အခန်း (၁၅၇-၁၅၈)
Vol. 16 Ch. 157-158
အခန်း ၁၅၇
ဝူဝမ့်ချုံးက ရေအိမ်က ထွက်လာလည်း သူမစိတ်အာရုံကတော့ ‘မယားငယ်’ဆိုတဲ့ အသုံးအနှုန်းကြီးကို တဝဲလည်လည် ကြားယောင်နေတုန်းပဲ။ ကျောက်အာက တောသူဆိုတာသိပေမယ့် နေ့တိုင်းအပြောအဆို အနေအထိုင်ကိုကြည့်ပြီး လုံးဝမယုံနိုင်ခဲ့ဘူး။ ဒီနေ့စကားကိုကြားလိုက်ရတော့မှ တကယ်ပါးစပ်ကြမ်းတဲ့ တောသူပဲ။
သူမက လေးလံတဲ့စိတ်ကြောင့် အရှေ့ကို သေချာမကြည့်မိတဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်နဲ့ ဝင်တိုက်မိတယ်။
“အား”
တစ်ဖက်လူက ပြုတ်မကျအောင် ထိန်းကိုင်ပေးလာပေမယ့် မော့လည်းမော့ကြည့်လိုက်ရော ဟူဆန်းဖြစ်နေတယ်။ ဝူဝမ့်ချုံးက ပုံမှန်ဆိုလည်း ဟူဆန်းရဲ့အသွင်အပြင်ကြောင့် တတ်နိုင်သမျှ မတွေ့အောင်ရှောင်နေကျပဲ။
ကျောက်အာက အနောက်ကအော်သံကြားတော့ ချက်ချင်းပြေးထွက်လာမှ ဘာတွေဖြစ်မှန်း ရိပ်စားမိသွားတယ်။
“ဝမ့်ချုံး အဆင်ပြေလား။ ဟူဆန်း … သူက ဘယ်သူ့ကိုမှ အန္တရာယ်မပေးပါဘူး … ဒီတိုင်း”
“ကျောက်အာ ကျွန်မအဆင်ပြေပါတယ်” ဝူဝမ့်ချုံးက အလျင်စလိုနဲ့ “ကျွန်မ အမှားပါ လမ်းကြည့်မလျှောက်မိဘဲ သူများကို ဝင်တိုက်လိုက်တာ”
ဟူဆန်းက ဘာမှမပြောဘဲ ဝူဝမ့်ချုံးလက်ကို လွှတ်ပေးကာ ထော့နဲ့နဲ့ ပြန်ထွက်သွားတယ်။ ကျောက်အာက သူများတကာကို နည်းနည်းအားနာသွားတယ်။ ဟူဆန်းက ရုပ်ပျက်နေပေမယ့် စကားနည်းပြီး အလုပ်ကြိုးစားတယ်။
ဝမ့်ချုံးကလည်း အရင်က မတွေ့ဖူးတာမဟုတ်ဘဲနဲ့ ဘာလို့အခုမှလာပြီး ရေးကြီးခွင်ကျယ်လုပ်နေလဲ မသိဘူး။
ဒါပေမယ့်လည်း ထုတ်ပြောလို့ မကောင်းတာကြောင့် ငြိမ်နေတဲ့အချိန် ရုတ်တရက် အနောက်ကအသံတစ်သံ ထွက်လာတယ်။
“ဘာဖြစ်တာလဲ?”
အပြင်က ပြန်လာတဲ့ ရွှီထင်းရှန်းပဲ။
“ဪ ဘာမှမဖြစ်ဘူး ဒီတိုင်း ဝမ့်ချုံး ဟူဆန်းကို မတော်တဆ ဝင်တိုက်မိပြီး ဒီတိုင်း သူနည်းနည်း…”
“ကျောက်အာ ရပါတယ်ဆို ကျွန်မ အရင်ဆိုင်ပြန်နှင့်မယ်နော်”
ဝူဝမ့်ချုံးက ဒီလိုဖြတ်ပြောပြီးတာနဲ့ ခပ်သုတ်သုတ် ထွက်သွားတယ်။ ဒီတော့မှ ကျောက်အာက ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်တော့ ရွှီထင်းရှန်းက မနီးမဝေးက ဟူဆန်းကို လှမ်းကြည့်လိုက်မိပြီး သူ့မျက်ဝန်းတွေက တစ်ခဏလောက် စိတ်ဝင်စားမှုတွေ ပြည့်နှက်သွားတယ်။
“ဟူဆန်းကို စိတ်ထဲအရမ်းမထားနဲ့လို့… သွားပြောလိုက်ပါဦး ဝမ့်ချုံးက အစထဲက ကြောက်တတ်လို့ တမင်လုပ်တာမဟုတ်ဘူးလို့ ငါ သူ့ဆီပြန်သွားလိုက်ဦးမယ် ရှင်သွားပြောလိုက်နော်”
ရွှီထင်းရှန်းကတော့ သူ့မိန်းမအမှာကို ခေါင်းတစ်ချက်ညိတ်ပြလိုက်ပေမယ့် သူ့ဟာနဲ့သူ အတွေးနက်နေပုံပေါ်တယ်။ ကျောက်အာ ဆိုင်ပြန်သွားတဲ့အချိန် မီးဖိုချောင်အရှေ့မှာ ခေါင်းငိုက်ရင်း ထင်းခုတ်နေတဲ့ ဟူဆန်းဆီ သူလျှောက်သွားလိုက်တယ်။
“အခုနကကိစ္စကို စိတ်ထဲအရမ်းမထည့်နဲ့လို့ ကျောက်အာက ပြောခိုင်းလိုက်တယ်။ မိန်းမတွေက အသည်းငယ်တယ်လေ”
ဟူဆန်းက အင်းဆိုတဲ့ မပီမသတုံ့ပြန်မှုတစ်ခုသာ ပေးလိုက်ပေမယ့် သူ့လက်တွေကတော့ မရပ်တန့်သွားဘူး။ ပေတံနဲ့တိုင်းပြီး ခုတ်ထားသလား အောက်မေ့ရအောင် သူ့ထင်းခုတ်စွမ်းရည်က ကျွမ်းကျင်လွန်းလို့ သာမန်လူဆိုတာ ယုံရခက်ခက်ပဲ။
ရွှီထင်းရှန်းက အားလုံးသတိထားမိသော်ငြား နှုတ်ဆိတ်နေဖို့ရွေးချယ်လိုက်ပြီး သူ ပြန်လှည့်ဖို့လုပ်တဲ့အချိန်မှာပဲ ဟူဆန်းက ပါးစပ်ဟလာတယ်။
“အဲဒီမိန်းမက လူကောင်းမဟုတ်ဘူး တမင်ဟုတ်ဟုတ် မဟုတ်ဟုတ် အမြဲတမ်း သူဌေးကတော်ကို မဟုတ်တာတွေပြောပြီး လှည့်စားတတ်တယ်”
157 02
ရွှီထင်းရှန်းက စိတ်ဝင်တစား ပြန်လှည့်လာပြီး “ဟုတ်လား။ မင်းဘယ်လိုသိလဲ”
ဟူဆန်းက ဆက်မပြောခင် ခဏလောက်တန့်သွားတယ်။
“တခြားတစ်ယောက်ဆီက ကြားခဲ့တာပါ။ သခင်လေးကိုလည်း ပြောပေမယ့် သူက နားလည်ဖို့ သိပ်ငယ်သေးတယ်”
ရွှီထင်းရှန်းက ခေါင်းတစ်ချက် ညိတ်လိုက်တယ်။
“အင်း မင်းက ငါ့ကို တစ်ခုပြောပြမှတော့ ငါလည်း တစ်ခုပြန်ပြောပြလိုက်မယ်။ အဲဒီမိန်းမက ဝူမိသားစုကပဲ”
ကျယ်လောင်တဲ့အသံနဲ့အတူ ဟူဆန်းလက်ထဲကပုဆိန်က မြေကြီးပေါ် ပြုတ်ကျသွားတယ်။ ဟူဆန်းက အမြဲတစေ ခေါင်းငုံ့ထားတတ်ပြီး ဘယ်သူ့ကိုမှ မျက်နှာချ င်းသိပ်မဆိုင်ဘူး။ အခုတော့ အုပ်ကျနေတဲ့ ဆံပင်တွေကြားက ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာတဲ့မျက်နှာအရ သိပ်ကိုအံ့ဩသွားပုံပဲ။
အမှန်အတိုင်းပြောရရင် သူက မွေးကတည်းက ရုပ်ဆိုးနေတာမဟုတ်ဘူး။ သူ့မှာ နက်ရှိုင်းတဲ့ မျက်ခုံးမျက်လုံးနဲ့ နှာတံမြင့်မြင့်ရှိပြီး လူကြမ်းရုပ်တော့ပေါက်ပေမယ့် အခု ဘယ်ဘက်မျက်လုံးထောင့်ကနေ မေးစေ့အထိ ၇လက်မလောက်ရှိတဲ့ အမာရွတ်ကြီးကြောင့်သာ မရှုမလှဖြစ်သွားရတာ။
ဓားဒဏ်ရာက မျက်လုံးကိုပါထိသွားတော့ တစ်ချိန်က ကြည့်ကောင်းခဲ့တဲ့ရုပ်ရည်က အခုတော့ နတ်ဆိုးသဖွယ် ဖြစ်သွားတော့တယ်။
“ဘာတွေသိထားသေးလဲ?”
