အခန်း (၁၆၅-၁၆၆)
Vol. 17 Ch. 165-166
အခန်း ၁၆၅
ရွှီထင်းရှန်း ထွက်သွားတာနဲ့ ကောင်တီအဖွဲ့ဝင် ဖန်တာ့ကျူးက မှတ်တမ်းတင်အရာရှိ ကျိုးလီကို မျက်စပစ်ပြလိုက်တယ်။ နှစ်ယောက်သားက လက်ကာပြပြီး အရာရှိငယ်လေးတွေကို အရင်ပြန်ခိုင်းလိုက်ပြီးမှ ရုံးတော်အတွင်းပိုင်းရဲ့ ညာဘက်ခြမ်းမှာရှိတဲ့ ဖန်တာ့ကျူးရဲ့အိမ်ကို လှမ်းလာခဲ့ကြတယ်။
“ကျုပ် မပြောချင်ပေမယ့် အဲဒီ လျိုမျိုးနွယ်က တကယ်ကျေးဇူးကန်းလွန်းတယ်။ သူ့အတွက်သူ ရှာပြီးတာနဲ့ ထွက်သွားဖို့လုပ်နေတာ။ ကျုပ်တို့ကျ ဒီခရိုင်မှူးအသစ်ရွှီကို ဆက်ခယရဦးမယ်”
ဖန်တာ့ကျူးက ခုံပေါ်ထိုင်ချလိုက်ပြီး “ဒီလျိုပိချန်းက အရမ်းဉာဏ်များတယ်။ သူ့ကိုနောက်တစ်ခါ ထပ်ခန့်လို့မရတော့ပေမယ့် သူက ကိုယ့်အသက်မွေးဝမ်းကြောင်း အထွတ်အထိပ်ရောက်နေတဲ့အချိန်မှာတောင် ရတာယူပြီး အငြိမ်းစားယူချင်နေတာလေ။ မပူပါနဲ့ ငါ့အထင်တော့ ဒီခရိုင်မှူးရွှီက အရိပ်အခြည်ကြည့်တတ်တဲ့သူမျိုးပါ အခုပဲ ကြည့်ပါလား ဒီနေ့လုပ်ဇာတ်ကြီးက ဘယ်လောက်သိသာလဲ။ ဒါပေမယ့် သူဘာမှမပြောဘူးလေ”
ကျိုးလီကလည်း သူ့မုတ်ဆိတ်သူ ပွတ်သပ်လိုက်ပြီး “ကျုပ်တို့အတွက်ကတော့ ပျော်စရာပေါ့ ဘာမှဖြေရှင်းနေစရာ မလိုတော့”
“သူလာမေးခဲ့ရင်တောင် ငါကတော့ မစိုးရိမ်ပါဘူး။ ဒါဘယ်သူ့ပိုင်နက်လဲဆိုတာ မေ့သွားပြီလား။ သူ အစအနမကျန် မပျောက်သွားချင်ရင်ပေါ့လေ”
ဖန်တာ့ကျူးက စက်ဆုပ်သလို ပြောလိုက်တော့ နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကာ မဲ့ပြုံးပြုံးလိုက်မိကြတယ်။
ထိုစဥ် ရွှီထင်းရှန်းတို့ကို နေဖို့ပေးထားတဲ့ မိသားစုအခန်းထဲမှာတော့ အဖေဖြစ်သူရောက်လာတဲ့အချိန် ဟုန်အာလေးက အိပ်ပျော်နေပြီ။ ကျောက်အာက အလုပ်သမားတစ်ယောက်ကို ရေနွေးပြင်ခိုင်းပြီး ရွှီထင်းရှန်း ခြေလက်ဆေးပြီးမှ နှစ်ယောက်လုံး ကုတင်ပေါ် ပြန်လဲလိုက်ကြတယ်။
ကျောက်အာက ကုတင်ပေါ်မတက်ခင် ကန့်လန့်ကာတွေကို အသာလေးဆွဲပိတ်လိုက်ပြီးမှ ရွှီထင်းရှန်းနား တိုးတိုးလေး ကပ်ပြောတယ်။
“ငါ့စိတ်ထဲ ဒီနေရာကို သံသယဝင်နေမိတယ်။ နေ့လယ်က ဟိုဓားပြတွေကြည့်ရတာလည်း ရုံးတော်က လူတွေနဲ့ သိကြတဲ့ပုံပဲ”
ရွှီထင်းရှန်းက ပြုံးလိုက်ပြီး “မင်းလည်း သတိထားမိတယ်ပေါ့”
သူ့ဆီက အတည်ပြုချက်ကိုရတော့ ကျောက်အာက ချက်ချင်း ဝုန်းကနဲ ထထိုင်ပြီး “ဒါဆို ဒီမှာဆက်နေလို့ဘယ်ဖြစ်မလဲ။ သွားကြရအောင်”
သူမ လှုပ်ရှားမှုတွေက အတော်ကြမ်းသွားတော့ တစ်ကုတင်တည်းအိပ်နေတဲ့ ဟုန်အာလေးခမျာ လန့်နိုးသွားပြီး အင်းအင်းအဲအဲလုပ်လာတယ်။ ကျောက်အာက ရင်ဘတ်လေးကို ပြန်ပုတ်ပေးလိုက်တော့မှ တဖန်အိပ်ပျော်သွားတာ။
“မင်းကတော့လေ ဘာမဟုတ်တာကို ရေးကြီးခွင်ကျယ်လုပ်နေတာပဲ။ သက်သက် ဟုန်အာ့ကို လှန့်တာပဲအဖက်တင်တယ်။ ပြီးတော့ ငါတို့သွားမယ်ဆိုတောင် ဘယ်သွားရမှာလဲ ပြောကြည့်”
ကျောက်အာက ပိုသောကရောက်သွားပြီး “ဘယ်ပဲဖြစ်ဖြစ် ဒီနေရာထက်စာရင်တော့ တော်သေးတယ်လေ။ သူတို့က ကျွန်မတို့ကို မကြိုက်မှတော့ ညဘက်ကြီး အဲဒီဓားပြတွေနဲ့ သတ်ခိုင်းရင် ဘယ်လိုလုပ်မလဲ”
ရွှီထင်းရှန်းက သူမရဲ့အတွေးလွန်မှုကြောင့် ရယ်မိသွားပြီး စိုးရိမ်နေတဲ့ မိန်းမလေးကို အသာပြန်ဆွဲချတယ်။
“သူတို့က မင်းကို ဟင်းရွက်လှီးသလို ခုတ်သွားရအောင် မင်းက မုန်လာထုပ်လား။ ပြီးတော့ မင်းယောက်ျားတစ်ယောက်လုံးက အရာရှိပါ သူတို့မလုပ်ရဲပါဘူး”
ကျောက်အာက သူ့ကို မယုံသင်္ကာနဲ့ ကြည့်လာတယ်။
“တကယ်လား?”
