အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အခန်း - ၃၁
ရှီလဲ့သည် ထုတ်လုပ်သူ ငါးဦးကို ရွေးချယ်ထားသည်။ ၎င်းတို့မှာ ဆိုနီ၊ ကန်နွန်၊ နီကွန်၊ ကိုဒက် နှင့် လိုင်ကာ တို့ ဖြစ်ကြသည်။
၎င်းတို့မှာ ကမ္ဘာ့အဆင့်မီ ကင်မရာထုတ်လုပ်သူကြီး ငါးဦးပင် ဖြစ်သည်။
ရှီလဲ့သည် 'အပြုံး ဖမ်းယူခြင်း' ဟု ခေါ်သော အချိန်နှင့်တစ်ပြေးညီ ပုံပြင်သည့် ဆော့ဖ်ဝဲလ်တစ်ခုကို ရေးသားထားသည်။
၎င်းမှာ ကင်မရာမှန်ဘီလူးသည် လူတစ်ဦး၏မျက်နှာတွင် အပြုံးတစ်ခုကို တွေ့ရှိပါက အလိုအလျောက် ပိုမိုမြန်ဆန်စွာ အာရုံစူးစိုက်ပေးပြီး ပိုမိုကောင်းမွန်သော ဓာတ်ပုံရလဒ်ကို ရရှိစေမည် ဖြစ်သည်။
'အပြုံးဖမ်းယူခြင်း' သည် ကင်မရာလုပ်ငန်းနယ်ပယ်အတွက် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးမည့် ဆော့ဖ်ဝဲလ်တစ်ခု ဖြစ်သည်။
ရှီလဲ့၏ ယခင်ဘဝတွင်မူ ဤနည်းပညာမှာ ၂၀၀၇ ခုနှစ်တွင် ပထမဆုံး ပေါ်ထွက်လာခဲ့ပြီး ဆိုနီကုမ္ပဏီမှ တီထွင်ခဲ့ခြင်း ဖြစ်သည်။
ရှီလဲ့သည် အပြုံးမျက်နှာဖမ်းယူသည့် ဆော့ဖ်ဝဲလ်ကို ရေးသားပြီးနောက် သူ၏ pixel ဆယ်သန်းပါ HD ကင်မရာကို အသုံးပြုကာ သူ့ဘာသာ အပျော်တမ်း ကြော်ငြာတစ်ခု ရိုက်ကူးလိုက်သည်။
ထို့နောက် သူသည် ထိုကြော်ငြာကို ကင်မရာထုတ်လုပ်သူ ငါးဦး၏ အီးမေးလ်လိပ်စာများသို့ ပို့လိုက်သည်။ အီးမေးလ် ပို့ပြီးနောက် ရှီလဲ့သည် တရုတ်နိုင်ငံအတွင်းရှိ ကင်မရာထုတ်လုပ်သူများကို သတိရသွားပြီး သူတို့ထံသို့လည်း အီးမေးလ် ပို့ရန် ဆုံးဖြတ်လိုက်သည်။
ကံမကောင်းစွာဖြင့် ရှီလဲ့သည် ပြည်တွင်းရှိ နာမည်ကြီး ကင်မရာကုမ္ပဏီများကို မသိပေ။
နောက်ဆုံးတွင် ရှီလဲ့သည် အင်တာနက်မှတစ်ဆင့် ရှာဖွေရာ တရုတ်နိုင်ငံရှိ တစ်ခုတည်းသော နာမည်ကြီး ကင်မရာထုတ်လုပ်သူမှာ 'ပတ်ထရီအော့' ဖြစ်ကြောင်း သိရှိသွားသည်။
ရှီလဲ့သည် အခြားရွေးချယ်စရာမရှိသဖြင့် ပတ်ထရီအော့ထံသို့သာ အီးမေးလ် ပို့လိုက်ရတော့သည်။
နေ့လယ် ၁ နာရီခွဲတွင် ရှီလဲ့သည် အိုရန်ရှန်း ရေခဲသေတ္တာထဲတွင် သိမ်းထားသော စားစရာအချို့ကို ရှာဖွေကာ အမြန်စားသောက်ပြီး ကျောင်းသို့ ပြေးလာခဲ့သည်။
မွန်းလွဲပိုင်းတွင် ရှီလဲ့တို့၌ ကွန်ပျူတာ လက်တွေ့အတန်း ရှိသည်။ ဤဘာသာရပ်ကို သင်ကြားပေးသော ဆရာမှာ ကျောင်းစဖွင့်စဉ်က ရှီလဲ့နှင့် လင်းယွီမော့တို့ တစ်ကြိမ်တွေ့ဖူးသည့် ကျောင်းသားရေးရာဌာနမှ ကျန်းစုန့် ပင် ဖြစ်သည်။
မွန်းလွဲ ၂ နာရီမထိုးမီ မိနစ်ပိုင်းအလိုတွင် ရှီလဲ့သည် ကွန်ပျူတာခန်းသို့ ရောက်လာသည်။
သူ၏ ကွန်ပျူတာသိပ္ပံအတန်း မှ ကျောင်းသားများမှာ အခန်းထဲသို့ ရောက်နှင့်နေပြီဖြစ်သည်။ လင်းယွီမော့သည် ထောင့်တစ်နေရာတွင် ထိုင်နေပြီး အတန်းခေါင်းဆောင် ချန်မင်ကမူ လင်းယွီမော့ကို ဖားရန် ကြိုးစားနေသည်။
ရှီလဲ့သည် မကျေမနပ်ဖြင့် လျှောက်သွားကာ "အတန်းခေါင်းဆောင်၊ မင်းက ယင်ကောင်တစ်ကောင်နဲ့ တူတယ်... အညစ်အကြေးတွင်းဆီပဲ ပြန်သွားစမ်းပါ ငါ့ရည်းစားကို အကြောင်းမရှိဘဲ လာမနှောင့်ယှက်နဲ့" ဟု ပြောလိုက်သည်။
လင်းယွီမော့က လျှာလေးထုတ်ပြသည်။ သူမသည် ရှီလဲ့၏ စကားကို သဘောမတူသော်လည်း ရှီလဲ့က သူမကို ရည်းစားဟု ပြောခြင်းကို ငြင်းဆန်ခြင်းလည်း မပြုပေ။
ချန်မင်က ရှီလဲ့ကို မျက်မှောင်ကြုတ်ကာ ကြည့်သည်။ ကိုယ်ခန္ဓာ အရွယ်အစားအရ ချန်မင်က ရှီလဲ့ထက် ခေါင်းတစ်လုံးစာ ပိုမြင့်ပြီး ပိုတောင့်တင်းသော်လည်း ရှီလဲ့၏ မျက်လုံးများမှ ရံဖန်ရံခါ ထွက်ပေါ်လာသော အကြည့်များက ချန်မင်ကို ထိတ်လန့်သွားစေသည်။
ချန်မင်သည် နှာခေါင်းရှုံ့ကာ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားတော့သည်။
