← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း - ၃၉

ရွှမ်းဟူရှိ ဘဏ်ကို လက်နက်ကိုင်ဓားပြများက ဓားစာခံဖမ်းဆီးထားသည့် တုန်လှုပ်ဖွယ်သတင်းသည် တစ်ခရိုင်လုံးသို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ တက္ကသိုလ်ကျောင်းသား အမြောက်အမြားသည်လည်း အခြေအနေကို ကြည့်ရှုရန် ဘဏ်ရှေ့သို့ စုပြုံရောက်ရှိလာကြသည်။ ရွှမ်းဟူရဲစခန်းအနေဖြင့် အခင်းဖြစ်ပွားရာနေရာ၌ စနစ်တကျရှိစေရန် ရဲအင်အားတစ်စိတ်တစ်ပိုင်းကို စေလွှတ်ခဲ့ရပြီး ကျောင်းသားများကို ဘေးလွတ်ရာသို့ ဖယ်ရှားပေးရန်နှင့် ယဲ့ဖုန်းတို့အဖွဲ့၏ အန္တရာယ်ကြီးပုံကို ရှင်းပြရန် အစွမ်းကုန် ကြိုးစားခဲ့ရသည်။

ရွှမ်းဟူမြို့တော်နှင့် ရွှမ်းဟူရုပ်သံလိုင်းတို့သည်လည်း ဤသတင်းကို ကြားသိခဲ့ကြသည်။ ထိပ်တန်းသတင်းတင်ဆက်သူ ‘ဟူခဲ့’ သည် သတင်းအဖွဲ့ကို ဦးဆောင်ကာ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ရန် အခင်းဖြစ်ရာနေရာသို့ ရောက်ရှိလာခဲ့သည်။

ထိပ်တန်းသတင်းတင်ဆက်သူတစ်ဦးအနေဖြင့် ဟူခဲ့သည် ရွှမ်းဟူမြို့တွင် အဆက်အသွယ် အလွန်ပေါများသူဖြစ်သည်။ လဲ့လျန်လင်သည် ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မှုကို အလွန်မနှစ်မြို့သော်လည်း၊ အကယ်၍ သူသာ ရုပ်သံအဖွဲ့ကို အတင်းအကျပ် နှင်ထုတ်လိုက်ပါက လူထု၏ ပြင်းထန်သော ဝေဖန်မှုကို ခံရမည်ဖြစ်ကြောင်း သိရှိနားလည်ထားသည်။ အဘယ်ကြောင့်ဆိုသော် ပြည်သူလူထုတွင် သိပိုင်ခွင့်ရှိပြီး ဤကဲ့သို့ ပြင်းထန်ဆိုးရွားသော အမှုကို ဖုံးကွယ်ထား၍ မရနိုင်သောကြောင့်ပင်။

လဲ့လျန်လင်သည် လှပသော ဟူခဲ့ကို မချိပြုံးဖြင့် ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

“တင်ဆက်သူဟူ... ခင်ဗျား သတင်းက တော်တော်မြန်တာပဲနော်”

ဟူခဲ့က စွဲမက်ဖွယ်ကောင်းစွာ ပြုံးပြလျက် “စခန်းမှူးလေ... ကျွန်မကို စနေတာလား..ကျွန်မတို့က ပြည်သူ့ရဲတွေရဲ့ သတ္တိရှိပုံကို လူထုကို ပြသချင်လို့ပါ၊ ဒါမှလည်း ပြည်သူတွေက ရဲဘော်တို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ထောက်ခံအားပေးကြမှာပေါ့” ဟု ဆိုသည်။

လဲ့လျန်လင်ကမူ စိတ်ထဲမှ ‘ငါတို့ကို လှောင်ပြောင်ဖို့ လာတာများလား ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ ဝရမ်းပြေး သုံးယောက်က ဒီလောက် အလွယ်တကူ ကိုင်တွယ်လို့ရမယ် ထင်နေလား....အလွယ်လေးသာဆိုရင် သူတို့ ဒီလောက်ကြာအောင် လွတ်မြောက်နေမှာ မဟုတ်ဘူး’ ဟု တွေးနေမိသည်။

“တင်ဆက်သူဟူ... ကျွန်တော် ကြိုပြောထားမယ်နော်..ဒီရာဇဝတ်သားတွေက ရဲတပ်ဖွဲ့ရဲ့ အဆင့် (A) ဝရမ်းပြေး ယဲ့ဖုန်းနဲ့ အဆင့် (B) ဝရမ်းပြေးတွေဖြစ်တဲ့ မာလျန်နဲ့ ကျန်းစန်းဖောင်တို့ ဖြစ်တယ်... သူတို့ သုံးယောက်လုံးက အထူးတပ်ဖွဲ့ဝင်ဟောင်းတွေဖြစ်လို့ စစ်ပညာကျွမ်းကျင်ပြီး အဆင့်မြင့်လက်နက်တွေ ရှိနေကြတယ်...တစ်နည်းပြောရရင် သူတို့က အရမ်းအန္တရာယ်များတယ်...ခင်ဗျားတို့ရဲ့ လုံခြုံရေးကို ကျွန်တော်တို့ အာမမခံနိုင်ဘူး.. သတင်းတင်ဆက်တဲ့အခါ ကိုယ့်လုံခြုံရေးကိုယ် ဂရုစိုက်ဖို့ မျှော်လင့်ပါတယ်... တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ အလုပ်ကိုလည်း နှောင့်ယှက်တာမျိုး မလုပ်ပါနဲ့”

ဟူခဲ့က မျက်တောင်ခတ်လျက် “စခန်းမှူးလဲ့... စိတ်ချပါ.. ကျွန်မတို့ အလုပ်ကို မနှောင့်ယှက်ပါဘူး.. ပြီးတော့ ရွှမ်းဟူရဲစခန်းက ကျွန်မတို့ရဲ့ လုံခြုံရေးကို သေချာပေါက် ကာကွယ်ပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု ပြန်ပြောသည်။

ဘဏ်တံခါးဝတွင်မူ ယဲ့ဖုန်းသည် အပြင်ဘက် အခြေအနေကို အကဲခတ်နေသည်။

ရွှမ်းဟူ ICBC ဘဏ်ကို ရွေးချယ်ခဲ့ခြင်းမှာ အကြိမ်ကြိမ် စုံစမ်းစစ်ဆေးပြီးမှ ချမှတ်ခဲ့သော ပန်းတိုင်ဖြစ်သည်။ ဤဘဏ်၏ ပတ်ဝန်းကျင်တွင် မြင့်မားသောအဆောက်အအုံများ မရှိသဖြင့် အမြင်အာရုံမှာ ကျယ်ပြောလှသည်။ ရဲများက စနိုက်ပါသမားများ စေလွှတ်လျှင်တောင် မြေပြင်ညီမှသာ ပစ်ခတ်နိုင်မည်ဖြစ်ပြီး အမြင်အာရုံမှာ အတားအဆီးများကြောင့် အကန့်အသတ် ရှိလိမ့်မည်။ ထို့ကြောင့် ကျန်းစန်းဖောင်သည် ရဲစနိုက်ပါသမားများကို သေချာပေါက် နှိမ်နင်းနိုင်လိမ့်မည်ဟု ယဲ့ဖုန်း ယုံကြည်ထားသည်။

