သူဘာတွေလုပ်နေတာလဲ
Vol. 35 Ch. 347
ဝူကျိနတ်ဘုံတွင် တည်ရှိသော ဝူကျိဂူဗိမာန်နန်းတော်သည် အလယ်အင်မော်တယ်လောကရှိ ထိပ်တန်း ရှေးဦးအင်မော်တယ်ဂိုဏ်းကြီးများထဲမှတစ်ခုဖြစ်သည်။ ထိုဂိုဏ်း၏ တပည့်များပင်လျှင် မိမိတို့ဂိုဏ်း မည်မျှကြာမြင့်စွာ တည်ရှိခဲ့သည်ကို အတိအကျပြောနိုင်ရန် ခဲယဉ်း၏။
ဂိုဏ်း၏အမည်နာမသည် အင်မော်တယ်လောကတွင် သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ပြီး အင်မော်တယ် အဆက်ဆက်တို့၏ ချီးမွမ်းဂုဏ်ပြုခြင်းကိုလည်း ခံယူခဲ့ရလေသည်။ ယခင်က အသိဉာဏ်ပွင့် အင်မော်တယ်သစ်ပင်၌ ဝင်ပေါက်သုံးခု ရှိစဉ်အခါက ဝင်ပေါက်တစ်ခုကို ၎င်းတို့ဦးဆောင်သော အင်မော်တယ်တာအို မဟာမိတ်အဖွဲ့က စောင့်ကြပ်ခဲ့ဖူးသည်။
အထက်အင်မော်တယ်လောကမှ အင်မော်တယ် ဧကရာဇ်တစ်ပါး ဆင်းသက်လာလျှင်ပင် ဤနေရာသို့ရောက်ရှိပါက ယဉ်ကျေးပျူငှာစွာဖြင့် သင့်လျော်သော ကျင့်ဝတ်များကို လိုက်နာကြရ၏။ အကြောင်းမှာ အထက်အင်မော်တယ်လောကရှိ အခြားသော ဝူကျိဂူဗိမာန်နန်းတော်ကို အင်မော်တယ် ဧကရာဇ်သုံးပါးက အုပ်ချုပ်နေသောကြောင့်ပင်။
အလယ်အင်မော်တယ်လောကရှိ ဝူကျိဂူဗိမာန်နန်းတော်တွင် လက်ရှိ၌ အင်မော်တယ်ဘုရင် ၁၅ ပါး ရှိသည်။ ထို ၁၅ ပါးစလုံးမှာ နှစ်ပေါင်း သန်းတစ်ထောင် သို့မဟုတ် သန်းပေါင်း သောင်းချီ၍ အသက်ရှင်ခဲ့ကြသော ဝါရင့်အင်မော်တယ်ဘုရင်များဖြစ်ကြသည်။ ၎င်းတို့ အလယ်အင်မော်တယ်လောကတွင် ဆက်လက်ရှိနေရသည့် အဓိကအကြောင်းရင်းမှာ ထိုကဲ့သို့သော ရှေးဦးအင်မော်တယ်ဂိုဏ်းများသည် ၎င်းတို့၏အမွေအနှစ်ကို အလွန်အလေးထားကြပြီး မိမိတို့၏ မြင့်မြတ်သော အဆင့်အတန်းကို ထိန်းသိမ်းမည့်သူ လိုအပ်သောကြောင့်ပင်။