ရွှီထင်းရှန်းက လှမ်းနေတဲ့ခြေလှမ်းကို ရပ်လိုက်ပြီး ပုခုံးပေါ်က ကျော်ကြည့်တယ်။
“ဘာမှမသိပါဘူး”
“ဒါဆို ဘာလို့ဝူမိသားစုကို ထည့်ပြောတာလဲ”
“ငါ့မှာ ဝူမိသားစုနဲ့ ရန်ငြှိုးရှိတ။ယ် မင်းကို ဒါလာပြောပြတယ်ဆိုတာလည်း အားလုံးကို ငါစောင့်ကြည့်နေတယ်ဆိုတာ သိထားစေချင်လို့”
ရွှီထင်းရှန်းရဲ့လေသံက ရွှင်မြူးရိပ်နည်းနည်းစွက်နေပြီး အိမ်ထဲဝင်သွားတယ်။ ဟူဆန်းကတော့ ပိတ်သွားတဲ့တံခါးကိုသာ စိုက်ကြည့်ရင်း မျက်နှာထားက ခန့်မှန်းမရအောင် ပြောင်းလဲသွားတယ်။ အဲဒီအချိန်မှာပဲ ဒေါသရိပ် သန်းချင်ဟန်ဆောင်နေတဲ့ အသံတစ်သံက အထဲကထပ်ထွက်လာတယ်။
“ဟုန်အာက ဘေးအိမ်ရောက်နေတယ်။ သူ့ကိုသွားခေါ်လာခဲ့ အဲဒီကောင်စုတ်လေးက အဖေပြန်လာတာတောင် လာကြိုရကောင်းမှန်း မသိဘူး”
ဟူဆန်းကတော့ အချိန်အတော်ကြာမှ စရွေ့နိုင်တယ်။ သိပ်မကြာလိုက်ပါဘူး သူ ဟုန်အာနဲ့ပြန်ရောက်လာတဲ့အခါ ရွှီထင်းရှန်းက အိမ်ထဲမှာမရှိတော့ဘူး။ ဟူဆန်းက ဂိတ်တံခါးပိတ်ပြီးကာစပဲ ရှိသေး အလင်းအလျင်နဲ့ပြေးနေတဲ့ ဟုန်အာနောက် လိုက်ရပြန်တယ်။
သူတို့က ခဏလေးအတွင်းမှာတင် ဥယျာဥ်ငယ်လေးကို ကျော်ပြီး ဆိုင်အနောက်ဘက် ရောက်သွားတယ်။ ဟုန်အာကတော့ အရင်ဝင်သွားပြီး ဟူဆန်းလည်း အပေါက်ဝရောက်တာနဲ့ သူ့သခင်လင်မယားက နည်းနည်းမသင့်တော်တဲ့ပုံစံနဲ့ ကျီစယ်နေတာ ကြားလိုက်ရတယ်။
ပြေးကြည့်စရာမလို တွေးကြည့်ရုံနဲ့တင် ဝူမျိုးရိုးကတော့ တော်တော်လေး မပျော်မရွှင်ဖြစ်နေမှာ သူ သိလိုက်ပါတယ်။ ဟူဆန်းက နှစ်ပေါင်းများစွာ တစ်တိုင်းပြည်လုံး ခြေဆန့်ခဲ့တာကြောင့် ဒီလိုမိန်းမမျိုးတွေလည်း အများကြီးတွေ့ခဲ့ဖူးပြီးသား။
တစ်ပါးသူအပိုင်ကိုပဲ လိုက်မျက်စိကျနေတဲ့ သနားစရာတွေပေါ့၊ ဒါက ဟူဆန်းရဲ့အရင်အမြင်ဆိုပေမယ့် ရွှီထင်းရှန်းပေးတဲ့ သတင်းကို ကြားပြီးသွားတဲ့နောက်မှာတော့ စိတ်ပြောင်းသွားပြီး ဒီမိန်းမ ရွှီမိသားစုကို ဘာလာလုပ်တာလဲလို့သာ မေးခွန်းထုတ်နေမိတယ်။
ညနေကျတော့ ကျောက်အာက ဟုန်အာလေးကို ရေမိုးချိုးပေးနေတဲ့အချိန် ရွှီထင်းရှန်းက စာကြည့်ခန်းထဲမှာ ရှိနေတယ်။ နှောင်းနွေရဲ့လေပြည်က ဆောင်းဦးအငွေ့အသက်ပါချင်နေတော့ ခြောက်သွေ့အေးမြလာတယ်။
စာကြည့်ခန်းရဲ့ ပြူတင်းပေါက်ကို ခပ်ကျယ်ကျယ်ဖွင့်ထားလိုက်တဲ့အခါ အလည်လာတဲ့ လေတစ်သုတ်က အခန်းထဲက ပိတ်လှောင်မှုကို လျော့ကျစေတယ်။ ဟူဆန်းက တိတ်တဆိတ် ဝင်လာပြီး ရွှီထင်းရှန်းကို သူ့ရဲ့တစ်ဖက်တည်းသော မျက်လုံးနဲ့ စိုက်ကြည့်နေတယ်။
“ကျွန်တော် သခင့်ကို ယုံသင့်သလား”
157 03
“မယုံချင်စမ်းပါနဲ့။ ငါ့ကိုယ်ငါတောင် ယုံတာမဟုတ်ဘူး”
ဒါက စားပွဲအနောက်မှာ ထိုင်ရင်း စာသင်သားဝတ်ရုံကိုမှ အပေါ်ထပ်ခါးစည်းကြိုးမချည်ဘဲ ဖြစ်သလိုဝတ်ထားတဲ့ ရွှီထင်းရှန်းဆီက ထွက်လာတဲ့စကားရယ်ပါ။ သူ့အပြောက လေးလေးနက်နက်မရှိရုံတင်မက ရင်ဘတ်ဟပြဲနဲ့ ခပ်လျှောလျှော မှီထိုင်နေတဲ့ပုံကလည်း အတော်လေး ပေါ့ပျက်ပျက်နိုင်ပုံပေါ်ပေမယ့် တစ်ခွန်းတည်းပြောရရင်တော့ ဒါကိုက ဆွဲဆောင်မှုရှိလွန်းနေတယ်။
“ဒါဆို ဘယ်သူ့ကိုယုံရမှာလဲ”
ဒါက ရွှီမိသားစုဆီ ရောက်ကတည်းက အာစေ့ပိတ်နေတဲ့ ဟူဆန်းတစ်ယောက် စကားအများဆုံးပြောဖူးတာပဲ။
“ကိုယ့်ကိုယ်ကိုယ်ပဲ ယုံ”
“သခင် ကျွန်တော့်မှာ ပြောချင်တာတစ်ခုရှိတယ်”
ထိုအချိန်မှာပဲ အပြင်ဘက်ကောင်းကင်က မဲမှောင်လာပြီး လျှပ်စီးကြောင်းတွေက ထင်ဟပ်လာတယ်။ မိုးချိန်းသံ အနည်းငယ်နောက်မှာတော့ အားကောင်းတဲ့မိုးပေါက်တွေက ကမ္ဘာမြေပေါ်ကို အလုအယက် ဆင်းသက်လာခဲ့တယ်။
မိုးတွေလေတွေကြားထဲမှာ ကျောက်အာရဲ့ ခေါ်သံကျယ်ကျယ်က ဖုံးလွှမ်းထွက်လာတော့ ရွှီထင်းရှန်းက ချက်ချင်း မတ်တပ်ထရပ်ပြီး ပြောတယ်။
“ဟုတ်ပြီ နောက်မှပြောတော့”
ရုတ်ခြည်းဆန်တဲ့ မိုးက နွေရိပ်ဝေဆဲ ရာသီဥတုကို ညတွင်းချင်း ပြောင်းပြန်လှန်သွားတယ်။ နောက်တစ်နေ့နံနက်မှာ ဝူဝမ့်ချုံးက ခေါင်းဆောင်းပါဝတ်ရုံကို လုံလုံခြုံပြီး ထုံးစံအတိုင်း ယင်းကောအကူအညီနဲ့ ခိုးထွက်ဖို့ပြင်တယ်။
ကံတရားက မျက်နှာသာမပေးချင်တော့ သူမအဆောင်ဝန်းထဲက ခြေချလိုက်တာနဲ့ လူတစ်စုရဲ့ပိတ်ပင်ခြင်းခံလိုက်ရပြီး အမတ်ချုပ်ဝူက နောက်ဆုံးက ထွက်ပေါ်လာတယ်။
ဦးလေးအန်းက မနေ့ညက မိုးနဲ့အပြိုင် မဲမှောင်နေတဲ့မျက်နှာနဲ့ အမတ်ချုပ်ဝူဘေးနားမှာ မျက်လွှာချရင်း မလုံမလဲ ရပ်နေတယ်။ ဝူဝမ့်ချုံးကတော့ ဖြူဖျော့သွားတော့တယ်။ အမတ်ချုပ်ဝူက သူ့ဒေါသကို ကောင်းကောင်းပုံချပြီး သမီးဖြစ်သူကိုလည်း အပြင်မထွက်ရဆိုတဲ့ တစ်ချက်လွှတ်အမိန့်ပေးကာ သူ့စာကြည့်ခန်းဆီ ပြန်လာခဲ့တယ်။
အခန်းထဲရောက်ပြီးတာတောင် စိတ်မပြေနိုင်သေးဘဲ မီးပွင့်မတတ် အကြည့်တစ်ချက်က ဦးလေး အန်းဆီ တည့်တည့်ရောက်လာတယ်။
“ဒီလိုကိစ္စမျိုးကိုတောင် မင်းက ငါ့ကိုဖုံးထားရဲသေးတယ်နော်”
အိမ်ထိန်းအန်းက ခါးသီးစွာ ပြုံးလိုက်ပြီး “သခင်ကြီး စိတ်လျှော့ပါ မမလေးက ဟယ်မိသားစုက ပြန်ရောက်လာကတည်းက မရွှင်မပျဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ? အခုလို အပြင်လေးထွက် စိတ်လေးဖြေတာမျိုးက ရှားတာမို့ ဒီအစေခံလည်း သေချာမစောင့်ကြည့်လိုက်မိတာပါ။ အားဝူတို့လည်းပါသွားတော့ ဘယ်သူက ဒီလိုဖြစ်မယ်လို့ ထင်မှာလဲလေ?”
