အခန်း (၁၅၃-၁၅၄)
Vol. 16 Ch. 153-154
အခန်း ၁၅၃
ထိုစဥ် နန်းတော်ရဲ့ ညီလာခံခန်းမထဲမှာတော့ အတော်လေး ပျားပန်းခပ် စည်ကားနေကြတယ်။ အမတ်ချုပ်ဝူ နာမကျန်းဖြစ်ရာက ပြန်လည်ထူထောင်လာပြီး နန်းတွင်းပြန်ရောက်နေတယ်ဆိုကတည်းက မျက်နှာမပျက်ဖို့အရေး လူတိုင်းက တဖွဲဖွဲလာနှုတ်ဆက်ကြတယ်။
အဲဒီထဲမှာမှ အတွေ့အကြုံရင့်နေတဲ့ တခြားအတွင်းရေးအမတ်တွေကတော့ အားလုံးထက်ပိုသိသလို ဟန်ထုတ်ကာ အမတ်ချုပ်ဝူကို ကျန်းမာရေးဂရုစိုက်ဖို့နဲ့ တခြားကောင်းနိုးရာရာ ဖြည့်စွက်စာတွေတောင် ညွှန်းပေးနေသေးတယ်။
ပြီးတာနဲ့ အားလုံးက ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ဖို့ သက်ဆိုင်ရာကို အသီးသီးပြန်သွားတယ်။ အတွင်းရေးအမတ်တွေ သွားတော့မှ ညီလာခံအောက်က တိုက်ရိုက်လာတဲ့ တော်ဝင်အမိန့်စာထုတ်ပြန်ရေးနဲ့ တော်ဝင်စီရင်ရေးဌာနနှစ်ခုလုံးက အထောက်တော်လေးတွေက ဝူကောလောင်ကို ပင့်မြှောက်ဖို့ ရောက်လာကြတယ်။
တကယ်တော့ သူတို့နှစ်ယောက်လုံးက ယေဘုယျအားဖြင့် အရေးကြီးစာလွှာတွေ သိမ်းဆည်းရတဲ့ မှတ်တမ်းအရာရှိလေးတွေသာ ဖြစ်တယ်။ အမြင့်ပိုင်းအမတ်တွေထက်စာရင် ဒီနှစ်ယောက် လာနှုတ်ဆက်ပုံက အမတ်ချုပ်ဝူကို အဆုံးမရှိ ချီးမွမ်းမြှောက်ပင့်နေတာကြောင့် ဝူကောလောင်တောင် မျက်နှာရဲလာရတဲ့အထိပဲ။
အမတ်ချုပ်ဝူက ခဏတိုင်းလိုလို သူ့မုတ်ဆိတ်မွှေးကိုသပ်ရင်း သဘောတကျ ရယ်နေတော့တယ်။ ဒါပေါ့ ဒီထဲမှာ ဝူကောလောင်မရှိတဲ့အတောအတွင်း ဘာတွေဖြစ်သွားလဲဆိုတဲ့ ကောလဟာလတွေနဲ့ မူမမှန်တဲ့လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တဲ့လူတွေအကြောင်းလည်း သတင်းတွေအများကြီး ပျံ့နှံ့နေသေးတယ်။
အမတ်ချုပ်ကြီးစွီနဲ့ ဝန်ကြီးထန်တို့ကလွဲရင် အမတ်ချုပ်ဝူက နန်းတွင်းမှာ လုပ်သက်အကြာဆုံးမို့ သူ့မှာလည်း လွှတ်တော်ထဲ သူ့လူနဲ့သူရှိတာပေါ့။ စကားစမြည်ပြောရင်း အချိန်ကျတော့မှာ သဘောပေါက်သွားတဲ့ အမတ်ချုပ်ဝူက ညီလာခံခန်းမကနေ ချန်ချင်းနန်းဆောင်ဘက်ကို ထွက်လာခဲ့တယ်။
မဟာအတွင်းဝန်ရုံးနဲ့ ချန်ချင်းနန်းဆောင်ကြား အကွာအဝေးက အတော်လှမ်းတယ်လို့ ပြောလို့ရတယ်။ အတွင်းဝန်ရုံးကို ‘ဝန်ယွမ်ဥယျာဥ်နဲ့တူတယ်’လို့ အများကပြောလို့ ဝန်ယွမ်ရင်ပြင်ထဲမှာရှိမယ် ထင်ရင် မှားသွားလိမ့်မယ်။
ဒီအထင်က ပြီးခဲ့တဲ့ မင်းဆက်တုန်းကပဲ မှန်တာ တာ့ချန်းမင်းဆက် နန်းတက်လာတဲ့အချိန်မှာပဲ ဝန်ယွမ်ရင်ပြင်က မီးကြောင့်ပျက်စီးသွားရတာမို့ အတွင်းဝန်ရုံးက လက်ရှိ နန်းတော်ဝင်းရဲ့ တောင်ဘက်စွန်းမှာ ရွှေ့ပြောင်းတည်ထားတယ်။
တခြားနည်းနဲ့ပြောရရင်တော့ အတွင်းဝန်ရုံးကနေ ချန်ချင်းနန်းဆောင်ရောက်ဖို့ ကြားမှာ ဝမ်ဟွာခန်းမ၊ ဝန်ယွမ်ရင်ပြင်ဟောင်းနဲ့ ကျင်းယွင်ဂိတ်တို့ကိုပါ ဖြတ်ရမှာ။ ဒါပေမယ့် ဒီအတွင်းဝန်တွေက လျှောက်ပါများတော့လည်း ဒီခရီးကို ရှည်တယ်မထင်တော့ပါဘူး။
လမ်းတစ်လျှောက် သူ မိန်းမစိုးတွေ၊ အရာရှိတွေအများကြီးနဲ့ တွေ့ဆုံခဲ့ပြီး တစ်ယောက်ချင်းစီက သူ့ကို အင်မတန် တရိုတသေ နှုတ်ဆက်သွားတယ်။ အမတ်ချုပ်ဝူက သူ့မုတ်ဆိတ်ကိုသပ်ရင်း ကျေနပ်ပြုံးကြီး ဖြစ်တည်နေရာက ချန်ချင်းနန်းဆောင်ရှေ့ကို ရောက်တဲ့အခါမှာတော့ ရိုရိုကျိုးကျိုးဖြစ်သွားရတာ သူပဲ။
သူ နန်းဆောင်တံခါးအဝလည်း ရောက်ရော နန်းတွင်းအထောက်တော် လင်းမြောင်က အခုလေးတင် ထွက်လာတာနဲ့ ဆုံတယ်။ လင်းမြောင်ရဲ့ကျုန်းရှူးရှယ်ရန်ဆိုတဲ့ ရာထူးက အတွင်းဝန်ရုံးက ကျုန်းရှူးရှယ်ရန်နှစ်ယောက်နဲ့ မတူဘူး။
အမှန်ဆို သူ့ဂုဏ်ပုဒ်အပြည့်အစုံက အထွေထွေအုပ်ချုပ်ရေး ကိစ္စရပ်တွေကို စာချွန်တော်နဲ့သာ စီမံရတဲ့ ဌာနကလူတွေလိုမဟုတ်ဘဲ ဧကရာဇ်နံဘေးမှာ တိုက်ရိုက်အကြံပေးရတာမို့ အတွင်းဝန်တွေရဲ့ အကြီးအကဲချုပ်ပဲ။
သူတို့တွေက အရေးမပါတဲ့ကိစ္စတွေနဲ့ အပေါ်ယံနှမ်းဖြူးနေတဲ့အချိန် သူက လက်တွေ့ပါဝင်နေရတာမို့ ရာထူးချင်းဆင်ပေမယ့် ဂုဏ်ပုဒ်ချင်းမတူဘူး။ ဒါကြောင့် အမတ်ချုပ်ဝူက လင်းမြောင်နဲ့ တစ်ခွန်းနှစ်ခွန်းပြောရင်း ဧကရာဇ်ရဲ့ကျန်းမာရေးကိုတောင် စုံစမ်းလိုက်သေးတယ်။ ဒါက လင်းမြောင်ကို မျက်နှာသာပေးဖို့လည်းပါသလို အရှင်မင်းကြီးအပေါ် သူသစ္စာရှိကြောင်းကိုလည်း ပြသဖို့ပါတယ်။
“အရှင်မင်းကြီးက ကျန်းမာရေးကောင်းပါတယ်။ အမတ်မင်းဝူ စိတ်မရှိဘူးဆိုရင် ကျုပ်မှာ လုပ်စရာလေးတွေရှိသေးလို့ ခွင့်ပြုပါဦး”
153 02
လင်းမြောင်က တလေးတစား လက်နှစ်ဖက်ယှက် အရိုအသေပေးလိုက်ပြီး အလျင်စလို ထွက်သွားတယ်။ အမတ်ချုပ်ဝူကတော့ ထွက်ခွာသွားတဲ့ နောက်ကျောပြင်ကိုလိုက်ကြည့်ရင်း မျက်ဝန်းတွေအေးစက်သွားတယ်။
ဒီလူ့တပည့်တွေကြောင့် သူဘယ်လိုဒုက္ခရောက်ခဲ့သလဲဆိုတာ သူမမေ့သေးဘူး။
လင်းမြောင်၊ ပေလု မင်းတို့တွေ ဟန်ဆောင်ပန်ဆောင် ရိုသေပြတာနဲ့ ငါတို့ကြားက ရန်ငြှိုးကို ဖျက်ပစ်နိုင်မယ် မထင်နဲ့။
အမတ်ချုပ်ဝူက သာမန်လူမဟုတ်တာကြောင့် ကိစ္စတိုင်းကို အပေါ်ယံကြည့်ဆုံးဖြတ်လို့မရဘူးဆိုတာ သိပ်သိတာပေ့ါ။ ထိုအခိုက်မှာပဲ ကျိန်းအန်းချန်က အထဲက ခပ်သွက်သွက်ထွက်လာပြီး သူ့နားမရောက်ခင် မျက်နှာပေါ်အပြုံးတစ်ခု ရှိနေပြီ။
“အမတ်မင်း အရှင်မင်းကြီးက အထဲမှာစောင့်နေပါတယ်”
သူ့ရဲ့ဖော်ရွေတဲ့အပြုံးကိုမြင်မှ အမတ်ချုပ်ဝူလည်း နည်းနည်း စိတ်အေးသွားပြီး ကျိန်းအန်းချန်နဲ့ လမ်းတစ်လျှောက် စကားဖောင်ဖွဲ့နေမိတယ်။ သူတို့ တော်ဝင်စာကြည့်တိုက်အရှေ့ရောက်တဲ့အခါ ဧကရာဇ်ကျားချန်က သူ့စားပွဲမှာ ဂုဏ်ပြုအထိမ်းအမှတ် စာလွှာတွေကို ပြန်ကြည့်နေတယ်။
ဝူကောလောင်ရဲ့မျက်လုံးတွေက ရုတ်ခြည်းနီရဲလာပြီး သူက ခပ်မြန်မြန် ရှေ့နှစ်လှမ်းတိုးကာ ဒုတ်ခနဲမြည်အောင် ဒူးထောက်ချလိုက်တယ်။
“အရှင်”
“အမတ်ဝူ ရောက်လာပြီလား။ ကျိန်းအန်းချန် ဘာလုပ်နေတာလဲ။ အမတ်ကြီးကို အမြန်ထူပေးလိုက်စမ်း”
ဒီတော့မှ ကျိန်းအန်းချန်က သတိရပြီး အမတ်ချုပ်ဝူကို လာထူပေးတယ်။ မတ်တပ်ပြန်ရပ်သွားနိုင်တဲ့ အမတ်ချုပ်ဝူက အတော်လေး မျက်နှာပူနေပုံရတယ်။
“ဒီအမတ်အိုကြီးက ကိုယ့်နောက်မျိုးဆက်တွေကို သေချာမသင်ပြပေးနိုင်တဲ့အတွက် အင်မတန် ရှက်မိပါတယ်။ ကိစ္စတွေ ကြီးမားသွားတာတောင် အရှင်က ဒီလူအိုကြီး မျက်နှာကိုထောက်ပေးတဲ့အတွက် အတိုင်းမသိ ဝမ်းမြောက်မိပါတယ်”
ဧကရာဇ်ကျားချန်က လက်ထဲက ကျောက်စိမ်းစုတ်တံကို ချပြီး နဂါးစားပွဲကနေ ထလာတယ်။
“အရာရှိ ဝူက နှစ်ပေါင်းများစွာ အမှုတော်ထမ်းရွက်ခဲ့တဲ့ ညီလာခံရဲ့အဓိကမဏ္ဍိုင်တစ်ခု နောက်ပိုင်းမျိုးဆက်ရဲ့ အမှားတစ်ခုကြောင့် အပြစ်ပေးတယ်ဆိုရင် သိပ်မတရားရာကျသွားလိမ့်မယ်။ ငါကိုယ်တော်က နိုင်ထက်စီးနင်းပြုတဲ့ မင်းတစ်ပါးမဟုတ်ပါဘူး။ မဆိုင်တဲ့ကိစ္စရပ်မှာ ဘာကြောင့်များ အားလုံးကို ဆွဲသွင်းရမှာလဲ။ ဟင်း အရာရှိ ဝူလည်း ငါ့ကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။ ဘယ်လိုဆိုဆို ငါက တိုင်းပြည်ရဲ့ အုပ်စိုးသူတစ်ပါးမို့ မောင်မင်းရဲ့တူဖြစ်သူကို မိုင်သုံးထောင်အဝေး နယ်နှင်ပစ်တဲ့အပေါ် စိတ်မကွက်ဖို့အတွက်ပေါ့”
“ဒီလူအိုကြီးက ဘယ်လိုစိတ်ကွက်ရဲမှာလဲ အရှင်… ဒီလောက်အထိ သနားညှာတာပေးထားတဲ့အပေါ် ကျွန်တော်မျိုးကသာ အရှင့်ကို ပြန်ကျေးဇူးတော် တင်ရမှာပါ၊ ကျွန်တော်မျိုးရဲ့ ဝူမိသားစုက ဒီမိသားစုခွဲတစ်ခုပဲ ရှိတာ နှမြောစရာဖြစ်သွားတယ်။ တကယ်လို့ တခြားသူသာဆို ဒီလိုပြစ်မှုမျိုးက တစ်ဆွေတစ်မျိုးလုံး ပိုင်ဆိုင်မှုရုတ်သိမ်းခံရမယ့် အခြေအနေပါ။ အရှင် အင်မတန် ကြင်နာတတ်တဲ့ အရှင်မင်းကြီးမို့လို့သာ ဒီလူအိုကြီးရဲ့မျက်နှာကိုထောက်ပြီး လျှော့ပေါ့ပေးခဲ့တာကို ကျွန်တော်မျိုးက ဘယ်လိုလုပ်..”
