← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉)

ကျောက်အာကတော့ သားဖြစ်သူရဲ့ပါးစပ်ကို လှမ်းပြီး ပိတ်ဖို့ ကြိုးစားလိုက်ပေမဲ့ အချိန်က နောက်ကျသွားခဲ့ပါပြီ။

ဒီကောင်လေးကတော့ တကယ့်ကို စိတ်လှုပ်ရှားနေတာပေါ့၊ သူမရဲ့ ရင်ခွင်ထဲမှာ လက်တွေခြေတွေနဲ့ ယမ်းခါနေလိုက်တာ... ကံကောင်းလို့သာ ကျောက်အာက အားသန်လို့ပေါ့၊ မဟုတ်ရင်တော့ ကလေးလေး လွင့်ထွက်သွားမှာ အသေအချာပါပဲ။

ဟုန်အာကတော့ စိတ်လှုပ်ရှားလွန်းလို့ မျက်နှာလေးတောင် နီရဲနေခဲ့တာ။ လူကြီးတွေ ဘာလို့ ဒီလောက် ပျော်နေကြလဲဆိုတာ သူ သေသေချာချာ မသိသေးပေမဲ့လည်း ဒီလို စည်ကားတဲ့ အငွေ့အသက်ကိုတော့ ခံစားမိနေတာပေါ့။ လူတွေ အားလုံးက သူ့အဖေကို ဝိုင်းပြီး အော်ဟစ်အားပေးနေကြတယ်ဆိုတာ သိနေတော့ ပိုပြီးတော့တောင် အားရပါးရ အော်လိုက်ပါသေးတယ်၊ "အဖေ... သား ဒီမှာ ရှိတယ် ရှောင်ကုန်းကျစ် (ခွေးပေါက်လေး) နဲ့ အမေလည်း ဒီမှာ ရှိနေတာနော်"

ကျောက်အာခမျာတော့ ရှက်လွန်းလို့ မျက်နှာကိုပဲ အုပ်ထားချင်တော့တယ်။

ဟုန်အာက အရင်တုန်းက သူ့မှာ ဘာလို့ နာမည်ပြောင် မရှိတာလဲ၊ တာ့မောက် နဲ့ အာမောက် တို့မှာတောင် ရှိတာကိုး ဆိုပြီး လာမေးခဲ့တာလေ။ အဲ့ဒီတုန်းက ကျောက်အာကလည်း အမှတ်မထင်ဘဲ "သားမှာလည်း ရှိတာပေါ့၊ ရှောင်ကုန်းကျစ် လို့ ခေါ်တာလေ" ဆိုပြီး စနောက်ပြီး ပြောလိုက်တာကို သူက စွဲမြဲသွားတာပေါ့။ လူကြားထဲမှာ ဒါကို လျှောက်မပြောဖို့ အကြိမ်ကြိမ် မှာထားပေမဲ့လည်း ဒီကောင်လေးကတော့ မမှတ်မိတဲ့အပြင်၊ အဲ့ဒီနာမည်ကို ဂုဏ်တောင် ယူနေသေးတာလေ။ လူတွေ့ရင်လည်း ကိုယ့်ကိုယ်ကိုယ် ရှောင်ကော်ကျစ် ပါဆိုပြီး လိုက်ပြောနေတော့တာပဲ။

အဖေဖြစ်သူက ဘယ်လို မျက်နှာထားမျိုး ဖြစ်နေမလဲဆိုတာ ထားလိုက်ပါဦး၊ အခုတော့ အမေဖြစ်တဲ့ ကျောက်အာကတော့ တကယ့်ကို အရှက်ရနေရှာပြီ။ အဲ့ဒါကြောင့်လည်း သူမက ချက်ချင်းပဲ တားလိုက်တော့တယ်။ "ကဲ... တိတ်တိတ်နေစမ်း၊ သားအဖေက မကြားပါဘူးဆိုမှ။ သားကသာ ဆက်ပြီး အော်နေရင်တော့ အိမ်ကိုပဲ ပြန်ကြတော့မယ်နော်"

"အဖေက ဘာလို့ မကြားမှာလဲ၊ သေချာပေါက် ကြားမှာပေါ့"

အဲ့ဒီအချိန်မှာပဲ ဘေးနားကနေ လှောင်ရယ်သံ တစ်ခု ထွက်လာခဲ့တာကြောင့် ကျောက်အာလည်း အလိုအလျောက် လှည့်ကြည့်လိုက်မိတယ်။ အဝတ်အစား ခန့်ခန့်ညားညား ဝတ်ထားတဲ့ အမျိုးသမီးတချို့ စုရပ်နေကြပြီး ကျောက်အာတို့ကို ကဲ့ရဲ့တဲ့ အကြည့်တွေနဲ့ ကြည့်နေကြတာ မြင်လိုက်ရတယ်လေ။ ကြည့်ရတာ ဒီလူတွေက အဆင့်မြင့်တဲ့ မိသားစုက ဖြစ်ပုံရပါတယ်၊ ပိုးဖဲကတ္တီပါတွေ ဆင်မြန်းထားသလို ဦးခေါင်းမှာလည်း ရွှေထည် ကျောက်စိမ်းထည်တွေ ဝတ်ဆင်ထားတာကိုး။ ဒီလို လူကုံထံ အမျိုးသမီးတွေက ဘာလို့များ ဒီလို စားသောက်ဆိုင်မျိုးကို ရောက်နေကြတာလဲလို့ ကျောက်အာကတော့ တွေးမိနေတာပေါ့။

တကယ်တော့ ကျောက်အာတို့ ရှိနေတဲ့ စားသောက်ဆိုင်က အတော်လေးကို ကြီးမားတဲ့အထဲမှာ ပါတာလေ။ ဒီလို လမ်းမကြီးပေါ်မှာ ဖွင့်ထားနိုင်တယ်ဆိုကတည်းက အဆင့်အတန်းကတော့ ရှိပြီးသားပါပဲ။ ဒါပေမဲ့ ဒီလို သူဌေးကတော်တွေ ဒီကို လာလိမ့်မယ်လို့ ကျောက်အာကတော့ မထင်ထားခဲ့တာပေါ့။

သူမ ဘယ်လိုလုပ် သိပါ့မလဲ... ဒီအမျိုးသမီးတွေဟာ ကျူးရင်တွေရဲ့ ဇနီးသည်တွေ ဖြစ်ကြပြီး၊ ဒီနေ့မှာ ကျွမ့်ယွမ်အသစ်က မြင်းစီးလှည့်လည်တာကို လာကြည့်ကြတာ။ စာပေသမား မိသားစုဆိုမှတော့ တစ်နေ့မှာ ကိုယ့်ယောက်ျား အောင်စာရင်းပါပြီး၊ မြင်းစီးကာ နန်းတွင်းစားပွဲကို တက်ခွင့်ရဖို့ဆိုတာ အိမ်မက်ပဲ မဟုတ်လား။ ယောက်ျားဖြစ်သူက ကျင်းရှီဘွဲ့ရမှသာ ကိုယ်လည်းပဲ အဆင့်မြင့်တဲ့ အရာရှိကတော်ဘွဲ့ကို ရနိုင်မှာကိုး။

မြို့တော်က စရိုက်ကလည်း ပွင့်လင်းလှပါတယ်လေ။ ပြီးတော့ ဒီနေ့က တစ်မြို့လုံး ပျော်ပွဲရွှင်ပွဲ လုပ်နေတဲ့ နေ့ဆိုတော့ ကလေး၊ လူကြီး၊ ကျား၊ မ မရွေး အပြင်ထွက်ပြီး ပျော်နေကြတယ်။ အမျိုးသမီးတွေ အပြင်ထွက်တာကို ဘယ်သူကမှ အပြစ်မဆိုကြပါဘူး။ ကျွမ့်ယွမ်သခင်လေးလေးရဲ့ ခေါင်းပေါ်ကို ပန်းတွေ၊ လက်ကိုင်ပဝါတွေ ပစ်ပေါက်နေကြတာလည်း အပျိုလေးတွေ၊ ကတော်လေးတွေပဲ မဟုတ်လား။

ဒီအမျိုးသမီးတွေလည်း အပျိုလေးတွေ အရှက်အကြောက် မရှိပုံအကြောင်းကို အတင်းပြောနေကြတုန်း၊ ဘေးက ကလေးလေးက ကျွမ့်ယွမ်သခင်လေးကို အဖေ လို့ လှမ်းခေါ်နေတာ ကြားလိုက်ရတာပေါ့။

149 02

သူတို့တွေ လှည့်ကြည့်လိုက်တဲ့အခါ၊ အသက် နှစ်နှစ်၊ သုံးနှစ်အရွယ် ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာကောင်းတဲ့ ကလေးလေးကို သာမန် ချည်ထည် ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က ချီထားတာကို တွေ့လိုက်ရတယ်။

ကလေးကတော့ ကလေးမို့လို့ ဘာမှမသိဘူး ထားလိုက်ပါဦး၊ လူကြီးကလည်း ဘာမှမသိဘဲ အခုလိုမျိုး လွှတ်ထားရသလားဆိုပြီး သူတို့တွေက မကျေမနပ် ဖြစ်ကုန်တာပေါ့။ ကျောက်အာက ကလေးကို "သားအဖေ မကြားပါဘူး" ဆိုပြီး လိမ်ပြောနေတာ ကြားတော့ ပိုပြီးတော့တောင် ကဲ့ရဲ့ချင်လာကြတာ။ အဲ့ဒါကြောင့်ပဲ ခုနက လှောင်ရယ်သံက ထွက်လာတာပေါ့။

ကျောက်အာက လှည့်ကြည့်လိုက်တဲ့အခါ၊ ပါးပြင်သွယ်သွယ်နဲ့ အမျိုးသမီးက နှာခေါင်းရှုံ့လိုက်ရင်း ဆိုလိုက်တယ်။ "အရှက်ကို မရှိဘူး၊ ယောက်ျားရချင်လွန်းလို့ ရူးနေတာလား မသိဘူး။ ကိုယ့်ရုပ်ကိုယ်လည်း ပြန်ကြည့်ဦးမှပေါ့"

ကျောက်အာလည်း အဲ့ဒီစကားက သူမကို ပြောနေတာမှန်း အခုမှ သိတော့တာပေါ့။ တစ်ခဏအတွင်းမှာတော့ သူမ ဘာပြန်ပြောရမှန်းတောင် မသိလောက်အောင် ဖြစ်သွားခဲ့ရပြီ။ အဲ့ဒီအချိန်မှာ ကျန်တဲ့ အမျိုးသမီးတွေထဲက တစ်ယောက်က စကားလုံးတွေက အရမ်းကြမ်းနေတာ မြင်တော့ ဘေးကနေ လှမ်းဆွဲပြီး တားနေရှာတာပေါ့။

