← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း ၁၆၇

အပြင်ကလူရဲ့ ခြေသံအဝေးရောက်သွားတော့မှ အိမ်ခန်းထဲက ဆူညံပွက်လောရိုက်သံတွေ အကုန်တိတ်ဆိတ်သွားတယ်။ လူတစ်စုက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပြီး တော်တော်လေး မျက်နှာပူသွားကြတယ်။

ရွှီထင်းရှန်းတောင် သူ့မျက်နှာ ဘယ်နားထားရမှန်းမသိတာ ရောယောင်ပြီး ဝင်ဇာတ်ကပေးလိုက်ရတဲ့ ဟူဆန်းနဲ့ရှောင်ဟုန်းတို့ဆို ပြောမနေနဲ့တော့။ ဟူဆန်းက ခဏလောက်နေမှ ချောင်းတစ်ချက်ဟန့်ပြီး နေရခက်စရာ လေထုကြီးကို ဖြိုခွဲပေးလိုက်တယ်။

“အဟမ်း ဒါဆို သခင်ကြီး နားပါတော့… ကျွန်တော်တို့လည်း သွားပါတော့မယ်”

ရွှီထင်းရှန်းက သူတို့ကို မကြည့်ဘဲ ခေါင်းတစ်ချက် ညိတ်ပြလိုက်တဲ့အခါ ဟူဆန်းရော ရှောင်ဟုန်းရော ခပ်သွက်သွက် ထွက်သွားကြတယ်။ ကျောက်အာက ရွှီထင်းရှန်းခြေထောက်ကို ဖြတ်ခနဲကြည့်လိုက်ပြီးမှ ဆေးသေတ္တာထဲက ဒဏ်ကျေလိမ်းဆေး မွှေနှောက်သွားရှာတယ်။

မြို့တော်မှာကတည်းက ကျောက်အာက ဒီဒဏ်ကျေလိမ်းဆေးဆီကို အမြဲတမ်းဆောင်ထားပြီး ရွှီထင်းရှန်းရဲ့ခြေသလုံးနဲ့ လက်ကောက်ဝတ်တွေကို လိမ်းကျံပေးနေကျပဲ။ အခုလည်း ရွှီထင်းရှန်းအရှေ့မှာ ဒူးထောက်ထိုင်ကာ ဖိနပ်ချွတ်ပေးပြီး ခြေအိတ်ပါ ချွတ်ကြည့်လိုက်တဲ့အခါ ခြေကျင်းဝတ်က မြင်မကောင်းအောင် ယောင်ကိုင်းနေတာတွေ့လိုက်ရတယ်။

အဲဒီအချိန်မှာပဲ ရှောင်ဟုန်းက ရေနွေးဇလုံလာပေးတော့ ကျောက်အာက အခန်းဝကတင် လက်လွှဲယူလိုက်ပြီး သူမကိုလည်း သွားအိပ်ခိုင်းလိုက်တယ်။ ရွှီထင်းရှန်းကို ရေနွေးနဲ့ခြေဆေးခိုင်းပြီးမှ သူ့ဒဏ်ရာကို ဆေးလိမ်းပေးလိုက်တယ်။

ကျောက်အာက လက်ကလည်း လှုပ်ရှားရင်း ပါးစပ်ကလည်း “နင့်ခြေထောက်က နောက်တစ်ပတ်လောက်နေမှ အပြီးကောင်းသွားမှာ မနက်ဖြန်ကျ ကောင်တီမှူးဖန်ကို ဘယ်လိုရှင်းပြမှာလဲ”

ကျောက်အာရဲ့ မျက်နှာနုနုက မီးအိမ်အလင်းအောက်မှာ အနည်းငယ်နီမြန်းနေပြီး သူမက အခုမှ ၂၀ကျော်မို့ မိန်းကလေးတစ်ယောက်ရဲ့ အတောက်ပဆုံးအချိန်ပဲ။ သူမရဲ့ အသားအရည်က ဂျုံလိုဖြူဖွေးနေတာလည်း မဟုတ်သလို ညိုမဲနေတာလည်း မဟုတ်ဘဲ ကျန်းမာတဲ့ ပျားရည်ရောင်ဖြစ်တယ်။

ကျောက်အာက တကယ်နေလောင်ဒဏ်မခံနိုင်ဘူး။ မြို့တော်ကြီးမှာတော့ သူမက ခပ်ဖွေးဖွေးလေးဖြစ်ခဲ့ပေမယ့် အပူပြင်းဆုံးနွေရက်တွေမှာမှ ကျဲ့ကျန်းကို ခရီးနှင်လာခဲ့ရတော့ နေရောင်တိုက်ရိုက်မထိတာတောင် နည်းနည်းညိုသွားခဲ့တယ်။

“အိမ်သူက ထက်လွန်းနေတော့လည်း ယောက်ျားဖြစ်သူက ဩဇာမရှိတော့ဘူးပဲ”

ရွှီထင်းရှန်းက ပြုံးစစနဲ့ဆိုလာတော့ ကျောက်အာက ပထမလန့်သွားပြီး သူ့ခြေထောက်ကို ညှစ်မိသွားတာကြောင့် ရွှီထင်းရှန်းမှာ အာ့ခနဲ အသံထွက်သွားရတယ်။ ကံကောင်းလို့ ကျောက်အာ အမြန်လွှတ်လိုက်လို့ အနာသက်သာသွားတာ။

“မင်းကတော့ ကိုယ့်ယောက်ျားကိုယ် သတ်နေတာပဲ”

ကျောက်အာက သူ့ကို ရွှတ်နောက်နောက် မျက်စောင်းထိုးကြည့်လိုက်ပြီးမှ သေချာလိမ်းလို့ပြီးတဲ့အခါ ခြေလက်သွားဆေးတယ်။ သူမ ပြန်လာတဲ့အချိန်မှာတော့ ရွှီထင်းရှန်းက ကုတင်ပေါ်ရောက်နှင့်နေပြီး ဟုန်အာလေးကို ချော့သိပ်နေတယ်။

နောက်တစ်နေ့ကျတော့ ရုံးတော်တစ်ခုလုံး သူတို့ဆရာသခင်က ထော့ကျိုးဖြစ်နေတာ တွေ့လိုက်ရတယ်။ လူတွေမေးတဲ့အခါ သူက မတော်တဆ ချော်လဲပြီး ခြေကျင်းဝတ် လည်သွားတာလို့ ပြောပေမယ့် ဘယ်သူ့ကိုမှ လှည့်စားလို့မရတာ ကျိန်းသေပါတယ်။

မကြာခင်မှာပဲ အားလုံးက သူ မနေ့ညက ပြဿနာတက်ပြီး မိန်းမအဆော်ခံလိုက်ရတဲ့အကြောင်း သိသွားကြတော့တယ်။ ဒီတော့မှ သူတို့ရဲ့ ပုံမှန်မှာ သိမ်မွေ့တဲ့ခရိုင်မှူးကတော်က တကယ်တမ်း ကြမ်းတမ်းရက်စက်တဲ့သူဆိုတာ သဘောပေါက်လိုက်ကြတာ။

“သဘောထားသေးတဲ့သူတွေနဲ့ မိန်းမတွေက ကိုင်တွယ်ဖို့အခက်ဆုံးပဲ” ဆိုတဲ့သူ့အကြောင်း အတင်းချသံတွေကြားတော့ ရွှီထင်းရှန်းက ဒေါသထွက်ထွက်နဲ့ ကောင်တီရုံး ခြံဝန်းအလယ် တက်ရပ်ပြီး အားလုံးကို မာန်မဲတော့တာပဲ။

167 02

ဒါပေမယ့် သူ့လက်အောက်ငယ်သားတွေကတော့ သူ့အမျက်ဒေါသကို ခေါင်းတယမ်းယမ်းနဲ့ ရယ်ပဲရယ်နေကြတယ်။ အပြင်က အခြေအနေတွေက ပိုဆိုးလာလေ ရွှီထင်းရှန်းက ဂျပန်ဓားပြတွေအကြောင်း တစ်နေ့အကြိမ်တစ်ရာလောက် မေးလေလေပဲ။

သူ့မေးခွန်းတွေက အသေးစိတ်ကျလွန်းလို့ ဖန်တာ့ကျူးတစ်ယောက် အတော်ခေါင်းခဲနေရပြီး ကြိမ်ပေါင်းများစွာ လီဆယ်နေရတဲ့အတွက် စိတ်မသန့်ဖြစ်လာသလို အင်မတန်လည်း ဘေးကျပ်နံကျပ်ဖြစ်နေရတယ်။

နောက်နေ့ သတင်းပို့သူထံက ခရိုင်မှူး သူ့ကိုခေါ်နေတယ်ဆိုတဲ့အကြောင်း ကြားတဲ့အခါမှာတော့ ဖန်တာ့ကျူးတစ်ယောက် တော်တော်စိတ်တိုသွားရတယ်။ သူက အားလုံးအမှန်တိုင်း ပြောပြလိုက်ချင်ပေမယ့် အခုက အထိအခိုက်မခံတဲ့ကာလမို့သာ ငြိမ်နေရတာ။

ဒါပေမယ့် သူရောက်သွားတဲ့အချိန်မှာတော့ ရွှီထင်းရှန်းရဲ့ ပုံမှန်မဟုတ်တဲ့ အမူအရာကို ချက်ချင်းသတိထားမိလိုက်တယ်။ ခရိုင်မှူးရွှီရဲ့ခြေထောက်က တော်တော်သက်သာလာပြီဆိုပေမယ့် သူက တုတ်ကောက်တစ်ခုနဲ့သွားတုန်းပဲ။

အခုလည်း ခုံမြင့်မှာထိုင်နေတဲ့သူ့ရဲ့ အကြည့်တွေက ဝါးစားမတတ်ဖြစ်နေတာမို့ ဖန်တာ့ကျူးမှာ နေရင်းထိုင်ရင်း ချွေးပြန်လာရပြီး ချိတုံချတုံနဲ့သာ မသိချင်ယောင် ဆောင်လိုက်တယ်။

“ဘာကိစ္စရှိလို့ပါလဲ လူကြီးမင်း”

ရွှီထင်းရှန်းက တမင်တကာ အေးစက်စက်ရယ်လိုက်ပြီးမှ “ခေါ်လာခဲ့”

ဟူဆန်းက အပြင်ကဝင်လာပြီး သူ့ဦးဆောင်မှုနောက်မှာ ရွှီထင်းရှန်းရဲ့လူနှစ်ယောက်က ဖရိုဖရဲယောက်ျားတစ်ယောက်ကို ကြိုးတုပ်ခေါ်ဆောင်လာတယ်။ အဝတ်အစားကို ကြည့်တာနဲ့တင် ဖန်တာ့ကျူးရဲ့နှလုံးခုန်နှုန်းက ရပ်မတတ်ပဲ။

“ဒါက ဘာလဲ လူကြီးမင်?”