အမတ်ချုပ်ဝူက ပြောရင်းဆိုရင်း ထပ်ပြီး ဒူးထောက်ဖို့လုပ်နေတာမြင်တော့ ဧကရာဇ်က ကျိန်းအန်းချန်နဲ့ တစ်ခါထူခိုင်းလိုက်ပြန်တယ်။ ဧကရာဇ်ကျားချန်က သူ့စားပွဲနောက်မှာ ပြန်ထိုင်ချလိုက်ပြီး
“အခု အမတ်ချုပ်ဝူက ကျန်းမာခန့်သာလို့ နန်းတွင်း ပြန်ဝင်လာပြီဆိုတာက ဝမ်းသာစရာကိစ္စပဲ။ စိတ်မသက်မသာဖြစ်စရာတွေကို ဘေးဖယ်ထားလိုက်ကြတာပေါ့”
“ဉာဏ်ပညာကြီးမားလှပါတယ် အရှင်”
ဒီတစ်ခေါက်တော့ အမတ်ချုပ်ဝူ ဒူးထောက်ချလိုက်တာကို ဘယ်သူမှမဟန့်တားတော့ဘူး။ နောက်တော့ ရှင်ဘုရင်နဲ့ အမှုထမ်းတို့က တသီးတသန့်စကားဝိုင်းအချို့ ဆိုပြီးတာနဲ့ ဧကရာဇ်က အမတ်ချုပ်ဝူကို ပြန်လွှတ်လိုက်တယ်။
153 03
“လူယုတ်မာအိုကြီး”
အမတ်ချုပ်ဝူ ထွက်သွားတော့မှ ဧကရာဇ်ရဲ့မျက်ဝန်းတွေထဲမှာ ဒေါသမီးတွေ တောက်လောင်လာတယ်။
“ဧကရာဇ် စိတ်ထိန်းပါ”
ကျိန်းအန်းချန်က အလျင်စလို ဝင်အကြံပြုတယ်။
“ငါ ဘယ်လိုစိတ်ထိန်းလို့ရမှာလဲ”
ဧကရာဇ်ရဲ့ရင်အစုံက ဒေါသဇောနဲ့ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး ခဏနေတော့မှ သူ့ကိုယ်သူ အားမလိုအားမရ ရေရွတ်တယ်။
“အရင်ဧကရာဇ်ဟောင်းက အားလုံးတော်ခဲ့ပြီးမှ ဒီလိုအမှားတစ်ခု လုပ်ခဲ့ရတယ်လို့ အခုတော့ သူမနိုင်တဲ့ ကျောက်တုံးက ငါ့ခြေထောက်ပေါ် လာကျပြီ”
သူ ဒီလိုပြောရတာလည်း အကြောင်းရှိတယ်။ အရင်ဧကရာဇ်ဟောင်းက တိုင်းပြည်ရဲ့ဦးသျှောင်အနေနဲ့ နန်းတွင်းထဲက ခြစားနေတဲ့ အရာရှိတစ်သိုက်ကို ဆန့်ကျင်တော်လှန်ချင်တဲ့အခါ တစ်ယောက်တည်းအားနဲ့ မရတာမို့ သူတို့ကိုယှဥ်နိုင်ဖို့ ကိုယ်ပိုင်အမတ်တစ်အုပ် ထူထောင်ခဲ့တယ်။
ကံဆိုးတာက တစ်ဖက်ရန်သူတွေကို မြေလှန်နိုင်လိုက်ပေမယ့် သူမွေးတဲ့မျောက်က သူ့ပြန်ခြောက်လာတော့တယ်။ ဧကရာဇ်ဟောင်း သဘောပေါက်လိုက်တဲ့အခါမှာတော့ အချိန်နှောင်းသွားခဲ့ပြီ။
အရင်ဧကရာဇ် မဆွဲနှုတ်နိုင်ခဲ့တဲ့ အဆိပ်နွယ်က အခုဧကရာဇ်ကျားချန်ဆီပါ ဆက်နွယ်လာပြီ။ ကျိန်းအန်းချန်က ဒီအဆိုပြုချက်ကို ဘာမှဝင်မပြောရဲတော့ အခန်းထောင့်မှာသာ ခေါင်းငုံ့လျက်ရှိနေတယ်။
ဧကရာဇ်ကျားချန်လည်း ထုတ်ပြောပြီးမှ မဆိုင်တဲ့သူကို ပုံချမိမှန်း နားလည်သွားပြီး ပြန်ပြင်ပြောတယ်။
“ဧကရာဇ်ဟောင်းလည်း နောက်ဆုံးအချိန်အထိ ဒုက္ခကြီးစွာနဲ့ ကြိုးပမ်းခဲ့တာပါပဲ။ တိုင်းပြည်ကိုခုတုံးလုပ်ခဲ့တဲ့ ဒီအမတ်ယုတ်တွေကြောင့် အရင်မင်းဆက် ပျက်ပြားခဲ့ရတာ အခုလည်း ငါ့ရဲ့တာ့ချန်းကို ချိန်ရွယ်နေပြန်ပြီ။ တစ်နေ့တော့ ဒီလူတွေအားလုံးကို ငါကိုယ်တော် အမှုန့်ချေပစ်ဦးမယ်”
တိုင်းပြည်တစ်ပြည်ရဲ့ ရှင်ဘုရင်နှုတ်တော်က ဒီလိုအရပ်သားဆန်တဲ့ ကြမ်းကြုတ်တဲ့စကားတွေ ထွက်လာကတည်းက ဧကရာဇ် ဘယ်လောက် အမျက်ရှနေသလဲ သိသာတယ်။ ဘယ်လိုလုပ် အမျက်မရှဘဲ နေမှာလဲ။
လက်ရှိအခြေအနေက ဒီမြေဒီရေကို ပိုင်စိုးတော်မူတဲ့ပြည့်ရှင်က ကပ်ဘေးအတွက် တစ်ပြားတစ်ချပ်မှမရှိလို့ အမတ်မင်းတွေဆီက ပြန်အကူအညီယူနေရတာကိုး။ တိုင်းပြည်ဘဏ္ဍာတိုက်က ပြောင်သလင်းခါနေတဲ့အချိန် လက်အောက်က ဝန်မင်းတွေကတော့ ငွေပုံပေါ်စံစားနေကြတယ်။
တကယ်လို့ ဧကရာဇ် အခုချက်ချင်း အကောင်အထည်ဖော်ချင်တဲ့ ဆန္ဒတစ်ခုက ဒီလူတွေရဲ့ ပိုင်ဆိုင်မှု ဥစ္စာအကုန်သိမ်းပြီး ဆွေစဥ်မျိုးဆက် ထဲထဲဝင်ဝင် စစ်ဆေးပစ်လိုက်ချင်တာပဲ။ အရိုးသားဆုံးပြောရရင် အိမ်ရှေ့စံလေး နာလန်ထူလာဖို့ကိုတောင် ဒီလောက် ပြင်းပြင်းပြပြ ဆန္ဒမရှိခဲ့ဖူးဘူး။
ဒီလိုတွေးမိသွားတော့ ဧကရာဇ်က အိမ်ရှေ့စံအကြောင်း သတိရသွားပြီး သူ့မျက်ခုံးနှစ်ဖက်က အလိုမကျစွာ တွန့်ချိုးလာတယ်။
“အိမ်ရှေ့စံကို သွားကြည့်ကြမယ်”
အိမ်ရှေ့စံလေးရဲ့အခြေအနေက တစ်နေ့တခြား ပိုပိုဆိုးလာခဲ့တယ်။ နန်းတွင်းသမားတော်တွေလည်း ရှိသမျှဆေးနည်းပေါင်းစုံနဲ့ ကြိုးစားကြည့်ခဲ့တာတောင် အရာမယွင်းလို့ ကျေးလက်ဒေသက ရှေးရိုးဆေးနည်းတွေနဲ့ပါ စတင်ကုသကြည့်သော်လည်း ထိုအရာတွေက ရောဂါမသက်သာစေတဲ့အပြင် လူနာက ပိုမိုချည့်နဲ့လာတော့တယ်။
လောလောဆယ် အိမ်ရှေ့စံရဲ့ အပြင်ပန်းသွင်ပြင်က အင်မတန် ကြောက်စရာကောင်းနေတယ်။ သူ့လက်နဲ့မျက်နှာရှိ ဒဏ်ရာဒဏ်ချက်တွေက သက်သာသွားတာတောင် အရေပြားပေါ်မှာ ခရမ်းပုပ်ရောင် အကွက်တွေကျန်နေခဲ့စေတယ်။
153 04
ဒီထက်ဆိုးတာက မင်းသားလေးဟာ တစ်စုံတစ်ခု ပူးကပ်ခံထားရသလား အောက်မေ့ရအောင် နေ့တိုင်းလိုလို အော်ဟစ်သောင်းကျန်းနေတာပဲ။ အရှေ့နန်းဆောင်က အခုဆို တစ္ဆေအိမ်အလား ထင်ရပြီး ဘယ်အစေခံမှ မဝင်ရဲသလို မဖြစ်မနေသွားရရင်လည်း ထောင့်နားမှာသာ ကပ်ပုန်းနေတာ များတယ်။
အမြဲတစေ မင်းသားလေးကို တန်ဖိုးထားတတ်တဲ့ ဧကရာဇ် ကျားချန်တောင်မှ ဒီမြင်ကွင်းကို ကြိမ်ဖန်များစွာ မြင်လာရတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်မိသွားတယ်။ နဂိုကတည်းက ဧကရာဇ်က စိတ်မကြည်ရတဲ့ကြားထဲ ဒီကိစ္စပါ ပေါင်းလိုက်တော့ သူ့အမျက်ဒေါသတွေကို ပုံချပြီး အရှေ့နန်းဆောင်က ထွက်လာခဲ့လိုက်တယ်။
“ဧကရီရော ဘယ်လိုနေသေးလဲ။”
ကျိန်းအန်းချန်က တရိုတသေ ဦးညွှတ်ရင်း ပြန်လျှောက်တင်တယ်။
“ဧကရီအရှင်မရဲ့ကျန်းမာရေးက ဒီရက်တွေအတွင်း အတော်လေး တိုးတက်လာပါတယ်။ ကြင်ရာတော်မာကလည်း ဧကရီအရှင်မကို အဖော်ပြုပေးဖို့ မင်းသားလေး ၃ကိုပါ ခေါ်လာတတ်တာမို့ အရှင်မက အခုဆို ပိုပြီး စိတ်ရွှင်ပြလာပါပြီ”
“ဟင်း ဧကရီလည်း…” ဧကရာဇ် ကျားချန်က ခဏလောက် ရပ်ပြီးမှ ထပ်ဖြည့်ပြောတယ်။
“ဧကရီဆီ သွားကြမယ်”
ဒီလိုနဲ့ ရှင်ဘုရင်နဲ့ ငယ်သားတို့က ခွန်းနင်းနန်းဆောင်ဘက်ကို ဦးတည်လိုက်ကြတယ်။
ဝမ့်ချုံးက အတော်ဉာဏ်ကောင်းပြီး ကိစ္စအတော်များများကို သင်လွယ်တတ်လွယ်တယ်။ ဝယ်သူတွေရောက်လာတဲ့အခါကျရင်လည်း ကျောက်အာက တမင်တကာ သူမကို ရှေ့လွှတ်ပေးတတ်တယ်။
အစပိုင်းတော့ သိပ်မရဲသေးပေမယ့် ဝယ်သူတွေကို ရအောင်ရောင်းနိုင်တာကို ကြည့်ပြီး နေသားကျသွားတဲ့အခါ ဆိုင်ကိုဦးစီးနိုင်မယ့် အလားအလာရှိတယ်။ ကျောက်အာက အရမ်းစိတ်ကျေနပ်သွားလို့ သူမကို ကိုယ်ဖိရင်ဖိသင်ပေးတော့တယ်။
နေ့လယ်ကျတော့ ကျောက်အာက အိမ်ပြန်ထမင်းချက်ပြီးမှ သူမ စားသောက်ပြီးတဲ့အခါ ဝမ့်ချုံးအတွက် ဆိုင်ကို ထမင်းချိုင့်ဆွဲလာခဲ့တယ်။ ဝမ့်ချုံးက ကျောက်အာရဲ့ ဟင်းချက်လက်ရာကို အဆက်မပြတ် ချီးကျူးနေပြီးမှ စပ်စုလာတယ်။
“သူဌေး သူဌေးက ဆိုင်ပိုင်ရှင်တောင် ဖြစ်နေပြီ အိမ်မှာ အလုပ်သမားမရှိဘူးလား။ ဘာလို့ ကိုယ်တိုင် မီးဖိုချောင်ဝင်နေတာလဲ”
ကျောက်အာက ပြုံးပြလိုက်ပြီး “ကျွန်မတို့က ရင်းနှီးနေပြီပဲ ဘာလို့ သူဌေးလို့ ခေါ်နေသေးတာလဲ။ ကျောက်အာလို့ပဲ ခေါ်ပါ။ အဲဒီလိုကြီး ခေါ်နေရင် တကယ်နေရခက်တယ်”
“ဒါကတော့ …”
ဝမ့်ချုံးက ခဏလောက် တုံ့ဆိုင်းနေပြီး နောက်ဆုံးကျမှ နာမည်ထုတ်ခေါ်လာတယ်။
“အလုပ်သမားမရှိတာကတော့ ကျွန်မတို့က အစကတည်းက သူကြွယ်တွေမဟုတ်လို့ အိမ်မှုကိစ္စလောက်က ကိုယ့်ဘာသာလုပ်နေကျပဲ အလုပ်သမားခေါ်ရင်လည်း အသားကျမှာ မဟုတ်တော့ဘူး”
“ကျောက်အာရဲ့ယောက်ျား ဘာလုပ်လဲ မပြောပြရသေးဘူးနော်။ အိမ်ထောင်သည်လိုပဲ နေပြီး ကလေးလည်းရှိတယ်ပြောတော့ အိမ်ထောင်တော့ ကျပြီးပြီမလား”
ဝမ့်ချုံးရဲ့မျက်လုံးတွေက ဝင်းလက်နေတယ်။
“ကျွန်မယောက်ျားလား။ အင်း သူက ဒီတိုင်း နန်းတွင်းအရာရှိတစ်ယောက်ပါပဲ”
ဝမ့်ချုံးက အံ့ဩချင်ဟန်ဆောင်လိုက်ပြီး “အိုး… ကျောက်အာကို အရာရှိကတော်ဖြစ်မယ်လို့ မထင်ထားဘူး။ ဒီလိုဆို ကျောက်အာလို့ ဆက်ခေါ်လို့မဖြစ်တော့ဘူးပဲ”
ကျောက်အာက အမြန်လက်ကာပြလိုက်ပြီး “အောင်မယ်လေး မမလေးတို့ဘာတို့ဆို မလုပ်ပါနဲ့ရှင်… ကျွန်မယောက်ျားက အရာရှိငယ်လေးပါပဲ။ ကတော်ဖြစ်ဖို့အထိလည်း မမှီသေးပါဘူး”
သူတို့လင်မယားနှစ်ယောက်က ဒီကိစ္စကို အရင်ကဆွေးနွေးခဲ့ဖူးပြီးသား။ ရွှီထင်းရှန်းက အဆင့် ၆ ပြန့်ရှူးအဖြစ် ခန့်အပ်ခံလိုက်ရရင် ထုံးတမ်းစဥ်လာအရ ကျောက်အာကလည်း သူ့ရဲ့တရားဝင် မယားကြီးဖြစ်လာမှာ။
153 05
မိန်းမရဲ့ဂုဏ်ပုဒ်က သူ့ယောက်ျားရဲ့ရာထူးအလိုက် တက်လာမှာဆိုတော့ သူမက လက်ရှိ ဆဌမအဆင့် အန်းရန်ဖြစ်တယ်။ နန်းတွင်းအရာရှိတွေရဲ့ ဇနီးမယားတိုင်းကို ‘အရာရှိကတော်’လို့ခေါ်ကြပေမယ့် အဆင့် ၁နဲ့ အဆင့် ၂တို့လို အမြင့်ဆုံးအမတ်တွေရဲ့ ဇနီးသည်တွေကမှ ‘သခင်မ’လို့အခေါ်ခံရတာ။ ဒါကြောင့်လည်း ကျောက်အာက အခုလိုပြောခဲ့တာ ဖြစ်တယ်။