ဒါပေမဲ့ ဒီ ပါးပြင်သွယ်သွယ်နဲ့ မိန်းမကတော့ စိတ်တိုတတ်ပုံရပါတယ်၊ သူမရဲ့ သူငယ်ချင်း လက်ကို ခါထုတ်လိုက်ပြီး အော်ပြောလိုက်တယ်။ "ဘာလို့လဲ ငါပြောတာ မှားလို့လား ကိုယ့်ကလေးကို သူများယောက်ျားကို အဖေ လို့ လျှောက်ခေါ်ခိုင်းရတာမျိုး ရှိလား"

အကျိုးအကြောင်းကတော့ ဟုတ်ပါတယ်လေ၊ ဒါပေမဲ့ ဒါက မင်းတို့အိမ်က ကိစ္စလည်း မဟုတ်ဘဲနဲ့ ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ။

ဘေးကလူတွေလည်း စိတ်ထဲကနေ ကဲ့ရဲ့နေကြပေမဲ့ ကိုယ့်ကိစ္စ မဟုတ်တာကြောင့် ဘာမှဝင်မပြောကြပါဘူး။ ဒီလို အပြောခံရတဲ့ အမျိုးသမီး (ကျောက်အာ) ကတော့ ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ဘူးလို့ ထင်နေကြတုန်း၊ မထင်မှတ်ဘဲ ကလေးလေးက စကားဝင်ပြောလိုက်တာပေါ့။

"ရှောင်ကုန်းကျစ်က အဖေ့ကို လျှောက်မခေါ်ပါဘူး၊ အဲ့ဒါ သားရဲ့ အဖေ အစစ်ပါ"

ပါးပြင်သွယ်သွယ်နဲ့ မိန်းမက နောက်တစ်ခါ ထပ်ပြီး နှာတစ်ချက် မှုတ်လိုက်ရင်း သူ့သူငယ်ချင်းတွေကို ကြည့်လိုက်ပြန်တယ်။ "ကြည့်စမ်း... အမေကလည်း ရူးနေသလို၊ သားကလည်း ရူးနေတာပဲ" ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ပေါ့။

ဟုန်အာက အခုမှ ငယ်သေးပေမဲ့ လူတွေရဲ့ အမူအရာကိုတော့ ကြည့်တတ်နေပြီလေ။ ဒီလူက သူ့ကို လှောင်နေမှန်း သိလိုက်တာနဲ့ သူက မှန်တယ်ဆိုတာ သက်သေပြချင်တာကြောင့်၊ လက်ရန်းကို ကိုင်ပြီး အောက်က အဖေဖြစ်သူကို ပိုပြီး အသံကျယ်ကျယ်နဲ့ လှမ်းခေါ်တော့တယ်။

ကျောက်အာကတော့ အဲ့ဒီမိန်းမကို လွယ်လွယ်နဲ့ လွှတ်ပေးဖို့ စိတ်မရှိပါဘူး။ ရန်ဖြစ်တာ၊ စကားများတာဆိုရင်တော့ သူမက ဘယ်သူ့ကိုမှ မရှုံးဘူးလေ။ ဒါပေမဲ့ သားဖြစ်သူက ဒီလောက်ထိ ဆူညံနေသလို၊ ဒုတိယထပ်က လူတွေအားလုံးကလည်း ဝိုင်းကြည့်နေကြတာဆိုတော့ သူမလည်း အတော်လေးကို အကျပ်ရိုက်နေရှာတာပေါ့။

"ကဲ... သွားရအောင် ဟုန်အာ၊ လိမ်လိမ်မာမာနေနော်။ အိမ်ပြန်ရအောင်... ညကျရင် အဖေ ပြန်လာမှာပါ"

"မပြန်ဘူး... မပြန်ဘူး အဲဒီ အဘွားကြီးက ပြောတယ်... အဖေက သားရဲ့ အဖေ မဟုတ်ဘူးတဲ့။ အဲဒါ သားရဲ့ အဖေ အစစ်ပါ"

ဒီဘက်မှာ ကျောက်အာက သားကို အိမ်ပြန်ဖို့ ဖျောင်းဖျနေတုန်း၊ ဟိုဘက်က ပါးပြင်သွယ်သွယ်နဲ့ မိန်းမကတော့ မျက်နှာကြီး ပြောင်းလဲသွားခဲ့ရပြီ။

အဘွားကြီး သူမက အဲ့ဒီလောက်တောင် အိုနေလို့လား။

149 03

ဟုန်အာလို ကလေးလေးရဲ့ စိတ်ထဲမှာတော့ လှလှပပနဲ့ ငယ်ငယ်ရွယ်ရွယ်ဆိုရင် အန်တီ၊ နည်းနည်း ကြီးရင် ဒေါ်ဒေါ်၊ အဲ့ဒီထက် ကြီးရင် အဘွား လို့ပဲ သတ်မှတ်တာလေ။ ဒါပေမဲ့ သူက ဘယ်လို အသက်ကြီးတာလဲဆိုတာကို သဲသဲကွဲကွဲ မသိသေးတော့... သူ့အမြင်မှာ ရုပ်ဆိုးပြီး မျက်နှာထား မကောင်းတဲ့သူဆိုရင် အဘွားကြီးလို့ပဲ သတ်မှတ်လိုက်တာပေါ့။ အဲ့ဒီတော့ ဒီ ပါးပြင်သွယ်သွယ်နဲ့ မိန်းမက အဘွားကြီး ဖြစ်သွားတော့တာပေါ့။

ဒီမိန်းမကတော့ စိတ်ထားကြီးတဲ့သူ မဟုတ်တာကြောင့် ဒေါသတကြီးနဲ့ အော်ဟစ်လိုက်တော့တယ်။ "နင့်ကလေးကို ဘယ်လိုများ ဆုံးမထားတာလဲ ငါက ဒီလောက်ပဲ ရှိသေးတာကို အဘွားကြီး လို့ ခေါ်ရတယ်လို့"

ကျောက်အာလည်း အခုချိန်မှာ စိတ်တိုနေတာဆိုတော့ အသံကို နှိမ့်လိုက်ရင်း ဆိုလိုက်တယ်။

"ကလေးက မသိလို့ ပြောတာလေ၊ ဒါကို အလေးအနက်ထားပြီး ရန်ဖြစ်နေစရာ လိုလို့လား"

"ဘာလို့ မလိုရမှာလဲ နင့်ကိုလည်း တစ်ယောက်ယောက်က အဘွားကြီး လို့ လာခေါ်ရင် ခံနိုင်မလား ကြည့်ဦး..."

အဲ့ဒီမိန်းမရဲ့အသံက တော်တော်လေးကို စူးရှလှတာကြောင့် ဒုတိယထပ်တစ်ခုလုံးမှာ သူမအသံကြီးပဲ ဟိန်းနေတော့တာပဲ။ ဟုန်အာခမျာလည်း ဒီလို အော်ဟစ်တာမျိုး တစ်ခါမှ မမြင်ဖူးတော့ လန့်ပြီး ငိုချလိုက်ပါတော့တယ်။ ပြီးတော့ ပိုပြီး အသံကျယ်ကျယ်နဲ့ အဖေကို လှမ်းခေါ်တော့တာပေါ့။

"အဖေ... အဘွားကြီး တစ်ယောက်က အမေ့ကို အနိုင်ကျင့်နေတယ်..."

ဒီစကားကို ကြားလိုက်ရတဲ့အခါ ပါးပြင်သွယ်သွယ်နဲ့ မိန်းမလည်း ပိုပြီးဒေါသထွက်သွားခဲ့ရပြီလေ။ သူမက ကျောက်အာရဲ့အနားကို ပြေးလာပြီး ဆံပင်ကို ဆွဲဖို့ လက်လှမ်းလိုက်တော့တယ်။

ကျောက်အာကတော့ ရွာမှာ မိန်းမတွေ ရန်ဖြစ်တာကို အများကြီး တွေ့ဖူးတာပေါ့။ များသောအားဖြင့်တော့ ဆံပင်ဆွဲ၊ မျက်နှာကုတ်၊ ဗိုက်ကိုကန်... ဒါတွေပဲ မဟုတ်လား။ ကျောက်အာကတော့ သူမရဲ့ အကွက်ထဲကို မဝင်ပါဘူး။ လက်တစ်ဖက် လှမ်းလာတာနဲ့ ချက်ချင်းပဲ ဖမ်းချုပ်လိုက်ပြီး၊ အသာလေး တွန်းလိုက်တဲ့အခါမှာတော့ အဲ့ဒီမိန်းမဟာ ကြမ်းပြင်ပေါ်ကို ပုံလျက်သား လဲကျသွားပါတော့တယ်။

အဲ့ဒီမိန်းမခမျာ နာလွန်းလို့ မျက်နှာတွေတောင် ရှုံ့မဲ့နေခဲ့တာပေါ့။ ပြန်ပြီး ထလာရင်းနဲ့လည်း ကျိန်ဆဲနေတုန်းပါပဲ။ "နင် စောင့်နေလိုက်ဦး ငါ့ယောက်ျားက ကျူးရင်ဖြစ်ရုံတင် မကဘူး၊ ဂိုဇီကျန့်က ကျောင်းသားလည်း ဖြစ်တယ်..."