ရှီလဲ့သည် လင်းယွီမော့၏ ဘေးတွင် ထိုင်ကာ ရယ်မောလိုက်သည်။ "အတန်းခေါင်းဆောင်က စက္ကူကျား တစ်ကောင်နဲ့ တူတယ်လို့ မထင်ဘူးလား"
လင်းယွီမော့က ပြုံးလျက် ခေါင်းညိတ်သည်။
မွန်းလွဲ ၂ နာရီတွင် ကျန်းစုန့်သည် စင်မြင့်ပေါ်မှ ထရပ်လိုက်သည်။
"ငါ့နာမည်က ကျန်းစုန့်ပါ... ဆရာကျန်းလို့ ခေါ်နိုင်ပါတယ်..ဆရာက မင်းတို့ကို ကွန်ပျူတာ လက်တွေ့အတန်း သင်ပေးမယ်...လက်တွေ့အတန်းဆိုတာ သင်ရိုးညွှန်းတမ်းစာအုပ်တွေထဲက အသိပညာတွေကို ကွန်ပျူတာပေါ်မှာ လက်တွေ့အသုံးချဖို့ပဲ...ဆိုလိုတာက မင်းတို့ စာအုပ်ထဲကအတိုင်း ကွန်ပျူတာပေါ်မှာ စမ်းသပ်မောင်းနှင်ရမယ်...လက်တွေ့အတန်းမှာ သင်ကြားပေးစရာ သီးသန့် အသိပညာမရှိဘူး..တစ်ခုခု နားမလည်တာရှိရင် လက်ထောင်ပြီး မေးနိုင်တယ်"
ဘေးတွင် ထိုင်နေသော လင်းယွီမော့က ရှီလဲ့ကို တိုးတိုးလေး ကပ်မေးသည်။ "အဲဒါ ကျောင်းစဖွင့်တုန်းက ငါတို့တွေ့ခဲ့တဲ့ ဆရာကျန်းစုန့် မဟုတ်လား"
ရှီလဲ့က ခေါင်းညိတ်ကာ "ဟုတ်တယ်" ဟု ဆိုသည်။
လင်းယွီမော့က စိုးရိမ်တကြီးဖြင့် "ဆရာကျန်းက ငါတို့..."
ရှီလဲ့သည် သူ၏လက်ညှိုးကို လင်းယွီမော့၏ ပန်းရောင်သန်းနေသော နှုတ်ခမ်းလေးရှေ့တွင် တားလိုက်ရာ သူကိုယ်တိုင်ပင် ခေတ္တမျှ ကြောင်အမ်းသွားမိသည်။
လင်းယွီမော့လည်း မျက်နှာနီသွားကာ ရှီလဲ့ကို ရှက်ကိုးရှက်ကန်း ကြည့်ရင်း "မိစ္ဆာရှီ၊ နင် ဘာလုပ်တာလဲ" ဟု မေးသည်။
ရှီလဲ့က တိုးတိုးလေး ပြောလိုက်သည်။ "ရှောင်မော့အဲဒါကို ပြောလို့မဖြစ်ဘူး ဆရာကျန်းစုန့်က သိရင်တောင် သူ ဒါကို ဂရုစိုက်မှာ မဟုတ်ပါဘူး"
ရှီလဲ့၏ ယခင်ဘဝတွင် သူနှင့် ကျန်းစုန့်မှာ မရင်းနှီးသော်လည်း ကျန်းစုန့်၏ သင်ကြားရေးပုံစံကို သူသိသည်။ ကျန်းစုန့်သည် ကျောင်းသားများ၏ လုပ်ဆောင်ချက်များကို သဘာဝအတိုင်း လွှတ်ထားတတ်သူ ဖြစ်သည်။ အကယ်၍ ကျောင်းသားတစ်ဦးက သင်ယူထားသော ပညာရပ်ကို အသုံးချကာ တစ်ခုခု လုပ်ဆောင်နိုင်ပါက ကျန်းစုန့်သည် အပြစ်မတင်ရုံတင်မကဘဲ တိတ်တဆိတ်ပင် အားပေးတတ်သူ ဖြစ်သည်။
မနီးမဝေးတွင်မူ အတန်းခေါင်းဆောင် ချန်မင်သည် ရှီလဲ့နှင့် လင်းယွီမော့ကို ကြည့်ကာ မျက်နှာပျက်နေသည်။
ဘေးမှ ဝမ်ပေါ်က "အတန်းခေါင်းဆောင်၊ ဟိုကောင်ကို ပြဿနာရှာဖို့ ငါ့လူတွေကို ခေါ်လိုက်ရမလား" ဟု တိုးတိုးလေး မေးသည်။ ဝမ်ပေါ်မှာ မြောက်ပိုင်းသားဖြစ်ပြီး အရပ်ရှည်ကာ တောင့်တင်းသူ ဖြစ်သည်။ ချန်မင်မှာ သူဌေးသားဖြစ်မှန်း သိပြီးနောက် အကျိုးအမြတ်ရရန် ချန်မင်၏ လက်ပါးစေ လုပ်နေသူ ဖြစ်သည်။
ချန်မင်က ခေါင်းခါပြကာ "ရွှမ်းချင်းတက္ကသိုလ်က ရန်ပွဲတွေကို အရမ်းတင်းကျပ်တယ်...ဝမ်ပေါ်... မင်း လူတွေကို စုပြီး ကျောင်းရဲ့ ဖိုရမ်မှာ ငါနဲ့ ရှီလဲ့တို့ လောင်းထားတဲ့ သတင်းကို ဖြန့်လိုက်စမ်း...ရှီလဲ့ဆိုတဲ့ အော့နှလုံးနာစရာကောင်းတဲ့ကောင်က ဒီတစ်ခါတော့ သေချာပေါက် ရှုံးမှာပဲ...ရေဒီယိုကနေ သူကိုယ်သူ ဂေးပါလို့ ကြေညာပြီးရင် လင်းယွီမော့က သူ့ကို ဆက်ပေါင်းနိုင်ဦးမလားဆိုတာ ငါ ကြည့်ချင်သေးတယ်"
ဝမ်ပေါ်၏ မျက်လုံးများ တောက်ပသွားသည်။ သူသည်လည်း အတွင်းသတင်း အချို့ကို သိထားသူ ဖြစ်သည်။ ဥပမာအားဖြင့် ကျောင်းတွင်း ဆော့ဖ်ဝဲလ်ပြိုင်ပွဲ၏ စပွန်ဆာမှာ ချန်မင်၏ မိသားစုကုမ္ပဏီ ဖြစ်နေခြင်းပင်။
"အတန်းခေါင်းဆောင်က တကယ့်ကို ပညာရှိပဲ...ရှီလဲ့ရဲ့ နာမည်ကို အပြတ်အသတ် ဖျက်ဆီးပစ်ကြတာပေါ့... သူ ဘာလုပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့..." ဟု ဝမ်ပေါ်က ဖားလိုက်သည်။
ချန်မင်က လက်ယမ်းပြကာ "ဒီကိစ္စကို ဒီညပဲ လုပ်လိုက်ကြ" ဟု ဆိုသည်။
