အခန်း (၁၄၅-၁၄၆)
Vol. 15 Ch. 145-146
အခန်း (၁၄၅)
နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ဆိုတာ ဧကရာဇ်ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိတဲ့တပ်ဖွဲ့တွေဖြစ်ပြီး အားလုံးကို စုပေါင်းပြီးတော့ နန်းတွင်းတပ်သားလို့ ခေါ်ကြတာပေါ့။ အဲ့ဒီထဲမှာမှ ဧကရာဇ်ရဲ့ ခရီးစဉ်တွေကို လုံခြုံရေးယူပေးရတဲ့ ကိုယ်ရံတော်တပ်နဲ့ နန်းတော်ရဲ့ တံခါးတွေကို စောင့်ကြပ်ရတဲ့ ကင်းတပ်ဆိုပြီး နှစ်မျိုးကွဲပြားသေးတာ။
အခု နန်းတော်ထဲကနေ လူဖမ်းဖို့ ထွက်လာတဲ့အဖွဲ့ကတော့ ဧကရာဇ်ကျားချန်ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဖြစ်တဲ့ ကျင်ယီဝေတွေပါပဲ။ ရှေးမင်းဆက်တွေတုန်းကတော့ မြို့တော်တစ်ခုလုံးကို စုံစမ်းစစ်ဆေး ဖမ်းဆီးနိုင်တဲ့ အခွင့်အာဏာတွေနဲ့ နာမည်ကျော်ခဲ့ပေမယ့်၊ အခုခေတ်မှာတော့ အဲ့ဒီအရှိန်အဝါတွေ မှိန်သွားပြီး သာမန်ကိုယ်ရံတော်တပ်အဆင့်ပဲ ကျန်ခဲ့တော့တယ်။ ဒါပေမဲ့လည်း ဧကရာဇ်ရဲ့ လူယုံတော်တပ်ဖွဲ့ဆိုတော့ ဘယ်သူမှတော့ လျှော့မတွက်ရဲကြပါဘူး။ သူတို့တွေဟာ ပုံမှန်ဆိုရင် လူကြားထဲ သိပ်ပြီး ထွက်လေ့ထွက်ထ မရှိကြပေမယ့်၊ မြို့ထဲမှာ သူတို့ရဲ့ အရိပ်အယောင် မြင်လိုက်ရပြီဆိုရင်တော့ တစ်နေရာရာမှာ ကိစ္စကြီးတစ်ခုခု ဖြစ်ပြီဆိုတာ သေချာနေပြီ။
နန်းတော်တံခါးဝမှာ တစ်လျှောက်လုံး စောင့်နေကြတဲ့ ကျောင်းသားတွေခမျာလည်း ဒီလူတွေ ဒေါသတကြီး ပြေးထွက်လာတာ မြင်တော့ သူတို့ကို လာဖမ်းတာများလားဆိုပြီး တုန်လှုပ်ကုန်ကြတော့တယ်။ ခြေထောက်တွေ ခွေယိုင်ကုန်လို့သာ ထွက်မပြေးနိုင်ဘဲ အဲဒီနေရာမှာတင် တောင့်တောင့်ကြီး ရပ်နေကြရတာ။ ဒါပေမဲ့ အဲဒီ ကျားရဲ၊ သစ်အုပ်တွေလို ကြမ်းတမ်းလှတဲ့ ကိုယ်ရံတော်တပ်သားတွေက သူတို့ကို ဂရုတောင်မစိုက်ဘဲ ကျော်ဖြတ်သွားပြီး၊ မြို့တော်ရဲ့လမ်းမကြီး လမ်းကြားတွေထဲကို တစ်ဟုန်ထိုး ဝင်သွားကြတော့တာပါပဲ။
သိပ်မကြာခင်မှာပဲ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီ။ ဧကရာဇ်က ဒီတစ်ကြိမ် ဟွေ့ရှီကို ဦးစီးခဲ့တဲ့ စာစစ်မှူးချုပ်တွေနဲ့ အခန်းစောင့်ဆရာ အားလုံးကို ဖမ်းခိုင်းလိုက်ပြီတဲ့။ အခြေအနေကတော့ အားလုံး ထင်ထားတဲ့အတိုင်း ကွင်းကွင်းကွက်ကွက် ပေါ်လာခဲ့ပြီပေါ့။ စာမေးပွဲမှာ တကယ်ပဲ မသမာမှုတွေ ရှိခဲ့တာဖြစ်ပြီး၊ အဲ့ဒါကလည်း အတော်လေးကို အတိုင်းအတာ ကြီးမားနေခဲ့တာကိုး။ ကျောင်းသားတွေကတော့ အခုချိန်မှာ လုံးဝမပြန်ကြတော့ပါဘူး။ ဒီကိစ္စရဲ့ အဆုံးသတ်က ဘာပဲဖြစ်ဖြစ် သူတို့ကတော့ အမှန်တရားအတွက် ဒီမှာပဲ အသေခံ စောင့်နေကြတော့မှာ ဖြစ်တယ်။
ကျရှုံးခဲ့တဲ့ ကျူးရန်တွေ ဝူးမန်တံခါးရှေ့မှာ ပိုပြီး စုမိလာသလို၊ တစ်ဖက်မှာလည်း ချန်ချင်းနန်းတော်ထဲမှာ ဝမ်ရှို့ဟာ ဧကရာဇ်ရဲ့ ရှေ့မှောက်ကို ရောက်နေခဲ့ပြီလေ။ ဝမ်ရှို့ခမျာလည်း ဘာမှ မဖုံးကွယ်ရဲတော့ပါဘူး၊ သူ့အပေါ်မှာ ဖြစ်ပျက်ခဲ့သမျှကို တစ်ခုမကျန် လျှောက်တင်လိုက်တော့တယ်။ အရင်က ရွှီထင်းရှန်း မှာခဲ့သလိုပဲ... အသက်ရှင်ချင်ရင်၊ နောက်တစ်ချိန်မှာ လူတောတိုးချင်ရင် ဒါဟာ တစ်ခုတည်းသော အခွင့်အရေးပဲ မဟုတ်လား။ အမှန်တရားကတော့ အရှိအတိုင်းပါပဲ၊ ဒါပေမဲ့ ရွှီထင်းရှန်းက အနောက်ကနေ ဘယ်လို ခြေရာခံခဲ့လဲဆိုတဲ့ အပိုင်းကိုတော့ သူက ပါးပါးနပ်နပ်လေး ချန်ထားခဲ့တာပေါ့။
ဧကရာဇ်ကျားချန်ကတော့ အကြီးအကျယ် အမျက်တော်ရှတော့တယ်။ ဒီတစ်ခါတော့ ကျင်ယီဝေ တစ်တပ်လုံး ထွက်လိုက်ရပြီး ဟိုလောင်းကစားဝိုင်းတွေကို ပိတ်ပစ်လိုက်ရုံတင်မကဘဲ၊ ရုံရှန့် ငွေတိုက်ကိုပါ ချိပ်ပိတ်ခိုင်းလိုက်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ ရှုန့်ထျန်းဖူရဲ့ ကင်းလှည့်တပ်ဖွဲ့တွေလည်း ထွက်လာခဲ့ပြီး၊ ဒီတစ်ကြိမ် စာမေးပွဲမှာ အောင်စာရင်းပါခဲ့တဲ့သူတွေ အားလုံးကို ကုန်းယွမ်ထဲမှာ ပြန်ပြီးဖမ်းဆီး ထိန်းသိမ်းထားလိုက်တော့တယ်။
145 02
မြို့တော်တစ်ခုလုံးမှာတော့ လူရော မြင်းရော ရုတ်ရုတ်သဲသဲနဲ့ကို ဖြစ်နေတော့တယ်။ ဒီကိစ္စကတော့ တကယ်ကို ကြီးကြီးမားမား ပေါက်ကွဲသွားပြီဆိုတာ လူတိုင်း သိလိုက်ကြပြီ။ ဒါပေမဲ့ ဒါတွေအားလုံးက ရွှီထင်းရှန်းနဲ့တော့ လောလောဆယ် ဘာမှမဆိုင်သေးပါဘူး။ သူကတော့ အဲ့ဒီနေ့ ညနေမှာတင် နန်းတော်ထဲကနေ ပြန်ထွက်လာနိုင်ခဲ့လို့ သူ့ဘေးကလူတွေလည်း ရင်ထဲက အလုံးကြီး ကျသွားကြရတာပေါ့။ ဒီကိစ္စ ဖြစ်ပြီးသွားပြီဆိုမှတော့ ရလဒ်က ဘယ်လိုပဲထွက်ထွက်၊ အနည်းဆုံးတော့ ဒီမြို့တော်ထဲမှာ ရွှီထင်းရှန်းကို ဘယ်သူမှ မထိရဲတော့တာတော့ အမှန်ပဲ။ ဝမ်ရှို့ကတော့ ပြန်မလာနိုင်သေးပါဘူး။ သူက အဓိက သက်သေဖြစ်နေတာကြောင့် တရားလွှတ်တော်ချုပ်မှာပဲ ခဏ ထိန်းသိမ်းခံထားရတယ်။
ဧကရာဇ်ကျားချန် (၉) နှစ်ရဲ့ ဧပြီလကတော့ တကယ့်ကို စည်ကားလှတဲ့ လတစ်လ ဖြစ်ခဲ့ရတယ်။ ဒီလို ကိစ္စတွေ ဖြစ်လာပြီဆိုမှတော့ နန်းတွင်းစာမေးပွဲကလည်း သတ်မှတ်ထားတဲ့အတိုင်း ကျင်းပလို့ မရတော့ဘူး။ အခုမှ အောင်လာတဲ့ ကုန်းရှီတွေလည်း အကုန်လုံး ကုန်းယွမ် ထဲမှာ အပိတ်ခံထားရတာဆိုတော့ ဘယ်လိုလုပ်ပြီး စာမေးပွဲ ဖြေနိုင်ပါ့မလဲ။
အချိန်တွေ ကုန်လွန်သွားတာနဲ့အမျှ စာမေးပွဲ မသမာမှုအပေါ် စစ်ဆေးချက်တွေကလည်း သိပ်ပြီး မချောမွေ့လှပါဘူး။ အရာရှိတချို့ကတော့ အမှန်အတိုင်း ဝန်ခံကြပေမယ့်၊ တချို့ကျတော့လည်း ကိုယ့်လွတ်ရုန်းဖို့အတွက် တခြားသူတွေကို ဟိုကယောင် ဒီကယောင်နဲ့ လိုက်ပြီး စွပ်စွဲနေကြတော့ ပါဝင်ပတ်သက်တဲ့ အရာရှိတွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုများလာခဲ့တယ်။ စာရေးငယ်လေးတွေကနေစပြီး ဝန်ကြီးဌာနက ဒုဝန်ကြီးတွေအထိ ပါဝင်နေတာကြောင့် ရှုန့်ထျန်းဖူ နဲ့ ပြစ်မှုဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောင်တွေမှာ လူတွေ ပြည့်နှက်သွားခဲ့ရသလို၊ နောက်ဆုံးမှာတော့ တရားလွှတ်တော်ချုပ် ထောင်ထဲမှာတောင် နေရာမရှိတော့ဘူး။
