← Chapters

ကြောက်မက်ဖွယ်စွမ်းအား

Vol. 35 Ch. 349

ကြောက်မက်ဖွယ်စွမ်းအား

Vol. 35 Ch. 349

"မင်းက အခုထိတောင် မာန်တက်နေသေးတာလား"

တစ်ဖက်မှ လူအုပ်စုမှာ ဆက်လက်၍ မောက်မာစွာ ပြောဆိုရန် ပြင်ဆင်နေကြသော်လည်း ရုတ်တရက်ဆိုသလို ဤကမ္ဘာလောက၏ တစ်စိတ်တစ်ပိုင်းမှာ မည်းမှောင်နေသော မီးလျှံများဖုံးလွှမ်းရာ နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ မိမိ၏ သိက္ခာများ ကျဆင်းသွားသည်ဟု ခံစားရကာ အားမရဖြစ်နေသော အစ်ကိုကြီးချန်မှာ ဤတစ်ကြိမ်တွင်မူ အမှန်တကယ်ပင် ဒေါသထွက်သွားလေပြီ။ သူ့စိတ်ထဲ၌ ယခင်ကကဲ့သို့ ပေါ့ပေါ့ပါးပါးနှင့် နောက်ပြောင်လိုသော စိတ်ဆန္ဒမျိုး လုံးဝမရှိတော့။ ၎င်းတို့ထံမှ မည်သည့် စကားတစ်လုံးကိုမျှ ထပ်မကြားလိုတော့ပေ။

ဓားတစ်ချက်ဝေ့ယမ်းလိုက်ရုံဖြင့် ပတ်ဝန်းကျင်ရှိ ပုံရိပ်ဖော် အင်မော်တယ်ရတနာများအားလုံး ချက်ချင်းပျက်စီးသွားပြီးနောက် ထိုနေရာတွင်ရှိနေကြသော အင်မော်တယ် အရှင်သခင်အားလုံး တစ်ယောက်မကျန် သေဆုံးသွားသည်။ ထိုမြင်ကွင်းကိုကြည့်ကာ အံ့အားသင့်သွားကြသော အင်မော်တယ်ဘုရင် ၃၅ ပါးမှာလည်း အလျင်အမြန်ပင် ၎င်းတို့၏ အင်မော်တယ် နယ်ပယ်များကို ထုတ်ဖော်၍ စုပေါင်းတိုက်ခိုက်ကြ၏။

များပြားလှသော အင်မော်တယ် နယ်ပယ်များမှ နိယာမမြစ်ရေများမှာ လေပြင်းများနှင့် တိမ်တိုက်များကို လှုပ်ခတ်စေပြီး ကမ္ဘာပျက်ကိန်းဆိုက်ရောက်နေသကဲ့သို့မြင်ကွင်းများ အခိုက်အတန့်တိုင်းတွင် ဖြစ်ပေါ်နေခဲ့သည်။ မရေမတွက်နိုင်သော ကြယ်တာရာများ ဖြစ်ပေါ်လာလိုက်၊ ပျက်စီးသွားလိုက် ဖြစ်နေကြပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ဖြစ်ပေါ်စေသည်။

ဤမျှ မြင့်မားသော တိုက်ခိုက်မှုအဆင့်၏ ရှေ့မှောက်တွင် အင်မော်တယ် အရှင်သခင်များမှာ ခုခံနိုင်စွမ်းမရှိသည့် ဖုန်မှုန့်များကဲ့သို့သာ။ သို့သော် ကံမကောင်းစွာဖြင့် အစ်ကိုကြီးချန်မှာ အင်မော်တယ် အရှင်သခင်တစ်ယောက် မဟုတ်တော့ပေ။ သူသည် မည်သည့်တွေဝေမှုမျှမရှိဘဲ အင်မော်တယ်နယ်ပယ်ကို ထုတ်ဖော်လိုက်သည်။ သူ၏ အင်မော်တယ် နယ်ပယ် ပေါ်ထွက်လာသောအခါ တစ်လောကလုံး တိတ်ဆိတ်သွားလေ၏။

