[ဒါက အလွန်အကျွံပဲ။ အဆုံးသတ်ရဲ့ အရည်အချင်းကို ရဖို့အတွက်တော့ ဒါက ရယ်စရာကောင်းလောက်အောင် မလုံလောက်သေးဘူး]
ကျနော် ခေါင်းခါလိုက်သည်။
"ခင်ဗျား တစ်ခုခုကို အထင်မှားနေပုံရတယ်။ အဆုံးသတ်ဆီကို ရောက်နိုင်တာက မဟာဇာတ်လမ်းကြီးတွေ တစ်ခုထဲ မဟုတ်ဘူး"
သူရိယ နားလည်နိုင်မည်မဟုတ်လောက်ချေ။ ကျနော်သည် ယူဂျွန်ဟော့ ၏ မရေမတွက်နိုင်သော ကျရှုံးမှုများထံမှ သင်ခန်းစာယူပြီးနောက်မှသာ ဤအသိဥာဏ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ သူရိယ ၏ မျက်နှာမှာ တင်းမာသွားပြီး သူ၏ လက်လေးဖက်လုံးတွင် စွမ်းအားများကို စုစည်းလိုက်သည်။ ဤသည်က သူရိယ ၏ နောက်ဆုံးတိုက်ကွက် ဖြစ်ပေလိမ့်မည်။
ကျနော်သည် နောက်မဆုတ်ဘဲ လျှပ်စစ်ဓါတ် အားဖြည့်ခြင်း စွမ်းအားကို အသုံးပြုကာ သူ့ကို ရင်ဆိုင်လိုက်သည်။ အရာအားလုံးကို အရည်ပျော်ကျစေနိုင်သော နေမင်း၏ တောက်ပမှုများက ကျနော့်ဆီသို့ ပစ်လွှတ်လိုက်သည်။ ဖြူပြာရောင် အလင်းတန်းမှာ မြင့်မားလှသော အပူရှိန်ကို မကျော်လွှားနိုင်ဘဲ တဖြည်းဖြည်းချင်း နောက်သို့ တွန်းပို့ခံလိုက်ရသည်။
ကျနော် နောက်သို့ တစ်လှမ်း၊ နှစ်လှမ်းခန့် ဆုတ်လိုက်ရစဉ်မှာပင် ကြမ်းတမ်းပြီး အထီးကျန်ဆန်သော ဇာတ်လမ်းတစ်ပုဒ်က နောက်ကျောဘက်မှနေ၍ ကျနော့်ကို ဝန်းရံပေးလိုက်၏။ ထိုဇာတ်လမ်းမှာ မည်သူ့ဇာတ်လမ်းလဲဆိုသည်ကို ကြည့်ရန်ပင် မလိုတော့ချေ။
ကျနော်နှင့် သူရိယ ကြားရှိ မီးပွားများမှာ ပိုမိုပြင်းထန်လာသည်။ တဖြည်းဖြည်းနှင့် နောက်သို့ တွန်းပို့ခံနေရမှုမှာ ရပ်တန့်သွားခဲ့သည်။
['သံမဏိသခင်' နက္ခတ်က သင့်ကို ကြည့်နေပါသည်။]
['ကောင်းကင်ခြေလှမ်း၏သခင်' နက္ခတ်က သင့်ကို ကြည့်နေပါသည်။]
လီဟန်းဆောင် နှင့် ယူဆန်းအာ။ ထို့အပြင် ယောင်ဟီဝန် ၏ ဇာတ်လမ်းလည်း ရှိနေသည်။ ရှင်သန်ရန် ရုန်းကန်ခဲ့ကြသူအားလုံး၏ သမိုင်းကြောင်းမှာ ကျနော့်အတွင်း၌ ကိန်းအောင်းနေ၏။
「 အချိန်အတော်ကြာ ဝပ်စင်းနေရာမှ နိုးထလာပြီး မိစ္ဆာများကို သုတ်သင်ရန် ဓါးကို ကိုင်ဆွဲလျက် ရယ်မောခဲ့သည့် အမျိုးသမီး 」
