အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
အခန်း ၁၆၁
ဒီကိစ္စက ဒီမှာတင်ပြီးသွားတယ်လို့ ထင်ရပေမယ့် ဘယ်ဖြစ်နိုင်ပါ့မလဲ။ နှစ်ကုန်ခါနီးမှာတင် စိစစ်ရေးဌာနရဲ့ ဒုလက်ယာအမတ် ကျန်းယွင်ကျယ်တစ်ယောက် အဂတိလိုက်စားပြီး နိုင်ငံရေးရန်သူတွေကို တိုက်ခိုက်နေတယ်လို့ စွပ်စွဲခံလိုက်ရတယ်။
သက်သေတွေက ငြင်းဆန်မရတဲ့အပြင် မျက်မြင်သက်သေတွေပါရှိနေသေးတယ်။ သာ့လီဘုရားကျောင်းက ဆင်းပြီး အမှုစစ်တဲ့အခါ စာကြည့်ခန်းထဲမှာ ဘယ်သူ့ဆီက လာဘ်ယူပြီး ဘယ်သူ့ကို ချောက်ချခဲ့ပါတယ်ဆိုတာတွေ အသေးစိတ်ရေးထားတဲ့ မှတ်စုစာအုပ်တစ်ခု တွေ့ရှိခဲ့တယ်။
ဒါက အမှန်တကယ်ကို လက်မခံနိုင်စရာပဲ။
စိစစ်ရေးဌာနက ဒီကိစ္စကြောင့် သူတို့လက်အောက်မှာရှိတဲ့ အရာရှိတိုင်းကို ကွင်းဆင်းစစ်ဆေးဖို့ တာဝန်ရှိလာတယ်။ တကယ်လို့ ဒီအမှုက ဟုတ်မှန်တယ်ဆို ကျန်းယွင်ကျယ်က သိလျက်နဲ့ ကျူးလွန်တာဖြစ်သွားပြီမို့ သူ့အပြစ်က ပိုကြီးလေးသွားပြီ။
ထိုအချိန်ကစပြီး နန်းတွင်းညီလာခံကို ခြုံလွှမ်းထားတဲ့ ချုုပ်တည်းမှု ကန့်လန့်ကာပါးလေးက အပြီးတိုင် စုတ်ပြဲသွားတော့တယ်။ ဖြစ်ချင်တော့ ဒီရာထူးကြီးအမတ်တွေက ထင်သလောက်လည်း မဖြောင့်မတ်ကြပါဘူး။
သူတို့က ကိုယ့်အုပ်စုနဲ့ကိုယ်ဖွဲ့ထားပြီး အမှားကိုအမှန်ပြင်မယ်မရှိ အဲဒီအစား ဘက်မတူတဲ့သူတွေကို ဆွဲချခြင်းနဲ့ အတွင်းရေးပဋိပက္ခတွေ ဖန်တီးနေကြတယ်။ အမှန်တော့ ဒီလိုတွေ သရုပ်ပေါ်လာလည်း ဘယ်သူမှ အကျိုးမရှိဘူးဆိုပေမယ့် ပထမဆုံး ထိခိုက်တာကတော့ ဧကရာဇ် ကျားချန်ပဲ။
အရင်က ကျန်းယွင်ကျယ် စုကျိုးဒေသရဲ့အုပ်ချုပ်ရေးမှူး ကျန်းဝမ်ကို မြေခိုးမှုအပေါ် စွပ်စွဲချက်ကိုလည်း ဘယ်သူမှ မယုံရဲတော့ဘူး။ ဘာလို့ဆို တစ်ယောက်ယောက်က သူ့ကို ပိုက်ဆံပေးပြီး ခိုင်းထားရင် ဘယ်လိုလုပ်မလဲ။
နန်းတွင်းညီလာခံတစ်ခုလုံး ကသောင်းကနင်းတွေဖြစ်ကုန်ပြီး ဧကရာဇ် ကျားချန်ကလည်း နေ့တိုင်းလိုလို နံနက်ခင်းသဘင်ကို မဲမှောင်နေတဲ့မျက်နှာနဲ့ တက်လာတာကြောင့် အမျက်ရှနေတာ သိသာတယ်။
ဒါကိုမြင်တော့ အဆင့်နိမ့်အရာရှိလေးတွေတောင် ခေါင်းငုံ့အမြှီးကုပ်ပြီး ကိုယ့်တာဝန်ကိုယ် မလစ်ဟင်းအောင် ဂရုစိုက်လုပ်နေကြတယ်။ ဝေလငါးတွေတိုက်ပွဲမှာ မဆင်မခြင် သွားဝင်ပါမိရင် ကျောကွဲမှာ သူတို့ပုစွန်ငယ်လေးတွေပဲ။
ထိုစဥ် နန်းတော်ထဲက လေထုက အတော်လေး သဟဇာတဖြစ်နေတယ်။ ပုံမှန်ဆို စီနီယာတွေက ယဥ်ကျေးသမှုအရပဲ မေးထူးခေါ်ပြောလုပ်ကြတာ အခုများကျ အချင်းချင်း သိပ်ကိုခင်မင်နေပြီး တစ်ခါတလေ လက်ဖက်ရည်ကြမ်းတွေဘာတွေတောင် အတူတူထိုင်သောက်လိုက်သေးတယ်။
ရွှီထင်းရှန်းကတော့ လက်ရှိ အတွင်းဝန်ရုံးနဲ့အမိန့်စာဌာနနှစ်ခုလုံးမှာ အရေးပါအရာရောက်ဆုံး လူတစ်ယောက်ဖြစ်နေပြီပေါ့။ သဘာဝအားဖြင့် မနာလိုဝန်တိုကျသူတွေ အများအပြားရှိသော်လည်း အမတ်ချုပ်ဝူကိုယ်၌က ပ,စားပေးတဲ့အနေနဲ့ အရေးကြီးကိစ္စမှန်သမျှ လွှတ်နေတော့ အခုဆို ဌာနကြီး ၆ခုလုံးက အရာရှိကြီးငယ်အားလုံးနဲ့ သိကျွမ်းနေပြီ။
ဒီကြားထဲ သူက သူ့ရာထူးအာဏာကို အသုံးချပြီး မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့အတွက် အဆင်ပြေအောင် ကြားဝင်ညှိပေးသေးတယ်။ ဒါပေါ့ ဒါက သူတစ်ယောက်တည်းတော့ ဘယ်လုပ်လို့ရမလဲ။ အောက်က သက်ဆိုင်ရာ အဆက်အသွယ်တွေ အကူအညီနဲ့ပေါ့။
အမှန်တော့ ဒါက ရွှီထင်းရှန်းအတွက် မခက်ခဲတော့ပါဘူး။ ‘အာဏာကို အသုံးမချဘဲထားတာ ဖြုန်းတီးတာနဲ့အတူတူပဲ’တဲ့ သူ ၊ ဧကရာဇ်ရဲ့အနှစ်သက်ရဆုံးသူက ဒီအတွင်းဝန်ရုံးမှာပဲ တစ်သက်လုံးလုပ်နေရမယ်လို့ ဘယ်သူပြောလို့ရမှာလဲ။
ဒါပေမယ့် မျက်စိတစ်မှိတ်အတွင်း ကိစ္စတွေအများကြီး ဖြစ်ပျက်နေတော့ ရွှီထင်းရှန်းရင်ထဲ နာမည်တပ်မရတဲ့ အလောကြီးမှုတချို့ ကိန်းအောင်းလာတယ်။ ရွှီထင်းရှန်းက နန်းတော်ထဲမှာ ကြီးမားတဲ့ခြေလှမ်းတွေ လှမ်းနေတဲ့အချိန် တစ်ဖက်က ချန်ကျန်းဟာလည်း သူ့နည်းတူ အလုပ်ရှုပ်လို့နေတယ်။
ဘယ်ထဲကမှန်းမသိပေမယ့် အခုဆို အမတ်ချုပ်စွီပေါ်လာတိုင်း ချန်ကျန်းကလည်း အမြဲဘေးမှာကပ်လျက် လိုက်ပါလာတတ်တယ်။ ရွှီထင်းရှန်းက အံ့ဩသွားပေမယ့် လုံးဝမမျှော်လင့်ထားတာတော့ မဟုတ်ဘူး။
ကြည့်ရတာ တချို့ကိစ္စတွေမှာတော့ အိပ်မက်နဲ့လက်တွေ့က တစ်ထပ်တည်းကျနေတုန်းနဲ့ တူပါတယ်။ သူက တမင်တကာ ညနေခင်းတစ်ခုမှာ ချန်ကျန်းကိုဆုံဖို့ ခေါ်လိုက်တယ်။ သူတို့ဘာတွေပြောခဲ့သလဲ ဘယ်သူမှမသိပေမယ့် နှစ်ယောက်သားက လူမြင်ကွင်းမှာ မျက်နှာချင်းဆိုင်မိတိုင်း သူစိမ်းတွေလို ပြုမူနေကြဆဲပဲ။
161 02
ကျားချန်ရဲ့ ၉နှစ်မြောက်က သိပ်တော့မငြိမ်းချမ်းလှဘူး။ နန်းတော်ကြီးတစ်ခုလုံး လေထုက အေးစက်နေသလို မြို့တော်ကြီးကလည်း တိမ်တွေညှို့မှိုင်းနေသလိုပဲ။ ထိုအချိန်မှာပဲ တစ်စုံတစ်ရာ ဖြစ်ပျက်လာခဲ့တယ်။
အိမ်ရှေ့စံမင်းသားလေး ဆုံးပြီဆိုတဲ့သတင်းက ကြေကွဲဖွယ်ရာ ထွက်ပေါ်လာခဲ့တယ်။ မင်းသားလေးက ၁လပိုင်း ၁၆ရက် မင်းနေပြည်တော်တစ်ခုလုံး မီးပုံးပွဲတော်ကို ညလုံးပေါက် ခြိမ့်ခြိမ့်သဲ စည်ကားစွာ ကျင်းပပြီး နောက်တစ်နေ့မှာ ကွယ်လွန်သွားခဲ့တာ။
