← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇)

နန်းတွင်းစာမေးပွဲ ကျင်းပမယ့်နေ့၊ မိုးသောက်ယံ အလင်းရောင် သဲ့သဲ့လေး ပေါ်လာချိန်မှာပဲ ကုန်းရှီ ၃၀၀ ဟာ နန်းတော်တံခါးရှေ့မှာ စုဝေးနေကြပြီ။

ဒီအခုမှ အောင်လာတဲ့ ကျောင်းသားလေးတွေဟာ အသစ်စက်စက် ဝတ်ရုံတွေ၊ ဦးထုပ်နဲ့ ဖိနပ်တွေနဲ့ပေါ့၊ မျက်နှာမှာလည်း ပျော်ရွှင်တဲ့ အရိပ်အယောင်တွေနဲ့ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြတာ။ နန်းတွင်းစာမေးပွဲဆိုတာက အောင်စာရင်း အဆင့်အတန်းကိုပဲ သတ်မှတ်တာဖြစ်ပြီး၊ အရင် ဟွေ့ရှီ တုန်းကလို ရှေ့ရေးကို ရင်တမမနဲ့ စိုးရိမ်နေစရာ မလိုတော့တာကြောင့် အားလုံးက စိတ်ပေါ့ပါးနေကြတယ်။ ဆုံမိကြတဲ့အခါမှာလည်း အပြန်အလှန် လက်ယှက် နှုတ်ဆက်ကြသလို၊ အဲဒီထဲကမှ ထူးချွန်ထင်ရှားတဲ့သူတွေရဲ့ ဘေးမှာဆိုရင် လူတွေက ဝိုင်းအုံနေကြတာ။

စာမေးပွဲ အောင်ပြီးသွားပြီဆိုတော့ ဒီကျောင်းသား ၃၀၀ ဟာ နောင်တစ်ချိန်မှာ တစ်နှစ်တည်းအောင်တွေ ဖြစ်လာကြတော့မှာဆိုတော့၊ အနာဂတ်မှာ အလုပ်လုပ်ရတာ အဆင်ပြေအောင် အခုကတည်းက ရင်းနှီးမှု ရအောင် ကြိုးစားနေကြတယ်။

ဒါပေမဲ့ ဟွေ့ယွမ်ဖြစ်တဲ့ ရွှီထင်းရှန်းရဲ့ဘေးမှာတော့ လူတစ်ယောက်မှ မရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေခဲ့တာပေါ့။ သူ့ကို ဗဟိုပြုပြီး နှစ်မီတာလောက် ပတ်ပတ်လည်မှာ နေရာလွတ်ကြီး ဖြစ်နေတာက တမင်သက်သက် ဝိုင်းပယ်ထားမှန်း သိသာလှပါတယ်လေ။ အရင် ဟွေ့ရှီ တုန်းက လူတိုင်းက သူနဲ့ခင်ဖို့ ဂုဏ်ယူခဲ့ကြတဲ့ အခြေအနေနဲ့ဆိုရင်တော့ အခုဟာက လုံးဝကို ပြောင်းပြန်ပါပဲ။

တစ်လတောင် မပြည့်သေးတဲ့ အချိန်အတွင်းမှာ ရရှိတဲ့ ဆက်ဆံရေးက ကောင်းကင်နဲ့ မြေကြီးလို ကွာခြားသွားတာပေါ့။ တကယ်တော့ အားလုံးက ကုန်းရှီ ဖြစ်သွားကြပြီဆိုတော့ အရင်ကနဲ့ မတူတော့တာလည်း ပါတာပေါ့။ တစ်နှစ်တည်းအောင်သူတွေ ရှိသလို၊ ဆရာတူတွေလည်း ရှိနေကြပြီလေ။ အရင်က ဆရာတွေကို သွားရောက် ဂါရဝပြုခဲ့ကြတုန်းက နန်းတွင်းက အခြေအနေတွေကို အနည်းနဲ့အများ သိလာခဲ့ကြတာဆိုတော့... အခုချိန်မှာ ရွှီထင်းရှန်းကို လူရော နတ်ပါ ရှောင်နေကြတယ်ဆိုတာကို သူတို့ ကောင်းကောင်းကြီး နားလည်နေကြတာကိုး။

မောက်ပါ့သို နဲ့ လီသာ့ထျန် တို့ကတော့ ရွှီထင်းရှန်း အနားကို သွားချင်ကြပေမဲ့၊ ဒီကို မလာခင်ကတည်းက ရွှီထင်းရှန်းက သူတို့ကို သေချာ မှာထားခဲ့တာ။ ဒီနေ့ကစပြီး လမ်းမှာ မျက်နှာချင်းဆိုင် ဆုံရင်တောင် မသိသလိုပဲ နေကြဖို့ပေါ့။ ဒါတင်မကဘဲ သူတို့ မိသားစုနှစ်စုဟာ အိမ်အသစ်တွေ ထပ်ရှာပြီး ကျင်အာလမ်းကြား ကနေတောင် ပြောင်းသွားခဲ့ကြပြီလေ။

နန်းတော်တံခါး စောင့်ကြပ်တဲ့ ကိုယ်ရံတော်တပ်သား တစ်ယောက်က လျှောက်လာပြီး ဒီကျောင်းသားသစ်တွေကို ဘေးကို ခဏဖယ်ခိုင်းလိုက်တာကြောင့် အားလုံးက ဇဝေဇဝါ ဖြစ်နေကြတုန်း၊ မလှမ်းမကမ်းကနေ အပြာရောင် အဝတ်ဖုံးထားတဲ့ အရာရှိဝေါယာဉ်တစ်စီး ရောက်လာတာ တွေ့လိုက်ရတာပေါ့။

မကြာခင်မှာပဲ ထမ်းစင်က ရပ်တန့်သွားပြီး အဲ့ဒီပေါ်ကနေ မိုးဆွေငှက်ပုံစံ ပါတဲ့ အရာရှိဝတ်စုံ ဝတ်ထားတဲ့ အဆင့် (၄) စာပေအရာရှိ တစ်ယောက် ဆင်းလာခဲ့ပါတယ်။ ဒီအရာရှိ ရောက်လာတာဟာ အစပြုလိုက်သလိုပါပဲ၊ အဲဒီနောက်မှာတော့ အရာရှိထမ်းစင်တွေ တစ်စီးပြီးတစ်စီး ရောက်လာကြတော့တာပဲ။ ထမ်းစင်တွေက ခဏရပ်၊ အရာရှိတစ်ယောက် ဆင်းလာတာနဲ့ နောက်ကလူတွေ လမ်းပွင့်အောင် အမြန်ပဲ အနောက်ကို ပြန်သယ်သွားကြတယ်။

ထမ်းစင်တွေရော မြင်းတွေရော စုံလို့ပါပဲ။ စာပေအရာရှိက ထမ်းစင်စီးပြီး စစ်ဘက်အရာရှိက မြင်းစီးတာဟာ နန်းတွင်းရဲ့ ထုံးစံလေ။

ကျောင်းသားလေးတွေကတော့ အရောင်အသွေးစုံတဲ့ ဝတ်စုံတွေကို ဝတ်ထားတဲ့ အမတ်ကြီးတွေ ပြုံးပြုံးရွှင်ရွှင် စကားပြောနေတာကို အားကျတကြီးနဲ့ ငေးကြည့်နေကြတယ်။ အထူးသဖြင့် အနီရောင်ဝတ်စုံ ဝတ်ထားတဲ့သူတွေကို မြင်ရင်တော့ လူတိုင်းက ပိုပြီးငေးရတာ။ အဲဒီ အနီရောင် ဝတ်စုံဆိုတာ အဆင့် (၃) အထက် အရာရှိကြီးတွေမှ ဝတ်ခွင့်ရှိတာ ဖြစ်တယ်။

147 02

နန်းတော်တံခါးပေါ်က မြို့ရိုးပေါ်ကနေ ဗုံသံကြီး မြည်ဟိန်းလာတဲ့ အခါမှာတော့ အမတ်ကြီးတွေရဲ့ စကားသံတွေက ချက်ချင်း ငြိမ်ကျသွားခဲ့ရပြီ။ နန်းတော်တံခါးမကြီး ဝုန်းခနဲ ပွင့်လာပြီးနောက်၊ စာပေနဲ့ စစ်ဘက် အရာရှိအားလုံးဟာ တန်းစီပြီး အတွင်းကို ဝင်သွားကြတာ မြင်ရတာ... သူတို့ရဲ့ ကျောပြင်တွေက နက်မှောင်လှတဲ့ တံခါးဝကြီးထဲမှာ ပျောက်ကွယ်သွားသလိုပါပဲ။

လူအုပ်ကြားထဲမှာတော့ "တစ်နေ့မှာ ငါလည်း အဲ့ဒီလို ဖြစ်ရမယ်" ဆိုတဲ့ တိုးတိုးတိတ်တိတ် ပြောသံလေးတွေ ထွက်ပေါ်နေခဲ့တာပေါ့။ ဘေးနားမှာ ငြိမ်ငြိမ်လေး ရပ်နေတဲ့ ရွှီထင်းရှန်းကတော့ အသာလေး ပြုံးလိုက်မိပေမဲ့၊ သူ့ရဲ့ ရင်ထဲမှာတော့ ဘာကြောင့်မှန်းမသိဘဲ လောကဓံကို အတော်လေး တွေ့ကြုံဖူးတဲ့ လူအိုကြီးတစ်ယောက်လိုမျိုး ခံစားချက်ကြီး ဝင်နေတာပ။

၁၅ မိနစ် လောက် ကြာတဲ့အခါမှာတော့ နန်းတော်ထဲကနေ ဝန်ကြီးဌာနက အရာရှိ နှစ်ယောက် ထွက်လာခဲ့ပါတယ်။ တစ်ယောက်ကတော့ နန်းတော်ထဲဝင်ရင် လိုက်နာရမယ့် စည်းကမ်းတွေကို ရှင်းပြပြီး၊ နောက်တစ်ယောက်ကတော့ ကျောင်းသားတွေကို တန်းစီခိုင်းထားတယ်။

ရွှီထင်းရှန်းက အရှေ့ဆုံးကနေ ဦးဆောင်ပြီး၊ ကျန်တဲ့ ၂၉၉ ယောက်ကတော့ အနောက်ကနေ လိုက်ကြရတယ်။ ရွှီထင်းရှန်း ဦးဆောင်တဲ့ ကျောင်းသား ၃၀၀ အုပ်စုဟာ နန်းတော်တံခါးထဲကို လှမ်းဝင်လိုက်ကြပြီ။

နန်းတော်တံခါးကနေ ထွက်လိုက်တာနဲ့ မိုးသောက်ယံ အလင်းရောင်အောက်မှာ ရွှေရောင်သန်းနေတဲ့ ကျင်းရွှေတံတားနဲ့ ခန့်ညားထည်ဝါလှတဲ့ သိုက်ဟယ်မန် တံခါးကြီးကို စတင် မြင်တွေ့လိုက်ရတယ်။ အဲဒီတံခါးကို ကျော်လိုက်တာနဲ့ နန်းတွင်းရဲ့ အဓိကဆောင်ကြီး သုံးခုကို ရောက်ပါတယ်။ အရှေ့ဆုံးမှာ သိုက်ဟယ်ထန် ရှိပြီး၊ အစဉ်လိုက်အတိုင်း ကျုန်းဟယ်ထန်နဲ့ ပေါင်ဟယ်ထန် တို့ ရှိတယ်။

သူတို့တွေ နန်းတွင်းစာမေးပွဲ ဖြေရမယ့် နေရာကတော့ ပေါင်ဟယ်ထန် ထဲမှာပဲ ဖြစ်ပါတယ်။

လမ်းတစ်လျှောက်လုံးမှာ နန်းတွင်းတပ်သားတွေက တောင့်တောင့်ကြီး ရပ်ပြီး စောင့်ကြပ်နေတာကြောင့် ကျောင်းသားလေးတွေခမျာလည်း အတော်လေးကို ရှိန်နေကြတယ်။ လက်ထဲက စာမေးပွဲခြင်းတောင်းလေးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း၊ ဘေးဘယ်ညာကိုတောင် မကြည့်ရဲဘဲ ပေါင်ဟယ်ထန် ဆီကို တန်းတန်းမတ်မတ် လျှောက်လာခဲ့ကြတာ။

