← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃)

ဒီအော်ဟစ်သံကတော့ ကျောက်အာဆီက ထွက်ပေါ်လာတာ ဖြစ်တယ်။ သူက စိတ်အလိုအလျောက်ပဲ ဒီလိုမျိုး အော်ဟစ်လိုက်မိတာ။ အော်ပြီးတဲ့နောက်မှာတော့ သူမဟာ ယောက်ျားဝတ်စုံ ဝတ်ဆင်ထားတာကို သတိရသွားပြီး ရင်ကို အသာလေး မတ်လိုက်ကာ ဘေးကလူတွေကို ဆိုလိုက်လေတယ်။

"ကြည့်စမ်း... ဒီ ရွှီကျဲယွမ်က ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးနေတာပဲ၊ အကြောင်းမဲ့တော့ တစ်ဖက်လူကို စွပ်စွဲမှာ မဟုတ်ပါဘူး။ ဒန်ဝမ်ဗုံကို အကြောင်းမဲ့ တီးလို့မရဘူးဆိုတာ လူတိုင်း သိကြတာပဲလေ။ ကြိမ်ဒဏ် ၃၀ ဆိုတာ ခံလိုက်ရရင် အသက်တစ်ဝက်တောင် ပါသွားနိုင်တာကိုး။ တကယ်လို့သာ ကြီးမားတဲ့ မတရားမှုမျိုး မရှိခဲ့ရင် ဘယ်လို ပညာတတ်ကများ ဒီလို အပင်ပန်းခံမှာလဲ။ ဒီနှစ်က အထူးစာမေးပွဲ၊ နောက်နှစ်က ပုံမှန်စာမေးပွဲပဲလေ။ သူက နောက်တစ်နှစ် စောင့်ပြီး ဖြေရင်တောင် ရတာကို၊ အခုလို ဗုံလာတီးတယ်ဆိုတာကတော့ တစ်ဖက်က လူတွေက သူ့ကို အသက်ရှင်ဖို့ လမ်းမထားလို့ပဲ ဖြစ်ရမယ်"

"ဒီညီနောင် ပြောတာ တကယ်ကို မှန်ကန်လှပါတယ်။ ဒီရက်ပိုင်း ချွမ်းဝေ စာမေးပွဲနဲ့ ပတ်သက်ပြီး ကောလာဟလတွေကလည်း အတော်လေးကို များနေတာပဲ။ အောင်သင့်အောင်ထိုက်တဲ့သူတွေ ကျရှုံးကုန်ကြပြီး၊ နာမည်မရှိတဲ့သူတွေကျတော့ အောင်စာရင်းထဲ ပါနေကြတာကိုး။ ဒီလူတွေက ပုံမှန်ဆိုရင် သာမန်အရည်အချင်းပဲ ရှိတာဆိုတာ အားလုံးလည်း အသိပဲ မဟုတ်လား"

ကျောင်းသားတစ်ယောက်က ရှေ့ထွက်ပြီး လူအုပ်ကြီးကို ပြောလိုက်တဲ့အခါမှာတော့ လူပေါင်းများစွာက ဝိုင်းပြီး ထောက်ခံကြတော့တယ်။

"ဒီရွှီကျဲယွမ် ပြောပုံဆိုပုံက အစီအစဉ်တကျ ရှိလှတာပဲ၊ ဒါဟာ တမင်သက်သက် လျှောက်ပြောနေတာ မဟုတ်ဘူးဆိုတာ သိသာနေတာပဲလေ"

"ဟုတ်ပါတယ်၊ ဒီလို ကြီးမားတဲ့ ကိစ္စမျိုးကိုသာ လျှောက်ပြောရင် ကြီးလေးတဲ့ ပြစ်ဒဏ် ခံရမှာကိုး"

"ဒါဟာ နောက်ကွယ်မှာ မသမာမှုတွေ ရှိနေလို့ပဲ ဖြစ်ရမယ်။ ဒီအရာရှိ နှစ်ယောက်ကို ရွှီကျဲယွမ်ကို ရိုက်ခွင့် မပေးနိုင်ဘူး။ ကြိမ်ဒဏ် ၃၀ သာ ရိုက်လိုက်လို့ လူသာ သေသွားခဲ့ရင်တော့ တစ်ဖက်လူတွေ အကြိုက် ဖြစ်သွားမှာပေါ့"

"မှန်တယ်... မှန်တယ်... ရိုက်ခွင့် မပေးနိုင်ဘူး"

နန်းတွင်းတပ်သားတွေ တားဆီးထားတဲ့ လူအုပ်ကြီးကတော့ တဖြည်းဖြည်းနဲ့ ကြွတက်လာခဲ့သလို၊ လူတွေလည်း ပိုပြီးရောက်လာကြတာကြောင့် အခြေအနေက ထိန်းမရတဲ့ အဆင့်ကို ရောက်နေခဲ့ပြီ။ ကျောင်းသားလူငယ်တစ်ယောက်က ရှေ့ကို ထွက်လာပြီး ချန်နဲ့ ထျန် အမတ် နှစ်ယောက်ကို မေးလိုက်တယ်။

"ခုနက ကျိန်းကုန်းကုန်းက ဧကရာဇ်ရဲ့ကိုယ်စား လာတာလေ၊ ဧကရာဇ်ရဲ့ အဆုံးအဖြတ် မကျလာသေးခင်မှာ မင်းတို့က ဘယ်ဌာနက အရာရှိတွေမို့လို့ ကိုယ့်သဘောနဲ့ကိုယ် အခုလို ဆုံးဖြတ်နေရတာလဲ"

143 02

"ငါက ထုန်းကျန့်ဖူ ရဲ့ညာလက်ရုံး ချန်ယိုတယ် ပဲ။ ဒီ ဒန်ဝမ်ဗုံကို ငါတို့ဌာနက တာဝန်ယူရတာလေ။ ဧကရာဇ်နဲ့ မတွေ့ခင် ကြိမ်ဒဏ် ၃၀ အရင်ခံရမယ်ဆိုတာ ရှေးမင်းကြီး တည်ထောင်ခဲ့တဲ့ စည်းကမ်းပဲ။ ပြီးတော့ ဒီလူက တမင်သက်သက် လိမ်ညာပြီး နောက်ပြောင်နေတာလား ဘယ်သူသိမှာလဲ။ အမှန်အတိုင်း သိချင်ရင်တော့ ဒီ ကြိမ်ဒဏ် ၃၀ ကို အရင်ဆုံး..."

"ရှေးမင်းကြီးရဲ့နာမည်ကို သုံးပြီး ငါတို့ကို လာမခြိမ်းခြောက်ပါနဲ့။ ရှေးမင်းကြီးကပဲ မှာခဲ့တာလေ... ဒန်ဝမ်ဗုံကို တီးတဲ့သူမှာ တကယ့် မတရားမှုရှိရင်၊ ကြားထဲက နှောင့်ယှက်တဲ့ အရာရှိတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်လို့လေ။ တကယ်လို့သာ ရွှီကျဲယွမ် ပြောတာတွေက အမှန်ဖြစ်ခဲ့ရင်၊ မင်းတို့ နှစ်ယောက်က ကြားထဲက နှောင့်ယှက်တဲ့အတွက် ပြင်းထန်တဲ့ အပြစ်ဒဏ်ကို ခံယူဝံ့လို့လား"

အကျိုးအကြောင်း ပြောဆိုတဲ့ နေရာမှာတော့ ဒီပညာတတ်တွေကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး။ သူတို့အားလုံးဟာ နယ်အသီးသီးက ထူးချွန်သူတွေ ဖြစ်ကြပြီး၊ မြို့တော်ကို စာမေးပွဲ လာဖြေကြတဲ့သူတွေဆိုတော့ သာမန်လူတွေလို စကားအနည်းငယ်နဲ့ ခြောက်လှန့်လို့ ရတဲ့သူတွေ မဟုတ်ဘူးလေ။ ပြီးတော့ ပညာတတ်ဆိုတာ နိုင်ငံရေးအကြောင်း ဆွေးနွေးရတာကို အကြိုက်ဆုံး မဟုတ်လား။ အပြင်မှာ လက်ဖက်ရည်ဝိုင်း၊ ကဗျာဝိုင်း သွားလို့မှ နိုင်ငံရေးအကြောင်း တစ်ခွန်းစ၊ နှစ်ခွန်းစ မဟနိုင်ရင် ဘယ်သူကမှ အဖတ်လုပ်မှာ မဟုတ်ဘူး။

အထူးသဖြင့် ရှေးမင်းဆက်တွေကတည်းက စာပေအရာရှိတွေရဲ့ အရှိန်အဝါက ကြီးမားခဲ့တာ။ အခုခေတ်မှာလည်း ရှေးမင်းကြီး အောင်မြင်မှု ရခဲ့တာဟာ ဒီပညာတတ်တွေရဲ့ အကူအညီတွေကြောင့်မို့လို့ သူတို့ရဲ့ အဆင့်အတန်းက နိမ့်ပါ့မလား။ ဂုဏ်ထူးဆောင်ဘွဲ့တွေ ကိုယ်စီ ရှိနေကြတဲ့ ဒီကျောင်းသားတွေဟာ အဆင့် ၅ အရာရှိလေး တစ်ယောက်ကိုတော့ တကယ်ပဲ မကြောက်ကြပါဘူး။ ပိုပြီးတော့တောင် အင်အားက ကိုယ့်ဘက်မှာ ရှိနေတာဆိုတော့၊ ဧကရာဇ်ရဲ့မျက်စိအောက်မှာ ဒီအရာရှိလေးက သူတို့လို တိုင်းပြည်ရဲ့ အနာဂတ်တွေကို ဘာလုပ်ရဲမှာလဲလို့ တွေးနေကြတယ်။

"ဟုတ်တယ်... မင်းတို့ကရော အပြစ်ဒဏ်ကို ခံယူဝံ့လား"

နောက်တစ်ယောက်ကလည်း ဆိုလာပြန်တယ်။ "အရင်ကသာ ဘယ်သူမှ မတားရင် ငါကတော့ အပျော်သဘောပဲ လာကြည့်တာပါ။ အခုတော့ ဒီလူနှစ်ယောက် ကြည့်ရတာ တစ်ခုခုတော့ မဟုတ်တော့ဘူး၊ သေချာပေါက် ဧကရာဇ်ကို အမှန်တရားတွေ မသိအောင် ဖုံးကွယ်ချင်နေကြတာပဲ"

"အကျင့်ပျက် အရာရှိတွေ ကြီးစိုးနေပြီ၊ ငါတို့ တိုင်းပြည်ကတော့ အန္တရာယ် တွေ့နေပြီပဲ"

"တိုင်းပြည်ကြီး ပျက်စီးသွားရင် ငါတို့အားလုံးလည်း ဘယ်မှာအေးချမ်းနိုင်တော့မှာလဲ။ မင်းတို့တွေက တစ်နွယ်ငင် တစ်စင်ပါတွေပဲ၊ ရိုက်ချင်ရင် ငါတို့အားလုံးကိုပါ လာရိုက်ကြစမ်းပါ ငါလည်း ကြည့်ချင်သေးတယ်... အမျှော်အမြင်ရှိတဲ့ ဧကရာဇ်က မင်းတို့ကို ဘယ်လိုများ အပြစ်ပေးမလဲဆိုတာ"

"မှန်တယ်... မှန်တယ်... ငါတို့ အားလုံးကိုပါ လာရိုက်ကြစမ်း"

နန်းတွင်းတပ်သားတွေကတော့ ဒေါသထွက်နေတဲ့ ဒီကျောင်းသားတွေကို မနည်း တားဆီးနေရတယ်။ ဒါပေမဲ့ သူတို့ကလည်း လက်ပါလို့ မရတော့ တကယ်ကို အကြပ်ရိုက်နေကြတာ။ တပ်သားခေါင်းဆောင်ကတော့ အတော်လေးကို စိတ်တိုနေခဲ့ပြီ။ သူကတော့ နန်းတော်တံခါး စောင့်ရတဲ့သူဆိုတော့ စာမေးပွဲမှာ မသမာမှုတွေ ရှိ၊ မရှိဆိုတာက သူနဲ့ ဘာမှမဆိုင်ဘူးလေ။ သူသိတာကတော့... တကယ်လို့သာ ဒီလူတွေ နန်းတော်တံခါးထဲကို ဇွတ်တိုးဝင်သွားမယ်ဆိုရင် သူ့ခေါင်း ပြုတ်မှာ သေချာသလို၊ သူ့လူတွေကသာ ဒီကျောင်းသားတွေကို လက်ပါမိရင်လည်း သူ့ခေါင်းက ပြုတ်မှာပဲလေ။

တပ်သားခေါင်းဆောင်က အံ့ဩတုန်လှုပ်နေတဲ့ အမတ်ချန်ယိုတယ်ကို ကြည့်ပြီး အေးစက်စက် ဆိုလိုက်တယ်။ "ချန် အမတ်မင်း... ကျွန်တော့်တပ်သားတွေလည်း တားလို့မရတော့ဘူးနော်၊ မင်းကတော့ ဒီကျောင်းသားကို ဆက်ပြီး ရိုက်ချင်သေးတာလား"