ထိုနေ့မှာ ဧကရာဇ် ကျားချန်က အရှေ့နန်းဆောင်မှာပဲ အချိန်အတော်ကြာ နေခဲ့ပြီး ဒီဖြစ်ရပ်ကြောင့် နံနက်ခင်းညီလာခံကိုတောင် သုံးရက်တိတိ ရပ်နားခဲ့တယ်။ နန်းတွင်းတစ်ခုလုံးက အရာရှိတိုင်း တိုင်းပြည်ရဲ့ဆုံးရှုံးမှုအတွက် ပူဆွေးကြောင်းကို အသီးသီးဖော်ပြခဲ့ပြီး အိမ်ရှေ့စံရဲ့ ဈာပနအခမ်းအနားကလည်း ထိုင်းမှိုင်းစွာ ပြီးဆုံးသွားခဲ့တယ်။
ဧကရာဇ် ကျားချန် ညီလာခံပြန်တက်တဲ့အချိန် ဒီတစ်ရက်နှစ်ရက်အတွင်း သိသိသာသာ မျက်နှာတွေ ချောင်ကျသွားတာကို အားလုံးသတိထားမိလိုက်တယ်။ တစ်ချိန်က ကြည်လင်ခဲ့တဲ့ မျက်နှာတော်က အခုတော့ဖြင့် တိမ်ညိုစိုင်းလို့ မိုးကြိုးမုန်တိုင်းပါ ထန်နေသယောင်ရှိတယ်။
တစ်ဖက်က ပြန်စဥ်းစားကြည့်ရင်လည်း ဧကရာဇ်က သူ့တာဝန်တိုင်းကို ဖိဖိစီးစီးလုပ်ခဲ့တဲ့အပြင် သားတော်လေးကိုလည်း ဆုံးရှုံးလိုက်ရတော့ ဆယ်နှစ်လောက် ရုပ်ပိုရင့်သွားတာ နားလည်ပေးလို့ရပါတယ်။
အားလုံး သက်ပြင်းတချချ လုပ်နေတဲ့အချိန် ရွှီထင်းရှန်းတစ်ယောက်သာ သေမတတ် ထိတ်လန့်ပြီး ‘ဟုတ်တယ် ဒီပုံစံ ဒီပုံစံပဲ’ဆိုတာကို စိတ်ထဲအော်ဟစ်နေမိတယ်။ အဲဒီအိပ်မက်ထဲမှာ သူဧကရာဇ် ကျားချန်ကို ပထမဆုံးမြင်ခဲ့တုန်းက ရှင်ဘုရင်က ဒီအတိုင်းဖြစ်နေခဲ့တာ။
ဆိုတော့ ရွှီထင်းရှန်း ကြိုနိမိတ်ဖတ်တာ မှန်သွားတယ်။ ၂လပိုင်း ၁၈ရက်နေ့မှာ စုကျိုးဒေသရဲ့အုပ်ချုပ်ရေးမှူး ကျန်းဝမ်ကို မြို့တော်ကို ဆင့်ခေါ်ခဲ့တာကစလို့ ညီလာခံထဲ သွေးသံတရဲရဲတိုက်ပွဲတစ်ခု ဖြစ်ပေါ်လာတော့တာပဲ။
ပုံမှန်ဆို ဒီလိုကိစ္စမျိုးက တရားရေးရာနဲ့ သက်ဆိုင်ရာဌာနတို့ ပူးပေါင်းစစ်ဆေးရမှာဆိုပေမယ့် အင်မတန် ရှိန်စရာကောင်းတဲ့ ဝတ်စုံတူ အထူးတပ်ဖွဲ့(ကျင်းယိဝေ)က ကျန်းဝမ်ကို လာရောက်ဖမ်းဆီးသွားခဲ့တယ်။
ဒီလုပ်ရပ်က နန်းတွင်းကို ဘယ်လောက် အုံကြွသွားစေသလဲဆို ဝန်မင်းအချို့ ကျင်းယိဝေကို ဘောင်မကျော်ဖို့နဲ့ ဒီအမှုကို ဗဟိုတရားရုံး ပြစ်ဒဏ်ချမှတ်ရေးနဲ့ စိစစ်ရေးဌာနတို့ သုံးဌာနကိုသာ လက်လွှဲပေးလိုက်ဖို့ စာတင်တောင်းဆိုရတဲ့အထိပဲ။
‘ကျင်းယိဝေ’ဆိုတဲ့အမည်နာမက အရာရှိတွေအတွက်တော့ ကြက်ခြေခတ်ခြစ်ထားတဲ့ တားမြစ်နာမည်တစ်ခုပဲ။ ဘာလို့ဆို ပြီးခဲ့တဲ့မင်းဆက်က သူတို့ရဲ့ ရက်စက်တဲ့အင်အားသုံးလုပ်ရပ်တွေက အခုထိ လတ်ဆတ်နေဆဲမို့လို့လေ။
အဲဒီတုန်းကရော အပြစ်မဲ့တဲ့ သစ္စာရှိလူကောင်းတွေ ဘယ်လောက်အသက်ဆုံးခဲ့ရသလဲ။ ကံဆိုးချင်တော့ အမတ်တွေ ဘယ်လောက်ပဲ ကျိုးကြောင်းရှင်းပြပါစေ အရှင်မင်းကြီးကတော့ တုပ်တုပ်မလှုပ်တာပဲ။
ကျန်းဝမ်ပါသွားပြီးတော့ နောက်ထပ် ရာထူးကြီးအမတ်တချို့ပါ ထပ်အဖမ်းခံရတာကြောင့် ပြည်သူပြည်သားတွေတောင် မြို့တော်ထဲ ပြေးလွှားနေတဲ့ တူညီဝတ်ရုံတွေကြောင့် ကြောက်လန့်လာတယ်။
၂လပိုင်း ၂၅ရက်မှာတော့ ၃၀ထက်ပိုတဲ့အရာရှိတွေက ထိုက်ဟယ်ဂိတ်အရှေ့မှာ ဒူးထောက်ကာ စတင်ပြီး ဧကရာဇ်ကို အမိန့်တော်ပြန်ရုတ်သိမ်းဖို့ ဆန္ဒပြကြတယ်။ အရှင်မင်းကြီးကတော့ မလှုပ်မယှက်ရှိနေဆဲပဲ။
ဒီလိုနဲ့ အရေအတွက်က ငါးဆယ်ကနေ တစ်ရာကျော်အထိဖြစ်လာတော့ ဧကရာဇ်က အစွမ်းထက်ဆုံးလက်နက်ဖြစ်တဲ့ ကြိမ်ဒဏ်ပေးခြင်းကို သုံးလိုက်တယ်။ သူ့ကြည့်ရတာ အရင်မင်းဆက်ကအတိုင်း အင်အားသုံးဖြိုခွဲရင် ရမယ်လို့ တွက်ထားပုံရပေမယ့် နှမြောစရာက ခေတ်တွေက မတူတော့တာပဲ။
ဒီအခြေအနေအထိ ရောက်လာတော့ အမြင့်ဆုံးခုံက အမတ်တွေပါ တိတ်ဆိတ်နေလို့မရတော့ဘဲ အသနားခံစာ အပြိုင်အဆိုင်တင်ကြတော့တယ်။ နောက်ပြီး အမတ်ချုပ်ဝူဦးဆောင်တဲ့ အမတ်အများစုကလည်း ထိုက်ဟယ်ဂိတ်အရှေ့ ရောက်ရှိလာပြီး ချည့်နဲ့နေတဲ့ အမတ်ချုပ်စွီတောင် ချန်ကျန်း အကူအညီနဲ့ ပေါ်လာခဲ့တော့ ရေမြေ့အရှင်လည်း မတတ်သာဘဲ ပြန်ဆုတ်ရပြီ။
ကျင်းယိဝေက ကျန်းဝမ်နဲ့တခြားလူတွေကို လွှတ်ပေးပြီး သက်ဆိုင်ရာ ဌာန ၃ခုစီ လွှဲပေးလိုက်တယ်။ တစ်ခုပဲ ကွာခြားသွားတာဆိုလို့ ဒီတစ်ခါတော့ နန်းတော်က အမှုတရားခွင်တိုင်းမှာ မိန်းမစိုးတွေကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ စေလွှတ်ထားတာပဲ။
161 03
ဘယ်လိုမဆို ကျန်းဝမ်က အရေးမကြီးတာမို့ သူ့အမှုကလည်း ရှင်ဘုရင်နဲ့မှူးမတ်တွေကြားက ထိပ်တိုက်ရင်ဆိုင်ပွဲမှာ တိမ်ကောသွားတယ်။ ဒါပေမယ့် ဒီတိုက်ပွဲမှာ ဘယ်ဘက်ကမှ အသာစီးရမနေတာကြောင့် နှစ်ဖက်လုံးက ဉာဏ်ရှိသူတွေပီပီ လှုပ်ရှားမှုတွေကို ယာယီလျှော့ချလိုက်ကြတယ်။
အခြေအနေက အပေါ်ယံမှာ ငြိမ်းချမ်းသွားသလိုရှိသော်လည်း မီးစကတော့ လောင်နေတုန်းပါပဲ။ မတ်လရဲ့ နွေကို မိုးဦးပက်ဖြန်းရမှာဆိုပေမယ့် ကောင်းကင်မှာ ရေတစ်စက်တောင် မတွေ့ရသေးဘူး။ ၄လပိုင်းရောက်တာတောင် မင်းနေပြည်တော်မပြောနဲ့ ဟယ်နန် ကန်းစူနဲ့ ရှန်းရှီတို့လို နေရာတွေမှာပါ မိုးမင်းကြီးရဲ့ အရိပ်အယောင်မမြင်ရသေးတော့ ဒီနှစ်သီးနှံတွေ ဘယ်လိုလုပ်ကြမလဲ။
ပြည်သူတွေက မိုးခေါင်ရေရှားဖြစ်မှာစိုးလို့ ပူပင်သောကဝေနေတဲ့အချိန် နန်းတော်ကြီးကလည်း ဆိတ်ငြိမ်နေခဲ့တယ်။ ထိုအချိန်မှာပဲ ကောလဟာလတစ်ခုက အတော်လေး တိုက်ဆိုင်လွန်းစွာ ပျံ့နှံ့လာတယ်။
ဘယ်ကစသလဲ အတိအကျမသိရပေမယ့် အခုတော့ သာမန်လူတွေပါးစပ်ဖျားမှာ အရှင်မင်းကြီးက ထိုက်ဟယ်ဂိတ်အရှေ့မှာ မှူးမတ်တွေကို အပြစ်ပေးလိုက်လို့ မိုးမရွာတော့တာဆိုတဲ့ စကားက စွဲနေပြီ။ ကျောက်အာတောင် ဒီယူဆချက်ကြောင့် လန့်ဖြန့်သွားရတယ်။
“မိုးရွာတာမရွာတာ အရှင်မင်းကြီး အပြစ်ပေးတာနဲ့ ဘာဆိုင်လို့လဲ။ ဒီလူတွေ ရူးကုန်ကြပြီပဲ!!”
