← Chapters

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ယွမ်ဟိုင်စီရင်စု

Vol. 12 Ch. 1118

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ယွမ်ဟိုင်စီရင်စု

Vol. 12 Ch. 1118

ပုံမှန်အားဖြင့် ပိုင်ရှောင်ချန်းသည် ကောင်လေး၏ကျမ်းကျိန်သံကို မကြားရသည်သာမက အဆင့်နှစ်ဆယ့်တစ်မှာလည်း မမြင်ခဲ့ပေ။ သို့သော် မည်သို့ဖြစ်ပျက်ခဲ့သည်နှင့်ပတ်သက်၍ သူ အလွန်မသင်္ကာဖြစ်နေလေသည်။

" အစောင့်အရှောက်ဝိညာဥ်က ငါ့ကြောင့် ခက်ခဲမှုအဆင့်ကို ပြောင်းလိုက်တာများလား "

သူက သံသယဝင်နေသော်လည်း အဆင့်ကို ကျော်ဖြတ်ခဲ့သည်အတွက် အလွန်ကျေနပ်နေတော့သည်။

" ပြောဖို့တော့ ခက်တယ်။ အစောင့်အရှောက်ဝိညာဥ်က အကြာကြီးမှ မနိုးနိုင်တာ။ ငါ နည်းနည်းလောက်စောင့်ပြီး တခြားအဆင့်ကို သွားပြီး ဘယ်လောက်ခက်ခဲမလဲ ကြည့်ကြည့်တာပေါ့။ ဒါဆို အဖြေထွက်လာလိမ့်မယ် "

ထိုသည်က အကောင်းဆုံးအကြံအစည်ဖြစ်ကြောင်း သုံးသပ်ပြီးနောက် သူက အတွေးတစ်စ ပို့လွှတ်ပြီး ယပ်တောင်အစုတ်ကြီးမှ ပျောက်ကွယ်သွားလေသည်။ သူ ပြန်ပေါ်လာသောအခါ သူသည် ထာဝရနယ်မြေများထဲက ဒုတိယအင်မော်တယ်နယ်မြေ၏ မြောက်ပိုင်းတွင် ဖြစ်သည်။

ကုန်ဆုံးသည့် သုံးလအတောအတွင်း သူသည် များသောအားဖြင့် အသက်ရှူလေ့ကျင့်ခန်းများမှတစ်ဆင့် ကျင့်ကြံအားထုတ်သော်လည်း တစ်ခါတရံ ယွမ်ဟိုင်စီရင်စုရှိ ကိစ္စရေးရာများကို စစ်ဆေးရန် အပြင်ထွက်ရင်း အချိန်ဖြုန်းသည်။ ယခုတွင် သရဲကြီးဘုရင်နှင့် မဟာကောင်းကင်းသခင်၏ ခေါင်းဆောင်မှုအောက်၌ စီရင်စုသည် လျင်မြန်စွာ တိုးတက်လာနေကြောင်း အလွန်သိသာသည်။

ယွမ်ဟိုင်စီရင်စုသည် ဒေသတွင် ပို၍နာမည်ကြီးလာသည်မှာလည်း ထင်ရှား၏။ ကောင်းကင်တံတားဒေသသားများ နေ့တိုင်းနီးပါးး ပေါ်လာကြသည်။ ထိုမျှသာမက မဟာကောင်းကင်းသခင် စီစဥ်ခဲ့သည့်အတိုင်း သူတို့သည် ယွမ်ဟိုင်စီရင်စုကို စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုများ ရရှိရန် အကောင်းဆုံးအနေအထားများအဖြစ် အဆင့်တိုးမြှင့်ရန် စတင်လိုက်ကြသည်။ ယခုမှာပင် ၄င်းသည် နောက်ဆုံး၌ စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေးစီရင်စုအဖြစ် ကျော်ကြားလာမည်ကို မြင်နိုင်သည်။

ယွမ်ဟိုင်စီရင်စု တိုးတက်လာသည်နှင့် ဒုတိယအင်မော်တယ်နယ်မြေမှ ကုန်သည်များစွာ ထိုနေရာတွင် စီးပွားရေးများ စတင်လုပ်ကိုင်လာကြသည်။ အကျိုးဆက်အနေဖြင့် စီရင်စု၏ ဖူးပွင့်လာနေသော ချမ်းသာဝပြောမှုကား အားလုံးအတွက် မြင်သာထင်ရှားသည်။