143 03

အမတ်ချန်ယိုတယ်ရဲ့ မျက်နှာကတော့ တစ်ခါ ဖြူဖျော့သွားလိုက်၊ တစ်ခါ နီမြန်းသွားလိုက်နဲ့၊ ဆူညံနေတဲ့ လူအုပ်ကြီးကို ကြည့်ပြီး မျက်လုံးတွေကတော့ ဟိုဟိုဒီဒီ လှုပ်ရှားနေခဲ့တယ်။ ရုတ်တရက်ဆိုသလိုပဲ သူက ဒေါသတကြီးနဲ့ အင်္ကျီလက်ကို တစ်ချက် ခါလိုက်ပြီး အော်ပြောလိုက်တယ်။

"မင်းတို့တွေကတော့ တကယ့်ကို အဓိပ္ပာယ် မရှိလိုက်တာ။ ငါက ငါ့တာဝန် ငါထမ်းဆောင်နေတာကို၊ မင်းတို့ကတော့ ဒီလောက်ထိတောင် အထင်လွဲရတယ်လို့။ ကဲ... ထားလိုက်တော့၊ ငါလည်း ဆက်ပြီး မပတ်သက်တော့ဘူး၊ မင်းတို့ ဘာလုပ်ချင်လဲ လုပ်ကြတော့"

အမတ်ထျန်ကလည်း "ငါကလည်း ကျန်းချာယွီရှီတစ်ယောက်ပဲလေ၊ ဒီနေ့ကိစ္စကိုတော့ ဧကရာဇ်ဆီကို သေချာပေါက် အစီရင်ခံမှာပါ။ ဒါပေမဲ့ ဒီ ဒန်ဝမ်ဗုံ ကတော့ ငါတို့ တူးချာယွမ် ရဲ့ စီမံခန့်ခွဲမှုအောက်မှာ မရှိတော့၊ ငါလည်း ဘာမှအဆုံးအဖြတ် မပေးနိုင်ဘူး" ဒီလူနှစ်ယောက်ဟာ အခြေအနေ မကောင်းမှန်း သိလိုက်တာနဲ့ တစ်ယောက်ကိုတစ်ယောက် အပြစ်ပုံချပြီး ရှောင်ထွက်သွားကြတော့တယ်။

တပ်သားခေါင်းဆောင်ကတော့ အေးစက်စက် ပြုံးလိုက်ပေမယ့် ဘာမှတော့ မပြောပါဘူး။ သူ့လူတွေကိုတော့ ကျောင်းသားတွေကို ကြမ်းကြမ်းတမ်းတမ်း မလုပ်ဖို့ အသံကျယ်ကြီးနဲ့ အမိန့်ပေးလိုက်တော့တယ်။ ပြီးတော့မှ လူကိုလည်း မရိုက်တော့ဘူး လို့ ရှင်းပြပြီး၊ ဧကရာဇ်ရဲ့ အမိန့်ကိုပဲ စောင့်ဖို့နဲ့၊ ကျောင်းသားတွေအနေနဲ့လည်း စိတ်မမြန်ကြဖို့ ဖျောင်းဖျလိုက်မှပဲ အခြေအနေက တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ရတယ်။ အမတ် ချန် နဲ့ ထျန် တို့ နှစ်ယောက်ကတော့ လူအုပ်ကြီးရဲ့ လှောင်ပြောင်သံတွေကြားမှာ အရှက်တကွဲနဲ့ ထွက်ခွာသွားကြတော့တယ်။

သိပ်မကြာခင်မှာပဲ နန်းတော်ထဲကနေ လူအချို့ အလျင်အမြန် ထွက်လာခဲ့ကြတယ်။ အရှေ့ဆုံးကတော့ ကျိန်းကုန်းကုန်း ပဲပေါ့။ သူကတော့ ဧကရာဇ်ကျားချန်ရဲ့အမိန့်တော်ကို သယ်ဆောင်လာခဲ့ပြီး ရွှီထင်းရှန်း ကို အခစားဝင်ဖို့ ဆင့်ခေါ်လိုက်ပါတော့တယ်။ ရွှီထင်းရှန်းကတော့ တုန့်ဆိုင်းမနေဘဲ နန်းတော်တံခါးဆီကို တစ်ချက် ဦးညွှတ်လိုက်ပြီးမှ ကျိန်းကုန်းကုန်း တို့နောက်ကနေ လိုက်ဝင်ဖို့ ပြင်လိုက်တော့တယ်။

လူအုပ်ထဲကနေ ကျောင်းသားတစ်ယောက်က အော်ပြောလိုက်လေရဲ့။ "ရွှီကျဲယွမ်... ကျွန်တော်တို့တွေ ဒီမှာပဲ စောင့်နေပါ့မယ်။ ဒီနေ့ မင်း ထွက်မလာမချင်း ကျွန်တော်တို့တွေလည်း မပြန်ဘူး"

"ဟုတ်တယ်... ငါတို့တွေ မပြန်ဘူး"

"ရွှီကျဲယွမ်... ငါတို့အားလုံး မင်းကို စောင့်နေကြမယ်"

ရွှီထင်းရှန်းကတော့ အနောက်ကို လှည့်ကြည့်လိုက်ပြီး အဲဒီကျောင်းသားကို တစ်ချက် ခေါင်းညိတ်ပြလိုက်တာပေါ့။ တစ်ခုခုကို သတိရသွားပုံနဲ့ သူက ခြေလှမ်းတွေကို ရပ်လိုက်ပြီး လူအုပ်ကြီးရှိရာဘက်ကို လျှောက်လာခဲ့ပါတယ်။ လူအုပ်ရှေ့ကို ရောက်တဲ့အခါမှာတော့ လက်အုပ်ချီ နှုတ်ဆက်လိုက်ရင်း ဆိုလိုက်လေတယ်။

"ဒီနေ့ကိစ္စအတွက် ညီနောင်တို့ အားလုံးကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဒါကြောင့်သာ ထင်းရှန်းလည်း ရိုက်နှက်ခံရမယ့် ဘေးကနေ ကင်းဝေးခဲ့ရတာပါ။ အားလုံးလည်း အပင်ပန်းခံပြီး မစောင့်ကြပါနဲ့ဦး၊ ကျွန်တော်တို့ရဲ့ ဧကရာဇ်ကတော့ သေချာပေါက် အမှန်တရားကို သိမြင်ပြီး ကျွန်တော်တို့အားလုံးအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

143 04

ဝူးမျိုးရိုး ကျောင်းသားတစ်ယောက်ကတော့ ရှေ့ကို ထွက်လာခဲ့တယ်။ ဒီလူကတော့ ခုနလေးတင်ပဲ ရွှီထင်းရှန်းဘက်ကနေ အကြိမ်ကြိမ် ရှေ့ထွက်ပြောပေးခဲ့တဲ့ သူပေါ့။

"ရွှီကျဲယွမ်... အမြန်ပဲ ဝင်သွားပါတော့။ ကျွန်တော်တို့တွေကတော့ ခဏတစ်ဖြုတ် စောင့်နေရုံတင်ပါ၊ ဒါပေမဲ့ မင်းကတော့..." လို့ ပြောရင်း သူက သက်ပြင်းတစ်ချက်ကို ချလိုက်ကာ ရွှီထင်းရှန်းကို လက်အုပ်ချီ နှုတ်ဆက်လိုက်တယ်။ "ကျွန်တော်တို့တွေ ဒီစကားကို ပြောပြီးပြီဆိုမှတော့ သေချာပေါက် ဒီမှာပဲ စောင့်နေပါ့မယ်။ ဧကရာဇ်ကတော့ အရာရာကို အမှန်အတိုင်း သိမြင်နိုင်စွမ်း ရှိပေမယ့်လည်း၊ တချို့လူတွေကတော့ ဗြောင်ကျကျကို ကောက်ကျစ်တဲ့ နည်းလမ်းတွေ သုံးရဲကြတာလေ။ မင်းအတွက် အခုသွားရတာဟာ ကံကောင်းမလား၊ ကံဆိုးမလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ကျွန်တော်တို့တွေ ဒီမှာရှိနေတာဟာ မင်းအတွက် အင်အားတစ်ခု ဖြစ်စေမှာပါ"

"ငါတို့တွေ ဒီမှာပဲ စောင့်နေကြမယ်။ အဲ့ဒီ မြေခွေးတွေ၊ ကြွက်တွေက ငါတို့လို စာမေးပွဲဖြေတဲ့ ကျောင်းသားတွေကို ဘယ်လိုများ ခိုးကြောင်ခိုးဝှက် အန္တရာယ်ပြုရဲမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ရွှီထင်းရှန်းလည်း ဒီလူတွေကို ဖျောင်းဖျလို့ မရမှန်း သိလိုက်တာကြောင့် နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြီးမှ သူ့ကို စောင့်နေတာ ကြာပြီဖြစ်တဲ့ ကျိန်းကုန်းကုန်းရဲ့ဘေးကို လျှောက်သွားကာ နန်းတော်တံခါးထဲကို အတူတူ ဝင်သွားကြတော့တယါ။

"...အဲဒီလူတွေက ပြောနေကြတာပါ... ငါတို့တွေ ဒီမှာပဲ စောင့်နေကြမယ်၊ အဲဒီ မြေခွေးတွေ၊ ကြွက်တွေက ငါတို့လို ကျောင်းသားတွေကို ဘယ်လိုများ အန္တရာယ်ပြုရဲမလဲဆိုတာ ကြည့်ကြတာပေါ့ လို့ ပြောနေကြတာပါ..."

သတင်းလာပို့တဲ့သူက ထစ်ထစ်ငေါ့ငေါ့နဲ့တင် ခုနက မြင်ကွင်းတွေကို ပြန်ပြောပြလိုက်တဲ့အခါမှာတော့ ကလစ် ခနဲ အသံနဲ့အတူ ဝူအမတ်ချုပ်ကြီးရဲ့ လက်ထဲက လက်ဖက်ရည်ခွက်အဖုံးဟာ ကြေမွသွားခဲ့ရပြီ။ သူ့ရဲ့ လက်ထဲမှာ ဘယ်လောက်တောင် အားပါသွားလဲဆိုတာ ခန့်မှန်းကြည့်လို့ ရတယ်။

"မင်း အခုပဲ ဆင်းသွားတော့။ အဲဒီချန်ယိုတယ်ကို သွားပြီး သေချာမှာထားလိုက်... ဒါဟာ ရှေးထုံးစံ စည်းကမ်းပဲလို့ အသေကိုင်ထားခိုင်း၊ သူကိုယ်တိုင်လည်း စည်းကမ်းအတိုင်းပဲ လုပ်တာပါလို့ ပြောခိုင်းလိုက်" အတော်ကြာမှ ဝူအမတ်ချုပ်ကြီးက မှာကြားလိုက်တယ်။

"ဟုတ်ကဲ့ပါ"

ထိုလူ ထွက်သွားပြီးတာနဲ့ တစ်ယောက်ယောက်က လာပြီး တိုက်တွန်းတော့တာပဲ။ "အမတ်ချုပ်ကြီး... ဌာနအသီးသီးက အမတ်တွေ နန်းတော်ထဲကို ရောက်နေကြပါပြီ။ မကြာခင်မှာ ချန်ချင်းနန်းတော်ကို ရောက်တော့မှာမို့လို့ အမတ်ချုပ်ကြီးလည်း နောက်ကျလို့ မဖြစ်တော့ပါဘူး"

"ငါ အခုပဲ သွားပါ့မယ်"

ဝူအမတ်ချုပ်ကြီးဟာ ထရပ်လိုက်ပြီး သူ့ရဲ့အရာရှိဦးထုပ်ကို သပ်ရပ်အောင် ပြင်ကာ အပြင်ကို ထွက်လာခဲ့လိုက်တယ်။

သူဟာ နန်းတွင်းအမတ်အဖွဲ့ခန်းမဆောင်ကြီးကနေ ထွက်လိုက်တာနဲ့ ရန်ချုံဟွာ၊ မာချီ၊ ထန်လျှန့်၊ ဖုန်းချန်ပေါင်၊ ဖေးချန့် နဲ့ ရှန်ရွှယ် တို့ဟာလည်း နောက်ကနေ ကပ်ပြီး ထွက်လာကြတော့တယ်။ ဒါဟာ တမင်လုပ်တာလို့ မဆိုနိုင်ပေမယ့် တကယ့်ကို တိုက်ဆိုင်လွန်းလှတာပေါ့။

အမတ်ချုပ်ကြီးတွေထဲမှာတော့ စွီအမတ်ချုပ်ကြီးက အသက်အကြီးဆုံးဖြစ်ပြီး၊ ထန်လျှန့်ကတော့ ဒုတိယ အသက်အကြီးဆုံးပဲလေ။ သူတို့နှစ်ယောက်စလုံးက အိုမင်းရင့်ရော်နေကြပြီမို့ လမ်းလျှောက်ရင်တောင် လူတွဲနေရတာပေါ့။ ပြီးတော့ လူကြီးတွေဆိုတော့ မျက်စိကလည်း မှုန်၊ နားကလည်း ထိုင်းနဲ့ အမြဲတမ်း ဖြစ်နေတတ်တာ။ အခုဆိုရင် အမတ်ကြီးထန်လျှန့်ကို မိန်းမစိုးငယ်လေး တစ်ယောက်က တွဲပေးထားရတာ။ သူက ရှေ့ကို လျှောက်ရင်းနဲ့ ဘာတွေ ဖြစ်နေတာလဲဆိုတာကို အဆက်မပြတ် မေးနေခဲ့တယ်။

143 05

သူ့ရဲ့ နားက သိပ်မကြားတော့တာကြောင့် မိန်းမစိုးလေးခမျာ အသံကုန်ဟစ်ပြီးမှ သူ ကြားနိုင်တယ်။

"မင်း ဘာပြောလိုက်တာလဲ။ ဘာတွေ ဖြစ်နေလို့ ဧကရာဇ်က အခုလို အလောတကြီး ငါတို့ကို ခေါ်ရတာလဲ။ အမတ်ချုပ်ကြီးရော သူ ရောက်နှင့်ပြီလား"

"စွီအမတ်ချုပ်ကြီးက နန်းတော်ထဲမှာ မရှိပါဘူး၊ လူလွှတ်ပြီး သွားပင့်ခိုင်းထားပါတယ်။ ဧကရာဇ်က အမတ်ချုပ်ကြီးတွေကို တိုင်ပင်စရာရှိလို့ ခေါ်တာပါ၊ ဟိုရောက်ရင်တော့ သိရမှာပါ"

"အမတ်ချုပ်ကြီးက သွားနှင့်ပြီလား ဒါဆိုရင်တော့ ငါတို့တွေ မြန်မြန်သွားမှ ဖြစ်တော့မယ်။ ဒါက ဘယ်လို ကိစ္စကြီးမို့လို့ ဧကရာဇ်က အခုလို ခေါ်ရတာလဲ၊ ငါ့ရဲ့စိတ်ထဲမှာတော့ သိပ်မအေးဘူးကွ၊ ကိစ္စကြီးတစ်ခုခုတော့ ဖြစ်တော့မယ် ထင်တယ်..."