အခြားတစ်ဖက်တွင်လည်း ဘဏ်ပတ်ပတ်လည်တွင် တက္ကသိုလ်နယ်မြေများ ရှိနေသဖြင့် လူစည်ကားလှရာ၊ သူတို့ ထွက်ပြေးရန် သို့မဟုတ် ဓားစာခံအသစ်များ ထပ်မံဖမ်းဆီးရန် လွယ်ကူလှသည်။ ထို့ပြင် ရွှမ်းဟူအိုင်သည် ရွှမ်းချင်းမြို့၏ ဆင်ခြေဖုံးတွင် တည်ရှိပြီး လမ်းများမှာ ရှင်းလင်းကာ ယာဉ်ကြောပိတ်ဆို့မှု နည်းပါးသဖြင့် ရွှမ်းချင်းမြို့မှ အလျင်အမြန် ထွက်ပြေးလွတ်မြောက်နိုင်မည်ဖြစ်သည်။

“ခေါင်းဆောင်... လက်နက်ကိုင်ရဲတွေ ရောက်လာပြီ” ကျန်းစန်းဖောင်သည် စနိုက်ပါမှန်ပြောင်းမှတစ်ဆင့် လူအုပ်ထဲသို့ အကဲခတ်နေသည်။ စစ်ဖောက်ပြန်ရောင် ဝတ်စုံဝတ်ထားသော စစ်သားအချို့သည် လာရောက်ကြည့်ရှုနေသော ကျောင်းသားများကို အလျင်အမြန် ဖယ်ရှားပေးနေကြသည်။ ထိုသူများမှာ သေချာပေါက် လက်နက်ကိုင်ရဲများပင် ဖြစ်သည်။

ယဲ့ဖုန်းက ခေါင်းညိတ်ကာ “လျန်... မင်း ဘယ်လောက်ကြာဦးမလဲ” ဟု မေးလိုက်သည်။

ဘဏ်တိုက်ခန်းထဲမှ မာလျန်၏အသံ ထွက်ပေါ်လာသည်။ “ခေါင်းဆောင်... ပိုက်ဆံအသစ်တွေကို အသုံးမပြုနိုင်အောင် အပိတ်မခံရဖို့အတွက် ကျွန်တော် ပိုက်ဆံအဟောင်းတွေကိုပဲ ရွေးနေတာပါ..အများဆုံး သုံးမိနစ်ဆိုရင် ပြီးပါပြီ”

ယဲ့ဖုန်းက ဓားစာခံတစ်ဦးကို ဖမ်းဆီးလိုက်ပြီး ကျန်းစန်းဖောင်ကို “စန်းဖောင်... လိပ်တံခါးကို ဖွင့်လိုက်” ဟု အမိန့်ပေးလိုက်သည်။

ဂြောက်ဂြောက်မြည်သံနှင့်အတူ ဘဏ်၏ သံမဏိလိပ်တံခါးမှာ ဖြည်းညှင်းစွာ ပွင့်တက်သွားသည်။ ယဲ့ဖုန်းသည် အမျိုးသားတစ်ဦး၏ လည်ပင်းကို ဘယ်ဘက်လက်ဖြင့် ဖမ်းချုပ်ကာ ညာဘက်လက်ဖြင့် သေနတ်ကို ထိုသူ၏ နားထင်သို့ ချိန်ထားလိုက်သည်။

အေးစက်သော သေနတ်ပြောင်းဝမှာ နားထင်သို့ ဖိကပ်ထားသဖြင့် ဓားစာခံမှာ ခြေဖျားလက်ဖျားများ အေးစက်ကာ မျက်နှာတစ်ခုလုံး ဖြူလျော့နေတော့သည်။

“အင်အားတွေ တော်တော်သုံးထားတာပဲ” ယဲ့ဖုန်းက အပြင်က ရဲများကို အေးစက်စွာ ကြည့်လိုက်သည်။

လဲ့လျန်လင်သည် ယဲ့ဖုန်း၊ ဓားစာခံနှင့် လက်ထဲက အနက်ရောင်ပစ္စတိုကို ကြည့်ကာ မျက်တောင်များ တဆတ်ဆတ် တုန်နေသည်။ သူက ချက်ချင်းပင် “ယဲ့ဖုန်း... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ မင်းမှာ ဘာတောင်းဆိုချက်ပဲရှိရှိ ငါတို့ ဆွေးနွေးလို့ရပါတယ်... ဓားစာခံကိုတော့ မထိခိုက်ပါစေနဲ့” ဟု အော်ပြောလိုက်သည်။

ရွှမ်းဟူရုပ်သံလိုင်း၏ ထိပ်တန်းသတင်းတင်ဆက်သူသည်လည်း ကင်မရာသမားကို အမြန်ပင် အချက်ပြလိုက်သည်။

“မိဘပြည်သူအပေါင်းရှင်... အခု ကြည့်ရှုနေကြတာကတော့ ရွှမ်းဟူရုပ်သံလိုင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်ပါတယ်.. ပုံထဲမှာ သေနတ်ကိုင်ထားတဲ့သူကတော့ ရဲတပ်ဖွဲ့ရဲ့ အဆင့် (A) ဝရမ်းပြေး ယဲ့ဖုန်းပဲ ဖြစ်ပါတယ်”

လဲ့လျန်လင်သည် ဟူခဲ့ကို မကျေမနပ် ကြည့်လိုက်သော်လည်း ဘာမှ မတတ်နိုင်ပေ။

ယဲ့ဖုန်းသည် ကင်မရာကို ကြည့်ကာ ပြုံးလိုက်သည်။ “တီဗွီရှေ့က မိဘပြည်သူများခင်ဗျာ... နေကောင်းကြရဲ့လား..ကျွန်တော်ကတော့ လက်နက်ကိုင်ဓားပြ ယဲ့ဖုန်းပါ”

ယဲ့ဖုန်း၏ အထာမကျသော အပြုအမူကြောင့် ဟူခဲ့ရော၊ ပတ်ဝန်းကျင်က ရဲများပါ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

ဓားပြတစ်ယောက်က ဘာလို့ ဒီလောက်တောင် မောက်မာနေရတာလဲ။

ခဏမျှ အံ့သြသွားပြီးနောက် ဟူခဲ့သည် ချက်ချင်းပင် စိတ်ကို ပြန်စုစည်းကာ “ရှင်... ယဲ့ဖုန်းရှင့်... ဘာကြောင့် သေနတ်ကိုင်ပြီး ဘဏ်ဓားပြတိုက်ရတာလဲဆိုတာ သိပါရစေ” ဟု ကျယ်လောင်စွာ မေးလိုက်သည်။

ယဲ့ဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လျက် “ကျွန်တော် ပိုက်ဆံလိုချင်လို့လေ... ဒါပါပဲ” ဟု ဖြေသည်။

“ရှင်က ဓားစာခံတွေကို ထိခိုက်အောင် လုပ်မှာလားရှင့်” ဟု ဟူခဲ့က ထပ်မေးသည်။ လူပေါင်းများစွာကို အင်တာဗျူးခဲ့ဖူးသော ဟူခဲ့အတွက် ဤအတွေ့အကြုံမှာ ပထမဆုံးပင်။ ရာဇဝတ်မှု ကျူးလွန်နေသည့် နေရာတွင် အဆင့် (A) ဝရမ်းပြေးတစ်ဦးကို အင်တာဗျူးနေရခြင်း မဟုတ်ပါလား!