ဝမ်ပေါ်က အလျင်အမြန်ပင် "ဟုတ်ကဲ့ အတန်းခေါင်းဆောင်၊ ကျွန်တော် နားလည်ပါပြီ.." ဟု ပြန်ဖြေသည်။
ကွန်ပျူတာ လက်တွေ့အတန်းမှာ ရှီလဲ့နှင့် လင်းယွီမော့တို့ စကားပြော ရယ်မောနေရင်းဖြင့်ပင် ကုန်ဆုံးသွားသည်။
ဒုတိယတစ်ချိန်မှာ ရွေးချယ်နိုင်သော ဘာသာရပ် ဖြစ်သဖြင့် ရှီလဲ့မှာ ထုံးစံအတိုင်း အတန်းလစ်လိုက်တော့သည်။ လင်းယွီမော့မှာမူ အမှတ် ရရန် လိမ်လိမ်မာမာဖြင့် အတန်းတက်ရရှာသည်။
ရှီလဲ့ ဂျင်ယာပန်းခြံသို့ ပြန်ရောက်သောအခါ ထုံးစံအတိုင်း HD ကင်မရာမှ မှတ်တမ်းကို အရင်စစ်ဆေးသည်။ ရှီလဲ့ကို သံသယများသူဟု အပြစ်မတင်ပါနှင့်၊ ၎င်းမှာ သူ၏လျှို့ဝှက်ချက်များကို ကာကွယ်ရန် လိုအပ်သော နည်းလမ်းတစ်ခု ဖြစ်သည်။ အိုရန်ရှန်းက ရှီလဲ့၏ လျှို့ဝှက်ချက်ကို စပ်စုမည် မဟုတ်သော်လည်း အခြားသူများမှာမူ မည်သို့ရှိမည်ကို မည်သူမျှ အာမမခံနိုင်ပေ။
ဆာဗာ နံပါတ် (၁) မှာ စမ်းသပ်မှုများ ပြုလုပ်နေဆဲ ဖြစ်သဖြင့် ၎င်းကို ရှီလဲ့ အသုံးမပြုသေးပေ။
Graphics Workstation တွင်မူ ရှီလဲ့သည် သူ၏ အီးမေးလ်များကို ဖွင့်ကာ ကင်မရာကုမ္ပဏီများမှ ပြန်စာများကို စစ်ဆေးသည်။ ပြန်စာ သုံးစောင်သာ ရောက်ရှိနေသည်။
အစောဆုံး ပြန်စာမှာ ပတ်ထရီအော့ကုမ္ပဏီမှ ဖြစ်ပြီး အလွန်စိတ်အားထက်သန်နေကြောင်း ဖော်ပြထားသည်။ အီးမေးလ်ထဲတွင် သူတို့သည် ရှီလဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ကို ရွှမ်းချင်းမြို့သို့ ချက်ချင်းပင် စေလွှတ်နိုင်ကြောင်း ဖော်ပြထားသည်။
ဒုတိယပြန်စာမှာ လိုင်ကာ ထံမှ ဖြစ်သည်။ ကမ္ဘာကျော် ဇိမ်ခံကင်မရာ အမှတ်တံဆိပ် ဖြစ်သည့်အလျောက် ဂျာမနီနိုင်ငံ၏ တိကျပြတ်သားသော အငွေ့အသက်များ ပါဝင်နေသည်။ လိုင်ကာ သည်လည်း အပြုံးမျက်နှာဖမ်းယူသည့် နည်းပညာကို အလိုရှိကြောင်းနှင့် ရှီလဲ့ထံသို့ လာရောက်တွေ့ဆုံလိုကြောင်း ဖော်ပြထားသည်။ ရှီလဲ့ကို ပို၍ပင် ဝမ်းသာသွားစေသည့် အချက်မှာ လိုင်ကာ ၏ ပြန်စာမှာ ဂျာမန်ဘာသာဖြင့် မဟုတ်ဘဲ တရုတ်ဘာသာဖြင့် ဖြစ်နေခြင်းပင်။
တတိယပြန်စာမှာ အမေရိကန်မှ ကိုဒက် ကုမ္ပဏီ ဖြစ်သည်။ ကိုဒက် သည် ကင်မရာလောကတွင် ဂန္ထဝင်တစ်ခု ဖြစ်ပြီး ကမ္ဘာ့ပထမဆုံး ဒစ်ဂျစ်တယ်ကင်မရာကိုလည်း ကိုဒက် မှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ ကင်မရာဈေးကွက်ကို ဂျပန်အမှတ်တံဆိပ်များက ကြာရှည်စွာ လွှမ်းမိုးထားသော်လည်း ကိုဒက် သည် ထိပ်တန်း အမှတ်တံဆိပ်များထဲတွင် ဂျပန်အုပ်စုဝင် မဟုတ်သော တစ်ခုတည်းသော ကုမ္ပဏီ ဖြစ်သည်။
အခြား ဂျပန်ကုမ္ပဏီ သုံးခုဖြစ်သော ဆိုနီ၊ ကန်နွန် နှင့် နီကွန် တို့မှာမူ ပြန်စာမပို့ကြပေ။ အပြုံးမျက်နှာ ဖမ်းယူသည့် နည်းပညာကို လျစ်လျူရှုထားသည့်အလား ဖြစ်နေသည်။
ပြန်စာ သုံးစောင်ကို ဖတ်ပြီးနောက် ရှီလဲ့က လှောင်ရယ်လိုက်သည်။ "ဆိုနီ၊ ကန်နွန်၊ နီကွန်... မင်းတို့အားလုံးက ငါ့ကို ခြိမ်းခြောက်ချင်နေတာလား"
ရှီလဲ့သည် ဤနည်းပညာအပေါ် အလွန်ယုံကြည်မှု ရှိသည်။ သူ ပြန်မွေးမလာခင်က ထိပ်တန်း ဒစ်ဂျစ်တယ်ကင်မရာတိုင်းတွင် ဤနည်းပညာ ပါဝင်ပြီးသား ဖြစ်သလို မိုဘိုင်းဖုန်း အတော်များများတွင်လည်း ပါဝင်နေပြီ ဖြစ်သည်။ ဤနည်းပညာကို အသုံးချနိုင်သည့် နယ်ပယ်မှာ အလွန်ကျယ်ပြန့်လှသည်။
ဂျပန်ကုမ္ပဏီ သုံးခု၏ လျစ်လျူရှုမှုကို ရှီလဲ့က မကြောက်ပေ။
အောက်တိုဘာလ ၁၀ ရက်နေ့။
ရှီလဲ့သည် မနက်ပိုင်းတွင် လင်းယွီမော့ကို ဖုန်းဆက်ကာ အတန်းထပ်လစ်ဦးမည်ဖြစ်ကြောင်း ပြောလိုက်သည်။ ကျောင်းစဖွင့်သည်မှာ သုံးရက်သာ ရှိသေးသော်လည်း ရှီလဲ့မှာ နှစ်ရက်တိုင်တိုင် အတန်းလစ်ပြီး ဖြစ်သည်။ ၎င်းမှာ 'ရွေးချယ်ဘာသာရပ်ကို လစ်၊ မသင်မနေရ ဘာသာရပ်ကို ရှောင်' ဆိုသည့် စံပြကျောင်းသားတစ်ဦး၏ အမူအရာပင်။
