← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း ၁၅၉

နန်းတွင်းအမိန့်စာထုတ်ပြန်ရေးဌာနနဲ့ မတ်ချုပ်ဝူရဲ့ရုံးဆောင်တို့က နီးနီးလေးမို့ အထဲက အသံဗလံအကုန် အပြင်ကအတိုင်းသား ကြားနေရတယ်။ မကြာခဏဆိုသလို ထွက်လာတတ်တဲ့ ရယ်သံကျယ်ကျယ်တွေကြောင့် စာရေးလေးတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်တဲ့အချိန် ဖုန်းချင်က ထရပ်ပြီး ဟယ်ယို့ဘက်ကို လျှောက်လာတယ်။

“အစ်ကိုဟယ် ကြည့်ရတာ ဒီကောင်လေးကို အများနဲ့မတူ တမူထူးပြီး ဆက်ဆံတာတွေ့တော့ ကျွန်တော် တစ်ခုပြောချင်ပေမယ့် ပြောလို့ကောင်းပါ့မလားတော့ မသိဘူး”

ဟယ်ယို့မျက်လုံးထဲက မေးခွန်းထုတ်တဲ့ဟန်ကိုတွေ့တော့ ဖုန်းချင်က “အစ်ကိုဟယ်က အမတ်ချုပ်ရဲ့အယုံကြည်ရဆုံးသူလေ။ အခုဒီကောင်လေး ရောက်လာတော့ လက်ရှိအခြေအနေကိုကြည့်တာနဲ့တင် နောင်မှာ အစ်ကိုဟယ်ထက် သူက တစ်လှမ်းပိုသာသွားတော့မယ် ထင်တယ်”

ဖုန်းချင်က အမြဲတမ်း ခနဲ့တဲ့တဲ့ပြောတတ်တဲ့ မုန်းစရာကောင်းတဲ့လူဆိုတာ သိထားတာတောင် ဟယ်ယို့က သူ့စကားတွေကြောင့် အတော်လေး မသက်မသာ ခံစားသွားရတုန်းပဲ။ သို့သော်လည်း ပညာရှိ အမျက် အပြင်မထွက်ဆိုတဲ့အတိုင်း ကျင့်သုံးရင်း အပြုံးလေးတစ်ခုနဲ့ပဲ တုံ့ပြန်လိုက်တယ်။

“အဲဒါက ငါတို့နှစ်ယောက်နဲ့ပဲ ဆိုင်ပါတယ်”

“ဒါပေါ့ အရည်အချင်းနဲ့ပြောကြေးဆို အစ်ကိုဟယ်က ဒီဌာနမှာ သက်တမ်းအကြာဆုံးဆိုပေမယ့် ခေတ်ကာလတွေက ပြောင်းသွားပြီလေ။ မျက်နှာလိုမျက်နှာရတွေ ပေါများလာတဲ့ ဒီလောကကြီးမှာ အရည်အချင်းတစ်ခုတည်းနဲ့ ရပ်တည်လို့မရတော့ဘူး။ ဒီကောင်က အခုတောင် အမတ်ချုပ်ကို ဒီလောက် ပြုံးပျော်အောင်လုပ်နိုင်နေတာ။ အစ်ကိုဟယ်လည်း ဒီတစ်ယောက်ကို သတိထားသင့်တယ်။ ကိုယ်က ဘုရားဖြစ်ခါနီးမှ ကျင့်ကြံထားတာအကုန် လုယူခံလိုက်ရလို့ မဖြစ်ဘူးလေ”

ဟယ်ယို့သာ ဖုန်းချင်က သူ့ကိုမျက်နှာရှေ့ထားပြီး မကဲ့ရဲ့ရဲတာ သိမနေဘူးဆို တစ်ဖက်လူက တမင်တကာ သူ့ကို ရန်လာစနေတယ်လို့ ထင်သွားမှာ ကျိန်းသေတယ်။ လူတိုင်းက အမိန့်စာထုတ်ပြန်ရေးဌာနမှာ တစ်နေရာရချင်နေကြတာ ထိပ်ခေါင်အမတ်ကြီးတွေနဲ့ ပြောဆိုဆက်ဆံခွင့်ရလို့အပြင် ဂုဏ်ရှိတာကြောင့်လည်း ပါတယ်။

နန်းတော်ထဲမှာ အရေးပါအရာရောက်တဲ့ဌာနမို့ မဟာအတွင်းဝန်ရုံးက ခြောက်ဌာနအပြင် တခြားဌာနခွဲလေးတွေနဲ့ပါ ထိတွေ့ဆက်ဆံရပြီး လက်တိုလက်တောင်းလုပ်ရတဲ့ ဒီစာရေးလေးတွေတောင် ရာထူးဂုဏ်သိမ်မြင့်သူ အတော်များများနဲ့ ဆက်သွယ်ခွင့်ရတယ်။

သမိုင်းတစ်လျှောက်မှာလည်း ဝမ်ယွမ်နန်းဆောင်ကို အမြန်ဆုံးဝင်နိုင်သွားတဲ့သူတွေရဲ့ တစ်ဝက်လောက်က အတွင်းဝန်ရုံးက မူကြမ်းရေးသူအများစုပဲ။ ဘာလို့ဆို အတွင်းဝန်ရုံးက ထွက်တဲ့လူတိုင်းက အနည်းဆုံး ပဥ္စမအဆင့်ကနေ စပြီး အခရာကျတဲ့ရာထူးတွေချည်းပဲ ရကြတာ။

ဒါပေါ့ သူတို့အားလုံးရဲ့ အရာရှိလမ်းကြောင်း ဒီလောက် ချောမွေ့နေရတဲ့အကြောင်းအရင်းက မဟာအတွင်းဝန်ရဲ့ ထောက်ခံမှုကြောင့်ပဲပေါ့။ ဟယ်ယို့က ဒီရုံးတော်မှာ ခြောက်နှစ်တိတိ တာဝန်ထမ်းဆောင်ခဲ့ပြီး သက်တမ်းအရင့်ဆုံး စီနီယာရယ်လို့ပြောနိုင်တယ်။

ဒီနှစ်တွေအတွင်း သူ့ထက် နောက်ကျမှဝင်တဲ့ တခြားလူတွေအကုန် ဒီကထွက်ပြီး ခြောက်ဌာနမှာ အရေးပါတဲ့အမတ်တွေဖြစ်သွားတာနဲ့ တစ်နယ်နယ်မှာ မြို့စား နယ်စားတွေဖြစ်သွားတာကို အခုထိ သတ္တမအဆင့် လက်ထောက်လေးနေရာကနေပဲ မရေမတွက်နိုင်အောင် ထိုင်ကြည့်ခဲ့ဖူးတယ်။

ပြင်ပလောကကြီးကို ခြေဆန့်တယ်ဆိုတာ လူတိုင်း အထင်ကြီးကြတဲ့အရာတစ်ခုပါ။ ဒါပေမယ့် ဒီရာထူးမှာပဲ အချိန်အတော်ကြာရှိနေခဲ့တယ်ဆိုတာကလည်း ဘယ်သူက ဒီမှာပဲ တစ်နေချင်မှာလဲ။ ဒါပေါ့ သူလည်း သူ့အနာဂတ်အတွက် စိုးရိမ်တာပေါ့။

ဒါပေမယ့် မဟာအတွင်းဝန်က သူသာ အငြိမ်းစားမယူသေးသရွေ့ ဘေးနားမှာ ရှိနေပေးမယ်ဆိုရင် နောက်နောင်ကျရင်လည်း သူ့ကို မပစ်ပယ်သွားဘူးလို့ ကတိပေးထားခဲ့တယ်။ ဒီအပြောကို ယုံကြည်ရင်းပဲ ဟယ်ယို့က ခြောက်နှစ်အထိ ရှိနေပေးခဲ့ပေမယ့် ဒီအခြေအနေကြီးက အဆုံးသတ်မယ့်ပုံမရသေးဘူး။