ရွှီထင်းရှန်းလည်း သူတို့ ဦးနှောက်မရှိတော့ဘူးလို့ပဲ တွေးမိတယ်။ ဧကရာဇ်ကို ငြိမ်သွားအောင် မနည်းလုပ်ထားရပါတယ်ဆိုမှ ကိစ္စတွေတောင် အပြီးမရှင်းနိုင်သေးခင် သူတို့က သွားဆွချင်နေတာ အသက်ရှင်ရတာ ပျင်းနေပြီနဲ့တူတယ်။
ဒီကိစ္စနောက်ကွယ်မှာ နန်းတော်ကလူတွေ ပယောဂမကင်းတာလည်း သူမှန်းမိတယ်။ အမတ်တွေကြည့်ရတာ အရှင်မင်းကြီးကို ပြည်သူတွေနဲ့ပေါင်းပြီး တစ်ချက်ထဲ ရိုက်ချချင်ပုံရတယ်။ ဒါပေမယ့် ဧကရာဇ် ကျားချန်ဆိုတာ အင်မတန်အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ပဲ။
အများနဲ့တစ်ယောက်မို့သာ တချို့နေရာတွေမှာ ငြိမ်ရင်ငြိမ်နေမယ်။ ဒါပေမယ့် အဆုံးမဲ့အာဏာက သူ့လက်ထဲမှာရှိနေတာ။ ဘယ်သူမှတော့ ခေါင်းမပြတ်သေးပေမယ့် နန်းတွင်းရေးရာစောင့်ကြည့်ဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ ဒုဝန်ကြီးတို့ကတော့ တစ်ယောက်ပြီးတစ်ယောက် အစားထိုးခံလိုက်ရပြီ။
၄လပိုင်းရဲ့ ၈ရက်မြောက်နေ့မှာတော့ ဧကရာဇ်ကျားချန်က ဆက်တောင့်မခံထားနိုင်တော့ဘဲ သူ့လုပ်ရပ်တွေကို ပြန်လည်သုံးသပ်မယ့်အကြောင်း သတင်းထုတ်ပြန်လိုက်တယ်။ အချိန်တစ်ခုအထိ အမတ်တွေအားလုံး အောင်ပွဲခံနေကြပြီး မိုးရွာရွာမရွာရွာ ဘယ်သူမှဂရုမစိုက်တော့ဘူး။
ဒီလိုအရေးကြီးတဲ့အခိုက်အတန့်မှာပဲ ဧကရာဇ်က အိပ်ရာထဲ လဲသွားခဲ့တယ်။ တော်ဝင်သမားတော်တွေပြောတာတော့ အရှင်မင်းကြီးက ဒီတလောအတွင်း အိမ်ရှေ့စံကြောင့်အပါအဝင် တိုင်းပြည်တာဝန်ကို အလွန်အကျွံထမ်းဆောင်ခဲ့လို့ စိတ်ထောင်းကိုယ်ကြေဖြစ်သွားတာဆိုပဲ။
ရှင်ဘုရင်က နာမကျန်းဖြစ်နေတော့ သဘာဝအားဖြင့် လက်အောက်ခံအမတ်တွေကလည်း အကြီးအကျယ် စိုးရိမ်ပြကြရတာပေါ့။ ညီလာခံဝင်တချို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာတာက သတင်းလာမေးတယ်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ တိုင်းပြည်အရေးနဲ့ပတ်သက်လို့ စိုးရိမ်မနေဘဲ သူတို့လက်ထဲ လွှဲထားလိုက်ဆိုတဲ့ အနက်ကိုလည်း သွယ်ဝိုက်ပြသနေတာဖြစ်တယ်။
လက်ရှိအဓိက ပြဿနာက ဧကရာဇ်က ခေါင်းတောင်မထူနိုင်တော့ နန်းတွင်းအရာရှိတွေ တင်ပြတဲ့အဆိုပြုချက်တွေကို ဘယ်သူအမိန့်ချပေးမှာလဲ။ အမိန့်စာထုတ်ပြန်ရေးဌာနနဲ့ အတွင်းဝန်ရုံးရှိတယ်ဆိုပေမယ့် သူတို့က စာရွက်စာတမ်းလျှောက်တင်ပေးရုံပဲလေ အရှင်မင်းကြီးကသာ ဆုံးဖြတ်ပေးရမှာ ။
ဒါပေါ့ တကယ်လို့ ဧကရာဇ်ရဲ့ တော်ဝင်အမိန့်စာတွေက ညီလာခံရဲ့အမြင်နဲ့ဆန့်ကျင်နေရင် အမတ်တွေက ပယ်ချခွင့်ရှိသော်လည်း ဒါမျိုးက အတော်လေး ဖြစ်ဖို့ခဲယဥ်းပါတယ်။ လက်ရှိဒါက ပြဿနာမဟုတ်သေးဘူး။
တကယ့်ပြဿနာက ဧကရာဇ် ကျားချန်က ကျိန်းအန်းချန်ကို မိန်းမစိုးခေါင်းဆောင်အဖြစ် တင်မြှောက်ပြီး ပြန်ကြားရေးဌာနကို ထူထောင်ကာ သူ့အစား အမိန့်စာပြန်ပေးမယ့်တာဝန်ကို ယာယီပေးလိုက်တာပဲ။
ဟုတ်တယ် ယာယီအဖြစ်ပဲ။ ပြီးခဲ့တဲ့ကိစ္စကနေ ဧကရာဇ်က ဒီလူတွေကို ထိပ်တိုက်ရင်ဆိုင်လို့မရမှန်း သိသွားလို့ အခုသွယ်ဝိုက်သောနည်းနဲ့ ချဥ်းကပ်ဖို့ ကြိုးစားနေတာပဲ။ ဒီအမတ်တွေက ကိုယ့်ကိုယ်ကိုယ် သူတော်ကောင်းယောင်ဆောင်ရတာ သိပ်ကြိုက်ကြတယ်။
161 04
ဒါကြောင့် အခုဧကရာဇ်ကလည်း သူတို့ကို ဒီနည်းအတိုင်း ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တာ။ လာလျှောက်တင်ရင်လည်း ဧကရာဇ်က ဒီလောက်နေမကောင်းဖြစ်နေတာကို တိုင်းပြည်အရေးတွေနဲ့ လာဒုက္ခပေးချင်သေးတာလား။ မလျှောက်တင်ဘဲ ကိုယ့်ဘာသာ ဆုံးဖြတ်လိုက်ရင်လည်း ဘယ်လိုတောင် ရာရာစစ တိုင်းပြည်ကိုပုန်ကန်ရဲတာလဲပေါ့။
ဧကရာဇ် ကျားချန်က ဒီလူတွေကို စုပ်လည်းစူး စားလည်းရူးဖြစ်အောင် ပညာသားပါပါနဲ့ တုံ့ပြန်လိုက်တာပဲ။ ဒါကြောင့် ပြီးခဲ့တဲ့မင်းဆက်ထဲက သမိုင်းရေယာဥ်ကြောထဲ နစ်မြုပ်ခဲ့ရတဲ့ ပြန်ကြားရေးဌာနက တဖန်ပြန်အသက်ဝင်လာခဲ့တယ်။
အမှန်တော့ နန်းတော်အထာနပ်နေသရွေ့ လျှောက်တင်ချက်တွေကို တံဆိပ်တုံးထုပေးရတာက မခက်ခဲလို့ အဆင့်နိမ့်အရာရှိလေးတွေတောင် လုပ်နိုင်တယ်။ ဒီတော့ အထွေထွေအစိုးရဌာနတွေက အရင်အတိုင်းကျန်ရှိပြီး တာဝန်တွေကလည်း မပြောင်းမလဲ ဖြစ်နေတုန်းပဲ။
ကျန်တဲ့အရာရှိလေးတွေက အတွင်းဝန်ရုံးက စာရေးတွေလိုပဲ အထက်ပိုင်းမှာ တစ်ခုခုဖြစ်နေမှန်း ရိပ်မိပေမယ့် ဘာဆိုတာတော့ အတိအကျမပြောနိုင်ကြဘူး။ လက်ရှိကွဲပြားသွားတာဆိုလို့ အဆိုပြုချက်တစ်ခု တင်သွင်းပြီးတာနဲ့ အရင်ဆို ချင်ချန်းနန်းဆောင်ကို တိုက်ရိုက်သွားရာက အခုပြန်ကြားရေးဌာနကို ရောက်သွားတာပဲရှိတယ်။
ပြန်ကြားရေးဌာနအတွက် ယာယီအဆောင်ကိုတော့ နန်းမြို့ရိုးရဲ့ဘေးကပ်လျက် ကျန်းရွှင်ဂိတ်အနီးက အဆောင်တန်းလျားမှာ စီစဥ်ပေးထားတယ်။ သို့သော် ရွှီထင်းရှန်း စာချွန်လွှာသွားပို့တုန်းက တွေ့ခဲ့ရသလောက်တော့ အတွင်းပိုင်းအပြင်အဆင်က ပြည့်စုံလွန်းလို့ ယာယီဌာနလို့တောင် မထင်ရဘူး။
အမှန်တော့ ဒါက ယာယီဆိုတာ ခေါင်းစဥ်တပ်ထားရုံဖြစ်ကြောင်း လူတိုင်းသိပါတယ်။ အရှင်းဆုံးပြောရရင် ဧကရာဇ်က ဒီလူတွေကို သူတစ်ယောက်တည်းအားနဲ့မနိုင်တော့ အကူအညီတချို့ ထပ်ထောင်လိုက်တာပဲ။
ပထမဆုံး ကျင်းယိဝေအဖွဲ့က ရုတ်တရက် သေရွာပြန်လာပြီး အခုပြန်ကြားရေးဌာနက အသက်ဝင်လာပြန်တယ်။ ဒီအင်အားကြီးအဖွဲ့အစည်းနှစ်ခုလုံးက ပြီးခဲ့တဲ့မင်းဆက်မှာ ပုန်ကန်တတ်တဲ့ ဝန်မင်းတွေကို နှိမ်နင်းဖို့သုံးခဲ့တာချည်းပဲ။