ကျောက်အာကတော့ နည်းနည်းတော့ ရယ်ချင်သွားမိတာပေါ့။ သူ့ယောက်ျားက ကျင်းရှီ ဖြစ်နေပြီ၊ ကျင်းရှီ က ကျူးရင် ထက် ပိုပြီး အဆင့်မြင့်တယ်ဆိုတာကို သူမ သွားပြီး ပြောပြရမလားလို့ တွေးနေမိတာ။

အခြားတစ်ဖက်မှာတော့ ရွှီထင်းရှန်းဟာ အတော်လေးကို ပင်ပန်းနေခဲ့ပါပြီ။ အခုချက်ချင်းပဲ မြင်းပေါ်ကနေ ဆင်းပြီး ပြေးထွက်သွားချင်စိတ်တောင် ပေါက်နေတာ။

ဒါပေမဲ့ သူကလည်း မြင်းကို ကောင်းကောင်း မစီးတတ်သလို၊ လူတွေကလည်း များလွန်းတော့ လမ်းကို ပိတ်ထားကြတာကိုး။ စည်းကမ်းထိန်းသိမ်းရေး တပ်သားတွေက လမ်းကို မနည်း ရှင်းပေးလိုက်မှ ရှေ့ကို ဆက်ဖို့ ပြင်လိုက်စဉ်မှာပဲ... လမ်းဘေးကလူတွေက "အပေါ်မှာ ကလေးတစ်ယောက်က အဖေလို့ အော်နေတယ်" ဆိုတဲ့ စကားသံကို ကြားလိုက်ရတယ်။

သူလည်း အလိုအလျောက်ပဲ မော့ကြည့်လိုက်မိပြီး ခြေလှမ်းတွေကို ရပ်လိုက်တော့တယ်။

ကျွမ့်ယွမ်သခင်လေးလေး ရုတ်တရက် ရပ်သွားတာကြောင့် လူတွေအားလုံးကလည်း သူ ကြည့်နေတဲ့ဘက်ကို လိုက်ကြည့်ကြတယ်။ လမ်းဘေးက စားသောက်ဆိုင်ရဲ့ ဒုတိယထပ်မှာ ဖိုဖိုသီသီနဲ့ ကလေးလေး တစ်ယောက်က လက်လေးကို ဆန့်ထုတ်ပြီး အသည်းအသန် အော်နေတာကို အားလုံး မြင်လိုက်ကြရပြီ။

149 04

လူအများကြီးက ဝိုင်းကြည့်လိုက်တာကြောင့် ဆူညံနေတဲ့ လမ်းမကြီးဟာ တစ်ခဏအတွင်းမှာ ငြိမ်သက်သွားခဲ့ရပြီး၊ ကလေးလေးရဲ့ အော်သံက ပိုပြီး သဲသဲကွဲကွဲ ထွက်လာခဲ့တာပေါ့။ "အဖေ... ရှောင်ကုန်းကျစ် ဒီမှာ ရှိတယ်နော်..."

ဒီကလေးက လူမှားပြီး ခေါ်နေတာလား ကျွမ့်ယွမ်သခင်လေးလေးကို ဘာလို့ အဖေလို့ ခေါ်နေတာလဲ။

လူတိုင်းက ဒီလိုပဲ ထင်နေကြတုန်း၊ ကျွမ့်ယွမ်သခင်လေးလေးကတော့ မြင်းခေါင်းကို လှည့်ပြီး အဲဒီဆိုင်ဘက်ကို ဦးတည်လိုက်ပါတော့တယ်။

ဒါဆို တကယ်ပဲ သူ့သားလား။

ဒါပေမဲ့ ဒီကျွမ့်ယွမ်သခင်လေးက ကြည့်ရတာ အသက်သိပ်မကြီးသေးဘူးလေ လူအတော်များများကတော့ သူ အိမ်ထောင်မရှိသေးဘူးလို့ပဲ ထင်ထားခဲ့ကြတာ၊ သူ့ရဲ့မျက်နှာက အရမ်းနုပျိုနေတာကိုး။ အဲ့ဒါကြောင့်လည်း မိန်းကလေးတွေက ပန်းတွေ၊ လက်ကိုင်ပဝါတွေနဲ့ ဝိုင်းပစ်နေကြတယ်။ အကယ်၍ တစ်ယောက်နဲ့တစ်ယောက် သဘောကျသွားရင်လည်း ဖြစ်နိုင်တာပဲလေ။ ဒါပေမဲ့ အခု မြင်နေရတဲ့ မြင်ကွင်းကတော့... အိမ်ထောင်မရှိတာ မဟုတ်ဘဲ၊ ကလေးတောင်မှ အတော်လေး ကြီးနေပြီ မဟုတ်လား။

ရွှီထင်းရှန်းက ဆိုင်ရဲ့အောက်မှာ ရပ်လိုက်ပါတယ်၊ ဒုတိယထပ်က လက်ရန်းနားနဲ့ တည့်တည့်ပေါ့။

ဟုန်အာကတော့ အဖေ ရောက်လာတာ မြင်တော့ အတိုင်းမသိ ပျော်သွားခဲ့ရပြီလေ။ သူက မမေ့မလျော့ဘဲ တိုင်တန်းတော့တာပဲ။ "အဖေ... အဘွားကြီး တစ်ယောက်က ရှောင်ကုန်းကျစ်နဲ့ အမေ့ကို အနိုင်ကျင့်နေတယ်"

ရွှီထင်းရှန်းကတော့ ကျောက်အာကို စိုက်ကြည့်လိုက်တယ်။

ဒီလို အခြေအနေမျိုးမှာ ကျောက်အာခမျာလည်း အတော်လေးကို အကျပ်ရိုက်သွားခဲ့ရရှာတယ်။ သူမက အမြန်ပဲ "သားပြောတာတွေကို လျှောက်မယုံနဲ့ဦး၊ ဘာမှမဖြစ်ပါဘူး... တကယ်ပါ..." လို့ ဆိုပြီး၊ ရွှီထင်းရှန်း မသွားသေးတာ မြင်တော့ သူမကပဲ အတင်းမောင်းတော့တာပေါ့။ "နင် မြန်မြန်သွားပါတော့၊ အလုပ်တွေ ရှိသေးတယ် မဟုတ်လား။ ညကျရင်တော့ အိမ်မှာ နင်အကြိုက်ဆုံး ဟင်းတွေ ချက်ထားမယ်..." လို့ ပြောရင်းနဲ့မှ သူမ ဘာတွေပြောမိသွားလဲဆိုတာ သတိရပြီး ဟုန်အာကို ချီကာ ပြန်ဖို့ ပြင်လိုက်တော့တယ်။ ဒါပေမဲ့ ဒီကလေးကတော့ လုံးဝ မလိုက်ပါဘူး၊ လက်ရန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း မြင်းကြီးကို လက်ညှိုးထိုးပြီး "အဖေ... မြင်းစီးချင်တယ်၊ ရှောင်ကုန်းကျစ်ကို မြင်းစီးခေါ်ပါဦး"

ကျောက်အာလည်း မျက်နှာတွေ နီရဲလာခဲ့ရပြီ "ဒီကလေးကတော့... ဘာမြင်းစီးရမှာလဲ၊ သားက မြင်းဗိုက်လောက်တောင် အမြင့်မရှိသေးတာကို။ ကဲ... အမေနဲ့ အိမ်ပြန်ရအောင်၊ အိမ်မှာ သားအကြိုက်ဆုံးတွေ ရှိတယ်..."

"မပြန်ဘူး... မြင်းပဲ စီးချင်တာ"

ကျောက်အာခမျာတော့ ရှက်လွန်းလို့ ခေါင်းပေါ်ကနေ အခိုးအငွေ့တွေတောင် ထွက်တော့မယ့်အတိုင်းပါပဲ၊ မြေကြီးသာ အက်ကွဲသွားရင် ဝင်ပုန်းလိုက်ချင်တော့တယ်။ ဟိုဘက်မှာလည်း ရွှီထင်းရှန်းက မြင်းပေါ်ကနေ ဆင်းဖို့ ပြင်လိုက်တဲ့အခါ ရဲမက်တစ်ယောက်က လှမ်းတားလိုက်တယ်။ "ကျွမ့်ယွမ်သခင်လေး... မြင်းပေါ်က ဆင်းလို့ မရဘူးခင်ဗျာ၊ အခုလို အချိန်မှာ ဆင်းတာက နိမိတ်မကောင်းဘူး"

စည်းကမ်းအရဆိုရင်တော့ လမ်းလျှောက်လှည့်လည်တာ ပြီးသွားမှ ကိုယ့်နေရာကို ပြန်ရမှာလေ။ ပြန်ခြင်းဆိုတာကတော့ ဇာတိအသင်းအဖွဲ့ဆီကို ပြန်တာ ဖြစ်ပြီး၊ ပန်းယန့်နဲ့ထန့်ဟွားတို့က ကျွမ့်ယွမ်ကို လိုက်ပို့ပြီးမှ ကိုယ့်နေရာကိုယ် ပြန်ကြရတာပေါ့။ ဒါမှသာ လုပ်ငန်းစဉ်က ပြီးမြောက်တာလေ။ တကယ်လို့ လမ်းခုလတ်မှာ မြင်းပေါ်က ဆင်းလိုက်ရင် ဒါဟာ ရာထူးကနေ ပြုတ်တာနဲ့ နိမိတ်ချင်း ဆင်တူနေတာကြောင့် အရာရှိတွေကတော့ ဒါကို အသေအလဲ ကြောက်ကြတယ်။

"ငါကတော့ ဒါတွေကို ဂရုမစိုက်ပါဘူး"

149 05

"ဒါပေမဲ့ မရဘူးလေ ကျွမ့်ယွမ်သခင်လေးရယ်၊ တကယ်ကို ဆင်းလို့ မရပါဘူး" ရဲမက်က အတင်းတားနေတော့တယ်။ ခေါင်းမာလှတဲ့ ကျွမ့်ယွမ်သခင်လေးကို ဖျောင်းဖျလို့ မရတာ မြင်တော့၊ ရဲမက်က သူ့ရဲ့သူငယ်ချင်းကို မျက်ရိပ်ပြလိုက်တယ်။ သူ့ရဲ့ အဓိပ္ပာယ်ကတော့ ဝိုင်းပြီး တားပေးဖို့ပါပဲ။ ဒါပေမဲ့ သူ့သူငယ်ချင်းကတော့ တကယ့်ကို လူအေးလေး... ချက်ချင်းပဲ ဆိုင်ပေါ်ကို ပြေးတက်သွားပြီး ကလေးကို ပွေ့ချီလာခဲ့တော့တယ်။

ကလေးကို မြင်းအောက်အထိ ချီလာပေးပြီး ကျွမ့်ယွမ်သခင်လေးရဲ့ ရင်ခွင်ထဲကို ထည့်ပေးလိုက်တဲ့ အခါကျမှပဲ၊ ဟိုရဲမက်လည်း ဘာတွေဖြစ်သွားလဲဆိုတာ သတိထားမိတော့တယ်။ သူ့သူငယ်ချင်းကိုလည်း အသေအလဲ ရိုက်ချင်စိတ် ပေါက်သွားခဲ့ရပြီ။ ဒါပေမဲ့ ကျွမ့်ယွမ်သခင်လေးကတော့ နားမထောင်ဘဲ ကလေးကို ချီထားပြီဆိုတော့... အားလုံးကလည်း ဒီအတိုင်းပဲ ကြောင်ရပ်နေလို့ မရဘူးလေ။ အဲ့ဒါကြောင့်လည်း ဗုံသံ၊ မောင်းသံတွေနဲ့အတူ ရှေ့ကို ဆက်ပြီး ထွက်ခွာသွားကြပါတော့တယ်။

ရွှီထင်းရှန်းကတော့ ထွက်မသွားခင်မှာ ကိစ္စတစ်ခုကို လုပ်ခဲ့ပါသေးတယ်။ အဲ့ဒီကိစ္စကြောင့်ပဲ ကျောက်အာဟာ နောက်ပိုင်းမှာ ပြန်တွေးမိတိုင်း မျက်နှာလေး နီရဲနေခဲ့ရတာပေါ့။