ဒီတစ်ယောက်လည်း ငါ့ကို ကျော်တက်သွားဦးမှာပဲလား။

159 02

“စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် ဖုန်း ကျုံးရှု… ဒါပေမယ့် ဒီအရာရှိက ကိုယ့်တာဝန်ကိုယ် အကောင်းဆုံးထမ်းဆောင်နေတာမို့ အရမ်းစိုးရိမ်စရာ မလိုပါဘူး”

ဟယ်ယို့က ခပ်ပါးပါးအပြုံးလေးနဲ့ပဲ ပြောတယ်။ ဖုန်းချင်ကလည်း တစ်ဖက်လူက ဆက်မပြောချင်တော့တာသိလို့ အူကြောင်ကြောင်တစ်ချက်ရယ်ပြီး ထွက်သွားတယ်။

“ဟားဟား ကျွန်တော်က အစ်ကိုဟယ်အတွက် စိတ်မကောင်းဖြစ်လို့ပါ။ ဒါဆိုလည်း ကျွန်တော် စကားတွေများမိနေတယ်လို့ပဲ မှတ်လိုက်ပါတော့မယ်”

သူက ပြောပြီးတာနဲ့ ဟယ်ယို့ကို လှည့်တကြည့်ကြည့်နဲ့ပဲ အလျင်စလို ထွက်သွားတယ်။ နောက်တော့ ရွှီထင်းရှန်းက ရန်ချုံဟွာနဲ့တခြားသူတွေဆီ တစ်လှည့်စီသွားတယ်။ ဒီစီနီယာတွေက သူ့ကို အေးတိအေးစက်သာ ဆက်ဆံပြီး ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု မတည်ဆောက်ချင်တာ ပေါ်လွင်တယ်။

အခု သူ သွားမျက်နှာပြဖို့လိုတာဆိုလို့ အမတ်ချုပ်ရှုပဲကျန်တော့တယ်။ အတွင်းဝန်ကြီး ရှုက အသက်အရွယ် ကြီးရင့်လွန်းနေပြီမို့ ရုံးတော်မပြောနဲ့ နန်းတွင်းအစည်းအဝေးကိုတောင် နေ့တိုင်းမတက်နိုင်ဘူး။ ဒါပေမယ့် အရှင်မင်းကြီးကိုယ်တိုင်က ခွင့်လွှတ်ပေးထားတော့ တခြားသူတွေလည်း ဘာမှမပြောနိုင်တော့ဘူးပေါ့။

ဒီလိုနဲ့ ရွှီထင်းရှန်းရဲ့ နန်းတွင်းရုံးတော်ထဲ ပထမဆုံးရက်က ကုန်ဆုံးသွားတယ်။ ရုံးတော်ထဲမှာ နေ့တိုင်း အသေးအဖွဲကိစ္စတွေ များမြောင်စွာရှိပြီး ဥပမာ အတွင်းဝန်တွေက တစ်ခုခုထုတ်ပြန်လိုက်တာမျိုး ဒါမှမဟုတ် ဌာနကြီး ခြောက်ခုနဲ့ ဆွေးနွေးစရာရှိတာမျိုးတွေဆို သူတို့ကိုယ်တိုင် လိုက်လုပ်ဖို့မဖြစ်နိုင်တာမို့ လက်ထောက်အတွင်းရေးအရာရှိနှစ်ယောက်ကသာ ကိုင်တွယ်ရတယ်။

ရွှီထင်းရှန်းက သူ့ရဲ့နေ့ရက်တွေကို အမိန့်စာတွေ စိစစ်ထုတ်ပြန်ရတာရယ် ဒါမှမဟုတ်လည်း နန်းတော်ရဲ့ တောင်မြောက်နေရာအစုံကို စာရွက်စာတမ်းတွေ သယ်ပို့လုပ်ရတာနဲ့တင် ဖြတ်သန်းနေရတယ်။ သူက မိုးမလင်းခင် နန်းတော်ထဲဝင်ရပြီး ညမိုးချုပ်တော့မှ အိမ်ပြန်လာတတ်တယ်။

ပြန်ရောက်ပြီးရင်လည်း ရေမိုးချိုး ထမင်းစားပြီးတာနဲ့ တန်းအိပ်တော့တာပဲ။ ဒီအလုပ်က ပင်ပန်းရပေမယ့် ပြေးလွှားရတာကို ရှောင်လွှဲလို့မရတဲ့အပြင် ဘယ်သူမှလည်း မရှောင်လွှဲချင်ကြဘူး။ ကိုယ့်ကို တာဝန်ပေးတယ်ဆိုတာ ကိုယ့်ကိုအလေးထားလို့ပဲ။

တကယ်လို့ သူတို့သာ နေ့တိုင်း နံရံလေးဖက်ထဲမှာ စာရွက်ပုံကြားထဲပဲ ခေါင်းနှစ်နေခိုင်းမယ်ဆိုရင်တော့ တကယ်အော်ငိုမိမှာ ကျိန်းသေတယ်။ ဒီလိုပဲဆက်နေနေရမယ်ဆို အတွင်းဝန်ရုံးမှာလုပ်ရတာ ဘာအကျိုးရှိမှာလဲ။

ဟန်လင်းကျောင်းတော်ကတော့ အတော်လေး သက်သာပေမယ့် ကျောင်းသားတိုင်း အဲဒီကထွက်နိုင်ဖို့ အလုအယက် ကြိုးစားနေကြတာလေ။ နေ့ရက်တွေက ဒီအတိုင်းပဲ ကုန်လွန်သွားပြီး မသိလိုက်ခင်မှာတင် ၉လပိုင်းထဲရောက်လာခဲ့တယ်။

ဆောင်းဦးဝင်လာတာနဲ့ ရာသီဥတုက အေးစပြုလာသော်လည်း နန်းတော်ကြီးကတော့ နှင်းထုတွေအောက် အေးချမ်းသွားရမယ့်အစား ပိုတောင်ရှုပ်ယှက်ခတ်လာတော့တယ်။ ဆောင်းဦးဆိုတာ ကောက်ရိတ်သိမ်းရာသီမို့ တစ်တိုင်းပြည်လုံးက ပေးဆောင်ရမယ့် အခွန်အခတွေနဲ့ကောက်ပဲသီးနှံတွေကို မြို့တော်ဆီတင်ပို့ရတဲ့ကာလပဲ။

နန်းတော်ဘဏ္ဍာတိုက်က လက်ရှိပြောင်သလင်းခါနေတာမို့ ဒီကာလကိုစောင့်နေတာ တော်တော်ကြာပြီ။ နန်းတွင်းတစ်ခုလုံး ၉လပိုင်းကစလို့ ပျားပန်းခတ်စည်ကားနေပြီး ၁၀လပိုင်းကုန်ခါနီးမှာတော့ အားလုံးပြီးစီးသွားတာကြောင့် အနားယူဖို့အချိန်ရသွားတယ်။

ဒါပေမယ့်လည်း အခုက ဘဏ္ဍာရေးဌာနရဲ့ လာမယ့်နှစ်အတွက် ခွဲတမ်းချပေးရမယ့်အလှည့်ပဲ။ ဘယ်လိုလုပ်ဆောင်သလဲဆိုတာကတော့ နန်းတော်ရဲ့အမျိုးမျိုးသော ကုန်ကျစရိတ်တွေနဲ့ တစ်နှစ်ပတ်လုံး အသုံးစရိတ်တွေကို အပိုအလိုတွေကအစ တွက်ချက်ပြီး ထုတ်ပေးရတာဖြစ်တယ်။