“ကောင်တီမှူး ဖန် ဒီလူ့ကို မှတ်မိသလား?”

ဖန်တာ့ကျူးက ပိုတောင်ပျာယာခတ်သွားပြီး ဆင်ခြေတစ်ခု ပေးဖို့ပြင်တဲ့အချိန် ရွှီထင်းရှန်းရဲ့ဆူဆဲသံ ထွက်လာတယ်။

“မင်းတို့အားလုံးကို အသုံးမကျဘူးလို့ ပြောနေတာမဟုတ်ဘူး။ ဒါပေမယ့် ဂျပန်ဓားပြတစ်စုကိုတောင် သေချာမဖမ်းနိုင်ဘူးလား။ ဟမ်… အခုငါ့လူတွေကို ကြည့်စမ်း ချက်ချင်းဖမ်းမိလာတယ်မလား”

ဟူဆန်းရဲ့မျက်နှာက မော်ချီနေပြီး သူ့အမာရွတ်ကြီးကြောင့်သာမဟုတ်ရင် ပိုတောင်ပျော်နေတဲ့ပုံပေါက်ဦးမှာ။ အခုလည်း သူက သူ့ပုံမှန်စကားနည်းတဲ့အကျင့်ကို ဖျောက်လိုက်ပြီး

“သခင်ကြီး ကျွန်တော် ရိုင်းတာတော့မဟုတ်ပေမယ့် အဲဒီမြို့စောင့်တပ်သားတွေက တကယ်အသုံးမကျဘူး။ သခင်ကြီးရဲ့ အကွက်စေ့တဲ့ဗျူဟာနဲ့ ထက်မြက်မှုကြောင့်သာ ဒီဂျပန်ဓားပြခေါင်းဆောင်ကို ဖမ်းနိုင်ခဲ့တာ။ သခင်ကြီးမသိလို့ ကျွန်တော် သူ့ကို ရှာတွေ့တဲ့အချိန် သူက ပြည်သူတစ်ယောက်အိမ်ထဲမှာ ကောင်းကောင်းအိပ်ပျော်နေတာ။ ကျွန်တော် လက်ပူးလက်ကြပ်မိခဲ့ပေမယ့် နှမြောစရာက သူတစ်ယောက်ပဲ ရှိနေတာပဲ …”

ဒါကိုကြားတော့ ဖန်တာ့ကျူးစိတ်ထဲ ဒီတိုင်းကြက်ကန်း ဆန်အိုးတိုးတာပါဆိုပြီး စိတ်လည်းအေး ပျော်လည်း ပျော်သွားတယ်။ ဒါပေမယ့် သူ့ကိုနေ့တိုင်း နားဒုက္ခလာပေးနေတဲ့ ရွှီထင်းရှန်းတစ်ယောက် တကယ်ကြီး အပြင်မှာ သူ့လူတွေလွှတ်ထားပြီး ဖမ်းခိုင်းလိမ့်မယ်လို့ မထင်ထားဘူး။

အခု သူဘာလုပ်ရတော့မလဲ။ အားလုံး အမှန်အတိုင်းပြောပြလိုက်ရတော့မှာလား။ ဒီလူငယ်က ခေါင်းမာပြီး ညှိရမလွယ်ရင် ဘယ်လိုလုပ်မလဲ။

ဖန်တာ့ကျူးတစ်ယောက် တွေးပူရလွန်းလို့ ခေါင်းမီးတောက်တော့မယ်။ သူ အကျပ်ရိုက်နေတဲ့အချိန်မှာပဲ ရွှီထင်းရှန်းက မချိုမချဥ်မျက်နှာနဲ့ ပြောလာတယ်။

“ဟမ့် ငါလည်း ငါ့ကိုယ်ငါ အထင်တော့ကြီးမိသား …ခပ်မြန်မြန် အကွက်ချလိုက်ရုံနဲ့ ဒီခေါင်းဆောင်ကို မိလာတယ်ဆိုတော့ … တကယ်လို့ ငါသာ ဒီလူတွေကို နန်းတွင်းခုံရုံးပို့လိုက်ရင် ဆုငွေဘယ်လောက်ရမလဲ မသိဘူး”

ဖန်တာ့ကျူးက ရှော့ရလွန်းလို့ ပြောစရာပျောက်သွားတယ်။ ဒီလူက သစ္စာရှိမယ့်ပုံနဲ့ ပွေရှုပ်တတ်တဲ့သူ ဖြစ်ရုံတင်မက မောက်မာပြီး အသိတရားလည်း မရှိဘူးပဲ။ လူတစ်ယောက်ကို အပြင်ပန်းပဲကြည့်ပြီး မဆုံးဖြတ်နဲ့ဆိုတာ တကယ်မှန်တာကိုး။

167 03

သူ ပုပ်သိုးနေတဲ့မျက်နှာနဲ့ ကောင်းကောင်းကျိန်ဆဲနေတဲ့အချိန် အပေါ်က ရွှီထင်းရှန်းက စိတ်ကြည်နေတယ်နဲ့တူပါတယ်။ ကြမ်းပြင်ပေါ်မှာ ခွေးသေလိုလဲနေတဲ့ ဂျပန်ဓားပြကိုတောင် စနောက်လာသေးတယ်။

“မင်းကို ကဲ့ရဲ့ချင်လို့တော့မဟုတ်ပါဘူး။ ဒါပေမယ့် ဘာလို့ ဓားပြဖြစ်လာရတာလဲ?”

ကိုးရိုးကားရားအခြေအနေကို လုံးဝသတိမမူမိတဲ့ ဟူဆန်းက “သခင်ကြီး ဒီလူတွေက ဒီလမ်းကို သူတို့ကိုယ်တိုင် ရွေးခဲ့တာမဟုတ်ဘဲ မိဘတွေက ဒီမျိုးရိုးမို့ သူတို့လည်း မွေးကတည်းက ဒီလိုဖြစ်လာတာပါ”

“အင်း… ကြည့်ရတာ ဒီအဖေ ဒီအမေက မွေးလို့ ဒီသားထွက်လာတယ်နဲ့ တူပါတယ်”

သူက ခပ်တိုးတိုး ရေရွတ်ပြီးမှ ချက်ချင်း အသံပြောင်းပြီး ဆူပူကြိမ်းမောင်းပါလေရော။

“တကယ်လို့ အဲဒီလိုဖြစ်လာမယ်ဆိုလည်း ကောင်းတဲ့ဓားပြ လုပ်ရောပေါ့။ ဘာလို့ပြည်သူတွေ စည်းစိမ်ကို လိုက်လုနေတာလဲ။ အခုတော့ ငါ့လက်ထဲ အဆုံးသတ်ရပြီမလား”

ဟူဆန်းက ဖြတ်ပြောတယ်။

“သခင်ကြီး ဓားပြတိုက်တယ်ဆိုတာက သူတို့ရဲ့ အသက်မွေးကြောင်းတစ်ခုပဲ။ တချို့လူတွေ အရာရှိဖြစ်လာပြီး တချို့က ဓားပြဖြစ်လာတာပဲကွာသွားတာ ပြီးတော့ သူက…”

ရွှီထင်းရှန်းက ထော့ကျိုးဖြစ်နေတဲ့ခြေထောက်နဲ့ ရုတ်တရက်ဆောင့်ကန်လိုက်တာကြောင့် ဟူဆန်း မြေပြင်ပေါ် ပြုတ်ကျသွားတယ်။

“မင်းစကားကို လူလိုမပြောတတ်ဘူးလား။ ဒီမှာမင်းက သခင်လား ငါကသခင်လား။ မင်းပြောနေတာက ဒီဂျပန်ဓားပြဆိုတာကနေ မတက်ဘူး။ တော်လိုက်တော့ လာ အခုခင်ဗျား ပြောပြကြည့်စမ်း”

သူက ဖန်တာ့ကျူးကို လက်ညှိုးထိုးရင်း အမိန့်ပေးတော့ “ဒီဂျပန်ဓားပြတွေက တကယ်တော့ ဂျပန်ကလာတာ။ သူတို့ဆီမှာ ပြည်သူတွေက ဆင်းရဲလွန်းလို့ စားစရာတောင်မရှိတော့ ပြည်ပထွက်ပြီး အလုပ်ရှာရင်း ရိုနင်တွေဖြစ်လာတော့တာပဲ။ ရိုနင်ဆိုတာ သူတို့အခေါ်ပေါ့။ ကျုပ်တို့မှာဆိုရင်တော့ ခိုးဆိုးလုယက်ခြင်းနဲ့ ဝမ်းကြောင်းတဲ့ သူခိုးတွေ ဓားပြတွေပါ”

“ကြည့်စမ်း ကောင်တီမှူးဖန်ဆီက သင်ယူစမ်းပါ။ သူပြောသွားတာ ဘယ်လောက်နားလည်လွယ်သလဲ”

ဟူဆန်းက ရွှီထင်းရှန်းကို မတရားခံရတဲ့မျက်နှာနဲ့ ကြည့်ပြီးမှ ဖန်တာ့ကျူးဆီ အကြည့်ရောက်လာတယ်။

“သိပါပြီ”

“ဒါနဲ့ ငါပြောနေတာ ဘယ်ရောက်သွားပြီလဲ?