“ဒီရဲတွေသာ ပူးပေါင်းမယ်ဆိုရင် ကျွန်တော် ဘယ်ဓားစာခံကိုမှ ထိခိုက်အောင် မလုပ်ပါဘူး.. ဒါပေမဲ့ သူတို့သာ မပူးပေါင်းဘူးဆိုရင်တော့ ကျွန်တော်တို့လည်း မနှစ်မြို့စရာတွေ လုပ်ရပါလိမ့်မယ်.. အတိုချုပ်ပြောရရင် ဓားစာခံတွေ တစ်ခုခုဖြစ်သွားမယ်ဆိုရင် အဲဒါ ဒီရဲတွေကြောင့်ပဲ ဖြစ်လိမ့်မယ်..”

ယဲ့ဖုန်း၏ စကားကြောင့် လဲ့လျန်လင်မှာ ဒေါသထွက်လွန်းသဖြင့် ခြေဆောင့်မိမတတ် ဖြစ်သွားသည်။ ယဲ့ဖုန်းက ပုံမှန်မဟုတ်ဘဲ ဟူခဲ့၏ အင်တာဗျူးကို လက်ခံခဲ့ခြင်းမှာ ဤစကားကို ပြောဆိုရန်သာဖြစ်ပြီး၊ သို့မှသာ ရွှမ်းဟူရဲစခန်းအနေဖြင့် နောက်ဆက်တွဲ လုပ်ဆောင်ချက်များတွင် ဝေခွဲမရဖြစ်သွားစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

“ရှင်... ယဲ့ဖုန်းရှင့်... ကျွန်မ မေးချင်တာက...”

ယဲ့ဖုန်းက ဟူခဲ့၏ စကားကို ဖြတ်ပြောလိုက်သည်။ “ကဲ... အင်တာဗျူး ပြီးပြီ”

“ရဲစခန်းမှူး... ခင်ဗျားကို အခု ငါ တောင်းဆိုမယ်..ငါးမိနစ်အတွင်းမှာ ဆီအပြည့်ဖြည့်ထားတဲ့ ကျည်ကာငွေသယ်ကားတစ်စီးကို အသင့်ပြင်ထားပေးပါ... လှည့်ကွက်တွေ မသုံးနဲ့၊ ခြေရာခံစက်တွေလည်း မတပ်နဲ့... ပြီးတော့ မြန်မြန်လုပ်တာ ကောင်းလိမ့်မယ်.. တစ်မိနစ် နောက်ကျတိုင်း ဓားစာခံ တစ်ယောက်ကို ငါ သတ်မယ်..မှတ်ထားပါ... ဓားစာခံတွေရဲ့ ကံကြမ္မာက ခင်ဗျားလက်ထဲမှာပဲ ရှိတယ်”

ယဲ့ဖုန်းသည် ပြောချင်ရာပြောပြီးနောက် အပြင်က ရဲများကို ဂရုမစိုက်တော့ဘဲ ဘဏ်ထဲသို့ ပြန်ဝင်သွားသည်။

လဲ့လျန်လင်က ချက်ချင်းပင် ဟိန်းဟောက်လိုက်သည်။ “ကျည်ကာငွေသယ်ကား တစ်စီး အခုချက်ချင်း ရှာခဲ့”

“အခုချက်ချင်း”

“အမြန်ဆုံး”

“ငါးမိနစ်အတွင်း ငါ မြင်ချင်တယ်”

ရွှမ်းဟူရဲစခန်းမှ ရဲများမှာ ပျာပျာသလဲ လှုပ်ရှားကြတော့သည်။

လဲ့လျန်လင်၏ အနောက် မလှမ်းမကမ်းတွင် အမှုကြီးနှိမ်နင်းရေးအဖွဲ့မှ ချန်ကွမ်းလျန် သည် ရဲကား၏ အရှေ့ဖုံးပေါ်တွင် ဘဏ်၏ အဆောက်အအုံပုံစံ ကို ချကာ သူ၏ အဖွဲ့နှင့်အတူ လေ့လာနေသည်။

“ပုံစံအရဆိုရင် ဘဏ်ထဲမှာ ပုန်းစရာ နေရာမရှိဘူး.. အတင်းအကျပ် ဝင်တိုက်မယ်ဆိုရင် ဓားစာခံတွေရဲ့ ဘေးကင်းမှုကို အာမမခံနိုင်ဘူး” ဟု ချန်ကွမ်းလျန်က ပုံစံကို လက်ညှိုးထိုးကာ ခွဲခြမ်းစိတ်ဖြာပြသည်။

အိုရန်ရှန်းက ပုံစံပေါ်က နေရာလေးတစ်ခုကို ညွှန်ပြကာ “ကပ္ပတိန်ချန်... ဘဏ်ထဲက လေဝင်လေထွက် ပိုက်လိုင်းက အချင်းဝက် မီတာဝက်လောက် ရှိတယ်။ အဲဒီကနေတစ်ဆင့် အထူးအဖွဲ့ကို လွှတ်ပြီး ခိုးဝင်လို့ မရဘူးလား” ဟု မေးသည်။

ဒု-ကပ္ပတိန် လဲ့ယာကွန်း က အေးစက်စွာ နှာခေါင်းရှုံ့ကာ “အိုရန်ရှန်း... ယဲ့ဖုန်းတို့ သုံးယောက်လုံးက အထူးတပ်ဖွဲ့ဝင်ဟောင်းတွေဆိုတာ နင် မသိဘူးလား..ဒီလို လှည့်ကွက်လေးတွေကို သူတို့က မရိပ်မိဘဲ နေမလား.. ဘဏ်ထဲ ရောက်သွားရင်တောင် သူတို့က ယဲ့ဖုန်းတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး” ဟု ဆိုသည်။

အိုရန်ရှန်းက ခေါင်းညိတ်လျက် “တောင်းပန်ပါတယ်... ကျွန်မ သေသေချာချာ မစဉ်းစားမိလို့ပါ” ဟု ပြန်ပြောသည်။

ဒု-ကပ္ပတိန် လဲ့ယာကွန်းက ပွင့်နေသော သံမဏိလိပ်တံခါးကို ကြည့်ကာ ဝမ်းသာအားရ ပြောလိုက်သည်။

“ကပ္ပတိန်... သူတို့ သတိမထားမိတဲ့အချိန်မှာ မျက်ရည်ယိုဗုံးတွေနဲ့ အလင်းဗုံး တွေ ပစ်သွင်းလိုက်ရင်ရော”

ချန်ကွမ်းလျန်က မျက်မှောင်ကြုတ်လိုက်သည်။

“မရဘူး ငါတို့ရဲ့ ရုတ်တရက် တိုက်ခိုက်မှုက သူတို့ကို အံ့သြသွားစေနိုင်ပြီး အလင်းဗုံးတွေကြောင့် ခဏတာ မျက်စိကွယ်သွားနိုင်ပေမဲ့ သူတို့က အထူးတပ်ဖွဲ့ဝင်တွေပဲ။ သူတို့သာ ဓားစာခံတွေကို သတ်ချင်တယ်ဆိုရင် ငါတို့ တားနိုင်မှာ မဟုတ်ဘူး”

“ဓားစာခံတွေကို ပစ်ပယ်ခဲ့တယ်ဆိုတဲ့ အပြစ်တင်မှုကို မင်း ခံနိုင်လား”

လဲ့ယာကွန်း၏ မျက်နှာ ပျက်သွားသည်။ သူသည် လဲ့လျန်လင်၏ လက်အောက်ငယ်သား ဖြစ်သည်။ အကယ်၍ ဓားစာခံများအတွက် အပြစ်တင်ခံရပါက သူသာမက လဲ့လျန်လင်ပါ အခက်တွေ့ရပေလိမ့်မည်။

