အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း - ၃၅
ရှီလဲ့သည် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ဆာဗာထဲသို့ တိတ်တဆိတ် ဝင်ရောက်နိုင်ခဲ့ခြင်းသည် သူ အနိုင်ရရှိသွားပြီဖြစ်ကြောင်း သက်သေပင် ဖြစ်သည်။
ယခုတစ်ကြိမ်တွင် ရှီလဲ့သည် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ လစဉ်အွန်လိုင်းဝန်ဆောင်မှုစနစ်ကို ဖျက်ဆီးခြင်း မပြုခဲ့ပေ။ သူသည် IP လိပ်စာနှင့် သက်ဆိုင်ရာ အဆောင်နံပါတ်ကို ရှာဖွေရန်အတွက် ဒေတာများကိုသာ တိုက်ဆိုင်စစ်ဆေးခဲ့သည်။ ထို့နောက် အဆောင်နံပါတ်မှတစ်ဆင့် ကျောင်းသားမှတ်တမ်းများထဲတွင် ထိုအဆောင်၌ နေထိုင်သူ လေးဦး၏ အမည်ကို ရှာတွေ့ခဲ့သည်။
ပြီးခဲ့သည့်အကြိမ်က သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို ဟက်လုပ်ခဲ့စဉ်က သူ့ကို တားဆီးရန် ကြိုးပမ်းခဲ့သည့် ကွန်ပျူတာကလပ်အဖွဲ့ဝင်များ၏ စာရင်းကို ရှီလဲ့ သိမ်းဆည်းထားခဲ့ဖူးသည်။ ယခုတွေ့ရှိသော အမည်လေးခုနှင့် ထိုစာရင်းကို တိုက်ဆိုင်စစ်ဆေးကြည့်ရာတွင် အမည်တစ်ခုကို ရှီလဲ့ ချက်ချင်းပင် အတည်ပြုနိုင်ခဲ့သည်။
‘ချန်ဖုန်း’
သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ကွန်ပျူတာကလပ်၏ ဒု-ဥက္ကဋ္ဌ။
“မင်းကိုး”
ဆာဗာ နံပါတ် (၁) ရှေ့တွင် ထိုင်နေသော ရှီလဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ချန်ဖုန်းကို လူဟောင်းတစ်ယောက်ဟုပင် ဆိုနိုင်သည်။ ယခင်ဘဝတုန်းက ရွှမ်းချင်းတက္ကသိုလ် ဖိုရမ်ပေါ်တွင် မင်မင်တောက်ပသော အပြာစာပေနှင့် ရုပ်ရှင် များကို တင်ခဲ့သူမှာ ဤအကောင်ပင် ဖြစ်သည်။ သူနှင့် ရှီလဲ့မှာ ရန်ငြိုးအဟောင်းရော အသစ်ပါ ရှိနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် ရှီလဲ့က သူ့ကို လွယ်လွယ်နှင့် လွှတ်ပေးမည် မဟုတ်ပေ။
ပစ်မှတ်ကို အတိအကျ သိသွားပြီးနောက် ရှီလဲ့သည် ချန်ဖုန်း၏ ကွန်ပျူတာထဲသို့ ကျူးကျော်ဝင်ရောက်ကာ စနစ်မှတ်တမ်း အမျိုးမျိုးကို စုဆောင်းတော့သည်။ ထို့အပြင် သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ဆာဗာနှင့် ဟက်ကာမဟာမိတ်အဖွဲ့၏ ဝက်ဘ်ဆာဗာတို့မှ မှတ်တမ်းများကိုလည်း ရယူလိုက်သည်။ ရှီလဲ့သည် ချန်ဖုန်း၏ ဟက်ကင်းလုပ်ရပ် မှတ်တမ်းအားလုံးကို သက်သေအဖြစ် သိမ်းဆည်းချင်ခြင်း ဖြစ်သည်။ ၎င်းတို့ကို ရဲလက်အပ်မည်၊ မအပ်မည်ကိုမူ သူ မဆုံးဖြတ်ရသေးပေ။
အဆောင်ခန်းထဲတွင်မူ ချန်ဖုန်းသည် ရွှမ်းချင်းတက္ကသိုလ် ဖိုရမ်ပေါ်တွင် သောင်းကျန်းနေရသဖြင့် စိတ်လှုပ်ရှားနေသည်။ သူက လေသံတိုးတိုးဖြင့် “ရွှမ်းချင်းတက္ကသိုလ်... မင်းတို့က အရမ်းတော်တယ် ဟုတ်လား...ထိပ်တန်းတက္ကသိုလ် ဆိုတာ ဒါပဲလား... ငါတို့ သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ရဲ့ လက်အောက်မှာ အရှုံးပေးလိုက်ရပြီမလား” ဟု ရေရွတ်နေသည်။