ကောင်းပြီ သူလိမ်တာ…
ရွှီထင်းရှန်းက ဟန်ကိုယ့်ဖို့ သူ့နှာခေါင်းသူ ကုတ်လိုက်ပြီးမှ သူမနောက်ကျောကို ဖြည်းဖြည်းလေး ပုတ်ပေးလာတယ်။
“မပူပါနဲ့ အနည်းဆုံး အခုတော့ မလုပ်ရဲလောက်သေးပါဘူး”
165 02
“အခု… ဒါဆို နောက်တော့ လုပ်ရဲလာမှာပေါ့”
ကျောက်အာကတော့ တကယ်ကျောက်အာပါပဲ။ ရွှီထင်းရှန်းရဲ့ ဖြီးဖြန်းစကားတွေက သူမကို လုံးဝအယုံသွင်းလို့မရဘူး။ ရွှီထင်းရှန်းကတော့ သဘောလည်းကျ သက်ပြင်းလည်း ချလိုက်မိတယ်။
“နောက်တော့လား။ ဟင်း နောက်ကိစ္စ နောက်မှပြောကြတာပေါ့ မင်း အရမ်းစိတ်ပူမနေပါနဲ့ ငါ့မှာ ကိုယ့်အကြံနဲ့ကိုယ် ရှိပါတယ်”
ဒီလိုပိတ်လိုက်တော့လည်း ကျောက်အာမှာ ဘာမှဆက်မမေးရဲတော့ဘဲ လေးလံနေတဲ့ ရင်အစုံနဲ့သာ အိပ်စက်လိုက်ရတယ်။ နောက်တစ်နေ့နံနက် စောစောမှာပဲ လျိုပိချန်းက ရွှီထင်းရှန်းကို အရာရှိတံဆိပ် လွှဲပြောင်းပေးခဲ့တယ်။
ပြီးတာနဲ့ ရွှီထင်းရှန်းက ကောင်တီရုံးထဲက အရာရှိတိုင်းကို လိုက်နှုတ်ဆက်ရတယ်။ ဒီလိုနဲ့ အခုတော့ သူက တျန့်ဟိုင်မြို့နယ်ရုံးရဲ့ တရားဝင်အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားခဲ့ပြီ။ ထိုစဥ် လျိုပိချန်းကလည်း နည်းနည်းလေးမှ အချိန်မဆွဲဘဲ သူ့မိသားစုခေါ်ပြီး တျန့်ဟိုင်နယ်က ချက်ချင်းထွက်သွားခဲ့တယ်။
ဘယ်ဒေသခံမှ ထွက်မနှုတ်ဆက်တာကြောင့် ကြည့်ရသလောက် ခရိုင်မှူး ဘယ်သူပြောင်းပြောင်း သူတို့ဂရုမစိုက်ကြဘူး ထင်ပါရဲ့။ သို့သော် ဟူဆန်းရဲ့တင်ပြချက်အရတော့ လျိုပိချန်းရဲ့ အပြောင်းအရွှေ့ လှည်းဘီးရာတွေက နက်လွန်းလို့ ရွှေငွေအများအပြား သယ်ယူသွားတယ်လို့ ခန့်မှန်းရတယ်။
သို့သော် ဒါတွေတစ်ခုမှ သူနဲ့မဆိုင်ဘူး။ သူက ဒီကိုခရိုင်မှူး လုပ်ဖို့လာတာ အရင်ခရိုင်မှူး ဘယ်လောက်ခိုင်သွားသလဲဆိုတာ စုံစမ်းစစ်ဆေးဖို့ မဟုတ်ဘူး။ သူ လျိုပိချန်းနဲ့ ဘယ်လောက်မှ မဆုံဖူးတာတောင် နည်းနည်းပါးပါး စကားပြောကြည့်သလောက် ဒီလူက သိပ်စေ့စပ်တာကြောင့် သူ တကယ်ကြီး သွားစစ်တောင် ဘာခြေရာလက်ရာမှ တွေ့မှာမဟုတ်ဘူး။
သေချာပေါက် ပေါင်ယိရှင်းနဲ့ ဟို့ဝမ်ချန်းတို့ ဦးဆောင်ပြီး ပြီးခဲ့တဲ့နှစ်က စာရင်းအင်းတွေကို သွားတိုက်တော့လည်း ဘာမှအပိုအလိုမရှိတာ မျှော်မှန်းထားတဲ့အတိုင်းပဲ။ ပြောရရင် စာရင်းတွေက ကိုက်လွန်းလို့ မသိရင် ကောင်တီရုံးက လူအားလုံးက ဖြောင့်မတ်မျှတပြီး ပြည်သူတွေကို ဂရုစိုက်လွန်းတဲ့ သူတော်စင်တွေကျနေတာပဲ။
ရွှီထင်းရှန်းရဲ့ ခရိုင်မှူးအဖြစ် ပထမဆုံးရက်က ဒီအတိုင်းပဲ ပြီးဆုံးသွားခဲ့တယ်။ သူက အတော်လေး အလုပ်ရှုပ်နေသလို ကျောက်အာလည်း ရှောင်ဟုန်းနဲ့ ရှောင်လျူတို့ကို နေရာချပေးရတာနဲ့ မအားလပ်နိုင်ဖြစ်နေတယ်။
လျိုမိသားစုက ညတွင်းချင်း အလျင်စလိုထွက်သွားတာကြောင့် ကိုယ်ပိုင်ပစ္စည်းအချို့နဲ့ ပရိဘောဂတွေတောင် စုံလင်အောင် မယူသွားဘူး။ အဲဒါနဲ့ ကျောက်အာတို့ကပဲ အသုံးလိုတာတွေယူ မလိုတာတွေ ဖယ်ပြီး နေရာတစ်ခုလုံး နှိုက်နှိုက်ချွတ်ချွတ် ဆေးကြောသန့်စင်လိုက်ကြတယ်။
တော်သေးတာက ကောင်တီရုံးမှာလည်း အစေခံလေးတချို့ရှိနေလို့ သူမတို့တွေ နည်းနည်းသက်သာသွားတာ။ မေးကြည့်လိုက်တော့မှ သူတို့က ဘယ်အရာရှိအိမ်ကမှ မဟုတ်ဘဲ ကောင်တီရုံးကိုက သက်သက်ငှားထားတဲ့ အလုပ်သမားတွေဆိုတာ သိလိုက်ရတယ်။
ရွှီထင်းရှန်းနဲ့အဖွဲ့က ကောင်တီရုံးတော်က ချပေးထားတဲ့အိမ်တော်မှာပဲ နေလိုက်ကြတယ်။ ခရိုင်မှူးကတော်ဖြစ်လာပြီးမှ ကျောက်အာ သိလိုက်ရတာက အရာရှိကတော်ချင်းအတူတူတောင် ရုံးတော်က လူအားလုံးက သူမကို အမြင့်ဆုံးရိုသေသမှုနဲ့ လေးစားစွာ ဆက်ဆံလာတာပဲ။
သူမက နဂိုကတည်းက မြှောက်တိုင်း မြောက်တတ်တဲ့လူမဟုတ်လို့ပေါ့။ မဟုတ်လို့ကတော့ ဒီလူတွေရဲ့ ချီးမွမ်းစကားတွေနဲ့တင် အောက်ခြေလွတ်သွားနိုင်တယ်။ ရွှီထင်းရှန်းက အခုမှ ဒီဒေသနဲ့အစိမ်းသက်သက်ဆိုတော့ လုပ်စရာတွေ အများကြီးရှိနေသေးတယ်။
ကောင်တီရုံးက လုပ်ဖော်ကိုင်ဖက် လက်အောက်ငယ်သားတွေနဲ့ မိတ်ဆက်ပြီးတဲ့အခါ နောက်ခြေလှမ်းတစ်ခုက လက်အောက်ခံရွာသူကြီးတွေနဲ့ ဒေသထွက်ကုန် ဦးစီးအရာရှိတွေနဲ့ တွေ့ပြီး မေးခွန်းအနည်းငယ် သွားမေးရတယ်။
အဲဒီအချိန် ပေါင်ယိရှင်းနဲ့ ဟို့ဝမ်ချန်းတို့လည်းပဲ ထွက်ကုန်ဦးစီးဌာနမှာ ပစ္စည်းတွေစစ် ရာဇဝတ်မှုတွေ ပြန်လှန်ကြည့်ပြီး ကောင်တီရုံးက စာရွက်စာတမ်းတွေ သိမ်းဆည်းရတာနဲ့ လက်မလည်နိုင်ဖြစ်နေတယ်။
နယ်ခံအရာရှိတွေအနေနဲ့ သင်ကြားရေးနဲ့ တခြားအသေးအဖွဲကိစ္စတွေကလွဲရင် အဓိကအရေးကြီးဆုံးက ဘဏ္ဍာရေး ထွက်ကုန်နဲ့ ရာဇဝတ်မှုတွေပဲ ဒီကိစ္စတွေအားလုံး သူတို့လက်ထဲ အခိုင်အမာထိန်းချုပ်နိုင်မှ စိတ်အေးရမှာ။
အစကတော့ တစ်ယောက်ယောက် ပြဿနာရှာလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် အံ့ဩစရာကောင်းစွာပင် မျှော်မှန်းထားတာထက်ပို ချောမွေ့စွာ ပြီးစီးသွားခဲ့တယ်။ ဒီကောင်တီရုံးအဖွဲ့ဝင်တွေက ပိုက်ဆံအတွက် လောဘမရှိဘူးဆိုရင် သူတို့ကြည့်ရတာ အာဏာလည်းမရူးကြတဲ့ပုံပဲ။
165 03
ရွှီထင်းရှန်း ရုံးစထိုင်ကတည်းက ကောင်တီရုံးထဲမှာ အောက်ပိုင်းစာရေးလေးတွေ အချောင်ခိုလို့ အလုပ်တချို့ နောက်ကျတာကလွဲရင် ဘာဖြစ်စဥ်မှ မရှိဘူး။ လက်ရှိ ဥပဒေပိုင်းကိုကြည့်မယ်ဆိုရင်လည်း အရပ်သားတွေဆီက မြေပိုင်ခွင့်လုတာမျိုး စတဲ့အမှုအခင်း အနည်းငယ်သာ ရှိတာမို့ ဒီနေရာက လုံးဝ အေးချမ်းတဲ့သုခဘုံလို့ အထင်မှားလုနီးပါးပဲ။
အရာအားလုံးက ပြည့်စုံလွန်းလို့ ရွှီထင်းရှန်းမှာ စိတ်ထဲထင့်နေရပြီး ဘာကစလုပ်ရမှန်းတောင် မသိတော့ဘူး။ တစ်နေ့ တရားခွင်ပြီးလို့ ညနေစောင်းတဲ့အချိန်ကျမှ ရွှီထင်းရှန်း အိမ်ပြန်သွားတာကိုကြည့်ပြီး ဖန်တာ့ကျူးနဲ့ ကျိုးလီတို့က အချင်းချင်း အကြည့်ဖလှယ်လိုက်ပြီး ဂုဏ်ယူသလို ပြုံးလိုက်ကြတယ်။
