← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း - ၃၇

ယဲ့ဖုန်းသည် သူ၏ဇာတ်လမ်းကို ဆက်ပြောပြလေသည်။

ဆိုင်ခန်းသုံးခန်းနှင့် အိမ်ကိုရောင်းရသော ငွေများ၊ စစ်တပ်မှ အတွေ့အကြုံများကို အသုံးချကာ သူတို့သည် နယ်စပ်တွင် သေနတ်များကို အလွယ်တကူ ဝယ်ယူနိုင်ခဲ့ကြသည်။

ယဲ့ဖုန်း၏ ရဲဘော်ဟောင်းနှစ်ဦးမှာ မာလျန် နှင့် ကျန်းစန်းဖောင် တို့ ဖြစ်ကြသည်။ သူတို့တွင် မိသားစုဝင်များရှိသဖြင့် ချည်နှောင်မှုများ ရှိနေသော်လည်း အချင်းချင်းအပေါ်ထားရှိသော သံယောဇဉ်ကြောင့် ယဲ့ဖုန်း၏ ကလဲ့စားချေမည့် အစီအစဉ်တွင် ပါဝင်လာခဲ့ကြခြင်းဖြစ်သည်။

ယဲ့ဖုန်းနှင့် ကျန်နှစ်ယောက်မှာ မူလကပင် ထူးချွန်သော အထူးတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။ ထို့အပြင် ဒန်မိသားစု ကိစ္စတွင် မည်သူတွေ ပါဝင်ပတ်သက်နေသည်ကိုလည်း ယဲ့ဖုန်းက စုံစမ်းပြီးသားဖြစ်သည်။

ညမှောင်လာသည်နှင့်အမျှ အဆင့်မြင့်လက်နက်များ ကိုင်ဆောင်ထားသော အထူးတပ်ဖွဲ့ဝင် သုံးဦးသည် ထိုကိစ္စတွင် ပါဝင်ပတ်သက်သူအားလုံးကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်ကြသည်။

ရဲစခန်း၏ ဒု-ကော်မရှင်နာ အပါအဝင်ပင်။

သူတို့သုံးယောက်သည် လူပေါင်း ငါးဆယ်ကျော်ကို ရှင်းလင်းပစ်ခဲ့ကြသည်။

ဤအမှုသည် ရဲတပ်ဖွဲ့တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

သို့သော်လည်း ရဲစခန်း ဒု-ကော်မရှင်နာ ပါဝင်ပတ်သက်နေသဖြင့် ဤကိစ္စကို အမြန်ပင် ဖုံးဖိလိုက်ကြသည်။ ယဲ့ဖုန်းမှာ အဆင့် (A) အလိုရှိ ဝရမ်းပြေး ဖြစ်လာပြီး မာလျန်နှင့် ကျန်းစန်းဖောင်တို့မှာမူ အဆင့် (B) အလိုရှိ ဝရမ်းပြေးများ ဖြစ်လာခဲ့ကြသည်။

ယဲ့ဖုန်းသည် ဆိုင်ခန်းများရောင်း၍ ကျန်ရှိသော ငွေယွမ် တစ်သန်းကို နှစ်ပုံ ပုံလိုက်ပြီး မာလျန်နှင့် ကျန်းစန်းဖောင်တို့ကို ပေးကာ သူတို့၏ မိသားစုများထံ ပေးပို့ခိုင်းလိုက်သည်။ အကြောင်းမှာ သူတို့မိသားစုများသည် သားတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီ မဟုတ်ပါလား။

မာလျန်နှင့် ကျန်းစန်းဖောင်တို့သည်လည်း အားမနာတမ်း လက်ခံလိုက်ကြသည်။ ငွေများကို လက်ခံပြီးနောက် တစ်ယောက်ကို ဖမ်းမိလျှင် အကုန်ပါသွားမည်စိုးသဖြင့် သူတို့ သုံးယောက်သား လမ်းခွဲလိုက်ကြသည်။ နှစ်နှစ်ကျော်တိုင်အောင် ယဲ့ဖုန်းနှင့် ဒန်လင်းတို့သည် ပြည်နယ်အသီးသီးသို့ လှည့်လည် သွားလာနေခဲ့ကြသည်။

သူတို့ထံတွင် ကျန်ရှိနေသော ငွေများမှာ တဖြည်းဖြည်း ကုန်ခမ်းလာခဲ့သည်။ ထို့ကြောင့်ပင် ယဲ့ဖုန်းမှာ နံနက်စာ တစ်နပ်စာပင် မတတ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ရခြင်းဖြစ်သည်။

ဇာတ်လမ်းပြောပြီးနောက် ယဲ့ဖုန်းက ရှီလဲ့ကို ကြည့်ကာ “သူငယ်ချင်း... ဒီပုံပြင်ထဲက ဇာတ်လိုက်က မင်းသာဆိုရင် မင်း ဘာလုပ်မလဲ..” ဟု မေးလိုက်သည်။

ရှီလဲ့ မျက်မှောင်ကို အကြီးအကျယ် ကြုတ်လိုက်မိသည်။

အိုရန်ရှန်းထံမှ ယဲ့ဖုန်းသည် အဆင့် (A) ဝရမ်းပြေးတစ်ဦး ဖြစ်ကြောင်း သိလိုက်ရစဉ်က ရှီလဲ့သည် ယဲ့ဖုန်းကို ယုတ်မာညစ်ထေးသော လူတစ်ယောက်ဟု ထင်ခဲ့မိသည်။

သို့သော် ယဲ့ဖုန်း၏ ပုံပြင်ကို ကိုယ်တိုင် နားထောင်လိုက်ရပြီးနောက်တွင်မူ ယဲ့ဖုန်းသည် အခြေအနေအရ မတတ်သာ၍သာ ဤသို့ လုပ်ခဲ့ရခြင်းဖြစ်ကြောင်း ရှီလဲ့ နားလည်သွားခဲ့ပြီဖြစ်သည်။

“ငါသာဆိုရင်...”