ရုတ်တရက် ချန်ဖုန်း၏ ကွန်ပျူတာစခရင်ပေါ်တွင် TXT ဖိုင်တစ်ခု ပွင့်လာသည်။ ကာဆာလေး မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီးနောက် စာသားတစ်ကြောင်း ပေါ်လာသည် - “ချန်ဖုန်း၊ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာကလပ် တတိယနှစ်ကျောင်းသား၊ ကွန်ပျူတာကလပ် ဒု-ဥက္ကဋ္ဌ”
စိတ်လှုပ်ရှားနေသော ချန်ဖုန်း၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။ ထိုအခိုက်အတန့်တွင် သူ၏ ခေါင်းထဲ၌ အတွေးတစ်ခုသာ ရှိသည် - ‘ငါ အမိခံလိုက်ရပြီ’
တစ်ဖက်လူက သူ၏ IP အစစ်ကို ခြေရာခံပြီး ကိုယ်ရေးအချက်အလက်များကိုပါ ရှာတွေ့သွားခြင်း ဖြစ်သည်။ ချန်ဖုန်းသည် တုန်ရင်နေသော လက်များဖြင့် မောက်စ်ကို ကိုင်ကာ TXT ဖိုင်ထဲတွင် စာပြန်ရိုက်လိုက်သည်။
“ခင်ဗျား ဘယ်သူလဲ” သူက ရှီလဲ့၏ မျက်နှာသာရရန် ယဉ်ယဉ်ကျေးကျေး မေးလိုက်ခြင်း ဖြစ်သည်။ သို့သော် ရှီလဲ့က သူ့ကို လုံးဝ အမြင်မကြည်မှန်း သူ မသိရှာပေ။
‘မင်းနဲ့ ဟိုင်လန် က ငါ့ကို ရှာနေတာ မဟုတ်ဘူးလား’
ချန်ဖုန်း၏ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားကာ ‘သွားပြီ’ ဟု တွေးလိုက်မိသည်။ ပြီးခဲ့သည့်အကြိမ်က ဖြစ်ရပ်ကို ကြည့်လျှင် တစ်ဖက်လူ၏ စနစ်ထဲသို့ ခဏမျှ ကျူးကျော်ခဲ့မိရုံနှင့် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တစ်ခုလုံးကို ကသောင်းကနင်း ဖြစ်အောင် လုပ်ခဲ့သူ ဖြစ်သည်။ ထိုလူမှာ သဘောထားကြီးသူ မဟုတ်မှန်း သိသာလှသည်။
ယခုတစ်ကြိမ်တွင် ချန်ဖုန်းသည် သူ၏ဆရာကို အကူအညီတောင်းကာ ရှီလဲ့ကို ခြေရာခံရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ရှီလဲ့ သေချာပေါက် ဒေါသပေါက်ကွဲတော့မည်ကို သူ သိနေသည်။ ရှီလဲ့က ကျောင်းကို ဘယ်လို ကလဲ့စားချေမလဲဆိုသည်ကို သူ စိုးရိမ်နေမိသည်။
ချန်ဖုန်းက တုန်တုန်ရင်ရင်ဖြင့် TXT ဖိုင်ထဲတွင် ပြန်စာရိုက်လိုက်သည်။
“မင်္ဂလာပါ..ပြီးခဲ့တဲ့တစ်ခေါက်ရော၊ အခုတစ်ခေါက်ကိစ္စအတွက်ရော ကျွန်တော့်ရဲ့ မိုက်မဲမှုကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်...ကျွန်တော် စိတ်ရင်းနဲ့ တောင်းပန်ပါတယ်...အမှန်က ပြီးခဲ့တဲ့တစ်ခေါက် ခင်ဗျား သင်ခန်းစာပေးပြီးကတည်းက ကျွန်တော် ထပ်မရန်စရဲတော့ပါဘူး.. ဒါပေမဲ့ ကျွန်တော့်ဆရာ ဟိုင်လန်က ကျွန်တော့်အတွက် ကလဲ့စားချေချင်လို့ဆိုပြီး သူ့ပညာကို ထုတ်ပြချင်နေတာပါ.. ကျွန်တော်လည်း မတတ်သာလို့ ခင်ဗျားက ရွှမ်းချင်းတက္ကသိုလ် ဆာဗာကို ကြားခံအဖြစ် သုံးနေတယ်ဆိုတာ ပြောပြလိုက်ရတာပါ... ဒါတွေက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး၊ ကျွန်တော့်ဆရာရဲ့ အမှားတွေချည်းပါပဲ”
ရှီလဲ့၏ မျက်နှာသာရရန်အတွက် ချန်ဖုန်းသည် သူ၏ဆရာကိုပင် ပြောင်ပြောင်တင်းတင်း သစ္စာဖောက်လိုက်တော့သည်။ ဤသို့သော အပြုအမူက ရှီလဲ့ကို ပို၍ပင် စက်ဆုပ်ရွံရှာစေခဲ့သည်။ ဟက်ကာလောကတွင် ဆရာတပည့် ဆက်ဆံရေးမှာ အလွန်အရေးကြီးပြီး ရင်းနှီးသော ဆက်ဆံရေး ဖြစ်သည်။ ပုံမှန်အားဖြင့် ဆရာဖြစ်သူက တပည့်၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို သိတတ်ကြသည်။
