← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163- 164

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163- 164

အခန်း ၁၆၃

ရွှန်ရှီးဆီက ဘယ်နေရာမှန်း အတိအကျသိပြီးသွားတဲ့နောက် ရွှီထင်းရှန်းက သူ့ဦးနှောက်ကို စတင်စဥ်းစားခန်း ဖွင့်ခိုင်းတော့တယ်။ တကယ်လို့ သူမှတ်မိတာသာ မှန်မယ်ဆို အဲဒီနေရာက ကောင်းမွန်အေးချမ်းတဲ့ ဒေသတော့မဟုတ်ဘူး။

အဲဒီအစား ဝေးလံခေါင်ဖျားတဲ့ ကျေးလက်တောရွာတစ်ခုခုကို အပို့ခံလိုက်ရတာကတောင် အခုလို အသက်အန္တရာယ် စိုးရိမ်နေရတဲ့ဒေသထက်စာရင် တော်သေးတယ်။ သူမှားပြီး မှတ်ထားတာမဟုတ်မှန်း သေချာအောင်လို့ ရွှီထင်းရှန်းက မော်ကွန်းတိုက်ကိုသွားပြီး ပြည်တွင်းတင်ပြချက်တချို့ကို တကူးတက သွားရှာကြည့်လိုက်သေးတယ်။

အစီရင်ခံစာတွေအားလုံးကို ဖတ်ပြီးသွားတဲ့အခါမှာတော့ သူ တိတ်ဆိတ်သွားတယ်။ မကြာခင်မှာပဲ ရွှေ့ပြောင်းစာကျလာပြီး အဲဒီအချိန် ရွှီထင်းရှန်းက အတွင်းဝန်ရုံးရဲ့ အဓိကခန်းမကြီးထဲမှာ ရှိနေခဲ့တာဖြစ်တယ်။

ရုံးတော်ထဲက မနာလိုသူတွေကတော့ တစ်ချိန်က သိပ်ပစားပေးခံရတဲ့ ရွှီကျုံးရှုတစ်ယောက်တော့ သာမညမြို့လေးတစ်ခုမှာ အုပ်ချုပ်ရေးမှူးအဖြစ် အပို့ခံလိုက်ရပြီဆိုပြီး စိတ်ထဲကြိတ်လှောင်နေကြမှာပေါ့။

အပေါ်ယံမှာတော့ ဟန်ဆောင်သကာရည်လောင်း စကားတစ်ခွန်းနှစ်ခွန်း ထွက်လာကြပေမယ့် ရွှီထင်းရှန်းက သူတို့ကို တစ်ယောက်ချင်း အလိုက်အထိုက် နှုတ်ဆက်ပြီးတဲ့နောက် သူ့ပစ္စည်းတွေသိမ်းကာ အထက်က အမတ်တွေကို သွားနှုတ်ဆက်ရပြန်တယ်။

ဒါက မဖြစ်မနေလုပ်ရမယ့် ယဥ်ကျေးသမှုဖြစ်ပြီး အဲဒီအဆင့်နိမ့်စာရေးတွေထက်စာရင်တော့ ဒီမဟာအတွင်းဝန်တွေက အတော်လေး သရုပ်ဆောင်ပိုကောင်းကြတယ်။ ဘယ်လောက်လဲဆို သူတို့စကားအရ ရွှီထင်းရှန်းက ရာထူးကျသွားတာမဟုတ်ဘဲ ဘယ်သူမှမသွားရဲတဲ့ စစ်တလင်းကို တိုင်းပြည်အကျိုးသယ်ပိုးပြီး ထွက်တိုက်တဲ့ ဂုဏ်ယူစရာ စစ်သူရဲကောင်းတစ်ယောက်လိုတောင် ပြောင်းလဲသွားတဲ့အထိပဲ။

အားလုံးက အပေါ်ယံနှမ်းဖြူးနေကြတာဆိုသော်လည်း နဂိုကတည်းက ရှက်ဖွယ်လိလိ အခြေအနေကို ဒီထက်ပိုကသိကအောက်ဖြစ်အောင် မလုပ်ခဲ့ကြတာပဲ ကျေးဇူးတင်ရမယ်။ ကံကောင်းတာက အတွင်းဝန် ဝူတစ်ယောက် သူ့အဆောင်မှာရှိမနေတာမို့ ရွှီထင်းရှန်းက သူ့ရန်သူတော်နဲ့ မျက်နှာချင်းဆိုင်စရာ မလိုတော့ဘဲ သူအချိန်အတော်ကြာ နေခဲ့တဲ့ ရုံးတော်ကြီးကနေ ကျောခိုင်း ထွက်လာခဲ့လိုက်တယ်။

လာတုန်းကတော့ နှဲသံတံပိုးသံ တညံညံနဲ့ အခုကျတော့လည်း လူမသိသူမသိ ညှိုးငယ်စွာ ထွက်သွားရတယ်။ ကာယကံရှင်က အဲဒိလိုမတွေးပေမယ့် ကျန်တဲ့လူတိုင်း အဲဒီလိုထင်နေမှန်း သိတော့ ရွှီထင်းရှန်းက သူတို့ရေစီးအတိုင်း စိတ်ဓာတ်ကျနေတဲ့ပုံနဲ့ပဲ ထွက်လာခဲ့လိုက်တယ်။

သူ့ခြေလှမ်းတွေ ရှဲ့ဟယ်ဂိတ်နား နီးလာတဲ့အခါမှာတော့ ရွှီထင်းရှန်းက နေရောင်အောက် တလက်လက်တောက်ပနေတဲ့ အကွန့်အညွှန့်တွေနဲ့ နန်းဆောင်တွေကို တစ်ချက်လှည့်ကြည့်လိုက်မိတယ်။

တစ်နေ့တော့ ငါပြန်လာခဲ့မယ်။

နောက်တစ်ခုကတော့ တစ်အိမ်လုံး ပစ္စည်းတွေထုပ်ပိုးပြီး ထွက်ခွာဖို့ ပြင်ဆင်ရမှာဖြစ်တယ်။ အရာရှိတစ်ဦးနဲ့ တစ်ဦးကြား လမ်းပန်းဆက်သွယ်ရေး အချိန်ကာလကို ထည့်တွက်သောအားဖြင့် တာဝန်လွှဲပြောင်းယူဖို့ အချိန် ၃လ ခြားပေးထားတယ်။

မြို့တော်ကနေ ကျဲ့ကျန်းကို ရေလမ်းခရီးနဲ့ပဲသွားရမှာမို့ သိပ်တော့မခက်ခဲဘူး။ အများဆုံးမှ တစ်လလောက်သာ ခရီးနှင်ရမှာမို့ ရွှီထင်းရှန်းက ပြင်ဆင်တဲ့အပေါ် အစောတလျင် ဖြစ်မနေဘူး။ သူတို့လုပ်ငန်းကိုတော့ ကောင်းရှန်လက်ထဲပဲ လွှဲထားဖို့ ဆုံးဖြတ်လိုက်တယ်။

အစကတည်းက ကျောက်အာက မလိုအပ်ရင် ဝင်မပါဘဲ လုပ်ငန်းကိစ္စအဝဝကို ကောင်းရှန်တို့နဲ့သာ လွှဲထားတာမို့ အခုထားသွားလည်း ဘာအမှားမှမရှိနိုင်ဘူး။ တျန့်ဟိုင်နယ်ကိုသွားမယ့် ဒီခရီးမှာ ရွှီထင်းရှန်းတို့မိသားစု သုံးယောက်အပြင် ဟူဆန်းနဲ့ရှောင်ဟုန်းတို့လည်း ပါဝင်မှာဖြစ်တယ်။

ရှောင်ဟုန်းနဲ့ ကျန်တဲ့ကောင်မလေးတွေက ကျောက်အာ သွားဝယ်ခဲ့တဲ့အစေခံလေးတွေဖြစ်ပြီး ရှောင်ဟုန်း၊ ရှောင်လျူ၊ ရှောင်လန်နဲ့ ရှောင်ဇီတို့မှာ အရှေ့ကနှစ်ယောက်ကိုသာ ခေါ်လာဖို့လုပ်ထားတယ်။ သွားမယ့်လူတွေ အတည်ဖြစ်တာနဲ့ လမ်းခရီးအတွက် လိုအပ်သမျှ ပြင်ဆင်ဖို့အချိန်ရောက်လာတယ်။

ရွှီထင်းရှန်းက ရေဘေးဒုက္ခသည်တွေထဲက မိန်းမနဲ့ကလေးမရှိတဲ့ ယောက်ျားသား ၁၀ယောက်ကို သူ့လက်ထောက်တွေအဖြစ် ထမ်းဆောင်ဖို့ ရွေးချယ်လိုက်တယ်။ လမ်းခရီးမကြမ်းပေမယ့် ကျဲ့ကျန်းလို ကမ်းရိုးတန်းဒေသတွေက မငြိမ်းချမ်းတာမို့ အားကိုးရမယ့် ယောက်ျားသားများတာ ပိုကောင်းတယ်။

