← Chapters

အခန်း (၂၇၇-၂၇၈)

Vol. 22 Ch. 277-278

အခန်း (၂၇၇-၂၇၈)

Vol. 22 Ch. 277-278

အခန်း ၂၇၇

- အပိုင်း ၅၂ - ■■ (၂)

ကျနော်၏ ■■ က ဘာဖြစ်မလဲ။

ထုတ်လုပ်ရေးလုပ်ငန်းရှင်သည် ဤမေးခွန်းကို မေးလာလိမ့်မည်ဟု ကျနော် သိထားပြီးသား ဖြစ်သည်။

"ခင်ဗျား တကယ်ပဲ သိချင်နေတာလား"

[ဒီမှာရှိနေတဲ့သူတွေထဲမှာ မသိချင်တဲ့သူများ ရှိလို့လား]

ထုတ်လုပ်ရေးလုပ်ငန်းရှင်က ခပ်ဖွဖွရယ်မောလိုက်သဖြင့် နက္ခတ်အချို့ ချောင်းဟန့်လိုက်ကြသည်။ လေထုမှာ ထူးဆန်းလာပြီး အခြေအနေကို သတိမထားမိသေးသော အခြားအဖွဲ့ဝင်များကလည်း ကျနော့်ထံသို့ အာရုံစိုက်လာကြသည်။

"ဘာလို့ အားလုံးက ရုတ်တရက်ကြီး..."

"ရှူး"

လီဟန်းဆောင်က ဝင်ပြောရန် ကြိုးစားသော်လည်း ယောင်ဟီဝန်က တားဆီးလိုက်သည်။ ကျနော်သည် အခန်းထဲရှိ လူအားလုံးကို ဖြည်းညှင်းစွာ ဝေ့ကြည့်လိုက်မိသည်။ ရုတ်တရက်ဆိုသလို ခန်းမထဲရှိ လူတိုင်းက ကျနော့်ကို စိုက်ကြည့်နေကြသည်။

■■…

Ways of Survival ထဲတွင် ၎င်းအတွက် အမည်နာမ အမျိုးမျိုး ရှိခဲ့သည်။ ဥပမာအားဖြင့် ဒိုကဲဘီဘုရင်က ဤသို့ ပြောခဲ့ဖူးသည်။

「 ဇာတ်လမ်းတိုင်း၏ အဆုံးသတ်နှင့် အစပျိုးခြင်း 」

သို့သော်လည်း ယူဂျွန်ဟော့ကမူ ဤသို့ ဆိုလိမ့်မည်။

「 အောက်တန်းကျတဲ့ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု 」

လီဟန်းဆောင်ကမူ ၎င်းကို 'နယ်မြေတစ်ခုလုံး' ဟု ဖော်ပြလိမ့်မည်ဖြစ်ပြီး ယူဆန်းအာကမူ 'ဒီဇိုင်းဟောင်း' ဟု ပြောပေလိမ့်မည်။ လီဂျီဟယ်အတွက်မူ ၎င်းမှာ 'ဘွဲ့နှင်းသဘင်' ဖြစ်ပေလိမ့်မည်။ အံ့ဩစရာကောင်းသည်မှာ ■■ အပေါ် ထိုသို့ အဓိပ္ပာယ်ဖွင့်ဆိုချက်များ အားလုံးမှာ မှားယွင်းမနေခြင်းပင် ဖြစ်သည်။

ထုတ်လုပ်ရေးလုပ်ငန်းရှင်က မေးမြန်းလိုက်သည်။

[အဆုံးသတ်၏ အရည်အချင်းပြည့်မီမှုကို ရရှိခဲ့တဲ့သူတွေအားလုံးဟာ 'အဆုံးသတ်' ရဲ့ မတူညီတဲ့ အမည်နာမတွေကို လက်ခံရရှိခဲ့ကြတယ်။ မင်း သိရဲ့လား]

"ခင်ဗျားတို့ရဲ့ ဇာတ်လမ်းတွေ အားလုံးက မတူညီကြတာကြောင့် ဒါက သဘာဝကျပါတယ်"

ပထမဦးစွာ ■■ ကို အဓိပ္ပာယ်အမှန်အတိုင်း ဆက်သွယ်ပြောဆိုနိုင်သည့် သင့်တော်သော နာမ်တစ်ခု မရှိချေ။ စစ်ထုတ်မှု ပြေလျော့သွားခြင်းမှာ ကျနော် ■■ကို 'ဖတ်ရှု' နိုင်ပြီဟု အဓိပ္ပာယ်ရသည်။ ကျနော့်လိုမျိုး လျှို့ဝှက်ဇာတ်ဝင်ခန်းတစ်ခု လက်ခံရရှိထားသော နက္ခတ်များသည်လည်း အလားတူ အခြေအနေမျိုးတွင် ရှိနေလောက်ပေမည်။

[လျှို့ဝှက်ဇာတ်ဝင်ခန်း - 'ဇာတ်လမ်းတစ်ပုဒ်']

အမျိုးအစား

လျှို့ဝှက်

ခက်ခဲမှု

???

အောင်မြင်ရန်လိုအပ်ချက်

■■ သို့ ရောက်ရှိရန် ဇာတ်လမ်းတစ်ပုဒ်ကို အပြီးသတ်ပါ။

အချိန်ကန့်သတ်ချက်

-

ဆုလာဘ်

???

ရှုံးနိမ့်မှု

???

လက်ရှိတွင် သင်သည် 'ကနဦး' အပိုင်းကို အပြီးသတ်ပြီး ဖြစ်သည်။

အသေးစိတ်အချက်အလက်များအတွက် ထပ်ဆောင်းဇာတ်ဝင်ခန်း ဖော်ပြချက်ကို ကြည့်ရှုပါ။

လျှို့ဝှက်ဇာတ်ဝင်ခန်း 'ဇာတ်လမ်းတစ်ပုဒ်'။ ဤဇာတ်ဝင်ခန်းမှာ အဆုံးသတ်၏ အရည်အချင်းပြည့်မီမှုကို ရရှိထားသူတိုင်းထံ ပေးအပ်သော ဇာတ်ဝင်ခန်း ဖြစ်သည်။ အလှမ်းဝေးလှသော ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ၏ ဂလက်ဆီထဲတွင် ကျနော်တို့သည် များပြားလှသော ဇာတ်လမ်းများကို ဖြတ်သန်းခဲ့ကြပြီး 'ပြီးပြည့်စုံသော' ဇာတ်လမ်းတစ်ပုဒ်ကို အပြီးသတ်ခဲ့ကြသည်။

ဒဏ္ဍာရီလာ ဇာတ်လမ်းများ၊ ဒဏ္ဍာရီပုံပြင် ဇာတ်လမ်းများနှင့် ကျနော် ရရှိခဲ့သော မဟာဇာတ်လမ်းကြီးသည်ပင် 'ဇာတ်လမ်းတစ်ပုဒ်' ဆီသို့ ဦးတည်သွားသော ခရီးစဉ်တစ်ခုသာ ဖြစ်သည်။ ကျနော့်ရှေ့မှ ထုတ်လုပ်ရေးလုပ်ငန်းရှင်နှင့် ပါစီဖုန်း တို့သည်လည်း ဤဇာတ်ဝင်ခန်းကို လက်ခံရရှိထားကြပေလိမ့်မည်။ သေချာသည်မှာ သူတို့ နောက်ဆုံး ရောက်ရှိသွားသော နေရာမှာ ကျနော်နှင့် ကွဲပြားနေလိမ့်မည်။

[ဘတ်]

ကျနော် ခိုင်းစေခြင်း မရှိသေးခင်မှာပင် ဘီယူက ခန်းမ၏ ချန်နယ်ကို ပိတ်ဆို့လိုက်သည်။ ယခုမှစ၍ ပြောပြမည့် ဇာတ်လမ်းမှာ အလွန်အရေးကြီးကြောင်း ဘီယူက ဗီဇအရ သိရှိသွားပုံရသည်။ နက္ခတ်များ၏ ကန့်ကွက်သံများ လေထုထဲတွင် ပျံ့လွင့်လာပြီး ထုတ်လုပ်ရေးလုပ်ငန်းရှင်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

[ငါ့ရဲ့ ■■ ကတော့ 'ခမ်းခြောက်ခြင်း' ပဲ]

သူ၏ လျှို့ဝှက်ချက်ကို ဤမျှ လွယ်လွယ်ကူကူ ထုတ်ဖော်လိမ့်မည်ဟု မထင်ထားခဲ့သောကြောင့် ကျနော် အနည်းငယ် အံ့အားသင့်သွားမိသည်။ ထိုစဉ် ကနေသော ပါစီဖုန်းကလည်း ဝင်ပြောသည်။

[ငါကတော့ 'သေခြင်းတရား' ပဲ]

ခမ်းခြောက်ခြင်း နှင့် သေခြင်းတရား။ နှစ်ခုစလုံးမှာ တစ်စုံတစ်ခု၏ 'အဆုံးသတ်' ကို ကိုယ်စားပြုနိုင်သည့် စကားလုံးများ ဖြစ်သည်။ တစ်စုံတစ်ခုကို ဖန်တီးရသည်ကို နှစ်သက်သော ထုတ်လုပ်ရေးလုပ်ငန်းရှင်အတွက်လည်းကောင်း၊ သေဆုံးသူများ၏ ကမ္ဘာကို အုပ်ချုပ်သော ပါစီဖုန်းအတွက်လည်းကောင်း ၎င်းမှာ ရှေ့နောက်မညီသော အဆုံးသတ်တစ်ခုပင် ဖြစ်သည်။

ယခုတော့ သူတို့က သူတို့၏ ဖဲချပ်များကို ထုတ်ပြလိုက်ပြီဖြစ်ရာ ကျနော့်မှာ နောက်ဆုတ်စရာ နေရာမရှိတော့ချေ။

"အားလုံးပဲ ခင်ဗျားတို့ရဲ့ ဘွဲ့အမည်တွေကို တိုင်တည်ပြီး သစ္စာဆိုပေးကြပါ။ ဒီမှာ ကြားခဲ့ရတာတွေကို ဘယ်တော့မှ ပြန်မပြောပါဘူးလို့သစ္စာဆိုပါ"

နက္ခတ်များက တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြသည်။

[အင်း။ ဆိုရမှာပေါ့...]