“အရာရှိဆိုမှတော့ အိမ်မှာ ပိုတောင်အစေခံခေါ်ထားရမှာပေါ့”
ကျောက်အာက ဝမ့်ချုံးတစ်ယောက် အစေခံထားတဲ့အပေါ် ဘာလို့တိုက်တွန်းနေသလဲ မသိပေမယ့် အမှန်အတိုင်းပဲ ဖွင့်ပြောလိုက်တယ်။
“ကျွန်မတို့အိမ်လေးက သေးသေးလေး မိသားစုကလည်း နည်းတာမို့ အထွေအထူး အလုပ်သမားတစ်ယောက် ခေါ်စရာမလိုပါဘူး။ ထမင်းဟင်းဆိုလည်း အဲဒီသားအဖနှစ်ယောက်က ကျွန်မချက်တာကလွဲ ဘယ်သူ့လက်ရာမှမစားတာမို့ မီးဖိုချောင်တော့ ကျွန်မဝင်မှရမယ်။ ပြီးတော့ အိမ်မှာ အလုပ်သမားတစ်ယောက်ရှိပါတယ်။ သူက ခြံစောင့်နဲ့ လှည်းသမားလေ။ ဒီတိုင်း အိမ်အကူပဲ မရှိတာ”
“ကျောက်အာက ဘက်စုံတော်တာပဲ”
ကျောက်အာက နည်းနည်းရှက်သွားတယ်။
“ဘာမှမတော်ပါဘူး”
ဝမ့်ချုံး စားသောက်ပြီးတဲ့ပန်းကန်တွေကိုလည်း ကျောက်အာပဲ မတွက်မကပ်နဲ့ ဆေးလိုက်တာပဲ။ သူမက ဟုန်အာလေးနဲ့ နာရီဝက်လောက် အိမ်ပြန်အိပ်လိုက်ပြီး ပြန်နိုးလာလို့ ဆိုင်ထပ်လာတဲ့အခါမှာလည်း ဝမ့်ချုံးက လုံ့လရှိရှိနဲ့ အလုပ်လုပ်နေတုန်းပဲ။
သူမ မရှိတဲ့အချိန်အတွင်း ဝမ့်ချုံးက အများကြီးရောင်းထားပြီး ဘာအမှားမှလည်းမရှိတော့ ကျောက်အာက ပိုတောင်ကျေနပ်သွားတယ်။ ၃နာရီထိုးတော့ ရွှီထင်းရှန်း ပြန်လာတော့မှာကို တွေးလိုက်မိတယ်။
ပြီးတော့ ဒီနေ့က ပထမဆုံးရက်လည်းဖြစ်တော့ ကျောက်အာက သူမကို အိမ်အစောပြန်ခိုင်းလိုက်ပြီး နောက်နေ့လည်း ပုံမှန်အချိန်အတိုင်း လာဖို့မှာလိုက်တယ်။ နောက်တော့ ကိုယ့်ဘာသာ ဆိုင်ပိတ်ဖို့ပြင်တဲ့အခါ ဝမ့်ချုံးက ကူပိတ်ပေးပြီးမှ ပြန်သွားတယ်။
++++++ 153.2 01
ဝမ့်ချုံးက ပန်းဆိုင်လေးကနေ ရှို့ပါးဟူထုန်းရောက်တဲ့အထိ လမ်းလျှောက်လာခဲ့ပြီးမှ အသင့်စောင့်ဆိုင်းနေတဲ့ မြင်းရထားပေါ် တက်လိုက်တယ်။ အထဲမှာတော့ အစေခံမလေး ယင်းကော်တစ်ယောက် စောင့်နေပြီး သူမကိုမြင်တာနဲ့ စိုးရိမ်တကြီး ဆိုတယ်။
“မမလေး နောက်ဆုံးတော့ ပြန်လာပြီပေါ့ ဒီအစေခံက အရမ်းစိတ်ပူနေတာ”
အကျအနထိုင်လိုက်တဲ့ ဝူဝမ့်ချုံးကတော့ အေးအေးလူလူပဲ။
“ဘာတွေလောနေတာလဲ။ ငါ့ကိုနေ့လယ်မှ ပြန်လာကြိုဖို့ ပြောထားတာပဲမလား။”
“ဒီအစေခံက ဘယ်လိုလုပ် မမလေးကို တစ်ယောက်တည်း ထားခဲ့နိုင်မှာလဲ။ အဲဒါထက် တကယ်လို့ ပြန်သွားတဲ့အခါ မမလေးမရှိမှန်း သိသွားတော့မှ ပိုပြီးရှင်းပြရခက်ပါလိမ့်မယ်”
ဒီလိုနဲ့ ယင်းကော်က ဝမ့်ချုံး ပြန်လာတဲ့အထိ တစ်နေကုန် ရထားလုံးထဲမှာ ထိုင်စောင့်နေခဲ့တယ်။
“ဒုက္ခခံပေးလို့ ကျေးဇူးပဲ။ မနက်ဖြန်တော့ မစောင့်နေနဲ့တော့။ ဒီတိုင်း လက်ဖက်ရည်ကြမ်းဆောင်ဖြစ်ဖြစ် သွားထိုင်နေလိုက်”
“မမလေး မနက်ဖြန်ရော ထပ်လာဦးမလို့လား”
ယင်းကော်က တအံ့တဩ မေးတယ်။ ဒီစကားက နည်းနည်းအဓိပ္ပာယ်နှစ်ခုပေါက်သွားတာကြောင့် ဝူဝမ့်ချုံးက စွေကြည့်လိုက်တော့ အစေခံမလေးက ကြောက်လန့်ပြီး ဘာအသံမှမထွက်ရဲတော့ဘူး။ အချိန်အတော်ကြာလို့ ရထားလုံးဘီးစရွေ့တော့မှ ယင်းကော်က တိုးတိုးလေး ပြောတယ်။
“မမလေး မမလေးပြောတော့ အဲဒီထိပ်တန်းကျောင်းသားအကြောင်း တစ်ယောက်က စုံစမ်းခိုင်းထားလို့ သူ့ဆိုင်ကိုသွားတာဆို အခုရော ဘာထူးလဲ သူက လက်ထပ်ပြီး ကလေးရနေပြီလား”
ဝူဝမ့်ချုံးက နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့ပိတ်ကာ အေးတိအေးစက် စိုက်ကြည့်ပေးလိုက်တယ်။
“နင် တော်တော် စကားများလာတာပဲ”
ယင်းကော်က အင်မတန်ပူဆွေးနေဟန်နဲ့ “တကယ်လို့ သခင်ကြီးသာ ဒီအကြောင်းသိသွားရင်…”
“အဖေ မသိပါဘူး။ ပြီးတော့ အတွေးလွန်မနေနဲ့။ ငါက နင့်စိတ်ထဲထင်နေသလို လူမျိုးမဟုတ်ဘူး။ သူ့မိန်းမ ဘယ်လိုပုံရှိလဲဆိုတာ သိချင်ရုံပဲ”
ယင်းကော်က မမလေးက နူးညံ့သိမ်မွေ့ပေမယ့် ဒေါသထွက်လာရင်တော့ ကြောက်ဖို့ကောင်းမှန်းသိလို့ ဒီလိုအဖြေပြန်ရပြီးတဲ့နောက် ဘာမှထပ်မပြောရဲတော့ဘူး။ ဒါတွေအားလုံးဖယ်ထားလိုက်ရင် ဝူဝမ့်ချုံးက ထိုနေ့ကစပြီး ကျောက်အာပန်းဆိုင်လေးမှာ နေ့စဥ်အလုပ်လာဆင်းခဲ့တယ်။
ရက်အနည်းငယ်ကြာတော့ ကျောက်အာက သူမ ကိစ္စအများစုကို ကိုယ့်ဘာသာ ကိုင်တွယ်နေနိုင်ပြီမှန်း သဘောပေါက်သွားလို့ သဘောတူညီချက်တစ်ခု လုပ်လိုက်တယ်။ သူမက နေ့တိုင်း ဆိုင်ကို ၇-၉ နာရီလာပြီး ဆိုင်ဖွင့်ရမယ် ၃-၅နာရီကျရင်တော့ ဆိုင်ပိတ်ပြီး အလုပ်ဆင်းလို့ရပြီ။ ဒီတစ်ချိန်လုံးတော့ ကျောက်အာက အရေးကြီးကိစ္စတွေ ပေါ်လာတာကလွဲရင် ဆိုင်မှာ အတူရှိနေပေးလိမ့်မယ်။
လုပ်အားခကတော့ ငွေ ၁တုံးဆိုပေမယ့် ကိုယ်ရောင်းရင်ရောင်းသလောက် အပိုကြေးငွေတွေလည်း ရဦးမှာမို့ သူမဆိုင်အရောင်းသွက်ပုံနဲ့ ကျောက်အာ ခန့်မှန်းတာတော့ ဝမ့်ချုံး တစ်လကို ငွေ ၃ ၄တုံးလောက်တော့ ရလိမ့်မယ်။
ဒါက မြို့တော်မှာ လူတစ်ယောက် နေထိုင်စားသောက်ဖို့ လုံလောက်တဲ့ပမာဏပဲ။ အမှန်တော့ ကျောက်အာက နောက်ထပ်အလုပ်သမားလေးနှစ်ယောက် ထပ်ခေါ်ဖို့ တွေးထားတာ။ ဒါပေမယ့် သူမ အကြိုက်မတွေ့သေးတာကြောင့် ဒီကိစ္စကို ခဏဆိုင်းငံ့ထားလိုက်တယ်။
နေ့တိုင်း ဝူဝမ့်ချုံး အလုပ်ဆင်းတဲ့အချိန် ရွှီထင်းရှန်းကလည်း ရုံးဆင်းပြီမို့ နှစ်ယောက်သားက ထိပ်တိုက်မတွေ့ကြဘူး။ ရွှီထင်းရှန်းက ကျောက်အာ မိန်းကလေးအလုပ်သမားတစ်ယောက် ခေါ်ထားတယ်ဆိုတာကလွဲရင် ကျန်တာအသေးစိတ် မသိထားဘူး။
153.2 02
အဲဒီနေ့ ရွှီထင်းရှန်း နန်းတော်ထဲက ပြန်လာတော့ အိမ်မှာ ဟူဆန်းတစ်ယောက်ထဲ တွေ့လို့ မေးကြည့်လိုက်တဲ့အခါ သားအမိနှစ်ယောက်လုံး ဆိုင်ရောက်နေကြောင်း သိလိုက်ရတယ်။ သူက ဘာမှတွေးမနေဘဲ ဝတ်ရုံလဲပြီးတာနဲ့ ရေနွေးကြမ်းတစ်အိုးနှပ်ပြီး ထိုင်သောက်နေတဲ့အချိန်အထိ နှစ်ယောက်လုံး ပြန်မလာသေးတာတွေ့တော့ မနေနိုင်ဘဲ ဆိုင်လိုက်သွားတော့တယ်။
အဲဒီအချိန် ဝမ်ရဲ့ပန်းဆိုင်လေးက လူဝင်လူထွက် များပြားလျက်ရှိပြီး ဝမ့်ချုံး ဆိုင်သိမ်းတော့မယ့်အချိန်မှ ရုတ်တရက် ဝယ်သူအချို့ ကျလာတော့ သူမလည်း သွားလို့မရသေးဘဲ ဝိုင်းကူရောင်းပေးနေတယ်။ လူအမျိုးမျိုး စိတ်အဖုံဖုံမှာ တချို့က ကြိုက်တာနဲ့ ယူတတ်ကြသလို တချို့များကျတော့လည်း သင့်မသင့်ချင့်ချိန်တတ်ကြတယ်။
လက်ရှိအဒေါ်ကြီးတွေကတော့ ဒုတိယလူစားမျိုးပဲ။ သူမတို့ဆိုင်က ပစ္စည်းတွေက ဈေးမပေါတော့ သူတို့အတွက် ဝယ်ရမဝယ်ရ ပိုတွက်ချက်ရတော့တယ်။ နောက်ဆုံး ဒီဝယ်သူတစ်စု ပြန်သွားတော့ နောက်နှစ်ယောက် ထပ်ရောက်လာပြန်တယ်။
ကျောက်အာနဲ့ဝမ့်ချုံးတို့မှာ တစ်ယောက်က ဆိုင်ကိုကြည့် နောက်တစ်ယောက်က လိုက်ပြပေးနဲ့ ရှုပ်ယှက်ခတ်သွားရပြီး အဆုံးသတ်မှာတော့ ကျောက်အာကျေးဇူးနဲ့ ရောင်းထွက်သွားခဲ့တယ်။ ကာယကံရှင်ကတော့ အာပေါက်အောင် ပြောရလွန်းလို့ ပင်ပန်းစွာ ထိုင်ချပြီး ရေခပ်သောက်နေတယ်။
ထိုအချိန် ရွှီထင်းရှန်း ရောက်ချလာတယ်။
“ဒီနေ့ အစောကြီး ပြန်လာပါလား”
ကျောက်အာက အမှတ်မထင် ပြောပြီးမှ အပြင်ဘက်ကိုကြည့်လိုက်တော့ နေဝင်သွားတာ သိလိုက်ပြီး သူမ အလုပ်ရှုပ်လွန်းလို့ အချိန်တောင် သတိမထားမိလိုက်တာ သဘောပေါက်သွားတယ်။
“ဒီနေ့ ရောင်းကောင်းနေတာလား”
“အင်း ဟုတ်တယ် နေ့တိုင်းတော့ လူကျနေတာပဲ”
“ဒါဆို မြန်မြန် အကူနောက်တစ်ယောက် ထပ်ခေါ်သင့်တာပေါ့”
“ပြောတော့ လွယ်တာပေါ့။ တကယ်တမ်း အဲဒီလောက် ရိုးရှင်းတာမဟုတ်ဘူးလေ ဝမ့်ချုံးကိုတောင် ခက်ခက်ခဲခဲ ရှာထားရတာ ယောက်ျားလေး အလုပ်သမားဆို ရှာရလွယ်တယ် မိန်းကလေးတွေကျ … ဟူး”
ရွှီထင်းရှန်းက ဒီနာမည်ကို ကြားဖူးသလိုရှိနေပေမယ့် အတိအကျလည်း မမှတ်မိတော့ သိပ်တွေးမနေတော့ဘူး။ သူ တစ်ခုခုပြောမယ့်အချိန်မှာပဲ ဆိုင်ဝကလာနေတဲ့ အသံတစ်ခု ရုတ်တရက် ကြားလိုက်ရတယ်။
“အိုင်းယား လက်လေးတွေ ဘယ်လောက် ညစ်ပတ်သွားပြီလဲ။ ကြည့်စမ်း ဆိုင်ရောက်ရင် ဒေါ်ဒေါ် ဆေးပေးမယ် ဟုတ်ပြီလား”
ကျောက်အာက ဝင်လာတဲ့သူတွေကို မြင်တော့ ထရပ်ပြီး အပြုံးလေးနဲ့ “ခဏလေး နောက်လှည့်လိုက်တာနဲ့ ဒီကောင်စုတ်လေးက ပျောက်သွားတော့တာပဲ။ အစ်မ ဝမ့်ချုံး ရှိနေလို့ တော်ပါသေးတယ်”
“ကျောက်အာကတော့ ယဥ်ကျေးနေပြန်ပါပြီ။ အဲဒီအဒေါ်ကြီးတွေက တကယ်ရောင်းရခက်လွန်းတာ။ ကျောက်အာသာ ဝင်မကူပေးရင် ရောင်းဖြစ်မှာတောင် မဟုတ်ဘူး ဟုန်အာလေးကို ကြည့်ပေးရတာ ဘာမှမခဲယဥ်း … ပါဘူး …”