ဒီတစ်ခါတော့ ဟူဆန်းက နောက်ကျမနေတော့ဘဲ “ဘာလို့ပြည်သူတွေရဲ့ ဥစ္စာကိုခိုးတာလဲ။ အခု ငါ့လက်ထဲအဆုံးသတ်ရတော့မယ်ဆိုတဲ့ နေရာပါ”

ရွှီထင်းရှန်းက ခေါင်းညိတ်လိုက်ပြီး “အေး မင်းတို့လို ဂျပန်ဓားပြတွေကို ဖမ်းမိရင်ဘာလုပ်လဲသိလား။ ချက်ချင်း ကွပ်မျက်ခံရမှာ ဒီထက်ကံဆိုးမယ်ဆိုရင်တော့ မင်းကို ညှင်းသတ်ကြဦးမှာ။ မင်းတို့ဂျပန်မှာ အဲဒီလိုသေဒဏ်မျိုးရှိလား။ ညှင်းသတ်တယ်ဆိုတာ အပြစ်သားကို တိုင်မှာ ကိုယ်လုံးတီးချည်ပြီး ပိုက်ကွန်ခြုံထားပေးတာ ပြီးတော့မှ ပါးကွက်သားက ပေါ်နေတဲ့အသားတွေကို ဖြည်းဖြည်းချင်း လှီးထုတ်မှာ. ငါကြားတာတော့ အကျွမ်းကျင်ဆုံး ပါးကွက်သားဆို အပြစ်သားတစ်ယောက်ကို ဓားချက်ပေါင်း သုံးထောင်မွှန်းနိုင်ခဲ့တယ်တဲ့ မြို့တော်မှာနေတုန်းက ငါကိုယ်တိုင်တွေ့ခဲ့ရတဲ့ အဲဒီမြင်ကွင်းက တကယ်ခြောက်ခြားစရာကောင်းလွန်းတယ်”

ရွှီထင်းရှန်းက သွေးသံတရဲရဲမြင်ကွင်းကို မျက်စိထဲပေါ်အောင် ပြောပြနေစဥ် ကြမ်းပြင်ပေါ်က ဂျပန်ကောင်က သူ့ခြေရင်းအထိ ခက်ခက်ခဲခဲ တိုးကပ်လာပြီး ထူးဆန်းတဲ့လေသံနဲ့ အော်ပါလေရော။

“မသတ်နဲ့ ကျုပ်ကို မသတ်ပါနဲ့ …”

ရွှီထင်းရှန်းက သနားသလိုဟန်နဲ့ “ငါလည်း မင်းကိုမသတ်ချင်ပါဘူး။ ဒါပေမယ့် ဥပေဒကတော့ ပြင်လို့မရဘူးလေ။ နန်းတွင်းလွှတ်တော်က ကမ်းရိုးတန်းတစ်လျှောက် သောင်းကျန်းနေတဲ့ဓားပြတွေကို ဖမ်းမိဖို့ ဘယ်လောက်တွန်းအားပေးနေသလဲ မသိဘူးမလား။ ငါဒီနယ်ကိုလာခဲ့တာလည်း မင်းတို့တွေကို အပြစ်ပေးချင်လို့ပဲ။ ဦးစီးမှူးအနေနဲ့ ရာဇဝတ်မှုတွေကို တင်းကျပ်စွာ ကိုင်တွယ်ရမှာပေါ့။ မပူပါနဲ့ ငါမင်းကို ချက်ချင်းတော့ မသတ်သေးပါဘူး။ မင်းနေပြည်တော်ကို ပြန်ခေါ်သွားမှာ.. မြို့ကလူတွေက ဂျပန်ဓားပြဆိုတာမျိုး တစ်ခါမှမမြင်ဖူးကြဘူးလေ။ ဒီတစ်ခါတော့ ငါသူတို့ကို မျက်စိပွင့်နားပွင့်ဖြစ်အောင် လုပ်ပေးလိုက်မယ် …”

167 04

တာဟာရာ ကိုဂျီရိုက တာ့ချန်းက အရာရှိတွေ ဒီလောက်အထိ ရက်စက်လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး။ သူတို့ဂျပန်မှာတောင် ရန်သူဖမ်းမိရင် အဆိုးဆုံးဆိုလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တာမို့ ဒီလိုလူမဆန်တဲ့နည်းမျိုးနဲ့ အပြစ်ပေးမခံရဘူး။

တကယ်တော့ ရိုနင်ဆိုတာ ဂျပန်ဆာမူရိုင်းတွေကိုခေါ်တာ… သူကတော့ အငတ်ဘေးဆိုက်လို့ တစ်ဖက်နိုင်ငံကို သင်္ဘောနဲ့ကူးလာတဲ့ ဒုက္ခသည်သက်သက်ပဲ။ ဆာမူရိုင်းတွေက သေမှာမကြောက်ဘူး။ သူကတော့ အဖမ်းခံရတာနဲ့ ဒူးတုန်နေပြီ။

တာ့ချန်းက သယံဇာတပေါကြွယ်ဝပြီး တိုင်းပြည်အခြေအနေလည်း ကောင်းတာကြောင့် ဒီကသာမန်အရပ်သားကတောင် ဂျပန်ပြည်က အလယ်အလတ်အဆင့် ဆာမူရိုင်းတစ်ယောက်နဲ့ ယှဥ်လို့ရတယ်။

သို့ပေမယ့် ဒီကလူတွေက ဂျပန်ဓားပြတွေဆို သိပ်ကြောက်တာမို့ သူကလည်း ဒါကို အခွင့်ကောင်းယူပြီး အတူလိုက်လာတဲ့ ဂျပန်လူမျိုးဒုက္ခသည်တွေနဲ့ပေါင်းကာ ဂျပန်ဓားပြတွေအဖြစ် ဖွဲ့လိုက်တာ။ စိတ်မကောင်းစရာက သူ့အေးချမ်းတဲ့နေ့ရက်လေးတွေ ဘယ်လောက်မှတောင် မရှိသေးဘူး အဖမ်းခံလိုက်ရတာပဲ။

အစကတော့ ဖမ်းမိတာနဲ့ သတ်ပစ်မယ်ထင်တာ ဒါပေမယ့် အဲဒီကောင်တီမှူးက အပေးအယူတစ်ခု ကမ်းလှမ်းလာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ တာ့ချန်းက ကောင်မလေးတွေက လှလွန်းတယ်။ သူတို့ပြည်က မျက်နှာချေအဖြူမှုန့်တွေ မှောက်ကျထားတဲ့ ဂျပန်မတွေထက်တောင် လှသေးတာမို့ ဖြစ်နိုင်ရင် ဒီကမိန်းမတစ်ယောက်ယူ ဒီနိုင်ငံသားအဖြစ်ခံယူပြီး တာ့ချန်းမှာပဲ သူ့တစ်သက်လုံး ကုန်ဆုံးသွားချင်တာ။

အခုတော့ အဲဒီအိပ်မက်လေးက ကွဲကြေသွားခဲ့ပါပြီ။

“ကောင်တီမှူးဖန် ကောင်တီမှူးဖန် ကယ်ပါဦး… ခင်ဗျားပြောတော့ ကျုပ်တို့အဖမ်းခံရရင်တောင် ရုံးတော်က ကာကွယ်ပေးမှာဆို”

တာဟာရာက မတတ်တခေါက် တရုတ်စကားနဲ့ပြောတယ်။ သူ့မျက်နှာက တစ်ချိန်လုံး ဆံပင်ရှည်တွေနဲ့ ဖုံးနေတာကြောင့် အခုလို အသည်းအသန် ခေါင်းမော့တောင်းဆိုလာမှ သူက အတော်ဖြူဖွေးတဲ့အသားအရည်နဲ့ မျက်စိမှေးမှေး သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဆိုတာ သိလိုက်ရတယ်။

ဖန်တာ့ကျူးက ဂျပန်ကောင်က သူ့ကိုပါ ဆွဲထည့်ဖို့လုပ်နေတာတွေ့တော့ အတော်ပျာယာခတ်သွားတယ်။

“ဘာတွေလာပြောနေတာလဲ။ အစောင့်တွေ ဒီလူကို ချက်ချင်းဆွဲထုတ်သွားကြစမ်း ပြီးတာနဲ့ မြို့တော်ကို မနှောင့်မနှေး ပို့ပစ်လိုက်ကြ”

“ခဏလေး ကောင်တီမှူးဖန် သူဘာကိုဆိုလိုချင်သလဲဆိုတာ ရှင်းပြနိုင်မလား?”