အစက သူလည်း ပြန်တိုင်ဖို့စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် မမလေးက ကတိပေးပြီးတာတောင် စကားနားမထောင်ဘဲ ဆက်သွားနေတုန်းပဲဆိုတော့ သူလည်း စိတ်ရှည်မှုတွေကုန်ဆုံးပြီး အမတ်ချုပ်ဝူဆီ တင်ပြလိုက်ရတာ။
“ဒီကောင်မလေးက ဆေးလုပ်ခံလိုက်ရတာပဲ။ အထက်တန်းစားအိမ်တော်က သခင်မလေးတစ်ယောက်က ရွှီမိသားစုပိုင်တဲ့ အစုတ်အပြတ်ဆိုင်လေးမှာ အလုပ်သမား သွားလုပ်ရတယ်လို့ကွာ ဘယ်လိုတောင် ကျော်မကောင်းတာလဲ”
အမတ်ချုပ်ဝူက ပုံမှန်တည်ကြည်မှုတွေလည်း ပျောက်ဆုံးသွားရင်း ဒေါသကြီးစွာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတယ်။
“သခင်ကြီး မမလေးက”
ဝူကောလောင်က လက်ကာပြပြီး “တော် သူ့ဘက်က ကာပြောပေးဖို့ လုပ်မနေနဲ့ ငါ ဒီကလေးမကို သိပ်အလိုလိုက်ခဲ့မိလို့ တစ်နေ့တခြား အတင့်ရဲပြီး ဒီလိုရှက်ဖွယ်အတိကိုတောင် လုပ်ရဲသွားတာ။ ဒီတလော ဘာကြောင့် လက်ထပ်ဖို့ကို အကြောင်းအမျိုးမျိုးပြနေသလဲ အောက်မေ့တယ် ဒါကြောင့်ကိုး”
တဗျစ်တောက်တောက်ပြောရင်း သူနောက်ဆုံးငြိမ်ပြီး ထိုင်ချလိုက်တော့မှ ဦးလေး အန်းက မဝံ့မရဲ စကားစလိုက်တယ်။
“သခင်ကြီး တကယ်တော့ မမလေး အကြည့်မှန်ပါတယ်”
157 04
“ဘာပြောချင်တာလဲ”
“စဥ်းစားကြည့်ပါ နန်းတွင်းစာမေးပွဲကြီး စတာနဲ့ ခြောက်နှစ်တာစနစ်မှာ အမြင့်ဆုံးအဆင့်ရောက်တာဆိုလို့ နှစ်ယောက်ပဲ ရှိတယ် ရွှီထင်းရှန်းက နှစ်ထောင်ချီထဲက ဒုတိယတစ်ယောက်ပဲ။ ပြီးတော့ သူက အသက် ၂၀တောင်မပြည့်သေးဘူး သူ့မှာ အရည်အချင်းရှိသလို ရုပ်အဆင်းကလည်း နိမ့်ကျမနေဘူး။ ဘာနောက်ခံမှမရှိတဲ့ လူဆင်းရဲတစ်ယောက်က ဒီလမ်းကြောင်းကို စဝင်လာတာနဲ့ မြို့တော်မှာ မုန်တိုင်းမွှေပြီး အကြီးပိုင်းအတော်များများကို တစ်ယောက်တည်းဖြုတ်ချသွားတာ။ အဓိကအချက်က အခုထိ သူ့ကိုဘယ်သူမှ ဆံချည်တစ်မျှင် မထိနိုင်သေးဘူး။ သူ့ဗျူဟာတစ်ခုထဲကတင် အထင်သေးလို့မရဘူး”
သူက ခဏလောက် ရပ်ပြီး အမတ်ချုပ်ဝူနားထောင်နေတာ သေချာမှ ဆက်ပြောတယ်။
“ဒီအစေခံက မဟုတ်တာမြှောက်ပေးတာ မဟုတ်ပေမယ့် မမလေးကလည်း သဘောကျနေပြီး သူ့မှာ ဘယ်သူမှလည်း နောက်ခံမရှိဘူးဆိုတော့ သူက အသင့်တော်ဆုံးပဲမလား။ မမလေး မကြိုက်တာလည်း မပြောနဲ့။ သူနဲ့ယှဥ်ရင် ထောက်ယီတုန်ဆိုတာ ခြေဖျားတောင်မမှီဘူးလေ”
“ဒါပေမယ့် ဒီအစေခံမှာ တစ်ကိုယ်ကောင်းဆန်ချင်တဲ့စိတ်လေးလည်း ရှိတာပေါ့လေ။ မမလေးအတွက် တကယ် ဝမ်းနည်းမိလွန်းလို့ပါ။ သူ့ခမျာ နောက်ဆုံးလက်ထပ်ပြီး အခြေကျမယ်ပဲရှိသေးတယ် သခင်လေး ဟယ်က ကံခေခဲ့ရှာတယ်။ ဒီလူအိုကြီးက အစေခံတစ်ယောက်ပဲဆိုပေမယ့် မမလေး ဒီအရွယ်ရောက်တဲ့အထိ စောင့်ရှောက်ပေးခဲ့ရတဲ့သူမို့ တကယ်မကြည့်ရက်ဘူး”
ဦးလေး အန်းလို နိမ့်ကျတဲ့အစေခံကတောင် ရင်ထဲမကောင်းတာ အမတ်ချုပ်ဝူကလည်း သမီးအရင်းကို ကြည့်ရက်ပါ့မလား။ သူ မငြင်းရက်နိုင်မှန်းသိလိုက်တော့ သည်းခံပေးဖို့ပဲရှိတော့တယ်။ ဒါပေမယ့် ဒီစကားတွေကြားပြီးသွားတဲ့အခါမှာတော့ မနေနိုင်ဘဲ တိတ်ကျသွားမိတယ်။
“အဲဒီလူငယ်က ဘယ်လိုလုပ် နောက်ခံမရှိရမှာလဲ။ သူ့နောက်မှာ ပေလုကျောင်းတော်တစ်ခုလုံး ရှိနေတယ်မဟုတ်ဘူးလား?”
“သခင်ကြီး အရင်ကဖြစ်ခဲ့တာတွေကြောင့် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ အင်အားကြီးနေဆဲပဲလို့ မှတ်ယူလို့မရတော့မှာ စိုးမိပါတယ်။ ဒါကြောင့် ရန်သူမပွားအောင်နေတာ ပိုကောင်းပါတယ်”
အဲဒါတော့ အမှန်ပဲ။ ဘယ်သူက မမုန်းဘဲနေမှာလဲ။ အထင်အမြင်တူ လူတစ်စုအတွက်တော့ ဘေးကနေ ထိုင်ကြည့်နေရုံဆိုပေမယ့် သူကတော့ တစ်ချက်မှားတာနဲ့ သေလမ်းရောက်မှာ။
“တကယ်လို့ သူ ပေလုကိုတောင် ဒီလောက်မုန်းနေရင် ငါတို့ဝူမိသားစုကိုရော မမုန်းဘဲနေမလား”
ဦးလေး အန်းက တည်ငြိမ်စွာ ပြုံးရင်း ဆက်ပြောတယ်။
“ဒါပေမယ့် ဒါတွေလုပ်ခဲ့တာ သခင်ကြီးမဟုတ်ဘဲ သခင် ၂တို့သားအဖလေ။ သခင်ကြီးက သွေးသားတော်စပ်လို့ ဆွဲထည့်ခံခဲ့ရရုံတင်ပါပဲ”
ဒါလည်း ဟုတ်တာပဲ။
“ဒါထက် အဲဒီတုန်းက သူက ငယ်သေးတော့ အကြောက်အလန့်မရှိ လုပ်ရဲတယ်လေ။ ဒါပေမယ့် အခု သူဒီကိစ္စကို ဖန်တီးခဲ့ပြီးကတည်းက အားလုံးဆီက အေးစက်စက်ဆက်ဆံခံနေရတော့ အခုဆို အာဏာရဲ့သက်ရောက်မှုကို နားလည်သွားလောက်ပါပြီ”
တကယ်လို့ ရွှီထင်းရှန်းကိုသာ နောက်တစ်ကြိမ် ရွေးချယ်ခွင့်ပေးမယ်ဆို သေချာပေါက် အမတ်ချုပ်ဝူကို စော်ကားဖို့ရွေးမှာမဟုတ်ဘူး။ အင်မတန် အမြင့်မှာရှိနေတဲ့လူတွေမှာ ဒါမျိုးအားသာချက်ရှိတယ်။ လာထိတဲ့လူကို သူတို့လက်တစ်ချောင်းမြှောက်စရာမလိုဘဲ အောက်ကလူတွေက စိတ်ပိုင်းဆိုင်ရာ ဖယ်ကျဥ်ထိုးနှက်ကြလိမ့်မယ်။
“နောက်ပြီး သခင်ကြီးကိုယ်တိုင် အရင်တုန်းက ဒီလူငယ်လေးကို မြှောက်စားချင်တယ်လို့ ပြောပြောနေတာမလား။ ပထမတစ်ချက် လောကကြီးကို ဘာတွေဖြစ်နေကြောင်း ပြဖို့နဲ့ ဒုတိယအချက်က အရှင်မင်းကြီးကို မျက်နှာလုပ်ဖို့ …”