ချန်ဖုန်းကဲ့သို့ မိမိဆရာကို ချက်ချင်း သစ္စာဖောက်သူမျိုးမှာ ရှားပါးလှသည်။ ကမ္ဘာ့ထိပ်တန်း ဟက်ကာတစ်ဦးအနေဖြင့် ရှီလဲ့သည် ဟက်ကာလောက၏ ဤကဲ့သို့သော အညစ်အကြေးမျိုးကို လုံးဝ အထင်မကြီးပေ။
‘ဒါဆိုလည်း ပြီးရော’
ရှီလဲ့သည် ဗီဒီယိုမှတ်တမ်းကို ပိတ်လိုက်ပြီး ချန်ဖုန်း၏ အချက်အလက်များ၊ သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ဆာဗာနှင့် ဟက်ကာမဟာမိတ်အဖွဲ့ ဆာဗာတို့မှ သက်သေများကို ရယူကာ ထွက်ခွာခဲ့သည်။ ရှီလဲ့ ထွက်သွားသည်ကို မြင်သောအခါ ချန်ဖုန်း သက်ပြင်းချနိုင်သွားသည်။ တစ်ဖက်လူက ကျောင်းဆာဗာကို မဖျက်ဆီးသွားသဖြင့် သူ့ကို ခွင့်လွှတ်လိုက်ပြီဟု သူ ထင်နေသည်။ သို့သော် ရှီလဲ့မှာ ထိုမျှ သဘောထားကြီးသူ မဟုတ်မှန်း သူ မသိပေ။
ဟက်ကာမဟာမိတ်အဖွဲ့၏ ဝက်ဘ်ဆာဗာမှတစ်ဆင့် ရှီလဲ့သည် ဝံပုလွေနက်၏ IP ကို ခြေရာခံကာ တွက်ချက်ရေးဆာဗာ ထံသို့ ဦးတည်လိုက်သည်။ ရှီလဲ့က ဘာကိုမှ ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း ချိတ်ဆက်ရန် တောင်းဆိုလိုက်သဖြင့် ဟိုင်လန်နှင့် ဆာဗာအက်ဒမင်တို့ ချက်ချင်း သိသွားကြသည်။
ဟိုင်လန်သည် ရွှမ်းချင်းတက္ကသိုလ် ဆာဗာမှ ချက်ချင်းလက်လျှော့ကာ မိမိဆာဗာသို့ ပြန်လာခဲ့သည်။ ရှီလဲ့က တိုက်ခိုက်ခြင်း မပြုဘဲ စကားပြောရန် ဝင်းဒိုး တစ်ခု ဖွင့်ပေးဖို့ တောင်းဆိုလိုက်သည်။
‘ဟိုင်လန်ကို ထွက်လာခိုင်းလိုက်’
ဟိုင်လန် ဆာဗာထဲ ပြန်ရောက်လာပြီးနောက် စကားပြော ဝင်းဒိုး ကို လက်ခံလိုက်သည်။ “ငါက ဟိုင်လန်ပဲ.. မင်းက ဘယ်သူလဲ”
ရှီလဲ့က ကီးဘုတ်ပေါ်တွင် ရိုက်လိုက်သည်။ “ငါက လူစီဖာ ပဲ”
ဝံပုလွေနက် တုန်လှုပ်သွားသည်။ နာမည်မရှိသည့် တစ်ယောက်ဟု ထင်ထားသော်လည်း မိမိကို ဤနေရာအထိ တိတ်တဆိတ် ခြေရာခံနိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
“ငါ ဘာကူညီပေးရမလဲ”ဟု ဟိုင်လန်က ရိုက်လိုက်သည်။
ရှီလဲ့သည် ချန်ဖုန်း၏ ကျူးကျော်မှု မှတ်တမ်းများနှင့် ဝံပုလွေနက်ကို သစ္စာဖောက်နေသည့် ဗီဒီယိုဖိုင်ကို ပို့လိုက်သည်။ “ဒါကို အရင်ကြည့်လိုက်ဦး၊ ပြီးမှ မင်းတပည့်အတွက် ငါ့ကို ဆက်တိုက်မလား ဆုံးဖြတ်.. ကြောက်တယ်ဆိုရင်တော့ Sandbox ထဲမှာပဲ အရင်စစ်ကြည့်ပေါ့”
Sandbox နည်းပညာသည် အန္တရာယ်ရှိနိုင်သော ပရိုဂရမ်များကို ကွန်ပျူတာစနစ်အား ထိခိုက်မှုမရှိစေဘဲ စမ်းသပ်သည့် နယ်မြေဖြစ်သည်။ ဝံပုလွေနက်သည် ထိုဖိုင်ကို Sandbox ထဲတွင် ဖွင့်ကြည့်လိုက်သည်။ ချန်ဖုန်း၏ မှတ်တမ်းများကို မြင်သောအခါ သူ စိုးရိမ်သွားသေးသည်။ သို့သော် ချန်ဖုန်းက သူ့ကို သစ္စာဖောက်နေသည့် ဗီဒီယိုကို မြင်လိုက်ရသောအခါတွင်မူ ဟိုင်လန်၏ မျက်နှာမှာ အလွန်ပင် ကြည့်မကောင်းတော့ပေ။
