အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
အခန်း ၁၅၅
နေမင်းကြီးက နေရာအနှံ့ကို အလင်းပေးနေပေမဲ့ ဒီရှုပ်ယှက်ခတ်လွန်းတဲ့ လမ်းကြိုလမ်းကြားတွေထဲမှာတော့ နေပျောက်လေးတွေအဖြစ်သာ ဖြာကျနိုင်တယ်။ အဲဒီအချိန်မှာပဲ ရွှီထင်းရှန်းက အရိပ်တွေကြားထဲက နေရောင်အပြည့်ရတဲ့ ဟင်းလင်းပြင်ထဲ ထွက်လာတယ်။
ရွှေညိုရောင်အလင်းတန်းအောက်မှာ တောင့်တင်းတဲ့ သူခန္ဓာကိုယ်က မားမားမတ်မတ်ရှိနေပြီး အင်မတန် မျက်စိပသာဒဖြစ်စေတဲ့ အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေတယ်။ ဝမ့်ချုံး မျက်စိတွေ ကျိန်းသွားတာကတော့ နေရောင်ကြောင့်လား သူ့ကိုယ်ရောင်ကြောင့်လားတော့ မပြောတတ်ဘူး။
သူမက မသိလိုက်ခင်မှာပဲ မျက်လုံးကို လက်နဲ့ကာလိုက်မိပြီး အထဲက ကျောက်အာရဲ့ခေါ်သံ ထွက်လာတယ်။ ဝမ့်ချုံးက အလျင်စလို ထရပ်လိုက်မိပေမဲ့ အထဲတော့မဝင်တော့ဘဲ အဝကနေသာ ပြန်တော့မယ်ဖြစ်ကြောင်း အသိပေးပြီး အမြန်ထွက်လာခဲ့လိုက်တယ်။
ကျောက်အာကတော့ သူမ ကျန်ခဲ့တဲ့ ထိုးလက်စ ချည်အဝတ်လေးကိုတစ်လှည့် ထွက်သွားတဲ့ ကျောပြင်ကိုတစ်လှည့် လိုက်ကြည့်နေမိတယ်။ စဥ်းစားကြည့်လိုက်တော့ မနက်ဖြန်လည်း ဆိုင်လာဦးမှာပဲမို့ နောက်တစ်ခါ အော်မဲ့ပါးစပ်ကို အသာပြန်ပိတ်လိုက်တော့တယ်။
ဝူဝမ့်ချုံးရဲ့ ရထားလုံးက တူညီတဲ့နေရာမှာပဲ အသင့်စောင့်ဆိုင်းနေတယ်။ ဟန်ဆောင်မကောင်းရင် အမြန်ပေါ်သွားမှာစိုးတဲ့ ဝူဝမ့်ချုံးက သူမ တင်တောင်းတဲ့ပိုင်ဆိုင်မှုထဲမှာပါတဲ့ အိမ်တစ်အိမ်ကို အယောင်ပြထားလိုက်တယ်။
သူမ အလုပ်သွားတိုင်း အဲဒီမှာ ယင်းကော်နဲ့ လှည်းသမား အားဝူတို့ကို နေခိုင်းလိုက်ပြီး အလုပ်ဆင်းမှ လာကြိုဖို့ ပြောထားတယ်။ ဒီနေ့လည်း ယင်းကော်က မျက်နှာမကောင်းတဲ့ သူတို့သခင်မလေးကို တွေ့ပြီး စိတ်ပူစွာ မေးတယ်။
“သခင်မလေး ဘာများဖြစ်လို့လဲ”
ဝူဝမ့်ချုံးက သူ့မျက်နှာသူ ပြန်ကိုင်ကြည့်လိုက်ပြီး “ဘာမှမဖြစ်ဘူး ဒီတိုင်း နည်းနည်းခေါင်းမူးနေလို့ နေပြင်းလို့ ထင်ပါတယ်”
ယင်းကော်က အလွန်အမင်း စိတ်မကောင်းဖြစ်သွားတဲ့ပုံနဲ့ အသာစောဒကတက်တယ်။
“သခင်မလေးရယ် ဘာရမှာမို့လို့ ဒီလောက်အထိ ဒုက္ခခံနေရတာလဲ?”
ဟုတ်ပါရဲ့ ဘာရမှာမို့လို့လဲ။
ဝူဝမ့်ချုံးက သူမ လက်တွေကို ပြန်ကြည့်လိုက်တယ်။ ဒီလက်တွေက ပြစ်မျိုးမှဲ့မထင် ဖြစ်နေရမှာဆိုပေမဲ့ အခုတော့ နေ့တိုင်းအလုပ်လုပ်လို့ ကြမ်းလာပြီ။ သာမန်လူတွေအတွက်တော့ ဒါက မပြောပလောက်ဘူးဆိုရင်တောင် အရင်က သူမပုံနဲ့ယှဥ်ရင်တော့ သည်းမခံနိုင်စရာပဲ။
ဒါပေမဲ့ သူမ ကျောက်အာရဲ့လက်တွေကို ခိုးကြည့်လိုက်တော့ ယင်းကော်ရဲ့လက်တွေထက်တောင် ပိုဆိုးနေတာ တွေ့လိုက်ရတယ်။ လက်နှစ်ဖက်စလုံး ခပ်ပါးပါး အသားမာတွေတက်နေပြီး လက်ဖမိုးမှာဆို အတော်လေး မှိန်တဲ့ ဆီပူလောင်ရာတွေတောင် ရှိနေသေးတယ်။
မီးဖိုချောင်ဝင်တယ်ဆိုတာက သူမနဲ့ လုံးဝကြီးမစိမ်းသက်တဲ့ အလုပ်တစ်ခုပါ။ ဒါပေမဲ့ အဲဒါနဲ့ပဲ ကိုယ်တိုင်ဝင်ချက်တယ်လို့တော့ မဆိုလိုဘူးလေ။ သူမ ပါးစပ်ကနေ ညွှန်ကြားလိုက်ရုံနဲ့ အောက်က အစေခံတွေက တန်းစီလုပ်သွားကြတာပဲ။
ပွက်ပွက်ဆူနေတဲ့ ဆီပူတွေ ဒယ်အိုးထဲက ပေါက်တာကိုလည်း သူမ မြင်ခဲ့ဖူးပါတယ် အရမ်းကြောက်စရာကောင်းလွန်းလို့ ဟင်းလျာတစ်ခု ချက်ပြုတ်တိုင်း သူမ မီးဖိုချောင်အဝမှာပဲ နေရဲတော့တယ်။
သို့တိုင် တချို့လူတွေရဲ့ ဒီလိုမလှမပလက်တွေက သူမရဲ့ကျောက်စိမ်းလက်တွေထက် ပိုတန်ဖိုးထားခံနေရတုန်းပဲ။
ဥပမာ ဘယ်သူမှကြည့်မနေတဲ့အချိန် ကျောက်အာရဲ့လက်ဖဝါးတွေကို ရတနာသဖွယ် နူးနူးညံ့ညံ့ ဆုပ်ကိုင်ထားတဲ့ ရွှီထင်းရှန်းလိုပေါ့။ သူမ ဘာကိုအပြေးလိုက်နေမိတာလဲ။ သူတို့က သေတပန်သက်တဆုံး အတူရှိဖို့ သစ္စာဆိုထားကြတာ။
155 02
ဝူဝမ့်ချုံးက သူမလက်တွေကို ပြန်ချလိုက်ပြီး တိတ်တိတ်လေး လက်ဖျားစထဲ ဖွက်ထားလိုက်တယ်။ အမှန်တော့ သူမလည်း ဘာကိုပြေးလိုက်နေမိမှန်း မသိဘူး။ ရထားလုံးလေး ဝူအိမ်တော်အရှေ့ မရောက်ခင်မှာပဲ ဝမ့်ချုံးက ယင်းကော်အကူအညီနဲ့ လှည်းထဲမှာပဲ သူမရဲ့တန်ဖိုးကြီးအဝတ်အစားတွေ ပြန်လဲလှယ်လိုက်တယ်။
အခုတော့ မုဆိုးမလေး ဝမ့်ချုံးမဟုတ်တော့ဘဲ ဝူအိမ်တော်ရဲ့အကြီးဆုံးသမီး ဝူဝမ့်ချုံးဖြစ်သွားခဲ့ပြီ။ သူမက စံအိမ်ကြီးရဲ့အနောက်ဘက်ဝင်ပေါက်ကနေ ဝင်လာပြီး သူမအဆောင်ဝန်းထဲ ရောက်တဲ့အချိန်မှာပဲ အစေခံတစ်ယောက်က သခင်ကြီးဝူဆီက အခေါ်တော်ရှိတယ်လို့ လာတင်ပြတယ်။