အိပ်မက်ထဲမှာတုန်းက ရွှီထင်းရှန်းက ပြီးခဲ့တဲ့မင်းဆက်ရဲ့ ရှုံးနိမ့်မှုအရင်းခံကို လေ့လာကြည့်ခဲ့ပြီးသွားပြီ။ နန်းတော်တွင်း မငြိမ်မသက်မှုတွေအပြင် ကျင်းယိဝေနဲ့တော်ဝင်စစ်တပ်ရဲ့ ပြိုလဲမှုကလည်း မြောက်များစွာသော အကြောင်းအရင်းတွေထဲက တစ်ချက်ပဲ။
အရာအားလုံးမှာ သူ့အကန့်အသတ်နဲ့သူ ရှိတယ်။ မင်းမိန့်က သိပ်ကျော်လွန်ပြီး ပြင်းထန်လာရင်လည်း အာဏာရှင်ဆန်သွားသလို အဲဒါနဲ့ဆန့်ကျင်ဘက် အမတ်တွေရဲ့အာဏာကလည်း သိပ်စည်းကျော်လာရင် ကသောင်းကနင်းတွေက ဖြစ်ကိုဖြစ်လာမှာပဲ။
နှစ်ဖက်လုံးက ချိန်ခွင်လျှာမှာ ညီမျှနေမှ အေးချမ်းသာယာတဲ့ခေတ်ကို တည်ဆောက်နိုင်မှာဖြစ်တယ်။ ဒါဟာ ရွှီထင်းရှန်းတစ်ယောက် နှစ်ဘဝဖြတ်သန်းပြီးမှ နားလည်လာတဲ့အမြင်ပဲ။ ဒါပေမယ့် လက်ရှိသူ့အနေအထားနဲ့ ဒီနှစ်ရပ်လုံးကို မထိန်းချုပ်နိုင်တာတော့ ရှင်းပါတယ်။
ထိန်းချုပ်နိုင်ရင်တောင် လောလောဆယ် သူ့မှာလည်း သူ့ဒုက္ခနဲ့သူ ဒီဒုက္ခရဲ့နောက်ကွယ်က လက်သည်ကလည်း အမတ်ချုပ်ဝူဆိုတာထက် ဟယ်ယို့ပဲဖြစ်လိမ့်မယ်။
“ရွှီ ကျုံးရှုက ထက်မြက်တဲ့လူတစ်ယောက်ပါ။ ငါ ဘာကိုဆိုလိုချင်သလဲဆိုတာ ကောင်းကောင်းနားလည်ပါလိမ့်မယ်”
ဟယ်ယို့က ယမကာခွက်ကို ကိုင်မြှောက်ရင်း အပြုံးမမည်တဲ့အပြုံးတစ်ပွင့်နဲ့ ဆိုတယ်။ ရွှီထင်းရှန်းကတော့ စိတ်ထဲကကျိန်ဆဲသံတွေကို ဖုံးဖိလိုက်ရင်း ပျာယာခတ်သွားသလို ဟန်ဆောင်လိုက်တယ်။
“ဒုလက်ထောက်ဟယ်ရဲ့စကားတွေက သိပ်လေးနက်လွန်းတော့ ကျွန်တော် သေချာစဥ်းစားခွင့်ရှိမလား”
“ဘာမှစဥ်းစားနေစရာ မလိုပါဘူး။ ဒီလိုကမ်းလှမ်းတယ်ဆိုကတည်းက အမတ်ချုပ်ဝူက မင်းကို ကောင်းစေချင်လို့ဆိုတာ သိသင့်တယ်”
ဟယ်ယို့ရဲ့ မချိုမချဥ်မျက်နှာကို ကြည့်ပြီး ရွှီထင်းရှန်းစိတ်ထဲ အတော်လေး ဖြတ်ရိုက်ချင်လာတယ်။ ခါတိုင်းဆို ဟယ်ယို့လိုလူမျိုးက ဒီလိုတွေကြံစည်မယ့်သူတောင် မဟုတ်ပါဘူး မနာလိုစိတ်က လူတွေကိုပြောင်းလဲစေတယ်ဆိုတာ အမှန်ပဲကိုး။
ချက်ချင်းဆိုသလို ထောင်ပေါင်းများစွာသော အတွေးတွေက ရွှီထင်းရှန်းစိတ်ထဲ တိုးဝင်လာပြီး သူက မျက်နှာပေါ်က အပြုံးတုကိုတောင် ဆက်ချိတ်ဆွဲထားခြင်းမရှိတော့ဘူး။
161 05
“ဟယ် ကျုံးရှု ကျုပ်ကို လာခြိမ်းခြောက်နေတာလား?”
“မလုပ်ရဲပါဘူး”
“ဒါပေမယ့် ခင်ဗျားရဲ့စကားတွေကတစ်ဆင့် ခြိမ်းခြောက်သံပေါက်နေတာ ကျုပ်ပြောနိုင်သားပဲ”
ဟယ်ယို့က အခုနကတည်းက တစ်ခွက်တစ်ဖလား သောက်ရအောင်လို့ ဆွယ်ထားလို့ ရွှီထင်းရှန်းရဲ့မျက်နှာက သေရည်အရှိန်ကြောင့် အနည်းငယ်နီမြန်းနေတယ်။
“ကျုပ် ဘယ်သူ့ကိုမှ မကြောက်ဘဲ ပြောပြလိုက်မ။ယ် တကယ်လို့ ခင်ဗျားမကလို့ အမတ်ချုပ်ဝူကိုယ်တိုင် လာကမ်းလှမ်းမယ်ဆိုရင်တောင် ကျုပ်က စိတ်ပြောင်းမှာမဟုတ်ဘူး။ ကျုပ် ရွှီထင်းရှန်းမှာ မိန်းမရော ကလေးရောရှိတာကြောင့် အမတ်ချုပ်ဝူရဲ့ တောင်းဆိုချက်ကို လုံးဝလက်မခံနိုင်ပါဘူး”
“ရွှီထင်းရှန်း ဒီစကားတွေအတွက် မင်း တာဝန်ယူဖို့ပြင်ထားတာ ပိုကောင်းလိမ့်မယ်”
“ကျုပ်ကို ခင်ဗျားတို့လို မျက်နှာနှစ်မျိုးနဲ့လူတွေလို့ ထင်နေတာလား”
ရွှီထင်းရှန်းက လက်ဖျားစကို ခါရင်း ဆတ်ခနဲမတ်တပ်ထရပ်ပြီး နောက်လှည့်မကြည့်စတမ်း ထွက်သွားတယ်။ ဟယ်ယို့ကတော့ မဲ့ပြုံးတစ်ပွင့်နဲ့ ကျန်ရစ်ခဲ့တယ်။
*****
ဝူအိမ်တော်ရဲ့ မဟာအတွင်းဝန် စာကြည့်ခန်းထဲမှာ အမတ်ချုပ်ဝူက အိမ်နေရင်းအဝတ်အစားတွေနဲ့ သူ့စားပွဲမှာ ထိုင်နေတယ်။
“သူ တကယ် ဒီလိုပြောခဲ့တာလား”
“သခင်ကြီး ကျွန်တော်က ဘယ်လိုလုပ် သခင်ကြီးကို လိမ်ဝံ့မှာလဲ။ ကျွန်တော် အားလပ်ချိန်လေးရတုန်း သူ့ကို အိမ်မှာသောက်ဖို့ တကူးတကဖိတ်ပြီး ကမ်းလှမ်းကြည့်တာတောင် ဒီကျေးစွပ်တဲ့ကောင်က ဒီလိုတုံ့ပြန်လိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။ သူက ကျေးဇူးမသိတတ်တဲ့အပြင် သခင်ကြီးကိုယ်တိုင် လာပြောတောင် စိတ်ကူးပြောင်းမှာမဟုတ်ဘူးလို့ မာမာကြောကြော ပြောသွားပါသေးတယ်”
“ကိုယ့်အတွက် ကောင်းကျိုးဆိုးကျိုး မခွဲခြားတတ်ဘူးပဲ!”
ဝူကောလောင်ရဲ့ မျက်နှာပေါ်က ဒေါသရိပ်တွေကိုတွေ့တော့ ဟယ်ယို့က မီးလောင်ရာ လေထပ်ပင့်တယ်။
“သူ့မှာ မိန်းမရောကလေးရော ရှိတာမို့ သခင်ကြီးရဲ့ တောင်းဆိုချက်ကို မလိုက်လျောနိုင်ပါဘူးတဲ့။ သခင်ကြီး ဒီလိုကောင်အတွက် ဒုက္ခမခံပါနဲ့တော့”
အမတ်ချုပ်ဝူက သူ့ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြကာ ဦးလေး အန်းနဲ့ ပြန်လိုက်ပို့ခိုင်းလိုက်တယ်။ အားလုံးမရှိတော့မှ သခင်ကြီးဝူက သူ့သမီးကို အခေါ်တော်လွှတ်ပြီး ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်။
“မင်းက အဖေ့ရဲ့ တစ်ဦးတည်းသောသမီးလေးမို့ ငယ်ငယ်ကတည်းက အလိုလိုက် စိတ်ကြိုက်ဆောင်ပေးခဲ့တာ သိမှာပါ။ အခုလည်း ဘာမဟုတ်တဲ့လူတစ်ယောက်ဆီမှာ မျက်နှာအပျက်ခံပြီး အောက်ကျို့ခဲ့ပေမယ့် သူလုပ်ပုံကို ကြည့်”
“အဖေ ထပ်မပြောပါနဲ့တော့”
ဝူဝမ်ချုံးက ဖြူဖျော့နေတဲ့မျက်နှာကို ဖုံးကွယ်ဖို့ ခေါင်းငုံ့ချလိုက်တယ်။
“အခုတစ်ခေါက်ပြီးရင်တော့ ဒီကိစ္စကို စဥ်းတောင်စဥ်းစားမနေနဲ့တော့။ ထောက်ယီတုန်ကို မကြိုက်ဘူးဆိုလည်း တခြားတစ်ယောက်ရှာပေးမယ် ဟုတ်ပြီလား။ ကဲ အခုတော့ ကိုယ့်အခန်းကိုယ် ပြန်တော့”
………….