ဟက်ကာလောကတွင် ခြေရာခံခံရသည်မှာ မိမိပညာ မတော်၍ဟု ဆိုနိုင်သော်လည်း ကိုယ့်တပည့်က မိမိကို သစ္စာဖောက်ခြင်းမှာမူ အကြီးမားဆုံး အရှက်ရမှု ဖြစ်သည်။ ကံကောင်းသည်မှာ ဝံပုလွေနက်က ချန်ဖုန်းကို သူ၏ ကိုယ်ရေးအချက်အလက်များ ပေးမထားခြင်းပင်။
ရှီလဲ့က စာတစ်ကြောင်း ထပ်တိုးလိုက်သည်။ “ဟက်ကာလောကက စီနီယာတစ်ယောက်အနေနဲ့၊ ဟိုင်လန်... မင်းရဲ့ တပည့်အတွက် ငါ တကယ် စိတ်မကောင်းဘူး အခုတော့ မင်းဘာသာမင်းပဲ ဖြေရှင်းလိုက်တော့”
ထို့နောက် ရှီလဲ့သည် ချိတ်ဆက်မှုကို ဖြတ်တောက်ကာ သူ၏ ခြေရာများကို ရှင်းလင်းလိုက်သည်။ သူက ဝံပုလွေနက်ရှေ့တွင် စီနီယာဟန် ဆောင်လိုက်ခြင်းမှာ အနာဂတ် အစီအစဉ်များအတွက် အခြေခံအုတ်မြစ် ချလိုက်ခြင်း ဖြစ်သည်။ ရှီလဲ့ တိုက်ခိုက်ရန် ပြင်ဆင်နေသည့် အဖွဲ့အစည်းမှာ လူကို မျှော်လင့်ချက်မဲ့စေလောက်အောင် အစွမ်းထက်သည့် အဖွဲ့အစည်းကြီး ဖြစ်သည်။ ထိုအဖွဲ့အစည်းကို ကလဲ့စားချေရန်မှာ ဟက်ကာစွမ်းရည်တစ်ခုတည်းနှင့် မလုံလောက်ပေ။ လေယာဉ်တင်သင်္ဘောကြီး၏ စနစ်ကိုပင် အဝေးမှ ထိန်းချုပ်နိုင်သည့် အဖွဲ့အစည်းမျိုးကို တိုက်ခိုက်ရန် သူသည် ကြိုတင်ပြင်ဆင်မှုများစွာ လုပ်ရဦးမည် ဖြစ်သည်။
ခြေရာများ ရှင်းပြီးနောက် ရှီလဲ့သည် သူ၏ အပြုံးရှာဖွေရေး ပရိုဂရမ် ကို ပြန်လည် စစ်ဆေးသည်။ ထိုပရိုဂရမ်အတွက် မူပိုင်ခွင့် လျှောက်ထားမှုမှာလည်း အဆင်ပြေနေသည်။ သူ ငှားရမ်းထားသော အေဂျင်စီမှာ အစွမ်းထက်လှသဖြင့် ပုံမှန်ဆိုလျှင် အချိန်အကြာကြီး ပေးရမည့် အလုပ်ကို တစ်ပတ်အတွင်း ပြီးအောင် လုပ်ပေးနေသည်။ သို့သော် ဝန်ဆောင်ခမှာလည်း ယွမ် ၈၀,၀၀၀ အထိ မြင့်မားလှသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် စွန်းဖုန်း ထံမှ ယွမ် ၁၀၀,၀၀၀ ချေးထားခဲ့သဖြင့် အဆင်ပြေသွားခြင်း ဖြစ်သည်။
ရှီလဲ့၏ အမူအရာ ဖမ်းယူရေး ပရိုဂရမ် မှာမူ လက်ရှိတွင် ရိုးရှင်းလွန်းနေသေးသဖြင့် စျေးကွက်ထဲ တင်ရန်အတွက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ရန် လိုအပ်နေသေးသည်။
“အား “
ထိုစဉ် အပြင်ဘက်မှ အိုရန်ရှန်း၏ အော်သံကြီး ထွက်ပေါ်လာသည်။ ရှီလဲ့သည် ကီးဘုတ်ကို ပစ်ချကာ အပြေးထွက်သွားသည်။ “အိုရန်၊ ဘာဖြစ်လို့လဲ”
အိုရန်ရှန်းသည် ဆိုဖာပေါ်တွင် မတ်တပ်ရပ်နေပြီး မျက်နှာမှာ ဖြူလျော့နေသည်။ သူမက စားပွဲအောက်ကို လက်ညှိုးထိုးပြကာ “အဲဒီအောက်မှာ ပိုးဟပ်တစ်ကောင် ရှိတယ်” ဟု ဆိုသည်။
ရှီလဲ့မှာ ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။ ရာဇဝတ်သားတွေကို မကြောက်သည့် ရဲမေတစ်ယောက်က ပိုးဟပ်ကို ကြောက်နေသည်မှာ တကယ်ပင် ရယ်စရာကောင်းလှသည်။
“ရှီလဲ့ အဲဒီပိုးဟပ်ကို မြန်မြန်သတ်ပေး” ဟု အိုရန်ရှန်းက အော်သည်။
ရှီလဲ့က တမင်စနောက်လိုက်သည်။ “အိုရန်ရာ... ပိုးဟပ်လေး တစ်ကောင်တည်းကို ဘာကြောက်နေတာလဲ.. ဒီအတိုင်း တက်နင်းလိုက်ရင် သေမှာပဲကို”
အိုရန်ရှန်းက နှာခေါင်းရှုံ့ကာ “ရှီလဲ့... မင်း သတ်ပေးမှာလား၊ မသတ်ပေးဘူးလား”