[ဟွန်း… ဒါက ဘာမလို့လဲ။ ငါတို့က ဘယ်ကိုသွားပြီး ပြောနေမှာမလို့လဲ...]

[မင်းရဲ့ ■■ က ဘယ်လောက်တောင် ကြီးကျယ်နေလို့ ဒီလောက်တောင် ဖိအားပေးနေရတာလဲ]

ကျနော် ချက်ချင်း ပြန်မဖြေဘဲ ပြုံးရုံသာ ပြုံးပြလိုက်သည်။ ထိုအခါ နက္ခတ်များကြားတွင် လှုပ်ခတ်မှုတစ်ခု စတင်လာသည်။

[မဟုတ်မှလွဲရော]

နက္ခတ်များ၏ ခေါင်းထဲရှိ အတွေးများကို မြင်နေရသကဲ့သို့ပင်။ သူတို့၏ မျက်နှာအမူအရာများကို ကြည့်ရင်း ကျနော် တွေးလိုက်မိသည်။

ဟုတ်တယ်၊ အဲဒီအတိုင်းသာ တွေးစမ်းပါ။ စိုးရိမ်ပူပန်ပြီး သံသယဝင်နေကြစမ်း။ အဲဒါမှ ငါ လိုချင်တဲ့ ပုံရိပ်ကို ရရှိမှာလေ။

မူးယစ်နေသော နက္ခတ်များ၏ လှုပ်လှုပ်ရှားရှား ဖြစ်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိလာချိန်တွင် ကျနော် ဖြည်းညှင်းစွာ ပြောလိုက်သည်။

ဟန်ဆိုယောင်းသည် လမ်းမပေါ်တွင် လျှောက်လှမ်းနေသည်။ ထိုနေရာမှာ ဆိုးလ်၏ အပျက်အစီးများ ဖြစ်သည်။ လမ်းမများပေါ်တွင် ရှင်သန်ကျန်ရစ်သူဟူ၍ မရှိဘဲ သူတစ်ယောက်တည်း လမ်းလျှောက်နေခြင်း ဖြစ်သည်။ အမျိုးမျိုးသော ထင်ယောင်ထင်မှားဖြစ်မှုများက သူ၏ ခေါင်းထဲသို့ ဝင်ရောက်လာသည်။

အခု သူ ဘာလို့ ဒီမှာ ရောက်နေရတာလဲ။

သူသည် မဟူရာနဂါးကို အသုံးပြုပြီး နက္ခတ်များနှင့် တိုက်ခိုက်နေခဲ့သည်မှာ သေချာသည်။

မဟုတ်သေးဘူး၊ ဆိုးလ်က ပိတ်ထားခံရတာ မဟုတ်လား။ ဘာလို့လဲ...

မဟူရာနဂါး

မဟူရာမီးလျှံ အသူတစ်ရာနဂါး ထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။

"ဟေ့…လူ ရှိလား"

ဟန်ဆိုယောင်းသည် ပျက်စီးနေသော အဆောက်အဦးများကြားတွင် လျှောက်သွားရင်း အော်ဟစ်လိုက်သည်။ ဂွမ်ဟွာမွန်း ၏ ရင်းနှီးပြီးသား အဆောက်အဦးများကြားတွင် သားရဲများ၏ အလောင်းများမှာ တွဲလောင်းကျနေသည်။ ဟန်ဆိုယောင်းသည် နံစော်နေသော အလောင်းများကြားမှ ဖြတ်သွားတိုင်း တုန်ရင်သွားမိသည်။ ထိုအလောင်းများမှာ သူ့အနေဖြင့် ယခုလက်ရှိတွင် မရင်ဆိုင်နိုင်သော သားရဲများ ဖြစ်နေလေသည်။

ဘယ်လိုဖြစ်တာလဲ။ ဘာတွေဖြစ်သွားခဲ့တာလဲ။

သူ၏ မေးခွန်းများကို ဖြေပေးမည့်သူ မရှိချေ။

မဟုတ်သေးဘူး၊ တစ်စုံတစ်ယောက် ရှိနေလျှင်တောင် အဖြေမရှိတာက ပိုကောင်းလိမ့်မည်ဟု သူ တွေးလိုက်သည်။ အကယ်၍ ဤနေရာတွင် သက်ရှိတစ်ခုခု ရှိနေပါက ထိုအရာသည် ဤသားရဲများကို သတ်ခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် သားရဲကြီးသာ ဖြစ်ပေလိမ့်မည်။

ဒါက အိပ်မက်ဆိုရင်လည်း နိုးပါတော့...

ထိုစဉ် အဝေးတွင် လူတစ်ယောက်၏ အရိပ်ကို မြင်လိုက်ရသည်။ ၎င်းမှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ရင်းနှီးနေသည့် လူသားပုံသဏ္ဌာန် ဖြစ်သည်။ သူ၏ နှလုံးသားမှာ ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်သွားသည်။

"ကင်ဒေါ့ဂျာ"

ထိုလူက နောက်သို့ လှည့်ကြည့်လိုက်သည့် ခဏမှာပင် အသားကို ဖောက်ဝင်သွားသည့် အသံနှင့်အတူ ဝတ်စုံထဲမှ ဓါးတစ်လက် ရုတ်တရက် ထွက်ပေါ်လာသည်။ အဖြူရောင်ဝတ်စုံမှာ အနီရောင်သို့ ပြောင်းလဲသွားသည်။

ဟန်ဆိုယောင်းသည် အိပ်ပျော်နေရင်းမှ အော်ဟစ်ကာ နိုးလာသည်။

"ဟတ်... ဟတ်..."

ဟန်ဆိုယောင်းသည် မျက်တောင်ကို အကြိမ်အနည်းငယ် ခတ်လိုက်ပြီးနောက် လက်တွေ့ဘဝ၏ အာရုံများမှာ ဖြည်းဖြည်းချင်း ပြန်လည်ရောက်ရှိလာသည်။

"ဘာလဲဟ..."

သူသည် ရေရွတ်လိုက်မိသည်။ သူ၏ ကျောပြင်တစ်ခုလုံးမှာလည်း ချွေးများဖြင့် စိုရွှဲနေသည်။

['မဟူရာမီးလျှံ အသူတစ်ရာနဂါး' နက္ခတ်က သင်၏ တစ်ကိုယ်တော်ရေရွတ်မှုကို သဘောကျနေပါသည်။]

['မဟူရာမီးလျှံ အသူတစ်ရာနဂါး' နက္ခတ်က သင်သည် ယခုအခါ သူ၏ ဆက်ခံသူအစစ်အမှန် ဖြစ်လာပြီဟု ယုံကြည်နေပါသည်။]

"ပါးစပ်ပိတ်ထားစမ်း"

မဟူရာနဂါးက အဓိပ္ပာယ်မရှိတာတွေ ပြောနေသဖြင့် ဒါက လက်တွေ့ဘဝဖြစ်ကြောင်း သေချာသွားသည်။ ဟန်ဆိုယောင်းက နားထင်ကို လက်ဖြင့် ဖိလိုက်သည်။

ဘာလို့ ထိုလူက သူ၏ အိပ်မက်ထဲ ရောက်နေရတာလဲ။

ပုံမှန်ဆိုလျှင် ဟန်ဆိုယောင်းက အိပ်မက်ကို ဒီအတိုင်း လွှတ်ထားမည် ဖြစ်သော်လည်း ဤကမ္ဘာမှာ အယူသီးမှုများက လက်တွေ့ဖြစ်လာသော ကမ္ဘာ ဖြစ်သည်။ ထို့ကြောင့် ဤအိပ်မက်ကို လျစ်လျူရှု၍ မရနိုင်ချေ။ မကြာခင်မှာပင် သူ၏ လက်မောင်းတွင် ပတ်ထားသော ပတ်တီးကို သူ သတိပြုမိသွားသည်။

"ချီး... ဒါက အခုထိ မဖြေရှင်းရသေးဘူးပဲ"

"အဲဒါကို မဖြည်နဲ့ဦး။ နင်က ဒဏ်ရာရနေတုန်းပဲ"

ဟန်ဆိုယောင်းသည် အံ့အားသင့်ကာ နောက်သို့ လှည့်ကြည့်လိုက်သောအခါ အမျိုးသမီးတစ်ဦး ထိုနေရာတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။

"...ကင်ဒေါ့ဂျာရဲ့ အမေလား"

"ဒီလိုခေါ်တာ နင်တစ်ယောက်ပဲ ကျန်တော့တာပဲ"

လီဆော့ယောင်က ဟန်ဆိုယောင်း၏ ကျောနှင့် နဖူးကို တဘက်ဖြင့် သုတ်ပေးလိုက်သည်။

ဟန်ဆိုယောင်းက မေးလိုက်သည်။

"ဘာလို့ မိစ္ဆာနယ်မြေကို မသွားတာလဲ"

"ငါက ဘယ်လိုမျက်နှာနဲ့ အဲဒီကို သွားရမှာလဲ"

"ကင်ဒေါ့ဂျာကတော့ သဘောကျမှာပါ"

"နင်သာ သွားရင် သူ ပိုပြီး သဘောကျလိမ့်မယ်"

"...အန်တီက အန်တီ့သားအကြောင်း သိပ်မသိသေးဘူးပဲ"