ရှီလဲ့သည် ဘတ်စ်ကားစီးကာ ကျောက်တံတားခရိုင်ရှိ တိန်းရှန့်ဆိုင်သို့ သွားရာ စွန်းဖုန်းရှိနေသည်ကို တွေ့ရသည်။
"ဟေ့ ရှီထို၊ ဒီနေ့ အတန်းမရှိဘူးလား" စွန်းဖုန်းက နောက်ပြောင်သည်။ "အတန်း ထပ်လစ်ပြန်ပြီပေါ့"
ရှီလဲ့က တည်တည်ငြိမ်ငြိမ်ဖြင့် "ဖုန်းကော၊မင်းကို ငါ ချီးကျူးရမလား..မင်းရဲ့ မြော်မြင်နိုင်စွမ်းက နတ်ဘုရားတစ်ပါးလိုပဲ" ဟု ဆိုသည်။
"ဟွတ်... ဟွတ်... ရှီထို ငါ့ကို တိန်းချွမ်းချူမိစ္ဆာအိုကြီးလို့ ပြောချင်တာလား" စွန်းဖုန်းက ချောင်းဆိုးဟန်ဆောင်သည်။
ရှီလဲ့က ရယ်မောကာ "ဖုန်းကော၊ မင်းရဲ့ အိုင်ဒေါ က တိန်းချွမ်းချူ ဖြစ်နေတာကိုး" ဟု ဆိုသည်။
စွန်းဖုန်းက နှာခေါင်းရှုံ့ကာ "သွားစမ်းပါ! ငါက ဝမ်ယွီယန် ကို ကြိုက်တာ"
ရှီလဲ့က အတည်ပေါက်ဖြင့် "ဒါဆို ငါတို့က ပြိုင်ဘက်တွေပေါ့" ဟု ပြန်ပြောလိုက်သည်။
စွန်းဖုန်းက ခေါင်းခါကာ "ရှီထို နောက်မနေနဲ့တော့ ဒီနေ့ ဘာကိစ္စရှိလို့လဲ" ဟု မေးသည်။
ရှီလဲ့ အပြုံးများကို ရုပ်သိမ်းလိုက်ပြီး "ဖုန်းကော၊ ငါ့မှာ ပိုက်ဆံ တစ်ချို့ လိုအပ်နေတယ်" ဟု ဆိုသည်။
"ဘယ်လောက်လဲ" စွန်းဖုန်းက မငြင်းဘဲ ပမာဏကိုသာ မေးသည်။
ရှီလဲ့ ခဏစဉ်းစားပြီး "ယွမ် တစ်သိန်းလောက်" ဟု ပြောလိုက်သည်။
စုန့်ဖုန်းက ဘာမှမပြောဘဲ ခေါင်းညိတ်ကာ "ရတယ်၊ ဘယ်တော့ လိုတာလဲ" ဟု မေးသည်။
ရှီလဲ့က "အခုရရင် ပိုကောင်းတယ်" ဟု ပြန်ဖြေသည်။
စုန့်ဖုန်းက ခေါင်းညိတ်လိုက်ပြီးနောက် "ရှီထို ဒီလောက်များတဲ့ ပိုက်ဆံကို ဘာလုပ်ဖို့လဲဆိုတာ ပြောပြလို့ ရမလား" ဟု မေးသည်။
ရှီလဲ့က ခါးသက်သက် ပြုံးလိုက်ပြီး "တချို့လူတွေက ငါ့ကို အခမဲ့ အလုပ်ခိုင်းချင်နေကြတယ်... အဲဒါကြောင့် သူတို့ကို သင်ခန်းစာ တစ်ခု ပေးမလို့" ဟု ဆိုသည်။
ဂျပန်ကုမ္ပဏီ သုံးခုစလုံးသည် ရှီလဲ့၏ အီးမေးလ်ကို လက်ခံရရှိပြီးနောက် အပြုံးမျက်နှာဖမ်းယူသည့် ပရိုဂရမ်ကို ကိုယ်တိုင် တီထွင်ရန် စတင်နေကြပြီ ဖြစ်မည်မှာ သေချာသည်။ အထူးသဖြင့် ဆိုနီ ပင်။ဘာကြောင့်လဲဆိုတော့ ၂၀၀၇ ခုနှစ်တွင် ဤနည်းပညာကို ဆိုနီမှ စတင်မိတ်ဆက်ခဲ့သောကြောင့် ဖြစ်သည်။ ဖြစ်နိုင်သည်မှာ ယခုအချိန်တွင် သူတို့၌ ပရိုဂရမ်အကြမ်းထည် သို့မဟုတ် အပြီးသတ် ပရိုဂရမ်ပင် ရှိနေနိုင်ပါသည်။
သို့သော် ရှီလဲ့၏ ပရိုဂရမ်မှာ ၂၀၁၂ ခုနှစ်မှ ဖြစ်သည်။ ထိုအချိန်တွင် အပြုံးမျက်နှာဖမ်းယူသည့်စနစ်မှာ အကြိမ်ကြိမ် အဆင့်မြှင့်တင်ပြီး ဖြစ်သဖြင့် ပိုမိုမြန်ဆန် တိကျသည်။ ရှီလဲ့သည် ထိုပရိုဂရမ်အတွက် မူပိုင်ခွင့် လျှောက်ထားပြီး မူပိုင်ခွင့် အတားအဆီး တစ်ခု တည်ဆောက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ သူသည် ဂျပန်ကုမ္ပဏီ သုံးခုကို ဒုက္ခပေးချင်နေခြင်း ဖြစ်သည်။
စုန့်ဖုန်းက ရှီလဲ့၏ ဘဏ်အကောင့်ထဲသို့ ယွမ် တစ်သိန်း လွှဲပေးလိုက်ရာ ရှီလဲ့သည် ချက်ချင်းပင် မူပိုင်ခွင့် အေဂျင်စီသို့ သွားတော့သည်။
မူပိုင်ခွင့် အေဂျစီ၏ စုံစမ်းစစ်ဆေးမှုအပြီးတွင် ရှီလဲ့သည် သတင်းကောင်းနှင့် သတင်းဆိုးကို တစ်ပြိုင်နက် ရရှိခဲ့သလို ဂျပန်ကုမ္ပဏီကြီး သုံးခုက သူ့ကို ဘာကြောင့် လျစ်လျူရှုထားသလဲ ဆိုသည်ကိုလည်း နားလည်သွားသည်။
ဆိုနီ သည် ဤနည်းပညာအတွက် နိုင်ငံတကာ မူပိုင်ခွင့်ကို လျှောက်ထားပြီး ဖြစ်သည်။ မူပိုင်ခွင့် မရသေးသော်လည်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော် သတင်းကောင်းမှာ ထိုမူပိုင်ခွင့်ကို တရုတ်နိုင်ငံတွင် လျှောက်ထားခြင်း မရှိသေးပေ။