အမြဲတမ်း ဒီလိုအချိန်ဆို ဘဏ္ဍာရေးဌာနက လက်မလည်အောင် အလုပ်ရှုပ်နေကျပဲ။ အမှန်တော့ သူတို့တင်မဟုတ်ဘူး နန်းတွင်းထဲ ပြဿနာအများဆုံးကာလဆိုလည်း ဟုတ်တယ်။ အတွင်းဝန်တွေအားလုံးက မတူညီတဲ့ဌာနမျိုးစုံရဲ့ အချုပ်တွေဖြစ်တာနဲ့အညီ သူတို့လက်အောက်က ဌာနတစ်ခု ငွေလိုတာနဲ့ ဒီကိစ္စတွေက အထက်ကို တင်ပြရမှာဖြစ်တယ်။

ကိစ္စကြီးငယ်ရဲ့ ဆွေးနွေးပွဲတွေက တစ်ရက်မပြတ်လုပ်ပေမယ့် အထက်ကလူတွေ လေပေါလေလေ အောက်ကလူတွေ ပြေးလွှားရလေလေပဲ။ ရွှီထင်းရှန်းက နက်ပြာရောင်အရာရှိဝတ်စုံပေါ်မှာ ခပ်ပါးပါးအနွေးထည်‌လေး ထပ်ဝတ်ထားပြီး အခုမှ ကုန်းပု(မြို့တော်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ရေမြောင်းဖောက်လုပ်ရေးဌာန)ကနေ ပြန်လာတာဖြစ်တယ်။

159 03

ကျယ်ပြောလှတဲ့ နန်းတော်ကြီးထဲမှာ တစ်ဆောင်နဲ့တစ်ဆောင် ကူးလူးရတာ မလွယ်ပေမယ့် လှည်းငှားဖို့ကလည်း မဖြစ်နိုင်တော့ မိုးနတ်မင်းပေးထားတဲ့ ခြေနှစ်ချောင်းကိုပဲ အားကိုးရတော့တယ်။ ခြေတိုအောင် လျှောက်ပြီးသွားတော့ ချွေးဒီးဒီးကျရင်း သူတို့အဆောင်က ကန့်လန့်ကာကိုဖွင့်လိုက်တဲ့အခါ သူနဲ့အတူ လေအေးတစ်သုတ်ပါ လိုက်ဝင်လာတယ်။

အခုတော့ သူ့မှာ ဘေးနားမှာကူညီပေးမယ့် လက်အောက်ငယ်သားတစ်စုရှိနေပြီ။ သူတို့က သူပြန်လာတာမြင်တာနဲ့ ထလာပြီး အကျိုးအကြောင်း မေးတဲ့သူနဲ့ ရေနွေးကြမ်း သွားငှဲ့ပေးတဲ့သူနဲ့ ဖြစ်ကုန်ကြတယ်။

ရွှီထင်းရှန်းကတော့ နားနေခန်းကခုံပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး လာပေးတဲ့ရေနွေးကြမ်းကို တစ်ခွက်လုံးကုန်အောင်‌ မော့လိုက်တယ်။

“ဒီအကျိုးမပေးတဲ့ ရာသီဥတုက သေအောင်အေးနေပေမယ့် ငါ့မှာတော့ ချွေးရွှဲနေတယ် ဟိုဟိုဒီဒီပြေးရလွန်းလို့လည်း အာခေါင်ခြောက်သေမတတ်ပဲ”

“ရွှီကျုံးရှုက မနေ့ညက အတော်လေး အားယုတ်တာတစ်ခုခုလုပ်ခဲ့လို့ ဒီနေ့ မသွားနိုင်တာများလား”

အတွင်းဝန်ရုံးမှာ လက်ထောက်လုပ်နေတဲ့ ချန်းဝေ့က ပြုံးတုံ့တုံ့နဲ့ စတယ်။

“တော်စမ်းပါ ငါက ဘာလုပ်ခဲ့ရမှာလဲ?

ရွှီထင်းရှန်းက ရယ်ရယ်မောမောနဲ့ ပြန်ငြင်းတယ်။

“တကယ်တော့ မနှစ်က ဒီလိုအချိန်ဆို နှင်းကျနေပြီ။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ မြူတွေပဲ မြင်ရသေးတယ်”

ခိုင်ကွမ်းက ဘေးကဝင်ပြောတဲ့အချိန် ရှောက်ဟို့မင်းက အချိန်ကိုက်အပြင်ကဝင်လာပြီး သူသိခဲ့တာကို ပြန်မျှတယ်။

“အတွင်းဝန်တို့တတွေ ငြင်းနေကြပြန်ပြီ”

ဒါကိုကြားတော့ သူတို့အုပ်စု အချင်းချင်း ကူကယ်ရာမဲ့သလို ကြည့်လိုက်မိတယ်။

ခိုင်ကွမ်း - “ဒီတစ်ခေါက်ရော ဘာဖြစ်ပြန်ပြီလဲ?”

“ဒီနှစ် ပင်းပု(စစ်ဌာန)ရဲ့ တောင်းဆိုငွေက မနှစ်ကထက် ငွေတုံး ၁သန်းတောင် ကျော်နေလို့ ဘဏ္ဍာရေးဌာနက တံဆိပ်တုံးမထုပေးလို့တဲ့။ အဲဒီလိုနဲ့ အတွင်းဝန်ဖုန်းက အတွင်းဝန်ရန်ကို သွားပြောတော့တာပဲ။ ဒီကိစ္စက အတောမသတ်နိုင်ဘဲ အမတ်ချုပ်ဝူနဲ့ အတွင်းဝန်စွီတို့ပါ ဝင်ပြောပေးရတဲ့အထိ ဖြစ်လာတော့ အတွင်းဝန် ဖုန်းက ကုန်းပုကိုကျ တံဆိပ်တုံးထုပေးပြီး ဘာလို့သူ့ကိုကျ မထုပေးတာလဲဆိုပြီး ထပ်မေးခွန်းထုတ်ပြန်ရော ပြီးတော့ ဘဏ္ဍာရေးဌာနက လူတွေကို အဆင့်အတန်းခွဲခြားတယ်ဆိုပြီးပါ စွပ်စွဲနေတယ်”

ဒီရက်တွေထဲ ဒီလိုကိစ္စတွေက တော်တော်‌လေး အဖြစ်များလာတယ်။ နန်းတော်က ဘဏ္ဍာငွေ အလုံအလောက်မရှိတော့ အားလုံးအခက်တွေ့ရတာ အမှန်ပဲ။ ပြီးခဲ့တဲ့နှစ်တွေကဆို ဌာနခွဲလေးတွေမှာတောင် အသုံးစရိတ်ကန့်သတ်ထားတာမရှိလို့ အားလုံးက ငွေလိုတိုင်း ဘဏ္ဍာတိုက်ကို ပြေးလာနေကျပဲ။

အခုလည်း လိုအပ်တဲ့ဌာနတွေက စုပုံလာတော့ အရင်လိုမဟုတ်တော့တဲ့ ဘဏ္ဍာရေးဌာနက သောကပွားနေရတဲ့အချိန် တချို့အမတ်တွေကတော့ ဂရုမစိုက်သလို နေနေကြတယ်။ ရန်ချုံဟွာက ဒါနဲ့ပက်သတ်ပြီး တော်တော်စိတ်ကုန်နေပြီမို့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတင် ဒီပုံသေစနစ်ကို ပြောင်းလဲဖို့ ဧကရာဇ်နဲ့ အတိုက်အခံလုပ်ခဲ့သေးတယ်။

နှစ်ကုန်ခါနီးတိုင်း ဘဏ္ဍာရေးဌာနက စာရင်းအင်းတစ်ခုလုပ်ပြီး ဝင်ငွေနဲ့ထွက်ငွေကို ချိန်ဆရတယ်။ ဌာနတစ်ခုချင်းစီတိုင်းကလည်း လာမယ့်နှစ်အတွက် သူတို့အစီအစဥ်တွေနဲ့ အသုံးစရိတ်တွေကို ကြိုတင်တောင်းခံကြရတယ်။