ဝူအိမ်တော်တစ်ခုလုံးမှာ ဝူကောလောင်ရဲ့ စာကြည့်ခန်းက လုံခြုံရေးအတင်းကျပ်ဆုံးပဲ။ ဒါပေမဲ့ ဒီအစောင့်အကျပ်တွေက သခင်မလေး ဝူအပေါ်မှာတော့ မသက်ရောက်ပါဘူး။ သူမ ခြံဝန်းအဝရောက်တာနဲ့ အစေခံတစ်ယောက်က လမ်းပြခေါ်ဆောင်လာပြီး အထဲဝင်လိုက်တဲ့အခါ အမတ်မင်းဝူက အရှေ့မှာ ပေလိပ်တစ်ခုနဲ့အတူ သူ့စားပွဲမှာ ထိုင်နေတယ်။
သူမရောက်လာတာမြင်တော့ ထိုစာလိပ်ကို ကမ်းပေးလာတယ်။ ဝူဝမ့်ချုံးက ခဏလောက်တန့်သွားပြီးမှ တစ်စုံတစ်ခုကို နားလည်လိုက်သလို နှုတ်ခမ်းတွေ တင်းတင်းစေ့မိသွားတယ်။ သေချာပေါက် သူဖြေဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ယောက်ျားပျိုတစ်ယောက်ရဲ့ ပုံတူကားချပ်နဲ့အတူ နောက်ကြောင်းရာဇဝင်ကအစ အသေးစိတ်တွေ့လိုက်ရတယ်။
တစ်တိုင်းပြည်လုံးမှာ တော်ဝင်မိသားစုက မင်းသမီးတွေသာ သူတို့ခင်ပွန်းသည်ကို ဒီလိုရွေးချယ်နိုင်တာ။ တာ့ချန်းခေတ်မှာတော့ ဝူမိသားစုက ချွင်းချက်ပေါ့လေ။
“ဒီတစ်ယောက်ကို ဘယ်လိုထင်လဲ”
သမီးစိတ်ကြိုက် သတို့သားလောင်း ရွေးပေးတယ်လို့သာပြောတာ လက်တွေ့ကျတော့ အမတ်မင်းဝူ စိတ်တိုင်းကျမှသာ ထိုလူပျိုရဲ့ အကြောင်းအရာတွေက ဝူဝမ့်ချုံးလက်ထဲ ရောက်တာ။ သူမက သေချာဂရုတစိုက် ဖတ်ကြည့်လိုက်တယ်။
ထိုသူက အသက် ၂၃နှစ် ရှန်ဒုန်းကဖြစ်ပြီး ဖခင်က စောစီးစွာဆုံးပါးသွားခဲ့တယ်။ လက်ရှိ မိခင်ဖြစ်သူကလည်း အိပ်ရာထဲလဲနေလို့ သူ့မွေးရပ်မြေမှာပဲ ပြန်လည်ထူထောင်ရေးလုပ်နေရတဲ့အတွက် သူက မြို့တော်ကို တက်မလာနိုင်သေးဘူး။
သူက ဆင်းရဲတဲ့မိသားစုက ဆင်းသက်လာတာဆိုသော်ငြား နန်းတွင်းစာမေးပွဲကို ငယ်ငယ်ရွယ်ရွယ်မှာ အောင်မြင်တဲ့အထိ ပညာရေးမှာတော့ ထူးချွန်တယ်။ အခုသူက ဟန်လင်းကျောင်းတော်မှာ ဂျူနီယာစာသင်သားအဖြစ် တက်ရောက်နေတယ်။
အဲဒါထက် ဒီလူက အတော်ကြည့်ကောင်းပြီး ချောမောတယ်လို့တောင် ဆိုနိုင်တယ်။ ဝူဝမ့်ချုံးကတော့ သူ့အဖေတစ်ယောက် ဒီလိုလူတစ်ယောက်ရှာတွေ့ဖို့ တော်တော်အားထုတ်ရမှာကို ခန့်မှန်းမိပြီး တိုးတိုးတိတ်တိတ် သက်ပြင်းချလိုက်မိတယ်။
သေချာပေါက်ပါပဲ သူမ ဘာမှမတုံ့ပြန်နိုင်ခင် အမတ်မင်းဝူက ထပ်ပြောတယ်။
“စိတ်တိုင်းကျတယ်မလား။ မပူပါနဲ့ ချုံးအာ အဖေက သမီးကို ဒုက္ခမခံခိုင်းပါဘူး”
သူ့သမီးက တိတ်ဆိတ်နေသေးတာတွေ့တော့ အမတ်မင်းဝူက ဆက်ပြောတယ်။
“ဒီလူက နောက်ခံလည်း ဆင်းရဲတယ်။ မိဘတွေလည်း မရှိတော့ဘူး။ အမေကတော့ ရှင်နေသေးတယ်ဆိုပေမဲ့ မရှိတော့သလိုပါပဲ။ အဲဒါဆို သမီး ယောက္ခမနဲ့ချွေးမကြားက ဆက်ဆံရေးကိုလည်း စိတ်ပူနေစရာ မလိုတော့ဘူးလေ. လူငယ်လေးကလည်း အဆင်းရောအချင်းရောရှိပြီး အလားအလာလည်းရှိတယ်. ဒီအသက်အရွယ်နဲ့ နန်းတွင်းစာမေးပွဲကိုတောင် ကိုယ့်ဘာသာ အောင်သွားသေးတယ်။ တကယ်လို့ နောက်ပိုင်း ဒီအဖေမရှိတော့ရင်လည်း သူက ဝူမိသားစုကို ကူညီပေးနိုင်မှာပါ”
အမတ်မင်းဝူ ဒီအချက်တွေကို ဘာလို့အဓိကထား အာရုံစိုက်နေရလဲဆိုတာ အကြောင်းအရင်းရှိတယ်။ လက်ရှိ တာ့ချန်းမင်းဆက်ရဲ့ ထုံးတမ်းစဥ်လာတွေအရဆို ယောက်ျားလေးအများစုက အသက် ၁၇ ၁၈မှာ အိမ်ထောင်ပြုပြီး ၂၀မှာ ဖခင်တွေဖြစ်နေကြပြီ။
ဒီလူက ဝူဝမ့်ချုံးနဲ့ရွယ်တူဖြစ်ရုံတင်မက နန်းတွင်းအမှုထမ်းလည်းဖြစ်သလို မိဘရော ဆွေမျိုးရော မရှိတဲ့အတွက် မျိုးဆက်မရှိတဲ့ဝူမိသားစုကို ဆက်ခံသူလာလုမဲ့အရေးကိုလည်း မပူရတော့ဘူးပေါ့။ ဒါကြောင့် ဝူဝမ့်ချုံးရဲ့ မှန်းချက်က အမှန်ပဲ အမတ်မင်းဝူက ဒီလိုလူတစ်ယောက်ရှာတွေ့ဖို့အရေး အတော်လေး ကြိုးပမ်းထားရတာ။
ဝူဝမ့်ချုံးကတော့ ရင်ထဲက ဝမ်းနည်းကြေကွဲမှု တစ်စိတ်တစ်ဒေသနဲ့ အားပေးလိုက်တယ်။
“အဖေ အဲဒီလိုမပြောပါနဲ့. အခုလည်း ကျန်းမာရေးကောင်းနေတဲ့ဟာ အဖေက နောက်နှစ်တစ်ရာလောက်အထိ သေချာပေါက် နေသွားရမှာ အဲဒီအခါ သမီးတို့ ဝူမိသားစု ပိုပိုကြီးပွားလာတာကိုပါ ကြည့်သွားရဦးမှာပါ”
155 03
အမတ်မင်းဝူက ပြုံးလိုက်ပြီး “ငါ့မြေးတွေကို မြင်နိုင်မယ်ဆိုရင်တော့ ဒီအဖေက အပျော်ဆုံးပေါ့ကွာ။ သူတို့ကို အရွယ်ရောက်တဲ့အထိ ပျိုးထောင်ပြီး နောင်တစ်ချိန် ဝူအိမ်တော်ကို လက်လွှဲပေးလိုက်ရရင်ပဲ ဒီအဖေ စိတ်ချလက်ချ ခေါင်းချနိုင်ပါပြီ”