ရှီလဲ့သည် ယုတ်မာသော အပြုံးတစ်ခု ပြုံးလိုက်ပြီး ထိုမူပိုင်ခွင့်ကို တရုတ်နိုင်ငံတွင် အမြန်ဆုံး လျှောက်ထားရန် အေဂျင်စီကို ခိုင်းလိုက်တော့သည်။
ကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့် မရှိသော်လည်း တရုတ်နိုင်ငံ၏ ကြီးမားလှသော ဈေးကွက်ဝေစုအတွက် မူပိုင်ခွင့် ရရှိထားခြင်းမှာ ဆိုနီ ကို ငိုရအောင် လုပ်ရန် လုံလောက်သော အချက်ပင် ဖြစ်တော့သည်။
အခန်း - ၃၂
ရှီလဲ့သည် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ လစဉ်အွန်လိုင်းဝန်ဆောင်မှု ငွေပေးချေစနစ်ကို ဖျက်ဆီးခဲ့ပြီးနောက်၊ ထိုတက္ကသိုလ်၏ ကွန်ပျူတာသိပ္ပံဌာနမှူး ‘ဟွမ်ချိုးလင်’ သည် ကျောင်းတွင်းရှိ အင်အားစုအားလုံးကို စုစည်းကာ ဆာဗာများကို အကြီးအကျယ် သန့်စင်ရေးလုပ်ခဲ့သည်။
ရှီလဲ့ ဝှက်ထားခဲ့သော စူပါအကောင့် ကိုပင် ဟွမ်ချိုးလင်က ရှာတွေ့သွားခဲ့သည်။ ၎င်းမှာ ဟွမ်ချိုးလင်၏ လက်ထဲတွင် သက်သေအထောက်အထားများ ဖြစ်လာခဲ့တော့သည်။ ဟွမ်ချိုးလင်၏ ဦးဆောင်မှုအောက်တွင် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ဆာဗာမှာ ခိုင်မာကျည်ဆံမပေါက်သော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
အခြားတစ်ဖက်တွင်မူ ဤဖြစ်ရပ်၏ ဇာတ်လိုက်တစ်ဦးဖြစ်သော သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ကွန်ပျူတာဌာန ဒု-ဥက္ကဋ္ဌ ‘ချန်ဖုန်း’ သည်လည်း သူ၏ အဆက်အသွယ်များကို အသုံးပြုကာ ‘လူစီဖာ’ ဟူသော ID သည် ဟက်ကာဟောင်းတစ်ဦး၏ ID ဟုတ်မဟုတ် စုံစမ်းနေခဲ့သည်။
ချန်ဖုန်းသည် ဟက်ကာမဟာမိတ်အဖွဲ့ ၏ အတွင်းပိုင်း ဝက်ဘ်စာမျက်နှာမှတစ်ဆင့် သူ၏ ဆရာကို ဆက်သွယ်နေခြင်းဖြစ်သည်။ သူသည် ထိုအဖွဲ့၏ အတွင်းပိုင်းအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ အမာခံအဖွဲ့ဝင်တစ်ဦး မဟုတ်သော်လည်း အတွင်းပိုင်းအဖွဲ့ဝင် ဖြစ်ခွင့်ရရန်မှာ အတိုင်းအတာတစ်ခုအထိ စွမ်းဆောင်ရည်ရှိရန် လိုအပ်သည်။
ဟက်ကာမဟာမိတ်အဖွဲ့အတွင်း ချန်ဖုန်း၏ ID မှာ ‘ချားကိုးလ်’ ဖြစ်ပြီး၊ သူ၏ ဆရာမှာ ထိုအဖွဲ့၏ စတုတ္ထမြောက် အကြီးအကဲဖြစ်သူ ‘ဟိုင်လန်’ ဖြစ်သည်။ သူ၏ နာမည်အရင်းကိုမူ မည်သူမျှ မသိကြပေ။ နေရောင်အောက်တွင် ဟက်ကာတစ်ဦးအဖြစ် ရပ်တည်ခြင်းမှာ သေဒဏ်ပေးခံရသည်နှင့် မခြားနားသဖြင့် ဟိုင်လန်က သူ၏ နာမည်အရင်းကို မည်သို့ ထုတ်ဖော်ပါမည်နည်း။
ချန်မင်သည် ဟိုင်လန်ထံသို့ မက်ဆေ့ခ်ျတစ်ခု ပို့လိုက်သည်။
‘ဆရာ၊ လူစီဖာ ဆိုတဲ့ တစ်ယောက်ကို သိလား’
ဝံပုလွေနက်မှာ အွန်လိုင်းတွင် ရှိနေသဖြင့် ချက်ချင်းပင် ပြန်စာပို့လာသည်။ ‘အဲဒါ ဘယ်သူလဲ.. ငါ တစ်ခါမှ မကြားဖူးဘူး’
ချန်ဖုန်းက ချက်ချင်းပင် တိုင်တန်းတော့သည်။ ‘ဆရာ၊ ကျွန်တော် သူ့ဆီမှာ အလှည့်စားခံလိုက်ရပြီး အရှက်ခွဲခံလိုက်ရတယ်.. ဆရာ၊ ကျွန်တော့်ကို ကူညီပါဦး’
ဟိုင်လန်မှာ သူ၏လူများအပေါ် အလွန်အမင်း ကာကွယ်ပေးတတ်သူ ဖြစ်သည်။ သူသည် အသံဖြင့် ပြောဆိုနိုင်သည့်လိပ်စာတစ်ခုကို ပို့လိုက်ပြီး ‘ဒီထဲကို ဝင်ခဲ့’ ဟု ဆိုသည်။
ချန်ဖုန်း၏ မျက်နှာတွင် နောက်ဆုံးတော့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ဟိုင်လန်၏ ပညာမှာ ဟက်ကာအဖွဲ့ထဲတွင် အတော်ဆုံး မဟုတ်သော်လည်း သူ၏ ဒေါသကတော့ အကြီးဆုံးဖြစ်သည်။ သူသည် မိမိ၏လူများ အနိုင်ကျင့်ခံရသည်ကို ကြည့်မနေနိုင်သူ ဖြစ်သည်။ ချန်ဖုန်းမှာ သူ၏ တပည့်ဖြစ်သဖြင့် မိမိလူထဲက တစ်ယောက်ဟု သတ်မှတ်ထားသည်။
Voice Chat ထဲသို့ ရောက်သည်နှင့် ဝံပုလွေနက်၏ ကြမ်းတမ်းသော အသံမှာ ချန်ဖုန်း၏ နားကြပ်ထဲသို့ ထွက်ပေါ်လာသည်။