သူကတော့ ဦးထုပ်ပေါ်က ရွှေရောင်ပန်းလေးကို အသာလေး ဖြုတ်လိုက်ပြီး သူမဆီကို လှမ်းပြီး ပစ်ပေးလိုက်တာပါပဲ။

ကျောက်အာရဲ့ရင်ခွင်ထဲကို တစ်ခုခု ကျလာတော့မှ သူမ သတိဝင်လာခဲ့တယ်။ ကြည့်လိုက်တဲ့အခါမှာတော့ ထူးခြားလှတဲ့ ပန်းလေးတစ်ပွင့်လေ... တော်တော်လေးလည်း လေးလံလှပါတယ်။ ကိုင်းနဲ့အရွက်တွေက ငွေနဲ့ လုပ်ထားတာဖြစ်ပြီး၊ ငှက်မွေးစိမ်းလေးတွေနဲ့ တန်ဆာဆင်ထားသလို ရွှေရောင်တွေလည်း တောက်ပနေခဲ့တာ။

အိပ်မက်ထဲမှာလိုပဲ သူ့ရဲ့အသံလေးကို ကြားလိုက်ရတယ်။ "အိမ်မှာ စောင့်နေပါ" တဲ့။ ဘေးက မိန်းကလေးတွေဆီကလည်း အော်ဟစ်သံတွေ ထွက်လာခဲ့ပြီ "ကျွမ့်ယွမ်သခင်လေး ပန်းပစ်ပေးလိုက်တာ တကယ်ကို ခန့်ညားတာပဲ၊ အဲဒီပန်းက ဘာလို့ ငါ့ဆီ ရောက်မလာရတာလဲ"

"ကျွမ့်ယွမ်သခင်လေးက တကယ်ကို ချောတာပဲနော်..."

"သူမကတော့ တကယ်ကို ကံကောင်းတာပဲ ကျွမ့်ယွမ်သခင်လေးရဲ့ဇနီး ဖြစ်ခွင့်ရတယ်လို့"

"အား... အိမ်မှာ စောင့်နေပါ တဲ့လား... ကျွမ့်ယွမ်သခင်လေးရယ်... ကျွန်မက အသက် ၁၇ နှစ်ပါ၊ အိမ်ကတော့..."

အဖွဲ့ကြီးတစ်ခုလုံး ထွက်သွားတဲ့အထိ၊ လူတွေက သူမကိုပဲ ဝိုင်းကြည့်နေကြတုန်းပါပဲ။ အကြည့်တွေကလည်း ပိုပြီး များလာတာကြောင့်၊ ကျောက်အာလည်း အရှက်သည်းသွားပြီး ပန်းလေးကို ကိုင်ကာ ထွက်ပြေးသွားတော့တယ်။

ဟိ ပါးပြင်သွယ်သွယ်နဲ့ မိန်းမကိုတော့ သူမ ဂရုမစိုက်နိုင်တော့ပါဘူး။ အဲ့ဒီမိန်းမကတော့ လူတွေ များနေတဲ့ကြားကပဲ ခုနကတည်းက တိတ်တဆိတ် ထွက်သွားခဲ့ပြီဆိုတာ သူမ မသိလိုက်ပါဘူး။

******

150 01

အခန်း (၁၅၀)

ဗုံသံ၊ မောင်းသံတွေ တဖြည်းဖြည်း ဝေးကွာသွားတာနဲ့အမျှ စည်ကားဆူညံလှတဲ့ လူအုပ်ကြီးလည်း လူစုခွဲသွားကြပြီ။ အပျော်အပါး လာကြည့်တဲ့သူ အတော်များများကလည်း စီတန်းလှည့်လည်တဲ့ အဖွဲ့နောက်ကိုပဲ ကပ်လိုက်သွားကြလေတယ်။

လေထုထဲမှာတော့ ဗျောက်အိုးဖောက်ထားတဲ့ ယမ်းနံ့လေးတွေနဲ့ အမျိုးသမီးသုံး ပေါင်ဒါနံ့ သဲ့သဲ့လေးတွေက လွင့်ပျံ့နေတုန်းပါပဲ။ မြေပြင်ပေါ်မှာတော့ ပြန့်ကျဲနေတဲ့ ပန်းတွေနဲ့ ပန်းပွင့်ဖတ်လေးတွေဟာ လမ်းသွားလမ်းလာတွေရဲ့ ခြေရာတွေအောက်မှာ နင်းချေခံရပြီး ဖရိုဖရဲ ဖြစ်နေခဲ့တယ်။ ဆိုင်ရှင်ကတော့ မျက်နှာမှာ အပြုံးတွေနဲ့ပဲ သူ့ရဲ့ အလုပ်သမားတွေကို ဆိုင်ရှေ့က အမှိုက်တွေကို အမြန်ရှင်းဖို့ ခိုင်းနေတော့တယ်။

ဝူဝမ့်ချုံးကတော့ ခေါင်းလေးငုံ့ပြီး အလောတကြီး ထွက်သွားတဲ့ အဲ့ဒီအမျိုးသမီး ပျောက်ကွယ်သွားတဲ့အထိ စိုက်ကြည့်နေပြီးမှ အကြည့်တွေကို လွှဲလိုက်တယ်။ တကယ်တော့ သူမဟာလည်း ကျွမ့်ယွမ်အသစ်စက်စက်လေးကို လာကြည့်တာပါ၊ ဒါပေမဲ့ မထင်မှတ်ဘဲ ဒီလိုမျိုး ရသစုံလှတဲ့ ပြဇာတ်ကြီးတစ်ပုဒ်ကို မြင်လိုက်ရလိမ့်မယ်လို့တော့ တွေးမထားခဲ့ဘူးလေ။

"သခင်မလေး... အိမ်ပြန်ရအောင်နော်၊ အချိန်လည်း မစောတော့ဘူး" အစေခံမလေး ယင်းကော်က အနားကို တိုးပြီး ပြောလာတယ်။

ဝူဝမ့်ချုံးက ပြတင်းပေါက် အပြင်ဘက်ကို နောက်ဆုံးတစ်ချက် လှမ်းကြည့်လိုက်ပြီးမှ ထရပ်လိုက်တယ်။ ယင်းကော်ရဲ့ အကူအညီနဲ့ ခြုံစောင်ကို ခြုံ၊ ခေါင်းစွပ်ကို သေချာဆောင်းပြီးတဲ့နောက်မှာတော့ ခေါင်းလေးငုံ့ကာ တွဲပေးထားတဲ့ လက်ကို အားပြုပြီး ဆိုင်အောက်ကို ဆင်းလာခဲ့လိုက်တယ်။

အပြင်မှာတော့ မြင်းလှည်းက အသင့်စောင့်နေခဲ့တယ်။ သခင်နဲ့ အစေခံ နှစ်ယောက်သား လှည်းပေါ်တက်လိုက်တာနဲ့ မြင်းလှည်းဟာ ဝူအိမ်တော်ဆီကို ဦးတည်ပြီး ထွက်ခွာသွားတော့တယ်။

အိမ်ပြန်ရောက်တဲ့အခါမှာတော့ အိမ်တော်တစ်ခုလုံးမှာ ဖော်ပြလို့မရတဲ့ ဖိအားတွေ လွှမ်းမိုးနေတာကို သိသိသာသာ ခံစားလိုက်ရတယ်။ ဒီရက်ပိုင်းအတွင်းမှာ ဝူအမတ်ချုပ်ကြီးရဲ့ အခြေအနေက သိပ်မဟန်လှပါဘူး။ နန်းတွင်းက အရာရှိကြီးတွေက သူ့အတွက် အသနားခံပေးနေကြပေမဲ့၊ ဧကရာဇ်ကျားချန်ကတော့ ဘာတုန့်ပြန်မှုမှ မပြသေးဘဲ ငြိမ်နေတာကိုး။

ဒါဟာ တော်တော်လေးကို အခြေအနေ တင်းမာနေတဲ့ သဘောပါပဲ။ စာပေအရာရှိတွေနဲ့ ဧကရာဇ်ကြားမှာ တစ်ဖက်က ဧကရာဇ်ဖြစ်ပြီး တစ်ဖက်က အမတ်ဖြစ်တာကြောင့်... ဧကရာဇ်က အားကောင်းရင် အမတ်က အားနည်းရသလို၊ ဧကရာဇ်က အားနည်းရင် အမတ်က အားကောင်းရစမြဲလေ။ ဒီနှစ်ခုက တစ်ခုနဲ့တစ်ခု အပြန်အလှန် အကျိုးပြုနေကြတာ ဖြစ်တယ်။

ပုံမှန်အားဖြင့်တော့ လုံးဝကို မျက်နှာပျက်စရာ အခြေအနေမျိုး မရောက်မချင်း၊ ဧကရာဇ်ဟာ အမတ်ကြီးတွေရဲ့ သိက္ခာကိုတော့ ငဲ့ညှာပေးရစမြဲပါပဲ။ ဒါဟာ ကြင်နာသနားတတ်တဲ့ မင်းကောင်းဧကရာဇ် တစ်ယောက်ရဲ့ စံနမူနာဖြစ်သလို၊ လူပေါင်း ထောင်သောင်းချီတဲ့ အရာရှိတွေကိုလည်း မိမိရဲ့ သဘောထားကြီးမှုကို ပြသလိုက်တာလည်း ဖြစ်တယ်။

ဒါပေမဲ့ ဒီတစ်ခါမှာတော့ ဧကရာဇ်ကျားချန်က ဝူအမတ်ချုပ်ကြီးရဲ့ မျက်နှာကို လုံးဝမထောက်ထားခဲ့ပါဘူး။ ဝူအမတ်ချုပ်ကြီးကို ဘယ်လို အပြစ်ပေးမယ်ဆိုတာ မပြောသေးသလို၊ ဝူဝမ်ရွှမ်းကိုလည်း တရားလွှတ်တော်ချုပ် ထောင်ထဲမှာပဲ အခုထိ ပိတ်ထားတုန်းလေ။ ဒါပေမဲ့ ဝူအမတ်ချုပ်ကြီးလို နေရာမျိုးမှာရှိတဲ့သူ... တစ်လောကလုံးမှာ ဧကရာဇ်တစ်ယောက်အောက်မှာပဲ ရှိတဲ့သူအတွက်တော့၊ အပြစ်ဝန်ခံတဲ့ လျှောက်လွှာနဲ့ ရာထူးက အနားယူမယ့် လျှောက်လွှာတွေကို ဧကရာဇ်က လက်မခံဘဲ သိမ်းထားတယ် ဆိုကတည်းက အခြေအနေကတော့ ရှင်းနေပြီ မဟုတ်လား။