“ငါပြောသားပဲ ဒီကောင်လေးက နုပါသေးတယ်လို့ သူနန်းတွင်းစာမေးပွဲမှာ ထိပ်ဆုံးအဆင့်ရတော့ရော ဘာအရေးလဲ။ လောကကြီးအကြောင်း နားမလည်သေးတာပဲဟာ… သူ့လိုလူတွေက လှည့်ရတာ အလွယ်ဆုံးပဲ”
ကျိုးလီဆိုတာ မုတ်ဆိတ်မွှေးကျဲကျဲနဲ့ ပိန်ပါးပါး အသက် ၅၀ကျော်အရွယ် အရာရှိအိုကြီးတစ်ယောက် ဖြစ်တယ်။ သူက ဒါကိုကြားတော့ စုတ်တစ်ချက်သပ်လိုက်ပြီး “ကျစ် ဒီတော့ ကျုပ်တို့က သူ့ကိုဒီတိုင်း ဆက်လွှတ်ထားမှာလား”
ဖန်တာ့ကျူးက သူ့ကို တစ်ချက်ကြည့်ပြီးမှ “ဘာလို့လောနေတာလဲ။ ဒါလည်း ကောင်းတာပဲမဟုတ်ဘူးလား။ နေပါများလာရင်တော့ သူလည်း အမှန်အတိုင်းသိသွားမှာပဲ။ အရင်တစ်ယောက်တုန်းကလည်း ဒီလိုပဲမဟုတ်ဘူးလား။ သူက တခြားလူတွေထက်တောင် ပိုလောဘကြီးသေးတယ်။ ဒါလောကကြီးရဲ့ နိယာမပဲ ငါတို့နှစ်ယောက်စလုံးက စာမေးပွဲမှာ မထူးချွန်တော့ ရာထူးကြီးကြီးတွေကို သွားမှန်းလို့မရဘူး။ ဒါပေမယ့် ဒီလိုနေရာမျိုးမှာ အရာရှိငယ်လေး လုပ်ရတာလည်း သိပ်မဆိုးပါဘူး”
သူတို့ပြောတဲ့အရင်တစ်ယောက်ဆိုတာ လျိုပိချန်းကို ဆိုလိုတာ။ ဒီနှစ်ယောက်ကတော့ အမှန်တိုင်းပြောရရင် သူတို့လည်း သိပ်တော်နေတဲ့ စာသင်သားတွေတော့ မဟုတ်ဘူး။ ဖန်တာ့ကျူးက ကျူးရန်ဖြစ်ခဲ့ပေမယ့် နောက်တစ်ဆင့် စာမေးပွဲကိုတော့ တဘုန်းဘုန်းကျနေတာကြောင့် အဲဒီအကြံကို စွန့်လွှတ်ပြီး ကောင်တီမှူးအဖြစ်သာ လျှောက်လိုက်တာ။
ကျိုးလီကတော့ ကျူးရန်တောင် မဟုတ်ဘဲ ရှုချိုင်အဆင့်သာဆိုပေမယ့် သူက အဆက်အသွယ်ရှိတော့ အဲဒီခြေတံလက်တံတွေကနေပဲ မှတ်တမ်းတင်အရာရှိနေရာကို ရသွားတာဖြစ်တယ်။ တခြားရာထူးတစ်ခုမှာ သုံးနှစ်ပဲထမ်းဆောင်တဲ့ ပုံမှန်အရာရှိတွေနဲ့မတူဘဲ သူတို့က ဒီအလုပ်နဲ့ပဲ တစ်သက်လုံးနေသွားမှာမို့ တျန့်ဟိုင်ရဲ့ နှစ်ချို့ကြီးတွေလို့တောင် ပြောလို့ရတယ်။
“ကဲ ကဲ အားလုံး အိမ်ပြန်ကြတာပေါ့။ ငါ့အမြင်မှာတော့ သူတို့ထက်စာရင် ငါတို့က ပိုသက်သာသေးတယ်။ ထိပ်တန်းကျောင်းသားဆိုလည်း ဘာဖြစ်လဲ နောက်ဆုံးတော့ ငါတို့အရူးလုပ်တာ ခံနေရတာပဲမလား”
အဲဒီလိုနဲ့ ဖန်တာ့ကျူးက နောက်လှည့်ထွက်သွားတယ်။ ကျိုးလီကလည်း သူ့နောက်ကျောကိုကြည့်ရင်း ကိုယ့်ဘာသာပြုံးလိုက်မိပြီးမှ အိမ်ပြန်သွားတယ်။ ထုံးတမ်းအရတော့ အရာရှိတစ်ဦးပြောင်းလာရင် အဲဒီဒေသမှာ မြို့စောင့်တပ်မရှိဘူးဆို ထား တကယ်လို့ ရှိခဲ့ရင်တော့ ခံတပ်မှူးကို မျက်နှာသွားပြရလိမ့်မယ်။
သူတို့က နယ်ပယ်ချင်းမတူကြပေမယ့် ကမ်းရိုးတန်းဒေသလို နယ်စပ်တွေက အမြဲတမ်း တပ်သားတွေအကူအညီယူနေရတာမို့ ခေါင်းဆောင်တွေကြား ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ထားတာ အကောင်းဆုံးပဲ။
ဒိတော့ ရုံးအတွင်းမှာ ကိစ္စအားလုံးပြီးသွားတဲ့အခါ ရွှီထင်းရှန်းက ကိုယ်တိုင်ကိုယ်ကျ သူ့လူတွေနဲ့ တျန့်ဟိုင်ခံတပ်ဆီကို ထွက်လာခဲ့တယ်။ သာ့ချန်က ပြီးခဲ့တဲ့မင်းဆက်က နည်းစနစ်ဟောင်းကိုပဲ ဆက်သုံးနေဆဲမို့ မြို့စောင့်တပ်ကိုလည်း ဖွဲ့စည်းထားတုန်းပဲ။
တပ်သားတွေက လိုအပ်ရင် စစ်ထွက်တိုက်ရပြီး မလိုအပ်ရင်တော့ သူတို့စစ်တပ်လယ်မြေမှာပဲ ရေလောင်းပေါင်းသင်လုပ်ရတယ်။ တျန့်ဟိုင်ခံတပ်က တကယ်တော့ အဓိကခံတပ်ကြီးမဟုတ်ဘဲ အရံတပ်စုသာဖြစ်တယ်။
အထက်က ချမှတ်ပေးထားတဲ့စနစ်အရ ခံတပ်တိုင်းမှာ တပ်သားပေါင်း ၅၆၀၀ရှိပြီး အရှေ့ဂိတ်၊ ဘယ်ဘက်ဂိတ်၊ ညာဘက်ဂိတ်၊ အဓိကဂိတ်၊ အရံဂိတ်ဆိုကာ ငါးခုပိုင်းခြားထားပြီး တစ်ဖွဲ့မှာ တပ်သား ၁၀၀၀ ကျော်ထည့်ပေးထားတာဖြစ်တယ်။
တျန့်ဟိုင်အရံတပ်က လူထောင်ကျော်လောက်ပဲရှိပေမယ့် ကျိုးရှန်ကျွန်းပေါ်က တခြားဂိတ်သုံးခုက ပြန်လည်ရုတ်သိမ်းခံလိုက်ရတာကြောင့် လောလောဆယ် အရံတပ်က ဦးဆောင်လိုက်ရတာ။ ခံတပ်တည်နေရာက ကောင်တီရုံးတော်နဲ့ ခွဲခြားထားတဲ့အပိုင်းမှာ သူ့စစ်တပ်လယ်ယာနဲ့သူ သီးသန့်ဖြစ်တယ်။
165 04
ဒီမြေတွေကလည်း နယ်ခံအရာရှိတွေရဲ့ လက်အောက်ကပဲဆိုပေမယ့် နှစ်ခုက ကဏ္ဍသက်သက်စီပဲ။ အဲဒါကြောင့် ရွှီထင်းရှန်းရောက်သွားတဲ့အချိန် အထူးတလည် နှုတ်ဆက်ကြိုဆိုတဲ့သူမရှိဘဲ စစ်သားအချို့က သူ့ကို အနည်းငယ်မေးမြန်းပြီးတာနဲ့ ဝင်ခွင့်ပေးလိုက်တယ်။
တပ်ဝန်းအတွင်းမှာ လူသူသိပ်မရှိဘဲ အတော်လေး တိတ်ဆိတ်ခြောက်ကပ်တယ်။ သူတို့တွေ တပ်စခန်းအလယ်တည့်တည့်က မြင့်မားတဲ့အဆောက်အဦးကြီးအရှေ့ ရောက်တော့မှ တစ်ဒါဇင်လောက်ရှိတဲ့ တပ်သားတွေက တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေကြတယ်။
ထိုစဥ် စစ်ဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက်က အလျင်စလို ပြေးထွက်လာတယ်။ သူက အသက် ၄၀လောက်ကိုမှ အရပ်မြင့်မြင့် မျက်နှာဖောင်းဖောင်းနဲ့ မျက်လုံးနက်နက်တွေရှိတယ်။ လူကဲခတ်တော်တာတော့ မဟုတ်ပေမယ့် ကြည့်တာနဲ့တင် အပျော်အပါးမက် သောက်စားတတ်တဲ့လူဆိုတာ သိသာတယ်။
သူကအပြုံးတစ်ပွင့်ကို မျက်နှာပေါ်ချိတ်ဆွဲထားပြီး ဖန်တာ့ကျူးတစ်ယောက် ရှေ့တက်ကာ နှုတ်ဆက်တော့မှ ရွှီထင်းရှန်းက ဒီလူက ခံတပ်ရဲ့တပ်ကြပ်မှူးချန်းဆိုတာ သိလိုက်ရတယ်။ တပ်ကြပ် ချန်းက ရွှီထင်းရှန်းတို့ကို အထဲဖိတ်ကာ လက်ဖက်ရည်ကြမ်းနဲ့ ဧည့်ခံတယ်။
သူက တစ်ငုံသောက်လိုက်ပြီးမှ “တပ်မှူးက လောလောဆယ် ကျန်းဟိုင်မျှော်စင်ကို အစည်းအဝေးတစ်ခု တက်ဖို့ဆင့်ခေါ်ခံရလို့ ဒီမှာမရှိသေးဘူး။ လူကြီးမင်း ရွှီ စိတ်မကွက်ဖို့ မျှော်လင့်ပါတယ်”
ဒါက ထူးဆန်းလို့လား။ သေချာပေါက် သူက ဘယ်လိုစိတ်ဆိုးလို့ရမှာလဲ။
ရွှီထင်းရှန်းက လူသစ်ဆိုတာကို မပြောရင်တောင် မြို့စောင့်တပ်ရဲ့ တပ်ကြပ်မှူးချန်းဆိုတာ သူ့ဟာနဲ့သူ လွှမ်းမိုးမှုရှိတဲ့သူတစ်ယောက်ဖြစ်မှာပဲ။ ရာထူးအဆင့်အလိုက်ဆိုရင်လည်း ခရိုင်မှူးဖြစ်တဲ့ ရွှီထင်းရှန်းတောင် သတ္တမအဆင့် ဒါပေမယ့် သူကတော့ ဆဌမအဆင့် အရာရှိတစ်ယောက်။
