ငါ မင်းကို ဖျက်ဆီးပစ်မယ်။ ငါကျိန်တယ်ကွာ
Vol. 12 Ch. 1117
" ဒါ ဘာငါးတွေတုန်း "
ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ရေခဲလွင်ပြင်တွင် ဖြစ်သည့်တိုင် ချွေးစေးများ တစ်ကိုယ်လုံး ရွှဲနစ်သွားတော့သည်။ သူက ဟိုဟိုသည်သည် ရှောင်တိမ်းနေရပြီး သူ့ကို အပေါက်များအပြည့်ဖြစ်သွားစေရန် သန္နိဋ္ဌာန်ချထားပုံရသော ငါးပျံများကြောင့် လေထုကြီးမှာ အပိုင်းပိုင်းစုတ်ပြဲနေလေသည်။
ပိုင်ရှောင်ချန်းက အဓိကပစ်မှတ်ကြီးဖြစ်ပြီး ငါးမြားများမှာ ၄င်းကို ထိရန် ကြိုးစားနေသော မြားပေါင်းများစွာအလားပင်။ သူ မည်မျှ ရှောင်သည်ဖြစ်စေ၊ မည်မျှမြန်မြန် သွားပါစေ သူတို့က သူထံ ရုးသွပ်မှုအပြည့်ဖြင့် လာနေကြသည်။
၄င်းက ခဏတာဆိုလျှင် ပြဿနာဖြစ်မည် မဟုတ်ပေ။ သို့သော် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်ကြာသည်အထိ ငါးများကို ရှောင်တိမ်းနေပြီးနောက် ငါးများမှာ နည်းနည်းလေးပင် အရှိန်လျော့မသွားသည်ကို သဘောပေါက်လိုက်သဖြင့် အံ့သြတုန်လှုပ်သွားတော့သည်။ ထိုအချိန် သူက ရေခဲပြင်၏ ကြီးမားသောအပိုင်းများ ပျက်စီးသွားခြင်းမှလာသော အက်ကွဲသံအကျယ်ကြီးကို ကြားလိုက်ကာ ယခင်ကထက် ပိုမိုများပြားသော ငါးမြားများ ထွက်လာလေသည်။
" ချီးလိုပဲ " သူက ပဲ့သပ်ရှိုက်လိုက်သည်။
" ဘာလို့ ဒီအဆင့်နှစ်ဆယ့်တစ်က အရမ်းခက်နေတာတုန်း "
သူက ရှောင်တိမ်းနေရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ မကြာမီ တစ်နာရီကုန်ဆုံးသွား၏။ ထို့နောက် နှစ်နာရီ။ ထို့နောက် ခြောက်နာရီ ...
ပိုင်ရှောင်ချန်းမှာ မှင်သက်နေမိတော့သည်။ သူသည် စမ်းသပ်ပွဲများ၌ ကန့်သတ်ချိန်နှစ်နာရီရှိကြောင်း ရှင်းရှင်းလင်းလင်းမှတ်မိသော်လည်း ယခုတွင် တစ်ရက်ကျော်ပင် ကုန်သွားလေပြီ။ သို့တိုင် အဆုံးသတ်မည့် ပုံမပေါ်ပေ။
အတန်ငယ်ဝေးသောနေရာမှကြည့်လျှင် သူက နေအလင်းရောင်ကို မျက်စိကျိန်းမတတ် ရောင်ပြန်ဟပ်နေသော ငွေရောင်သမ်းသော အလင်းရောင်များဖြင့် ပြည့်နှက်နေသည့် ငါးမြားကမ္ဘာထဲရောက်နေသည့်အလားပင်။