အဲဒီမှာတော့ မင်းညီမင်းသားတွေနဲ့ အမတ်ကြီးတွေက ကြိုပြီးစောင့်နေကြပြီ။ ကျောင်းသားတွေက လှေကားထစ်တွေ ရှေ့မှာ ရပ်စောင့်နေကြရတာ။ ခဏအကြာမှာတော့ နန်းတွင်း တူရိယာသံတွေ ဟိန်းထွက်လာခဲ့ပြီး၊ ဝါဝင်းတဲ့ နဂါးဝတ်ရုံ ဝတ်ဆင်ထားတဲ့ ဧကရာဇ်ကျားချန်ဟာ လှေကားထစ်တွေရဲ့ အပေါ်ဆုံးမှာ ပေါ်လာခဲ့ပါပြီ။

147 03

အားလုံးက သုံးကြိမ် ဒူးထောက် ကိုးကြိမ် ဦးညွှတ်ကြပြီး "အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ" လို့ အသံကုန်ဟစ် ကြွေးကြော်လိုက်ကြတယ်။ အဲဒီနောက်မှာတော့ ကျောင်းသားတွေဟာ နှစ်တန်းခွဲပြီး လှေကားထစ်တွေအတိုင်း ခန်းမဆောင်ထဲကို ဝင်လာခဲ့ကြတော့တယ်။

ဒါဟာ တစ်လောကလုံးက စာပေသမားတွေရဲ့ အမျှော်လင့်ဆုံး အချိန်ပါပဲ။ ဧကရာဇ်ကိုယ်တိုင်က မေးခွန်းထုတ်ပြီး၊ ကျောင်းသားတွေက နန်းတော်ထဲမှာ ဖြေဆိုရတာလေ။ ဒီနေ့ကစပြီး နဂါးတံခါးကို ခုန်ကျော် လိုက်ပြီဆိုတော့ အဆင့်အတန်းကလည်း အရင်လို မဟုတ်တော့သလို၊ ဧကရာဇ်ရဲ့ တပည့်ရင်းတွေ ဖြစ်လာကြတော့တယ်။

ပေါင်ဟယ်ထန် ထဲမှာတော့ စာမေးပွဲစားပွဲတွေကို တန်းစီပြီး ချထားပါတယ်။ စားပွဲပုလေးတွေဖြစ်ပြီး ကုလားထိုင်တော့ မပါပါဘူး။ စားပွဲတစ်ခုချင်းစီရဲ့ အနောက်မှာတော့ ဝါဖျော့ဖျော့ ကတ္တီပါစနဲ့ ဖုံးအုပ်ထားတဲ့ ထိုင်ခုံပုလေး တစ်ခုစီပဲ ရှိတယ်။

နန်းတွင်းစာမေးပွဲ ဆိုပေမဲ့လည်း ဧကရာဇ်ကတော့ ကိုယ်တိုင် မစောင့်ပါဘူး။ ကြီးကြပ်တဲ့သူတွေကတော့ အမတ်ချုပ်ကြီး စွီအမတ်ချုပ်ကြီး၊ ဝန်ကြီး ထန်လျှန့်၊ အခွန်ဝန်ကြီး ရန်ချုံဟွာ တို့ပဲ ဖြစ်ပါတယ်။ ဒီကြီးကြပ်တဲ့ အဖွဲ့ကတော့ အရင် ဟွေ့ရှီတုန်းက ဝန်ကြီး ၉ ဦး အဖွဲ့ထက်တောင် မနိမ့်ပါဘူး။

စွီအမတ်ချုပ်ကြီးဟာ ဧကရာဇ်ကျားချန်ဆီကနေ ရယူထားတဲ့ မေးခွန်းလွှာကို ကိုယ်တိုင်ပဲ တံဆိပ်ဖြတ် ဖွင့်လှစ်လိုက်ပြီး၊ ဝန်ကြီးဌာန အရာရှိတွေကနေတစ်ဆင့် ကျောင်းသားတွေကို တစ်စောင်စီ လိုက်ဝေပေးလိုက်တယ်။ မေးခွန်းလွှာနဲ့အတူ စာမေးပွဲအဖြေလွှာကိုလည်း တစ်ခါတည်း ဝေပေးလိုက်တာ။

ဒီအဖြေလွှာကတော့ အရင်က စာရွက်တွေထက် အများကြီး ပိုပြီးအဆင့်မြင့်လှပါတယ်။ ရွှမ် စက္ကူအဖြူရောင်ကို အထပ်ထပ် ပြုလုပ်ထားတဲ့ စာအုပ်လေးလိုမျိုးဖြစ်ပြီး၊ အလျားက တစ်ပေကျော်၊ အနံက လေးလက်မလောက် ရှိတာပေါ့။ မျက်နှာဖုံးစာမျက်နှာမှာတော့ ကျောင်းသားရဲ့ နာမည်၊ နေရပ်၊ အသက် နဲ့ မိသားစု ၃ ဆက်ရဲ့ အကြောင်းအရာတွေကို ဖြည့်စွက်ရတာ။ အဲဒီအောက်မှာမှ အဖြေရေးရမယ့် စာမျက်နှာတွေရှိပြီး အနီရောင် မျဉ်းကွက်လေးတွေကတော့ အရင်အတိုင်းပါပဲ။

နန်းတွင်းစာမေးပွဲမှာတော့ ရှီဝူဆေးဆိုတဲ့ မေးခွန်းတစ်ခုတည်းကိုပဲ ဖြေဆိုရတာပါ။ ဒါကို ရွှေနန်းတော်ရဲ့ အဖြေလွှာ လို့လည်း ခေါ်ကြတယ်။

ဒီလို အဖြေလွှာ ရေးသားတဲ့အခါမှာလည်း စံနှုန်းနဲ့ စည်းကမ်းတွေက တင်းကြပ်လှပါတယ်။ ဥပမာ အစမှာဆိုရင် "ကျွန်တော်မျိုး လျှောက်တင်ရသည်မှာ..." ဆိုတာမျိုးနဲ့ စရသလို၊ အဆုံးမှာလည်း "ကျွန်တော်မျိုး ရိုသေစွာ လျှောက်တင်လိုက်ပါသည်" ဆိုတာမျိုးနဲ့ အဆုံးသတ်ရတာ။ ဒါ့အပြင် အဖြေထဲမှာ ဧကရာဇ်အကြောင်း ပါလာတိုင်း စာကြောင်းကို နှစ်ကွက် မြှင့်ပြီး ရေးရတဲ့ ထိုင်ထုံ စည်းကမ်းကို လိုက်နာရသလို၊ အဲ့ဒီလို မြှင့်မရေးခင် အရှေ့က စာကြောင်းကလည်း အစကနေ အဆုံးထိ ပြည့်နေရမှာဖြစ်ပြီး ကွက်လပ် ချန်ထားလို့ မရပါဘူး။

တကယ်လို့သာ စံနှုန်းတွေ မကိုက်ညီရင်တော့၊ မင်းရဲ့အရေးအသားက ဘယ်လောက်ပဲ ကောင်းနေပါစေ... အဆင့် (၃) စန်းကျားထဲကိုပဲ ရောက်သွားမှာ ဖြစ်ပါတယ်။

ဒါကို သိကြတာကြောင့် ကျောင်းသားတွေဟာ စာလုံးရေကို တစ်လုံးချင်းစီ ရေတွက်ပြီးမှ အကြမ်းကို အရင်ရေးကြတယ်။ အကြမ်းရေးတဲ့အခါမှာလည်း စည်းကမ်းနဲ့အညီ ဖြစ်ဖို့ လိုတာပေါ့၊ မဟုတ်ရင် စာလုံးရေ ပိုတာ၊ လိုတာတွေ ဖြစ်ကုန်ရင်... မြှင့်ရေးရမယ့် နေရာမှာ မမြှင့်နိုင်တော့တာမျိုးတွေ ဖြစ်လာနိုင်လို့ပါပဲ။ အဲ့ဒီလို ဖြစ်ပြီဆိုရင်တော့ နောင်တရလည်း မမီတော့ဘူးလေ။

ရွှီထင်းရှန်းကတော့ အိမ်မက်ထဲမှာ တစ်ခါ ဖြေဖူးပြီးသားဆိုတော့ ဒါတွေကို အကုန် အာဂုံဆောင်ထားပြီးသားပါ။

147 04

သူဟာ စားပွဲပေါ်က ဝါဝင်းနေတဲ့ မေးခွန်းလွှာကို ဖွင့်ကြည့်လိုက်တဲ့အခါ စာသားလေး တစ်ကြောင်းကို တွေ့လိုက်ရတော့တယ်။

"ဧကရာဇ်၏ အုပ်ချုပ်ရေးနှင့် ဧကရာဇ်၏ နှလုံးသားအကြောင်း မေးမြန်းခြင်း”

ပေါင်ဟယ်ထန် ခန်းမဆောင်ကြီးထဲမှာတော့ အပ်ကျသံတောင် မကြားရလောက်အောင် တိတ်ဆိတ်နေခဲ့ပြီ။ စာရွက်လှန်သံလေးတွေနဲ့ စာရေးတဲ့အခါ ထွက်ပေါ်လာတဲ့ ရှပ်ရှပ် မြည်သံလေးတွေပဲ ကြားနေရတယ်။

အပေါ်ဆုံး နေရာမှာတော့ နဂါးပလ္လင်ကြီးက အလွတ်ရှိနေပြီး၊ ဘေးတစ်ဖက်တစ်ချက်မှာတော့ စာစစ်မှူးတွေ ထိုင်နေကြတယ်။

ကျောင်းသား အတော်များများကတော့ စတင် ရေးသားနေကြပြီဖြစ်ပေမဲ့၊ ရွှီထင်းရှန်းကတော့ သူ့ရှေ့က ဝါဝင်းတဲ့ မေးခွန်းလွှာကို ကြည့်ပြီး ဘာတွေ တွေးနေမှန်း မသိရပါဘူး။

တကယ်တော့ သူကိုယ်တိုင်လည်း ဘာတွေတွေးနေလဲဆိုတာ မသိတော့ပါဘူးလေ။ အတွေးတွေကတော့ အများကြီးပါပဲ၊ တစ်ဖက်မှာလည်း ဘာမှမရှိသလို ဖြစ်နေတာ။ သူ့မျက်စိရှေ့မှာ မြင်ကွင်းတွေက တစ်ခုပြီးတစ်ခု ဖြတ်ပြေးနေတာပေါ့။ အိမ်မက်ထဲက မြင်ကွင်းတွေရော၊ လက်ရှိဘဝက မြင်ကွင်းတွေရော... အရောင်အသွေးစုံတဲ့ ပန်းချီကားတစ်ချပ်လို ရောယှက်နေတာကြောင့် သူလည်း ငိုင်နေမိတာပေါ့။

"ရန်အမတ်ချုပ်ကြီး... ဟို ကျောင်းသားက ဘာလို့ ထိုင်ပြီး ငိုင်နေရတာလဲ" ဟုန်းလူစီရဲ့အရာရှိချုပ် ကျောက်လျန်ယွိက ရန်ချုံဟွာ ကို တိုးတိုးလေး မေးလိုက်တယ်။ သူတို့ နှစ်ယောက်က တစ်ယောက်အထက် တစ်ယောက်အောက် ဘေးချင်းကပ် ထိုင်နေကြတာဆိုတော့ စကားပြောရတာ တော်တော်လေး လွယ်တာကိုး။

ရန်ချုံဟွာက ခေါင်းမော့ပြီး လှမ်းကြည့်လိုက်ကာ ချက်ချင်းပဲ ခပ်တိုးတိုး ရယ်မောလိုက်ရင်း ဆိုလိုက်တယ်။

"မင်းကတော့ သူ့ကို မြင်ဖူးမှာ မဟုတ်ဘူး။ သူကပဲ ဝူအမတ်ချုပ်ကြီး ကို အခုထိ နေမကောင်းဖြစ်အောင် လုပ်လိုက်တဲ့ ရွှီထင်းရှန်း ပေါ့"