ဒီလိုနဲ့ တတွတ်တွတ် ရေရွတ်ရင်းနဲ့ပဲ အမတ်ကြီးထန်ကတော့ ဝူအမတ်ချုပ်ကြီးရဲ့ ရှေ့ကိုတောင် အမြန်ကျော်တက်ပြီး သွားနေတော့တာပဲ။ ဝူအမတ်ချုပ်ကြီးကို ဘာလို့ နှုတ်မဆက်တာလဲဆိုရင်တော့... သူက အသက်ကြီးလို့ မျက်စိမှုန်နေတာကြောင့် မမြင်လိုက်လို့ပါပဲ။

ဝူအမတ်ချုပ်ကြီးကတော့ မျက်နှာကြီး မည်းမှောင်ပြီး ဝေးရာကို ထွက်သွားတဲ့ အမတ်ကြီးထန်ရဲ့ကျောပြင်ကို စိုက်ကြည့်နေမိတာပေါ့။ ခြေလှမ်းတွေကတော့ သွက်လက်လို့ပါပဲ၊ အိုမင်းပြီး အားနည်းနေတဲ့ ပုံစံမျိုး လုံးဝမရှိတာမို့ ဒါဟာ အဘိုးကြီးရဲ့ လှည့်ကွက်တစ်ခုမှန်း သိသာလှပါတယ်။

ဒါပေမဲ့ ဝူအမတ်ချုပ်ကြီးကို မကြည်တဲ့သူတွေ ရှိသလို၊ သူ့ဘက်က ရပ်တည်ပေးတဲ့သူတွေလည်း အများကြီး ရှိတယ်။ ဝူအမတ်ချုပ်ကြီးက အမတ်အဖွဲ့ထဲမှာ အရှိန်အဝါ ကြီးမားတဲ့သူဆိုတော့ သူ့နောက်လိုက်တွေကလည်း မနည်းဘူး။ စစ်ဘက်ဆိုင်ရာဝန်ကြီး ဖုန်းချန်ပေါင်နဲ့ ပြစ်မှုဆိုင်ရာဝန်ကြီးဌာနရဲ့ဒုဝန်ကြီးဖေးချန့်တို့ဟာ အနားကို လျှောက်လာကြပြီး၊ ဝူအမတ်ချုပ်ကြီးကို နှုတ်ဆက်ရင်း လမ်းလျှောက်ရင်းနဲ့ပဲ အတင်းအဖျင်းတွေ ပြောနေကြတော့တယ်။

အခွန်ဝန်ကြီးရန်ချုံဟွာနဲ့ စက်မှုဝန်ကြီးမာချီတို့ကတော့ အနောက်မှာ လိပ်သွားသလိုမျိုး ဖြည်းဖြည်းချင်းပဲ လျှောက်လာကြတာ။ မသိတဲ့သူဆိုရင်တော့ သူတို့တွေ ဧကရာဇ်ကျားချန်ရဲ့ဆင့်ခေါ်မှုကို ဂရုမစိုက်ဘူးလို့တောင် ထင်မှတ်ရမှာပဲ။ ရှန်ရွှယ်ကတော့ အနောက်ဆုံးကနေ ကပ်ပြီး လိုက်လာတယ်။

တကယ်တော့ ဒါဟာ သူတို့ အမတ်အဖွဲ့ထဲမှာ ရှိနေတဲ့ ပုံစံတစ်ခုပါပဲ။ သူတို့ လမ်းလျှောက်လာတဲ့ ဟန်ပန်ကို ကြည့်လိုက်တာနဲ့တင် ဘယ်သူက ဘယ်အုပ်စုလဲဆိုတာကို အလွယ်တကူ ခွဲခြားနိုင်တယ်။

143 06

ချန်ချင်းနန်းတော်ကို ရောက်တဲ့အခါမှာတော့ အရှေ့ဆုံးက လာတဲ့ အမတ်ကြီးထန်က ခြေလှမ်းတွေကို အနည်းငယ် နှေးလိုက်ပါတယ်။ ဝူအမတ်ချုပ်ကြီးတို့အုပ်စု ရောက်လာတဲ့အခါကျမှပဲ သူဟာ ရုတ်တရက် မျက်စိပြန်လင်းလာပြီး အားလုံးကို နှုတ်ဆက်လိုက်တော့တယ်။ ရန်ချုံဟွာ၊ မာချီနဲ့ရှန်ရွှယ်တို့လည်း ရောက်လာမှပဲ အားလုံးဟာ ချန်ချင်းနန်းတော် တံခါးဝမှာ စုရပ်ပြီး အတွင်းက ဆင့်ခေါ်သံကို စောင့်ဆိုင်းနေကြတယ်။

မကြာခင်မှာပဲ လူတစ်ယောက် ထွက်လာပြီး သူတို့ကို ဖိတ်ခေါ်သွားခဲ့တယ်။ အတွင်းထဲကို ရောက်တဲ့အခါမှာတော့ စွီအမတ်ချုပ်ကြီးဟာ အထဲမှာ ရောက်နှင့်နေပြီဆိုတာ တွေ့လိုက်ရတယ်။

ရာဇပလ္လင်ရဲ့ အောက်နားမှာတော့ ကုလားထိုင် တစ်လုံး ချထားပြီး ဒါဟာ စွီအမတ်ချုပ်ကြီးရဲ့သီးသန့်နေရာပဲလေ။ သူကတော့ အသက်လည်း အရမ်းကြီးနေပြီဖြစ်သလို၊ အကြိမ်ကြိမ် အနားယူဖို့ လျှောက်ထားခဲ့ပေမယ့် ဧကရာဇ်က ခွင့်မပြုဘဲ တားထားတာ။ ဒါဟာ တိုင်းပြည်အတွက် အစွမ်းကုန် ကြိုးစားခဲ့တဲ့ သူ့အတွက် အထူးအခွင့်အရေး ပေးထားတာ ဖြစ်တယ်။

အားလုံးဟာ ဧကရာဇ်ကျားချန် ကို ဦးညွှတ်နှုတ်ဆက်လိုက်ကြပြီး အောက်ဘက်မှာ နေရာယူလိုက်ကြတယ်။ ခဏကြာတဲ့အခါမှာတော့ ပြစ်မှုဆိုင်ရာဝန်ကြီး ယင်နျန်၊ တရားလွှတ်တော်ချုပ် အကြီးအကဲ ဝမ်ချုံယောင် နဲ့ ထုန်းကျန့်ဖူ အရာရှိချုပ် ကျန်းချန် တို့လည်း အကုန်ရောက်လာကြပြီလေ။

နန်းတွင်းဝန်ကြီး ၉ ဦး စုံစုံလင်လင် ရောက်နေကြတာဆိုတော့ ဒါဟာ တွေ့ရခဲတဲ့ မြင်ကွင်းကြီးပါပဲ။ ဒါတွေအားလုံးဟာ အဲ့ဒီ ဒန်ဝမ်ဗုံ သံကြောင့် ဖြစ်လာရတာပေါ့။

"ကဲ... အားလုံးလည်း စုံပြီ။ ကျိန်းအန်းချန်... ခုနက နန်းတော်တံခါးဝမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ အမတ်ကြီးတွေကို ပြောပြလိုက်စမ်း" လို့ ရာဇပလ္လင်ပေါ်က ဧကရာဇ်ကျားချန်က မိန့်ကြားလိုက်တာပေါ့။

ကျိန်းအန်းချန် ကလည်း ဘာမှဖုံးကွယ်မထားဘဲ ဝူးမန်တံခါးပြင်ပမှာ ဖြစ်ပျက်ခဲ့သမျှကို တစ်ခုချင်းစီ ပြန်လည် တင်ပြလိုက်တော့တာပဲ။ ထုန်းကျန့်ဖူ က ချန်ယိုတယ် နဲ့ ကျန်းချာယွီရှီ ထျန်စုန်းတယ် တို့က အယူခံဝင်တဲ့သူကို ရိုက်နှက်ဖို့ ကြိုးစားခဲ့ပုံ၊ အဲ့ဒါကို ဒေါသထွက်နေတဲ့ ကျောင်းသားတွေက ဝိုင်းပြီး တားဆီးခဲ့ပုံတွေအပြင်၊ အခုချိန်ထိ အဲ့ဒီကျောင်းသားတွေ မပြန်ကြသေးဘဲ လူတွေ ပိုများလာတဲ့အကြောင်းတွေကိုပါ အကုန်ပြောပြလိုက်တာလေ။

ဒါကို ကြားလိုက်ရတဲ့အခါ ဝန်ကြီး ၁၀ ယောက်ကျော်ရဲ့ မျက်နှာတွေဟာ ချက်ချင်းပဲ ပျက်ယွင်းသွားခဲ့ရပြီ။

ဒါပေမဲ့ မျက်နှာပျက်သွားရုံတင်ပါပဲ၊ ဘယ်သူ့ရဲ့ စိတ်ထဲမှာ ဘာတွေ ရှိနေမလဲဆိုတာကိုတော့ မျက်နှာကို ကြည့်ပြီး ခန့်မှန်းလို့ မရနိုင်ဘူးလေ။

"ဒီကိစ္စကို မင်းတို့ ဘယ်လိုမြင်ကြလဲ"

ဒီအခါမှာ ထုန်းကျန့်ဖူ အရာရှိချုပ် ကျန်းချန် က ရှေ့ကို ထွက်လာပြီး လျှောက်တင်လိုက်တာပေါ့။

"အရှင်... ကျွန်တော်မျိုးကတော့ ရုံးတော်မှာပဲ ရှိနေတာမို့ ဒီကိစ္စကို ဘာမှမသိခဲ့ပါဘူး။ အဲ့ဒီ ချန်ယိုတယ် ရဲ့ လုပ်ရပ်ဟာ ကျွန်တော်မျိုးရဲ့ အမိန့် မဟုတ်ပါဘူးခင်ဗျာ"

ဒါကတော့ တာဝန်ကို လွှဲချလိုက်တာပါပဲ။ ဒါပေမဲ့ သူကတော့ လွှဲချရမှာပဲလေ၊ မဟုတ်ရင် တစ်ခုခုဖြစ်လာရင် ပထမဆုံး အပြစ်တင်ခံရမှာက သူ မဟုတ်လား။

"ချန်အမတ်မင်းကလည်း သူ့ရဲ့ တာဝန်အရ လုပ်ဆောင်တာပါပဲ။ ဘာပဲပြောပြော ဒီ ဒန်ဝမ်ဗုံ ဆိုတာက အလွန် အရေးကြီးတဲ့အရာလေ၊ ကလေးကစားစရာမှ မဟုတ်တာ။ ပြီးတော့ ဧကရာဇ်နဲ့ မတွေ့ခင် ကြိမ်ဒဏ် ၃၀ ရိုက်ရမယ်ဆိုတာလည်း ရှေးမင်းကြီးတွေရဲ့ အမိန့်ပဲ မဟုတ်လား" ဝူအမတ်ချုပ်ကြီးက ကြားထဲက ဝင်ပြောလိုက်လေရဲ့။

"ဒါပေမဲ့ ဘယ်သူမှ မခိုင်းဘဲနဲ့ သူလို အရာရှိငယ်လေး တစ်ယောက်က ဘယ်လို သတ္တိမျိုးနဲ့ နန်းတော်တံခါးဝမှာ လူကို သွားပြီး ရိုက်ရဲရတာလဲ" ယင်နျန် က ကြားဖြတ်မေးလိုက်တာပေါ့။ သူကတော့ အမြဲတမ်း စိတ်မြန်လက်မြန် ရှိတဲ့သူဆိုတော့ ဒါကြောင့်လည်း အခုထိ အမတ်ချုပ်အဖွဲ့ထဲကို မဝင်နိုင်သေးတာပေါ့။

143 07

"ယင် အမတ်မင်းရဲ့ စကားက... ငါကပဲ ချန်အမတ်မင်းကို အဲ့ဒီလူကို ရိုက်ဖို့ ခိုင်းလိုက်တယ်လို့ ဆိုချင်တာလား" ဝူအမတ်ချုပ်ကြီးက ပြန်မေးလိုက်လေရဲ့။

"ဘယ်သူလုပ်တာလဲဆိုတာတော့ လုပ်တဲ့သူပဲ စိတ်ထဲက အသိဆုံးဖြစ်မှာပါ"

"ယင် အမတ်မင်း... မင်းရဲ့ စကားက တော်တော်လေးကို တစ်ဖက်စောင်းနင်း ဖြစ်နေပြီနော်။ မင်းနဲ့ ငါနဲ့ကြားမှာ အဆင်မပြေတာ ရှိခဲ့ရင်တောင်မှ ငါ့အပေါ်ကို မဟုတ်မတရား အပုပ်ချတာမျိုးတော့ မလုပ်သင့်ဘူးလေ"

ဘေးက ဖုန်းချန်ပေါင် ကလည်း ကူပြောပေးပြန်တယ် "ယင် အမတ်မင်း... မင်းလုပ်တာကတော့ တကယ်ကို မဟုတ်သေးဘူးဗျာ။ ဝူအမတ်ချုပ်ကြီးကပဲ အဲ့ဒီ ချန် ဆိုတဲ့လူကို ခိုင်းလိုက်သလိုမျိုး ပြောနေတာကိုး။ အရာရှိလုပ်နေကြတဲ့သူတွေဆိုတာ ဂုဏ်သိက္ခာကို တန်ဖိုးထားရတာလေ၊ မင်းရဲ့ စကားတွေသာ အပြင်ကို ပျံ့သွားရင်တော့..."