သူ့စကားထဲမှာ မြစ်မဟုတ်ဘဲ ဘာလို့မြေးဖြစ်နေရလဲဆိုတော့ အမတ်မင်းဝူက သူ့မိသားစုနဲ့နေမဲ့ သမက်တစ်ယောက် ဘယ်တော့မှ ရှာဖို့စိတ်ကူးမရှိလို့ပဲ။ သမက်ရှာတယ်ဆိုတာ လူတစ်ယောက်ရဲ့ မျိုးရိုးဆုံးသွားတော့မှသာ လုပ်ရတာ အမတ်မင်းဝူက မျိုးဆက်ပြတ်သွားတာ မဟုတ်တဲ့အတွက် လုပ်မှာလည်းမဟုတ်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ရွေးချယ်လိုက်ပြီဆိုရင်တော့ သမက်မဟုတ်တောင် မိသားစုထဲဝင်လာမှာနဲ့ အတူတူပဲလေ။ ဝူဝမ့်ချုံးက နှုတ်ခမ်းတွေကို ဖိပိတ်လိုက်ပြီးမှ အတင်းပြုံးလိုက်တယ်။
“အဖေ့ဆန္ဒက ဖြစ်မြောက်လာမှာပါ”
“သမီး အဆင်ပြေရင် ငါတို့ ဒီတစ်ယောက်ကိုပဲ ရွေးကြတာပေါ့။ လာမဲ့ရက်ထဲမှာပဲ သမီးကိုလာတွေ့ဖို့ အဖေ သူ့ကို ဝူချန်းနဲ့ပြောခိုင်းလိုက်မယ်။ ဒါမှ သမီးလည်း ကိုယ်တိုင်အကဲခတ်ကြည့်ပြီး စိတ်အေးရအောင်လို့”
ဝူကောလောင်က ပြောပြီးတာနဲ့ စားပွဲပေါ်က စာရွက်စာတမ်းတွေထဲ ခေါင်းပြန်စိုက်လိုက်တယ်။ မမျှော်လင့်ထားတာက ဝူဝမ့်ချုံးက ခဏလောက်တန့်ပြီးမှ ‘စဥ်းစားပါရစေဦး’လို့ ဆိုလာတာပဲ။ ဒီတော့မှ အမတ်မင်းဝူက သူ့သမီးကို အံ့ဩတကြီး မော့ကြည့်တယ်။
ဝူဝမ့်ချုံး ကြည့်ရတာ သိသိသာသာကို မသက်မသာဖြစ်နေတာတွေ့တော့ သူ အရမ်းများ တွန်းအားပေးမိပြီလားဆိုကာ စိတ်မကောင်းဖြစ်သွားမိတယ်။
“ဟင်း ဝမ့်ချုံး သမီး စီချီကို မမေ့နိုင်သေးဘူးလား?”
“မဟုတ်ပါဘူး အဖေ သမီးက ဒီတိုင်း…” ဝူဝမ့်ချုံးက အသက်ပြင်းပြင်းရှူလိုက်ပြီးမှ “ဒီတိုင်း စိတ်မပြင်ဆင်ရသေးတော့ အချိန်ခဏလောက်ယူချင်တာပါ”
“အချိန်ယူစရာ ဘာရှိလဲ။ သမီး အဖေ့ကို အရင်က ကတိမပေးခဲ့ဘူးလား” အခုတော့ အကြည့်တွေ ခက်ထန်သွားတဲ့ အမတ်မင်းဝူက လေးလံစွာ ဆိုတယ်။ “ချုံးအာ သမီးလည်း အဖေတို့မိသားစု အခြေအနေကို သိမှာပါ”
“သိပါတယ် အဖေ အဲဒါကြောင့် ဒီတိုင်း … သမီးကို နည်းနည်းလောက်တော့ စဥ်းစားခွင့်လေး ပေးပါဦးနော် ခဏလောက်ပါပဲ”
အမတ်မင်းဝူက သက်ပြင်းလေးလေးချပြီး “ဟင်း ကောင်းပြီလေ သိပ်တော့မကြာစေနဲ့ပေါ့ သမီးလည်း မငယ်တော့တာ သိမှာပါ”
“ဟုတ်ကဲ့ပါ အဖေ”
ဝူဝမ့်ချုံးက အမြန်ထွက်လာခဲ့ပေမဲ့ ကျန်ခဲ့တဲ့ ဖခင်ကတော့ အတွေးနက်နေခဲ့တယ်။ တော်တော်ကြာမှ အိမ်တော်ထိန်းအန်းကို ခေါ်လိုက်ပြီး “မင်းတို့သခင်မလေး ဒီတလော ဘာတွေထူးဆန်းနေသေးလဲ”
အိမ်တော်ထိန်းအန်းက ခဏလောက်တန့်သွားတယ်။
****
ကွော်ရှီးခန်းမမှာ ရွှီထင်းရှန်းအပြင် နောက်ထပ် ဒုတိယအဆင့်ကျောင်းသား လုရှန်မင်နဲ့ တတိယအဆင့်ကျောင်းသား မုန့်ဟောက်ချန်တို့ဆိုပြီး စာစစ်သူနှစ်ယောက်ရှိသေးတယ်။ ရွှီထင်းရှန်းလိုပဲ သူတို့ကလည်း တခြားဂျူနီယာလေးတွေလို ရှုချန်ခန်းမမှာ ပြွတ်သိပ်တိုးနေစရာမလိုဘဲ အခွင့်အရေးရောက်လာမှာကို အသင့်ထိုင်စောင့်နေရုံပဲ။
ကွော်ရှီးခန်းမမှာ ဘဝက တိတ်ဆိတ်ငြိမ်းချမ်းလွန်းတယ်။ တစ်ခါတလေ လူသံသူသံမရှိလွန်းလို့ ခြောက်ခြားစရာတောင် ကောင်းသေးတယ်။ ဒါပေမဲ့လည်း တစ်ဌာနလုံးမှာ သူတို့ချည်းပဲတော့ ဘယ်ဟုတ်မလဲ။
သူတို့ကို ကူညီဖို့ နောက်ထပ်စာရေးလေးအချို့လည်း ရှိပါသေးတယ်။ တစ်နေ့ ရွှီထင်းရှန်း ပျင်းပျင်းနဲ့ နားနေခန်းမှာ လက်ဖက်ရည်ကြမ်းသောက်ဖို့ သွားတဲ့အချိန် အထဲကလူတွေ တီးတိုးပြောနေသံကို ကြားလိုက်ရတယ်။
155 04
သူတို့က ခေါင်းချင်းဆိုင်ရင်း စိမ်ပြေနပြေပြောနေပေမဲ့ သူ လည်ချောင်းရှင်းသံလည်း ကြားရော ချက်ချင်း တိတ်ဆိတ်သွားပြီး အထဲဝင်လိုက်တဲ့အခါမှာတော့ စာရေးလေး နှစ်ယောက်သုံးယောက် လက်ဖက်ရည်ကြမ်းနှပ်နေတာ တွေ့လိုက်ရတယ်။
ရွှီထင်းရှန်းကိုလည်း မြင်ရော အားလုံးက မလုံမလဲနဲ့ အရိုအသေပေးပြီး ပျာတိပျာယာထွက်သွားကြတယ်။ သူတို့ထဲမှာ စာစစ် မုန့်ဟောက်ချန်တစ်ယောက်ပဲ အလျင်စလို ထွက်ပြေးချိန် မရှိလိုက်ဘူး။
ဒီဌာနမှာလုပ်ရင်း ရွှီထင်းရှန်းက သူ့လုပ်ဖော်ကိုင်ဖက် နှစ်ယောက်အကြောင်းကို အတော်လေး သိလာရတယ်။ မုန့်ဟောက်ချန်က သူ့ရဲ့ရုပ်ရည်ကြောင့် လုရှန်မင်လို မောက်မာတဲ့အငယ်လေးတွေ ကြားထဲမှာ ရေပန်းမစားဘူး။ အဲဒါထက် သူ့ရဲ့တမူထူးတဲ့ အကျင့်စရိုက်ကြောင့်လည်း ပါတယ်။
ဒါပေမဲ့ သူက လက်အောက်က စာရေးလေးတွေနဲ့တော့ အတော်လေး ရင်းနှီးတယ်။ မဟုတ်ရင် သူတို့ဒီလို လက်ဖက်ရည်ဆောင်ထဲမှာ စကားပြောနေပါ့မလား။
“ရွှီ ရှုကျွမ်း ဘယ်လက်ဖက်ရည်သုံးဆောင်မလဲ”
မုန့်ဟောက်ချန်ရဲ့ ခပ်ညိုညို မျက်နှာချွန်းချွန်းက ကိုးရိုးကားရားဖြစ်နေပေမဲ့ ပြုံးထားဆဲပဲ။