သူတို့က ဤနေရာတွင် ရှိမနေသော်လည်း ကျနော်တို့၏ သမိုင်းကြောင်းကို အတူတူ မျှဝေခဲ့ကြသည့် အခြားသူများလည်း ရှိနေသေးသည်။
「 မိခင်ကို ဆုံးရှုံးခဲ့ရပြီး လက်ထဲတွင် ပိုးကောင်ကို ကိုင်ထားကာ ငိုကြွေးခဲ့သည့် ကောင်လေး 」
「 ရဲတိုက်ကို တည်ဆောက်ခဲ့ပြီး ဘယ်တော့မှ ပြန်မလာတော့မည့် မိသားစုအတွက် ဟိန်းဟောက်ခဲ့သည့် အမျိုးသား 」
လီဂီယောင် နှင့် ဂုံဖီဒူ။
「 လိမ်ညာခြင်းဖြင့် အမှန်တရားကို တည်ဆောက်ခဲ့ပြီး သူ့အရိပ်အဖြစ် ဝမ်းမြောက်စွာ ခံယူခဲ့သည့် အမျိုးသမီး 」
ဟန်ဆိုယောင်း လည်း ရှိနေသည်။
[သီးသန့်ဝိသေသလက္ခဏာ 'ဇာတ်ဝင်ခန်း ဘာသာပြန်စွမ်းရည်' အသက်ဝင်လာပါပြီ။]
ကျနော် ရှင်သန်ခဲ့သမျှ အရာအားလုံးက ဤဇာတ်လမ်းထဲသို့ လမ်းဖောက်ကာ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ သူရိယ ၏ ကိုယ်စားလှယ်ခန္ဓာကိုယ်မှာ ကျနော့်ရှေ့တည့်တည့်တွင် ရှိနေသည်။ သူရိယ ၏ အားနည်းချက်မှာ သစ္စာရှင်စစ်သူကြီး ၏ အထူးစွမ်းရည်ဖြင့်ပင် ဖတ်၍မရနိုင်သော အရာဖြစ်သည်။ သို့သော်လည်း ထူးဆန်းစွာပင် ဤအခိုက်အတန့်တွင် သူရိယ ကို မည်သည့်နေရာတွင် ဓါးနှင့်ထိုးရမည်ကို ကျနော် သိနေလေသည်။
[သီးသန့်စွမ်းရည် 'စာဖတ်နားလည်နိုင်စွမ်း' အသက်ဝင်လာပါပြီ။]
မကျိုးပဲ့နိုင်သောယုံကြည်မှုဓါးသည် တောက်ပစွာ လင်းလက်သွားပြီး ပြင်းထန်သော အဖြူရောင်အလင်းတန်းက သူရိယ ၏ ရင်ဘတ်ကို ထိုးဖောက်သွားသည်။ ကျနော့်၏ မှော်စွမ်းအင်အားလုံးကို ကျနော်ပုံအောလိုက်စဉ် တစ်စုံတစ်ခု ကျိုးပျက်သွားသံကို ကြားလိုက်ရပြီး ကောင်းကင်ယံသို့ ပျံတက်သွားသည်။ ရေပန်းတစ်ခုလို လေထဲတွင် လွင့်စင်နေသော ဇာတ်လမ်းအစအနများကြားတွင် လဲပြိုနေသော သူရိယ ကို မြင်လိုက်ရသည်။
[သူရိယ။ အမြင့်မြတ်ဆုံး အလင်းနတ်ဘုရား။]
အီးဒီးပပ်စ် က အော်ဟစ်လိုက်ပြီး အခြေအနေမှာ ပျက်စီးယိုယွင်းလာသည်။
ဥက္ကာခဲများမှာ လေထုထဲတွင် လောင်ကျွမ်းသွားပြီး သူရိယ ၏ ရထားမှာ ပြိုကျသွားသည်။ ကျနော်သည် မြေပြင်ပေါ်သို့ ပြုတ်ကျနေလေသည်။
"ကင်ဒေါ့ဂျာ"