တစ်ဆင့်မြင့်တာတောင် သူ ဒီလောက် ယဥ်ကျေးပြနေတာက ယေဘုယျအားဖြင့် လွှတ်တော်အရာရှိတွေက စစ်တပ်အရာရှိတွေထက် အဆင့်အတန်းတစ်ခုပိုမြင့်တယ်လို့ ယူဆခံထားရလို့ပဲ။
ကျန်းဟိုင်မျှော်စင်ဆိုတာ တျန့်ဟိုင်နယ်စောင့်တပ်မှူးရဲ့ အထိုင်နေရာဖြစ်တယ်။ အထက်လူကြီးက ဆင့်ခေါ်တဲ့အခါ ငြင်းမရတာမို့ ရွှီထင်းရှန်းက ဘာမှပြောလို့မရဘူး။
“ဒါပေါ့ဗျာ ကျွန်တော် စိတ်ထဲမထားပါဘူး။ အဲဒါထက် ကျွန်တော်တို့ဘက်က ရုတ်တရက်ရောက်လာခဲ့လို့ တပ်ကြပ်ချန်းလည်း စိတ်အနှောင့်အယှက်မဖြစ်သွားဖို့ မျှော်လင့်ပါတယ်”
“မဟုတ်တာ မဟုတ်တာ”
တွေ့ချင်တဲ့အဓိကလူက ရှိမနေတော့ သူတို့လည်း လူမှုရေးအရ စကားစမြည်ပြောပြီးတာနဲ့ ပြန်လာခဲ့လိုက်တယ်။ ရွှီထင်းရှန်း မသိလိုက်တာက ချန်းပိုင်ဟူတစ်ယောက် သူထွက်သွားပြီးပြီးချင်းပဲ အခန်းတစ်ခုထဲ အလျင်အမြန် ဝင်လိုက်တာပဲ။
ထိုအခန်းထဲမှာ ထိုင်နေတဲ့လူက တခြားမဟုတ် ချန်းဟူ ကုန်းယွင်ကျန်းပဲ။ ကုန်းယွင်ကျန်းက အသက် ၅၀တောင် မရောက်သေးဘူး။ သူက စူးရှလျင်ထက်တဲ့ မျက်နှာပေါက်နဲ့ တောင့်တင်းသန်မာတဲ့ ခန္ဓာရှိသလို အေးတိအေးစက်စရိုက်လည်း ရှိတယ်။
အစောတုန်းက ချီးမွမ်းမဆုံး ပြုံးဖြီးနေတဲ့ ဒီချန်းပိုင်ဟူက အခုတော့ အထင်သေးဟန်နဲ့ “ငယ်လွန်းတ။ယ် သူ့အတွင်းအားကလည်း အပြည့်အဝဖွံ့ဖြိုးဦးမှာမဟုတ်ဘူး။ ဒီငယ်သားက သခင်ကြီးမရှိဘူးလည်း ပြောရော သူအတော်လေး မကျေမချမ်းဖြစ်သွားတာ မြင်လိုက်ရတယ်။ ဘာကအရေးကြီးလဲ သိလို့သာ သူငြိမ်နေတာ။ ဒီပညာရှင်တွေက အမြဲတမ်း အဲဒီလိုပဲ ဟန်ဆောင်သိပ်တော်ကြတယ်။ ဒါပေမယ့် သူတို့မျက်နှာဖုံး ကွာကျတဲ့နေ့ကတော့ သာမန်လူတွေထက်တောင် ဆိုးသေးတယ်”
ချန်းပိုင်ဟူရဲ့စကားတွေက အရင်တျန့်ဟိုင်ခရိုင်မှူးနှစ်ယောက်ကို ဆိုလိုချင်တာဖြစ်တယ်။ သူတို့က ဒီလိုအနိမ့်စားအရာရှိတွေအပေါ် အထင်သေးပေမယ့် တခြားတစ်ယောက်ပိုင်နက်မို့ ငြင်းဆန်လို့မရဘဲ တျန့်ဟိုင်ကလည်း သူတို့နှာဖျားအောက်မှာ ရှိနေတာ။
ကိစ္စတွေလွယ်ကူချောမွေ့ဖို့ဆို ဒီအရာရှိအသစ်လေးကို သိမ်းကိုသိမ်းသွင်းရမှာပဲ ဘယ်လိုလုပ်မလဲဆိုတာကတော့ ကျွမ်းကျင်မှုအပေါ် မူတည်တယ်။
“၁၀လပိုင်းက ကုန်တော့မယ်။ ဒါက ဒီနှစ်ရဲ့နောက်ဆုံးခရီးပဲ။ မင်း သူတို့ကို အရင်ကြိုပြောထားပြီး ဘာပြဿနာမှမရှာနိုင်အောင် ခြောက်ထားလိုက် ကျန်တဲ့ကိစ္စတွေကိုတော့ ငါတို့နောက်မှ ဆက်ပြောကြတာပေါ့”
165 05
“အမိန့်အတိုင်းပါ”
ရွှီထင်းရှန်းက အစက တျန့်ဟိုင်ရဲ့အနက်ရှိုင်းဆုံးအထိ စူးစမ်းရှာဖွေချင်ခဲ့တာဆိုပေမယ့် လက်ဗလာနဲ့ ပြန်လာခဲ့ရတယ်။ ဒီအစိုးရရုံးမှာ တကယ်ဘာမှလုပ်စရာမရှိဘူး။ သူ တကယ် ဘာမဟုတ်တဲ့အချိန်မှာမှ ရာထူးလွှဲပြောင်းယူခဲ့မိတာပဲ။
သူရောက်လာတဲ့အချိန်က ကောက်ရိတ်သိမ်းချိန် ပြီးကာစမို့ အခွန်တွေ ဆက်ကြေးတွေအားလုံး မြို့တော်ကို ပေးပို့ပြီးသွားပြီ။ ဒါကြောင့် လူတိုင်းက အထူးတလည် လုပ်စရာမရှိဘဲ နှစ်သစ်ကိုသာ စောင့်ဆိုင်းနေကြတာ။
သူ့မှာပျင်းလွန်းလို့ နောက်ဆုံး ဟုန်အာလေးကို စကားလုံးခက်ခက်တွေ ရေးသင်တဲ့အခါကျတော့မှ ကိစ္စကြီးတစ်ခု ရုတ်တရက် ထဖြစ်တော့တယ်။ ဂျပန်ပင်လယ်ဓားပြတွေ ထပ်ကျူးကျော်လာခဲ့ပြန်ပြီ။ ဒီသတင်းကိုတော့ ရုံးတော်က အောက်ခြေအရာရှိလေးတွေ လာတင်ပြတာဖြစ်တယ်။
ဖန်တာ့ကျူးက ဒီဒေသရဲ့ ခိုးဆိုးလုနှိုက်မှုတွေအတွက် တာဝန်ယူရတဲ့လူမို့ သူက အင်မတန် ဒေါသပုန်ထကာ ဒီလူတွေကို အမြစ်ဖြတ်ပစ်မယ်လို့ ကြုံးဝါးပြီး ရွှီထင်းရှန်းတောင် ဘာမှမပြောရသေးခင် သူ့လူတွေကို လှုပ်ရှားဖို့ အမိန့်ပေးလိုက်ပြီ။
“လူကြီးမင်း ခဏပဲစောင့်ပါ ကျုပ်တို့ ဒီလူတွေကို ဒီတစ်ခါတော့ အသေရရ အရှင်ရရ ဖမ်းလာခဲ့မှာပါ”
ဖန်တာ့ကျူးက ရုတ်တရက် ထရပ်ပြီး အားကြိုးမာန်တက် ပြောလာတယ်။
“မဟုတ်သေးဘူး ကျုပ်အခုချက်ချင်း မြို့စောင့်တပ်ကို သွားတင်ပြပြီး လူအင်အားတောင်းတာ ပိုကောင်းလိမ့်မယ်”
“ခဏလေး နေပါဦး လက်အောက်ငယ်သားတစ်ယောက်ကို လွှတ်လိုက်လည်း ရရဲ့သားနဲ့ ဘာလို့ ကောင်တီမှူးဖန် ကိုယ်တိုင် အပင်ပန်းခံနေရတာပါလဲ”
ဖန်တာ့ကျူးက လက်ကာပြပြီး “ဒီမြို့စောင့်တပ်က ကျုပ်တို့ခရိုင်ရဲစခန်းမဟုတ်တော့ ပေါ့ပေါ့တန်တန် သွားပြောလို့မရဘူး ကျုပ်ဘာသာ သွားတာ ပိုကောင်းပါတယ်”
“ဒါဆိုလည်း ကျွန်တော်ပါ လိုက်ခဲ့ပါမယ်”
“ဟာ မဟုတ်တာ ခရိုင်မှူးလို လူကြီးမင်းကတော့ ရာထူးမြင့်လို့ မသမာသူတွေ အသိခံလို့ဘယ်ဖြစ်မလဲ။ ကျုပ်ကလည်း ဒီလိုအန္တရာယ်ထဲ မလွှတ်လိုက်နိုင်ပါဘူး။ ကျုပ်ပဲ သွားလိုက်ပါ့မယ်”
ဒီလိုပြောပြီးတာနဲ့ သူက ခပ်သုတ်သုတ်ထွက်သွားပြီး နာရီဝက်လောက်နေတော့ စိုးရိမ်မှုအပြည့် မျက်နှာနဲ့ ပြန်ရောက်လာတယ်။ သူက ဂျပန်ပင်လယ်ဓားပြတွေက အတော်လေး ပြဿနာအမွှေရှာသွားပြီး တခြားဓားပြအုပ်စုတွေလည်း ပါဝင်ကြောင်း ရွှီထင်းရှန်းကို ပြောပြလာတယ်။
မြို့စောင့်တပ်ကတော့ သူတို့ကို ကိုင်တွယ်ဖို့ သွားနေပြီမို့ လောလောဆယ် မလိုအပ်ဘဲ အပြင်မထွက်ဖို့ ရွှီထင်းရှန်းကို မှာလိုက်သေးတယ်။ ကောင်တီရုံးတစ်ခုလုံးက သတိကြီးကြီးကပ်ထားကြပြီး မသိရင် ကပ်ဘေးတစ်ခု ဆိုက်ရောက်တော့မယ့်အတိုင်းပဲ။
ထိုနေ့ ညနေခင်းမှာပဲ ဟူဆန်းက တစ်ယောက်တည်းထွက်သွားပြီး သူပြန်လာတဲ့အခါမှာတော့ ရွှီထင်းရှန်းနဲ့ ညအတော်နက်တဲ့အထိ ဆွေးနွေးတိုင်ပင်နေခဲ့တယ်။ နောက်တစ်နေ့ ကျောက်အာက အနားယူဖို့ပြင်တဲ့အချိန် ရွှီထင်းရှန်းက တစ်ကိုယ်လုံး အနက်ဝမ်းဆက်နဲ့ ဟူဆန်းနောက်လိုက်ဖို့ အသင့်ပြင်နေတာ တွေ့လိုက်ရတော့တယ်။
………..