“လုံကျင်းလား မောက်ကျန်လား”
“လုံကျင်းပဲ ပေးပါ”
မုန့်ဟောက်ချန်က လက်ဖက်ရည်ယူလာပေးပြီး လှည့်ထွက်တော့မဲ့အချိန်မှာပဲ ရွှီထင်းရှန်းက တစ်ငုံသောက်ရင်း ဘာရယ်မဟုတ် လှမ်းမေးလိုက်တယ်။
“အခုနက ဘာတွေပြောနေကြတာလဲ”
ဒါကိုကြားတော့ မုန့်ဟောက်ချန်က မုန့်တွေ့သွားတဲ့ ကလေးပမာ အတော်လေး ပြုံးဖြီးသွားတယ်။
“အာ ရွှီ ရှုကျွမ်း မသိသေးဘူးကိုး”
သူ့အမူအရာကိုမြင်တော့ ရွှီထင်းရှန်းက အောင့်သက်သက်နဲ့ ပြုံးပြလိုက်တယ်။ ဒါက မုန့်ဟောက်ချန်ရဲ့ ဝါသနာပဲ။ သူက အတင်းတုပ်ရတာ ကြိုက်လွန်းလို့ အားရင်အားသလို ဟန်လင်းကျောင်းတော် တစ်ပတ် လျှောက်သွားနေပြီး မသိရင် သတင်းအချက်အလက် လိုက်စုနေသလိုမျိုး သူ မသိတာဘာမှမရှိဘူး။
ရွှီထင်းရှန်းက မောက်ပါ့သိုကို စပ်စုလှပြီ ထင်နေတာ ဒီတစ်ယောက်က ပိုဆိုးတယ်။ ဥပမာ ဟန်လင်းကျောင်းတော်က ဆရာတစ်ယောက်က အိမ်မှာ ကိုယ်လုပ်တော် သုံးယောက်တောင် ရှိတယ်ဆိုတာမျိုး နောက်တစ်ခုက လေချဥ်တက်ပြီးတိုင်း ကန်ထဲမှာမရှိတဲ့ ဖားကိုလွှဲချတတ်တဲ့ ဟန်လင်းကျောင်းသားတစ်ယောက်လိုမျိုးတွေပေါ့။
အတွင်းရေးကိစ္စဆိုတာ လူသိမခံနိုင်တဲ့အရာတွေလေ အဲဒါကို သူက လူတိုင်းအတင်းလိုက်ပြောနေမှတော့ ဘယ်သူက သဘောကျတော့မှာလဲ။
မုန့်ဟောက်ချန်က ရွှီထင်းရှန်းရဲ့ စိတ်ဝင်စားပုံရတဲ့ အမူအရာကိုတွေ့တော့ ထီပေါက်သလို ပျော်သွားပြီး တစ်ဖက်လူကို ထိုင်ဖို့ လက်ဖျားစကနေဆွဲလိုက်တယ်။ လုပ်ပြီးတော့မှ ဒီအဆောင်တွေက သူတို့ရွာကလို တံခါးခြေနင်းခုံလေးတွေ မပါတာ သတိရသွားလို့ နံရံနားက ထိုင်ခုံပေါ်ပဲ ဆွဲခေါ်သွားလိုက်တယ်။
ဒီတော့မှ မုန့်ဟောက်ချန်က ပြီးခဲ့တဲ့နှစ်ရက်ထဲ ဟန်လင်းကျောင်းတော်မှာ ခေါင်းစီးဖြစ်သွားတဲ့ သတင်းတစ်ခုအကြောင်း ပြောပြလာတယ်။ ဘယ်သူက ဖြန့်လိုက်သလဲတော့မသိပေမဲ့ အမတ်မင်းဝူက ထောက်ယီတုန်လို့အမည်ရတဲ့ ဟန်လင်းကျောင်းသားတစ်ယောက်ကို သမက်တော်ဖို့ ကြံရွယ်နေတယ်တဲ့။
လူတိုင်း ဟန်လင်းကျောင်းသားဖြစ်ရင် ကြီးပွားပြီလို့ ထင်ကြပေမဲ့ တကယ်တမ်း ကိုယ်တိုင်ကြုံတော့မှ နာမည်ကြီး ထမင်းငတ်ဖြစ်နေတာကို သိသွားတာ။ အဲဒါကတော့ သူတို့မှာ တောက်ပတဲ့အနာဂတ်ကတော့ အာမခံလို့ရတာ ဟုတ်တယ်။ ဒါပေမဲ့ အဲဒီလို မတောက်ပခင် ရာထူးအသေးစားလေးတွေပဲ ထမ်းဆောင်ရမှာ။
ဒီအလုပ်က အင်မတန်သက်သာသလို ရတဲ့အခကြေးငွေကလည်း အတော်နည်းပါးတယ်။ ဒါက အရေးပါတဲ့ အရာရှိရာထူးတစ်ခုမဟုတ်တဲ့အတွက် မီးသွေးတို့ ဆန်တို့လို တိုင်းပြည်က ထောက်ပံ့ပေးတာတွေလည်း မရနိုင်ဘူး။
နဂိုကတည်းက မြို့တော်ကြီးက ဈေးကြီးကကြီးနဲ့ အခုတော့ တချို့တွေခမျာ အသားတောင် နပ်မှန်အောင်မစားနိုင်တော့ဘူး။ ရွှီထင်းရှန်းက အိပ်မက်ထဲမှာရော အခုရော ဒီလိုမခက်ခဲဘူးဆိုတာ ငွေရှာတော်တဲ့ မိန်းမတစ်ယောက်လုံး ရှိနေလို့လေ။
155 05
အဲဒီအပြင် ဒီဒဏ်တွေမခံနိုင်လို့ သုံးနှစ်လုံးလုံး ကျောင်းတော်မှာ မထမ်းဆောင်နိုင်ဘူးဆိုရင် တခြားနေရာကို အပို့ခံရဦးမယ်။ တကယ်လို့ နန်းတော်ထဲ ပြန်ခေါ်ခံရတယ်ဆိုရင်တောင် အခန့်မသင့်ရင် တစ်သက်လုံး အငယ်စားရာထူးလေးမှာပဲ တစ်ရင်တစ်သွားနိုင်တယ်။
အဲဒါကြောင့် ဒါတွေကို ကိုယ်တွေ့ကြုံနေရတဲ့ စာသင်သားတွေက တစ်ပါးသူ ထိုးတက်သွားပြီဆို သိပ်မနာလိုအားကျကြတာ။ အခုလည်း ပြောရင်းဆိုရင်း မုန့်ဟောက်ချန်ရဲ့ အားကျနေတဲ့မျက်နှာကြီးကို ရွှီထင်းရှန်း မြင်နေရပြီး သူ့ရင်ထဲ ထူးဆန်းတဲ့ခံစားချက်တစ်ခု ဆန်တက်လာတယ်။
ဘာမှန်းအတိအကျမပြောနိုင်ပေမဲ့ သမိုင်းတစ်ကျော့ ပြန်လာတယ်လို့တော့ ရိပ်စားမိနေတယ်။
“ဒါတွေအားလုံး ဘယ်လိုသိတာလဲ ညီအစ်ကိုမုန့်”
သူက စစ်မှန်တဲ့ သိချင်စိတ်နဲ့ မေးလိုက်မိတယ်။
“ကျွန်တော်လည်း တခြားတစ်ယောက်ဆီက ကြားခဲ့တာပေါ့။ ဒါပေမဲ့ ထောက်ယီတုန်ကိုပါ သွားအစ်အောက် ကြည့်ပြီးသွားပြီ။ သူက တိုက်ရိုက်ထုတ်မပြောရင်တောင် သူ့ပုံစံက သိသာပါတယ်။ အင်း… ဒီကောင်လေးကတော့ တကယ်ကံကောင်းတာပဲ။ အမတ်မင်းဝူမှာ အဲဒီသမီးလေးတစ်ယောက်ပဲ ရှိတာတဲ့။ သူမက လှရုံတင်မက ရှားရှားပါးပါး အရည်အချင်းလည်း ရှိသေးတယ်။ အားနည်းချက်ဆိုလို့ အရင်အိမ်ထောင်ကျဖူးတာပဲ ရှိတာ။ ဒါပေမဲ့လည်း ဒီလောက်ပြည့်စုံတဲ့ မိန်းကလေးကို ရတာ ထောက်ယီတုန်တော့ ပြီးပြီ”
သူက အာပေါင်အာရင်းသန်သန် ပြောနေရင်း ရွှီထင်းရှန်းဘက် သေချာလှည့်ကြည့်လာတယ်။