ရှီလဲ့ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ သူ၏ လေသံမှာ အလွန်တိုးသော်လည်း လေးနက်လှသည်။

“သတ်မှာပေါ့.. ရန်သူအားလုံးကို သတ်ပစ်မယ် တစ်ယောက်မှ အသက်မချန်ဘူး”

ယဲ့ဖုန်းသည် ရှီလဲ့ကို စိုက်ကြည့်နေသည်။ သူသည် ရှီလဲ့၏ မျက်လုံးများကို ကြည့်လိုက်သည်။ ရှီလဲ့၏ မျက်လုံးများမှာ ယိမ်းယိုင်ခြင်းမရှိဘဲ စိတ်ရင်းမှန်များဖြင့် ပြည့်နှက်နေသည်။

သူ ပြုံးလိုက်သည်။

သူ အလွန်တရာ ပျော်ရွှင်စွာ ပြုံးလိုက်မိသည်။

“ကျေးဇူးတင်ပါတယ် နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်”

ရှီလဲ့က ခေါင်းခါလျက် “သတ္တိရှိတဲ့ ယောက်ျားတိုင်း ဒါမျိုးပဲ လုပ်မှာပါ... မင်းမှာ အဲဒီလို လုပ်နိုင်တဲ့ အစွမ်းရှိတာကို ငါ ဝမ်းသာပါတယ်” ဟု ဆိုသည်။

ရှီလဲ့ မတ်တပ်ရပ်လိုက်ပြီး ခဏမျှ ဝေခွဲမရဖြစ်နေသည်။ ထို့နောက် သူ၏ ဂျင်းဘောင်းဘီအိတ်ထဲမှ တစ်ရာတန် ယွမ်ငွေ ဆယ်ရွက်ကို ထုတ်လိုက်သည်။ ငွေများကို စားပွဲပေါ်တင်ကာ “မငြင်းပါနဲ့ ငါ မင်းကို အထင်သေးလို့ ပေးတာ မဟုတ်ဘူး.. ရှောင်လင်းလေးအကြောင်းကို တွေးပါ” ဟု ပြောလိုက်သည်။

ယဲ့ဖုန်း၏ မျက်လုံးများတွင် ကျေးဇူးတင်ရိပ်များ ထပ်မံ လွှမ်းသွားကာ အသံမှာလည်း ရှိုက်သံ အနည်းငယ် ပါနေသည်။ “ကျေးဇူးတင်ပါတယ် နောက်ကျရင် ဒီကျေးဇူးကို ငါ ပြန်ဆပ်ပါ့မယ်”

ရှီလဲ့က ယဲ့ဖုန်းကို ကျောပေးလျက် ညာဘက်လက်ကို ဝေ့ယမ်းပြကာ “ငါ ကျောင်းသွားတော့မယ် ပြီးတော့... သတိထားနော်” ဟု နှုတ်ဆက်လိုက်သည်။

ယဲ့ဖုန်းက ခေါင်းညိတ်ကာ “ငါ သိပါတယ် အစ်ကိုကြီးရဲ့ ကလေးအတွက် ငါ အသက်ရှင်နေပါ့မယ်” ဟု ကတိပြုလိုက်သည်။

စာသင်ခန်းထဲတွင် လင်းယွီမော့၏ ဘေး၌ ထိုင်နေသော ရှီလဲ့မှာ အနည်းငယ် စိတ်မကောင်း ဖြစ်နေသည်။

လင်ယွီမော့သည် ရှီလဲ့ စိတ်အခြေအနေ မကောင်းသည်ကို သိသာစွာ ခံစားမိသဖြင့် “မိစ္ဆာရှီ.. ဘာဖြစ်လို့လဲ” ဟု စိုးရိမ်တကြီး မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး” ရှီလဲ့ သက်ပြင်းချလိုက်သည်။ “ဒီလောကကြီးမှာ မတရားမှုတွေ များလွန်းနေတာကို တွေးမိလို့ပါ”

လင်ယွီမော့က ခေါင်းညိတ်လျက် “မင်းပြောတာ မှန်တယ် မိစ္ဆာရှီ ဒီလောကကြီးက မတရားလွန်းဘူး.. တကယ်အစွမ်းအစရှိတဲ့သူတွေ နာမည်မကြီးနိုင်လောက်အောင်အထိ မတရားတာတော့မဟုတ်ဘူး..မင်းကတော့ နောက်တစ်ချိန်မှာ တကယ့်အစွမ်းအစရှိတဲ့သူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါ ယုံကြည်တယ်” ဟု အားပေးစကား ဆိုသည်။

ရှီလဲ့၏ စိတ်အခြေအနေမှာ အနည်းငယ် ပြန်လည် တက်ကြွလာခဲ့သည်။

လင်ယွီမော့ ပြောတာ မှန်သည်။ တကယ့်အစွမ်းအစရှိသူများအတွက် နေရာရှိစမြဲပင်။ ကမ္ဘာ့အကောင်းဆုံး ဟက်ကာစွမ်းရည်ဖြင့် သူသည် ဒဏ္ဍာရီဆန်သော အင်ပါယာတစ်ခုကို သေချာပေါက် တည်ဆောက်ပြမည်။

ဤအခိုက်အတန့်တွင် ရှီလဲ့သည် မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝ ရှိနေသည်။

“ရှောင်မော့.. ကျေးဇူးပဲ”

ရှီလဲ့ ပြုံးလိုက်သည်။ လင်ယွီမော့၏ စကားများကြောင့် ရှီလဲ့သည် အနာဂတ်အတွက် ယုံကြည်ချက်များ ပြည့်နှက်သွားသည်။ ထိုလျှို့ဝှက်အဖွဲ့အစည်းကြီးသည် သူ၏အထက်မှာ ရှိနေရင်တောင် ရှီလဲ့မှာ ကြောက်ရွံ့စရာ မရှိတော့ပေ။