ပိုင်ရှောင်ချန်းသည် ထိုအရာအားလုံးနှင့်ပတ်သက်၍ အလွန်ကျေနပ်နေပြီး သရဲကြီးဘုရင်နှင့် မဟာကောင်းကင်သခင်၏ ကြိုးပမ်းအားထုတ်မှုမပါဘဲ တစ်ခုမှဖြစ်နိုင်မည်မဟုတ်ကြောင်း ကောင်းကောင်းသိလေသည်။ သူ့ကို ကူညီနေသည့် သူတို့သာမရှိလျှင်၊ အထူးသဖြင့် မဟာကောင်းကင်းသခင်၏ အုပ်ချုပ်ရေးဆိုင်ရာ ကျွမ်းကျင်မှုမပါဘဲ ကိစ္စရေးရာများမှာ ကမောက်ကမဖြစ်နေမည် ဖြစ်သည်။

ကုန်လွန်သွားခဲ့သည့် သုံးလအတောအတွင်း ပိုင်ရှောင်ချန်းသည် ရံဖန်ရံခါ ယပ်တောင်အစုတ်ကြီးတွင် စမ်းသပ်ပွဲများကိုလည်း သွားရောက် စိန်ခေါ်သည်။ မကြာခင် သူ၏ ယခင်ထင်မြင်ချက်များ အတည်ပြုပြီးသွား၏။ အဆင့်နှစ်ဆယ့်တစ်ပြီးနောက် သူက အဆင့်ခြောက်ဆင့်ကို တစ်ဆက်တည်း လျင်မြန်စွာ အောင်မြင်သည်။ ထိုအဆင့်များက ခက်ခဲသော်လည်း အားလုံးမှာ အဆင့်နှစ်ဆယ့်တစ်နှင့်မတူဘဲ တူညီသောယေဘုယျ စည်းမျဥ်းများ ရှိသည်။ အဆင့်နှစ်ဆယ့်တစ်မှာ ကပ်ဘေးတစ်ခုဖြစ်ခဲ့သည်။

တစ်ခါတရံ သူသည် အဆင့်တစ်ဆင့်ကို ချက်ချင်း ကျရှူံးတတ်သော်လည်း အကြိမ်အနည်းငယ်စိန်ခေါ်ပြီးနောက် အဆင့်ကို ထိန်းချုပ်နေသော စည်းမျဥ်းများကို ရှာဖွေကာ အလွယ်တကူ ကျော်လွှားနိုင်သည်။ ထိုသည်မှာ အစောပိုင်းက မသင်္ကာစရာကောင်းသော အရာတစ်ခုဖြစ်ပွားနေခဲ့ကြောင်း သက်သေပြနေတော့သည်။

" သေချာပေါက် အစောင့်အရှောက်ဝိညာဥ်က ခလောက်ဆန်နေတာပဲ။ ဘယ်တော့မှ ကျေနပ်မှာ မဟုတ်ဘူးမလား "

ထို့နောက်တွင် သူသည် စမ်းသပ်ပွဲများအား စိန်ခေါ်ရာတွင် များစွာပို၍ သတိထားလိုက်၏။ နောက်တစ်လကုန်ဆုံးသွားပြီး သူက အဆင့်နှစ်ဆယ့်ကိုးသို့ ရောက်သွားလေသည်။ ထ ခက်ခဲမှုအဆင့်တိုးမြင့်မှုတစ်စုံတရာမရှိဘဲ အချိန်ကြာမြင့်လာသောအခါမှ သူ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်တော့သည်။

ယွမ်ဟိုင်စီရင်စု ဆက်လက်ဖွံ့ဖြိုးတိုးတက်နေစဥ် ပိုင်ရှောင်ချန်းက အခြားပြဿနာတစ်ခု ရင်ဆိုင်လာရ၏။

လူ့စွမ်းအားအရင်းအမြစ် ...