အင်မော်တယ်လောက၏ ကုန်းမြေတိုက်ကြီးမှာ တည်ငြိမ်မှုကြောင့် လူသိများပြီး အထူးသဖြင့် အလယ်အင်မော်တယ်လောကတွင် အင်မော်တယ်ဘုရင်များအကြား တိုက်ပွဲများမှာပင် ကြီးမားသော ပျက်စီးမှုများကို ဖြစ်ပေါ်ခဲသည်။ သို့သော် ယခုအခါတွင်မူ ဤနယ်မြေတစ်ခုလုံးမှာ အမှန်တကယ်ပင် ပြိုလဲပျက်စီးနေလေပြီ။ ထိုအင်မော်တယ် နယ်ပယ်မှာ အရာအားလုံးကို ဝါးမြိုနေသည့် အမှောင်ထု လိုက်ကာကြီးကဲ့သို့ဖြစ်နေပြီး အခြားသော အင်မော်တယ် နယ်ပယ်အားလုံးကို ဖိနှိပ်ထား၏။

"အဲ့ဒါက ဘာကြီးလဲ"

"ဘာတွေ ဖြစ်ကုန်တာလဲ"

ဝူကျိဂူဗိမာန်နန်းတော်တွင် ရှေးဟောင်း အင်မော်တယ်ဘုရင် ၁၅ ပါး၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားသည်။ အလယ်အင်မော်တယ်လောက တစ်ခုလုံးကို စောင့်ကြည့်နိုင်သော ချန်းခုံမှန်ချပ်မှာ အဝေးမှပင် အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး ပုံရိပ်များမှာလည်း လုံးဝကွယ်ပျောက်သွား၏။ ဤအင်မော်တယ် ရတနာမှာ ဤသို့ဖြင့် ပျက်စီးသွားလေသည်။

"ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ"

"ဟိုဘက်မှာ ဘာတွေဖြစ်လို့လဲ"

"ဒီလောက်ဝေးတဲ့နေရာကနေ ဒီအင်မော်တယ် ရတနာကို ဖျက်ဆီးပြီး ငါတို့ရဲ့ စောင့်ကြည့်မှုကို ဖြတ်တောက်နိုင်တယ်ဆိုတာ ဘယ်လောက်တောင်အစွမ်းထက်လိုက်သလဲ"

တိုက်ပွဲဖြစ်ပွားရာနေရာတွင်မူ သောင်းကျန်းနေသော နိယာမမြစ်ရေများမှာ ရုတ်တရက် ရပ်တန့်သွားပြီး အဆက်မပြတ်ဖြစ်ပေါ်နေသော ကြယ်တာရာများမှာလည်း မှေးမှိန်သွားသည်။ အသိဉာဏ်ပွင့် အင်မော်တယ် သစ်ပင်ငယ်လေးတစ်ခု ဖြည်းညှင်းစွာမြင့်တက်လာပြီး ရောင်ခြည်ကိုးသွယ် အလင်းတန်းများ တဖြည်းဖြည်းပျံ့နှံ့လာ၏။ ပုံမှန်အားဖြင့် အင်မော်တယ် နယ်ပယ်တစ်ခု၏ အမြုတေကို ထုတ်ဖော်ပြသလေ့မရှိကြပေ။ အစ်ကိုကြီးချန်မှာ အင်မော်တယ်ဘုရင်အဆင့်သို့ အသစ်တက်လှမ်းထားသူဖြစ်သဖြင့် သူ၏အင်မော်တယ်နယ်ပယ်မှာ မတည်ငြိမ်သေးသည့်အပြင် ထို့ထက်ပို၍ အရေးကြီးသောအချက်မှာ အသိဉာဏ်ပွင့် အင်မော်တယ် သစ်ပင်၏ အဆင့်အတန်းမှာ မြင့်မားလွန်းနေသဖြင့် သူ၏ အင်မော်တယ်နယ်ပယ်က ၎င်းကို ဖိနှိပ်ထားနိုင်ခြင်းမရှိဘဲ ပေါ်ထွက်လာခြင်းဖြစ်သည်။

"အသိဉာဏ်ပွင့် အင်မော်တယ် သစ်ပင်ပါလား"

"အဲ့ဒါက အသိဉာဏ်ပွင့် အင်မော်တယ် သစ်ပင်ပဲ"

