အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
အခန်း - ၃၃
ရွှမ်းချင်းတက္ကသိုလ်၏ ဆာဗာသည် ရှီလဲ့၏ လက်ထဲတွင် ရှိနေသည်။
သို့သော် ရှီလဲ့သည် ဆာဗာကို အလွန်အမင်း တင်းကျပ်စွာ ထိန်းချုပ်ထားခြင်း မရှိပေ။ အမှန်စင်စစ် ဤဆာဗာသည် တက္ကသိုလ်၏ အများသုံးဆာဗာ ဖြစ်သဖြင့် အချို့သော ခွင့်ပြုချက်များကို လွှတ်ပေးထားရသည်။ ဥပမာအားဖြင့် ရှီလဲ့သည် ဆာဗာ အက်ဒမင် အကောင့်ကို မထိတွေ့ခဲ့ပေ။ ထို့ကြောင့် အက်ဒမင်သည် ဆာဗာကို ထိန်းသိမ်းခြင်းနှင့် ဖိုရမ်ကို လည်ပတ်ခြင်းစသည့် လုပ်ငန်းစဉ်အားလုံးကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်သည်။
ရှီလဲ့သည် ဆာဗာ၏ အဓိကဗဟိုချက် ကိုသာ ထိန်းချုပ်ထားခြင်း ဖြစ်သည်။
ကျူးကျော်သူသည် ဆာဗာဗဟိုချက်၏ အမြင့်ဆုံး ခွင့်ပြုချက်များကို ရယူရန် ကြိုးပမ်းခြင်း မပြုသရွေ့ ရှီလဲ့ သတ်မှတ်ထားသော အချက်ပေးစနစ်မှာ နိုးကြွလာမည် မဟုတ်ပေ။
ဟိုင်လန်သည် ဟက်ကာမဟာမိတ်အဖွဲ့၏ စတုတ္ထမြောက် ခေါင်းဆောင်ဖြစ်သည့်အတိုင်း သူ၏ပညာမှာ ကျန်းစုန့်ထက် များစွာ သာလွန်သည်။
ကျန်းစုန့်တွင် ဆာဗာ၏ အက်ဒမင်ခွင့်ပြုချက် ရှိနေသော်လည်း ဝံပုလွေနက်၏ တိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပေ။ ဆာဗာထဲသို့ ရောက်ရှိသွားပြီးနောက် ဝံပုလွေနက်သည် ချက်ချင်း ဖျက်ဆီးခြင်း မပြုသေးဘဲ ဆာဗာ၏ မှတ်တမ်း များကို စစ်ဆေးသည်။
အထူးသဖြင့် အောက်တိုဘာလ ၁ ရက်နေ့နှင့် ၎င်းမတိုင်မီက မှတ်တမ်းများကို သူ ရှာဖွေသည်။ ဝံပုလွေနက်သည် ရှီလဲ့၏ အစအနများကို မှတ်တမ်းများထဲတွင် ရှာဖွေရန် ကြိုးစားနေခြင်းဖြစ်သည်။ အကယ်၍ ရှီလဲ့သာ ပေါ့ဆခဲ့ပါက သူ၏ IP လိပ်စာမှာ မှတ်တမ်းထဲတွင် ကျန်နေခဲ့မည် ဖြစ်သည်။
ထိုသို့သာ ဖြစ်ခဲ့လျှင် ဟိုင်လန်သည် ထို IP မှတစ်ဆင့် ရှီလဲ့၏ အဆောင်အထိ ရောက်အောင် ဆက်လက် ခြေရာခံနိုင်မည် ဖြစ်သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ရှီလဲ့သည် ထိုကဲ့သို့သော အခြေအနေမျိုးကို ကြိုတင်တွက်ဆထားပြီးသား ဖြစ်သည်။ သူသည် ရွှမ်းချင်းတက္ကသိုလ် ဆာဗာအတွင်းရှိ စနစ်မှတ်တမ်းအားလုံးကို သန့်စင်အောင် ဖျက်ပစ်ခဲ့ပြီး ဖြစ်သည်။
ဟိုင်လန်၏ ကြိုးပမ်းမှုအားလုံး အချည်းနှီး ဖြစ်သွားခဲ့သည်။ သူ လိုချင်သော ရလဒ် မရရှိသဖြင့် ဟိုင်လန်မှာ အလွန်ဒေါသထွက်သွားသည်။
“တောက် တစ်ဖက်လူက တကယ့်ကို ပညာရှင်ပဲ၊ အရမ်းလည်း သတိကြီးတယ်...ရွှမ်းချင်းတက္ကသိုလ် ဆာဗာထဲမှာ ဘာအစအနမှ ချန်မထားခဲ့ဘူး...” ဟု ဝံပုလွေနက်က Voice Chat ထဲတွင် ချန်ဖုန်းကို ပြောလိုက်သည်။
ချန်ဖုန်းက အလျင်အမြန်ပင် ချော့မော့လိုက်သည်။ “ဆရာ၊ စိတ်မဆိုးပါနဲ့.. တစ်ဖက်လူက ခြေရာမချန်ခဲ့ဘူး ဆိုရင်တောင် ကျွန်တော်တို့ ဒုတိယအစီအစဉ်ကို ဆက်လုပ်လို့ ရတာပဲ..ရွှမ်းချင်းတက္ကသိုလ် ဆာဗာကို ဖျက်ဆီးပစ်ပြီး အဲဒီလူ ထွက်လာအောင် လုပ်ကြတာပေါ့..”