ဟန်ဆိုယောင်းက သူ၏ နှုတ်ခမ်းလေးကို ဆူလိုက်သည်။ လီဆော့ယောင်က ခပ်ဖွဖွရယ်မောလိုက်ပြီး စိုစွတ်နေသော ခေါင်းအုံးကို အသစ်တစ်ခုဖြင့် လဲပေးလိုက်သည်။ ဟန်ဆိုယောင်းက ခေါင်းအုံးအသစ်ကို အနံ့ခံကြည့်ရင်း ပြောလိုက်သည်။

"အကုန်လုံး အဆင်ပြေပြေ ပြီးသွားပုံရတယ်"

"ဘာအကြောင်းကို ပြောနေတာလဲ"

"ကင်ဒေါ့ဂျာရဲ့ ကပ်ဘေးကြီးလေ"

မဟူရာနဂါး၏ ကြည်နူးနေသည့် အခြေအနေကို ကြည့်ရသည်မှာ မိစ္ဆာနယ်မြေဘက်က အခြေအနေများမှာ ကောင်းမွန်နေပုံရသည်။ ကိုရီးယားကျွန်းဆွယ်ပေါ်က ထိခိုက်မှုမှာလည်း ထင်ထားသလောက် မကြီးမားခဲ့ချေ။ ထိုနယ်မြေတွင် ဒဏ်ခတ်မှုတစ်ခု ရှိခဲ့သော်လည်း နိုင်ငံသားများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ခဲ့သည်။

အိပ်မက်က ဟန်ဆိုယောင်းကို စိတ်အနှောင့်အယှက် ဖြစ်စေသော်လည်း အိပ်မက်ဆိုသည်မှာ အိပ်မက်သာ ဖြစ်သည်။

"ဒါက မပြီးသေးဘူး"

"...ဟင်"

လီဆော့ယောင်သည် ဘာမှမပြောဘဲ ပန်းကန်ပြားတစ်ခုကို ယူလာပြီး ထိုအပေါ်တွင် ပေါ်နေသော 'နိမိတ်ကောင်း သို့မဟုတ် နိမိတ်ဆိုး၊ ကပ်ဘေး သို့မဟုတ် ပျော်ရွှင်ခြင်း' ဗေဒင်ကို ညွှန်ပြလိုက်သည်။ ဟန်ဆိုယောင်းသည် ရေမျက်နှာပြင်ပေါ်သို့ တက်လာသော စာလုံးများကို ဖတ်လိုက်သည်။ သူ မယုံနိုင်အောင် ဖြစ်သွားသည်။ ထို့ကြောင့် သူသည် လီဆော့ယောင်ကို ထိုဗေဒင်တွက်ချက်မှုကို အကြိမ်ကြိမ် ထပ်လုပ်ခိုင်းမိသည်။ အားလုံးက အတူတူပင် ဖြစ်နေသည်။ ဟန်ဆိုယောင်းသည် ပတ်တီးပတ်ထားသော သူ၏ လက်ကို ငုံ့ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

"ကင်ဒေါ့ဂျာကို ဆက်သွယ်ပေးပါ"

ပါတီပွဲကြီး ပြီးဆုံးသွားသည့်ညတွင် ကျနော် ရုံးခန်းထဲ၌ တစ်ယောက်တည်း ထိုင်နေမိသည်။ ပုံမှန်ဆိုလျှင်တော့ ချောကလက်ပူပူလေးတစ်ခွက်နှင့်အတူ Ways of Survival ကို ဖတ်ရှုရင်း အနားယူရန် အကောင်းဆုံးအချိန် ဖြစ်ပေလိမ့်မည်။ သို့သော် ယခုအချိန်တွင်မူ ထိုသို့လုပ်ရန် ကျနော့်မှာ အချိန်မပေးနိုင်ချေ။

စားပွဲပေါ်တွင် တင်ထားသည့် ဧရာမ အပျက်အစီး အပိုင်းအစကြီးကို ကျနော် စိုက်ကြည့်နေမိသည်။ ၎င်းမှာ ကျနော်နှင့် သူရိယ တို့ တိုက်ခိုက်ခဲ့စဉ်က နောက်ဆုံး ရထားတွဲမှ ပြုတ်ထွက်လာသည့် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ကျနော် မျက်လုံးကို မှိတ်လိုက်ပြီး ထိုစဉ်က အဖြစ်အပျက်များကို ပြန်လည် ပုံဖော်ကြည့်လိုက်သည်။

သူရိယ၏ ရထားမှာ ဒဏ္ဍာရီလာ ရထားနှင့်စာလျှင် ပို၍ တိုသည်။ ထို့အပြင် နောက်ဆုံး ရထားတွဲ၏ နောက်ကျောဘက်တွင် အပေါက်ကြီးတစ်ခု ရှိနေခဲ့သည်။ ရထား၏ အစိတ်အပိုင်းတစ်ခုမှာ အတင်းအဓမ္မ ဆွဲဖြတ်ခံထားရသည့်အတိုင်းပင်။

တစ်နည်းအားဖြင့် ပြောရလျှင် နောက်ဆုံးတွဲက မူလက ထိုနေရာတွင် မဟုတ်ခဲ့ချေ။ ကျနော် မျက်လုံးဖွင့်လိုက်ပြီး အပျက်အစီး အပိုင်းအစပေါ်ရှိ ဒဏ်ရာဒဏ်ချက်များကို တစ်ဖန် ပြန်လည် စစ်ဆေးကြည့်လိုက်သည်။ ကျနော့်အဖွဲ့ဝင်များနှင့် ဆရာများပင် ခဲယဉ်းစွာ ဖျက်ဆီးခဲ့ရသည့် သူရိယ၏ ရထားအစိတ်အပိုင်းကို ဆွဲဖြတ်ပစ်နိုင်သည့် အစွမ်းထက်သော အရာတစ်ခု ရှိနေခဲ့သည်။

...၎င်းမှာလည်း 'ထိုအရာ' ပင် ဖြစ်သည်။

ဒေါက်။ ဒေါက်။ ဒေါက်

တံခါးခေါက်သံကြောင့် ကျနော် မော့ကြည့်လိုက်ရာ တံခါးဝတွင် ရပ်ကြည့်နေသော ယူဆန်းအာ ကို မြင်လိုက်ရသည်။

"တောင်းပန်ပါတယ်။ ဒေါ့ဂျာ။ ကျမကြောင့် အနှောင့်အယှက် ဖြစ်သွားလား"

"မဟုတ်တာ။ ကျနော်ပဲ ခေါ်လိုက်တာလေ"

ကျနော် စားပွဲကို အမြန်ရှင်းလိုက်ပြီး ယူဆန်းအာကို နှုတ်ဆက်လိုက်သည်။ ယူဆန်းအာက အနည်းငယ် တုန်လှုပ်နေသော အမူအရာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် ကျနော် ထိုင်နေသည့် စားပွဲ၏ တစ်ဖက်ခြမ်းတွင် ဂရုတစိုက် ထိုင်လိုက်သည်။

"လက်ဖက်ရည် သောက်မလား"

"ဟင့်အင်း။ ရပါတယ်"

"ဒါဆို ရေရော..."

"ဟုတ်ကဲ့"

ကျနော်တို့နှစ်ဦးသည် စားပွဲလေး၏ တစ်ဖက်တစ်ချက်စီတွင် တိတ်ဆိတ်စွာ မျက်နှာချင်းဆိုင် ထိုင်နေမိကြသည်။ ကျနော် ခေါ်လိုက်ခြင်း ဖြစ်သော်လည်း စကားစရန် ခဲယဉ်းနေခဲ့သည်။ ယူဆန်းအာတွင်လည်း ကျနော့်ကို မေးစရာ မေးခွန်းများစွာ ရှိနေမည်မှာ သေချာသည်။ ကျနော်ကပဲ "မေးစရာရှိတာ မေးပါ" ဟု ပြောလိုက်သည်။

"တကယ်တော့ ကျမ ဒေါ့ဂျာအကြောင်းကို စဉ်းစားနေတာ တော်တော်ကြာပါပြီ"

ယူဆန်းအာ၏ လေသံမှာ စောင့်ဆိုင်းနေခဲ့သည့်အတိုင်းပင်။

"ဘာလို့ သူများတွေ မသိတဲ့ အနာဂတ်ကို ဒေါ့ဂျာက သိနေရတာလဲ။ ဘယ်လိုဖြစ်လို့ ဒီလိုအခြေအနေတွေမှာတောင် ဒေါ့ဂျာက အမြဲတမ်း တည်တည်ငြိမ်ငြိမ် ရှိနေနိုင်ပြီး တခြားသူတွေ မတွေးမိတဲ့ အဖြေတွေကို ရှာတွေ့နိုင်ရတာလဲ"

"ဒါဆို တစ်ခုခု သိသွားပြီလား"

"တချို့အရာတွေကို သိသလိုလို ရှိပေမဲ့ တချို့ကတော့ တစ်မျိုးကြီးပဲ ဖြစ်နေတယ်"

ယူဆန်းအာသည် ကျနော့်ကို လေ့လာနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သူသည် အက်ပလီကေးရှင်းဖြင့် စပိန်ဘာသာစကားကို လေ့လာသကဲ့သို့ လူတွေကိုလည်း လေ့လာနေခဲ့ခြင်း ဖြစ်နိုင်သည်။ သူသည် အမြဲတမ်းပင် အခြားသူများထက် အရင် ထိရောက်သည့် ရလဒ်များကို ရယူနိုင်သူ ဖြစ်၏။

"ဒေါ့ဂျာအတွက်တော့ ဒီကမ္ဘာကြီးက ဝတ္ထုတစ်ပုဒ်လိုပဲလား"

"ဘာလို့ အဲဒီလို ထင်ရတာလဲ"

"ပါတီပွဲမှာ ဒေါ့ဂျာ ပြောခဲ့တဲ့ စကားကြောင့်ပါ"