ရှီလဲ့က ပြုံးစိစိဖြင့် “ရပါတယ်ဗျာ..မင်း ပိုးဟပ်ကြောက်တတ်မှန်း မသိခဲ့ဘူး” ဟု ဆိုကာ စားပွဲကို ဘေးဖယ်လိုက်သည်။ ထိုနေရာတွင် ပိုးဟပ်အကြီးကြီး တစ်ကောင် ရှိနေသည်။ ရှီလဲ့က လှမ်းနင်းလိုက်ရာ ပိုးဟပ်မှာ ပျားခနဲ ဖြစ်သွားတော့သည်။
နင်းပြီးသည်နှင့် အိုရန်ရှန်းက “ရှီလဲ့၊ မင်းရဲ့ ဖိနပ်ကို အမှိုက်ပုံးထဲ အခုချက်ချင်း သွားပစ်လိုက်တော့” ဟု အမိန့်ပေးသည်။
ရှီလဲ့က ငြင်းလိုက်သည်။ “ဒါ ပစ်လိုက်ရင် ငါ ဘာစီးရမှာလဲ”
အိုရန်ရှန်း၏ မျက်နှာလေးမှာ နီရဲသွားကာ
“ငါ... ငါ့ဖိနပ် စီးမလား... ရပါတယ်...” ဟု တိုးတိုးလေး ပြောရှာတော့သည်။
အခန်း - ၃၆
နောက်ဆုံးတွင် ရှီလဲ့သည် အိုရန်ရှန်း၏ ဖိနပ်ကို မစီးခဲ့ပေ။ ဤအချက်ကပင် အိုရန်ရှန်း၏ စိတ်ထဲ၌ ရှီလဲ့အပေါ် ထားရှိသော အထင်အမြင်ကို ပိုမိုကောင်းမွန်စေခဲ့သည်။
နံနက်လင်း၍ ရှီလဲ့ နိုးလာသောအခါ အိုရန်ရှန်းမှာ အလုပ်သွားနှင့်ပြီ ဖြစ်သည်။ ဖုန်းကို ကြည့်လိုက်တော့ ရှစ်နာရီပင် မထိုးသေးပေ။ ရက်အတော်ကြာ ကျောင်းပျက်ထားသော ရှီလဲ့သည် ယနေ့တော့ ကျောင်းတက်ရန် ဆုံးဖြတ်လိုက်သည်။
ရှီလဲ့၏ ချက်ပြုတ်မှု စွမ်းရည်နှင့်ဆိုလျှင် နံနက်စာ ကိုယ်တိုင်ပြင်ဆင်ရန်မှာ မဖြစ်နိုင်ပေ။ ရွှမ်းချင်းတက္ကသိုလ် အပြင်ဘက် လမ်းကြားလေးများထဲတွင် နံနက်စာဆိုင်ပေါင်း များစွာ ရှိသည်။ ပုံမှန်အတိုင်းပင် ရှီလဲ့သည် လမ်းဘေးဆိုင်မှ ဝယ်ထားသော တီရှပ်အပေါစားနှင့် ဂျင်းဘောင်းဘီကို ဝတ်ကာ လမ်းကြားထဲသို့ ထွက်လာခဲ့သည်။ ဤလမ်းကြားထဲက နံနက်စာများကို ရှီလဲ့ အလွန်နှစ်သက်သည်။
ကြည်လင်သော ဝမ်တွန် ဖြစ်စေ၊ ကောက်ညှင်းလုံး သို့မဟုတ် စပ်စပ်လေး စားရသော ခေါက်ဆွဲဖြစ်စေ ရှီလဲ့အတွက်တော့ အားလုံးက အကြိုက်ချည်းပင်။
သူ ရောက်နေကျ ဆိုင်လေးသို့ ရောက်သောအခါ စားပွဲလေးနှစ်လုံးမှာ လူပြည့်နေပြီ ဖြစ်သည်။ စားပွဲတစ်လုံးတွင် လူလေးဦး ထိုင်နေပြီး နောက်စားပွဲတစ်လုံးတွင်မူ ခေါင်းငုံ့ထားသော လူငယ်တစ်ဦးနှင့် အသက်ငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ထိုင်နေကြသည်။ မိန်းကလေးငယ်က ဝမ်တွန်ကို မြိန်ယှက်စွာ စားနေပြီး လူငယ်ကမူ ခေါင်းငုံ့လျက် ကလေးမလေးကို ကြည့်နေသည်။
ရှီလဲ့က ထိုလူငယ်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး “ဦးလေးကျောက်၊ ကျွန်တော့်ကို ဝမ်တွန် တစ်ပွဲပေးဗျို့..အစပ်အလတ်စား၊ အသီးအရွက် များများထည့်ပေးနော်!” ဟု အော်ပြောလိုက်သည်။
ရှီလဲ့၏ ရင်းနှီးသော လေသံကို ကြားရသောအခါ ခေါင်းငုံ့ထားသော လူငယ်သည် စားပွဲအောက်၌ တင်းတင်းဆုပ်ထားသော လက်သီးများကို ဖြည်းညှင်းစွာ လျှော့လိုက်သည်။
ရှီလဲ့က ‘ဦးလေးကျောက်’ ဟု ခေါ်သော်လည်း ဆိုင်ရှင်မှာ အသက် ၄၀ ကျော်သာ ရှိသေးသူ ဖြစ်သည်။ သို့သော် အိပ်ရေးပျက်ခံကာ အလုပ်ပင်ပန်းလှသဖြင့် ရုပ်ရည်မှာ အသက် ၅၀ ကျော်ကဲ့သို့ ရင့်ရော်နေခြင်း ဖြစ်သည်။