“ကျွန်တော့်အမြင်မှာတော့ ရွှီရှုကျွမ်းက သူ့ထက်အများကြီးပိုချောသလိုပဲ ဘာလို့အမတ်မင်းဝူက ခင်ဗျားကို မရွေးတာလဲ မသိဘူး”
ရွှီထင်းရှန်းက အလျင်စလို ပြန်ဖြေတယ်။
“ကျွန်တော်က မိန်းမနဲ့ကလေးနဲ့ဆိုပေမဲ့ ထောက်ရှုချန်းကတော့ လူပျိုလူလွတ်မို့လို့ပေါ့”
“အဲဒါလည်း ဟုတ်သားနော် …”
အဲဒီအချိန်မှာပဲ လုရှန်မင်ကလည်း လက်ဖက်ရည်သောက်ဖို့ ရောက်လာတော့ နှစ်ယောက်သားက မတိုင်ပင်ထားဘဲ အမြန်မတ်တပ်ထရပ်လိုက်မိကြတယ်။ ရွှီထင်းရှန်းက နောက်ဆုံးတော့ လူတွေဘာလို့ တစ်ယောက်ယောက်ရောက်လာတာနဲ့ ငှက်တစ်အုပ် ထပျံသွားသလိုဖြစ်နေတာလဲဆိုတာ နားလည်သွားပြီ။
လိပ်ပြာမလုံလို့ကိုး …။
ဒါပေမဲ့ သူကတော့ အတော်လေး တည်တည်ငြိမ်ငြိမ်ပါပဲ။
“ဒါဆို ကျွန်တော် သွားနှင့်ပါတော့မယ်”
သူထွက်လာခဲ့တဲ့အချိန်မှာပဲ လုရှန်မင်တစ်ယောက် မုန့်ဟောက်ချန်ရဲ့အတင်းတုပ်ကဏ္ဍထဲ ဆွဲခေါ်သွားခံရတာကို မျက်လုံးထောင့်က မြင်နေရတယ်။ သူမနေနိုင်ဘဲ ဒီလိုတွေးမိသွားတယ်။ ဒီသတင်း ညတွင်းချင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားရတဲ့ တကယ့်တရားခံက မုန့်ဟောက်ချန်များလားလို့…
ဒါပေမဲ့လည်း ဒါက ဖြေရှင်းမရတဲ့ လျှို့ဝှက်ဆန်းကြယ်တစ်ခုအဖြစ်နဲ့ပဲ ကျန်ရှိဖို့ ကြမ္မာဖန်လာတော့တယ်။
******
156 01
အခန်း ၁၅၆
ခြုံပြောရရင် ရွှီထင်းရှန်းကတော့ ‘ငါမဟုတ်ရင် ပြီးတာပဲ’ဆိုပြီး ဒီကိစ္စရဲ့ နောက်ဆက်တွဲရလဒ်အပေါ် ကျေနပ်သွားတယ်။ လက်ရှိ သူ့ကိုခေါင်းကိုက်စေတာက အခုထိ တစ်ရက်မပြတ် အလုပ်လာဆင်းနေတဲ့ ဝူဝမ့်ချုံးပဲ။
သူ့လိုလူက ဝူအိမ်တော်ရဲ့သမီးအကြီးဆုံးနဲ့ သိနေစရာအကြောင်းမရှိလို့ သူမ အခုလို ကိစ္စတွေပိုဆိုးလာအောင် လုပ်နေမယ့်အစား လက်လျှော့သွားဖို့ပဲ မျှော်လင့်မိတယ်။ ညနေ ၃နာရီထိုးတော့မှာကိုတွေ့တော့ ရွှီထင်းရှန်းက သိမ်းစရာရှိတာသိမ်းပြီး အလုပ်ဆင်းဖို့ ပြင်တယ်။
သူ ဟန်လင်းကျောင်းတော်ရဲ့ ဂိတ်ပေါက်ရောက်တဲ့အခါ တလောလေးကမှ အသစ်စက်စက် ခန့်အပ်ခံလိုက်ရတဲ့ ဟန်လင်းကျောင်းသားတစ်စုနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံဖြစ်တယ်။ လူငယ်လေးတွေအုပ်စုရဲ့ အလယ်ခေါင်မှာတော့ လောလောဆယ် သိပ်ကျော်ကြားနေတဲ့ လူချောလေး ထောက်ယီတုန် ပါလာတယ်။
တစ်ချက်ကြည့်တာနဲ့တင် လူငယ်လေးက အင်မတန် ရွှင်ပျမြူးထူးနေပုံရပြီး သူ့ဘေးနားက မိတ်ဆွေနဲ့ စကားဖောင်ဖွဲ့လာတယ်။ ရွှီထင်းရှန်းပုံရိပ်ကိုမြင်တာနဲ့ ထိုအုပ်စုက ချက်ချင်း တိတ်ကျသွားတယ်။ ထောက်ယီတုန်က ကျောပေးထားပေမယ့် သူ့ဘေးကလူရဲ့ မူမမှန်တဲ့ပုံစံကို သတိထားမိပြီး လှည့်ကြည့်လာတယ်။
ရွှီထင်းရှန်းကိုတွေ့တာနဲ့ သူလည်း မသိမသာ တန့်သွားပြီးမှ ခေါင်းတစ်ချက် ညိတ်ပြလိုက်တယ်။
“ရွှီ ရှုကျွမ်း”
“ရွှီ ရှုကျွမ်းကို နှုတ်ခွန်းဆက်သပါတယ်”
အားလုံးက ဦးညွှတ်လာပေမယ့် ထောက်ယီတုန်တစ်ယောက်သာ နေမြဲအတိုင်း ရှိနေခဲ့တယ်။ ရွှီထင်းရှန်းကတော့ သူ့ကို တစ်ချက်သာ ခေါင်းညိတ်ပြလိုက်ပြီးတာနဲ့ ဘာမှမပြောဘဲ ဖြတ်လျှောက်လာခဲ့တယ်။ သူထွက်သွားတော့မှ ထောက်ယီတုန်ဆီက ခနဲ့သံတစ်ချက်ထွက်လာတယ်။
တချို့ မျက်နှာလုပ်ချင်တဲ့လူတွေကတော့ ချက်ချင်း အနားတိုးလာပြီး ပင့်မြှောက်တော့တယ်။
“ညီအစ်ကို ထောက် ဘာလို့ ဒီလူတွေကို ဂရုစိုက်နေမလဲ။ နန်းတွင်းစာမေးပွဲမှာ အဆင့် ဝင်လို့ ပြန့်ရှူးနေရာရသွားတာကို ကြည့်ပြီး အရူးလုပ်မခံလိုက်နဲ့။ သူက ဒီတိုင်း ဘေးထိုင်အရံလေးဆိုတာ အားလုံးသိတယ်။ တစ်သက်လုံးလည်း အဲဒီနေရာက တက်မှာမဟုတ်ဘူး။ ညီအစ်ကိုထောက်နဲ့ ဘယ်လိုယှဥ်လို့ရမလဲ”
ထောက်ယီတုန်ရဲ့ နုပျိုတဲ့မျက်နှာက မောက်မာမှုအပြည့်နဲ့ ပြုံးလိုက်ပြီး ဘာမှတော့မပြောဘူး။ ‘ဘာမှမပြောဘူး’ဆိုတာကလည်း သူ ဒီတလောကမှ သင်ယူလိုက်ရတဲ့ အရာတစ်ခုပဲ။ အမှန်တော့ အရင်ကတည်းက သူနားလည်ပေမယ့် သူ့နောက်ခံမိသားစု အခြေအနေအရ တင်စီးပြလို့မရခဲ့ဘူး။
ဒီနေ့ကတော့ အရင်နဲ့ ကွာခြားသွားပြီ။ သူက အရင်က သာမန်ထောက်ယီတုန် မဟုတ်တော့ဘူး။ မြင့်တက်လာတဲ့ ယုံကြည်ချက်တွေနဲ့အတူ သူက အားလုံးကို ခြုံကြည့်လိုက်ပြီး “အခုလောက် ကောင်းတဲ့အချိန်မရှိတော့ဘူး။ ဒီတော့ အားလုံးကို ငါ တစ်ခွက်လိုက်တိုက်ရင် ဘယ်လိုလဲ?”
“ကျွန်တော်တို့ကသာ ဒကာခံရမှာပါ။ ဘယ်လိုလုပ် အစ်ကိုထောက်ကို လိုက်တိုက်ခိုင်းရပါ့မလဲ?”