ယူဂျွန်ဟော့ က လေအဟုန်ကဲ့သို့ ပျံသန်းလာပြီး ကျနော့်ကို ဖမ်းလိုက်သည်။ ထိုအချိန်မှာပင် ခိုင်မဲရာ နဂါး က ပြုတ်ကျနေသော ကျနော့်အပေါင်းအဖော်များကို လိုက်လံဖမ်းဆီးလိုက်၏။ တကယ်ကို သီသီလေး လွတ်မြောက်ခဲ့ခြင်းပင်။ နောက်ဆုံးရထားတွဲ၏ အစအနအချို့မှာ မြေပြင်သို့ ပြုတ်ကျသွားစဉ် လမ်းကြောင်းရှည်ကြီး တစ်ခု ကျန်ရစ်ခဲ့သည်။ ကြေမွသွားသော အပျက်အစီးများမှာ မြည်ဟီးနေကြသည်။ ကံကောင်းထောက်မစွာဖြင့် စက်မှုဇုန်ကိုမူ ထိမှန်မည်မဟုတ်ချေ။
ရှင်ယူဆောင်း က ခိုင်မဲရာ နဂါး၏ ခေါင်းပေါ်မှနေ၍ ကျနော့်ကို ကြည့်နေ၏။
"ဦးလေး"
ကလေးမလေး၏ မျက်နှာတွင် ဝမ်းသာမှုများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
နောက်တစ်စက္ကန့်တွင် မြေပြင်ပေါ်ရှိ ဖုန်မှုန့်များကြားမှ အသံတစ်ခု ထွက်ပေါ်လာသည်။
[မပြီးသေးဘူး။ မပြီးသေးဘူး]
ထိုသို့ပြောလိုက်သူမှာ ဘုရင် အီးဒီးပပ်စ် ပင် ဖြစ်လေသည်။ သနားစဖွယ် အသွင်အပြင်နှင့် ထိုဖြစ်တည်မှုမှာ လဲကျနေသော နက္ခတ်များကြားမှနေ၍ ကျနော်တို့ကို အော်ဟစ်နေသည်။
[ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်။ မဟာဇာတ်လမ်းကြီး ဆက်ခံမှုက မပြီးသေးဘူးဆိုတာ ငါသိတယ်။ အဲဒီဇာတ်လမ်းကို ငါတို့ကိုပေးမယ်ဆိုရင် ငါတို့ ဒီကနေ ထွက်သွားပေးမယ်]
ဂိမ်းမှာ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း သူက အရှုံးမပေးသေးချေ။ ကျနော့်ကိုယ်စား ပြန်လည်ဖြေကြားလိုက်သူမှာ ယူဂျွန်ဟော့ ပင် ဖြစ်သည်။
"ငါတို့က ဘာလို့ ပေးရမှာလဲ"
ယူဂျွန်ဟော့ က မြေပြင်ပေါ်သို့ ဆင်းသက်ကာ ကျနော့်ကို ချထားပေးလိုက်ပြီး မဟူရာကောင်းကင်မိစ္ဆာဓါး ကို ထုတ်လိုက်သည်။ ထိုအခါ ဘုရင် အီးဒီးပပ်စ် က စကားပြောလိုက်သည်။
[မပေးရင် မင်းတို့ရဲ့ အဖိုးတန်တဲ့ ကမ္ဘာကြီး ပျောက်ကွယ်သွားလိမ့်မယ်]
"မင်းက ကံကြမ္မာအကြောင်း ထပ်ပြောချင်နေတာလား။ မိစ္ဆာနယ်မြေမှာ မင်းတို့အတွက် ဖြစ်နိုင်စွမ်း မကျန်တော့ဘူးဆိုတာ ငါသိတယ်"
[မိစ္ဆာနယ်မြေ မဟုတ်ရင်ကော]