အောက်မှာတော့ အမတ်တွေဟာ အပြန်အလှန် အပြင်းအထန် ငြင်းခုံနေကြတော့တာပဲ။ အထက်မှာ ထိုင်နေတဲ့ ဧကရာဇ်ကျားချန် ကတော့ ဘာမှမပြောဘဲ ငြိမ်ကြည့်နေခဲ့ပေမယ့်၊ နားထင်က တဆတ်ဆတ် တုန်နေတဲ့ ကြောတွေကတော့ သူ့ရဲ့ စိတ်မအေးချမ်းမှုကို ဖော်ပြနေတာပေါ့။

အဲ့ဒီအချိန်မှာပဲ စွီအမတ်ချုပ်ကြီးက လျှောက်တင်လိုက်လေရဲ့။

"အရှင်... ကျွန်တော်မျိုး ထင်တာကတော့ အခုချိန်မှာ ချန်အမတ်မင်းမှာ အမှားရှိ၊ မရှိကို လိုက်စုံစမ်းနေမယ့်အစား၊ အဲ့ဒီ ဗုံတီးတဲ့ ကျောင်းသားကိုပဲ ခေါ်လာပြီး သူပြောတာတွေက အမှန် ဟုတ်၊ မဟုတ် အရင်စစ်ဆေးတာက ပိုကောင်းပါလိမ့်မယ်"

စွီအမတ်ချုပ်ကြီးရဲ့ စကားကမှ အမှန်ကန်ဆုံးပါပဲ။ မဟုတ်ရင်တော့ ဒီအတိုင်းသာ ဆက်သွားနေရင် တစ်နေ့လုံး ငြင်းခုံနေရုံနဲ့တင် အချိန်ကုန်သွားပြီး တခြားဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူးလေ။

တကယ်တော့ လူတွေ စိတ်ကူးယဉ်နေတဲ့ ဧကရာဇ်နဲ့ အမတ်တွေရဲ့ ဆွေးနွေးပွဲဆိုတာ ဒီလိုပုံစံမျိုးပါပဲ။ ကိစ္စတစ်ခုက အဖြေမထွက်သေးခင်မှာပဲ အောက်ကလူတွေက ငြင်းခုံနေကြတာမျိုး၊ နောက်ဆုံးတော့လည်း ဘာမှ အဖြေမထွက်ဘဲ ပြီးသွားတာမျိုးတွေက အများကြီးပဲလေ။

"ကျိန်းအန်းချန်... အဲ့ဒီ ရွှီ မျိုးရိုး ကျောင်းသားကို ခေါ်လာခဲ့ပြီလား" ဧကရာဇ်က မေးလိုက်တာပေါ့။

ကျိန်းအန်းချန်လည်း အမြန်ပဲ အပြင်ကို ထွက်သွားပြီး ခဏကြာတော့ ရွှီထင်းရှန်းကို ဦးဆောင်ခေါ်လာခဲ့ပါပြီ။

ရွှီထင်းရှန်းဟာ ဘေးဘယ်ညာကို လုံးဝ လှည့်မကြည့်ဘဲ ခန့်ညားစွာနဲ့ နန်းတော်အလယ်ကို လျှောက်လာခဲ့တယ်။ ပြီးတော့မှ ကျိန်းအန်းချန် ရဲ့ လမ်းညွှန်မှုနဲ့အတူ ဧကရာဇ်ကို ဒူးထောက်ပြီး အရိုအသေ အကြီးအကျယ် ပြုလိုက်တာပေါ့။

"ထပါတော့။ မင်းကပဲ ဒန်ဝမ်ဗုံကို တီးလိုက်တဲ့ ရွှီ မျိုးရိုး ကျောင်းသားလား"

ရွှီထင်းရှန်းက ထရပ်လိုက်ရင်း ပြန်လျှောက်လိုက်တာပေါ့။

"မှန်ပါတယ် ဧကရာဇ်... ကျွန်တော်မျိုးပါပဲ"

"ခေါင်းမော့လိုက်စမ်း၊ ကြောက်စရာ မလိုပါဘူး။ မင်းဘေးမှာရှိတဲ့ လူတွေကို ကြည့်လိုက်စမ်း... သူတို့တွေအားလုံးဟာ ငါ့ရဲ့တိုင်းပြည်အတွက် အရေးပါတဲ့ အမတ်ကြီးတွေပဲ။ မင်းမှာ ဘာမတရားမှုရှိလဲဆိုတာကို တည့်တည့်လင်းလင်းသာ ပြောလိုက်စမ်းပါ၊ သူတို့တွေက မင်းအတွက် အဆုံးအဖြတ် ပေးကြပါလိမ့်မယ်။ တကယ်လို့ သူတို့က မလုပ်ပေးနိုင်ရင်တောင်မှ ငါကိုယ်တိုင် ဒီမှာရှိနေတာပဲ၊ မင်းအတွက် တရားမျှတမှုကို ငါကိုယ်တိုင် ဖော်ဆောင်ပေးမယ်"

ရွှီထင်းရှန်းလည်း ခေါင်းကို မော့လိုက်ပြီး သူ့ဘေးမှာရှိတဲ့ အိုမင်းနေပြီဖြစ်တဲ့ အမတ်ကြီးတွေကို ဝေ့ကြည့်လိုက်မိတယ်။

143 08

ဒီလူတွေအားလုံးဟာ ခြေတစ်ချက် ဆောင့်လိုက်ရင် တိုင်းပြည်တစ်ခုလုံး တုန်ဟိန်းသွားစေနိုင်တဲ့ အရှိန်အဝါရှိသူတွေလေ၊ သူ့မှာ ဘာအရည်အချင်း ရှိလို့များ သူတို့နဲ့ တန်းတူ ရပ်နေရတာပါလိမ့်။ ထိုအိမ်မက်ထဲမှာတောင်မှ သူဟာ အစွမ်းကုန် ကြိုးစားခဲ့ရမှ ဒီလူတွေနဲ့ တစ်တန်းတည်း ရပ်နိုင်ခဲ့တာ။ ဒါပေမဲ့လည်း ရွှီထင်းရှန်းရဲ့ စိတ်ထဲမှာတော့ ကြောက်ရွံ့မှုတွေ မရှိပါဘူး။ အမှန်အတိုင်း ပြောရရင် ဒီလူတွေထဲမှာ သူနဲ့ ရင်းနှီးပြီးသား အသိဟောင်း တွေ အများကြီး ပါနေတာကိုး။ အဲ့ဒါကြောင့်လည်း သူက မရဲတရဲ မဟုတ်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ကြည့်ပြီးတာနဲ့ မျက်လွှာကို ပြန်ချလိုက်တယ်။

"ဧကရာဇ်ရဲ့ ဂရုဏာတော်ကို ကျေးဇူးတင်ပါတယ်"

သူက နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြန်တယ်။ ဧကရာဇ်က ထဖို့ ပြောလိုက်တော့မှ သူက ဆက်လျှောက်တင်လိုက်တယ်။ "ကဲ... ငါ့မှာလည်း အလုပ်တွေ များနေတာဆိုတော့ မင်းမှာ ဘာမတရားမှုရှိလဲဆိုတာကို တိုက်ရိုက်သာ ပြောပြတော့လေ"

ရွှီထင်းရှန်းကလည်း အရင်က နန်းတော်တံခါးဝမှာ ပြောခဲ့တဲ့ စကားတွေကိုပဲ နောက်တစ်ခေါက် ပြန်လျှောက်တင်လိုက်ပါတယ်။

သူ့ရဲ့စကားတွေ ဆုံးသွားတဲ့ အခါမှာတော့ ခန်းမဆောင်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ရပြီ။

"အမတ်ကြီးတို့... ဘယ်လိုမြင်ကြလဲ"

ဖုန်းချန်ပေါင်က အရင်ဆုံး ထွက်ပြောလိုက်တယ်။ "အရှင်... ကျွန်တော်မျိုး ထင်တာကတော့ တစ်ဖက်လူ ပြောတာကိုပဲ နားမထောင်သင့်ဘဲ သက်သေကိုပဲ ကြည့်သင့်ပါတယ်ခင်ဗျာ။ ရွှီကျဲယွမ်... မင်းရဲ့ စာရွက်က အလဲခံရတယ်ဆိုတာအတွက် မင်းမှာ ဘာသက်သေရှိလဲ။ မင်း သိထားရမှာက ငါတို့တိုင်းပြည်ဟာ စာမေးပွဲကြီးကို အမြဲတမ်း အလေးထားခဲ့တာလေ။ စာစစ်မှူးချုပ် နှစ်ဦး၊ အခန်းစောင့်ဆရာ ၁၈ ဦးအပြင် တခြားသော ကြီးကြပ်ရေး အရာရှိတွေလည်း အများကြီး ရှိတာပေါ့။ ပြီးတော့ စာမေးပွဲစစ်တလင်း ဆိုတာလည်း ဧကရာဇ်ကိုယ်တိုင် အမိန့်ပေးပြီး နန်းတွင်းတပ်သားတွေနဲ့ တင်းတင်းကြပ်ကြပ် စောင့်ခိုင်းထားတာလေ။ အပ်တစ်စင်းတောင် ထိုးစရာ နေရာမရှိအောင်ကို စည်းကမ်းကြီးလှတာပါ။ အပြင်လူကလည်း ဝင်လို့မရ၊ အတွင်းလူကလည်း ထွက်လို့မရဘဲ အချင်းချင်း စောင့်ကြည့်နေကြတာကို၊ မင်းရဲ့ စာရွက်ကို ဘယ်လိုများ လဲလှယ် လိုက်နိုင်မှာလဲ"

ဒီလောက် အရှိန်အဝါကြီးတဲ့ အမတ်ကြီးရဲ့အမေးကို ခံရပေမယ့် ရွှီထင်းရှန်းကတော့ တုန်လှုပ်မသွားဘဲ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်လေတယ်။ "ကျွန်တော်မျိုးမှာ သက်သေရှိပါတယ်ခင်ဗျာ။ ကျွန်တော်မျိုး စာရွက်သွားစစ်တဲ့ အချိန်မှာ စာရွက်က အလဲခံထားရမှန်း သိလိုက်တာကြောင့် ရှုန့်ထျန်းဖူက အရာရှိတစ်ယောက်ကို အခကြေးငွေပေးပြီး ကျွန်တော်မျိုးရဲ့ကျူးကျွမ်းကို ပြန်ယူလာခဲ့ပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က စာရွက်ကို တိတ်တဆိတ် လဲလှယ်ခဲ့မယ်ဆိုရင်၊ အစအန ဖျောက်ဖို့အတွက် ဝန်ကြီးဌာနမှာ နောက်ထပ် ကျူးကျွမ်း တစ်စောင် ရှိနေရပါဦးမယ်။ ပြီးတော့ ဒီစာရွက် နှစ်စောင်ပေါ်က လက်ရေးတွေကလည်း လုံးဝတူမှာမဟုတ်ပါဘူး၊ လက်ရေးကို တိုက်စစ်ကြည့်လိုက်တာနဲ့တင် အမှန်တရားက ပေါ်လာမှာပါ"

"မင်းရဲ့အကြံကတော့ မဆိုးပါဘူး။ ကဲ... လူတွေ လာကြစမ်း၊ ပြစ်မှုဆိုင်ရာဝန်ကြီးဌာနကို သွားပြီး အဲ့ဒီလူနှစ်ယောက်ရဲ့ စာရွက်တွေကို သွားယူခဲ့ကြစမ်း။ ကျိန်းအန်းချန်... မင်းကိုယ်တိုင် သွားလိုက်ပါဦး၊ တခြားသူတွေ နောက်ကွယ်ကနေ လက်ဝါးချင်းရိုက်ပြီး တစ်ခုခု လုပ်မှာ စိုးလို့" ဧကရာဇ်က အမိန့်ပေးလိုက်တယ်။