အိုရန်ရှန်း၏ လှပသော မျက်ခုံးတန်းများမှာလည်း အထင်းသား တွန့်ချိုးနေသည်။

“ဒါဆိုရင် သူတို့ လုပ်ချင်ရာလုပ်ပြီး အေးအေးဆေးဆေး ထွက်ပြေးသွားတာကိုပဲ ကျွန်မတို့ ဒီအတိုင်း ထိုင်ကြည့်နေရမှာလား”

ချန်ကွမ်းလျန်နှင့် လဲ့ယာကွန်းတို့မှာ ဘာမှမတတ်နိုင်ဘဲ ခေါင်းငုံ့ထားကြရသည်။ ရဲနှင့် ရာဇဝတ်သား ထိပ်တိုက်ရင်ဆိုင်ရသောအခါ ရဲများတွင် အမြဲတမ်း စိုးရိမ်ပူပန်မှုများ ရှိနေတတ်သော်လည်း ရာဇဝတ်သားများမှာမူ မည်သည့်အရာကိုမျှ ဂရုမစိုက်ကြပေ။ ထို့ကြောင့်ပင် ရဲများမှာ အမြဲတမ်း အားနည်းနေသည်ဟု လူထုက အထင်ခံရခြင်း ဖြစ်သည်။

ဘဏ်အတွင်း၌မူ ကျန်းစန်းဖောင်သည် ဓားစာခံများကို စောင့်ကြည့်ရင်း အပြင်ဘက် အခြေအနေကို အကဲခတ်နေသည်။ မာလျန်သည် ကျောပိုးအိတ် အကြီးကြီး နှစ်လုံးကို တစ်ဖက်တစ်လုံးစီ ကိုင်ကာ ဘဏ်တိုက်ခန်းထဲမှ ထွက်လာသည်။

“ခေါင်းဆောင်... ပြီးပြီ”

ရှနိုင်ငံ၏ ငွေစက္ကူမှာ တစ်ရာတန် ငွေစက္ကူအသစ်များ ဖြစ်ကြသည်။ ငွေစက္ကူတစ်ရွက်လျှင် ၁.၁၅ ဂရမ်ခန့် ရှိရာ ယွမ်တစ်သန်းမှာ ၂၃ ပေါင်ခန့် (၁၀ ကီလိုကျော်) လေးသည်။ မာလျန်က ငွေစက္ကူအဟောင်းများကို ရွေးချယ်ခဲ့သဖြင့် အလေးချိန်မှာ အနည်းငယ် ပိုနိုင်သည်။ ကျောပိုးအိတ် တစ်လုံးလျှင် ပေါင် ၅၀ ခန့်စီ လေးလံလှသည်။

ယဲ့ဖုန်းက မာလျန်၏ ပခုံးကို ပုတ်ကာ “ကောင်းတယ် လျန်... မင်း စန်းဖောင်ရဲ့ အလုပ်ကို ခေတ္တ တာဝန်ယူလိုက်ဦး”

“စန်းဖောင်... မင်း အထဲဝင်ပြီး သူတို့ကို အံ့သြစရာလေးတစ်ခု ပေးလိုက်ဦး..ငါတို့ ဆုတ်ခွာဖို့ ပြင်ရအောင်”

မာလျန်သည် ကျန်းဆန်းဖောင်၏ နေရာသို့ သွားကာ စနိုက်ပါရိုင်ဖယ်ကို ကိုင်လျက် အပြင်ဘက်ကို စောင့်ကြည့်နေသည်။ ကျန်းစန်းဖောင်ကမူ ငွေကိုင်ကောင်တာထဲသို့ ဝင်သွားကာ ရဲများအတွက် အံ့သြစရာ အကြီးကြီးတစ်ခု ပြင်ဆင်လိုက်သည်။

ယဲ့ဖုန်းသည် ဓားစာခံတစ်ဦးကို ဖမ်းကိုင်ကာ ဘဏ်တံခါးဝသို့ ထွက်လာသည်။ သူ ပတ်ပတ်လည်ကို ကြည့်သော်လည်း ကျည်ကာငွေသယ်ကားကို မတွေ့ရပေ။

“ငွေသယ်ကား ဘယ်မှာလဲ..ငါးမိနစ် ပြည့်ပြီနော်..ငါ့ရဲ့ စိတ်ရှည်မှုကို လာမစမ်းနဲ့”

လဲ့လျန်လင်၏ နဖူးပေါ်တွင် ချွေးအေးများ ပျံလာသည်။ “ယဲ့ဖုန်း... စိတ်မလောပါနဲ့..ငွေသယ်ကား အခု လာနေပါပြီ..ခဏလေးပဲ ထပ်စောင့်ပေးပါ”

ယဲ့ဖုန်းက နှာခေါင်းရှုံ့လျက် “နောက်ထပ် သုံးမိနစ်ပဲ ထပ်ပေးမယ်... တစ်မိနစ် နောက်ကျတိုင်း ဓားစာခံ တစ်ယောက်ကို ရှင်းပစ်မယ်.. ဒီအခွင့်အရေးကို တန်ဖိုးထားဖို့ မျှော်လင့်ပါတယ် ဒီလောက်တော့ အရှက်မရှိကြနဲ့လေ...” ဟု ဆိုကာ ဘဏ်ထဲသို့ ပြန်ဝင်သွားသည်။

လဲ့လျန်လင်က “ငွေသယ်ကား ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ” ဟု အော်မေးသည်။

တန်ဝမ်ထောင်က “အနည်းဆုံး ငါးမိနစ်တော့ ကြာဦးမယ်” ဟု ပြန်ဖြေသည်။

“ယာဉ်မောင်းကို ဆက်သွယ်လိုက် အမြန်နှုန်း ကန့်သတ်ချက်ကို ကျော်ရင်တောင် အချိန်မီ ရောက်လာအောင် မောင်းခိုင်းလိုက်” လဲ့လျန်လင်၏ မျက်နှာ ပျက်နေပြီ။ “ဝမ်ထောင်... အကယ်၍ ငွေသယ်ကား နောက်ကျသွားရင် ဘာလုပ်ရင် ကောင်းမလဲ..မင်းမှာ အကြံရှိလား”

တန်ဝမ်ထောင်က ခဏစဉ်းစားပြီး “ယဲ့ဖုန်းကို စိတ်အေးသွားအောင်နဲ့ ဓားစာခံတွေကို မသတ်အောင် ဆွေးနွေးညှိနှိုင်းသူ တစ်ယောက် လွှတ်လိုက်ရင်ရော” ဟု အကြံပြုသည်။

လဲ့လျန်လင် ကြောင်သွားသည်။ ဒီလောက် အန္တရာယ်များတဲ့ အခြေအနေမှာ ဘယ်သူကများ ဆွေးနွေးညှိနှိုင်းသူအဖြစ် သွားချင်ပါ့မလဲ။ ဘယ်သူကရော သင့်တော်မှာလဲ။

လဲ့လျန်လင်၏ ဘေးနားရှိ ရဲဝန်ထမ်းများမှာ သူတို့အမည်ကို ခေါ်မည်စိုးသဖြင့် ခေါင်းကို ငုံ့ထားကြသည်။

အိုရန်ရှန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ မည်သူမျှ ကိုယ်ကျိုးမစွန့်ဝံ့ကြသည်ကို မြင်ရသဖြင့် သူမ၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။

“စခန်းမှူးလဲ့... ကျွန်မ သွားပါ့မယ်”