163 02

ကျောက်အာက တျန့်ဟိုင်ဆိုတာ ဘယ်လိုနေရာမှန်းမသိပေမယ့် သူ့ယောက်ျားရဲ့ အပြုအမူတွေကို ကြည့်ပြီး မအေးချမ်းလောက်တာ ရိပ်မိသွားတယ်။ သူမ စိတ်ပူပေမယ့်လည်း သွားမယ့်လူ မျက်နှာအရှေ့တော့ ထုတ်မပြပါဘူး။

အဲဒါထက် ရွှီထင်းရှန်းက သူတို့မထွက်ခွာခင် လိုက်ပါမယ့်သူအားလုံးကို အခြေခံသိုင်း အနည်းငယ် သင်ပေးဖို့ ဟူဆန်းကို တာဝန်ပေးလိုက်တော့မှ ကျောက်အာက သူမ ဘယ်လောက် အသိခေါင်းပါးသလဲဆိုတာ သိသွားရတာ ဘာလို့ဆို ဟူဆန်း သိုင်းတတ်မှန်း သူ မသိဘူးလေ။

ဟူဆန်းကတော့ ကိုယ့်ကိုယ်ကိုယ် ခုခံရုံ နည်းနည်းသာ တတ်တယ်လို့ပြောပေမယ့် ကျောက်အာက သိပ်မယုံလို့ ရွှီထင်းရှန်းကို ကြည့်လိုက်တော့လည်း သူက ငြိမ်နေတာမို့ ယုံဖို့သာ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ ရှောင်ဟုန်းရောက်လာပြီး သူမကို အပြင်မှာ လူတစ်ယောက်တွေ့ချင်နေကြောင်း လာပြောတယ်။

“ဘယ်သူလဲ”

“ဘယ်သူလဲမေးပေမယ့် မဖြေဘူး မိန်းမတစ်ယောက်ပဲ”

ကျောက်အာ ထွက်သွားတဲ့အချိန် ရွှီထင်းရှန်းက ဟူဆန်းနဲ့ စကားဆက်ပြောနေလိုက်တယ်။

“မှောင်ခိုလုပ်ငန်းက ဖူကျန်းနဲ့ကျဲ့ကျန်းတို့မှာ အတွင်ကျယ်ဆုံးပဲ။ ဒါပေမယ့် အပေါ်ယံမှာတော့ ကြည့်ကောင်းအောင် ဓားပြတွေသောင်းကျန်းတယ်ဆိုပြီး နာမည်တပ်ထားလို့ နန်းတော်က ကုန်သည်တွေကို အဲဒီဘက်မှာ တစ်ဦးတည်းသီးသန့် ကုန်မသွယ်ရ အမိန့်ချလိုက်တာ။ ဒီနှစ်တွေထဲ တားမြစ်မိန့် ပိုပိုတင်းကျပ်လာတာကလည်း မှောင်ခိုသွင်းနေတဲ့ ရာထူးကြီးတွေ သူတို့စားကွက်ပျောက်သွားမှာစိုးလို့ လက်ဝါးချင်းရိုက်ပြီး ကြံစည်ထားတာတွေပဲ။ တျန့်ဟိုင်နယ်က သေးငယ်တဲ့ ကမ်းရိုးတန်းဒေသလေးဆိုပေမယ့် အဲဒီမှာ ရေလမ်းကြောင်းကုန်သည်တိုင်း သိတဲ့နေရာတစ်ခုရှိတယ်”

“ဘယ်နေရာလဲ”

“'ရွှမ်းယွီကျွန်း'” ရွှီထင်းရှန်းက သူဈေးကြီးပေးပြီး ထုတ်ထားရတဲ့ မြေပုံပေါ် လက်ညှိုးထောက်ပြလိုက်တယ်။ တခြားသူတွေကတော့ မြေပုံတစ်ခုရဖို့ ခက်ခဲကောင်း ခက်လိမ့်မယ် ဒါပေမယ့် သူက နန်းတွင်းအရာရှိတစ်ယောက်ဖြစ်တာနဲ့အညီ ဒီလောက်ကတော့ အလွယ်လေးပဲ။

သူညွှန်ပြထားတဲ့ အစက်လေးနှစ်စက်က တျန့်ဟိုင်နယ်နဲ့ ဆန့်ကျင်ဘက်မှာ တည်ရှိပြီး မျက်နှာချင်းဆိုင်ဖြစ်နေကြတယ်။

"အရင်မင်းဆက်တွေက ပုဂ္ဂလိကကုန်သည်တွေကို နိုင်ငံရပ်ခြားနဲ့ ကုန်သွယ်မှုမလုပ်ဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့တာကြောင့် ပြင်ပကုန်ဖလှယ်မှုမှန်သမျှဟာ 'ဆက်ကြေးပေးကုန်သွယ်မှု' စနစ်အောက်မှာပဲ ရှိခဲ့တယ်။ ဒီစနစ်ကို လက်ခံတဲ့သင်္ဘောတွေကို 'ဆက်ကြေးဆောင်သင်္ဘော' တွေလို့ ခေါ်တာပေါ့။ ကျားကျင့် လက်ထက်မှာတော့ ဂျပန်အုပ်စု နှစ်စုကြား အခွင့်အရေးအတွက် အငြင်းပွားရာကနေ ပဋိပက္ခ ဖြစ်ပွားခဲ့တယ်။ ဒီရန်ပွဲက မြို့တံခါး မီးလောင်ရာက ငါးကန်ထဲက ငါးတွေပါ မြေစာပင် ဖြစ်ရသလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ များလွန်းတာကြောင့် ကျဲ့ကျန်း ရေကြောင်းကုန်သွယ်ရေးဌာနလည်း ပျက်စီးသွားသလို အရှေ့ပိုင်းဘဏ္ဍာတိုက်လည်း လုယက်ခံလိုက်ရတယ်။ ဂျပန်သံတမန်တွေက သူတို့လူတွေကို တွေ့သမျှ အကုန်သတ်ပြီး ရသမျှ ယူဖို့တောင် ခိုင်းခဲ့သေးတာ။ အဲဒီကိစ္စကြောင့် ကျားကျင့်ဧကရာဇ်က ဒေါသပုန်ထပြီး ကျဲ့ကျန်း ဆိပ်ကမ်းကို ပိတ်ဖို့ အမိန့်ပေးခဲ့တယ်။"

"ရေဆိပ်ပိတ်သွားတဲ့အခါ လဲလှယ်ဖို့ ပြင်ထားတဲ့ ကုန်တွေက ပုံအောကျန်ရစ်ခဲ့တယ်။ အဲဒီတုန်းက နင်းပေါ်ဘက်မှာလည်း အကြီးအကျယ် ငတ်မွတ်ခေါင်းပါးနေတဲ့အချိန်ပေါ့။ ဒီလိုနဲ့ တစ်ယောက်က ကြားဝင်စေ့စပ်ပေးလိုက်လို့ ပြည်တွင်းကုန်သည်တွေက ဒီနေရာကို ဂျပန်သင်္ဘောတွေနဲ့ ပူးပေါင်းမယ့် ပူးပေါင်းမယ့် ဌာနချုပ် သတ်မှတ်လိုက်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေသွားတာနဲ့ အဆက်အသွယ် ဖြတ်လိုက်ကြတယ်။ အဲဒီနောက်ပိုင်း ဒီနေရာဟာ လူသိများတဲ့ မှောင်ခိုဆိပ်ကမ်း ဖြစ်လာခဲ့တာပဲ။ အနှစ် (၂၀) လောက် အခြေခိုင်ခဲ့ပြီးမှ နန်းတွင်းရဲ့ နှိမ်နင်းခြင်းကို ခံလိုက်ရတာ"

ဟူဆန်းရဲ့မျက်လုံးတွေက နားထောင်နေတဲ့တစ်လျှောက်လုံး တဖျက်ဖျက် လက်နေတယ်။ ရွှီထင်းရှန်းက ခဏလောက် တန့်ပြီးတော့မှ ဆက်ပြောတယ်။

“ခပ်မြင့်မြင့်အကျိုးအမြတ်တွေကြောင့် ဒီနေရာက အမျိုးမျိုးသော ကုန်သည်တွေ ပင်လယ်ဓားပြတွေ ရောပြွန်းနေတဲ့ ရေပန်းစားဈေးကွက်ဖြစ်လာတယ်။ ဒီနေရာကြီး ပြိုလဲသွားရတဲ့ အကြောင်းအရင်းကတော့ ဒီနယ်မှာ အရေးပါအရာရောက်တဲ့ ရှဲ့မိသားစုကြောင့်ပဲ သူတို့က ဟုန်းယီလူမျိုးတွေနဲ့ ပြဿနာတက်ရာက စတာပဲ”

163 03

“ရှဲ့မိသားစုက နန်းတွင်းထဲမှာလည်း သူတို့မျိုးနွယ်အမတ်တွေရှိတာကြောင့် ရှိသမျှဈေးကွက်တိုင်းကို လက်ဝါးကြီးအုပ်ဖို့ နည်းမျိုးစုံသုံးခဲ့တော့ ကျန်တဲ့ကုန်သည်တွေက ဒေါသပုန်ထပြီး သူတို့လူတွေကိုသတ် အိမ်တွေကို မီးရှို့ဖျက်ဆီးလိုက်တဲ့အခါ ဂျပန်ပင်လယ်ဓားပြတွေက လူသတ်နေပါတယ်ဆိုပြီး အထက်ကို ပြန်တိုင်လိုက်လေရဲ့”