"မှန်လှပါ ဧကရာဇ်"

******

144 01

အခန်း (၁၄၄)

အချိန်တွေ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားတာနဲ့အမျှ ချန်ချင်းနန်းတော်ထဲမှာတော့ ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။

ဧကရာဇ်ကျားချန်ကတော့ စိတ်ကြည်လင်နေတဲ့ ပုံစံမျိုးနဲ့ အနီးကပ်အစေခံကို ခေါ်ပြီး လက်ဖက်ရည်ကြမ်း အသစ်လဲခိုင်းလိုက်လေတယ်။ လက်ဖက်ရည်ကြမ်းတစ်ခွက်ကို အေးအေးဆေးဆေး သောက်သုံးပြီးတဲ့နောက်မှာတော့ သူဟာ အောက်ဘက်မှာ တစ်လျှောက်လုံး တည်တည်ငြိမ်ငြိမ် ရှိနေတဲ့ ရွှီထင်းရှန်းဆီကို အကြည့်တွေ ပို့လွှတ်လိုက်တော့တယ်။

ဟုတ်ပါတယ်... သူဟာ တကယ်ကို တည်ငြိမ်လွန်းလှပါတယ်။

ဘေးကလူတွေက သူ့ရဲ့တည်ရှိမှုကိုတောင် သတိမပြုမိနိုင်လောက်အောင် ဖြစ်နေပေမဲ့၊ တစ်ဖက်မှာလည်း အံ့ဩစရာကောင်းလောက်အောင်ကို တည်ကြည်နေတာ။ အသက်အရွယ်ကလည်း မကြီးသေးဘဲနဲ့ ဘာလို့များ နှစ်ပေါင်းများစွာ တရားအားထုတ်ထားတဲ့ ရဟန်းအိုကြီးတစ်ပါးလိုမျိုး တည်ငြိမ်နေရတာလဲဆိုတာ တွေးစရာပဲ။

ဧကရာဇ်ကျားချန် သိထားတာကတော့ အောက်မှာ ရပ်နေတဲ့ အမတ်အိုကြီးတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အကြုံတွေနဲ့ ရုန်းကန်လာခဲ့ကြတဲ့သူတွေ။ ဒါပေမဲ့ အခု သူ့ရှေ့က လူငယ်လေးကတော့ အသက် ၂၀ တောင် ပြည့်ပါဦးမလား။

"ရွှီကျဲယွမ်က ဘယ်ဒေသကလဲဆိုတာ ငါ့ကို ပြောပြပါဦး"

ဧကရာဇ်ရဲ့ အမေးစကားကြောင့် အောက်က အမတ်တွေအားလုံးရဲ့ အကြည့်က တစ်ချက် စုပြုံသွားကြတယ်။ ရွှီထင်းရှန်းကတော့ ဒီစကားတွေရဲ့ အနက်အဓိပ္ပာယ်ကို သတိမထားမိသလိုမျိုးပဲ ပြန်လည်လျှောက်တင်လိုက်လေတယ်။

"ကျွန်တော်မျိုးက ရှန်းရှီးပြည်နယ်၊ ဖျင်ယန်းခရိုင်၊ ဟူယန်းမြို့ကပါ"

"ရှန်းရှီးပြည်နယ်၊ ဖျင်ယန်းခရိုင်က ဟူယန်းမြို့လား ငါမှတ်မိသလောက်ဆိုရင် ရှန်အမတ်မင်းကလည်း အဲဒီဒေသကပဲ မဟုတ်လား"

ဧကရာဇ်က နာမည်တပ်ပြီး ခေါ်လိုက်ပြီဆိုတော့ ရှန်ရွှယ်အနေနဲ့လည်း ဆက်ပြီး ငြိမ်နေလို့ မရတော့ပါဘူး။ ရင်ထဲက စိုးရိမ်ပူပန်မှုတွေကို အတင်းမျိုသိပ်လိုက်ရင်း ရှေ့ကို တစ်လှမ်းတိုးကာ လျှောက်တင်ရှာတယ်။

"မှန်လှပါ ဧကရာဇ်၊ ကျွန်တော်မျိုးက ဖျင်ယန်းခရိုင်သား အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်မျိုး ဇာတိကနေ ထွက်လာတာ ကြာပြီဆိုတော့ အိမ်အကြောင်းတွေကိုတောင် သဲသဲကွဲကွဲ မမှတ်မိတော့ပါဘူး"

သူ့ရဲ့ညည်းတွားတဲ့ လေသံကတော့ မေးခွန်းနဲ့ မဆီလျော်သလို ထင်ရပေမဲ့၊ တကယ်တော့ အထဲမှာရှိတဲ့ လူတိုင်းက ရှန်ရွှယ် ဘာကို ဆိုလိုချင်လဲဆိုတာ ကောင်းကောင်း သိကြတာပေါ့။

ဇာတိက ထွက်လာတာ ကြာလို့ အိမ်အကြောင်းတွေ မေ့နေပြီဆိုတာက ရွှီထင်းရှန်းနဲ့ ဘာပတ်သက်မှုမှ မရှိပါဘူးလို့ ငြင်းလိုက်တာပဲ မဟုတ်လား။ ဒါပေမဲ့ ရှန်ရွှယ် မင်းကသာ ဇာတိကို မပြန်တာ၊ ရှန်မိသားစုကတော့ ဖျင်ယန်းခရိုင်မှာ ရှိနေတုန်းပဲလေ။ ရွှီထင်းရှန်းက ရှန်းရှီ၊ ဖူရှီ၊ ယွမ်ရှီ နဲ့ ရှန့်ရှီ တွေမှာ ဆက်တိုက် ပထမစွဲခဲ့တာဟာ မင်းတို့ ရှန်မိသားစုနဲ့ တကယ်ပဲ ဘာမှမဆိုင်ဘူးလို့ ပြောရဲလို့လား။

144 02

ဒါဟာ ဝူအမတ်ချုပ်ကြီး တစ်ယောက်တည်းရဲ့အတွေး မဟုတ်ဘဲ အထဲက လူတိုင်းရဲ့ စိတ်ထဲမှာ ရှိနေတဲ့ မေးခွန်းတွေပါပဲ။ အဲဒါကြောင့်လည်း ဘယ်သူမှ ဝင်မပြောကြဘဲ ဧကရာဇ်ကျားချန်ကလည်း ပြုံးပြီးတော့ပဲ ကျော်လိုက်တော့တယ်။

"ကြည့်ရတာ ရွှီကျဲယွမ်က အသက် သိပ်မကြီးသေးဘူး ထင်တယ်နော်" ဒီနေ့ ဧကရာဇ်ကျားချန်က တော်တော်လေးကို ထူးဆန်းနေခဲ့တာ။ ပုံမှန်ဆိုရင်တော့ တည်တည်တံ့တံ့နဲ့ စကားနည်းတတ်ပေမဲ့၊ ဒီနေ့မှာတော့ ဈေးသည်အမျိုးသမီးတစ်ယောက်လိုမျိုး တတွတ်တွတ်နဲ့ လိုက်မေးနေတယ်။

"ကျွန်တော်မျိုး အသက် ၁၉ နှစ် ရှိပါပြီ "

"၁၉ နှစ်ပဲ ရှိသေးတာလား၊ တကယ့်ကို ပါရမီရှင် လူငယ်လေးပဲ"

"ဧကရာဇ်ရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးတင်လှပါတယ် "

"ဒါနဲ့... အိမ်ထောင်တွေဘာတွေရော ရှိပြီလား။ ငါကြည့်ရတာ မင်းရဲ့ ရုပ်ရည်ကလည်း ခန့်ညားသလို၊ ပညာအရည်အချင်းကလည်း ရှိနေတော့ မင်းကို ချစ်မြတ်နိုးတဲ့ မိန်းကလေးတွေ အများကြီး ရှိမှာပေါ့"

ဒီစကားကို ဘယ်လိုများ ပြန်ဖြေရပါ့မလဲ။ ကံကောင်းတာက ရွှီထင်းရှန်းကလည်း အတွေ့အကြုံရှိတဲ့သူဆိုတော့ အခြေအနေကို ကြည့်ပြီး ပါးပါးနပ်နပ်ပဲ ပြန်လျှောက်လိုက်တယ်။

"ကျွန်တော်မျိုးမှာ အိမ်ထောင်ရှိပါပြီ၊ အသက် နှစ်နှစ်အရွယ် သားလေး တစ်ယောက်လည်း ရှိပါတယ်"

"ဪ... အဖေတောင် ဖြစ်နေပြီပေါ့" ဧကရာဇ်ကျားချန်က ရေရွတ်လိုက်ရင်း ထပ်မေးလိုက်ပြန်တယ်။

"ဒီလောက် ငယ်ငယ်လေးနဲ့ ကျူးရန် ဘွဲ့ကို ရခဲ့တယ်ဆိုတော့... မင်းက ဘယ်သူ့ဆီမှာ ပညာသင်ခဲ့တာလဲ"

အခုမှ တကယ့် အရေးကြီးဆုံး အပိုင်းကို ရောက်လာခဲ့တာ။

တကယ်တော့ ရွှီထင်းရှန်း နန်းတော်ထဲကို မဝင်ခင်ကတည်းက သူ့ရဲ့ နောက်ကြောင်းတွေကို အကုန်လုံးက နှံ့နေအောင် စုံစမ်းထားကြပြီးသားလေ။ ဒါဟာ နည်းနည်းတော့ ပိုပြောသလို ဖြစ်နေပေမဲ့၊ အနည်းဆုံးတော့ ရွှီထင်းရှန်းဟာ ကျုန်းရှူးရှယ်ရန် လင်းမြောင်ရဲ့ တပည့်ဖြစ်တယ်ဆိုတာကိုတော့ အားလုံးက သိနေကြတာပဲ။

ဒါဟာ လူအတော်များများ ငြိမ်နေရတဲ့ အဓိက အကြောင်းရင်းပါပဲ။ ဘာပဲဖြစ်ဖြစ် နန်းတွင်းနဲ့ ပတ်သက်လာရင် ဘယ်ကိစ္စမှ မရိုးရှင်းဘူးလေ။ အဖြူအမည်း မသဲကွဲသေးခင်မှာတော့ ဘယ်သူမှ ရွှံ့ညွန်ထဲကို ခြေစုံပစ်မဝင်ချင်ကြပါဘူး။ ဒီလောက်မှ သတိမရှိရင်တော့ သူတို့တွေ ဒီနေ့ ဒီနေရာမှာ ရပ်နေနိုင်မှာ မဟုတ်ဘူး။

အဲဒါကြောင့် ဧကရာဇ်က ဒီမေးခွန်းကို မေးလိုက်တဲ့ အချိန်မှာ လူတိုင်းရဲ့ အကြည့်တွေဟာ ရွှီထင်းရှန်းဆီကို တစ်ပြိုင်နက် ရောက်သွားကြတော့တယ်။ တချို့က စပ်စုတဲ့ အကြည့်၊ တချို့က စစ်ဆေးတဲ့ အကြည့်၊ တချို့ကတော့ မလိုတမာတဲ့ အကြည့်တွေနဲ့ပေါ့။

ဝူအမတ်ချုပ်ကြီးကတော့ ဒီအချိန်ကိုပဲ စောင့်နေခဲ့တာ။ ဒါဟာ သူ တစ်လျှောက်လုံး တောင်ကြီးတစ်လုံးလို တည်ငြိမ်နေခဲ့ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပေါ့။ သူက ဒီနေရာမှာ ထိုင်နေနိုင်တာဆိုတော့ ဧကရာဇ်ရဲ့စိတ်နေစိတ်ထားကိုလည်း အတန်အသင့် သိနေတာကိုး။

ဧကရာဇ်ကျားချန်ဟာ သူ့ရှေ့မှာ ဉာဏ်နီဉာဏ်နက် သုံးတာကို အမုန်းဆုံး ဖြစ်တယ်။ အဲဒါကြောင့် ဒန်ဝမ်ဗုံကို တီးခဲ့တဲ့ ဒီ ရွှီကျဲယွမ်က ဘယ်လိုများ ပြန်ဖြေမလဲဆိုတာ သူက စောင့်ကြည့်နေခဲ့တာ။

144 03

"ကျွန်တော်မျိုးရဲ့ ဆရာကတော့ အရင်က ဟန်လင်းအကယ်ဒမီရဲ့ စာပြုအရာရှိ၊ အခုတော့ ကျုန်းရှူးရှယ်ရန်ဖြစ်တဲ့ လင်းမြောင်ပါ " ရွှီထင်းရှန်းက အားလုံး ထင်မှတ်မထားလောက်အောင်ကို ပွင့်ပွင့်လင်းလင်း ဖြေလိုက်တာကြောင့် လူတိုင်း အံ့ဩသွားကြရပြန်တယ်။

"လင်းမြောင် လင်းရှယ်ရန်လား" ဧကရာဇ်ကျားချန်က တစ်စုံတစ်ခုကို စဉ်းစားနေသလိုမျိုး လေသံနဲ့ ရေရွတ်လိုက်လေတယ်။

"မှန်လှပါ "