ယွမ်ဟိုင်စီရင်စု၏ လူဦးရေသည် အလွန်နည်းပါးလွန်းသည်ဖြစ်ရာ စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုများဆောင်ရွက်ရန် ကောင်းကင်တံတားဒေသသား လုံလုံလောက်လောက် မရှိပေ။ ထို့ကြောင့် မဟာကောင်းကင်သခင်၏ အစီအစဥ်မှာ ဖြစ်သင့်သလောက် လျင်မြန်စွာ ခရီးမပေါက်ပေ။

ပိုင်ရှောင်ချန်းတွင် မည်သို့ပြုလုပ်ရမည်နှင့်ပတ်သက်၍ အကြံတစ်ခုရှိသည်။ နောက်ရက်များတွင် သူက ယပ်တောင်စုတ်ကြီးရှိ စိန်ခေါ်ပွဲများတွင် အချိန်သိပ်မဖြုန်းပေ။ ထိုအစား သူက မြောက်ပိုင်း၏မဟာဓားထဲရှိ ဟန်ဇောင်ခေါင်းဆောင်မကြီးဖြင့် ကိစ္စရေးရာများ ဆွေးနွေးရင်း အချိန်အနည်းငယ် ကုန်ဆုံးလိုက်သည်။

ကောင်းကင်တံတားတာအိုနှင့် အရေးကြီးသော တိုက်ပွဲတွင် သူ ပထမဆုံး မြောက်ပိုင်း၏မဟာဓားကို ဆင့်ခေါ်ခဲ့တုန်းက မြောက်ပိုင်းရှိ လူအားလုံးမှာ ဓားထဲသို့ စုပ်ယူခံခဲ့ရသည်။

အမှန်ပင် မြောက်ပိုင်းသားအများစုက စစ်ပွဲတွင် တိုက်ခိုက်ရန် စုရုံးခဲ့ကြရပြီးဖြစ်သော်လည်း ဓားထဲတွင် လက်ရှိ ယွမ်ဟိုင်စီရင်စုထက် ပို၍များပြားသော လူများ ကျန်ရှိသေးသည်။ ထိုလူများကို အပြင်ခေါ်ထုတ်၍ ယွမ်ဟိုင်စီရင်စု၏ လူဦးရေထံ ထည့်ပေါင်းနိုင်လျှင် တိုးတက်မှုကား တဟုန်ထိုး ခုန်တက်သွားမည်ဖြစ်သည်။

စိတ်လှုပ်ရှားနေသော ပိုင်ရှောင်ချန်းသည် ထိုကိစ္စနှင့်ပတ်သက်၍ ဟန်ဇောင်ခေါင်းဆောင်မကြီးဖြင့် စကားများစွာပြောရင်း အချိန်ကုန်ဆုံးလိုက်သည်။ တစ်လကြာသော် ယပ်တောင်အစုတ်ကြီးတွင် ရရှိခဲ့သည့် အကျိုးအမြတ်များကျေးဇူးဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံက အစောပိုင်းကောင်းကင်ဧကရာဇ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိလာကာ နောက်ဆုံးတွင် သဘောတူညီချက်တစ်ခု ပြုလုပ်လိုက်ကြသည်။

ဟန်ဇောင်ခေါင်းဆောင်မကြီးက သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်ကို အသိအမှတ်ပြုပြီး ပွင့်လင်းစွာ ထုတ်မပြောသော်လည်း ပိုင်ရှောင်ချန်းသည် မြောက်ပိုင်း၏မဟာဓားအပေါ် သူ၏ထိန်းချုပ်မှုမှာ ယခုတွင် ယခင်ထက် ကွာခြားသွားကြောင်း အာရုံရလိုက်သည်။

အထူးသဖြင့် သူသည် သူ၏အတွေးလေးတစ်ချက်ဖြင့် မြောက်ပိုင်း၏ကျင့်ကြံသူများအားလုံးကို ဓား၏ အပြင်ဘက် သူ့ရှေ့မျက်မှောက်သို့ ခေါ်ထုတ်နိုင်ကြောင်း အာရုံရလိုက်၏။