“ချက်ချင်း လာပြီဗျို့” ဟု ဦးလေးကျောက်က ပြန်ထူးသည်။
တစ်စားပွဲတည်း ထိုင်နေသော ကလေးမလေးက ဇွန်းဖြင့် ဝမ်တွန်တစ်လုံးကို ခပ်ယူရင်း ကလေးသံလေးဖြင့် မေးလိုက်သည်။ “ဦးဦး၊ မစားဘူးလားဟင်”
‘ဦးဦး’ ဟု အခေါ်ခံရသော လူငယ်က ခေါင်းကို အသာခါပြကာ “ဦးဦး မဗိုက်ဆာဘူးလေ... ရှောင်လင်း... လိမ္မာတယ်၊ ကိုယ့်ဘာသာကိုယ် အဝစားနော်” ဟု ကြည်လင်သော လေသံဖြင့် ပြန်ပြောသည်။
ရှောင်လင်းဟု ခေါ်သော ကလေးမလေးက အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် “ဦးဦး တကယ် မဗိုက်ဆာတာလားဟင်... ဒါပေမဲ့ ဦးဦး မနေ့ညကလည်း ဘာမှမစားဘူးလေ..” ဟု ပြန်မေးရှာသည်။
သူတို့၏ လေသံမှာ ရွှမ်းချင်းမြို့၏ ဒေသန္တရ လေသံမဟုတ်ပေ။ ရှီလဲ့က ကလေးမလေး၏ စကားကို ခပ်သဲ့သဲ့ နားလည်လိုက်သဖြင့် ခေါင်းငုံ့ထားသော လူငယ်ကို လှမ်းကြည့်လိုက်သည်။ ထိုအခါ လူငယ်၏ လက်များမှာ စားပွဲအောက်၌ ထပ်မံ၍ တင်းတင်းဆုပ်သွားပြန်သည်။
ရှီလဲ့ အခြေအနေကို ခန့်မှန်းမိသွားသည်။ ဤလူငယ်မှာ အခက်အခဲနှင့် ကြုံနေရပြီး ငွေကြေး မရှိတော့သည့် ပုံပင်။ ထို့ကြောင့် ရှီလဲ့က ထပ်အော်လိုက်သည်။ “ဦးလေးကျောက်၊ နောက်ထပ် တစ်ပွဲ ထပ်ချက်ပေးဦးဗျာ... အစပ်မပါစေနဲ့၊ အသားများများ ထည့်ပေးပါ”
လူငယ်က ခေါင်းကို အနည်းငယ် မော့ကာ ရှီလဲ့၏ မျက်နှာကို အကဲခတ်သည်။ ရှီလဲ့က ပြုံးလျက် “အစ်ကို၊ ကျွန်တော် တိုက်တာပါ” ဟု ပြောလိုက်သည်။
လူငယ်က ခဏမျှ ဝေခွဲမရဖြစ်နေပြီးမှ ယဉ်ကျေးစွာပင် “ကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။
ရှီလဲ့က “အပြင်မှာဆိုတော့ ဘယ်သူမဆို အခက်အခဲ ရှိတတ်တာပဲလေ.. ဒါက ဘာမှမဟုတ်ပါဘူး” ဟု ပြန်ပြောလိုက်သည်။
ခဏအကြာတွင် ဝမ်တွန် နှစ်ပွဲ ရောက်လာသည်။ ရှီလဲ့က ပိုက်ဆံပေးရာတွင် သူ့ပွဲဖိုးသာမက ရှောင်လင်းလေး၏ ပွဲဖိုးကိုပါ ပေးလိုက်သည်။ လူငယ်၏ မျက်လုံးထဲတွင် ကျေးဇူးတင်ရိပ်များ လွှမ်းသွားကာ “သူငယ်ချင်း၊ တကယ် ကျေးဇူးတင်ပါတယ်...ဒီကျေးဇူးကို ကျွန်တော် သေချာပေါက် ပြန်ဆပ်ပါ့မယ်” ဟု ကတိပေးသည်။
ရှီလဲ့ကတော့ ဂရုမစိုက်ဘဲ ဝမ်တွန်များကို ငုံ့စားနေတော့သည်။ ရှီလဲ့ စားပုံစားနည်းကို ကြည့်ကာ ရှောင်လင်းလေးက တခိခိ ရယ်သည်။ “ဦးဦးကလည်း ဘာလို့ ဒီလောက် အမြန်စားနေတာလဲ...ဘယ်သူမှ လုမစားပါဘူး”
‘ဦးဦး’ တဲ့ ရှီလဲ့မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ သူက တကယ်ပဲ အသက်ကြီးတဲ့ ဦးဦးနဲ့ တူနေလို့လား။
“ကလေးမလေး၊ ဦးဦးက ကျောင်းတက်ဖို့ အမှီသွားရမှာမို့လို့ပါ” ဟု ဆိုကာ ရှီလဲ့က တူဖြင့် ဝမ်တွန်ကို ခပ်သွက်သွက် စားရင်း ဘယ်ဘက်လက်က တစ်ရှူးဘူးကို လှမ်းယူသည်။ “ဟေ့ အစ်ကို၊ တစ်ရှူးဘူးလေး လှမ်းပေးပါဦး”
တစ်ရှူးဘူးက လူငယ်၏ ရှေ့တွင် ရှိနေသည်။ လူငယ်က ခေါင်းမော့ကာ တစ်ရှူးဘူးကို တွန်းပေးလိုက်သည်။ ရှီလဲ့က တစ်ရှူးယူကာ နှုတ်ခမ်းက ငရုတ်ဆီများကို သုတ်လိုက်စဉ်...