ဝံပုလွေနက်က ရယ်မောကာ “မင်းပြောတာ မှန်တယ် ချာကိုးလ်၊ မျက်လုံးဖွင့်ပြီး ကြည့်နေလိုက်...ဆရာ မင်းအတွက် ကလဲ့စားချေပေးမယ်” ဟု ဆိုသည်။
ချန်ဖုန်းက “ဆရာက တကယ့်ကို အစွမ်းထက်တာပဲ ဆရာက အမြဲတမ်း အောင်နိုင်သူပဲ” ဟု အားတက်သရော အော်ဟစ်လိုက်သည်။
ရွှမ်းချင်းတက္ကသိုလ် ကွန်ပျူတာသိပ္ပံဌာန ရုံးခန်းတွင် ဆရာ ဆယ်ယောက်ကျော်မှာ ကွန်ပျူတာရှေ့တွင် ထိုင်ကာ ကီးဘုတ်ကို ပျာပျာသလဲ ရိုက်နှက်နေကြသည်။
“ပရော်ဖက်ဆာရှ ကျွန်တော်တို့ ဆက်မခုခံနိုင်တော့ဘူး” ဟု ကျန်းစုန့်က ပင်ပန်းနွမ်းနယ်သော မျက်နှာဖြင့် ပြောလိုက်သည်။ မိနစ်ပိုင်းမျှသာ ရှိသေးသော်လည်း အာရုံစိုက်ထားရမှုကြောင့် ကျန်းစုန်းမှာ အလွန်ပင် မောပန်းနေပြီ ဖြစ်သည်။
ပရော်ဖက်ဆာရှမှာ ကွန်ပျူတာဌာနမှူးဖြစ်သလို ဒု-ဌာနမှူးလည်း ဖြစ်သည်။ သို့သော် သူ၏ ပညာရပ်မှာ စာတွေ့သီအိုရီများသာ ဖြစ်ပြီး လက်တွေ့ပိုင်းတွင် အားနည်းသည်။
“ကျန်းစုန့် ငါတို့ ဆာဗာကို ဆုံးရှုံးလိုက်ရပြီလား” ပရော်ဖက်ဆာရှ၏ မျက်နှာမှာ ကြည့်မကောင်းတော့ပေ။
“လုံးဝကြီးတော့ မဟုတ်သေးဘူး” ကျန်းစုန့်က ထူးဆန်းသော လေသံဖြင့် ဆိုသည်။ “တစ်ဖက်လူက ကျူးကျော်ဝင်ရောက်ပြီးတာနဲ့ အာဏာပိုင်အုပ်စု ကို ချက်ချင်း မတိုက်ခိုက်သေးဘဲ မှတ်တမ်းတွေကို အရင်စစ်နေတယ်...သူ တစ်ခုခုကို ရှာနေပုံပဲ”
ပရော်ဖက်ဆာရှ သက်ပြင်းချလိုက်နိုင်သည်။ တစ်ဖက်လူက ဖျက်ဆီးခြင်း မပြုသရွေ့ အဆင်ပြေသေးသည်။ သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ဆာဗာ ကျူးကျော်ခံရပြီး ယွမ် ငါးသန်းကျော် ဆုံးရှုံးခဲ့မှုမှာ တက္ကသိုလ်အသိုင်းအဝိုင်းတွင် ဟာသတစ်ခု ဖြစ်ခဲ့သည်။ ပရော်ဖက်ဆာရှအနေဖြင့် ထိုအမှားမျိုးကို ထပ်မကျော့စေချင်ပေ။
သို့သော် မာဖီ၏နိယာမအရ ‘တစ်ခုခု မှားယွင်းနိုင်ခြေ ရှိလျှင် သေချာပေါက် မှားယွင်းလိမ့်မည်’ ဖြစ်သည်။
“ကျန်းစုန့်၊ တစ်ဖက်လူရဲ့ IP ကို ရှာတွေ့ပြီလား” ပရော်ဖက်ဆာရှက မေးသည်။
ကျန်းစုန့်၏ မျက်နှာ မှောင်ကျသွားသည်။’ဒီလူတော့ တကယ့် ငတုံးပဲ’ ဟု သူ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ တစ်ဖက်လူ၏ ပညာမှာ သူ့ထက် များစွာ သာလွန်နေပြီး သူသည် ဆာဗာကို ခုခံကာကွယ်ရန်သာ အာရုံစိုက်နေရသည်။ တစ်ဖက်လူ၏ IP ကို ခြေရာခံရန် အချိန်မရှိသလို၊ အချိန်ရှိလျှင်ပင် တစ်ဖက်လူ၏ ပညာအရ ခြေရာခံနိုင်ရန်မှာ မဖြစ်နိုင်ပေ။
“ပရော်ဖက်ဆာရှ၊ ကျွန်တော် ခြေရာခံလို့ မရသေးဘူး” ဟု ကျန်းစုန့်က ဝတ်ကျေတမ်းကျေ ပြန်ဖြေလိုက်သည်။
“အာ” အသက် ၂၀ ကျော်အရွယ် လူငယ်ဆရာတစ်ဦးက အလန့်တကြား အော်လိုက်သည်။ “စုန့်ကော၊ တစ်ဖက်လူက လှုပ်ရှားမှုအသစ် စနေပြီ..သူတို့ ဆာဗာရဲ့ အာဏာပိုင်အုပ်စုကို စတင်တိုက်ခိုက်နေပြီ”
ပရော်ဖက်ဆာရှ မျက်နှာ ပျက်သွားကာ “ကျန်းစုန့်၊ အားလုံးကို ဦးဆောင်ပြီး သူ့ကို တားစမ်း” ဟု အော်ဟစ်လိုက်သည်။ ကျန်းစုန့်က ခေါင်းညိတ်ပြသော်လည်း စိတ်ထဲတွင်မူ မကောင်းသော အရိပ်အယောင်ကို ခံစားနေရသည်။ တစ်ဖက်လူ၏ ပညာအရ သူတို့ ခုခံနိုင်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
ဟိုင်လန်၏ လက်များသည် ကီးဘုတ်ပေါ်တွင် တိကျသော စက်ရုပ်များအလား အမြန်နှုန်းဖြင့် လှုပ်ရှားနေသည်။
“ရွှမ်းချင်းတက္ကသိုလ်က အမှိုက်တွေ၊ ငိုဖို့ ပြင်ထားကြတော့ မင်းတို့ရဲ့ မျက်လုံးတွေထဲမှာ မျှော်လင့်ချက်မဲ့နေတာကို ငါ မြင်ချင်လှပြီ” ဟု ဟိုင်လန်က Voice Chat ထဲတွင် တစ်ယောက်တည်း ရေရွတ်နေသည်။