...ယူဆန်းအာ ပြောသည့်အတိုင်းပင်။ တကယ်တော့ ကျနော် ပြောနိုင်သည့် တစ်ခုတည်းသော အရာမှာ ကျနော်သည် နောက်ဆုံး အခန်းဆီကို ဦးတည်နေခြင်း ဖြစ်၏။

၎င်းမှာ ကျနော် ရရှိခဲ့သည့် ■■ အတွက် ကျနော့်၏ အဖြေပင် ဖြစ်သည်။ နောက်ဆုံး အခန်း။ စာမျက်နှာများကို တစ်ရွက်ချင်း လှန်ရင်း ရောက်ရှိရမည့် စာအုပ်တိုင်း၏ အဆုံးသတ်။

ယူဆန်းအာက ဆက်ပြောသည်။

"နက္ခတ်တွေကတော့ အတော်လေး အံ့အားသင့်သွားကြတယ်။ တချို့က အံ့ဩနေကြသလို တချို့ကလည်း ထိတ်လန့်ကုန်ကြတယ်"

နက္ခတ်တွေ အံ့အားသင့်သွားရမည်မှာ သေချာသည်။ ကျနော်ကိုယ်တိုင်လည်း ထိုသို့ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် ပြောခဲ့ခြင်း ဖြစ်သည်။

"ဒေါ့ဂျာ ထွက်သွားပြီးတဲ့နောက် ကျမ မရဏကမ္ဘာ၏ ဘုရင်မ ကို မေးကြည့်ခဲ့တယ်။ ဘာလို့ အားလုံးက ဒီလောက်တောင် အံ့ဩနေကြတာလဲ ဆိုတာကိုပေါ့"

"သူက ဘာပြောလဲ"

"သူက ဒေါ့ဂျာက အရမ်းကို ထူးခြားတယ်လို့ ပြောတယ်"

ယူဆန်းအာက ရေတငုံသောက်ပြီးနောက် ဆက်ပြောသည်။

"သက်ရှိတိုင်းမှာ မတူညီတဲ့ ■■ ပုံစံတွေ ရှိကြတယ်လို့ သိရတယ်။ အဲဒါတွေက အများအားဖြင့် ကိုယ်ပိုင် စကားလုံးတွေ ဖြစ်တတ်ကြတယ်လေ။ ကမ္ဘာပေါ်မှာ ■■ တွေ အများကြီး ရှိပေမဲ့ 'အဆုံးသတ်' ကို ဆိုလိုတဲ့ စကားလုံးမျိုးကို ရရှိဖို့ဆိုတာ အရမ်းကို ရှားပါးတယ်လို့ ကြားရတယ်"

ကြားလိုက်ရသူတိုင်း ၎င်းမှာ ထင်ရှားသည့် 'အဆုံးသတ်' ဖြစ်ကြောင်း နားလည်ကြပေလိမ့်မည်။ ၎င်းမှာ သက်ရှိအားလုံးအတွက် ဘက်စုံသုံးနိုင်သည့် စကားလုံးမျိုး ဖြစ်သည်။

"အဲ့ဒါအပြင် ဒီလောက် ထင်ရှားတဲ့ 'အဆုံးသတ်' ကို ရရှိတဲ့သူတွေက အိုလံပတ်စ်၊ ဝေဒ နဲ့ ပါပီရပ်စ် တို့လိုမျိုး... အင်အားကြီး နက်ဗျူလာတွေရဲ့ အမြင့်မြတ်ဆုံး နတ်ဘုရားတွေပဲ ရှိတယ်လို့ သိရတယ်"

"..."

"အခုတော့... ဒေါ့ဂျာကလည်း သူတို့ထဲက တစ်ယောက် ဖြစ်လာပြီပေါ့"

ယူဆန်းအာက ရှုပ်ထွေးနေသော မျက်ဝန်းများဖြင့် ကျနော့်ကို စိုက်ကြည့်နေသည်။ ယူဆန်းအာ၏ တုန်လှုပ်နေသော မျက်ဝန်းထဲတွင် ယူဆန်းအာကိုယ်တိုင်ပင် အတိုင်းအဆ မသိနိုင်သည့် ခံစားချက်များ ရှိနေလေသည်။

ကျနော်က "ဒါက ကောင်းတဲ့အရာပဲလေ" ဟု ပြန်ဖြေလိုက်သည်။

"...ကောင်းတယ် ဟုတ်လား"

"အခုမှပဲ ကျနော် တစ်ခုခုကို ကြိုးစားကြည့်လို့ ရတော့မှာလေ"

ကျနော် ပြုံးလိုက်သည်။ သို့သော် ယူဆန်းအာကမူ ပြန်မပြုံးပြခဲ့ချေ။

"ကမ္ဘာကြီး ပျက်စီးသွားပြီးတဲ့နောက်မှာ ဒေါ့ဂျာက ပိုပြီး ပျော်နေတယ်လို့ ကျမ ထင်ခဲ့တာ။ အရင်ကထက် ပိုပြီးတော့လည်း ရယ်တတ်လာတယ်၊ ပိုပြီးလည်း တက်ကြွလာသလိုပဲ... ဒါကြောင့် ကြည့်လို့ကောင်းတယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့..."

ယူဆန်းအာက ခေါင်းငုံ့လိုက်သည်။

"ဒေါ့ဂျာက ဘာလို့ ဒီကမ္ဘာကြီးကို လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းလို့ ထင်နေရတာလဲ"

ယူဆန်းအာသည် ကျနော့်ကို မသိသေးချေ။ ကျနော့်အတွက် 'ဇာတ်လမ်း' ဆိုသည်မှာ ဘာလဲ။ ဤကမ္ဘာကြီးသည် ကျနော့်အတွက် ဘာကို ဆိုလိုသလဲ။ ကျနော် ရှင်းမပြနိုင်သလို ဖော်ပြဖို့လည်း ခဲယဉ်းလှသည်။

"အာ…. တောင်းပန်ပါတယ် ဒေါ့ဂျာ။ ကျမကပဲ ဘောင်ကျော်သွားမိပြီထင်တယ်..."

သို့သော်လည်း ကျနော့်ကို ဤကဲ့သို့သော စကားမျိုး ပြောနိုင်သည့် တစ်ဦးတည်းသောသူမှာ ယူဆန်းအာ ပင် ဖြစ်သည်။ ယူဆန်းအာသည် မည်သူမျှ ဂရုမစိုက်သည့် အရာများကို သတိပြုမိသူ ဖြစ်သည်။

[သီးသန့်စွမ်းရည် 'ဇာတ်ကောင်စာရင်း' အသက်ဝင်လာပါပြီ။]

ယူဆန်းအာသည် ကျနော် ပထမဆုံး တွေ့ဆုံခဲ့သည့် လုပ်ဖော်ကိုင်ဖက် ဖြစ်သည်။ ဤကမ္ဘာကြီး မစတင်ခင်ကတည်းက လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့သူဟု ပြော၍ပင်ရနိုင်လေသည်။

[ဇာတ်ကောင်စာရင်း မှတစ်ဆင့် ဤပုဂ္ဂိုလ်၏ အချက်အလက်များကို ရယူ၍မရပါ။]

ပေါ်လာသည့် မက်ဆေ့ချ်ကြောင့် မမျှော်လင့်ဘဲ စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။

[လက်ရှိအချိန်တွင် သက်ဆိုင်ရာ ပုဂ္ဂိုလ်၏ အချက်အလက်များကို စုဆောင်းနေပါသည်။]

ယူဆန်းအာကို ဇာတ်ကောင်စာရင်း စသုံးခဲ့စဉ်က ယူဆန်းအာ၏ အချက်အလက်များကို ဖတ်၍မရသဖြင့် ကျနော် အလွန် စိုးရိမ်ခဲ့ဖူးသည်။

အခုကျမှ ဘာလို့ ပြောင်းပြန်ဝမ်းသာမိနေရတာလဲ။

ကျနော် သက်ပြင်းတစ်ချက် ဖွဖွချလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်သည်။ ကြည်လင်နေသော ကောင်းကင်ကြီးကို မြင်တွေ့နေရသည်။ ဤနေရာမှာ ဘာမှမဖြစ်သေးသည့် ကမ္ဘာတစ်ခု ဖြစ်သည်။

"ယူဆန်းအာ။ ကျနော် အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ"

ယခုအချိန်က ပြင်ဆင်ရန် အကောင်းဆုံး အချိန် ဖြစ်ပေတော့သည်။

အခန်း ၂၇၈

-အပိုင်း ၅၂ - ■■ (၃)

နက်ဗျူလာ အေဒင်။ ဤနက်ဗျူလာသည် ကပ်ဘေး၏ ကောင်းကင်တမန်များဖြင့် ဖွဲ့စည်းထားပြီး မိစ္ဆာများအတွက် ဘေးဒုက္ခတစ်ခုဖြစ်သလို မိစ္ဆာနယ်မြေ၏ ထာဝရရန်သူများလည်း ဖြစ်သည်။ ကောင်းကင်ဘုံ၏ အစောင့်အရှောက်များဖြစ်သော ထိုကောင်းကင်တမန်များသည် ဤကမ္ဘာပေါ်ရှိ မည်သည့်မိစ္ဆာကိုမျှ မကြောက်ရွံ့ကြချေ။

သို့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော အေဒင်၏ ကောင်းကင်တမန်များပင် မုန်းတီးသည့်အရာတစ်ခု ရှိ၏။

[အကြီးအကဲတို့။ အေဒင်မှာ သင်တို့ဟာ အပြည့်အဝ ပြင်ဆင်ထားပြီး တိုက်ပွဲမတိုင်ခင် အချိန်ကို စောင့်ဆိုင်းနေကြရမှာ ဖြစ်ပါတယ်]