သူက သူ၏လက်ချောင်းများကို လက်ဖြောက်တီးလိုက်ရာ လေထဲတွင် ကြီးမားသော မြင်ကွင်းချပ်ကြီးတစ်ခု ပေါ်လာသည်။ ထိုမြင်ကွင်းပေါ်တွင် ကျနော်တို့ ကောင်းကောင်းသိသော အပြာရောင် ဂြိုဟ်ကြီးကို ပြသထားလေသည်။
ယူဂျွန်ဟော့ မျက်မှောင်ကြုတ်လိုက်သည်။
"မင်းက နက္ခတ်တစ်ပါးအနေနဲ့ မင်းရဲ့ ဂုဏ်သိက္ခာကို ရောင်းစားလိုက်ပြီပေါ့လေ။ ဒါက မင်းရဲ့ နောက်ဆုံး အားထုတ်မှုလား"
ဤအခြေအနေတွင် အိုလံပတ်စ် ၏ ဖြစ်နိုင်စွမ်းအားလုံးကို သုံးလျှင်ပင် ကမ္ဘာမြေကို ဖျက်ဆီးရန်မှာ မဖြစ်နိုင်ချေ။ ယူဂျွန်ဟော့သည် ဤအချက်ကို သိရှိထားသဖြင့် လုံးဝ ထိတ်လန့်ခြင်း မရှိပေ။ ဘုရင် အီးဒီးပပ်စ် က ရယ်မောလိုက်သည်။
[ကမ္ဘာမြေကို ဖျက်ဆီးဖို့က မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဒါဆိုရင်ကော]
သူက သူ၏လက်ချောင်းများကို ထပ်မံလက်ဖြောက်တီးလိုက်ရာ မြင်ကွင်းမှာ ပြောင်းလဲသွားသည်။ ထိုအခိုက်အတန့်တွင် ယူဂျွန်ဟော့နှင့် အဖွဲ့ဝင်များ၏ မျက်နှာများမှာ တင်းမာသွားခဲ့သည်။
ကိုရီးယားကျွန်းဆွယ်ကြီးမှာ မီးလျှံများအတွင်း နစ်မြုပ်နေလေသည်။
"ဒါကိုသာ သိခဲ့ရင် ငါလည်း မိစ္ဆာနယ်မြေကို လိုက်သွားမှာပေါ့"
နီပြာရောင် မီးလျှံများ တောက်လောင်နေသည့် ဂယောင်ဂီဒို ကို ကြည့်ရင်း ဟန်ဆိုယောင်း က မျက်မှောင်ကြုတ်လိုက်သည်။ အမှန်တော့ ဟန်ဆိုယောင်းသည် မိစ္ဆာနယ်မြေကို မသွားခဲ့ခြင်းမှာ အကြောင်းရင်း တစ်ခု ရှိနေသောကြောင့်ဖြစ်သည်။
[သင်သည် လက်ရှိအချိန်တွင် မိစ္ဆာဘုရင် 'အန်ဒရပ်စ်' ရဲ့ ကျိန်စာ မိနေပါသည်။]
ဟန်ဆိုယောင်း သည် ကင်ဒေါ့ဂျာ ၏ အစီအစဉ်ထဲတွင် ပိတ်မိသွားခဲ့ပြီး မိစ္ဆာဘုရင်၏ ကျိန်စာကို ခံခဲ့ရခြင်း ဖြစ်သည်။ ဤကျိန်စာကြောင့် သူသာ ထိုနယ်မြေသို့ ရောက်သွားသည်နှင့် မိစ္ဆာဘုရင်၏ အစာအဖြစ် ချက်ချင်း အသတ်ခံရပေလိမ့်မည်။ သူ့ဘေးတွင် ရပ်နေသော လီဂီယောင် ကလည်း ခြေဆောင့်ရင်း အော်ဟစ်လိုက်သည်။
"အခုဆိုရင် အားလုံးက အကိုကြီးဒေါ့ဂျာနဲ့ အတူတူ ရှိနေကြပြီမလား။ ကျနော်သာ ရှင်ယူဆောင်း ဖြစ်လိုက်ရင် ကောင်းမှာပဲ..."
