ရှင်သန်ခြင်းနှင့် သေခြင်းတရား၏ တာအိုအနှစ်သာရ
Vol. 12 Ch. 1116
ထို့နောက် ပိုင်ရှောင်ချန်းက နောက်တစ်ခေါက် ထပ်စမ်းကြည့်လိုက်သည်။ သို့သော် သူ မည်သို့လုပ်စေကာမူ ဘာမှ ဖြစ်မလာပေ။ မည်သည့် တည်နေရာရွှေ့ပြောင်းခြင်းသက်ရောက်မှုမှ ပေါ်ပေါက်မလာပေ။
ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားပြီး ရင်တဒိန်းဒိန်းခုန်လာတော့သည်။
" မဖြစ်နိုင်ဘူး တစ်ခါပဲ အလုပ်လုပ်တာလို့ မပြောစမ်းနဲ့ ... "
ချက်ချင်းပင် ဂယက်များနှင့်ပတ်သက်၍ ခေါင်းနပန်းကြီးသွားကာ သူ အနည်းငယ် စမ်းကြည့်လိုက်သည်။ သူ၏စမ်းသပ်မှုများ ကျရှုံးသွားသောအခါ သူ နောင်တများဖြင့် အူနာလာတော့သည်။
သူက သော့ အသက်ဝင်လာအောင် ထပ်တလဲလဲ စိုးရိမ်တကြီးကြိုးပမ်းသည့်တိုင် အားလုံး အချည်းနှီးပင်။ အမိန့်ပေးလည်ဆွဲသည် ယခုတွင် လုံးဝအသုံးမဝင်ဘဲ တုံ့ပြန်မှုမရှိသည့်ပုံပေါ်လေသည်။
သူက မျက်ရည်တစမ်းစမ်းဖြင့် ညလုံးပေါက် ကုန်ဆုံးလိုက်ပြီး နောင်တများဖြင့် ပြည့်နှက်နေတော့သည်။ မိုးသောက်ချိန်နီးကပ်သည်တွင် သူ လက်လျှော့ရန် အသင့်ဖြစ်နေလေပြီ။ သူက စိတ်ပျက်လက်ပျက် သက်ပြင်းချ၍ နောက်တစ်ခေါက်စစ်ဆေးကြည့်လိုက်ရာ သူ၏မျက်နှာ ဝင်းပသွားလေသည်။
တစ်နေ့လုံးကုန်လွန်ပြီးနောက် ယခု သူသည် မူလတည်နေရာရွှေ့ပြောင်းခြင်းနှင့် အာရုံရခဲ့သည့် တူညီသော အငွေ့အသက်များကို အာရုံရနိုင်သွားလေပြီ။ သို့သော် သူက ဤတစ်ကြိမ်တွင် သတိပိုထားရန် ဆုံးဖြတ်လိုက်သည်။ နတ်ဘုရားအာရုံကို ပြန်နုတ်ယူကာ သူက လည်ဆွဲကို အတန်ငယ် ထပ်မံ လေ့လာလိုက်သည်။
ရက်အနည်းငယ်ကြာသော် သူသည် အမိန့်ပေးလည်ဆွဲကို တတ်နိုင်သမျှ အကောင်းဆုံးနားလည်လာခဲ့ကြောင်း သေချာသွား၏။ ကြည့်ရသရွေ့ လည်ဆွဲကို တစ်ရက်လျှင် တစ်ခါ၊ တစ်နေ့လျှင် တူညီသော အချိန်နီးပါးမှသာ အသုံးပြုနိုင်ပုံရသည်။ တည်နေရာရွှေ့ပြောင်းခြင်းအသက်သွင်းရန် အခွင့်အရေးတစ်ခုကို လက်လွတ်သွားပါက တစ်ခုတည်းသော ရွေးစရာမှာ နောက်တစ်ရက်စောင့်ရန်သာ ဖြစ်သည်။
ကြည့်ရသရွေ့ အမိန့်ပေးလည်ဆွဲမှာ ၄င်းကိုယ်တိုင် စွမ်းအားမကြီးမား၍ ၄င်း၏ပတ်လည်မှ စွမ်းအင်များကို စုပ်ယူခြင်းဖြင့် အားပြန်ဖြည့်ရန် လိုအပ်ပုံရလေသည်။
" တစ်ရက်တစ်ကြိမ်။ တကယ် မလုံလောက်ဘူး "