အိုရန်ရှန်းသည် ခြေလှမ်းအနည်းငယ် ရှေ့တိုးလာပြီး လဲ့လျန်လင်၏ ရှေ့တွင် ရပ်လိုက်သည်။

အခန်း - ၄၀

ဘဏ်အတွင်း၌ ရဲတပ်ဖွဲ့မှ အလိုရှိနေသော ဝရမ်းပြေး သုံးဦးရှိနေသည်။ သူတို့တွင် လက်နက်များရှိပြီး ဘဏ်ဓားပြတိုက်ရန်အတွက် ဓားစာခံများကိုလည်း ဖမ်းဆီးထားသည်။ ဤကဲ့သို့အချိန်မျိုးတွင် ဆွေးနွေးညှိနှိုင်းသူကို အတွင်းသို့လွှတ်ခြင်းမှာ အလွန်အန္တရာယ်များလှသည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိပေ။ အကယ်၍ ယဲ့ဖုန်းတို့အဖွဲ့က ထိုသူကို သတ်ပစ်လိုက်လျှင်ပင် ရွှမ်းဟူရဲစခန်းမှ ရဲများမှာ ဘာမှလုပ်ဝံ့ကြမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဓားစာခံများစွာ ကျန်ရှိနေသေးသောကြောင့်ပင်။

လဲ့လျန်လင်သည် လှပသောရဲမေ အိုရန်ရှန်း ကို ကြည့်လိုက်သည်။ သူသည် သူမ၏အလှအပကို အတော်ပင် တပ်မက်နေမိသည်။ သို့သော် အိုရန်ရှန်းမှာ အမှုကြီးနှိမ်နင်းရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ထိုအဖွဲ့သည် ရွှမ်းဟူရဲစခန်းတွင် အခြေစိုက်သော်လည်း နောက်ဆုံးအမိန့်အာဏာမှာ မြို့တော်ရဲဌာနထံတွင်သာ ရှိသည်။ တစ်နည်းပြောရရင် လဲ့လျန်လင်အနေဖြင့် အမှုကြီးနှိမ်နင်းရေးအဖွဲ့ကို အမိန့်ပေးနိုင်သည်မှာ မှန်သော်လည်း ထိုအဖွဲ့က နားထောင်ခြင်း ရှိ၊ မရှိမှာမူ အခြားကိစ္စတစ်ခုဖြစ်သည်။

ဤသည်မှာလည်း လွန်ခဲ့သော နှစ်ရက်ခန့်က ယဲ့ဖုန်းအမှုနှင့်ပတ်သက်သော သတင်းများကို သတင်းထောက်များထံသို့ တိတ်တဆိတ် ပေါက်ကြားခိုင်းခဲ့သည့် အကြောင်းရင်းပင် ဖြစ်သည်။ ၎င်းက ယဲ့ဖုန်းအမှုကို လူပြောများစေခဲ့သည်။ မြို့တော်ရဲဌာနက လဲ့လျန်လင်ကို တင်းကျပ်စွာ အမိန့်ပေးထားသော်လည်း အမှုကြီးနှိမ်နင်းရေးအဖွဲ့ကသာ အမှုကို ကိုင်တွယ်နေခြင်းဖြစ်သည်။ အကယ်၍ ချန်ကွမ်းလျန်သာ ဤအမှုကို လွဲချော်အောင်လုပ်မိပါက လဲ့လျန်လင်မှာ ပြည်တွင်းသတိပေးချက်သာ ခံရမည်ဖြစ်သော်လည်း၊ ချန်ကွမ်းလျန်မှာမူ အမှုကြီးနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရာထူးမှ သေချာပေါက် ဖယ်ရှားခံရမည်ဖြစ်သည်။ ထိုအခါ ထိုရာထူးကို ဆက်ခံရန် အလားအလာအရှိဆုံးသူမှာ လဲ့လျန်လင်၏ လူယုံဖြစ်သော လဲ့ယာကွန်း ပင် ဖြစ်သည်။

အိုရန်ရှန်းက အမှုကြီးနှိမ်နင်းရေးအဖွဲ့ကိုယ်စား တာဝန်ယူရန် ရှေ့ထွက်လာသည်ကို မြင်သောအခါ၊ လဲ့လျန်လင်သည် သူမ၏အလှကို တပ်မက်နေသော်လည်း အရေးကြီးသည့်အချိန်တွင် ဘာလုပ်ရမည်ကို သိပေသည်။

“အိုရန်ရှန်း... နင် သေသေချာချာ စဉ်းစားနော် တစ်ဖက်လူက အဆင့် (A) ဝရမ်းပြေး ယဲ့ဖုန်းနဲ့ အဆင့် (B) ဝရမ်းပြေးတွေဖြစ်တဲ့ ကျန်းစန်းဖောင်နဲ့ မာလျန်တို့ ဖြစ်တယ်... သူတို့အားလုံးက အထူးတပ်ဖွဲ့ဝင်ဟောင်းတွေပဲ သာမန်ရာဇဝတ်သားတွေနဲ့ ယှဉ်လို့မရဘူး.. ရဲတပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်မှာ ထိပ်ဆုံးသုံးယောက်စာရင်းဝင်ရုံနဲ့ သူရဲကောင်းလုပ်လို့ရမယ်လို့ မထင်နဲ့... ငါပြောပြမယ်... သူတို့ရှေ့မှာတော့ နင့်ရဲ့အရည်အချင်းက ပြောပလောက်တာ မဟုတ်ဘူး”

အိုရန်ရှန်းက ခေါင်းမာစွာဖြင့် “စခန်းမှူးလဲ့... ကျည်ကာငွေသယ်ကားက အချိန်မီရောက်မှာမဟုတ်ဘူး၊ ဟုတ်တယ်မလား.. တကယ်လို့ သူတို့က ဓားစာခံတွေကို ပစ်လိုက်ရင် ကျွန်မတို့ ဘာလုပ်ကြမလဲ.. ကျွန်မ လက်နက်မပါဘဲ ဝင်သွားမယ်၊ ပြီးတော့ ကျွန်မက မိန်းကလေးတစ်ယောက်ပဲ.. သူတို့ ကျွန်မကို အကျပ်ကိုင်မှာ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား...ကျွန်မက သူတို့ကို စိတ်မလောဖို့နဲ့ အချိန်ပိုပေးဖို့ သွားပြောရုံတင်ပါ...ယဲ့ဖုန်းရဲ့ အပြုအမူအရ သူက စဉ်းစားဆင်ခြင်ဉာဏ်မရှိတဲ့လူ မဟုတ်ဘူး... သူတို့ကို ကျွန်မ ဖျောင်းဖျနိုင်မယ်လို့ ယုံကြည်ချက်အပြည့်ရှိပါတယ်” ဟု ဆိုသည်။

လဲ့လျန်လင်သည် ချန်ကွမ်းလျန်ကို ဝေခွဲမရစွာ ကြည့်လိုက်သည်။ “ကပ္ပတိန်ချန်... မင်း ဘယ်လိုထင်လဲ”

ချန်ကွမ်းလျန်က အိုရန်ရှန်းကို လေးနက်စွာ ကြည့်ကာ “အိုရန်ရှန်း... ဒီကိစ္စ မအောင်မြင်ခဲ့ရင် ဖြစ်လာမယ့် နောက်ဆက်တွဲတွေကို နင် စဉ်းစားပြီးပြီလား” ဟု မေးသည်။