ပိုင်ရှောင်ချန်းမှာ အမှန်တကယ် ငိုချင်နေတော့သည်။ ရုတ်တရက် သူသည် ကောင်းကင်နဂါးတူငါးများကို ပြန်သတိရလိုက်ပြီး သူ အများကြီးစားခဲ့မိ၍ ဖြစ်သည်လားပင် သိချင်နေတော့သည်။ သူက ငါးများအား နာရီအနည်းငယ်ကြာသည်အထိ မရပ်မနားရှောင်တိမ်းနေရ၏။ အဆင့်မှ မထွက်ခွာနိုင်ဘဲ တစ်ရက်လုံးကုန်ဆုံးသွားပြီးနောက် သူ ရူးတော့မတတ် ခံစားလိုက်ရသည်။
" ထူးဆန်းတာ တစ်ခုခု ဒီမှာ ဖြစ်နေပြီ။ တစ်ခုခုက အရမ်းထူးဆန်းနေတယ်ဟေ့ "
ထိုအချိန်တွင် ပိုင်ရှောင်ချန်းအပေါ်ရှိ ကောင်းကင်ယံတွင် သူ မော့ကြည့်လျှင်ပင် မမြင်နိုင်သော ကောင်လေးတစ်ယောက်ရှိ၏။ သူက ကြည့်ကောင်းပြီး သူ ဆင်မြန်းထားသည့် အေးတိအေးစက် အပြုံးတစ်စကြောင့်သာ မဟုတ်ပါက ဆွဲဆောင်မှုရှိသည့် ပုံပေါ်လောက်မည်ဖြစ်သည်။ သူက လက်နှစ်ဖက်ကို ကျောနောက်ပစ်၍ လေထဲတွင် ရပ်နေကာ ပိုင်ရှောင်ချန်းက မျောက်တစ်ကောင်သဖွယ် ကခုန်နေသည်ကို ငုံ့ကြည့်၍ သူ့ကိုယ်သူ အလွန်ကျေနပ်နေပုံရသည်။
" ဒီ အရှက်မရှိတဲ့သူခိုးကောင် ထွက်ပြေးသွားပြီထင်ပြီး ငါ တော်တော်လေးစိတ်ပျက်ခဲ့ရတာ။ ဒါပေမဲ့ သူက ပြန်လာရဲတယ်ပေါ့လေ။ ဟမ့် ကောင်းပြီလေ။ ငါက ပထမဆုံး အဆင့်နှစ်ဆယ်မှာ စွမ်းအားမဲ့ခဲ့ပေမယ့် ဒီနေရာကနေစပြီး မင်း စိတ်ပျက်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို သိအောင် လုပ်ပေးမယ် "
ကောင်လေးက အတန်ငယ်စိတ်လှုပ်ရှားနေပုံပေါ်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ရေခဲလွင်ကို ဖြတ်၍ လှိုင်းဂယက်များ ထသွားသည်။ အချိန်အနည်းငယ်ကြာသော် ငါးမြားများက ရှိရင်းစွဲထက် ဆယ်ဆ ပေါ်လာတော့သည်။
ငါးမုန်တိုင်းကြီး၏အောက်တွင် ကောင်းကင်နှင့်မြေကြီးကား တသိမ့်သိမ့် တုန်ယင်သွားလေသည်။
ပိုင်ရှောင်ချန်းမှာ မျက်ရည်ဝဲတဲဝဲတဲဖြစ်နေပြီး အဆင့်၏ အပြင်ဘက်သို့ တည်နေရာရွှေ့ပြောင်းရန်သာ တွေးနေတော့သည်။ သို့သော် သူသည် ယခုထက်ထိ အလွယ်လေး လက်မလျှော့လိုပေ။ တစ်နေရာတွင် သူ စိတ်လွင့်သွား၍ ငါးမြားတစ်ကောင်က သူ့လက်မောင်းကို ထိုးဖောက်သွားရာ စိတ်ကူး၍ပင်မရနိုင်သော နာကျင်မှုဖြစ်သွားသောကြောင့် မချိတင်ကဲအော်လိုက်ရလေသည်။
" သောက်ကျိုးနည်းကွာ ငါ မသမာနည်းမသုံးချင်ပေမယ့် မင်းတို့က ငါ့ကို ဖိအားပေးနေတာပဲ။ ငွေစန္ဒာပန်းလေး ကလေးရေ ငါ မင်းကို လိုတယ်ဟေ့ "
သယက နောက်သို့ပျံ၍ သူ့အိတ်ကို ပုတ်လိုက်ရာ တုတ်ခိုင်သော ပင်စည်တစ်ခု ပျံထွက်လာသည်။ အသက်ရှုချိန်တစ်ဝက်လေးအတွင်း ပင်စည်သည် ထိပ်တွင် ဧရာမငွေစန္ဒာပန်းကြီးဖြင့် ကြီးသထက် ကြီးလာတော့သည်။