“ချားကိုးလ်၊ မင်းကို ဘယ်သူ အနိုင်ကျင့်တာလဲ”
ချန်ဖုန်းက ချက်ချင်းပင် သနားစရာကောင်းဟန် ဆောင်ကာ အကြောင်းစုံကို ပြောပြတော့သည်။ သူသည် အမှန်အတိုင်းပင် ဝန်ခံခဲ့ပြီး ရှီလဲ့ကို သူက အရင် ရန်စခဲ့ခြင်းဖြစ်ကြောင်းနှင့် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်နှင့် ရွှမ်းချင်းတက္ကသိုလ်တို့အကြားရှိ ရန်ငြိုးများကိုပါ ပြောပြလိုက်သည်။ သူက မိမိအမှားကို ဝန်ခံခြင်းမှာ သူတော်ကောင်း ဖြစ်နေ၍ မဟုတ်ဘဲ မိမိအမှား ဖြစ်နေလျှင်ပင် ဆရာဖြစ်သူက ကူညီမည်ကို သိနေသောကြောင့် ဖြစ်သည်။
“ဆရာ၊ ဟက်ကာလောကမှာ လူစီဖာ ဆိုတဲ့ ID ကို သုံးတဲ့ ပညာရှင် ရှိလား” ဟု ချန်ဖုန်းက မေးသည်။
ဟိုင်လန်က ခေတ္တ စဉ်းစားလိုက်သည်။ လူစီဖာ ဟူသော နာမည်မှာ အနောက်တိုင်းဆန်လှပြီး အနောက်တိုင်း ယဉ်ကျေးမှုအရ ‘ကျဆုံးသွားသော ကောင်းကင်တမန်များ’ ၏ ခေါင်းဆောင် ဖြစ်သည်။
‘အနောက်တိုင်းက ဟက်ကာတစ်ယောက်လား’
“ချာကိုးလ်၊ တစ်ဖက်လူက ရွှမ်းချင်းတက္ကသိုလ် ဆာဗာရဲ့ IP ကို သုံးထားတယ်လို့ မင်းပြောတယ်နော်”
ချန်ဖုန်းက အလျင်အမြန်ပင် “ဟုတ်ကဲ့ ဆရာ၊ သူက ရွှမ်းချင်းတက္ကသိုလ် ဆာဗာ IP ကို သုံးထားတာပါ..ကျွန်တော် စမ်းသပ်တိုက်ခိုက်ကြည့်ပေမဲ့ ရွှမ်းချင်းတက္ကသိုလ်ရဲ့ ကာကွယ်ရေးက အရမ်းခိုင်မာနေလို့ ဘာမှလုပ်လို့ မရဘူး.. ဆရာ၊ သူက ရွှမ်းချင်းတက္ကသိုလ်က ကျောင်းသားတစ်ယောက် ဖြစ်နိုင်မလား” ဟု မေးသည်။
ဟိုင်လန်က ချက်ချင်းပင် “ဒါက ဖြစ်နိုင်ခြေ အရမ်းနည်းတယ်.. ချာကိုးလ်၊ မင်း တစ်ဖက်လူရဲ့ IP ကို စစ်လို့ရတာက ငါက မင်းကို ခွင့်ပြုချက် (Permission) ပေးထားလို့လေ...အဲဒီလူက ငါတို့ ဟက်ကာအဖွဲ့ရဲ့ ဝက်ဘ်ဆိုက်ကနေတစ်ဆင့် ငါတို့ ဆာဗာရဲ့ ဖိုင်းယားဝေါလ် ကို ကျော်ပြီး မင်းရဲ့ IP ကို တိုက်ရိုက် ပြန်ခြေရာခံနိုင်တယ်ဆိုတာ သူ့ရဲ့ စွမ်းဆောင်ရည်က သာမန်မဟုတ်ဘူးဆိုတာ ထင်ရှားနေတယ်...ဒီလောက် ပညာမျိုးရှိတဲ့လူက ကျောင်းသားတစ်ယောက် မဖြစ်နိုင်ဘူး...ပြီးတော့ ရွှမ်းချင်းတက္ကသိုလ်ရဲ့ အဆင့်အတန်းကိုလည်း ငါ သိပါတယ်...အရင်က မင်းကို ကူညီပြီး သူတို့ကို တိုက်ခိုက်တုန်းက သူတို့ ဘာမှတောင် ပြန်မခုခံနိုင်ကြဘူးလေ” ဟု ဆိုသည်။
ဟိုင်လန်၏ စကားကို ကြားရသောအခါ ချန်ဖုန်းမှာ အနည်းငယ် စိတ်အေးသွားသည်။ အကယ်၍ ထိုသို့သော ပညာရှင်မှာ ရွှမ်းချင်းတက္ကသိုလ်မှ ကျောင်းသားတစ်ဦးသာ ဖြစ်နေလျှင် သူတို့ကျောင်းမှာတော့ သွားပြီ ဖြစ်သည်။
“ဆရာ၊ အခု ကျွန်တော် ဘာလုပ်ရမလဲ”
ဝံပုလွေနက်၏ အသံမှာ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ပါဝင်လာသည်။ “ကလဲ့စားချေရမှာပေါ့ ငါ့တပည့်ကို အနိုင်ကျင့်သွားတာကို ငါ ဒီအတိုင်း လွှတ်မထားနိုင်ဘူး”
ချန်ဖုန်းက ဝမ်းသာအားရဖြင့် “ဆရာက တကယ့်ကို အစွမ်းထက်တာပဲ...ဆရာ အသက်ရာကျော် ရှည်ပါစေ” ဟု ဖားလိုက်သည်။ ဟိုင်လန်မှာ ထိုသို့ ဖားသည်ကို အလွန်သဘောကျသူ ဖြစ်သည်။
“ဆရာ၊ သူတို့ကို ကလဲ့စားချေဖို့ ဘယ်လိုရှာမလဲ” ဟု ချန်ဖုန်းက မေးသည်။
ဝံပုလွေနက်က “သူက ရွှမ်းချင်းတက္ကသိုလ် ဆာဗာကို ကြားခံအဖြစ် သုံးထားမှတော့ ငါတို့က ရွှမ်းချင်းတက္ကသိုလ် ဆာဗာကနေပဲ စမယ်...သူတို့ ဆာဗာကို ကျူးကျော်ဝင်ရောက်ပြီး အဲဒီလူရဲ့ အစအနတစ်ခုခု ကျန်နေမလားဆိုတာ ရှာကြည့်မယ်...” ဟု ပြတ်သားစွာ ဆိုသည်။
ချန်ဖုန်းမှာ ရင်ထဲတွင် တိတ်တဆိတ် ဝမ်းသာနေသည်။ “ဆရာ၊ အစအန မတွေ့ရင်ရော ဘာလုပ်မလဲ”