“ဒါဆို ပြောချင်တာ ဂျပန်ပင်လယ်ဓားပြတွေဆိုတာ တကယ်မရှိဘဲ သူတို့အကျိုးအတွက် နာမည်ခံသက်သက် ယူသုံးထားတယ်လို့လား”

ဟူဆန်းက မေးတော့ ရွှီထင်းရှန်းက ခေါင်းတစ်ချက်ညိတ်ပြရင်း “အမှန်ပဲ ဒါပေမယ့် ပင်လယ်ဓားပြတချို့လည်း တကယ်ရှိခဲ့ပေမယ့် သူတို့က အာရုံစိုက်ရလောက်တဲ့အထိ မဟုတ်ပါဘူး။ တိုက်ခိုက်မှုပြီးတော့ နန်းတော်က ကျဲ့ကျန်းနဲ့ ဖူကျန်းရေလမ်းကြောင်း အုပ်ချုပ်ရေးမှူး ကျူးဝမ်ကို စေလွှတ်လိုက်တယ်။ သူက ဖူကျန်းရေတပ်ဖွဲ့ကို ထူထောင်ပြီး ရွှမ်ယွိဆိပ်ကမ်းကို တစ်ချက်ထဲ ဖျက်ဆီးပစ်လိုက်တာကြောင့် အဲဒီတုန်းက အဲဒီမှာရှိနေခဲ့တဲ့ မှောင်ခိုသမားအများစု တော်တော်အထိနာခဲ့ရတယ်။ ကျွန်းက ပင်လယ်ပတ်ပတ်လည် ဝိုင်းနေတာမို့ ခံတပ်ဆောက်ဖို့ခဲယဥ်းပြီး ဖူကျန်းစစ်သည်တွေကလည်း ငှားရမ်းခဲ့တာဖြစ်သလို ကျဲ့ကျန်းတပ်သားတွေကိုလည်း လာဘ်ထိုးပြီးသွားတော့ ကျူးဝမ်က ရွှမ်ယွိဆိပ်ကမ်းဝင်ပေါက်ကို ကျောက်ကျင်းတွေနဲ့သာ ဖြည့်ဖို့ အမိန့်ပေးလိုက်တယ်။ အဲဒီကစပြီး ရွှမ်ယွိဆိပ်ကမ်းက ရာဇဝင်ထဲက ပျောက်ကွယ်သွားရတော့တာပဲ”

“ဘာကိုပြောချင်တာလဲ သခင်ကြီး။ ဒါဆို အခုအဲဒီနေရာက ပြန်အသက်ဝင်လာပြီလား?”

“နယ်ခံအင်အားကြီးအိမ်တော်တွေက မှောင်ခိုလုပ်ငန်းကရတဲ့ ကြီးမားတဲ့ အကျိုးအမြတ်တွေကို မျက်စိကျနေတာကြာပြီ။ အကြီးတန်းကုန်သည်တချို့ဆိုလည်း သူတို့မိသားစုထဲမှာ နန်းတွင်းအရာရှိ ရှိရင်ရှိ မရှိရင် ကျန်တဲ့အမတ်တွေကို လာဘ်ထိုးပြီး သူတို့စိတ်တိုင်းကျ ခြယ်လှယ်နေကြတာမို့ အရင်ဧကရာဇ်က ပင်လယ်ကူးခွင့် တားမြစ်မိန့်ကို ရုတ်သိမ်းချင်ပေမယ့် လုပ်လို့မရတာ အများအမြင်မှာတော့ ကမ်းရိုးတန်းဒေသက မကြာခဏ ပင်လယ်ဓားပြဒဏ်ခံနေရလို့ နန်းတော်က အရပ်သားတွေကို ရွှေ့ပြောင်းပေးနေရပါတယ်ပေါ့။ တကယ်တမ်းကျ သာမန်လူတွေမရှိလေ သူတို့ ပိုစီးပွားဖြစ်လေမို့လို့ပဲ အခုအဲဒီသင်္ဘောဆိပ်က ကျောက်ကျင်းကနေ တဖန်ပြန်အသက်ဝင်လာခဲ့ပြီ”

“ဒါဆို သခင်ကြီး သွားမယ့်ဒီခရီးက-“

“ဒီခရီးရဲ့ ရလဒ်က မသေချာပါဘူး ငါဒါတွေပြောပြနေတယ်ဆိုတာ မင်းကို အသေးစိတ်အချို့ သိထားစေချင်ရုံပဲ လိုက်မလိုက်ကတော့ မင်းဆုံးဖြတ်ပါ”

“ဘယ်လိုလုပ် နေခဲ့ရမှာလဲ။ ကျုပ်ရဲ့ဟူမိသားစုက မဖြေရှင်းရသေးတဲ့ သွေးကြွေးတွေရှိနေသေးတာကြောင့် သခင်ကြီးရဲ့အကူအညီကနေတစ်ဆင့် လက်စားချေနိုင်ဖို့ မျှော်လင့်နေတာပါ။ ဒါက အန္တရာယ်များတဲ့နေရာဆိုရင်တောင် ကျုပ် ဟူဆန်းက သေတဲ့အထိ အဖော်ပြုပေးသွားပါမယ်”

ရွှီထင်းရှန်းက လျော့ရဲရဲသာပြုံးပြလိုက်ပြီး “ငါ့မှာအာဏာလည်း မရှိသလို နောက်ခံလည်းမရှိဘူး။ ငါ့မှာ မင်းတို့နဲ့ ငါ့မိသားစုပဲရှိတာ။ အခုတော့ သူတို့အားလုံးကို မင်းဆီအပ်လိုက်ပြီ။ ဒီခရီးက အပြန်ကောင်းကောင်း မကောင်းကောင်း ငါ့လက်အောက်မှာ အရည်အချင်းရှိတဲ့သူတွေ ရှိတာနဲ့တင် ကိစ္စအတော်များများ ပြေလည်နေပါပြီ”

“သခင်ကြီး စိတ်ပူစရာမလိုပါဘူး ကျုပ်သိပါတယ်”

ရွှီထင်းရှန်းက ခေါင်းညိတ်ပြလိုက်တော့ ဟူဆန်းက အခန်းထဲကထွက်ဖို့ ပြင်ပြီးမှ တံခါးနားရောက်တဲ့အခါ ရုတ်တရက် လှည့်မေးလာတယ်။

“ဒါနဲ့ ဘာလို့ ဒီလောက်အသေးစိတ်အထိ သိနေရတာပါလဲ”

ရွှီထင်းရှန်းက ခပ်ပါးပါးအပြုံးလေးနဲ့ “ငါ့ကို အိပ်မက်ထဲမှာ လူတစ်ယောက် လာပြောပြသွားတာလို့ ပြောရင် ယုံမလား”

ဟူဆန်းက လက်လျှော့သွားတယ်။ ဒီသခင်ကြီး ရွှီက တစ်ခါတလေ လေးနက်ပြီး တစ်ခါတလေ ပေါ့ပျက်ပျက်နိုင်လွန်းတာကြောင့် သူ့အတွင်းစိတ်ကို တကယ်ခန့်မှန်းမရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဟူဆန်းကတော့ သူ့အပြောကို ဘယ်ယုံမလဲ။ သူက အတွင်းလူတစ်ယောက်ယောက် သတင်းလာပေးထားတယ်လို့ပဲ ကောက်ချက်ချလိုက်တယ်။

ဟူဆန်းက ကျန်တဲ့လူတွေကို လေ့ကျင့်ရေးဆင်းဖို့ သွားတဲ့အချိန် ရွှီထင်းရှန်းက အခန်းထဲမှာထိုင်ရင်း အတွေးနယ်ချဲ့နေပေမယ့် အချိန်တစ်ခုအထိ အိမ်အပြင်က ဘာလှုပ်ရှားသံမှ မကြားရတော့ ရှောင်ဟုန်းကို လှမ်းမေးကြည့်လိုက်တယ်။

163 04

“ရှောင်ဟုန်း ငါ့မိန်းမရော”

အစေခံလေးက အပြင်ကနေပဲ ပြန်ဖြေတယ်။

“သခင်မကို လူတစ်ယောက်လာရှာလို့ ထွက်သွားပါတယ်။ ကျွန်မ အခုချက်ချင်း သွားခေါ်ပေးပါမယ် သခင်ကြီး”

“နေ ကိုယ့်ဘာသာပဲ သွားလိုက်မယ်”

တံခါးအပြင်ဘက်မှာတော့ ကျောက်အာရဲ့အသံက ခနဲ့တဲ့တဲ့ ထွက်ပေါ်လာတယ်။

“ပြောခဲ့တဲ့ စကားတွေအများကြီးဆိုပေမယ့် တကယ်တမ်း ဘာကိုဆိုလိုချင်နေတာလဲ”

“ကျွန်မ ပြောတာတွေအားလုံးကို နားလည်မယ်လို့ ထင်တာပဲ”

“မလည်ပါဘူး။ တချို့လူတွေ ဦးနှောက်ပျက်သွားတာပဲ သိလိုက်တယ်။ ကျွန်မ အရင်က ပြောခဲ့ဖူးတာကို မှတ်မိလား။ အဲဒီဝူ မျိုးရိုးက ခေါင်းထိသွားတာပဲ ဖြစ်မှာဆိုတာလေ ဘယ်လိုတောင် အရှက်မရှိတာလဲ။ သူများလင်ကိုမှ ကြောင်တောင်နှိုက်ချင်တာ လောကကြီးမှာ ယောက်ျားအဲ့သလောက် ရှားသွားလို့လား?”