ငွေစန္ဒာပန်းအတွင်းမှ ဟိန်းဟောက်သံတစ်ခု ဂယက်ရိုက်လာပြီး ၄င်း၏ ပွင့်ဖတ်များမှာ စိတ်အားထက်သန်မှုများဖြင့် တုန်ရီလာတော့သည်။ ကြည့်ရသရွေ့ ရေခဲပြင်ဖြစ်စေ၊ ငါးမြားများဖြစ်စေ၊ ငွေစန္ဒာပန်းက ထိုအရာအားလုံးကို ၄င်း၏ အိမ်မက်တွင်သာ ရှာဖွေနိုင်သော အစားအစာများအဖြစ် သဘောထားပုံရလေသည်။
ဤအခြင်းအရာကြောင့် ပိုင်ရှောင်ချန်း အလွန်ကျေနပ်သွား၏။
" ငွေစန္ဒာပန်းလေး ဒီနေရာကို ဖျက်စီးပစ်လိုက် "
သူက အော်လိုက်သည်။ ဤအချိန်တွင် သူသည် အဆင့်နှစ်ဆယ့်တစ်ကို ရင်ဆိုင်ရန် ငွေစန္ဒာပန်းအပေါ်တွင် မျှော်လင့်ချက်များ ပုံအပ်ထားရုံမှတစ်ပါး အခြားမတွေးနိုင်ပေ။
တကယ်တမ်းပြောရလျှင် သရဲမယ်တော်ပင် ငွေစန္ဒာပန်းက အစက မည်သည့်နေရာမှလာကြောင်း သိပ်မသေချာပေ။ ၄င်းကို ပိုင်ရှောင်ချန်း စတွေခဲ့သည့် စစ်သင်္ဘောမှာ ၄င်း၏ ယာယီနေရာထိုင်ရာ နေရာသာ ဖြစ်သည် မဟုတ်ပါလော။
မျက်စိတစ်မှိတ်အတွင်းမှာပင် ငွေစန္ဒာပန်းသည် အလွန်ကြီးမားသော အရွယ်အစားအထိ ကြီးထွားလာ၏။ တခဏသာကြာလိုက်သည် ၊ မရေမတွက်နိုင်သော ငါးမြားများ ၄င်းကို အကြိမ်ဖန်များစွာ ထိုးဖောက်သွားသည့်အတွက် ၄င်းမှာ ပေါက်ကွဲသွားတော့သည်။ ၄င်းသည် ပြန်ပင် မတိုက်ခိုက်နိုင်လိုက်ပေ။ ဖြစ်ပေါ်လာသော အပိုင်းအစများမှာ ရေခဲပြင်ပေါ်ကျသွားကြပြီးနောက် အောက်ရှိ ရေထဲ နစ်မြုပ်သွားလေသည်။
အဖြစ်အပျက်တစ်ခုလုံးက ပိုင်ရှောင်ချန်းကို မှင်သက်သွားစေ၏။
" မဖြစ်ဘူးလေ ... မင်း အရင်တုန်းက အရမ်းသန်မာပါတယ်။ ငွေစန္ဒာပန်းလေး ကလေးလေးရေ ... "
သူက နောက်ဆုတ်လာပြီး တချိန်တည်းမှာပင် သူလည်း အရှုံးပေးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ သူပြောနိုင်သရွေ့ ကောင်းကင်ဧကရာဇ်အဆင့်၏ မဟာစက်ဝန်းရှိ ကျင့်ကြံသူတစ်ယောက်ပင် ဤအဆင့်ကို မကျော်ဖြတ်နိုင်လောက်ပေ။
သူ၏အပြင်အားများမှာ အထူးသဖြင့် ကောင်းကင်ဧကရာဇ်များအကြား ပြိုင်ဘက်ကင်းသည့်တိုင် ဤငါးများက အမှန်တကယ်ပင် ထိုးဖောက်နိုင်လေသည်။ အခြားကောင်းကင်ဧကရာဇ်များကား ဆိုဖွယ်ရာမရှိတော့ပြီ။
သို့သော် သူအ လံဖြူပြရန် စဥ်းစားနေဆဲ သူ၏မျက်လုံးများ ရုတ်တရက် ဝင်းလက်သွား၏။