ယခုတစ်ကြိမ်တွင် ချန်ဖုန်းက ဝင်၍ ဖားခြင်း မပြုတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဟိုင်လန်သည် သူ အာရုံစိုက်နေချိန်တွင် တစ်ယောက်တည်း စကားပြောတတ်ပြီး အခြားသူများ နှောင့်ယှက်သည်ကို မကြိုက်သောကြောင့် ဖြစ်သည်။
ရွှမ်းချင်းတက္ကသိုလ် ရုံးခန်းတွင် ကျန်းစုန့်၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်နေသည်။ ‘တောက် တစ်ဖက်လူရဲ့ တိုက်စစ်က အရမ်းပြင်းထန်လွန်းတယ်
.. ဒါ သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က လူတွေ မဟုတ်တာတော့ သေချာတယ်’
သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ဖိုရမ်တွင်မူ ရွှမ်းချင်းတက္ကသိုလ် ဟက်ကာ တိုက်ခိုက်ခံနေရသည့် သတင်းများ တက်လာသည်။ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ကျောင်းသားများမှာ ဝမ်းသာအားရ အောင်ပွဲခံနေကြသည်။ ဤတက္ကသိုလ် နှစ်ခုအကြား ရန်ငြိုးမှာ ကြာရှည်လှပြီဖြစ်ရာ တစ်ဖက်ကျောင်း ဒုက္ခရောက်သည်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေကြခြင်း ဖြစ်သည်။ ကျောင်းသားအမြောက်အမြားမှာ ပွဲကောင်းကို စောင့်ကြည့်နေကြပြီး အခြားတက္ကသိုလ် ဖိုရမ်များသို့ပါ ထိုသတင်းကို ဖြန့်ဝေနေကြသည်။
“ဖိုရမ်ကို စီမံခန့်ခွဲခွင့် ရတော့မယ်” ဝံပုလွေနက်က လှောင်ရယ်သည်။ “မင်းတို့ရဲ့ ဖိုရမ်ကနေပဲ အရင်စလိုက်ကြရအောင်”
အခြားတစ်ဖက်တွင်မူ ကျန်းစုန့်က ရုတ်တရက် ရပ်တန့်သွားပြီး “ဖိုရမ်ကို စီမံခန့်ခွဲခွင့် ဆုံးရှုံးသွားပြီ” ဟု စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
ပရော်ဖက်ဆာရှ၏ မျက်နှာမှာ ပို၍ပင် ဖြူလျော်သွားသည်။ “ကျောင်းသားမှတ်တမ်းတွေ၊ ကျောင်းတွင်း အင်တာနက် စီမံခန့်ခွဲမှု စနစ်နဲ့ ကျောင်းသား ထမင်းစားကတ် စနစ်တွေကိုတော့ အတတ်နိုင်ဆုံး ခုခံထားကြ ဒီအချက် သုံးခုသာ ဆုံးရှုံးသွားရင် ရွှမ်းချင်းတက္ကသိုလ်ရဲ့ ဆုံးရှုံးမှုက သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ထက် ပိုများလိမ့်မယ်”
“နားလည်ပါပြီ” ဆရာအားလုံးက ဟိန်းဟောက် ပြန်ထူးကြသည်။
ဟိုင်လန်သည် ဖိုရမ်ကို ထိန်းချုပ်ခွင့်ရသည်နှင့် ရွှမ်းချင်းတက္ကသိုလ်၏ ဖိုရမ်အတွင်းရှိ ပို့စ် အားလုံးကို ရှင်းလင်းပစ်လိုက်သည်။
ပုံတစ်ပုံတည်းသာ ကျန်တော့သည်။
၎င်းမှာ ကောင်းကင်ကို မော့ကြည့်ပြီး ဒေါသတကြီး ဟိန်းဟောက်နေသော ဝံပုလွေနက်ကြီးတစ်ကောင်၏ ပုံ ဖြစ်သည်။
ရွှမ်းချင်းတက္ကသိုလ် ဖိုရမ်ထဲသို့ ဝင်သူတိုင်း၏ စပီကာ သို့မဟုတ် နားကြပ်များမှ ဝံပုလွေ ဟိန်းဟောက်သံကြီးကို ကျယ်လောင်စွာ ကြားရမည် ဖြစ်သည်။ ထိုဝံပုလွေပုံကို မြင်သည်နှင့် ဗဟုသုတရှိသော ကွန်ပျူတာကျောင်းသားအချို့မှာ ကျူးကျော်သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်း သိလိုက်ကြသည်။
ကျန်းစုန့်လည်း ထိုပုံကို မြင်သောအခါ မျက်နှာ ပို၍ ပျက်သွားသည်။ “ဟက်ကာမဟာမိတ်အဖွဲ့က ဝံပုလွေနက်ပဲ..ငါတို့ သူ့ကို ဘယ်တုန်းက သွားရန်စမိလို့လဲ..တောက် ငါတို့ ခုခံနိုင်မှာ မဟုတ်တော့ဘူး”
ခဏအကြာတွင် ဖိုရမ်ပေါ်၌ စာသားအသစ်များ တက်လာသည်။ ရဲရဲနီနေသော စာလုံးကြီးများဖြင့် မောက်မာစွာ ရေးသားထားသည်မှာ -
‘ရွှမ်းချင်းတက္ကသိုလ်က အမှိုက်တွေ၊ ငါ့တပည့်ကို အနိုင်ကျင့်ရဲရင် ထွက်လာပြီး ငါနဲ့ ယှဉ်လိုက်စမ်း အမှိုက်တွေ၊ မင်းတို့ကို သုံးမိနစ်ပဲ အချိန်ပေးမယ် သုံးမိနစ်အတွင်း ထွက်မလာရင် ရွှမ်းချင်းတက္ကသိုလ် ဆာဗာတစ်ခုလုံးကို အမြစ်ပြတ် ဖျက်ဆီးပစ်မယ်’