ထိုနေရာရှိ အင်မော်တယ်ဘုရင်များမှာ ရူးသွပ်လုနီးပါး ဖြစ်သွားကြသည်။ ဤကာလအတွင်း အလယ်အင်မော်တယ်လောကတွင် အင်မော်တယ်ကံကြမ္မာတိုကင်အပြင် အခြားသော အဓိက အဖြစ်အပျက်တစ်ခုမှာ အသိဉာဏ်ပွင့် အင်မော်တယ် သစ်ပင် ပျောက်ဆုံးသွားခြင်းပင်။ ဤသည်မှာ အင်မော်တယ်ဘုရင်များအတွက်သာ သီးသန့်အခွင့်အရေးဖြစ်သဖြင့် လူသိမများခဲ့သော်လည်း အင်မော်တယ်ဘုရင်တစ်ပါးချင်းစီအတွက်မူ အသိဉာဏ်ပွင့် အင်မော်တယ် သစ်ပင်သည် အင်မော်တယ်ကံကြမ္မာတိုကင်ထက် အဆပေါင်းသောင်းချီ၍ ပိုအရေးပါသည်။

အင်မော်တယ်ဘုရင်တစ်ပါးသည် အင်မော်တယ်ကံကြမ္မာတိုကင် မရှိလျှင်ပင် အထက်အင်မော်တယ်လောကသို့ တိုက်ရိုက်တက်လှမ်းနိုင်သေးသည်။ ၎င်းတို့ ဤနေရာသို့ လုယူရန်လာကြခြင်းမှာ မိမိတို့ဂိုဏ်းရှိ မျိုးဆက်သစ်များ တိုးတက်စေရန်အတွက်သာ။ သို့သော် အသိဉာဏ်ပွင့် အင်မော်တယ် သစ်ပင်မှာမူ ၎င်းတို့ကိုယ်တိုင်နှင့် တိုက်ရိုက်သက်ဆိုင်နေပေသည်။

"အသိဉာဏ်ပွင့် အင်မော်တယ် သစ်ပင်က ဘာလို့ မင်းဆီမှာ ရှိနေတာလဲ"

"မင်း အဲ့ဒီ အင်မော်တယ် သစ်ပင်ကို ဘာလုပ်လိုက်တာလဲ"

"မင်းကအရူးပဲ၊ အဲ့ဒီ အင်မော်တယ် သစ်ပင်ကို မင်းရဲ့ အင်မော်တယ် နယ်ပယ် အမြုတေထဲ ထည့်ပြီး တကယ်ပဲ သန့်စင်လိုက်တာလား"

"မင်းတို့က သူတစ်ပါးအလုပ်ကို ဝင်စွက်ဖက်ရတာ တကယ်ပဲ ဝါသနာပါကြတာပဲ"

အစ်ကိုကြီးချန်သည် သူ၏ အင်မော်တယ် နယ်ပယ်ကို လှုပ်ရှားစေကာ တိုက်ခိုက်မှုကို စတင်လိုက်သည်။ နောက်တစ်ခဏတွင် အင်မော်တယ် နယ်ပယ် ၃၅ ခုလုံးမှာ တုန်လှုပ်ခြောက်ခြားဖွယ်ရာအသံများ တပြိုင်နက်တည်း ထွက်ပေါ်လာ၏။ အစ်ကိုကြီးချန်၏ အင်မော်တယ် နယ်ပယ်မှာ လောလောဆယ်တွင် အဆင့်မြင့်အခြေအနေ၌သာ ရှိနေသေးသော်လည်း ၎င်း၏ အခြေခံမှာ အလွန်ခိုင်မာလွန်းသည်။

အင်မော်တယ် သစ်ပင်၏ သစ်ကိုင်းနှင့် သစ်ရွက်များမှာ လျင်မြန်စွာ ပြန့်ကားလာပြီး အခြားသူများ၏ အင်မော်တယ် နယ်ပယ်များနှင့် ထိတွေ့မိသောအခါ စက္ကူကဲ့သို့ပင် ပေါက်ကွဲပျက်စီးသွား၏။ ဤပျက်စီးမှုမှာ အင်မော်တယ် နယ်ပယ် အမြုတေကို တိုက်ရိုက်ခြေမှုန်းပစ်ကာ ပြန်လည်ကုစား၍မရနိုင်သော ပျက်စီးမှုမျိုး မဟုတ်ပါချေ။ ယခုတစ်ကြိမ် ပျက်စီးမှုမှာ အပြင်ဘက်မှ အတင်းအဓမ္မ ဖိနှိပ်ခြေမှုန်းလိုက်ခြင်းသာဖြစ်သဖြင့် အမြစ်ကိုမထိခိုက်ပေ။ အကယ်၍ ၎င်းတို့ အသက်ရှင်လွတ်မြောက်နိုင်ခဲ့လျှင် အနာဂတ်တွင် ပြန်လည် ပြုပြင်နိုင်ပေသည်။