သူက သက်ပြင်းချလိုက်သော်လည်း သူသာ ပေးထားသောတစ်ရက်တွင် ယပ်တောင်ထံ ခရီးများစွာ သွားလိုပါက လည်ဆွဲကို စိတ်စွမ်းအင်အဆင့်မြှင့်တင်လိုက်ရုံသာ လုပ်နိုင်ကြောင်း သဘောပေါက်လိုက်သဖြင့် သူ၏ရယ်သံကို ချုပ်တည်းရန် နှုတ်ခမ်းကို ဖိလိုက်လေသည်။
ကံဆိုးစွာပင် အဆင့်မြှင့်တင်ခြင်းအနည်းငယ်စမ်းကြည့်ပြီးနောက် လည်ဆွဲတွင် သိသိသာသာပြောင်းလဲမှုတစ်ခုတလေကိုမှ သတိမထားမိပေ။ နောက်ဆုံးတွင် သူသည် ထိုအကြံကို လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်။
" တစ်ကြိမ်ဆိုတော့လဲ တစ်ကြိမ်ပေါ့ … "
သူက သက်ပြင်းချ၍ ယပ်တောင်အစုတ်ကြီးထဲ ဝင်ရောက်ရန် အတွေးအပေါ်တွင် အာရုံစိုက်လိုက်ရာ ချက်ချင်းပင် သူ၏အမြင်အာရုံ ဝေဝါးသွားလေသည်။ သူ သဲကွဲစွာ ပြန်ပေါ်လာသောအခါ နောက်တစ်ကြိမ် ယပ်တောင်အပေါ်သို့ရောက်သွားလေပြီ။
ယပ်တောင်အစုတ်ကြီး၏ အပြင်ဘက် ဟင်းလင်းပြင်သည် ယပ်တောင်မှ လာနေသော တစ်ခုတည်းသော အလင်းဖြင့် မည်းမှောင်နေ၏။ ထို့နောက် သူက ယခင်က သူ သွားခဲ့သည့် တူညီသော ယပ်တောင်အရိုးတစ်ချောင်းထံ သိချင်စိတ်ပြင်းပြစွာ ဆက်သွားလိုက်သည်။
ယပ်တောင်အရိုးထဲ ခြေချသည်နှင့်တစ်ပြိုင်နက် ယပ်တောင်သည် တောက်ပသောအလင်းဖြင့် ဝင်းလက်လာပြီး သူ့လက်ထဲက အမိန့်ပေးလည်ဆွဲသည်လည်း ထိုနည်းတူပင်။
ထိုအလင်းတောက်ပလာစဥ် သူသည် မလှုပ်ရှားနိုင်တော့ဘဲ ခန္ဓာကိုယ် အပြင်ထွက်သွားသည်ကို နောက်တစ်ဖန် ခံစားလိုက်ရကာ ယပ်တောင်အတွင်းရှိ ကမ္ဘာထဲ ပျံဝင်သွားလေသည်။
သူသည် အဆင့်တစ်ရာလုံး ပြီးသွားသည့်နောက်တွင် ယပ်တောင်၏ အဆုံးမှာ တည်ရှိနေသည့်အရာကို မြင်လိုက်ရ၏။ အံ့ဖွယ်ကောင်းစွာ ထိုနေရာတွင်ကား ကျောက်စင်တစ်ခုဖြစ်ပြီး အပေါ်တွင် ရွှေရောင်ကျောက်စိမ်းပေလွှာတစ်ချပ် ရှိနေသည်။
ပေလွှာက အကန့်အသတ်မရှိသော သန့်စင်မွန်မြတ်သည့် အလင်းများဖြင့် စူးရှတောက်ပနေရာ ပိုင်ရှောင်ချန်း၏ အာရုံကို ချက်ချင်း ဆွဲဆောက်လိုက်သည်။
သူက ပေလွှာအား အနီးကပ်စစ်ဆေးကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ခေါင်းကို မိုးကြိုးပစ်ချလိုက်သည့်အလား ခံစားလိုက်ရလေသည်။ ကျောက်စိမ်းပေလွှာ၏ မျက်နှာပေါ်တွင် ထွင်းထားသည်က စာကြောင်းတစ်ကြောင်းပင်။
" ရှင်သန်ခြင်းနှင့် သေခြင်းတရား၏ တာအို အနှစ်သာရ "