ဒီလို အမေးအဖြေတွေက လူတွေကို တော်တော်လေး ဇဝေဇဝါ ဖြစ်စေတယ်။ ကြည့်ရတာ ဒီကောင်လေးက ငြင်းကွယ်ရမယ့်အစား၊ ဒါမှမဟုတ် ဖုံးကွယ်ထားရမယ့်အစား ဘာလို့ ဒီလောက် ပွင့်လင်းနေရတာလဲ။ သူကများ လင်းမြောင်ရဲ့အဆင့်အတန်းကို မသိလို့လား၊ ဧကရာဇ်က အထင်လွဲမှာကို မကြောက်ဘူးလား။

ဘာကို အထင်လွဲမှာလဲဆိုတော့... လင်းမြောင် ဆိုတဲ့လူက ဘယ်လိုနည်းနဲ့ ရာထူးတက်လာတာလဲဆိုတာ ဘယ်သူက မသိဘဲ နေမှာလဲ။ အိမ်ရှေ့စံက နေမကောင်းဖြစ်နေတယ်၊ ဖုယိုတယ်ကလည်း အမျက်တော်ရှခံရပြီး ထွက်သွားရတယ်၊ အဲဒီမတိုင်ခင်ကလည်း ပေလုအုပ်စု ကို ဖိနှိပ်ခဲ့ကြတာ ဒီထဲက လူတွေပဲ မဟုတ်လား။

တကယ်တော့ တချို့ကလည်း တမင်ဖိနှိပ်တာ မဟုတ်ပါဘူး၊ ကောင်းမွန်တဲ့ နေရာတွေကို အရည်အချင်းရှိသူတွေ အာဏာရှိသူတွေကပဲ ယူရစမြဲ မဟုတ်လား။

အရည်အချင်းဆိုတာ ဘာလဲ အာဏာရှိတာကိုပဲ ခေါ်တာလေ။ ပေလု(မြောက်ပိုင်း)အုပ်စုက ရထားတဲ့ နေရာကောင်းတွေက အများကြီးပဲ။ အရင်က ဘယ်သူမှ မလှုပ်ရဲတာက သူတို့က ကြားနေဖြစ်နေလို့ရယ်၊ ဖုယိုတယ်က အိမ်ရှေ့စံရဲ့ဆရာဖြစ်နေလို့ရယ်ကြောင့်ပေါ့။ အခုတော့ အိမ်ရှေ့စံက အားကိုးလို့ မရတော့ဘူး၊ ဖုယိုတယ်ကလည်း လဲသွားပြီဆိုတော့၊ ဖုယိုတယ်ကလွဲရင် ပေလုအုပ်စုမှာ ကြောက်စရာကောင်းတဲ့သူ တစ်ယောက်မှ မရှိတော့ဘူး။ အဲ့ဒါကြောင့် "လူထွက်သွားရင် လက်ဖက်ရည်က အေးသွားရစမြဲ" ဆိုသလိုပဲပေါ့။

ဒါပေမဲ့ ဧကရာဇ်က လင်းမြောင်ရဲ့အမည်ကို ထုတ်ပြောလိုက်တာဟာ တစ်ခုခုကို သတိပေးလိုက်တာပါပဲ။ ဒါဟာ ဧကရာဇ်က ပေလုအုပ်စုအပေါ်မှာ သံယောဇဉ် ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ။ ဒါပေမဲ့ အဲဒီသံယောဇဉ်က ဘယ်လောက်အထိ ရှိမလဲဆိုတာကတော့ စဉ်းစားစရာပေါ့။ တကယ်လို့သာ ပေလုအုပ်စုက အခုထိ လက်မလျှော့ဘဲ ရေနောက်မှာ ငါးဖမ်းဖို့ ကြိုးစားနေမယ်ဆိုရင်တော့ ဧကရာဇ်ရဲ့စရိုက်အရ ဘယ်လိုဖြစ်လာမလဲဆိုတာ ပြောနေစရာတောင် မလိုတော့ပါဘူး။

ဒီအတွေးတွေဟာ ခဏချင်းမှာပဲ အထဲကလူတွေရဲ့ ဦးနှောက်ထဲကို ဖြတ်ပြေးသွားခဲ့သလို ရွှီထင်းရှန်းလည်း တွေးမိနေခဲ့တယ်။

"လင်းမြောင်လား။ လင်းရှယ်ရန်က ငါ့ရဲ့အနီးကပ်အရာရှိလေ၊ ငါ့ဘေးမှာ အမြဲရှိနေတာကို ဒီအကြောင်းတွေကိုတော့ သူ တစ်ခါမှ မပြောပြဖူးပါလား"

ဧကရာဇ်ကျားချန်ရဲ့အသံက တိုးညှင်းလှပေမဲ့ လူတိုင်းကိုတော့ အသက်ရှူရပ်သွားစေနိုင်ခဲ့တာ။

"ဒါကိုတော့ ကျွန်တော်မျိုး မသိပါဘူး၊ တကယ်လို့ ဧကရာဇ်အနေနဲ့ သိချင်တယ်ဆိုရင်တော့ ဆရာ့ကိုပဲ မေးမြန်းသင့်ပါတယ်"

ဒီစကားကတော့ နည်းနည်းတော့ မရိုမသေ ဖြစ်သွားခဲ့ရပြီ။ ဒါပေမဲ့ ဧကရာဇ်ကျားချန်ကတော့ ရယ်မောလိုက်ရင်း ဆိုလိုက်တော့တယ်။

"မင်းပြောပုံအရဆိုရင်... မင်းက မင်းရဲ့ဆရာ့အပေါ်မှာ မကျေမနပ် ဖြစ်နေတဲ့ ပုံပဲနော်"

ရွှီထင်းရှန်းရဲ့မျက်နှာဟာ ခဏလောက်တော့ တောင့်တင်းသွားခဲ့ရပြီ။ ဘာပဲပြောပြော သူက ငယ်ပါသေးတယ်၊ ဒီလို မျက်စိလျှံနေတဲ့ အရာရှိအိုကြီးတွေရဲ့ရှေ့မှာတော့ သူ့ရဲ့ စိတ်လှုပ်ရှားမှုကို အပြည့်အဝ ဖုံးကွယ်ဖို့ဆိုတာ မလွယ်ဘူးလေ။

"ကျွန်တော်မျိုးက မကျေမနပ် ဖြစ်ရဲပါ့မလား။ ဆရာက ကျွန်တော်မျိုးကို ပညာသင်ပေးခဲ့တဲ့ ကျေးဇူးရှင်ဆိုတော့ ဆရာ ဘာပြောပြော၊ ဘာလုပ်လုပ် ကျွန်တော်မျိုး ကောင်းဖို့အတွက်ပဲ ဖြစ်မှာပါ"

144 04

ဒီစကားထဲမှာ ပါဝင်နေတဲ့ အဓိပ္ပာယ်တွေကတော့ အများကြီးပါပဲ။ လင်းမြောင်က ဘာတွေပြောခဲ့လို့၊ ဘာတွေလုပ်ခဲ့လို့များ ဒီကျောင်းသားလေးက ဒီလောက်ထိ ခံစားချက်တွေ ပြင်းထန်နေရတာလဲ။

ဟုတ်ပြီ... ဟုတ်ပြီ... သေချာပေါက် ရွှီထင်းရှန်းက သူ့စာရွက် အလဲခံရတာကို လင်းမြောင်ကို ပြောပြခဲ့မှာပဲ။ ဒါပေမဲ့ လင်းမြောင်က ဖုယိုတယ်ရဲ့ ဆက်ခံသူအနေနဲ့ရော၊ အခုမှ ရာထူးတက်လာခါစ အနေနဲ့ရော အရှိန်အဝါကို ဖုံးကွယ်ထားရမယ့် အချိန်မို့လို့၊ တပည့်တစ်ယောက်အတွက်နဲ့ ရှေ့ကနေ ထွက်ပြီး အနာခံမှာ မဟုတ်ဘူးလေ။

ဒီကိစ္စက ပတ်သက်နေတာတွေက အရမ်းများလွန်းတော့ တစ်ချက်မှားတာနဲ့ ဝိုင်းတိုက်ခိုက်ခံရမှာ မဟုတ်လား။ ပေလုအုပ်စုရဲ့ လက်ရှိ အခြေအနေအရတော့ ဒီလိုမျိုး လောင်းကြေးမထပ်ရဲကြပါဘူး။ အဲဒီတော့ ဒီကောင်လေးကလည်း ငယ်ရွယ်ပြီး ပါရမီရှိတဲ့အချိန်၊ စိတ်ဓာတ်တွေ တက်ကြွနေတဲ့အချိန်မှာ ဒီလို မတရားမှုကို ခံလိုက်ရတော့ ရင်ထဲမှာ မကျေနပ်ချက်တွေ ရှိနေမှာပေါ့။ အဲဒါကြောင့်ပဲ ကိုယ့်ဘာသာကိုယ် ဗုံလာတီးပြီး ကိစ္စကို ဖွင့်ချလိုက်တာပဲ ဖြစ်ရမယ်။

ဒီလိုမျိုး လုပ်လိုက်လို့ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့ သူ့ရဲ့စဉ်းစားတွေးခေါ်မှု နယ်ပယ်ထဲမှာ လုံးဝမရှိတော့ပါဘူး။ လူငယ်ဆိုတာ ဒီလိုပဲ သွေးကြွတတ်ကြပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်ကြတာ မဟုတ်လား။

ဧကရာဇ်ကျားချန်ရဲ့ မျက်လုံးတွေက တစ်ချက် ဝေ့ဝဲသွားပြီး ရေရွတ်လိုက်လေတယ်။

"ဒီ လင်းမြောင်က ဒီလောက်တောင် ကြောက်တတ်လန့်တတ် ရှိမယ်လို့ ငါလည်း မထင်ထားခဲ့မိဘူး..."

အဲဒီအချိန်မှာပဲ ကျိန်းအန်းချန်က အလျင်အမြန် ဝင်လာခဲ့တယ်။ သူ့ရဲ့လက်ထဲမှာတော့ စာမေးပွဲစာရွက်တချို့ကို အပြင်လူ တစ်ယောက်ရဲ့လက်ကိုမှ မဖြတ်ခိုင်းဘဲ ကိုယ်တိုင် သယ်လာခဲ့တယ်။

"အရှင်... ကျွန်တော်မျိုး တာဝန်ကျေပွန်ခဲ့ပါတယ် "

"ယူလာခဲ့စမ်း"

စာမေးပွဲစာရွက်တွေဟာ ဧကရာဇ်ကျားချန်ရဲ့ ရှေ့ကို ချက်ချင်း ရောက်လာခဲ့ပါပြီ။ ကျိန်းအန်းချန်က စာရွက်ပေါ်က တံဆိပ်ခတ်ထားတဲ့ အိတ်တွေကို ကိုယ်တိုင်ပဲ ဖြတ်လိုက်တော့တယ်။ ဒီတံဆိပ်တွေက ဝန်ကြီးဌာနက ခတ်ထားတာလေ။ ပုံမှန်ဆိုရင် စာရွက်ကြည့်ခွင့် သတ်မှတ်ရက် ကျော်သွားတာနဲ့ စာရွက်တွေကို ဝန်ကြီးဌာနဆီ ပြန်ပို့ရတာ။ ဝန်ကြီးဌာနကလည်း အမှားအယွင်း မရှိတာ သေချာပြီဆိုမှ တံဆိပ်ခတ်ပြီး မော်ကွန်းတိုက်ထဲမှာ သိမ်းဆည်းလိုက်တာ။

စာရွက်လေးစောင်ဟာ ဧကရာဇ်ရဲ့ ရှေ့မှာ တန်းစီပြီး ဖြန့်ချလိုက်ပြီ။ ဘေးမှာလည်း ရွှီထင်းရှန်း အခုလေးတင် တင်ပြထားတဲ့ ကျူးကျွမ်း (နီရဲသောစာရွက်) က ရှိနေတာပေါ့။ ဧကရာဇ်က ကြည့်ရှုပြီးတဲ့နောက်မှာတော့ ရွှီထင်းရှန်းကို လက်ရေးတိုက်စစ်ဖို့အတွက် မှင်နဲ့စက္ကူ ပြင်ခိုင်းလိုက်တော့တယ်။

ရွှီထင်းရှန်းက မိန်းမစိုးလေး ကမ်းပေးတဲ့ ကလောင်တံကို ယူလိုက်ပြီး၊ နောက်ထပ် မိန်းမစိုးတစ်ယောက် ကိုင်ထားတဲ့ ဗန်းပေါ်က စက္ကူမှာ စာရေးလိုက်တယ်။ မျက်တောင်တစ်ခတ်အတွင်းမှာတင် အရည်အသွေးကောင်းလှတဲ့ ရွှမ်စက္ကူပေါ်မှာ လက်ရေးလှ စာသားလေးတစ်ကြောင်း ပေါ်လာခဲ့ပြီ။

မိန်းမစိုးက အဲဒီစက္ကူကို ဧကရာဇ်ဆီ ဆက်သလိုက်တဲ့အခါ၊ ဧကရာဇ်က တစ်ချက်ကြည့်လိုက်တာနဲ့တင် မျက်နှာကြီးက ချက်ချင်း မှောင်ကျသွားတော့တယ်။

ဘာသတိပေးချက်မှ မရှိဘဲ၊ သူ ဘာကို တွေ့သွားလို့ အခုလိုမျိုး တုန့်ပြန်ရတာလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။