"သူပဲလား..." ကျောက်လျန်ယွိ က တိုးတိုးလေး ရေရွတ်လိုက်မိတယ်။

"သူ ဘာလို့ စာမရေးတာလဲဆိုတော့... အရင် ဟွေ့ရှီတုန်းကလည်း ဝူအမတ်ချုပ်ကြီး တစ်ခါ မေးဖူးသေးတယ်လေ။ သူ့ရဲ့စကားအရဆိုရင်တော့ သူက ဉာဏ်ထိုင်းတဲ့သူမို့လို့ စာမေးပွဲဖြေတိုင်း စိတ်လှုပ်ရှားတတ်တာကြောင့်၊ အမြဲတမ်း စိတ်ထဲမှာ အသေအချာ အကွက်ချ စဉ်းစားပြီးမှ ရေးတတ်လို့ပါတဲ့"

ရန်ချုံဟွာရဲ့လေသံထဲမှာတော့ ကျီစယ်တဲ့ အရသာလေး ပါနေတာပေါ့။ ကျောက်လျန်ယွိလည်း ဘာပြောရမှန်း မသိတော့ဘဲ ပါးစပ်ကလေး ဟသွားရရှာတယ်။

တကယ်လို့သာ သူက တကယ်ကြီး ဉာဏ်ထိုင်းနေရင်တော့ ထားပါတော့လေ။ ဒါပေမဲ့ ဒီလူက ငါးဆင့်ပထမကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့သူလေ။ တကယ်လို့သာ ဒီတစ်ခါ ကျွမ့်ယွမ်ဘွဲ့ကိုပါ ထပ်ရခဲ့ရင်တော့ ခြောက်ဆင့်ပထမအဖြစ်နဲ့ သမိုင်းမှာ ဒုတိယမြောက် လူသား ဖြစ်လာတော့မှာကို။ ဒီလိုလူမျိုးက ဉာဏ်ထိုင်းတယ်လို့ ပြောနေတာကတော့ ဟာသလုပ်နေတာပဲ မဟုတ်လား။

147 05

တကယ်လည်း ဟာသပါပဲ၊ ဝူအမတ်ချုပ်ကြီးကို လှောင်နေတဲ့ ဟာသပေါ့။ ကျောက်လျန်ယွိလည်း အခြေအနေကို ရိပ်မိတာကြောင့် ဘာမှ ထပ်မပြောတော့ဘဲ သူ့ရဲ့လက်ဖက်ရည်ကြမ်းကိုပဲ ပြန်သောက်နေလိုက်တော့တယ်။

ခန်းမထဲမှာ တခြားကျောင်းသားတွေ ထပြီး အပေါ့အပါးသွားတာ၊ ရေသောက်တာတွေ လုပ်လာတဲ့ အခါကျမှပဲ ရွှီထင်းရှန်းက သူ့ရဲ့နာမည်နဲ့ အချက်အလက်တွေကို စပြီး ရေးတော့တယ်။ ပြီးတော့မှ ကလောင်တံကို ချထားခဲ့ပြီး သူလည်း အပေါ့အပါးသွား၊ မုန့်စားဖို့ ထွက်လာခဲ့တာ။ နန်းတွင်းစာမေးပွဲမှာတော့ ဒါတွေကို ခွင့်ပြုထားပါတယ်၊ မိုးလင်းကနေ မိုးချုပ်တဲ့အထိ ဖြေရမှာဆိုတော့ မစားမသောက်ဘဲနေရင် ဘယ်သူမှ ခံနိုင်မှာ မဟုတ်ဘူးလေ။

စာမေးပွဲခန်းမထဲမှာ လက်ဖက်ရည်ကြမ်း သောက်လို့ရတဲ့ အဆောင်ရှိသလို၊ နန်းတွင်းမုန့်တွေကိုလည်း ဝေပေးထားတယ်။ ရွှီထင်းရှန်းကတော့ မုန့်လေးစား၊ လက်ဖက်ရည်ကြမ်းလေး သောက်ပြီးမှ လက်ကို သန့်ရှင်းအောင် ဆေးကာ ခန်းမထဲကို ပြန်ဝင်လာခဲ့တယ်။

အခုချိန်မှာတော့ သူ့ရဲ့ရင်ထဲမှာ ရှိနေတဲ့ အဖုအထစ်တွေကို သူ ရှင်းရှင်းလင်းလင်း သိမြင်သွားခဲ့ရပြီ။ လက်ရှိဘဝက အိမ်မက်ထဲကနဲ့ မတူဘူး၊ အိမ်မက်ထဲမှာတုန်းကတော့ သူဟာ အသစ်စက်စက် လူငယ်လေးမို့လို့ ဘာပဲလုပ်လုပ် ရခဲ့ပေမဲ့၊ အခု ဘဝမှာတော့ သူ့မှာ လျှောက်စရာ လမ်းတစ်လမ်းပဲ ရှိတော့တာ။

လျှောက်စရာ လမ်းတစ်လမ်းပဲ ရှိတော့မှတော့... ကိုယ့်ရဲ့ အရှိန်အဝါကို ဘာလို့ ဖုံးကွယ်ထားဦးမှာလဲ။ ဧကရာဇ်ကျားချန် ဘာတွေတွေးနေလဲ၊ ဘာကို လိုချင်နေလဲဆိုတာကို သိနေမှတော့... ဧကရာဇ် သဘောကျမယ့် အရာကိုပဲ ပေးလိုက်ရုံပဲ မဟုတ်လား။

ရွှီထင်းရှန်းဟာ စားပွဲရှေ့မှာ ပြန်ထိုင်လိုက်ပြီး၊ ကလောင်တံကို မှင်ထဲ နှစ်ကာ အကြမ်းစာရွက်ပေါ်မှာ စာသားလေး နှစ်ကြောင်းကို စပြီး ရေးသားလိုက်ပါတော့တယ်

"ကျွန်တော်မျိုး လျှောက်တင်ရသည်မှာ

ဧကရာဇ်သည် လောကကို အုပ်ချုပ်စိုးစံသည့်အခါ၊ လက်တွေ့ကျသော အုပ်ချုပ်ရေးရှိရမည် ဖြစ်ပါသည်၊ ထိုမှသာ ပြည်သူတို့ကို စည်းကမ်းတကျ ဖြစ်စေပြီး၊ အရှုပ်အထွေးများကို ဖြေရှင်းကာ ဟန့်မင်းဆက် ဝူးတီမင်းကြီး ကဲ့သို့သော အုပ်ချုပ်ရေးမျိုးကို ရရှိစေနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် စံနမူနာပြရမည့် စိတ်ရင်းအစစ်အမှန်လည်း ရှိရမည် ဖြစ်ပါသည်၊ ထိုမှသာ အရာရှိပေါင်းစုံကို နှိုးဆော်နိုင်ပြီး၊ နိုင်ငံတော်၏ အရေးအရာများကို ပြုပြင်ပြောင်းလဲကာ အမြင့်ဆုံးသော တိုးတက်မှုဆီသို့ ရောက်ရှိစေနိုင်မည် ဖြစ်ပါသည်...

...

ယနေ့လောက၏ အကြီးမားဆုံးသော ဘေးဒုက္ခသည် ဆင်းရဲမွဲတေမှု၌ တည်ရှိနေပါသည်။ အရာရှိများ ဆင်းရဲလျှင် လာဘ်စားကြမည်၊ ပြည်သူများ ဆင်းရဲလျှင် သူခိုးဓားပြ ဖြစ်ကြမည်၊ စစ်တပ် ဆင်းရဲလျှင် တိုက်ပွဲဝင်နိုင်မည် မဟုတ်ပါ၊ ထိုဆင်းရဲခြင်း၏ အရင်းအမြစ်မှာမူ အသုံးအစွဲ မချွေတာခြင်းမှ စတင်ခဲ့ခြင်း ဖြစ်ပါသည်...

...

ကျွန်တော်မျိုး ကြားသိရသည်မှာ

လူတို့၏ အရှင်သခင်သည် ကောင်းကင်ဘုံနှင့် တူလှပါသည်၊ ကောင်းကင်ဘုံ၌ သတ္တဝါတို့အပေါ် ပြုစုပျိုးထောင်ပေးသည့် ကျေးဇူးတော် ရှိသော်လည်း၊ လောကကို ကိုယ်တိုင် မအုပ်ချုပ်နိုင်ပေ၊ ထို့ကြောင့် ထိုတာဝန်များကို လူတို့၏ အရှင်သခင်ဆီသို့ လွှဲအပ်ခဲ့ခြင်း ဖြစ်ပါသည်။ အရှင်သခင်၌ အုပ်ချုပ်ပိုင်ခွင့် အာဏာရှိသော်လည်း၊ အမှန်တကယ်တွင်မူ တာဝန်များကို လက်ခံထားခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် လုပ်ဆောင်သမျှ ကိစ္စအဝဝတို့သည် ကောင်းကင်ဘုံ၏ စည်းမျဉ်းများနှင့်အညီ ဖြစ်ရပါမည်။ ထိုကြောင့် စိုးစံသည့် နေရာကို နတ်ပလ္လင် ၊ ထမ်းဆောင်သည့် တာဝန်ကို နတ်တာဝန်၊ အုပ်ချုပ်သည့် ပြည်သူကို နတ်ပြည်သူ၊ မြို့တော်ကိုလည်း နတ်မြို့တော် ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်...

...

ကျွန်တော်မျိုးသည် စည်းကမ်းများကို ကောင်းစွာ မသိနားမလည်သဖြင့်၊ ဧကရာဇ်၏ ရှေ့မှောက်၌ အမှားအယွင်းများ ပါရှိခဲ့ပါကလည်း၊ အလွန်အမင်း တုန်လှုပ်ချောက်ချားမိပါသည်။ ကျွန်တော်မျိုး ရိုသေစွာ လျှောက်တင်လိုက်ပါသည်။ "

******

148 01

အခန်း (၁၄၈)

ညမှောင်ရီ ပျိုးစပြုလာတာနဲ့အမျှ ပေါင်ဟယ်ထန်မှာ ကျင်းပတဲ့ နန်းတွင်းစာမေးပွဲကလည်း ပြီးဆုံးသွားခဲ့ပါပြီ။ ဒါပေမဲ့ ကျိယိထန်မှာတော့ စာမူတွေ စစ်ဆေးတဲ့ အလုပ်က ခုမှ စတင်နေတာပေါ့။

ဒီတစ်ကြိမ် ကြီးကြပ်ရေးအရာရှိကတော့ ကျင်ယီဝေရဲ့ တပ်မှူးချုပ် တုကျိဖုန်းပဲ ဖြစ်ပါတယ်။ သူက စာမူလက်ခံတဲ့ အရာရှိဆီကနေ စာမူသေတ္တာကို ကိုယ်တိုင် လက်ခံရယူပြီး လူအများရှေ့မှာတင် စားပွဲပေါ်မှာ ဖွင့်လှစ်လိုက်တယ်။

ဒီတစ်ခါ စာဖတ်အရာရှိတွေကတော့ အမတ်ချုပ်ကြီး ၆ ဦးနဲ့ အဆင့်မြင့် အရာရှိကြီးတွေပဲ ဖြစ်ပါတယ်။ အမတ်ချုပ်အဖွဲ့ထဲက ဝူအမတ်ချုပ်ကြီး နဲ့ ဖေးချန့် တို့ နှစ်ယောက်ကလွဲရင် အကုန်လုံး ရောက်နေကြတာလေ။ ဒါ့အပြင် ပြစ်မှုဆိုင်ရာဝန်ကြီး ယင်နျန်၊ ဟုန်းလူစီ အရာရှိချုပ် ကျောက်လျန်ယွိ နဲ့ ဂိုဇီကျန့်ရဲ့ အကြီးအကဲ ရွမ်ချန်ကျဲ တို့ အပါအဝင် စုစုပေါင်း စာဖတ်အရာရှိ ၁၀ ဦး ရှိပါတယ်။ စားပွဲတွေကို တစ်လုံးနဲ့တစ်လုံး ကပ်ထားပြီး စက်ဝိုင်းပုံစံ ဝိုင်းထိုင်နေကြတယ်။