‘ဒီလူငယ်က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ’
လူငယ်က ခေါင်းမော့လိုက်သည့် ခဏတွင် ရှီလဲ့က သူ၏ မျက်နှာကို မြင်လိုက်ရခြင်း ဖြစ်သည်။ လူငယ်ကလည်း ရှီလဲ့၏ ထူးဆန်းသော အမူအရာကို သတိပြုမိသွားကာ တစ်ကိုယ်လုံး တင်းမာသွားသည်။
ရှီလဲ့၏ စိတ်ထဲတွင် သတိပေးချက်တစ်ခု မြည်လာသည် -‘ ‘အန္တရာယ်’ ဒီလူက ဘယ်သူလဲ ‘
ယခင်ဘဝက လေ့ကျင့်ခန်းများအရ ရှီလဲ့၏ ခန္ဓာကိုယ်သည် ယခင်ကလောက် မသန်မာသေးသော်လည်း သာမန်လူထက်တော့ များစွာ သာလွန်သည်။ လူကြီး ခုနစ်ယောက် ရှစ်ယောက်ကို သူ အေးအေးဆေးဆေး ယှဉ်နိုင်သော်လည်း ယခု ဤလူငယ်ထံမှ ခံစားရသော အန္တရာယ်မှာ တစ်ခါမှ မကြုံဖူးလောက်အောင် ပြင်းထန်လှသည်။
ရှီလဲ့က တူကို ချလိုက်ပြီး ထိုလူကို သေချာ စိုက်ကြည့်လိုက်သည်။
“ဦးဦး၊ ဘာလို့ မစားတော့တာလဲ” ဟု ရှောင်လင်းလေးက မေးသည်။
လူငယ်က ခေါင်းခါကာ “ဦးဦး ဗိုက်ဝသွားပြီလေ” ဟု ဆိုကာ ရှီလဲ့ကို စိုက်ကြည့်လိုက်သည်။ သူ၏ အကြည့်မှာ ဓားတစ်စင်းကဲ့သို့ ထက်ရှလှသည်။
ရှီလဲ့ စဉ်းစားရင်းနှင့် နောက်ဆုံးတွင် ထိုလူ၏ အမည်ကို မှတ်မိသွားသည်။
“ယဲ့ဖုန်း”
ရှီလဲ့က ထိုနာမည်ကို ခေါ်လိုက်သည်နှင့် ယဲ့ဖုန်း၏ ကြွက်သားများမှာ တင်းမာသွားပြီး ရှီလဲ့ကို ရန်လိုသော အကြည့်ဖြင့် ကြည့်တော့သည်။ “မင်း... ဘယ်သူလဲ”
အခြေအနေ မကောင်းမှန်း သိသွားသော ရှောင်လင်းလေးသည် သူမ၏ ပန်းကန်ကို ကိုင်ကာ ယဲ့ဖုန်း၏ ဘေးသို့ ကပ်ထိုင်လိုက်သည်။
ရှီလဲ့က ပခုံးတွန့်ကာ “ဟား... ကျွန်တော်က ဒီကျောင်းက ကျောင်းသားပါ” ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ယဲ့ဖုန်းမှာ ရဲတပ်ဖွဲ့က အလိုရှိနေသော ‘Class A’ အဆင့်ရှိ ဝရမ်းပြေးတစ်ဦး ဖြစ်မှန်း သူ မသိသလို ဟန်ဆောင်နေခြင်း ဖြစ်သည်။
ယဲ့ဖုန်းက ရှီလဲ့ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်ကာ ခက်ခဲစွာ ပြောလိုက်သည်။ “မင်း... ပုံပြင်တစ်ပုဒ်လောက် နားထောင်ချင်လား”
ရှီလဲ့က သူ့ကို ဝမ်တွန် တိုက်ခဲ့ဖူးသဖြင့် ယဲ့ဖုန်းသည် ရှီလဲ့ကို မနာကျင်စေချင်ပေ။ ထို့အပြင် လူစည်ကားသော နေရာတွင် ပြဿနာ မဖြစ်ချင်သဖြင့် သူ၏ အကြောင်းကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။
ရှီလဲ့က ဘာမှမဖြစ်သလိုပင် တူကို ပြန်ကိုင်ကာ “ပြောလေ... နားထောင်နေတယ်” ဟု ဆိုသည်။
ယဲ့ဖုန်းက ရှောင်လင်းလေး၏ ခေါင်းကို ပွတ်သပ်ရင်း သူ၏ ပုံပြင်ကို စတင်ပြောပြတော့သည်။
ယဲ့ဖုန်းသည် မိဘမဲ့တစ်ဦး ဖြစ်သော်လည်း ရှီလဲ့ထက်တော့ ကံကောင်းခဲ့သည်။ သူသည် ‘ဒန်’ ဟု အမည်ရသော စိတ်ကောင်းရှိသည့် မိသားစုတစ်ခုနှင့် ဆုံခဲ့ရသည်။ သူတို့တွင် ‘ဒန်ခိုင်’ ဟု အမည်ရသော ယဲ့ဖုန်းထက် ခြောက်နှစ်ကြီးသည့် သားတစ်ဦး ရှိသည်။ ထိုမိသားစုက ယဲ့ဖုန်းကို သားအရင်းကဲ့သို့ စောင့်ရှောက်ခဲ့ပြီး ဒန်ခိုင်ကလည်း ညီအရင်းကဲ့သို့ ချစ်ခင်ခဲ့သည်။