ဖိုရမ်ပေါ်တွင် သုံးမိနစ် Countdown နာရီတစ်ခု ပေါ်လာသည်။ ၎င်းမှာ ရှီလဲ့ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် လုပ်ဆောင်ခဲ့သည့် နည်းလမ်းနှင့် ထပ်တူပင် ဖြစ်သည်။ ဝံပုလွေနက်သည် ‘မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး’ ဆိုသလို ပြန်လည် တုံ့ပြန်နေခြင်း ဖြစ်သည်။
ကျန်းစုန့်က ထိုကြေညာချက်ကို ကြည့်ကာ မျက်နှာ အကြီးအကျယ် ပျက်သွားသည်။ “ပရော်ဖက်ဆာရှ၊ ဌာနမှူးကျီကို အမြန် အကြောင်းကြားဖို့ နည်းလမ်းရှာပါဦး”
ဌာနမှူး ကျီမင်ယဲ့သာ ရှိနေလျှင် ဝံပုလွေနက်ပင်လျှင် ဤမျှ မောက်မာရဲမည် မဟုတ်ပေ။ ပရော်ဖက်ဆာရှမှာ တုန်ရင်နေသော လက်များဖြင့် ကျီမင်ယဲ့၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ သို့သော် ဖုန်းထဲမှ အမျိုးသမီး အသံကသာ “သင်ခေါ်ဆိုသော ဖုန်းနံပါတ်မှာ ယာယီ ဆက်သွယ်၍ မရပါ” ဟု အင်္ဂလိပ်၊ တရုတ် နှစ်ဘာသာဖြင့် တုံ့ပြန်နေသည်။
ရုံးခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဝံပုလွေနက်၏ ပညာမှာ သူတို့ထက် များစွာ သာလွန်ကြောင်း သူတို့ သိကြသည်။ ပရော်ဖက်ဆာရှက “ငါတို့ ကျောင်းက ဒီအတိုင်းပဲ ပျက်စီးသွားတော့မှာလား.. တောက် ဟက်ကာတွေ..တောက် ဟက်ကာမဟာမိတ်အဖွဲ့..ကျန်းစုန့်၊ ရဲကို ဖုန်းဆက်စမ်း”
ကျန်းစုန်းက မျက်လုံးပြူးကြည့်ကာ “ပရော်ဖက်ဆာရှ၊ ရဲတွေက သူတို့ကို ဖမ်းနိုင်မယ် ထင်လို့လား” ဟု ပြန်မေးလိုက်သည်။ အကယ်၍ ဖမ်းနိုင်လျှင် ဟက်ကာအဖွဲ့မှ လူများမှာ အကြိမ်ကြိမ် အဖမ်းခံရပြီးသား ဖြစ်လိမ့်မည်။
ဖိုရမ်ပေါ်ရှိ သုံးမိနစ်အချိန်မှာ ကုန်ဆုံးသွားပြီဖြစ်သည်။ ဟိုင်လန်က ဆာဗာ၏ အဓိကဒေတာ များကို စတင်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း မောက်မာစွာ ကြေညာလိုက်သည်။ ဆာဗာ၏ အဓိကဒေတာများကို ပြုပြင်ရန်မှာ ဆာဗာ၏ အမြင့်ဆုံး ခွင့်ပြုချက် ရရှိရန် လိုအပ်သည်။ တစ်နည်းအားဖြင့် ဟိုင်လန်သည် ဆာဗာ၏ ဗဟိုချက်ထဲသို့ ဖောက်ထွင်းဝင်ရောက်ရမည် ဖြစ်သည်။
သို့သော် ရွှမ်းချင်းတက္ကသိုလ် ဆာဗာသည် ရှီလဲ့၏ နယ်မြေ ဖြစ်သည်။
ဟိုင်လန်ဖြစ်စေ၊ အခြားသူဖြစ်စေ ဆာဗာအတွင်း အနည်းငယ် ကသောင်းကနင်း လုပ်သည်ကို ရှီလဲ့ ခွင့်ပြုပေးထားသည်။ ဖိုရမ်ဒေတာများကို ပြုပြင်သည်ကိုပင် သူ လွှတ်ထားပေးသည်။ သို့သော် ဆာဗာ၏ အဓိကဗဟိုချက် ခွင့်ပြုချက်ကို ရယူရန် ကြိုးစားသည်ကိုမူ ရှီလဲ့ မည်သို့ ခွင့်ပြုပါမည်နည်း။
ဂျင်ယာပန်းခြံတွင် ရှီလဲ့သည် ဝက်သားသုံးထပ်သားဟင်း၊ ဆလတ်ရွက်ကြော်နှင့် ဟင်းနုနွယ် ပဲပြားစွပ်ပြုတ်တို့ကို စားပွဲပေါ်တွင် ပြင်ဆင်လိုက်သည်။ ထမင်း နှစ်ပန်းကန်ကိုပါ ခတ်ပြီး အားလုံး အသင့်ဖြစ်အောင် လုပ်ထားသည်။
“အိုရန်၊ ထွက်လာပြီး ထမင်းစားတော့” ဟု ရှီလဲ့က အိုရန်ရှန်း၏ အခန်းတံခါးပြင်ပမှ လှမ်းအော်လိုက်သည်။
အိုရန်ရှန်းသည် အိပ်ယာဝင် ဝတ်စုံလေးဖြင့် ထွက်လာသည်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ထားသဖြင့် သွယ်လျသော သူမ၏ ပေါင်တံလေးများမှာ ပေါ်လွင်နေပြီး ဂျုံရောင်သန်းနေသော သူမ၏ အသားအရေမှာ ဆွဲဆောင်မှု တစ်မျိုး ဖြစ်နေသည်။ ရှီလဲ့မှာ ပါးစပ်အဟောင်းသားဖြင့် တံတွေးပင် မျိုချမိသွားသည်။
အိုရန်ရှန်းက နှာခေါင်းရှုံ့ကာ “ရှီလဲ့၊ ဒီကလေးလေး... ဘာတွေ ကြည့်နေတာလဲ.. အလှလေး တစ်ခါမှ မမြင်ဖူးဘူးလား”
ရှီလဲ့က ပြုံးစိစိဖြင့် “အလှလေးတွေ အများကြီး မြင်ဖူးပါတယ်...ဒါပေမဲ့ အိပ်ယာဝင် ဝတ်စုံနဲ့ အလှလေးကိုတော့ ဒါ ပထမဆုံး မြင်ဖူးတာပဲ”
အိုရန်ရှန်း ကြောင်သွားပြီးမှ သူမ အိပ်ယာဝင် ဝတ်စုံ ဝတ်ထားသည်ကို သတိရသွားသည်။ “အား”