ဦးလေးအန်း စကားဆုံးအောင် မပြောတောင် သူ နားလည်လိုက်ပါတယ်။ ကြည့်ရတာ ပြဿနာလို့ သူတွက်ထားခဲ့တာတွေက အခုတော့ ပြဿနာလုံးလုံး မဟုတ်တော့ဘူး ထင်ပါတယ်။ အမတ်ချုပ်ဝူဆီက ရယ်သံတစ်ခုထွက်လာတယ်။
“ဝူအန်း ငါ တကယ် နောင်တရမိသားကွ အဝေးကိုမလွှတ်လိုက်ချင်ဘူးဆိုတဲ့ စိတ်တစ်ခုထဲနဲ့ မင်းကို ငါ့နားမဆွဲထားသင့်ဘူး။ တကယ်လို့ မင်းသာ နန်းတွင်းစာမေးပွဲဝင်ဖြေဖြစ်ခဲ့ရင် ငါလည်း ညီလာခံထဲ ဒီလောက်အထိ ဝန်ပိနေမှာ မဟုတ်ဘူး”
157 05
ဦးလေး အန်းကတော့ နှိမ့်ချတဲ့အပြုံးလေး တစ်ပွင့်ပေးလိုက်တယ်။
“သခင်ကြီးက မဆွဲထားလည်း ဝူအန်းကတော့ ထွက်သွားဖို့စိတ်ကူးမရှိပါဘူး။ ဒီအစေခံအိုကြီးက ကိစ္စသေးသေးလေးတွေမှာ နည်းနည်းပါးပါး ဝင်အကြံပေးနိုင်ပေမယ့် အရေးကြီးကိစ္စတွေဆိုရင်တော့ မစွမ်းသာပါဘူး”
အမတ်ချုပ်ဝူက ခေါင်းတညိတ်ညိတ်လုပ်ပြီးမှ လက်ကာပြပြီး “မင်းသွားလို့ရပြီ ဒီကိစ္စက အလောတကြီးမဟုတ်တော့ ငါသေချာစဥ်းစားလိုက်မယ်”
“ကောင်းပါပြီ သခင်”
ဦးလေး အန်းက ဖြည်းဖြည်းချင်း ထွက်လာခဲ့ပေမယ့် သူ့အတွေးတွေကတော့ အတိတ်ကို နောက်ပြန်ရောက်သွားတယ်။ အဲဒီတုန်းက ဝူမိသားစုအကြီးဆုံးသားရဲ့ အနီးကပ်အစေခံအနေနဲ့ သူလည်းပဲ စာသင်ဖို့အခွင့်အရေးရခဲ့ပြီး ပြောရရင် သူက စာလေ့လာတဲ့နေရာမှာ ပါရမီပါတယ်လို့တောင် ပြောလို့ရတယ်။
ဒါပေမယ့် အကြောင်းသိတဲ့သူအနေနဲ့ အခုနက နောင်တရသလိုစကားက အပြောသက်သက်ဆိုတာ သူသိတာပေါ့။ အမတ်ချုပ်ဝူဆိုတာ သဘောထားသေးသိမ်တဲ့သူမျိုးမို့ အခိုင်းအစေတစ်ယောက်က သူ့ထက်သာသွားမှာကို ဘယ်လိုလားပါ့မလဲ။
ကံဆိုးစွာနဲ့ အဲဒီတုန်းကတော့ သူက သိပ်နုံပြီး ကိုယ့်အရည်အချင်းကို ဖုံးထားရမှန်း မသိခဲ့တဲ့အတွက် သဘောပေါက်တဲ့အချိန်မှာတော့ သိပ်နောက်ကျသွားခဲ့ပြီ။ တစ်ခါတလေ ဘဝပေးကံက ဒီလိုလည်း ထူးဆန်းတတ်သေးတယ်။
ရွှီထင်းရှန်းက ရောက်တတ်ရာရာတွေးရင်း ထူးဆန်းတဲ့ခံစားချက်ကြီးနဲ့အတူ မုန့်ဟောက်ချန်ရဲ့ ထောက်ယီတုန်တစ်ယောက် ဘယ်လိုတွေ အရှက်ကွဲသွားသလဲဆိုတာ အပီအပြင်ပြောပြနေတဲ့ အတင်းအဖျင်း ရေယာဥ်ကြောထဲ အာရုံပြန်ရောက်လာတယ်။
ဖြစ်ချင်တော့ အရာအားလုံးက ထောက်ယီတုန်တစ်ယောက်ထဲ အထင်အမြင်တွေလွဲပြီး တစ်ဖက်သတ် ယူဆခဲ့တာတဲ့။ ထောက်ယီတုန်က ဒီတလောအတွင်း သတင်းကောင်းလာဖို့ကို လည်ပင်းရှည်မတတ် မျှော်ခဲ့ပေမယ့် ရောက်မလာလေတော့ သူ့ကို အရင်ပြောခဲ့ဖူးတဲ့သူဆီ သွားမေးကြည့်လိုက်တယ်။
ဒီတော့မှ အံ့အားသင့်စရာကောင်းစွာပင် တစ်ဖက်လူက မသိချင်ယောင်ဆောင်တဲ့အပြင် သူ့ကို ဖားလောင်းက ငန်းသားစားချင်တယ်ဆိုပြီးတောင် မတန်မရာမှန်းတဲ့အပေါ် ဆူပူကဲ့ရဲ့လိုက်သေးတယ်။ ဒီရိုက်ချက်တွေကို မခံနိုင်တဲ့ ထောက်ယီတုန်ခမျာ ချက်ချင်းအိပ်ရာထဲ လဲသွားပြီး သူ သက်သာလို့ ဟန်လင်းကျောင်းတော်ထဲ ပြန်ရောက်လာတဲ့အခါမှာတော့ သတင်းတွေက ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပြီ။
အရင်က ဝိုင်းဝန်းမြှောက်ပင့်ခဲ့ကြတဲ့သူတွေအားလုံး နောက်ကွယ်မှာ လက်ညှိုးထိုးလှောင်ပြောင်တဲ့ဆီကို ကူးသွားကြတယ်။ ရွှီထင်းရှန်းက ဝန်မခံချင်ပေမယ့် သူလည်း အဲဒီလူတွေထဲ တစ်ယောက်အပါအဝင်ဆိုတာ အမှန်ပဲ။
လူငယ်လေးက သိပ်အ,လွန်းပြီး ဘယ်လိုနှိမ့်ချရကောင်းမှန်း မသိဘူး။ ဘာမှတောင်မသေချာသေးခင် မာနက မိုးထိုးနေပြီ။
ဩဂုတ်လနှောင်းပိုင်းက တစ်နေ့တခြား အအေးကဲလာတာကြောင့် နန်းတော်ထဲမှာလည်း အားလုံးက နွေရာသီအဝတ်အစားကနေ ခပ်ထူထူအပေါ်ရုံတွေအဖြစ် ပြောင်းလဲသွားကြတယ်။ ဒီအတောအတွင်း ဝူဝမ့်ချုံးကလည်း ပျောက်ချင်းမလှ ပျောက်သွားတယ်။
ရုတ်တရက်ကြီး ဆိုင်တောင်မလာတော့တာကြောင့် ပထမတော့ ကျောက်အာက မိသားစုအရေးတကြီးကိစ္စရှိလို့ ခွင့်တိုင်ဖို့မအားလို့ ထင်တာ ဒါပေမယ့် ရက်တွေဆက်တိုက်ထပ်လာတော့ စိတ်မပူဘဲမနေနိုင်တော့ဘူး။
သူမမှာ ဝမ့်ချုံးစဝင်ကတည်းက တောင်းထားတဲ့ အိမ်လိပ်စာရှိတာမို့ ဟူဆန်းကိုခေါ်ပြီး အဲဒီကိုသွားလိုက်တော့ အိမ်တော့ရှိပေမယ့် လူတစ်ယောက်မှမရှိတာ တွေ့လိုက်ရတယ်။ ဒါက ကျောက်အာကို တော်တော် ရှုပ်ထွေးသွားစေတယ်။
“အစောကြီးကတည်းက ဘာလုပ်လုပ် သတိထားပါလို့ ငါပြောသားပဲ။ ငါ့မှာ နန်းတော်ထဲက ရန်သူတွေအများကြီးရှိသလို မင်းမှာလည်း မြို့တော်မှာ စီးပွားပြိုင်ဖက်တွေ အများကြီးရှိတာပဲလေ။ လူတစ်ယောက်ခန့်တော့မယ်ဆို ယုံရမယုံရ သေချာစစ်ဆေးမှရမယ်။ အခုကြည့် ဘာမှမဖြစ်လို့ တော်သေးတာပေါ့။ ဒါပေမယ့် အဲဒီဝမ့်ချုံးက ငါတို့ဟုန်အာလေးကို ပြန်ပေးဆွဲသွားရင် ဘယ်လိုလုပ်မလဲ။ အဲဒီလိုဆို မင်း ဘာလုပ်မလဲ ကျောက်အာ”
ဒီစကားတွေက ကျောက်အာကို ကျောချမ်းသွားစေတယ်။ ဝမ့်ချုံးက ဟုန်အာလေးကို ချစ်ပြီး အမြဲတမ်း ကစားဖို့ခေါ်သွားနေကျ တကယ်လို့ မကောင်းတဲ့အကြံနဲ့ ကလေးကို အမှန်တကယ် ခေါ်သွားခဲ့မယ်ဆိုရင် ….