ဝံပုလွေနက်က လှောင်ရယ်လိုက်သည်။ “အစအန မတွေ့လည်း ကိစ္စမရှိဘူး...ငါတို့ ရွှမ်းချင်းတက္ကသိုလ် ဆာဗာကို အကြီးအကျယ် ဖျက်ဆီးပစ်မယ်... ဟိုလူ မင်းတို့ကျောင်းမှာ လုပ်ခဲ့သလိုမျိုး သူတို့ကျောင်းမှာ ပြန်လုပ်ပြမယ် အကယ်၍ အဲဒီလူက ရွှမ်းချင်းတက္ကသိုလ်နဲ့ ပတ်သက်နေရင် သူ သေချာပေါက် ထွက်လာပြီး ကူညီလိမ့်မယ်...အကယ်၍ သူက ရွှမ်းချင်းတက္ကသိုလ်နဲ့ မပတ်သက်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး... ဘာပဲဖြစ်ဖြစ် မင်းတို့ကျောင်းနဲ့ ရွှမ်းချင်းတက္ကသိုလ်က ဆက်ဆံရေး ကောင်းတာမှ မဟုတ်တာ... ဘယ်လိုပဲကြည့်ကြည့် ငါတို့အတွက်တော့ အကျိုးပဲ ရှိတယ်”
ချန်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် “ဆရာက တကယ့်ကို မြော်မြင်နိုင်စွမ်း ရှိတာပဲ... ဒီလိုဆိုရင် ငါတို့ကျောင်းရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်တော့မယ်...ဒါပေမဲ့ ဆရာ သတိထားပါဦးနော်” ဟု ဆိုသည်။
ဝံပုလွေနက်က “ချာကိုးလ်၊ စိတ်မပူနဲ့...ဆရာ ဘယ်တုန်းက အမှားလုပ်ဖူးလို့လဲ... မင်း ပြန်သွားပြီး မင်းတို့ကျောင်းက ကျောင်းသားတွေကို စုစည်းထားလိုက်... သူတို့ကို ဝင်မပါခိုင်းနဲ့...မဟုတ်ရင် ဆရာ စိတ်လှုပ်ရှားပြီး ရွှမ်းချင်းတက္ကသိုလ်ကို အကြီးအကျယ် ပျက်စီးအောင် လုပ်မိရင် မင်းတို့ကျောင်းပါ နာမည်ပျက်သွားနိုင်တယ်” ဟု မှာကြားသည်။
“နားလည်ပါပြီ ဆရာ” ချန်ဖုန်းမှာ ကွန်ပျူတာရှေ့တွင် အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။
အောက်တိုဘာလ ၁၀ ရက်နေ့ ညတွင် ချန်ဖုန်းသည် ကွန်ပျူတာကလပ်တွင် ရွှမ်းချင်းတက္ကသိုလ်မှာ ဖြစ်ပျက်မည့် ပွဲကောင်းကို ကြည့်ရန် ပြင်ဆင်ထားကြဖို့ ကြေညာလိုက်သည်။
ဟက်ကာအဖွဲ့၏ အတွင်းပိုင်း Voice Chat တွင် ဟိုင်လန်နှင့် ချန်ဖုန်းတို့ နှစ်ဦးတည်းသာ ရှိသည်။
“ဆရာ၊ ဘယ်အချိန်မှာ စမှာလဲ” ဟု ချန်ဖုန်းက မေးသည်။
ဟိုင်လန်က ရယ်မောကာ “ချာကိုးလ်၊ စိတ်မလောနဲ့ ရှစ်နာရီမှာ အကြီးအကျယ် တိုက်ခိုက်မှုကို စမယ်..ခဏစောင့်ဦး၊ စိတ်မလောနဲ့.. ရွှမ်းချင်းတက္ကသိုလ်ရဲ့ ဆာဗာကလည်း မရိုးရှင်းဘူး” ဟု ဆိုသည်။
ည ၈ နာရီတွင် ချန်ဖုန်းသည် ကွန်ပျူတာကလပ်၏ ကျူကျူဂရု တွင် ပွဲကောင်းစတော့မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
ဝံပုလွေနက် စတင်လှုပ်ရှားပြီဖြစ်သည်။
အင်တာနက် အမှိုက်ဗုံး အမြောက်အမြားကို ရွှမ်းချင်းတက္ကသိုလ် ဆာဗာထံသို့ လှိုင်းလုံးများသဖွယ် ပို့လွှတ်လိုက်သည်။ ထိုအချိန်တွင် ရွှမ်းချင်းတက္ကသိုလ်မှ ကျောင်းသားအများစုမှာ ချန်မင်နှင့် ရှီလဲ့တို့၏ လောင်းကြေးသတင်းကို သိရှိရန် ကျောင်း၏ ဖိုရမ် ကို ဝင်ရောက်ကြည့်ရှုနေကြသည်။
တက္ကသိုလ်ဘဝမှာ ပျင်းစရာကောင်းလှသဖြင့် ကျောင်းသားတိုင်းမှာ ပွဲကောင်းကြည့်ရန် ဝါသနာပါကြသည်။ သို့သော်လည်း ကျောင်းသားအများစု ဖိုရမ်ထဲသို့ ဝင်သောအခါ ဝက်ဘ်ဆိုက် တက်လာသည့်အရှိန်မှာ အလွန်နှေးကွေးနေပြီး တစ်ခါတစ်ရံတွင် ဆာဗာမှာ လုံးဝ ရပ်တန့်သွားသည်အထိ ဖြစ်နေသည်။
ကွန်ပျူတာသိပ္ပံ ကျောင်းသားအချို့မှာ ကျောင်း၏ ဆာဗာမှာ ဟက်ကာ တိုက်ခိုက်ခံနေရပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြသည်။ အမျိုးသားနေ့ ပထမဆုံးရက်က သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ဆာဗာ တိုက်ခိုက်ခံရမှုကြောင့် ယွမ် ငါးသန်းကျော် ဆုံးရှုံးခဲ့သည်ကို သူတို့ သတိရသွားသည်။ ထိုစဉ်က သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က ၎င်းမှာ ရွှမ်းချင်းတက္ကသိုလ်မှ ကျောင်းသားတစ်ဦး၏ လက်ချက်ဖြစ်နိုင်ကြောင်း အရိပ်အမြွက် ပြောခဲ့ဖူးသည်။