ရေခဲနှင့်ရေကန်ထဲ ကျသွားခဲ့သော ဧရာမငွေစန္ဒာပန်းပွင့်၏ အပိုင်းအစများအားလုံး အပွင့်ပွင့်လာလေသည်။
၄င်းက ဖော်ပြ၍ပင်မရသော အမြန်နှုန်းဖြင့် ဖြစ်ပျက်သွား၏။ တခဏလေးအတွင်း ရေခဲပြင်တစ်ခုလုံး ငွေစန္ဒာပန်းပွင့်များဖြင့် ဖုံးလွှမ်းသွားပြီးနောက် စတင် အရည်ပျော်လာတော့သည်။
ဤရွေ့ဤမျှသာဆိုပါက ရေးကြီးခွင့်ကျယ်မဟုတ်ပေ။ သို့သော် ရေထဲရှိ ငွေစန္ဒာပန်းများက ရိုးတံများဆန့်ထုတ်လိုက်ရာ ဧရာမပိုက်ကွယ်သဖွယ် အရာတစ်ခုဖြစ်သွားပြီး ပျံထွက်လာသော ငါးမြားများအား တားဆီးလိုက်လေသည်။ ငွေစန္ဒာပန်းများမှာ များလွန်းသည်။ ကုန်လွန်သွားသည့် အခိုက်အတန့်တိုင်း ပန်းများက ကြီးထွားပြီးရင်း ကြီးထွားလာကာ တစ်ကမ္ဘာလုံးကို ပြည့်နှက်သွား၏။ မကြာမီ ရေခဲပြင်မှာ လုံးလုံးအရည်ပျော်သွားပြီး ရေများကား ငွေစန္ဒာပန်းများဖြင့် ပြည့်လုနီးပါး ဖြစ်သွားလေသည်။
ပိုက်ကွန်ကြီးသည် ကျယ်ပြီး ပို၍စိတ်လာရာ တစတစ ငါးများ ပိုမိုများပြားလာကာ ရေထဲမှ ပျံမထွက်နိုင်တော့ပေ။ အထူးသဖြင့် အောက်ဖက်ရှိ ရေသည် လုံးဝ ပိတ်လှောင်ခံလိုက်ရပြီ ဖြစ်သည်။
သို့ပေမည့် ဤတင်မပြီးသေး။ ရေများအား တင်းကြပ်စွာ ပိတ်လှောင်ပြီးနောက် ငွေစန္ဒာပန်းသည် ပတ်ဝန်းကျင်ရှိ အေးစိမ့်ချီအားလုံးကို စတင်စုပ်ယူလာတော့သည်။ ရေခဲလွင်ပြင် မရှိတော့သော်လည်း ရေထဲတွင် သာမက ငါးမြားများတွင် အေးစိမ့်ချီပေါင်းများစွာ ရှိသေးသည်။
ရေအောက်တွင် ဧရာမမီးဖိုးကြီးရှိသည့်အလား ပူသထက် ပူလာစေတော့သည်။ ငါးမြားများမှာမူ လုံးလုံးလျားလျား မချင့်မရဲဖြစ်လာကြ၏။
မကြာမီ ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ လက်ဖက်ရည်ပန်းကန်းတမျှ ပြူးကျယ်လာပြီး လေထဲက ကောင်လေးသည်လည်း ထိုနည်းတူပင်။ အလွန်တိုတောင်းသော အချိန်လေးအတွင်း မည်သည့်ငါးမှ ရေထဲမှ ပျံမထွက်နိုင်ကြတော့ပေ။
နောက်ဆုံးတွင် ရေခိုးရေငွေ့များသာမက ရေထဲတွင် ဘာဆိုဘာမှမကျန်တော့ပေ။ ငါးမြားများမှာ စွမ်းအားမဲ့သွားလေသည်။ ဤအချိန်တွင် အဆင့် နှစ်ဆယ့်တစ်သည် ကန္တာရအဖြစ် ရောက်နေလေပြီ။
" ငွေစန္ဒာပန်းလေး … ကလေး မင်းက တကယ် အံ့သြစရာကောင်းလိုက်တာ ... "
ပိုင်ရှောင်ချန်းမှာ ပျော်ရွှင်စွာ ထခုန်မိတတ် စိတ်လှုပ်ရှားနေတော့သည်။