157 06
ကျောက်အာ ဆက်တောင်မတွေးရဲတော့ဘူး။ နောက်တစ်နေ့ကျ သူမက ဒေါသပုန်ထပြီး ဆန်ဈေးမှာ လူတွေအများကြီး သွားဝယ်လာတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ဆယ်နှစ်ဝန်းကျင် ကလေးမလေးတွေကိုပဲ အဓိကခေါ်လာခဲ့တာ။ သူတို့က ဈေးအကြီးဆုံးဆိုပေမယ့် ကျောက်အာကတော့ အံကြိတ်ပြီး ဝယ်လာလိုက်တယ်။
ရွှီထင်းရှန်းကလည်း သေချာပေါက် သဘောတူတာပေါ့။ သူကိုယ်တိုင် သူမရဲ့လုပ်ငန်းက တွင်ကျယ်လာမှာမို့ လုပ်သားအင်အားကို အမြန်ဖြေရှင်းဖို့ အကြံပေးခဲ့တာ။ နောက်ပြီး ရေဘေးဒုက္ခသည်တွေထဲက ပါးနပ်ပြီး ထက်မြက်တဲ့ယောက်ျားလေးတွေ ရွေးဝယ်ဖို့လည်း ပြောလိုက်သေးတယ်။
သိပ်မငယ်မကြီးလွန်းတဲ့ ၁၁နှစ် ၁၂အရွယ်လေးတွေက လိုသလို ပုံသွင်းဖို့အကောင်းဆုံးပဲ။ သူတို့ကို အခြေခံစာဖတ်တတ်ရုံ သင်ပေးပြီး ပေသီးတွက်နည်းပါ ပြလိုက်တာနဲ့ အချိန်တိုအတွင်းမှာတင် ကျောက်အာရဲ့ စာရင်းတစ်ဝက်လောက်ကို ကူပေးနိုင်လာလိမ့်မယ်။
ဒီထက်ပိုခက်ခဲတဲ့ စီးပွားတွက်နည်းတွေကိုတော့ အချိန်ယူသင်ကြားပေးလိုက်မယ်ဆို နောက်နှစ်အချို့မှာတင် ကျောက်အာလက်အောက်က စာရင်းကိုင်တွေ စီမံကြီးကြပ်သူတွေအဖြစ် ခန့်ထားနိုင်မှာ သေချာတယ်။
ကျောက်အာက ဒီကိစ္စကြောင့် အခုရက်ပိုင်း အတော်အလုပ်ရှုပ်နေပြီး ထိုအချိန်မှာပဲ ရွှီထင်းရှန်းကလည်း သူ့ဘဝရဲ့ တစ်ဆစ်ချိုးအပြောင်းအလဲကြီးနဲ့ ကြုံတွေ့လိုက်ရတယ်။ အဲဒါကတော့ သူ့ကို နန်းတွင်းအမိန့်စာပြန်တမ်းဌာနမှာ မူကြမ်းရေးဆွဲသူအဖြစ် ခန့်အပ်လိုက်ကြောင်း အထက်က အမိန့်ကျလာတာပဲ ဖြစ်တယ်။
ဆိုလိုတာကတော့ များမကြာမှီမှာပဲ ရွှီထင်းရှန်းတစ်ယောက် နန်းတွင်းရုံးတော်ထဲ ရောက်သွားတော့မှာပေါ့။
…………….
******
158 01
အခန်း ၁၅၈
အရာရှိအသစ်ရွေးချယ်တင်မြှောက်တဲ့ ရာထူးလွှဲပြောင်းစာက အတွင်းဝန် ရုံးကလာတာဖြစ်တယ်။ နန်းတွင်းလွှတ်တော်က တိုင်းပြည်အရေးနဲ့ပက်သတ်တဲ့ ရာထူးလစ်လပ်မှုတွေကို လီပု(ဝန်ထမ်းရေးရာဌာန)နဲ့ တပ်တွင်းလစ်လပ်မှုတွေကို ပင်းပု(စစ်တပ်ရေးရာဌာန)တို့ကိုပဲ ကိုင်တွယ်ခိုင်းလိုက်တာများပေမယ့် မဟာအတွင်းဝန်ရုံး ၂ခုကတော့ ဒီစည်းမျဥ်းထဲမပါဝင်ဘူး။
ဘာလို့ဆို အတွင်းဝန်ရုံးမှာ အထက်က အမတ်ကြီးတွေကို ကူညီပေးရတဲ့ မူကြမ်းလက်ထောက်ဌာနခွဲတွေရှိပြီး သူတို့ကို ခန့်အပ်တာ ဖြုတ်ချတာတွေကို မဟာအတွင်းဝန်တွေကပဲ စီမံရတာမို့လို့ပဲ။
အားလုံးအမြင်မှာတော့ ဒီလက်ထောက်လေးတွေက ရာထူးနိမ့်တယ်ဆိုပေမယ့် အတွင်းဝန်ရုံးက တစ်နေ့တခြား အာဏာစက်ကျယ်ပြန့်လာတာနဲ့အမျှ အောက်ဆုံးအဆင့် စာရေးလေးတွေတောင် နန်းတော်ထဲက တချို့အရာရှိတွေထက် ပိုအရေးပေးခံလာရတော့တယ်။
ရှင်းရှင်းပြောရရင်တော့ သူတို့က ဧကရာဇ်ရဲ့နှာခေါင်းအောက်တင် ထမ်းဆောင်နေရတာမို့ တခြားအမတ်ကြီးတွေနဲ့လည်း ထိတွေ့ဆက်ဆံရတာများတယ်။ အဲဒါထက် ဆုံးဖြတ်ချက်တွေကို အထက်ကချတယ်ဆိုရင်တောင် သူတို့က နေ့တိုင်း ဧကရာဇ်ရဲ့အမိန့်စာတွေ ထုတ်ပြန်ပြီး လက်အောက်ဌာနတွေရဲ့ တင်ပြချက်တွေကို ပြန်လည် ပြင်ဆင်နေရတာဆိုတော့ နန်းတော်ထဲ ဖြစ်ပျက်သမျှအကုန် သူတို့က အရင်သိရတာ။
ဒါကြောင့် ဒီစာရေးလေးတွေက ရာထူးနိမ့်တောင် နန်းတော်ထဲ ဘယ်သွားသွား မြှောက်ပင့်အရေးပေးခြင်းခံနေရတော့တာ မဆန်းဘူး။ အဆင့်နိမ့်အရာရှိတွေနဲ့ အသစ်စက်စက် နန်းတော်ထဲရောက်လာတဲ့ စာသင်သားတွေအားလုံး ဒီရာထူးကို မျက်စိကျနေတယ်ဆိုရင်တောင် တစ်နေရာရဖို့မလွယ်ဘူး။
ဒီဌာနခွဲနှစ်ခုမှာ လက်ရှိလုပ်နေတဲ့အယောက် ၂၀လုံးကလည်း အင်မတန် အထင်ကြီးစရာနောက်ခံတွေနဲ့ များသောအားဖြင့် အမတ်ချုပ်ဝူရဲ့ ဆွေမျိုးနီးစပ်တွေထဲကဖြစ်တယ်။ ဘာအဆက်အသွယ်မှမရှိတဲ့ သာမန်လူတစ်ယောက်အတွက် မဖြစ်နိုင်တဲ့နေရာမျိုးပေါ့။
"ရွှီ ရှုကျွမ်းအတွက် ကြိုပြီးဂုဏ်ပြုပါတယ်"
"ကျေးဇူးတင်ပါတယ် လက်ထောက်ဟယ်"
ရွှီထင်းရှန်းက လက်သီးနှစ်ဖက်ယှက်ပြီး တရိုတသေ ဦးညွှတ်လိုက်တယ်။ ဟယ်ယို့က သူ့လက်ဖျားစထဲက ရာထူးပြောင်းစာကို ထုတ်ပြီး ရွှီထင်းရှန်းလက်ထဲ ကမ်းပေးလာတယ်။
"မလိုပါဘူး အမတ်ချုပ်ကြီးက ဒီကိစ္စကို ရည်ရွယ်ထားတာ အတော်ကြာပြီ။ တကယ်လို့ ရွှီရှုကျွမ်းသာ နောင်မှာအောင်မြင်သွားရင် အမတ်ချုပ်ကို မမေ့နဲ့"
သူက ဒီလိုပြောပြီးတာနဲ့ အကြာကြီးထပ်မနေတော့ဘဲ ရွှီထင်းရှန်းကို ကျောပုတ်ပေးကာ ထွက်သွားတယ်။ သူသွားတာနဲ့ ကွော်ရှီးခန်းမက လူအားလုံး ဝိုင်းဝန်းဂုဏ်ပြုဖို့ ပြေးလာတော့ အထွေထွေရေးရာကလူတွေတောင် အထဲက ခေါင်းထုတ်ကြည့်လာကြတယ်။
"ရွှီရှုကျွမ်းကို ဒိလောက်မြန်မြန် ကောင်းကင်ဘုံက မျက်နှာသာပေးလိမ့်မယ်လို့ မထင်ထားဘူးဗျာ" မုန့်ဟောက်ချန်က နှာခေါင်းရှုံ့ရင်းဆိုလာပြီး အားကျနေတာ သိသာတယ်။
"ကျွန်တော်ကတော့ ဖြစ်နိုင်ရင် စာစစ်ကြီး မုန့်နဲ့သာ နေရာချင်းလဲလိုက်ချင်တာ"
ရွှီထင်းရှန်းက လျော့တိလျော့ရဲပြုံးရင်း အမှန်တိုင်းဆိုလိုက်တယ်။ သို့ပေမယ့် သူ့စိတ်ရင်းကို ဘယ်သူမှမယုံဘဲ လူလိမ္မာပီပီ နှိမ့်ချနေတယ်လို့ ထင်သွားတာတော့ နှမြောစရာပဲ။ သူတို့ကို တော်ရုံစကားလာပြောခဲတဲ့ လုရှန်မင်းတောင် အခုတော့ ဘေးနားမှာ မနာလိုခံပြင်းမှု တစ်ပုံတစ်ခေါင်းနဲ့ ပြောလာတယ်။