ဝူကျိဂူဗိမာန်နန်းတော်သည် ယခုအကြိမ်တွင် အင်မော်တယ်ကံကြမ္မာတိုကင်သုံးရာကို ပြင်ဆင်ထားခဲ့သည်။ ဤအရေအတွက်မှာ အလယ်အင်မော်တယ်လောကရှိ အခြားသော အဓိကဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းများကြားတွင် ပြိုင်ဘက်ကင်း၏။ အမှန်စင်စစ် ၎င်းတို့သည် တစ်ခုတည်းသော ရှေးဦးအင်မော်တယ်ဂိုဏ်း သို့မဟုတ် မိစ္ဆာဂိုဏ်း မဟုတ်ချေ။
သုံးရာဟူသော အရေအတွက်မှာ အဖွဲ့အစည်းအားလုံးက ၎င်းတို့ ပိုင်ဆိုင်ထိုက်သည်ဟု တိတ်တဆိတ် သဘောတူထားကြသော အရေအတွက်ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ အင်မော်တယ်ကံကြမ္မာတိုကင်များကို ထျန်းရှူးဂိုဏ်းသို့ ကြိုတင်ရောင်းချရန် မလိုအပ်ပေ။ အကြောင်းမှာ မည်သူမျှ ဤနေရာသို့ လာရောက်ကာ လုယူဝံ့လောက်အောင် မိုက်ရူးရဲဆန်မည်မဟုတ်။
ဤအချိန်တွင် ဝူကျိဂူဗိမာန်နန်းတော်မှ အင်မော်တယ်ဘုရင်များမှာ ကျင့်စဉ်ကျင့်ကြံနေခြင်းမရှိဘဲ ခန်းမဆောင်ကြီးအတွင်း၌ထိုင်ကာ စိမ်းပြာရောင်မှန်ဝိုင်းကြီးပေါ်ရှိပုံရိပ်ကို ကြည့်ရှုနေကြသည်။ ချန်ခုန်းမှန်သည် အလယ်အင်မော်တယ်လောက၏ မည်သည့်နေရာကိုမဆို အချိန်မရွေးစောင့်ကြည့်နိုင်သော အင်မော်တယ် ရတနာတစ်ခု ဖြစ်၏။
ထိုမှန်ပြင်ပေါ်တွင် ကျန်းချန် အရှိန်အဟုန်ဖြင့် ပျံသန်းနေသော ပုံရိပ်ပေါ်နေသည်။ သူပျံသန်းရာ နေရာတိုင်းသို့ ပုံရိပ်ကလိုက်ပါနေပြီး ချန်ခုန်းမှန်၏ဘေးတွင် အခြားသော အင်မော်တယ်ကံကြမ္မာ အဆင့်သတ်မှတ်ချက် ကျောက်စာတိုင်၏ လှုပ်ရှားမှုကိုပြသနေသည့် အင်မော်တယ် ရတနာတစ်ခုလည်း ရှိနေသည်။ အင်မော်တယ်ကံကြမ္မာတိုကင် ၃၀၀,၀၀၀ မှာ ၎င်းတို့၏ အာရုံစိုက်မှုကိုလည်း ရရှိထားသည်မှာ ထင်ရှား၏။
"ဒီလူက ဘာလုပ်ဖို့ကြိုးစားနေတာလဲ"
ခန်းမဆောင်အတွင်းရှိ အင်မော်တယ်ဘုရင်အချို့မှာ မျက်မှောင်ကြုတ်လျက် ဂိုဏ်းချုပ်ကျန်း၏ ရည်ရွယ်ချက်ကို အဖြေရှာမရ ဖြစ်နေကြသည်။
"သူ့ရဲ့ ပျံသန်းနှုန်းကတော့..."