ပိုင်ရှောင်ချန်းသည် ယခင်က ထိုကဲ့သို့စာလုံးများကို တစ်ခုမှ မမြင်ခဲ့ဖူးသော်လည်း အကြောင်းကိစ္စတချို့ကြောင့် အဓိပ္ပါယ်ကို နားလည်နေသည်။ အမှန်တကယ်ဆိုရပါက သူ ကျောက်စိမ်းပေလွှာကို ကြည့်လိုက်သည်နှင့် ရှေးဆန်သောအသိဉာဏ်တစ်ခု၏ အသံတစ်သံက သူ့စိတ်ထဲတွင် စကားပြောလိုက်လေသည်။
" ကျုပ်က အင်မော်တယ်ကမ္ဘာရဲ့ တစ်ဦးတည်းသော မိုးမြေဧကရာဇ်ဖြစ်တယ်။ ဒါပေမဲ့ အင်မော်တယ်ကမ္ဘာကြီး ပျက်သုဥ်းသွားပြီး ကောင်းကင်အမိုးဟာ မည်းမှောင်သွားခဲ့တယ်။ ကျုပ်ကမ္ဘာရဲ့ ဝိညာဥ်မီးတောက်ကြောင့် ကျုပ်ရဲ့ အမွေအနှစ်အဖြစ် ဒီယပ်တောင်ကို ချန်ရစ်ထားတာဖြစ်တယ်။ ဒါနဲ့ ရေစက်ပါတဲ့ ဘယ်သူမဆို အင်မော်တာ်ကမ္ဘာမှာ တည်ရှိတဲ့ ရှင်သန်ခြင်းနှင့် သေခြင်းတရား၏ တာအိုအနှစ်သာရကို လေ့လာရလိမ့်မယ် "
အံ့သြတုန်လှုပ်သွားသော ပိုင်ရှောင်ချန်းက ချက်ချင်းပင် ကျောက်စိမ်းပေလွှာ၏ အကြောင်းအရာများကို ဖတ်ရှုရန် ကြိုးစားလိုက်သော်လည်း ကံဆိုးစွာပင် ၄င်းတို့အားလုံးက မှုန်ဝါးနေသည်။ ယပ်တောင်နှင့် ပိုနီးစပ်အောင် လုပ်သည့် မည်သည့်ကြိုးစားမှုမဆို တန်ပြန်အားတစ်ခုက သူ့ကို တွန်းထုတ်နေသည်။
၄င်းမှာ အိပ်မက်တစ်ခုအလားပင်။ သူက တဆတ်ဆတ်တုန်ယင်လာကာ မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး အစောပိုင်းက ယပ်တောင်ပေါ်ရှိ တူညီသောနေရာတွင် ရပ်နေဆဲဖြစ်ကာ အချိန်တခဏသာ ကုန်ဆုံးသွားခဲ့ကြောင်း သဘောပေါက်လိုက်လေသည်။
သို့သော် ယပ်တောင်အရိုး၏ အဆုံးကို လှမ်းကြည့်ပြီးနောက် သူမြင်ခဲ့ရသည်က အတုအယောင် မဟုတ်ကြောင်း သဘောပေါက်လိုက်၏။ အဆင့် ၁၀၀၏ နောက်ရှိ အမွေအနှစ်သည် တကယ်ပင် ရှင်သန်ခြင်းနှင့် သေခြင်းတရား၏တာအိုအနှစ်သာရ ဖြစ်သည်။
" ငါ ဒီယပ်တောင်ရဲ့ တကယ့်ပိုင်ရှင်ဖြစ်မှ ရနိုင်မှာပေါ့လေ ဟမ် ... "
ထိုအချိန်တွင် စိတ်ပိုင်းဖြတ်ထားသောအရိပ်အယောင်များ သူ့မျက်လုံးများထဲတွင် ဖြတ်ပြေးသွား၏။
" အဆင့်တွေက အရင်နဲ့ တူဦးမလား မသိဘူး... " ထို့နောက် ပထမအဆင့်မှာ သူမှတ်မိသည့်အတိုင်းပင်။ သူ၏ မျက်လုံးများတဖျပ်ဖျပ်လက်လာကာ ဆက်သွားလိုက်ရာ အဆင့်နှစ်၊ အဆင့်သုံး နှင့် အဆင့်လေးသည်လည်း အတူတူဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