ဒါမှ ဘဏ္ဍာတိုက်က အသေးစိတ်တွက်ချက်လို့ရအောင်လို့ တကယ်လို့ တင်ပြချက်က သင့်တင့်တယ်ဆို ငွေကိုင်အမတ်တွေက တံဆိပ်တုံးထုပြီး ခွင့်ပြုပေးလိုက်လိမ့်မယ်။ မဟုတ်ရင်တော့ တင်ပြချက်ကိုပယ်ပြီး လျှော့ချဖို့ ပြန်ပို့တတ်တယ်။

လာမယ့်နှစ်မှာလည်း ဌာနတစ်ခုခုက သူတို့ကို သတ်မှတ်ထားတဲ့ ဘက်ဂျက်ထက် ကျော်လွန်နေမယ်ဆိုရင် အကျိုးဆက်တွေကို ကိုယ့်ဘာသာခံယူရမှာဖြစ်တယ်။ ဘယ်အရာမှ တစ်ခုတည်းပုံသေ သတ်မှတ်ထားလို့မရပေမယ့် ဧကရာဇ် ကျားချန်က သဘောတူထားတော့လည်း အောက်ကအမတ်တွေမှာ ဘာမှမပြောနိုင်တော့ဘူး။

159 04

သို့သော် မူဝါဒကိုမလွန်ဆန်နိုင်တော့ ဌာနတိုင်းက ဘက်ဂျက်ကို လိုလိုပိုပို တင်တောင်းလာကြတော့တယ်။ တစ်ယောက်နှစ်ယောက်ဆို ကိစ္စမရှိပေမယ့် အားလုံးက တစ်ကျိတ်တည်းဖြစ်နေကြတော့ နှစ်တိုင်း နန်းတော်ကြီးက ခွက်စောင်းခုတ်တာနဲ့ပဲ နှစ်သစ်ကို ကြိုဆိုကြတာများတယ်။

ကိစ္စတွေက ပြင်းထန်လာတဲ့အခါ အမတ်မင်းတွေတင်မက ဧကရာဇ်ကျားချန်နားတော်ထဲတောင် ပေါက်ကြားသွားတတ်သေးတယ်။ ဒါပေမယ့် ဘဏ္ဍာရေးဌာနက ဉာဏ်ကိုလွှာသုံးပြီး အပြစ်အားလုံးကို သူတို့ပေါ်ပုံချကာ ဒီကိစ္စကိုဖြေရှင်းဖို့ ဌာနတိုင်းကို ဆွဲထည့်လိုက်တယ်။ ဒါက အကြမ်းဖျင်းအားဖြင့် ရန်ချုံဟွာရဲ့မူလအကြံပဲ။

“တကယ်လို့ ဒီလိုပဲဆက်ဖြစ်နေမယ်ဆို နောက်ထပ်ညီလာခံအစည်းအဝေးတစ်ခု ထပ်လုပ်မှာ သေချာတယ်”

ချန်းဝေ့ရဲ့အပြောကို အားလုံးက ခေါင်းမညိတ်ကြပေမယ့် သူတို့လည်း ဒီလိုပဲ တွေးနေကြတာပဲ။ မျှော်လင့်ထားတဲ့အတိုင်း ဖုန်းချန်ပေါင်က ဧကရာဇ်ကိုရှာဖို့ ဒုန်းစိုင်းထွက်သွားပြီး ထိုနေ့ နေ့လယ်မှာပဲ အရေးပေါ်အစည်းအဝေးလုပ်ဖို့ အမိန့်ကျလာခဲ့တယ်။

ညီလာခံမှာ အစည်းအဝေးရှိတိုင်း အတွင်းဝန်ရုံးကလည်း လက်ထောက်တစ်ယောက်ကို မှတ်တမ်းတင်ဖို့ လွှတ်နေကျဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်တွေမှာတော့ ဟယ်ယို့ချည်းပဲ သွားခဲ့ရပေမယ့် အခုရွှီထင်းရှန်းက ပ,စားအပေးခံရဆုံးဖြစ်နေမှတော့ သူမဟုတ်လို့ ဘယ်သူဖြစ်မလဲ။

အစည်းအဝေးစတင်ဖို့ နာရီဝက်အလိုမှာပဲ အတွင်းဝန်တွေက အမတ်ချုပ် စွီရဲ့ဦးဆောင်မှုနဲ့ ချင်ချန်းနန်းဆောင်ဆီ ထွက်လာခဲ့ကြတယ်။ သူတို့နဲ့ပါလာတာကတော့ သေချာပေါက် ရွှီထင်းရှန်းပဲ။ ရွှီထင်းရှန်းလည်း ဟယ်ယို့ရဲ့ မသာမယာမျက်နှာထားကို သတိထားမိပေမယ့် မတ်ချုပ်ဝူက ဇွတ်မျက်နှာသာပေးနေတဲ့အပြင် အမတ်ချုပ် ရှုကလည်း ဒီလိုကိစ္စတွေမှာ ဝင်ပါလေ့မရှိတော့ သူလည်း မတတ်နိုင်တော့ဘူး။ ချင်ချန်းနန်းဆောင်ကိုရောက်တဲ့အခါ အစောင့်တစ်ယောက်က အားလုံးကို လမ်းပြခေါ်ဆောင်သွားတယ်။

ချင်ချန်းနန်းဆောင်ရဲ့ ဘယ်ဘက်မှာ စားပွဲရှည်နှစ်ဆယ်ကျော်ကို နှစ်တန်းစီ နေရာချထားပြီး ထိုအတန်းရဲ့အဆုံးမှာတော့ အခုနထက်စာရင် အများကြီးသေးပြီး နိမ့်တဲ့ နောက်ထပ်စားပွဲရှည်တစ်တန်းက ရွှီထင်းရှန်းတို့လို မှတ်တမ်းတင်တဲ့အရာရှိလေးတွေအတွက် ထားပေးထားတဲ့ နေရာဖြစ်တယ်။

သူတို့ရဲ့ အလယ်တည့်တည့် စင်မြင့်ထက်မှာတော့ ဧကရာဇ် ကျားချန်ရဲ့ နဂါးပလ္လင်ကြီးက ထည်ဝါစွာတည်ရှိနေတယ်။ အချိန်နီးလာတာနဲ့ ထိပ်တန်းအဆင့်အမတ်ကြီးတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာပြီး သူတို့က အချင်းချင်း ဟန်ဆောင်ယဥ်ကျေးသမှု စကားတွေနဲ့ မပြီးနိုင်မစီးနိုင် နှုတ်ဆက်နေကြတယ်။

အထောက်တော်တစ်ယောက်က အရှင်မင်းကြီး ကြွချီလာကြောင်း ကြေညာပေးလိုက်တော့မှ စကားသံတွေအကုန်တန့်သွားပြီး လူတိုင်းက မတ်တပ်ရပ်ကာ တစ်လှမ်းချင်း ဝင်လာတဲ့ ဧကရာဇ် ကျားချန်ကို တရိုတသေ ခေါင်းငုံ့ထားကြတယ်။

ဘေးဘက်အဆောင်က ဝင်လာတဲ့ထဲမှာ ဧကရာဇ်အပြင် ကျန်းအန်ချန်းနဲ့လင်းမြောင်တို့လည်း ပါဝင်တယ်။ ဧကရာဇ်က ပလ္လင်ပေါ်မှာ နေရာယူပြီးတော့မှ အောက်ကအမတ်မင်းတွေကို ခြုံကြည့်ပြီး မိန့်ကြားတယ်။

“ထိုင်ကြပါ အားလုံးလည်း အသက်ရလာကြပြီပဲ။ ဒီဆွေးနွေးခန်းက ဘယ်တော့ပြီးမယ် မသိရတာကြောင့် အရင်ဆုံး ထိုင်ပြီးမှ စကြတာပေါ့”