တုကျိဖုန်းက စာမူတွေကို ထုတ်ယူပြီး တစ်ယောက်ချင်းစီကို အစဉ်လိုက် ဝေပေးလိုက်တယ်။

ကျိယိုနှစ် အောင်မြင်ထားတဲ့ ကုန်းရှီ ၃၀၀ ရှိတာဆိုတော့ စာမူကလည်း ၃၀၀ ပေါ့။ တစ်ယောက်ကို စာမူ ၃၀ စီ စစ်ကြရတာလေ။ ဒီတစ်ကြိမ်မှာတော့ စွီအမတ်ချုပ်ကြီး နဲ့ ထန်လျှန့် တို့ဟာ အရင်တုန်းကလို အသက်ကြီးလို့ အားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စောစောစီးစီး ထွက်မသွားကြတော့ပါဘူး။ စားပွဲပေါ်မှာ ဖယောင်းတိုင် နှစ်တိုင်လောက် ပိုထွန်းခိုင်းပြီး စာမူတွေကို အသေအချာ ဖတ်ရှုစစ်ဆေးနေကြတယ်။

စာဖတ်အရာရှိ တစ်ယောက်က စာမူတစ်စောင်ကို ဖတ်ပြီးရင် နောက်တစ်ယောက်ဆီကို လွှဲပေးရတာ။ ဒီလိုနဲ့ စက်ဝိုင်းတစ်ပတ် လည်သွားပြီဆိုမှ စစ်ဆေးတာ ပြီးမြောက်တယ်လို့ သတ်မှတ်တာပေါ့။ ဒါကို စားပွဲလှည့်ခြင်း လို့လည်း ခေါ်ကြတယ်။ စာဖတ်အရာရှိ တစ်ယောက်က စာမူတစ်ခုကို ဖတ်ပြီးတိုင်း စာရွက်ရဲ့ထောင့်စွန်းမှာ ကိုယ့်ရဲ့ အမှတ်အသားကို ချန်ထားခဲ့ရပါတယ်။ အဲဒီ အမှတ်အသားတွေကတော့ အရင်အတိုင်းပဲ စက်ဝိုင်း၊အစက်၊ မျဉ်းစောင်းနဲ့ ကြက်ခြေခတ် ဆိုပြီးတော့ပေါ့။

တကယ်တော့ ဟွေ့ရှီမှာ စာစစ်တဲ့ စည်းကမ်းတွေက ဒီ နန်းတွင်းစာမေးပွဲကနေ ဆင်းသက်လာတာပါ။ ဒါပေမဲ့ နန်းတွင်းစာမေးပွဲမှာက စာဖတ်အရာရှိ ပိုများတာကြောင့် ပိုပြီးတော့ ရှုပ်ထွေးသလို စည်းကမ်းကလည်း ပိုကြီးတာပေါ့။

ဥပမာအားဖြင့် ဒီအရာရှိကြီးတွေဟာ နေ့တိုင်း မျက်နှာချင်းဆိုင်နေရတဲ့သူတွေဆိုတော့ အချင်းချင်း မျက်နှာပျက်အောင် သိပ်မလုပ်ကြပါဘူး။ တကယ်လို့ ပထမဆုံး စစ်တဲ့သူက အစက် ပေးထားရင် နောက်ကလူတွေက စက်ဝိုင်း လုံးဝ မဝိုင်းကြတော့တာမျိုးပေါ့။

စက်ဝိုင်း ဝိုင်းတယ်ဆိုတာက ဒီစာမူကို မင်းက အရမ်းကောင်းတယ်လို့ သတ်မှတ်လိုက်တာ ဖြစ်တယ်။ မင်းက ကောင်းတယ်လို့ ပြောနေချိန်မှာ နောက်ကလူက ညံ့တယ်လို့ ပြောရင် ဒါဟာ အချင်းချင်း မျက်နှာမထောက်ရာ ရောက်သွားမှာပေါ့။ အဲဒီလို မျက်နှာမထောက်မိရင်တော့ ရန်ဖြစ် ကြတော့မှာလေ။

ရန်ဖြစ်တယ်ဆိုတာက တကယ် လက်ပါတာမျိုးတော့ မဟုတ်ပါဘူး။ စာဖတ်အရာရှိ အသစ်တစ်ယောက်ကို ထပ်ခန့်ပြီး ပြန်စစ်ခိုင်းရတာမျိုး၊ စာစစ်မှူးချုပ်ကနေ အဆုံးအဖြတ် ပြန်ပေးရတာမျိုးတွေ ဖြစ်လာတတ်လို့ပါပဲ။ ပုံမှန်ဆိုရင်တော့ အရာရှိကြီးတွေက ကိုယ့်ဘာသာကိုယ် ဒီလိုမျိုး အလုပ်ရှုပ်အောင် မလုပ်ကြပါဘူး။

148 02

ဒါကြောင့် စာမူတစ်စောင်က ဘယ်သူ့လက်ထဲကို အရင်ဆုံး ရောက်သလဲဆိုတာက အတော်လေးကို အရေးကြီးလှပါတယ်။ အနည်းဆုံးတော့ ကုန်းရှီ တစ်ယောက်အတွက် ပထမအဆင့် ပင်းထဲကို ပါ၊ မပါဆိုတာက ပထမဆုံး စစ်တဲ့သူရဲ့ ကံတရားအပေါ်မှာ အများကြီး မူတည်နေတာကိုး။

အခုချိန်မှာ စာဖတ်အရာရှိ ၁၀ ယောက်စလုံးက စာမူတွေကို အာရုံစိုက် ဖတ်နေကြသလို ထင်ရပေမဲ့၊ တကယ်တမ်းကျတော့ အားလုံးက စာမူတစ်စောင်ကိုပဲ လိုက်ရှာနေကြတာလေ။

အဲ့ဒါကတော့ ရွှီထင်းရှန်းရဲ့ စာမူပါပဲ။

ဒီကို မလာခင်ကတည်းက တချို့လူတွေက ရွှီထင်းရှန်းရဲ့ လက်ရေးကို မြင်ဖူးကြတာဆိုတော့၊ စာမူ လက်ထဲရောက်တာနဲ့ ဒါ ရွှီထင်းရှန်းပဲဆိုတာ ချက်ချင်း သိနိုင်တာပေါ့။ ဒါပေမဲ့ မထင်မှတ်ဘဲ ဒီစာမူက သူ့ကို လိုက်ရှာနေတဲ့သူတွေဆီ မရောက်ဘဲ ဟုန်းလူစီ အရာရှိချုပ် ကျောက်လျန်ယွိ ရဲ့ လက်ထဲကို ရောက်သွားခဲ့လေရဲ့။

ကျောက်လျန်ယွိက စာမူကို ရတာနဲ့ စပြီး ဖတ်တော့တာပါပဲ။ အကြောင်းအရာကို အရင်မကြည့်သေးဘဲ စည်းကမ်းဖောက်ဖျက်တာ ရှိ၊ မရှိနဲ့ အမှားအယွင်း ရှိ၊ မရှိကို အရင်ကြည့်တာလေ။ ပုံမှန်အားဖြင့် စာစစ်ရင် ဒီလိုပဲ စရတာကိုး။

တစ်ချက် အမြန် ဝေ့ကြည့်လိုက်ပြီးတဲ့နောက်မှာတော့ ကျောက်လျန်ယွိက ကျေနပ်အားရစွာနဲ့ ခေါင်းညိတ်လိုက်ပြီးမှ အကြောင်းအရာကို အသေအချာ ဖတ်ကြည့်ပြန်တယ်။ ဖတ်ပြီးတဲ့အခါမှာတော့ ပိုပြီးတော့တောင် သဘောကျသွားတာပေါ့။ ဒီစာမူက တကယ့်ကို ထိပ်တန်း အရေးအသားပါပဲ။ အပြောကြီးပြီး ဗလာကျင်းနေတာမျိုး မဟုတ်ဘဲ၊ ခိုင်လုံတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံနေတာလေ။ ပြီးတော့ ဧကရာဇ်ရဲ့ ဂုဏ်ကျေးဇူးတွေကို ချီးမွမ်းတဲ့ နေရာမှာလည်း အလွန်အကျွံ ဖားထားတာမျိုး မဟုတ်ဘဲ၊ လိုအပ်သလောက်ပဲ ကွက်တိ ရေးထားတာကိုး။

ဘယ်ဘက်ကကြည့်ကြည့် ဒီစာမူကတော့ ချီးကျူးစရာတွေချည်းပါပဲ။ ဒါကို ထိပ်တန်းအဆင့် မပေးရင်တော့ လောကရဲ့ စာပေကောင်းတွေကို စော်ကားရာ ရောက်သွားမှာပေါ့။ သူက စာရွက်ထောင့်မှာ စက်ဝိုင်း လေး ဝိုင်းလိုက်ပြီး သူ့ရဲ့ မျိုးရိုးနာမည်ကိုပါ လက်မှတ်ထိုးလိုက်တယ်။

သူ့ရဲ့ညာဘက်မှာ ထိုင်နေတဲ့သူကတော့ ဖုန်းချန်ပေါင် ပါပဲ။ စာမူကို လက်ထဲ ရတာနဲ့ ဖုန်းချန်ပေါင်လည်း ဒါ ဘယ်သူ့စာမူလဲဆိုတာ ချက်ချင်း သိလိုက်တာပေါ့။ သူ့ရဲ့စိတ်ရင်းအတိုင်းဆိုရင်တော့ ကြက်ခြေခတ် အကြီးကြီး တစ်ခုပဲ ခတ်ပစ်လိုက်ချင်တာပေါ့။ ဒါပေမဲ့ သူကလည်း ဗြောင်ကျကျကြီး မလုပ်ချင်တာကြောင့် တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ပဲ စာမူကို တစ်ခေါက် ဖတ်ကြည့်လိုက်ရပြန်တယ်။

ဖတ်ပြီးတဲ့အခါမှာတော့ သူ့ရဲ့စိတ်ထဲမှာ ပိုပြီးတော့တောင် ဝေခွဲရ ခက်သွားခဲ့ရပြီလေ။ ဒီလောက် ကောင်းတဲ့ စာမူမျိုးကို သူက အဆင့်အနိမ့်ဆုံး ပေးလိုက်မယ်ဆိုရင်... သူ့ရဲ့ညာဘက်မှာ ထိုင်နေတာက ယင်နျန် လေ။ ယင်နျန် ဆိုတာကတော့ ဘယ်သူ့မျက်နှာမှ ထောက်ထားတတ်တာ မဟုတ်သလို၊ သူ့နဲ့လည်း အမြဲတမ်း တကျက်ကျက် ဖြစ်နေတဲ့သူ။ တကယ်လို့ သူက အနိမ့်ဆုံးပေးထားတာကို ယင်နျန်က အဆင့်မြင့်ပေးလိုက်မယ်ဆိုရင်တော့ ကိစ္စက ရှင်းရခက်သွားမှာပေါ့။

ဖုန်းချန်ပေါင် က ညာဘက်ကို လှမ်းကြည့်လိုက်တော့ ယင်နျန် ရဲ့ ဘေးမှာက ရှန်ရွှယ် ထိုင်နေတာကိုး။ ရှန်ရွှယ်က အပြင်ပန်းမှာတော့ ဝူအမတ်ချုပ်ကြီး နဲ့ မပတ်သက်သလို နေပေမဲ့၊ တကယ်တမ်း သူတို့က ဆွေမျိုးတွေလေ။ ဒါကြောင့် ရှန်ရွှယ်လည်း ဝူအမတ်ချုပ်ကြီးဘက်က ရပ်တည်မှာ အသေအချာပါပဲ။

ရှန်ရွှယ်က မျက်နှာမထောက်ရင်တောင်မှ၊ ရှန်ရွှယ် ရဲ့ ဘေးမှာက ရွမ်ချန်ကျဲ ရှိသေးတာလေ။ ရွမ်ချန်ကျဲကတော့ သူတို့ လူပဲဆိုတော့ ရွှီထင်းရှန်းရဲ့ လက်ရေးကို မှတ်မိမှာ အမှန်ပါပဲ။ ပြီးတော့ ရွမ်ချန်ကျဲရဲ့ ညာဘက်မှာက ဟန်လင်းကျောင်းတော်က ပေါင်မင် ရှိနေတာလေ၊ သူကလည်း သူတို့ လူပါပဲ။