အဆင့်ဆယ့်နှစ်ရောက်ရန်အချိန် ဘယ်လောက်မှ မကြာလိုက်ပေ။ မည်သည့်အရာကမှ အခက်အခဲနည်းနည်းလေးပင် မဖြစ်စေပေ။ ထိုအချိန်တွင် သူ၏အမူအရာ လေးနက်သွား၏။ ယခင်က သူ ရရှိခဲ့သည့် စွမ်းအားမှာ ပထမဆုံး အဆင့်နှစ်ဆယ်ဖြင့် ညီမျှခဲ့ကြောင်း သိလေသည်။ ထို့ကြောင့် ထိုအဆင့်ပြီးနောက် အရာအားလုံးက ကျွမ်းကျင်မှု၏ စစ်မှန်သောစစ်ဆေးချက်တစ်ခု ဖြစ်ပေမည်။
" ကံကောင်းထောက်မလို့ ငါ ဘယ်သူနဲ့မှ ပြိုင်စရာမလိုတော့ ကန့်သတ်ချိန်ကို စိတ်ပူနေစရာမလိုဘူး "
သူက ခေါင်းထဲတွင် ထိုအတွေးများဖြင့် နောက်တစ်ဆင့်ကို ချက်ချင်း မဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအစား သူက အရင်အဆင့်များအားလုံးတွင် စိန်ခေါ်သူများကြောင့် ပိုင်ရှင်မဲ့ဖြစ်ခဲ့သော ဆုလာဘ်များအား တစ်ခုမကျန် လိုက်သိမ်းလိုက်သည်။ ထိုဆုလာဘ်များကို သူ့အိတ်ထဲထည့်ပြီးနောက် သူက အလွန်ကျေနပ်နေတော့သည်။
" ဒီလိုသာဆိုရင် ငါ လုံးဝမအောင်မြင်ဘဲ အိမ်ပြန်သွားရရင်တောင်မှ ဒီခရီးက သေချာပေါက် တန်လိမ့်မယ် "
သူ၏ပြင်ဆင်မှုများ ပြည့်စုံသွားသဖြင့် သူက ဘေးပတ်လည်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ သို့သော် အတိတ်တုန်းက သူရင်ဆိုင်ခဲ့သော အစောင့်အရှောက် ဝိညာဥ်ကို ပြန်တွေးမိလိုက်သဖြင့် သူ၏မျက်နှာပေါ်တွင် ေတွဝေသွားသော အမူအရာတစ်ခု ပေါ်လာပြီး ယခု ထိုဝိညာဥ် နိုးနေသည်လား သိချင်သွား၏။
အစောင့်အရှောက်ဝိညာဥ်အကြောင်း အတန်ငယ်တွေးပြီးနောက် သူက အံတင်းတင်းကြိတ်၍ အဆင့်နှစ်ဆယ့်တစ်ထံ ခြေလှမ်းကြဲကြဲဖြင့် လျှောက်သွားလိုက်သည်။ ချက်ချင်းပင် တဝေါဝေါတိုက်ခတ်နေသော လေပြင်းတစ်ချက်၏ မိုးခြိမ်းသံတမျှ ကျယ်လောင်သောအသံကြီးတစ်သံ သူ့နားထဲ ပြည့်နှက်သွား၏။ အရာအားလုံး ဝေဝါးသွားပြီး ပြန်လည်ကြည်လင်လာသောအခါ သူသည် ရေခဲကမ္ဘာကြီးထဲ ရောက်နေသည်။
ကောင်းကင်ကြီးက ခဲရောင်ဖြစ်ပြီး အရပ်မျက်နှာတစ်ခွင် ဆန့်တန်းနေသော မြေပြင်မျာမှာ အဖြူရောင်ဖြစ်သည်။ တအီအီရှိုက်ညည်းနေသော လေများက ဆီးနှင်းပွင့်များအား နေရာအနှံ့ လွင့်နေစေတော့သည်။
ဤနေရာမှာ အေးခဲသွားခြင်းဖြင့် အဆုံးသတ်သွားသော ပင်လယ်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်၏။ တောင်တန်းများလည်းမရှိ၊ ချိုင့်ဝှမ်းများလည်းမရှိ။ ကျယ်ပြန့်သော ရေခဲလွင်ပြင်တစ်ခုသာ ရှိလေသည်။