ဒန်ခိုင်သည် ကျောင်းပြီးသောအခါ စစ်ထဲဝင်ခဲ့ပြီး အစွမ်းထက်လှသဖြင့် အထူးတပ်ဖွဲ့ တွင် အသင်းခေါင်းဆောင် ဖြစ်လာခဲ့သည်။ ယဲ့ဖုန်း ကျောင်းပြီးသောအခါတွင်လည်း ဒန်ခိုင်၏ အကူအညီဖြင့် စစ်ထဲဝင်ခဲ့ပြီး သူသည်လည်း ထူးချွန်သူဖြစ်ရာ ဒန်ခိုင်၏ အထူးတပ်ဖွဲ့ အသင်းငယ်ထဲသို့ ရောက်ရှိလာခဲ့သည်။ ညီအစ်ကို နှစ်ယောက်စလုံးမှာ အထူးတပ်ဖွဲ့၏ စွမ်းဆောင်ရည် အမြင့်ဆုံး သူရဲကောင်းများ ဖြစ်လာကြသည်။
သို့သော်လည်း ဘုရားသခင်က သူတို့ကို နောက်ပြောင်ခဲ့သည်။ နယ်စပ်တာဝန်တစ်ခုတွင် သူတို့အဖွဲ့မှာ ရန်သူ့ဝိုင်းရံမှုကို ခံခဲ့ရသည်။ ရန်သူက အင်အား ဆယ်ဆမက သာသော်လည်း သူတို့ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြသည်။ နောက်ဆုံးတွင် ဝိုင်းရံမှုကို ဖောက်ထွက်နိုင်ခဲ့သော်လည်း ယဲ့ဖုန်းကို ကယ်တင်ရန်အတွက် ဒန်ခိုင်သည် ကျည်ဆန်ကို ရင်ဘတ်ဖြင့် ခံယူကာ နယ်စပ်မှာတင် အသက်ပေးခဲ့ရသည်။
ယဲ့ဖုန်းသည် အကိုဖြစ်သူ၏ သေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးစွာဖြင့် ဒန်ခိုင်၏ မိဘများကို သွားရောက်တွေ့ဆုံရန် ခွင့်ရခဲ့သည်။ သူတို့နေထိုင်ရာ ‘ဟေးကျန်း’ မြို့တွင် ဒန်မိသားစုမှာ ဆိုင်ခန်း သုံးခန်း ပိုင်ဆိုင်သဖြင့် စားဝတ်နေရေး အဆင်ပြေကြသည်။ သို့သော် ထိုဆိုင်ခန်း သုံးခန်းကြောင့်ပင် သူတို့ မိသားစုမှာ ဘေးဆိုးနှင့် ကြုံခဲ့ရခြင်း ဖြစ်သည်။
လမ်းဘေးက လူမိုက်ခေါင်းဆောင်တစ်ဦးသည် ထိုဆိုင်ခန်းများကို စျေးပေါပေါနှင့် ဝယ်ချင်နေသည်။ ဒန်မိသားစုက မရောင်းသောအခါ ထိုလူမိုက်က ဒန်ခိုင်၏ ဖခင်ကို ကားဖြင့် တိုက်သတ်ခဲ့သည်။ မိခင်ဖြစ်သူမှာလည်း ဝမ်းနည်းလွန်းသဖြင့် လိုက်ပါ သေဆုံးသွားခဲ့ရသည်။
နောက်ဆုံးတွင် ဒန်ခိုင်၏ ဇနီး ‘ချန်လန်’ နှင့် သမီးလေး ‘ဒန်ရှောင်လင်း’ တို့သာ ကျန်ရစ်တော့သည်။ ချန်လန်ကလည်း ဆိုင်များကို မရောင်းသောအခါ လူမိုက်များက သူမကို ဖမ်းဆီးသွားပြီး စက်ရုံဟောင်းတစ်ခုတွင် နှိပ်စက်စော်ကားကာ သတ်ပစ်လိုက်ကြသည်။ ရှောင်လင်းလေးမှာမူ ဆိုင်ငှားထားသူတစ်ဦး၏ အိမ်တွင် ဆော့ကစားနေသဖြင့်သာ အသက်ဘေးမှ လွတ်ခဲ့ခြင်း ဖြစ်သည်။
ယဲ့ဖုန်း ပြန်ရောက်လာသောအခါ မိသားစုတစ်ခုလုံး ပျက်စီးသွားသည်ကို မြင်လိုက်ရသဖြင့် ရူးသွပ်မတတ် ဖြစ်သွားခဲ့ရသည်။ သို့သော် ရှောင်လင်းလေးအတွက်ကြောင့် သူသည် ချက်ချင်း ကလဲ့မစားဘဲ ဥပဒေအတိုင်း ဖြေရှင်းရန် ကြိုးစားခဲ့သည်။
သို့သော် ကံကြမ္မာက သူ့ကို ထပ်မံ နောက်ပြောင်ခဲ့ပြန်သည်။ ထိုလူမိုက်ခေါင်းဆောင်မှာ ရဲစခန်း ဒု-အကြီးအကဲ၏ ခဲအို ဖြစ်နေခြင်းကြောင့်ပင်။ ယဲ့ဖုန်း တိုင်ကြားသမျှမှာ ပယ်ချခံရရုံတင်မကဘဲ အကယ်၍ ထပ်လုပ်လျှင် ရှောင်လင်းလေး၏ အသက်ကိုပါ ရန်ရှာမည်ဟု ခြိမ်းခြောက်ခြင်း ခံခဲ့ရသည်။
ထိုခြိမ်းခြောက်မှုက ယဲ့ဖုန်းကို လုံးဝ စိတ်ထိန်းမရအောင် ဖြစ်စေခဲ့သည်။ သူသည် ရှောင်လင်းလေးကို အန္တရာယ်ကင်းရာသို့ ပို့ထားပြီးနောက် ပိုင်ဆိုင်သမျှ ဆိုင်နှင့် အိမ်ကို ရောင်းချကာ သူ၏ ရဲဘော်ဟောင်း နှစ်ဦးနှင့်အတူ ကလဲ့စားချေရန် ပြင်ဆင်ခဲ့တော့သည်။
ယဲ့ဖုန်းက ရှီလဲ့ကို စိုက်ကြည့်လိုက်သည်။ ရှီလဲ့၏ လက်သီးများမှာ တင်းနေပြီး မျက်လုံးထဲတွင် ဒေါသရိပ်များ ပြည့်နေသည်။
“အဲဒီနောက် ဘာဆက်ဖြစ်လဲ” ဟု ရှီလဲ့က မေးလိုက်သည်။