ရွှီထင်းရှန်းက သူ့ကို မျက်စိတွေမှေးကျဥ်းရင်း မေးလာတော့ ဖန်တာ့ကျူးက လန့်ဖြန့်သွားပေမယ့် ဆက်ညာနေလို့ မရတော့တာ သိတော့ သက်ပြင်းတစ်ချက်ချရင်းသာ အရှုံးပေးဖို့ ဆုံးဖြတ်လိုက်တယ်။

“လူကြိးမင်း ဒီလူကို အရင်ခေါ်ထုတ်သွားပေးလို့ရမလား။ နောက်မှ ကျုပ် အားလုံးရှင်းပြပါမယ်”

ရွှီထင်းရှန်းက အချက်ပြလိုက်တာနဲ့ ဟူဆန်းက ဂျပန်ဓားပြကို ပြန်ဆွဲထုတ်သွားတယ်။

“ကောင်းပြီ ပြောတော့”

“တကယ်တော့ အစကတည်းက လူကြီးမင်းကို ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိပါဘူး။ ဒီတိုင်း လူကြီးမင်း ရွှေ့ပြောင်းလာတဲ့အချိန်က အရမ်းကွက်တိကျလွန်းပြီး ဖြစ်ချင်တော့ ဒီတစ်ခေါက်ကလည်း နောက်ဆုံးအသုတ်ဖြစ်နေတာကြောင့် လူကြီးမင်း သဘောမတူခဲ့ရင် အားလုံးလွဲချော်ကုန်မှာစိုးလို့ပါ”

ဒီလိုစကားချီပြီးတဲ့အခါ ရွှီထင်းရှန်းတစ်ယောက် သူသိပြီးသား အမှန်တရားတွေကို တဖန်ကြားလိုက်ရတယ်။ အမှန်တော့ သူမှန်းထားတဲ့အတိုင်းပါပဲ ဒီဒေသမှာ မှောင်ခိုလုပ်ငန်းဆိုတာ လျှို့ဝှက်ချက်တစ်ခုတောင် မဟုတ်တော့ဘူး။

167 05

ဖန်တာ့ကျူးရဲ့ရာထူးအရဆိုရင်လည်း သူ တကယ်အတွင်းကျကျ မသိဘဲ အကောင်ကြီးတစ်ယောက်က စွန့်ပစ်ထားတဲ့ သင်းယွမ်ဆိပ်ကမ်းကို အင်မတန်များပြားတဲ့ပစ္စည်းတွေ သွင်းဖို့သုံးနေတယ်ဆိုတာအထိပဲ သိထားတာ။

ဒီဖြစ်စဥ်က သူ ကောင်တီမှူးဖြစ်လာကတည်းက အခြေကျနေခဲ့ပြီ။ ဒီလူတွေက ကောင်တီရုံးကို လာဘ်ထိုးရုံတင်မက မြို့စောင့်တပ်ကိုပါ သူတို့ဘက်ပါအောင် ဆွယ်ထားပြီး တိုင်းအဆင့်မှူးမတ်တွေနဲ့လည်း သိတာကြောင့် တော်တော်လက်တံရှည်တယ်လို့ ပြောလို့ရတယ်။

အရင်တုန်းက ဒီလူတွေက သိပ်အောက်ခြေလွတ်နေကြပေမယ့် ဒီနှစ်တွေမှာမှ နန်းတွင်းကို ကြောက်လို့ တော်တော်လေး သတိထားလှုပ်ရှားလာကြတာ။ ဂျပန်ဓားပြခေါင်းဆောင်လိုလူတွေက အထက်က ကြိုးဆွဲရာကရတဲ့ နယ်ရုပ်သာသာပဲ။

သူတို့ကိုခေါ်လာတဲ့ ဖန်တာ့ကျူးလည်း ဒီလူတွေကို မဖမ်းရဘူးဆိုတာပဲ သိတာ။ ဒါပေမယ့် သူမသိတာနဲ့ ရွှီထင်းရှန်းကရော မသိဘဲနေပါ့မလား။ ဒါလေးတွေက လှည့်ကွက်အသေးစားလေးတွေပါပဲ။ အိပ်မက်ထဲမှာ သူ ဒီဓားပြတွေကိုပဲ အသုံးချပြီး ညီလာခံကို ရေကြောင်းလမ်း ပိတ်ဆို့ထားတာ ရုတ်သိမ်းပေးဖို့ တွန်းအားပေးခဲ့တာ။

ဒီဂျပန်ဓားပြတွေက နာမည်သက်သက်သာရှိပြီး တကယ်တမ်း သာမန်လူတွေ သူတို့ မှောင်ခိုလုပ်နေတဲ့အချိန် အပြင်မထွက်ရဲအောင် ခြောက်လှန့်ဖို့အတွက်ပဲ။ ရွှီထင်းရှန်းက အကုန်သိပြီးသားဆိုပေမယ့် ဒီနေ့ သူဒီလုပ်ဇာတ်ထွင်ခဲ့တာက ဖန်တာ့ကျူးဆီက အမှန်အတိုင်း ထွက်လာဖို့ရယ်နဲ့ တခြားရည်ရွယ်ချက်တွေရှိနေလို့ပဲ။

“ကောင်တီမှူး ဖန် နန်းတော်က ခန့်အပ်ထားတဲ့ ဂုဏ်သရေရှိ အရာရှိတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်တော့ကိုယ် သိသင့်တာပေါ့”

“လူကြီးမင်းရွှီလည်း ‘ရောမရောက်ရင် ရောမလိုကျင့်’ဆိုတဲ့စကားကို ကြားဖူးမှာပါ။ မင်းက နန်းတွင်းစာမေးပွဲကို နှစ်ကြိမ်တောင် အောင်ခဲ့တဲ့ကျင်းရှီတစ်ယောက်လေ။ မင်းတို့လို ပညာရှင်တွေကတော့ ဒီလိုနယ်စွန်လေးမှာ အများဆုံးနေရ သုံးနှစ်ပေါ့ ဒါပေမယ့် နန်းတွင်းက ခန့်ထားတဲ့ ငါ ဒီအရာရှိအိုကြီးကတော့ သေတဲ့အထိ နေသွားရမှာ ငါတို့အားလုံးမှာ ပြန်ကြည့်ရမယ့် မိသားစုရှိကြတာပဲ။ ငါဒီလူတွေကို မစော်ကားရဲသလို မစော်ကားချင်ဘူး။ လောကကြီးမှာ ငွေမကြိုက်တဲ့သူ ဘယ်သူရှိမှာလဲ? အခွင့်အရေးရရင်တော့ ဖမ်းဆုပ်ရမှာပေါ့”

“ဒါဆို ခင်ဗျားလက်အောက်က ဂျပန်ဓားပြတွေကြောင့် နစ်နာသွားတဲ့ပြည်သူတွေကျတော့ရော”

“ဒီဂျပန်ဓားပြတွေက လူမသတ်ပါဘူး။ ပစ္စည်းတချို့လုတာပဲရှိတာ။ ပြီးတော့ လူကြီးမင်း ရွှီ တကယ်မေးရမှာ ဒီပြည်သူတွေ အရင်တုန်းက ဘယ်လိုနေခဲ့ရသလဲဆိုတာပဲ”

အံ့ဩသွားတဲ့ ရွှီထင်းရှန်းကို ဖန်တာ့ကျူးက ရွဲ့တဲ့တဲ့ကြည့်လိုက်ပြီးမှ

“တျန့်ဟိုင်နယ်က ပင်လယ်နဲ့နီးတာကြောင့် မြေဆီလွှာမကောင်းဘူး ဒီလယ်ကွက်တွေကို အားကိုးပြီး နှစ်တိုင်း နန်းတော်က တိုးကောက်သမျှ အခွန်ငွေတွေဆောင်မယ်ဆိုရင်တော့ သူတို့ငတ်သေဖို့ပဲရှိတယ်။ တော်သေးတာက ဒီထဲမှာ ဆားခင်းအချို့နဲ့ ငါးဖမ်းလုပ်ငန်းလေးတွေ လုပ်ကိုင်လို့ရလို့ပေါ့။ ပင်ပန်းရင်တောင် အနည်းဆုံး စားဝတ်နေရေးတော့ ပြေလည်တယ်လေ”

“ဒါပေမယ့် … နန်းတော်က ပင်လယ်ထဲထွက်ဖို့ လုံးဝတားမြစ်လိုက်ပြီး ပြည်သူတွေကို ရွှေ့ပြောင်းနေရာချပေးလိုက်တော့ ငါးဖမ်းလည်း ထွက်လို့မရတော့သလို ဆားခင်းနှစ်ခုကလည်း ပိတ်ချခံလိုက်ရတာ။ အားလုံးကို ရွှံ့စားပြီး အသက်ဆက်စေချင်နေတာလား။ ဒီနှစ်တွေထဲ အထက်က တိုးတောင်းလာတဲ့ ပြောင်းနှံပမာဏကို မင်းမမြင်သေးဘူးမလား။ တချို့ဆို ကိုယ့်ကလေးကိုတောင် ရောင်းစားလိုက်ရတယ်။ ဒီလုပ်ငန်းက တရားမဝင်ပေမယ့် အနည်းဆုံးတော့ ခက်ခဲနေတဲ့သူတွေကို အသက်ရှူချောင်စေတယ်လေ”

“ဒါပေမယ့် တစ်နေ့ အထက် ကသိသွားခဲ့ရင် ဘယ်လိုလုပ်မလဲ”

“တောင်တန်းတွေက မြင့်ပြီး ဧကရာဇ်ကလည်း ဝေးလွန်းပါတယ်။ မင်းတို့ကျုပ်တို့မပြောရင် ဘယ်သူသိမှာလဲ။ သူတို့သိသွားခဲ့ရင်တောင် ကျုပ်တို့အထက်မှာ အများကြီးရှိသေးတယ်. မိုးပြိုအများပေါ့”

ဖန်တာ့ကျူးက ဒီလိုပြောပြီးတာနဲ့ နောက်လှည့်ထွက်သွားတယ်။ သူ တံခါးနား မရောက်ခင်မှာပဲ ရုတ်တရက် တစ်ခုခုကိုသတိရသွားသလို တန့်သွားပြန်တယ်။