တကယ်လို့ သူက စက်ဝိုင်း တစ်ခု ဝိုင်းပေးလိုက်ရင်တောင်မှ ရှန်ရွှယ်ကို ထည့်မတွက်ရင်တောင် နောက်က လူနှစ်ယောက်ကတော့ စက်ဝိုင်း မပေးဘဲ နေမှာ သေချာတာကိုး။ ပထမအဆင့်ထဲ ဝင်ဖို့ဆိုတာ စက်ဝိုင်း ၈ ခု အနည်းဆုံး ရရမှာလေ။ ဒါကြောင့် နောက်က လူတွေက စက်ဝိုင်း မပေးလိုက်တာနဲ့တင် ရွှီထင်းရှန်း ကတော့ ထိပ်တန်းစာရင်းထဲ ဝင်မှာ မဟုတ်တော့ပါဘူး။

148 03

သူ့ရဲ့တာဝန်ကလည်း ရွှီထင်းရှန်းကို ထိပ်တန်းစာရင်းထဲ မဝင်အောင် လုပ်ဖို့ပဲ မဟုတ်လား။ ထိပ်ဆုံး သုံးယောက်ထဲ မပါရင် ဒီစာမူက ဧကရာဇ်ရဲ့လက်ထဲကို ရောက်မှာ မဟုတ်တော့ဘူး။ ဒါဆိုရင် သူ့ရဲ့တာဝန်ကလည်း အောင်မြင်သွားပြီပေါ့။ ဒီလိုနည်းနဲ့ဆိုရင် ကိုယ့်ကိုယ်ကိုယ်လည်း ထင်မပေါ်စေဘဲ ရည်မှန်းချက်လည်း အောင်မြင်မှာဆိုတော့ တကယ့်ကို အကြံကောင်းပါပဲလေ။

သေချာအောင်လို့ သူက စက်ဝိုင်း ဝိုင်းပေးလိုက်ပြီး စာမူကို ရှန်ရွှယ်ဆီ ကမ်းပေးလိုက်တဲ့ အခါမှာတော့ ထိုသူကို အဓိပ္ပာယ်ပါပါနဲ့ တစ်ချက် လှမ်းကြည့်လိုက်သေးတာ။

ဖုန်းချန်ပေါင်လည်း ရှန်ရွှယ် က ရိပ်မိ၊ မရိပ်မိကိုတော့ မသိလိုက်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ဘယ်ဘက်ကနေ စာမူတွေ ထပ်ရောက်လာလို့ သူလည်း အာရုံစိုက်ပြီး ဖတ်နေသလို ဟန်ဆောင်နေရတာကိုး။ ဒါပေမဲ့ သူ့ရဲ့ မျက်လုံးအစွန်ကနေ မြင်လိုက်ရတာကတော့... ရှန်ရွှယ်က စာမူကို ဖတ်ပြီးတာနဲ့ အဲဒီပေါ်မှာ တစ်ချက် ခြစ်လိုက်တာပါပဲ။ ဒါကို မြင်တော့မှ ဖုန်းချန်ပေါင်လည်း စိတ်အေးသွားပြီး စာမူတွေကို အာရုံစိုက်ပြီး ဆက်စစ်နေတော့တယ်။

ရွမ်ချန်ကျဲက ရှန်ရွှယ် ဆီကနေ စာမူကို လက်ခံယူလိုက်တယ်။ သေချာ ကြည့်လိုက်တော့မှ ဒါဟာ ရွှီထင်းရှန်းရဲ့လက်ရေးမှန်း သိသွားတာပေါ့။ အပေါ်မှာ စက်ဝိုင်း နှစ်ခုနဲ့ အစက် တစ်ခု ပါနေတာ မြင်တော့ ဖုန်းအမတ်ချုပ်ကြီးရဲ့ဆိုလိုရင်းကို သူလည်း သဘောပေါက်သွားခဲ့ပြီလေ။ သူက စာမူကို သေချာတောင် မဖတ်တော့ဘဲ အဲ့ဒီပေါ်မှာ အစက် တစ်စက် ထပ်ချလိုက်ပြီး အောက်က ပေါင်မင်ဆီကို လွှဲပေးလိုက်တော့တာပေါ့။

အဲဒီအချိန်မှာပဲ ချန်ချင်းနန်းတော်ထဲမှာတော့ ရွှီထင်းရှန်း ပျောက်ဆုံးသွားခဲ့တဲ့ အကြမ်းစာရွက်ဟာ ဧကရာဇ်ကျားချန်ရဲ့လက်ထဲကို ရောက်နေခဲ့ပြီ။

အရှေ့ဘက် နွေးထွေးဆောင်ထဲမှာတော့ ဖယောင်းတိုင်တွေက လင်းထိန်နေခဲ့တာပေါ့။ ရွှေရောင် သံပုရာသီးပုံစံ အမွှေးတိုင်အိုးလေးထဲကနေ လုံရှန်းနံ့သာနံ့ သဲ့သဲ့လေးက ထွက်ပေါ်နေပြီး အခန်းတစ်ခုလုံးကို မွှေးပျံ့နေစေတာလေ။

ဧကရာဇ်ကျားချန်ရဲ့ မျက်နှာကတော့ ဒေါသထွက်နေသလိုလို၊ ဝမ်းသာနေသလိုလိုနဲ့ အကဲခတ်ရ ခက်လှတယ်။ သူ့ရဲ့ မျက်လုံးတွေကတော့ တစ်ချက်တစ်ချက် စူးရှသွားတတ်သလို၊ အကြည့်တွေကလည်း အဲဒီစာရွက်ပေါ်မှာပဲ ခဏခဏ ကျရောက်နေတာပေါ့။

ဒီစာရွက်ကတော့ ကြည့်လို့ ကောင်းတဲ့အထဲမှာ မပါပါဘူး။ အဲ့ဒီပေါ်မှာ ခြစ်ထားတာ၊ ပြင်ထားတာတွေက အများကြီးပဲလေ။ ဒါပေမဲ့ ဘာတွေ ရေးထားလဲဆိုတာကိုတော့ ကောင်းကောင်းကြီး မြင်နေရတာကိုး။ အထူးသဖြင့် အဲဒီ ခြစ်ထုတ်ထားတဲ့ စကားလုံး အနည်းငယ်ကပဲ ဧကရာဇ်ကို နာရီဝက်နီးပါးလောက် ငြိမ်ပြီး ထိုင်စဉ်းစားနေအောင် လုပ်နိုင်ခဲ့တာ။ သူက ကုတင်ပေါ်က ဆင်းပြီး ဟိုဟိုဒီဒီ လျှောက်လှမ်းနေတာ မြင်ရတာ... သူ့ရဲ့ရင်ထဲမှာ အတွေးတွေက လှိုင်းထနေမှန်း သိသာလှပါတယ်။ ကျိန်းအန်းချန် ကတော့ အနားကိုသွားပြီး ချောင်းကြည့်ချင်နေပေမဲ့ မဝံ့မရဲနဲ့ပဲ ငြိမ်နေရရှာတာပေါ့။

"ကျိန်းအန်းချန်"

"ကျွန်တော်မျိုး ရှိပါတယ် "

"စွီအမတ်ချုပ်ကြီး ဆီကို နောက်တစ်ခေါက် သွားပြောလိုက်စမ်း။ ရွှီထင်းရှန်းရဲ့ စာမူကို သေချာပေါက် ငါ့လက်ထဲ ရောက်အောင် ပို့ပေးဖို့ မှာလိုက်"

"ဟုတ်ကဲ့ပါ "

148 04

ဒီအချိန်မှာ ကျိယိထန်ထဲမှာတော့ တိတ်ဆိတ်ငြိမ်သက်နေတုန်းပါပဲ။ စာရွက်လှန်သံလေးတွေနဲ့ တစ်ခါတစ်ရံ လက်ဖက်ရည်ကြမ်း သောက်သံလေးတွေပဲ ကြားနေရတာပေါ့။ မိန်းမစိုးငယ်လေး တစ်ယောက်က လက်ဖက်ရည်ကြမ်းခွက်ကို ကိုင်ပြီး စွီအမတ်ချုပ်ကြီးရဲ့ အနားကို လျှောက်လာခဲ့ပါတယ်။ စွီအမတ်ချုပ်ကြီးက ထိုသူကို တစ်ချက်ကြည့်လိုက်ပြီးမှ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ရင်း ပြောလိုက်တယ်။ "အသက်ကြီးလာတော့ မင်းတို့ လူငယ်တွေလို မခံနိုင်တော့ဘူး။ အမတ်မင်းတို့ ခဏလောက် ထိုင်နေကြဦး၊ ငါ ခဏလောက် သွားလိုက်ဦးမယ်"

စွီအမတ်ချုပ်ကြီးက စာစစ်မှူးချုပ်လည်း ဖြစ်သလို အမတ်ချုပ်ကြီးလည်း ဖြစ်တာကြောင့်၊ ကျန်တဲ့ စာဖတ်အရာရှိတွေ အားလုံးက ကိုင်ထားတဲ့ စာမူတွေကို ချထားပြီး လက်ယှက် နှုတ်ဆက်ကြတယ်။ သူ ထွက်သွားပြီးတဲ့ အခါကျမှပဲ ပြန်ပြီး စစ်ဆေးနေကြတော့တာလေ။

သိပ်မကြာခင်မှာပဲ စွီအမတ်ချုပ်ကြီး ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ရွှီထင်းရှန်းရဲ့စာမူက ပေါင်မင်ရဲ့ လက်ထဲကို ရောက်နေပြီပေါ့။ ပေါင်မင်ကလည်း ထုံးစံအတိုင်း အစက် ပဲ ချလိုက်တာပေါ့။ ပြီးတော့မှ စာမူက ညာဘက်ကို ဆက်ပြီး လည်သွားခဲ့လေရဲ့။

ဒီလိုနဲ့ တစ်ပတ် လည်သွားတဲ့အခါမှာတော့ ရွှီထင်းရှန်းရဲ့စာမူကို အားလုံး စစ်ဆေးလို့ ပြီးသွားခဲ့ပါပြီ။

အလုပ်တွေ အပြင်းအထန် လုပ်လိုက်ကြတာ နောက်တစ်နေ့ ညမတိုင်ခင်မှာတင် နန်းတွင်းစာမေးပွဲရဲ့ စာမူအားလုံးကို စစ်ဆေးလို့ ပြီးသွားခဲ့ပြီလေ။

နောက်တစ်ဆင့်ကတော့ အဆင့်အတန်း သတ်မှတ်ခြင်းပါပဲ။ အရင်ဆုံး စက်ဝိုင်း ၈ ခုနဲ့ အထက် ရတဲ့သူတွေကို သီးသန့် ဖယ်ထုတ်လိုက်တာပေါ့။ ပြီးတော့မှ စက်ဝိုင်း အများဆုံး ရတဲ့သူကို ထိပ်ဆုံးမှာ ထားပြီး၊ တကယ်လို့ စက်ဝိုင်းချင်း တူနေရင် အစက် အရေအတွက်ကို တိုက်စစ်၊ အစက်ချင်း တူရင် မျဉ်းစောင်း ကို တိုက်စစ်... ဒီလိုမျိုး တစ်ဆင့်ချင်းစီ လုပ်ဆောင်ကြရတာလေ။

ဒီတစ်ခါတော့ တကယ့်ကို တိုက်ဆိုင်လွန်းလှပါတယ်။ စက်ဝိုင်း ၈ ခုအထက် ရတဲ့သူက နှစ်ယောက်တည်းပဲ ရှိနေတာကိုး။ ဆိုလိုတာက ပထမအဆင့် (Yijia) ထဲမှာ သုံးယောက် ရှိရမှာဆိုတော့၊ ကျန်တဲ့ တစ်ယောက်ကိုတော့ စက်ဝိုင်း ၇ ခု ရတဲ့သူတွေထဲကနေ တစ်ယောက်ကို ထပ်ပြီး ရွေးချယ်ရတော့မှာလေ။ အဲဒီ သုံးယောက်ကိုမှ ဧကရာဇ်ဆီ ပို့ပြီး ကျွမ့်ယွမ်၊ ပန်းယန့် နဲ့ ထန့်ဟွားဆိုပြီး အဆင့်အတန်း ထပ်ခွဲခိုင်းရမှာပေါ့။