ကနဦးစစ်ဆေးချက်အနည်းငယ် လုပ်ဆောင်ပြီးနောက် သူက စိတ်လှုပ်ရှားစွာ သရဲကြီးဘုရင်နှင့် မဟာကောင်းကင်သခင်ကို ဆင့်ခေါ်လိုက်သည်။ သူတို့အားလုံး အတူတကွ ယွမ်ဟိုင်စီရင်စုအတွင်းရှိ ကျယ်ပြောသော တောင်ကြားတစ်ခုကို သွားလိုက်ကြပြီး ထိုနေရာတွင် ပိုင်ရှောင်ချန်းက ဓားကို ထုတ်၍ အတွင်းရှိ လူအားလုံး လွတ်မြောက်စေရန် ပြင်လိုက်သည်။

မြောက်ပိုင်း၏ မဟာဓားမှ အပြာရောင်အလင်းများ ဖြန့်ကျက်လာသဖြင့် တဂျိန်းဂျိန်း ထစ်ခြုန်းမြည်သံများ ကောင်းကင်နှင့်မြေကြီးတွင် ပြည့်နှက်သွားသည်။ လူတစ်ယောက်ပြီးတစ်ယောက် ဇေဝဇဝါဖြစ်နေသောအမူအရာများဖြင့် ထာဝရအင်မော်တယ်နယ်မြေများထဲ ထွက်ပေါ်လာသည့်အတွက် တောင်ကြားတစ်ခုလုံး တသိမ့်သိမ့်တုန်သွားတော့သည်။

အမှန်ပင် မဟာကောင်းကင်သခင်သော်လည်းကောင်း၊ သရဲကြီးဘုရင်သော်လည်းကောင်း ဤကျင့်ကြံသူတစ်ယောက်နှင့်မှ မရင်းနှီးပေ။ သို့သော် ပိုင်ရှောင်ချန်းသည် မြောက်ပိုင်းတွင် အချိန်များစွာ ကုန်ဆုံးခဲ့ပြီး အထူးသဖြင့် ရပ်သိရွာသိနာမည်တစ်ခုပင် ရှိခဲ့သည်။ အမှန်တကယ်တော့ ဤကျင့်ကြံသူများမှာ ကောင်းကင်တံတားဒေသ မရှိတော့သည့်အကြောင်းလည်း မသိသည့်အပြင်၊ အပေါ်ထက် ကောင်းကင်ယံက ဧရာမိုးမြေဧကရာဇ်ကြီးအကြာင်းကိုလည်း တစ်ခုမှ မသိကြပေ။ ထို့ကြောင့် သူတို့အားလုံးမှာ သိသိသာသာ ကြောင်အမ်းအမ်းဖြစ်လျက် တုန်လှုပ်သွားကြလေသည်။

နောက်ဆုံးတွင် မဟာကောင်းကင်းသခင်နှင့် သရဲကြီးဘုရင်သည် လူထု၏ တွေဝေမှုများကို ဖြေဖျောက်ရာ၌ ပိုင်ရှောင်ချန်းထက်ပို၍ ကျွမ်းကျင်သည်။ ထို့ကြောင့် သူတို့က နတ်ဘုရားအာရုံများစေလွှတ်၍ အခြေအနေကို ရှင်းပြလိုက်သည်။ လဝက်ကြာသော် တစ်ယောက်မကျန် မြောက်ပိုင်း၏ မဟာဓားအပြင်ဘက်ရောက်လာကြပြီး သူတို့အတွက် အခြေအနေကို လက်ခံရန် လွယ်ကူသည်ဖြစ်စေ၊ မလွယ်ကူသည်ဖြစ်စေ ထာဝရအင်မော်တယ်နယ်မြေတွင် သူတို့၏ဘဝအသစ်များကို စတင်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

အမှန်တကယ်တွင် သူတို့က ကောင်းကင်နှင့်မြေကြီး၏ပျက်ကိန်းကို ကြုံတွေ့ခဲ့ရပြီး ဘာလုပ်ရဘာကိုင်ရမည်ကိုမသိဘဲ ကျွန်ပြုခံရကာ ဆိုးဆိုးဝါးဝါးခံစားခဲ့ရရှာသော ထူးဆန်းသော နယ်မြေများသို့ တည်နေရာရွှေ့ပြောင်းခံခဲ့ရသော ကောင်းကင်တံတားကျင့်ကြံသူရောင်ရင်းများထက် ပို၍ ကံကောင်းသည်။