ထို့ကြောင့် ၎င်းမှာ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ လူများ၏ ကလဲ့စားချေမှု ဖြစ်နိုင်ကြောင်း ကျောင်းသားများက ခန့်မှန်းကြသည်။ ရွှမ်းချင်းတက္ကသိုလ်မှ ဆရာများသည်လည်း စတင်လှုပ်ရှားကြတော့သည်။ ဆာဗာကို စီမံခန့်ခွဲခွင့်ရှိသော ဆရာအချို့သည် ဆာဗာထဲသို့ ဝင်ရောက်စစ်ဆေးရာ ဆာဗာမှာ အမှန်တကယ်ပင် တိုက်ခိုက်ခံနေရကြောင်း တွေ့ရှိရသည်။
“ကျန်းစုန့်နဲ့ ဌာနမှူး ကျီမင်ယဲ့ တို့ကို အမြန်ဆက်သွယ်လိုက်ကြ” ဟု အသက် ၅၀ ကျော်အရွယ် ဆရာကြီးတစ်ဦးက အမိန့်ပေးလိုက်သည်။ ရွှမ်းချင်းတက္ကသိုလ် ကွန်ပျူတာဌာနမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတော့သည်။
ရွှမ်းချင်းတက္ကသိုလ် တိုက်ခိုက်ခံနေရချိန်တွင် ရှီလဲ့ ဘာလုပ်နေသနည်း။
ဂျင်ယာပန်းခြံ၊ အဆောက်အအုံ ၇၊ အခန်း ၇၀၃။
အိုရန်ရှန်းသည် ရှစ်နာရီခါနီးတွင် အိမ်ပြန်ရောက်လာသည်။ သူမ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုနှင့် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေသည်။ ရှီလဲ့မှာ ဧည့်ခန်းတွင် တီဗွီကြည့်နေရင်း အိုရန်ရှန်း ဘာကြောင့် နောက်ကျနေသလဲဟု တွေးတောနေခဲ့သည်။ “အိုရန်ရှန်း၊ အလုပ်မှာ အရေးကြီးတာရှိလို့လား”
အိုရန်ရှန်းက ခေါင်းညိတ်ပြသည်။ ရှီလဲ့က ထရပ်လိုက်ပြီး “ပင်ပန်းနေပြီလား.. ဒီနေ့ အစ်ကိုရှီရဲ့ လက်ရာကို မြည်းစမ်းကြည့်ဦး” ဟု ဆိုကာ မီးဖိုချောင်ထဲသို့ ဝင်သွားတော့သည်။
အိုရန်ရှန်းမှာ ရှီလဲ့၏ ကျောပြင်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြုံးလိုက်မိသည်။ “ရှီလဲ့၊ ဒီကလေးလေးကတော့...” သူမသည် အခန်းထဲဝင်ကာ ရေနွေးနွေးဖြင့် ရေချိုးလိုက်သည်။
မီးဖိုချောင်တွင် ရှီလဲ့သည် ထမင်းပေါင်းအိုးကို ကြည့်လိုက်ရာ ထမင်းကျက်နေပြီ ဖြစ်သည်။ သူသည် ဟင်းသီးဟင်းရွက်များကို စတင်ဆေးကြောတော့သည်။ သူတို့၏ ညစာမှာ များသောအားဖြင့် ရိုးရှင်းလှသည်။ အသားဟင်းတစ်ခွက်၊ အသီးအရွက်တစ်ခွက်နှင့် စွပ်ပြုတ်တစ်ခွက်သာ ပါဝင်သည်။ ဒီနေ့ညအတွက် ရှီလဲ့က ဝက်သားသုံးထပ်သားဟင်း၊ အုတ်ဂျုံကြော်နှင့် ဟင်းနုနွယ် ပဲပြားစွပ်ပြုတ်တို့ကို ချက်ရန် ပြင်ဆင်လိုက်သည်။
ရှီလဲ့၏ ဓားကိုင်စွမ်းရည်မှာ မဆိုးပေ။၎င်းမှာ ယခင်ဘဝက လျှို့ဝှက်အဖွဲ့အစည်းတွင် သူ သင်ယူခဲ့သော ကိုယ်ခံပညာ သင်တန်းများကြောင့် ဖြစ်သည်။
ရွှမ်းချင်းတက္ကသိုလ်တွင်မူ ဆာဗာမှာ အမှိုက်ဗုံးများ၏ တိုက်ခိုက်မှုကြောင့် တုံ့ပြန်မှုများ ပိုမိုနှေးကွေးလာနေသည်။ ကွန်ပျူတာဌာန ဆရာများမှာ ကျန်းစုန်းကိုသာ ဆက်သွယ်၍ ရခဲ့ပြီး ဌာနမှူး ဂျီမင်ယီကိုမူ ဆက်သွယ်၍ မရသေးပေ။ ကျန်းစုန့်၏ ပညာမှာ ဟက်ကာမဟာမိတ်အဖွဲ့၏ အမာခံအဖွဲ့ဝင်တစ်ဦး အဆင့်သာ ရှိသဖြင့် စတုတ္ထမြောက် အကြီးအကဲဖြစ်သူ ဟိုင်လန်ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
ဟိုင်လန်၏ ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် ကျန်းစုန့်မှာ ခုခံရုံသာ တတ်နိုင်ပြီး ပြန်လည်တိုက်စစ်ဆင်ရန် မဖြစ်နိုင်ပေ။
သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင်မူ ချန်ဖုန်းသည် Voice Chat ထဲမှနေ၍ ဟိုင်လန်၏ တိုက်ပွဲသတင်းများကို နားထောင်ကာ ချီးကျူးနေသည်။ “ဆရာက တကယ့်ကို အစွမ်းထက်တာပဲ.. သူတို့ကို အပြတ်အသတ် နှိမ်နင်းနိုင်တော့မှာပဲ”
ဝံပုလွေနက်က ရယ်မောကာ “ဆယ်စက္ကန့် စောင့်လိုက်ဦး” ဟု ဆိုသည်။
ချန်ဖုန်းကလည်း ဆရာဖြစ်သူနှင့်အတူ ဆယ်စက္ကန့် စတင်ရေတွက်တော့သည်။ စက္ကန့်စေ့သွားသောအခါ ဝံပုလွေနက်က မောက်မာစွာ ဟိန်းဟောက်လိုက်သည်။
“ရွှမ်းချင်းတက္ကသိုလ်ရဲ့ ဆာဗာ ငါ့လက်ထဲ ရောက်ပြီ..”