******
166 01
အခန်း ၁၆၆
ကျောက်အာက ရွှီထင်းရှန်းတစ်ကိုယ်လုံး တင်းတင်းကျပ်ကျပ် စည်းနှောင်ထားပြီး သူ့မျက်နှာတစ်ခုပဲ ဖော်ထားတာတွေ့တော့ ထမေးတယ်။
“ဘယ်သွားမလို့လဲ”
“ဟူဆန်းနဲ့ အခြေအနေတစ်ချက် သွားကြည့်မလို့”
ရွှီထင်းရှန်းက သူ့ဘောင်းဘီအောက်ခြေကို ကျပ်နေအောင် ကုန်းချည်ပြီးမှ အနက်ရောင်ဖိနပ်ရှည်တွေကို စီးလိုက်တယ်။
“ဘာကိုသွားကြည့်မှာလဲ။ အပြင်မှာ ဒီလောက်ရှုပ်ယှက်ခတ်နေတာ ပြီးတော့ ကောင်တီမှူးဖန်ကလည်း ဂျပန်ပင်လယ်ဓားပြတွေ ဖမ်းမမိသေးဘူးလို့ ပြောထားတယ်မလား” ဒီအထိပြောပြီးမှ ကျောက်အာက တစ်ခုနားလည်သွားပြီး “သူတို့ လိမ်နေတာလား”
ရွှီထင်းရှန်းက ခေါင်းညိတ်ပြလိုက်တယ်။
“မနေ့က ဟူဆန်းသွားစစ်ဆေးကြည့်ပြီးသွားပြီ။ ဘာဂျပန်ဓားပြမှမရှိဘူး? ဒီတိုင်းကြောင်သူတော်တွေ ကြွက်သူခိုးလုပ်နေရုံပဲ? လူမိမှာစိုးလို့ ဂျပန်တွေနာမည် တပ်ထားတာ”
အဲဒီအချိန်မှာပဲ ဟူဆန်းရောက်လာပြီး တံခါးခေါက်ကာ တိုးတိုးလေး ခေါ်လိုက်တယ်။
“သခင်ကြီး”
ရွှီထင်းရှန်းက ချက်ချင်း သူ့ကိုဝင်ခွင့်ပေးလိုက်တယ်။
“ဒါဆို အဲဒီကြွက်သူခိုးတွေ နင့်ကိုတွေ့သွားရင် ဘယ်လိုလုပ်မလဲ။ မဟုတ်ဘူး နင်မသွားတာ အကောင်းဆုံးပဲ တကယ်လို့ သွားမယ်ဆိုလည်း ငါပါလိုက်မယ်”
“မင်းလို မိန်းကလေးတစ်ယောက်က ဘယ်လိုလိုက်မှာလဲ?”
ကျောက်အာက စိတ်ဆိုးသွားတော့ မျက်လုံးပြူးရင်း အံကြိတ်သံနဲ့ အောက်ဖဲလှန်တော့တယ်။
“မိန်းကလေးက ဘာဖြစ်နေလို့လဲ။ ဒီမိန်းမကပဲ နင်ငယ်ငယ်တုန်းက နင့်ကိုကျောပေါ်တင်ပြီး တောင်ပေါ်တက် ထင်းသွားခုတ်ခဲ့တာလေ မှတ်မိလား?”
ဒီတော့မှ ရွှီထင်းရှန်းက နည်းနည်းရှက်သွားပြီး “အဟမ်း ဘာလို့အဲဒါတွေထည့်ပြောနေတာလဲ။ ငါက အခုလူကြီးဖြစ်သွားပြီဟာ”
သူရှက်သွားတာမြင်မှ ကျောက်အာလည်း ပြန်ရပ်လိုက်ပြီး တိုးတိုးလေး ကပ်ပြောတယ်။
“ဘယ်လိုပဲဖြစ်ဖြစ် မရဘူး။ နင်တို့နှစ်ယောက်ထဲ သွားမှာကို စိတ်ချလက်ချမနေနိုင်ပါဘူး။ ဟူဆန်းကလည်း ခြေထောက်အဆင်မပြေသလို နင်ဆိုတာလည်း ကြက်တစ်ကောင်တောင် ဖမ်းနိုင်တာမဟုတ်ဘူး။ ငါပါတော့မှ တစ်ခုခုဆို အကူအညီရသေးတယ်”
“မင်းကတော့ အိမ်မှာပဲနေပါ …”
“တကယ်လို့ ဆရာကတော် လိုက်ချင်တယ်ဆိုလည်း ပေးလိုက်လိုက်ပါ ဒီလိုအချိန်တွေမှာ အထဲမှာရှိတာထက် အပြင်မှာက ပိုလုံခြုံပါတယ် ပိပိရိရိသာ သွားနိုင်မယ်ဆိုရင်ပေါ့”
ဟူဆန်းက ဝင်အကြံပေးတော့ ကျောက်အာက ရွှီထင်းရှန်းကို ခပ်မော့မော့လေး ကြည့်လိုက်ပြီးမှ သူမလည်း ဘီရိုထဲက အနက်ဝမ်းဆက်တစ်စုံ ထုတ်ဝတ်လိုက်တယ်။ သူ ဘယ်တုန်းက ဒီလိုအင်္ကျီအနက်တွေ ဝယ်ထားသလဲမသိပေမယ့် စုစုပေါင်းနှစ်စုံရှိတာမို့ ကျောက်အာအတွက် ကွက်တိဖြစ်သွားတယ်။
ကျောက်အာက ရှောင်ဟုန်းကို လှမ်းခေါ်ပြီး ဟုန်အာလေးကို ကြည့်ခိုင်းလိုက်တော့ မိန်းမငယ်လေးခမျာ အရှေ့ကလူသုံးယောက်ပုံစံကိုမြင်ပြီး တော်တော်အံ့ဩသွားပေမယ့် ဘာမှတော့ မမေးမြန်းရဲဘူး။
သူတို့သုံးယောက်သား ခပ်သုတ်သုတ်ထွက်လာခဲ့ပြီး ဟူဆန်းက ဒီလမ်းကြောင်းကို ကြိုတင်စီစဥ်ထားခဲ့တာမို့ လမ်းမှာ ဘယ်သူနဲ့မှ ပက်ပင်းမတိုးခဲ့ဘူး။ သူတို့ တံခါးကထွက်လိုက်တာနဲ့ အပြင်မှာ ရထားလုံးတစ်စီးရပ်ထားတာ တွေ့လိုက်ရပြီး တစ်စီးလုံး မဲနက်လွန်းလို့ အရှေ့ဘက်မှာ ရေနံဆီမီးအိမ်လေးသာ မချိတ်ထားရင် မြင်တောင်မြင်ရမှာမဟုတ်ဘူး။
166 02
ထုံးစံအတိုင်း ဟူဆန်းက လှည်းမောင်းသမားနေရာယူလိုက်ပြီး ရွှီထင်းရှန်းတို့နှစ်ယောက်က အထဲဝင်ထိုင်လိုက်ကြတယ်။ ညကြီးမင်းကြီးမို့လို့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး ပုံမှန်ဆို ရာသီဥတု ပူလောင်တာမို့ မီးဘေးသတိပြုဖို့ မောင်းခတ်လိုက်အော်တဲ့ ကင်းသမားတွေရှိပေမယ့် ဒီနေ့ကျမှ ခွေးတစ်ကောင် ကြောင်တစ်မြှီး မတွေ့ရဘူး။
ရထားလုံးက မြို့ဝင်ပေါက်ကို ရောက်တော့မယ့်အချိန်မှာပဲ အပြင်က ထူးဆန်းတဲ့ဆူညံသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာတယ်။ ကျောက်အာက အလိုအလျောက် ကန့်လန့်ကာမ,ပြီး ချောင်းကြည့်လိုက်တဲ့အခါ နှလုံးခုန်သံတွေမြန်လာပြီး ထူးဆန်းတဲ့မသက်မသာခံစားချက်တစ်ခု ရလာတယ်။
တစ်အောင့်လောက် ဆက်လက်ခရီးနှင်ပြီးတဲ့အခါ ရထားလုံးက ရပ်တန့်သွားတော့မှ ကျောက်အာလည်း အပြင်မှာဘာတွေဖြစ်နေလဲဆိုတာ နောက်ဆုံး သိသွားရတော့တယ်။ လမ်းမကြီးပေါ်မှာ တစ်ဘီးချင်းလှိမ့်ပြီး ဂိတ်ပေါက်ကို ဖြတ်ကျော်နေတဲ့ ကုန်စည်လှည်းတွေ တသီတတန်း တန်းစီနေကြတယ်။