အေးစိမ့်ချီများမှာ ပိုင်ရှောင်ချန်းကိုပင် တခိုက်ခိုက်တုန်စေသည်အထိ မယုံနိုင်စရာကောင်းလှ၏။ ထို့ပြင် သူက လက်ဖျားခါလောက်အောင် စွမ်းအားကြီးမားသော အပြင်ခန္ဓာကိုပိုင်ဆိုင်ထားသည့် ကောင်းကင်ဧကရာဇ် မဟုတ်ပါလော။ သို့ပေမည့် သူက နေရာတိုင်း ထိုးစိုက်ခံရနေသည့်အလား ခံစားနေရပြီး သူ၏သက်စောင့်အားမီးတောက် အေးခဲတော့မည်လား သိချင်သွား၏။ အခြားသော မည်သည့်သာမန်ကျင့်ကြံသူမဆို ဤအေးစက်မှုအဆင့်ကို ခံနိုင်မည်မဟုတ်ပေ။
" ဒီမှာ အေးစိမ့်နေတာပဲ "
သူက တွေးလိုက်သည်။ သူက ဘေးပတ်လည်ကို ကြည့်၍ ယပ်တော်အပေါ် သူထိန်းချုပ်နိုင်သော စွမ်းအားက ဤနေရာတွင် သူ့ကို ကူညီနိုင်သည်လား စစ်ဆေးကြည့်လိုက်သော်လည်း မည်သည့်အရာမှ လုံးဝဖြစ်မလာခဲ့ပေ။
သူ နောင်တများအပြည့်ဖြင့် သက်ပြင်းချလိုက်ချိန်မှာပင် သူ၏ အမူအရာရိပ်ခနဲဖြစ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်၏။ ထိုသို့ ဆုတ်လိုက်စဥ် သူ့ရှေ့ရှိ ရေခဲပြင်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာပြီး သူရှိရာဘက်သို့ ငါးတစ်ကောင် ပျံထွက်လာသည်။ ၄င်းက မမြင်နိုင်သော အမြန်နှုန်းဖြင့် သူ့လက်မောင်းကို ပွတ်တိုက်ကာ ဖြတ်သန်းသွား၏။ ထူးဆန်းစွာ ၄င်းမှာ မြားတစ်စင်းအလားပင်။
သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်နှင့် သူ လုံလုံလောက်လောက် လျင်မြန်စွာ မတုံ့ပြန်ခဲ့ပါက ငါးမြား၏ ထိုးစိုက်ခြင်းခံလိုက်ရလောက်မည် ဖြစ်သည်။
ဤမျှနှင့်မပြီးသေး။ သူ့ပတ်လည်တွင် အပေါက်များစွာ ထပ်ပွင့်လာသဖြင့် သူ၏မျက်နှာမှာ အံ့သြခြင်းများဖြင့် ဝင်းလက်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးမြားများအားလုံး သူ့ထံ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ပျံသန်းလာ၏။
ထိုမြားများက ငွေရောင်ဖြစ်ပြီး အမှန်တကယ် မြားများအလား မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် လေကိုခွင်း၍ ပျံသန်းလာကြသည်။ သူ သေချာပေါက် ရှောင်တိမ်းရန် လိုအပ်ပြီး အကယ်၍ သူ့ကို ထိလျှင် ကြီးမားလှသော အကျိုးဆက်များ ဖြစ်လိမ့်မည်ဟု ပိုင်ရှောင်ချန်း ပြောနိုင်သည်။
သူတို့က တည်နေရာရွှေ့ပြောင်းသည့်အလား အလွန်လျင်မြန်စွာ ရွေ့လျားလာ၏။ ထို့ပြင် အချိန်တိုလေးအတွင်း သူတို့မှာ မရေနိုင်တော့သည့်တိုင်အောင် အလွန်များပြားလာသည်။ တလက်လက်ထနေသော ငွေရောင်ငါးအုပ်ကြီးကား ရင်သပ်ရှုမောဖွယ်ကောင်းလှတော့သည်။