သို့သော် ကံဆိုးသည်မှာ ဂိုဏ်းချုပ်ကျန်းသည် ၎င်းတို့အား ထိုကဲ့သို့သော အခွင့်အရေးမျိုး ပေးလိမ့်မည်မဟုတ်။ မူလက ဝိုင်းရံပိတ်ဆို့မှုသည် လျင်မြန်စွာပင် ပြန်လည် သတ်ဖြတ်ခြင်းနှင့် ထွက်ပြေးခြင်းအဖြစ် ပြောင်းလဲသွားသည်။

"မလုပ်ပါနဲ့..."

"ရပ်လိုက်ပါတော့"

"ဒီလူအိုကြီး မှားသွားပါတယ်၊ အင်မော်တယ်ကံကြမ္မာတိုကင်တွေက မင်းနဲ့ပဲ ထိုက်တန်ပါတယ်..."

" အသက်ချမ်းသာပေးပါ..."

"သောက်ကျိုးနည်း၊ မင်းတို့က လာပြီးကူညီပေးမှာလည်း မဟုတ်ဘဲနဲ့ ဘာလို့ ဒီလောက် စကားတွေ များနေကြတာလဲ"

တိုက်ပွဲကို စတင်ခဲ့ပြီးဖြစ်သော အစ်ကိုကြီးချန်တွင် ရပ်တန့်ရိုးထုံးစံမရှိ။ သူ၏လက်ကိုမြှောက်ကာ ဓားကိုဝေ့ယမ်းလိုက်တိုင်း အင်မော်တယ်ဘုရင်များမှာ တစ်ပါးပြီးတစ်ပါး ကောင်းကင်ထက်မှ ကျဆင်းလာပြီး ခေါင်းနှင့်ကိုယ် အိုးစားကွဲကုန်၏။ သူ့ရှေ့မှောက်တွင် မည်သူမျှ လွတ်မြောက်အောင် မပြေးနိုင်ကြပေ။ ခဏအကြာတွင် တိုက်ပွဲမှာ ပြီးဆုံးသွားသည်။

ကျန်းချန်ကိုယ်တိုင်ပင် အခြေအနေကို ချက်ချင်းသတိမထားမိနိုင်ပေ။ ဤတိုက်ပွဲမှာ အလွန်လွယ်ကူလွန်းနေခဲ့သည်။ ဆယ်ဆတိုက်ခိုက်မှုအစွမ်းမှာ အဆင့်နိမ့် တိုက်ခိုက်မှုများကိုသာ မြှင့်တင်ပေးခြင်းဖြစ်ပြီး အင်မော်တယ် နယ်ပယ်၏ စွမ်းအားကို မြှင့်တင်ပေးခြင်း မဟုတ်သဖြင့် ယခုတိုက်ပွဲမှာ သူ၏ သာမန်အစွမ်းဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ လူပေါင်း သုံးဆယ့်ငါးယောက်ကို မိနစ်ပိုင်းအတွင်း အနိုင်ယူနိုင်ခဲ့သည်။

"ဒါက အံ့ဩစရာ ကောင်းလွန်းမနေဘူးလား"

"ငါက အခု ဒီလောက်အထိ အစွမ်းထက်နေပြီလား"

"ငါ အင်မော်တယ်ဘုရင် အဆင့်ကို အခုမှ တက်လှမ်းခဲ့တာလေ၊ ဒီအဆင့်မှာ ငါက အနှိုင်းမဲ့ ဖြစ်နေပြီလား"

သူ၏ အင်မော်တယ် နယ်ပယ်မှာ အခြားသူများနှင့် ကွဲပြားနေကြောင်း သူ သိရှိထားပြီး ဖြစ်သည်။ အဆုံးတွင်တော့ ၎င်း၌ အသိဉာဏ်ပွင့် အင်မော်တယ် သစ်ပင်ကို အမြုတေအဖြစ် ပိုင်ဆိုင်ထား၏။ သို့သော် ယခုအခိုက်အတန့်တွင်မှ ၎င်းမှာ အမှန်တကယ် မည်မျှအထိ အစွမ်းထက်ကြောင်း သူ နားလည်သွားသည်။