ဤသည်က မက်တာထရွန်၏ စည်းကမ်းလမ်းညွှန်ချက်ပေးချိန် ဖြစ်သည်။ ယနေ့တွင် ဟောပြောပို့ချမှုကို တာဝန်ယူထားသူမှာ အနီရောင်အာကာသ၏ စစ်သေနာပတိ ဂျိုဖီရယ် ဖြစ်၏။

[မိစ္ဆာတွေရဲ့ စစ်မျက်နှာနှစ်ဖက်ပါတဲ့ စစ်ဗျူဟာတွေထဲ ကျရှုံးမသွားဖို့ သင်တို့ကို ကျွန်ုပ်တို့ တိုက်တွန်းပါတယ်]

ဂေဘရီရယ်က သူ၏ဖနောင့်ဖြင့် ကြမ်းပြင်ကို ဆောင့်နင်းလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"အို… ဘာလို့ ဒီနေ့မှ အဲဒီလူ ဖြစ်နေရတာလဲ"

အေဒင်၏ လေ့ကျင့်ရေးကွင်းထဲတွင် အဆင့်နိမ့်ကောင်းကင်တမန် ထောင်ပေါင်းများစွာ ရှိနေကြသည်။ ဂေဘရီရယ်ကဲ့သို့သော နတ်ခေါင်ချုပ်များမှာမူ သင်ကြားရေးလက်ထောက်များအဖြစ် ရှေ့ဆုံးတန်းတွင် နေရာယူထားကြလေသည်။

Aquariusရာသီခွင်တွင် ပွင့်သော နှင်းပန်း ဂေဘရီရယ်။

လူငယ်များနှင့် ခရီးသွားများ၏ နာယက ရာဖေးလ်။

တရားမျှတမှုနှင့် သဟဇာတဖြစ်ခြင်း၏ မိတ်ဆွေ ရာဂူရယ်။

တာဝန်ကျနေသော နတ်ခေါင်ချုပ်များမှလွဲ၍ အေဒင်၏ ထိပ်တန်းအဆင့်ရှိ နက္ခတ်အများစုမှာ စုရုံးရောက်ရှိနေကြသည်။

ဂျိုဖီရယ်၏ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ပေးမှုမှာ တစ်နာရီမျှ ကြာမြင့်နေပြီ ဖြစ်၏။ ဂေဘရီရယ်က တိတ်တဆိတ် သမ်းဝေလိုက်ပြီး ပျင်းရိသော မျက်လုံးများဖြင့် သူ၏လုပ်ဖော်ကိုင်ဖက်များကို ဝေ့ကြည့်လိုက်ရာ ထူးဆန်းသောအရာတစ်ခုကို သတိပြုမိသွားသည်။

"ဟေ့… ယူရီအယ် ဘယ်ရောက်နေတာလဲ"

တိမ်တိုက်ပေါ်တွင် ငိုက်မြည်းနေသော ရာဖေးလ်က သူ၏ကောက်ကွေးနေသော ဆံပင်များကို ပြင်ရင်း ပြန်ဖြေလိုက်သည်။

"ယူရီအယ်က အကျဉ်းချခံထားရတယ်"

"အကျဉ်းချခံထားရတယ် ဟုတ်လား"

"စာရေးတော်ရဲ့ ပြောဆိုဆုံးမမှုကို ခံနေရတာလေ။ မင်းမသိဘူးလား"

...သူ ဘာလုပ်လိုက်လို့လဲ။ ရာဖေးလ်က စိတ်ပျက်စရာ ကောင်းသည့်အလား လေညင်း၏စွမ်းအားကို အသုံးပြု၍ ပြောလိုက်သည်။ ဂေဘရီရယ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ဘာ… တကယ်လား။ ယူရီအယ်ကလား"

"ဟုတ်တယ်၊ ဟုတ်တယ်။ သူ့ကို ရုပ်သံထုတ်လွှင့်ခွင့် သုံးနှစ် ပိတ်လိုက်တယ်"

ယူရီအယ်က သုံးနှစ်တောင် အကျဉ်းချခံရမည်တဲ့လား။

ဂေဘရီရယ်က မမျှော်လင့်ထားသော သတင်းကြောင့် ရယ်မောလိုက်သည်။

စည်းကမ်းလမ်းညွှန်ချက်ပေးချိန်မှာ မိနစ် ၃၀ ကြာပြီးနောက် ပြီးဆုံးသွားသည်။ မက်တာထရွန်က အဆင့်နိမ့်ကောင်းကင်တမန်များကို ပြန်ခွင့်ပေးလိုက်ပြီး နတ်ခေါင်ချုပ်များကို သီးသန့်ခေါ်ယူလိုက်သည်။ 'ကောင်းကင်ဘုံ၏ စာရေးတော်' မက်တာထရွန်တွင် ခါးအထိရှည်သော ခိုပြာရောင်ဆံပင်များ ရှိပြီး ယနေ့တွင် သူ၏အမူအရာမှာ ပင်ပန်းနေပုံရသည်။ အာမာဂေဒုန်(ကမ္ဘာပျက်ချိန် တရားစီရင်သည့်နေ့) ဖြစ်ပွားနိုင်ခြေကို တားဆီးရန် ကြိုးပမ်းနေရသဖြင့် သူ အလုပ်များနေခြင်း ဖြစ်သည်။

မက်တာထရွန်က သူ၏ပါးလွှာသော မျက်မှန်ကို ပင့်တင်လိုက်ပြီး ပြောလိုက်သည်။

[ဂျိုဖီရယ်၊ ပင်ပန်းရကျိုးနပ်ပါတယ်။ ကောင်းမွန်တဲ့ ဟောပြောချက်တစ်ခု ဖြစ်ခဲ့ပါတယ်]

ဂျိုဖီရယ်က ခေါင်းငြိမ့်ပြလိုက်သည်။ မက်တာထရွန်က နတ်ခေါင်ချုပ်များကို ဝေ့ကြည့်လိုက်ပြီး မေးလိုက်သည်။

[ယူရီအယ် မလာဘူးလား]

[ခင်ဗျားပဲ သူ့ကို အကျဉ်းချထားတာ မဟုတ်လား။ ဒါကြောင့်ပဲ သူ ဒီမှာ မရှိတာလေ]

ဂေဘရီရယ်၏ စကားကြောင့် အခြားနတ်ခေါင်ချုပ်များက တခိခိရယ်ကြသည်။ သို့သော်လည်း မက်တာထရွန်ကမူ မရယ်ချေ။ နတ်ခေါင်ချုပ်များမှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ယူရီအယ်သည် စာရေးတော်အတွက် ခေါင်းခဲစရာဖြစ်ကြောင်း ဤနေရာရှိ မည်သည့်ကောင်းကင်တမန်မျှ မသိဘဲ မနေချေ။ ပထမဆုံး စကားစပြောသူမှာ ပါးပြင်ပေါ်တွင် မှဲ့ခြောက်အနည်းငယ်ရှိသော နတ်ခေါင်ချုပ် ရာဂူရယ် ဖြစ်သည်။

[စိတ်မရှိပါနဲ့။ စာရေးတော်။ သုံးနှစ်တောင် အကျဉ်းချထားတာက အရမ်းမများလွန်းဘူးလား။ မကြာသေးခင်က ယူရီအယ်က ရုပ်သံထုတ်လွှင့်မှုကြောင့် တော်တော်လေး တက်ကြွနေခဲ့တာလေ...]

ပျင်းရိဖွယ်ကောင်းသော နှစ်ပေါင်းများစွာကို သည်းခံဖြတ်ကျော်နေရသည့် နက္ခတ်များအတွက် တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှု၏ အဓိပ္ပာယ်မှာ အလွန်ပင် ကြီးမားလှသည်။ အချို့သော ကောင်းကင်တမန်များက 'တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှု' ကို အေဒင်တွင် ခွင့်ပြုထားသော တစ်ခုတည်းသော မူးယစ်ဆေးဟုပင် ခေါ်ဆိုကြ၏။

[ဘာတွေပြောနေတာလဲ ရာဂူရယ်။ စာရေးတော်က အဲဒီ ■ ကို ဘယ်နှစ်ကြိမ်တောင် ခွင့်လွှတ်ပေးခဲ့ရလဲဆိုတာ သိလား]

ဂေဘရီရယ်၏ စကားကြောင့် ရာဂူရယ်၏ အမူအရာ တင်းမာသွားသည်။

[ဂေဘရီရယ်။ လုပ်ဖော်ကိုင်ဖက် ကောင်းကင်တမန်ကို စော်ကားတာက ကြီးလေးတဲ့ ပြစ်မှုပဲ]

[ငါပြောတာက မှားလို့လား။ သူ ပျင်းလာတိုင်း မိစ္ဆာတစ်ကောင်ရဲ့ လည်ပင်းကို ဆွဲညှစ်ပြီး ထူးထူးဆန်းဆန်းတွေ လုပ်နေတာလေ...]