150 02

ဧကရာဇ်ကျားချန် တစ်ယောက် ဒီရက်ပိုင်းမှာ အလုပ်တွေ ဘယ်လောက်ပဲ များနေပါစေ၊ မင်းနဲ့ အမတ်ကြားက တင်းမာနေတဲ့ ဆက်ဆံရေးကိုတော့ ဖုံးကွယ်လို့ မရနိုင်ပါဘူး။ အဲဒီတော့ ဝူအမတ်ချုပ်ကြီးအနေနဲ့ ဘယ်လိုလုပ်ပြီး စိတ်ချမ်းသာနိုင်ပါ့မလဲ။ ဒီတစ်ကြိမ်မှာသာ တစ်ချက်မှားသွားခဲ့ရင်တော့... အရာအားလုံး ဆုံးရှုံးသွားမယ့် အနေအထားမျိုးလေ။

ဝူဝမ့်ချုံးက သူမရဲ့ ဝင်းထဲကို ပြန်ပြီး အဝတ်အစားလဲကာ၊ ဖခင်ဖြစ်သူရဲ့ စာကြည့်ခန်းဆီကို သွားခဲ့တယ်။ ဝင်းတံခါးထဲကို မဝင်ရသေးခင်မှာတင် အိမ်ထိန်းကြီး အန်းပေါ်က သူမကို လက်ဟန်ခြေဟန်နဲ့ တားနေတာကြောင့် ခြေလှမ်းတွေကို ရပ်လိုက်ရလေတယ်။

"သခင်မလေး... အထဲကို မဝင်ပါနဲ့ဦး၊ သခင်ကြီး အခုချိန်မှာ အကြီးအကျယ် ဒေါသထွက်နေလို့ပါ" အန်းပေါ်က တိုးတိုးလေး ပြောလိုက်တယ်။

"ဘာတွေဖြစ်လို့လဲဟင်"

"ဟိုဖုန်းအမတ်ကြီး လုပ်ခဲ့တဲ့ ကိစ္စကြောင့်လေ။ သခင်ကြီးက ဒီနေ့ ကျွမ့်ယွမ်သခင်လေး မြင်းစီးလှည့်လည်တဲ့ သတင်းကို ကြားပြီးတာနဲ့ မှင်အိုးကို ရိုက်ခွဲပစ်လိုက်တာပဲ"

ဝူဝမ့်ချုံးက သက်ပြင်းတစ်ချက်ကို မောမောနဲ့ ချလိုက်မိတယ်။ "အဖေ့ရဲ့ စိတ်က တဖြည်းဖြည်းနဲ့ ပိုပြီးတော့တောင် ခက်ထန်လာပြီပဲ"

"ဒါကလည်း ဦးလေး ဝူချန်းရဲ့ အမှားလည်း ပါတာပေါ့၊ သခင်ကြီးကို ဖုံးကွယ်ပြီး ဒီလိုကိစ္စမျိုးကို လုပ်ခဲ့လို့ အခုတော့ လူတိုင်းကိုပါ ဒုက္ခပေးနေတာလေ"

ဝူဝမ့်ချုံးကတော့ နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားမိတယ်။ သူမရဲ့ ဦးလေးလေးက ဒီလောက်ထိ သတ္တိကောင်းရဲတာဟာ၊ သူ့အစ်ကိုမှာ သားမရှိဘဲ ဝူမိသားစုမှာ ဝူဝမ်ရွှမ်း တစ်ယောက်တည်းပဲ မျိုးဆက်ရှိတာကို အခွင့်ကောင်းယူတာမှန်း သူမ သိနေတာကိုး။

ဒီကိစ္စက အဆုံးသတ်မှာ ဝူဝမ်ရွှမ်းနဲ့ ဘာမှမဆိုင်တော့သလို ထင်ရပေမဲ့၊ တကယ်တမ်းတော့ သူကသာ အစပြုသူလေ။ ဒီလိုကိစ္စမျိုးသာ မရှိခဲ့ရင် ဟိုလူ ရွှီထင်းရှန်းနဲ့လည်း ပတ်သက်စရာ အကြောင်းမရှိသလို၊ အဲဒီလူကလည်း ပြဿနာတွေ ရှာလာမှာ မဟုတ်ဘူး မဟုတ်လား။

ဝူဝမ့်ချုံးရဲ့ မျက်စိထဲမှာတော့ ခုနက မြင်လိုက်ရတဲ့ တောက်ပလှတဲ့ အနီရောင်လွင်ပြင်ကြီးနဲ့ အဲ့ဒီအောက်က ကျောက်စိမ်းလို ဖြူစင်ပြီး အေးစိမ့်တဲ့ မျက်နှာထားလေးက ပြန်ပေါ်လာခဲ့ပြန်တယ်။ သူမ ဒီနေ့ အပြင်ထွက်ခဲ့တာကလည်း၊ ဒန်ဝမ်ဗုံကို တီးပြီး မြို့တော်တစ်ခုလုံးကို လှုပ်ခတ်အောင် လုပ်ခဲ့သလို၊ သူမရဲ့ ဖခင်ကိုလည်း နေမကောင်းဟန်ဆောင်ပြီး အိမ်မှာပဲ အောင်းနေအောင် လုပ်နိုင်ခဲ့တဲ့ အဲဒီလူက ဘယ်သူလဲဆိုတာကို သိချင်လို့ပဲ မဟုတ်လား။

သူ ဖြစ်နေလိမ့်မယ်လို့တော့ သူမ လုံးဝ မထင်ထားခဲ့ဘူး။ အမှန်တော့ သူမ သူ့ကို မြင်ဖူးခဲ့တာပေါ့။ အရင်တုန်းက ယင်းကော်က "အရှက်မရှိဘူး" လို့ ဆဲဆိုခဲ့တဲ့ အဲ့ဒီ မိသားစု သုံးယောက်ထဲက ယောက်ျားဖြစ်သူလေ။

ဘယ်သူက ထင်မှာလဲ... သူကပဲ ကျွမ့်ယွမ် ဖြစ်လာလိမ့်မယ်လို့။

ကျွမ့်ယွမ်သခင်လေးလေးက ဦးထုပ်ပေါ်က ပန်းကို ဖြုတ်ပြီး အပေါ်ထပ်ကို ပစ်ပေးလိုက်တဲ့ မြင်ကွင်းကို သူမ ပြန်မြင်ယောင်မိတယ်။ အနီရောင် ဝတ်စုံကြီးနဲ့ ယောက်ျားတစ်ယောက်က ဖြူဖြူဖွေးဖွေးနဲ့ ချစ်စရာကောင်းတဲ့ ကလေးလေးကို ချီပြီး၊ အားလုံးရဲ့ အရှေ့မှာ ဗြောင်ကျကျ မြင်းစီးလှည့်လည်နေတဲ့ ပုံရိပ်တွေပေါ့။ အဲဒီနောက်မှာတော့ အရှက်သည်းနေတဲ့ အဲဒီအမျိုးသမီးရဲ့ မျက်ဝန်းလေးတွေကို တွေးမိတဲ့အခါ၊ သူမရဲ့ မျက်ခုံးလေးတွေကလည်း အလိုအလျောက် တွန့်ချိုးသွားခဲ့ရပြီ။

ဝူဝမ့်ချုံးဟာ သူမရဲ့ မျက်နှာပေါ်မှာ အားကျစိတ်လေးတွေ သန်းနေတာကို သူမကိုယ်တိုင်တောင် သတိမထားမိလိုက်ပါဘူး။ ဒါပေမဲ့ အဲဒီစိတ်ကတော့ ခဏလေးအတွင်းမှာတင် ပျောက်ကွယ်သွားခဲ့ရရှာတာပေါ့။

"အန်းပေါ်... ဒါဆိုရင်လည်း ကျွန်မ မဝင်တော့ပါဘူး။ အဖေ့ကိုလည်း အစွမ်းကုန် ဖျောင်းဖျပေးပါဦး၊ စိတ်သိပ်မတိုအောင်လို့ပေါ့"

"ဟုတ်ကဲ့ပါ သခင်မလေး"

150 03

ဝူဝမ့်ချုံးရဲ့ အားနည်းလှတဲ့ ကျောပြင်လေး ဝေးရာကို ထွက်ခွာသွားတာ ကြည့်ပြီး၊ အန်းပေါ်လည်း သက်ပြင်းတစ်ချက်ကို အသံတိတ် ချလိုက်မိတယ်။ သူ့ရဲ့သခင်မလေးက စိတ်ထားလေးက ဒီလောက်ကောင်းပါလျက်နဲ့၊ ကံကြမ္မာကတော့ တကယ်ကို မျက်နှာသာ မပေးရှာဘူးလေ။ သူက ခေါင်းကို ခါယမ်းလိုက်ရင်း ဝင်းထဲကို ပြန်ဝင်သွားခဲ့ပါတော့တယ်။

ရွှီထင်းရှန်း ရှန်းရှီးအသင်းအဖွဲ့ကနေ ထွက်လာတဲ့ အချိန်မှာတော့ မှောင်ရီပျိုးစ ပြုနေပါပြီ။ ဒါတောင်မှ သူက သားဖြစ်သူ သူ့ဘေးမှာ ရှိနေတာကို အကြောင်းပြပြီး စောစောစီးစီး ထွက်လာနိုင်ခဲ့တာ။

ရှန်းရှီးပြည်နယ်ကနေ ကျွမ့်ယွမ်တစ်ယောက် ထွက်ပေါ်လာတာဆိုတော့၊ စည်းကမ်းအရ မြင်းစီးလှည့်လည်ပြီးရင် ကိုယ့်ဒေသအသင်းအဖွဲ့ဆီကို ပြန်ရတာမို့၊ ရှန်းရှီးအသင်းအဖွဲ့ကလည်း ဂုဏ်ပြုစားပွဲတွေ ပြင်ဆင်ထားရုံတင် မကဘဲ ဇာတ်အဖွဲ့တွေကိုပါ ငှားပြီး ဖျော်ဖြေခိုင်းထားတာ။ မြို့တော်မှာ ရှိနေသေးတဲ့ ရှန်းရှီးပြည်နယ်က ကျောင်းသားတွေအားလုံးရော၊ အခုမှ အောင်မြင်လာတဲ့ ကျင်းရှီအသစ်တွေပါ အကုန်ရောက်နေကြပြီး၊ အရက်သောက်ရင်း ပျော်ပါးနေကြတယ်။

မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့လည်း ရှိနေကြတာပါပဲ။ ဒီတစ်ခါ နန်းတွင်းစာမေးပွဲမှာတော့ သူတို့နှစ်ယောက်က တတိယအဆင့်နဲ့ပဲ အောင်ခဲ့ကြတာ။ နည်းနည်းတော့ စိတ်ပျက်စရာ ကောင်းပေမဲ့၊ ကုန်းရှီဘွဲ့ကို ရလိုက်တာကတည်းက သူတို့အတွက်တော့ မထင်မှတ်ထားတဲ့ အောင်မြင်မှုမို့လို့၊ ထုန် ဆိုတဲ့ စာလုံးလေး ပိုနေပေမဲ့လည်း အရာရှိ ဖြစ်ခွင့်ရတဲ့ ကျင်းရှီဘွဲ့ပဲ မဟုတ်လား။

ကျင်းရှီဘွဲ့ကတော့ ကျူးရန်ထက်စာရင် အများကြီး သာတာပေါ့။ ဟန်လင်းကျောင်းတော်ကို ဝင်ခွင့်မရရင်တောင်မှ၊ အနာဂတ်မှာတော့ အရာရှိငယ်လေး တစ်ယောက်တော့ ဖြစ်မှာ အသေအချာပါပဲ။

စည်းကမ်းအရဆိုရင်တော့ ထိပ်ဆုံး ၃ ယောက်ဟာ ဟန်လင်းကျောင်းတော်ကို တိုက်ရိုက်ဝင်ခွင့်ရတာ။ ကျွမ့်ယွမ်က ရှုးကျန့်အဆင့်၊ ပန်းယန့်နဲ့ ထန့်ဟွား ကတော့ ပြန့်ရှူး အဆင့်တွေနဲ့၊ အဆင့် (၆) နဲ့ အဆင့် (၇) ရာထူးတွေကို အသီးသီး ရရှိကြတယ်။ ကျန်တဲ့ ဒုတိယနဲ့ တတိယအဆင့် အောင်မြင်သူတွေကတော့ နန်းတွင်းစာမေးပွဲ ပြီးရင် ကျင်းပမယ့် နန်းတွင်းစစ်ဆေးမှုကို ထပ်ဖြေကြရဦးမှာလေ။

အဲဒီမှာ အောင်တဲ့သူတွေမှ ဟန်လင်းကျောင်းတော်ကို ရှူကျီစစ်အဖြစ် ဝင်ခွင့်ရတာပေါ့။ အဲဒီကနေ ဖယ်ထုတ်ခံရတဲ့သူတွေကတော့ များသောအားဖြင့် နယ်ဘက်မှာ ခရိုင်အုပ်ချုပ်ရေးမှူး သွားလုပ်ရတာမျိုး၊ ဒါမှမဟုတ် ဝန်ကြီးဌာန ၆ ခုမှာ အရာရှိငယ် အဆင့်လောက်ပဲ လုပ်ကြရတာ။ တစ်ခါတစ်ရံမှာ ရှူကျိစစ် အရေအတွက်က မသေချာပေမဲ့၊ တတိယအဆင့်ထဲက လူတွေကတော့ ဟန်လင်းကျောင်းတော်ကို ရွေးချယ်ခံရဖို့ဆိုတာ တကယ်ကို ခဲယဉ်းလှပါတယ်။ အစွမ်းအစက တကယ့်ကို ထူးချွန်ပြောင်မြောက်နေမှသာ ရတာ။ ဒါကြောင့် မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့ကလည်း သူတို့တွေဟာ နယ်ကိုပဲ အပို့ခံရတော့မယ်ဆိုတာကို ကြိုပြီး လက်ခံထားကြပြီးသားပါ။

ရှန်းရှီးအသင်းအဖွဲ့က ဂုဏ်ပြုစားပွဲရဲ့ အငွေ့အသက်ကတော့ သိပ်ပြီးမဟန်လှပါဘူး၊ ပြောရရင် သိပ်မစည်ကားဘူးပေါ့။ ဘေးနားက တခြားအသင်းအဖွဲ့တွေမှာတော့ လူတွေအပြည့်နဲ့ စည်ကားသောင်းတွဲနေပေမဲ့၊ ဒီနေရာကတော့ ကျွမ့်ယွမ်တစ်ယောက် ထွက်ပေါ်လာတဲ့ နေရာနဲ့တောင် မတူပါဘူး။

ပုံမှန်ဆိုရင်တော့ ဒီလိုပွဲမျိုးမှာ မြို့တော်မှာ အရာရှိလုပ်နေတဲ့ ရှန်းရှီးပြည်နယ်သားတွေ အကုန်ထွက်လာပြီး ဂုဏ်ပြုကြရမှာလေ။ တစ်ဖက်က ဝမ်းသာကြောင်း ပြသသလို၊ နောက်တစ်ဖက်ကလည်း ဇာတိတူ အချင်းချင်း ရင်းနှီးမှု တည်ဆောက်ကြတယ်။ အရာရှိလောကမှာ ဇာတိတူတွေ စုစည်းနေထိုင်တာက နောင်တစ်ချိန်မှာ အားကိုးရမယ့် အင်အားစုတွေ မဟုတ်လား။ ဒါပေမဲ့ ဒီတစ်ခါတော့ ထူးထူးခြားခြားပါပဲ၊ အသင်းအဖွဲ့ ခေါင်းဆောင်က ဖိတ်စာတွေ အများကြီး ပို့ခဲ့ပေမဲ့၊ အဲဒီအရာရှိတွေ တစ်ယောက်မှ ရောက်မလာခဲ့ကြပါဘူး။

ဒီလို ဖြစ်ရတာကလည်း ရွှီထင်းရှန်းနဲ့ ပတ်သက်မိမှာကို ကြောက်နေကြလို့ပါပဲ။ ပြီးတော့ ရှန်မိသားစုရဲ့အကြောင်းရင်းတွေလည်း ပါတာပေါ့။ နောက်ဆုံးအချက်ကတော့ ရွှီထင်းရှန်း ကိုယ်တိုင် ခန့်မှန်းထားတာပါပဲ။

150 04

ဒီပွဲမှာ အခြေအနေကို ထိန်းပေးနိုင်တဲ့ အရာရှိ နှစ်ယောက်ပဲ ရှိတာကတော့ ဆရာလင်းမြောင်နဲ့ ချန်ကျန်းတို့ပါပဲ။ ဒါကြောင့်လည်း စားပွဲက လုံးဝ ပျက်မသွားဘဲ ဆက်ရှိနေတာ။

ဒါပေမဲ့ ရွှီထင်းရှန်းကတော့ အကြာကြီး နေမနေပါဘူး။ ဟုန်အာလေးကလည်း ဒီလိုနေရာမျိုးနဲ့ မယဉ်ပါးသေးတာကြောင့် သူလည်း အစောကြီးပဲ နှုတ်ဆက်ပြီး ထွက်လာခဲ့တော့တယ်။

"ထင်းရှန်း..."

သူ မြင်းလှည်းပေါ် တက်ဖို့ ပြင်လိုက်စဉ်မှာပဲ အသင်းအဖွဲ့ထဲကနေ ချန်ကျန်းတစ်ယောက် ထွက်လာခဲ့တယ်။

"ဘာဖြစ်လို့လဲ အားကျန်းရာ" ရွှီထင်းရှန်းက ပြုံးပြီး မေးလိုက်တယ်။

သူ့ရဲ့ရင်ခွင်ထဲက ဟုန်အာလေးကလည်း စပ်စုတကြီးနဲ့ သူ့ရှေ့က ထူးဆန်းတဲ့လူကို မျက်လုံးလေး အပြူးသားနဲ့ ကြည့်နေရှာတာ။ ချန်ကျန်းရဲ့ မျက်နှာထားကတော့ အတော်လေးကို ရှုပ်ထွေးနေခဲ့ရပြီ။ ကံကောင်းတာက အခုချိန်မှာ မှောင်နေပြီဖြစ်သလို လမ်းပေါ်မှာလည်း လူက ရှင်းနေတာကြောင့် ဘေးနားက လူနဲ့ လှည်းကို ဘယ်သူမှ သတိမထားမိကြတာပါပဲ။

"ငါ... ငါကတော့..."

"သိပ်ပြီး မတွေးပါနဲ့ အားကျန်း" ရွှီထင်းရှန်းက ဖျောင်းဖျလိုက်တယ်။

"ငါ... ငါကတော့ မင်း ဒီလိုကိစ္စမျိုးတွေနဲ့ ရင်ဆိုင်နေရတာကို တကယ်ပဲ စိတ်မကောင်းဘူး။ ဒါက မင်းအတွက် တကယ်ကို မတရားဘူး" ချန်ကျန်းက ခက်ခက်ခဲခဲနဲ့ ပြောထွက်လာရှာတယ်။

ရွှီထင်းရှန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး၊ ဟုန်အာကို ချီကာ လှည်းပေါ်က ဆင်းလာခဲ့ပြီး သူ့အနားကို တိုးသွားလိုက်တာယ်။ နှစ်ယောက်သား တော်တော်လေး နီးနီးကပ်ကပ် ရပ်နေကြတာ။

"ဒီလောကမှာ တရားတယ်၊ မတရားဘူးဆိုတာ မရှိပါဘူး အားကျန်း။ ငါ အခု တကယ်ကို အဆင်ပြေနေတာပါ၊ အရင်ကထက်တောင် ပိုပြီး ကောင်းနေသေးတယ်။ တကယ်တော့ မင်းအမြင်မှာ ငါကတော့ မတရား အနိုင်ကျင့်ခံရသလို ထင်ရပေမဲ့၊ ဒါက ငါ့အတွက် အခွင့်အရေး တစ်ခုလည်း ဖြစ်နိုင်တာပဲလေ"

"မင်းပြောတာက... ဧကရာဇ်ကို ဆိုလိုတာလား"

ရွှီထင်းရှန်းက ပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ်။

"တကယ်ကြီးလား" ချန်ကျန်းက ကလေးတစ်ယောက်လိုမျိုး မေးလာခဲ့ရပြီ။ ဒီလို အခြေအနေမျိုးက သူ့အတွက် တကယ့်ကို တွေ့ရခဲလှသလို၊ သူ့ရဲ့ စိတ်တွေလည်း အတော်လေးကို ကယောက်ကယက် ဖြစ်နေမှန်း သိသာလှပါတယ်။ ရွှီထင်းရှန်းရဲ့ ကိစ္စတွေ ဖြစ်ပြီးကတည်းက ချန်ကျန်း တစ်ယောက်လည်း စိတ်တွေ လုံးဝ လွင့်ပါးနေခဲ့တာကိုး။