ထိုစာသင်သားတစ်စုက အပေးအယူမျှစွာပဲ ပြောဆိုရင်း ထွက်သွားကြတယ်။ ထိုနေရာနဲ့ မနီးမဝေး လမ်းသွယ်လေးထဲမှာတော့ ရထားလုံးတစ်စီး ရပ်နေပြီး အထဲက ဝူဝမ့်ချုံးတစ်ယောက် သူမ မျက်နှာကိုလက်ကိုင်ပုဝါနဲ့အုပ်ကာ ငိုယိုရင်း ဆန့်ကျင်ဘက်က ဦးလေး အန်းကို တိုင်တောလိုက်မိတယ်။
“ဦးလေး အန်း ကြည့်ပါဦး။ ဒီလူ အာဏာရသွားတာနဲ့ ဘယ်လောက်မောက်မာသလဲဆိုတာ အဖေက တကယ်ကြီး ကျွန်မကို ဒီလိုလူလက်ထဲ ထည့်ပေးချင်နေတယ်”
အမတ်ချုပ်ဝူရဲ့ ပထမဇနီးသည်ဝူက စောစီးစွာ ဆုံးပါးသွားခဲ့ပြီး လက်ရှိဒုတိယဇနီးသည်ကလည်း စကားနည်းပြီး ကြောက်တတ်တဲ့အထဲပါတယ်။ အနည်းဆုံးတော့ အမတ်ချုပ်ဝူတို့သားအဖ အရှေ့ကျရင်ပေါ့။
ဝူဝမ့်ချုံးက ကလေးဘဝကတည်းက မိသားစုထဲက အမျိုးသမီးတွေနဲ့ မရင်းနှီးခဲ့သလို အဖေဖြစ်သူကလည်း နန်းတွင်းအရေးနဲ့ပဲ အလုပ်ရှုပ်နေတာကြောင့် ဦးလေး အန်းကသာ သူမရဲ့ အနီးကပ်ဆုံး အုပ်ထိန်းသူတစ်ယောက် ဖြစ်လာခဲ့တယ်။
ဦးလေး အန်းလည်း အခုနက မြင်ကွင်းအစအဆုံးကို တပ်အပ်မြင်လိုက်တာကြောင့် သက်ပြင်းချရင်း အကြံပြုကြည့်လိုက်တယ်။
156 02
“မမလေး တကယ်လို့ မလုပ်ချင်ဘူးဆိုလည်း သခင်ကြီးကို ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါလား ။သူလည်း အားလုံးသိပြီးရင်တော့ နားလည်ပေးလောက်မှာပါ”
“ဒါပေမယ့် အဖေက …”
“မမလေး ပြောဖို့ခက်နေတယ်ဆိုလည်း ဒီအစေခံကပဲ သခင်ကြီးကို တင်ပြလိုက်ပါမယ် သခင်ကြီးက ကိုယ့်သွေးသားကိုတော့ မီးပုံထဲတွန်းချမှာမဟုတ်ပါဘူး။ ဒီတိုင်း သူလည်း အရမ်းစိုးရိမ်နေလို့ဖြစ်မှာပါ သခင်ကြီးကို အပြစ်မမြင်ပါနဲ့”
“အဖေ့ကို ဘယ်လိုအပြစ်မြင်လို့ရမှာလဲ။ ကျွန်မကောင်းဖို့ လုပ်တာဆိုတာ နားလည်ပါတယ် ဒါပေမယ့် ဒီလူကတော့ အရမ်း…”
ဝူဝမ့်ချုံးက စက်ဆုပ်လွန်းလို့ စကားတောင်ဆုံးအောင် မပြောနိုင်တော့ဘူး။
“မမလေး ထောက်ယီတုန်က ငယ်သေးတယ်။ လူငယ်အများစုက ဒီအရွယ်မှာ စိတ်အလိုလိုက်တတ်ကြတာပါပဲ။ အသက်ကြီးလာတော့မှ ရင့်ကျက်လာတာ သဘာဝပါ”
“ဒါပေမယ့် တစ်ဖက်က ဟိုလူကတော့ အဲဒီလိုမဟုတ်ဘူးလေ”
သောကဝေနေတဲ့ကြားက သူမ ပါးစပ်က သတိလက်လွတ်ထွက်သွားမိတဲ့စကားကြောင့် ဦးလေး အန်းက ခဏတန့်သွားတယ်။
“အခုနက ထွက်လာတဲ့ လူငယ်လေးကို ပြောတာပါလား မမလေး” ဝူဝမ့်ချုံးအမူအရာကို စိုက်ကြည့်နေတဲ့ သူ့အကြည့်တွေက အဓိပ္ပာယ်လေးနက်လာပြီး “မမလေး ဒီတစ်ယောက်ကို သိလို့လား?”
ဝူဝမ့်ချုံးက ရှောင်လွှဲလို့ကောင်းအောင် လက်ကိုင်ပုဝါနဲ့ မျက်ရည်သုတ်ချင်ဟန်ဆောင်ရင်း ခေါင်းငုံ့ချလိုက်တယ်။
“မသိပါဘူး။ ဒါပေမယ့် အဲဒီလူတွေ ပြောတာကို သူ သေချာပေါက် ကြားမှာပဲလေ။ ဒါတောင် ဒီလိုတည်တည်ကြည်ကြည် တုံ့ပြန်နိုင်တာ”
“တကယ်လား”
ဦးလေး အန်းရဲ့ လေသံက သိသာလွန်းနေတာကြောင့် ဝူဝမ့်ချုံးက ကြောင်အမ်းသွားပြီးမှ အလျင်စလိုနဲ့
“ဦးလေး အန်း အထင်လွဲနေပြီ။ ကျွန်မက ဘယ်လိုလုပ် ဒီသူစိမ်းယောက်ျားကို သိမှာလဲ”
တစ်ဖက်လူအိုကြီးရဲ့ အကြည့်တွေ မှိန်ပျသွားတာတွေ့တော့ ခဏလောက်တန့်နေပြိးမှ တွန့်ဆုတ်ဆုတ် မေးကြည့်လိုက်တယ်။
“ဦးလေး အန်း သူ့အကြောင်း တစ်ခုခုသိထားလို့လား”
“ဟင်း မမလေး သူဘယ်သူလဲ သိလား?”
“…”
“သူက ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ဝူအိမ်တော်နဲ့ သခင်ကြီးရဲ့နာမည်ဂုဏ်သိက္ခာကို ဖျက်ဆီးလုနီးပါးလုပ်ခဲ့တဲ့ ရွှီထင်းရှန်းပဲ။ မမလေး ဘယ်လိုလုပ် ဒီလူနဲ့သွားပက်သတ်နေရတာလဲ။ တကယ်လို့ သခင်ကြီးသာ သိသွားရင် …”
ဦးလေး အန်းက တော်တော်အခက်တွေ့နေတဲ့ပုံနဲ့ သက်ပြင်းတွေ ဆက်တိုက်ချနေတယ်။
“ဟူး မမလေး တကယ်အသိခေါက်ခက်လိုက်တာ”
“ဦးလေး အန်းကို ယင်းကော် ပြောလိုက်တာလား?”
“မမလေး ဒီလူအိုကြီးက ယင်းကော်ပြောပြမှ သိမှာတဲ့လား?”
ဟုတ်တာပေါ့ ဝူမိသားစုထဲမှာ ဦးလေး အန်းမသိတာ ဘာရှိလို့လဲ? သူမသိလို့ မေးမြန်းခဲ့ရင်တောင် ဝူမိသားစုရဲ့ အိမ်တော်ထိန်းနဲ့ အမတ်ချုပ်ဝူရဲ့ လူယုံတော်ကို ယင်းကော်မပြောနဲ့ ဘယ်သူက ပြန်မဖြေဘဲ နေရဲမှာလဲ?
ဝူဝမ့်ချုံးရဲ့မျက်နှာက တောင့်တင်းသွားပြီး “အဖေ့ကို ပြောလိုက်သေးလား?”
ဦးလေး အန်းက ခေါင်းခါပြတယ်။
“သခင်ကြီးက မေးပေမယ့် ဒီအစေခံက ဘာမှမပြောခဲ့ပါဘူး မမလေး ဒီအမှားကို ဆက်မလုပ်ပါနဲ့တော့”
156 03
ဝူဝမ့်ချုံးရဲ့ မျက်နှာအမူအရာက ပျက်ကျသွားပြီး နှုတ်ခမ်းတင်းတင်းစေ့ထားတယ်။ ပါးစပ်ကမငြင်းရင်တောင် မျက်နှာကတော့ ခေါင်းမာတဲ့ ဖီဆန်မှုကို လှစ်ဟပြထားတုန်းပဲ။
“မမလေး ဒီလူက သခင်ကြီးကို အင်မတန်ဒုက္ခပေးခဲ့တဲ့လူဆိုတာ သိသင့်တယ်။ ဘယ်နည်းနဲ့မဆို သူက သင့်တော်တဲ့လူမဟုတ်ဘူး”
“သူက မသင့်တော်ရင်တောင် ဟိုလူထက်စာရင်တော့ အဆတစ်ထောင်လောက် သာသေးတယ်!”