[ဂေဘရီရယ်]

တင်းမာနေသော လေထုကို ငြိမ်သက်သွားစေသူမှာ မက်တာထရွန် ဖြစ်သည်။

[ယူရီအယ်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ငါ ဆုံးဖြတ်ပါ့မယ်]

မက်တာထရွန်ထံမှ ထွက်ပေါ်လာသော မြင့်မြတ်သည့် အရှိန်အဝါကြောင့် စိတ်လှုပ်ရှားနေသော ကောင်းကင်တမန်အားလုံး ပါးစပ်ပိတ်သွားကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားချိန်တွင် မက်တာထရွန်က အဓိကအချက်ကို ပြောလိုက်သည်။

[မိစ္ဆာနယ်မြေ ညီလာခံနဲ့ ပတ်သက်ပြီး သင်တို့ကို တာဝန်အသစ်တစ်ခု ပေးမလို့ပဲ]

မိစ္ဆာနယ်မြေ ညီလာခံ။ နတ်ခေါင်ချုပ်များ၏ အမူအရာမှာ တင်းမာသွားသည်။ အေဒင်နှင့် မိစ္ဆာနယ်မြေကြားရှိ မျှခြေမှာ မကြာသေးမီက ၇၃ ခုမြောက် မိစ္ဆာနယ်မြေတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ယိုင်နဲ့နေခဲ့ပြီ ဖြစ်သည်။

[၇၃ ခုမြောက် မိစ္ဆာနယ်မြေရဲ့ အုပ်စိုးသူဖြစ်တဲ့ 'ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်' ကို စောင့်ကြည့်ဖို့ နတ်ခေါင်ချုပ်တစ်ပါး လိုအပ်တယ်]

ကောင်းကင်တမန်များ၏ မျက်နှာတွင် ရှုပ်ထွေးမှုများ ပြည့်နှက်သွားသည်။ ဂေဘရီရယ်က စူးရှသောအသံဖြင့် မေးလိုက်သည်။

[နေပါဦး၊ အဲဒါက မူလက ယူရီအယ်ရဲ့ တာဝန် မဟုတ်လား။ ပြီးတော့ အဲဒါက မိစ္ဆာနယ်မြေ ညီလာခံနဲ့ ဘာဆိုင်လို့လဲ...]

[သက်ဆိုင်တာပေါ့။ အခု ယူရီအယ်က အကျဉ်းချခံထားရတဲ့အတွက် တခြားနတ်ခေါင်ချုပ်တွေက သူ့ရဲ့ အလုပ်ကို လုပ်ပေးဖို့ လိုအပ်တယ်]

မက်တာထရွန်၏ အကြည့်မှာ နတ်ခေါင်ချုပ်များဆီသို့ ရွေ့လျားသွားသည်။

[ရာဖေးလ်က နောက်အပတ်မှာ ပညတ်တော်ခရီးစဉ် ရှိတယ်၊ ရာဂူရယ်က ဝေဒ ဆီကို သွားဖို့ စီစဉ်ထားတယ်၊ ဒါကြောင့် ဒီတာဝန်က...]

စာရေးတော်၏ မျက်လုံးများမှာ နောက်ဆုံးတွင် နတ်ခေါင်ချုပ် တစ်ပါးဆီ၌ ရပ်တန့်သွားတော့သည်။

[...ငါလား]

ပါတီပွဲကြီး ပြီးဆုံးသွားပြီးနောက် ရက်များတွင် အဖွဲ့ဝင်များသည် မမျှော်လင့်ထားသော ဇိမ်ခံမှုများကို ခံစားခဲ့ကြရသည်။

"ဒေါ့ဂျာ။ ကျုပ် လက်ခံလို့ ဖြစ်ပါ့မလား"

"ဒါက ဟန်းဆောင် အတွက် ကျနော် ဝယ်ပေးတာပါ"

ကင်ဒေါ့ဂျာသည် သူ မရှိခဲ့သည့် အချိန်များအတွက် လျော်ကြေးပေးသည့်အလား နေ့စဉ်နှင့်အမျှ ဒိုကဲဘီ အိတ်ထဲမှ အဝတ်အထည်များနှင့် ပစ္စည်းများကို အဖွဲ့ဝင်များအတွက် ဝယ်ပေးခဲ့သည်။ အထူးသဖြင့် ကလေးများက ပို၍ စိတ်လှုပ်ရှားနေကြသည်။

"ဟေ့… ဒါကို ကြည့်စမ်း။ ရှင်ယူဆောင်း"

"ငါလည်း လက်ဆောင်ရပါတယ်ဟ"

ရှင်ယူဆောင်းနှင့် လီဂီယောင်တို့သည် ကင်ဒေါ့ဂျာ ဝယ်ပေးထားသည့် အဆင်တန်ဆာများကို ဆင်မြန်းကာ လမ်းမများပေါ်တွင် ရယ်မောပြေးလွှားနေကြသည်။ ထိုမြင်ကွင်းကို ကြည့်ပြီး ယောင်ဟီဝန်က ရယ်မောလိုက်သည်။

"ကလေးတွေကို ကြည့်ရတာ ခရစ္စမတ်သစ်ပင်လေးတွေကျနေတာပဲ"

ကလေးနှစ်ယောက်သည် လီဟန်းဆောင်၏ ဧရာမပခုံးကြီးများပေါ်တွင် ထိုင်နေကြသည်။ လီဟန်းဆောင်ကိုယ်တိုင်လည်း ထို့အတူပင်။ သူသည် ကင်ဒေါ့ဂျာထံမှ ရရှိထားသည့် ဒိုင်းအသစ်ကြောင့် စိတ်လှုပ်ရှားနေခဲ့၏။

"...ငတုံး သုံးယောက်"

ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ယောင်ဟီဝန်ရေရွတ်လိုက်ရာ တြိဂံပုံစံ ကင်ပတ် နှင့်တူသော ဦးထုပ်ကို ဆောင်းထားသည့် လီဂျီဟယ် လျှောက်လာသည်ကို မြင်လိုက်ရသည်။ အကယ်၍ အခြားသုံးယောက်က ခရစ္စမတ်သစ်ပင်နှင့် တူသည်ဆိုလျှင် လီဂျီဟယ်ကမူ သုံးထပ်ကိတ်မုန့်ကြီးနှင့် တူနေလေသည်။

"အခုတလော ဦးလေးကြီးဒေါ့ဂျာနဲ့ အဆင်ပြေနေတာလား"

"ငါက အပေါင်းအဖော်တွေရဲ့ အရေးပါမှုကို နောက်ကျမှ သဘောပေါက်သွားလို့ပါ"

ယောင်ဟီဝန်၏ တုံ့ပြန်မှုကြောင့် လီဂျီဟယ်က မျက်လုံးလေး မှေးကာစိုက်ကြည့်လိုက်၏။

"အမကြီး... မဟုတ်မှလွဲရော ဘာမှမရသေးဘူးမလား"

"ငါ့အတွက် မလိုပါဘူး"

တကယ်တော့ ကင်ဒေါ့ဂျာသည် ယောင်ဟီဝန်ထံသို့ အကြိမ်အနည်းငယ် လာရောက်ခဲ့ဖူးသည်။ သို့သော် သူသည် ယောင်ဟီဝန်ကို မည်သည့်ပစ္စည်းမျှ မပေးခဲ့ဘဲ လေ့ကျင့်ခန်းအချို့နှင့် ဝှက်ထားသော အရာများအကြောင်းကိုသာ သင်ကြားပေးခဲ့သည်။ ထိုအရာများသည် သူ မပါဘဲလည်း ယောင်ဟီဝန်ကိုယ်တိုင် လုပ်နိုင်သည့်အရာများဖြစ်ကြောင်း ယောင်ဟီဝန်က ပြောလိုက်စဉ်က ကင်ဒေါ့ဂျာ၏ ဖြစ်ပျက်သွားသော မျက်နှာအမူအရာကို ယောင်ဟီဝန်၏စိတ်ထဲတွင် ထင်ထင်ရှားရှား ရှိနေဆဲပင်။

ယောင်ဟီဝန်က လီဂျီဟယ်ကို စနောက်ရန် ပြင်နေစဉ် တစ်စုံတစ်ယောက်က ယောင်ဟီဝန်၏ပုခုံးကို ပုတ်လိုက်လေသည်။ လှည့်ကြည့်လိုက်ရာ ပင်ပန်းနွမ်းနယ်နေသော ကင်ဒေါ့ဂျာကို တွေ့လိုက်ရ၏။

"အာ…. ဒေါ့ဂျာ..."

ကင်ဒေါ့ဂျာသည် မျက်ကွင်းညိုနေသော မျက်နှာဖြင့် ယောင်ဟီဝန်ထံသို့ တစ်စုံတစ်ခုကို ကမ်းပေးလိုက်သည်။

"ဒါက..."

"ဒါက ဝတ်စုံအသစ်ပါ။ ဝတ်ရတာ ပိုပြီး သက်သောင့်သက်သာ ရှိလိမ့်မယ်"

ယောင်ဟီဝန်သည် အဝတ်အစားများကို ငေးငိုင်စွာ လက်ခံလိုက်သည်။ ထိုဝတ်စုံမှာ ဝတ်ရုံရှည်ကြီးပါသော အပြာရောင်သန်းသည့် မဟူရာရောင် အထူးဝတ်စုံ ဖြစ်သည်။ ယောင်ဟီဝန် ထိုဝတ်စုံကို အရောင်းအဝယ်ဌာနတွင် တွေ့ခဲ့ဖူးသော်လည်း ဈေးကြီးလွန်းသဖြင့် မဝယ်ခဲ့ရပေ။

"ဒီအင်္ကျီတွေက ဈေးကြီးလွန်းတယ်လေ။ ငါ့မှာ ရှိသေးတာပဲကို..."

ကင်ဒေါ့ဂျာက ဘာမှမပြောဘဲ ခေါင်းခါပြလိုက်သည်။ ယောင်ဟီဝန်သည် သူ၏ အကဲခတ်ရခက်သော မျက်နှာအမူအရာကို ကြည့်ရင်း ဟိုးအရင်က ကိစ္စတစ်ခုကို ပြန်လည်သတိရလိုက်သည်။ ချွန်မူရိုတွင် ရှိစဉ်ကလည်း ကင်ဒေါ့ဂျာထံမှ အဝတ်အစားတစ်စုံကို ယောင်ဟီဝန် ရရှိခဲ့ဖူးသည်။ ထိုစဉ်ကတော့ အဝတ်စုတ်လေး တစ်ခုမျှသာ။

['တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး' နက္ခတ်က ကိုယ်စားလှယ် 'ယောင်ဟီဝန်' ကို စိတ်ပျက်နေပါသည်]

"နင်က ငါ့ရဲ့ ဓါးအဖြစ် လက်ခံခဲ့တာပဲ။ နင့်အတွက် အနည်းဆုံးတော့ ဒီလောက်တော့ လုပ်ပေးသင့်ပါတယ်"

ကင်ဒေါ့ဂျာက ထိုသို့ပြောပြီးနောက် တစ်ခြားကိစ္စ ရှိနေသည့်အလား ချက်ချင်းပင် လှည့်ထွက်သွားသည်။ ယောင်ဟီဝန်သည် ကင်ဒေါ့ဂျာ၏ ကျောပြင်ကို ငေးကြည့်ရင်း လက်ထဲမှ အထူးဝတ်စုံကို ကိုင်ကြည့်နေမိသည်။

ဘေးနားမှ လီဂျီဟယ်က ပြုံးစစဖြင့် ပြောလိုက်သည်။

"အမကြီးရဲ့ ပါးစပ်က..."

"ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး၊ ပါးစပ်နားမှာ တစ်ခုခု တွေ့လို့ပါ။ အမကြီး မကြိုက်ဘူးဆိုရင်လည်း ကျမရဲ့ ဦးထုပ်နဲ့ လဲလိုက်လေ။ အဲဒီဝတ်စုံက တကယ့်ကို ရိုမန်တစ်ဆန်တာနော်"

"မလဲနိုင်ပါဘူး"

ယောင်ဟီဝန် သေချာကြည့်လိုက်ရာ ဝတ်စုံပေါ်တွင် လီဟန်းဆောင်၏ ဒိုင်းနှင့် ဆင်တူသော ပုံစံတစ်ခုကို တွေ့လိုက်ရသည်။ ယူဆန်းအာ က လုပ်ပေးတာလား... ယောင်ဟီဝန်သည် အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ မဖတ်တတ်သဖြင့် ခေါင်းကုတ်ကာ ဆက်ဖတ်ရန် လက်လျှော့လိုက်သည်။

ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်လေ။

"ဒါနဲ့ အစားအသောက်တွေကိုတောင် ပိုက်ဆံနဲ့ ရောင်းတဲ့ဦးလေးကြီးက ဘာလို့ ရုတ်တရက်ကြီး ဒီလိုတွေ လုပ်နေရတာလဲ"

"မသိဘူးလေ။ အရင်တုန်းကလိုပဲ တစ်ခုခု ထူးထူးဆန်းဆန်း ကြံစည်နေတာလည်း ဖြစ်နိုင်တာပဲ"

ကင်ဒေါ့ဂျာ ဆိုလျှင်တော့ ထူးဆန်းမည် မဟုတ်ချေ။ သူက ယောင်ဟီဝန်ကို ဤမျှကောင်းသည့် ပစ္စည်းတစ်ခု ပေးသည်ဆိုလျှင် ယောင်ဟီဝန်ကို သေချာပေါက် အပြင်းအထန် ခိုင်းစေတော့မည်မှာ သေချာသည်။

ယောင်ဟီဝန်သည် ထိုဝတ်စုံကို ကြည့်ရင်း လစာကြိုတင်ထုတ်ထားသည့် ရုံးဝန်ထမ်းတစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။ ဝတ်ရုံရှည်အင်္ကျီကို မည်သို့ဝတ်လျှင် ပို၍ စမတ်ကျမည်နည်းဟု လီဂျီဟယ်နှင့် ဆွေးနွေးနေစဉ် တစ်စုံတစ်ယောက် ပေါ်လာပြီး တစ္ဆေတစ်ကောင်ကဲ့သို့ ယောင်ဟီဝန်တို့နားမှ ဖြတ်သွားသည်။

"ယူဆန်းအာ။ ဘာကိစ္စရှိလို့လဲ"

"ဟင်။ အာ… ဟုတ်ကဲ့။ ဘာမှမဟုတ်ပါဘူး"

လေဟာနယ်ကို ငေးကြည့်နေသော ယူဆန်းအာက အံ့အားသင့်စွာ တုံ့ပြန်လိုက်သည်။ ယူဆန်းအာ၏ သူငယ်အိမ်များမှာ ဗလာဖြစ်နေ၏။ ယောင်ဟီဝန်က တစ်ခုခု ထူးဆန်းနေသည်ကို သိရှိသဖြင့် စကားပြောရန် ကြိုးစားလိုက်သော်လည်း လီဂျီဟယ်က တစ်လှမ်း ပိုမြန်သွားသည်။

"အာဟ…. ကျမ နားလည်ပြီ။ အမကြီးဆန်းအာက ပစ္စည်းမရသေးဘူး မဟုတ်လား"

ယောင်ဟီဝန်က လီဂျီဟယ်၏ နံဘေးကို တွတ်လိုက်ရာ လီဂျီဟယ်ဆီက အော်သံလေးတစ်ချက် ထွက်သွားသည်။ ယူဆန်းအာက အားကိုးရာမဲ့စွာ ပြုံးလိုက်သည်။

"အခုတလော အတွေးတွေ များနေလို့ပါ... ဟီဝန်။ အဲဒီဝတ်စုံက တကယ့်ကို လှတာပဲ"

"အာ… ဟုတ်ကဲ့။ ဒေါ့ဂျာ ပေးတာပါ... ဝတ်ဖို့တော့ နည်းနည်း များလွန်းသလိုပဲ"

"ကျမထင်တာတော့ ရှင်နဲ့ တော်တော်လေး လိုက်ဖက်မှာပါ"

"ဒါဆိုရင်တော့ ကျေးဇူးပါပဲ"

ယောင်ဟီဝန်က ခေါင်းကုတ်လိုက်သည်။ ယူဆန်းအာ၏ လက်ကောက်ဝတ်တွင် အရင်က မတွေ့ဖူးသည့် တောက်ပြောင်နေသော လက်ကောက်တစ်ခု ရှိနေ၏။

လေထုက အနည်းငယ် အနေခက်သွားသဖြင့် ယောင်ဟီဝန်က အနေခက်စွာ မေးလိုက်သည်။

"အာ… ဟုတ်သားပဲ။ အခုတလော ဒေါ့ဂျာ ဘယ်လိုနေလဲ"

"ဒေါ့ဂျာလား"

ယူဆန်းအာ၏ အမူအရာက ဘာကို ဆိုလိုတာလဲဟု ပြန်မေးနေသည့်အလား ဖြစ်နေသည်။ သတင်းအမှား ရထားပုံရသော ယောင်ဟီဝန်က စကားတွေကို ရှုပ်ထွေးစွာ ပြောလိုက်သည်။

"အဲ... ဟိုလေ... ကျမ ဆိုလိုတာက... ရှင့်တို့နှစ်ယောက် အဆင်ပြေရဲ့လားလို့ သိချင်ရုံတင်ပါ..."

ယူဆန်းအာက ခေါင်းလေးကို တစ်ဖက်သို့ စောင်းလိုက်ပြီး ရေရွတ်လိုက်သည်။

"အင်း... ကျမ ထင်တာတော့ ကုမ္ပဏီမှာတုန်းကအတိုင်းပဲ တူတူပါပဲ..."

ကုမ္ပဏီမှာတုန်းကနှင့် အတူတူပင်။ ထိုစကားက မျှော်လင့်တကြီး စောင့်ကြည့်နေသူတစ်ဦးအတွက် ခက်ခဲသော အဖြေတစ်ခု ဖြစ်သည်။ လီဂျီဟယ်က ယောင်ဟီဝန်ကို တိုးတိုးလေး ပြောလိုက်သည်။

"ကျမ အရင်က ပြောသားပဲ။ သူတို့ကြားမှာ ဘာမှမရှိပါဘူးလို့။ ဦးလေးကြီးဒေါ့ဂျာရဲ့ အကြိုက်က အဲဒီလို မဟုတ်ဘူး။ ကျမတို့..."

"နင့်ရဲ့ ထောက်ပံ့သူက ဘာလို့ နင့်ကို သဘောကျလဲဆိုတာ ငါ အခုမှ နားလည်တော့တယ်။ ဒါနဲ့ နင့်ဆရာရော နိုးပြီလား"

"မနိုးသေးဘူး။ နောက်ထပ် ရက်အနည်းငယ်လောက် ကြာဦးမယ်လို့ ကြားတယ်"

အဝေးတွင် ကင်ဒေါ့ဂျာသည် တစ်ယောက်တည်း စကားပြောနေသည့်အလား လူနာဆောင်ဘက်သို့ ဦးတည်သွားနေသည်ကို မြင်လိုက်ရသည်။

"တစ်ခုခု ပေးစရာ ရှိလို့လား..."