ဖမ်းဆီးခံထားရတဲ့ အရာရှိတချို့ဆိုရင် ကိုယ့်ရဲ့ ဖြူစင်မှုကို သက်သေပြဖို့ဆိုပြီး ထောင်ထဲမှာတင် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေပစ်ကြတဲ့အထိ ဖြစ်လာခဲ့တာ။ ဧကရာဇ်ကျားချန်ရဲ့မျက်နှာကလည်း တစ်နေ့ထက်တစ်နေ့ ပိုပြီးမှောင်ကျလာခဲ့သလို၊ ညီလာခံ တက်ရတဲ့ အရာရှိတွေဆိုတာလည်း ကြောက်လန့်တကြားနဲ့ တဆတ်ဆတ် တုန်နေကြရတာပေါ့။ အဲ့ဒီအချိန်မှာပဲ ဧကရာဇ်က အမိန့်တော် တစ်စောင် ထုတ်လိုက်ပြန်တယ်... မြို့တော်ကနေ ပြန်သွားကြပြီဖြစ်တဲ့ ကျောင်းသားတွေကို မြို့တော်ဆီ ပြန်ခေါ်ပြီး စာမေးပွဲ ပြန်ဖြေခိုင်းဖို့ပါပဲ။
ဧကရာဇ်ကျားချန် (၉) နှစ်၊ မေလ (၈) ရက်နေ့မှာတော့ ဟွေ့ရှီကို ရှုန့်ထျန်းကုန်းယွမ်မှာ ပြန်ပြီး ကျင်းပခဲ့ပါတယ်။ အရင်ကနဲ့ မတူတာကတော့ ဒီတစ်ခါမှာ စာစစ်မှူးချုပ်တွေအဖြစ် ဝန်ကြီးဌာန ၆ ခုရဲ့ ဝန်ကြီးချုပ်တွေနဲ့အတူ တူးချာယွမ်၊ တရားလွှတ်တော်ချုပ် နဲ့ ထုန်းကျန့်ဖူက အရာရှိချုပ်တွေပါ ပါဝင်လာတာပဲ။
ဝန်ကြီး ၉ ဦးက ကိုယ်တိုင် ကြီးကြပ်တဲ့ စာမေးပွဲဆိုတာ ခေတ်အဆက်ဆက်မှာ တစ်ခါမှ မကြားဖူး၊ မမြင်ဖူးတဲ့ ကိစ္စကြီးပါပဲ။ ဒါတင်မကသေးဘူးနော်... ဒီတစ်ခါ စာမေးပွဲစစ်တလင်းရဲ့ လုံခြုံရေးကိုလည်း ဧကရာဇ်ရဲ့ ကိုယ်ရံတော်တပ်သားတွေကပဲ တာဝန်ယူပေးထားတာ။
မိုးလင်းစ အချိန်မှာတင် ကျောင်းသားတွေဟာ ကုန်းယွမ်တံခါးရှေ့မှာ စုဝေးနေကြပြီ။ အရှေ့မှာတော့ နာမည်ခေါ်ပြီး တစ်ယောက်ချင်းစီ လွှတ်ပေးနေတာဖြစ်ပြီး အနောက်မှာတော့ လူအုပ်ကြီးက မည်းမှောင်နေတယ်။ ပုံမှန်ဆိုရင်တော့ နာမည်ခေါ်၊ ကိုယ်ခန္ဓာကို နှံ့နေအောင် ရှာဖွေပြီးမှ နဂါးတံခါးထဲကို ဝင်ရတာ။ အားလုံးက စည်းကမ်းအတိုင်း လုပ်နေကြပေမယ့်၊ ထူးထူးခြားခြား ကျောင်းသားတစ်ယောက်ကတော့ ရှာဖွေစစ်ဆေးခံစရာ မလိုဘဲနဲ့ တံခါးထဲကို ဝင်ခွင့်ရသွားခဲ့တယ်။
အဲ့ဒါကို မြင်တဲ့ ကျောင်းသားတစ်ယောက်က မနေနိုင်ဘဲ အော်ပြောလိုက်တယ်။ "ဟိုလူက ဘာလို့ ရှာစရာ မလိုတာလဲ။ မင်းတို့တွေက တမင် မျက်နှာသာပေးပြီး မသမာမှု လုပ်ချင်နေကြတာလား"
အခုချိန်မှာ မြို့တော်ကြီးကလည်း ထူးထူးဆန်းဆန်း ဖြစ်နေတာလေ။ မသမာမှု ဆိုတဲ့ စကားလုံးကို အရာရှိတွေကတော့ ဖုံးကွယ်ချင်ကြပေမယ့်၊ စာမေးပွဲဖြေမယ့် ကျောင်းသားတွေကတော့ ပါးစပ်ကနေ အလွယ်တကူ ထုတ်ပြောရဲနေကြတာ။ အခုချိန်မှာ ဧကရာဇ်က အဲ့ဒီလို အကျင့်ပျက် အရာရှိတွေကို အပြတ်ကိုင်နေတာဆိုတော့... ဒါဟာ တကယ့်ကို မင်းကောင်းဧကရာဇ်ပဲလို့ ပြည်သူတွေက လက်ခုပ်တီး ချီးမွမ်းနေကြချိန် မဟုတ်လား။ အရာရှိတွေကသာ ငိုချင်းချနေကြရတာလေ။ ဇာတ်လမ်းတွေထဲက မြင်ကွင်းတွေက တကယ်ကြီး ဖြစ်လာပြီဆိုတော့ သာမန်ပြည်သူတွေကလည်း အဲဒီအရာရှိတွေကို ကြောက်စရာ မလိုတော့ဘူးပေါ့။
145 03
ဒါပေမဲ့ ဒီကျောင်းသားကတော့ တွေးတာ မှားသွားခဲ့ပြီ။ သူ့စကားလည်း ဆုံးရော၊ ဟိုဝင်သွားတဲ့ ကျောင်းသားက ခြေလှမ်းတွေကို ရပ်လိုက်ပြီး လှည့်ကြည့်လာတာကိုး။ ထိုလူက အသက်သိပ်မကြီးသေးဘူး၊ ၂၀ တောင် မပြည့်သေးတဲ့ ပုံစံပါပဲ။ ရုပ်ရည်က သန့်ပြန့်ပြီး အပြာရောင် ဝတ်စုံကို ဝတ်ထားတာ မြင်ရတာ... တကယ့်ကို အရှိန်အဝါကြီးတဲ့ မိသားစုက သားသမီးနဲ့တော့ မတူပါဘူး။
ဟိုကျောင်းသားကတော့ သူ့ရဲ့အမြင်စူးရှမှုကို ဂုဏ်ယူနေတုန်းရှိသေး၊ ဘေးကလူတွေက သူ့ကိုထူးဆန်းတဲ့ သတ္တဝါတစ်ကောင်လို ကြည့်နေတာ မြင်လိုက်ရတယ်။
"မင်းက သူ့ကို တကယ်ပဲ မသိတာလား" ဘေးက ကျောင်းသားတစ်ယောက်က ဝင်ပြောလိုက်တယ်။
"သူ... သူက ဘယ်သူမို့လို့လဲ။ ငါက ဘာလို့ သူ့ကို သိရမှာလဲ"
ဘေးကလူကတော့ သူ့ကို ဆက်ပြီး အဖတ်မလုပ်တော့ဘဲ ကိုယ့်ပစ္စည်းကိုယ်ပဲ ပြန်သိမ်းနေတော့တယ်။ ရှာဖွေစစ်ဆေးပြီးသား ကျောင်းသားတစ်ယောက်ကတော့ စိတ်မကောင်းလို့ ထင်ပါရဲ့၊ လှမ်းပြီး သတိပေးလိုက်တယ်။ "အဲဒါ ရွှီထင်းရှန်း လေ။ အရင်တစ်ခေါက် စာမေးပွဲမှာ စာရွက်အလဲခံလိုက်ရတဲ့ ဟွေ့ယွမ်ပေါ့။ အခု ငါတို့တွေ ပြန်ဖြေခွင့် ရနေတာကလည်း သူ့ကြောင့်ပဲလေ"
ဘေးမှာလည်း မျက်လုံးအပြူးသားနဲ့ ကြည့်နေတဲ့ နဂါးကိုယ်ရံတော်တွေ ရှိနေတာကြောင့် အဲဒီကျောင်းသားလည်း အများကြီး မပြောရဲဘဲ နဂါးတံခါး ထဲကို အမြန် ဝင်သွားတော့တယ်။ ဟိုကျောင်းသားကတော့ ရွှီထင်းရှန်း ရပ်ခဲ့တဲ့ နေရာကို ကြောင်အမ်းအမ်းနဲ့ ငေးကြည့်နေခဲ့ပေမယ့် ရွှီထင်းရှန်းကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ။
"ရွှီထင်းရှန်း တဲ့လား..."
အခုချိန်မှာ မြို့တော်ထဲမှာ ရှန်းရှီးပြည်နယ်က ကျဲယွမ် ရွှီထင်းရှန်းကို မသိတဲ့သူ မရှိသလောက်ပါပဲ။ အသက် ၁၆ နှစ်နဲ့တင် ကျူးရန် ဘွဲ့ကို ရခဲ့တဲ့သူလေ။ အဲ့ဒီနောက်မှာ ဟွေ့ရှီ လာဖြေတာကို တစ်ယောက်ယောက်က ကြားထဲက နှောင့်ယှက်လိုက်လို့သာပေါ့၊ မဟုတ်ရင် အခုဆိုရင် နာမည်ကြီးနေလောက်ပြီ။ သူက ဒန်ဝမ်ဗုံကို တီးခဲ့လို့သာ စာမေးပွဲ မသမာမှုတွေ ပေါ်ပေါက်ခဲ့တာ မဟုတ်လား။ သူရှိနေလို့သာ အရာရှိတွေ အပြစ်ပေးခံရပြီး မြို့တော်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရတာလေ။ သူကြောင့်ပဲ စာမေးပွဲကို အခုလို ပြန်ဖြေခွင့် ရခဲ့ကြတာ။
တကယ်တော့ သာမန်ကျောင်းသားတွေအတွက်တော့ ပြန်ဖြေရတာဟာ အခွင့်အရေးကောင်း တစ်ခုပါပဲ။ တကယ်လို့ အောင်သွားရင် ဘယ်လောက် ကောင်းမလဲ။ ဒါကြောင့် ကျရှုံးခဲ့တဲ့ ကျောင်းသားတွေအားလုံးက သူ့ကို တကယ်ပဲ ကျေးဇူးတင်နေကြတာပေါ့။ သူသာ မရှိရင် စာမေးပွဲမှာ ဒီလောက်အထိ မတရားမှုတွေ ရှိနေတာကို ဘယ်သူမှ သိမှာ မဟုတ်ဘူးလေ။ အခုတော့ သင်ခန်းစာ ရသွားကြပြီဆိုတော့ ဒီတစ်ခါတော့ မသမာမှုတွေ မရှိတော့မှာ သေချာသလောက် ရှိနေတာကိုး။ တရားမျှတတဲ့ အခြေအနေမှာ ရှုံးနိမ့်သွားရင်တောင် ကိုယ့်ရဲ့ပညာအရည်အချင်း မမီလို့ဆိုပြီးပဲ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရတော့မှာလေ။
ရှာဖွေရေး တာဝန်ကျတဲ့ ကိုယ်ရံတော်တပ်သား တစ်ယောက်က အဲဒီကျောင်းသားရဲ့ ပခုံးကို ပုတ်လိုက်ရင်း ရယ်မောပြီး ဆိုလိုက်တယ်။ "ကဲ... တိုင်တောမနေနဲ့တော့။ မင်းသာ စာစစ်မှူးချုပ်တွေရဲ့ မျက်စိအောက်မှာ တိုက်ရိုက်စာမေးပွဲဖြေရမယ်ဆိုရင်တော့ မင်းလည်း ရှာစရာ မလိုဘူး၊ တန်းဝင်သွားလို့ ရတယ်"