လွှတ်ကနဲထွက်ပြီးမှ သူမ ဘာပြောလိုက်လဲ သဘောပေါက်လိုက်ပေမယ့် ပြန်ရုတ်သိမ်းလို့လည်း မရတော့ ခေါင်းမာမာနဲ့သာ ဆက်တင်းခံဖို့ ဆုံးဖြတ်လိုက်တယ်။ ဦးလေး အန်းကတော့ သူမကို မနိုင်သလို ကြည့်ရင်း
“မမလေး ဒီလူအိုကြီးကတော့ ပြောသင့်တာအကုန် ပြောပြီးသွားပါပြီ။ သေချာလေး စဥ်းစားကြည့်ပါဦး ဒီအစေခံက မမလေး ငယ်ရာက ကြီးတဲ့အထိ ပျိုးထောင်ပေးခဲ့တဲ့သူပါ။ ဒီလိုလူက ဘယ်လိုလုပ် မမလေးကို မကောင်းတဲ့လမ်းပို့မှာလဲ။ နောက်ပြီး အဲဒီကောင်လေးက ဝူအိမ်တော်ရဲ့ရန်သူဖြစ်နေတာကို ထည့်မတွက်ရင်တောင် မိန်းမနဲ့ကလေး ရှိတယ်။ မမလေး တကယ်ပဲ သူ့ရဲ့ ကိုယ်လုပ်တော် သွားလုပ်တော့မလို့လား?”
ဒါတွေအားလုံး ကြားပြီးသွားတဲ့နောက် သူမလည်း ငြိမ်မနေနိုင်တော့ဘဲ တိုးတိုးလေးတောင်းဆိုတယ်။
“ဦးလေး အန်း ပြောတာ နားလည်ပါပြီ။ ကျေးဇူးပြုပြီး အဖေ့ကိုသာ သွားမပြောပါနဲ့။ ဒါဆို ကျွန်မ ဆက်မလုပ်တော့ဘူး”
ဦးလေး အန်းက စိုးရိမ်သောကရိပ်တွေနဲ့ လှည့်ကြည့်လာပြီး ခေါင်းညိတ်ပြရုံသာ တတ်နိုင်တော့တယ်။
****
ရွှီထင်းရှန်းက အိမ်ပြန်လာတာနဲ့ ထုံးစံအတိုင်း အဝတ်လဲပြီး ဆိုင်ဘက်ထွက်လာခဲ့တယ်။ အံ့ဩစရာကောင်းစွာနဲ့ ဝူဝမ့်ချုံးက ဒီနေ့ရှိမနေခဲ့ဘူး။
သူ နောက်ဆုံးလက်လျှော့သွားပြီလား။
သူက ဘာရယ်မဟုတ် မေးမြန်းကြည့်လိုက်တော့မှ သူမက မိသားစုကိစ္စရှိလို့ ဒီနေ့တစ်ရက်ခွင့်ယူထားရုံဆိုတာ သိလိုက်ရတယ်။ ကျောက်အာက သူ့ကို စွေကြည့်ရင်း သိချင်စိတ်ဖြစ်လာတယ်။
“နင် ဒီတလော အရမ်းထူးဆန်းနေတယ်နော်။ ဘာလို့ ဝမ့်ချုံးအကြောင်းပဲ လိုက်မေးနေတာလဲ?”
ရွှီထင်းရှန်းရဲ့စိတ်ထဲ တင်းကျပ်သွားပေမယ့် အပြင်မှာတော့ ဂရုမစိုက်သလို ဟန်ဆောင်ထားဆဲပဲ။
“ထူးဆန်းနေလို့လား”
ကျောက်အာက ခေါင်းညိတ်ပြတယ်။
“အင်း နင်အရင်က ယန့်ရန်တို့ ထောက်အာတို့ကိုတောင် ဘယ်သွားလဲ မမေးဖူးဘဲနဲ့ ဝမ့်ချုံးကျမှ လိုက်သိချင်နေတာ မဟုတ်မှ …”
ကျောက်အာက တမင်တကာမျက်လုံးမှေးချလိုက်ပြီး သူ့ကို ခေါင်းအစခြေအဆုံး ခြုံကြည့်လိုက်တယ်။
“နင် သူ့ကိုကြိုက်နေတာလား?”
သူမက စလိုက်တာဆိုပေမယ့် ပြောပြီးတော့မှ နှစ်ယောက်လုံး မသက်မသာဖြစ်သွားတယ်။ ရလဒ်ကတော့ သူမအကြည့်တွေက ဖြည်းဖြည်းချင်း ထူးဆန်းလာပြီး ရွှီထင်းရှန်းကို အကဲခတ်နေမိတော့တာပဲ။
ရွှီထင်းရှန်းက ကျောက်အာကို ချက်ချင်း ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး “ဘာတွေလျှောက်တွေးနေတာလဲ။ ငါ့ကို အဲသလို လူစားမျိုးထင်နေတာလား?”
“ဘယ်သိနိုင်မလဲ။ ပြဇာတ်တွေထဲမှာဆို တချို့ယောက်ျားတွေက အရာရှိဖြစ်သွားတာနဲ့ မယားနှစ်ယောက်သုံးယောက် ယူကြတော့တာ။ပဲ အိမ်က အစေခံမလေးတွေနဲ့တင်မဝလို့ လမ်းထဲက မုဆိုးမငယ်ငယ်လေးတွေကိုပါ အပိုင်သိမ်းဖို့လုပ်ကြတာ။ ဝမ့်ချုံးကလည်း ငယ်ငယ်ချောချော မုဆိုးမဆိုတော့ နင်ကြိုက်ချင် ကြိုက်သွားနိုင်တာပဲ”
156 04
ရွှီထင်းရှန်းက သူမစွပ်စွဲချက်တွေကြား ဆွံ့အသွားပြီး “ဒါက ဘယ်လိုပေါက်ကရ ဇာတ်လမ်းတွေလဲ။ ဘာလို့ အဲဒီလိုဟာတွေ ကြည့်တာလဲ မင်း ပြဇာတ်ကြည့်ရတာ ကြိုက်မှန်း ငါလည်း မသိရပါလား။ ဘယ်တုန်းက အဲဒါတွေသွားကြည့်လိုက်တာလဲ?”