အိုရန်ရှန်း၏ ပါးစပ်မှ နားကွဲမတတ် အော်သံကြီး ထွက်ပေါ်လာသည်။ သူမသည် ထိုနေ့က အလုပ်များလွန်းသဖြင့် ပြန်ရောက်သည်နှင့် ရေချိုးပြီး ခေတ္တ အိပ်ပျော်သွားခြင်းဖြစ်သည်။ ရှီလဲ့ ထမင်းစားရန် ခေါ်မှသာ သတိမထားမိဘဲ ထွက်လာခဲ့ခြင်း ဖြစ်သည်။
သူမ အိမ်နေရင်း ဝတ်စုံ လဲလှယ်ပြီးနောက် နှစ်ယောက်သား အတူ ထမင်းစားကြသည်။ သို့သော် စားခါစတွင်ပင် ရှီလဲ့၏ ဖုန်း မြည်လာသည်။ ရှီလဲ့ ဖုန်းကို ကြည့်လိုက်သည်။
အိုရန်ရှန်းက “ဘာဖြစ်လို့လဲ” ဟု စပ်စုလိုက်ရာ ရှီလဲ့၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
“ဘာမှမဟုတ်ပါဘူး...စိတ်အနှောင့်အယှက်ပေးတဲ့ လူတစ်ယောက်က လာပြီး ရန်စနေလို့ပါ”
အခန်း - ၃၄
ရွှမ်းချင်းတက္ကသိုလ် ဆာဗာ၏ ဗဟိုချက်ခွင့်ပြုချက်မှာ ရှီလဲ့၏ လက်ထဲတွင် ရှိသည်။
ရှီလဲ့သည် ရွှမ်းချင်းတက္ကသိုလ်အတွင်းရှိ မိုဘိုင်းဝန်ဆောင်မှု အခြေစိုက်စခန်းကိုပါ ဟက်လုပ်ထားသဖြင့် ဆာဗာဗဟိုချက် တိုက်ခိုက်ခံရသည်နှင့် ဆာဗာသည် အခြေစိုက်စခန်းကို ထိန်းချုပ်ကာ ရှီလဲ့၏ ဖုန်းထံသို့ မက်ဆေ့ခ်ျ ပို့မည်ဖြစ်သည်။ မက်ဆေ့ခ်ျ ပို့ပြီးနောက် ဆာဗာသည် စနစ်မှတ်တမ်းများကို အလိုအလျောက် ဖျက်ပစ်ပြီး အခြေစိုက်စခန်း ထိန်းချုပ်မှုကို ပြန်လွှတ်ပေးမည် ဖြစ်သည်။
ရှီလဲ့သည် ပြုံးလျက် ဖုန်းကို စားပွဲပေါ်တင်ကာ အေးအေးလူလူပင် ပြောလိုက်သည်။ “အိုရန်၊ အစ်ကိုရှီရဲ့ လက်ရာကို မြည်းကြည့်ပါဦး”
ဝက်သားသုံးထပ်သားဟင်းမှာ ရွှမ်းချင်းတက္ကသိုလ်၏ နာမည်ကြီးဟင်းလျာ ဖြစ်သော်လည်း ရှီလဲ့၏ ဟင်းမှာ အရောင် အနည်းငယ် ရင့်နေသည်။ မီးတူးသွားခြင်း မဟုတ်ဘဲ ပဲငံပြာရည် များသွားခြင်း ဖြစ်သည်။
အိုရန်ရှန်းသည် တူဖြင့် အသားတစ်ဖဲ့ကို ကောက်ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ သူမ မျက်မှောင်ကြုတ်သွားမိသော်လည်း နောက်ဆုံးတွင်တော့ မျိုချလိုက်ရှာသည်။
“အရသာ ဘယ်လိုလဲ” ရှီလဲ့က မျှော်လင့်တကြီး ကြည့်နေသည်။
အိုရန်ရှန်းက မချိပြုံး ပြုံးပြကာ “အဆင်ပြေပါတယ်” ဟု ဆိုသည်။
ရှီလဲ့သည် ချက်ချင်းပင် အသားအကြီးကြီး တစ်ဖဲ့ကို ကောက်ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။
“အဟွတ်...”
“ဗူး...”
ရှီလဲ့ မီးဖိုချောင်ထဲ ပြေးဝင်ကာ ပါးစပ်ထဲက ဝက်သားများကို ထွေးထုတ်လိုက်တော့သည်။ ထို့နောက် ရှက်ကိုးရှက်ကန်း မျက်နှာဖြင့် အိုရန်ရှန်းကို ကြည့်ကာ စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်”
အိုရန်ရှန်းက ပြုံးလျက် ခေါင်းခါပြသည်။ “အရသာက ဆိုးပေမဲ့ မင်းရဲ့ စေတနာက အရမ်းနွေးထွေးပါတယ်.. ငါကသာ ကျေးဇူးတင်ရမှာပါ.. မင်းရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးပဲ”
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြိုင်တူ ရယ်မောလိုက်ကြသည်။
ဝက်သားဟင်းမှလွဲ၍ ဆလတ်ရွက်ကြော်နှင့် ဟင်းနုနွယ် ပဲပြားစွပ်ပြုတ်မှာ အရသာ ကောင်းလှသဖြင့် သူတို့ ဗိုက်မဆာတော့ပေ။ ရှီလဲ့သည် နောက်ဆုံး ထမင်းလုပ်ကို မျိုချပြီးနောက် ပန်းကန်ကို အမြန် ချလိုက်သည်။
“အိုရန်၊ စားပြီးရင် ဒီအတိုင်း ထားလိုက်ပါ... ငါပဲ ဆေးလိုက်မယ်”
ထူးထူးခြားခြား အိုရန်ရှန်းက ပြန်မငြင်းပေ။ “မင်းမှာ လုပ်စရာရှိရင် အရင်သွားလုပ်ပါ”
ရှီလဲ့ ခေါင်းညိတ်ကာ အခန်းထဲ ပြန်ဝင်ခဲ့သည်။ သူသည် ဆာဗာ နံပါတ် (၁) ကို အမြန်နိုးလိုက်ပြီး Dynamic Behavior Capture ပရိုဂရမ်ကို ဖွင့်ကာ ဆာဗာထဲတွင် ဝှက်ထားသော စနစ်အစစ်ကို စတင်လိုက်သည်။