ဂိုဏ်းချုပ် အင်မော်တယ်ဘုရင် လင်မော့က သူ၏ တွန့်လိပ်နေသော မျက်ဝန်းများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ရာ မူလက မှေးမှိန်နေသော သူငယ်အိမ်များသည် ပိုမို စူးရှတောက်ပလာခဲ့သည်။
"အင်မော်တယ် ဧကရာဇ်တစ်ပါးရဲ့ အဆင့်ကို ချဉ်းကပ်နေသလိုပဲ"
ခန်းမဆောင်အတွင်းရှိ အခြားသော အင်မော်တယ်ဘုရင်များမှာမူ ၎င်းကို ယုံကြည်ရန် ခဲယဉ်းနေကြသည်။ အမှန်စင်စစ် ချန်ခုန်းမှန်မှတစ်ဆင့် အတိအကျ အရှိန်နှုန်းကို သိရှိရန် ခက်ခဲ၏။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"တစ်ယောက်ယောက်က အရှိန်နိယာမကို ပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံထားရင်တောင် အင်မော်တယ် ဧကရာဇ်တစ်ပါးနဲ့ယှဉ်နိုင်ဖို့ မဖြစ်နိုင်ဘူး မဟုတ်လား"
အကြီးအကဲချုပ် အင်မော်တယ်ဘုရင် လင်ဟွမ်းက ခေါင်းကို ခါယမ်းကာ ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။
"ဒီအချက်တစ်ခုတည်းကပဲ... အခုထိ သူ့ကို ဘယ်သူမှ မတားဆီးနိုင်တာလဲဆိုတာကို ရှင်းပြနိုင်လိမ့်မယ်။ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတစ်ခုမဖြစ်ခဲ့ရင် တစ်လောကလုံးမှာ မင်းနဲ့ ငါအပါအဝင် ဘယ်သူမှ ဒီလူကို အမီလိုက်နိုင်မှာ မဟုတ်ဘူး"
အမှန်တကယ်ပင် အင်မော်တယ်အဆင့်တွင် လူအများစုမှာ တည်နေရာရွှေ့ပြောင်းခြင်းအတတ်ကို တတ်မြောက်ထားကြပြီး အင်မော်တယ်ဘုရင်များအတွက်မူ ၎င်းမှာ သာမန်ကိစ္စတစ်ခုသာ။ သို့သော် တည်နေရာရွှေ့ပြောင်းခြင်းတွင် အကွာအဝေးနှင့် အကြိမ်ရေ ကန့်သတ်ချက်များရှိသည်။ အစ်ကိုကြီးချန်ကဲ့သို့ အဆုံးမရှိ ဆက်တိုက်ပျံသန်းနေရန် မဖြစ်နိုင်။ ထို့ကြောင့် ၎င်းတို့သည် သူ့ကို မဖမ်းမိနိုင်ကြပေ။
ခန်းမဆောင်အတွင်းရှိလူတိုင်း အံ့အားသင့်နေကြ၏။
"ဒါက တကယ့်ကို မယုံနိုင်စရာပဲ"
"ဒါကြောင့်ပဲ သူက အင်မော်တယ်ကံကြမ္မာတိုကင် ၃၀၀,၀၀၀ ကို ဝယ်ဝံ့တာလား"
"သူ့ရဲ့အရှိန်က အလွန်မြန်နေပြီး အချိန်မရွေး ထွက်ပြေးနိုင်လို့လား"
"သူက ဒီအတိုင်း ထာဝရပျံသန်းနေဖို့ပဲ စီစဉ်ထားတာတော့မဟုတ်ဘူးမလား"
သေချာစဉ်းစားကြည့်ပါက ၎င်းမှာ အမှန်တကယ်ပင် ဖြစ်နိုင်ခြေရှိနေသည်။ သူသည် ပုန်းကွယ်နေ၍မရသဖြင့် အင်မော်တယ်ကံကြမ္မာတိုကင်များ၏ အလင်းဖော်ပြချိန် ကုန်ဆုံးသွားသည်အထိ တစ်နေရာမှ တစ်နေရာသို့ မနားတမ်းပျံသန်းနေခြင်း ဖြစ်နိုင်ပါသလား။
"ဒါကတော့... မဖြစ်နိုင်လောက်ပါဘူး"
"သူက ဒီလောက်အများကြီး ဝယ်ထားတာ တစ်ယောက်တည်းသုံးဖို့ မဟုတ်တာတော့ သေချာတယ်"
"မှန်တယ် သူက အနှေးနဲ့အမြန် ရပ်တန့်မှာပဲ"