ဒါကို ကြားလိုက်ရတော့မှ ဟိုကျောင်းသားလည်း ဘာမှမပြောရဲတော့ဘဲ လက်နှစ်ဖက်ကို မြှောက်ပြီး ရှာဖွေစစ်ဆေးတာကို ငြိမ်ခံနေလိုက်ပါတော့တယ်။
မင်ယွမ်အဆောင်ထဲမှာတော့ ခန်းမဆောင်တစ်ခုလုံးမှာ စာမေးပွဲစားပွဲ နှစ်လုံးပဲ ချထားပါတယ်။ အဲဒီ စားပွဲနှစ်လုံးဟာ အပေါ်ဆုံးက ကုလားထိုင် ၉ လုံးနဲ့ မျက်နှာချင်းဆိုင် ဖြစ်နေတယ်။
အဲဒီ ကုလားထိုင်တွေကတော့ စာစစ်မှူးချုပ်တွေအတွက် ထားထားတာ။ စာမေးပွဲစားပွဲ နှစ်လုံးထဲက တစ်လုံးက ရွှီထင်းရှန်း အတွက်ဖြစ်ပြီး၊ နောက်တစ်လုံးကတော့ ဝူဝမ်ရွှမ်း အတွက်ပါပဲ။
145 04
ဒါဟာ ဧကရာဇ်ကျားချန်ရဲ့ အမိန့်တော်ပါပဲ။ ရွှီထင်းရှန်းရဲ့ စာရွက်အလဲခံရတဲ့ ကိစ္စက အဖြေရှာလို့ မရသေးတာကြောင့်၊ အလွယ်ဆုံး နည်းလမ်းကို သုံးလိုက်တာ ဖြစ်တယ်။ နှစ်ယောက်စလုံးကို ပြန်ဖြေခိုင်းပြီး ဘယ်သူက အစစ်အမှန်လဲဆိုတာကို ခွဲခြားလိုက်တာပဲ။
ကုန်းယွမ် တံခါးမကြီး ပိတ်သွားခဲ့ပါပြီ။ အရင်နဲ့ မတူတာကတော့ ဒီတစ်ခါမှာ ဝန်ကြီး ၉ ဦးက ကိုယ်တိုင် စာစစ်နေတာဆိုတော့ အလုပ်တွေက သွက်လက်လို့ပါပဲ။ နန်းတော်ထဲကနေ မေးခွန်းတွေ ရောက်လာတာနဲ့ စာမေးပွဲကြီးက စတင်ခဲ့လေတော့တယ်။ ဟုတ်တယ်... ဒီတစ်ခါတော့ ဧကရာဇ်ကျားချန် ကိုယ်တိုင် မေးခွန်းထုတ်ခဲ့ခြင်းပင်။
စာစစ်မှူး ၉ ယောက်စလုံးက ကွန်ဖြူးရှပ်ရုပ်တုကို အရင်ဦးညွှတ်ပြီး၊ နန်းတော်ရှိရာဘက်ကိုပါ ထပ်ပြီးဦးညွှတ်လိုက်ကြပြီးမှ မေးခွန်းလွှာပေါ်က တံဆိပ်တွေကို အတူတူ ဖွင့်လိုက်ကြတယ်။
ဒီနေ့မှာ အထူးအခွင့်အရေး ရထားတဲ့ ရွှီထင်းရှန်းတို့ နှစ်ယောက်ကတော့ မေးခွန်းတွေကို အရင်ဆုံး သိလိုက်ရတဲ့သူတွေပါပဲ။
ရွှီထင်းရှန်းကတော့ အထက်က လူတွေကိုလည်း မကြည့်သလို၊ ဘေးက ဝူဝမ်ရွှမ်းကိုလည်း လှည့်မကြည့်ပါဘူး။ သူက စားပွဲရှေ့မှာ တည်တည်ငြိမ်ငြိမ် ထိုင်လိုက်ပြီး မျက်လုံးမှိတ်ကာ အလေးအနက် စဉ်းစားနေခဲ့တယ်။ ဒီလို စဉ်းစားနေတာက တစ်နေကုန်တဲ့အထိပါပဲ။ မသိတဲ့သူဆိုရင်တော့ သူ အိပ်ပျော်နေတယ်လို့တောင် ထင်ရလေရဲ့။
အဲဒီကြားထဲမှာ တစ်ယောက်ယောက်က အပေါ့အပါးသွားမလား၊ ရေသောက်မလား၊ နားမလားလို့ လာမေးရင်လည်း ရွှီထင်းရှန်းက ပုံမှန်အတိုင်းပဲ တုန့်ပြန်ခဲ့တယ်။ ညရောက်လာတဲ့ အခါမှာတော့ သူက အားမနာတမ်းပဲ ထမင်းပူပူလေး တောင်းစားပြီး စားပြီးတာနဲ့ နားချင်တယ်လို့ ပြောလိုက်တာပေါ့။
ဒါကို ကြားလိုက်ရတော့ သူတို့ကို စောင့်ကြည့်နေတဲ့ ကိုယ်ရံတော်တပ်သားတွေက အထက်က အမတ်ကြီးတွေကို လှမ်းကြည့်လိုက်ကြတယ်။ စွီအမတ်ချုပ်ကြီးနဲ့ထန်အမတ်ချုပ်ကြီးကတော့ အသက်ကြီးလို့ အကြာကြီး မထိုင်နိုင်တာကြောင့် အစောကြီးကတည်းက သွားနားနေကြပြီ၊ ကျန်တဲ့ ၇ ယောက်ကိုပဲ အပ်ထားခဲ့တာ။ ကျန်တဲ့ ၇ ယောက်ကတော့ ဝူအမတ်ချုပ်ကြီးရဲ့ ဦးဆောင်မှုနဲ့အတူ ရဟန်းအိုကြီးတွေလို ငြိမ်ပြီး ထိုင်နေကြတုန်းပါပဲ။
တကယ်တော့ အရင်တုန်းက စာစစ်မှူးလုပ်ရင် ဒီလောက် မပင်ပန်းပါဘူး။ ဒါပေမဲ့ ဧကရာဇ်က ဒီလူနှစ်ယောက်ကို မျက်စိအောက်မှာ ထားပြီး စစ်ခိုင်းထားတာကိုး။ ဝူအမတ်ချုပ်ကြီးက မထမှတော့ ကျန်တဲ့သူတွေလည်း ဘယ်ထရဲပါ့မလဲ။
"ရွှီကျဲယွမ်ကတော့ တော်တော်လေးကို တည်ငြိမ်တာပဲနော်။ စာမေးပွဲစစ်တလင်းကို ကိုယ့်အိမ်ဦးဝင်းလို သဘောထားနေတာလား" ဝူအမတ်ချုပ်ကြီးက လှောင်သံလေးနဲ့ ဆိုလိုက်တယ်။
ရွှီထင်းရှန်းကတော့ တစ်ချက် မှင်တက်သွားပြီးမှ လက်ယှက် နှုတ်ဆက်လိုက်ရင်း ပြန်လျှောက်လိုက်တယ်။
"ကျွန်တော်က ဉာဏ်နည်းတဲ့သူမို့လို့ပါ၊ စာမေးပွဲ ဖြေတိုင်းမှာ အမြဲတမ်း စိတ်လှုပ်ရှားတတ်ပါတယ်။ အမှားအယွင်း မရှိအောင်လို့ အရင်ဆုံး စိတ်ထဲမှာ အသေအချာ အကွက်ချ စဉ်းစားနေရလို့ပါ"
ဝူအမတ်ချုပ်ကြီးက နှာတစ်ချက် မှုတ်လိုက်ပြီး ဘာမှမပြောတော့ပါဘူး။
145 05
"ဒါဆိုရင်လည်း ရွှီကျဲယွမ်ကို သွားပြီး နားခိုင်းလိုက်ကြတာပေါ့။ ၉ ရက်တိုင်တိုင် ဖြေရမှာဆိုတော့ မနားရင် ဘယ်ခံနိုင်ပါ့မလဲ" ဘေးက ဖုန်းချန်ပေါင်က ပြောလိုက်တာနဲ့ ရွှီထင်းရှန်းလည်း နားဖို့ ထွက်လာခဲ့တော့တယ်။
မင်ယွမ်အဆောင်မှာ ဖြေရတာဆိုတော့ အဆောင်အယောင်တွေကတော့ ကွာတာပေါ့။ နားတဲ့နေရာကလည်း စာစစ်မှူးတွေရဲ့အခန်းဖြစ်ပြီး ကုတင်၊ စားပွဲ၊ ကုလားထိုင် အကုန်ပြည့်စုံတယ်။ ရွှီထင်းရှန်း အခန်းထဲဝင်သွားတာနဲ့ တံခါးက အပြင်ကနေ ပိတ်သွားခဲ့ပါပြီ။ ကိုယ်ရံတော်နှစ်ယောက်ကလည်း မသွားဘဲ တံခါးဝမှာပဲ စောင့်နေကြတာပေါ့။ ကြည့်လိုက်ရင်တော့ စောင့်ကြည့်နေသလိုပေမယ့်၊ တကယ်တမ်းကျတော့ ဒါဟာ အကာအကွယ် ပေးထားတာလည်း ဖြစ်နိုင်တာပဲ။
တစ်ဖက်က ခန်းမဆောင်ကြီးထဲမှာတော့ ဝူဝမ်ရွှမ်းခမျာ ခေါင်းတွေကို ကုတ်ခြစ်ရင်းနဲ့ အကျပ်ရိုက်နေရှာတယ်။
သူဟာ ကုန်းယွမ်ထဲမှာ တစ်လကျော်အောင် အပိတ်ခံထားရတာ။ အဲဒီတစ်လလုံး ဘယ်လို ဖြတ်သန်းခဲ့ရလဲဆိုတာတော့ ပြောမနေနဲ့တော့... သူ့အတွက်တော့ ငရဲခန်း ရောက်နေသလိုပါပဲ။ ဒါပေမဲ့ သူ ကောင်းကောင်း သိနေတာ တစ်ခုရှိတယ်၊ ဒီတစ်ခါ စာမေးပွဲသာ ကျရှုံးခဲ့ရင် သူတစ်ယောက်တည်းတင် မကဘဲ လူအများကြီးကိုပါ ဒုက္ခပေးမိတော့မှာလေ။ ဒါကြောင့် သူကတော့ စာရွက်ရတာနဲ့ ဘာတွေရေးရမှန်းမသိဘဲ အသည်းအသန် ကြိုးစားနေရှာတယ်။
ဝူဝမ်ရွှမ်းရဲ့ စိတ်ထဲမှာတော့ မကျေနပ်ချက်တွေ ပြည့်နေခဲ့ပြီ။ သူ့အဖေ ဝူချန်း ကိုလည်း နာကျည်းသလို၊ သူ့ရဲ့ဦးလေးကြီး ဝူအမတ်ချုပ်ကြီးကိုလည်း မုန်းနေမိတာပေါ့။ တကယ်တော့ ဝူအမတ်ချုပ်ကြီးက သူ့ကို အထင်မကြီးဘူးဆိုတာ သူ သိနေခဲ့တာပဲလေ။ ဒါပေမဲ့ သူ့အဖေကသာ သူ့ကို အတင်းမွေးစားခိုင်းပြီး၊ ကျန်းနန်မှာ ကိုယ့်ဘာသာကိုယ် ပျော်ပျော်ပါးပါး နေနေရတာကို အခုလို မြို့တော်ကို လာပြီး ဒုက္ခခံခိုင်းတာလေ။ ဟွေ့ယွမ်ဘွဲ့ကို ရလိုက်လို့ ဝမ်းသာရတာ ခဏလေးပဲ၊ အခုတော့ အကျဉ်းသားလို အပိတ်ခံထားရတဲ့အပြင် နာမည်ကလည်း ပျက်ခဲ့ပြီ။ အခုလည်း တစ်ခါ ပြန်ဖြေရဦးမယ်... တကယ်လို့ ဒီတစ်ခါသာ မအောင်ရင်တော့...