အသစ်ရောက်ရှိလာသော ကျင့်ကြံသူများ၏ ရှေ့တွင် ရှည်လျားသော ရည်မှန်းချက်လမ်းကြီးတစ်ခုရှိ၍ မဟာကောင်းကင်သခင်သည် သူတို့ကို ယွမ်ဟိုင်စီရင်စု တိုးတက်အောင် ဆောင်ရွက်ရာတွင် အကောင်းဆုံးကြိုးစား၍ ကူညီကြရန် လှုံ့ဆော်တိုက်တွန်းလိုက်လေသည်။

သူတို့အများစုမှာ မြေရိုင်းသားများကဲ့သို့ စိတ်စွမ်းအင်အဆင့်မြှင့်တင်ရာတွင် မကျွမ်းကျင်သော်လည်း တချို့တဝက်တော့ ရှိသေးသည်။ ထိုမျှသာက မဟာကောင်းကင်သခင်နှင့် သရဲကြီးဘုရင်တို့နှစ်ယောက်လုံးသည် စွယ်စုံကျွမ်းကျင်နားလည်သူများ ဖြစ်သည်။ ကောင်းကင်တံတားဒေသ၏ တစ်ဦးတည်းသော အာကာသအောက်လမ်းဆရာ ပိုင်ရှောင်ချန်းကား ပြောစရာပင် မလိုတော့ပေ။ ထိုအရာအားလုံးက ယွမ်ဟိုင်စီရင်စုသည် လာမည့်နေ့ရက်များတွင် လျင်မြန်စွာ ဆက်လက် တိုးတက်လာမည်သာဖြစ်ကြောင်း သေချာစေတော့သည်။

စီရင်စုသည် စည်ပင်တိုးတက်လာ၍ များစွာသော ကုန်သည်များ စီးပွားရေးလုပ်ရန် လာရောက်ကြလေသည်။ မဟာကောင်းကင်သခင်၏ စည်းရုံးရေးရာအားထုတ်မှု၏ ကျေးဇူးကြောင့် လူအများသည် ၄င်းကို စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေးစီရင်စုဟူ၍ ချစ်စနိုးမှည့်ခေါ်လာကြလေသည်။ ထာဝရအင်မော်တယ်နယ်မြေရှိ သိသမျှလူအများသည် ယွမ်ဟိုင်စီရင်စုကား စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုများပြုလုပ်နိုင်သော တစ်ခုတည်းသော နေရာဖြစ်ကြောင်း ပြောနေကြသည်။

အခြားနေရာများတွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုများ ဆောင်ရွက်နိုင်သော ကောင်းကင်တံတားဒေသသားများရှိသော်လည်း မဟာကောင်းကင်သခင်က ပိုင်ရှောင်ချန်းကို သူသည် ထာဝရအင်မော်တယ်နယ်မြေတွင် အဆင့်မြှင့်တင်ရေးအရာ၌ ဆရာသခင် ဖြစ်ကြောင်း သတင်းဖြန့်ရန် ဖျောင်းဖျလိုက်သည်။ မည်သူက ထိုအရာဖြင့် ယှဥ်နိုင်မည်နည်း။

လူအများက ထိပ်ဆုံးအဆင့်မြှင့်တင်သူအကြောင်း ပြောလာကြသည်နှင့်တစ်ပြိုင်နက် ယွမ်ဟိုင်စီရင်စုအပေါ် သက်ရောက်မှုကြီးမားသွားသည်။

နေ့တိုင်းနီးပါး ကောင်းကင်တံတားဒေသသားများ သူတို့နှင့် လာရောက်ပူးပေါင်းကြလေသည်။ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်မှာမူ သူနှင့်ပိုင်ရှောင်ချန်းက ဖွင့်ပြောရန် မလိုအပ်သော သဘောတူညီချက်တစ်ခု ပြုလုပ်ထားပြီးလေပြီ။ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်အတွက် ပြဿနာကောင် ပိုင်ရှောင်ချန်းက သူ၏လုပ်ပိုင်ခွင့်ကို တိုက်ရိုက်မစွက်ဖက်သရွေ့ အတိုက်အခံ လုပ်သွားမည် မဟုတ်ပေ။