“ကျေးဇူးကြီးမြတ်လှကြောင်းပါ အရှင်မင်းကြီး”

နောက်ဆုံးတော့ ရှင်ဘုရင်ရဲ့ခွင့်ပြုချက်နဲ့ အမတ်မင်းတွေအားလုံး ထိုင်တော့မှ ရွှီထင်းရှန်းလည်း သူ့ကိုပေးထားတဲ့ထိုင်ခုံမှာ ထိုင်ရတယ်။ ဒီစားပွဲက သိပ်နိမ့်လွန်းပြီး ထိုင်ခုံသားကလည်း မာလွန်းတာကြောင့် အတော်လေး သက်တောင့်သက်သာမရှိဘူးလို့ ပြောရမယ်။

သို့သော် ရွှီထင်းရှန်းက မျက်နှာတစ်ချက်မပျက်ဘဲ စာရွက်ကိုဖြန့်ခင်း စုတ်တံကိုထုတ်ပြီး တည်ငြိမ်စွာ မှင်သွေးနေလိုက်တယ်။

“စလို့ရပြီ”

ရှင်ဘုရင်ရဲ့ ဦးဆောင်မှုနဲ့အတူ အမတ်ချုပ် ရှုက ခါတိုင်းလိုပဲ သူ့လုပ်ဖော်ကိုင်ဖက်တွေကို ကြည့်ရင်း ဒီနေ့အကြောင်းအရာကို ပြေရာပြေကြောင်း အရင်ပြောတယ်။

159 05

“နှစ်တိုင်း ဘဏ္ဍာရေးကိစ္စနဲ့ပဲ ကျုပ်တို့အမတ်တွေအချင်းချင်း ကတောက်ကဆဖြစ်ပွားရတာ အရှင်မင်းကြီး နားတော်ထဲပေါက်ကြားတဲ့အထိပဲ ဒါကတင် ကျုပ်တို့တွေ အမတ်တွေအနေနဲ့ ညံ့ဖျင်းကြောင်း သိသာစေတဲ့အတွက် အများကြီးငြင်းမနေဘဲ ပုံမှန်လုပ်ထုံးတွေအတိုင်းပဲ သွားကြတာပေါ့။ လူတိုင်း ကိုယ့်ရဲ့အမှန်တကယ် အသုံးစရိတ်ကို အရင်အစီရင်ခံကြပါ။ ပြီးမှ ကျုပ်တို့ ဆွေးနွေးလို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရှင်မင်းကြီး တစ်ယောက်လုံးရှိနေတဲ့အတွက် ဘယ်သူ့ကိုမှ ဘက်လိုက်တာမျိုး ရှိမှာမဟုတ်ပါဘူး”

ပြီးတာနဲ့ ဌာနတစ်ခုချင်းစီက သူတို့လိုအပ်တဲ့ငွေပမာဏနဲ့ သုံးမယ့်စီမံကိန်းတွေကို အတိအကျ တင်ပြကြတယ်။ ဘဏ္ဍာရေးဌာနကလည်း အားလုံးကို မှတ်တမ်းယူထားပြီး ဒီမှာတင် သိပ်မလိုအပ်တဲ့ အကြောင်းအရာတွေကို အထက်လူကြီးတွေကိုယ်စား ဒုကိုယ်စားလှယ် ဖုန်းကျွင်းယီနဲ့ ဒုလက်ဝဲအမတ်တို့က ယတိပြတ်ငြင်းချတယ်။

နောက်ဆုံးတော့ ဒီအစည်းအဝေးရဲ့ လက်သည်တရားခံ ဖုန်းချန်ပေါင်ရဲ့ စစ်ရေးဌာနအလှည့် ရောက်လာတဲ့အခါ သူကအတော်လေး ထောင်လွှားနေပြီး ရန်ချုံဟွာကို စိုက်ကြည့်ကာ စပြောတယ်။

“အားလုံးသိတဲ့အတိုင်း ကျင်းမျိုးနွယ်တွေက ဒီနှစ်အတော်လေး ထကြွလာပြီး ကွမ်းနင်းနယ်စပ်ကို မကြာခဏလာတိုက်ခိုက်နေတာ ကျုပ်တို့ တာ့ချန်းတပ်မတော်ကို အင်မတန် ဆုံးရှုံးနစ်နာစေတယ်။ စစ်ရေးဌာနက ယူဆချက်တွေအရ ကျင်းမျိုးနွယ်တွေက နောက်နှစ်မှာလည်း အင်မတန် အထိနာမယ့်ကျူးကျော်စစ်တစ်ခု စတင်လာနိုင်ဖွယ်ရှိတာမို့ ကျုပ်တို့တွေ အခုကတည်းက အလုံအလောက် ပြင်ဆင်ထားမှဖြစ်မယ်။ ဒါကြောင့် လက်ရှိ စစ်ရေးမှာ ရန်ပုံငွေတိုးချဲ့ဖို့က အလျင်အလိုဆုံးကိစ္စပါပဲ”

“တိုင်းပြည်ရဲ့ စစ်ရေးစစ်ရာတွေကတော့ အမှန်တကယ် ဦးစားပေးရမယ့်အရာတွေပဲ”

ဘယ်သူမှမပြောခင် ဧကရာဇ် ကျားချန်က မှတ်ချက်ပြုလာတော့ ရန်ချုံဟွာက ထရပ်ပြီး “တိုးချဲ့ထားတဲ့ ရန်ပုံငွေက စုစုပေါင်း ငွေတုံး ၁သန်းပါ အရှင်မင်းကြီးနဲ့အားလုံးသိတဲ့အတိုင်း ဘဏ္ဍာရေးဌာနက လက်ရှိပြည်သူတွေရဲ့ အခွန်အခတွေ ပေါင်းလိုက်ရင်တောင် ဒီလောက်ပမာဏ မတတ်နိုင်တဲ့အခြေအနေ ဖြစ်နေပါတယ်။ ကျုပ်တို့က ကိစ္စတွေကို ခက်ခဲအောင် တမင်လုပ်နေတာမဟုတ်ဘဲ အခုသဘောတူပြီးမှ နောက်ကျ ငွေပမာဏ မလုံလောက်တာထက် အစကတည်းက ငြင်းဆန်ထားတာက ပိုကောင်းမယ့်ဆုံးဖြတ်ချက်ပါ”

“ဒါဆို ကုန်းပုက မြစ်ကမ်းပြန်ပြင်ဖို့ ငွေ ၁သန်းတိုးတောင်းတာကို သဘောတူလိုက်တာကျ မင်းတို့ဘဏ္ဍာရေးဌာနမှာ ငွေက ရုတ်တရက်ရှိသွားပါရောလား?”