ဒါပေမယ့် ဘယ်သူမှအသံမထွက်တာကြောင့် မြင်းခွာသံနဲ့ လှည်းဘီးသံတကျွီကျွီကပဲ အသက်ဝင်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး ကြယ်မှုန်ပက်ဖြန်းထားသလား အောက်မေ့ရအောင် မီးတုတ်အများအပြားက အလင်းပေးစွမ်းနေတယ်။
ကျောက်အာက ကြောက်လန့်တကြားနဲ့ ဘေးက ရွှီထင်းရှန်းကို လှမ်းကြည့်လိုက်မိတဲ့အခါ လရောင်အောက်က ရှင်းသန့်တဲ့မျက်နှာမှာ တွန့်ချိုးနေတဲ့မျက်ခုံးတစ်စုံကို တွေ့လိုက်ရတယ်။ ရွှီထင်းရှန်းက လှည့်မကြည့်ပေမယ့် သူမခေါင်းပေါ်ရောက်လာတဲ့ လက်နွေးနွေးကြောင့် ကျောက်အာရဲ့ကြောက်စိတ်တွေက သူ့အလိုလို ပြယ်လွင့်သွားလေရဲ့။
မြို့စောင့်ဂိတ်ကလည်း ဝင်ပေါက်တစ်ခုလုံး ဆီမီးတိုင်တွေ ထွန်းညှိထားပြီး အစောင့်တပ်သားနှစ်ယောက်က လှည်းတွေကို စောင့်ကြည့်နေတယ်။ လှည်းတန်းကြီးက ရှည်လျားလွန်းတာကြောင့် အတော်ကြာကြာထိုင်စောင့်ပြီးမှ သူမတို့အလှည့် ရောက်လာတယ်။
ကျောက်အာက ပြောမပြတတ်အောင် စိုးရိမ်နေပေမယ့် အံ့ဩစရာကောင်းစွာပဲ တစ်ဖက်လူက ဘာမှစစ်ဆေးခြင်းမရှိဘဲ လွှတ်ပေးလိုက်တာပဲ။ သေချာအကဲခတ်ကြည့်တော့မှ နောက်ကလှည်းတွေကိုလည်း စစ်တာဆေးတာမျိုး မရှိဘူး။
ပိုရဲတင်းတဲ့ဟူဆန်းကတော့ ရှေ့ကလှည်းနောက်ကပ်လိုက်ပြီး သူတို့ထဲ ရောဝင်လိုက်တယ်။ လှည်းသမားအားလုံး အနက်တွေနဲ့ပဲမို့ ရွှီထင်းရှန်းပြောပြတော့မှ ဟူဆန်းဘာလို့ဒီလိုဝတ်ထားရသလဲဆိုတာ သူမ သိသွားတာ။
ရထားလုံးက မြို့ပြင်ထွက်မှ ပိုတောင် အရှိန်တင်လို့ရသွားတယ်။ ကျောက်အာက ပုံမှန်ဆို ဒီလိုအချိန်မှာ အိပ်ပျော်မှာမဟုတ်ပေမယ့် စည်းချက်ညီညီယိမ်းနေတဲ့ လှည်းက သူမကို ချော့သိပ်နေသလိုပဲ။ သူမ ပြန်နိုးလာတဲ့အခါမှာတော့ ယောက်ျားသားနှစ်ယောက်လုံး မရှိတော့တာ သိလိုက်ရတယ်။
ကျောက်အာ အမြန်ရထားလုံးထဲက ဆင်းလိုက်တော့ ပထမဆုံးကြိုဆိုလာတာက ဆားနံ့သင်းတဲ့ ပင်လယ်လေညှင်းဖြစ်ပြီး နောက်မှ မတ်တပ်ရပ်နေတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရတယ်။ သူမလည်း သူတို့နားလျှောက်သွားလိုက်တဲ့အခါ ချက်ချင်းဆိုသလို အဝေးတစ်နေရာက ထင်းလင်းစည်ကားနေတဲ့ နေရာကို အာရုံထားမိသွားတယ်။
မိုးကုတ်စက်ဝိုင်းအဆုံးမှာ မြင့်မားလှတဲ့ ကုန်တင်သင်္ဘောကြီးတွေက ဘယ်နှစ်စီးမှန်းမသိ ကျောက်ချရပ်ထားပြီး တောက်ပနေတဲ့ မီးတုတ်အလင်းတွေကလည်း ညပင်လယ်မျက်နှာပြင်ကို ရဲရဲတောက် ဖုံးလွှမ်းထားတယ်။
ကမ်းစပ်နဲ့သင်္ဘောတွေကြားမှာ သစ်သားတန်းတစ်ခုထိုးထားပြီး မရေမတွက်နိုင်တဲ့ အလုပ်သမားတွေက ခေါက်တုံ့ခေါက်ပြန် ကုန်တင်ကုန်ချလုပ်နေကြတယ်။ သို့သော် အထင်ကြီးစရာကောင်းလောက်အောင် အသံတစ်စက်မှမထွက်ကြလို့ သူမတို့ရပ်နေတဲ့ မှောင်မဲနေတဲ့နေရာနဲ့ယှဥ်ရင် လက်တစ်ကမ်းစာ သုခဘုံလို့တောင် အောက်မေ့မိလိမ့်မယ်။
“ဒါက …”
ကျောက်အာ အလိုလို တိတ်ကျသွားတယ်။ ဆိုတော့ ဒါက တျန့်ဟိုင်နယ်ရဲ့ တကယ့်ပုံစံပေါ့။ အမှန်တော့ သူ ဒီကိုရောက်ကတည်းက ရွှီထင်းရှန်းက တစ်ခုခုမှားနေတာ သတိထားမိပြီးသား။ မြို့စောင့်တပ်ကို သွားတုန်းကလည်း တပ်မှူးကုန်းက သူ့ကို တမင်တကာ ရှောင်နေမှန်း ရိပ်မိလိုက်တယ်။
ဖန်တာ့ကျူးရဲ့ အပြုအမူတွေကလည်း ဟန်ဆောင်ထားတာဖြစ်သလို ဓားပြတွေကြောင့် မြို့စောင့်တပ်က အကူအညီသွားတောင်းမယ်ဆိုတာလည်း အတုအယောင်ပဲ။ ရှင်းရှင်းပြောရရင် တစ်နယ်လုံးက သူ့ကို ဝိုင်းလိမ်ဖို့သက်သက် သရုပ်ဆောင်နေကြတာပဲ။
166 03
စဥ်းစားကြည့်လိုက်တော့လည်း ဟုတ်တာပဲ။ ရွှမ်းယွီကျွန်းက ပြာပုံထဲက ထလာရင်တောင် အတွင်းလူလိုသေးတယ်။ သာ့ချန်ရဲ့ကုန်စည်တွေကို တင်ပို့ချင်သလို နိုင်ငံရပ်ခြားက ပစ္စည်းတွေကလည်း ဝင်လာချင်ကြတယ်။
ဒီဖြစ်စဥ်ကြီးတစ်ခုလုံးကို ဖြစ်မြောက်စေဖို့ဆို အတွင်းရော အပြင်ရော ပူးပေါင်းလုပ်ဆောင်ဖို့လိုတယ်။ ရေလမ်းကုန်သည်ကြီးတွေကိုပဲ အားကိုးနေတာက မလုံလောက်ဘူး သာ့ချန်မှာ သူ့ဥပဒေနဲ့သူရှိတယ်။ ရွာကနေ မြို့နယ်အဆင့် မြို့နယ်ကနေ ကောင်တီ ကောင်တီကနေ ခရိုင်အထိ သူ့ဟာနဲ့သူ အဆင့်ဆင့် အရာရှိတွေက ထိန်းချုပ်ထားကြတာ။
ပြည်တွင်းကောင်တီရုံးနဲ့ မြို့စောင့်တပ်က မတူကွဲပြားတဲ့ဌာနနှစ်ခုဆိုပေမယ့် တျန့်ဟိုင်နယ်က ကံကောင်းထောက်မစွာနဲ့ ရွှမ်းယွီကျွန်းနဲ့ အနီးဆုံးဖြစ်နေခဲ့တယ်။ သို့သော် နန်းတွင်းကို လှည့်စားဖို့ဆို မြို့စောင့်တပ်ကို လာဘ်ထိုးရုံနဲ့မရဘူး ဒေသရုံးတွေကိုလည်း စည်းရုံးဖို့လိုလိမ့်မယ်။