ရှီလဲ့သည် ရွှမ်းချင်းတက္ကသိုလ် ဆာဗာသို့ ချက်ချင်း မချိတ်ဆက်သေးဘဲ ကျောင်းဖိုရမ်ကို အရင်ဝင်ကြည့်သည်။ ဖိုရမ်ပေါ်တွင် ဝံပုလွေနက် ချန်ထားခဲ့သော မောက်မာသည့် စာသားများကို မြင်သောအခါ ရှီလဲ့က နှာခေါင်းရှုံ့လိုက်သည်။
‘ဟိုင်လန် မင်းကတော့ အော်ရုံပဲ တတ်တဲ့ အသုံးမကျတဲ့ တိရစ္ဆာန်ပဲ’
ယခင်ဘဝက ရှီလဲ့သည် ဟက်ကာမဟာမိတ်အဖွဲ့၏ အကူအညီကို ရရှိခဲ့ဖူးသည်။ အတိအကျ ပြောရလျှင် အဖွဲ့ကို တည်ထောင်သူ ‘အနက်ရောင်ဓား’ ဆီမှ အကူအညီ ရခဲ့ခြင်းဖြစ်သည်။ ဟိုင်လန်ကိုမူ ရှီလဲ့က အလွန် မုန်းတီးသည်။ သူက ပညာလည်း သိပ်မတော်ဘဲ စရိုက်ကလည်း ထူးဆန်းသည်။
‘ဟိုင်လန်ရဲ့ တပည့် ဒါဆို သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ဟိုကောင်လား’ ရှီလဲ့ ခေါင်းကုတ်လိုက်သည်။ ထိုလူမှလွဲ၍ သူ မကြာသေးမီက မည်သူ့ကိုမှ မရန်စခဲ့ပေ။
ရွှမ်းချင်းတက္ကသိုလ် ဆာဗာအတွင်း ဟိုင်လန်သည် အထူးအခွင့်အရေးရ အကောင့် ထက်ဝက်ကျော်ကို ဖယ်ရှားပစ်လိုက်ပြီ ဖြစ်သည်။ ဆာဗာ အက်ဒမင်အားလုံးကိုလည်း အဖွဲ့ထဲမှ ကန်ထုတ်လိုက်ပြီ ဖြစ်သည်။
သို့သော်လည်း သူ ဆာဗာဗဟိုချက် ထဲသို့ ကျူးကျော်ရန် ကြိုးစားသောအခါ ရွှမ်းချင်းတက္ကသိုလ်၏ ကာကွယ်ရေးမှာ အဆပေါင်းများစွာ ရုတ်တရက် တိုးလာသည်။ ထို့အပြင် အားနည်းချက်ဟု ထင်ရသော နေရာအချို့မှာ အမှန်စင်စစ် ကြိုတင်ပြင်ဆင်ထားသော ကျော့ကွင်းများ ဖြစ်နေသည်။
ဟိုင်လန် သတိထားမိသွားသည်။ ‘ပညာရှင် ရောက်လာပြီလား’ ဟု သူ ခန့်မှန်းလိုက်သည်။
အမှန်အတိုင်း ပြောရလျှင် သူသည် ရှီလဲ့ကို လုံးဝ အထင်မကြီးပေ။ ရှီလဲ့က ဟက်ကာအဖွဲ့၏ ဆာဗာကို ကျော်ဖြတ်ပြီး သူ၏ တပည့်ကို တိုက်ရိုက် တိုက်ခိုက်ခဲ့သော်လည်း ဟက်ကာအဖွဲ့၏ ဝက်ဘ်ဆိုက်မှာ ဝက်ဘ်ဆာဗာပေါ်တွင်သာ ရှိနေပြီး အဖွဲ့က ၎င်းကို အလေးအနက် ကာကွယ်မထားပေ။ ထို့ကြောင့် ဟိုင်လန်က ရှီလဲ့ကို အထင်သေးနေခြင်း ဖြစ်သည်။
‘ဟွန့် မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ့တပည့်ကို အနိုင်ကျင့်ရဲရင်တော့ တွေ့ကြတာပေါ့’
ဟိုင်လန်က တိုက်စစ်ကို မြှင့်တင်လိုက်သော်လည်း ရွှမ်းချင်းတက္ကသိုလ် ဆာဗာဗဟိုချက်၏ ကာကွယ်ရေးမှာ ထူးဆန်းစွာ ခိုင်မာနေသည်။ သူ ဘယ်လိုပင် တိုက်ခိုက်စေကာမူ ဖောက်ထွင်း၍ မရပေ။
ရွှမ်းချင်းတက္ကသိုလ် ရုံးခန်းတွင် ကျန်းစုန့်သည် အခြေအနေကို စောင့်ကြည့်ရင်း အနည်းငယ် စိတ်အေးသွားသည်။ ဝံပုလွေနက်က ဘာကြောင့် ဗဟိုချက်ကို မထိန်းချုပ်နိုင်သေးမှန်း သူ မသိသော်လည်း ကျန်းစုန့်မှာ တိတ်တဆိတ် ဝမ်းသာနေမိသည်။
‘ဟဲဟဲ၊ ကာကွယ်ရေးက မဆိုးဘူးပဲ’ ဝံပုလွေနက်က Voice Chat ထဲတွင် ချန်ဖုန်းကို ပြောလိုက်သည်။ “ချာကိုးလ်၊ ရန်သူရဲ့ အစအနကို ငါ ရှာတွေ့ပြီ ရန်သူက ရွှမ်းချင်းတက္ကသိုလ် ဆာဗာဗဟိုချက်ထဲမှာ ပုန်းနေတာ”
ချန်ဖုန်း ကြားသောအခါ နာမည်တစ်ခု ခေါင်းထဲ ရောက်လာသည်။ “ဆရာ၊ ရန်သူက ရွှမ်းချင်းတက္ကသိုလ်က ကျီမင်ယဲ့ ဖြစ်နေမလား”
ဝံပုလွေနက်က ချက်ချင်း ခေါင်းခါကာ “အဲဒီ အဖိုးကြီး ကျီမင်ယဲ့မဖြစ်နိုင်ဘူး သူသာဆိုရင် ငါ ဒီထဲကို ဒီလောက် အလွယ်တကူ ဝင်နိုင်မှာ မဟုတ်ဘူး” ဟု ဆိုသည်။ အမှန်စင်စစ် ကျီမင်ယဲ့သာ ရှိနေလျှင် သူ ချက်ချင်း ဆုတ်ခွာမည် ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ ကျီမင်ယဲ့၏ ပညာမှာဟိုင်လန်ထက် သာသောကြောင့် ဖြစ်သည်။
“ချာကိုးလ်၊ ရွှမ်းချင်းတက္ကသိုလ် ဆာဗာထဲ ဝင်ဖို့ ပြင်ထား ငါ မင်းကို ဆာဗာ စီမံခန့်ခွဲခွင့် ပေးမယ်”
ချန်ဖုန်း ရယ်မောလိုက်သည်။ “ဆရာက တကယ့်ကို အစွမ်းထက်တာပဲ ဆရာ့ကို အရမ်း လေးစားမိတယ်”