မွန်းတည့်ချိန်တွင် ရှီလဲ့နှင့် လင်ယွီ‌ေမာ့တို့သည် ကျောင်းကန်တင်းသို့ အတူတူ လျှောက်လာခဲ့ကြသည်။ ရွှမ်းချင်းတက္ကသိုလ်၏ ကန်တင်းမှာ ထပ်ဆင့်များစွာ ရှိသည်။ ပထမထပ်မှ တတိယထပ်အထိမှာ သာမန်ကန်တင်းများ ဖြစ်ကြသည်။ စတုတ္ထထပ်နှင့် ပဉ္စမထပ်မှာမူ သီးသန့်ဟင်းချက်ပေးသော ဆိုင်များ ဖြစ်သည်။ ဆဋ္ဌမထပ်မှာမူ သီးသန့်ခန်းများပါရှိသော အဆင့်မြင့် စားသောက်ဆိုင် ဖြစ်သည်။ များသောအားဖြင့် ကျောင်းသားများသည် မွေးနေ့ပွဲများ၊ ပွဲလမ်းသဘင်များ သို့မဟုတ် ပျော်ရွှင်စရာ ကိစ္စများရှိမှသာ ဆဋ္ဌမထပ်သို့ သွားလေ့ရှိကြသည်။

ရှီလဲ့က စတုတ္ထထပ် သို့မဟုတ် ပဉ္စမထပ်တွင် စားရန် အကြံပြုခဲ့သော်လည်း လင်ယုမိုက “ငါတို့ သာမန်ကန်တင်းမှာပဲ စားရအောင်” ဟု ဂရုတစိုက် ငြင်းဆိုလိုက်သည်။

ရှီလဲ့၏ အဝတ်အစားနှင့် အမူအရာကို ကြည့်လျှင် သူသည် ငွေကြေးချို့တဲ့သူတစ်ဦးနှင့် တူနေသည်။ လင်ယွီမော့က ရှီလဲ့အတွက် ငွေကုန်သက်သာအောင် ကြိုတင် စဉ်းစားပေးခြင်း ဖြစ်သည်။ ရှီလဲ့ စိတ်ထဲတွင် တိတ်တဆိတ် ထိမိသွားကာ “ကောင်းပါပြီ ဒါပေမဲ့ရှောင်မော့မင်း နောက်ကျရင် နောင်တရလိမ့်မယ်နော်” ဟု စနောက်လိုက်သည်။

လင်းယွီမော့၏ မိသားစုမှာ အလွန် ချမ်းသာကြွယ်ဝသည်။ သူမနှင့် မုရှန်း တို့သည် များသောအားဖြင့် စတုတ္ထထပ်တွင် စားလေ့ရှိကြသည်။ သို့သော် ရှီလဲ့ကို အားနာသဖြင့် လင်းယွီမော့သည် သာမန်ကန်တင်းတွင် စားရန် ရွေးချယ်လိုက်ခြင်းဖြစ်သည်။ တတိယထပ် သာမန်ကန်တင်းတွင် ရှီလဲ့သည် ထမင်းပန်းကန်များကို ကိုင်လျက် လင်ယွီမော့ ထိုင်နေသော ထောင့်ဆီသို့ လျှောက်လာခဲ့သည်။

“သာမန်ကန်တင်းက အစားအစာတွေကလည်း ကြည့်ရတာ မဆိုးပါဘူး” ဟု လင်ယွီမော့က ပန်းကန်ထဲမှ အစားအစာများကို ကြည့်ရင်း ပြောသည်။

ရှီလဲ့ ဝယ်လာသော ဟင်းများမှာ သာမန်ကန်တင်းတွင် အကောင်းဆုံးဆိုသည့် ဟင်းများ ဖြစ်ကြသည်။ ဝက်သားလုံးနှပ်၊ ကုန်းပေါင်ကြက်သား မှိုနားရွက်ကြော်နှင့် ဖရုံသီးပဲနောက်စွပ်ပြုတ်တို့ ဖြစ်သည်။ အသားဟင်းနှစ်ပွဲကို ရှစ်ယွမ်၊ အသီးအရွက်နှင့် စွပ်ပြုတ်ကို နှစ်ယွမ်၊ ထမင်းဖိုး ငါးမူးပေါင်းလျှင် နှစ်ယောက်စာ စုစုပေါင်း ၂၁ ယွမ် ကျသင့်သည်။

ဒါက မနည်းလှပေ။ ၂၀၀၆ ခုနှစ်တွင် ကျောင်းသားအများစု၏ တစ်လစာ နေထိုင်စရိတ်မှာ ယွမ် ၄၀၀ ခန့်သာ ရှိရာ တစ်ရက်လျှင် ပျမ်းမျှ ၁၃ ယွမ် ၃ မူးခန့်သာ သုံးစွဲနိုင်ကြသည်။ နေ့လယ်စာတစ်နပ်တည်းကို ၁၀ ယွမ် ၅ မူး သုံးခြင်းမှာ တော်တော်လေးကို အသုံးအဖြုန်း ကြီးလှသည်။

ရှီလဲ့သည် ကုန်းပေါင်ကြက်သား တစ်ဖဲ့ကို မြည်းကြည့်ပြီးနောက် ခေါင်းလှည့်ကာ မြေကြီးပေါ်သို့ ထွေးထုတ်လိုက်သည်။

“ဗူး ဗူး”

လင်းယွီမော့က အံ့သြတကြီး ကြည့်ကာ “မိစ္ဆာရှီ... ဘာဖြစ်လို့လဲ” ဟု မေးသည်။

ရှီလဲ့၏ အစာအိမ်မှာ ဂျင်ယာပန်းခြံတွင် အိုရန်ရှန်း၏ လက်ရာများဖြင့် အကျင့်ပျက်နေပြီ ဖြစ်သည်။ သူသည် အစားအသောက်နှင့် ပတ်သက်လျှင် ပို၍ ဂျီးများလာသည်။ “ ရှောင်မော့.. အရသာက အရမ်းဆိုးတယ်လို့ မထင်ဘူးလား”