ပြောရင်းဆိုရင်း ရွှီထင်းရှန်းကိုတွေ့သွားတော့ အသံက တိမ်ဝင်သွားတယ်။ ကျောက်အာက သူမ ကြည့်နေတဲ့နေရာကို လိုက်ကြည့်ပြီး နည်းနည်းတွန့်ဆုတ်သွားတာ သတိထားမိလို့ သူစိမ်းယောက်ျားမို့ လန့်နေတာလို့ ထင်သွားကာ အမှန်မိတ်ဆက်ပေးလိုက်တယ်။
“အစ်မ ဝမ့်ချုံး ဒါကျွန်မယောက်ျားလေ”
“ထင်းရှန်း ဒါ ဝမ့်ချုံး”
ဒီတော့မှ ဝူဝမ့်ချုံးက အသိပြန်ဝင်လာပြီး ရွှီထင်းရှန်းကို မကြည့်ဘဲ ခေါင်းတစ်ချက် ညိတ်ပြကာ ဟုန်အာလေးကို လက်ဆွဲပြီး အူကြောင်ကြောင်နိုင်စွာ မလှုပ်မယှက်ရပ်နေတယ်။ ရွှီထင်းရှန်းက ချက်ချင်းမျက်နှာပြောင်းလဲသွားပြီး သူ့မျက်ဝန်းတွေက အမှောင်ထုထဲ ကျရောက်သွားသလိုပဲ။
အဲဒီအချိန်မှာပဲ ဟုန်အာက သူ့အဖေပေါင်ကို ပြေးဖက်တယ်။
“ကျွင်းကျွင်း ပါပါး သားအတွက် မုန့်ပါလား”
ရုတ်တရက် ပစ်ဝင်လာတဲ့ကလေးကြောင့် ရွှီထင်းရှန်းက အကြည့်လွှဲလိုက်ပြီး ဟုန်အာလေးကို ကောက်ချီလိုက်တယ်။
153.2 03
“အင်း အဖေ မင်းအတွက် သစ်တော်သီးမုန့်တွေဝယ်လာတယ်”
“ကောင်းလိုက်တာ ဒါဆို မြန်မြန်သွားကြမယ်လေ သား ဗိုက်ဆာနေပြီ”
“သရေစာတွေ အများကြီးမစားနဲ့နော် ညကျ ထမင်းမစားနိုင်ဘဲ နေမယ်”
“သိပါတယ် မေမေရဲ့”
အဲဒီလိုနဲ့ ဟုန်အာက ရွှီထင်းရှန်းကို အိမ်အမြန်လျှောက်ဖို့ လောဆော်တော့တယ်။ သူတို့သားအဖ ပျောက်ကွယ်သွားတော့မှ ကျောက်အာက ရှက်ကိုးရှက်ကန်းနဲ့ “အဲဒီကောင်လေးက အရမ်းဆိုးတယ် အမြဲတမ်း မဟုတ်တာတွေ လျှောက်ပြောနေကျ”
အမှန်တော့ အဲဒီ ‘ကျွင်းကျွင်း ပါပါး’ဆိုတာ သူတို့လင်မယားနှစ်ယောက်ကြား ဟာသတစ်ခုဖြစ်ပြီး နားစွန်နားဖျားကြားသွားတဲ့ ကောင်စုတ်လေးက အဲဒီကတည်းက စိတ်ပေါက်ရင် ပေါက်သလို ရွှီထင်းရှန်းကို ခေါ်နေတော့တာ။
“ဟုန်အာလေးက ချစ်စရာလေးပါ”
ဒါကိုကြားတော့ ကျောက်အာက သူမကို တစ်ချက်မော့ကြည့်ပြီး အသံတိတ်သွားတယ်။ သူက တမင်တကာ စားပွဲကိုဖုန်သုတ်သလို ဟန်ဆောင်ရင်း ဝမ့်ချုံးကို နောက်ကျနေပြီမို့ အိမ်အမြန်ပြန်ဖို့ ဆော်ဩလိုက်တယ်။
ဝမ့်ချုံးထွက်သွားတော့မှ ကျောက်အာက သက်ပြင်းတစ်ချက်ချလိုက်မိတယ်။ ဝမ့်ချုံးရဲ့လေသံထဲက အားကျမှုကို သူမ ခံစားမိတာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သားသမီးတစ်ယောက်တောင်မရှိတဲ့ မုဆိုးမ ဝမ့်ချုံးအဖြစ်ကို တွေးမိတော့ သူမ အရမ်းပြောလိုက်ရင် တစ်ဖက်လူ အားငယ်သွားမှာစိုးလို့ နောက်ဆို ဆင်ခြင်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးထားလိုက်တယ်။
သူမ ပြန်ရောက်တဲ့အခါ ရွှီထင်းရှန်းက ဟုန်အာကိုဖက်ရင်း စာအုပ်တစ်အုပ် ဖတ်ပြနေတယ်။ အသေးလေးကလည်း စိတ်ဝင်တစား နားထောင်နေပုံရပြီး သူသိချင်တဲ့ ပေါက်ပေါက်ရှာရှာ မေးခွန်းတွေကိုလည်း ထမေးတတ်သေးတယ်။
အဲဒီအခါဆိုရင်လည်း အဖေဖြစ်သူက တစ်ခုချင်း စိတ်ရှည်လက်ရှည် ပြန်ရှင်းပြပေးတယ်။ ကျောက်အာက မြင်ကွင်းကြောင့် ပြုံးမိသွားတယ်။ သူမ အဝတ်လဲပြီးတာနဲ့ မီးဖိုချောင်ထဲ ဝင်သွားတော့တယ်။
အားလုံး ညစာစားပြီးတဲ့အခါ ဟုန်အာလေးကို ရေအရင်ချိုးပေးလိုက်တယ်။ သူမတို့အိမ်မှာ ရေချိုးခန်းအဖြစ် သီးသန့်လုပ်ထားတဲ့နေရာရှိပြီး သစ်သားရေချိုးဇလုံ အကြီးနဲ့အသေးတစ်ခုစီ ရှိတယ်။ အသေးကတော့ သေချာပေါက် ဟုန်အာရဲ့ပိုင်ဆိုင်မှုပေါ့။
ဒီနေ့ပူပေမယ့်လည်း ကျောက်အာက ရေနွေးပြင်ထားလိုက်ပြီး အင်္ကျီတွေချွတ်ကာ ဇလုံထဲ ထည့်ပေးလိုက်တယ်။ ဟုန်အာက အရမ်းပျော်နေတဲ့ပုံနဲ့ ဇလားထဲဝင်ခုန်နေလို့ ရေတွေ ခဏတိုင်းလိုလို အပြင်လျှံကျလာတယ်။
ကျောက်အာခမျာ မနည်းငြိမ်အောင် ထိန်းထားရပြီး ဆောင့်ကြောင့်ထိုင်ကာ ဆပ်ပြာတိုက်ပေးတော့လည်း အမြှုပ်တွေနဲ့ သူမကို လိုက်သုတ်နေပြန်တယ်။ သားအမိနှစ်ယောက် တိုက်ပွဲဆင်နေတဲ့အချိန် အိမ်မကြီးရဲ့ ညာဘက်ခြမ်းက စာကြည့်ခန်းထဲမှာတော့ ရွှီထင်းရှန်းက မီးမဖွင့်ဘဲ အမှောင်ထဲ အတွေးနယ်ချဲ့နေတယ်။
နောက်ဆုံးတော့ အဲဒီလူကို အိပ်မက်ထဲမှာ တွေ့ခဲ့တယ်ဆိုတာ မှတ်မိသွားပြီ။ အဲဒီတုန်းက သူ ဟန်လင်းကျောင်းတော်ကို သာမန်အောင်စာရင်းဝင် ကျောင်းသားအနေနဲ့ပဲ ဝင်လာခဲ့တာ။ ဆန်ကာတင်စာရင်းမှာ ရွေးချယ်ခံလိုက်ရတာနဲ့ အိမ်ပြန်ခဲ့ပေမယ့် ကြာကြာမနေဘဲ မြို့တော်ကို ပြန်တက်လာခဲ့တယ်။
ကျောက်အာတို့သားအမိကတော့ ပထမအချက် ကလေးက ခရီးဝေးဒဏ်မခံနိုင်လောက်အောင် ငယ်လွန်းသေးတာရယ် ဒုတိယအချက် မြို့တော်မှာ သူတို့ အခြေမကျသေးတာရယ်ကြောင့် လိုက်မလာခဲ့ဘူး။
နောက်တော့ သူ့ရဲ့နန်းတွင်းထဲက အစောပိုင်းကာလတွေက ရှုပ်ယှက်ခတ်နေတာမို့ ဘာကိုမှ စီစဥ်ချိန်မရခဲ့ဘူး။ အမတ်ချုပ်ဝူက သူ့ဆရာမို့ တစ်ခါနှစ်ခါသွားလည်ရာက အထူးသဖြင့် ဝူမိသားစုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု ရှိလာခဲ့တယ်။
ဝူတွေက သူ့ကို ဘာလို့ရွေးချယ်ခဲ့သလဲ ရွှီထင်းရှန်းကိုယ်တိုင်လည်း နားမလည်ခဲ့ဘူး။ ဘယ်လိုမဆို ဒီမှာ သူ့ထက်တော်ပြီး ပိုချောတဲ့သခင်လေးတွေ အများကြီးရှိနေတာပဲလေ။ ဒါပေမယ့် တစ်နေ့ကျတော့ အမတ်ချုပ်ဝူမှာ လက်ထပ်ဖို့အရွယ်ရောက်နေတဲ့ သမီးတစ်ယောက် ရှိတယ်ဆိုတာ တစ်ယောက်ယောက်က သူ့ကို အရိပ်အမြွက် လာပေးသွားတယ်။
153.2 04
သူမက တစ်ခါလက်ထပ်ဖူးပေမယ့် ခင်ပွန်းက ကံဆိုးပြီး အိမ်ထောင်ကာလ ခြောက်လလောက်မှာတင် ဆုံးပါးသွားခဲ့တယ်။ ဒီစကားတွေက ထက်မြက်တဲ့လူတွေအတွက်တော့ သိသာပါတယ်။ ဒါပေမယ့် အဲဒီတုန်းက သူက ဒီနယ်ပယ်ထဲမှာ လူသစ်လေးဖြစ်တဲ့အပြင် မိန်းမနဲ့ကလေးပါရှိနေတော့ ဘယ်လက်ခံလို့ရမလဲ။
ဒီတော့ သူ ငြင်းဆန်ခဲ့တယ်။ တကယ်လို့ သူသာ သဘောတူခဲ့ရင် သူ့အနာဂတ်လမ်းက ပန်းတွေပြည့်နေမှာ သိသိလျက်နဲ့။ သူ့ငြင်းဆန်မှုက ဆရာ့ကို မျက်နှာပျက်စေမှာ အဟုတ်ပဲဆိုသော်လည်း ဆရာက ပိုအသိကြွယ်ဝတဲ့သူမို့ စိတ်မခုလောက်ဘူးလို့ ထင်ခဲ့တာ။
သေချာပေါက် အဲဒီနောက်တစ်ရက်မှာပဲ အမှားတစ်ခုလုပ်မိလို့ သူ ဟန်လင်းကျောင်းတော်ကနေ ကန်ထုတ်ခံခဲ့ရပြီး ဝေးလံခေါင်ဖျားလွန်းတဲ့ ဒေသတစ်ခုမှာ ခရိုင်မှူးလုပ်ဖို့ အလွှတ်ခံခဲ့ရတယ်။ သူ မသိနားမလည်သေးဘူးဆိုရင်တောင် ဒါကတော့ တမင်အကွက်ချထားတယ်ဆိုတာ ရိပ်မိပါတယ်။
သို့သော် ကျောက်အာ သိသွားရင် စိတ်ပူနေမှာစိုးတာရယ် သူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့အနေနဲ့ သူ သူမကို ဘာမှမပြောခဲ့ဘူး။ ဒီတော့ ကျောက်အာကတော့ သူမြို့တော်မှာပဲ ရှိနေမယ်လို့ အောက်မေ့နေခဲ့တယ်။
သူ အဲဒီကိုပြောင်းသွားပြီးမှ အရာရှိတွေကြား နောက်ခံနဲ့အဆက်အသွယ်မရှိရင် ဘယ်လောက်ခက်ခဲကြောင်း သံဝေဂရသွားတာ။ သူက လူဆင်းရဲတွေကြား ကြီးပြင်းလာတာမို့ တစ်နေ့ အရာရှိဖြစ်သွားရင်တော့ အရပ်သားတွေကို ငဲ့တဲ့လူကောင်းတစ်ယောက် လုပ်မယ်လို့ ကြွေးကြော်ထားခဲ့ပေမယ့် ဒါက သိပ်လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။
ပထမဆုံး သူ အရင် အထက်လူကြီးတွေကို ဖော်လန်ဖားပြီး အောက်က အရာရှိတွေနဲ့ တည့်အောင်ပေါင်းရဦးမယ်။ အမတ်ချုပ်ဝူက သူ့ကို မကျေနပ်မှတော့ ပို့လိုက်တဲ့နေရာကလည်း ကောင်းကောင်းကန်းကန်း မဟုတ်ဘူးပေါ့။
အဲဒီမှာ ရုံးထိုင်ပြီးတာနဲ့ တစ်ခုပြီးတစ်ခု တိုက်ခိုက်ခံခဲ့ရတာကြောင့် အဲဒီတော့မှ တစ်ခါတလေ ခုခံဖို့အတွက် လက်ထဲက အာဏာကိုသုံးပြီး ဖိနှိပ်ရကောင်း သိလာတာ။ နောက်ဆုံး ဒီအဆင့်နိမ့်တွေကို ပြားဝပ်နေအောင် လုပ်ပြီးမှ အရပ်သားတွေအတွက် လက်တွေ့ကျတဲ့ စီမံကိန်းအချို့ကို အကောင်အထည်ဖော်ပေးနိုင်ခဲ့တယ်။
လောကကြီးက အေးချမ်းသွားပြီး သူလည်း သူစိုက်ပျိုးခဲ့တဲ့ အသီးအပွင့်တွေကို ခူးယူမလို့ပဲရှိသေးတယ် သူ့တာဝန်ချိန်က ပြီးဆုံးသွားပြီဖြစ်တယ်။ နောက်တစ်နေရာ ရောက်တော့လည်း တူညီတဲ့အခြေအနေနဲ့ပဲ ထပ်ရင်ဆိုင်ရပြန်တယ်။
အခုသူက အထာနပ်သွားပြီမို့ ဒုက္ခပေးချင်တဲ့လူတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့ပေမယ့် ပင်ပန်းလာတဲ့အချိန်တွေမှာတော့ အဲဒီတုန်းက သူသာ လက်ခံခဲ့ရင်ဆိုတဲ့အတွေးမျိုး ဝင်လာမိတယ်။ ဒါပေမယ့်လည်း အတိတ်က အတိတ်ပဲမို့ သူ အများကြီး စဥ်းစားမနေတော့ဘူး။
153.2 05
သူ အဲဒီမှာ တာဝန်ချိန်မကုန်ခင် နှစ်အချို့ ကြာညောင်းသွားပြီး နောက်တစ်နယ်ကို ပြောင်းရွှေ့ရတဲ့အခါမှာတော့ ကျောက်အာ သိသွားတယ်။ ကျောက်အာက အခု ဟုန်အာလေးက ကြီးလာပြီဖြစ်တဲ့အပြင် သူ့အဖေကို တစ်ခါမှ မတွေ့ဖူးသေးတာကြောင့် သူမတို့ လိုက်လာဖို့ ထပ်တလဲလဲ ပြောလာတယ်။