တိုက်ပွဲတွင် အနိုင်ရပြီးနောက် ရရှိလာသော ပစ္စည်းများကို သိမ်းဆည်းရန် အချိန်ရောက်လာလေပြီ။ ဤတိုက်ပွဲတွင် အင်မော်တယ်ဘုရင် ၃၅ ပါးကို ရှင်းလင်းနိုင်ခဲ့သဖြင့် ရရှိသောအကျိုးအမြတ်မှာ ကြီးမား၏။ အဆင့် ၇ အင်မော်တယ် ရတနာ ၆၀ ကျော်အပြင် အဆင့်မြင့် မှော်ရတနာများနှင့် အခြားသော ကမ္ဘာမြေ ရတနာများမှာလည်း မရေမတွက်နိုင်အောင်ရှိနေသည်။ ကံမကောင်းစွာဖြင့် လူအများစုမှာ ကျင့်စဉ်အတွက် အင်မော်တယ် ဆေးလုံးများကို အသုံးပြုပြီး ဖြစ်သဖြင့် ၎င်းတို့နှင့်အတူ များများစားစား ပါလာခြင်းမရှိကြပေ။

လောလောဆယ်တွင် သူသည် အမြန်ဆုံး အဆင့်တက်ရန် လိုအပ်နေသဖြင့် အစ်ကိုကြီးချန်မှာ အခြားအရာများကို မစဉ်းစားတော့ဘဲ ရရှိသမျှအားလုံးကို စနစ်ထဲသို့ထည့်ကာ ကံတရားအမှတ်များအဖြစ် လဲလှယ်လိုက်သည်။ ဤသို့ လဲလှယ်လိုက်သောအခါ သူ၏ ကံတရားအမှတ်မှာ ၅.၅ သန်း ထပ်တိုးလာခဲ့သည်။

"မဆိုးပါဘူး၊ ငါ ထင်ထားတဲ့အတိုင်းပဲ၊ တိုက်ခိုက်တာက အမှတ်တွေရဖို့ အမြန်ဆုံး နည်းလမ်းပဲ"

အရာအားလုံးကို သိမ်းဆည်းပြီးနောက် သူသည် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။

"ပိုပြီးပြင်းထန်တဲ့ မုန်တိုင်းတွေ ငါ့ဆီကို လာစမ်းပါဦး"

"ငါက အေးဆေးပဲ"

သူ၏ စကားဆုံးသည်နှင့် တစ်စုံတစ်ယောက်က အမှန်တကယ်ပင် ရောက်ရှိလာ၏။ အဆုံးတွင်တော့ သူသည် အလယ်အင်မော်တယ်လောကတွင် လူတိုင်း၏ အာရုံစိုက်မှုကို ခံနေရသူတစ်ဦးဖြစ်ရာ တိုက်ပွဲကြီး မစတင်မီကပင် လူအများအပြားမှာ ဤနေရာသို့ အပြေးအလွှား လာနေကြသည်။ ကျန်းချန်မှာ အဆင့်တူ အင်မော်တယ်ဘုရင် အများအပြား၏ ဝိုင်းရံမှုကို ခံထားရသဖြင့် သေချာပေါက် သေဆုံးမည်ဟု ထင်မှတ်ထားကြသည်။ သို့သော် တိုက်ပွဲကြီးကိုမမီခဲ့လျှင်ပင် စောစောရောက်ရှိခြင်းက အကျိုးအမြတ်အနည်းငယ် ရရှိနိုင်ပြီး အင်မော်တယ်ကံကြမ္မာတိုကင် အချို့ကို ကောက်ယူနိုင်လိမ့်မည်ဟု မျှော်လင့်နေကြခြင်းပင်။

ထောင်နှင့်ချီသော လူများ ထပ်မံရောက်ရှိလာသည်ကို မြင်သောအခါ အစ်ကိုကြီးချန်မှာ စိတ်လှုပ်ရှားသွားသည်။

"ဟားဟားဟား... မင်းတို့ကလည်း ငါ့ကိုသတ်ဖို့လာကြတာလား"

သူသည် လက်ထဲရှိ ဟုန်းကျွယ် အင်မော်တယ်ဓားကို ဝေ့ယမ်းလိုက်ပြီး ဤလူအုပ်စုကို ကံတရားအမှတ်များအဖြစ် သတ်မှတ်လိုက်သည်။ ရောက်ရှိလာသော အင်မော်တယ် အရှင်သခင်များနှင့် အင်မော်တယ်ဘုရင်များမှာ အခင်းဖြစ်နေရာရှိ ပျက်စီးမှုများကိုကြည့်ကာ ဇဝေဇဝါဖြစ်သွား၏။