"တကယ်တော့ ငါတို့က ဖေးရှန်ဂိုဏ်းကိုသွားပြီး စောင့်နေရုံပဲ။ သူက နောက်ဆုံးမှာ အဲ့ဒီကို ပြန်လာမှာ သေချာတယ်"
"ဟမ့်... သုံးသိန်းတဲ့လား။ သူက တကယ်ပဲ အကြီးကြီးတွေးထားတာပဲ။ အစားများလို့ စားပိုးနင့်မှာ မကြောက်ဘူးလား"
မူလက အင်မော်တယ်ကံကြမ္မာတိုကင် သုံးရာကို ရရှိပြီးနောက် ၎င်းတို့တွင် အခြားသော အတွေးများ မရှိခဲ့ကြ။ အကြိမ်တိုင်းတွင်လည်း ဤကဲ့သို့ပင်။ သို့သော် ယခုအကြိမ်တွင် အစ်ကိုကြီးချန်က ၃၀၀,၀၀၀ ကို လက်ဝယ်ပိုင်ဆိုင်ထားကြောင်း မြင်တွေ့ရသောအခါ ၎င်းတို့အတွက် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လာရသည်။
ထိုကဲ့သို့သော လိုအပ်ချက်မျိုးမရှိသည့် ကြားနေဖြစ်သော ထျန်းရှူးဂိုဏ်းမှလွဲ၍ အခြားသောဂိုဏ်းများတွင်မူ ၎င်းတို့ ပိုင်ဆိုင်နိုင်သည့် အင်မော်တယ်ကံကြမ္မာတိုကင် အရေအတွက်မှာ သတ်မှတ်ထားသော ပမာဏသာ ရှိသည်။ အင်မော်တယ်ကံကြမ္မာတိုကင်များဟူသော ကိတ်မုန့်ကြီးကို ၎င်းတို့ကြားတွင် ခွဲဝေယူထားကြခြင်းပင်။
အလယ်အင်မော်တယ်လောကရှိ ဂိုဏ်းများနှင့် အဖွဲ့အစည်းများမှာ ဂင်္ဂါမြစ်ထဲရှိ သဲပွင့်များကဲ့သို့ များပြားလှပေရာ အကယ်၍ အင်မော်တယ် အရှင်သခင် အရေအတွက်ပေါ် မူတည်၍ ခွဲဝေမည်ဆိုပါက ဝူကျိဂူဗိမာန်နန်းတော်အနေဖြင့် နှစ်ခု သို့မဟုတ် သုံးခု ရရှိလျှင်ပင် ကံကောင်းသည်ဟု ဆိုရမည်။ သို့သော် ယခုအခါ ၎င်းတို့သည် သုံးရာကို ခိုင်မာစွာ ဆုပ်ကိုင်ထားနိုင်ပြီး အကြိမ်တိုင်းတွင် အင်မော်တယ် အရှင်သခင် သုံးရာကို အထက်သို့ စေလွှတ်နိုင်ကာ အလယ်အင်မော်တယ်လောကတွင် အများဆုံးရရှိသော အခြားအဖွဲ့အစည်းနှစ်ခုနှင့် အဆင့်တူ ရပ်တည်နေ၏။
ဤအချက်သည် အလယ်အင်မော်တယ်လောကရှိ ၎င်းတို့၏ အမြင့်ဆုံးအုပ်ချုပ်သူ အဆင့်အတန်းကို ကိုယ်စားပြုနေသည်။ အခြားဂိုဏ်းများနှင့် မိစ္ဆာဂိုဏ်းများသည် ဤအရေအတွက်ထက် ကျော်လွန်ခွင့်မရှိကြ။ သို့မဟုတ်ပါက ၎င်းကို စည်းမျဉ်းချိုးဖောက်သည်ဟု သတ်မှတ်ကြမည်ဖြစ်သည်။
၃၀၀,၀၀၀ ဟူသော အရေအတွက်မှာ ဤစည်းမျဉ်းကို အပိုင်းပိုင်းအစစဖြစ်အောင် ရိုက်ခွဲလိုက်ခြင်းပင်။ အကယ်၍ သူက နောက်ဆုံးတွင် အမှန်တကယ်အောင်မြင်သွားပါက ဤရှေးဦးအင်မော်တယ်ဂိုဏ်းများနှင့် မိစ္ဆာဂိုဏ်းများမှာ ရယ်စရာ ဖြစ်သွားပေမည်။
"အခု လူအများကြီးက သူ့ကို စောင့်ကြည့်နေကြတာပဲ။ ငါတို့ ခဏစောင့်ကြည့်ကြတာပေါ့"
"ဘယ်သူမှ စည်းမျဉ်းတွေကို မချိုးဖောက်နိုင်ဘူး"
"သူနဲ့ သူ့ရဲ့ ဖေးရှန်ဂိုဏ်းကလည်း ဒါကိုမလုပ်နိုင်တာ သဘာဝပဲ"