ဒါကို တွေးမိတာနဲ့တင် ဝူဝမ်ရွှမ်းရဲ့ဦးနှောက်ထဲမှာ ဘာမှမရှိတော့ဘဲ ဗလာဖြစ်သွားခဲ့ရပြီ။ အစက စဉ်းစားထားတာလေးတွေတောင် ဘယ်ပျောက်သွားမှန်း မသိတော့ပါဘူး။
ဝူအမတ်ချုပ်ကြီးရဲ့မျက်နှာကတော့ ရေခဲတောင်ကြီးလို အေးစိမ့်နေခဲ့တယ်။ သူ့ရဲ့ အကြည့်တွေကလည်း ဝူဝမ်ရွှမ်းကို အရှင်လတ်လတ် ဝါးစားပစ်ချင်နေသလိုပဲ။ သူက ရန်ချုံဟွာတို့ဘက်ကို လှည့်လိုက်တဲ့အခါမှာတော့ အတင်းပြုံးလိုက်ရင်း ဆိုလိုက်လေတယ်။
"အမတ်မင်းတို့လည်း တစ်နေကုန် ပင်ပန်းနေကြပြီ၊ အစောကြီး သွားနားကြရင် ကောင်းမလား။ ဘာပဲဖြစ်ဖြစ် ၉ ရက်တိုင်တိုင် ဖြေရမှာဆိုတော့ အလောတကြီး လုပ်စရာ မလိုပါဘူး"
ဒီရက်ပိုင်းအတွင်းမှာ ဝူအမတ်ချုပ်ကြီးလည်း စိတ်မချမ်းသာခဲ့ရပါဘူး။ ဝူဝမ်ရွှမ်းရဲ့ ကိစ္စတင် မကဘဲ၊ မသမာမှုတွေကို လိုက်စုံစမ်းလေလေ သူ့ရဲ့လက်အောက်က အရာရှိတွေ တစ်ယောက်ပြီးတစ်ယောက် ပါဝင်ပတ်သက်နေတာကို တွေ့ရလေလေပဲ မဟုတ်လား။ တခြားသူတွေကလည်း အခွင့်ကောင်းယူပြီး သူ့ကို ဝိုင်းတိုက်ခိုက်နေကြတာဆိုတော့၊ သူလည်း မနည်း ရုန်းကန်နေရတာပေါ့။
ဒါပေမဲ့ သူကလည်း အတွေ့အကြုံရှိတဲ့သူဆိုတော့ နန်းတွင်းမှာ ဘယ်သူကများ စင်ကြယ်နေလို့လဲ၊ တကယ်လို့ စင်ကြယ်နေရင်တောင် သူက ညစ်ပတ်သွားအောင် လုပ်နိုင်တာပဲလေ။ အခု နန်းတွင်းထဲမှာ ဖြစ်နေတဲ့ ရုတ်ရုတ်သဲသဲ ကိစ္စတွေရဲ့နောက်ကွယ်မှာ သူ့ရဲ့လက်ချက်တွေ အများကြီး ပါတာပေါ့။ သူ့ရဲ့အစီအစဉ်အတိုင်းဆိုရင်တော့ နောက်ဆုံးမှာ အားလုံး သရေကျသွားပြီး၊ တစ်ဖက်က လူတချို့ ဆုံးရှုံးမယ်၊ ငါ့ဘက်က လူတချို့ ဆုံးရှုံးမယ်၊ အဲ့ဒါနဲ့ပဲ ကိစ္စက ပြီးသွားမှာပဲလို့ ထင်ထားခဲ့တာ။ ဒီလောက်ထိ ဖြစ်ပျက်နေတာကို ဧကရာဇ်ကရော မျက်နှာသာ ရပါ့မလဲ။
145 06
ဒါပေမဲ့ ဘယ်သူက ထင်မှာလဲ... ဧကရာဇ်က အခုလိုမျိုး အကွက်ဆင်လိုက်လိမ့်မယ်လို့။ သူ့ရဲ့တူအရင်းကို သူ့မျက်စိရှေ့မှာတင် စာမေးပွဲပြန်ဖြေခိုင်းတာဟာ သူ့ရဲ့ပါးကို ဗြောင်ကျကျ ရိုက်လိုက်သလိုပါပဲ။ အဲဒါကြောင့်လည်း ဝူအမတ်ချုပ်ကြီးအနေနဲ့ ဘယ်လိုလုပ်ပြီး စိတ်ချမ်းသာနိုင်ပါ့မလဲ။
စကားပြောပြီးတာနဲ့ သူက ဘယ်သူ့ကိုမှ စောင့်မနေတော့ဘဲ၊ ဝူဝမ်ရွှမ်းကို နားဖို့ ခေါ်သွားခိုင်းလိုက်ပြီး သူကိုယ်တိုင်လည်း ခြေလှမ်းသွက်သွက်နဲ့ ထွက်သွားတော့တယ်။ ကျန်တဲ့လူတွေကလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးမှ ကိုယ့်အခန်းကိုယ် ပြန်သွားကြတော့တယ်။
ဒုတိယနေ့မှာတော့ ရွှီထင်းရှန်းဟာ စာစရေးတော့တယ်။ အရင်ဆုံး အကြမ်းစာရွက်ပေါ်မှာ ရေးတယ်။
ဒီတစ်ခါတော့ စာမေးပွဲ သုံးကြိမ်စလုံးကို တစ်ပေါင်းတည်း ဖြေရတာဆိုတော့၊ ပထမအကြိမ်က မေးခွန်း ၇ ခုအပြင် ဒုတိယနဲ့ တတိယအကြိမ်က မေးခွန်းတွေကိုပါ တစ်ပြိုင်နက်တည်း ဖြေရတာကိုး။ အဲဒါကြောင့် သူ့ရဲ့ အကြမ်းရေးတာက အတော်လေးကို နှေးကွေးလှပြီး တစ်နေကုန်တဲ့အထိ ရေးနေခဲ့ရတယ်။ ဒီနေ့မှာတော့ ဝူဝမ်ရွှမ်းက ခေါင်းကုတ်နေတုန်းပဲ ဖြစ်ပြီး၊ ဝူအမတ်ချုပ်ကြီးရဲ့ မျက်နှာကတော့ မနေ့ကထက် ပိုပြီးမှောင်ကျနေတာကလွဲရင် ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ပါဘူး။
တတိယနေ့မှာလည်း သူက အကြမ်းပဲ ဆက်ရေးနေတုန်းပါပဲ။
စတုတ္ထနေ့ကို ရောက်တော့မှ ရွှီထင်းရှန်းဟာ အကြမ်းစာရွက်ပေါ်ကနေ မူရင်းစာရွက်ပေါ်ကို စပြီး ကူးယူတော့တယ်။ သူကတော့ လက်ရေးသွက်သွက်နဲ့ ရေးလိုက်တာ ညနေစောင်းမှာတင် ပြီးသွားခဲ့ပြီ။ သူက စာရွက်ကို ကိုယ်ရံတော်တပ်သားဆီမှာ အပ်လိုက်တာနဲ့၊ တစ်ဖက်ကလည်း ချက်ချင်းပဲ မိတ္တူကူးလိုက်ကြတာပေါ့။ ပြီးတော့မှ ကျူးကျွမ်းကို စာဖြေဆောင်မှာ ချန်ထားခဲ့ပြီး၊ မော့ကျွမ်းကိုတော့ ကိုယ်ရံတော်တွေက အမြန်ဆုံးပဲ နန်းတော်ထဲကို ပြန်သယ်သွားကြတော့တယ်။
ဝူဝမ်ရွှမ်းကတော့ အခုထိ ဖြေနေတုန်းပါပဲ။ ဒါပေမဲ့ ဒါကတော့ ရွှီထင်းရှန်းနဲ့ ဘာမှမဆိုင်တော့ပါဘူး၊ သူကတော့ ကုန်းယွမ်ထဲကနေ ထွက်ပြီး အိမ်ကို ပြန်သွားနိုင်ခဲ့ပြီလေ။
စာမေးပွဲကြီးဟာ မေလ ၁၇ ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပါတယ်။ စာရွက်အားလုံးကို စုစည်းပြီး မိတ္တူကူးပြီးတဲ့နောက်မှာတော့ ဝန်ကြီး ၉ ဦးက ထွက်သွားကြပြီး၊ စာစစ်အရာရှိတွေ ဝင်လာကြတာပေါ့။ ဒီတစ်ခါ စာစစ်တဲ့သူတွေကိုတော့ ဧကရာဇ်ကျားချန်က လူ ၃၀ တိတိ ကိုယ်တိုင် ရွေးချယ်ခန့်အပ်ထားတာဆိုတော့၊ မေလ မကုန်ခင်မှာတင် စာရွက်အားလုံးကို စစ်ဆေးလို့ ပြီးသွားခဲ့ပြီ။
ရှုန့်ထျန်းကုန်းယွမ်ထဲမှာတော့ အောင်စာရင်းကို အတည်ပြု ရေးမှတ်လို့ ပြီးသွားခဲ့ပါပြီ။ မနက်ဖြန်ကျရင် ကြေညာတော့မှာ ဖြစ်တယ်။
ချန်ချင်းနန်းတော်ထဲမှာတော့... တရားလွှတ်တော်ချုပ်ကနေ သတင်းတစ်ခု ပို့လာခဲ့ပါတယ်။ အဲ့ဒါကတော့ အရင်စာမေးပွဲရဲ့စာစစ်မှူးချုပ် ဖြစ်ခဲ့တဲ့ ဟို့ဝမ်ချင်းက သူ့ရဲ့ အပြစ်တွေကို ဝန်ခံလိုက်ပြီဆိုတဲ့ သတင်းပါပဲ။
******
146 01
အခန်း (၁၄၆)
ချန်ချင်းနန်းတော်တစ်ခုလုံးမှာတော့ မီးအလင်းရောင်တွေ ထိန်ထိန်လင်းနေခဲ့တယ်။ နဂါးစားပွဲနောက်မှာတော့ ဧကရာဇ်ကျားချန်ရဲ့မျက်နှာဟာ ဒေါသကြောင့်ရော၊ စဉ်းစားရကျပ်နေတာကြောင့်ပါ အိုကျနေလေရဲ့။
ဘေးနားမှာ အနီးကပ်အမှုထမ်းနေတဲ့ ကျိန်းအန်းချန်ကတော့ ခေါင်းကိုတောင် မမော့ရဲရှာဘဲ ခေါင်းကို တွင်တွင်ငုံ့လို့ စိတ်ကိုစုစည်းထားပြီး ဒီမုန်တိုင်းကြီး မြန်မြန်ကုန်လွန်သွားဖို့ပဲ ဆုတောင်းနေတယ်။
ရုတ်တရက်ဆိုသလိုပဲ ခန်းမဆောင်ကြီးထဲမှာ အေးစက်စက် လှောင်ပြုံးသံတစ်ခု ဟိန်းထွက်လာခဲ့တယ်။ "ငါ့ရဲ့ဝူအမတ်ချုပ်ကြီးကတော့ တကယ့်ကို နံရံနဲ့တိုက်မိမှပဲ နောက်ပြန်လှည့်ချင်တဲ့သူပဲ။ သူ ဘာမှမဖြစ်သလိုမျိုး တစ်လျှောက်လုံး နေနိုင်လိမ့်မယ်လို့ ငါထင်ထားတာ၊ အခုတော့ သူလည်း စပြီး လှုပ်ရှားလာပြီပေါ့လေ"
ဧကရာဇ်က စကားစလိုက်ပြီဆိုမှတော့ ကျိန်းအန်းချန်လည်း ဆက်ပြီး ငြိမ်နေလို့ မရတော့တာမို့ အားတင်းပြုံးလိုက်ရင်း လျှောက်တင်လိုက်တယ်။
"ကြည့်ရတာ ဝူအမတ်ချုပ်ကြီးကလည်း သူ့ရဲ့မျိုးဆက်ကို နှမြောလို့နေမှာပါ "
"မျိုးဆက်ကို နှမြောတယ်ဟုတ်လား။ သူ့ရဲ့မျိုးဆက်ကို နှမြောတာနဲ့တင် ငါ့ရဲ့ ချီမျိုးနွယ်စုရဲ့ အင်ပါယာကြီးကို ကစားစရာလုပ်ရဲတယ်ပေါ့။ မျိုးဆက်ကို နှမြောတာနဲ့ပဲ နန်းတွင်းရဲ့သိက္ခာကို လုံးဝလျစ်လျူရှုလိုက်တယ်ပေါ့လေ" ဧကရာဇ်က အော်ဟစ်ရင်း လျှောက်တင်လွှာ တစ်စောင်ကို လေထဲကနေ ဝုန်းခနဲ ပစ်ချလိုက်တယ်။ အဲဒီစာရွက်ဟာ ကြမ်းပြင်ပေါ်ကို ကျသွားပြီး အင်အားမရှိဘဲ ဟိုဟိုဒီဒီ လိမ့်သွားကာမှ ငြိမ်သက်သွားခဲ့ရတယ်။ "ငါ့ရဲ့ ဒီအမတ်ကြီးတွေကတော့ နေ့ခင်းဘက်ကျရင် တိုင်းပြည်အတွက် အစွမ်းကုန် ကြိုးစားနေသလိုလိုနဲ့ ဟန်ဆောင်ကောင်းလိုက်ကြတာ။ တကယ်တမ်းကျတော့ တစ်ယောက်ချင်းစီက သတ္တိတွေ ကောင်းနေကြသလို၊ အရှက်တရားလည်း လုံးဝမရှိကြဘူး ငါ့ကို လာပြီး အစွမ်းပြနေကြတယ်... ကောင်းတယ်၊ တကယ့်ကို ကောင်းကြတယ်"
ဝုန်း ခနဲ မြည်သံတွေနဲ့အတူ ခန်းမထဲမှာ အမှုထမ်းနေတဲ့ မိန်းမစိုးတွေ အားလုံး ဒူးထောက်ချလိုက်ကြပြီး တညီတညွတ်တည်း ဆိုကြတယ်။ "ဧကရာဇ်... အမျက်တော်ကို ဖြေတော်မူပါ "
"အမျက်ဖြေရမယ် ငါက ဘယ်လိုလုပ်ပြီး အမျက်ဖြေနိုင်မှာလဲ။ ကျိန်းအန်းချန်... ဝူအမတ်ချုပ်ကြီး နေမကောင်းဘူးဆိုပြီး အနားယူနေတာ ဘယ်နှစ်ရက် ရှိသွားပြီလဲ"
ကျိန်းအန်းချန်က ခေါင်းလေးငုံ့ပြီး ပြန်လျှောက်လိုက်တယ်။ "ဧကရာဇ်... သုံးရက်ရှိသွားပါပြီ "
"မင်း ယုံလား... မနက်ဖြန်ကျရင် အဲဒီအဘိုးကြီးက အပြစ်ဝန်ခံတဲ့ လျှောက်လွှာကို တင်လိမ့်မယ်၊ အဲဒီအခါကျရင် ငါ့ရဲ့ တခြားအမတ်တွေကလည်း ထွက်လာပြီး ကျေအေးပေးဖို့ ဝိုင်းပြီး ဖျောင်းဖျကြလိမ့်မယ်"
"ဒါကတော့..."