စက်ဝိုင်း ၇ ခု ရတဲ့ စာမူအပုံကြီးကို ဖယ်ထုတ်လိုက်တဲ့ အခါမှာတော့ ဖုန်းချန်ပေါင် ရဲ့ ရင်ထဲမှာ မအေးမမြ ဖြစ်လာခဲ့ရပြီ။ ဒါပေမဲ့ သူကတော့ ဒါကို သိပ်ပြီး အလေးမထားပါဘူး။ ရွှီထင်းရှန်းမှာ ဒီလောက်ထိ ကံကောင်းမှုမျိုး ရှိလိမ့်မယ်လို့ သူ မထင်ထားဘူးလေ။ ရှန်ရွှယ်၊ ရွမ်ချန်ကျဲ နဲ့ ပေါင်မင် တို့အပြင်၊ ကျန်တဲ့ လူတွေထဲက တစ်ယောက်ယောက်ကသာ စက်ဝိုင်း မပေးခဲ့ရင်တော့... သူဟာ ထိပ်ဆုံး သုံးယောက်စာရင်းဝင်ဖို့ လမ်းမရှိတော့ဘူး မဟုတ်လား။

ဒါပေမဲ့ အသေအချာ တိုက်စစ်ကြည့်လိုက်တဲ့ အခါမှာတော့၊ စက်ဝိုင်း ၇ ခု ရတဲ့သူတွေထဲမှာ အတော်ဆုံးသူအဖြစ် ရွေးချယ်ခံလိုက်ရတာက... ရွှီထင်းရှန်းရဲ့ စာမူ ဖြစ်နေခဲ့ပါတော့တယ်။

148 05

တကယ်တော့ နောက်ထပ် ထူးချွန်တဲ့သူ တစ်ယောက် ရှိပါသေးတယ်။ ဒါပေမဲ့ ရွှီထင်းရှန်း က အစက် ၃ ခု ရထားတာဖြစ်ပြီး၊ ဟိုလူက အစက် ၂ ခုနဲ့ မျဉ်းစောင်း ၁ ခုပဲ ရတာကြောင့်... ရွှီထင်းရှန်းက အသာလေးပဲ အနိုင်ရသွားခဲ့တာ။

ဖုန်းချန်ပေါင်ရဲ့ မျက်နှာကတော့ မပြောင်းလဲပေမဲ့ ရင်ထဲမှာတော့ ဒေါသတွေက ပေါက်ကွဲနေခဲ့ပြီလေ။ သူ ဘယ်လိုလုပ်ပြီး သိပါ့မလဲ... နောက်က စက်ဝိုင်း ဝိုင်းပေးတဲ့သူတွေက အရှေ့က လူနှစ်ယောက်ရဲ့စစ်ဆေးချက်ကို ကြည့်ခဲ့ကြတာလေ။ အရှေ့က လူနှစ်ယောက်စလုံးက စက်ဝိုင်း ပေးထားတယ်ဆိုရင် ဒီစာမူရဲ့ အရည်အချင်းကတော့ ထိပ်တန်းပဲဆိုတာ သေချာနေပြီ။ အဲဒီနောက်မှာ အစက် ရခဲ့တာတွေကတော့ လူတိုင်းမှာ အကြိုက်ချင်း မတူကြလို့ပဲလို့ သူတို့က ထင်ခဲ့ကြတာ။

ဒါ့အပြင် တခြားသော အကြောင်းပြချက်တွေလည်း ရှိပါသေးတယ်၊ ဒါပေမဲ့ ဒါကိုတော့ ရင်ထဲမှာပဲ သိနေပြီး ပါးစပ်က ထုတ်မပြောတဲ့ ကိစ္စမျိုးပေါ့လေ။

ဖုန်းချန်ပေါင်ကတော့ စွီအမတ်ချုပ်ကြီးက စာမူ ၃ စောင်ကို ဧကရာဇ်ဆီ ပို့ခိုင်းလိုက်တာကို မျက်ဝါးထင်ထင် မြင်လိုက်ရတော့တယ်။ သူ့ရဲ့စိတ်ထဲမှာတော့ ဝူအမတ်ချုပ်ကြီးကို ဘယ်လိုများ ရှင်းပြရမလဲဆိုတာပဲ တွေးပူနေမိတာ။ အခုမှပဲ သူ နောင်တရနေမိတာက... ဘာလို့များ ပြဿနာတက်မှာ ကြောက်ပြီး တမင်သက်သက် စက်ဝိုင်းတစ်ခု ဝိုင်းပေးမိပါလိမ့်လို့ပေါ့။

စက်ဝိုင်းတစ်ခုရဲ့ ခြားနားချက်ကပဲ အခြေအနေတွေကို ကောင်းကင်နဲ့ မြေကြီးလို ပြောင်းလဲပစ်လိုက်တော့တာပါပဲ။

ဒီဘက်မှာတော့ ဧကရာဇ်ကျားချန်က စာမူ ၃ စောင်ကို ရရှိသွားခဲ့ပါပြီ။

အဲ့ဒီထဲက စာမူတစ်စောင်ကို မြင်လိုက်ရတဲ့အခါ သူက အားရပါးရ ရယ်မောလိုက်တော့တာပဲ။ ရယ်ပြီးတာနဲ့ ကျိန်းအန်းချန်ကို ဟိုအကြမ်းစာရွက် သွားယူခိုင်းလိုက်တာပေါ့။

နှစ်ခုကို ယှဉ်ပြီး တစ်လုံးချင်းစီ တိုက်စစ်ဖတ်ကြည့်ပြီးတဲ့နောက်မှာတော့ ဧကရာဇ်ရဲ့မျက်နှာဟာ ဒေါသထွက်နေသလိုလို၊ ဝမ်းသာနေသလိုလိုနဲ့ ပြောင်းလဲနေခဲ့ပြီလေ။ အတော်ကြာမှ သူက ခပ်တိုးတိုးလေး ရေရွတ်လိုက်တယ်။ "ဒီကောင်လေးကတော့... ကိုယ့်ရဲ့ အရည်အချင်းကို ဘယ်လို ဖုံးကွယ်ရမလဲ ဆိုတာ ကောင်းကောင်းသိတာပဲ”

ကျိန်းအန်းချန်ကတော့ ဧကရာဇ်က ဘာလို့ ဒီလိုပြောရတာလဲဆိုပြီး စပ်စုချင်နေတုန်းမှာပဲ၊ ဧကရာဇ်ကျားချန်က အနီရောင်မှင်ပါတဲ့ ကလောင်တံကို ကိုင်လိုက်တာ မြင်လိုက်ရတယ်။ သူက အဲ့ဒီစာမူရဲ့ ပထမဆုံး စာမျက်နှာမှာပဲ စာသားလေး တစ်ကြောင်းကို ရေးသားလိုက်ပါတော့တယ်။

"ပထမအဆင့်၊ ပထမနေရာ (ကျွမ့်ယွမ်)"

ဧကရာဇ်ကျားချန်ကတော့ ကျိန်းအန်းချန်ကို အမိန့်တော်တံဆိပ် ယူလာခိုင်းပြီး စာရွက်ပေါ်မှာ တရားဝင် ခတ်နှိပ်လိုက်တော့တယ်။

ကျိန်းအန်းချန်လည်း အဲ့ဒီအချိန်မှာတင် ရွှီထင်းရှန်းရဲ့နာမည်ကြီးကို တွေ့လိုက်ရတော့... ဒီကျွမ့်ယွမ် အသစ်စက်စက်လေးက ဧကရာဇ်ကို ဘယ်လိုများ ဖားထားလို့ ဒီလောက်ထိ သဘောကျသွားစေတာလဲဆိုတာ သူလည်း ရိပ်မိသွားခဲ့တယ်။ မကြာသေးခင်ကမှ နန်းတွင်းထဲမှာ အရှုပ်အထုပ်တွေ အများကြီး ဖြစ်ခဲ့တာဆိုတော့ ဧကရာဇ်လည်း စိတ်မကြည်မလင် ဖြစ်နေတာ ရက်အတော်ကြာနေပြီလေ၊ အခုလိုမျိုး ပြုံးပြုံးရွှင်ရွှင် ဖြစ်သွားတယ်ဆိုတာကတော့ တကယ့်ကို ခဲယဉ်းလှတဲ့ ကိစ္စပါပဲ။

နောက်ထပ် မိုးမလင်းတလင်း အချိန်လေးကို ရောက်ပြန်ပါပြီ။ အခုမှ အောင်မြင်ထားတဲ့ ကုန်းရှီ ၃၀၀ ဟာ နန်းတော်တံခါးဝမှာ စုဝေးနေကြတယ်။ အဲဒီအချိန်မှာတော့ ကောင်းကင်က မှိန်ပြပြပဲ ရှိသေးပြီး၊ မြူနှင်းဖြူဖြူလေးတွေကလည်း ဝေနေခဲ့တာလေ။ ဒါပေမဲ့လည်း ဒီကျောင်းသားလေးတွေရဲ့ မျက်နှာပေါ်က တက်ကြွလှုပ်ရှားပြီး စမ်းသပ်ချင်နေတဲ့ စိတ်ဓာတ်တွေကိုတော့ မဖုံးကွယ်နိုင်ပါဘူး။

148 06

တကယ်တော့ သူတို့လို လူသစ်တွေမို့လို့သာ အခုလို တက်ကြွနေတာပေါ့၊ မြို့တော်မှာ အခြေကျနေတဲ့ အရာရှိအိုကြီးတွေကတော့ ညီလာခံတက်ဖို့ အစောကြီးထရတာကို ညည်းတွားမဆုံး ဖြစ်နေကြတာလေ။ မနက် (၅) နာရီမှာ ညီလာခံတက်ရမယ်ဆိုရင် (၃) နာရီကတည်းက ထရတာကိုး။ နန်းတော်နဲ့ ဝေးတဲ့နေရာမှာ နေတဲ့သူတွေဆိုရင် ညဉ့်နက်သန်းခေါင်ကတည်းက ထပြီး စမ်းတဝါးဝါးနဲ့ လာကြရတာ။

အရှေ့ဘက် ကောင်းကင်ယံမှာတော့ နီကျင်ကျင် တိမ်တိုက်လေးတွေ စတင်ပေါ်လာပြီး၊ ကောင်းကင်ပြာကြီးကလည်း မီးခိုးရောင်တွေကို ဖယ်ခွာလိုက်ပြီ။ ဒါဟာ ဒီနေ့ဟာ တိမ်ကင်းစင်တဲ့ ရာသီဥတုကောင်းကြီး တစ်နေ့ဖြစ်မယ်ဆိုတာကို ကြိုပြီး အသိပေးနေတာပါပဲ။

ခန့်ညားထည်ဝါလှတဲ့ ဗုံသံကြီး ဟိန်းခနဲ မြည်လာတာနဲ့အတူ ဝူးမန် တံခါးကြီး ၅ ချပ်စလုံး ပြိုင်တူ ပွင့်သွားတော့တယ်။ သာမန်ပြည်သူတွေကတော့ နန်းတော်ရဲ့ အရှေ့တံခါးမကြီးမှာ တံခါးပေါက် ၃ ပေါက်ပဲ ရှိတယ်လို့ ထင်ကြပေမဲ့ တကယ်တော့ မဟုတ်ပါဘူးလေ။ အဲ့ဒီ ၃ ပေါက်ရဲ့ ဘေးမှာလည်း ဘယ်ညာ တံခါးငယ်လေးတွေ ရှိသေးတာပေါ့။ ဒါပေမဲ့ အဲ့ဒီတံခါးလေးတွေကိုတော့ ဖွင့်ခဲတာကြောင့် "အပြင်ပန်းက ၃ ပေါက်၊ အတွင်းထဲမှာ ၅ ပေါက်" လို့တောင် ခေါ်ကြတာ။

ဒီနေ့ကတော့ ဧကရာဇ်ကျားချန်က သိုက်ဟယ်ထန်မှာ အခမ်းအနားကြီး ကျင်းပမှာဆိုတော့ တံခါးတွေ အကုန်ဖွင့်ထားခဲ့တယ်။ ဒါဟာ ဧကရာဇ်က တိုင်းပြည်ရဲ့ပညာတတ်တွေကို ဘယ်လောက်တောင် တန်ဖိုးထားပြီး သိမ်းသွင်းချင်သလဲဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