လင်ယွီ‌မော့က စိတ်မပါတပါဖြင့် “ငါ့အတွက်တော့ အဆင်ပြေပါတယ်” ဟု ပြောရှာသည်။

ရှီလဲ့က စိတ်ပျက်လက်ပျက်ဖြင့် “ဒီလောက် စက်ဆုပ်စရာကောင်းတာ ငါ တစ်ခါမှ မစားဖူးဘူး.. ဒီထက် ပိုဆိုးအောင် လုပ်လို့ရဦးမလား” ဟု ညည်းညည်းညူညူ ပြောလိုက်သည်။ လင်ယွီမော့ကတော့ တခိခိ ရယ်နေတော့သည်။

ရှီလဲ့သည် ဝက်သားလုံးကို ခွဲကာ နောက်တစ်လုပ် ထပ်စားကြည့်ပြန်သည်။ နောက်တစ်ခဏမှာပင် သူ ထပ်မံ ထွေးထုတ်လိုက်ပြန်သည်။ “တောက်” သူက ညည်းညူလိုက်ရုံသာ ဖြစ်သော်လည်း အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဒီထက် ပိုဆိုးတာက ချက်ချင်း ရောက်လာခဲ့သည်။ ဒီဝက်သားလုံးနှပ်ကတော့ တကယ်ကို အစွမ်းပြသွားပြီ။ ကုန်းပေါင်ကြက်သားထက် အဆပေါင်းများစွာ ပိုဆိုးနေသည်။

ရှီလဲ့က မှိုနားရွက်ကြော်ကို ကြည့်ကာ “ဒါကရော စားလို့ရဦးမလား” ဟု တိုးတိုးလေး မေးလိုက်သည်။ လင်းယွီမော့က သူ့ကို မျက်စောင်းထိုးလျက် “နင် မညည်းပါနဲ့ဦး.. ကျောင်းသားတွေ အများကြီးက ဒါကို နေ့တိုင်း စားနေကြတာပဲကို” ဟု ဆိုသည်။

ရှီလဲ့ တူကို ချလိုက်ကာ “ ရှောင်မော့... ငါတို့ စတုတ္ထထပ် သွားရအောင်၊ ဒါမှမဟုတ် ကျောင်းအပြင်မှာ သွားစားရအောင်” ဟု ဆိုသည်။

“ကောင်းပြီလေ” လင်းယွီမော့နောက်ဆုံးတွင် သဘောတူလိုက်သည်။ နောက်ကျရင် သူမပဲ ပိုက်ဆံရှင်းလိုက်မယ်ဟု စိတ်ထဲက တေးထားလိုက်သည်။

စတုတ္ထထပ်သို့ ရောက်သည်နှင့် လင်းယွီမော့၏ ဖုန်းမြည်လာသည်။ “ဘယ်သူလဲ” ဟု ရှီလဲ့က အမှတ်မထင် မေးလိုက်သည်။ လင်းယွီမော့က ဖုန်းကို ပြလိုက်ရာ “ကပ်စေးနှဲ

... မုရှန်းလေ” ဟု ဖြေသည်။

“အဟွတ်...” ရှီလဲ့မှာ မလုံမလဲ ဖြစ်သွားရသည်။ သူက မနာလိုဖြစ်နေတာ မဟုတ်ပါဘူး။

“ဟယ်လို အစ်မမုရှန်း” လင်းယွီမော့ ဖုန်းကိုင်လိုက်သည်။

မုရှန်းက “ယွီမော့... နင် ဘယ်မှာလဲ ဘာလို့ အခုထိ ရောက်မလာသေးတာလဲ” ဟု မေးသည်။ လွန်ခဲ့သော ရက်အနည်းငယ်က လင်းယွီမော့သည် မုရှန်းနှင့်အတူ နေ့လယ်စာ အမြဲစားလေ့ရှိသည်။ ယနေ့တွင် ရှီလဲ့ကြောင့် လင်းယွီမော့မှာ မုရှန်းကို ဖုန်းဆက်ရန် မေ့သွားခဲ့ခြင်းဖြစ်သည်။ “အစ်မမုရှန်း... ကျွန်မတို့ လာနေပါပြီ”

“ကျွန်မတို့” မုရှန်းက အကဲခတ်သလို မေးလိုက်သည်။ “ရှီလဲ့... အဲဒီအကောင် ကျောင်းတက်လာတာလား”

လင်ယုမိုက စိုးရိမ်တကြီး ပြန်ဖြေလိုက်သည်။ မုရှန်းသည် ရှီလဲ့ကို သိပ်အမြင်မကြည်မှန်း သိသဖြင့် ရှီလဲ့ကို ခေါ်လာသည်ကို မုရှန်း စိတ်ဆိုးမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

“ထားလိုက်ပါတော့ ယွီမော့... ရှီလဲ့ကိုပါ ခေါ်ပြီး အမြန်လာခဲ့” ဟု ဆိုကာ မုရှန်း ဖုန်းချလိုက်သည်။

လင်းယွီမော့သည် ရှီလဲ့ကို စတုတ္ထထပ်ရှိ မုရှန်း ထိုင်နေသော စားပွဲဆီသို့ ခေါ်ဆောင်လာခဲ့သည်။ ရှီလဲ့ ကြည့်လိုက်သောအခါ မုရှန်းအပြင် အခြားသော ယောင်္ကျားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးကိုပါ တွေ့လိုက်ရသည်။

“ရှီလဲ့... မင်း ဒီနေ့ ကျောင်းမပျက်တာ ထူးဆန်းလှချေလား” ဟု မုရှန်းက စနောက်နှုတ်ဆက်လိုက်သည်။ ရှီလဲ့ကလည်း ပခုံးတွန့်ပြလိုက်သည်။ သူ မုရှန်းကို ဘာမှ ရန်မစထားပါဘူး။