******
162 01
အခန်း ၁၆၂
ဝူဝမ့်ချုံးက ခေါင်းလေးငုံ့ရင်း ဦးလေးအန်းနောက်က တိတ်တဆိတ် လိုက်လာတယ်။ သူမက ဒီရက်တွေထဲ အခန်းထဲကအပြင်မထွက်တာကြောင့် တစ်ကိုယ်လုံး ပိန်ချုံးနေပြီး အင်္ကျီတွေတောင် ချောင်ကျသွားတာမြင်ရတာ အင်မတန် သနားဖို့ကောင်းတယ်။
“သခင်မလေး အခုအခန်းပြန်သင့်ပြီ”
ဦးလေးအန်းက သက်ပြင်းချရင်း သူမကို အဆောင်ဝန်းအရှေ့အထိ လိုက်ပို့ပေးတယ်။ ဝူဝမ့်ချုံးက အသံတိတ် ခေါင်းညိတ်ပြပြီး အထဲဝင်ဖို့လုပ်ပြီးမှ ရုတ်တရက် ဦးလေး အန်းဆီ ပြန်လှည့်ပြေးလာတယ်။
“ဦးလေး အန်း အဖေက ကျွန်မကို ဘာမှလုပ်ပေးတော့မှာ မဟုတ်ဘူး။ အခု ကျွန်မကို ကူညီပေးနိုင်တာ ဦးလေး တစ်ယောက်ပဲ ရှိတော့တယ်”
ဦးလေးအန်းကတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားတယ်။
“သခင်မလေး ဒီအစေခံအိုကြီးလည်း ဘာမှတတ်နိုင်တာ မရှိပါဘူး”
“ဟင့်အင်း ရှိတာပေါ့”
ဝူဝမ့်ချုံးက အသည်းအသန် ခေါင်းယမ်းငြင်းဆန်လိုက်တဲ့အချိန် မျက်ဝန်းက မျက်ရည်ကြည်တွေက ငေါထွက်နေတဲ့ ပါးရိုးပေါ်ကတစ်ဆင့် လိမ့်ကျလာတယ်။
“ဦးလေးအန်း အမေရဲ့နောက်ဆုံးစကားကို မေ့သွားပြီလား။ အဖေက အမြဲတမ်း တာဝန်တွေနဲ့ ပြည့်နေလို့ ကျွန်မကို မကြည့်နိုင်တော့တဲ့အခါ နောက်မိန်းမတစ်ယောက် ထပ်ယူလိမ့်မယ်။ အဲဒီမိန်းမကလည်း ကျွန်မကို နှိပ်စက်ကောင်း နှိပ်စက်နိုင်တာကြောင့် သမီးတစ်ခုခုဖြစ်တဲ့အခါ ဦးလေးအန်းဆီကိုသာ သွားလို့ ပြောခဲ့တယ်လေ။ ဦးလေးကသာ ကျွန်မကို ကူညီနိုင်မယ့် တစ်ဦးတည်းသောသူတဲ့”
အိမ်ထိန်းအန်းတစ်ယောက် သူ့အရှေ့က ခေါင်းငိုက်စိုက်လျက် ရပ်နေတဲ့ မိန်းကလေးငယ်ကို ကြည့်ရင်း ဖြူဖျော့ပြီး အထီးကျန်ဆန်တဲ့ အမျိုးသမီးပုံရိပ်ကို မြင်ယောင်သွားမိတဲ့အခါ မျက်ဝန်းထဲ နာကျင်ရိပ်သန်းသွားတယ်။
သခင်မလေး ဝူက သူ့အမေနဲ့ သိပ်ဆင်တယ်။ သို့သော် လက်ရှိအချိန်အထိ ဝူမိသားစုထဲမှာ ဒါကိုသိတာဆိုလို့ လူနည်းစုပဲရှိတယ်။ အမတ်ချုပ်ဝူတောင် မေ့ချင်မေ့သွားနိုင်ပေမယ့် သူကတော့ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။
ဦးလေးအန်းက အသက်ပြင်းပြင်းတစ်ချက်ရှူပြီးမှ အသံကိုလည်း ငြင်သာအောင် လျှော့ချလိုက်တယ်။
“သခင်မလေး အတင်းအကျပ် လုပ်ယူတဲ့ဆက်ဆံရေးတွေက ချိုမြိန်ရိုးမရှိဘူး။ နောက်ကျ အခုဆုံးဖြတ်ချက်ကို နောင်တရလာလိမ့်မယ်”
ဝူဝမ့်ချုံးက နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့ပိတ်ရင်း “သိပါတယ် ဒါပေမယ့်လည်း …”
“ဒီလိုကိစ္စမျိုးက ညတွင်းချင်း မဖြစ်နိုင်တာမို့ စိတ်ရှည်မှ ရပါမယ် သခင်မလေး အဲဒါထက် ဒီအစေခံက ဖြစ်မြောက်အောင် မလုပ်ပေးနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စိတ်ကို ပြင်ဆင်ထားပါ”
“သိပါပြီ”
“အခုတော့ သခင်မလေး မြန်မြန်အထဲဝင်သင့်ပြီ မဟုတ်ရင် သခင်ကြီးက ထပ်စိတ်ဆိုးနေဦးမယ်”
ဦးလေးအန်းက ဒီလိုပြောတာနဲ့တင် ဝူဝမ့်ချုံးက သူမ တောင်းဆိုချက်ကို လက်ခံလိုက်တယ်ဆိုတာ သဘောပေါက်လိုက်ပြီ။ အန်းပေါ်က အလုပ်သမားတစ်ယောက်ပဲဆိုပေမယ့် ဝူကောလောင်ရဲ့ လူယုံတော်လည်းဖြစ်သလို ဝူမိသားစုလည်း အိမ်တော်ထိန်းလည်း ဟုတ်တယ်။
တစ်ခါတလေ သူမ မလုပ်နိုင်တာတွေတောင် သူက လုပ်နိုင်သေးတယ်။ ဒီလိုအတွေးနဲ့ ဝူဝမ့်ချုံးတစ်ယောက် မျက်ရည်တွေသုတ် စိတ်ဒုန်းဒုန်းချပြီး အဆောင်ထဲ ဝင်သွားခဲ့တယ်။ ဦးလေး အန်းကတော့ ထွက်ခွာသွားတဲ့ အရိပ်လေးကိုကြည့်ရင်း အချိန်အတော်ကြာမှ အသိပြန်ဝင်လာခဲ့တယ်။
အရာရှိ ရွှီက မျက်နှာသာပေးမခံရတော့ဘူး။
162 02
လူတွေဘာလို့ ဒီလိုယူဆလိုက်သလဲဆိုတော့ ဒီတလော အတော်လေး ချောင်ထိုးခံခဲ့ရတဲ့ ဟယ်ယို့တစ်ယောက် သူ့နေရာအမှန်ကို တဖန်ပြန်လည်ရောက်ရှိလာလို့ပဲ။ အခုတော့ ရွှီထင်းရှန်းနဲ့ ဟယ်ယို့က နေရာချင်းလဲသလိုဖြစ်သွားပြီ။
နန်းတော်ထဲက လူတိုင်းက ထက်မြက်ပါးနပ်တဲ့လူတွေမို့ ရွှီထင်းရှန်းက စတင်ပြီး ဘေးဖယ်ခံလာရတော့တယ်။ အစက အကျိုးရှိပြီး အရေးကြီးတဲ့အလုပ်မှန်သမျှ သူချည်းဒိုင်ခံလုပ်ရတာဆိုသော်လည်း အခုတော့ နေ့တိုင်း အမိန့်စာပြန်ဌာနမှာ စာရွက်စီနေရတာလည်း သူပဲ။
အတွင်းဝန်ရုံးက စာရေးတွေက နိမ့်သူဖိထောင်း မြင့်သူမြှောက်စားတတ်ကြတာ များတော့ သူတို့လက်ထဲရှိသမျှ အလုပ်တိုင်း သူ့ကိုပဲ လာလာထိုးပေးတတ်ကြတယ်။ အဲဒါထက် ဟယ်ယို့ကလည်း အငြှိုးနဲ့ဖိနေတော့ ရွှီထင်းရှန်းဘဝက ပိုတောင် ဆိုးဝါးလာတော့တယ်။
အစကတည်းက ဟိုပြေးဒီပြေးနဲ့ ပင်ပန်းရတာ ဟုတ်ပေမယ့် အခုက မတူဘူး။ ဒီကြားထဲ ရာသီဥတုကလည်း မျက်နှာသာမပေးလေတော့ သူ့မယ် လူရုပ်တောင်မပေါက်တော့ဘူး။ ကျောက်အာက အစတုန်းက ရေခဲဆိုတာ ဘာမှန်းမသိသေးဘူး။
ဒါပေမယ့် ဒီနှစ် အရမ်းပူလွန်းပြီး ရွှီထင်းရှန်းက အနည်းငယ် အရိပ်အမြွက်ပေးထားတော့ ကောင်လေးတွေနဲ့ ပိုက်ဆံအများကြီးသုံးပြီး ရေခဲဝယ်ခိုင်းထားလိုက်တော့တယ်။ ပိုက်ဆံကုန်လိုက်မှပဲ ဘဝကလည်း အတော်လေး နေရထိုင်ရ သက်သာသွားတော့တယ်။
မသက်သာတာက ရွှီထင်းရှန်းဖြစ်ပြီး သူ့လက်ကောက်ဝတ်က အလုပ်လုပ်ရလွန်းလို့ ပြန်လာရင် အမြဲယောင်ကိုင်းနေတတ်တာကြောင့် ကျောက်အာက အမြဲဆေးပူလိမ်းပေးရတယ်။ အခုလည်း ကျောက်အာက ဆေးလိမ်းပေးရင်း နန်းတွင်းထဲကလူတွေကို တဗျစ်တောက်တောက် ကျိန်ဆဲနေတယ်။
သူမက အတွင်းရေးကိစ္စတွေကို မသိသလို ရွှီထင်းရှန်းကလည်း ရှင်းပြဖို့ စိတ်ကူးမရှိတာကြောင့် ကျောက်အာအမြင်မှာတော့ နန်းတွင်းအလုပ်က ခိုင်းလွန်းတယ်လို့ပဲ မြင်မိတယ်။
“ငါ ကြည့်ရသလောက် နင် ထိပ်ဆုံးအဆင့်ရတာတောင် ပိုပင်ပန်းနေသလိုပဲ။ ပါ့သိုနဲ့ တခြားလူတွေလိုမျိုး ခပ်ဝေးဝေး တစ်နယ်တစ်ကျေးမှာ အရာရှိသွားလုပ်တာက ပိုမသက်သာဘူးလား”