“နင်…”

“အဲဒီဝူ မျိုးရိုးကိုသိရင် ဆေးခန်းလေး ဘာလေး မြန်မြန်သွားပြလို့ ပြောလိုက် သိလား။ မဟုတ်ရင် သူ့ခေါင်းက ပိုဆိုးလာမှာမို့ ဒါနဲ့ ရှင်ကလည်း ဝူပဲဆိုတာ မေ့သွားတယ်။ ကြည့်ရတာ ရှင်တို့နှစ်ယောက် အမျိုးတော်တာလည်း ဖြစ်နိုင်တာပဲ”

ပူပြင်းနေတဲ့ ရာသီဥတုနဲ့မှမလိုက် ခေါင်းမြှီးလုံနေအောင် ခြုံထားတဲ့ အမျိုးသမီးက ဒေါသထွက်လွန်းလို့ တဆတ်ဆတ်တုန်နေတယ်။

“သေရေးရှင်ရေးကလွဲလို့ ဒီကိုထပ်မလာခဲ့နဲ့။ ရှင့်လိုလူကို မသိဘူး”

အဲဒီလိုပြောပြီးတာနဲ့ သူမက ချက်ချင်း ကျောပေးလှည့်ထွက်လာခဲ့တယ်။ ထိုအခါ အနောက်က အေးတိအေးစက်ရယ်သံတစ်ခု ထွက်လာပြီး “သိပ်လည်း လျှာစောင်းထက်မနေပါနဲ့။ တစ်နေ့ကျ ရှင့်ကိုရွေးခဲ့လို့ သူ အကြီးအကျယ် နောင်တရနေမှာကို မြင်ယောင်သေးတယ်။ အဲဒီအခါ ရှင်သူ့ကို ဘယ်လိုမျက်နှာချင်းဆိုင်မှာလဲ”

လှည့်ကြည့်လာတဲ့ ကျောက်အာရဲ့မျက်ဝန်းတွေက ယုံကြည်မှုနဲ့အတူ ရွှန်းလဲ့နေတယ်။

“ဘာလို့မျက်နှာချင်း မဆိုင်ရဲရမှာလဲ။ သူနဲ့ကျွန်မက လင်မယားတွေ အရင်ထဲက ကျွန်မတို့နှစ်ယောက်အတူ ကျော်ဖြတ်လာခဲ့တဲ့ အခက်အခဲတွေက ရှင့်လို သခင်မလေးတစ်ယောက် မှန်းဆနိုင်တာထက် အများကြီး ကျော်လွန်တယ်။ တကယ်လို့ တစ်နေ့ သူကောင်းစားဖို့အတွက် ကျွန်မကို စွန့်ပစ်ပြီး သခင်မလေးတစ်ယောက်နဲ့ ယူလိုက်မယ်ဆိုလည်း ကျွန်မက ကိုယ့်ဟာကိုယ် နောက်ဆုတ်ပေးလိုက်မှာ။ ဒါပေမယ့် စိတ်မပူနဲ့ အဲဒါက သေချာပေါက် ရှင်ဖြစ်မှာတော့ မဟုတ်ဘူး။ အဲဒီအခါကျ ရှင်က ရှုံ့တွနေတဲ့ အသီးအရွက်လို အိုသွားမှာမို့လို့လေ။ ရှာမယ့်ရှာ နုပျိုပြီး လှတပတ ကောင်မလေး ငယ်ငယ်ပဲ ရှာမှာပေါ့”

အားရပါးရ ပြောပြီးတာနဲ့ ကျောက်အာက တံခါးကို ဂျိန်းခနဲနေအောင် ဆောင့်ပိတ်သွားပြီး အထဲက ဂျက်ပါထိုးလိုက်သေးတယ်။ ဒေါသကြောင့် မျက်နှာက တော်တော်နီရဲနေပြီး နောက်လှည့်လိုက်တော့ အရိပ်တစ်ခုကို တွေ့လိုက်ရတယ်။

“ဘာဖြစ်တာလဲ။ ဘယ်သူလာရှာတာလဲ?”

“ဘယ်သူဖြစ်ရမလဲ။ ဦးလေး သာ့နီအာတို့ အဒေါ်အကြီးဆုံးရဲ့သမီးပေါ့။ အစကတည်းက သူက ကျွန်မတို့ဆီမှာ အလုပ်လုပ်ချင်နေတာ။ ဒါပေမယ့် ကျွန်မက ငြင်းထားလို့ ဒီလို လာလာပြောနေတာ ဘယ်နှစ်ခါရှိပြီလဲတောင် မသိတော့ပါဘူး”

ရွှီထင်းရှန်းလည်း ဒါကိုသိပါတယ်။ ဒါပေမယ့် ကျောက်အာက မလုပ်စဖူး နေ့ခင်းကြောင်တောင် တံခါးကို ဂျက်ထိုးထားတာမြင်တော့ မေးလိုက်ချင်ပေမယ့်လည်း သူမက လက်ကနေဆွဲခေါ်ပြီး သာ့နီအာတို့အိမ်အကြောင်းပဲ ဆက်တိုက်ပြောနေတော့ မေးချိန်မရလိုက်ဘူး။

“ဒါနဲ့ ကျွန်မတို့ ဘယ်တော့ထွက်မှာလဲ”

“နောက် ၁၀ရက်လောက် စောင့်ကြတာပေါ့ အချိန်တွေ အများကြီးရှိပါသေးတယ်”

ကျောက်အာက သူ့ကိုကြည့်ပြီး ရုတ်တရက် ထပြောတယ်။

“ဒါဆိုလည်း ကျွန်မအထုပ်တွေကို ထပ်စစ်ကြည့်ရဦးမှာပေါ့။ ဒီလိုခရီးရှည်ကြီးမှာ ဘာမှမေ့ကျန်ခဲ့လို့မရဘူး”

သူမက ပွစိပွစိပြောရင်း အိမ်ထဲပြန်ဝင်သွားတယ်။ ရွှီထင်းရှန်းကတော့ အလောတကြီး ထွက်သွားတဲ့ ပုံရိပ်လေးကိုသာ ပြုံးကြည့်နေမိတော့တယ်။ ၁၀ရက်ကြာတော့ ရွှီထင်းရှန်းတို့အဖွဲ့ တိတ်တဆိတ်ပဲ ထွက်လာကြတယ်။

သူက မိသားစုနဲ့အပေါင်းအသင်းတွေကို ကြိုတင်နှုတ်ဆက်ခဲ့ပြီး ဒီမြို့တော်ကြီးကိုလည်း နောက်ဆုံးတစ်ကြိမ်အဖြစ် စိတ်ထဲက လက်ပြခဲ့လိုက်တယ်။ ဒီခရီးက မိုင်ပေါင်းများစွာ ကွာဝေးတာကြောင့် ဘယ်တော့မှ သူ ဒီအရပ်ကို ပြန်ခြေချနိုင်မလဲ မသိသေးပါဘူးလေ။

…………

******

164 01

အခန်း ၁၆၄

တျန့်ဟိုင်နယ်ဟာ မူလက 'ဝမ့်ဟိုင်'လို့ အမည်တွင်ခဲ့တာပါ။ ဆယ်စုနှစ်များစွာ နာမည်အမျိုးမျိုး ပြောင်းလဲခဲ့ပြီးနောက် ပြီးခဲ့တဲ့မင်းဆက်ကျမှသာ 'တျန့်ဟိုင်'လို့ ပြန်လည်ကင်ပွန်းတပ်ခဲ့တာ ဖြစ်တယ်။

ပင်လယ်ငြိမ်မှ လှိုင်းငြိမ်မယ်ဆိုတာကလည်း နင်းပေါ်စီရင်စုအတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာ ထုတ်မပြောလည်း သိသာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိတျန့်ဟိုင်နယ်ကတော့ အရင်က စည်ပင်ကြွယ်ဝမှုတွေ ဝေးလို့ အတော်လေး ခြောက်ကပ်ပျက်စီးနေတာတော့ စိတ်မကောင်းစရာပဲ။

ရွှီထင်းရှန်းတို့အဖွဲ့က တောင်ဘက်ထုန်ကျိုးကနေ မဟာတူးမြောင်းကြီးအတိုင်း တောက်လျှောက်တက်လာကာ ရှောင်ရှင်းမှာ ခရီးတစ်ထောက်နားပြီး လှေပြောင်းစီးမှ တျန့်ဟိုင်ကို ဆက်သွားနိုင်မှာဖြစ်တယ်။