ရှက်စိတ်၊ အပြစ်ရှိစိတ်တွေနဲ့ ပြည့်နှက်သွားတဲ့ ရွှီထင်းရှန်းက သူ့အခြေအနေကလည်း အများကြီး ပိုတည်ငြိမ်လာပြီမို့ သူ့ကို လာရှာဖို့ ကျောက်အာကို စာတစ်စောင် ပြန်ရေးပေးလိုက်တယ်။ ကျောက်အာက သူ့ဆီ လာနေတဲ့လမ်းမှာတင် သူမတို့ စီးနင်းလာတဲ့ လှေက ကံဆိုးလှစွာ မှောက်သွားရှာတယ်။
အဲဒီအချိန်ကစပြီး သူတို့တွေ ထာဝရ ကွဲကွာသွားကြတော့တယ်။
******
154 01
အခန်း ၁၅၄
အဲဒီသတင်း ကြားတုန်းက သူ ယုံတောင်မယုံနိုင်ခဲ့ဘူး။ ညီလာခံက အထက်အရာရှိတွေကို အကြောင်းမရှိဘဲ နေရာက ထွက်ခွာခွင့် မပေးထားဘူးဆိုပေမဲ့ သူကတော့ ရအောင် အခင်းဖြစ်တဲ့နေရာဆီ တကူးတက သွားပြီး ကိုယ်တိုင်စုံစမ်းခဲ့တယ်။
ဒါပေမဲ့ သူရောက်တာနဲ့ လှေရော ခရီးသည်တွေရော အစအနမကျန် ပျက်စီးသွားတယ်ဆိုတာပဲ ကြားလိုက်ရတယ်။ အဲဒီတုန်းက ရွှီထင်းရှန်းတစ်ယောက် သူ ဘယ်လိုကျော်ဖြတ်ခဲ့သလဲတောင် မမှတ်မိတော့ဘူး။
နောက်ဆုံး သူအသိပြန်ဝင်လာတဲ့အချိန်မှာတော့ ကျောက်အာနဲ့သားလေးအတွက် ဈာပနပြင်ဆင်ပေးပြီး သူ့တာဝန်ကျရာဒေသဆီ ပြန်လာတဲ့အခါ အထက်အမိန့်တော်မရှိဘဲ ရာထူးကပျက်ကွက်တဲ့အတွက် တိုင်ကြားခံလိုက်ရတော့တယ်။
သူ မင်းနေပြည်တော်ကို အသနားခံစာတင်ဖို့ သွားတဲ့အချိန်မှာလည်း အခြေအနေက တော်တော်ဆိုးနေပြီ။ အဲဒီအချိန် ရှန်မိသားစုကလည်း သူ့ကို သူစိမ်းတစ်ယောက်လို ဆက်ဆံခဲ့ပြီး မြို့တော်မှာ တစ်ခဏသာ နေခဲ့ရတဲ့အတွက် ရွှီထင်းရှန်းမှာ အကူအညီတောင်းစရာ ခင်မင်တဲ့မိတ်ဆွေလည်း အများအပြား မရှိခဲ့ဘူး။
သူ့အဖြစ်က လုံးဝကူကယ်ရာမဲ့နေပြီ အမှန်တော့ ရွှီထင်းရှန်းကလည်း ဖြစ်ချင်ရာဖြစ် လွှတ်ထားလိုက်တော့မဲ့အချိန်မှာပဲ ရုတ်တရက် တစ်စုံတစ်ယောက်က သူ့တံခါးဝ ရောက်လာတယ်။ သူ့အတန်းဖော်တစ်ယောက်ဖြစ်ပြီး နှစ်ယောက်သားက မေးထူးခေါ်ပြောအဆင့်သာရှိတယ်။
ဒီလူက အတော်လေး စေတနာပါပြီး သူ့ကို သူ့ဆရာ ဝူဆီမှာ အကူအညီတောင်းကြည့်ပါလားလို့ အကြံပေးလာတယ်။ ထူးထူးဆန်းဆန်းပါပဲ သူလည်း ဒီလူ့အကြံဉာဏ်ကို ယူလိုက်မိပြီး လက်ဆောင်တွေပြင် သွားတွေ့မိလိုက်တယ်။
အမတ်ချုပ်ဝူက သူ့ကိုအရင်ကလောက် နွေးထွေးတဲ့ပုံမရှိတော့ပေမဲ့ သူ့ဘက်က ရပ်တည်ပေးဖို့တော့ ကတိပေးလာတယ်။ ဒါပေမဲ့ အဲဒီအခိုက်အတန့်မှာတင် ရွှီထင်းရှန်းရဲ့ မသိစိတ်ထဲမှာ ဒါတွေအားလုံးက ပေါင်းကြံထားတာလို့တောင် တွေးလိုက်မိသေးတယ်။
သို့သော်လည်း သူက အလိုက်အထိုက် နေလိုက်ပြီး အမတ်ချုပ်ဝူကို သူ့မိုက်မဲမှုအတွက် ခွင့်လွှတ်ပေးဖို့တောင် တောင်းပန်လိုက်သေးတယ်။ ဒီလိုနဲ့ အမတ်ချုပ်ဝူရဲ့ပံ့ပိုးမှုနဲ့ကျမှ သူ မြို့တော်မှာ ကောင်းကောင်းမွန်မွန် နေရတော့တယ်။
ကိစ္စတွေအားလုံး ချောမွေ့နေတဲ့အခါကျမှ အမတ်ချုပ်ဝူက သူ့ကိုသမက်တော်ဖို့ ချိန်နေတယ်ဆိုတဲ့ကိစ္စက ပေါ်လာပြန်တယ်။
တကယ်ပဲ ငါ့မှာဘာတွေရှိနေလို့လဲ။
ဟိုအရင်ကတည်းက သူ့ကိုယ်သူ မေးလာတဲ့မေးခွန်းကို ဝူဝမ့်ချုံးနဲ့လက်ထပ်လိုက်ပြီးမှပဲ သိလိုက်ရတော့တယ်။ ဒီမိန်းမမှာ ထူးဆန်းတဲ့အကျင့်ရှိပြီး သူမက ရှင်းပြမရအောင် သူ့အပေါ် အလွန်အမင်း စွဲလမ်းနေခဲ့တာကြောင့်ပဲ။
ဒီမကျန်းမာတဲ့ စွဲလမ်းမှုကို အခြေတည်ထားတဲ့ ဆက်ဆံရေးက ရှန်နဲ့ဝူမိသားစုရဲ့ အပြန်အလှန် လက်ခံထားမှုကြောင့် သူ သတိမထားမိတဲ့ တန်ပြန်အခွင့်အရေးတစ်ခု ဖြစ်လာခဲ့တယ်။ အမှန်ကို သိသွားပြီးနောက် အတော်လေး ရယ်စရာကောင်းတယ်လို့ မြင်မိတယ်။
သူ့တစ်ဘဝလုံးက ရုတ်တရက် တစ်စုံတစ်ယောက်ရဲ့ ဘာမဟုတ်တဲ့စွဲလမ်းမှုကြောင့် တစ်ဆစ်ချိုး ပြောင်းလဲခဲ့ရပြီး ရှန်နဲ့ဝူတွေကလည်း နောက်တစ်ခါထပ်ပြီး ပူးပေါင်းကြတော့မယ်။
နောက်ဆုံး ဟုန်အာကို ရေချိုးပေးပြီးတဲ့အချိန်မှာတော့ ကျောက်အာက ရေတွေချွေးတွေနဲ့ ရောရင်း အတော်ပြိုင်းသွားတယ်။ သူမ စိတ်ဆိုးဆိုးနဲ့ မျောက်ကလေးရဲ့ ဖင်ကို နှစ်ချက်လောက် ခပ်ဆတ်ဆတ်ရိုက်လိုက်တော့လည်း ငဆိုးလေးက တဟားဟားရယ်ပြန်တယ်။
“ရွှီထင်းရှန်း နင့်သားကို အမြန်လာခေါ်တော့”
အော်သံကျယ်ကျယ်ကို ကြားမှ ရွှီထင်းရှန်းက အတွေးစပြတ်သွားပြီး ရေချိုးခန်းဆီ အမြန်ရောက်လာတယ်။ ရေချိုးခန်းတံခါးက အထဲကပွင့်လာပြီး တစ်ကိုယ်လုံးရွှဲနစ်နေလို့ အဝတ်တွေကိုယ်မှာကပ်နေတဲ့ ကျောက်အာက ဟုန်အာကို မကျေမချမ်းနဲ့ ပွေ့ချီထားတယ်။
154 02
သူမ မျက်နှာနဲ့ဆံနွယ်တွေက စိုရွှဲနေတာကြောင့် အသားအရည်ကို ပြောင်လက်ပန်းနုရောင်သမ်းသွားစေပြီး ရေထဲကဖူးပွင့်လာတဲ့ ကြာပန်းတစ်ပွင့်လိုပဲ။ ရွှီထင်းရှန်းက မြင်ကွင်းကြောင့် လုံးဝမှင်သက်သွားပြီး တစ်ခေါက်နှစ်ခေါက် ထပ်မကြည့်ဘဲ မနေနိုင်တော့ဘူး။
ကျောက်အာကတော့ ဘာမှသတိမထားမိဘဲ တဘက်ကြီးကြီးနဲ့ထုပ်ထားတဲ့ သူ့သားကို ရွှီထင်းရှန်းလက်ထဲ အင့်ကနဲထိုးထည့်ကာ မျက်စောင်းခဲလိုက်တယ်။
“ဘာကြည့်နေတာလဲ။ ဒီကောင်စုတ်လေးကို မြန်မြန်ခေါ်သွားလေ ဆံပင်သုတ်ပေးပြီး အင်္ကျီအဝတ်အစားလည်း နင်ပဲ လဲပေးလိုက်တော့ ငါ အရင်ချိုးလိုက်မယ် ပြီးမှ နင်ချိုး”
သူမအသံက ကြမ်းတမ်းပေမဲ့ အသက်ဝင်လွန်းတယ်။ ပီပြင်လာတဲ့ မှတ်ဉာဏ်တွေက ရွှီထင်းရှန်းနှလုံးသားကို အမြန်နှုန်းနဲ့ ခုန်လှုပ်လာစေတယ်။
“ဘာဖြစ်တာလဲ”
စက္ကန့်အတော်ကြာတဲ့အထိ သူမလှုပ်တာတွေ့တော့ ကျောက်အာက နဖူးကို လက်ဖဝါးနဲ့စမ်းကြည့်လိုက်မိတယ်။
“ဘာတွေ တွေးနေပြန်တာလဲ”
ဒီတော့မှ သူက သူမ ဘာဆိုလိုချင်လဲ နားလည်သွားပြီး တမင်သိသိသာသာ ထုတ်ပြောလိုက်တယ်။
“လှလွန်းတယ်လို့ တွေးနေတာ”
လှလွန်းလို့…
ကျောက်အာက သူ့ရင်ဘတ်ကို အလိုလိုငုံ့ကြည့်လိုက်တော့မှ ရေစိုနေတဲ့အဝတ်ပါးပါးက သူမရဲ့မိန်းမသားအလှကို မဖုံးထားနိုင်တော့တာ တွေ့သွားတယ်။ အဲဒါထက် ပြင်းရှလွန်းတဲ့ သူ့အကြည့်တွေအောက်မှာ သူမရဲ့ အထိမခံနိုင်တဲ့ ချယ်ရီသီးလေးက သိပ်ပြချင်နေပုံနဲ့ ထောင်ထလာတာတောင် ခံစားလိုက်ရသေးတယ်။
ကျောက်အာရဲ့မျက်နှာက ချက်ချင်းရဲတက်လာပြီး တံခါးကို ဘုန်းကနဲ ဆွဲပိတ်သွားတယ်။ အဲဒီတော့မှ ရွှီထင်းရှန်းက ပြုံးတုံ့တုံ့နဲ့ လက်ထဲက အကောင်ပေါက်လေးကို ငုံ့ကြည့်လိုက်တော့ သူကလည်း သူ့မိဘတွေ ဘာလုပ်နေလဲဆိုတာ စပ်စုနေတယ်။
သူ့လက်ထဲက အကောင်ပေါက်လေးက တစ်နေ့တခြား ပိုလေးလာပြီး ပန်းနုရောင်အသားအရည်နဲ့ နွေးတယ်။ အဲဒါက အိပ်မက်သက်သက်ပါပဲ။ အခုသူက အဲဒီအိပ်မက်အကြောင်း သိထားမှတော့ သေချာပေါက် ထပ်အဖြစ်ခံမှာမဟုတ်ဘူး။
ဘယ်သူ့ကိုမှ ခွင့်မပြုဘူး။
နောက်ဆုံးတော့ သားအမိသုံးယောက်က ရေချိုးသန့်စင်ပြီး အိပ်ရာပေါ် လဲအိပ်လိုက်တဲ့အခါ ကျောက်အာက ကျောခင်းမှ ဘယ်လောက် ပင်ပန်းမှန်း သိတော့တယ်။ သူမက ဟိုလှိမ့်ဒီလှိမ့်နဲ့ မကြာခဏ ခါးကိုကိုင်ညည်းနေတာ တွေ့တော့ ရွှီထင်းရှန်းက နှိပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
သူ့လက်ဖဝါးအကြီးကြီးတွေက အားလည်း အနေတော်ပဲ ကျွမ်းကလည်း ကျွမ်းကျင်တော့ ကျောက်အာက အတော်လေး ဇိမ်ခံကောင်းနေတယ်။ ဒါကိုမြင်တော့ ဟုန်အာလေးကလည်း မနေနိုင်ဘဲ သူ့လက်သေးသေးလေးတွေနဲ့ ကျောက်အာလက်ကို ထနှိပ်ပေးတော့တယ်။
ဘယ်လောက်မှ အားမပါတဲ့လက်ကလေးတွေက ညှစ်သလိုသာဖြစ်နေပေမဲ့လည်း ကျောက်အာက ပီတိပြုံးနဲ့ သူ့သားလေးက ဝတ္တရားကျေပွန်တဲ့ ကောင်လေးဖြစ်လာပြီပဲလို့ ဆိုလိုက်တယ်။ ဟုန်အာက သူ့အဖေ ညတိုင်း ပြောနေကျပုံပြင်တွေကြောင့် သားသမီးဝတ္တရားဆိုတာကို ကောင်းကောင်း သိထားတယ်။
အခုသူ့အမေရဲ့ ချီးကျူးစကားကို ကြားလိုက်ရတော့ သူက ပိုတောင် အားတက်သရော နှိပ်တော့တယ်။ နှမြောစရာက သူ့အဖေလောက် မကျွမ်းကျင်တော့ နောက်ဆုံး ရွှီထင်းရှန်းရဲ့ ညွှန်ကြားချက်အရ ဟုန်အာလေးက ခြေထောက်နှိပ်ပေးဖို့ တာဝန်ပေးခံလိုက်ရတယ်။
ရွှီထင်းရှန်းတို့က ရောက်တတ်ရာရာ ပြောဆိုနေကြရင်း နောက်ဆုံး စကားလမ်းကြောင်းက ဝူဝမ့်ချုံးဆီ ရောက်သွားတယ်။
“ဟူး ဝမ့်ချုံးက သနားဖို့ကောင်းတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ယောက်ျားလည်းမရှိ အားကိုးစရာ သားသမီးလည်း မရှိနဲ့ တစ်ယောက်တည်းပဲ”
ရွှီထင်းရှန်းက ကျောက်အာရဲ့ စာနာတဲ့အပြောကို အေးစက်စက် နှာမှုတ်သရော်တယ်။
154 03
“မင်းက အရမ်းယုံလွန်းနေတာပဲ။ သူ လိမ်ပြောနေတာရော မဖြစ်နိုင်ဘူးလား။ ဘာလို့ သူ့နောက်ကြောင်းကို အရင်မစုံစမ်းတာလဲ”