ဒီလူက ဘာလို့ အခုထိ အသက်ရှင်နေရတာလဲ။ အခြားလူတွေကော ဘယ်ရောက်ကုန်ပြီလဲ။

ချက်ချင်းပင် ထိုနေရာတွင် ကျန်ရှိနေသော ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များနှင့် အင်မော်တယ်ဘုရင်အချို့၏ ခွဲခြား၍မရနိုင်တော့သော ရုပ်ကြွင်းများကို ခံစားမိလိုက်သောအခါ ဘာတွေဖြစ်ခဲ့သည်ကို ချက်ချင်းနားလည်သွားကြသည်။ ဤလူက အမှန်တကယ်ပင် အင်မော်တယ်ဘုရင် ၃၅ ပါးနှင့် အင်မော်တယ် အရှင်သခင် ထောင်ပေါင်းများစွာကို သတ်ပစ်လိုက်တာလား။ သူ ဘယ်လိုလုပ်လိုက်တာလဲ။

ဒါက ကြောက်စရာကောင်းတဲ့ လူနဲ့ သွားတိုးတာပဲ။

ဤလူမှာ သေချာပေါက် အင်မော်တယ်ဘုရင် မဟုတ်တော့ဘဲ အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်နေနိုင်သည်ဟု တွေးတောမိကြသည်။ သေချာပြန်စဉ်းစားကြည့်လျှင် ဖေးရှန်ဂိုဏ်းမှာ ယခင်က အင်မော်တယ်ဘုရင်ကြီးကိုးပါးကို သုတ်သင်ခဲ့သည့်သတင်းများရှိခဲ့၏။ ထိုအချိန်က လူတိုင်းမှာ ၎င်းကို အလောင်းကောင် ဘုရင်ကြီး သုံးပါးနှင့် အခြားသူများ၏ လက်ချက်ဟုသာ ထင်မှတ်ခဲ့ကြခြင်းဖြစ်ပြီး လူတိုင်းမှာ ရုတ်တရက် ချွေးစေးများ ထွက်လာ‌တော့သည်။

သတ်မည်ဖြတ်မည်ဟု အော်ဟစ်နေကြသူများမှာ ယခုအခါ အစ်ကိုကြီးချန်ကိုကြည့်ကာ နဂါးနှင့်တွေ့ဆုံရသော သာမန်လူသားများကဲ့သို့ပင် ကြောက်လန့်တုန်လှုပ်နေကြလေသည်။ ခေါင်းဆောင်ဖြစ်သူ အင်မော်တယ်ဘုရင်မှာ နောက်သို့ ဆုတ်ခွာသွားရင်း သူ၏ မျက်နှာအမူအရာကို အလျင်အမြန် ပြောင်းလဲလိုက်ကာ လက်ကိုဝေ့ယမ်း၍ ဖားယားသောအပြုံးဖြင့် ပြောဆိုလိုက်သည်။

"မဟုတ်ပါဘူး... မဟုတ်ပါဘူး၊ စီနီယာကို ဘယ်လိုလုပ်ပြီး တိုက်ခိုက်ဝံ့မှာလဲ"

"ဟုတ်ပါတယ်... ဟုတ်ပါတယ်၊ ဘယ်တော့မှ စီနီယာရဲ့ရန်သူ မဖြစ်စေရပါဘူး"

"စီနီယာမှာ အလုပ်တွေ ရှိနေမှာပါ၊ အခုပဲပြန်သွားပါ့မယ်..."

"မင်းတို့ကို ငါက သွားခွင့်ပြုတယ်လို့ ပြောလို့လား"

အစ်ကိုကြီးချန်မှာ မျက်လုံးကို မှေးလိုက်ပြီး ၎င်းတို့ကို မဖော်ရွေသော အကြည့်များဖြင့် ကြည့်လိုက်သည်။

"ဒါဆိုရင် မင်းတို့က ဒီကို ဘာလာလုပ်တာလဲ"

သူက လူအမဟုတ်ပါချေ။

"မင်းတို့က ဒီကို ရှုခင်းကြည့်ဖို့ လာတာလို့တော့ လာမပြောနဲ့"

All Chapters