ဝံပုလွေနက်က “အမြန်ဝင်လိုက်တော့၊ မင်းကို ခွင့်ပြုချက် ပေးလိုက်ပြီ” ဟု ဆိုသည်။
ခွင့်ပြုချက် ရရှိပြီးနောက် ချန်ဖုန်းမှာ ရူးသွပ်သော ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ လွန်ခဲ့သော နှစ်နှစ်က သိပ္ပံနှင့်နည်းပညာတက္ကသိုလ်သည် ရွှမ်းချင်းတက္ကသိုလ် ဆာဗာကို ဖောက်ထွင်းနိုင်ခဲ့သော်လည်း စီမံခန့်ခွဲခွင့် ကိုမူ မရရှိခဲ့ပေ။
ချန်ဖုန်းသည် စီမံခန့်ခွဲခွင့် ရသည်နှင့် ကျောင်းဖိုရမ်ထဲ ပြေးဝင်ကာ ရွှမ်းချင်းတက္ကသိုလ်ကို စော်ကားသော ပို့စ်များကို တင်တော့သည်။
ရှီလဲ့သည် အဝေးထိန်းစနစ် မှတစ်ဆင့် အားလုံးကို မြင်နေရသည်။ ရှီလဲ့က မတားနိုင်၍ မဟုတ်ဘဲ သူတို့ကို ခြေရာခံနေခြင်း ဖြစ်သည်။ရှီလဲ့သည် ဆာဗာကို ပြန်သိမ်းရုံတင်မကဘဲ တစ်ဖက်လူ၏ IP အစစ်နှင့် သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကိုပါ ရှာဖွေချင်နေခြင်း ဖြစ်သည်။
ဟိုင်လန်နှင့် ချန်ဖုန်း နှစ်ယောက်စလုံးကို တစ်ပြိုင်နက် ခြေရာခံနေသော်လည်း ရှီလဲ့၏ အရှိန်မှာ မနှေးပေ။
အခြားတစ်ဖက်တွင်မူ ဟိုင်လန်မှာ ရှီလဲ့ ချန်ထားခဲ့သော ဒုတိယမြောက် ဖိုင်းယားဝေါလ် ကို မကျော်နိုင်ဘဲ ဖြစ်နေသည်။ “တောက် ရွှမ်းချင်းတက္ကသိုလ် ဆာဗာဗဟိုချက်က ဘာလို့ ဒီလောက်တောင် ကာကွယ်ရေး ကောင်းနေတာလဲ..အဲဒီ အဖိုးကြီး ကျီမင်ယဲ့က ဗဟိုချက်အတွက် အထူးကာကွယ်ရေးတွေ ထပ်ထည့်ထားတာလား”
ဟိုင်လန် ကြောက်ရသော တစ်ဦးတည်းသောသူမှာ ဌာနမှူး ကျီမင်ယဲ့ ဖြစ်သည်။ ဂကျီမင်ယဲ့မှလွဲ၍ အခြားသူကို သူ မကြောက်ပေ။
ချန်ဖုန်းမှာ ဖိုရမ်ပေါ်တွင် ပို့စ်များ အဆက်မပြတ် တင်နေသော်လည်း ရှီလဲ့က သူ့ကို စောင့်ကြည့်နေသည်ကို သတိမထားမိပေ။ ရှီလဲ့သည် ချန်ဖုန်းကို ခြေရာခံရန် အားအင်အများစုကို သုံးထားသည်။ ဟိုင်လန်၏ မည်သူမည်ဝါဖြစ်ကြောင်းကို သူ သိပြီးသား ဖြစ်သဖြင့် ဟိုင်လန်ကို ရှာချင်လျှင် ဟက်ကာအဖွဲ့ကို ရှာရုံဖြင့် ရသည်။ သို့သော် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က ထိုအကောင်ကိုတော့ ဒီတစ်ခါ သူ လွှတ်မပေးနိုင်ပေ။
ရှီလဲ့ အစွမ်းကုန် ကြိုးစားလိုက်သည်။ ဆာဗာ နံပါတ် (၁) ၏ စွမ်းဆောင်ရည်မှာ မမြင့်မားလှသော်လည်း သူသည် ချန်ဖုန်း၏ IP အစစ်ကို လျင်မြန်စွာ ခြေရာခံနိုင်ခဲ့သည်။ “ဟက်ကာအဖွဲ့ရဲ့ ဝက်ဘ်ဆာဗာကို ကြားခံ အဖြစ် သုံးထားတာလား”
ရှီလဲ့သည် သူတို့နှစ်ဦး၏ IP ကို ခြေရာခံရင်း ဟက်ကာအဖွဲ့၏ ဝက်ဘ်ဆာဗာ လိပ်စာကိုပါ တစ်ချိန်တည်းမှာပင် ရှာတွေ့သွားသည်။
‘ဟိုင်လန်ရဲ့ တပည့်က ပြီးခဲ့တဲ့တစ်ခေါက် ငါ့ကို ဟက်လုပ်ခဲ့တဲ့ သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ဟိုအကောင်ပဲ ဖြစ်ရမယ်’ ဟု ရှီလဲ့ တွေးရင်း ဟက်ကာအဖွဲ့၏ ဝက်ဘ်ဆာဗာထဲသို့ တိတ်တဆိတ် ကျူးကျော်ဝင်ရောက်လိုက်သည်။ ဟိုင်လန်နှင့် ချန်ဖုန်းတို့မှာမူ သူတို့ အန္တရာယ်ကျရောက်နေသည်ကို မသိကြသေးပေ။
“တောက်” ဝံပုလွေနက်က Voice Chat ထဲတွင် အော်လိုက်ရာ ပို့စ်တင်နေသော ချန်ဖုန်းမှာ လန့်သွားသည်။
“ဆရာ၊ အဆင်ပြေရဲ့လား” ဟု ချန်ဖုန်းက စိုးရိမ်တကြီး မေးသည်။
ဟိုင်လန်က ဒေါသတကြီး “ငါ အဆင်ပြေတယ် ရွှမ်းချင်းတက္ကသိုလ် ဆာဗာဗဟိုချက်က တိုက်ခိုက်ဖို့ မလွယ်ဘူး...ချာကိုးလ် ဖိုရမ်ပေါ်မှာ သူတို့ကို ထပ်ပြီး ရန်စစမ်း”
“ဟုတ်ကဲ့ ဆရာ” ချန်ဖုန်းက အမြန်ပြန်ဖြေသည်။
ဂျင်ယာပန်းခြံတွင် ရှီလဲ့၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။ “ရှာတွေ့ပြီ”
ဟက်ကာအဖွဲ့၏ ဝက်ဘ်ဆာဗာထဲသို့ ကျူးကျော်ပြီးနောက် ရှီလဲ့ ဘာမှမလုပ်သေးပေ။ သူသည် ချန်ဖုန်းနှင့် ဝံပုလွေနက်၏ IP များကိုသာ ရှာဖွေပြီး ဆက်လက် ခြေရာခံနေသည်။