“ဪ ဟုတ်သား.. လူကြီးမင်းရွှီကို တစ်ခုပြောဖို့မေ့သွားတယ်။ ကျုပ်က ဒီမှာမွေး ဒီမှာကြီးလာတဲ့ နယ်ခံတစ်ယောက်ပါ”

167 06

ရွှီထင်းရှန်းက ပိုလန့်သွားတယ်။

ဒါဆို သူအခုနက ပြောတာတွေက အကုန်အမှန်ပေါ့။

“တကယ်လို့ ကျွန်တော်က နန်းတော်ကို တင်ပြလိုက်ရင်ရော”

ဖန်တာ့ကျူးက လှည့်တောင်မကြည့်ဘဲ ထွက်ပေါက်ဆီလျှောက်သွားရင်းနဲ့မှ ဆက်ပြောတယ်။

“သဘောရှိပါပဲ ဒါပေမယ့် ကျုပ်တစ်ခုသတိပေးချင်တာက လူကြီးမင်းရဲ့စာ မြို့တော်မရောက်ခင်မှာပဲ လူကြီးမင်းတို့ မိသားစုသုံးယောက် တစ်ရက်နှစ်ရက်အတွင်း အစအနပျောက်သွားနိုင်တယ်ဆိုတာပါ”

ရွှီထင်းရှန်း မျက်နှာမဲမှောင်ကျသွားတဲ့အချိန် ဖန်တာ့ကျူးကို အရိပ်တောင် မမြင်ရတော့ဘူး။

“သခင်ကြီး”

ဟူဆန်းက ဘေးကနေ မဝံ့မရဲခေါ်လိုက်မိပေမယ့် ရွှီထင်းရှန်းက လက်ကာပြလိုက်တဲ့အခါ ပါးစပ်ပြန်ပိတ်သွားတယ်။

………….

******

168 01

အခန်း ၁၆၈

အိမ်ပြန်လာပြီးတဲ့နောက် ဖန်တာ့ကျူးက ရွှီထင်းရှန်း နောက်ဘာဆက်လုပ်မလဲဆိုတာ စိုးရိမ်ပူပန်စွာနဲ့ စောင့်ကြည့်နေခဲ့သော်လည်း တစ်ဖက်က ဘာမှကိုမလှုပ်ရှားခဲ့ဘူး။ နေ့တိုင်း သူက ကောင်တီရုံးကို ထော့နဲ့ထော့နဲ့ ရောက်လာမယ် အာဏာပြမယ်။ ဒါပေမယ့် နောက်ကွယ်က အတင်းအဖျင်းတွေအရတော့ ဆရာသမားက အိမ်က မိန်းမကို ခွင့်လွှတ်ပေးဖို့ အသည်းအသန် တောင်းပန်နေရတယ်တဲ့။

ဖြစ်စဥ်ကတော့ စိတ်လည်းတိုစရာကောင်းသလို ရယ်လည်းရယ်နေရတယ်။ ရုံးတွင်းက လူအားလုံး ကိုယ့်အလုပ်ကိုယ် တတ်ကျွမ်းကြတဲ့ ဝါရင့်တွေမို့လို့ ဆောင်းဝင်စမှာတင် လုပ်စရာတွေက ပိုပိုနည်းပါးလာတယ်။

ရွှီထင်းရှန်းကလည်း အစတုန်းက သူ့ရဲ့အမြင်ကပ်စရာအာဏာရူးပုံစံကို ပြောင်းလဲလိုက်ပြီး တစ်နေ့တခြား ရုံးထိုင်ရှားလာတယ်။ တစ်ခါတလေဆို တစ်ပတ်လောက်နေမှ အကျိုးအကြောင်းပဲ လှမ်းမေးလိုက်တာတောင် ရှိသေးတယ်။

လောလောဆယ်အထိတော့ သူ့အပြုအမူတွေက စိတ်ချရတာကြောင့် လူတွေက သူမသိချင်ယောင်ဆောင်ပေးထားဖို့ မျှော်လင့်နေကြတယ်။ ဒါပေါ့ ရွှီထင်းရှန်းက ဘယ်အလေလိုက်နေပါ့မလဲ။

သူက သုံးလေးရက်ခြား တစ်ခါလောက် အပြင်ထွက်တတ်ပြီး ဖန်တာ့ကျူးက သူ့ကို နောက်ယောင်ခံလိုက်ဖို့ လူတွေလွှတ်ထားပေမယ့် ခရိုင်မှူးရွှီမှာ အင်မတန် ထူးဆန်းတဲ့အကျ့င်စရိုက်ရှိတာ ရှာဖွေသိရှိလိုက်ရတယ်။

သူ့ကြည့်ရတာ ဟိုတစ်နေ့က ဖန်တာ့ကျူးပြောလိုက်တဲ့ စကားတိုင်းကို စိတ်ထဲထည့်ထားတယ်နဲ့ တူပါတယ်။ သူ့ကိုယ်သူ သာမန်အရပ်သားလိုဝတ်ပြီး ဒီနယ်ရဲ့ အတိတ်ကအဖြစ်အပျက်တွေကို စိတ်ဝင်စားကြီးစွာ လိုက်လံစုံစမ်းနေတယ်။

ဖန်တာ့ကျူးက သူ အကုန်သိသွားမှာ မကြောက်ပါဘူး။ သူ့စကားတွေက ကိုယ့်ဘက်ကိုယ်ယက်ပြီး တစ်ဖက်လူကို သိမ်းသွင်းဖို့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒါတွေက တကယ်ဖြစ်ပျက်ခဲ့တာပဲလေ။ ရွှီထင်းရှန်းက အကြိမ်အနည်းငယ်လောက် ကြိုးစားမေးမြန်းခဲ့ပြီးနောက်ပိုင်း ကြည့်ရတာ စိတ်ဝင်စားမှု လျော့သွားတယ် ထင်ပါရဲ့။ သူ့အရာရှိတာဝန်တွေမှာ ပိုပိုပြီး ပျင်းရိဟန်ပြလာတော့တယ်။ ဖန်တာ့ကျူးကလည်း သူလွှတ်ထားတဲ့လူတွေကို ဆက်မလိုက်ခိုင်းတော့ဘူး။

သူ့စိတ်ထဲမှာတော့ လူ့သဘာဝအရ ဘယ်သူက ကိုယ့်သေတွင်းကိုယ်တူးချင်မှာလဲ။

ရက်တချို့ကြာပြီးတဲ့နောက် ဖန်တာ့ကျူးက ရွှီထင်းရှန်းဆီကို ငွေတုံးရာကျော် ပေးပို့လာခဲ့တယ်။ ပမာဏက အရမ်းမများပေမယ့် နှစ်စဥ်နိုင်ငံတော်လစာက ငွေတုံး တစ်ဒါဇင်လောက်သာရတဲ့ ခရိုင်မှူးတစ်ယောက်အတွက်တော့ မက်လောက်စရာပါပဲ။

ဖန်တာ့ကျူးရဲ့အပြောအရတော့ ဒါက မီးသွေးကုန်သည်တစ်ဦးဆီက မဆိုသလောက် တံစိုးလက်ဆောင်လေးဆိုပဲ။ ပြောချင်တာကတော့ ဒါကအစပဲရှိသေးတယ် နောက်ကျ ပင်လယ်ထဲပိုထွက်လို့ရတာနဲ့ သူ့အတွက် လာဘ်ထိုးငွေတွေလာဦးမယ်ဆိုတာပေါ့။

အနည်းဆုံး မီးသွေးနဲ့ရေခဲကုန်သည်တွေဆီကတင် တစ်နှစ်ကို ငွေတုံး ၂၀၀ကျော်လောက် ဝင်လိမ့်မယ်။ ဒါပေမယ့် ဖန်တာ့ကျူးက ဒီငွေတွေကို ရွှီထင်းရှန်းဆီ တိုက်ရိုက်မဟုတ်ဘဲ ကျောက်အာကို သွားပေးလိုက်တာဖြစ်တယ်။

ကျောက်အာကလည်း တုံ့ဆိုင်းခြင်းမရှိ ချက်ချင်းတန်းလက်ခံတော့တာပဲ။ အဲဒီအပြင် သူမက ဖန်တာ့ကျူးရဲ့အိမ်သူ ‘မောက်’ကို နောက်ကျ ကောင်တီမှူးဖန်ကို ရာထူးတိုးပေးဖို့ သူ့ယောက်ျားကို ပြောပေးမယ်လို့တောင် ပြောလိုက်သေးတယ်။

သူမက ရေတိုအကျိုးကိုသာ မျှော်ပြီး လောဘကြီးတဲ့ အရာရှိမယားဆိုတဲ့ ဇာတ်ရုပ်ကို အတော်လေး ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုရမှာပဲ။ ဒီအပြောက ဇနီးမောက်ကို အင်မတန် ဒေါသထွက်သွားစေခဲ့တယ်။

အပြင်ပန်းမှာတော့ သူမက လိုက်ပြုံးလိုက်ရယ်နေခဲ့ပေမယ့် အိမ်လည်းပြန်ရောက်ရော ဘာလို့ သူမ အခုထိ ကောင်တီမှူးကတော်ပဲ ဖြစ်နေသေးတာလဲဆိုကာ ဖန်တာ့ကျူးကို ရန်လုပ်တော့တယ်။ ဇနီးမောက်က ဒီလိုရင့်တဲ့လူမျိုးကို ကပ်ဖားပြီး မျက်နှာလုပ်မနေချင်ဘူး။