"တခြားသူတွေက ငါ့ကို ကူးစက်ရောဂါသည်လိုမျိုး ဝိုင်းရှောင်နေကြလေလေ... ဧကရာဇ်က ငါ့ကို ပိုပြီးတော့တောင် အလေးပေးလာမှာ အသေအချာပဲ"

ချန်ကျန်းကတော့ ဘာစကားမှ ပြန်မပြောပါဘူး။ အတော်ကြာမှ သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ရင်း ဆိုလာခဲ့လေတယ်။ "ထင်းရှန်း... ငါ နားလည်ပါပြီ"

"နားလည်ရင် ပြီးတာပါပဲ" ရွှီထင်းရှန်းက သူ့ရဲ့ ပခုံးကို ပုတ်ပေးလိုက်ရင်း လှည့်ထွက်ဖို့ ပြင်လိုက်တယ်။ "ကဲ... အထဲကို ပြန်ဝင်တော့လေ၊ ငါလည်း ပြန်ရတော့မယ်။ ကျောက်အာက အိမ်မှာ စောင့်နေမှာမို့လို့"

"အင်း"

မြင်းလှည်းကတော့ မှောင်မည်းလှတဲ့ ညဉ့်နက်ကြီးထဲမှာ ပျောက်ကွယ်သွားခဲ့ပါပြီ။ ချန်ကျန်းကတော့ အဲဒီနေရာမှာတင် အကြာကြီး ရပ်ကြည့်နေမိတယ်။ ဆရာလင်းမြောင်က အသင်းအဖွဲ့ထဲကနေ ထွက်လာပြီး သူ့ရဲ့ပခုံးကို ပုတ်ကာ သက်ပြင်းချလိုက်ရင်း ဆိုလိုက်တယ်။

150 05

"ကဲ... သွားရအောင်၊ အထဲဝင်ရအောင်"

ချန်ကျန်းက ခေါင်းညိတ်ပြလိုက်ပေမဲ့၊ သူ့ရဲ့ မျက်စိရှေ့မှာတော့ မြင်ကွင်းတစ်ခုက ဝင်းခနဲ ပေါ်လာခဲ့ပြန်တယ်။

ဖြူစပြုနေတဲ့ ပန်းရောင်သန်းနေတဲ့ ကြက်ဥတစ်လုံး... ဝါကျင့်ကျင့် မီးလင်းရောင်အောက်မှာ ချောမွတ်ပြီး တောက်ပနေခဲ့တာ။ တကယ့်ကို ဆွဲဆောင်မှုရှိတဲ့ အလင်းရောင်လေး တစ်ခုလိုပါပဲ။

သူကတော့ အလိုအလျောက်ပဲ အဲဒီကြက်ဥကို လက်ခံယူလိုက်မိတာလေ။ သူ သတိပြန်ဝင်လာတဲ့ အချိန်မှာတော့ တစ်ဖက်လူက လှည့်ထွက်သွားခဲ့ပါပြီ။

ဘာမျှော်လင့်ချက်မှ မပါဘူး၊ ဘာသနားကရုဏာမှ မပါဘူး၊ ဘာမှမရှိဘူး... ဒါပေမဲ့ အဲဒီလိုမျိုး ဘာမှမရှိတာကြောင့်ပဲ သူဟာ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်တွေ၊ အားငယ်စိတ်တွေ မဖြစ်ခဲ့ရတာ။ အဲဒီကြက်ဥကို သူဟာ နောက်ဆုံးအထိ မစားဘဲ ထားခဲ့တယ်။ ပုပ်သွားတဲ့ အခါကျမှပဲ တိတ်တဆိတ် နေရာတစ်ခုမှာ မြှုပ်နှံလိုက်တာ။

ချန်ကျန်းဟာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း၊ ရုတ်တရက် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား ချလိုက်ပါတော့တယ်။

ရွှီထင်းရှန်း အိမ်ပြန်ရောက်တဲ့ အခါမှာတော့ ကျောက်အာက မီးဖိုချောင်ထဲမှာ ထမင်းချက်နေခဲ့တယ်။

ဟုန်အာလေးကတော့ လမ်းမှာတင် အိပ်ပျော်သွားခဲ့ပြီ။ ဒီကောင်လေးကတော့ ဒီနေ့ တကယ်ကို ပင်ပန်းသွားရှာတာပေါ့၊ အခုဆိုရင် ဝက်ကလေး တစ်ကောင်လိုမျိုး ဟောက်တောင် ဟောက်နေပြီ။ ရွှီထင်းရှန်းက သူ့ကို အခန်းထဲမှာ အသာလေး ချပေးလိုက်ပြီး ဖိနပ်နဲ့အင်္ကျီတွေကို ချွတ်ပေးကာ စောင်လေး ခြုံပေးပြီးမှ အဝတ်အစားလဲဖို့ ပြင်တော့တယ်။

သူက အပြာရောင် ဝတ်စုံဟောင်းလေးကို လဲလှယ်ဝတ်ဆင်ပြီးမှ မီးဖိုချောင်ဆီကို သွားခဲ့တယ်။ အထဲကို ဝင်လိုက်တာနဲ့ ကျောက်အာကတော့ သူ့ကို ကျောပေးပြီး တစ်ခုခုကို အသည်းအသန် လုပ်နေတာ တွေ့လိုက်ရတယ်။

"ပြန်လာပြီလား ဟုန်အာကိုရော အိပ်ခိုင်းလိုက်ပြီလား" ရွှီထင်းရှန်း ဝင်လာကတည်းက ကျောက်အာက သားဖြစ်သူ အိပ်ပျော်နေမှန်း သိနေခဲ့တာ။

ရွှီထင်းရှန်းက အင်းလို့ပဲ ပြန်ဖြေလိုက်တာပေါ့။ ကျောက်အာကတော့ လှည့်မကြည့်ဘဲနဲ့ "အရက်သောက်လာတာလား လူတစ်ကိုယ်လုံး အရက်နံ့တွေ နံနေတာပဲ" သူမ ဒီမှာ ရပ်နေတာတောင် သူ့ဆီက အရက်နံ့ သဲ့သဲ့လေးကို ရနေတာကိုး။

"နည်းနည်းပါးပါးပါ"

ရွှီထင်းရှန်းက ခြေလှမ်းကျဲကြီးတွေနဲ့ ရှေ့ကို တိုးသွားပြီး၊ ကျောက်အာကို အနောက်ကနေ အတင်းဖက်လိုက်တော့တယ်။ အသက်အရွယ် ရလာတာနဲ့အမျှ သူဟာ အခုဆိုရင် ကျောက်အာထက် ခေါင်းတစ်လုံးစာလောက် ပိုမြင့်နေခဲ့ပြီ။ ဒီလို ဖက်ထားတဲ့ ပုံစံကနေ သူ့ရဲ့မျက်နှာကို ကျောက်အာရဲ့ လည်ပင်းကြားထဲမှာ နစ်ဝင်အောင် ထားလိုက်တာ... တကယ့်ကို ကွက်တိပါပဲ။

"နင် ဘာဖြစ်လို့လဲဟင်" ကျောက်အာက တွန်းထုတ်ဖို့ ကြိုးစားပေမဲ့၊ သူကတော့ လုံးဝမလွှတ်ပါဘူး။

"မင်းကို ဒီတိုင်းလေးပဲ ဖက်ထားချင်လို့ပါ" ရွှီထင်းရှန်းက သူမရဲ့ လည်ပင်းကြားထဲမှာ မျက်နှာအပ်ထားရင်း ဗလုံးဗထွေးနဲ့ ပြောလိုက်တယ်။

"လူ့ဘဝရဲ့အကြီးမားဆုံး ဝမ်းသာစရာ လေးခုထဲမှာ ရှင်ကတော့ တစ်ခုကို ဆွတ်ခူးနိုင်ခဲ့ပြီလေ။ ဒါပေမဲ့ ဘာလို့များ ဝမ်းမသာသလို ဖြစ်နေရတာလဲ"

"မဟုတ်ပါဘူး... အရက်သောက်ထားလို့ ခေါင်းနည်းနည်း ကိုက်နေတာပါ"

ကျောက်အာက လှည့်ကြည့်ပြီး သူ့ရဲ့နဖူးကို စမ်းကြည့်လိုက်ရင်း ဆိုလိုက်တယ်။ "ဒါဆို အခန်းထဲမှာ ခဏသွားအိပ်လိုက်လေ၊ ထမင်းက ခဏနေရင် ပြီးတော့မှာ။ နင် အရင်သွားအိပ်နှင့်... ပြီးရင် ငါ လာခေါ်မယ်"

150 06

ရွှီထင်းရှန်းကတော့ ခေါင်းကို မမော့ဘဲ "မသွားဘူး"

"ခေါင်းကိုက်ရင် သွားအိပ်ပါဆိုမှ၊ ဘာလို့ ဂျီနေတာလဲ"

"မသွားဘူးဆို မသွားဘူးဘဲ"

ဒီတော့မှ ကျောက်အာလည်း သဘောပေါက်သွားတော့တယ်။ သူ့ယောက်ျားက အခုမှ ကလေးလိုမျိုး ချွဲနေတာကိုး။ ငယ်ငယ်တည်းက သူဟာ တစ်ခုခု နေလို့မကောင်းရင်ဖြစ်စေ၊ စိတ်မချမ်းသာရင်ဖြစ်စေ တမင်ပြဿနာရှာတတ်တယ်။ ဘယ်လိုမှ ပြောလို့မရဘဲ ချော့မှပဲ ရတာ၊ အကောင်းဆုံးကတော့ ရင်ခွင်ထဲမှာ ထည့်ပြီး လွှဲပေးရတာမျိုးပေါ့။ ဒါပေမဲ့ အခုတော့ သူ့အရွယ်က ဒီလောက်ကြီးနေပြီ၊ ကျောက်အာက ဘယ်လောက်ပဲ အားသန်ပါစေ ဒါမျိုးတော့ ဘယ်လုပ်နိုင်ပါ့မလဲ။

"ဒါဆိုရင်လည်း အဲ့ဒီမှာပဲ ငုတ်တုတ်ရပ်နေတော့၊ ငါ ထမင်းချက်လိုက်ဦးမယ်"

ကျောက်အာက ဘေးကို နည်းနည်း တိုးသွားပြီး ဟင်းသီးဟင်းရွက်တွေကို လှီးဖို့ ပြင်လိုက်တယ်။ ရွှီထင်းရှန်းကတော့ သူမပေါ်မှာပဲ မှီထားရင်းနဲ့ သူမ သွားလေရာကို လိုက်ပါနေတာကြောင့် ကျောက်အာလည်း စိတ်တိုတိုနဲ့ပဲ ရယ်မိသွားတော့တယ်။