“အစ်မမုရှန်း” လင်းယွီမော့က ကြားထဲမှ အနေရခက်နေသည့် ပုံစံဖြင့် ခေါ်လိုက်သည်။ မုရှန်းက နှာခေါင်းရှုံ့လိုက်ရုံသာ လုပ်ပြီး ဘာမှ ထပ်မပြောတော့ပေ။

“ယွီမော့... ဒီချောချောလှလှ ကောင်လေးက ဘယ်သူလဲ” ဟု မုရှန်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော မိန်းကလေးက မေးလိုက်သည်။

ထိုမိန်းကလေးမှာ အစိမ်းနုရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်ကာ မျက်နှာဝိုင်းဝိုင်းလေးနှင့် ဖြစ်သည်။ လင်းယွီမော့နှင့် မုရှန်းတို့လောက် မလှသော်လည်း သူမသည်လည်း မိမိဌာနတွင် အလှဆုံးဆိုသည့် စာရင်းဝင်တစ်ဦး ဖြစ်သည်။

လင်းယွီမော့က မိတ်ဆက်ပေးသည်။ “ဒါ ရှီလဲ့လေ၊ ကျွန်မရဲ့ အတန်းဖော်” ထို့နောက် ရှီလဲ့ကိုလည်း “မိစ္ဆာရှီ... ဒါက စီနီယာအစ်မ ‘ကောမေထင်’ တဲ့.. တတိယနှစ်ကလေ” ဟု မိတ်ဆက်ပေးသည်။

ရှီလဲ့က ပြုံးလျက် ခေါင်းညိတ်ပြကာ “မင်္ဂလာပါ အလှလေးကော” ဟု နှုတ်ဆက်လိုက်သည်။ ကောမေထင်ကလည်း “မင်္ဂလာပါ ဂျူနီယာရှီ” ဟု ပြန်နှုတ်ဆက်သည်။

“ဒါနဲ့ ယွီမော့... ငါ မိတ်ဆက်ပေးဖို့ မေ့နေတာ..” ကောမေထင်က သူမဘေးမှ အမျိုးသားကို မိတ်ဆက်ပေးသည်။ “ဒါက ပရော်ဖက်ဆာ ဒူချွန်ဟွေးတဲ့။ ကျွန်မတို့ဌာနမှာ အငယ်ဆုံး ပရော်ဖက်ဆာပေါ့ သူက ဒီနှစ်မှ အီတလီက Florence Academy of Fine Arts ကနေ ပြန်လာတာ...ပရော်ဖက်ဆာဒူရဲ့ ဆီဆေးပန်းချီတွေက နိုင်ငံတကာမှာ အရမ်းနာမည်ကြီးတယ်လေ”

မုရှန်းနှင့် လင်းယွီမော့တို့သည် အသက် ၃၀ နီးပါးရှိ ထိုလူငယ်ကို ကြည့်ကာ ဤမျှ ပါရမီရှိလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ရှီလဲ့ကမူ မျက်မှောင်ကြုတ်ကာ ဒူချွန်ဟွေးကို အကဲခတ်နေသည်။ ဒူချွန်ဟွေးက ရှီလဲ့ကို ပြုံးပြနှုတ်ဆက်သဖြင့် ရှီလဲ့ကလည်း “မင်္ဂလာပါ ပရော်ဖက်ဆာဒူ” ဟု ပြန်နှုတ်ဆက်လိုက်သည်။

စားပွဲဝိုင်းတွင် အားလုံး အဆင်ပြေပြေပင် စားသောက်ခဲ့ကြသော်လည်း အချင်းချင်း သိပ်မရင်းနှီးကြသဖြင့် အနည်းငယ်တော့ အနေရခက်လှသည်။ စားသောက်ပြီးနောက် ရှီလဲ့၊ လင်းယွီမော့နှင့် မုရှန်းတို့သည် အဆောင်သို့ အတူတူ ပြန်လာခဲ့ကြသည်။

လမ်းတွင် ရှီလဲ့၏ ဖုန်းမြည်လာသည်။ ကြည့်လိုက်တော့ စွန်းဖုန်း ထံမှ ဖြစ်နေသည်။ ရှီလဲ့ ဖုန်းကိုင်လိုက်ရာ “အစ်ကိုဖုန်း... ဘာကိစ္စရှိလို့လဲ” ဟု မေးလိုက်သည်။

စွန်းဖုန်းမှာ ဖုန်းထဲတွင် အချိန်အတော်ကြာ စကားများ ထစ်နေသည်။ ရှီလဲ့မှာ အံ့သြသွားသည်။စွန်းဖုန်းက ပုံမှန်ဆိုလျှင် ဤသို့ ဖြစ်လေ့မရှိပေ။

“အစ်ကိုဖုန်း... ဘာဖြစ်လို့လဲဗျ”

အခန်း - ၃၈

ရွှမ်းဟူခရိုင် ရဲစခန်းမှူး၏ အမည်မှာ လဲ့လျန်လင်းဖြစ်သည်။

တက္ကသိုလ်များအခြေစိုက်ရာ နယ်မြေ၏ ရဲစခန်းမှူးတစ်ဦးအနေဖြင့် လဲ့လျန်လင်း၏ ဘဝမှာ သေချာပေါက် သာယာလှပနေခဲ့သည်။ သို့သော် သူ၏ သာယာသောဘဝသည် အောက်တိုဘာလ ၁ ရက်နေ့တွင် ရပ်တန့်သွားခဲ့ရသည်။ သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ဟက်လုပ်ခံရပြီး ယွမ်ငါးသန်းကျော် ဆုံးရှုံးခဲ့ရခြင်းမှာ ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားသော အမှုကြီးဖြစ်သည်။