ဒီလူတွေ သူ့အရှေ့မှာ တမင်ဇာတ်ကပြနေတာ မဆန်းပါဘူး သူတို့စိတ်ထဲ သူက ဒီမှာအသစ်မို့ ဒါတွေသိသွားရင် ပြဿနာရှာမှာစိုးပြီး အရင်ဆုံး ခြောက်လှန့်ထားတာနေမှာ။ ဒါကြောင့် တစ်လမ်းလုံးတွေ့တဲ့ မြေကွက်တွေ ပေါင်းတွေနဲ့ပြည့်နှက်နေပြီး ဘယ်သူမှအလုပ်မလုပ်တာတောင် အခွန်တွေ ဆောင်နိုင်နေတာ မဆန်းတော့ဘူး။
တစ်နယ်လုံးက မှောင်ခိုလုပ်နေတာကိုး။
ပုရွက်ဆိတ်အုံလို တကုပ်ကုပ်လုပ်နေကြတဲ့ လူတန်းကြီးကိုကြည့်ပြီး ရွှီထင်းရှန်း စဥ်းစားမိတယ်။ မနက်ဖြန် လမ်းပေါ်မှာ လူသူကင်းမဲ့နေရင်တောင် အံ့ဩစရာမရှိတော့ပါဘူး။ ဘာလို့ဆို သူတို့တစ်ညလုံး အလုပ်ကြိုးစားထားကြလို့လေ။
သူတို့သုံးယောက်လုံး ကြောင်အမ်းနေကြရာက စိုစွတ်တဲ့လေတစ်သုတ် ဝေ့တိုက်လာကာမှ ပြန်ဖို့ အသိဝင်လာတာ။
“သခင်ကြီး ပြန်ကြရအောင်”
သုံးယောက်သား ရထားလုံးပေါ်ပြန်တက်ပြီး လာရာလမ်းအတိုင်း ပြန်မောင်းလာခဲ့တယ်။ သူတို့မြို့ဝင်ပေါက်ရောက်တဲ့အခါ သန်းခေါင်ယံတောင်ကျော်နေပြီ။ ဂိတ်တံခါးက အကျယ်ကြီး ဖွင့်ဟထားပေမယ့် စစ်သားတချို့ကတော့ ဘေးတစ်ဖက်တစ်ချက်စီမှာ ရပ်နေကြတုန်းပဲ။
ဟူဆန်းက ဘာမှမပြောဘဲ ခေါင်းငုံ့လျက်သားနဲ့ အထဲကိုဖြတ်မောင်းလာခဲ့တယ်။ ဒီရုတ်ခြည်းအဖြစ်အပျက်က စစ်သားတွေကို အံ့ဩသွားစေပြီး သူတို့ထဲကတစ်ယောက်က မတ်တပ်ထရပ်ကာ လှမ်းအော်တယ်။
“ဟေ့ အဲ့လှည်းကို တားပြီး စစ်စမ်း”
ဒါပေမယ့် ဟူဆန်းက သူ့ကိုအပြီးတိုင် လျစ်လျူရှုရင်း အရှိန်တင်လိုက်တယ်။
“မြန်မြန် သူ့ကိုတားကြ”
ထိုသူရဲ့အမိန့်ပေးသံကြောင့် စစ်သားတစ်စု ထွက်လာပြီး အသည်းအသန် ပြေးလိုက်ကြတယ်။
“ရပ်စမ်း မဟုတ်ရင် ဂျပန်ဓားပြတွေလို့ ယူဆလိုက်မှာ”
လက်ရှိအခြေအနေအရ ဂျပန်ဓားပြတွေကို နန်းတွင်းခုံရုံးတင်စရာတောင် မလိုဘဲ ဖမ်းမိတာနဲ့ သတ်ပစ်ဖို့အမိန့်ရထားပြီးသားမို့ သူတို့ကို သတ်ပစ်ဖို့ဝန်မလေးဘူးလို့ ဆိုလိုတာဖြစ်တယ်။
“အထွက်တုန်းကတောင် အကောင်းပါ အခုမှ ဘယ်လိုဖြစ်တာလဲ?”
ကျောက်အာက လှည်းပြူတင်းဘောင်ကို ကိုင်ရင်း လွင့်မထွက်သွားအောင် ထိန်းထားရတယ်။ ရွှီထင်းရှန်းကတော့ လျော့ရဲရဲပြုံးရင်းနဲ့ပဲ “သူတို့လှည်းတွေက ဒီအချိန် ပြန်လာမှာမဟုတ်ဘူးလေ”
ပစ္စည်းတွေက များတာမို့ သူတို့လူတွေဆို အရုဏ်ဦးမတိုင်ခင်အထိ ပြန်လာကြမှာမဟုတ်ဘူး။ ဒါပေမယ့် ရွှီထင်းရှန်းကတော့ ဖန်တာ့ကျူးနဲ့ကျိုးလီတို့ ရှောင်တခင် ဝင်လာမှာစိုးလို့ ရုံးတော်က အိမ်ကိုအမြန်ပြန်သွားရမယ်။
လှည်းအရှိန်က ရေနံဆီမီးအိမ်ငြိမ်းတဲ့အထိ မြန်ပေမယ့် နောက်ကစစ်သားတွေကလည်း အတော်ခေါင်းမာတယ်။
“သခင်ကြီး ကျုပ်တို့တွေ လှည်းကိုပစ်ပြီး မျက်ခြေဖြတ်မှရမယ်”
166 04
ဟူဆန်းက အပြင်ကလှမ်းအော်တော့ ရွှီထင်းရှန်းကလည်း အံ့ဩသွားပုံတောင်မပေါ်ဘဲ အေးအေးလူလူ သဘောတူလိုက်တယ်။
“ကောင်းပြီ”
သူတို့လမ်းချိုးအကွေ့တစ်ခုထဲ ဝုန်းဒိုင်းကျဲ မောင်းဝင်လာပြီးတဲ့နောက် ဟူဆန်းနဲ့ကျောက်အာတို့ အလျင်စလို ခုန်ဆင်းလိုက်ကြတယ်။
“သခင်ကြီး ကျုပ် သူတို့ကို အာရုံလွှဲထားလိုက်မှာမို့ အရင်ပြန်နှင့်ပါ။ ကောင်တီရုံးမှာ ပြန်တွေ့ကြမယ်”
အဲဒီလိုနဲ့ ဟူဆန်းက မဲမှောင်တဲ့လမ်းကြားလေးထဲက တဟုန်ထိုး ပြေးထွက်သွားတယ်။ အဲဒီတော့မှ ဟူဆန်း ပြေးတဲ့အခါ ထော့နဲ့နဲ့ဖြစ်မနေကြောင်း ကျောက်အာ သဘောပေါက်သွားတာ။
“လာ မြန်မြန်သွားရအောင်”
လင်မယားနှစ်ယောက်က လက်ချင်းတွဲရင်း လမ်းကြိုလမ်းကြားထဲ ဖြတ်ပြေးတယ်။ တစ်အောင့်လောက် လျှောက်ပြေးပြီးမှ သူတို့လမ်းပျောက်နေပြီမှန်း သိလိုက်ကြတာ။ ပတ်ဝန်းကျင်က ဆီမီးတိုင်တစ်ခုမရှိ မှောင်လွန်းတဲ့အပြင် ဒီဒေသရဲ့လမ်းတွေကိုလည်း မရင်းနှီးတော့ သူတို့မှာ ခပ်ရေးရေးမှတ်မိတဲ့အတိုင်း ရမ်းသွားနေရတာ။
ဒီကြားထဲ ခြေသံကြားတိုင်း အမှောင်ထဲဝင်ပုန်းရတာက တစ်လုပ်။ အရေအတွက်များတဲ့ စစ်သားတွေကြောင့် သူတို့မှာ မိန်းလမ်းမကြီးပေါ်က မသွားရဲဘဲ ချောင်ကြိုချောင်ကြားကနေ သွားနေရတယ်။
ရုတ်တရက် ခေါင်းပေါ်က မဲမဲနက်နက်အရိပ်တစ်ခု ပြုတ်ကျလာလို့ နှစ်ယောက်သား အလန့်တကြား နောက်ဆုတ်မိပြီးမှ မြှောင်ဆိုတဲ့အသံထွက်လာလို့ လမ်းဘေးကြောင်တစ်ကောင်မှန်း သိလိုက်ရတာ။ ကျောက်အာက သက်ပြင်းမောတစ်ချက်ချလိုက်မိပြီး ရှေ့ဆက်လျှောက်ဖို့ ပြင်တဲ့အခါကျမှ ရွှီထင်းရှန်း ပါမလာတာ သတိထားမိလိုက်တယ်။
“ဘာဖြစ်လို့လဲ?”