ဖုန်းချန်ပေါင်က သရော်တော်တော်ဆိုတယ်။

“မြစ်ဝါမြစ်ရဲ့ လမ်းကြောင်းပြောင်းမှုက ကမ်းပါးနှစ်ဖက်လုံးမှာ နေတဲ့ပြည်သူတွေကို အခက်တွေ့စေပြီး မဟာတူးမြောင်းကြီးရဲ့ နေရာအချို့ကိုလည်း ပိတ်ဆို့နေတာပါ။ မဟာတူးမြောင်းဆိုတာ ကျုပ်တို့တာ့ချန်းရဲ့အသက်သွေးကြောပဲ တောင်ကနေ မြောက်ကို ပြောင်းနှံတွေတင်ပို့ဖို့ နယ်စပ်ကို ရိက္ခာထောက်ပံ့ဖို့နဲ့ ကျန်းနန်ကနေ တခြားဒေသတွေဆီကို လက်ဖက်ခြောက်နဲ့ပိုးထည်တွေ သယ်ယူဖို့ အဓိက တာဝန်ယူပေးနေတဲ့အရာတစ်ခု၊ တကယ်လို့ အမတ်ဖုန်းပြောသလို ကျုပ်တို့ ကုန်းပုရဲ့တောင်းဆိုချက်ကို ပယ်ချပြီး ဒီဟာကို မပြုပြင်တော့လို့ အိမ်မှာ စားစရာမရှိတော့ရင် လက်ရှိကုန်းပုကို ပေးမယ့်ငွေက အကျိုးရှိသလား မရှိသလား သိသွားပါလိမ့်မယ်”

တကယ်တော့ ဒါတွေကို ရန်ချုံဟွာမပြောခင် မာချီက ထပြောလိုက်တာဖြစ်တယ်။ ကုန်းပုက မာချီဆိုသူက ပုံမှန်ဆို အတော်လေး အေးဆေးတဲ့လူတစ်ယောက်ပေမယ့် အခုလိုကိစ္စတွေနဲ့ပက်သတ်လာရင်တော့ သူ့လျှာစောင်းက ထက်ပြီးသားပဲ။

တကယ်လည်း ဖုန်းချန်ပေါင်တစ်ယောက် မျက်နှာကြီးနီရဲလာတဲ့အထိ ဒေါသထွက်သွားရပေမယ့် မြို့တော်တစ်ခုလုံး ငတ်ပြတ်နေရင်တောင် သူ့အိမ်ကတော့ ရိက္ခာမပြတ်လပ်ကြောင်း ပြန်ချေပလိုက်ချင်ပေမယ့် မသင့်တော်တာကြောင့် ငြိမ်နေလိုက်ရတယ်။

ဒါပေမယ့်လည်း တစ်ခါထပ်ပြီး နယ်စပ်က အရေးကြီးကြောင်းကိုသာ အသားပေးပြောလိုက်တယ်။

“လောလောဆယ် ဒါကိုဖယ်ပြီး တခြားအကြောင်းအရာတွေဆီ ဆက်သွားကြတာပေါ့”

ဧကရာဇ်ကိုယ်တိုင်က ပြောလာမှတော့ အားလုံးလည်း ဒါကိုချန်ထားပြီး တခြားဌာနတွေကိုသာ ဆက်သွားလိုက်ကြတယ်။ အတော်လေး နားပူအောင် ပြောဆိုဆွေးနွေးကြပြီးတဲ့နောက် ဌာနခွဲလေးတွေအတော်များများ ဖြေရှင်းလို့ရသွားပေမယ့် တစ်ခုတည်းသော လိုအပ်ချက်က လောလောဆယ် မပြည့်သေးတဲ့ ၃ သန်းသော ငွေတုံးပမာဏပဲ။

159 06

ဒီလိုအပ်တဲ့ ငွေတုံး ၃သန်းမှာ ကုန်းပုရဲ့ မြစ်ဝါမြစ်ပြုပြင်ရေးနဲ့ စစ်ရေးဌာနတို့ရဲ့ တောင်းဆိုချက်အပြင် တခြားအများပြည်သူဆိုင်ရာ ဖွံ့ဖြိုးရေးတွေအတွက် အကုန်ပါဝင်တယ်။ ငွေတုံး ၃သန်းက များတယ်ထင်ရပေမယ့် တိုင်းပြည်က တစ်နှစ်တစ်နှစ်ရနေတဲ့ အခွန်အခတွေနဲ့ယှဥ်လိုက်ရင် ဘယ်လောက်မှမဟုတ်တော့ဘူး။

တာ့ချန်းက နှစ်တိုင်း အခွန်ငွေ ၇ သို့မဟုတ် ၈သန်းအထိ ရရှိနေပြီး ဒေသခံအရာရှိတွေက လိုအပ်တာလုပ်ဖို့ ယူလိုက်ရင်တောင် အနည်းဆုံး ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကို မြို့တော်ဆီ ပို့လိုက်တာချည်းပဲ။ အခုငွေက ဒီလောက်အထိ ကွာဟသွားတော့ ညီလာခံကလည်း မလိုက်နိုင်တော့တာ။

အားလုံးက အရာရှိအသိုင်းအဝိုင်းရဲ့ အဆင့်ဆင့် ကြားဖြတ်စားလိုက်တာကြောင့်သာ ဒီလောက်အထိ ဖြစ်လာရတာ။ ပြည်သူတွေလည်း အခွန်ဆောင်ရဲ့သားနဲ့ ဘဏ္ဍာတိုက်မှာ တစ်ပြားမှမရှိတာက ဘယ်သူ့လက်ချက်လဲဆိုတာ သိသာပါတယ်။

ခန်းမထဲက လေထုက ချက်ချင်း တောင့်တင်းသွားတယ်။ ဧကရာဇ်ကလည်း တိတ်ဆိတ်နေဆဲဆိုပေမယ့် မဖော်ပြတတ်တဲ့ ဖိအားတချို့ခိုအောင်းနေတဲ့ သူ့အကြည့်တွေကြောင့်သာ မဟုတ်ရင် အားလုံးက ပိုစိတ်အေးလက်အေးဖြစ်သွားကြမှာ အခုတော့ ….

“ဘာလို့အားလုံး တိတ်ဆိတ်သွားကြတာလဲ။ မင်မင်းဆက်က ဧကရာဇ် ထိုက်ဇူကိုယ်တိုင် တစ်တိုင်းပြည်လုံးရဲ့ ၈သန်းသော လယ်ယာမြေတွေကို အခွန်တပ်ခဲ့တာကြောင့် နန်းတော်က နှစ်တိုင်း ဆန်စပါး သန်း ၃၀ကျော်ကျော်စုဆောင်းရရှိခဲ့တာ ‘အခွန်အခ မနှောင့်နှေးစေရ’ဆိုတဲ့ဥပဒေတောင် ထုတ်ထားခဲ့ပေးတယ်။ ဒီဆန်တွေကနေ ဘယ်လောက်ငွေတွေရနေသလဲ။ ဆားနဲ့လက်ဖက်ခြောက်က အခွန်တော်တွေကတင် ငွေဘယ်လောက်ဖြစ်နေပြီလဲ။ ပြီးခဲ့တဲ့မင်းဆက်နဲ့ယှဥ်ရင် ငါ့တာ့ချန်းက ရေမြေတစ်လက်မတောင် မဆုတ်ယုတ်သွားတဲ့ဟာ ဘယ်လိုလုပ် အခွန်အခတွေက တစ်နှစ်ထက်တစ်နှစ် လျော့လာရတာလဲ။ မင်းတို့အားလုံးက နန်းတော်ရဲ့ အားကိုးရတဲ့အမတ်မင်းတွေ မဟုတ်ကြဘူးလား။ ဘာလို့ ဝင်ငွေနဲ့ထွက်ငွေက ဒီလောက်ကွာဟနေရတာလဲဆိုတာ လာရှင်းကြစမ်းပါ”

တိတ်ဆိတ်မှုကြားမှာ ဧကရာဇ်ကျားချန်ရဲ့အသံက ဟိန်းထွက်လာတယ်။ ဒီအစည်းအဝေးမှာ အရှင်မင်းကြီးက ဒီလောက်အထိ ပြတ်ပြတ်သားသား ထောက်ပြလာလိမ့်မယ်လို့ ဘယ်သူမှမတွေးထားကြဘူး။

အောက်စားပွဲမှာထိုင်နေတဲ့ ရွှီထင်းရှန်းကလည်း လက်ရှိရှိနေတဲ့ အမတ်တွေအားလုံးကို တိတ်တိတ်လေး မျက်လွှာဝင့်ကြည့်လိုက်မိတယ်။ ပြီးမှ သူ့အကြည့်တွေက နဂါးပလ္လင်ပေါ်မှာ ဖတ်ရခက်တဲ့ မျက်နှာထားနဲ့ထိုင်နေတဲ့ ဧကရာဇ် ကျားချန်အပေါ် အသာလေးရောက်သွားတယ်။

နောက်ဆုံးတော့ ဒီအင်အားကြီးရက်စက်တဲ့ ဧကရာဇ်က သူ့အမတ်တွေအပေါ် စစ်ပွဲခေါ်လိုက်ပြီလား။

…………….