အလားတူ ဆွေးနွေးမှုမျိုးမှာ အခြားသော ဂိုဏ်းကြီး ဂိုဏ်းငယ်များနှင့် မိစ္ဆာဂိုဏ်းများတွင်လည်း ဖြစ်ပွားနေလေသည်။ ဖေးရှန်ဂိုဏ်းသည်ပင်လျှင် အစ်ကိုကြီးချန်၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေကြ၏။ ၎င်းတို့တွင် ချန်ခုန်းမှန် မရှိသဖြင့် အင်မော်တယ်ကံကြမ္မာ အဆင့်သတ်မှတ်ချက် ကျောက်စာတိုင်ပေါ်ရှိ အလင်းလုံး၏ ရွေ့လျားမှုလမ်းကြောင်းကိုသာ အင်မော်တယ် ရတနာမှတစ်ဆင့် ကြည့်ရှုနေကြရသည်။
"ဘိုးဘေးကြီးက ဘယ်ကို သွားနေတာလဲ"
"ဟုတ်တယ် သူ့ရဲ့ပန်းတိုင်ကဘာလဲ"
ယွမ်ကျန်း၊ ယွမ်ရှန့်နှင့် အခြားသူများသည် ကျန်းချန်ပြန်လာမည့်သတင်းကို ရရှိကတည်းက သူ ဖေးရှန်ဂိုဏ်းသို့ ပြန်လာမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ကြသည်။ လက်ရှိတွင် များပြားလှသော အဖွဲ့အစည်းများသည် ၎င်းတို့၏ပတ်ဝန်းကျင်တွင် အတိအလင်း သို့မဟုတ် တိတ်တဆိတ် စခန်းချနေကြပြီး အင်မော်တယ်ဘုရင်များလည်း အမြောက်အမြားရှိနေသဖြင့် လူတိုင်းမှာ ကြီးမားသောဖိအားများကို ခံစားနေကြရသည့်အတွက် သူပြန်လာပြီး အုပ်ချုပ်မှသာ လူတိုင်းစိတ်အေးနိုင်ကြမည်။ သို့သော် ရက်ပေါင်းများစွာ စောင့်ဆိုင်းပြီးနောက်တွင် အစ်ကိုကြီးချန် ပြန်လာမည့် အရိပ်အယောင်ပင် မတွေ့ရသေးချေ။ လူတိုင်းမှာ လုံးဝဝေခွဲမရဖြစ်နေကြပြီး သူ ဘာလုပ်ချင်နေသည်ကိုလည်း စဉ်းစား၍ မရနိုင်ကြတော့။
ရှောင်ခုန်း၊ ကျိယွန်း၊ မင်ချီနှင့် အခြားသူများသည် အင်မော်တယ် ကျောက်စာတိုင်ကို စူးစိုက်ကြည့်ကာ ပုံစံတစ်ခုခုကို ရှာဖွေလိုကြသော်လည်း အချိန်အတော်ကြာ ရှာဖွေပြီးနောက်တွင် မည်သည့်သဲလွန်စမျှ မတွေ့ရှိကြရပေ။
"ငါမြင်နိုင်တာ တစ်ခုပဲ ရှိတယ်။ အဲ့ဒါက ဂိုဏ်းချုပ်ကျန်းက ဂိုဏ်းအသီးသီးနဲ့ အင်မော်တယ် မြို့တော်တွေဆီကို တမင်တကာ ပျံသန်းနေပုံရတာပဲ"
"မှန်တယ်။ သူက လမ်းတစ်လျှောက်မှာ ဂိုဏ်းပေါင်း ဘယ်လောက်များများကို ဖြတ်ကျော် ပျံသန်းခဲ့လဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"
"ဝူကျိဂူဗိမာန်နန်းတော်တောင်မှ သူ ဒီအတိုင်းဖြတ်သွားတာကိုပဲ ကြည့်နေနိုင်ပုံရတယ်"
"ဟားဟားဟား... သူက အဲ့ဒီလိပ်ပြာကို ဖမ်းနိုင်တဲ့လူပဲ။ ဘယ်သူက သူ့ကိုတားနိုင်မှာလဲ"
"ဒါဆိုရင် သူ့ရဲ့ လုပ်ရပ်တွေနောက်ကွယ်က အဓိပ္ပာယ်က ဘာလဲ"
"မင်းက ငါ့ကို မေးနေတာလား။ ငါက ဘယ်သူ့ကို သွားမေးရမှာလဲ"
အစ်ကိုကြီးချန်က တမင်တကာ ထွက်ပြေးနေခြင်းဖြစ်မည်ဟု သူတို့မထင်ကြ။ အင်မော်တယ် ဧကရာဇ်များကို သတ်နိုင်သော သူ၏စွမ်းအားနှင့်ဆိုလျှင် သူထွက်ပြေးရန် လိုအပ်သလော...