ကံကောင်းထောက်မစွာနဲ့ သူတို့က အထက်က သတ်မှတ်ထားတဲ့ ကန့်သတ်ရက်မတိုင်ခင် ရက်အနည်းငယ်မှာပဲ မစောလွန်း မနောက်ကျလွန်းနဲ့ ရောက်ရှိသွားကြတယ်။ အခုခေတ်မှာ အုပ်ချုပ်ရေးမှူးတစ်ယောက် ပြောင်းတိုင်း အရင်လူက အသစ်လက်ထဲ ကိုယ်တိုင်ကိုယ်ကျ အရာရှိတံဆိပ်တုံး လွှဲပြောင်းပေးပြီးမှ သွားလို့ရတယ်။

ရွှီထင်းရှန်းတို့ မြို့ဝစရောက်တဲ့အခါ ဟူဆန်းက သူ့လူတစ်ယောက်နဲ့ အရင်ကြိုသတင်းပေးထားလိုက်ချင်ပေမယ့် ရွှီထင်းရှန်းက တားလိုက်တာကြောင့် သူတို့အုပ်စုက လမ်းတစ်လျှောက်က မရင်းနှီးတဲ့ရှုခင်းတွေကိုသာ ငေးရင်း ကြည့်ရင်း ကုန်းလမ်းခရီးကို စတင်ခဲ့လိုက်တယ်။

သုံးလေးရက်လောက်နေတော့ သူတို့ နောက်ဆုံး တျန့်ဟိုင်နယ်ထဲ ခြေချနိုင်ခဲ့တော့တယ်။ တျန့်ဟိုင်က မြို့နယ်ပေါင်း ၁၀ခု ၉၆ခုသော ရွာကြီးရွာငယ်တွေနဲ့ ဖွဲ့စည်းထားပြီး အိမ်ခြေပေါင်း ၃၀,၀၀၀ ကျော်ရှိတဲ့ ခရိုင်ကြီးတစ်ခုဖြစ်တယ်။

ဒေသခံတွေက လယ်ယာလုပ်ငန်း ၊ ငါးဖမ်းခြင်းတို့နဲ့ အသက်မွေးပြီး တျန့်ဟိုင်မှာ စုစုပေါင်း ဆားခင်း ၄ခုရှိတာမို့ နင်းပေါ်စီရင်စုကြီးတစ်ခုလုံးရဲ့ ၄၀ရာခိုင်နှုန်းလောက်ကို ထုတ်လုပ်ပေးနိုင်တယ်။ ဒါကြောင့်လည်း ဆားမြို့တော်လို့ လူသိများပြီး ဒေသခံတွေကလည်း အတော်လေး ကြွယ်ဝချမ်းသာစွာ နေနိုင်ကြတယ်။

ဒါပေါ့ ဒါက လူကြားကောင်းအောင် အပေါ်ယံသက်သက်ပဲပေါ့။ အမှန်က သာ့ချန်မင်းဆက် စတည်ကတည်းက နန်းတော်က ဒေသခံတွေကို ကြိမ်ဖန်များစွာ နေရာထိုင်ခင်း ရွှေ့ပြောင်းခဲ့တာကြောင့် ပထမဆုံး ကျိုးရှန်ကျွန်းစုက လူတွေအားလုံး ပြည်မကြီးထဲကို အတင်းထိုးထည့်ခံခဲ့ရတယ်။

နောက်တော့ ချန်ထျန်းရဲ့ ၂၅နှစ်မြောက်မှာလည်း ၅၀ လီလောက် ကုန်းတွင်းပိုင်းကျတဲ့နေရာအထိ ပြောင်းရွှေ့ခံခဲ့ရပြန်တယ်။ အခု ငါးဖမ်းလှေတွေဆိုတာ ကမ်းရိုးတန်းတစ်လျှောက် ဘယ်မှာမှ ရှာမရတော့ဘဲ ဆားခင်းနှစ်ခုဟာလည်း အတင်းအဓမ္မ ပိတ်ခံလိုက်ရသေးတယ်။

ခရီးလမ်းတစ်လျှောက်လုံး ပြည်သူအများစုက လေလွင့်နေကြပြီး မရှိတဲ့သူကလည်း ဆင်းရဲနွမ်းစုတ်လွန်းပြီး ရှိသူတွေကျတော့လည်း မြို့တော်က သခင်လေး သခင်မလေးတွေထက်တောင် တောက်ပြောင်နေတယ်။

ကျောက်အာတောင်မှ တစ်ခုခုလွဲမှားနေတာ သတိထားမိတယ်။ ဘာလို့ဆို ဘယ်လိုသာမန်ဈေးသည်တွေက ဓားတွေ လက်နက်တွေကို ခါးကြားထိုးထားလို့လဲ။ ကိုယ်အုပ်ချုပ်မယ့်ဒေသ အကြောင်းသိချင်ရင် ခရိုင်ရုံး တိုက်ရိုက်သွားလိုက်တာနဲ့ မလုံလောက်ဘူး။

အောက်ခြေက သာမန်လူတွေရဲ့ အခြေအနေကို သေချာအကဲခတ်ဖို့လည်း လိုသေးတယ်။ ဒီအကြံပြုချက်ကို ရွှီထင်းရှန်း တလောလေးကမှ ရှောင်ရှင်းမှာ ခန့်ထားခဲ့တဲ့ ငွေကြေးစာရေး ပေါင်ယိရှင်းက ပေးခဲ့တာဖြစ်တယ်။

ရွှီထင်းရှန်းကလည်း သူ့စကားကို စိတ်ထဲထားပြီး ရုံးတော် မှာတံဆိပ်တုံးသွားယူဖို့ မလောဘဲ ခြေကျင်ခရီးတစ်လျှောက်မှာတင် အားလုံးကို သေချာစောင့်ကြည့်လေ့လာခဲ့တယ်။ အိပ်မက်ထဲမှာရော လက်တွေ့မှာပါ ကျဲ့ကျန်းကို မရောက်ဖူးတာကြောင့် ဒါက ရွှီထင်းရှန်းအတွက်တော့ အတော်လေး အကျိုးရှိတဲ့နည်းလမ်းကောင်းတစ်ခုပဲ။

သူက ကျဲ့ကျန်း တျန့်ဟိုင်နယ်ဆိုတာကို မှောင်ခိုကုန်သည်တွေဆိကနေပဲ ကြားခဲ့ဖူးတာ။ သူ့အိပ်မက်ထဲမှာတော့ အဲဒီလူတွေဆီက တံစိုးလက်ဆောင်တွေ မနည်းမနောရခဲ့ပေမယ့် သူက ငွေပဲမြင်ပြီး နောက်ကွယ်က ရည်ရွယ်ချက်တွေကို နားမလည်ခဲ့ဘူး။

164 02

အခုသူက ရာထူးကြီးသူအဖြစ်နဲ့ ပြောင်းရွှေ့ခံလိုက်ရတယ်ဆိုတော့ ဒီကိစ္စမှာ ဧကရာဇ် ကျားချန်ကလည်း သူ့ကို တိတ်တဆိတ် စမ်းသပ်ချင်ပုံရတယ်။ ကောင်းကောင်းလုပ်နိုင်မလား မလုပ်နိုင်မလားကတော့ ရွှီထင်းရှန်းရဲ့ ပါးနပ်မှုအပေါ်ပဲ မူတည်တော့တယ်။

ပေါင်ယိရှင်းကတော့ ရှောင်ရှင်းကနေ သူ အထူးတလယ် ဖိတ်ခေါ်ထားတဲ့ အကြံပေးတစ်ယောက်ပဲ။ ရှောင်ရှင်းဆိုတာ သယံဇာတ ပေါကြွယ်ဝပြီး လူရည်ချွန်တွေလည်း အမြောက်အမြား ပေါ်ထွက်လေ့ရှိတဲ့ နေရာတစ်ခုဖြစ်တယ်။

အရာရှိအသိုင်းအဝိုင်းမှာ ဒေသတိုင်း သူ့ဟာနဲ့သူ စာရေး လက်ထောက် အတော်များများ ရှိကြပေမယ့် ‘ရှောင်ရှင်းအရာရှိတွေ မပါရင် ရုံးတော် မလည်ပတ်နိုင်ဘူး’ဆိုတဲ့ ဆိုရိုးစကားက အလကားဖြစ်လာတာမှ မဟုတ်တာ။

အိပ်မက်ထဲမှာတော့ ရွှီထင်းရှန်းက အဆက်အသွယ်မရှိတဲ့ တက်သစ်စလေးရဲ့ ကြီးမားတဲ့ခဲယဥ်းမှုတွေကို ကြုံတွေ့ခဲ့ဖူးပြီးပြီ။ အခွင့်အရေး တစ်ကြိမ်ထပ်ရှိလာမှတော့ တူညီတဲ့အမှားမျိုး နှစ်ခါထပ်မလုပ်ချင်တော့ဘူး။

အဲဒါကြောင့် သူက ဒီကိုမလာခင် ရှောင်ရှင်းကို တကူးတက သွားရောက်ခဲ့တာ။ ဘယ်လိုမဆို လူတိုင်း သူ ရှောင်ရှင်းကို တစ်ပတ် ပတ်လိမ့်မယ်လို့ မထင်မှတ်ထားတာကြောင့် ရွှီထင်းရှန်းက သူ့လိုသူစိမ်းက သူတို့ထဲက တစ်ယောက်ဖြစ်မလာမှာကို မစိုးရိမ်ခဲ့ဘူး။