တက္ကသိုလ်က အမှုဖွင့်ပြီးနောက် ရွှမ်းဟူခရိုင်ရဲစခန်းအနေဖြင့် ဆိုင်ဘာလုံခြုံရေးအမှုများကို ကိုင်တွယ်ရန် နည်းလမ်းမရှိသဖြင့် လဲ့လျန်လင်းသည် ထိုအမှုကို ရွှမ်းဟူမြို့တော်ရဲဌာနသို့ လွှဲပြောင်းအစီရင်ခံခဲ့သည်။ ဤအမှုသည် လဲ့လျန်လင်နှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း မြို့တော်ရဲဌာန အကြီးအကဲများက သူ့အပေါ် အမြင်မကြည်ဖြစ်သွားကြသည်။

“လာဘ်ပိတ်လျှင် အညံ့ လိုက်တတ်သည်” ဆိုသကဲ့သို့ပင် ထိုအောက်တိုဘာ ၁ ရက်နေ့မှာပင် ရွှမ်းဟူခရိုင် လူမှုလုံခြုံရေးစောင့်ကြည့်ရေးဌာနသည် အများပြည်သူသုံး ကင်မရာတစ်ခုမှတစ်ဆင့် သံသယဖြစ်ဖွယ် ဗီဒီယိုမှတ်တမ်းတစ်ခုကို တွေ့ရှိခဲ့သည်။ ထိုမှတ်တမ်းကြောင့် ရွှမ်းဟုခရိုင်ရဲစခန်းတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားရတော့သည်။

ဟေးကျန်းပြည်နယ်၊ ဟေးကျန်းမြို့မှ အဆင့် (A) အလိုရှိ ဝရမ်းပြေးတစ်ဦးသည် ရွှမ်းဟုခရိုင်အတွင်းသို့ ခိုအောင်းဝင်ရောက်လာခြင်းပင်။

ကျောင်းသားများ၏ လုံခြုံရေးမှာ အဓိကဖြစ်သဖြင့် ကျောင်းသားများကို အန္တရာယ်ပေးနိုင်သော မည်သည့်သံသယရှိသူကိုမျှ နယ်မြေအတွင်း လွှတ်မထားနိုင်ပေ။ ထိုမှတ်တမ်းမှာ အမှန်ဖြစ်ကြောင်း အတည်ပြုပြီးနောက် လဲ့လျန်လင် ကိုယ်တိုင်ဦးစီးကာ သံသယရှိသူကို စုံစမ်းရှာဖွေရန် အမိန့်ထုတ်ခဲ့သည်။

ရွှမ်းဟူမြို့တော်ရဲဌာနက လဲ့လျန်လင်ကို ရဲတပ်ဖွဲ့၏ အဆင့် (A) ဝရမ်းပြေး ယဲ့ဖုန်းကို သေချာပေါက် ဖမ်းမိစေရန် အသေအလဲ အမိန့်ပေးထားသည်။ ဟက်ကင်းအမှုနှင့် အဆင့် (A) ဝရမ်းပြေးကိစ္စတို့ကြောင့် လဲ့လျန်လင်မှာ အသက်ရှူရကျပ်လောက်အောင် ဖိအားများနေသည်။ ယဲ့ဖုန်းကို မဖမ်းမိမချင်း ရွှမ်းဟူခရိုင်ရဲအားလုံး၏ အားလပ်ရက်များကိုပါ ပယ်ဖျက်လိုက်ရသည်။

သို့သော် ယဲ့ဖုန်းမှာ အထူးတပ်ဖွဲ့၏ အမာခံသူရဲကောင်းဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် သူ၏ ခြေရာဖျောက်နိုင်စွမ်းမှာ သာမန်ရဲဝန်ထမ်းများ ယှဉ်နိုင်သည့် အဆင့်မဟုတ်ပေ။ ထို့ပြင် ယဲ့ဖုန်းထံတွင် အဆင့်မြင့်လက်နက်များရှိပြီး အလွန်အန္တရာယ်များသူဖြစ်သဖြင့် သာမန်ရဲများအနေဖြင့် ရင်မဆိုင်ရန်လည်း ညွှန်ကြားထားသည်။

ယဲ့ဖုန်းနှင့် ထူးဆန်းသော ဟက်ကာတို့ကြောင့် ရွှမ်းဟူခရိုင်မှာ ကသောင်းကနင်း ဖြစ်နေရသလို လဲ့လျန်လင်၏ စိတ်အခြေအနေမှာလည်း အလွန်ဆိုးရွားနေသည်။ သို့သော် နောက်ထပ်ဖြစ်လာမည့် အရာများက သူ့ကို ပို၍ပင် စိတ်မချမ်းမြေ့စရာ ဖြစ်စေခဲ့သည်။

အောက်တိုဘာ ၁၁ ရက် မွန်းတည့်ချိန်တွင် ရွှမ်းဟူခရိုင်ရဲစခန်းသို့ ဖုန်းတစ်ကော် ဝင်လာသည်။ တစ်ဖက်လူက အရေးကြီးသောအမှုတစ်ခုကို စခန်းမှူးနှင့် လူကိုယ်တိုင် စကားပြောလိုသည်ဟု ဆိုသည်။ အော်ပရေတာမှာ အဆင့်နိမ့်သဖြင့် စခန်းမှူးရုံးခန်းသို့ ဖုန်းလွှဲပေးရန် ဝေခွဲမရဖြစ်နေစဉ် တစ်ဖက်လူက အော်ပရေတာကို တုန်လှုပ်သွားစေမည့် စကားတစ်ခွန်း ပြောလိုက်သည်။

“ရွှမ်းဟုခရိုင်က လူနေအိမ်ရာတစ်ခုမှာ နိုက်ထရိုဂလစ်စရင်း နဲ့ လုပ်ထားတဲ့ အချိန်ကိုက်ဗုံးတစ်လုံး ထောင်ထားတယ်.. အချိန် ၃၀ မိနစ်ပဲ ကျန်တော့တယ်..ရွှမ်းဟုရဲစခန်းက အခုချက်ချင်း လာရှင်းလိုက်”