"သူ့ရဲ့ လုပ်ရပ်တွေက အမြဲတမ်း နက်နဲလွန်းတယ်။ ငါတို့ကတော့ အမှန်တကယ်ပဲ နားမလည်နိုင်ဘူး"
အင်မော်တယ်ဘုရင် အားလုံးက သဘောတူညီကြသည်။ အကယ်၍ ၎င်းတို့က ပထမအဆင့်မှာရှိနေလျှင် သူကမူ ကောင်းကင်ယံအထက် အဝေးတစ်နေရာသို့ ရောက်ရှိနေပြီဖြစ်သည်။ သူ့ကို နားလည်ရန်မှာ မဖြစ်နိုင်ပါချေ။
အစ်ကိုကြီးချန်သည် ယခုအခါ အလယ်အင်မော်တယ်လောက၏ တစ်ဦးတည်းသော စူပါစတား ဖြစ်နေပြီဟုဆိုလျှင်လည်း မမှားပါချေ။ အမှန်စင်စစ် ကာယကံရှင်ကိုယ်တိုင်ကလည်း အလွန့်အလွန် ဟန်ထုတ်နေလေသည်။ သူ မည်မျှအထိ လှည့်ပတ်ပျံသန်းခဲ့သနည်း သို့မဟုတ် မည်သည့်နေရာများကို ဖြတ်သန်းခဲ့သနည်း ဆိုသည်ကို သူကိုယ်တိုင်ပင် အတိအကျ မသိရှိတော့ပေ။ မည်သို့ပင်ဖြစ်စေ သူသည် လူစည်ကားသော နေရာများသို့သာ ဦးတည် ပျံသန်းနေခဲ့သည်။
ခုနစ်ရက်၊ ဆယ်ရက်၊ တစ်ဆယ့်ငါးရက်၊ နှစ်ဆယ့်ငါးရက်...
အချိန်ကုန်ဆုံးလာသည်နှင့်အမျှ လူတိုင်းမှာ လုံးဝပင် စကားမဆိုနိုင်လောက်အောင် ဖြစ်လာရသည်။ ဤလူသည် တစ်နေ့လုံး တက်ကြွစွာဖြင့် ဟိုဟိုဒီဒီ လှည့်လည်နေပြီး ရှေ့တွင် ပိတ်ဆို့မှုများ၊ နောက်တွင် လိုက်လံဖမ်းဆီးသူများ ရှိနေသော်လည်း သူ့ကို မည်သူမျှ မတားဆီးနိုင်ကြ။ များပြားလှသော ပညာရှင်များစုဝေးနေသည့် ဤမျှကျယ်ပြောလှသော အလယ်အင်မော်တယ်လောကကြီးတွင် သူ့ကို မည်သို့မှလိုက်မမီနိုင်သဖြင့် လက်မှိုင်ချနေကြရသည်။
သူသည် လူအများရှေ့တွင် လှည့်လည်သွားလာနေသည်ကို လက်ပိုက်ကြည့်နေကြရုံသာ။ အကယ်၍ ဤအတိုင်းဆက်သွားနေပါက အင်မော်တယ်ကံကြမ္မာတိုကင်များ၏ တစ်လတာ အလင်းဖော်ပြချိန်မှာလည်း မကြာမီကုန်ဆုံးပေတော့မည်။