အိုရန်ရှန်းက မိမိကိုယ်ကိုယ် လှောင်ပြုံးပြုံးလျက် “သေရုံပဲ ရှိတာပေါ့ ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာအတွက်ဆိုရင် ကျွန်မ အသက်ကို စွန့်လွှတ်ဖို့ အသင့်ပါပဲ..” ဟု ပြောလိုက်သည်။

သူမ၏ စိတ်ထဲတွင်မူ အပြင်ထုတ်မပြောဖြစ်သော စကားတစ်ခွန်း ကျန်ရှိနေသေးသည်။

‘ကျွန်မ အဖေလိုပဲ... ပြည်သူတွေကို ကာကွယ်ရင်း ရာဇဝတ်သားတွေကို အဆုံးထိ တိုက်ပွဲဝင်သွားမယ်’

အိုရန်ရှန်း၏ ဖခင်အမည်မှာ အိုရန်ဖူ ဖြစ်သည်။ သူ၏အမည်ကဲ့သို့ပင် အိုရန်ဖူမှာ မသွေးရသေးသော ကျောက်စိမ်းတုံးကဲ့သို့ သူ၏ ထူးချွန်မှုများကို ဖုံးကွယ်ထားသူဖြစ်သည်။ သူသည် ရဲတပ်ဖွဲ့တွင် အနှစ် ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့၏ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။

လွန်ခဲ့သော ဆယ်နှစ်က အိုရန်ဖူနှင့် သူ၏အဖွဲ့သည် ရွှမ်းချင်းမြို့ ဆင်ခြေဖုံးတွင် ရွှေတြိဂံနယ်မြေမှ မူးယစ်ဆေး အမြောက်အမြား သယ်ဆောင်လာသော မူးယစ်ဂိုဏ်းနှင့် သေနတ်ချင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။ နောက်ဆုံးတွင် မူးယစ်ဂိုဏ်းက လူအင်အားအသာစီးဖြင့် အိုရန်ဖူ ဦးဆောင်သော အဖွဲ့ကို အမြစ်ပြတ် သုတ်သင်ခဲ့သည်။ အိုရန်ဖူသည် ရဲအရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရင်း အသက်စွန့်သွားခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က အိုရန်ရှန်းမှာ အသက် ၁၅ နှစ်သာ ရှိသေးသည်။ တိတ်တဆိတ် ငိုကြွေးပူဆွေးပြီးနောက် သူမသည် စာကို ကြိုးစားသင်ယူခဲ့သည်။ ထို့နောက် ထူးချွန်သောရလဒ်များဖြင့် ရဲတက္ကသိုလ်သို့ တက်ရောက်ခွင့်ရကာ ရဲအရာရှိတစ်ဦး ဖြစ်လာခဲ့ခြင်းပင်။

အိုရန်ရှန်းသည် အတိတ်က ပုံရိပ်များကို ဖျောက်ဖျက်လိုက်ကာ ခါးပတ်မှ သေနတ်အိမ်ကို ဖြည်းဖြည်းချင်း ဖြုတ်လိုက်သည်။ သူမ၏ ရဲသုံးပစ္စတိုကို ရဲကား၏အရှေ့ဖုံးပေါ်ရှိ လဲ့လျန်လင်၏ဘေးတွင် တင်ထားလိုက်သည်။ ထို့နောက် ကားပေါ်ရှိ အသံချဲ့စက် ကို ကောက်ကိုင်လိုက်သည်။

“ယဲ့ဖုန်း... မင်္ဂလာပါ ကျွန်မက ရွှမ်းဟူရဲစခန်းက ဆွေးနွေးညှိနှိုင်းသူ အိုရန်ရှန်းပါ..ကျွန်မဆီမှာ ဘာလက်နက်မှ ပါမလာဘူး... ရှင်နဲ့ စကားပြောချင်လို့ပါ”

ပြောပြီးနောက် အိုရန်ရှန်းသည် အသံချဲ့စက်ကို ချလိုက်ကာ လက်နှစ်ဖက်ကို ခေါင်းပေါ်မြှောက်လျက် ဘဏ်တံခါးဝဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားတော့သည်။

ဘဏ်အတွင်းရှိ ထောင့်တစ်နေရာတွင် ဝပ်နေသော ရှီလဲ့မှာမူ မျက်မှောင်ကြုတ်မိသွားသည်။ သူ၏ ကြွက်သားများမှာ တင်းမာသွားပြီး ပျင်းရိနေတတ်သော မျက်လုံးများမှ အရောင်များ တောက်ထွက်လာသည်။

‘အိုရန်... အိုရန်... နင်ကတော့ တကယ်ကို ပြဿနာရှာတတ်တာပဲ’

ကံကောင်းသည်မှာ ရှီလဲ့သည် နံနက်ပိုင်းက ယဲ့ဖုန်းနှင့် စကားပြောခဲ့ဖူးသဖြင့် ယဲ့ဖုန်းသည် လူဆိုးတစ်ယောက်မဟုတ်ကြောင်း သိထားခြင်းပင်။ သူသည် အိုရန်ရှန်းကို အလျင်စလို ပစ်ခတ်မည်မဟုတ်ကြောင်း သိထားသဖြင့် ရှီလဲ့ အနည်းငယ် စိတ်သက်သာရာရသွားသည်။

အိုရန်ရှန်းသည် လက်နှစ်ဖက်ကို မြှောက်ကာ လက်နက်ချသည့် အမူအရာဖြင့် ဘဏ်တံခါးဝသို့ ဖြည်းဖြည်းချင်း ဝင်လာသည်။ ယဲ့ဖုန်းက အိုရန်ရှန်းကို အကဲခတ်ကြည့်လိုက်သည်။ သူမ၏ လှပမှုကြောင့် သူသည် အံ့သြခြင်း သို့မဟုတ် ထူးခြားသော တုံ့ပြန်မှုမျိုး မပြပေ။ သူက အေးစက်စွာပင် “မင်းတို့ရဲတွေ... ဘာလှည့်ကွက်တွေ ထပ်သုံးဦးမလို့လဲ..ငါတို့ ဆွေးနွေးဖို့ မလိုဘူး... ထွက်သွားစမ်း” ဟု ဆိုသည်။

အိုရန်ရှန်းက တည်ငြိမ်စွာဖြင့် “ယဲ့ဖုန်း... ရှင် ဆွေးနွေးဖို့ မလိုဘူးဆိုတာ ကျွန်မ သိပါတယ်... ရှင်တောင်းဆိုထားတဲ့ ကျည်ကာငွေသယ်ကားက လာနေပါပြီ.. ဒါပေမဲ့ အမြန်ဆုံးဆိုရင်တောင် ခုနစ်မိနစ်၊ ရှစ်မိနစ်လောက် ကြာဦးမယ်... အဲဒါကြောင့် ရှင် စိတ်မလောဘဲ ဓားစာခံတွေကို မထိခိုက်စေဖို့ ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု ပြောလိုက်သည်။

ယဲ့ဖုန်းက နှာခေါင်းရှုံ့လျက် “မင်းတို့က အချိန်ဆွဲပြီး ထောင်ချောက်ဆင်မလို့လား... မင်းတို့ရဲတွေမှာ ယုံကြည်ရတဲ့ အချက်တစ်ချက်မှ မရှိဘူး” ဟု ဆိုသည်။