နာရီစင်ကြီးမှာ ပြီးစီးခါနီး ဖြစ်နေပြီ ဖြစ်သည်။ အဖွဲ့ဝင်များ၏ ဆူညံသော ရယ်မောသံများကို ကြားနေရ၏။ ဂုံဖီဒူသည် စက်သေနတ်ကဲ့သို့သော အရာတစ်ခုကို ဖြုတ်နေပြီး ဟန်မြုံအိုကမူ ခြေတုအသစ်တစ်ခုကို စမ်းသပ်နေလေသည်။

အကြောင်းရင်းကို မသိရဘဲ ယောင်ဟီဝန်သည် စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် အခုတော့ အဖွဲ့ဝင်အားလုံး စုစည်းမိကြလေပြီ။ မကြာခင်မှာ သူတို့တွေ ကမ္ဘာမြေကို ပြန်သွားကြပြီး ငရဲကဲ့သို့သော ဇာတ်ဝင်ခန်းများကို တစ်ဖန် ပြန်လည်ရင်ဆိုင်ကြရပေဦးမည်။ သို့သော်လည်း ယောင်ဟီဝန်သည် ကြောက်ရွံ့မနေခဲ့ချေ။ ယောင်ဟီဝန်သည် နာရီစင်ပေါ်မှနေ၍ နေဝင်ချိန်ကို ကြည့်ရင်း ရုပ်ရှင်ရုံဇာတ်ဝင်ခန်းတွင် ကြားခဲ့ရသော စကားများကို ပြန်လည် အမှတ်ရနေမိသည်။

--ငါက ဝတ္ထုရဲ့ နောက်ဆုံးအခန်းကို မြင်ချင်တာ။

ထိုစဉ်က ထိုစကားများကို ပြောခဲ့သော ကင်ဒေါ့ဂျာကို ကြည့်ရသည်မှာ အလွန် အထီးကျန်နေပုံရသည်။ ထိုအချိန်တုန်းက သူ ဘာကို ဆိုလိုမှန်း သူမ မသိခဲ့သော်လည်း အခုတော့ အနည်းငယ် သိလာသလို ခံစားရသည်။ ယခုတော့ အရာအားလုံးက ရှင်းလင်းသွားပြီ ဖြစ်သည်။

'နောက်ဆုံးအခန်း' ရောက်လာသည့်အခါ ကင်ဒေါ့ဂျာသည် တစ်ယောက်တည်း ဖြစ်နေတော့မည် မဟုတ်ချေ။

ပါတီပွဲကြီး ပြီးဆုံးသွားပြီးနောက် ရက်အနည်းငယ်အကြာတွင် ဖြစ်သည်။ စက်မှုဇုန်ထဲတွင် ရှိနေကြသော နက္ခတ်များသည် တစ်ပါးပြီးတစ်ပါး စတင်ထွက်ခွာသွားကြသည်။ ထိုနက္ခတ်များကို လိုက်လံပို့ဆောင်ရင်း ကျနော့်အပေါ်အင်္ကျီ၏ ရင်ဘတ်အိတ်ကပ် ထဲတွင် ပန်းနှစ်ပွင့်ကို တွေ့လိုက်ရသည်။

"ဒါက ဘာလဲ"

၎င်းမှာ အနီရောင်အာကာသပန်း တစ်ပွင့်နှင့် နှင်းပန်းတစ်ပွင့် ဖြစ်သည်။ သိပ်တော့ လိုက်ဖက်လှသည့် ပေါင်းစပ်မှုမျိုး မဟုတ်ချေ... ကလေးတွေ လုပ်ထားတာများလား။ ကျနော် ထိုပန်းများကို သေသေချာချာ သိမ်းဆည်းလိုက်ပြီး ရင်ပြင်ဘက်သို့ ဦးတည်လိုက်သည်။ အချို့သော နက္ခတ်များမှာ ကူးပြောင်းမုခ်ဝကို ဖြတ်ကျော်သွားကြပြီ ဖြစ်သည်။ ထွက်ခွာသွားသူများထဲတွင် ကျနော့်ရှေ့က လူကြီးအပါအဝင် 'ကင်ဒေါ့ဂျာ၏ ကုမ္ပဏီ' နက်ဗျူလာနှင့် အထူးစာချုပ် ချုပ်ဆိုထားသော နက္ခတ်များလည်း ပါဝင်သည်။

[မင်းက စစ်ပွဲအတွက် ပြင်ဆင်နေပုံရတယ်။ အဲဒီလောက်ကြီး စိတ်မလောပါနဲ့ဦး]

"ဇာတ်ဝင်ခန်းထဲမှာဆိုရင် ဒါက အမြဲတမ်း စစ်ပွဲပါပဲ"

ကျနော့်စကားကြောင့် ထုတ်လုပ်ရေး လုပ်ငန်းရှင်က တခိခိ ရယ်မောလိုက်သည်။

[မင်းကို တခြားနက္ခတ်တွေနဲ့ မတူဘဲ ကွဲထွက်နေစေချင်တာ]

"ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်"

ကျနော်က ပြုံးလျက် ဦးညွှတ်လိုက်သည်။ ထုတ်လုပ်ရေး လုပ်ငန်းရှင်သည် ကားတံခါးကို ဖွင့်လိုက်ပြီးမှ ခဏရပ်ကာ ကျနော့်ကို လှည့်ကြည့်လာသည်။

[နောက်ဆုံးအနေနဲ့ မေးချင်တာ တစ်ခုရှိသေးတယ်...]

"ဟုတ်ကဲ့။ အားမနာတမ်း မေးနိုင်ပါတယ်"

ထုတ်လုပ်ရေး လုပ်ငန်းရှင်က ချက်ချင်း မမေးသေးဘဲ ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ ရေရွတ်လိုက်သည်။

[...မင်းရော ■■ ဆိုတာဟာ အတိအကျက ဘာလဲဆိုတာကို တွေးဖူးလား]

သူက မီးခြစ်ကို ခြစ်လိုက်ပြီး ဆေးလိပ်ထိပ်ကို မီးတို့လိုက်သည်။ ထုတ်လုပ်ရေး လုပ်ငန်းရှင်က သက်ပြင်းတစ်ချက်ချကာ ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်ပြီးနောက် ဆက်ပြောသည်။

[အဲဒါက ငါတို့ ရောက်ရှိချင်တဲ့ နေရာလား၊ ဒါမှမဟုတ် ကံကြမ္မာက ငါတို့ကို လမ်းပြခေါ်ဆောင်သွားမယ့် နေရာလား။ အဲဒါက နေရာတစ်ခုလား၊ ဘဝတစ်ခုလား၊ ဒါမှမဟုတ် အာကာသတစ်ခုလား]

ထုတ်လုပ်ရေး လုပ်ငန်းရှင်သည် ဤမေးခွန်းကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွေးတောခဲ့ဖူးပုံရသည်။ နောက်ဆုံးတော့ သူလည်း အဖြေကို ရှာတွေ့ခဲ့မည် မဟုတ်ချေ။

"သေချာတာတစ်ခုကတော့ အဲဒါက ဇာတ်လမ်းရဲ့ အဆုံးသတ်ပဲ ဖြစ်မှာပါ"

[မင်းရဲ့ တည်ငြိမ်မှုက တစ်ခါတလေကျရင် တကယ့်ကို အံ့သြဖို့ကောင်းတယ်]

"ကျနော်လည်း စိတ်လှုပ်ရှားနေတာပါပဲ"

[စားတော်ဆက်အသင်းမှာတုန်းကလည်း ငါ ခံစားမိပါတယ်။ ဒါပေမဲ့ မင်းက မင်းထင်သလောက် လိမ်ညာတဲ့နေရာမှာ သိပ်မတော်ဘူးကွ]

ထုတ်လုပ်ရေး လုပ်ငန်းရှင်က ကလေးတစ်ယောက်လို ရယ်မောလိုက်သည်။

[ဒါဆို ငါ မင်းကို မေးပါရစေ... မင်းရဲ့ ■■ က တကယ်ပဲ 'နောက်ဆုံးအခန်း' လား]

ထိုစကားများက ကျနော့်၏ ကာကွယ်မှုကို ထိုးဖောက်သွားသည်။ ကျနော် ရောင်ပြန်ဟပ်သလို နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ ထုတ်လုပ်ရေး လုပ်ငန်းရှင်က ကျနော့်အဖြေကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်။ ထုတ်လုပ်ရေး လုပ်ငန်းရှင်၏ ဆေးလိပ် တစ်ဝက်ခန့် ကုန်သွားချိန်မှသာ ကျနော် ပါးစပ်ကို ဖွင့်ကာ ပြောလိုက်တော့သည်။

"ဇာတ်လမ်းက ကျနော့်ကို ဘယ်ဆီ ခေါ်ဆောင်သွားမလဲဆိုတာ ကျနော် မသိပါဘူး။ ဒါပေမဲ့... ကျနော် သွားချင်တဲ့ နေရာကတော့ နောက်ဆုံးအခန်း ဖြစ်မယ်ဆိုတာ သေချာပါတယ်"

ကျနော် ပြောပြီးသွားသည့်တိုင်အောင် ကျနော့်၏ ဇာတ်လမ်းက ဆက်လက် တည်ရှိနေဆဲ ဖြစ်သည့်အလား သူက ဆက်လက် နားထောင်နေခဲ့သည်။ ကျန်ရှိနေသော ဆေးလိပ်များ အားလုံး ကုန်သွားချိန်တွင် ထုတ်လုပ်ရေး လုပ်ငန်းရှင်က ရယ်မောလိုက်သည်။

[ငါလည်း မင်းနဲ့အတူ နောက်ဆုံးစာမျက်နှာမှာ ရှိနေဖို့ မျှော်လင့်ပါတယ်]

"ဂရုစိုက်ပြီး သွားပါဦး။ ဘိုးတော်ရေ"

[ဂရုစိုက်ပါ]

ပေါ့ပါးသော အင်ဂျင်သံနှင့်အတူ ထုတ်လုပ်ရေး လုပ်ငန်းရှင်၏ ကားသည် ကူးပြောင်းမုခ်ဝထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။ အခြားသော နက္ခတ်များလည်း ကူးပြောင်းမုခ်ဝထဲသို့ ပျောက်ကွယ်သွားကြသည်။ ကူးပြောင်းမုခ်ဝ ပိတ်သွားပြီး ဗလာဖြစ်နေသော ကောင်းကင်ယံတွင် နိမိတ်မကောင်းသော လျှပ်စီးမီးပွားများ ပြည့်နှက်သွား၏။

ကျနော်သည် ထိုလျှပ်စီးမီးပွားများကို ကြည့်ရင်း အိတ်ကပ်ထဲမှ ပွင့်ဖတ်လေးများကို ကိုင်ကြည့်လိုက်သည်။ ယခုဆိုလျှင် အချိန် သုံးရက်သာ ကျန်တော့သည်။ မကြာမီတွင် စက်မှုဇုန်၏ အရေးကြီးဆုံးသော ဇာတ်လမ်း စတင်တော့မည် ဖြစ်၏။

All Chapters