"နှိမ့်ချတာကောင်းပေမယ့် ဘယ်အရာမဆို သိပ်လွန်သွားရင် မကောင်းတော့ဘူး"
သူ့အပြောက ရွဲ့စောင်းမှန်း သိသာပေမယ့် ရွှီထင်းရှန်းကတော့ ဖက်ဖြစ်ဖို့တောင် ပျင်းလွန်းလို့ သူ့သောကနဲ့သူ သက်ပြင်းသာ ချလိုက်မိတယ်။ သိပ်မကြာခင်မှာပဲ ပြန့်ရှူးရွှီတစ်ယောက် ရာထူးတိုးသွားတယ်ဆိုတဲ့သတင်းက ဟန်လင်းကျောင်းဝန်းတစ်ခုလုံး တောမီးလို ပျံ့နှံ့သွားတယ်။
158 02
အဓိကအချက်ကတော့ မဟာအမတ်ချုပ်ဝူကိုယ်တိုင်ရဲ့ ထောက်ခံချက်နဲ့ဆိုတာက လူပြောအများဆုံးပဲ။ ဟယ်ယို့ဆိုတာ အမတ်ချုပ်ဝူနဲ့ရင်းနှီးတဲ့လူတစ်ယောက် အခုသူကိုယ်တိုင်က ရာထူးလွှဲပြောင်းစာ လာပေးတဲ့အပြင် အတော်လေး ဖော်ရွေပြသွားတော့ အမတ်ချုပ်ဝူမဟုတ်လို့ ဘယ်သူဖြစ်မလဲ။
အလွန်အမင်း ရေပန်းစားနေတဲ့ ဒီအကြောင်းအရာက ထောက်ယီတုန်နားထဲလည်း ရောက်လာတာပေါ့။ ထောက်ယီတုန်က အဲဒီနေ့က သူတို့ဟန်လင်းကျောင်းတော်ဂိတ်ဝမှာ တွေ့ခဲ့တဲ့အချိန်ကို ပြန်တွေးမိပြီး သူ ဘယ်လိုပြုမူခဲ့သလဲ သတိရသွားတယ်။
ကျွံပြီးသား စကားပြန်နှုတ်မရမယ့်အတူတူ မနာလိုဝန်တိုစိတ်တွေနဲ့သာ နောက်ဆုံးအထိ သူများကို အပုပ်ချလိုက်သေးတယ်။
"ကြည့်ရတာ ဘယ်သူမှမသိတဲ့အချိန် တစ်စုံတစ်ယောက်က သွားပြီး တိတ်တိတ်လေး ဖားလိုက်တာနေမှာပေါ့"
ဒီစကားတွေက အထူးသဖြင့် ထောက်ယီတုန်ပါးစပ်က ထွက်လာတာဆို ပိုတောင်သံသယဖြစ်စရာ ကောင်းသေးတယ်။ ဒီလူရဲ့ ကံခေမှုနဲ့အတူ ရွှီထင်းရှန်းတစ်ယောက် အမတ်ချုပ်ဝူကို သွားထိမိလို့ ဒီတလောအတွင်း ခါးခါးသီးသီးဆက်ဆံခံရတာတွေကိုပါ တစ်ပြိုင်နက် ပြန်စဥ်းစားကြည့်လိုက်တဲ့အခါ လူတိုင်း ဒီလိုတွေးမိကုန်တာ အံ့ဩစရာမရှိဘူး။
ဒါပေမယ့် အမတ်ချုပ်ဝူကို ကြောက်တာအပြင် ရွှီထင်းရှန်းကိုလည်း သွားမစော်ကားချင်တာကြောင့် ဘယ်သူမှတော့ ပေါ်ပေါ်ထင်ထင် မဆွေးနွေးရဲကြဘဲ အားလုံးက တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဖလှယ်ပြီးသာ ရောက်တတ်ရာရာတချို့ပြောပြီး လူစုခွဲလိုက်ကြတယ်။
ဒါတွေကို ဖယ်ထားလိုက်ရင် ရွှီထင်းရှန်းက အိမ်ပြန်ရောက်တာနဲ့ ကျောက်အာကို ဒီအကြောင်း အရင်ပြောပြလိုက်တယ်။ သူမက နန်းတွင်းအရှုပ်တော်ပုံတွေနဲ့ မရင်းနှီးတဲ့အပြင် အသေးစိတ်လည်း မသိထားတာကြောင့် သူ့ယောက်ျား ရာထူးတိုးတဲ့အပေါ် အတော်ဝမ်းသာသွားပြီး အောင်ပွဲခံဖို့ အထူးတလည် ဟင်းကောင်းထမင်းကောင်းတွေ ချက်ပေးလိုက်သေးတယ်။
၂ရက်တာက လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဟန်လင်းကျောင်းတော်က သူတာဝန်ကျရာမှာ လုပ်စရာရှိတာတွေအပြီးသတ် ပြင်ဆင်ပေးပြီးတာနဲ့ ရွှီထင်းရှန်းက ရာထူးလက်ခံဖို့ အတွင်းပိုင်းနန်းဆောင်ရှိ မြင့်မြတ်ခြင်းခန်းမကို ထွက်လာခဲ့လိုက်တယ်။
ထိုခန်းမဆောင်က တောင်ဘက်မြို့ရိုးကြီးရဲ့ ခြေရင်းမှာတည်ရှိတယ်။ နန်းတော်ဂိတ်ကနေ ဝင်လာပြီးတာနဲ့ အနောက်ဘက်က ရှဲ့ဟယ်ဂိတ်ကိုဖြတ်ပြီးရင် ရောက်ပြီ။ တံခါးမကြီးက တောင်ဘက်ကို မျက်နှာမူထားပြီး အထဲကိုခြေချလိုက်တာနဲ့ မြင့်မားပြီး ကြေးဝါရောင်အုတ်ကြွပ်တွေနဲ့ စနစ်တကျမိုးထားတဲ့ ဟောခန်းမကြီးကို ဘယ်ညာနှစ်ဖက်မှာ အရံဆောင် ၃ခုစီနဲ့ ကြီးမားထည်ဝါစွာ တွေ့ရှိရမှာဖြစ်တယ်။
အပြင်ကကြည့်ရင်တော့ ဒီနေရာက တားမြစ်မြို့တော်နဲ့ယှဥ်ရင် နိမ့်ပါးတယ်လို့ ထင်ရပေမယ့် ဒီနေရာကမှ တာ့ချန်းမင်းဆက်တစ်ခုလုံးရဲ့ နိုင်ငံရေးအသက်သွေးကြောကို လိုသလိုထိန်းချုပ်ထားတဲ့ မဟာအတွင်းဝန်ရုံးပဲ။
နန်းဆောင်ကြီးအရှေ့ရပ်လိုက်တာနဲ့ ရွှီထင်းရှန်းရင်ထဲ ဖော်ပြလို့မရတဲ့ ခံစားချက်တသီတသန်း ပြုံတိုးလာတယ်။ အခုချိန်အထိ သူ ဒီကိုရောက်ဖူးတာ ဒါပထမဆုံးဆိုသော်ငြား နံရံတစ်ခု အုတ်တစ်ချပ်စီတိုင်းကို ရင်းနှီးနေတယ်။ အဓိကအချက်ကတော့ သူ့ကို မိတ်ဆွေဟောင်းတစ်ယောက်လို ကြိုဆိုလွှမ်းခြုံနေတဲ့ အငွေ့အသက်ပဲ။
"အရာရှိ ရွှီ ရောက်လာပြီလား" ဟယ်ယို့က အဆောင်ထဲကထွက်လာပြီး အတော်လေး ခင်ခင်မင်မင် လာနှုတ်ဆက်တယ်။
"နံနက်ခင်းကြားနာမှု မပြီးသေးလို့ အမတ်ချုပ်ဝူတို့ ပြန်မရောက်ကြသေးဘူး ကျွန်တော်ပဲ အထဲကို လိုက်ပြပေးပါရစေ"
အတွင်းဝန်ရုံးတစ်ခုလုံးမှာ အဆောင်ခွဲတွေ ဌာနခွဲတွေအများကြီးရှိတယ်။ ဒီထဲမှာ ပထမဆုံးမြင်ရတဲ့ အလယ်ခေါင်က ပင်မနန်းဆောင်ကြီးကတော့ အကြီးဆုံး အတွင်းဝန်တွေအတွက်ပေါ့။ ဘယ်ညာနန်းဆောင်တွေကမှ အမိန့်တော်တွေ ပြဌာန်းချက်တွေ တည်းဖြတ်ထုတ်ပြန်ကြတာ။
အဆောင်တွေရဲ့နောက်မှာတော့ အတွင်းဝန်ဘဏ္ဍာတိုက်ရှိတယ်။ လက်ရှိအတွင်းဝန်တွေ မရှိပေမယ့် သူတို့အောက်က ဒုအတွင်းရေးအရာရှိနှစ်ယောက်ကတော့ အစောကြီးထဲက ရောက်နေတာကြာပြီမို့ သူတို့ကိစ္စနဲ့သူတို့ မအားလပ်နိုင်ကြဘူး။
158 03
ရွှီထင်းရှန်းရောက်လာလည်း သူတို့ကတော့ အာရုံစိုက်ချိန်တောင်မရှိဘဲ ဟယ်ယို့က တစ်ယောက်ချင်း လိုက်မိတ်ဆက်ပေးတော့မှ တချို့တွေက ခေါင်းညိတ်ပြဖော်ရသလို တချို့ကတော့ နည်းနည်းပါးပါး လူမှုရေးအရ နှုတ်ဆက်ကြတယ်။