ကျောက်အာက လန့်သွားပြီး “မလုပ်ပါဘူး ပြီးတော့ ဘယ်သူကရော ငါ့ကို ဒီလိုလာလိမ်မှာလဲ။ အဲဒါထက် နင် ငါ့ကို ငတုံးထင်နေတာလား။ ငါက နောက်ကြောင်းမသိတဲ့သူတစ်ယောက်ကို ဆိုင်မှာခန့်စရာလား။ သူ့အိမ်ထောင်စုစာရင်းနဲ့ တခြားစာရွက်စာတမ်းတွေအားလုံး စစ်ပြီးသွားပါပြီနော် သူက တကယ် မြို့တော်က မိသားစုလည်းမရှိ သားသမီးလည်းမရှိတဲ့ မုဆိုးမ ဟုတ်တယ်”
ရွှီထင်းရှန်းရဲ့မျက်ဆံတွေက နက်မှောင်သွားတယ်။ ဝူဝမ့်ချုံးက သူ့အလုပ်မှာတော့ စေ့စပ်သားပဲ။ အမတ်ချုပ်ဝူရဲ့သမီး ပီသပါပေတယ်။ အဲဒါထက် ဒီလိုရုံးကနားကိစ္စတွေက သာမန်လူတွေအတွက် ခက်ခဲလောက်ပေမဲ့ သူမအတွက်တော့ လွယ်တာပေါ့။
ဒါပေမဲ့ နောက်ကွယ်က အမတ်ချုပ်ဝူ ကြိုးကိုင်နေတာလို့တော့ မထင်ဘူး။ ဘာလို့ဆို အမတ်ချုပ်ဝူလိုလူစားက ဘယ်တော့မှ သူ့သမီးကို ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ခိုင်းမှာမဟုတ်လို့ပဲ။ မိသားစုနှစ်ခုက အခုဆို လုံးဝရန်သူတွေဖြစ်နေကြပြီမို့ သေချာတာတစ်ခုက ဒါ ဝူဝမ့်ချုံး သူ့ဘာသာ သူ့အဖေမသိအောင် ခိုးလုပ်တာပဲဖြစ်ရမယ်။
သူမ ဘာလို့ ဒီအတိုင်းအတာအထိ လုပ်ရသလဲဆိုရင်တော့ ရွှီထင်းရှန်းက ထူးဆန်းတဲ့စွဲလမ်းမှုကြောင့်လို့ပဲ ပြန်ဖြေရမှာပဲ။ အိပ်မက်ထဲမှာလည်း ထိုမိန်းမရဲ့ ရည်ရွယ်ချက်ကို အလေးမထားခဲ့သလို အခုလည်း ထို့အတူပဲ။ စိတ်ထဲထည့်ဖို့တောင် မတန်ဘူး။
“ဘာပဲဖြစ်ဖြစ် မင်း အရာရာကို သတိထားမှရမယ်။ သူခိုးမှာ ဂျိုပါတာမှမဟုတ်တာ မြို့တော်ကြီးကလည်း အလိမ်တွေ အညာတွေ သိပ်ပေါတဲ့နေရာလေ။ တစ်ဖက်လူက မင်းလုပ်ငန်းကို မယှဥ်နိုင်လို့ လျှို့ဝှက်ချက်တွေခိုးဖို့ သူလျှိုထည့်ထားတာဆိုရင်ရော ဘယ်လိုလုပ်မလဲ”
ဒီစကားတွေက ကျောက်အာကို ကြောင်အမ်းသွားစေတယ်။ ရွာမှာတုန်းက မသမာတဲ့နည်းလမ်းနဲ့ စီးပွားလုတယ်ဆိုတာ သူမ မယုံကြည်ခဲ့ပေမဲ့ မြို့ရောက်ပြီးနောက်ပိုင်းတော့ ယုံသွားခဲ့တယ်။ ပိုကျယ်တဲ့ရေကန်မှာ ပိုများတဲ့ငါးတွေ ကူးခတ်ကြသလိုပဲ ဒီမှာလည်း အပြိုင်အဆိုင်တွေ များတာပေါ့။
သူတို့ကရော တခြားလူရဲ့စီးပွားကို မလုဘူးလို့ အာမခံနိုင်လို့လား။ မခံနိုင်ဘူးလေ ဥပမာ သူမ ယူလိုက်တဲ့အဲဒီအလုပ်ရုံနှစ်ခုလိုပေါ့။ လူတွေက သူမကို အမြတ်ထုတ်ဖို့လုပ်ပေမဲ့ နောက်ဆုံးတော့ ကိုယ့်စီးပွားကိုယ် ဖျက်ဆီးမိလိုက်ကြတယ်လေ။
“ပြီးတော့ ကုန်သည်ကြီးများအသင်းနဲ့ ရှန်းရှီအသင်းကလူတွေလည်း ခဏခဏလာတယ်ဆို မင်းက စကားပြောရမှာ ပျင်းလွန်းလို့ ဒီတိုင်းလွှတ်ထားလိုက်တာမလား”
ဒီကိစ္စကိုတော့ အစမဖော်တာ အကောင်းဆုံးပါပဲ။ ဘာလို့ဆို သူ့ကိုတကယ် ဒေါသထွက်စေလို့လေ။ ဝမ်ကျိပန်းဆိုင်လေးက မြို့တော်မှာ နာမည်ရလာတာနဲ့အမျှ သူမတို့ရဲ့အမှတ်သညာ ကုန်ပစ္စည်းတွေကလည်း အနယ်နယ်အရပ်ရပ်က ကုန်သည်တွေရဲ့မျက်စိထဲ ဝင်လာခဲ့တယ်။
အဲဒီနာမည်အရသာ ကုန်သည်ကြီးများအသင်းဆိုတာက အဆင့်နိမ့်ကုန်သည်တွေက ဖြစ်တည်လာတာဖြစ်ပြီး ဘုံအကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်တယ်။ အချိန်ကြာလာတာနဲ့ အခုတော့ အရည်အချင်းတူသူတွေကြား စီးပွားဖက်လုပ်ဖို့နဲ့ အသင်းနာမည်ကိုအသုံးချပြီး လူသစ်ကုန်သည်လေးတွေကို အဖွဲ့ဝင်အဖြစ် စည်းရုံးတာ အာဏာသုံးပြီး လုပ်ငန်းကို ချုပ်ကိုင်တာတွေအဖြစ် ပြောင်းလဲလာတယ်။
အသင်းတိုင်းမှာ ခေါင်းဆောင်တစ်ယောက်ရှိပြီး အဖွဲ့ခွဲတိုင်းမှာလည်း အမျိုးမျိုးအထွေထွေ လုပ်ငန်းတွေပါဝင်တယ်။ ဥပမာ ဆန်စပါးမှာဆို လူသိများတဲ့ လယ်သမားကြီးတွေက ဦးဆောင်ပြီး ခေါင်းဆောင်တိုင်းမှာ ငယ်သားအများအပြားရှိကာ ဈေးကွက်တစ်ခုလုံးကို ချုပ်ကိုင်ထားကြတယ်။
ဝမ်ကျိပန်းဆိုင်ရဲ့ ရုတ်တရက် တိုးတက်မှုနဲ့ ပြည်တွင်းပိုးဖဲဈေးကွက်တွေအထိ လျင်မြန်စွာ ပျံ့နှံ့လာမှုက တခြားနယ်ပယ်တူ ကုန်သည်ကြီးတွေရဲ့လုပ်ငန်းကို အခက်တွေ့စေတာကြောင့် သူတို့က မကျေနပ်တော့ဘူး။
154 04
ဒီလိုနဲ့ မြို့တော်မှာ နည်းနည်းအာဏာရှိတဲ့ ကုန်သည်အသင်းထဲက လူတစ်ယောက်က နှစ်ဦးနှစ်ဖက်ကြား ဖျန်ဖြေပေးဖို့ သူမတို့ဆိုင်အရှေ့ ရောက်လာတယ်။ ‘ဆွေးနွေးပေးမယ်’ဆိုတာ စကားအရသာဖြစ်ပြီး တကယ်ကတော့ သူတို့လုပ်ငန်းကြီးတွေအတွက် နေရာချန်ထားပေးဖို့ အဖွဲ့အစည်းကို အသုံးချ အကျပ်ကိုင်ချင်တာသာ ဖြစ်တယ်။
ကျောက်အာက မြို့ကကုန်သည်တွေလိုမဟုတ်ဘဲ စီးပွားစလုပ်တဲ့အချိန်ကတည်းက အခုထိ ကိုယ့်အသိဉာဏ်နဲ့ ရွှီထင်းရှန်း သင်ပေးထားတာတွေနဲ့သာ ရပ်တည်လာခဲ့တာ။ သူမက သူတို့ပြောသမျှကို မယုံဘဲ အဲဒါထက် ရိုးအတော့ တစ်ဖက်လူက သူမကို ခြိမ်းခြောက်ငွေညှစ်တယ်လို့ ထင်ပြီး မောင်းထုတ်ပါရော။
သူတို့တစ်ခါထပ်လာတော့မှသာ ကျောက်အာက ရွှီထင်းရှန်းပြောပြလို့ ကုန်သည်ကြီးများအသင်းက ဘာလုပ်တယ်ဆိုတာ သေချာသိသွားတာ။ ဒါပေမဲ့လည်း သူမက ဒီလူတွေကို အမြင်ကပ်နေတုန်းပါပဲ။ အပွင့်လင်းဆုံးပြောရရင် ဒီစည်းမျဥ်းတွေဆိုတာ အောက်က လူတွေအတွက်ပဲ သီးသန့်ထုတ်ထားတာ။
သူတို့အထက်က ဒိတ်ဒိတ်ကျဲ ကုန်သည်တွေကျ အားလုံး သူများစီးပွားလုပြီး တစ်ဦးတည်း မောင်ပိုင်စီးထားကြတာချည်းပဲ ဘယ်သူမှ ဝန်မခံတာပဲရှိတာ။ ကျောက်အာက သူမ စားပြီးသားကို ဘယ်တော့မှ ထွေးထုတ်လေ့မရှိဘူး။
ပြီးတော့ ဘယ်တော့မဆို အတင်းအကျပ် အမိန့်ပေးတာထက် ကောင်းကောင်းမွန်မွန် စည်းရုံးတာပဲ ပိုသဘောကျတယ်။ တစ်ဖက်လူက အားလုံးအတွက် ကြည့်ပေးဖို့ ပြေပြေလည်လည် ပြောလာရင်တောင် စဥ်းစားပေးဦးမယ်။ ဒါပေမဲ့ အထင်သေးသလိုနဲ့ အာဏာလာပြနေရင်တော့ သွားလိုက်တော့။
ဒါကြောင့်လည်း ကျောက်အာက ဒီလူတွေကို အဖက်ကိုလုပ်မနေတော့ဘူး။ နောက်ပြီး ပြန်စဥ်းစားကြည့်လိုက်တော့ သူမက သူတို့လို စက်ရုံတွေထောင် တစ်တိုင်းပြည်လုံးနဲ့ချီပြီး လုပ်နေတာမှမဟုတ်တာ။
ပြောရရင် အသီးအနှံလုပ်ငန်းတုန်းကလိုပဲ အောက်ခြေမှာ ကိုယ့်အဆက်အသွယ်နဲ့ကိုယ် မြို့နယ်အဆင့်လောက်ပဲ လုပ်စားနေတာမလား။ မြို့တော်ကြီးမှာ လမ်းဘေးဆိုင်တွေ ဆိုင်ခန်းတွေ ပျံကျဈေးသည်တွေ ဒီလောက်ပေါတာ..
ဘယ်သူက ကုန်ပစ္စည်းရောင်းတိုင်း ကုန်သည်အသင်းကို ဂရုစိုက်နေလို့လဲ။ ဘယ်သူမှ အာရုံထဲတောင် မထည့်ဘူး။ ဘာလို့ဆို ပထမအချက်က ဘယ်သူမှ လမ်းဘေးဈေးသည်တစ်ယောက်နဲ့ ရှည်ရှည်ဝေးဝေး လာပြောနေမှာမဟုတ်သလို ဒုတိယအချက် ဆိုင်ခန်းတွေက ရာနဲ့ချီရှိတာ သူတို့တွေ အဲဒီလောက် လုပ်နိုင်စွမ်းရှိရင် အားလုံးကို လာဖမ်းသွားပါလား။
အဲဒါကြောင့် ကျောက်အာကတော့ ဒီလူတွေကို စက္ကူကျားသာသာပဲ မှတ်ယူထားလိုက်တယ်။ ရွှီထင်းရှန်းက သူမ အမြင်ကိုကြားတော့ အံ့လည်းအံ့ဩသွားသလို ရယ်ရွှင်စရာအဖြစ်နဲ့လည်း သဘောကျသွားတယ်။
တကယ်လည်း သူမ ပြောသလိုပဲ ကုန်သည်ကြီးများအသင်းက အောက်ခြေက ဆိုင်လေးတွေနဲ့ လိုက်ရန်ဖြစ်နေတာ မဟုတ်ဘူး ဒီတိုင်း … သူတို့စီးပွားရေးလေးက အရမ်းလူစိတ်ဝင်စားခံရလို့သာ။ ဒီအနေအထားအရသာဆို ကျောက်အာရဲ့ပန်းဆိုင်လေးက တစ်ချိန်ကျရင် အသိအမှတ်ပြုခံရတဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်လာလိမ့်မယ်။
အဲဒီအချိန်ကျရင်တော့ ဒီလူတွေနဲ့ မရင်ဆိုင်ချင်လည်း ရင်ဆိုင်ရတော့မှာမို့ ရွှီထင်းရှန်းက သူမကို ကောင်းကွက်နဲ့ဆိုးကွက်တွေ အကုန်ခွဲရှင်းပြထားလိုက်တယ်။ ကုန်ကြမ်းရှာတဲ့နေရာမှာ ဖိနှိပ်လာမှာစိုးလို့ ကျောက်အာက ကောင်းရှန်ကို ကျန်းနန်အထိ လွှတ်ပြီး လုံလောက်တဲ့ပမာဏတစ်ခုအထိ ကြိုရှာခိုင်းထားလိုက်တယ်။
မြို့တော်က ပိတ်စကုန်သည်တွေဆီမှာ ဝယ်ရတာက အရှင်လတ်လတ် အရေခွံနွှာခံနေရသလိုပဲ။ ကျန်းနန်ဒေသက ပိုးဖဲသားမျိုးစုံထုတ်လုပ်တဲ့ မူလနေရာမို့လို့ အရင်းအမြစ်က သွားယူတာ အကောင်းဆုံးပဲ။
154 05
“ဝမ့်ချုံးက အဲဒီလူတွေ လွှတ်လိုက်တာလို့တော့ နင်ထင်နေတာ မဟုတ်ဘူးမလား။ အဲဒါဆိုရင်တော့ ဒီလူတွေ ငါ့ကို အလကားအထင်ကြီးနေတာပဲ သူလျှိုထည့်ထားတော့ရော ဘာရမှာမို့လို့လဲ။ လျှို့ဝှက်ပါဝင်ပစ္စည်းတွေနဲ့ ထူးခြားတဲ့နည်းလမ်းတွေ ခိုးဖို့လား။ ဒါပေမဲ့ အဲဒါတွေတစ်ခုမှမှ မရှိတာ ဒီပိုးဖဲပန်းတွေကို ဘယ်သူမဆို လုပ်နိုင်တာပဲ”