"အေး။ ဒါပေမဲ့ အဲဒီမိစ္ဆာနယ်မြေနေရာက ဒီထက် ပိုရင်ဆိုင်ဖို့ ခက်လိမ့်မယ်"
မီးလျှံများကြားမှ တိုးဝင်လာနေသော ကပ်ဘေးကို ခံစားမိလိုက်သဖြင့် ဟန်ဆိုယောင်း တံတွေး တစ်ချက် မျိုချလိုက်သည်။ ကင်ဒေါ့ဂျာ တို့အဖွဲ့ သီးသန့်ဇာတ်ဝင်ခန်းဆီသို့ ထွက်ခွာသွားပြီးနောက် ကိုရီးယားကျွန်းဆွယ်သို့ ကပ်ဘေးဇာတ်ဝင်ခန်း ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
[ကပ်ဘေးဇာတ်ဝင်ခန်းအတွက် အချိန်သတ်မှတ်ချက်မှာ မိနစ် ၃၀ ဖြစ်ပါသည်။]
ပြဿနာမှာ ယခုတစ်ကြိမ် ရောက်ရှိလာသော ကပ်ဘေးများမှာ နက္ခတ်များ ဖြစ်နေခြင်းပင်။
"ချီးထုတ် အိုလံပတ်စ်"
သူတို့သည် ကြယ်တာရာ စီမံခန့်ခွဲရေးဌာနမှ ဒိုကဲဘီများနှင့် မည်သို့သော နောက်ကွယ်မှ သဘောတူညီမှုများ ပြုလုပ်ထားသည် မသိသော်လည်း အိုလံပတ်စ်မှ နက္ခတ်များသည် ဤဇာတ်ဝင်ခန်း၏ 'ကပ်ဘေးများ' အဖြစ် ရောက်ရှိလာကြသည်။ ခက်ခဲမှု အဆင့်ကြောင့် ဤဇာတ်ဝင်ခန်းသည် မိနစ် ၃၀ အကြာတွင် ပြီးဆုံးသွားမည် ဖြစ်သော်လည်း ဤမိနစ် ၃၀ အတွင်းမှာပင် ကိုရီးယားကျွန်းဆွယ်ကြီးမှာ ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားနိုင်ခြေ ရှိနေလေသည်။
"နင် အခု ဘာလုပ်ဖို့ စိတ်ကူးထားလဲ"
ဂုံဖီဒူ က စီးကရက်မီးခိုးများကို မှုတ်ထုတ်ရင်း မေးလိုက်သည်။
ဂယောင်ဂီဒို နယ်မြေမှာ ယခုအချိန်ထိ တောင့်ခံနိုင်နေခြင်းမှာ ဂုံဖီဒူ ၏ လက်နက်ခံတပ်သခင် စွမ်းရည်ကြောင့်ပင် ဖြစ်သည်။ ဟန်ဆိုယောင်းက ပြန်ဖြေလိုက်သည်။
"နောက်ထပ် ခဏလောက်ပဲ တောင့်ခံထားပေးပါ။ နည်းလမ်းတစ်ခု ရှိပါတယ်"
"ပြိုင်ဘက်တွေက နက္ခတ်တွေရဲ့ ကိုယ်စားလှယ်ခန္ဓာကိုယ်တွေနော်။ သူတို့ဘက်မှာ အရေအတွက်ငါးယောက်ထက်တောင် ပိုသေးတယ်။ နင် ဘယ်လို အနိုင်ယူမှာလဲ။ နင်က ကင်ဒေါ့ဂျာ မှ မဟုတ်တာ"
သူတို့၏ အရှိန်အဝါများအရ သူတို့မှာ သမိုင်းဝင်အဆင့် နက္ခတ်များ ဖြစ်ကြလောက်သည်။ သူတို့သည် ရှေးဟောင်း သူရဲကောင်းများ သို့မဟုတ် အိုလံပတ်စ်၏ အဆင့်နိမ့် နတ်ဘုရားများပင် ဖြစ်လောက်၏။
[ဒီမြေကွက် သေးသေးလေးပေါ်မှာ လူသေးသေးလေးတွေပဲ ရှိတာပဲ]