အပေါ်ထက် လေထဲတွင် ကောင်ကလေး၏ မျက်လုံးများမှာ ပေါက်ထွက်တော့မတတ်ဖြစ်နေပြီး သူ၏နှလုံးသားမှာ ပျက်စီးလုနီးပါး တုန်ရီနေတော့သည်။ ပြီးပြည့်စုံသော ဇာတ်လမ်းအားလုံးမှာ ဒဏ္ဍာရီလာ အင်မော်တယ် ငွေစန္ဒာနွယ်ပင်၏ အဖျက်စီးခံလိုက်ရလေပြီ။
" အင်မော်တယ် ငွေစန္ဒာနွယ်ပင် " သူက တစ်ယောက်တည်း ကောက်ချက်ချလိုက်သည်။
" ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း။ အင်မော်တယ်ကမ္ဘာ နေ့ရက်တွေတုန်းကတောင် အင်မော်တယ် ငွေစန္ဒာနွယ်ပင်တွေက မျိုးတုန်းလုနီးပါးပဲ။ ဒဏ္ဍာရီတွေအရ သူတို့က သခင်တစ်ယောက်နဲ့ သံယောဇဥ်ဖြစ်ဖို့ အရမ်းချေးများတာ။ ဖြူစင်ရိုးသားတဲ့ လူတွေကိုပဲ သူတို့ ရွေးချယ်ကြတာလေလေ။ သောက်ကျိုးနည်း ဘယ်လိုလုပ် ဒီအရှက်မရှိတဲ့ လူလိမ်က အင်မော်တယ် ငွေစန္ဒာနွယ်ပင်တစ်ပင်နှင့် သံယောဥ်ဇဥ်ဖြစ်ဖို့ အရည်အချင်းပြည့်မီနေရတာတုန်း "
ကောင်လေးမှာ မချင့်မရဲဖြစ်နေသည့်တိုင် အဆင့်နှစ်ဆယ့်တစ်က ပူးပြင်းခြောက်သွေ့နေသော ကန္တာရတစ်ခုအဖြစ်ပြောင်းသွားသည်ကို ကြည့်ရုံနေရုံမှတစ်ပါး ဘာမှ မတတ်နိုင်ပေ။ ထို့ပြင် ပိုင်ရှောင်ချန်းက အဆင့်ကျော်ဖြတ်သွားနိုင်ခြင်းကို တားဆီးရန် သူလုပ်နိုင်သည့်အရာမရှိပေ။
ကောင်လေးမှာ စိတ်လှုပ်ရှားနေသော ပိုင်ရှောင်ချန်းက သူ၏ငွေစန္ဒာပန်းပင်နှင့်အတူ ပျောက်ကွယ်သွားသည်ကို ကြည့်နေစဥ် မျက်ရည်များကျလုမတတ်ပင် ဖြစ်နေရှာသည်။
" သောက်ချီးစား အရှက်မရှိတဲ့ လူလိမ်ကောင်။ မင်း မအောင်မြင်စေရဘူးလို့ ငါ ဒီမှာ ကျမ်းကျိန်တယ်။ မင်း ဘယ်တော့မှ မိုးမြေဧကရာဇ်ရဲ့ ခက်ခံသူ ဖြစ်လာမှာ မဟုတ်ဘူး။ မင်းလိုလူတစ်ယောက်က အင်မော်တယ်ကမ္ဘာရဲ့ ဂုဏ်ကျက်သရေကို အမည်းစက်ပဲ ထင်စေမှာ။ ပြီးတော့ ငါ ဘယ်တော့မှ ဘယ်တော့မှ ဘယ်တော့မှ မင်းလိုလူကို ငါ့သခင်နဲ့ဆရာအဖြစ် အသိအမှတ်မပြုနိုင်ဘူးကွ။ မင်းက ငါ့ဘဝမှာ ကြုံတွေ့ခဲ့ဖူးသမျှထဲ အရှက်မရှိဆုံးလူပဲ။ နောက်တစ်ခေါက် ငါနိုးလာရင် မင်းကို သေချာပေါက် ဖျက်စီးပစ်မယ်။ ငါကျိန်တယ်ကွာ "
အမှန်ပင် ကောင်လေးကား ယပ်တောင်အစုတ်ကြီး၏ အစောင့်အရှောက်ဝိညာဥ်မှလွဲ၍ တခြားမဟုတ်ပေ။ သူက ကျမ်းကျိန်ပြီးနောက်တွင် အံတင်းတင်းကြိတ်လျက် ပျောက်ကွယ်သွားပြီး ပြန်အိပ်ပျော်သွားလေသည်။