အခမ်းအနားမှူးက အသံကုန်ဟစ်ပြီး အမတ်ကြီးတွေနဲ့ ကျောင်းသားသစ်တွေကို အခစားဝင်ဖို့ ဆော်ဩလိုက်ပြီ။ နန်းတွင်းစာမေးပွဲတုန်းကလိုပဲ ရွှီထင်းရှန်းက အရှေ့ဆုံးက ဦးဆောင်ပြီး၊ ကျန်တဲ့ ၂၉၉ ယောက်ကတော့ အနောက်ကနေ တန်းစီကာ အမတ်ကြီးတွေရဲ့ နောက်ကနေ နက်မှောင်လှတဲ့ တံခါးဝကြီးထဲကို လှမ်းဝင်လိုက်ကြတော့တယ်။

သူတို့တွေကတော့ ဘယ်ဘက် တံခါးငယ်ကနေ ဝင်ကြရတာလေ။ ထုံးစံအတိုင်းဆိုရင် အမတ်တွေက ဘယ်ဘက်တံခါး၊ မင်းညီမင်းသားတွေက ညာဘက်တံခါးကို သုံးရတာကိုး။ အလယ်က တံခါးမကြီးကတော့ ဧကရာဇ် တစ်ယောက်တည်းပဲ ဝင်ထွက်ခွင့် ရှိတာပေါ့။ ဧကရာဇ် လက်ထပ်တဲ့ အခါကျမှပဲ မိဖုရားခေါင်ကြီးက တစ်ကြိမ် သုံးခွင့်ရတာ။ ဒါပေမဲ့ ကိစ္စတစ်ခုတော့ ခြွင်းချက်ရှိတာပေါ့... အဲဒါကတော့ ကျွမ့်ယွမ်၊ ပန်းယန့်နဲ့ ထန့်ဟွားဘွဲ့ရတဲ့ ထိပ်ဆုံး ၃ ယောက်ဟာ ဒီနေ့မှာ အဲဒီ အလယ်တံခါးမကြီးကနေ တစ်သက်မှာ တစ်ခါ လျှောက်ခွင့်ရတာပါပဲ။

ဒါဟာ တကယ့်ကို အမြင့်ဆုံးသော ဂုဏ်သိက္ခာပဲ မဟုတ်လား။ ဝန်ကြီးချုပ်အဆင့်ရှိတဲ့သူတောင်မှ အဲဒီတံခါးကနေ ဖြတ်ခွင့်မရှိဘူး။ စာမေးပွဲမှာ ပထမအဆင့်ပင်းထဲ မပါရင်တော့ အဝေးကနေပဲ ငေးကြည့်နေရမှာ ဖြစ်တယ်။

တံခါးဝကြီးကတော့ မှောင်လည်းမှောင်၊ နက်လည်းနက်လှပါတယ်။ အရှေ့ရော အနောက်ရော လူတွေနဲ့ ပြည့်နေတာဆိုတော့ အဲဒီထဲကနေ အပြင်ကို ထွက်လိုက်တဲ့ အခါမှာတော့ မျက်စိထဲမှာ ဝင်းခနဲ လင်းခနဲ ဖြစ်သွားသလို ခံစားလိုက်ရတယ်။

သိုက်ဟယ်ထန်ရဲ့ အရှေ့မှာတော့ စီတန်းထားတဲ့ အခမ်းအနားအဆောင်အယောင်တွေက လူကို တကယ်ပဲ ရိုသေခန့်ညားစိတ် ဖြစ်ပေါ်စေတယ်။ နန်းတွင်းတူရိယာအဖွဲ့ကလည်း ခန်းမဆောင်ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ နေရာယူထားသလို၊ ရွှေရောင်ဝတ်စုံ ဝတ်ထားတဲ့ ကိုယ်ရံတော်တပ်သားတွေ မြင်ရတာလည်း မျက်စိကျိမ်းလောက်စရာပါပဲ။ ဒါတွေအားလုံးကတော့ ဧကရာဇ်ရဲ့ အရှိန်အဝါကို ဖော်ပြနေကြတာ။

ဟုန်းလူစီအရာရှိတွေရဲ့ ညွှန်ကြားမှုနဲ့အတူ ကျောင်းသားသစ်တွေလည်း ဒူးထောက်ဆိုရင် ထောက်၊ ထဆိုရင် ထနဲ့ လုပ်နေကြရတာ။ အဲဒီကြားထဲမှာ အမတ်ကြီးတွေ အားလုံးကတော့ အစဉ်လိုက်အတိုင်း သိုက်ဟယ်ထန် ထဲကို ဝင်သွားကြပြီလေ။

ဘယ်လောက်တောင် ကြာသွားလဲ မသိပါဘူး၊ စွီအမတ်ချုပ်ကြီးဟာ ရွှေရောင်အောင်စာရင်းကို ပွေ့ချီပြီး ထွက်လာခဲ့ပါတယ်။ အဲဒီစာရင်းကို သိုက်ဟယ်ထန် ရှေ့က စားပွဲဝါလေးပေါ်မှာ တင်လိုက်တာပေါ့။ ဂီတသံတွေ ထွက်ပေါ်လာတာနဲ့ စွီအမတ်ချုပ်ကြီးက ဘေးကို ဖယ်ပေးလိုက်ပြီး၊ ဟုန်းလူစီ အရာရှိ တစ်ယောက်က စတင် ကြေညာပါတော့တယ်

148 07

"ကောင်းကင်ဘုံရဲ့ အမိန့်တော်အရ ဧကရာဇ်ဧကရာဇ် မိန့်ကြားသည်မှာ ဧကရာဇ်ကျားချန် ၉ နှစ်၊ ဇွန်လ ၂ ရက်နေ့၊ တစ်လောကလုံးက ကျောင်းသားတွေကို စာမေးပွဲစစ်ဆေးခဲ့ရာ... ပထမအဆင့်ကို ကျင်းရှီ ကျိတီ၊ ဒုတိယအဆင့်ကို ကျင်းရှီ ချူးရှန်း၊ တတိယအဆင့်ကိုတော့ ထုန်ကျင်းရှီ ချူးရှန်းဘွဲ့များ အသီးသီး အပ်နှင်းလိုက်သည်"

သူက ခဏလောက် ရပ်လိုက်ပါတယ်၊ လူတွေကို ဒီစကားလုံးတွေရဲ့ အလေးအနက်ကို ခံစားခွင့်ပေးလိုက်ပြီးတော့မှ သူက ဆက်ပြီး ကြေညာလိုက်ပြန်တယ်။

"ကျိယိုနှစ် နန်းတွင်းစာမေးပွဲ၊ ပထမအဆင့်၊ ပထမနေရာ... ရွှီထင်းရှန်း"

"ကျိယိုနှစ် နန်းတွင်းစာမေးပွဲ၊ ပထမအဆင့်၊ ပထမနေရာ... ရွှီထင်းရှန်း"

"...ပထမအဆင့်၊ ပထမနေရာ... ရွှီထင်းရှန်း"

ကျောင်းသား ၃၀၀ ဟာ သိုက်ဟယ်ထန်ရဲ့ လှေကားထစ်တွေအောက်က ရင်ပြင်ကြီးမှာ ဒူးထောက်နေကြတာ။ အဲဒီ လှေကားထစ်တွေက မီတာ ၅၀ ကျော်လောက် ရှည်တာဆိုတော့၊ အပေါ်က အရာရှိ အော်လိုက်တဲ့အသံကို အောက်ကလူတွေ ကြားရအောင် လူတွေက တစ်ဆင့်ချင်းစီ ဟစ်အော်ပြီး လက်ဆင့်ကမ်းလိုက်ကြတယ်။

အခုချိန်မှာတော့ အဲ့ဒီအသံတွေက အပေါ်ကနေ အောက်ကို အဟုန်ပြင်းပြင်းနဲ့ စီးဆင်းလာပြီး၊ ကောင်းကင်တစ်ခုလုံးမှာ ရွှီထင်းရှန်းရဲ့နာမည်ကြီးပဲ ဟိန်းနေတော့တယ်။ ရွှီထင်းရှန်းရဲ့ နားထဲမှာလည်း သူ့နာမည်ကလွဲပြီး ဘာမှ မကြားရတော့သလိုပဲ။

ထုံးစံအရဆိုရင်တော့ ထိပ်ဆုံး ၃ ယောက်ရဲ့ နာမည်ကို ၃ ကြိမ်တိုင်တိုင် အသံကုန်ဟစ်ပြီး ကြေညာရတာကိုး။

အပေါ်မှာတော့ ကြေညာသံတွေ ဆက်နေတုန်းပါပဲ။ ရွှီထင်းရှန်းကတော့ ဒါကို ကြိုသိနေခဲ့ပေမဲ့၊ တကယ်တမ်း ကြုံလိုက်ရတဲ့ အခါမှာတော့ နားထဲမှာ အုန်းအုန်းကျွက်ကျွက်နဲ့ ခေါင်းတောင် မူးသွားသလို ခံစားလိုက်ရတယ်။ သူ့ရဲ့ အနောက်မှာတော့ အားကျတဲ့ အကြည့်တွေ ပြည့်နေသလို၊ ရင်ပြင်တစ်ခုလုံးက အကြည့်တွေကလည်း သူ့ဆီမှာပဲ စုနေခဲ့တယ်။

အဲဒီအချိန်မှာ ဟုန်းလူစီ အရာရှိ တစ်ယောက်က အနားကို လျှောက်လာပြီး တိုးတိုးလေး ပြောလိုက်တယ်။ "ကျွမ့်ယွမ်သခင်လေးလေး... ငိုင်မနေပါနဲ့ဦး၊ ရှေ့ထွက်ပြီး ကျေးဇူးတော် ချီးမွမ်းလေ"

ရွှီထင်းရှန်းလည်း အမြန်ပဲ အလယ်က မင်းလမ်းပေါ်ကို လျှောက်သွားလိုက်ပြီး၊ ဝတ်ရုံစကို မလိုက်ကာ ဧကရာဇ်ကို ၃ ကြိမ် ဒူးထောက် ၉ ကြိမ် ဦးညွှတ်ပြီးမှ ကျေးဇူးတင်စကား လျှောက်တင်လိုက်တော့တယ်။

ဒီလိုနဲ့ အခမ်းအနားကြီးက အတော်လေး ကြာအောင် ကျင်းပပြီးမှ ပြီးဆုံးသွားခဲ့ပါတယ်။

ဝန်ကြီးဌာန အရာရှိတွေက ရွှေရောင်အောင်စာရင်းကို ယူပြီး ဝူးမန်တံခါး အပြင်ဘက်မှာ သွားချိတ်လိုက်ကြပြီ။ သုံးရက်နေရင်တော့ အမတ်ချုပ်အဖွဲ့ ဆီကို ပြန်အပ်ရမှာလေ။ ဒီဘက်မှာတော့ ထိပ်ဆုံး ၃ ယောက်ကို လမ်းမပေါ်မှာ မြင်းစီးလှည့်လည်ဖို့အတွက် အဝတ်အစားလဲဖို့ ခေါ်သွားကြပါပြီ၊

အရင်က ဝတ်ထားတဲ့ အပြာရင့်ရောင် ကျင်းရှီဝတ်စုံကနေ အခုတော့ အနီရောင် အရာရှိဝတ်စုံကြီး ဖြစ်သွားခဲ့ပြီလေ။ ခါးပတ်ကလည်း ငွေခါးပတ် ဖြစ်သွားသလို၊ ဦးထုပ်ပေါ်မှာလည်း ပန်းနှစ်ပွင့် ပန်ထားရတာပေါ့။ ဒါဟာ ရွှီထင်းရှန်းအတွက် ဒုတိယအကြိမ် ပန်းပန်ရတာပါပဲ။ အရင် ရှန့်ရှီ တုန်းကတော့ တစ်ပွင့်တည်း ပန်ရတာဖြစ်ပြီး၊ အခုတော့ ဘယ်ညာ တစ်ပွင့်စီ ပန်ထားရတာလေ။