ထို့နောက် သူတော်စင်ဧကရာဇ်။ သူက ယွမ်ဟိုင်စီရင်စု၏တိုးတက်မှုသတင်းကြောင့် သက်ပြင်းသာချနိုင်တော့သည်။ သူသည် ပိုင်ရှောင်ချန်း၏ နောက်ဆုံးအစီအစဥ်ကို ခန့်မှန်းနိုင်သော်လည်း အဆုံးသတ်တွင် ၄င်းက သူ့ကိုလည်း အကျိုးအမြတ်ရစေသည်။ သို့ဖြစ်၍ သူ မတတ်နိုင်ပေ။ အကယ်၍ ပိုင်ရှောင်ချန်း မည်မျှဂြိုဟ်မွှေတတ်ကြောင်း မသိခဲ့ပါက စွက်ဖက်ရန် ကြိုးစားကောင်း ကြိုးစားပေဦးမည်။ သို့သော် ထိုနေ့ရက်များကား ပျောက်ဆုံးသွားလေပြီ။

ပိုင်ရှောင်ချန်းသည် ကောင်းကင်ဧကရာဇ်တစ်ပါး ဖြစ်နေ၍ လွန်စွာ အန္တရာယ်များနိုင်သည်။ သူက ထာဝရလိပ်၏ သခင်လည်းဖြစ်သည်။ သူတော်စင်ဧကရာဇ်မှာ အကယ်၍ ယွမ်ဟိုင်စီရင်စုကို တိုးတက်လာခြင်းမှ သူ ဟန့်တားလိုက်ပါက ပိုင်ရှောင်ချန်းက သူတော်စင်ဧကရာဇ်မြို့တော်ထံ အချိန်မရွေးရောက်ချလာလျှင် ဘာဖြစ်လိမ့်မည်ကို စိတ်ကူးသာယဥ်နိုင်တော့သည်။ ထိုသည်က သူ့ကို ဆုံးဖြတ်ချက်ချစေသည့် နောက်ဆုံးအချက်ဖြစ်ပေသည်။

" သူလုပ်ချင်တာ လုပ်ပါစေတော့ "

သို့နှင့် ယွမ်ဟိုင်စီရင်စုသည် အုတ်အုတ်ကျက်ကျက် လှုပ်ရှားနေတော့သည်။ မိစ္ဆာဧကရာဇ်နိုင်ငံတော်မှာပင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေးစီရင်စုအကြောင်း ပြောဆိုနေကြသည့်လူများ တစတစ ပိုမိုများပြားလာသည်။ ပိုင်ရှောင်ချန်းမှာ ဘယ်သူမှ ပြဿနာလာမရှာသည်ကို မြင်သောအခါ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီး ယပ်တောင်စုတ်ကြီးအပေါ် ပို၍အားစိုက်လိုက်သည်။

တစ်ချီတည်းနှင့် သူက အဆင့်နှစ်ဆယ့်ကိုးကို ဖြတ်ကျော်လိုက်သည်။ သူက အသက်ဝဝရှူပြီးနောက် အဆင့်သုံးဆယ်ကို စိတ်လှုပ်ရှားစွာ ခြေချလိုက်သည်။ ထိုစဥ် လနှင့်ချီ အိပ်ပျော်နေခဲ့သော အစောင့်အရှောက်ဝိညာဥ်က နောက်တစ်ဖန် နိုးထလာလေပြီ။

" အရှက်မရှိတဲ့ လူလိမ်ကောင်။ ဒီတစ်ကြိမ် ငါ မင်းကို မဖျက်စီးနိုင်ရင် ငါ့မျိုးရိုးနာမည်ကို မင်းရဲ့မျိုးရိုး ပြောင်းပစ်မယ်ကွ "

အစောင့်အရှောက်ဝိညာဥ်မှာ မျက်လုံးများ ကျဥ်းမြောင်းလျက် အဆင့်သုံးဆယ်ထံ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

All Chapters