ဘယ်လိုမဆို လောကကြီးက ငွေနောက် တရားပါမို့လို့ ပိုက်ဆံခွံ့ပြီး အနာဂတ်ကောင်းတစ်ခု ရစေရမယ်လို့ မျှားလိုက်ရင် ပါလာမယ့်သူတွေ တစ်ပုံကြီးပဲ။ ရွှီထင်းရှန်းမှာ ငွေရှားမနေသလို နန်းတွင်းစာမေးပွဲမှာ တစ်နိုင်ငံလုံး ထိပ်တန်းဆိုတာနဲ့တင် လူအများကို ဆွဲဆောင်ထားနိုင်နေပြီ။

အဲဒါကြောင့် ရွှီထင်းရှန်း ဘေးရပ်နေရတဲ့ ပေါင်ယိရှင်းရဲ့နေရာကတောင် လွယ်သယောင်ထင်ရပေမယ့် သူလည်း သူ့ဟာနဲ့သူ ပြိုင်ဖက်အများကြီးကို ဖြတ်ကျော်လာခဲ့ရတာပါပဲ။ နောက်ပြီး ဟို့ဝမ်ချန်းလို့အမည်ရတဲ့ ရှောင်ရှင်းက လူတော် တရားဝင်အကြံပေးတစ်ယောက်လည်း ရှိသေးတယ်။

ဒီအကြံပေးနှစ်ယောက်က အပေါ်ယံမှာသာ အလှည့်ကျထမ်းဆောင်နေပေမယ့် နောက်ကွယ်မှာ ညာလက်ရုံးနေရာရဖို့အရေး အပြင်းအထန် ယှဥ်ပြိုင်နေကြတာ သူသိတာပေါ့။ ဘာမှမသိတဲ့ ကျောက်အာကတော့ ဒီနေ့ ဖက်တီးအကြံပေးဆို နောက်တစ်နေ့ကျ ပိန်ပိန်နဲ့တစ်ယောက် ပြောင်းသွားတာပဲ သတိထားမိတယ်။

သူတို့နှစ်ယောက်လုံးက အလုပ်ရှင်သစ်ရဲ့ ပ,စားပေးခံရဖို့အတွက် ဒီနယ်နဲ့ပတ်သက်တဲ့ သမိုင်းကြောင်းကအစ လက်ရှိအရပ်သားတွေရဲ့ နေထိုင်မှုအဆုံး ခရေစေ့တွင်းကျ ရှာဖွေပြီး တင်ပြကြတာကြောင့် ကျောက်အာတောင်မှ တစ်လ ငွေတုံး ၂၀လောက် အကုန်ခံလိုက်တာ တန်တယ်လို့ တွေးမိတယ်။

ဟုတ်တယ် ဒီအကြံပေးနှစ်ယောက်ကို ဒီလိုမြင့်တဲ့ လစာနဲ့ခန့်ထားခဲ့တာ အစိုးရက ချပေးတဲ့ ခရိုင်မှူးရွှီထင်းရှန်းတောင် သူတို့လောက် မရဘူး။ ဒီနေရာမှာ နန်းတော်ထဲက သတ္တမအဆင့် အရာရှိတွေကလည်း ဒီလောက်လစာနည်းတယ်ဆိုတာ သိထားရမယ်။

“သာမန်လူတွေ ဒိလောက် တုတ်ကိုင် ဓားကိုင်ဖြစ်နေတာ သက်ဆိုင်ရာက အရေးမယူဘူးလား”

ကျောက်အာက အံ့ဩတကြီးမေးတဲ့အခါ ပေါင်ယိရှင်းက သေချာရှင်းပြတယ်။

“ဆရာကတော် မသိလို့ ဒီနေရာက တခြားပြည်မကြီးက နေရာတွေနဲ့မတူဘူး။ မကြာခဏဆိုသလို ပင်လယ်ဓားပြတွေက နယ်စပ်ကို ကျူးကျော်တတ်ကြတာမို့ ဓားကိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့သက်သက်ပဲ။ ဒါကြောင့်လည်း အာဏာပိုင်တွေက အရေးမယူကြတာ”

“ပင်လယ်ဓားပြတွေ”

ဒါက ကျောက်အာအတွက် ပင်လယ်ဓားပြဆိုတာ ပထမဆုံးကြားဖူးခြင်းမို့ အရမ်းထိတ်လန့်သွားတာ မဆန်းပါဘူး။ ရွှီထင်းရှန်းကတော့ ပေါင်ယိရှင်းကို တစ်ချက် စူးစိုက်ကြည့်လိုက်ပြီးမှ သူမကို အသာနှစ်သိမ့်ပေးလာတယ်။

“သူလျှောက်ပြောတာတွေ နားမထောင်နဲ့။ အဲဒါက ဖြစ်တောင့်ဖြစ်ခဲကိစ္စမျိုးပါ နေ့ခင်းကြောင်တောင်ကြီး ဘယ်သူမှ လာမကျူးကျော်ပါဘူး”

“ဂျပန်ပင်လယ်ဓားပြတွေ လာနေပြီ ပြေးဟေ့”

164 03

ဒါကတော့ သူ့စကားမဆုံးခင် လူအုပ်ကြီး ဝရုန်းသုန်းကားဖြစ်သွားပြီး ကြားလိုက်ရတဲ့သတင်းပဲ။ သူတို့အုပ်စုက အနောက်ဈေးဆိုင်တွေအားလုံး ပြူတင်းပေါက်နဲ့တံခါးတွေ ဘုန်းကနဲဆွဲပိတ်ပြီး ပျံကျဈေးသည်တွေဆိုလည်း ကိုယ့်ပစ္စည်းကိုယ် ကောက်သိမ်းကာ ထွက်ပြေးသွားတာကို ငိုင်ငိုင်ကြီး လိုက်ကြည့်နေမိတယ်။

မျက်တောင်တစ်ခတ်အတွင်းမှာတင် လမ်းပေါ်က လူအားလုံး ခွေးတစ်ကောင် ကြောင်တစ်မြှီးကအစ ပျောက်ချင်းမလှ ပျောက်သွားပြီး ဟိုတစ်စ ဒီတစ်စ ပစ္စည်းအကျန်တွေနဲ့ လေထဲတွဲလဲခိုနေတဲ့ ဆိုင်းဘုတ်တွေသာ ကျန်ခဲ့တယ်။

အခုဆို သူတို့အုပ်စုပဲ လမ်းလယ်ခေါင်မှာ ထီးထီးကြီး ကျန်ခဲ့တော့ ကျောက်အာက ရွှိထင်းရှန်း လက်ဖျားစကို လှမ်းဆွဲရင်း စိုးရိမ်တကြီး ဆိုတယ်။

“သူတို့အကုန် ထွက်ပြေးသွားကြပြီ။ ငါတို့ရော ပြေးကြမလား”

ဒါပေမယ့် သူမအမေးက သိပ်နောက်ကျသွားခဲ့တယ်။ မရှေးမနှောင်းမှာတင် ဆယ်ချီနဲ့မြင်းခွာသံတွေနဲ့ ထူးဆန်းတဲ့ အော်ဟစ်သံတွေက အဝေးတစ်နေရာကနေ နီးကပ်လာတယ်။ မြင်းပေါ်ကလူအားလုံး ထူးထူးဆန်းဆန်းတွေ ဝတ်ထားပြီး စုတ်ဖွာနေတဲ့ ဆံပင်ရှည်ကြီးတွေကြောင့် သူတို့မျက်နှာကို အတိအကျ မမြင်ရဘူး။

လက်ထဲမှာရော ခါးကြားထဲမှာပါ ရှိသမျှလက်နက်အစုံ ကိုင်ထားပြီး တချို့ဆို ဟင်းချက်ဓားမတွေနဲ့မို့ သူများအိမ်က ခိုးလာတာဖြစ်လောက်တယ်။ သူတို့အုပ်စုရဲ့ အရှေ့ဆုံးက နှစ်ယောက်သာ အသွားချွန်ထက်တဲ့ ဂျပန်ရိုးရာဓားရှည်တွေ ကိုင်ဆောင်ထားကြတယ်။

“သွားပြီ”

ကျောက်အာက စိတ်ထဲအော်လိုက်မိပြီး ဟုန်အာကို ရင်ခွင်ထဲဆွဲသွင်းကာ ရွှီထင်းရှန်းလက်ကို အားကိုးတကြီး လှမ်းဆွဲရင်း အနားတိုးကပ်လိုက်မိတယ်။ တစ်လမ်းလုံးမှာ သူတို့ပဲရှိတာမို့ ဒီလူတွေရဲ့ ပစ်မှတ်က ဒီကိုပဲရောက်လာမှာ မလွဲမသွေပဲ။

“ဒီထဲမှာ မိန်းမလှလေးတွေလည်း ပါတာပဲ …”