နှစ်စမှာတင် မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့က သူတို့မိသားစုတွေနဲ့အတူ မြို့တော်က ထွက်ခွာသွားကြပြီ။ ဒီခရီးမှာ ဘာတွေစောင့်ကြိုနေမလဲ မသိရတာကြောင့် သူတို့ ဘယ်တော့ပြန်တွေ့ဖြစ်မလဲ မသိဘူး။
ဒါပေမယ့် ညီလာခံတစ်ခုလုံးက ရုန်းရင်းဆန်ခတ်ဖြစ်နေတာကြောင့် ရွှီထင်းရှန်းကတော့ သူတို့ကို တတ်နိုင်သမျှ ဝေးဝေးနေစေချင်ခဲ့တယ်။ သူတို့ပြန်လာတဲ့အခါမှာတော့ တည်ငြိမ်ကောင်း တည်ငြိမ်သွားနိုင်တယ်။ အမှန်အတိုင်းပြောရရင် သူတောင် သွားလို့ရရင် သွားချင်ခဲ့တာ သို့သော် အခုသွားရနိုင်ချေ များလာတော့လည်း နန်းတွင်းထဲက မထွက်ချင်ပြန်ဘူး။
“နယ်ပို့ခံရတာ လွယ်တယ်လို့ ထင်နေတာလား။ ကောင်းတဲ့နေရာဆိုတစ်မျိုးပေါ့ မဟုတ်ရင်တော့ အဲဒီကျမှ တကယ်ဘဝက ခက်ခဲမှာ”
ကျောက်အာက သရော်လိုက်မိတယ်။
“အောင်မယ်လေး ငါတို့က အရင်တုန်းက မခက်ခဲခဲ့ဖူးတာကျလို့ ယွီချင်းရွာမှာတောင် နေခဲ့ရသေးတာပဲဟာ ဘာလဲ နင်က တစ်လ နှစ်လလေး နန်းတော်မှာ လုပ်လိုက်ရတာနဲ့ ဒါတွေတောင် မခံနိုင်တော့ဘူးလား။ ပြီးတော့ ငါတို့က အခုချမ်းသာနေပြီလေ ဘယ်မှာနေနေ ကိစ္စမရှိတော့ပါဘူး”
ရွှီထင်းရှန်းက ကြားကြားချင်း အံ့ဩသွားပေမယ့် ပြန်တွေးကြည့်တော့လည်း တကယ်ဟုတ်နေတာပဲ။ လက်တွေ့က အဲဒီအိပ်မက်မဟုတ်တာကြောင့် သူ့မှာလည်း ကမ္ဘာမကျေရန်ငြှိုးတွေ အများကြီးမရှိသေးဘူး။
အများဆုံးဆိုလို့ ရန်သူတစ်ဦးတည်းရှိပြီး သူကလည်း လက်ရှိ ရန်သူဆိုတာထက် ပြိုင်ဘက်လို သဘောမျိုးပဲ။ တစ်ဖက်လူက အားကြီးလွန်းပြီး သူက သေးငယ်လွန်းတာကြောင့် လက်တစ်ချက်ဝှေ့ရုံနဲ့တင် အပြီးသုတ်သင်ခံလိုက်ရနိုင်တယ်။ ဒါကြောင့်လည်း တစ်ဖက်လူက သူ့ကိုအရေးတောင် မလုပ်တာပေါ့။
သူက တိုင်းပြည်အမှုထမ်းတစ်ယောက်လည်း မဟုတ်သလို ဧကရာဇ် ကျားချန်ရဲ့နောက်လိုက်လည်း မဟုတ်ဘူး။ အများဆုံးဆိုလို့ အထက်လူကြီး မျက်နှာသာပေးတာကို လက်မခံလို့ ရာထူးကျပြီး တိုင်းပြည်ရဲ့ သိမ်နုပ်တဲ့ တစ်ထောင့်တစ်နေရာမှာ အရိုးထုတ်သွားရမယ့် သတ္တမအဆင့်အရာရှိလေးပဲ။
162 03
ဘာလို့ အဲဒီအိပ်မက်ထဲကအတိုင်း လိုက်လုပ်နေရမှာလဲ။ သူက ဒီတလော အတွေးများလွန်းလို့ ခေါင်းတောင်ဖြူမတတ်ဖြစ်နေရတာ။ အခုတော့ ဘာကိုမှ စိတ်မပူတော့ဘူး။ မိုးပြိုကျလာရင် အရပ်ရှည်တဲ့သူတွေ ထောက်ကန်ပေးထားလိမ့်မယ်။
ဒီလိုပြောင်းလဲသွားတဲ့ ရှုထောင့်ကြောင့် ရွှီထင်းရှန်းက ရုတ်တရက် တက်ကြွလာပြီး “ဒါဆို ငါ နယ်ပို့ခံရအောင် လုပ်လိုက်ရမလား?”
ကျောက်အာက ဆေးပုလင်း ပြန်ထားဖို့ ကျောပေးနေရာက တန့်သွားတယ်။ တကယ်ကြီး ဒီတလောအတွင်း တစ်ခုခုဖြစ်ခဲ့တာကိုး ဒါပေမယ့် သူမက ဘာမှထုတ်မပြောဘဲ ခေါင်းညိတ်ပြလိုက်ပြီး
“အဲဒါကတော့ နင့်အပေါ် မူတည်ပါတယ်။ ငါက ဘယ်လိုဖြစ်ဖြစ် အဆင်ပြေတယ်”
ရွှီထင်းရှန်းက ခါးလှည့်ပြီး သူမပေါင်ပေါ် ခေါင်းအုံးလာတယ်။
“အစက ငါတကယ် မင်းကို အရာရှိကတော်ဖြစ်အောင်လို့ အကောင်းဆုံး ကြိုးစားပေးချင်ခဲ့တာပါ”
“ကတော်ဖြစ်လာတော့ရော ခေါင်းမှာ ဂျိုပေါက်လာမှာမို့လို့လား။ အရာရှိကတော်နဲ့ ရိုးရိုးမိန်းမ ဘာကွာလို့လဲ”
“ကွာတာပေါ့ အရူးမလေးရဲ့”
“ငါတော့ဖြင့် ဘာမှကွာတယ်လို့ မမြင်ပေါင် ငါသိသလောက် အဲဒီရာထူးကြီးအမတ်တွေအကုန် အဘိုးကြီးတွေမလား။ နင်က ဘယ်လောက်ရှိသေးလို့လဲ။ ဘာလို့ သူတို့နဲ့သွားနှိုင်းနေတာလဲ။ ငါကတော့ နယ်မြို့လေးမှာ ခရိုင်မှူးဖြစ်တာနဲ့တင် တော်တော်ကောင်းနေပြီလို့ ထင်တာပဲ။ ဥပမာ ခရိုင်မှူးရွှီကိုကြည့်ပါလား။ ဘယ်သွားသွား နေရာပေးခံရတယ် ဂုဏ်လည်းရှိတယ်။ အေးဆေးပဲ နေ့တိုင်း နင်အခုလို သူများတွေအတွက် ပြေးလွှားပေးနေရတာထက်စာရင် အများကြီး ကောင်းတယ်”
ကျောက်အာရဲ့စကားတွေက ကြမ်းတမ်းနိုင်ပေမယ့် တကယ်အကျိုးသင့်တယ်။ လူတိုင်းကို ငရဲမှာ မင်းမူမလား နတ်ပြည်မှာ ကျွန်လုပ်မလား မေးရင် အားလုံး အရှေ့ကိုရွေးမှာပဲ။ ပြီးတော့ သူက အခုမှ အသက် ၂၀ပဲရှိသေးတယ်။ ဒီမြေခွေးအိုကြီးတွေနဲ့ ဘာသွားပြိုင်နေစရာလိုလဲ။
တိုင်းပြည်ရဲ့ဝန်ထုပ်တွေကို သယ်ပိုးရမှာ ဧကရာဇ်ရဲ့ တာဝန်။ သူ့လို အဆင့်နိမ့်လေးက လစာယူပြီး အေးရာအေးကြောင်းနေရုံပဲ။ ရွှီထင်းရှန်းက ကျောက်အာ ပေါင်ပေါ် ခေါင်းအုံးရင်း သူမခွံ့ကျွေးတဲ့ ဖရဲသီးအေးအေးကို စားကာ ရင်ထဲအေးသွားတယ်။
သူ့မျက်လုံးတွေက ဘေးဘီဝဲယာကို လိုက်စစ်ဆေးလိုက်တာနဲ့ ကျောက်အာက ဘာလုပ်မလို့လဲလို့ မေးပြီးသွားပြီ။ ငယ်ငယ်ထဲက ဒီကောင်လေး ဒီလိုလုပ်နေရင် ကျိန်းသေပေါက် မဟုတ်တာလုပ်မလို့ပဲ။ ရွှီထင်းရှန်းက သူမလက်ထဲက ငွေခရင်းကို ဆွဲလုကာ ဘေးလွှင့်ပစ်လိုက်ပြီး ခေါင်းကို တစ်ချက်ထနမ်းတယ်။
“ဘာလုပ်ဖို့ ကြံနေတာလဲ”
“ဘာလုပ်ဖို့ ကြံရမလဲ။ မင်းကို လုပ်ဖို့ကြံနေတာပေါ့”
ကျောက်အာက အလျင်စလို တွန်းထုတ်ရင်း တားတယ်။
“မရဘူးနော် ဟုန်အာလေး ဝင်လာလိမ့်မယ်”
“သူ ဝင်လာလည်း ဘာဖြစ်လဲ။ ငါတို့က သူ့အတွက် ညီမလေးလုပ်ပေးနေတာလို့ ပြောလိုက်မှာပေါ့။ အဲဒီကောင်စုတ်လေးက အငယ်သိပ်လိုချင်နေတာမလား။ ပြီးတော့ ရှောင်ဟုန်းနဲ့ ကျန်တဲ့လူတွေ ကြည့်ပေးနေတာ သူ ချက်ချင်း ရောက်မလာနိုင်ပါဘူး”
“မလာလည်း မဖြစ်ဘူးလေ နေ့ခင်းကြောင်တောင်ကြီး ရှိသေးတာကို …”
“မလုပ်ဖူးတာလည်း မဟုတ်ဘဲနဲ့ …”
****
မွန်းတည့်ချိန် နေမင်းကြီးက ပိုတောင် ပူခြစ်တောက်နေပြီး တစ်လောကလုံးကို အပူလှိုင်းတွေ ထုတ်လွှတ်နေတယ်။ တားမြစ်မြို့တော်ထဲမှာ သစ်ပင်အနည်းငယ်သာရှိလို့ ရွှီထင်းရှန်းတစ်ယောက် ပြန်ကြားရေးဌာနကို လာတဲ့လမ်းမှာတင် နေလောင်ပြီး သေတော့မယ်။
162 04
ထမင်းစားချိန်မို့ ဌာနထဲမှာ လူသူသိပ်မရှိဘဲ ရွှီထင်းရှန်း ဝန်းထဲဝင်လိုက်တာနဲ့ မိန်းမစိုးတစ်ယောက်နဲ့ အမှတ်မထင် ကြုံဆုံတယ်။
“သခင်လေး ရွှီ မတွေ့ရတာ ကြာပါရောလား?”