သူ အပြင်ကို ထွက်လာတဲ့ အခါမှာတော့ ဒုတိယရတဲ့ ပန်းယန့် နဲ့ တတိယရတဲ့ ထန့်ဟွား တို့ကို တွေ့လိုက်ရတာပေါ့။ တစ်ယောက်က အသက် ၃၀ ကျော်အရွယ်၊ မျက်နှာဖြူဖြူနဲ့ မုတ်ဆိတ်မွှေး သဲ့သဲ့လေး ပါတဲ့ ထွားကြိုင်းတဲ့သူလေ၊ သူကတော့ ပန်းယန့် လူရှန်မင်ပါပဲ။ နောက်တစ်ယောက်ကတော့ မျက်နှာညိုညိုနဲ့ ပိန်ပိန်ပါးပါး၊ အသက်ကလည်း ၄၀ ကျော်နေပြီဖြစ်တဲ့ ထန့်ဟွား မုန့်ဟောက်ချန်းပေါ့။

148 08

သူတို့ နှစ်ယောက်လည်း ရွှီထင်းရှန်းလိုပဲ အနီရောင် ဝတ်စုံတွေနဲ့၊ ဦးထုပ်မှာလည်း ပန်းလေးတွေ တစ်ပွင့်စီ ပန်ထားကြတာ။

ရွှီထင်းရှန်းရဲ့ရင်ထဲမှာတော့ အခုမှပဲ နည်းနည်း သက်သာရာ ရသွားတော့တာပဲ။ သူက မိန်းမစိုးလေးကို မှန်တစ်ချပ် ယူလာခိုင်းပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တာပေါ့။ ဦးထုပ်ပေါ်က ပန်းလေးတွေ ဘယ်လိုနေလဲဆိုတာကို သေချာ ပြန်ညှိနေတာလေ။

အင်း... သူကတော့ ဖြူဖြူသန့်သန့်နဲ့ စာပေသမား ပုံစံပေါက်သလို၊ လူကလည်း ငယ်သေးတာဆိုတော့... ပန်းပန်ထားတာတောင်မှ တကယ့်ကို ခန့်ညားထည်ဝါတဲ့ သခင်လေး တစ်ယောက်လိုပါပဲ။ ကျန်တဲ့ လူနှစ်ယောက်ကတော့... မပြောတော့တာပဲ ကောင်းပါတယ်လေ။

ရွှီထင်းရှန်းကတော့ ဘာမှမပြောပေမဲ့၊ ဘေးက အစေခံ မိန်းမစိုးလေးတွေကတော့ ရယ်ချင်စိတ်ကို အတင်းအောင့်ထားကြရတာပေါ့။ ဘာလို့လဲဆိုတော့ ပန်းယန့် နဲ့ထန့်ဟွား တို့ ပန်းပန်ထားတာက တကယ်ကို မလိုက်ဖက်လွန်းလို့ပါပဲ။

အထူးသဖြင့် ထန့်ဟွား မုန့်ဟောက်ချန်း ဆိုရင် လူကလည်း မည်းမည်း၊ ပိန်ပိန်နဲ့ကို အနီရောင် ပန်းကြီး ပန်ထားတာ မြင်ရတာ တကယ့်ကို ထူးထူးဆန်းဆန်းကြီး ဖြစ်နေတာ။ ဒါပေမဲ့ သူတို့ကတော့ ဘာမှ မဝေဖန်ရဲကြပါဘူး၊ စိတ်ထဲမှာပဲ ကြိတ်တွေးနေကြတယ်။ ဒီကျွမ့်ယွမ်လေးကသာ ထန့်ဟွားရခဲ့ရင်တော့ ပိုပြီးလိုက်ဖက်မှာပဲ။ ဒီနှစ် မြို့တော်က မိန်းကလေးတွေကတော့ ထန့်ဟွားလောင်းကို စောင့်ကြည့်ပြီး တော်တော်လေး စိတ်ပျက်ကြတော့မှာပဲလို့ပေါ့။

အများကြီး ပြောမနေတော့ပါဘူးလေ၊ သူတို့ ၃ ယောက်ဟာ ဝန်ကြီးဌာန အရာရှိတွေရဲ့ ဦးဆောင်မှုနဲ့အတူ ဝူးမန်ရဲ့ အလယ်တံခါးမကြီးကနေ ဂုဏ်ယူဝင့်ကြွားစွာ ထွက်လာခဲ့ကြပါပြီ။ အဲ့ဒီနောက်မှာတော့ အနီရောင်တွေ ဆင်မြန်းပြီး မြင်းကိုယ်စီနဲ့ ရှုန့်ထျန်းဖူ မှာ ကျင်းပတဲ့ ဂုဏ်ပြုစားပွဲကို သွားကြတယ်။ ဒါတွေကိုတော့ အသေးစိတ် မပြောတော့ပါဘူး။

စားပွဲပြီးတဲ့ အခါမှာတော့ မြင်းစီးပြီး လမ်းမကြီးတွေပေါ်မှာ လှည့်လည်တဲ့ အစီအစဉ် စတင်ပါတော့တယ်။

ကျိန်းယန်မန်လမ်းမကြီးပေါ်မှာတော့ သတင်းလာနားစွင့်တဲ့ လူတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ကလေး၊ လူကြီး၊ ကျား၊ မ မရွေးပါပဲ။ လမ်းဘေးက လက်ဖက်ရည်ကြမ်းဆိုင်တွေ၊ အရက်ဆိုင်တွေရဲ့ ဒုတိယထပ်မှာလည်း လူတွေဟာ အပြည့်ပဲလေ။

ဗုံသံ၊ မောင်းသံတွေနဲ့အတူ ရှေ့ကနေ လမ်းဖွင့်ပေးလိုက်တာနဲ့ မြင်းကြီး ၃ စီးပေါ်မှာ ကျွမ့်ယွမ်၊ ပန်းယန့် နဲ့ ထန့်ဟွား တို့ဟာ ရောက်ရှိလာကြပါပြီ။ သူတို့နောက်မှာတော့ ရောင်စုံအလံတွေ၊ အဆောင်အယောင်တွေနဲ့ စည်းကမ်းထိန်းသိမ်းရေး တပ်သားတွေကလည်း ပါလာတာပေါ့။

ကျွမ့်ယွမ်လေးက မြင်းတစ်ကိုယ်စာ အရှေ့ကနေ ဦးဆောင်လာပြီး၊ ပန်းယန့် နဲ့ ထန့်ဟွား တို့ကတော့ အနောက်ကနေ လိုက်လာကြတာလေ။ အားလုံးကတော့ အနီရောင် ဝတ်စုံတွေနဲ့၊ ဦးထုပ်မှာလည်း ရွှေရောင်ပန်းတွေ၊ ကိုယ်ပေါ်မှာလည်း အနီရောင် ပိတ်စတွေကို ဆင်မြန်းထားကြတယ်။

"ကျွမ့်ယွမ်လေး လာပြီဟေ့..."

"ထန့်ဟွားလောင်းကရော ဘယ်မှာလဲ..."

အော်ဟစ်သံတွေကတော့ လမ်းမကြီးတစ်ခုလုံးမှာ ဆူညံသွားခဲ့ရပြီလေ။ လူအို၊ လူပျို အားလုံးကတော့ မြင်းပေါ်က လူ ၃ ယောက်ကို မျက်လုံးအပြူးသားနဲ့ ငေးကြည့်နေကြတယ်။ အဲဒီထဲမှာ ချောမောလှပတဲ့ မိန်းကလေးတွေလည်း အများကြီး ပါတာပေါ့။

ပုံမှန်ဆိုရင်တော့ မလုပ်ရဲ၊ မပြောရဲတာတွေကို ဒီနေ့မှာတော့ အကုန်လုပ်ခွင့် ရှိတာကိုး။ တချို့ မိန်းကလေးတွေဆိုရင် လက်ထဲမှာ ပန်းခြင်းတောင်းလေးတွေ ကိုင်ထားပြီး၊ လူတွေ ဖြတ်သွားတာနဲ့ ပန်းတွေကို ဆုပ်ပြီး ပစ်ပေါက်ကြတော့တယ်။

148 09

အဓိက ပစ်မှတ်ကတော့ ကျွမ့်ယွမ်လေးပါပဲ။ ပန်းယန့်ကတော့ ကြည့်လိုက်တာနဲ့ အိုစာနေသလို၊ ထန့်ဟွားကလည်း မည်းမည်းပိန်ပိန်ကြီးလေ။ ရွှီထင်းရှန်း တစ်ယောက်တည်းကသာ ငယ်ငယ်ရွယ်ရွယ်၊ ဖြူဖြူသန့်သန့်နဲ့ ချောမောနေတာဆိုတော့... ကြည့်ရတာ အိမ်ထောင်မရှိသေးတဲ့ လူပျိုလေးလို့ ထင်နေကြတယ်။ အဲ့ဒီ အနီရောင် ဝတ်စုံကြီးကို ဝတ်ပြီး မြင်းကြီးပေါ်မှာ ထိုင်နေတာ မြင်ရတာ... တကယ့်ကို ကောင်းကင်က နတ်သားလေး ဆင်းလာသလိုမျိုး၊ ဖော်ပြလို့ မရနိုင်လောက်အောင်ကို ချောမောလွန်းနေတာကိုး။

"ကျွမ့်ယွမ်လေးကတော့ တကယ်ကို ချောတာပဲနော်..."

ရွှီထင်းရှန်းခမျာလည်း ဒီလို အခြေအနေမျိုး တစ်ခါမှ မကြုံဖူးတော့၊ အထူးသဖြင့် မိန်းမပျိုလေးတွေက ပန်းတွေ၊ လက်ကိုင်ပဝါတွေ၊ အမွှေးနံ့သာအိတ်တွေကို ကောင်းကင်ကနေ မိုးရွာသလိုမျိုး ဝိုင်းပစ်နေကြတာဆိုတော့... သူလည်း မြင်းပေါ်မှာ အသည်းအသန် ရှောင်တိမ်းရင်းနဲ့ အတော်လေးကို အကျပ်ရိုက်နေရှာတာပေါ့။

ကျွမ့်ယွမ်လေးရဲ့အသည်းအသန် ဖြစ်နေတဲ့ ပုံစံကို ကြည့်ပြီး လူတွေကတော့ တဟားဟားနဲ့ ရယ်နေကြတာလေ။ ဘေးက ပန်းယန့် နဲ့ ထန့်ဟွား တို့ကတော့ အားကျမဆုံး ဖြစ်နေကြတယ်။ ကိုယ့်မိဘတွေက ဘာလို့များ ငါတို့ကို ဒီလောက်ထိ ချောအောင် မမွေးပေးခဲ့တာလဲဆိုပြီးတော့လေ။

စားသောက်ဆိုင် တစ်ဆိုင်ရဲ့ဒုတိယထပ်မှာတော့ ကျောက်အာလည်း ဟုန်အာလေးကို ချီပြီး သတင်းလာနားစွင့်နေခဲ့တာပေါ့။

ဟုန်အာလေးက လက်ရန်းကို ကိုင်ပြီး အောက်ကို ငုံ့ကြည့်ရင်း အသည်းအသန် အော်နေရှာတယ်။ "အဖေ... အဖေ..." တဲ့။ ဒါပေမဲ့ လူတွေက ဆူညံလွန်းတာကြောင့် သူ့ရဲ့အသံလေးကတော့ ရွှီထင်းရှန်းရဲ့ နားထဲကို မရောက်နိုင်ရှာပါဘူး။

"အမေ... အဖေက သားကို ဘာလို့ ပြန်မထူးတာလဲဟင်"

"လူတွေ အရမ်းများနေလို့ သားအဖေ မကြားတာပါ သားရဲ့"

"ဘာလို့ မကြားရမှာလဲ၊ ဒါဆို သား ပိုပြီး အသံကျယ်ကျယ် အော်မယ်" သူက ပြောပြီးတာနဲ့ ဟုန်အာလေးက လက်ရန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အသံကုန်ဟစ်ပြီး အော်လိုက်တော့တာပဲ။ "အဖေ အဖေ သား ရှောင်ကုန်ကျစ် (ခွေးပေါက်လေး) ပါ သားကို ကြည့်ပါဦး၊ သား ဒီမှာ ရှိတယ်"

******

All Chapters