144 05

"ဒါကို ရွှီကျဲယွမ်ဆီ ယူသွားပြီး ပြလိုက်စမ်း" ဧကရာဇ်ကျားချန်ရဲ့ လေသံက ခန့်မှန်းရ ခက်လွန်းလှတယ်။ သူ ဘာကို ဆိုလိုချင်တာလဲဆိုတာ မသိရပေမယ့်၊ စိတ်မကြည်မလင် ဖြစ်နေတာကတော့ ထင်ရှားလှတယ်။

မိန်းမစိုး အုပ်စုဟာ စာရွက်တစ်စောင်စီကို ကိုင်ပြီး ရွှီထင်းရှန်းရဲ့ ရှေ့ကို ရောက်လာကြပြီ။

ရွှီထင်းရှန်း အရင်ဆုံး မြင်လိုက်ရတာကတော့ သူ့ရဲ့ ကိုယ်ပိုင်စာရွက်တွေပါပဲ။ ကျူးကျွမ်းရော မော့ကျွမ်း ပါ အစုံအလင်ရှိနေပြီး၊ ပထမဆုံး စာမျက်နှာမှာလည်း သူ့ရဲ့နာမည်နဲ့ နေရပ်လိပ်စာတွေက အမှန်အတိုင်း ပါနေတာကိုး။ ဒါပေမဲ့ အတွင်းကို လှန်ကြည့်လိုက်တဲ့ အခါမှာတော့ သူ မှင်တက်သွားရတော့တယ်။

ဒီ ကျူးကျွမ်း ပေါ်က လက်ရေးက သူ့ရဲ့ လက်ရေးစစ်စစ် ဖြစ်နေလို့ပါပဲ

သူက မော့ကျွမ်းကို အမြန်ဆုံး ဝေ့ကြည့်လိုက်ပြီးမှ ကျူးကျွမ်းကို ထပ်ကြည့်ပြန်တယ်။ စာရွက်ပေါ်မှာ ဘာမှ ထူးခြားတာ မရှိသလို၊ ကျူးကျွမ်း ပေါ်က အကြောင်းအရာတွေကလည်း မော့ကျွမ်းနဲ့ ထပ်တူကျနေတာ။ သူက လက်ကို ဆန့်ထုတ်ပြီး ကျူးကျွမ်းကို ယူကာ အနောက်ဘက်ကို လှန်ကြည့်လိုက်တဲ့ အခါမှာတော့... အစက် နှစ်စက်နဲ့ ကြက်ခြေခတ် သုံးခု... သူ တွေ့ခဲ့တဲ့အတိုင်း အတိအကျပါပဲ။

အခုချိန်မှာတော့ ရွှီထင်းရှန်းဟာ ဝူဝမ်ရွှမ်းရဲ့စာရွက်ကိုတောင် ကြည့်စရာ မလိုတော့ဘဲ ဘာတွေဖြစ်ကုန်လဲဆိုတာ သဘောပေါက်သွားခဲ့ပြီလေ။

တစ်ယောက်ယောက်က ဒီစာရွက် နှစ်စောင်စလုံးကို အတုလုပ်ပစ်လိုက်တာပဲ။

ဝူဝမ်ရွှမ်းရဲ့အမည်နဲ့ လဲလှယ်ခံလိုက်ရတဲ့ စာရွက်ဟာ မူလက သူ့ရဲ့ လက်ရေး ဖြစ်ရမှာလေ၊ ဒါပေမဲ့ အခုတော့ တခြားလက်ရေး တစ်ခုကို ပြောင်းလိုက်ပြီ။ အဲဒါဟာ ဝူဝမ်ရွှမ်းရဲ့လက်ရေးဆိုတာ တွေးနေစရာတောင် မလိုတော့ဘူးပေါ့။ ပြီးတော့ သူ့ဆီကို ရောက်လာတဲ့ ဝူဝမ်ရွှမ်းရဲ့စာရွက်မှာလည်း၊ အကြောင်းအရာတွေက သူရေးတာ မဟုတ်ပေမယ့် လက်ရေးကတော့ သူ့လက်ရေး ဖြစ်နေခဲ့ပြန်တာ။

တကယ့်ကို ပါးနပ်တဲ့ နည်းလမ်းပါပဲ ဝူအမတ်ချုပ်ကြီး က ဘာလို့ ဒီလောက်ထိ တည်ငြိမ်နေလဲဆိုတာ အခုမှ သိတော့တာပဲ၊ သူက အနောက်ကနေ ကြိုတင်ပြီး အကွက်တွေ အများကြီး ပြင်ထားတာကိုး။

နန်းတွင်းထဲမှာ နှစ်ပေါင်းများစွာ အရှိန်အဝါ ကြီးစိုးလာခဲ့ပြီး၊ ဧကရာဇ်ကိုယ်တိုင်တောင် အလွယ်တကူ မထိရဲတဲ့ ဝူအမတ်ချုပ်ကြီးဆိုတာ တကယ်ကို မဟုတ်ဘူးပဲ။

"မဖြစ်နိုင်တာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ" ရွှီထင်းရှန်းဟာ တကယ့်ကို စိတ်ဓာတ်တွေ ပြိုလဲသွားတဲ့သူ တစ်ယောက်လိုမျိုး ယုံကြည်လို့ မရနိုင်တဲ့ အမူအရာကို လုပ်ပြနေတော့တယ်။

ရန်ချုံဟွာ တို့အုပ်စုဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတယ်။ ဧကရာဇ်ကျားချန်ရဲ့မျက်နှာကတော့ မကောင်းလှဘူး။ စွီအမတ်ချုပ်ကြီးကတော့ အရင်အတိုင်းပဲ ရဟန်းအိုကြီးတစ်ပါးလို ငြိမ်ပြီး ထိုင်နေခဲ့တယ်။ မျက်တောင်လေးကို အသာလေး မှေးထားတာဆိုတော့ အိပ်ပျော်နေတာလား၊ ဘာလားဆိုတာတောင် ခွဲမရခဲ့ဘူး။

ဝူအမတ်ချုပ်ကြီးကတော့ ကိုယ့်ဘာသာကိုယ် ရှေ့ထွက်လာပြီး စာရွက်တွေကို သူ့ကို ပြဖို့ လှမ်းခေါ်လိုက်တယ်။

ဧကရာဇ်က ခေါင်းညိတ်ပြလိုက်တာနဲ့ စာရွက်ကိုင်ထားတဲ့ မိန်းမစိုးတွေဟာ ဝူအမတ်ချုပ်ကြီးဆီကို သွားပြကြလေတယ်။ ဝူအမတ်ချုပ်ကြီးက ဖုန်းချန်ပေါင်နဲ့ဖေးချန့်တို့ကိုပါ လာကြည့်ဖို့ ခေါ်လိုက်တာကြောင့် အားလုံးက ဝိုင်းပြီး ကြည့်နေကြတော့တယ်။

ဖုန်းချန်ပေါင်က ဆိုလာခဲ့တယ။ "ဒီစာရွက် နှစ်စောင်နဲ့ လက်ရေးတွေကို ကြည့်ရသလောက်တော့ ဘာမှ ထူးခြားတာ မတွေ့ရပါဘူး။ ရွှီကျဲယွမ်... မင်း ဘယ်လိုများ ရှင်းပြချင်သေးလဲ"

ဖေးချန့်ကလည်း မဲ့ပြုံးလေးနဲ့ "ရွှီကျဲယွမ်က ငါတို့ကို လာပြီး နောက်ပြောင်နေတာလား မသိဘူးနော်"

144 06

ဒီစကားကတော့ တော်တော်လေးကို အပြစ်ကြီးကြီးမားမား ပုံချလိုက်တာပါပဲ။ ရွှီထင်းရှန်းဆိုတာ ကျူးရန် သေးသေးလေး တစ်ယောက်ပဲလေ။ ဒီမှာရှိတဲ့ အရာရှိကြီးတွေထဲက ဘယ်သူမဆို လက်ညှိုးတစ်ချောင်းနဲ့တင် သူ့ကို ဖိသတ်လိုက်လို့ ရတာကို၊ သူက ဘယ်သူ့ကို သွားပြီး နောက်ပြောင်ရဲမှာလဲ။

ဒါပေမဲ့ အမှန်တရားကတော့ စာရွက်ပေါ်မှာ ဘာအမှားအယွင်းမှ ရှာမတွေ့တာပါပဲ။ ရွှီထင်းရှန်းကို လက်ရေးတိုက်စစ်ခိုင်းရင်တောင်မှ ဘာမှ သက်သေပြနိုင်မှာ မဟုတ်တော့ဘူးလေ။

"ရွှီထင်းရှန်း... မင်းမှာ ပြောစရာ ဘာကျန်သေးလဲ"

လူအများရဲ့အကြည့်တွေအောက်မှာ ရွှီထင်းရှန်းရဲ့ မျက်နှာဟာ အရောင်မျိုးစုံ ပြောင်းလဲနေပြီး တကယ့်ကို စိတ်လှုပ်ရှားမှုတွေ အစုံအလင် ဖြစ်နေတော့တယ်။

ခဏကြာတော့ ရွှီထင်းရှန်းဟာ ဝုန်းခနဲ ဒူးထောက်ချလိုက်ပြီး လျှောက်တင်လိုက်တယ်။ "ဧကရာဇ်... ကျွန်တော်မျိုး ပြောသမျှဟာ အမှန်တွေချည်းပါပဲ။ တကယ်လို့ ကျွန်တော်မျိုးက တမင်လိမ်တာဆိုရင် ကျွန်တော်မျိုးရဲ့ လက်ထဲက ဒီ ကျူးကျွမ်းက ဘာလဲဆိုတာ ရှင်းပြပေးပါဦး။ အခု ဘာလို့ ဒီလိုအခြေအနေတွေ ဖြစ်ကုန်တာလဲဆိုတာကိုတော့ ကျွန်တော်မျိုးလည်း မသိပါဘူး၊ ဧကရာဇ်အနေနဲ့ အမှန်အတိုင်း သိမြင်ပေးပါဦး "

"မင်းရဲ့လက်ထဲက ကျူးကျွမ်း ပေါ်မှာက မင်းရဲ့လက်ရေးတွေပဲလေ။ အတုလုပ်ချင်တယ်ဆိုရင်တော့ သိပ်ပြီး မခက်ခဲလှပါဘူး"

ဝူအမတ်ချုပ်ကြီးကတော့ နောက်ဆုံးမှာ စကားစလိုက်ပါပြီ။ ဒါပေမဲ့ အဲ့ဒီစကားက လူကို သေအောင် သတ်မယ့် ဓားတစ်စင်းလိုပါပဲ။ တကယ်လို့သာ ဒီပြစ်မှုက အတည်ဖြစ်သွားမယ်ဆိုရင်၊ ရွှီထင်းရှန်းရဲ့အဆင့်အတန်းနဲ့ဆိုရင် အရင်ဆုံး ဒန်ဝမ်ဗုံကို တီးပြီး စည်းကမ်းဖောက်ဖျက်ခဲ့တာ၊ လူစုလူဝေးနဲ့ ဆူပူအောင် လုပ်ခဲ့တာတွေအပြင် ဧကရာဇ်ကိုပါ လိမ်ညာဖို့ ကြိုးစားတယ်ဆိုတဲ့ အပြစ်နဲ့ဆိုရင်တော့... ဘယ်လိုမှ အသက်ရှင်ဖို့ လမ်းမရှိတော့ပါဘူး။

"ဧကရာဇ်က ကျွန်တော်မျိုးကို စမ်းသပ်ကြည့်လို့ ရပါတယ်၊ ကျွန်တော်မျိုး ရေးခဲ့တဲ့ စာမူတွေကို အစကနေ အဆုံးထိ အလွတ်ရွတ်ပြနိုင်ပါတယ် " ရွှီထင်းရှန်းရဲ့မျက်နှာကတော့ သေလူတစ်ယောက်လို ဖြူဖျော့နေပြီး နောက်ဆုံးအဆင့်အထိ ရုန်းကန်နေတယ်။

"ရွှီကျဲယွမ်... မင်းပြောတာကတော့ တကယ်ကို ရယ်စရာကောင်းလှပါပေ့။ စာမေးပွဲပြီးရင် ထူးချွန်စာမူတွေကို နံရံမှာ ကပ်ထားတာ ဘယ်သူက မသိဘဲ နေမှာလဲ။ မင်းက အဲဒါတွေကို ကျက်လာပြီး အခုလာပြောပြနေတာက ဘာကို သက်သေပြနိုင်မှာလဲ"

ဟုတ်တယ်... ဘာမှ သက်သေမပြနိုင်ပါဘူး။ စာမူတွေကို ကြည့်ပြီးမှ အလွတ်ကျက်လာတာလို့ ပြောလိုက်ရင် ပြီးတာပဲ မဟုတ်လား။

အကြည့်အားလုံးက ရွှီထင်းရှန်းဆီမှာပဲ စုနေခဲ့တယ်။ သူ့ရဲ့မျက်နှာပေါ်မှာ မျှော်လင့်ချက်ကင်းမဲ့ပုံ၊ ထိတ်လန့်တုန်လှုပ်ပုံ၊ စိတ်ပျက်အားငယ်ပုံတွေက တစ်လှည့်စီ ဖြတ်ပြေးသွားပြီးမှ၊ နောက်ဆုံးမှာတော့ အရာအားလုံးဟာ ငြိမ်သက်သွားခဲ့ရပြီ။ အစကနေ အဆုံးအထိ သူဟာ ဘယ်သူ့ဆီကမှ အကူအညီတောင်းမယ့် ပုံစံမျိုးလည်း မပြခဲ့ပါဘူး။