“ဘာမှမဖြစ်ဘူး”
နှစ်ယောက်သားက လမ်းဆက်ရှာကြပေမယ့် ကျောက်အာက တဖြည်းဖြည်း နောက်ကျကျန်ခဲ့တဲ့ ရွှီထင်းရှန်းကို သံသယတွေစပွားလာတယ်။
“ရှင် ခြေကျင်းဝတ် ခေါက်သွားတာလား”
“မပြင်းထန်ဘူး ဆက်သွားလို့ရတယ်”
ဒါပေမယ့် ဒီတစ်ခါတော့ ကျောက်အာက သူ့စကားနားမထောင်ဘဲ ခြေလှမ်းတွေရပ်လိုက်တော့ ရွှီထင်းရှန်းက တန့်သွားကာ နောက်လှည့်မေးတယ်။
“ဘာဖြစ်တာလဲ”
“ကျောပိုးမယ်”
ရွှီထင်းရှန်းက စိတ်ဆိုးလွန်းလို့ အသံထွက်ရယ်မိသွားပြီးမှ သူမလက်ကို ပြန်ဆွဲခေါ်လိုက်တယ်။
“တော်စမ်းပါ ငါ့ကို ကလေးလို့ထင်နေတုန်းပဲလား”
“မြန်မြန်တက်စမ်းပါ အချိန်မရှိဘူး”
ကျောက်အာက သူဆွဲထားတဲ့လက်ကိုဖြုတ်ပြီး ဆောင့်ကြောင့်ထိုင်ကာ ပြောလာပေမယ့် ရွှီထင်းရှန်းကတော့ မလှုပ်မယှက်ရှိနေတုန်းပဲ။ နောက်ဆုံး ကျောက်အာစိတ်မရှည်တော့ဘဲ သူ့ကိုပေါင်ကနေ ချီမလိုက်တော့မှ ရွှီထင်းရှန်းတစ်ယောက် ကျောပေါ်ရောက်လာပြီး သူမငြင်းဆန်နိုင်ခင်မှာတင် သူမက ခြေလှမ်းကျဲကြီးတွေနဲ့ အမြန်လျှောက်တော့တယ်။
“နင်နည်းနည်းတော့ လေးလာပေမယ့် ချီနိုင်ပါသေးတယ်”
ကျောက်အာ အရင်က ကီလိုနှစ်ရာကျော်လေးတဲ့ ပြောင်းဆံတွေကို ချွေးတစ်စက်မထွက်ဘဲ သယ်ဖူးတယ်။ ရွှီထင်းရှန်းတောင် သူမ ဘယ်ကအားတွေရလာသလဲ မတွေးနိုင်တော့ဘူး။ သူ တိတ်နေတာတွေ့တော့ ကျောက်အာက ထပ်မေးတယ်။
“ဘာဖြစ်နေတာလဲ။ နင်ကြီးလာရင်တောင် ငါက အေးဆေးချီနိုင်ပါတယ်နော်”
“ငါက ယောကျ်ားလေ”
“ယောက်ျားလေး အချီမခံရဘူးလို့ ဘယ်သူဥပဒေထုတ်ထားလို့လဲ။ တကယ်ပါပဲ”
166 05
အဲဒီတော့မှ သူ ထပ်သိလိုက်ရတာက အခုနက ကျောက်အာ အရှိန်နှေးထားတယ်ဆိုတာ သူ့ကိုစောင့်နေလို့ပဲ။ အခုတော့ သူမက သူတစ်ယောက်လုံးကို သယ်ပိုးထားတာတောင် အားကုန်ခြင်းမရှိ ရွှီထင်းရှန်းညွှန်ပြတဲ့ လမ်းကြောင်းအတိုင်း ခပ်သုတ်သုတ် ပြေးလာခဲ့တယ်။
နောက်ဆုံးတော့ သူတို့ကောင်တီရုံးရဲ့ အနောက်ဘက်တံခါးဆီ ရောက်သွားကြပြီး မသွားခင်တုန်းက တိုင်ပင်ထားတဲ့အတိုင်း ကျောက်အာက အရှည်ကြီး သုံးချက်ခြားခေါက်ပြီးမှ နှစ်ချက်ဆင့် ခေါက်လိုက်တယ်။
အချက်ပြသံမှန်တာနဲ့ အထဲကတံခါးချက်ချင်း ပွင့်လာပြီး ဟူဆန်းပေါ်လာတယ်။
“ဆရာကတော်တို့ ရောက်ပြီပဲ။ ကျုပ်က အခုပဲ သွားရှာတော့မလို့ သခင်ကြီး ခြေထောက်က … ဘာဖြစ်တာလဲ?”
“သူ ခြေကျင်းဝတ်ခေါက်သွားတာလေ ကြောင်ကို ရှောင်ရင်း …”
ကျောက်အာက ဟူဆန်းကိုကျော်ပြီး အထဲဝင်ရင်း ပြုံးစိစိမျက်နှာကို အတင်းထိန်းပြီး ဖြေလိုက်တယ်။ ကျောပေါ်က ရွှီထင်းရှန်းကလည်း ဒါအမှန်ပဲမို့ သွားအော်လို့မရတော့ မျက်နှာသေနဲ့သာ သူ့ရှိစုမဲ့စု ဂုဏ်သိက္ခာကို ထိန်းဖို့လုပ်နေတယ်။
စိတ်မကောင်းစရာက မနက်ဖြန်ပဲ သူ့ဂုဏ်သိက္ခာအားလုံး ရှိတော့မှာမဟုတ်ဘူး ဘာလို့ဆို သူ့ကိုဒီအခြေအနေနဲ့တွေ့သွားတာ ဟူဆန်းတင်မက ရှောင်ဟုန်းလည်း တွေ့သွားခဲ့တယ်။ ရှောင်ဟုန်းက အတွေ့အကြုံနုတဲ့ မိန်းမငယ်လေးတစ်ယောက်သာမို့ သခင်မလေးက သူတို့သခင်ကို ချီလာတာတွေ့တော့ ဟန်ဆောင်မရအောင် မေးရိုးကြမ်းပြင်ပေါ် ပြုတ်ကျမတတ်ဖြစ်သွားတယ်။
သခင်မလေးက ချီလာတာပဲ။ ဘုရားရေ မိန်းမက ယောက်ျားဖြစ်သူကို ကျောပေါ်ပြန်တင်လာတယ်။
အမှန်တော့ ဟုန်အာလည်း ဒီမြင်ကွင်းကို တွေ့လိုက်ရတယ်။ ကလေးက အပြင်ကဆူညံသံတွေကြောင့် နိုးလာတာဖြစ်ပြီး သူ့မျက်လုံးတွေကို ပွတ်သပ်လို့ပြီးတာနဲ့ အမေက အဖေဖြစ်သူကို ချီခေါ်လာတာတွေ့လိုက်ရတယ်။
ဟုန်အာက မျက်လုံးဝိုင်းကြီးတွေ မှိတ်ကျတဲ့အထိ လှောင်ရယ်ပြီး သူ့ပါးသူကုတ်ကာ “ရှက်စရာကြီး အဖေရာ ဒီလောက်ကြီးနေပြီကို မေမေ့ကို ချီခိုင်းနေသေးတယ်”
ဒါက သေချာပေါက် ရွှီထင်းရှန်း သူ့သားကို ဆူပူနေကျစကားပဲပေါ့။
“ဒီကိစ္စကို အခုကစပြီး ဘယ်သူမှ ပြန်ပြောခွင့်မရှိဘူး”
ကျောက်အာ ကုတင်ပေါ်ချပေးလိုက်တော့မှ ရွှီထင်းရှန်းက ဒေါသတကြီး အမိန့်ထုတ်လာတယ်။ ထိုအချိန် အပြင်က တံခါးခေါက်သံသဲ့သဲ့ထွက်လာတယ်။
“လူကြီးမင်း အနားယူသွားပြီလား?”
ဖန်တာ့ကျူးပဲ။ အခန်းမီးတွေက လင်းနေသေးတယ်ဆိုတော့ သူတို့အလုပ်လုပ်နေတာ အသိသာကြီးပဲ။
“အထဲက အသံတွေကြားလို့ပါ လူကြီးမင်းရွှီ ဘာများဖြစ်နေကြတာလဲ။ အပြင်မှာတော့ ကျုပ်လက်အောက်ငယ်သားတွေ တင်ပြသလောက် ဂျပန်ဓားပြတွေက မြို့ရိုးဂိတ်ကို ကျော်ဝင်လာလို့ မြို့စောင့်တပ်သားတွေ ပိုက်စိပ်တိုက်ရှာနေကြတယ်လို့ ကြားရပါတယ် ဒီအချိန်ကြီးကျမှ နှောင့်ယှက်ရတာအားနာပေမယ့် လူကြီးမင်း ဘေးကင်းတာ သေချာအောင် လာမေးတာပါ”
အခန်းထဲကလူတိုင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိပြီး အချိန်တစ်ခုအထိ ဘယ်သူမှ အသံမထွက်ရဲဘူး။ အဲဒီတော့မှ အမြဲတစေ ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ကျောက်အာက စားပွဲပေါ်က အကြမ်းရည်ခွက်တစ်ခွက်ယူပြီး ကြမ်းပြင်ပေါ် ပစ်ပေါက်ခွဲကာ ငိုပြလိုက်တယ်။
“ရှင်သွားလေ အဲဒီဓားပြတွေကို သွားဖမ်းခဲ့ ဘာလို့သူများကိုပဲ ခိုင်းနေတာလဲ။ ရှင်အလုပ်ပြုတ်ချင်နေပြီလား။ ဟမ် မျိုးရိုး ရွှီ ရှင်ကျွန်မကို မှန်မှန်ပြော သူက ဘယ်သူလဲ? မကောင်းတဲ့ကောင် ကျွန်မ ကလေးသိပ်နေတာကို အခွင့်ကောင်းယူပြီး ဒီအစေခံမနဲ့ သွားကျီစယ်နေတယ်ဟုတ်လား။ နင်ရောပဲ နင်တို့တွေ သိပ်ရဲတင်းနေကြတာ ဒီမိန်းမကို သေသွားပြီ ထင်နေကြတာလား”
ဖန်တာ့ကျူးက လိုရမယ်ရ စစ်ဆေးဖို့လာခဲ့ပေမယ့် ဒီလိုအတွင်းရေးတွေ ကြားလိုက်ရမယ် မထင်ထားဘူး။
ကြည့်ရတာ ခရိုင်မှူး ဖောက်ပြန်နေတာကို ဇနီးသည်က မိသွားတယ် ထင်ပါရဲ့။ အိမ်း ဒီကောင်လေးကို အနည်းဆုံး မိန်းမ မလိုက်စားဘူးလို့ထင်ထားတာ။ ဖြစ်ချင်တော့ သူက တခြားယောက်ျားတွေနဲ့ တစ်ချိုးတည်းပါပဲလား။
ဖန်တာ့ကျူးက စိတ်အေးသွားသလို နည်းနည်းလည်း စိတ်ရွှင်သွားတယ်။
“လူကြီးမင်းတို့ အဆင်ပြေနေကြရင်လည်း ကျုပ်ကို ခွင့်ပြုပါဦးလေ”
…………
******