ရွှီထင်းရှန်းက သူ့နှာခေါင်းကိုပွတ်လိုက်ပြီး “ငါပြောချင်တာ အဲဒီလိုမဟုတ်ဘူးလေ။ ဘာလုပ်လုပ် သတိထားဖို့ပြောတာ ကိစ္စတွေက မတူတော့ဘူးမလား။ ပြီးတော့ မင်း ကုန်သည်အသင်းကိုသာ လျစ်လျူရှုချင်ရှုထားလိုက်… ဒါပေမဲ့ ရှန်းရှီအသင်းကိုတော့ အဆက်အသွယ်လုပ်ထား။ ဒါမှ တခြားလူတွေထက် ကိုယ်က သတင်းအချက်အလက် အမြန်ရမှာ နောက်ပြီး သူတို့ကို ကိုယ့်ဘက်ပါအောင် သိမ်းသွင်းနိုင်ရင် ပိုကောင်းတယ် အရာအားလုံးမှာ အကောင်းအဆိုးရှိတယ်။ ကိုယ်ဘယ်လိုလုပ်သလဲအပေါ်ပဲ မူတည်တာ”
ကျောက်အာကြည့်ရတာ အခက်တွေ့သွားပုံရတယ်။ သူမက အပြင်လူတွေနဲ့ မဆက်ဆံချင်လို့မဟုတ်ဘဲ အခုက ကလေးရှိနေတော့ အမေတစ်ယောက်အနေနဲ့ တာဝန်ကျေပွန်အောင်လည်း လုပ်ရဦးမယ်။ လောလောဆယ် အဲဒီအသင်းတွေနောက် လိုက်နေဖို့ သူမဘေးနားမှာ အားကိုးရတဲ့လူလည်း မရှိသေးဘူး။
“ထားလိုက်ပါတော့ တွေးရတာ ခေါင်းတောင်ကိုက်လာပြီ ဒါနဲ့ပြောတော့မှ နောက်တစ်ရက်နှစ်ရက်နေရင် ရှုလန်နဲ့ တခြားသူတွေကို သူတို့ဝေစုပေးရဦးမယ်လေ။ အဲဒါ ငါ အခုထိ သေချာပြန်မတွက်ရသေးဘူး”
သူတို့ ခွဲထွက်သွားပြီးကတည်းက လီ၊ မောက်နဲ့ ချန်မိသားစုတို့က ဝမ်ကျိပန်းဆိုင်ထဲမှာ မပါဝင်တော့ဘူး။ ဒါပေမဲ့ စီးပွားဖက်တွေဆိုတော့လည်း သူတို့ရှယ်ယာက ဘယ်လောက်မှမရှိတောင် အကျိုးအမြတ်ကိုတော့ မျှပေးရဦးမှာပဲ။
အရင်ဆုံး ဆိုင်ဖွင့်ဖို့က ကျောက်အာ အကြံရတာ နောက်တစ်ချက်က တခြားစီးပွားကနေ ရင်းနှီးမြှုပ်နှံတဲ့ ပိုက်ဆံက သိပ်မများဘူး။ အဲဒီအပြင် အခုလုပ်ငန်းကလည်း ကျောက်အာတစ်ယောက်တည်းပဲ ဦးစီးနေရတာ။
ဒါကြောင့် ကျောက်အာက အရင်ဆုံး စီးပွားတိုင်းကို ၁၀ ရာခိုင်နှုန်း ကမ်းလှမ်းခဲ့ပေမဲ့ ဘယ်သူမှလက်မခံခဲ့ဘဲ ရာခိုင်နှုန်းထက်ဝက်ကျမှ ထောက်ခံကြတယ်။ ဒီတစ်ဝက် တစ်ဝက် သဘောတူညီချက်က သင့်တော်တဲ့ပမာဏဖြစ်ပြီး ရွှေဥ ဥနိုင်တဲ့ငန်းကို ဈေးပေါပေါနဲ့ ရလိုက်သလိုပဲ။
တစ်ဖက်မှာလည်း ချန်ရှို့လန်က ဆိုင်အတွက် ပန်းဒီဇိုင်းအသစ်တွေထုတ်ဖို့ ကြိုးစားနေဆဲမို့ အရည်အသွေးမြင့် စားပွဲတင်ပန်းအတုလေးတွေ ရလာတဲ့အခါ တစ်ဖက်တစ်လမ်းက အပိုဝင်ငွေလေး ရလာတော့တယ်။
တွက်ရမဲ့စာရင်းတွေကို မြင်လိုက်တာနဲ့တင် ကျောက်အာရဲ့ဦးခေါင်းခွံတစ်ခုလုံး ကျိန်းစက်လာရတာကြောင့် သူမ တစ်ညလုံးထိုင်လုပ်တောင်မပြီးနိုင်မှန်း သိလိုက်တဲ့အခါ ရွှီထင်းရှန်းဆီ အလိုလို မျက်လုံးရောက်သွားတယ်။
ကျောက်အာက ဘေးတစ်စောင်းလှဲအိပ်နေတဲ့ ရွှီထင်းရှန်းရဲ့ လက်မောင်းကို လက်ညှိုးလေးနဲ့ သွားထိုးရင်း “နင် ငါ့ကို ကူတွက်ပေးလိုက်တော့”
သူမ ပြောပုံက အကူအညီတောင်းနေသံ နည်းနည်းလေးမှ မပေါက်တာမို့ ရွှီထင်းရှန်းက တမင်တကာ မျက်လုံးတောင် ဖွင့်မကြည့်ဘူး။ ကျောက်အာက တော်တော်ရှက်သွားတယ်။ ခဏလောက်စဥ်းစားခန်းဖွင့်ပြီးမှ မတတ်နိုင်သလိုနဲ့ နောက်တစ်ခါ ထပ်တို့ပြီး လေသံကလည်း အများကြီး ပိုချိုသာလာတယ်။
“နင်က ငါ့ထက် တွက်တာပိုမြန်တယ်လေ။ ပြီးတော့ ဒီအိမ်ရဲ့ အိမ်ထောင်ဦးစီးပဲဟာ နင် မိသားစုကိစ္စတွေကို အရေးမစိုက်တော့ဘူးလား”
‘အိမ်ထောင်ဦးစီး’ဆိုတဲ့စကားလုံး ကြားတာနဲ့ ရွှီထင်းရှန်းရဲ့မျက်ခွံတွေက အမိန့်ပေးစရာမလို တန်းပွင့်ပြီးသားပဲ။ ဒါပေမဲ့ သူက ပြုံးချင်စိတ်ကို မနည်းထိန်းထားပြီး ရုပ်တည်နဲ့ မူနေသေးတော့ ကျောက်အာက ဟုန်အာလေးကို လှည့်ဖက်ရင်း ငိုချင်ဟန်ဆောင်လိုက်တယ်။
“ဟုန်အာလေးးး သားလေး မြန်မြန်ကြီးလာမှပဲ ဟင့်ဟင့် ဒီအမေကို စာရင်းကူလုပ်ပေးလို့ရမှာ မင်းအဖေလို မလုပ်နဲ့နော်။ သူက မိသားစုကို ဂရုတောင်မစိုက်တော့ဘူး အီးဟီး”
154 06
“မေမေ မငိုပါနဲ့ ဟုန်အာက မကြာခင် ကြီးလာတော့မှာပါ”
ရွှီထင်းရှန်းက ပြဇာတ်ခင်းနေတဲ့ သားအမိနှစ်ယောက်ကြောင့် အမြင်ကပ်သလို ရယ်လိုက်မိပြီး သူ့မျက်စိအရှေ့မှာရှိနေတဲ့ ကျောက်အာရဲ့တင်းတင်းရင်းရင်း တင်ပါးနှစ်ခုကို ရိုက်လိုက်တယ်။
“ငါသာ တကယ်ဂရုမစိုက်ရင် အရင်ထဲက မင်းစာရင်းတွေကို ကူတွက်ပေးခဲ့ပါ့မလား ဟမ်…”
ရွှီထင်းရှန်းက ကုန်းထရင်း ကုတင်ဘေးအံဆွဲထဲက ကျောက်အာသိမ်းထားတဲ့ စာရင်းစာအုပ်အထပ်လိုက်ကို ဆွဲထုတ်ပြီး အိပ်ရာပေါ် ဖြန့်ခင်းလိုက်တယ်။ ပေသီးခုံပါ တစ်ခါတည်းယူလာကာ စာရေးဖို့လိုအပ်တဲ့ ပစ္စည်းအစုံလည်း ချထားလိုက်တယ်။
ဒီတော့မှ ကျောက်အာက သူ့အနားတိုးကပ်လာပြီး ပြုံးတုံ့တုံ့နဲ့ “ဟီးဟီး နင်က အကောင်းဆုံးဆိုတာ သိသားပဲ”
ရွှီထင်းရှန်းကတော့ အေးစက်စက်သာ နှာမှုတ်ပြလိုက်တယ်။
…..
154.2 01
“ဆိုတော့ ရှင်တို့က ဒီတိုင်းကြီး ယူဖြစ်သွားကြတယ်ပေါ့”
ဝူဝမ့်ချုံးရဲ့လေသံက နည်းနည်းထူးဆန်းပေမဲ့ ဘာကထူးဆန်းနေသလဲ မပြောတတ်တာကြောင့် ကျောက်အာက သိပ်တွေးမနေတော့ဘူး။ တစ်ဖက်အမျိုးသမီးရဲ့ မျက်နှာကို ကြည့်လိုက်တော့ ပုံမှန်ဖြစ်နေတာ တွေ့လိုက်ရပြီး သူမအကြည့်ထဲမှာ အားကျမှုတစ်သိန်းပါ ရိပ်ဖမ်းမိလိုက်သေးတယ်။
ဒီလိုမှတ်ချက်ပြုပြီးတာနဲ့ သူမက ဆက်ချည်ထိုးနေတော့ ကျောက်အာလည်း သူ အတွေးလွန်တာလို့ပဲ မှတ်ယူလိုက်တယ်။ တကယ်တော့ ကျောက်အာက တကူးတက သူမတို့အိမ်ထောင်ရေးအကြောင်း ပြောချင်တာမဟုတ်ပါဘူး။
ဒီတိုင်း ဝမ်ချုံးနဲ့ ပြောရင်းဆိုရင်း ဒီဘူတာစိုက်သွားတာ။ ဝူဝမ့်ချုံးကတော့ သူမအဖေက ကံသိပ်မကောင်းတဲ့ စာသင်သားတစ်ယောက်လို့ဆိုပြီး သူ့အဖေ တပည့်နဲ့ပဲ အိမ်ထောင်ပြုဖြစ်တာလို့ ပြောပြတယ်။
သူမဇာတ်လမ်းကို ပြောပြပြီးတော့ ကျောက်အာကိုလည်း ပြန်မေးလာတာ သဘာဝပဲလေ။ ဒီတလောအတွင်း နှစ်ယောက်သားက အတိုင်းအတာတစ်ခုအထိ ရင်းနှီးလာပြီး ဝယ်သူမလာရင် အချင်းချင်း စကားထိုင်ပြောနေကျမို့ ကျောက်အာကလည်း သူမက ရွှီမိသားစုရဲ့ ကလေးသတို့သမီးဆိုတာ ကွယ်ဝှက်မနေတော့ဘူး။
ကျောက်အာက ဘယ်တော့မှ သူများအကြောင်းကို ခရေစေ့တွင်းကျ လိုက်စဥ်းစားနေတတ်တဲ့သူမဟုတ်ဘူး။ သူမက ပြောဆိုပြီးတာနဲ့ ချောင်ထိုးထားလိုက်ကျပဲ။ ထိုအချိန် ဧည့်သည်တစ်ယောက်ရောက်လာတော့ ဝမ်ချုံးက လက်ထဲက ချုပ်ထည်ကိုပစ်ချပြီး သွားကြည့်ပေးတယ်။
ကျောက်အာက ဝမ်ချုံးရဲ့ မန်ဒရင်းဘဲလေးတွေ ရေထဲကူးခတ်နေတဲ့ပုံကို အသက်ဝင်စွာ ထိုးထားတဲ့ အဝတ်ကားချပ်လေးကို ကောက်ယူကြည့်လိုက်မိပြီး အထင်ကြီးမလေးစားဘဲ မနေနိုင်တော့ဘူး။ သို့သော်လည်း ဒါတွေက သူမ လိုက်မှီနိုင်တဲ့ပညာရပ်တွေ မဟုတ်ပါဘူး။
ကျောက်အာက အချုပ်အလုပ်တတ်တယ်ဆိုရင်တောင် သာမန်ရိုးရှင်းတဲ့ပုံစံတွေပဲ ရတာ ဒီလိုခက်ခဲတဲ့ အဆင့်ကတော့ သူမ လုပ်နိုင်စွမ်းထက် ကျော်လွန်သွားပြီ။ ကံကောင်းတာက သူမက ဒီလိုကိစ္စတွေအပေါ် အများကြီး လိုက်တွေးမနေတဲ့လူမျိုးမို့ တော်သေးတယ်။
ဧည့်သည်က ခဏပဲလာကြည့်ပြီး ပြန်ထွက်သွားတာကြောင့် ဝမ်ချုံးပြန်ရောက်လာတော့ ကျောက်အာ သူမအဝတ်ကားချပ်လေးကို ချလိုက်တာတွေ့တဲ့အခါ ပြုံးရင်း ဆိုတယ်။
“ကျောက်အာ ကြိုက်လို့လား။ ကြိုက်ရင် ကျွန်မထိုးလို့ပြီးတာနဲ့ ရှင့်စကပ်မှာ တပ်ပေးမယ်လေ”
ကျောက်အာက အမြန်လက်ကာပြရင်း “မဟုတ်တာ ကျေးဇူးတင်ပါတယ် ဒီလိုပုံထွက်လာဖို့ အစ်မ ကြိုးစားထိုးထားရတဲ့ဟာ ပြီးတော့ ကျွန်မလည်း အဲဒီလိုအရမ်း ကြွားတာတွေ မဝတ်ရဲပါဘူး”
“ဒါဆို ခါးပတ်လုပ်ပေးရမလား?”
“အစ်မဝမ့်ချုံး တကယ်ရပါတယ်။ လူကြီးလူကောင်းတစ်ယောက်က တခြားသူ ချွေးစိုနေတာကို မယူတတ်ဘူးတဲ့။ ကျွန်မက လူကြီးလူကောင်းမဟုတ်တောင် မယူနိုင်ပါဘူး။ အစ်မ ဒီပုံစံထွက်လာဖို့ ဘယ်လောက်အချိန်ယူ ထိုးရလဲဆိုတာ တွေ့နေတာပဲ ကိုယ့်ဘာသာပဲ သိမ်းထားလိုက်ပါ”
ဒီတော့မှ ဝမ်ချုံးက ဘာမှထပ်မပြောတော့ဘဲ “တကယ်တော့ ဟုန်အာလေးအတွက် အင်္ကျီတစ်ထည်လောက် ချုပ်ပေးဖို့စဥ်းစားနေတာ။ သူ့ကိုကျ ကျားပုံလေး ထိုးပေးမလားလို့ ဟုန်အာလေးက အသားဖြူတော့ သေချာပေါက် လိုက်မှာ”
“ကျွန်မက ဘယ်လိုလက်ခံနိုင်မှာလဲ”
154.2 02
“ဘာလို့ လက်မခံနိုင်ရမှာလဲ။ ကျောက်အာ ကျွန်မကို ဒီမှာအလုပ်ပေးတာနဲ့တင် ကျေးဇူးတင်နေရမှာကို ဟုန်အာလေးကလည်း အရမ်းလိမ္မာတယ်။ ချစ်ဖို့ကောင်းလွန်းလို့ အခုတောင် သူ့အင်္ကျီလေး ချုပ်ပေးချင်နေပြီ ကောင်စုတ်လေးက ‘ဒေါ်လေး ဒေါ်လေး’နဲ့ သိပ်ချွဲတက်တာ”
ကလေးအကြောင်း ပါလာတာနဲ့ မျက်လုံးတွေဝင်းလက်သွားတာကို ကျောက်အာ သတိထားမိတော့ ခဏလောက်တုံ့ဆိုင်းနေပြီးမှ “အခုဆို ဝမ့်ချုံးရဲ့ယောက်ျားဆုံးတာ နှစ်နဲ့ချီနေပြီမလား။ နောက်အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိဘူးလား?”