ထရပ်ပြီး တရင်းတနှီး စကားစမြည်ပြောတဲ့လူတွေက များသောအားဖြင့် ဝူမျိုးရိုးရဲ့ သားစဥ်မြေးဆက်တွေဖြစ်ပြီး ရွှီထင်းရှန်းကို သူတို့ထဲကတစ်ယောက်လို ဆက်ဆံနေတာ သိသာတယ်။ အားလုံးကို ရှင်းပြလိုက်ပြပေးပြီးတဲ့နောက် ဟယ်ယို့က သူ့ဌာနသူပြန်သွားပြီး ရွှီထင်းရှန်းကလည်း သူ့ကိုပေးထားတဲ့စားပွဲမှာ စိတ်မသက်မသာနဲ့ပဲ ဝင်ထိုင်လိုက်တယ်။
အမတ်ချုပ်ဝူက ဘာတွေကြံနေသလဲ မသိသေးတာတောင် သူ့လုပ်ရပ်တွေက ရွှီထင်းရှန်းကို ရတက်မအေးဖြစ်စေတာတော့ အမှန်ပဲ။ ပထမအချက် နောက်ကွယ်က အကြံအစည်မသိတာနဲ့ ဒုတိယအချက်ကတော့ သူ့ကနဦးအစီအစဥ်တွေကို ကမောက်ကမဖြစ်အောင် မွှေနှောက်သွားလို့ပဲ။
ရွှီထင်းရှန်းက ထိပ်ဆုံးအဆင့်ရတာတောင် အရံနေရာမှာ ဘေးဖယ်ခံထားရပေမယ့် သူ လုံးဝမတုန်လှုပ်ရတဲ့အကြောင်းအရင်းက အနှေးနဲ့အမြန် ဧကရာဇ် ကျားချန်က သူ့ကို သုံးလာမယ်ဆိုတာ သိနေလို့ပဲ။ အခြေအနေအချိန်အခါကို မကြည့်တတ်ဘဲ စိတ်ရှည်သည်းခံမှုမရှိတဲ့ အရာရှိတစ်ယောက်က အရာရှိဖြစ်လာဖို့ မထိုက်တန်ဘူး။
သို့ပေမယ့် အခုအမတ်ချုပ်ဝူက ဒီလိုအကွက်ရွှေ့လိုက်တော့ ဧကရာဇ်က ဘယ်လိုတွေးသွားမလဲ။ သူက နည်းနည်းလေးတောင် သည်းမခံနိုင်ဘဲ အမတ်ချုပ်ဝူဘက် ပါသွားတယ်လို့ မထင်သွားဘူးလား။ ဘယ်လိုတောင် စေ့စပ်လိုက်တဲ့ အဘိုးကြီးလဲ။ သူက အစကတည်းက သူ့ကိုအရှင်မင်းကြီးနဲ့ စိတ်ဝမ်းကွဲအောင် ကြံရွယ်ထားတာပဲ ။
ဒီအထိတွေးမိလာတော့ ရွှီထင်းရှန်းက အချိန်အတော်ကြာတဲ့အထိ ဘာလှုပ်ရှားမှုမှမရှိသေးတဲ့ ဧကရာဇ် ကျားချန်ကြောင့် သူ့ကို မေ့သွားပြီလားလို့တောင် ထင်မိလိုက်တယ်။ တကယ်လည်း ဧကရာဇ် ကျားချန်က ရွှီထင်းရှန်းကို လုံးဝမေ့နေခဲ့တာ အမှန်ပဲ။
သူက တစ်နေ့ ဒီလူငယ်လေးကို ကိုယ်တိုင်ခေါ်တွေ့ပြီး မေးမြန်းဖို့ရည်ရွယ်ထားပေမယ့် အဲဒီမတိုင်ခင်မှာပဲ နန်းတွင်းတစ်ခုလုံးက ကံဆိုးမှုတသီတသန်း ဆိုက်ရောက်လာလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။
အရင်ဆုံး အကျင့်ပျက်ခြစားမှု အကြီးအကျယ်ပေါ်ထွက်လာပြီး နောက်တော့ အမတ်ချုပ်ဝူက ရက်အတော်ကြာအောင် တခြားအမတ်တွေနဲ့ ပြဿနာအမွှေရှာပြန်တယ်။ နန်းတော်ထဲ အခြေအနေအားလုံး တည်ငြိမ်မယ်ပဲရှိသေးတယ် ဟယ်နန်က ရေကြီးပြန်ရော။
သဘာဝဘေးအန္တရာယ် ကယ်ဆယ်ထောက်ပံ့ရေးက ဆိုင်းငံ့ထားလို့မရသလို ပြန်လည်ထူထောင်ရေးဌာနမှာ ဘဏ္ဍာတော်မရှိတာကလည်း ခေါင်းခဲစရာပဲ။ ဒီကြားထဲ အောက်က ဒေသရုံးနဲ့ နယ်ခံအရာရှိတွေကို အဆင့်ဆင့်စစ်ဆေးရတာလည်း လွယ်ကူမနေတော့ ဒီပြဿနာဟောင်းတွေ အားလုံးစုပုံလာတဲ့အခါ ရှင်ဘုရင်ခေါင်းထဲ အရာရှိငယ်လေးတစ်ယောက်ရဲ့ နာမည်ကို သတိတရမရှိတော့တာ မဆန်းပါဘူး။
သူဒီနာမည်ကို နောက်တစ်ခါ ထပ်ကြားရတဲ့အခါ ရွှီထင်းရှန်းက အမတ်ချုပ်ဝူရဲ့ ခန့်အပ်ခြင်းတောင် ခံလိုက်ရပြီ။ ဧကရာဇ် ကျားချန်က အမျက်ရှသွားပြီး အမတ်ချုပ်ဝူကို မုန်းတီးကာ ရွှီထင်းရှန်းကိုတော့ စိတ်ပျက်သွားခဲ့တယ်။
"စိတ်ထိန်းတော်မူပါ အရှင် ဖြစ်ပျက်သွားတာတွေက တွေးထားတဲ့အတိုင်း မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်" ကျိန်းအန်းချန်က ဘေးနားက ဝင်ထိန်းတယ်။
"ဘာကို မဟုတ်ရမှာလဲ" ဧကရာဇ်က တစ်ချက်သရော်ပြီး "နန်းတွင်းက ကသောင်းကနင်းဖြစ်နေတာတောင် အဲဒီမြေခွေးအိုကြီးက ပြည်သူတွေကြား နာမည်ကောင်းရဖို့ လုပ်လိုက်သေးတယ်။ နောက်ပြီး အဲဒီကောင်စုတ်လေးကလည်း နည်းနည်းတောင် မစောင့်ဆိုင်းနိုင်ဘူးလား။ အလကားသက်သက် အထင်ကြီးမိခဲ့တာပဲ"
ဧကရာဇ် ကျားချန်က ရွှီထင်းရှန်းကို အမတ်ချုပ်ဝူဘက်ကပ်ပြီး တက်လှမ်းမယ့်အစား အားလုံးထက်အကြီးဆုံးဖြစ်တဲ့ သူ့ဘက်ကို ပါလာစေချင်တာဖြစ်တယ်။ ဒေါသထွက်နေတဲ့ကြားက စိတ်ဆိုးတာထက် နှမြောသလို ဆိုလာတဲ့ ဧကရာဇ်ကို ကြည့်တာနဲ့တင် သူ ရွှီထင်းရှန်းကို ဘယ်လောက်တန်ဖိုးထားသလဲဆိုတာ သိနိုင်တယ်။
"အမတ်ချုပ်ဝူက နန်းတွင်းတစ်ခုလုံးမှာ ရာထူးဂုဏ်သိမ်အကြီးဆုံးဖြစ်သလို အတွင်းဝန်ရုံးကလည်း ရာထူးအဆင့် ၅နဲ့အောက်က လစ်လပ်နေရာတွေအတွက် ခြောက်ဌာနထဲက စိတ်ကြိုက်ရွေးချယ်ခန့်အပ်ပိုင်ခွင့်လည်း ရှိနေပါသေးတယ်။ တကယ်လို့ အမတ်ချုပ်ဝူက လွှဲပြောင်းစာပို့လိုက်ပြီဆိုရင် ကျောင်းသား ရွှီတစ်ယောက် ငြင်းချင်တောင် မငြင်းရဲတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ ကျွန်တော်မျိုးရဲ့ ကိုယ်ပိုင်အထင်ဆိုပေမယ့်လည်း အရှင်မင်းကြီး ထည့်တွက်ပေးဖို့ မျှော်လင့်ပါတယ်"
158 04
ဒီတော့မှ ဧကရာဇ် ကျားချန်က ကျိန်းအန်းချန်ကို တစ်ချက်ကြည့်လာပြီး ဟမ့်ခနဲနှာမှုတ်ရင်း အမိန့်ပေးလိုက်တယ်။
"အဲဒီဘက်ကို လူလွှတ်ပြီး မျက်ခြေမပြတ် စောင့်ကြည့်ထား"
"မှန်လှပါ"
တစ်ဖက်မှာတော့ နံနက်ခင်းအစည်းအဝေးပြီးလို့ အတွင်းဝန်တွေ ပြန်ရောက်လာတဲ့အခါ လူသစ်လေး ရွှီထင်းရှန်းက တစ်ယောက်ချင်း သွားရောက်နှုတ်ခွန်းဆက်သရပြန်တယ်။ ဒါက ထုံးတမ်းစဥ်လာဖြစ်သလို စည်းမျဥ်းစည်းကမ်းလည်း ဟုတ်တယ်။
ပထမဆုံး သွားတွေ့ရတဲ့သူကတော့ သေချာပေါက် မဟာအမတ်ချုပ်ဝူပဲပေါ့။ ရွှီထင်းရှန်းအတွက် အမတ်ချုပ်ဝူနဲ့ဆုံတာ ဒါပထမဆုံးမဟုတ်ပေမယ့် မျက်နှာချင်းဆိုင် တည့်တည့်တွေ့ရတာတော့ ပထမဆုံးပဲ။