“ပွဲရုံကြီးတွေမှာ သွားကြည့်တာမဟုတ်ပါဘူး။ အရင်တုန်းက ပွဲဈေးတွေမှာ လာတဲ့အဖွဲ့တွေလေ ငယ်ငယ်တုန်းက ခဏခဏသွားကြည့်နေကျပဲ”
ရွှီထင်းရှန်းလည်း ဒီလိုဇာတ်အဖွဲ့တွေနဲ့ မစိမ်းသက်ဘူး။ သူတို့က မြို့တော်မှာ ဝင်တိုးလို့မရလို့ အစွန်အဖျားဒေသလေးတွေမှာ တဲထိုးပြီး ဖျော်ဖြေကြရတဲ့ အသေးစားဇာတ်အဖွဲ့လေးတွေပဲ။
လူအရေအတွက်လည်း နည်းပြီး အဝတ်အစားတွေကလည်း အတော်ပေါပဲကာ ကျေးလက်ကလူတွေနဲ့ ရင်းနှီးတဲ့ သခင်မလေးနဲ့ လူဆင်းရဲ၊ စစ်ပွဲကြောင့် ကွဲကွာသွားကြတဲ့ ချစ်သူနှစ်ဦးနဲ့ ဖောက်ပြန်တတ်တဲ့ အရာရှိတွေအကြောင်း ကပြတာများတယ်။
ရွှီထင်းရှန်းကတော့ ငယ်စဥ်ကတည်းက ဒီလိုဟာတွေကြည့်ရတာ မကြိုက်ပေမယ့် သူတို့နားက လူတွေအတော်များများကတော့ ကလေးအစ လူကြီးအဆုံး တော်တော်ကြိုက်ကြတယ်။ ဇာတ်ပွဲရှိတယ်ဆိုတာနဲ့ ဆယ်မိုင်ခရီးတောင် ခြေကျင်လျှောက်လာမယ့် လူတွေချည်းပဲ။
“မင်း ပြဇာတ်တွေကြည့်တာ များနေပြီ”
ရွှီထင်းရှန်းက စိတ်တိုတိုနဲ့ သူမတင်ပါးကို ဖက်ခနဲရိုက်လိုက်တော့ ကျောက်အာကလည်း သူ့လက်ကို နာနာလေး ပြန်ဆိတ်ဆွဲပြီး အိမ်မှာမဟုတ်လို့ အနေအထိုင်ဆင်ခြင်ဖို့ ပြန်ဆူလေရဲ့။ ရွှီထင်းရှန်းက သဝန်တိုတာလားလို့ မေးတော့လည်း ကျောက်အာက သဘာဝအတိုင်း ငြင်းဆန်ပြန်ရော။
သူတို့ပြောရင်းဆိုရင်း ကောင်းကင်က မှောင်လာတာတွေ့တော့မှ ဆိုင်အမြန်သိမ်းပြီး ပြန်ဖို့ပြင်ကြတယ်။ ကျောက်အာရဲ့ သံသယတွေကလည်း အစမပြုရသေးခင်မှာတင် ပျောက်ချင်းမလှ ပျောက်သွားတော့တယ်။
သို့သော် ပြဿနာရှာရတာကြိုက်တဲ့ ရွှီထင်းရှန်းကတော့ ထိုနေ့ညမှာပဲ ဒီကိစ္စကို ထပ်အစဖော်ပြီး သူ တကယ်ကြီး နောက်မိန်းမတစ်ယောက် ထပ်ယူရင် ဘယ်လိုလုပ်မလဲလို့ မေးလာတယ်။ ကျောက်အာကလည်း ရှင်းရှင်းပဲ ပြန်ပြောတယ်။
“လွယ်ပါတယ် ငါ ဟုန်အာလေးကိုခေါ်ပြီး ထွက်သွားမှာပေါ့။ ငါတို့သားအမိလည်း ကိုယ့်ဘာသာနေ နင်လည်း နင့်မိန်းမအသစ်လေးနဲ့ နေပေါ့”
“အဲဒီလိုစိတ်ကူးမျိုး တွေးတောင်မတွေးနဲ့”
သူပဲမေးပြီး သူပဲပြန်စိတ်ဆိုးသွားတဲ့ ဂုဏ်သရေရှိ ရွှီရှုကျွမ်းက သူ့မိန်းမလေးကို သူ့အောက်မှာ ဖိချရင်းနဲ့ပဲ ဒေါသတွေကို ပုံချနိုင်တော့တယ်။ ဒါတွေဖယ်ထားလိုက်ရင် ဝူဝမ့်ချုံးက တစ်ရက်နားပြီးတာနဲ့ နောက်နေ့ချက်ချင်း အလုပ်ပြန်ဆင်းတယ်။ ကျောက်အာက သူမကို ပုံမှန်အတိုင်း ခေါ်ပြောပေမယ့် မိန်းမတွေရဲ့သဘာဝအရ နည်းနည်းတော့ ဖက်ပြိုင်ချင်လာတာပေါ့။
ကျောက်အာက သေချာလေးယှဥ်ကြည့်လိုက်တော့ သူမမှာ စီးပွားရှာတော်တာကလွဲလို့ ဝမ့်ချုံးနဲ့ဘာမှမယှဥ်နိုင်မှန်း သဘောပေါက်သွားတယ်။ ဒါကြောင့်ပဲ အရင်က ဖြစ်သလိုဝတ်စားတတ်တဲ့ ကျောက်အာတစ်ယောက် သူမပုံပန်းကို အလေးပေးလာတော့တယ်။
သို့သော်လည်း သူမရဲ့အလှမက်မှုတွေက သုံးရက်ပဲ ခံလိုက်ပါတယ်။ နောက်နေ့ကျ ပုံမှန်လိုပြန်ဖြစ်သွားတဲ့ ကျောက်အာက လက်တစ်ဆုပ်စာ ကွာစေ့စားနေရင်း ဝမ့်ချုံးနဲ့ အတိုင်အဖောက်ညီနေတယ်။
ဖြစ်ချင်တော့ သူမက ရွှီထင်းရှန်း ပြောပြထားတဲ့ ဟန်လင်းကျောင်းတော်က အကြောင်းကို ပြန်ဖောက်သည်ချနေတာဖြစ်တယ်။
“ပြောကြည့် မထူးဆန်းဘူးလား။ ကြည့်ရတာ ကျွန်မတို့ကပဲ ချမ်းချမ်းသာသာ မမွေးလာလို့ထင်ပါတယ်။ ကျွန်မတို့လည်း အဆင့်အတန်းမြင့်မြင့်နဲ့ မွေးလာလို့ရှိရင် သခင်မလေး ဝူလိုပဲ ကိုယ်ကြိုက်တဲ့ယောက်ျား ခေါင်းခေါက်ရွေးလို့ရမှာ”
သူမက ဝမ့်ချုံးရဲ့ထူးဆန်းသွားတဲ့မျက်နှာကို မရိပ်ဖမ်းမိဘဲ အားရပါးရ ဆက်ပြောနေတုန်းပဲ။
“ဒါပေမယ့် အဲဒီသခင်မလေး ဝူ ဟုန်အာတို့အဖေကို လာမကြိုက်လို့ တော်သေးတယ်။ မဟုတ်ရင် ကျွန်မ သူနဲ့တစ်ပွဲတစ်လမ်းလောက်တော့ နွှဲပစ်လိုက်မှာ”
“တကယ်လို့ သူက ဟုန်အာလေးအဖေကို ကြိုက်ခဲ့မယ်ဆိုရင်ရော… ကျောက်အာ ဘယ်လိုလုပ်မှာလဲ”
156 05
“အစ်မ ဝမ့်ချုံး နောက်နေတာမလား။ အဲဒီသခင်မလေးက ထိပ်တန်းအရာရှိသမီးလေ။ ကျွန်မတို့ ဟုန်အာတို့အဖေကို ဘယ်မျက်စိထဲထည့်ပါ့မလဲ။ ဟုန်အာ့အဖေက မအိုသေးဘူးဆိုရင်တောင် မိန်းမရောကလေးရော ရှိနေတာလေ… တကယ်လို့ သူသာ ထင်းရှန်းကို လာကြိုက်လို့ကတော့ အဲဒီသခင်မလေး ဝူ ခေါင်းထိသွားလို့ပဲ ဖြစ်လိမ့်မယ်”
ကျောက်အာက ရယ်ရယ်မောမောနဲ့ ဆိုတယ်။
“တကယ်လို့ အဲဒီသခင်မလေး ဝူက ခေါင်းထိပြီး လာကြိုက်ခဲ့ရင်ရော?”
“အယ် …”
ဝမ့်ချုံးက အသက်ပြင်းပြင်း ရှူလိုက်ပြီး အတင်းပြုံးပြလိုက်တယ်။
“တကယ်လို့ပေါ့လေ”
“ဒါဆိုရင်တော့ သူက အရှက်မရှိတဲ့မယားငယ် ဖြစ်သွားမှာပေါ့”
“အောင်မယ်လေး!”
ဝမ့်ချုံးက ကျောက်အာရဲ့ ရုတ်ခြည်းကြမ်းတမ်းတဲ့ စကားလုံးအသုံးအနှုန်းအပေါ် လန့်ဖြန့်သွားတယ်။ သူမ တုံ့ပြန်ပုံကိုတွေ့တော့ ကျောက်အာက ရှက်ရှက်နဲ့ အသံပြန်တိုးကာ ရှင်းပြတယ်။
“ကျွန်မတို့ရွာမှာဆို အားလုံးက အဲဒီလိုပဲခေါ်ကြတာ။ သူများအပိုင်ကို လုတဲ့လူဆို မယားငယ်လို့အခေါ်ခံရပြီး တံတွေးခွက်ထဲ ပက်လက်မျောရော”
ဝမ့်ချုံးက ဆက်ထိုင်မနေနိုင်တော့ဘဲ အမြန်ထရပ်ကာ သန့်စင်ခန်းသွားမယ်ဆိုပြီး ရှောင်ထွက်လာခဲ့တယ်။
“သွားလေ”
ဝမ်ဝူချုံးရဲ့နောက်ကျော ပျောက်ကွယ်သွားတော့မှ ကျောက်အာရဲ့မျက်လုံးထဲမှာ အတွေးနက်သလိုဟန်တချို့ ဖြတ်ပြေးသွားခဲ့တယ်။
******