******

160 01

အခန်း ၁၆၀

အမှန်တော့ အဲဒီအိပ်မက်ထဲမှာလည်း ရွှီထင်းရှန်း နန်းတွင်းထဲကို အရာရှိအနေနဲ့ ဝင်လာခဲ့တဲ့အချိန် ညီလာခံအခြေအနေက သိပ်ကောင်းခဲ့တာမဟုတ်ဘူး။ ဧကရာဇ်ကျားချန်က ကျင်းယီဝေရဲ့ စုံစမ်းစစ်ဆေးရေးအာဏာကို ပြန်အသက်သွင်း စစ်သူကြီးလီကျန်းရဲ့ထောက်ခံမှုနဲ့အတူ ဖမ်းဆီးချုပ်နှောင်ရေးတွေကို စိတ်ပေါက်သလို လုပ်နေတဲ့ကာလဖြစ်တယ်။

မင်းမိန့်နဲ့ စစ်ကြောရေးတွေက သိပ်အင်အားကောင်းနေတော့ ညီလာခံထဲက အရာရှိကြီးငယ်အကုန် အကြောက်တရားနဲ့ နေထိုင်ခဲ့ရတယ်။ အောက်ဆုံးအဆင့်အရာရှိလေးတွေကတော့ ဖြစ်ပျက်သမျှ တစွန်းတစသာ ကြားသိရတာမို့ ဘာတွေဖြစ်နေသလဲ နားမလည်နိုင်ဘဲ အရာရှိဝန်မင်းတွေအားလုံး အရင်တုန်းကလို စိတ်ဝမ်းကွဲမနေဘဲ မင်းမျိုးမင်းနွယ်ကို တော်လှန်ဖို့ အသင့်ဖြစ်နေတာကိုသာ အံ့ဩနေကြတယ်။

လူတွေ ဘယ်လောက်ကျပြီး ဘယ်လောက်ကျန်မလဲဆိုတာတော့ ဘယ်သူမှ မသိနိုင်ဘူး။ လက်တွေ့မှာတော့ ဆန့်ကျင်တဲ့ ပုန်ကန်သူအနည်းစုသာ အောင်မြင်ခဲ့ကြတာဖြစ်တယ်။ ဧကရာဇ်က သမိုင်းမှာ သူ့နာမည် ဘယ်လိုဖော်ပြခံရမလဲ လုံးဝဂရုမစိုက်တော့တဲ့အခါ သူ့ဒေါသက အထွတ်အထိပ်ရောက်ရှိသွားတော့တယ်။

သူက သူ့လမ်းမှာ ဝင်ရှုပ်သမျှလူအားလုံးကို သတ်ပစ်ခဲ့ပြီး ရက်စက်တဲ့ သွေးချောင်းစီးတိုက်ပွဲမှာ ဧကရာဇ်ကျားချန်က နိုင်သလိုထင်ရပေမယ့် တကယ်တမ်းကျ သူရှုံးခဲ့ပါတယ်။ သူနိုင်သွားတယ်ဆိုတာက ထိုအချိန်မှာ မင်းမိန့်အာဏာစက်က အပြင်းထန်ဆုံး သက်ရောက်ခဲ့ပြီး အမတ်မင်းတွေကတော့ အားအနည်းဆုံးဖြစ်ခဲ့လို့ပဲ။

သူ ရှုံးသွားတယ်ဆိုတာကတော့ အများနဲ့တစ်ယောက်ဖြစ်တဲ့အခါ လုပ်နိုင်စွမ်းကလည်း အနည်းငယ် လျော့လာတာကြောင့်ပဲ။ ဒါဆို ကျားချန်ရဲ့အမှောင်ခေတ်ကြီးက ရောက်ရှိလာပြီဆိုတဲ့သဘောလား။ ဟုတ်တယ် နောက်ပိုင်းမျိုးဆက်ရဲ့ သမိုင်းပညာရှင်တွေက ဒီကာလအပိုင်းအခြားကို တာ့ချန်းမင်းဆက်ရဲ့ အမှောင်ခေတ်တွေလို့ တင်စားခဲ့ကြတယ်။

တိုင်းပြည်မင်းမှုထမ်းတွေရဲ့ အဆင့်အတန်းက အရင်က တစ်ခါမှမကြုံဖူးတဲ့အထိ ဖိနှိပ်ခံရပြီး နန်းတွင်းကလည်း နေ့တိုင်းလိုလို သွေးအိုင်နေတာက အင်မတန် ကြောက်လန့်စရာကောင်းတယ်။ ဒီအရာတွေအားလုံးက ဧကရာဇ်ကျားချန်ရဲ့ နန်းသက်ကာလအဆုံးအထိ ဆက်လက်ဖြစ်ပွားခဲ့တယ်။

ရွှီထင်းရှန်းက အောက်မှာသူ့ဟာနဲ့သူ အတွေးနယ်ချဲ့နေတဲ့အချိန် ရှင်ဘုရင်နဲ့မှူးမတ်တွေကြားက အခြေအတင်ကလည်း စတင်လာခဲ့ပြီဖြစ်တယ်။ ဧကရာဇ်ကျားချန်က ဒီပလ္လင်ပေါ်ရှိခဲ့တာ ဆယ်စုနှစ်တစ်ခုရှိနေပြီ။

နဂိုကတည်းက စိတ်မရှည်မှုနဲ့ကျော်ကြားတဲ့ ဒီဘုရင် အခုချိန်အထိ သည်းခံနိုင်တာပဲ အတော်လေး မှတ်သားလောက်စရာဖြစ်နေပြီ။ သူက သူ အသင့်ဖြစ်ပြီထင်တဲ့အချိန်ကျမှ ချွန်မြတဲ့လက်သည်းရှည်တွေကို ထုတ်ပြတတ်တာ။

ဧကရာဇ်ကျားချန်က စစ်တလင်းကို လက်နက်မပါဘဲ လာရအောင်အထိ မိုက်မဲတဲ့သူမဟုတ်တာကြောင့် သူစစ်ကြေငြာလိုက်ပြီဆိုကတည်းက သူ့မှာလည်း လက်နက်ပုန်းတွေ ရှိမှာပဲ။

ဧကရာဇ်ကျားချန်ရဲ့စတင်ထိုးနှက်ချက်ကြောင့် သူတို့တာဝန်ကနေ ခေါင်းရှောင်လို့မရမှန်း သိသွားကြတဲ့ အောက်က အမတ်တွေကတော့ သေချာလေး ဖြေရှင်းဖို့အပြင် ရွေးချယ်စရာမရှိတော့ဘူး။

တချို့က ဆားနဲ့လက်ဖက်ခြောက်အပေါ် အခွန်တိုးကောက်ဖို့ပြောပေမယ့် ကျန်တဲ့လူတွေက အရင်ကတည်းက ဒီထုတ်ကုန်နှစ်ခုကို အခွန်ခအများဆုံး သတ်မှတ်ထားတာမို့ ထပ်တိုးကောက်ရင် ပြည်သူတွေ အုံကြွလာလိမ့်မယ်လို့ ပြန်ငြင်းတယ်။

ဒီလိုနဲ့ အသွားအပြန် ငြင်းခုံဆွေးနွေးပြီးတဲ့အခါ လယ်ယာမြေအခွန်ခကိုသာ တိုးမြှင့်ဖို့ သဘောတူလိုက်ကြတယ်။ အမှန်တော့ တချို့အမတ်တွေက ဒီကိစ္စအပေါ်လည်း ကန့်ကွက်ကြသေးပေမယ့် အခုနကလောက်တော့ ပြင်းပြင်းထန်ထန်မဟုတ်ဘူး။