“အိုး ရွှန်ကုန်းကုန်း ဘယ်သွားမလို့ပါလဲ”
ရွှန်ရှီးက သူ့ကို အထဲဝင်ဖို့ အမူအရာပြရင်း နှစ်ယောက်သား ဘေးချင်းယှဥ် လျှောက်လာကြတယ်။
“ဘယ်သွားရမလဲ။ ဒီတိုင်း ဟိုဟိုဒီဒီ ခြေဦးတည့်ရာပေါ့ သခင်လေးက ကျိန်းကုန်းကုန်းကို လာရှာတာလား။ အဲဒါဆိုရင်တော့ လောလောဆယ် မွေးစားအဖေက မရှိသေးဘူး။ အရှင်မင်းကြီးကို သွားခစားတယ်”
“လူကြီးမင်းကျိန်းကို ရှာနေတာမဟုတ်ပါဘူး။ ဒီတိုင်းရောက်တုန်းရောက်ခိုက်လေး ရွှန်ကုန်းကုန်းကိုလည်း မတွေ့ရတာကြာတော့ တစ်ချက်ဝင်လာကြည့်တာ”
“ကျွန်တော့်ကို မှတ်မိသေးလို့ တော်သေးတာပေါ့။ အချိန်ရှိရင် အထဲဝင်ပြီး အပူရှောင်ပါဦး ဒိနေ့ အတော်လေး ပူနေတာ မိုးတစ်ပေါက်တောင် မမြင်ရသေးဘူး”
ဒီလိုနဲ့ နှစ်ယောက်သားက အခန်းတစ်ခန်းထဲ ဝင်လာကြတယ်။ ပြန်ကြားရေးဌာနက ထောင်တာမကြာသေးပေမယ့် အခုဆို အမှုဆောင်ချုပ်အပြင် စာရေးတစ်ဦးနဲ့ တခြားကူညီမယ့် မိန်းမစိုးတွေတောင် ရှိနေပြီ။
ကျိန်းအန်းချန်ရဲ့ မွေးစားသားဖြစ်တဲ့အလျောက် ရွှန်ရှီးကလည်း အလိုလို မိန်းမစိုးရာထူးကို လက်ခံရရှိခဲ့တယ်။ ဒါကလည်း ကြားလို့သာ ကောင်းတာ တကယ်တော့ ရွှီထင်းရှန်းလို ဘေးဖယ်ခံထားရတာပါပဲ။
ဒါပေမယ့် သူကျ ရွှီထင်းရှန်းလိုမဟုတ်ဘဲ အားလုံးက ပြန်ကြားရေးဌာနတစ်ခုလုံးကို ကြည့်မရတာကြောင့် တော်တော်လေး ကိုးရိုးကားရားအခြေအနေဖြစ်နေတာ။ အဓိကအကြောင်းအရင်းကတော့ ကျိန်းသေပေါက် အမတ်တွေပဲပေါ့။
ဧကရာဇ်ကျားချန်ရဲ့ အမိန့်အရ ဒီဌာနက ယာယီမို့ ဘယ်တော့ပြန်ဖျက်သိမ်းခံရမလဲ မသိနိုင်ဘူး။ ဒီလိုနဲ့ အားလုံးက တစ်ခုခုဆို ကျိန်းအန်းချန်နဲ့သာ ပြောဆိုပြီး ကျန်တဲ့မိန်းမစိုးတွေကိုတော့ ဂရုတောင်မစိုက်ကြဘူး။
ဒီအခြေအနေက လက်ရှိမှာတော့ မပြောင်းလဲနိုင်သေးပေမယ့် အချိန်ကြာလာရင်တော့ ပြောင်းသွားနိုင်တယ်။ ဘာလို့ဆို အရှင်မင်းကြီးက အားလုံးထင်နေသလို ဒီဌာနကို ယာယီအဖြစ် ထူထောင်ခဲ့တာမဟုတ်နိုင်တာလည်း ဖြစ်နိုင်တယ်။
တစ်ခုတည်းသော ချွင်းချက်ကတော့ တခြားနန်းတွင်းအရာရှိတွေနဲ့မတူဘဲ ရွှီထင်းရှန်းက အိပ်မက်ကျေးဇူးကြောင့် ဘယ်သူမှမသိတာကို ကြိုသိနေတာပဲ။ အဲဒါကြောင့် သူက သိသာလောက်တဲ့အထိ ပြန်ကြားရေးဌာနကို လာဖားမနေဘူးဆိုတောင် မကြာခဏ မျက်နှာလာပြတတ်တယ်။
ရွှန်ရှီးက ဒီထဲမှာ သူ့အရံအစီအစဥ်ပဲ။ နှစ်ယောက်သား ထိုင်ချလိုက်တာနဲ့ ဘယ်ကမှန်းမသိတဲ့ မိန်းမစိုးတစ်ယောက်က လက်ဖက်ရည်လာလုပ်ပေးပြီး ရွှန်ရှီးကတော့ ဒီတလောအတွင်း ဘာတွေအလုပ်ရှုပ်နေလဲ မေးလာတယ်။
နှစ်ယောက်လုံးက ရွယ်တူဖြစ်ပြီး တစ်ယောက်က မိန်းမစိုး၊ တစ်ယောက်က အဆင့်နိမ့်အရာရှိဆိုရင်တောင် ရွှီထင်းရှန်းကတော့ တွေ့သမျှလူတိုင်းနဲ့ တည့်အောင်ပေါင်းနိုင်တာ သူ့အရည်အချင်းပဲ။
အရိုးသားဆုံးပြောရရင် သူတို့က ချန်ချင်းနန်းဆောင်မှာထဲက သိကြတာမို့ အတိုင်းအတာတစ်ခုအထိ ခင်မင်တယ်လို့ ယူဆနိုင်တာကြောင့် သူလည်း ဖုံးကွယ်မနေဘဲ အားလုံးပြောပြလိုက်တယ်။
“အိုး အဲဒီအဘိုးကြီးက ဒီလောက်မြန်မြန် သရုပ်မှန်ပြလိမ့်မယ်လို့ မထင်ထားဘူး”
ရွှီထင်းရှန်းကတော့ ခေါင်းယမ်းရင်း “တကယ်တော့ ကျွန်တော်တို့သာ သာမန်လူတွေဆိုရင် ဒါက တကယ့်ကမ္ဘာမကျေရန်စဖြစ်သွားမှာ။ ဒီရုတ်တရက် အလှည့်အပြောင်းတွေက အချိန်အတော်ကြာတဲ့အထိ ကျွန်တော့်ကို ချုပ်နှောင်ထားသလိုဖြစ်နေတာတော့ အမှန်ပဲ။ အခု ကိစ္စတွေက ဒီလိုဖြစ်လာတော့လည်း အရင်လို အကြောက်တရားနဲ့ မနေရတော့ဘူးပေါ့လေ”
ရွှန်ရှီးက စားပွဲပေါ် လက်ထောက်ကာ မျက်နှာကိုအားပြုထားပြီး ပြုံးလိုက်တယ်။
162 05
“သခင်လေး ရွှီ နားမလည်သေးဘူးမလား။ ဒီဘိုးတော်တွေအားလုံးက သိပ်လည်တာ။ သူတို့က သူတို့အပြင်ပန်းနဲ့ ဂုဏ်သိက္ခာကို သိပ်ဂရုစိုက်တာလေ။ အဲဒီတော့ ခင်ဗျား သူတို့ကို ဘယ်လောက် စော်ကားကား သူတို့က အများအမြင်မှာ ကြောင်သူတော်ဖြစ်အောင် ပိုတောင် အရေးပေးပြလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့တွေကတော့ အရှိကိုအရှိပဲ ဒီနေ့လာရန်စရင် မနက်ဖြန် လက်စားချေခံရဖို့ ပြင်ထားတော့ပဲ။ အားလုံးက ကျွန်တော်တို့ကို တွက်ကပ်တယ်။ နိမ့်ကျတယ်လို့ ထင်နေပေမယ့် ကျွန်တော်တို့က သူတို့နဲ့ယှဥ်လို့မရပါဘူး”
ရွှိထင်းရှန်းက လျော့ရဲရဲအပြုံးလေးနဲ့ “တကယ်လို့ အဆိုးနဲ့အကောင်းကို ဒီလိုခွဲတာဆိုရင် ကျွန်တော်ကတော့ ရွှန်ကုန်းကုန်းပြောတဲ့ လူဆိုးပဲလုပ်ချင်ပါတယ်။ အနည်းဆုံးတော့ သူတို့က ရိုးသားသေးတယ်။ သူတို့ကိုသာ သွားမထိရင် ကိုယ်လည်း ဒုက္ခရောက်မှာမပူရဘူးလေ”
ရွှန်ရှီးက ဟက်ဟက်ပက်ပက် ရယ်ရင်း ရွှီထင်းရှန်း ပုခုံးကိုတောင် ပုတ်လိုက်သေးတယ်။
“ဟားဟား သခင်လေးရွှီ ခင်ဗျားကို တကယ်ထူးဆန်းတဲ့လူလို့ တခြားသူတွေ မပြောကြဘူးလား?”