ဒီကိစ္စကိုတော့ ကျိန်းအန်းချန် တကယ်ပဲ ယုံပါတယ်လေ။ သူက ဧကရာဇ်ကျားချန်ရဲ့ဘေးမှာ အမှုထမ်းလာတာ နှစ်ပေါင်းမနည်းတော့သလို၊ အရင်ဧကရာဇ် လက်ထက်က မြင်ကွင်းတွေကိုလည်း မြင်ဖူးတာကိုး။ ဒီစာပေအရာရှိတွေကတော့ တကယ်ကို အနိုင်ရခက်တဲ့သူတွေပဲလေ။ တစ်ခုခုဆိုရင် ကြိုးဆွဲချမယ်၊ လည်ပင်းလှီးမယ်၊ တိုင်နဲ့ခေါင်းနဲ့ တိုက်မယ်ဆိုပြီး လုပ်တတ်ကြသလို၊ အပေါ့စားဆိုရင်တော့ သိုက်ဟယ်မန် တံခါးပြင်ပမှာ ဒူးထောက်ပြီး ငိုပြတတ်ကြတာ။ အရင်ဧကရာဇ်က ဘယ်လောက်ပဲ အမျှော်အမြင်ရှိပြီး အရှိန်အဝါကြီးပါစေ၊ ဒီလို အရာရှိအုပ်စုကိုတော့ ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။
146 02
နောက်ပိုင်းမှာတော့ အရင်ဧကရာဇ်က နည်းလမ်းမျိုးစုံသုံးပြီးမှ ဒီအမတ်တွေကို နှိမ်နင်းနိုင်ခဲ့တာပေါ့။ အဲဒီနောက်ပိုင်းမှာတော့ သူတို့တွေက အရင်လို အသေခံပြီး အကြံပေးတာမျိုး မလုပ်တော့ဘဲ၊ အုပ်စုလိုက် စုပေါင်းပြီး တုန့်ပြန် တတ်လာကြတာ။ သူတို့အချင်းချင်းကြားမှာ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပါစေ၊ အထက်က ဧကရာဇ်နဲ့ ထိပ်တိုက်တွေ့ပြီ ဆိုရင်တော့ သူတို့ရဲ့ သဘောထားက တစ်ညီတစ်ညွတ်တည်း ဖြစ်သွားကြတာကိုး။
တစ်ခါတစ်ရံမှာ ကျိန်းအန်းချန်လို မျိုးဆက်မရှိတဲ့ မိန်းမစိုးအိုကြီး တစ်ယောက်တောင်မှ ဧကရာဇ်ကျားချန်ရဲ့ကိုယ်စား ရင်ထဲမှာ အားမလိုအားမရ ဖြစ်မိရတယ်။ ဒါပေမဲ့လည်း ဘယ်တတ်နိုင်ပါ့မလဲ၊ တိုင်းပြည်ရဲ့ တည်ငြိမ်ရေးကိုတော့ ပစ်ပယ်လို့ မရဘူး မဟုတ်လား။
"ဧကရာဇ် စိတ်လျော့တော်မူပါ၊ နဂါးကိုယ်တော် ကျန်းမာရေး ထိခိုက်မှာ စိုးရိမ်ရပါတယ် "
ဧကရာဇ်ကျားချန်က နှာတစ်ချက် မှုတ်လိုက်ပြီး တစ်ခုခု ပြောဖို့ ပြင်လိုက်စဉ်မှာပဲ၊ မိန်းမစိုးငယ်လေးတစ်ယောက် အသည်းအသန် ပြေးဝင်လာတာ တွေ့လိုက်ရတယ်။
"အရှင်... မကောင်းတော့ပါဘူး၊ မကောင်းတော့ပါဘူး ..."
ကျိန်းအန်းချန်က ခြေလှမ်းကျဲကြီးတွေနဲ့ အနားကို ပြေးသွားပြီး ထိုမိန်းမစိုးလေးရဲ့ အင်္ကျီကော်လာကို ဆွဲကာ ပါးကို နှစ်ချက်လောက် ဆင့်ရိုက်လိုက်တော့တယ်။ "ပါးစပ်က စည်းကမ်းမရှိလိုက်တာ၊ မင်းရဲ့ခေါင်းကို မလိုချင်တော့ဘူးလား"
ဒီမိန်းမစိုးလေးက ကျိန်းအန်းချန်ရဲ့မွေးစားသား ရွှန်ရှီးပါပဲ။ သူ့ရဲ့ အဖေအရင်းလို ဖြစ်တဲ့ ကျိန်းအန်းချန် ဒီလောက်ထိ စိတ်တိုနေတာ မြင်တော့၊ သူလည်း စည်းကမ်းဖောက်မိမှန်း သိလိုက်ပြီး ကိုယ့်ပါးကိုယ် ဘယ်ပြန်ညာပြန် အသည်းအသန် ပြန်ရိုက်တော့တယ်။
"ကျွန်တော်မျိုး သေထိုက်ပါတယ်၊ ဧကရာဇ် အသက်ချမ်းသာပေးပါဦး။ ကျွန်တော်မျိုးက စိတ်ပူလွန်းလို့ စည်းကမ်းဖောက်မိသွားတာပါ။ ဟို... ဟို... ဟို့ဝမ်ချင်းက တရားလွှတ်တော်ချုပ် ထောင်ထဲမှာ ကြိုးဆွဲချ သေဆုံးသွားပါပြီ "
ဖတ်ခနဲ အသံနဲ့အတူ တစ်ခုခု ကျိုးပျက်သွားတဲ့ အသံလေး သဲ့သဲ့ ထွက်ပေါ်လာခဲ့လေတယ်။
ဧကရာဇ်ကျားချန်ရဲ့မျက်လုံးထဲမှာတော့ အေးစက်လှတဲ့ အရိပ်အယောင်တွေက ဝင်းခနဲ ပေါ်လာခဲ့ပြီ။ "ကောင်းတယ်၊ တကယ့်ကို ကောင်းလိုက်ပါပေ့။ အရှေ့ကနေ အပြစ်ဝန်ခံတဲ့ လျှောက်လွှာတင်တယ်၊ အနောက်ကနေတော့ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေပြလိုက်တယ်ပေါ့လေ"
ဟို့ဝမ်ချင်း သေဆုံးသွားတဲ့ သတင်းကတော့ နန်းတွင်းတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ရတယ်။ အရင်ကလည်း ထောင်ထဲမှာ အပြစ်ကို ကြောက်လို့ သတ်သေသွားတဲ့ အရာရှိတွေ ရှိခဲ့ဖူးပေမယ့်၊ အဲဒီလူတွေက ရာထူးသိပ်မကြီးတာကြောင့် လူတွေက တစ်ချက် စွေကြည့်ရုံလောက်ပဲ ရှိတာလေ။ ဒါပေမဲ့ ဟို့ဝမ်ချင်းကတော့ မတူပါဘူး၊ သူ့ရဲ့ အနာဂတ်က အများကြီး တောက်ပနေတာကိုး။
ရှီတူးရွှယ်ရှီး(ဧကရာဇ်မင်းမြတ်အား စာပေပို့ချပေးရသည့် ဟန်လင်းကျောင်းတော်မှ အဆင့်မြင့်ပညာရှင်အရာရှိ) အဆင့်အထိ ရောက်နေတဲ့သူဆိုတော့၊ ဒီတစ်ကြိမ် စာမေးပွဲသာ ပြီးသွားရင် ကျင်းရှီ ၃၀၀စလုံးက သူ့ရဲ့တပည့်တွေ ဖြစ်လာမှာဖြစ်သလို၊ ဝန်ကြီးဌာန ၆ ခုထဲမှာ အနည်းဆုံး ဒုဝန်ကြီးကနေ စပြီး တာဝန်ထမ်းဆောင်ရမှာ။ နောက်နှစ်အနည်းငယ်ဆိုရင် အမတ်ချုပ်အဖွဲ့ထဲကို ဝင်ဖို့ဆိုတာလည်း မခဲယဉ်းပါဘူး။ ဒါပေမဲ့ အဲဒီလို လူမျိုးက အခုလိုမျိုး သတ်သေသွားခဲ့ရပြီလေ။
အဲဒီ မထင်မရှား အိမ်လေးဆီကို ဆရာ လင်းမြောင် နောက်တစ်ခေါက် ထပ်ပြီး ရောက်လာခဲ့ပြန်တယ်။ အရင်တစ်ခေါက်နဲ့ မတူတာကတော့ ဒီတစ်ခါမှာ စောင်းတီးနေတဲ့ အပြာရောင်ဝတ်စုံနဲ့လူက သူ့ကို မျက်နှာချင်းဆိုင် ပြလိုက်တာပါပဲ။
ဒီလူကို လင်းမြောင်က ဦးလေးလေးလို့ ခေါ်ပေမယ့်၊ လင်းမြောင်ထက် အများကြီး ပိုပြီး ငယ်ပုံရပါတယ်။ အသက် ၃၀ ဝန်းကျင်လောက်ပဲ ရှိဦးမယ့် ထိုသူဟာ ဆံပင်အနက်ရောင်တွေကို ပခုံးအနောက်မှာ အပြည့်ဖြန့်ချထားပြီး၊ အပြာရောင်ဆံကြိုးလေးနဲ့ တစ်စုတည်း စည်းထားတယ်။ မျက်နှာထားက ကြည်လင်သန့်ပြန့်နေပြီး ထူးခြားတဲ့ ဆွဲဆောင်မှုတစ်ခု ရှိနေခဲ့တာ။
146 03
လင်းမြောင် ဝင်လာတဲ့ အချိန်မှာတော့ ထိုသူက ပြတင်းပေါက်နားမှာ ထိုင်ပြီး လက်ဖက်ရည်ကြမ်း သောက်နေခဲ့တယ်။ ရွှေရောင်သန်းနေတဲ့ နေရောင်ခြည်လေးက ပြတင်းပေါက်ကနေ ဖြတ်သန်းဝင်ရောက်လာပြီး သူ့ရဲ့ အသားအရေကို ကြည်လင်ဝင်းပနေစေတယ်။ လက်ချောင်းလေးတွေက သွယ်လျပြီး လက်ဆစ်လေးတွေက ကျောက်စိမ်းလို ဖြူစင်နေတာ မြင်ရတာ... တကယ့်ကို ခန့်ညားထည်ဝါတဲ့ ပါရမီရှင် သခင်လေး တစ်ယောက်ပါပဲ။
"ဦးလေးလေး"
"ရောက်လာပြီလား" ယွီချင်းက မျက်လွှာကို မမော့ဘဲ လက်ဖက်ရည်ကြမ်းကိုပဲ ငုံရင်း ပြန်ပြောလိုက်တယ်။
"ဦးလေးလေး... ဟို့ဝမ်ချင်း သေသွားပါပြီ"
"ဒါကို ငါသိတယ်၊ သူကတော့ သေဖို့ ကံပါလာပြီးသားပဲလေ"
လင်းမြောင်ရဲ့မျက်မှောင်ကြုတ်နေတာကို မြင်လိုက်ရတဲ့အခါ ယွီချင်းက အနည်းငယ် ပြုံးလိုက်ရင်း ဆိုလိုက်တယ်။
"သူသေသွားတာက ဝူအမတ်ချုပ်ကြီးကို ကာကွယ်လိုက်ရုံတင် မဟုတ်ဘဲ၊ လူအများကြီးကိုပါ ကာကွယ်ပေးလိုက်တာပဲ။ ဝူအုပ်စုအတွက်ရော၊ တခြားသူတွေအတွက်ပါ... ဟို့ဝမ်ချင်းဟာ ဒီတစ်ကြိမ် စာမေးပွဲရဲ့ စာစစ်မှူးချုပ် ဖြစ်နေတာဆိုတော့၊ သူ သေသွားမှပဲ ဒီပြဿနာတွေက ငြိမ်သက်သွားမှာလေ။ ဒါကြောင့်လည်း ငါက မင်းကို ဒီကိစ္စထဲမှာ ဝင်မပါဖို့ အစကတည်းက တားခဲ့တာပေါ့"
လင်းမြောင်ကတော့ ဘာစကားမှ ပြန်မပြောနိုင်ရှာပါဘူး။
"ဒီကိစ္စတွေထဲမှာ မင်း ဘာတွေကိုများ မြင်လိုက်ရလဲ"
"ကျွန်တော်ကတော့..." လင်းမြောင်ဟာ ထိုသူထက် အသက်ကြီးပေမယ့်၊ ဒီလူနဲ့ မျက်နှာချင်းဆိုင်လိုက်ရင်တော့ သူကိုယ်တိုင်ဟာ ဘာမှမသိသေးတဲ့ လူငယ်လေး တစ်ယောက်လိုမျိုး ခံစားနေလိုက်ရတယ်။
"အံ့ဩနေတာလား အရင်က ငါ မင်းကို အများကြီး ပြောပြခဲ့ဖူးပေမယ့်၊ သူများပြောတာကို ကြားရတာက ကိုယ်တိုင်မြင်ရသလောက်တော့ စိတ်ထဲ မစွဲဘူးလေ။ တကယ်တော့ ငါ အရင်ကတည်းက ပြောဖူးသားပဲ... ဒီလောကမှာ လုံးဝဥဿုံ မှန်တာ၊ မှားတာဆိုတာ မရှိသလို၊ ရန်သူနဲ့ မိတ်ဆွေဆိုတာလည်း အတည်မရှိပါဘူး" ယွီချင်းက သက်ပြင်းချရင်း ဆက်ပြောတယ်။
"မင်း ကြည့်လိုက်လေ... သူတို့တွေက ဝူအမတ်ချုပ်ကြီးနဲ့ အသေအလဲ တိုက်ခိုက်နေကြတယ်လို့ ထင်ရပေမယ့်၊ တကယ့်တမ်း အရေးကြီးတဲ့ အချိန်ကျရင်တော့ ခဏတာ လက်တွဲတတ်ကြတာပဲ။ ဥပမာ အခုကိစ္စပေါ့၊ ဒီထက်ပိုပြီး အမြစ်ကို လိုက်စုံစမ်းနေမယ် ဆိုရင် လူတိုင်း ရွှံ့ရေစင်ကုန်မှာလေ။ အဲ့ဒါကြောင့်ပဲ ဟို့ဝမ်ချင်းက အသေခံပေးလိုက်ရတာပေါ့"
"ကျွန်တော် ထင်တာကတော့..."