အဲဒါကြောင့် သူမတို့က အိမ်ချင်းကပ်လျက်ဆိုတောင် လာခဲတယ်။ ဒါပေမယ့် ကျောက်အာကတော့ သူမကို ခဏခဏ သွားတွေ့ဆဲပဲ။ မကြိုက်သော်လည်း အောင့်ခံကာ နှစ်ရက်လောက် သွားတွေ့ပြီး နောက်နေ့မှာတော့ ကျောက်အာက သူမရဲ့တကယ့်လာရင်းကိစ္စကို ဖော်ပြလိုက်တယ်။

168 02

ကျောက်အာက သူမလည်း စီးပွားရေးမှာ စိတ်ဝင်စားတယ်။ အဲဒါကြောင့် မြို့တော်မှာတောင် ပိုးဖဲပန်းလုပ်ငန်းလေးတစ်ခု ဖွင့်ထားကြောင်း ပြောပြလိုက်တယ်။ ဇနီးမောက်ကလည်း သူမက စီးပွားရေးမဟုတ်ဘဲ ငွေကို ပိုစိတ်ဝင်စားတာ ချက်ချင်းတန်းရိပ်မိသွားတာပေါ့။

အဲဒီမှာပဲ ကျောက်အာက သူမလုပ်ငန်းကနေ ဝင်ငွေပိုရအောင် အကြံလေးပေးကြည့်ပါလားဆိုကာ ဇနီးမောက်ကို ရေလာမြောင်းပေးလုပ်တယ်။ သူမက ဘာလုပ်ချင်လဲ အတိအကျမပြောပေမယ့် သူ့ယောက်ျား လုပ်နေသလို မှောင်ခိုတင်သွင်းချင်တယ်ဆိုတာတော့ သိသာပါတယ်။

ဇနီးမောက်က သူကိုယ်တိုင်တောင် ဒီလိုတစ်ခါမှမတွေးဖူးတာကြောင့် သူမရဲ့ မိန်းကလေးတန်မဲ့ ရဲတင်းမှုကို တော်တော်ဩချသွားမိတယ်။ သို့သော်လည်း သူမရဲ့ မသိနုံအမှုကို ကျောက်အာရှေ့ အရှက်ကွဲခံပြီး ဖော်ပြမယ့်အစား အင်းလုပ်ကာ ကောင်တီမှူး ဖန်ကိုသာ ပြန်ပြောပြလိုက်တယ်။

ကောင်တီမှူး ဖန်ကတော့ ဒါက တကယ်ပဲ ခရိုင်မှူးကတော်ရဲ့ ကိုယ်ပိုင်အကြံလား ဒါမှမဟုတ် ခရိုင်မှူးကပဲ သူပါဝင်မယ်ဆိုတာကို သွယ်ဝိုက်ပြီး ချဥ်းကပ်ခိုင်းတာလားဆိုတာ ဝေခွဲမရဖြစ်သွားတယ်။ ရွှီထင်းရှန်းကလည်း မိန်းမနိုင်တယ်ဆိုတဲ့ ပုံစံကိုမနည်းပြချင်ပေမယ့် နေ့တိုင်းလိုလို ကျောက်အာရဲ့ အမိန့်နာခံနေရတယ်။

မိန်းမတွေအကြောင်း အပြည့်အဝနားလည်တဲ့ ကောင်တီမှူးဖန်ကတော့ သူနဲ့အတူ သက်ပြင်းချလိုက်မိတယ်။ ယောက်ျားသားနှစ်ယောက်က ဘာစကားမှမပြောရသေးခင် အိမ်က ထက်မြက်တဲ့မနိုင်စိန် မိန်းမနှစ်ယောက်အကြောင်း ညည်းညူနေကြတယ်။

သူတို့ရဲ့ တူညီတဲ့ခေါင်းကိုက်စရာလေးတွေကြောင့် အခုဆို ပါးစပ်ဟရုံနဲ့တင် တစ်ယောက်အကြောင်းတစ်ယောက် တော်တော်နားလည်နေကြပြီ။ နောက်တော့မှ ဖန်တာ့ကျူးက အဓိကအချက်ကို ချပြပြီး သူတချို့အသေးစိတ်လေးတွေသိပေမယ့် တစ်ခါမှမတွေးဖူးတာကြောင့် လုပ်လည်းမလုပ်ရဲဘူးလို့ သဲလွန်စပေးလာတယ်။

ရွှီထင်းရှန်းက ချက်ချင်း ဘာမှမပြောလိုက်သော်လည်း နောက်ရက်အနည်းငယ်နေတော့မှ ကောင်တီမှူးကို သူ့အကြံကို အကြမ်းဖျင်းပြောပြလိုက်တယ်။ ရွှီထင်းရှန်းရဲ့ ခရိုင်မှူးဆိုတဲ့ ခပ်မြင့်မြင့်မာနအရ သူက တျန့်ဟိုင်နယ်ရဲ့ အရာအားလုံးက သူ့စကားတစ်ခွန်းတည်းဖြစ်စေချင်တာ။

အကြီးအကဲဖြစ်ပါလျက်နဲ့ သူကတော့ ရာထူးနဲ့အသက်ကို ရင်းထားတာတောင် အစအနပဲရပြီး ကျန်တဲ့လူတွေက အများကြီးမြတ်နေရင် လက်သင့်မခံနိုင်ဘူးလေ။ ဖန်တာ့ကျူးလည်း သူဒါတွေကို စစသိချင်းတုန်းကဆို အိပ်တောင်မပျော်တာမို့ ဒါကိုကောင်းကောင်းနားလည်တာပေါ့။

သို့သော် သူ့မှာနောက်ခံလည်းမရှိတဲ့အပြင် ဖန်တာ့ကျူးက ကြောက်တတ်တာကြောင့် ဘာကိုမှမတွန်းလှန်နိုင်တာ။ ဒါပေမယ့် ရွှီထင်းရှန်းကတော့ မရဘူး။ သူက ဟန်လင်းကျောင်းတော်နဲ့ အတွင်းဝန်ရုံးမှာ ထမ်းဆောင်ဖူးတာအပြင် သူ့လက်ဦးဆရာကလည်း လက်ရှိဧကရာဇ်နံဘေးမှာ အတိုင်ပင်ခံလုပ်နေကြောင်းပါ တစ်ခါတည်း ထည့်ပြောလိုက်တယ်။

ဒီစကားတွေက ကြွားဝါတာသက်သက်မဟုတ်ဘဲ တစ်ခုခုဆို သူ့မှာ အဆက်အသွယ်ကောင်းကောင်းရှိ‌ကြောင်း သွယ်ဝိုက်ညွှန်းဆိုနေတာ ကောင်တီမှူး ဖန်သိတာပေါ့။ ဖန်တာ့ကျူးက အစက သူဧကရာဇ်ရဲ့မျက်နှာတော်ကိုတောင် မော်ဖူးဖူးတယ်လို့ ပြောတုန်းက သိပ်မယုံကြည်ခဲ့ပေမယ့် ဆရာနဲ့ကိုင်ပေါက်လာတဲ့အခါမှာတော့ သူ့ကို အတော်အတန် သိမ်းသွင်းလို့ရသွားတယ်။

‘မယုံရင် စမ်းကြည့်လေ’လို့ပြောလာတဲ့ ရွှီထင်းရှန်းရဲ့ မျက်နှာနုနုက လောဘဇောနဲ့ ရက်စက်မှုတွေ တောက်လောင်နေတယ်။ ဒါက ဖန်တာ့ကျူးကို လုံးဝ ကြောင်အမ်းသွားစေတယ်။ သို့သော်လည်း ဘာမှမဖြစ်လာသေးခင် တရုတ်နှစ်ကူးက နွေဦးလေတစ်သုတ်နဲ့ ရုတ်ခြည်းရောက်ချလာတယ်။

ဒီနှစ်နွေဦးပွဲတော်က အတော်လေး သိုက်သိုက်မြိုက်မြိုက်ပါပဲ။ အထူးသဖြင့် သူက သာမန်လူမဟုတ်ဘဲ အားလုံးရဲ့အထက်လူကြီးဖြစ်နေတဲ့အတွက် လက်အောက်ငယ်သားအားလုံးက နှစ်သစ်လက်ဆောင် လာဆက်သကြတာကြောင့် သူ့အိမ်ကတော့ အစည်ကားဆုံးပဲပေါ့။

လက်ဆောင်ပဏာဖြစ်နေသရွေ့ အိမ်က ကြက်မကြီးဆိုရင်တောင် လူကြီးမင်းရွှီက လက်ခံလိမ့်မယ်။ ဒီခေတ်မှာ လူတိုင်းက အထက်လူကြီးကို လက်ဆောင်ပေးချင်ရင် တိုက်ရိုက်သွားမပေးရကြောင်း သိရှိထားပြီးသားဖြစ်တယ်။

168 03

ဘာလို့ဆို ပညာတတ်တွေက ငွေနဲ့တန်ဖိုးဖြတ်တယ်လို့ ယူဆတတ်ကြတယ်။ သို့သော်ငြား သူတို့မိန်းမက ကြိုက်ရင်တော့ သူမကိုပဲ တန်းသွားပေးလိုက်တော့ပေါ့။ အဲဒီလိုနဲ့ ကျောက်အာက နှစ်ဆန်းတစ်ရက်နေ့မှာ ကောင်တီရုံးက အမှုထမ်းဇနီးတွေ တစ်ယောက်ပြီးတစ်ယောက် လာပေးတဲ့ လက်ဆောင်တွေ ချီးမွမ်းစကားတွေကြား နစ်မြုပ်နေတော့တယ်။

သူမ မပြောနဲ့ လေးနှစ်ပဲရှိသေးတဲ့ ဟုန်အာလေးတောင် စာပေနတ်ဘုရား ဝင်စားရတာနဲ့ သူ့အဖေလို ရာထူးဂုဏ်သိမ်ကြီးတဲ့သူဖြစ်မှာဆိုပြီး ချီးကျူးခံရလွန်းလို့ ကျောက်အာရဲ့နားတွေက အရေထူလာပြီး တော်တန်ရုံ မမှုတော့ဘူး။