အိုရန်ရှန်းက ချက်ချင်း ခေါင်းခါပြကာ “မဟုတ်ပါဘူး ရွှမ်းဟူမှာ ကျည်ကာငွေသယ်ကား တစ်စီးပဲရှိတာ... အဲဒါက ဆီဆိုင်မှာ ဆီဖြည့်နေလို့ အချိန်မီ မရောက်နိုင်တာပါ.. ရှင် စိတ်ကို ထိန်းထားပါဦး.. ရှင်က ဒီကနေ ထွက်သွားချင်ရုံပဲ မဟုတ်လား...ဓားစာခံတွေကို ထိခိုက်အောင် လုပ်ဖို့ မလိုပါဘူး” ဟု ပြန်ပြောသည်။

အိုရန်ရှန်း ပြောသမျှမှာ ဆင်ခြေများသာ ဖြစ်သည်။ သူမ၏ ရည်ရွယ်ချက်မှာ ယဲ့ဖုန်းတို့ကို စိတ်အေးသွားစေရန်နှင့် ဓားစာခံများကို မထိခိုက်စေရန်ပင်။ တစ်ချိန်တည်းမှာပင် ယဲ့ဖုန်းကို သတိလျော့သွားစေရန်နှင့် ရဲများက သူတို့ကို ဖမ်းဆီးရန် လက်လျှော့လိုက်ပြီဟု ထင်သွားစေရန် ကြိုးစားခြင်းဖြစ်သည်။ ရဲတွေက သူတို့ ထွက်ပြေးချိန်ကျမှသာ ထောင်ချောက်ဆင်ဖို့ ပြင်နေတာလို့ ထင်သွားအောင်ပေါ့။

အချိန်များက ဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်။ ရှီလဲ့၏ ကြွက်သားများမှာ တင်းမာနေပြီး အိုရန်ရှန်းကို ကယ်တင်ရန် အသင့်ပြင်ထားသည်။

မိနစ်အနည်းငယ် ကြာပြီးနောက်တွင် အပြင်ဘက်မှ စက်နှိုးသံနှင့် ကားဟွန်းသံအချို့ ထွက်ပေါ်လာသည်။ ဘဏ်၏ မှန်တံခါးမှတစ်ဆင့် ငွေသယ်ကားတစ်စီး ဖြည်းဖြည်းချင်း မောင်းဝင်လာသည်ကို မြင်လိုက်ရသည်။

“လျန်... စမ်းကြည့်လိုက်ဦး” ယဲ့ဖုန်းက မာလျန်ကို အမိန့်ပေးလိုက်သည်။

မာလျန်သည် ပစ္စတိုကို ထုတ်ကာ ငွေသယ်ကား၏ မှန်ကို ချိန်၍ ပစ်လိုက်သည်။

“ဒိုင်း”

ဘဏ်ခန်းမအတွင်းရှိ ဓားစာခံများကြားတွင် တစ်ကျော့ပြန် ဆူညံသွားသော်လည်း ယဲ့ဖုန်းက ပြန်လည် ထိန်းသိမ်းလိုက်သည်။ ဘဏ်အပြင်ဘက်တွင်မူ ငွေသယ်ကား၏ မှန်ပေါ်တွင် ကျည်ရာတစ်ခု ထင်ကျန်ရစ်သော်လည်း ကွဲအက်သွားခြင်း မရှိပေ။ ၎င်းမှာ သေချာပေါက် ကျည်ကာကားပင် ဖြစ်သည်။

ယဲ့ဖုန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် အိုရန်ရှန်းကို ကြည့်ကာ “စန်းဖောင်... ပြီးပြီလား” ဟု အော်မေးလိုက်သည်။

ဘဏ်ငွေကိုင်ရုံးခန်းအတွင်းမှ ကျန်းစန်းဖောင်သည် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လာသည်။ သူ၏ ရှေ့မှ လက်ရာမွန်ကြီးကို ကြည့်ကာ ပြုံးလိုက်သည်။ “ခေါင်းဆောင်... ပြီးပါပြီ”

ယဲ့ဖုန်းသည် မြေပြင်တွင် ဝပ်နေသော ဓားစာခံများကို လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် အိုရန်ရှန်းသည် ယဲ့ဖုန်းထံသို့ ယုန်ကလေးတစ်ကောင်ကဲ့သို့ အပြေးအလွှား တိုးဝင်သွားသည်။

ထောင့်ရှိ ရှီလဲ့မှာ အလွန် စိုးရိမ်သွားသည်။ သူသည် တပိုင်းတစ်စ မတ်တပ်ရပ်ကာ ဓားစာခံများကို ကယ်တင်ရန် အသင့်ပြင်လိုက်သည်။

ထွက်လာကာစ ဖြစ်သော မာလျန်နှင့် ကျန်းဆန်းဖောင်တို့မှာမူ အိုရန်ရှန်းက ယဲ့ဖုန်းထံ ပြေးဝင်သွားသည်ကို မြင်သောအခါ ကူညီပေးခြင်း မရှိသည့်အပြင် လှောင်ပြုံးပင် ပြုံးနေကြသည်။

အတိတ်ကာလက ယဲ့ဖုန်းကို အထူးတပ်ဖွဲ့၏ “စစ်သားဘုရင်” ဟု တင်စားကြခြင်းမှာ အလကား မဟုတ်ပေ။

ယဲ့ဖုန်းသည် အိုရန်ရှန်းကို သေနတ်ဖြင့် မတိုက်ခိုက်ဘဲ၊ ဘယ်ဘက်လက်ကို လက်သီးဆုပ်ကာ အိုရန်ရှန်းထံသို့ ထိုးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ညာဘက်ခြေထောက်ဖြင့် အိုရန်ရှန်းကို ကန်လိုက်သည်။

လက်သီးနှင့် ခြေကန်ချက်ကို တစ်ပြိုင်နက်တည်း ပြုလုပ်နိုင်ခြင်းမှာ ခန္ဓာကိုယ်၏ ဟန်ချက်ကို အကောင်းဆုံး ထိန်းသိမ်းနိုင်ခြင်းပင်။

လက်သီးတစ်ချက်တည်းဖြင့်ပင် အိုရန်ရှန်းမှာ နောက်သို့ လွင့်ထွက်သွားသည်။ ယဲ့ဖုန်းက ညာဘက်လက်မှ သေနတ်ကို မြှောက်ကာ “လက်ကို ခေါင်းပေါ်တင်ပြီး ထိုင်လိုက်စမ်း.. ငါ့ကို အတင်းအကျပ် မလုပ်ခိုင်းနဲ့” ဟု ဟိန်းဟောက်လိုက်သည်။

ရှီလဲ့က ဘေးမှ စောင့်ကြည့်နေသည်။ အိုရန်ရှန်း၏ အသက်အန္တရာယ် မစိုးရိမ်ရသရွေ့ သူ ရှေ့ထွက်ရန် မစီစဉ်ထားပေ။ အိုရန်ရှန်းသည် ရဲတပ်ဖွဲ့အတွက် အသက်စွန့်ရန် အသင့်ရှိသော်လည်း အလဟဿ အသေခံမည့်သူမျိုး မဟုတ်ပေ။ သူမသည် လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ကာ ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။

“လျန်...စန်းဖောင်... ဓားစာခံတွေကို ရုံးခန်းထဲမှာ သွားပိတ်ထားလိုက်.. စန်းဖောင်... ရုံးခန်းတံခါးကို ရဲတွေဝင်မလာနိုင်အောင် အတားအဆီးတွေ လုပ်ထားလိုက်ဦး”