"မင်း ဘာကို ထင်တာလဲ။ အရာရှိဆိုရင် အကောင်းနဲ့ အဆိုးဆိုပြီး ခွဲခြားလို့ရမယ်လို့ ထင်နေတာလား။ ရှေးမင်းဆက်တွေဟာ အုပ်စုကွဲပြီး တိုက်ခိုက်ကြလို့ ပျက်စီးခဲ့ရတယ်ဆိုတာ အပိုစကား မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ တိုက်ခိုက်တာဖြစ်စေ၊ မတိုက်ခိုက်တာဖြစ်စေ... ဒါဟာ မတတ်သာလို့ လုပ်ကြရတာလေ။ လူတစ်ယောက်က အဆင့်တစ်ခုကို ရောက်သွားပြီဆိုရင် သူ့နောက်မှာ အင်အားစုတွေ အများကြီး ရှိလာမှာပဲ။ အဲဒီလူတွေကလည်း အရည်အချင်းချင်း မတူကြသလို၊ ကိုယ်နဲ့ ရင်းနှီးတဲ့သူရော၊ မရင်းနှီးတဲ့သူရော ပါလာမှာပေါ့။ တချို့အချိန်တွေမှာ တခြားသူကို ကာကွယ်ပေးတာဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာလည်း ဖြစ်နိုင်တာပဲလေ"
လင်းမြောင်ဟာ တိတ်ဆိတ်သွားခဲ့ရပြီ။
146 04
ဒါကို မြင်တော့ ယွီချင်းက အကြောင်းအရာ ပြောင်းလိုက်တော့တယ်။ "ကဲပါ... ဒါတွေကို ထားလိုက်ပါတော့၊ တခြားအကြောင်းတွေပဲ ပြောကြရအောင်"
လင်းမြောင်က ခေါင်းညိတ်လိုက်ရင်း ဝူအမတ်ချုပ်ကြီးက နေမကောင်းဖြစ်နေတဲ့ ကြားကပဲ အပြစ်ဝန်ခံတဲ့ လျှောက်လွှာတင်ခဲ့တဲ့ အကြောင်းတွေကို ပြောပြလိုက်တယ်။ ယွီချင်း ပြောခဲ့သလိုပါပဲ၊ အရင်က ဝူအမတ်ချုပ်ကြီးနဲ့ မတည့်တဲ့ အရာရှိကြီးတွေတောင်မှ ဝူအမတ်ချုပ်ကြီးအတွက် ရှေ့ထွက်ပြီး အသနားခံပေးနေကြတာ။
အဲဒါကြောင့်ပဲ ဒီကိစ္စကတော့ ဒီအတိုင်းပဲ တန့်သွားခဲ့ရပြီပေါ့။ ဧကရာဇ်ကျားချန် တစ်ယောက်တည်းရဲ့အင်အားနဲ့တော့ ဒီလောက်များတဲ့ အမတ်တွေကို အပြတ်ကိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။
နားထောင်ပြီးတဲ့နောက်မှာတော့ ယွီချင်းက မဲ့ပြုံးလေး ပြုံးလိုက်ရင်း မေးလိုက်တယ်။
"ဒါဆို မင်းရဲ့ အဲ့ဒီတပည့်ကရော ဘယ်လိုနေလဲ"
လင်းမြောင်ကတော့ တစ်ချက် မှင်တက်သွားပြီးမှ၊ အဲ့ဒီနေ့က ရွှီထင်းရှန်း လာတွေ့တုန်းက ပြောခဲ့တဲ့ စကားတွေကို ပြန်သတိရလိုက်မိတယ်။ "ဆရာ... ကျွန်တော်မျိုးကတော့ သည်းခံဖို့ ကြိုးစားခဲ့ပေမယ့် အခြေအနေကတော့ ခွင့်မပြုတော့ပါဘူး။ ဒီကိစ္စတွေ ဖြစ်ပြီးသွားရင်တော့ ကျွန်တော်တို့ ဆရာတပည့် သံယောဇဉ်က ရှေ့ဆက်ဖို့ ခက်သွားနိုင်ပေမယ့်၊ ဆရာ့ကိုတော့ ကျွန်တော်မျိုး စိတ်ထဲမှာ အမြဲတမ်း ဆရာအဖြစ်ပဲ သတ်မှတ်ထားမှာပါ..."
"မိုက်လိုက်တဲ့ကလေးရယ်... မင်း ဒီလိုလုပ်လိုက်ရင် မင်းရဲ့အသက်က ဆယ်ပုံပုံရင် ကိုးပုံလောက်က သေဖို့ပဲ ရှိတော့တာလေ။ ကံကောင်းလို့ အောင်မြင်သွားရင်တောင်မှ နန်းတွင်းတစ်ခုလုံးက မင်းရဲ့ရန်သူတွေ ဖြစ်ကုန်တော့မှာ... မင်း နောက်ပိုင်းမှာ..."
ငိုင်နေတဲ့ လင်းမြောင်ကို တစ်ချက် ကြည့်လိုက်ရင်း ယွီချင်းက ခေါင်းခါလိုက်တယ်။ "ဒီကလေးကတော့ တကယ့်ကို အဖိုးတန်တဲ့ လူသားတစ်ယောက်ပါပဲ၊ ဒါပေမဲ့ နှမြောစရာတော့ ကောင်းလှပါတယ်"
နန်းတွင်းထဲမှာ ဝူအမတ်ချုပ်ကြီးရဲ့ကိစ္စတွေကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ အချိန်မှာတင်၊ ကျိယိုနှစ်ရဲ့ ဟွေ့ရှီ စာမေးပွဲ ရလဒ်တွေကလည်း နောက်ဆုံးမှာ ထွက်ပေါ်လာခဲ့ပါပြီ။
ရှုန့်ထျန်းကုန်းယွမ် တံခါးရှေ့မှာ လူတွေဟာ ပုရွက်ဆိတ်အုံလို ပြည့်နှက်နေခဲ့တာပေါ့။ သိပ်မကြာခင်မှာပဲ ရွှီထင်းရှန်း တစ်ယောက် ဟွေ့ယွမ် (စာမေးပွဲ ပထမစွဲ) ရသွားပြီဆိုတဲ့ သတင်းက ကျင်အာလမ်းကြားက အိမ်လေးဆီကို ပျံ့နှံ့ရောက်ရှိလာခဲ့တော့တယ်။
သတင်းရောက်လာတဲ့ အချိန်မှာ ရွှီထင်းရှန်းကတော့ ဟုန်အာလေးကို ချီပြီး ပန်းတွေကို ငေးကြည့်နေခဲ့တာ။
သတင်းကောင်းကို ကြားလိုက်ရတဲ့ အခါမှာတော့ ဘေးကလူတွေအားလုံးက ဝမ်းသာအားရ ပြုံးပျော်နေကြပေမယ့်၊ သူကတော့ ဝမ်းသာတဲ့ အရိပ်အယောင် သိပ်ပြီး မတွေ့ရပါဘူး။
ကျောက်အာက သတင်းလာပို့တဲ့သူကို ဆုကြေးတွေ ပေးပြီး ပြန်လွှတ်လိုက်ကာမှ အခန်းထဲကို ဝင်လာခဲ့လိုက်တယ်။ ရွှီထင်းရှန်းကတော့ ပြတင်းပေါက်နားမှာ ထိုင်ပြီး တစ်ခုခုကို အလေးအနက် စဉ်းစားနေတာ တွေ့လိုက်ရတယ်။
"နင် ဘာဖြစ်နေတာလဲဟင်"
"ဘာမှမဖြစ်ပါဘူး... ထင်ထားသလောက်လည်း ဝမ်းမသာမိတော့လို့ပါပဲ"
ကျောက်အာကတော့ သက်ပြင်းတစ်ချက်ကို မောမောနဲ့ ချလိုက်ရရှာတယ်။ ဒီ ဟွေ့ယွမ်ဘွဲ့ကို ရဖို့အတွက် သူတို့တွေ ဘယ်လောက်တောင် ခက်ခဲခဲ့ရလဲဆိုတာ ပြောပြစရာတောင် မလိုတော့ပါဘူးလေ။ ဒီကိစ္စတွေ ဖြစ်ပြီးသွားပြီဆိုမှတော့ ဒီအိမ်ထဲက လူတွေကြားမှာ အရင်လို ခင်မင်ရင်းနှီးမှုမျိုး ရှိဖို့ဆိုတာလည်း မလွယ်တော့ပါဘူး။
ဒါပေမဲ့ သူတို့ နှစ်ယောက်စလုံး စိတ်မကောင်းဖြစ်နေတာကတော့ သိပ်မကြာလိုက်ပါဘူး။ နောက်ထပ် သတင်းကောင်း နှစ်ခုက တစ်ဆက်တည်း ရောက်လာခဲ့တာကြောင့် ကျင်အာလမ်းကြားက အိမ်လေးဟာ ပြန်ပြီး စည်ကားသွားခဲ့ရပြီလေ။
146 05
ဒီတစ်ခါတော့ ရွှီထင်းရှန်း တစ်ယောက်တည်း အောင်တာ မဟုတ်ဘဲ မောက်ပါ့သိုနဲ့လီသာ့ထျန်တို့ပါ အောင်သွားကြတာ။ သူတို့တွေကတော့ အဆင့် ၂၀၀ ကျော်လောက်မှာ ကပ်ပြီး အောင်ခဲ့တာဖြစ်ပေမယ့် ဘာပဲဖြစ်ဖြစ် ကုန်းရှီဘွဲ့ကိုတော့ ရရှိသွားကြပြီ။
လူတွေအားလုံး စုပေါင်းပြီး ဂုဏ်ပြုကြပေမယ့် လင်းမြောင်လည်း မရှိသလို၊ ချန်ကျန်းလည်း မရှိပါဘူး။
ဒီရက်ပိုင်းအတွင်းမှာ ချန်ကျန်းက ဟန်လင်းကျောင်းတော်မှာ "မင်ရှီ" ပြုစုတဲ့ အလုပ်နဲ့ မအားမလပ် ဖြစ်နေခဲ့တာ။ ဒါကလည်း ရွှီထင်းရှန်းက သူ့ကို သီးသန့် သတင်းပါးထားလို့ပါပဲ၊ အခုချိန်မှာ အိမ်ကို မပြန်လာတာက သူ့အတွက် ပိုကောင်းမယ်လို့ ဆိုထားတာကိုး။
အဲဒီညမှာတော့ ရွှီထင်းရှန်းလည်း အရက်သောက်ခဲ့ပါတယ်။ သူတင်မကဘဲ မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့လည်း အစွမ်းကုန် မူးအောင် သောက်ခဲ့ကြတယ်။ သူတို့ သုံးယောက်သား မိုးလင်းခါနီး (၃) ချက်တီးအထိ သောက်ပြီးမှပဲ အိပ်ပျော်သွားခဲ့ကြတာ။ နောက်တစ်နေ့ မနက်ခင်းမှာတော့ နေရောင်ခြည်နဲ့အတူ နေ့သစ်တစ်ခုက ပြန်လည် စတင်ခဲ့ပြန်ပါပြီ။
ရှေ့လျှောက် နေ့ရက်တွေမှာတော့ အခုမှ အောင်မြင်လာတဲ့ ကုန်းရှီ လေးတွေဟာ အလုပ်တွေနဲ့ အလွန်ကို အလုပ်များနေကြရတော့တယ်။
ဒီတစ်ကြိမ် စာမေးပွဲက အရင်နဲ့ မတူဘူး။ အရင်တုန်းကဆိုရင် စာစစ်မှူးချုပ် နှစ်ဦးနဲ့ အခန်းစောင့်ဆရာ ၁၈ ဦး... စုပေါင်းမှ အယောက် ၂၀ ပဲ ရှိတာ။ အဲဒီထဲမှာ စာစစ်မှူးချုပ် နှစ်ဦးကို ကျောက်ရှီးလို့ သတ်မှတ်ပြီး၊ ကျန်တဲ့ ၁၈ ဦးကိုတော့ ဖန်းရှီးလို့ သတ်မှတ်ကြတယ်။ ဒါပေမဲ့ အခုတစ်ခေါက်မှာတော့ ဝန်ကြီး ၉ ဦး က ကိုယ်တိုင် စာစစ်တာဖြစ်သလို၊ စာစစ်အရာရှိကလည်း ၃၀ ကျော် ရှိတာဆိုတော့... ဒီလူတွေ အားလုံးနဲ့ ဆရာတပည့် သံယောဇဉ်တွေ ချိတ်ဆက်လို့ ရသွားပြီ မဟုတ်လား။