"နင်က ခွေးပေါက်လေးလည်း မဟုတ်ဘဲနဲ့၊ ဘာလို့ ဒီလောက်တောင် ကပ်နေရတာလဲ"

"ငါက ခွေးကြီး လေ"

"ဒါဆို ခွေးကြီးက သွား... ခွေးပေါက်လေးနဲ့ တူတူသွားအိပ်ချေ"

"မသွားဘူး... ခွေးကြီးက ခွေးပေါက်လေးရဲ့ အမေနဲ့ပဲ အတူနေချင်တာ"

ကျောက်အာလည်း အရှုံးပေးလိုက်ရပါတော့တယ်။ သူ့ကို ထပ်ပြီး မမောင်းတော့ဘဲ အဲဒီမှာပဲ ရပ်ချင်သလို ရပ်နေခွင့် လွှတ်ထားလိုက်တယ်။ ရွှီထင်းရှန်းကလည်း ကျောက်အာရဲ့ပခုံးပေါ်မှာ မှီထားရင်း သူမရဲ့လည်ပင်းသားလေးတွေကို ငေးကြည့်ပြီး ငိုင်နေမိတော့တယ်။

ကျောက်အာကတော့ နောက်ဆုံးမှာ ဟင်းသီးဟင်းရွက်တွေကို လှီးလို့ ပြီးသွားခဲ့ပြီမို့ မီးဖိုနားကို သွားလိုက်တယ်။ အိုးထဲမှာတော့ ကြက်သားတွေ ချက်နေတာ၊ အိုးအဖုံးကို ဖွင့်လိုက်တာနဲ့ အသားနံ့ သင်းပျံ့နေတဲ့ အငွေ့တွေက ဝုန်းခနဲ ထွက်လာခဲ့ပြီး ကျောက်အာက ယောက်မကြီးနဲ့ တစ်ချက် မွှေပေးလိုက်တော့တယ်။

အိုးထဲမှာ ဂူဂူး မြည်သံတွေ ထွက်နေတုန်း ရွှီထင်းရှန်းက စကားစလာခဲ့တယ်။ "ဒီနောက်ပိုင်းမှာ ပါ့သိုနဲ့သာ့ထျန်တို့လည်း မြို့တော်ကနေ ထွက်သွားကြရတော့မယ် ထင်တယ်"

"နယ်ကို အရာရှိ သွားလုပ်ကြမှာလား" ကျောက်အာက ခဏလောက် ငြိမ်သွားပြီးမှ မေးလိုက်တယ်။ ရွှီထင်းရှန်းနဲ့ အတူနေလာတာ ကြာပြီဆိုတော့ သူမလည်း နန်းတွင်းကိစ္စတွေကို အတန်အသင့် သိနေတာကိုး။ ဒီတစ်ခါ မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့ အောင်လာတာဟာ တကယ့်ကို ကံကောင်းလွန်းလို့ပဲလေ။ ဟန်လင်းကျောင်းတော်ကိုတော့ မျှော်လင့်လို့ မရသလို၊ ဝန်ကြီးဌာန ၆ ခုမှာလည်း နောက်ခံမရှိတော့ မလွယ်ဘူး။ အကြီးမားဆုံး ဖြစ်နိုင်ခြေကတော့ နယ်ဘက်တွေမှာ အရာရှိ သွားလုပ်ရဖို့ပါပဲ။

"အဲဒါလည်း ကောင်းတာပါပဲ၊ မြို့တော်ဆိုတာကလည်း သိပ်ပြီး နေပျော်စရာ နေရာမှ မဟုတ်တာ"

"မင်းလည်း မြို့တော်က မကောင်းဘူးလို့ ထင်တာလား"

သူ ဒီလို မေးလာလိမ့်မယ်လို့ မထင်ထားတာကြောင့် ကျောက်အာက ခဏလောက် စဉ်းစားပြီးမှ ပြန်ဖြေလိုက်တယ်။ "မကောင်းဘူးလို့တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီနေရာက ငါတို့ အိမ်ဘက်လိုမျိုး မရိုးရှင်းဘူးလေ။ မြို့တော်ကလူတွေက စိတ်ထားတွေ အရမ်းရှုပ်ထွေးလွန်းတယ်"

"နောင်ကျရင် ဒီထက်ပိုပြီး ရှုပ်ထွေးလာဦးမှာ"

150 07

ကျောက်အာက ဪ လို့ပဲ ပြန်ထူးလိုက်ရင်း ခုနက လှီးထားတဲ့ ဟင်းရွက်တွေကို အိုးထဲ ထည့်ပြီး အဖုံးပြန်အုပ်လိုက်တယ်။

"မင်း... မင်း မကြောက်ဘူးလား"

"ဘာကို ကြောက်ရမှာလဲ။ ငါတို့က လာဘ်စားတာလည်း မဟုတ်၊ ဥပဒေချိုးဖောက်တာလည်း မဟုတ်ဘဲနဲ့ ဘာကို ကြောက်နေမှာလဲ"

"ငါ အရာရှိလောကထဲ ရောက်သွားရင်တော့ တခြားသူတွေရဲ့ ဝိုင်းပယ်တာကို ခံရနိုင်တယ်။ မြို့တော်က အိမ်တော်တွေမှာဆိုရင်လည်း အမျိုးသမီးတွေက ကိုယ့်ယောက်ျားရဲ့ အခြေအနေကို ကြည့်ပြီး ပေါင်းသင်းကြတာဆိုတော့... မင်းလည်း အဲ့ဒီလို ဝိုင်းပယ်ခံရမှာကို..."

ကျောက်အာက ခပ်တိုးတိုး ရယ်မောလိုက်ရင်း "နင်က ငါ ဝိုင်းပယ်ခံရမှာကို စိုးရိမ်နေတာလား"

"အဲဒီထက်လည်း ပိုနိုင်တယ်" ရွှီထင်းရှန်းရဲ့လေသံက အတော်လေးကို စိုးရိမ်ပူပန်မှုတွေ ပြည့်နေခဲ့တယ်။

ကျောက်အာကတော့ ရယ်ချင်ပတ်ကျိနဲ့ သူ့ကို လှည့်ကြည့်လိုက်ပေမဲ့၊ သူ့ရဲ့ခေါင်းကြီးက်ူပဲ မြင်နေရတယ်။ ဆံပင်အနက်ရောင်တွေက အစုလိုက်အပြုံလိုက်မို့ ဟေးကျစ်ရဲ့ခေါင်းနဲ့တောင် တူနေသေးတာ။ သူမလည်း အလိုအလျောက်ပဲ လက်ကိုဆန့်ပြီး သူ့ခေါင်းကို အသာလေး ပွတ်ပေးလိုက်ရင်း ပြောလိုက်တယ်။ "နင် သိပ်ပြီးတော့ တွေးနေတာလား မသိဘူးနော်။ နင်ပဲ ပြောဖူးတယ်လေ... နင်က ကျွမ့်ယွမ် ရခဲ့ရင်တောင် ဟန်လင်းကျောင်းတော်မှာ အဆင့် (၆) အရာရှိငယ်လေးပဲ ဖြစ်မှာဆို။ အဲဒီမှာ နှစ်အတော်ကြာအောင် အပင်ပန်းခံရဦးမှာလေ။ အဲ့ဒါ ပြီးသွားရင်တောင် အရာရှိငယ်ဘဝကနေပဲ စရမှာဆိုတော့၊ အဆင့် (၃) အထက် အရာရှိကြီး ဖြစ်ဖို့ဆိုတာ နောက်ထပ် ဘယ်နှစ်နှစ် ကြာဦးမယ်မှန်း မသိတာ။ အဲဒီတော့... နင်က ဘာတွေကို ဒီလောက်တောင် စိတ်ပူနေရတာလဲ"

သူမက ခဏရပ်လိုက်ပြီးမှ ဆက်ပြောပြန်တယ်။ "ပြီးတော့လည်း အဲဒီ မိန်းမတွေက ငါ့ကို ဘာလုပ်နိုင်မှာလဲ။ အားနဲ့ဆိုရင်လည်း သူတို့က ငါ့ကို မယှဉ်နိုင်ဘူး၊ အကွက်ဆင်မယ်ဆိုရင်လည်း ငါက အရူးမှ မဟုတ်တာ။ ဒါတင်မကဘူး... ငါ့မှာက နေ့တိုင်း စီးပွားရေးလုပ်ဖို့တောင် အချိန်မလောက်ဘူးလေ၊ ဘယ်မှာ အဲ့ဒီလူတွေနဲ့ အတင်းအဖျင်း ပြောဖို့ အားနေပါ့မလဲ။ နောက်တစ်ခုကတော့... နင်က ဝိုင်းပယ်ခံရမယ်ဆိုမှတော့ ငါ့ကိုလည်း သူတို့က အဖက်လုပ်မှာ မဟုတ်တော့ဘူးလေ၊ အဲဒါကမှ ပိုကောင်းတာပေါ့၊ စိတ်လည်း ပေါ့ပါးသွားတာပေါ့"

ကျောက်အာ ပြောတာကို နားထောင်ကြည့်လိုက်တော့လည်း ကိစ္စက တကယ်ပဲ အဲဒီအတိုင်းပါပဲလေ။

သူကိုယ်တိုင်ကလည်း တခြားသူတွေနဲ့ မတူတဲ့ လမ်းကို လျှောက်နေတာ၊ ကျောက်အာကလည်း တခြားသူတွေနဲ့ မတူတဲ့ ပုံစံရှိနေတာဆိုတော့... ဘာကို ကြောက်နေစရာ လိုဦးမှာလဲ။

သူက ခဏလောက် စဉ်းစားပြီးမှ ဆိုလိုက်တယ်။

"ငါတို့အိမ်မှာလည်း အစေခံမလေးတွေ ဝယ်ရမယ်၊ ပြီးတော့ လှည်းဆရာလည်း လိုအပ်တာပေါ့။ အရာရာတိုင်းကို မင်းတစ်ယောက်တည်းပဲ လုပ်နေလို့ ဘယ်ဖြစ်ပါ့မလဲ"

ဒီကိစ္စကိုတော့ ရွှီထင်းရှန်းက အရင်ကတည်းက ကျောက်အာကို ပြောဖူးတာပါ၊ ဒါပေမဲ့ ဒီရက်ပိုင်းအတွင်းမှာ အလုပ်တွေ များနေတာရော၊ သင့်တော်တဲ့သူ ရှာမတွေ့သေးတာရောကြောင့် ကြန့်ကြာနေတာလေ။

"ဒါဆို မနက်ဖြန်ကျရင် ငါ ကျွန်ဈေးကို သွားကြည့်လိုက်ဦးမယ်"

"ငါလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်လေ"

******

All Chapters