မတ်လရောက်တာနဲ့ ရာသီဥတုက ပူနွေးစပြုလာသလို ဂျပန်ဓားပြတွေ ဝင်လာပြီဆိုတဲ့ ကောလဟာလကလည်း တဖန်ပေါ်ထွက်လာပြန်တယ်။ အဲဒီအချိန်မှာပဲ ရွှီထင်းရှန်းရဲ့လုပ်ရပ်တွေက ကောင်တီမှူးဖန်ကို သေမတတ် ထိတ်လန့်သွားစေခဲ့တယ်။

သူက ပိုးချည်မျှင်တွေ ဖဲလိပ်တွေနဲ့ လက်ဖက်ခြောက်တွေ အတော်များများကို ဘယ်ကနေ ဘယ်လိုရလာသလဲ မသိပေမယ့် ဒီတစ်ခေါက်ခရီးမှာတင် စီးပွားစလုပ်တော့မယ်လို့ ပြောလာတယ်။

အဲဒါတင် မကသေး သူက ကောင်တီရုံးထဲက အားကောင်းမောင်းသန်တွေ အစောင့်တွေအားလုံးကို နေ့တိုင်း အချိန်သုံးပိုင်းခွဲပြီး အတွင်းပိုင်းခြံဝန်းထဲမှာ စုခိုင်းတာ ရက်အချို့ရှိပြီ။ ဘာလုပ်တာလဲဆိုရင်တော့ ခရိုင်မှူးက အကြီးဆုံးမို့ သူခိုင်းတာလုပ် သူ့အပေါ်သစ္စာစောင့်သိရမယ်ဆိုတာ သင်ကြားပို့ချပေးတာပါတဲ့။

ဒါပေမယ့် ဘယ်သူက အဲဒါကိုမသိလို့လဲ။ အားလုံး သူ့အမိန့်ပဲ နာခံနေရတာ မဟုတ်ဘူးလား။

မကြာခင်မှာပဲ သူတို့ ခရိုင်မှူး ဘာလုပ်စေချင်နေလဲဆိုတာ သိသွားကြပါတော့တယ်။ တျန့်ဟိုင်လို ပင်လယ်ကမ်းစပ်မြို့လေးမှာ မြို့ရိုးဝင်ပေါက်တွေကို စောင့်ကြပ်ဖို့ ဂိတ်စောင့်ရယ်လို့ တသတ်မှတ်တည်းမရှိဘူး။

အဲဒါကြောင့် ကောင်တီရုံးထဲက လူတွေပဲ ဂိတ်စောင့်အဖြစ် သွားကြီးကြပ်ပေးရတာ။ စုစုပေါင်း သူတို့မြို့လေးမှာ ဂိတ်နှစ်ခုပဲရှိတာမို့ လူအနည်းငယ်လောက်ဆို လုံလောက်နေပြီ။ ဒါပေါ့ အရေးပေါ်အချိန်တွေမှာတော့ ဒီလောက်လူလေးနဲ့ ဘယ်ဖြစ်ပါ့မလဲ အဲဒီအခါကျ မြို့စောင့်တပ်ကို အကူအညီတောင်းရတာပါပဲ။

အဲဒီ ‘အရေးပေါ်’ဆိုတာကလည်း ဂျပန်ဓားပြတွေ ရောက်လာတတ်တဲ့အချိန်ကို ဆိုလိုချင်တာဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက အရင်က အခုတော့ တစ်ဆစ်ချိုးကို ပြောင်းလဲသွားခဲ့ပြီ။ ဒီတစ်ခေါက် အရေးပေါ်အချိန်မှာလည်း မြို့စောင့်တပ်သားတွေ ရောက်လာကြပေမယ့် ကောင်တီရုံးကလူတွေက သူတို့ဆရာသခင်က မြို့ရိုးကို စောင့်ရှောက်တာလည်း ရုံးတော်ကတာဝန်မို့ သူတို့ကို စောင့်ကြပ်ခိုင်းထားကြောင်း ဆိုတယ်။

အဲဒါထက် မြို့စောင့်တပ်ကလည်း ဂျပန်ဓားပြတွေကို ပိုက်စိပ်တိုက်လိုက်ရှာရတာနဲ့ မအားလပ်နိုင်ဖြစ်နေမှာစိုးလို့ဆိုတာကို ထည့်ပြောလိုက်တာကြောင့် တပ်သားတွေက ဒီအကြောင်း ဗိုလ်မှူး ကုန်းကို တင်ပြတဲ့အခါ သူတို့က အလေးအနက် အာရုံစိုက်မနေဘူး။

ဒီတိုင်း ခရိုင်မှူးအသစ်က နာမည်ရအောင်လုပ်နေတာလို့သာ တွက်ထားလိုက်တယ်။ တျန့်ဟိုင်နယ်က သေးငယ်ပေမယ့် အမြဲလိုလို ကုန်စည်လှည်းတွေက ဖြတ်သန်းသွားလာနေတာ။ ပုံမှန်ဆို ဘယ်သူမှ သူတို့ကို မေးခွန်းမထုတ်ကြပေမယ့် အခုတော့ တပ်သားတွေက ဂျပန်ဓားပြတွေကို လိုက်ရှာတယ်ဆိုပြီး ခေါင်းစဥ်တပ်လာတယ်။

ဘယ်သူခိုးက နေ့ခင်းကြောင်တောင် ထွက်မှာလဲ။ ဒါကြောင့် မှောင်တော့မှ မြင်းခွာသံတွေထွက်လာလည်း အရပ်သားတွေကတော့ ထွေထူးပြီး ထွက်ကြည့်မနေတော့ဘူး။

အဓိကကတော့ ပိုက်ဆံပါပဲ။ ဒီကလူတိုင်းနီးပါး ချမ်းသာကြတော့ နည်းနည်းလောက် ငွေခွံ့လိုက်တာနဲ့ အဆင်ပြေသွားမှာ လူအများစုက တိုင်တောကြပေမယ့် တာဝန်ယူပေးမယ့်သူမရှိတော့ သူတို့အသံတွေကလည်း ပျောက်ရှသွားတော့တယ်။

ဒီတစ်ခေါက်လည်း စီတန်းပြီးရှိနေတဲ့ ပုရွက်ဆိတ်တန်းလို လှည်းတွေ အထမ်းသမားတွေက ညမှောင်မှောင်မှာ အကျယ်ကြီးဖွင့်ထားတဲ့ ဂိတ်တံခါးအရှေ့ ရောက်လာတော့မှ ကောင်တီရုံးက လူတစ်ဒါဇင်လောက်က ဂိတ်မှာ သံဆူးကြိုးတွေချထားတာ သိလိုက်ရတာ။

လမ်းပိတ်သွားတာ သတိထားမိတဲ့ လူတိုင်းက လှည်းပေါ်ကဆင်းပြီး အကျိုးအကြောင်း မေးမြန်းကြတော့တယ်။ အဲဒီထဲမှာ တစ်ကိုယ်လုံးအနက်ရောင်နဲ့ မျက်နှာဖုံးပါဝတ်ထားတဲ့လူတစ်ယောက်က ပထမဆုံးရောက်လာတယ်။

168 04

“အရာရှိတို့ ဘာဖြစ်လို့လဲ”

“ဘာမှမဖြစ်ပါဘူး” ဂိတ်စောင့်က သူ့သခင် ပြောခိုင်းထားတာတွေကို ကြီးစွာသော ခက်ခဲမှုကို အံတုရင်း ထုတ်ပြောလာတယ်။

“ငါတို့လမ်းကို ဖြတ်သွားချင်တဲ့သူမှန်သမျှ အခကြေးငွေပေးရမယ်”

ဂိတ်စောင့်လေး နှလုံးက အပြင်ထွက်ကျမတတ် ခုန်လှုပ်နေပေမယ့် မတတ်နိုင်ဘူးလေ။ သူ ခရိုင်မှူးအမိန့်ကို ငြင်းဆန်လိုက်ရင် နောက်နေ့ အလုပ်ဖြုတ်ခံရလိမ့်မယ်။

“ဒါက ရိုက်စားလုပ်နေတာလား?”

“ငါတို့ခရိုင်မှူးက ပြောတယ်။ ဒါက ပရဟိတလုပ်နေတာ မဟုတ်ဘူးတဲ့ မင်းတို့လှည်းအလေးကြီးတွေ နေ့တိုင်းဖြတ်သွားနေတာ လမ်းက စုတ်ပြတ်ပျက်စီးနေပြီ။ မင်းတို့သွားရင် ငါတို့ကောင်တီကလူတွေပဲ လမ်းပြန်ပြင်ရတာ။ အဲဒီစရိတ်တွေက အလကားရနေလို့လား။ အစောင့်ထားရတာကရော ငွေမကုန်ဘူးထင်လား။ မင်းတို့ကုန်စည်တွေ မပျောက်မရှအောင် ဂိတ်ပေါက်တိုင်းမှာ အစောင့်တွေ ထားပေးရတယ်လေ”

ဂိတ်စောင့်လေးက သူတို့ခရိုင်မှူးလောက် အတိအကျ မတုပနိုင်ပေမယ့် ၇၀ရာခိုင်နှုန်းလောက်တော့ တူအောင် ကြိုးစားထားတယ်။

“ဒီတော့ မင်းတို့လိုချင်တာ ငွေပေါ့”

“ငါတို့ခရိုင်မှူး ပြောတာတော့ ဒါက ငွေကြောင့်မဟုတ်ဘဲ နိုင်ငံသားတိုင်း သိတတ်ရမယ့်…”

“မင်းတို့ခရိုင်မှူးက တကယ်ဉာဏ်များတာပဲ နောက်ဆုံးတော့ သူငွေလောဘတက်ရင် တက်တယ်ပေါ့”

“ခင်ဗျားက အဲဒီလိုတွေးတယ်ဆိုလည်း ထားလိုက်ပါတော့ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ခရိုင်မှူးက အခကြေးငွေမပေးဘဲ ဖြတ်သန်းခွင့်မပြုဘူးလို့ ပြောထားတယ် မကျေနပ်ရင် နောက်လမ်းရှာပြီး သွားလေ”

“မင်း…”

“မာလျို တောင်းတာသာ ပေးလိုက်စမ်းပါ!”