အော်ပရေတာက ပထမတော့ နောက်ပြောင်သည်ဟု ထင်ခဲ့သည်။ ရှနိုင်ငံ ကဲ့သို့ လက်နက်ဥပဒေ တင်းကျပ်သော နိုင်ငံတွင် ဗုံးဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။ သို့သော် တစ်ဖက်လူက သူသည် ရဲတပ်ဖွဲ့မှ အဆင့် (B) အလိုရှိ ဝရမ်းပြေး ‘ကျန်းစန်းဖောင်’ ဖြစ်ပြီး ယဲ့ဖုန်းနှင့် လာဆုံခြင်းဖြစ်ကြောင်း ပြောလိုက်သောအခါ အော်ပရေတာမှာ မူးလဲမတတ် ဖြစ်သွားရသည်။

လဲ့လျန်လင် သတင်းရသည်နှင့် တစ်ကိုယ်လုံး တုန်ရီသွားသည်။ အဆင့် (A) နှင့် အဆင့် (B) ဝရမ်းပြေး နှစ်ယောက်စလုံးမှာ အထူးတပ်ဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသည်။ သူတို့သာ ရွှမ်းဟူတွင် ရာဇဝတ်မှုကျူးလွန်လျှင် လဲ့လျန်လင်၏ ရာထူးမှာလည်း ပြုတ်သွားပေလိမ့်မည်။

လဲ့လျန်လင်သည် အဖွဲ့ကို ဦးဆောင်ကာ အချိန်ကိုက်ဗုံးကို သွားရောက်ရှင်းလင်းရန် ကြိုးပမ်းနေစဉ် ရဲစခန်းသို့ နောက်ထပ်သတင်းဆိုးတစ်ခု ရောက်လာပြန်သည်။

“ရွှမ်းဟူခရိုင်ရှိ ICBC ဘဏ်ကို လက်နက်ကိုင် ဓားပြများ တိုက်ခိုက်နေပြီ”

သတင်းပေးသူ၏ အဆိုအရ သူမ၏ ခင်ပွန်းမှာ ဘဏ်တွင် ငွေလွှဲရန်သွားရင်း အချိန်အတော်ကြာ ပြန်မလာသဖြင့် ဖုန်းဆက်ကြည့်ရာ ခင်ပွန်းဖြစ်သူက သူမကို ကြမ်းတမ်းစွာ ပြန်အော်သဖြင့် သံသယဖြစ်ကာ ဘဏ်သို့ သွားကြည့်ခြင်းဖြစ်သည်။ ဘဏ်အနီးသို့ ရောက်သောအခါ လက်နက်ကိုင် ဓားပြနှစ်ဦးက လူပေါင်းများစွာကို ဓားစာခံလုပ်ထားသည်ကို မြင်လိုက်ရသဖြင့် ရဲတိုင်လိုက်ခြင်းဖြစ်သည်။

လဲ့လျန်လင်၏ မျက်နှာမှာ ပြာနှမ်းသွားပြီး ယဲ့ဖုန်းနှင့် ကျန်းစန်းဖောင်တို့ကို စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ မာလျန်ပါ ပါနေသည်ကို သိလျှင် သူ ပို၍ပင် မျှော်လင့်ချက်မဲ့သွားပေလိမ့်မည်။ အထူးတပ်ဖွဲ့ဝင်ဟောင်း သုံးဦး၏ ဖျက်ဆီးနိုင်စွမ်းမှာ ရွှမ်းဟူခရိုင်ကို မြေလှန်ပစ်နိုင်လောက်သည်။

လဲ့လျန်လင်သည် ဒု-စခန်းမှူး ရှန်းယန်ချွန်း ကို ဗုံးနေရာတွင် တာဝန်ပေးခဲ့ပြီး သူကိုယ်တိုင်မှာမူ ICBC ဘဏ်သို့ အပြေးအလွှား သွားရတော့သည်။ ဘဏ်သို့ ရောက်သောအခါ ရဲကား ဆယ်စီးကျော်က ဝိုင်းရံထားပြီဖြစ်သည်။ လဲ့လျန်လင်သည် လက်နက်ကိုင်ရဲတပ်ဖွဲ့ ၏ အကူအညီကိုပါ တောင်းခံလိုက်သည်။

“အတွင်းကလူတွေ နားထောင်...”

လဲ့လျန်လင် စကားပင် မဆုံးသေးမီ သေနတ်သံတစ်ချက် ထွက်ပေါ်လာသည်။ ဘဏ်ခန်းမအတွင်း၌ ယဲ့ဖုန်းက မျက်နှာကျက်ကို သေနတ်ဖြင့် ပစ်လိုက်ခြင်းဖြစ်သည်။

“အား “

“ဝါး ဝါး “

မြေပြင်တွင် ဝပ်နေသော ဓားစာခံများမှာ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်ကြသည်။ ယဲ့ဖုန်းက နှာခေါင်းရှုံ့ကာ “အားလုံး ပါးစပ်ပိတ်ထား ငါတို့က ဓားပြတိုက်ရုံပဲ၊ မင်းတို့ကို မထိခိုက်စေချင်ဘူး... ဒါပေမဲ့ မင်းတို့က မပူးပေါင်းရင်တော့ ငါတို့လည်း တစ်ခုခုလုပ်ရလိမ့်မယ်” ဟု ဟိန်းဟောက်လိုက်သည်။

“စန်းဖောင်... အပြင်က စနိုက်ပါသမားတွေကို သတိထား”