ဆူညံသံများကြောင့် ဟန်ဆိုယောင်း ခေါင်းကိုက်လာသည်။ ဟန်ဆိုယောင်း က တည်ငြိမ်စွာဖြင့် မဟူရာ ကျောက်တုံးတစ်တုံးကို ထုတ်လိုက်သည်။
[အသူတစ်ရာ ကျောက်တုံး]
၎င်းမှာ ကင်ဒေါ့ဂျာ နှင့် မခွဲခွာမီက ဟန်ဆိုယောင်းကို စုဆောင်းခိုင်းထားခဲ့သည့် ပစ္စည်းဖြစ်သည်။ ဤပစ္စည်းကြောင့်သာ ဟန်ဆိုယောင်းသည် ဖြစ်နိုင်စွမ်း မလုံလောက်သော်လည်း အခြားအဖွဲ့ဝင်များကို မိစ္ဆာနယ်မြေသို့ ပို့ဆောင်ပေးနိုင်ခဲ့ခြင်း ဖြစ်လေသည်။ ယခုအချိန်ထိ ဟန်ဆိုယောင်းသည် ကျောက်တုံး သုံးတုံး သုံးစွဲခဲ့ပြီး ခြောက်တုံးသာ ကျန်ရှိတော့သည်။ အရေအတွက်မှာ အနည်းငယ် လိုအပ်ချက် ရှိနေသော်လည်း ဤအရာမှာ တစ်ခုတည်းသော နည်းလမ်းပင်။
"ဒါကို... ပိုးကောင်တွေ ဖမ်းတဲ့နေရာမှာ သုံးရလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
လီဂီယောင် ၏ ပိုးကောင်များက ခံတပ်ကို ကာကွယ်ပေးနေပြီး ဂုံဖီဒူ၏ ခံတပ်ကလည်း ဆက်တိုက် ပစ်ခတ်နေစဉ်မှာပင် ဟန်ဆိုယောင်း သည် အသူတစ်ရာ ကျောက်တုံးကို ယဇ်ပူဇော်ကာ ဆင်းသက်ခြင်း အခမ်းအနားကို စတင်လိုက်သည်။
ခဏတာအတွက်သာ ဖြစ်သော်လည်း ယိုင်နဲ့နေသော ဤချိန်ခွင်လျှာကို ညှိပေးနိုင်မည့် ဖြစ်တည်မှုတစ်ခုကို ဟန်ဆိုယောင်း ခေါ်ယူနိုင်ပေလိမ့်မည်။
မီးပွားများ လွင့်စင်လာပြီး အသူတစ်ရာ ကျောက်တုံးများမှာ ယဇ်ပူဇော်ခံအဖြစ် တစ်တုံးပြီးတစ်တုံး ပျောက်ကွယ်သွားသည်။ အသူတစ်ရာ ကျောက်တုံး ခြောက်တုံးမှတစ်ဆင့် သူတို့၏ စွမ်းအား အစိတ်အပိုင်း အချို့ကိုသာ အသုံးပြုနိုင်မည် ဖြစ်သော်လည်း ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုပင် ဖြစ်လေသည်။
ဂယောင်ဂီဒို ၏ ကောင်းကင်ယံမှာ မှောင်မိုက်သွားပြီး မိုးခြိမ်းသံများဖြင့် ပြည့်နှက်သွားသည်။ ဟန်ဆိုယောင်း ၏ နောက်ကွယ်တွင် ကြီးမားသော အရိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ဟန်ဆိုယောင်း က ခပ်ဖွဖွ သက်ပြင်းချလိုက်ပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
"မဟူရာနဂါး။ နင် ကြိုက်သလိုသာ လုပ်တော့"
['မဟူရာမီးလျှံ အသူတစ်ရာနဂါး' နက္ခတ်က သွားအဖွေးသားဖြင့် ပြုံးပြနေပါသည်။]