အဖွဲ့ထဲက တစ်ယောက်က ထူးဆန်းတဲ့ဘာသာစကားနဲ့ သူတို့ကို သွားရည်တမြမြ မျက်လုံးတွေနဲ့ ကြည့်လာတယ်။ ပေါင်ယိရှင်းကတော့ ကြောက်လွန်းလို့ ဒူးတောင် မခိုင်ချင်တော့ဘူး။ ရှောင်ရှင်းနဲ့ နင်းပေါ်ဆိုတာ ဘေးချင်းကပ်မို့ ဓားပြတွေ လာကျူးတတ်ကြောင်း ကြားဖူးနားဝတော့ ရှိခဲ့တယ်။

ဒါပေမယ့် စစလာချင်းနေ့မှာတင် ပက်ပင်းတိုးတဲ့အထိ ကံခေလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။

သို့သော် အခုမှ နောက်လှည့်ပြေးတာက အရမ်းနောက်ကျသွားပြီဆိုတာ သိထားတာမို့ ရှိသမျှ သတ္တိစုကာ ရှေ့တက်လိုက်တယ်။

“မင်းတို့ ကိုယ့်အတွက်ကိုယ်ငဲ့ပြီး ချက်ချင်း ပြန်လိုက်တာ ကောင်းမယ်။ ငါတို့ဆရာက ဘယ်သူလဲ သိလား”

ထိုလူတွေက ဝါးလုံးကွဲထရယ်ကြတော့တယ်။ သူတို့ရယ်သံတွေက ငှက်ဆိုးထိုးသံတွေလိုမျိုးမို့ ကျောက်အာက ဟုန်အာလေး လန့်သွားမှာစိုးပြီး ခပ်မြန်မြန် လက်တစ်ဖက်နဲ့ နားပိတ်ပေးလိုက်ပေမယ့် သားဖြစ်သူကတော့ ကြောက်ရမယ့်အစား သူမလက်ကို ပြန်ဖယ်ပြီး ထိုလူတွေကို စိတ်ဝင်တစားတောင် ခိုးကြည့်နေလိုက်သေးတယ်။

ရယ်လို့ဝတော့ သူတို့ထဲကတစ်ယောက်က စိမ်းသက်တဲ့အသံတုန်းနဲ့ “ငါတို့ ဘယ်သူလဲရော သိလား။ မင်းက သိပ်သတ္တိကောင်းနေတာပဲ ဝလည်းဝတော့ အခုသာ ငါတို့မင်းကို သတ်ပြီး ချက်စားလိုက်ရင် တော်တော်ဗိုက်ပြည့်သွားမှာ”

ပေါင်ယိရှင်းရဲ့မျက်နှာက အုပ်စုထဲက ကျောက်အာအပါအဝင် တခြားမိန်းကလေးတွေနည်းတူ ဖြူဖျော့သွားတယ်။ ဟူဆန်းနဲ့ယောကျ်ားလေးတွေကတော့ အရှေ့ကလူတွေကို စူးစိုက်သာ ကြည့်နေပေးလိုက်တယ်။

ဟူဆန်းကလွဲရင် ကျန်တဲ့လူတွေလည်း အတော်လေး ကြောက်လန့်နေပေမယ့် အခုချိန် ပြန်လှည့်တာက အကျိုးမရှိမှန်းတော့ သူတို့သိကြတယ်။ သို့သော် ရွှီထင်းရှန်းကတော့ ဒါတွေအားလုံး မကြားတဲ့အတိုင်း အတော်လေး တည်ငြိမ်နေပြီး ထိုအုပ်စုကိုကျော်ကာ လမ်းထောင့်တစ်နေရာကိုပဲ လှမ်းကြည့်နေတယ်။

“သူတို့ ဘာလို့မရောက်သေးတာပါလိမ့်”

164 04

ဖရိုဖရဲတွေကြားထဲ တစ်ယောက်တည်းကွက်ပြီး ရေရွတ်နေတဲ့ပုံက ကွဲထွက်နေတာမို့ သူတို့ကလည်း သေချာပေါက် သတိထားမိသွားတာပေါ့။

“မင်းက ဘယ်ကိုကြည့်နေတာလဲ?”

ဒီလူကတော့ တကယ်ကြီး တရုတ်စကား ပြောတတ်တယ်။ ဒါပေမယ့် သူ့အသံထွက်လာတာနဲ့ ခေါင်းဆောင်ဆီက စူးရဲတဲ့အကြည့်တစ်ချက် ရလိုက်တယ်။ ထိုအချိန်မှာပဲ ရွှီထင်းရှန်း ဘယ်ကိုကြည့်နေတာလဲဆိုတာ သူတို့သိလိုက်ရပါတယ်။

ဗျိုင်းပုံသဏ္ဍာန်ဖော်ထားတဲ့ ဝတ်ရုံနဲ့အရာရှိတစ်ယောက်က လမ်းထောင့်ကျိုးက ပြေးထွက်လာတယ်။ ဒီလူက တျန့်ဟိုင်နယ်ရဲ့ အရင်အုပ်ချုပ်ရေးမှူးဟောင်း လျိုပိချန်းပဲ။ သူ့နောက်မှာတော့ လက်အောက်ငယ်သား စုစုပေါင်း ၃၄ယောက်လောက် လိုက်ပါလာတယ်။

လျိုပိချန်းက ဟောဟဲလိုက်နေပြီး ဓားပြတွေကိုမြင်တာနဲ့ ခြေလှမ်းတွေရပ်ကာ ရွှီထင်းရှန်းကို အရင်နှုတ်ဆက်တယ်။

“ခရိုင်မှူးရွှီ ကျုပ်နောက်ကျသွားလို့ စိတ်ပူစေခဲ့မိပါပြီ”

တစ်ချိန်တည်းမှာပဲ သူက အနောက်ကလူတွေကို စိတ်ဆိုးမာန်ဆိုးနဲ့ အမိန့်ပေးလိုက်တယ်။

“သူတို့ကို ဖမ်းစမ်း လူကြီးမင်းရွှီကို နှောင့်ယှက်ရဲတာ။ ဖမ်းမိတာနဲ့ အညှာအတာမရှိ ကွပ်မျက်ခံရမယ်မှတ်”

ထိုအခါ ‘တက်ကြ’ဆိုတဲ့ဟစ်ကြွေးသံတွေနဲ့အတူ နှစ်ဖက်က အပြင်းအထန် ဓားချင်းယှဥ် သတ်ပုတ်ကြတော့တယ်။ ဒါပေမယ့် အထိနာနေတဲ့ဘက်က ဂျပန်ပင်လယ်ဓားပြတွေဖြစ်နေတော့ မဟန်တော့တာသိတဲ့ ခေါင်းဆောင်က တပ်ဆုတ်ဖို့ လှမ်းအော်လိုက်တယ်။

သူတို့ထွက်ပြေးသွားတဲ့အထိ သင်းယွမ်ကောင်တီက အစောင့်တွေက လိုက်ဖမ်းတာ ရွှီထင်းရှန်းတို့နှစ်ယောက် လူမှုရေးအရ နှုတ်ဆက်စကားတွေဆိုပြီးတော့မှ ပြန်ရောက်လာပြီး တင်ပြတယ်။

“ခရိုင်မှူးရွှီကို တင်ပြပါတယ်။ အဲဒီဂျပန်တွေက သိပ်လည်လွန်းတယ်။ သူတို့က မြင်းတွေကိုတောင် မြို့ပြင်မှာ ပစ်ထားခဲ့ပြီး ခြေရာဖျောက်သွားတာကြောင့် ဒီငယ်သားတွေ မဖမ်းလိုက်နိုင်ပါဘူး။ အသုံးမကျမှုအတွက် ခွင့်လွှတ်ပေးပါ”

တပ်ဖွဲ့ခေါင်းဆောင်ဖြစ်ပုံရတဲ့ သူ့နောက်က လိုက်လာတဲ့လူအများစုကလည်း ခြေတစ်ဖက် ထော့နဲ့နေတာနဲ့ ခေါင်းကွဲလက်ကျိုးဖြစ်နေတဲ့သူတွေချည်းပဲဆိုတော့ သူတို့အတတ်နိုင်ဆုံး ကြိုးစားခဲ့တာ သိသာတယ်။

လျိုပိချန်းက သက်ပြင်းချလိုက်ပြီး “ကဲပါလေ မင်းတို့တာဝန်ကျေခဲ့ပါတယ်။ မင်းတို့အပြစ်မဟုတ်ဘဲ ဒီကောင်တွေကိုယ်၌က လေတစ်သုတ်လို လျင်မြန်လွန်းတာ ငါ ဒီကိစ္စကို တျန့်ဟိုင်ခံတပ်ကို တင်ပြပြီး အမြစ်ပြတ်ရှင်းဖို့ တပ်ဖွဲ့တစ်ခု စေလွှတ်ခိုင်းလိုက်ပါမယ်”

“လူကြီးမင်းရွှီ ကျုပ်နဲ့ရုံးတော်ကို မြန်မြန်ပြန်လိုက်ခဲ့ပါ။ ဧည့်သည်ကို ခြောက်လှန့်မိသွားတဲ့အတွက် ကျုပ်တို့က ပွဲတော်တည်ပြီး ပြန်ကျွေးမွေးပါရစေ”