သူတို့နှစ်ဦး၏ IP လိပ်စာမှာ မတူညီသော နေရာနှစ်ခုကို ညွှန်ပြနေသည်။ ဝံပုလွေနက်၏ IP မှာ ဟက်ကာအဖွဲ့၏ တွက်ချက်ရေးဆာဗာ ကို ညွှန်ပြနေသည်။ ၎င်းဆာဗာ၏ လုံခြုံရေးမှာ အလွန်မြင့်မားပြီး ပညာရှင်များ အမြဲ စောင့်ကြပ်နေသည်။
ရှီလဲ့သည် တစ်ဖက်လူကို အထင်မကြီးသော်လည်း တိတ်တဆိတ် ကျူးကျော်ရန်မှာ ဆာဗာ နံပါတ် (၁) ၏ စွမ်းဆောင်ရည်နှင့်ဆိုလျှင် ခက်ခဲလိမ့်မည်။ ထို့ကြောင့် ဟိုင်လန်ကို ခေတ္တလွှတ်ထားပြီး ချန်ဖုန်း၏ IP ကိုသာ အာရုံစိုက် ခြေရာခံလိုက်သည်။
ချန်ဖုန်း၏ IP ကို ရှီလဲ့ အလွယ်တကူ ထပ်ရှာတွေ့ပြန်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ၎င်းမှာ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ကျောင်းဆာဗာ ဖြစ်နေသည်။
ရှီလဲ့ နှာခေါင်းရှုံ့လိုက်သည်။ “ကောင်လေး မင်း နောက်တစ်ခါ ထပ်လာပြန်ပြီပေါ့..ဒီတစ်ခါတော့ ငါ့လက်ကနေ မင်း ဘယ်လို လွတ်အောင် ပြေးမလဲ ကြည့်ကြသေးတာပေါ့”
ရှီလဲ့သည် ရွှမ်းချင်းတက္ကသိုလ် ဆာဗာ၏ အခြေအနေကို ကြည့်လိုက်သည်။ ဟိုင်လန်မှာ ဗဟိုချက်နှင့် လုံးပန်းနေဆဲဖြစ်ရာ အချိန်တိုအတွင်း ခွင့်ပြုချက် ရနိုင်ဦးမည် မဟုတ်ပေ။ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ထိုကောင်မှာမူ ရွှမ်းချင်းတက္ကသိုလ် ဖိုရမ်တွင် ကသောင်းကနင်း လုပ်နေဆဲ ဖြစ်သည်။
သူတို့ ခြေရာခံခံနေရမှန်း မသိသေးသည်ကို မြင်သောအခါ ရှီလဲ့ မဆိုင်းမတွဘဲ သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ဆာဗာထဲသို့ ကျူးကျော်ဝင်ရောက်ရန် ပြင်တော့သည်။ သို့သော် သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ဆာဗာမှာ ဟွမ်ချိုးလင်နှင့် ဆရာများက အကြီးအကျယ် ပြုပြင်ထားသဖြင့် အားနည်းချက် အားလုံးကို ပိတ်ထားပြီး ဖြစ်သည်။
ရှီလဲ့သည် သာမန် စကင်နာ ဖြင့် စစ်ဆေးကြည့်သော်လည်း မည်သည့် အခွင့်အရေးမှ မတွေ့ပေ။သာမန်လူဆိုလျှင် အတင်းအဓမ္မ တိုက်ခိုက်ရမည် ဖြစ်သော်လည်း ရှီလဲ့မှာမူ ထိုသို့လုပ်လျှင် ရိပ်မိသွားမည်ကို သိသည်။ အကယ်၍ ချန်ဖုန်းသာ သိသွားပါက ကြိုးဖြုတ်ပြေးသည့် နည်းလမ်းကို ထပ်သုံးပေလိမ့်မည်။
ချန်ဖုန်း၏ IP မှာ ဆာဗာထဲတွင် ကျန်နေခဲ့လျှင်ပင် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှာ အလွန်ကြီးမားလှသဖြင့် ကွန်ပျူတာ အမြောက်အမြားရှိနေရာ သူ့ကို ရှာဖွေရန်မှာ မြက်ပုံထဲတွင် အပ်ရှာသကဲ့သို့ ခက်ခဲလိမ့်မည်။ ထို့ကြောင့် ရှီလဲ့သည် သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ဆာဗာထဲသို့ တိတ်တဆိတ် ခိုးဝင်ရမည် ဖြစ်ပြီးမှ ဟက်ကာအဖွဲ့၏ ဝက်ဘ်ဆာဗာနှင့် ချိတ်ဆက်နေသော IP ကို ရှာရမည် ဖြစ်သည်။
ကံကောင်းစွာဖြင့် ရှီလဲ့မှာ သာမန်လူ မဟုတ်ပေ။ပြန်လည်မွေးဖွားလာသူတစ်ဦး ဖြစ်သည့်အတိုင်း ရှီလဲ့သည် ဆာဗာစနစ် အမျိုးမျိုးနှင့် မကြေညာရသေးသော အားနည်းချက် အမြောက်အမြားကို သိရှိထားသည်။
သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ဆာဗာသည် မိုက်ခရိုဆော့ဖ် ၏ ဆာဗာစနစ်ကို အသုံးပြုထားသည်။ ရှီလဲ့သည် မိုက်ခရိုဆော့ဖ် မှ မကြေညာရသေးသော အားနည်းချက်တစ်ခုကို ချက်ချင်း ရှာတွေ့သွားပြီး ၎င်းကို အသုံးချကာ ဆာဗာထဲသို့ တိုက်ရိုက် ဝင်ရောက်လိုက်သည်။
ဆာဗာထဲ ရောက်သည်နှင့် ရှီလဲ့သည် IP များကို စတင်စစ်ထုတ်တော့သည်။ ခဏအကြာတွင် ဟက်ကာအဖွဲ့ ဝက်ဘ်ဆာဗာနှင့် ချိတ်ဆက်ထားသော IP တစ်ခုကို သူ ရှာတွေ့သွားသည်။
“ကောင်ေလး မင်းကို ငါ ရှာတွေ့ပြီ”