“အင်း ကျွန်တော့်မိန်းမကတော့ ပြောဖူးတယ်”
ရွှီထင်းရှန်းက အတည်ပေါက်ပြောတော့ သူက အသက်ရှူရပ်တဲ့အထိ ထပ်ရယ်ပြန်တယ်။ အကြာကြီးနေတော့မှ ချောင်းတစ်ချက်ဆိုးရင်း ရပ်သွားပြီး ရေနွေးကြမ်းတစ်ငုံ သောက်လိုက်တယ်။
“သခင်လေ ရွှီတို့ လင်မယားက အရမ်းချစ်တဲ့ပုံပဲ မနာလိုစရာဗျာ။ တချို့တွေကတော့ လိုချင်မှန်းမသိ မလိုချင်မှန်းမသိ သူတို့သမီးမုဆိုးမကို အတင်းတွေ ပေးစားနေတော့တာပဲ”
ရွှီထင်းရှန်းက ခဏလောက်တန့်သွားပြီးမှ “ရွှန်ကုန်းကုန်းနဲ့ ကျွန်တော်က ရာထူးတွေ အဆောင်တွေမတူပေမယ့် ပြောစရာတွေ အများကြီးရှိတယ်။ ဒါပေမယ့် ကျွန်တော့်အခြေအနေအရ နန်းတော်ထဲမှာ ဘယ်လောက်မှ သိပ်မနေရတာမို့ ဒီကထွက်သွားရင် ပြန်တွေ့ကြဖို့ ခက်တယ်လေ။ အဲဒါကြောင့် ဒီနေ့ တကူးတက လာခဲ့တာ ရှီ ကုန်းကုန်းကို မသွားခင် နှုတ်ဆက်သွားချင်လို့ပါ”
သူ့စကားတွေက အတော်လေး စိတ်မကောင်းစရာမို့ ရွှန်ရှီးက နှစ်သိမ့်ပေးတယ်။
“သခင်လေးရွှီ အရမ်းစိတ်ဓာတ်မကျပါနဲ့။ ဘယ်လိုမဆို သခင်လေးက စာမေးပွဲကို ထိပ်ဆုံးအဆင့်နဲ့ အောင်ခဲ့တာပဲဟာ အရှင်မင်းကြီးက လောလောဆယ် တိုင်းပြည်အရေးကြောင့် မအားလပ်နိုင်ရင်တောင် တစ်နေ့နေ့တော့ ခင်ဗျားကို ပြန်သတိရလာမှာပါ အဲဒီအထိပဲ စောင့်လိုက်ပါ”
ရွှီထင်းရှန်းက ရယ်လိုက်မိပြီး ပြန်စနောက်တယ်။
“ကောင်းပါပြီ ဒါဆိုလည်း ရွှန်ကုန်းကုန်းရဲ့ စကားကိုသာ အမှန်လို့ မှတ်ယူလိုက်တော့မယ်ဗျာ”
“ဟဲဟဲ ကိစ္စမရှိပါဘူး ကိစ္စမရှိပါဘူး”
ဒီလိုနဲ့ ရွှီထင်းရှန်းပြန်သွားတော့ ရွှန်ရှီးလည်း အရိပ်ရှိတဲ့နေရာက ပတ်သွားရင်း ချန်ချင်းနန်းဆောင်ကို ဦးတည်လိုက်တယ်။ နန်းဆောင်ထဲမှာ ဧကရာဇ်က အခုလေးတင် စက်တော်ခေါ်သွားတာကြောင့် ကျိန်းအန်းချန်က အရှေ့ဘက်အဆောင်မှာ စောင့်ကြပ်ပေးရင်း အမိန့်စာတွေ ဖတ်ရှုနေတယ်။
ရွှန်ရှီးက အထဲဝင်လာတာနဲ့ ဘေးနားမှာ မှင်သွေးပေးနေတဲ့ မိန်းမစိုးတစ်ယောက်ကို အတင်းတွန်းဖယ်ရင်း အဲဒီနေရာမှာ သူဝင်ယူလိုက်တယ်။ ခါတိုင်းလိုပဲ မှင်တုံးသွေးရင်း သူက သူ့မွေးစားအဖေကို ကြုံတွေ့ရသမျှ အကြောင်းတွေ ပြန်ပြောပြနေတယ်။
ရွှီထင်းရှန်းအကြောင်း စကားစပ်မိတော့ မတတ်နိုင်ဘဲ စိတ်မကောင်းဖြစ်လာရတယ်။
“ဟူး သခင်လေး ရွှီက တကယ်ကံဆိုးတာပဲ”
ကျိန်းအန်းချန်က သူ့မွေးစားသားကို တစ်ချက်ငဲ့ကြည့်လိုက်ပြီးမှ ပေလိပ်ပေါ် စုတ်တံပြန်တင်လိုက်တယ်။ အမိန့်ပြန်တမ်းတွေဆိုတာကလည်း သူ အရှင်မင်းကြီးကို အခစားဝင်တိုင်း မှတ်သားထားတဲ့ စကားတွေကို ပြန်လည်ရေးချရုံပဲဖြစ်တယ်။
“မွေးစားအဖေ ကျေးဇူးပြုပြီး သခင်လေးရွှီကို ကူညီပေးလို့မရဘူးလား။ အဲဒီအဘိုးကြီး ဝူက တမင်တကာ သူ့ကိုဒုက္ခပေးနေတာ”
“မင်းကြည့်ရတာ သူ့ကိုတော်တော်ဂရုစိုက်ပုံပဲ တစ်ချိန်လုံး သခင်လေးရွှီဆိုတာ ပါးစပ်ကမချဘူး”
162 06
“ဘာလို့ဆို သခင်လေးရွှီက ဖော်ရွေရုံတင်မကဘူး။ ကျွန်တော်တို့ကို ရွံစရာလို့လည်း မဆက်ဆံဘူးလေ။ ဒီသားက ငယ်သေးလို့ မွေးစားအဖေဆီက သင်ယူနေရတုန်းဆိုပေမယ့် လူကဲခတ်တော့ တော်ပါတယ်။ အဲဒီအမတ်တွေက မျက်နှာမှာသာ ပြုံးနေတာ စိတ်ထဲမှာကျ ကဲ့ရဲ့နေကြတာ။ ဒါပေမယ့် သခင်လေးရွှီကတော့ ဘယ်လိုပြောရမလဲ?”
ရွှန်ရှီးက ခေါင်းကုတ်လိုက်ပြီး “သူ့မျက်လုံးထဲမှာ ကျွန်တော်တို့ကို တန်းတူလို့ သဘောထားတာ။ ယောက်ျားဖြစ်ရှုံးသွားရတဲ့ မိန်းမစိုးတွေမဟုတ်ဘဲလေ”
သူ့အသုံးအနှုန်းတချို့က ကျိန်းအန်းချန်ကို သွားစော်ကားရာရောက်သွားတာကြောင့် ကျိန်းအန်းချန်က သူ့ကို ဘေးတွန်းပို့ပြီး စုတ်တံချကာ လက်ကိုင်ပုဝါတစ်ခုနဲ့ လက်သုတ်နေတယ်။ သူ့ရဲ့အေးစက်ခက်ထန်သွားတဲ့ မျက်နှာကိုတွေ့တော့မှ ရွှန်ရှီးက ကြောက်လန့်တကြား ပြန်တောင်းပန်တယ်။
“မွေးစားအဖေ ကျွန်တော် အပြောမှားသွားပါတယ်”
“ဟမ့်”
ကျိန်းအန်းချန်ရဲ့ ဒေါသတွေက ရွှန်ရှီးကို ဦးတည်တာမဟုတ်ဘဲ အရင်တုန်းက သူခံခဲ့ရတဲ့ အဲဒီအမတ်အိုတွေရဲ့ လှောင်ပြောင်သရော်မှုတွေကို ပြန်အမှတ်ရသွားလို့ပဲ။ သူက တခြားဘက်ကို ထထွက်သွားပြီး အမိန့်စာတွေထဲကတစ်ခုကို ဆွဲထုတ်ကာ ရွှန်ရှီးဆီ ပစ်ပေးလိုက်တယ်။
သေချာပေါက် ရွှန်ရှီးကလည်း စာတတ်ပေတတ်ပဲပေါ့။ သူဖွင့်ဖတ်လိုက်တဲ့အခါ အံ့ဩတကြီးအသံ ထွက်လာတယ်။
“သူတို့တွေ တကယ်ကြီး သခင်လေးရွှီကို အဲဒီနေရာပို့လိုက်ကြတယ်ပေါ့?”
ကျိန်းအန်းချန်က သူ့ကို တစ်ချက်ပြန်ကြည့်ပြီး “သိပ်အံ့ဩပြမနေနဲ့ ဒီကောင်လေးက အရှင်မင်းကြီးရဲ့ စိတ်ထဲရှိနေပြီးသား။ သူက မင်းသနားရမယ့်လူမဟုတ်ဘူး”
“အဟဲ သိပါတယ်။ မွေးစားအဖေရဲ့ ကျွန်တော်က ဒီတိုင်း …”
“ဘာပဲဖြစ်ဖြစ် သူနဲ့ရင်းနှီးတာလည်း ကောင်းပါတယ်။ အရှင်မင်းကြီးက ငါတို့ကို အမတ်တွေနဲ့ ပြိုင်တဲ့အခါ ထည့်သုံးဖို့ရည်ရွယ်ထားတာ။ တကယ်လို့ ငါတို့သာ ညီလာခံထဲက နောက်တက်မယ့်လူသစ်တွေနဲ့ ရင်းနှီးထားရင် နောင်မှာ အများကြီး အကျိုးရှိလာနိုင်တယ်”
“မှတ်ထားပါ့မယ် မွေးစားအဖေ”
“ကဲ ကဲ သွားတော့ ဘယ်လောက်တောင် ဖင်တကြွကြွဖြစ်နေလဲ ကြည့် မင်းဟာဆိုရင်လေ ဘယ်တော့မှ စိတ်ရှည်မယ် မရှိဘူး”
ရွှန်ရှီးကတော့ ရယ်ကျဲကျဲလုပ်ရင်း တစ်ခဏအတွင်း သတင်းပို့ဖို့ ပြေးထွက်သွားတယ်။
…………
******