ဧကရာဇ်ကျားချန်ရဲ့မျက်လုံးထဲမှာ စိတ်ပျက်တဲ့ အရိပ်အယောင်လေး တစ်ချက် ဖြတ်ပြေးသွားခဲ့တာပေါ့။ တစ်ခုခု ပြောဖို့ ပြင်လိုက်စဉ်မှာပဲ ရွှီထင်းရှန်းက နောက်တစ်ခါ အသံထွက်လာပြန်တယ်။

"ကျွန်တော်မျိုးမှာ နောက်ထပ် သက်သေ ရှိပါသေးတယ် "

"ဘာသက်သေလဲ"

"ကျွန်တော်မျိုးကတော့ ဒါကို မပြောချင်ခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်မျိုးရဲ့ မိတ်ဆွေတစ်ယောက်ရဲ့ အနာဂတ်နဲ့ ပတ်သက်နေလို့ပါပဲ။ ဒါပေမဲ့ အခုချိန်မှာတော့..." သူက ခဏလောက် ရပ်လိုက်ပြီး ခက်ခက်ခဲခဲနဲ့ ဆက်ပြောလိုက်တယ်။ "တစ်ယောက်ယောက်က စာမေးပွဲဖြေမယ့် ကျောင်းသားတွေကို တမင်တကာ ထောင်ချောက်ဆင်ပြီး၊ သူတို့ကို အကျပ်ကိုင်ကာ စာမေးပွဲမှာ တမင်ရှုံးအောင် လုပ်ခိုင်းနေပါတယ်။ ဒါဟာ ကြီးမားတဲ့ အကျိုးအမြတ်တွေကို ရယူဖို့အတွက် လုပ်ဆောင်နေတာပါ "

"ရွှီကျဲယွမ်... မင်း ဘာတွေ ပြောနေလဲဆိုတာ မင်း သိရဲ့လား"

144 07

"ဧကရာဇ်... ကျွန်တော်မျိုး ပြောသမျှဟာ အမှန်တွေပါ၊ လိမ်ညာခဲ့ရင် ကောင်းကင်က မိုးကြိုးပစ်ပါစေ။ ဒီကိစ္စက လူတွေကြားမှာ တိုးတိုးတိတ်တိတ်နဲ့ ဟိုးလေးတကျော် ဖြစ်နေတာ ကြာပါပြီ၊ ဒါပေမဲ့ ကျွန်တော်မျိုးတို့လို ကျောင်းသားတွေကတော့ မပြောရဲကြသလို ပြောစရာ နေရာလည်း မရှိလို့ပါပဲ။ ကျွန်တော်မျိုး ဒါကို အသေအချာ ပြောနိုင်တာကတော့... ဒီလို ဒုက္ခမျိုးကို ခံခဲ့ရတဲ့သူဟာ ကျွန်တော်မျိုးရဲ့ မိတ်ဆွေတစ်ယောက် ဖြစ်နေလို့ပါပဲ..."

ရွှီထင်းရှန်းက သူကိုယ်တိုင် ဝမ်ရှို့နောက်ကို ခြေရာခံလိုက်ခဲ့တာတွေကို ဖျောက်ပစ်လိုက်ပြီး၊ လမ်းမှာ တိုက်တိုက်ဆိုင်ဆိုင်နဲ့ ဘဝပျက်နေတဲ့ ဝမ်ရှို့ကို တွေ့ခဲ့ရတာလို့ ပြောင်းပြောလိုက်တယ်။ ဝမ်ရှို့ဆီကနေ အကြောင်းစုံကို သိခဲ့ရပြီး၊ ဝမ်ရှို့ကလည်း အခုချိန်မှာ လူအများရဲ့ ကျိန်ဆဲတာကို ခံနေရတဲ့သူဖြစ်လို့ သူ့အိမ်မှာ ခဏ ခေါ်ထားပေးတဲ့အကြောင်းကိုလည်း လျှောက်တင်လိုက်တယ်။

"...ဝမ်ရှို့ကတော့ ဒီကိစ္စကို ဖော်ထုတ်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင်ကလည်း အကျင့်စာရိတ္တ မကောင်းခဲ့တာ ပါသလို၊ တစ်ဖက်လူရဲ့ အရှိန်အဝါက ကြီးလွန်းတော့ အသတ်ခံရမှာကိုလည်း ကြောက်နေလို့ပါပဲ။ အဲ့ဒါကြောင့်လည်း သူကတော့ ကိုယ်တိုင်ချက်တဲ့ ဆေးကို ခါးစည်းခံဖို့ပဲ ဆုံးဖြတ်ထားတာပါ။ ကျွန်တော်မျိုးကတော့ ဧကရာဇ်ကို အသနားခံချင်တာက... ဝမ်ရှို့ကိုတော့ အပြစ်မပေးပါနဲ့ဦး။ သူကလည်း လောကအကြောင်း မသိသေးဘဲ သူများရဲ့အကောက်ကြံတာကို ခံလိုက်ရလို့ပါ"

စကားဆုံးတာနဲ့ ရွှီထင်းရှန်းဟာ မြေပြင်ပေါ်မှာ ခေါင်းနဲ့ထိပြီး ငြိမ်နေလိုက်ပါတော့တယ်။

"ကောင်းပြီ... တကယ့်ကို ကောင်းတယ်"

ဒီအခါကျမှပဲ အစကတော့ သိပ်ပြီး ဂရုမစိုက်သလို နေနေတဲ့ ဧကရာဇ်ကျားချန်ဟာ အခြေအနေကို အလေးအနက် စတင်ရှုမြင်လာတော့တယ်။

တကယ်တော့ သူက အပြင်ပန်းမှာသာ ဒီလိုနေပြတာဖြစ်ပြီး၊ ငါးကြီးတွေကို မျှားချင်လို့ အကွက်ဆင်ထားတာလည်း ဖြစ်နိုင်တာပဲလေ။ ဒါပေမဲ့ အခု ထွက်ပေါ်လာတဲ့ကိစ္စကတော့ သူ့ရဲ့ထင်မှတ်ထားတာထက်ကို အများကြီး ကျော်လွန်နေခဲ့ပြီ။

အစကတော့ တစ်ယောက်ယောက်က ကိုယ်ကျိုးအတွက် မသမာမှု လုပ်တယ်လို့ပဲ ထင်ထားတာ၊ ဘယ်သူက ထင်မှာလဲ... ဒီလောက်ထိ ခြောက်ခြားဖွယ်ကောင်းတဲ့ ကိစ္စတွေ နောက်ကွယ်မှာ ရှိနေလိမ့်မယ်လို့။

လူတွေကြားမှာ ပျံ့နှံ့နေပေမယ့် ဘယ်သူမှ မပြောရဲကြဘူးတဲ့။ ဘာလို့လဲ သေချာပေါက် တစ်ဖက်လူရဲ့အရှိန်အဝါက ကြီးမားလွန်းလို့ လူတိုင်းက ကြောက်နေကြတာပေါ့။ ပြီးတော့ ဒီလိုမျိုးရိုးနာမည်ကို လောင်းကစားတာကလည်း မနေ့တစ်နေ့ကမှ ဖြစ်တာ မဟုတ်ဘူး၊ မဟုတ်ရင် သာမန်အရပ်သားတွေအထိတောင် ဘယ်လိုလုပ်ပြီး ပါဝင်ပတ်သက်နေပါ့မလဲ။

ရွှီထင်းရှန်း ပြောတာကတော့ အကုန်လုံး ပြည့်ပြည့်စုံစုံ မဟုတ်သေးပေမယ့်၊ သူ့ရဲ့စကားအနည်းငယ်ကပဲ ဧကရာဇ်ကျားချန်အတွက် အများကြီး တွေးစရာတွေ ဖြစ်သွားစေခဲ့တယ်။

"ဒီကိစ္စက တကယ်ကို ခြောက်ခြားဖို့ ကောင်းလှပါတယ်။ ဧကရာဇ်အနေနဲ့ ဒါကို အသေအချာ စုံစမ်းစစ်ဆေးရပါမယ်" တစ်လျှောက်လုံး ငြိမ်နေခဲ့တဲ့ စွီအမတ်ချုပ်ကြီးက နောက်ဆုံးမှာတော့ စကားစလာခဲ့ပါပြီ။

"တိုင်းပြည်ရဲ့စာမေးပွဲကြီးကို သုံးပြီး ကိုယ်ကျိုးရှာတယ်၊ လာဘ်စားတယ်ဆိုတာကတော့ တကယ်ကို မဟုတ်သေးပါဘူး ဧကရာဇ်... ကျွန်တော်မျိုးက ဝန်ကြီးဌာနရဲ့ဝန်ကြီးတစ်ယောက်အနေနဲ့၊ ဒီကိစ္စကို ကြိုတင် မသိခဲ့တာဟာ ကျွန်တော်မျိုးရဲ့ အမှားပါပဲ။ ကျွန်တော်မျိုးကို အပြစ်ပေးတော်မူပါ" ထန်အမတ်ချုပ်ကြီးက တဆတ်ဆတ်တုန်ရင်း ဒူးထောက်လျှောက်တင်ရှာတော့တယ်။

စွီအမတ်ချုပ်ကြီးက ဧကရာဇ်ကို ကြည့်ပြီး ကူပြောပေးလိုက်တယ်။ ဒါကလည်း အမှန်တရားပဲဆိုတော့ လူတိုင်း သိကြတာပဲလေ။

144 08

"ဧကရာဇ်အနေနဲ့ သိမြင်ပေးပါဦး၊ ထန်အမတ်မင်းက တိုင်းပြည်အတွက် ဘယ်လောက်တောင် အားသွန်ခွန်စိုက် လုပ်ခဲ့လဲဆိုတာ အားလုံးအသိပါပဲ။ ဒီရက်ပိုင်းအတွင်းမှာ သူ့မှာ ကျန်းမာရေးကလည်း မကောင်းတော့ ဝန်ကြီးဌာနက အလုပ်တွေကို သူ မကြည့်နိုင်တာ ကြာပါပြီ"

"ဒီကိစ္စကိုတော့ လုံးဝ လျစ်လျူရှုထားလို့ မဖြစ်ပါဘူး" မာချီက ရှေ့ထွက်ပြောလိုက်သလို၊ "သေချာပေါက် စုံစမ်းရမှာပါ" လို့လည်း အားလုံးက ဝိုင်းပြောကြတော့တယ်။

တစ်လျှောက်လုံး ငြိမ်နေတဲ့ အမတ်ချုပ်ကြီးတွေရော၊ ပြစ်မှုဆိုင်ရာဝန်ကြီး ယင်နျန်၊ တရားလွှတ်တော်ချုပ် အကြီးအကဲ ဝမ်ချုံယောင်နဲ့ ထုန်းကျန့်ဖူ အရာရှိချုပ် ကျန်းချန် တို့ပါ အကုန်လုံး ရှေ့ကို ထွက်လာကြတော့တယ်။

ဝူအမတ်ချုပ်ကြီး နဲ့ ရှန်ရွှယ် တို့ နှစ်ယောက်ပဲ ကျန်နေခဲ့တယ်။

ရှန်ရွှယ်ကတော့ တစ်ချက် မှင်တက်သွားပြီးမှ သူလည်း အမြန်ပဲ ရှေ့ကို ထွက်လာခဲ့ပါတယ်။ ဝူအမတ်ချုပ်ကြီးကတော့ မျက်နှာကြီး ပျက်ယွင်းနေခဲ့ပေမယ့် နောက်ဆုံးမှာတော့ မတတ်သာဘဲ သူလည်း နောက်ကနေ ကပ်ပြီး လိုက်လာခဲ့ရတော့တယ်။

ဧကရာဇ်ရဲ့အမိန့်တော် တစ်ချက်နဲ့တင် နန်းတွင်း တပ်သားတွေဟာ အုပ်စုခွဲပြီး ထွက်ခွာသွားကြပါပြီ။ တစ်ဖွဲ့က ဝမ်ရှို့ကို သွားခေါ်ဖို့၊ ကျန်တဲ့ အဖွဲ့တွေကတော့ ဆေးဘုရင်ကျောင်းတော်နားက လောင်းကစားဝိုင်းတွေကို ဝင်ဖမ်းဖို့နဲ့၊ စာမေးပွဲ စာစစ်မှူးချုပ်၊ ဒုစာစစ်မှူးချုပ်တွေအပြင် အခန်းစောင့်ဆရာတွေရဲ့ အိမ်တော်တွေကိုပါ သွားရောက် ဝိုင်းရံဖို့အတွက်ပေါ့။

တစ်ခဏအတွင်းမှာတင် မြို့တော်ကြီးဟာ လှိုင်းလေတွေ ထန်သွားခဲ့ရပြီး၊ အခြေအနေက ဘာဖြစ်လာမှန်း မသိရသေးတာကြောင့် နန်းတွင်းက အရာရှိကြီးငယ်တွေ အားလုံးဟာလည်း ကိုယ့်အသက်ကိုယ် စိုးရိမ်ပြီး ထိတ်လန့်နေကြရတော့တယ်။

******

All Chapters