ဝူဝမ့်ချုံးက ခဏလောက် လုပ်လက်စတွေ တန့်သွားပြီးမှ ခေါင်းငုံ့ချလိုက်တယ်။
“ဒီမြို့တော်ကြီးမှာ ကျွန်မက အဆက်အသွယ်လည်းမရှိတဲ့ တစ်ကောင်ကြွက်လေ။ ပြီးတော့ ဘယ်သူ့ကိုမှလည်း ထပ်မယူချင်တော့ပါဘူး”
“ဒါပေမဲ့ အခုမှ ငယ်ငယ်လေးပဲရှိသေးတာကို …”
ထိုအချိန်မှာပဲ ဆိုင်တံခါးအပြင်နားက ဟုန်အာရဲ့အသံကျယ်ကျယ်နဲ့ ရွှီထင်းရှန်းရဲ့ အသံတိုးတိုးကို လေအဝှေ့မှာ ကြားလိုက်ရတယ်။ ရွှီထင်းရှန်းက ဟန်လင်းကျောင်းတော်က တာဝန်ပြီးလို့ နက်ပြာရောင်သာမန်အဝတ်အစားပဲ ဝတ်ထားတာတောင် မြင့်မားတဲ့အရပ်နဲ့ အသားဖြူဖြူ မျက်နှာချောချောတို့က အများကြား ထင်းထွက်နေအောင် ပံ့ပိုးပေးထားတယ်။
သူက ဟုန်အာလေးနဲ့ ခေါင်းငုံ့ရင်း စကားတွေပြောနေပြီး လက်ကိုင်ရင်း လျှောက်လာကြတဲ့ သားအဖနှစ်ယောက်က မြင်သူတကာရင်ထဲ နွေးထွေးသွားစေတယ်။ ဟုန်အာက ဆိုင်ထဲဝင်တာနဲ့ ကျောက်အာဆီ တည့်တည့်ပြေးဝင်လာတယ်။
‘မေမေ့’ဆိုတဲ့အားရဝမ်းသာခေါ်သံနောက်မှာ ‘ဒေါ်လေး’ဆိုတဲ့အသံကလည်း ကပ်ပါလာတယ်။ ကျောက်အာက နောက်မှ ရွှီထင်းရှန်းနား လျှောက်လာပြီး “နင် နေ့တိုင်း အလုပ်စောစောဆင်းနေတာ အထက်လူကြီးတွေဆီက အဆူခံရမှာ မကြောက်ဘူးလား”
သူမ နောက်နေတာ သိတာမို့ ရွှီထင်းရှန်းကလည်း ရယ်ရယ်မောမောနဲ့ မျက်နှာပြောင်တိုက်တယ်။
“မကြောက်ပါဘူး။ ငါ့အထက်လူကြီးတွေက ငါ့ကို ချီးမွမ်းခန်းဖွင့်နေရတာနဲ့ မအားလို့ ဆူချိန်တောင် မရှိဘူးလေ။ ပြီးတော့ ငါပြန်လာတာ နောက်ကျရင်လည်း မင်းက မိတ်ဆွေတွေနဲ့ တစ်ဝိုင်းထောင်နေပြီလို့ တွေးနေမှာမလား။ တကယ်လို့ မင်းသဝန်တိုပြီး စိတ်ဆိုးရင် ညကျ အပြင်မှာထွက်အိပ်ရမှာ ငါလေ”
ရွှီထင်းရှန်းရဲ့စကားတွေက နန်းတွင်းမှာအမှုထမ်းနေတဲ့ စာသင်သားတစ်ယောက်အနေနဲ့ အတော်လေး ဗရုတ်သုတ်ခဆန်ပေမဲ့ သူဆိုတာ သူမအရှေ့မှာ ဘယ်တုန်းက တည်ငြိမ်ဖူးလို့လဲ။ ကျောက်အာက ဒီတိုင်း လင်မယားကြား သီးသန့်ကိစ္စတွေကို ဝမ်ချုံးအရှေ့မှာ ပြောလိုက်မိလို့သာ နည်းနည်းရှက်သွားတယ်။
အမှန်တော့ မိတ်ဆွေတွေနဲ့ သွားသောက်တာရဲ့နောက်ကွယ်မှာ တကယ်ကြီး အတွင်းဇာတ်လမ်းတစ်ခုရှိတယ်။ ပြောရရင် မောက်ပါ့သိုနဲ့ အဖွဲ့ရှိနေစဥ်ကာလကို ပြန်သွားရမှာပဲ။ တစ်ခေါက် လင်းယန့်ရန်နဲ့ မောက်ပါ့သိုတို့ အကြီးအကျယ် ရန်ဖြစ်ဖူးတယ်။
ဖြစ်ပုံကတော့ လင်းယန့်ရန်တစ်ယောက် မောက်ပါ့သိုဆီက သူမ မသုံးတဲ့မျက်နှာချေမှုန့်တချို့ တွေ့ရာကနေ စတာပဲ။ မေးမြန်းကြည့်တော့မှ မောက်ပါ့သိုနဲ့လီသာ့ထျန်တို့နှစ်ယောက်သား တကယ်လည်း သူတို့ရွာက ကာလသားတွေနဲ့အတူ သောက်စားပျော်ပါးခဲ့တယ်လို့ သိရတယ်။
အမှန်တော့ သူတို့က သောက်ရုံသာရှိပြီး ကောင်မလေးတွေလည်း မခေါ်ခဲ့ပါဘူး။ နှစ်ယောက်သား လိုက်သွားတယ်ဆိုတာကလည်း သူတို့ကို အထင်သေးမှာစိုးလို့ ဒါပေမဲ့ ဒီကိစ္စကြောင့်ပဲ လင်းယန့်ရန်တို့ စကားများတော့ လီသာ့ထျန်ပါ ဒီအရှုပ်ထဲ ဆွဲထည့်ခံရတော့တယ်။
သူတို့ကို စိတ်ငြိမ်အောင် မနည်းထိန်းပြီး အခန်းပြန်ပို့ပြီးသွားတော့မှ ကျောက်အာကလည်း ချက်ချင်းဆိုသလို ရွှီထင်းရှန်းကို ဆောင်ကြာမြိုင်ရောက်ဖူးသလားလို့ မေးလာတယ်။ မေးတာကတော့ ပုံမှန်လေသံပါပဲ နောက်ကွယ်မှာ ထောင်ချောက်ဆင်ထားတာတွေလည်း ရှိရင်ရှိမှာပေါ့။
154.2 03
ဒါပေမဲ့ ရွှီထင်းရှန်းကတော့ ကျောက်အာက သဝန်တိုတတ်တဲ့လူပဲဆိုကာ နှစ်ယောက်သား အချိန်တစ်ခုအထိ စနောက်ရင်း သူတို့ဆောင်ကြာမြိုင်က ထွက်လာတဲ့နောက်ပိုင်းဇာတ်လမ်းတစ်ခုကို ရောက်သွားကြပြန်တယ်။
ကျောက်အာက ဝမ့်ချုံးကြားသွားမှာစိုးလို့ လှည့်ကြည့်လိုက်တဲ့အချိန် တကယ်လည်း ကြားသွားတဲ့ဝမ်ချုံးက မျက်နှာပူလို့နဲ့တူပါတယ် ဟုန်အာလေးကို ခေါ်ပြီး ရှောင်ထွက်သွားတယ်။ ဒါကိုမြင်မှ ကျောက်အာက သက်ပြင်းတစ်ချက်ချပြီး ရွှီထင်းရှန်းနဲ့ စကားဆက်ပြောနေလိုက်တယ်။
ဝူဝမ့်ချုံးက ဟုန်အာကစားဖို့ ပန်းခူးပေးဖို့ ပြင်လိုက်ပေမဲ့ သူမ မျက်စိတွေက ခပ်လှမ်းလှမ်းက ကျောက်အာတို့ဆီပဲ ရောက်ရောက်နေတယ်။ ဟိုဘက်က လင်မယားနှစ်ယောက်ကတော့ သူတို့ချည်းပဲ ရှိတော့လို့လားမသိ အခုနကထက် ဆင်ခြင်နေတာတွေ လျော့သွားတယ်။
ရွှီထင်းရှန်းက သူ့ရဲ့ပုံမှန် တည်ကြည်သိက္ခာရှိတဲ့ အမူအရာကို လုံးဝလွှင့်ပစ်လိုက်ပြီး အချစ်ထုံနေတဲ့ ယောက်ျားတစ်ယောက်လို သူ့မိန်းမပေါ်က လက်ကိုမခွာနိုင်တော့ဘူး။ သူက တစ်ခါတလေ ကျောက်အာ နှာခေါင်းလေးကို ညှစ်ရတာနဲ့ ပါးလေးဆွဲရတာနဲ့ မအားလပ်နိုင်ပေမဲ့ ခါးတစ်ဝိုက်က လက်ဖျံတွေကတော့ မြွေလို မလွှတ်တမ်း ရစ်ပတ်ထားတယ်။
ကျောက်အာကလည်း လုံးဝစိတ်ထဲရှိပုံတောင်မပေါ်ဘဲ သာမန်အတိုင်း အေးအေးလူလူဖြစ်နေတယ်။ အမှန်တော့ ကျောက်အာလည်း စဥ်းလဲတဲ့မြေခွေးရွှီရဲ့ အကျင့်လုပ်မှုကြောင့် အခုနေသားကျသွားလို့ ဒီလိုမတုံ့ပြန်ဘူးဆိုတာတော့ ဘယ်သူမှမသိကြဘူး။
“ဒေါ်လေး ပန်းတွေကြေကုန်ပြီ”
ဟုန်အာလေးအသံထွက်လာမှ ဝူဝမ့်ချုံးက လက်ရှိကို အသိပြန်ဝင်လာတယ်။ သူမ ငုံ့ကြည့်လိုက်တဲ့အခါ ကလေးအတွက် ဆိုင်အဝနားက ခူးပေးထားတဲ့ ပန်းအားလုံး သူမ လက်ချက်ကြောင့် ကြေမွကုန်တာ တွေ့လိုက်ရတယ်။
“အိုး ဟုတ်သား ဒေါ်လေး အားများသွားလို့ ထပ်ခူးပေးမယ်နော် ဟုန်အာလေး”
သူမက လက်ထဲက ပန်းအကြေတွေကို ပန်းအိုးထဲ အလျင်စလို ပြန်ပစ်ထည့်လိုက်ပြီး အသစ်ထပ်ခူးပေးလိုက်တယ်။ ဒီအရိုင်းပန်းလေးတွေက ဆိုင်အရှေ့မျက်နှာစာကို အလှဆင်ဖို့အတွက်ဖြစ်ပြီး ပန်းခင်းငယ်လေး ဖျက်ကာ ပြန်ပြင်တဲ့အချိန် အမြစ်ပွားတွေကို ယူစိုက်ထားတာ ဖြစ်တယ်။
သူတို့တွေက ကောင်းကောင်းပွင့်နေတော့ ကျောက်အာလည်း မလွှင့်ပစ်ရက်တာနဲ့ ပန်းအိုးဝယ်ပြီး စိုက်ထားလိုက်တော့တယ်။ တောပန်းတွေရဲ့သဘာဝအလျောက် ဘာမှသိပ်ဂရုစိုက်စရာမလိုတာနဲ့ ဆိုင်ဝင်ပေါက်ရဲ့ ဘယ်ဘက်နားမှာ ပစ်ထားလိုက်ရင်ပဲ နေ့တိုင်းပွင့်နေတော့တာ။
ဝူဝမ့်ချုံးက ဒီတစ်ခါတော့ အာရုံမလွင့်ရဲတော့ဘဲ ပန်းအရိုးတံတွေပါ ပါအောင်ခူးပြီး အရွက်လေးနဲ့ပဲ ပန်းစည်းငယ်လေးအဖြစ် ဟုန်အာလက်ထဲ ထည့်ပေးလိုက်တယ်။ ထိုစဥ် ရွှီထင်းရှန်းရဲ့မျက်ဝန်းတွေက သူမတို့ဘက် ယာယီလောက်ရောက်လာပြီး အေးစက်သွားတယ်။
“ဘာတွေကြည့်နေတာလဲ”
ကျောက်အာအသံ ရုတ်တရက် ထွက်လာတာနဲ့ ဒီဘက်ပြန်လှည့်လာတဲ့ မျက်ဝန်းတွေက နူးညံ့ရိပ်သန်းသွားကာ သူ့သားဘက်ကို ညွှန်ပြလိုက်တယ်။
154.2 04
“ဟိုအဆိုးလေးကို ကြည့်နေတာ အဲဒီပန်းတွေနဲ့ ဘယ်ကောင်မလေးကို သွားပိုးဦးမလဲလို့”
ဟုန်အာက ပန်းစည်းလေးကို ကိုင်ပြီး ပျော်ရွှင်မြူးထူးစွာ ပြေးထွက်သွားတယ်။
“နင် သွားကြည့်လေ ဝမ်ချုံးလည်း အလုပ်ဆင်းတော့မှာဆိုတော့ တကယ်လို့ ဟုန်အာ ဗိုက်ဆာရင် နင်သူ့ကို တစ်ခုခုအရင် ဝယ်ကျွေးလိုက် ငါ အိမ်ရောက်မှ ထမင်းချက်လိုက်မယ်”
ရွှီထင်းရှန်းက ခေါင်းညိတ်ပြလိုက်ပေမဲ့ ချက်ချင်း လိုက်သွားမဲ့အစား ကျောက်အာကို ဆိုင်အတွင်းခန်းထဲ ပိုထိုးထည့်လိုက်တယ်။
“ဘာဖြစ်လို့လဲ”
သူက အသံတိတ် ပါးကို လက်ညှိုးထိုးပြတယ်။ ကျောက်အာက ဘာလုပ်ခိုင်းမှန်းသိသွားတော့ နေရခက်စွာနဲ့ ငြင်းတယ်။
“နင်နော် အပြင်ကြီးမှာ”
ဒါပေမဲ့ ခေါင်းမာတဲ့ ရွှီထင်းရှန်းက သူ့လက်နဲ့ ပါးကိုထိုးပြနေဆဲဖြစ်ပြီး ‘မင်းမပေးမချင်း မသွားဘူး’လုပ်နေတယ်။ ကျောက်အာမှာ ရှက်လည်းရှက် လူမိသွားမှာလည်း ကြောက်တဲ့အပြင် ရွှီထင်းရှန်း ဒီလိုအရှက်မဲ့နေတာကိုသာ တစ်ယောက်ယောက်မြင်သွားရင် သူသိက္ခာကျမှာ စိုးရသေးတယ်။
နောက်ဆုံးတော့ ခြေဖျားလေးထောက်ရင်းသာ သူ့ပါးပြင်ကို ခပ်သွက်သွက် လှမ်းနမ်းလိုက်တော့မှ ရွှီထင်းရှန်းက ကျေနပ်ပြုံးကြီးနဲ့ လှည့်ထွက်သွားတယ်။ ကာယကံရှင်တွေကတော့ ဘယ်သူမှမတွေ့လိုက်ဘူး ထင်သော်လည်း တံခါးနားမှာ ကွယ်ရပ်နေတဲ့ ဝူဝမ့်ချုံးက အစအဆုံးမြင်တွေ့လိုက်ရတယ်။
ရွှီထင်းရှန်း ထွက်လာတာတွေ့တော့ သူမက အမြန်ခေါင်းတစ်ဖက်လွှဲလိုက်ပြီး မနီးမဝေးက ဟုန်အာလေးကို ကြည့်ချင်ဟန် ဆောင်နေလိုက်တယ်။ ရွှီထင်းရှန်းက သူမကို ဖြတ်လျှောက်သွားပြီး နှစ်လှမ်းလောက်ကျော်တဲ့အခါ တန့်သွားတယ်။
“ကျောက်အာက အလုပ်ဆင်းလို့ရပြီလို့ ပြောတယ်”
သူက နောက်လှည့်မကြည့်ဘဲ အေးစက်စက်လေသံနဲ့ ဒီတစ်ခွန်းပြောပြီးတာနဲ့ သူမကို ချန်ရစ်ခဲ့တယ်။
******