မာလျန်နှင့် ကျန်းစန်းဖောင်တို့သည် ချက်ချင်းပင် လှုပ်ရှားကြတော့သည်။

ယဲ့ဖုန်းက အိုရန်ရှန်းကို လှည့်ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။ “ရဲမေ... နင် ကံမကောင်းဘူးပဲ..ငါတို့က ဓားစာခံ တစ်ယောက်တည်းကို ခေါ်ပြီး ထွက်ပြေးဖို့ပဲ စိတ်ကူးထားတာ...ဒါပေမဲ့ နင်က ကိုယ့်ဘာသာ ကိုယ် လာတိုးတာဆိုတော့ ငါတို့ကို အပြစ်မတင်နဲ့တော့”

ရှီလဲ့၏ ရင်ခုန်သံမှာ မြန်ဆန်သွားသည်။ သူသည် ချက်ချင်းပင် မတ်တပ်ရပ်ကာ အော်လိုက်သည်။ “ယဲ့ဖုန်း”

ယဲ့ဖုန်းက ရှီလဲ့ကို အံ့သြတကြီး ကြည့်လိုက်သည်။

ကျန်းစန်းဖောင်နှင့် မာလျန်တို့သည် ရှီလဲ့ထံမှ ခြိမ်းခြောက်မှုကို ခံစားမိသဖြင့် ရှီလဲ့ကို ဝိုင်းရံကာ နှိမ်နင်းရန် ပြင်လိုက်ကြသည်။ ယဲ့ဖုန်းက သူတို့ကို တားလိုက်ပြီး “လျန်... စန်းဖောင်... ဓားစာခံတွေကိုပဲ သွားရှင်းလိုက် ဒီကောင်လေးကို ငါကိုယ်တိုင် ကိုင်တွယ်မယ်” ဟု ဆိုသည်။

ရှီလဲ့သည် အိုရန်ရှန်းထံသို့ လျှောက်သွားကာ သူမကို ဆွဲထူလိုက်သည်။ သူက သက်ပြင်းချလျက် “အိုရန်ရှန်း... နင် ဘာလို့ ဒီလောက်တောင် ထုံရတာလဲ” ဟု မေးလိုက်သည်။

အိုရန်ရှန်းက မျက်နှာဖြူလျော့လျက် “နင်... ရှီလဲ့... နင် ဘာလို့ ဒီမှာ ရှိနေတာလဲ” ဟု ပြန်မေးသည်။

သူမ၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ဝင်လာသည်။ ရှီလဲ့သည် ယဲ့ဖုန်း၏ ကြံရာပါများလားဟုပင် သံသယဝင်မိသည်။ သို့သော် ရှီလဲ့၏ နောက်ထပ်စကားများက သူမကို တုန်လှုပ်သွားစေသည်။

“ယဲ့ဖုန်း... မင်းက ဓားစာခံ တစ်ယောက်ပဲ လိုတာ မဟုတ်လား..သူမကို လွှတ်ပေးလိုက်ပါ၊ ငါ မင်းရဲ့ ဓားစာခံ လုပ်ပေးမယ်.. ငါက ရွှမ်းချင်းတက္ကသိုလ်က ကျောင်းသားတစ်ယောက်ပဲ..ရွှမ်းဟူရုပ်သံလိုင်းကသာ ဒါကို သတင်းထုတ်လွှင့်လိုက်ရင် ရဲတွေက ငါ့ကို လက်လွှတ်မှာ မဟုတ်ဘူး.. သူတို့ ငါ့ကို ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားကြလိမ့်မယ်”

အိုရန်ရှန်းက အော်ဟစ်လိုက်သည်။ “မလုပ်နဲ့ ရှီလဲ့... မလုပ်နဲ့ ဓားစာခံတွေထဲမှာ နောက်ဆုံးကျန်တဲ့သူက အသက်ရှင်နိုင်ခြေ ၁၀ ရာခိုင်နှုန်းတောင် မရှိဘူးဆိုတာ နင် မသိဘူးလား.. သူတို့နဲ့ လိုက်သွားရင် နင် သေလိမ့်မယ်”

ရှီလဲ့သည် အိုရန်ရှန်းကို သူ၏ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားလိုက်သည်။ သူ၏ ညာဘက်လက်ဖြင့် အိုရန်ရှန်း၏ နုနယ်သော မျက်နှာလေးကို ပွတ်သပ်ပေးကာ မျက်လုံးများထဲတွင် အပြုံးများ ပြည့်နှက်နေလျက် “အိုရန်... နင် သိထားတယ်ဆိုရင်၊ နင်သာ နောက်ဆုံး ဓားစာခံဖြစ်သွားရင်လည်း အန္တရာယ်က အတူတူပဲ မဟုတ်လား... အိုရန်ရှန်း... ငါတို့ သိလာတာ သိပ်မကြာသေးဘူး၊ ငါတို့ ဆက်ဆံရေးကလည်း သိပ်မကောင်းလှဘူး... ဒါပေမဲ့ ယောက်ျားတစ်ယောက်အနေနဲ့ လုပ်သင့်တဲ့အရာနဲ့ မလုပ်သင့်တဲ့အရာဆိုတာ ရှိတယ်... နင် သေသွားမှာကို ငါ ဒီအတိုင်း ထိုင်မကြည့်နိုင်ဘူး... အဲဒီလိုသာ လုပ်မိရင် ငါ့ရဲ့ အသိစိတ်က တစ်သက်လုံး ညှဉ်းပန်းနှိပ်စက်နေတော့မှာ” ဟု ဆိုလိုက်သည်။

ရှီလဲ့ ပြောမပြဖြစ်သော အခြားအကြောင်းရင်းတစ်ခုလည်း ရှိပါသေးသည်။ ယဲ့ဖုန်းသည် လူဆိုးတစ်ယောက် မဟုတ်ပေ။ နံနက်ပိုင်းက စကားပြောခဲ့ဖူးသဖြင့် ယဲ့ဖုန်းသည် သူ့ကို သတ်မည်မဟုတ်ကြောင်း ရှီလဲ့ သိထားသည်။ အများဆုံးဖြစ်လာနိုင်သည်မှာ ယဲ့ဖုန်းက သူ့ကို ခေါ်သွားပြီး သူတို့ လွတ်မြောက်သွားချိန်မှ လွှတ်ပေးလိုက်မည်သာ ဖြစ်သည်။

ထို့အပြင် ရှီလဲ့တွင် ယဲ့ဖုန်းနှင့်ပတ်သက်သော ကိုယ်ပိုင် အစီအစဉ်များလည်း ရှိနေသေးသည်!

“အိုရန်ရှန်း... ငါပြောတာ နားထောင်ပါ... နင် ငါ့အတွက် ချက်ပေးမယ်ဆိုတဲ့ ညစာကို ငါ စားချင်သေးတယ် အိုရန်ရှန်း... အမှန်အတိုင်းပြောရရင် နင့်ရဲ့ လက်ရာက တကယ်ကို ကောင်းပါတယ်... နင့်ကို လက်ထပ်ရမယ့်သူကတော့ တကယ်ကို ကံကောင်းမှာပဲ” ရှီလဲ့၏ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သော လေသံကြောင့် အိုရန်ရှန်းမှာ ငိုချလိုက်မိတော့သည်။

“ယဲ့ဖုန်း... သူမကို လွှတ်ပေးလိုက်ရင် ဘယ်လိုလဲ” ရှီလဲ့က ယဲ့ဖုန်းကို လေးနက်စွာ ကြည့်ကာ မေးလိုက်သည်။

All Chapters