အခုချိန်ကတော့ အိပ်မက်နဲ့လက်တွေ့ကြား တစ်ထပ်တည်းကျလာတဲ့ ထူးဆန်းတဲ့အခိုက်အတန့်တစ်ခုပဲ။ ပြုံးနေတဲ့အရေးအကြောင်းတွေနဲ့ မျက်နှာအိုကြီးကိုကြည့်ပြီး ရွှီထင်းရှန်းရဲ့မျက်ဆန်တွေက အမည်ဖော်မရတဲ့ ခံစားချက်တစ်ခုနဲ့ နက်မှောင်သွားလို့ သူက ထောင့်မှန်ကျတဲ့အထိ ခါးကိုင်းနှုတ်ဆက်လိုက်တယ်။
အမတ်ချုပ်ဝူကတော့ သူကိုယ်တိုင်ရှေ့တက်ပြီး ရွှီထင်းရှန်းကို တံတောင်ကနေ ပြန်ထူမပေးလာတယ်။
"ရွှီ ချန်းကျီက သိပ်ယဥ်ကျေးလွန်းနေတာပဲ ငါက မင်းကိုကျေးဇူးတောင် မတင်ရသေးဘူး"
ရွှီထင်းရှန်းကတော့ ရေလိုက်ငါးလိုက် တုံ့ပြန်ပေးလိုက်ပြီး သူ့အတွင်းစိတ်ကို ဖုံးထားတဲ့အချိန် အမတ်ချုပ်ဝူက ဟန်ဆောင်မူပိုကာ သက်ပြင်းတစ်ချက်ချလိုက်တယ်။
"အဲဒီတုန်းက မင်းအပေါ် မတရားလုပ်ခဲ့တာ င့ါရဲ့ကျွေးရကျိုးမနပ်တဲ့ တူတော်မောင်လေ"
ဒီတစ်ခါကျ ဖုန်းချန်ပေါင်က ထွက်လာပြီး "ဒါကတော့ အမတ်ချုပ်ဝူလည်း ထိခိုက်ခဲ့တာပဲမလား။ ကိုယ့်အမျိုးအဆွေဆိုပေမယ့် ကျူးလွန်ခဲ့တာ ကိုယ်ကိုယ်တိုင်မှမဟုတ်တာ၊ နောက်ပြီး ဒီအဖြစ်ဆိုးကြီးကြောင့် ခင်ဗျားပါ ကျန်းမာရေးထိပြီး အိပ်ရာထဲလဲခဲ့သေးတယ်လေ။ ဒီကြားထဲမှာလည်း အထပ်ထပ်အကာကာ တောင်းပန်စာရေးပြီး နှုတ်ထွက်ခွင့်တောင် တင်ခဲ့သေးတာပဲ။ အရှင်မင်းကြီးရဲ့ အဆက်မပြတ် ပယ်ချမှုတွေကြောင့်သာ နန်းတွင်းထဲပြ န်ဝင်လာခဲ့တာမလား"
သူက ခဏတန့်သွားပြီး ရွှီထင်းရှန်းကို လှည့်ပြောတယ်။
"ငါတို့အမတ်ချုပ်ဝူက နေ့တိုင်းလိုလို မင်းအပေါ် အပြစ်ပြုမိပြီဆိုပြီး နောင်တရနေခဲ့တာ။ ဒါပေမယ့် မောင်ရင်လည်း သိတဲ့အတိုင်း လူတွေက ဘက်လိုက်တတ်ပြီး အဲဒီတုန်းက အခြေအနေတွေအရသာ သူနှုတ်ဆိတ်နေခဲ့ရတာ။ ကံကောင်းလို့ အရှင်မင်းကြီးက ဉာဏ်တော်ထက်ပြီး ယီယို့နှစ်က အဖြေလွှာတွေကို ပြန်လည်စစ်ဆေးခိုင်းလိုက်လို့ မောင်ရင့်နာမည်လည်း ပြန်အဖတ်ဆယ်လိုက်နိုင်တာ"
"မင်းက နန်းတွင်းစာမေးပွဲမှာ အမှတ်အမြင့်ဆုံးရခဲ့တဲ့အတွက် မင်းနာမည်က ဂုဏ်ယူစရာစာရင်းတော်ထဲမှာ ပါဝင်ခဲ့တယ်။ အခုလည်း အမတ်ချုပ်ဝူက အစားပြန်လုပ်ပေးဖို့ စီစဥ်ခဲ့တာကို ထည့်မတွက်ရင်တောင် မောင်ရင်နဲ့ထိုက်တန်ပါတယ်၊ ဒီနေရာ ဒီရာထူးဆိုတာ ဘယ်လိုလဲ ငါမပြောလည်း မင်းနားလည်လောက်မှာပါ။ ဒါကြောင့် ရှေ့လျှောက် အမတ်ချုပ်ဝူရဲ့ ပံ့ပိုးကူညီမှုကို သေချာလေး လိုက်နာမယ်ဆို အနာဂတ်မှာ အမြင့်ဆုံးရာထူးနဲ့ လစာတွေက မင်းအတွက်ပဲ"
သူ့ရဲ့စကားအရှည်ကြီးအဆုံး သက်ပြင်းချသူချ ဂုဏ်ပြုသူပြုနဲ့ တစ်ယောက်ရဲ့စကားဆို နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ဆိုလိုရင်းတွေပါ ပါနေတာမို့ ရွှီထင်းရှန်းက အတော်လေး အံ့ဩဆွံ့အသွားခဲ့တယ်။
ရာထူးကြီး ဒိတ်ဒိတ်ကျဲနှစ်ယောက်က အခုလို ပြဇာတ်ခင်းနေရအောင် သူ့မှာ ဘယ်ဘဝက ကုသိုလ်တွေရှိနေခဲ့ပါလိမ့်။
နောက်တစ်နည်းဆိုရရင်တော့ ဇာတ်စင်ကခင်းပြီးသွားပြီ ကိုယ်က ဖျော်ဖြေမှာလား။ မဖျော်ဖြေဘူးလားဆိုတာပဲ ရှိတော့တယ်။
ဒါပေါ့ သေချာပေါက် ဖျော်ဖြေရတော့မှာပေါ့။ မဟုတ်ရင် ဒီနှစ်ယောက် ဘာလုပ်မလဲဆိုတာ ဘယ်သူသိမှာလဲ။
158 05
ရွှီထင်းရှန်းရဲ့ ငယ်ရွယ်ပျိုမြစ်တဲ့မျက်နှာချောချောက ရှော့ရ အံ့ဩခြင်းတွေနဲ့ပြည့်နှက်သွားပြီး နောက်ဆုံးတော့ သူက အလွန်တရာ တင်မိတဲ့ကျေးဇူးတွေနဲ့ပဲ ခါးကိုင်းဦးညွှတ်လိုက်မိတယ်။
"ဒီငယ်သားက တကယ်အရှက်ရမိပါတယ်"
ထိုအခါ ဖုန်းချန်ပေါင်က ရယ်ရယ်မောမောနဲ့ “အဲဒီတုန်းက အမတ်ချုပ်ဝူတို့နဲ့အတူ ငါလည်း စာမေးပွဲကို ကြီးကြပ်ခဲ့တာဆိုတော့ ငါတို့အားလုံးက မင်းဆရာတွေလို့ပြောလို့ရတယ်။ တကယ်လည်း မင်းက ငါ့တပည့်လို့ ပြောရကျိုးနပ်တဲ့လူပါပဲ မဟုတ်ဘူးလား အမတ်ချုပ်”
အမတ်ချုပ်ဝူက အပြုံးလေးနဲ့ ခေါင်းညိတ်ပြပြီးမှ “ငါအခုနက ပြောခဲ့တဲ့ကျေးဇူးတင်စကားက တကယ်လို့ အဲဒီနေ့က မောင်ရင်ကြောင့်သာမဟုတ်ရင် ဒီအဘိုးကြီးလည်း အဲဒီအရှုပ်အထွေးထဲ မသိလိုက်ခင် ရောပါသွားမှာ”
ရွှီထင်းရှန်းက ပဟေဠိဖြစ်သွားပုံရပေမယ့် အမတ်ချုပ်ဝူကတော့ ဘာမှထပ်ရှင်းပြမနေဘဲ “နောက်ကျရင် သိလာလိမ့်မယ်”လို့သာ ပြောသွားတယ်။ ကြည့်ရတာ သူနိုင်ကိုယ်နိုင် ဖြစ်သွားတယ်နဲ့ တူပါတယ်။ ဝူကောလောင်ရဲ့ လုပ်ရပ်က ရှင်းပြပြီးသားဖြစ်သွားရုံသာမက ရွှီထင်းရှန်းကလည်း သူ့ရဲ့စစ်မှန်တဲ့စိတ်ဓာတ်ကြောင့် အကျိုးအမြတ်ရခဲ့တယ် ထင်ပါ့။
ဒီကွယ်ဝှက်ထားတဲ့ နောက်ကွယ်က အကြောင်းအရာတွေကလွဲရင် သူတို့စကားဝိုင်းက အတော်လေး လိုက်လျောညီထွေနဲ့ သိုက်မြိုက်နေခဲ့တယ်။ အမတ်ချုပ်ဝူက ရွှီထင်းရှန်းကို ပညာတောင်စမ်းခဲ့ပြီး လူဆိုတာ ပညာလို အိုသည်မရှိဆိုတဲ့အတိုင်း ခေါင်းချတဲ့အထိ လေ့လာသွားရမယ်လို့ ဆုံးမလိုက်သေးတယ်။
အတွင်းဝန်ရုံးရဲ့ ပင်မဟောခန်းကြီးထဲက ရယ်သံတွေက အပြင်ကပါကြားနေရတာမို့ ပုံမှန်ငြိမ်သက်နေကျ အဆောင်တစ်ခုလုံးကို အတော်လေး ထူးဆန်းသွားစေတယ်။ တခြားအတွင်းဝန်တွေကို ဖယ်ထားလိုက်ရင် နန်းတွင်းအမိန့်စာထုတ်ပြန်ရေးဌာန တစ်ခုလုံးက စာရေးလေးတွေကတော့ တစ်ခုကို သဘောပေါက်လိုက်တယ်။
အဲဒါကတော့ ရွှီထင်းရှန်းက လာမယ့်ကာလတွေမှာ အင်မတန် ကျော်ကြားပြီး လွှမ်းမိုးမှုရှိတဲ့ အရာရှိတစ်ယောက်ဖြစ်လာတော့မယ်ဆိုတာပဲ။
……………
******