စာစစ်အရာရှိတွေကို ထားလိုက်ပါဦး... ဝန်ကြီး ၉ ဦး ဆိုတာကတော့ တကယ့်ကို အရှိန်အဝါကြီးတဲ့ နောက်ခံတွေပဲ။ ရှေးထုံးစံအရ စာမေးပွဲအောင်ပြီးရင် ကိုယ့်ရဲ့ ဆရာတွေကို သွားရောက် ဂါရဝပြုရတဲ့ ထုံးစံက ရှိနေတာဆိုတော့၊ အခုချိန်မှာ မသွားရင် ဘယ်အချိန် သွားမလဲ။ အဲ့ဒါကြောင့်လည်း ဒီရက်ပိုင်းအတွင်းမှာ အမတ်ချုပ်ကြီးတွေနဲ့ ဝန်ကြီးချုပ်တွေရဲ့ အိမ်တော်တွေမှာတော့ အလွန်ကို စည်ကားနေတော့တယ်။
ဒီအချိန်မှာတော့ ခြေတစ်ချက် ဆောင့်လိုက်ရင် တိုင်းပြည် တုန်သွားစေနိုင်တဲ့ အရာရှိကြီးတွေဟာ အရင်ကလို ခန့်ညားတည်ကြည်တဲ့ ဟန်တွေကို ခဏဘေးဖယ်ထားကြပြီး၊ အလုပ်တွေ များနေတဲ့ ကြားကပဲ အိမ်မှာ ငြိမ်ငြိမ်လေး ထိုင်ပြီး ကျောင်းသားသစ်တွေ လာတွေ့မှာကို စောင့်နေကြတယ်။
ဘာလို့များ စာစစ်မှူး လုပ်ဖို့အတွက် လူတွေက အသည်းအသန် လုနေကြရတာလဲ ဘာလို့လဲဆိုတော့ ဒါဟာ အင်အားစုတွေ စုဆောင်းတာ မို့လို့ပါပဲ။
စာမေးပွဲ တစ်ကြိမ်မှာ ကျင်းရှီ ၃၀၀ ထွက်လာတာလေ။ ဟွေ့ရှီကို အောင်သွားပြီဆိုရင်တော့ အောင်စာရင်းက အဆင့်အတန်းလောက်ပဲ ပြောင်းလဲနိုင်တော့မှာဖြစ်ပြီး၊ ကျင်းရှီ ဖြစ်ဖို့ကတော့ သေချာသွားပြီလေ။ ဒီလူတွေဟာ နောက်ပိုင်းမှာ ဟန်လင်းကျောင်းတော်ကို ရောက်မလား၊ ဝန်ကြီးဌာန ၆ ခုမှာ အရာရှိငယ် လုပ်မလား၊ ဒါမှမဟုတ် နယ်ဘက်မှာ ခရိုင်အုပ်ချုပ်ရေးမှူး သွားလုပ်မလား... နန်းတွင်းနဲ့ နယ်အနှံ့မှာ ပျံ့နှံ့သွားကြမှာ မဟုတ်လား။ အုပ်စုတစ်ခုရဲ့ အင်အားဆိုတာ ဒီလိုနည်းနဲ့ပဲ တဖြည်းဖြည်း တောင့်တင်းလာရတာပါပဲ။
နန်းတွင်းထဲမှာ အရင်းနှီးဆုံး ဆက်ဆံရေးဆိုတာ ဆရာနဲ့ တပည့် ဆက်ဆံရေးပါပဲ။ အခုခေတ် ဧကရာဇ်ကိုယ်တိုင်တောင် ဒါကို ငြင်းပယ်လို့ မရပါဘူး။ အဲ့လိုမှမဟုတ်ရင် လူကျင့်ဝတ်ကို ဖောက်ဖျက်တာ ဖြစ်သွားသလို၊ လူတစ်ယောက်ကို သစ္စာမရှိတဲ့သူ ဖြစ်အောင် တွန်းပို့ရာ ရောက်သွားမှာလေ။ ဒါဟာ အကြီးမားဆုံးသော အမှားဖြစ်တာကြောင့် ဘယ်သူမှ ကျူးလွန်ဖို့ မဝံ့ကြပါဘူး။
146 06
မောက်ပါ့သို နဲ့ လီသာ့ထျန် တို့တောင် သူငယ်ချင်းတွေနဲ့အတူ ဆရာတွေကို သွားရောက် ဂါဝရပြုကြပေမဲ့၊ ရွှီထင်းရှန်းတစ်ယောက်တည်းကတော့ အိမ်ထဲမှာပဲ အောင်းနေခဲ့တယ်။ တကယ်တော့ မောက်ပါ့သိုတို့ နှစ်ယောက်လည်း သွားချင်ကြတာ မဟုတ်ပါဘူး။ သူတို့က ရွှီထင်းရှန်းကိုပဲ အမြဲတမ်း အားကိုးကြတာ။ ဒါပေမဲ့ ရွှီထင်းရှန်းကပဲ သူတို့ကို တိုက်တွန်းခဲ့တာပါ။ အကြောင်းပြချက်ကတော့ ရှင်းပါတယ်၊ အရာရှိလောကထဲ ရောက်သွားပြီဆိုရင် တစ်နေ့မှာတော့ လမ်းခွဲကြရမှာပဲ မဟုတ်လား။ လူတိုင်းမှာ ကိုယ်စီဘဝတွေ ရှိကြတာဆိုတော့ တခြားသူရဲ့ လွှမ်းမိုးမှုကိုပဲ ခံနေလို့ မဖြစ်ဘူးလေ။
ရွှီထင်းရှန်းကတော့ အခြေအနေကို သိတတ်လို့ မသွားတာလည်း ပါတာပေါ့။ ဒန်ဝမ်ဗုံကို တီးပြီး စာမေးပွဲ မသမာမှုတွေကို ဖော်ထုတ်လိုက်တဲ့ နောက်မှာတော့၊ နန်းတွင်းထဲမှာ သူ့ကို ကြည့်ရတဲ့ အရာရှိက သိပ်ရှိမှာ မဟုတ်တော့ဘူးလေ။ အဲ့ဒါကြောင့် ကိုယ့်ဘာသာကိုယ် သွားပြီး အဖတ်မလုပ်ခံရတာမျိုး မဖြစ်ချင်တာပေါ့။ ရွှီထင်းရှန်းကိုယ်တိုင်တောင် တစ်နေ့မှာ အထီးကျန်အမတ်ဘဝ ရောက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ သူ့ရဲ့ဆရာလည်းဖြစ်၊ အားကိုးရာလည်း ဖြစ်တာက ဧကရာဇ်ကျားချန် တစ်ယောက်တည်းပဲ ရှိတော့တာ။ ဒါဟာ တစ်ယောက်တည်း လျှောက်ရမယ့် လမ်းပါပဲ။ အဲဒီနေ့က ချီဖန်းလမ်းမကြီးပေါ်မှာ တစ်ကိုယ်တည်း ခြေလှမ်းမှန်မှန်နဲ့ ဝူးမန်တံခါးဆီကို လျှောက်လာခဲ့ကတည်းက သူ ဒီလိုမျိုး အသိတရား ရခဲ့တာ။
မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့ အပြင်ထွက်တာ ရက်အနည်းငယ် ရှိသွားပြီလေ။ ဒီနေ့ ပြန်လာတော့ မောက်ပါ့သိုက ရွှီထင်းရှန်းကို ဆိုလာခဲ့တယ်။ "ဒီရက်ပိုင်းမှာ လူတိုင်းက ကျွမ့်ထို(စာမေးပွဲအဖြေလွှာရဲ့ မျက်နှာဖုံး (သို့မဟုတ်) ထိပ်ပိုင်း) တွေ လိုက်ပေးနေကြတာ။ ဝူးချန်မင်ကလည်း ငါနဲ့ သာ့ထျန်ကို မြန်မြန်ရေးပြီး နေရာအနှံ့ လိုက်ပေးဖို့ ပြောနေတယ်၊ ဒါမှပဲ အနာဂတ်မှာ လမ်းပွင့်မှာတဲ့”
ဒါကတော့ အကြံဉာဏ် လာတောင်းတာပေါ့။ မောက်ပါ့သိုရဲ့ မျက်လုံးထဲမှာတော့ ဒန်ဝမ်ဗုံ ကိစ္စပြီးကတည်းက ရင်းနှီးလှတဲ့ သူ့ညီလေးဟာ ရုတ်တရက် အဆင့်အတန်းတွေ အများကြီး မြင့်တက်သွားသလိုပဲ။ သူ့ရဲ့ ဉာဏ်ပညာ၊ အမြင်နဲ့ အစီအစဉ်တွေက သူတို့နဲ့မနှိုင်းယှဉ်နိုင်တော့ဘူးလေ။ အခုဆိုရင် ရွှီထင်းရှန်းဟာ မောက်ပါ့သိုတို့ မျက်လုံးထဲမှာ မြူနှင်းတွေ ဖုံးနေသလိုမျိုး လျှို့ဝှက်ဆန်းကြယ်နေပြီး၊ အရာရာကို သိမြင်နိုင်စွမ်း ရှိတယ်လို့တောင် ထင်နေကြတယ်။
တကယ်တော့ ရွှီထင်းရှန်းလည်း ဒါကို ကောင်းကောင်း သိတာပေါ့။ ဒီ ကျွန့်ထိုပေးတယ် ဆိုတာက နန်းတွင်းမှာ တိတ်တဆိတ် ရှိနေတဲ့ အစဉ်အလာတစ်ခုလေ။ နန်းတွင်းစာမေးပွဲကျရင် စာရွက်ပေါ်မှာ နာမည်ကို ဖုံးအုပ်ထားတာမျိုး မရှိဘူး၊ လက်ရေးကို ပြောင်းရေးတာမျိုးလည်း မလုပ်ရဘူး။ ဆိုလိုတာက စာစစ်အရာရှိတွေက ကျောင်းသားရဲ့နာမည်နဲ့ လက်ရေးကို တိုက်ရိုက် မြင်ရမှာလေ။ အဲဒီအချိန်မှာ ကျွန့်ထိုရဲ့ အာနိသင်က ပေါ်လာတော့တာပဲ။ မင်းက အရာရှိကြီး တစ်ယောက်ယောက်ဆီကို မင်းရဲ့ စာမူလေး ကြိုတင်ပေးထားလို့၊ သူက မင်းကို သဘောကျပြီး မြှောက်စားချင်တယ်ဆိုရင်၊ စာမေးပွဲခန်းထဲမှာ မင်းရဲ့လက်ရေးကို မြင်တာနဲ့တင် အထူးပြောနေစရာ မလိုတော့ဘူးပေါ့။ နန်းတွင်းစာမေးပွဲကို ဧကရာဇ်ကိုယ်တိုင် စစ်တယ်ဆိုပေမဲ့၊ ဧကရာဇ်က စာရွက်ပေါင်း ၃၀၀ ကျော်ကို ဘယ်မှာ ထိုင်ဖတ်နိုင်ပါ့မလဲ။ စာဖတ်အရာရှိတွေ ရှိတာပေါ့၊ သူတို့တွေကလည်း အောင်စာရင်း အဆင့်အတန်းကို အများကြီး ပြောင်းလဲပစ်နိုင်တာလေ။
"ဒါဆို မင်းတို့ နှစ်ယောက်ကရော... ပေးချင်တာလား၊ မပေးချင်ဘူးလား"
ရွှီထင်းရှန်းက မေးလိုက်တယ်။
"သေချာပေါက် ပေးမှာပေါ့ကွ။ လူတိုင်း ပေးနေတာကို ငါတို့က မပေးရင် အရမ်းကို လူတောမတိုးသလို ဖြစ်နေမှာပေါ့" မောက်ပါ့သိုက ဆိုပြီး အနည်းငယ် တုန့်ဆိုင်းသွားပြန်တယ်။ "ထင်းရှန်း... ငါက မင်းကို ပြောတာ မဟုတ်ပါဘူးနော်။ မင်းရဲ့အခြေအနေကတော့ နည်းနည်း ထူးခြားတာပေါ့၊ မင်းကတော့ ကျွန့်ထိုပေးချင်ရင်တောင် ဧကရာဇ်ဆီကိုပဲ တိုက်ရိုက် ပေးသင့်တာလေ”
မောက်ပါ့သိုကတော့ ထုံးစံအတိုင်း ဒီလိုအချိန်မှာတောင် ကျီစယ်ဖို့ မမေ့ဘူးလေ။ ရွှီထင်းရှန်းကလည်း ခေါင်းခါပြလိုက်ရင်း ပြန်မေးလိုက်တယ်။
146 07
"ကဲပါ... ငါ့ကိုတော့ လာပြီး မနောက်ပါနဲ့တော့။ ဒါဆို မင်းတို့က ဘယ်လို စိတ်ကူးထားလဲ"