ကျန်းစန်းဖောင်က ခေါင်းညိတ်ပြကာ ဓားစာခံ နှစ်ဦးကို ဆွဲယူပြီး တံခါးဝတွင် ကာလိုက်သည်။ သူက ဓားစာခံများ၏ နောက်ကွယ်တွင် ပုန်းလျက် ထိုင်ခုံတစ်ခုကို ချကာ သူ၏ စနိုက်ပါရိုင်ဖယ်ကို ဆင်လိုက်သည်။ ယဲ့ဖုန်းကလည်း ဓားစာခံတစ်ဦးကို ဖမ်းကိုင်ကာ တံခါးဝသို့ လာကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် အထင်သေးရိပ်များ ပြည့်နေသည်။

“ရဲတွေကတော့ ဒီအတိုင်းပဲ”

ထို့နောက် ယဲ့ဖုန်းက အပြင်ဘက်သို့ အော်ပြောလိုက်သည်။ “နားထောင်စမ်း ရဲတွေ... မင်းတို့ ငါတို့ကို ဝိုင်းထားတယ် ဟုတ်လား အခု ငါ အမိန့်ပေးမယ်... မင်းတို့ လက်နက်တွေချပြီး မီတာ နှစ်ရာလောက် နောက်ဆုတ်သွားစမ်း မဟုတ်ရင် ဓားစာခံတွေရဲ့ အသက်ကို ငါတို့ အာမမခံနိုင်ဘူး”

ထောင့်တစ်နေရာတွင် ဝပ်နေသော ရှီလဲ့မှာမူ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။ “ဒီယဲ့ဖုန်းကတော့... ဒီလောက်အခြေအနေမျိုးမှာတောင် ဟာသလုပ်နိုင်သေးတယ်! သူတို့ ဘာဆက်လုပ်မလဲဆိုတာပဲ စောင့်ကြည့်ရမှာပဲ”

ဘဏ်အပြင်ဘက်တွင်မူ ရဲများမှာ ကြောင်အမ်းအမ်းဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ လေလျန်လင်သည် မိုက်ကို ချလိုက်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ ယဲ့ဖုန်းခိုင်းသလို လက်နက်ချ နောက်ဆုတ်ရန်မှာ မဖြစ်နိုင်သလို၊ ဇွတ်အတင်း ဝင်တိုက်ရန်မှာလည်း ဓားစာခံများ၏ အသက်ကို စိုးရိမ်ရသည်။ အကယ်၍ ဓားစာခံများ ထိခိုက်သွားပါက သူ၏ ရာထူးပြုတ်ရုံတင်မကဘဲ ထောင်ပင် ကျနိုင်သည်။

“ဝမ်ထောင် ... မင်း ဘယ်လိုထင်လဲ” ဟု လဲ့လျန်လင်က ဒု-စခန်းမှူး တန်ဝမ်ထောင်ကို မေးလိုက်သည်။

တန်ဝမ်ထောင်က မျက်မှောင်ကြုတ်ကာ “စခန်းမှူးလေ... ခုနက အော်လိုက်တာ ယဲ့ဖုန်းပဲ မဟုတ်လား ကျွန်တော် ထင်တာတော့ သူတို့ နှစ်ယောက်တည်း မဟုတ်ဘူးဗျ” ဟု ဆိုသည်။

“ဘယ်လို သိတာလဲ”

တန်ဝမ်ထောင်က မှန်ပြောင်းကို ကမ်းပေးလိုက်သည်။ “သေချာကြည့်ပါ စခန်းမှူး.. ယဲ့ဖုန်းက တံခါးဝမှာ၊ အခန်းအနောက်ဘက်မှာ စနိုက်ပါဆင်နေတာက ကျန်းစန်းဖောင် ဖြစ်လိမ့်မယ်.. သူတို့က ရဲတွေကို ရင်ဆိုင်ဖို့ပဲ ဒီနေရာမှာ ရှိနေတာ...ဘဏ်ထဲက ပိုက်ဆံတွေကို သိမ်းကျုံးနေတဲ့ နောက်ထပ်လူတစ်ယောက် ရှိနေဦးမှာပဲ”

လဲ့လျန်လင်၏ မျက်နှာ ဖြူလျော့သွားသည်။ “ဒါဆိုရင် ကျန်တဲ့တစ်ယောက်က မာလျန် ဖြစ်ရမယ် သူတို့ သုံးယောက်စလုံးက အထူးတပ်ဖွဲ့ဝင်ဟောင်းတွေပဲ.. ဟေးကျန်းက အမှုကြီးကို ကျူးလွန်ခဲ့တဲ့သူတွေ..သူတို့ သုံးယောက်သာဆိုရင်တော့ ကျွန်တော်တို့ ဒုက္ခရောက်ပြီ”

တန်ဝမ်ထောင်ကလည်း ခေါင်းညိတ်ကာ “စခန်းမှူး... ကျွန်တော်တို့ သူတို့ကို အရင်တော့ အလိုက်သင့် ချော့ထားရလိမ့်မယ်.. သူတို့ ဘဏ်ထဲမှာပဲ တစ်သက်လုံး နေမှာမဟုတ်ဘူး၊ သေချာပေါက် ထွက်ပြေးဖို့ ကြိုးစားကြမှာပဲ... ဓားစာခံတွေ ရှိနေတော့ အခုချိန်မှာ ဘာမှလုပ်လို့မရပေမဲ့ သူတို့ ထွက်ပြေးဖို့ ပြင်တဲ့အချိန်က ကျွန်တော်တို့အတွက် အခွင့်အရေးပဲ” ဟု အကြံပြုသည်။

“မင်းပြောတာ မှန်တယ်” လဲ့လျန်လင် သဘောတူလိုက်သည်။ “ဒါဆိုရင် သူတို့ကို အရင် တည်ငြိမ်အောင် ထားလိုက်မယ်.. လက်နက်ကိုင်ရဲတွေ ရောက်လာတာနဲ့ အလွတ်မပေးနိုင်တဲ့ ကွက်စိပ်ကွန်ရက်ကြီးကို ဖြန့်ထားလိုက်မယ်... သူတို့ ဘယ်လိုပြေးမလဲ ကြည့်ကြသေးတာပေါ့”

All Chapters