လက်ရှိမင်းဆက် စတက်ချိန်ကတည်းက အခွန်ကောက်ခံခြင်းက အင်မတန် အရေးပါတဲ့ကဏ္ဍတစ်ရပ်ဖြစ်ခဲ့တာ။ ဧကရာဇ် ထိုက်ဇူကလည်း အခွန်အခ နှောင့်နှေးခြင်းမရှိရဆိုတဲ့ အမိန့်တော် ထုတ်ပြန်ခဲ့ဖူးတာကြောင့် အဲဒီကတည်းက ဒီစနစ်ကို ကျင့်သုံးလာခဲ့တာ ဆယ်စုနှစ်ချီနေပြီ။

160 02

အခုမှ နည်းနည်းလောက် ထပ်တိုးလိုက်တာက သိပ်တော့ပြဿနာမရှိ‌လောက်ဘူး။ ဒီဆုံးဖြတ်ချက်က ညီလာခံထဲက အမတ်အားလုံးဆီက တစ်စိတ်တစ်ဝမ်းထဲ ထောက်ခံချက်ရတဲ့အချိန်မှာပဲ စိစစ်ရေးဌာနရဲ့ဒုလက်ယာအမတ် ကျန်းယွင်ကျယ်က သူ့ထိုးနှက်ချက်ကို စတင်တယ်။

ဧကရာဇ်ကျားချန်ကိုယ်တိုင် ခန့်အပ်ခြင်းခံထားရတဲ့ ကျန်းယွင်ကျယ်က ပထမဆုံး စုကျိုးဒေသရဲ့အုပ်ချုပ်ရေးမှူး ကျန်းဝမ်ကို အရပ်သားတွေရဲ့ မြေကောင်းတွေကို အတင်းအကျပ်လုယူတဲ့ သူ့မျိုးနွယ်တူဆွေမျိုးတွေကို သက်ညှာပေးခဲ့တဲ့အတွက် ပြည်သူတွေ မကျေမနပ်ဖြစ်စေခဲ့တယ်ဆိုပြီး စွပ်စွဲထောက်ပြတယ်။

အဲဒီအပြင် သူက ဘဏ္ဍာရေးဌာနမှာ မှတ်တမ်းတင်ထားတဲ့ အခွန်ပေးဆောင်ရမယ့် ယာမြေတွေ ရုတ်တရက် ပျောက်ဆုံးသွားတဲ့အကြောင်းကိုလည်း ထိထိမိမိ မေးခွန်းထုတ်ခဲ့သေးတယ်။ ယာမြေစာရင်းမရှိရင် အခွန်လည်း ကောက်လို့မရဘူး။ အခွန်ကောက်လို့မရရင် ဘဏ္ဍာတိုက်ကလည်း ငွေရှိမှာမဟုတ်ဘူး။

ရွှီထင်းရှန်းကတော့ ဘဏ္ဍာရေးဌာနရဲ့ မြင်းမဆွဲခင် လှည်းတွန်းနေတဲ့လုပ်ရပ်အပေါ် သိပ်ဘဝင်မကျလှဘူး။ အဲဒီအပြင် အချင်းချင်း ခွက်စောင်းခုတ်နေတာက ပြဿနာကို မပြေလည်စေတဲ့အပြင် အချိန်ပုပ်တာပဲ အဖတ်တင်လိမ့်မယ်။

ဒါကြောင့် အားလုံး ဒီလိုဖြစ်မယ့်အချိန်ကို စောင့်နေတာပဲ! ကြိုက်သလောက် ငြင်းကြစမ်း နေ့တိုင်း ဘာမဟုတ်တဲ့ ငွေလေးအနည်းငယ်အပေါ် လည်ချောင်းနာတဲ့အထိ သတ်နေလိုက်ကြ။

အရင်ဆုံး အတွင်းပဋိပက္ခတွေ ရှင်းမနိုင်ဖြစ်လာတဲ့အခါ အထက်ကလူတစ်ယောက်က ဝင်ဆုံးဖြတ်ပေးရလိမ့်မယ်။ ဒါပေမယ့် စားစရာတစ်ခုထဲရှိပါတယ်ဆိုမှ တစ်ယောက်က ပိုရသွားရင် နောက်တစ်ယောက်က နည်းသွားမှာပေါ့။ ဒီလိုနဲ့ အားလုံးက အချင်းချင်း မုန်းတီးအငြှိုးထားလာကြမယ်။

ဒီတော့မှ ဧကရာဇ်ကျားချန် ဝင်ပါရတော့မှာ ဒါဆို ပေးဆောင်ပြီးသား ယာမြေအခွန်အခတွေကရော…

နယ်မြေတစ်ခုမှာ တောင်သူလယ်သမားတွေကို အနီးကပ်စီမံတာဆိုလို့ အုပ်ချုပ်ရေးမှုး ခရိုင်မှူးနဲ့ မြို့စားတွေပဲရှိတယ်။ ဒီကြားထဲ ရှုခိုင်အဆင့်အောင်မြင်သွားတဲ့ စာသင်သားအိမ်တွေဆို လယ်ကွက် ၅၀ မုကနေ စပြီး အခွန်ကင်းလွတ်ခွင့်ရှိတယ်။

ကျူးရန်ဆို ၅၀၀ မုကနေ ကျင်းရှီဆို ၃၀၀၀ မုအထိ နိုင်ငံတော်က ကင်းလွတ်ခွင့်ပေးထားတယ်။ တိုင်းပြည်က သုံးနှစ်နေတိုင်း နန်းတွင်းစာမေးပွဲကို သောင်းသောင်းဖြဖြ ကျင်းပပြီး ကျင်းရှီ အယောက် ၃၀၀ ၊ ကျူးရန် ၁၅၀၀နဲ့ တစ်ကြိမ်ကို ရှုခိုင်ပေါင်း ၅ထောင် ၆ထောင်လောက် မွေးထုတ်ပေးနေတာ အားလုံးပေါင်းလိုက်ရင်ပဲ လယ်ယာမြေကင်းလွတ်ခွင့်တွေက တော်တော်များနေပြီ။

နောက်ပြီး ‘စာသင်သားတစ်ယောက်က ရှုခိုင်အဆင့်ရောက်သွားရင် လာဘ်ပေးလာဘ်ယူ လုပ်တာနဲ့တင် ချမ်းသာနိုင်တယ်’ဆိုတဲ့ဆိုရိုးအတိုင်းပဲ မျက်နှာလုပ်တာတွေက နေရာတိုင်းမှာ ယဥ်ကျေးသမှုလက်ဆောင်ဆိုတဲ့အောက်မှာ ရှိနေတာ။

ဒါပေါ့ ဒီအပြင်းထန်ဆုံး အခြေအနေက အဆင့်နိမ့်အရာရှိလေးတွေကြောင့် မဟုတ်ဘဲ ကျင်းရှီထက်မြင့်တဲ့ မှူးမတ်တွေကြောင့် ဖြစ်ပေါ်လာတယ်ဆိုတာ ငြင်းမရတဲ့အမှန်တရားပဲ။ ရာထူးမြင့်လေ အခွန်ကင်းလွတ်ခွင့်လည်း များလေဖြစ်ပြီး သူတို့က နန်းတွင်းစနစ်ကို လည်ပတ်စေတဲ့သူတွေလည်း ဟုတ်တော့ အကျိုးခံစားခွင့်များတာပေါ့။

လက်ရှိ ဒီခန်းမထဲမှာ ရာထူးနိမ့်တဲ့သူ ဘယ်နှယောက်ပါလို့လဲ။

…………….

******

All Chapters