မောက်ပါ့သိုက ခေါင်းကို ကုတ်လိုက်ရင်း "ငါနဲ့ သာ့ထျန် စဉ်းစားတာကတော့... ငါတို့ နှစ်ယောက်က ဒီတစ်ခါ ဘယ်လိုလုပ်ပြီး အောင်လာမှန်းတောင် မသိဘူး၊ အောင်စာရင်းရဲ့အမြီးမှာပဲ ပါတာလေ။ ဒါပေမဲ့ ကောင်းကင်ဘုံက အခွင့်အရေး ပေးလိုက်ပြီဆိုမှတော့ တစ်ချက်တော့ ကြိုးစားကြည့်ချင်တာပေါ့။ မြို့တော်ကို ရောက်ကတည်းက ငါတို့ မြင်ခဲ့ရတာတွေက ထင်ထားတာထက် အများကြီး ပိုပြီးဆိုးဝါးလွန်းတယ်။ အရင်ကတော့ ဖြောင့်ဖြောင့်တန်းတန်း နေရင် ဘယ်သူမှ ငါတို့ကို ဘာမှမလုပ်နိုင်ဘူးလို့ ထင်ခဲ့တာ၊ အခုတော့ မဟုတ်မှန်း သိလိုက်ရပြီ။ အမြဲတမ်း အရိုက်ခံနေရပြီး ပြန်မခုခံနိုင်တာမျိုးတော့ မဖြစ်ချင်ဘူးလေ။ မင်း အရာရှိလောကထဲ ရောက်ရင်လည်း အခြေအနေက သိပ်ကောင်းမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် အနည်းဆုံးတော့ ငါတို့ နှစ်ယောက်က ကြိုးစားပြီး နေရာတစ်ခု ရအောင် ယူထားမှ၊ နောက်ပိုင်းမှာ မင်းကို တစ်ဖက်တစ်လမ်းက ကူညီနိုင်မှာ မဟုတ်လား။ ဒါကတော့ လောလောဆယ် စဉ်းစားထားတာပါ၊ နောက်ဆုံး ဘာဖြစ်လာမလဲဆိုတာ မသိပေမဲ့ အစွမ်းကုန်တော့ ကြိုးစားကြည့်ချင်တယ်"
ဒီစကားကို ကြားလိုက်ရတဲ့အခါ ရွှီထင်းရှန်းရဲ့ မျက်နှာက တည်တင်းသွားခဲ့ရပြီ။ အတော်ကြာမှ သူက သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး၊ မောက်ပါ့သိုရဲ့ ပခုံးကို ပုတ်ကာ စက္ကူနဲ့ မှင်ကို သွားယူလိုက်တယ်။ သူက စားပွဲလေးပေါ်မှာ စာလုံးတချို့ကို ရေးလိုက်တယ်။
သူက အရင်ဆုံး ဝူဆိုတဲ့ စာလုံးကို ခြစ်ထုတ်ပစ်လိုက်တယ်။ "ဒီလူ့အကြောင်းတော့ စဉ်းစားမနေနဲ့တော့။ သူက စိတ်ထား သိပ်ကျဉ်းမြောင်းတာ၊ တစ်ခုခုဆိုရင် တခြားသူကို ရန်ငြိုးဖွဲ့တတ်တဲ့သူလေ။ မင်းတို့ နှစ်ယောက်နဲ့ ငါနဲ့က ဘယ်လိုမှ ဖုံးကွယ်လို့ မရတဲ့ ပတ်သက်မှုတွေ ရှိနေတော့၊ ငါ ဘယ်လောက်ပဲ ကြိုတင်ပြင်ဆင်ထားပါစေ၊ သူ့လက်ထဲသာ ရောက်သွားရင်တော့ အကောင်းဖြစ်မှာ မဟုတ်ဘူး”
ပြီးတော့ ရှန်ဆိုတဲ့ စာလုံးကို ထပ်ပြီး ခြစ်ထုတ်လိုက်ပြန်တယ်။ "ဒီလူကတော့ လေတိုက်ရာ ယိမ်းတဲ့ မြက်ပင်မျိုးပဲ၊ အခြေအနေ ကြည့်ပြီး ဟိုဘက် ဒီဘက် ကူးနေတဲ့သူ။ ပြီးတော့ သူ့ရဲ့အခြေခံကလည်း မခိုင်မာသေးဘူး၊ အခု ငါကလည်း သူ့ကို မျက်နှာပျက်အောင် လုပ်ထားမိတော့၊ သူကတော့ ငါတို့နဲ့ ပတ်သက်ဖို့တောင် ကြောက်နေမှာ အသေအချာပဲ။ ဒါကြောင့် သူ့ကိုလည်း စဉ်းစားစရာ မလိုဘူး”
ပြောပြီးတာနဲ့ ဖုန်းနဲ့ဖေးဆိုတဲ့ စာလုံးနှစ်လုံးကိုပါ ထပ်ပြီး ခြစ်ထုတ်လိုက်ပြန်တယ်။ ဒီနှစ်ယောက်ကတော့ အမတ်ချုပ်ကြီးဝူရဲ့ လူယုံတွေဆိုတော့ စဉ်းစားနေစရာတောင် မလိုတော့ဘူးပေါ့။ အခုတော့ စွီ၊ မာ၊ ထန်၊ ရန်ဆိုတဲ့ စာလုံးလေးလုံးပဲ ကျန်တော့တယ်။
ရွှီထင်းရှန်းက ခဏလောက် စဉ်းစားပြီးမှ စွီ ဆိုတဲ့ စာလုံးကိုပါ ခြစ်ထုတ်လိုက်ပြန်တယ်။ ဝူအမတ်ချုပ်ကြီးဟာ စွီအမတ်ချုပ်ကြီးကို သူ့ရဲ့ အကြီးမားဆုံး ရန်သူလို့ သတ်မှတ်ထားတာလေ၊ အမြန်ဆုံး ဖယ်ရှားပစ်ချင်နေတာ။ တစ်နေ့မှာ စွီအမတ်ချုပ်ကြီးသာ လဲသွားခဲ့ရင် သူ့အောက်က လူတွေလည်း ဘယ်မှာ သက်သာနိုင်ပါ့မလဲ။ ပြီးတော့ အဲဒီအိမ်မက်ထဲမှာလည်း စွီအမတ်ချုပ်ကြီးက နောက်ဆုံးမှာ လဲသွားခဲ့တာကိုး။
146 08
"ဒီလူကတော့ အရာရာကို အမြင်စူးရှပေမဲ့၊ ကိစ္စတွေကို ရေလဲနဲ့ အစေ့ထုတ်တတ်တဲ့သူလေ၊ ရှင်းရှင်းလင်းလင်း မရှိဘူး။ သူ့ရဲ့စရိုက်အရ မင်းတို့ကို လက်ခံမှာ မဟုတ်သလို၊ သူလည်း အမတ်ချုပ်အဖွဲ့ထဲမှာ အကြာကြီး နေရမှာ မဟုတ်တော့ဘူး" ရွှီထင်းရှန်းက ထန်ဆိုတဲ့ စာလုံးကို ညွှန်ပြပြီး ဆိုလိုက်တယ်။
အခုဆိုရင်တော့ မာ နဲ့ ရန် ပဲ ကျန်တော့တာပေါ့။
ဒီစာလုံး နှစ်လုံးကို ကြည့်ပြီး ရွှီထင်းရှန်းက မျက်မှောင်ကြုတ်ကာ အတန်ကြာ စဉ်းစားနေခဲ့တာ။ ပြီးတော့မှ မောက်ပါ့သိုတို့ နှစ်ယောက်ကိုပဲ ကိုယ့်ဘာသာကိုယ် ရွေးခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်။
"ဒီလူကတော့ စိတ်ရှုပ်စရာတွေ မကြိုက်သလို ပြဿနာတွေလည်း မရှာတတ်ဘူး။ ဒီတစ်ယောက်ကတော့ တပည့်တွေကို ပြိုးထောင်ပေးရတာကို အနှစ်သက်ဆုံးပဲ" သူက ရှင်းပြလိုက်တယ်။ အရေးကြီးဆုံးအချက်ကတော့ ဒီနှစ်ယောက်စလုံးဟာ အဲဒီအိမ်မက်ထဲမှာ ဘဝအဆုံးသတ် ကောင်းခဲ့တဲ့သူတွေ ဖြစ်နေလို့ပါပဲ။
မောက်ပါ့သိုကတော့ မျက်လုံးတွေ ဝင်းပနေတာပေါ့။ ရွှီထင်းရှန်းရဲ့ စကားအနည်းငယ်ကပဲ နန်းတွင်းက အခြေအနေ အများစုကို သူတို့ကို ကွင်းကွင်းကွက်ကွက် မြင်သွားစေခဲ့တာကိုး။ ဒါပေမယ့် မောက်ပါ့သိုက မနေနိုင်ဘဲ ဆက်မေးလိုက်တယ်။
"ထင်းရှန်း... ဒါဆို ပေလုအုပ်စုကရော"
ပေလု…
ပေလုအုပ်စုကတော့ ရွှီထင်းရှန်းရဲ့ မှတ်ဉာဏ်ထဲမှာ တစ်ခုတည်းသော ပြောင်းလဲနေတဲ့ အချက်ပါပဲ။ အဲ့ဒီအိမ်မက်ထဲမှာတော့ ပေလုအုပ်စုဟာ ဆရာကြီး ဖုယိုတယ် အနားယူသွားပြီးကတည်းက တဖြည်းဖြည်းနဲ့ ငြိမ်သက်ပျောက်ကွယ်သွားခဲ့တာလေ။ ဒါပေမဲ့ ဒီဘဝမှာတော့ မထင်မှတ်တာတွေ ဖြစ်လာခဲ့တယ်။ အရင်ဘဝ မှတ်ဉာဏ်ထဲမှာ လင်းမြောင် ဆိုတဲ့လူ မရှိခဲ့ပါဘူး။ လင်းမြောင်ဟာ ထန့်ဟွား ဘွဲ့ရပြီး ဟန်လင်းကျောင်းတော်ကို ရောက်လာတာမျိုး မရှိခဲ့သလို၊ ကျုန်းရှူးရှယ်ရန်အဖြစ် ဝန်ယွမ်ကောကို ရောက်လာတာမျိုးလည်း မရှိခဲ့ဘူးလေ။
"ထားလိုက်ပါတော့... ပေလုအကြောင်းကိုတော့ မပြောတာပဲ ကောင်းမယ်။ ကြည့်လိုက်ရင်တော့ ဦးလေးတွေ၊ အစ်ကိုတွေနဲ့ အတော်လေး စည်ကားနေတာပဲ၊ ဒါပေမဲ့ ကိစ္စတစ်ခုခု ဖြစ်လာပြီဆိုရင်တော့ အားလုံးက အရိပ်တောင် ရှာမရတော့ဘူး" မောက်ပါ့သိုက စိတ်ထဲမှာလည်း အနည်းငယ်တော့ မကျေနပ်ချက်တွေနဲ့ဆိုလိုက်တယ်၊ ဆရာလင်းမြောင်အပေါ်မှာရောပေါ့။
"ပါ့သိုရာ... နန်းတွင်းကိစ္စတွေက မင်းထင်သလို မရိုးရှင်းပါဘူးကွာ။ ဆရာလည်း မတတ်သာလို့ နေမှာပါ၊ မင်း အဲ့လောက်ထိ စိတ်ထဲ မထားပါနဲ့ဦး" ရွှီထင်းရှန်းက အားတင်းပြုံးရင်း ဖျောင်းဖျလိုက်တယ်။
"ဆရာ့ကိုတော့ ထားပါတော့... ဒါပေမဲ့ ဆရာ ဒီလိုဖြစ်နေရတာက ပေလုဘက်က ဘာမှမဆိုင်ဘူးလို့ မင်း ပြောချင်တာလား။ ကဲပါ... ထားလိုက်ပါတော့၊ သူတို့အကြောင်း မပြောတော့ဘူး။ ငါ သွားပြီး သာ့ထျန်နဲ့ သေချာတိုင်ပင်လိုက်ဦးမယ်။ ငါတို့ကတော့ ငါးကလေး၊ ပုစွန်ကလေးတွေပဲဆိုတော့ ဘာလှိုင်းမှလည်း မထနိုင်ပါဘူး၊ တခြားသူတွေကရော ငါတို့ကို သဘောကျပါ့မလား မသိဘူး"
မောက်ပါ့သိုကတော့ အမြန်ပဲ ထွက်သွားခဲ့ပြီ။ ရွှီထင်းရှန်းကတော့ တစ်ခုခုကို တွေးမိပုံရပြီး နောက်ထပ် သက်ပြင်းတစ်ချက်ကို အသာလေး ချလိုက်မိပြန်တယ်။
ဒီလိုနဲ့ ရုတ်ရုတ်သဲသဲ ကိစ္စတွေကြားမှာပဲ နန်းတွင်းစာမေးပွဲကျင်းပမယ့် အချိန်က ရောက်လာခဲ့ပါပြီ။ နန်းတွင်းထဲက မုန်တိုင်းတွေကတော့ အခုထိကို မငြိမ်သက်နိုင်သေးပါဘူး။
******