ရွှီထင်းရှန်းက ဟူဆန်းကို မျက်စိနဲ့ပဲ ကျောက်အာတို့ကို သေချာကာကွယ်ပေးဖို့ အချက်ပြလိုက်ပြီး လျိုပိချန်းနဲ့အတူ ကောင်တီအုပ်ချုပ်ရေးရုံးကို လိုက်လာခဲ့တယ်။ ရုံးတော်က သိပ်မဝေးတာကြောင့် နှစ်ယောက်သားက ခြေကျင်ခရီးနှင်ရင်း စကားစမြည် ပြောဆိုလာခဲ့ကြတယ်။

“လူကြီးမင်းလျို ဒီလိုကိစ္စမျိုးက မကြာခဏ ဖြစ်နေကျပဲလား။ အခုလေးတင် ပြည်သူအတော်များများက ပုန်းအောင်းထွက်ပြေးဖို့ ကျွမ်းကျင်နေတာ မြင်ရတာ သူတို့မှာ အတွေ့အကြုံတွေ အများကြီးရှိပုံပဲ။ လူကြီးမင်းအနေနဲ့ ဒီတျန့်ဟိုင်နယ်က နယ်စပ်မြို့လေးမဟုတ်ဘူးဆိုတာ သိမှာပါ”

“ဟူး လူကြီးမင်းရွှီမသိလို့ ဒီလူတွေက အများအားဖြင့် ပစ္စည်းတချို့ပဲ လုတာ လူတွေကိုတော့ အန္တရာယ်မပေးတတ်ဘူး။ သင်းယွမ်ကောင်တီက ပင်လယ်နဲ့နီးတော့ ငတ်ပြတ်နေတဲ့ ပင်လယ်ဓားပြတချို့က ကမ်းပေါ်တက်ပြီး ရမ်းကားတတ်တယ်။ ပြောတော့မှ ကျုပ်တို့အပေါ် ချပေးထားတဲ့ အစောင့်အင်အားကလည်း ပြောသလောက်မများတော့ အခက်တွေ့ရတာ အမှန်ပဲ”

“ဒီလိုလား သိပါပြီ”

164 06

ရွှီထင်းရှန်းရဲ့မျက်လုံးတွေက ဖျက်ခနဲလက်သွားပေမယ့် သူက ဘာမှတော့ ထပ်မမေးလာဘူး။ နောက်တော့ လျိုပိချန်းက သူ့ကို လောလောဆယ်ဖြစ်ပျက်သွားတဲ့ ပြည်တွင်းအရေးတွေနဲ့ စီမံကိန်းတွေကို အတိုချုံ့ရှင်းပြတယ်။

ပြောရင်းဆိုရင်းနဲ့ပဲ ရုံးတော်အရှေ့ရောက်လာပြီး သူ မော့ကြည့်လိုက်တဲ့အခါ ဒီအဆောက်အဦးက ပင်လယ်ကမ်းစပ်မှာမို့ မုန်တိုင်းဒဏ်နဲ့ ပင်လယ်ဒီရေလှိုင်းဒဏ်ကို ခံနိုင်အောင် အသေအချာ ဆောက်ထားတာကလွဲရင် တခြားအစိုးရရုံးတွေနဲ့ အတူတူပဲ။

ရုံးတော်အရှေ့မှာ မြင့်မားတဲ့အုတ်တံတိုင်းကြီး ကာရံထားပြီး ထိုကဝင်မှ အဓိကဝင်ပေါက်ကို ရောက်မှာဖြစ်တယ်။ ဝင်ပေါက်ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာတော့ တရုတ်အက္ခရာ 'ဘား'ပုံသဏ္ဌာန်အတိုင်း အစွန်းကားထွက်နေတဲ့ နံရံနှစ်ဖက် ရှိနေပြီး၊ အဲဒီနံရံတွေကတော့ အစိုးရရဲ့ အသိပေးစာနဲ့ ထုတ်ပြန်ချက်တွေကို ကပ်ထားတဲ့ ကြေညာနံရံတွေပဲ ဖြစ်တယ်။(ဘား =(八))

တံခါးမကြီးကနေ ဝင်လိုက်ရင်တော့ အလယ်မှာ မိန်းဟောကြီးရှိပြီး သူ့အရှေ့က ကွင်းပြင်ကြီးက ရုံးတော်ထဲမှာ အကျယ်ဆုံးနေရာပဲ။ ထိုဝန်းထဲမှာ ‘နှိုးဆော်တိုက်တွန်းဆောင်’လို့ခေါ်တဲ့ သေးငယ်တဲ့အဆောင်လေးတစ်ခုရှိပြီး အဝင်ဝတံခါးပေါ်မှာလည်း ‘သင့်လစာဟာ ပြည်သူတွေရဲ့ သွေးချွေးပါဝင်ပြီး သာမန်လူတွေကို ဖိနှိပ်ရန် လွယ်သော်လည်း မိုးနတ်မင်းကတော့ လှည့်ဖျားရန်ခက်’ဆိုတဲ့ စာလုံးတွေကို ထွင်းထုထားတယ်။

မိန်းဟောကြီးအနောက်မှာတော့ ကောင်တီရုံးရဲ့ ဌာနခွဲလေးတွေ တည်ရှိပြီး မြင်းဇောင်းတွေနဲ့ စာတိုက်ရုံးလည်း ပါဝင်တယ်။ ဒီအဆောင်တွေကျော်တော့မှ အတွင်းအကျဆုံးပိုင်းမှာ အုပ်ချုပ်ရေးမှူးရဲ့ အိမ်တော်နဲ့ သူ့လက်ထောက်တွေ ဝန်ထမ်းတွေနေတဲ့တန်းလျားက တစ်ဖက်တစ်ချက်စီ ခွဲပြီးရှိတယ်။

လျိုပိချန်းက ရွှီထင်းရှန်းကို မိန်းဟောထဲ ဦးဆောင်ခေါ်သွားတဲ့အခါ သွားရည်ကျချင်စရာ အစားအသောက်ပွဲတော်ကြီးက တည်ခင်းထားပြီးသားပဲ။ ထိုစားပွဲဝိုင်းမှာ သင်းယွမ်ကောင်တီရဲ့ တာဝန်ကျအရာရှိတွေအကုန် စုဖွဲ့ထိုင်နေပြီး ပေါင်ယိရှင်းတို့နှစ်ယောက်နဲ့ ဟူဆန်းတို့ ကျောက်အာတို့ကလွဲရင် ကျန်တဲ့သူတွေက ရုံးတော်အတွင်းပိုင်းမှာ အထုပ်တွေချနေကြပြီ။

သောက်စားပြီးသွားတဲ့နောက်မှာတော့ ရွှီထင်းရှန်းက အားလုံးနဲ့အတော်ရင်းနှီးသွားပြီ။ သူက တော်တော်သောက်လိုက်မိတော့ နီရဲတက်လာတဲ့မျက်နှာကိုမြင်မှ လျိုပိချန်းက ဆက်မငှဲ့ပေးရဲတော့ဘဲ သူ့လူတစ်ယောက်နဲ့ နေရာထိုင်ခင်းစီစဥ်ပေးဖို့ ပြောပြီး လွှတ်လိုက်တယ်။

တံဆိပ်တုံး လွှဲပြောင်းတဲ့အခမ်းအနားကတော့ မနက်ဖြန်မှ လုပ်ကြရတော့မှာပေါ့။ ရွှီထင်းရှန်း ထွက်သွားတာနဲ့ လျိုပိချန်းရဲ့မျက်နှာက ချက်ချင်း သုန်မှုန်သွားတယ်။

“ဒီလူတွေ အရိပ်အခြည်ကို မသိဘူး။ အရာရှိအသစ်လာပါတယ်ဆိုမှ သူတို့က ဒီလိုပွဲရှာလိုက်သေးတယ်။ အခုတော့ ငါ့မှာ အာပေါက်မတတ် သူတို့ကို ကျေနပ်အောင် ပြောလိုက်ရတာဆိုတာ”

“ဆရာ ဒီကိစ္စက ကျွန်တော်တို့လည်း မတတ်နိုင်လိုက်တာ ဒီမျိုးရိုး ရွှီဆိုတဲ့လူက မြို့ထဲရောက်ပြီးမှ ရုတ်တရက် သတင်းလာပေးမယ်လို့ ဘယ်သူထင်မှာလဲ”

“အမှန်ပဲ ကျုပ်တို့တွေ လုံးဝ ပြင်ဆင်ချိန်မရလိုက်တာ”

လျုပိချန်းက ဒီလူတွေကို တစ်ချက်ကြည့်ပြီးမှ

“ဒါတွေကို မင်းတို့ဘာသာ ကိုင်တွယ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ငါက မနက်ဖြန်သန်ဘက်ခါဆို သွားတော့မှာ တျန့်ဟိုင်မှာ နေပဲသာမလား မိုးပဲရွာမလားဆိုတာ ငါ့အလုပ်မဟုတ်တော့ဘူး”

ထိုလူတွေက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ပြီးမှ တိတ်တဆိတ်ပဲ ဆုတ်ခွာသွားကြတယ်။

******

All Chapters