ထိုသူ့အနောက်က လှည်းထဲက လူတစ်ယောက်အသံထွက်လာတယ်။ ကြည့်ရတာ သူတို့အုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်ရမယ်။ မာလျိုက ဂိတ်စောင့်ကို စူးစိုက်ကြည့်ရင်း မကျေမချမ်းမေးတယ်။

“ဘယ်လောက်လဲ”

“ငါတို့ခရိုင်မှူးပြောတာတော့ လှည်းတစ်စီးကို ငွေ ၅တုံးတဲ့ ပါလာတဲ့လှည်းအရေအတွက်အတိုင်း ပေးရမှာ”

ထိုအုပ်စုက စုစုပေါင်း လှည်းအစီး ၂၀လောက်နဲ့ လာတာမို့ ဂိတ်ကြေးကတင် ငွေ ၂၀၀ကျော်လောက်မယ်။ ဒီလူက တော်တော်လေး ဒေါသကြီးပြီး အပေါက်ဆိုးပုံလည်း ရတယ်။

“တစ်ခါတည်း အားလုံးသာ ဓားပြတိုက်သွားလိုက်ပါတော့လား?”

“ဘယ်ဖြစ်မလဲ။ ငါတို့ခရိုင်မှူးက ငါတို့က အရာရှိတွေမို့ ဓားပြတိုက်လို့မရဘူးလို့ ပြောထားတယ်”

မာလျိုက ဆက်ငြင်းချင်သေးပေမယ့် လှည်းထဲကလူရဲ့ တားမြစ်သံကြောင့် ခပ်မြန်မြန် ငွေထုပ်ပေးပြီးတာနဲ့ ဂိတ်စောင့်ကလည်း ချက်ချင်း ဆူးကြိုးတွေကို ဖယ်ခိုင်းလိုက်တယ်။

ဦးဆောင်လာတဲ့လှည်းဖြတ်ခွင့်ရသွားတာနဲ့ အထဲကလူက အသံပဲထွက်လာတယ်။

“မင်းတို့ခရိုင်မှူးက တခြားဘာတွေရောပြောသေးလဲ?”

သူ့လက်ထဲက ငွေထုပ်ကို ဖွင့်ကြည့်နေတဲ့ ဂိတ်စောင့်က “ငါတို့ခရိုင်မှူးပြောတာတွေက အများကြီးပဲ မင်းအကုန်သိချင်တာ သေချာလား။ ငါထိုင်ပြောပြရင် မင်းတို့နောက်နေ့ကျမှ ကုန်သွားတင်ရလိမ့်မယ်”

ဒီတစ်ခါတော့ လှည်းထဲကအသံပိုင်ရှင် တိတ်ဆိတ်သွားပြီး သူတို့အုပ်စုက ခပ်သွက်သွက် ထွက်ခွာသွားတော့တယ်။ အချိန်ရော ပြဿနာတက်မှာရော ရှောင်ဖယ်ချင်တဲ့အတွက် အားလုံးက ဂိတ်ကြေးပေးခဲ့ကြတယ်။

168 05

ဒီလိုနဲ့ တစ်ညထဲမှာတင် ကောင်တီရုံးက ငွေအမြောက်အမြား ရလိုက်တာကြောင့် ငွေကောက်တာဝန်ခံ ဂိတ်စောင့်လေးက မရေတွက်လိုက်မိတာကြောင့် ဘယ်လောက်မှန်း အတိအကျမသိပေမယ့် ကြောက်ခမန်းလိလိ ငွေတုံးရာကျော်ကို တုန်တုန်ယင်ယင်နဲ့ ကြည့်နေမိတယ်။

ခရိုင်မှူးပြောတာတော့ ကောက်လို့ရသမျှငွေအားလုံးကို ဒီနေ့ညမှာ လှည်းတစ်စီးကို ငွေ ၂တုံးနဲ့ အလုပ်ကြိုးစားပေးခဲ့တဲ့သူတိုင်းအတွက် ပြန်ခွဲပေးမှာတဲ့။ တစ်ခါမှမမြင်ဖူးတဲ့ မြင်ကွင်းမို့ သူ့ဦးနှောက်က ရုံးမှာဘယ်နှယောက်ရှိသလဲ ငွေဘယ်လောက်ရထားပြီလဲ မတွက်နိုင်တော့ပေမယ့် သူတို့အယောက်စီတိုင်း ထောတော့မှာတော့ ကျိန်းသေတယ်။

ဂိတ်စောင့်လေးက ကျေနပ်ပီတိဖြစ်စွာ ငွေထုပ်ပိုက်ပြီး ပြန်လာတဲ့အခါ ရွှီထင်းရှန်းက ကောင်တီရုံးရဲ့ အဓိကခန်းမကြီးထဲက စားပွဲရှည်ထိပ်ဆုံးမှာ မိန့်မိန့်ကြီးထိုင်နေတာကြောင့် မသိရင် အရေးကြီးအစည်းအဝေးတစ်ခုခုလုပ်နေသလိုပဲ။

သူက ဂိတ်စောင့်လေးကိုတွေ့တာနဲ့ တောက်ပသွားတဲ့ မျက်ဝန်းတွေနဲ့ ကြိုဆိုပြီး သူ့ဘေးနားရပ်နေတဲ့ အစေခံမလေးနှစ်ယောက်လက်ထဲ ငွေထုပ်ထည့်ပေးလိုက်တယ်။ ရှောင်ဟုန်းနဲ့ရှောင်လျူတို့နှစ်ယောက်လုံးက ဆံထုံးလေးနှစ်ဖက်နဲ့ အင်မတန် ငယ်ရွယ်ပြီး အပြစ်ကင်းတဲ့ပုံ ပေါက်တယ်။

ဒါပေမယ့် သူတို့လက်ထဲ ငွေထုပ်ရောက်သွားတာနဲ့ ကျွမ်းကျင်စာရေးမလေးတွေအဖြစ် ပြောင်းလဲသွားပြီး စာရေးစားပွဲပေါ် အထုပ်ဖြည်ချလိုက်တဲ့အခါ အဝေးကနေတောင် ဖန်တာ့ကျူးတို့ ငွေသံတချွင်ချွင်ကို ကြားလိုက်ရတယ်။

ကလေးမလေးတွေက တစ်ယောက်က ငွေတုံးတွေကို ရေတွက်ပြီး နောက်တစ်ယောက်က ပေသီးကို ကျင့်သားရနေတဲ့လက်တွေနဲ့အတူ လျင်မြန်စွာ စတွက်တော့တယ်။ မကြာခင်မှာပဲ သူတို့ တစ်ညတည်းနဲ့ ငွေတုံးပေါင်း ၅၆၄၀ ရလိုက်ကြောင်း သိလိုက်ရတယ်။ များပြားလှတဲ့ ဒီပမာဏက ကျိုးလီအပါအဝင် ဖန်တာ့ကျူးနဲ့ တခြားသူအားလုံးကို မျက်လုံးပြူးသွားစေတယ်။

ရှောင်ဟုန်းက အတိအကျ ငွေတုံး ၁၁၃၀ကို ရွေးချယ်ထုတ်နှုတ်လိုက်ပြီး ရွှီထင်းရှန်းဆီ ကမ်းပေးလာတယ်။ ရွှီထင်းရှန်းက ဟူဆန်းကို တစ်ဆင့်ပြန်ပေးလိုက်ပြီး “မင်းတို့သခင်ကြီးကနေ အားလုံးကို ဝေပေးလိုက်”

ရှောင်ဟုန်းက နောက်ထပ် ငွေတစ်သုတ်ထပ်ယူလာပြီး ရွှီထင်းရှန်းကို ကမ်းပေးပြန်တယ်။ ဒီတစ်ခါတော့ သူက ကောင်တီမှူးဖန်ကို လက်ယပ်ခေါ်လိုက်ပြီး တစ်ဖက်လူ အရှေ့ရောက်လာမှ သူ့ရဲ့ခုံအမြင့်ကြီးပေါ်ကနေ ငုံ့ကိုင်းကာ ဖန်တာ့ကျူးကို ပုခုံးတစ်ချက် ပုတ်ပေးလာတယ်။

“လောင်ဖန် ဒါတွေယူပြီး အရာရှိ ကျိုးနဲ့ကျန်တဲ့လူတွေကို ဝေပေးလိုက်နော်။ မင်းတို့သခင်ကြီးက အသားစားရရင် မင်းတို့လည်း အသားစားရမှာပေါ့။ သူက လက်အောက်ငယ်သားတွေကို စွပ်ပြုတ်သောက်ခိုင်းပြီး တစ်ယောက်ထဲ အသားခိုးစားမယ့်သူ မဟုတ်ပါဘူး”

“ဒါပေမယ့် လူကြီးမင်း ကျွန်တော် စိုးရိမ်တာက”

“မစိုးရိမ်ပါနဲ့ မစိုးရိမ်ပါနဲ့ ဒီသခင်ကြီးပြောတဲ့အတိုင်းလုပ် နောင်ကျရင် ရာထူးတိုးစေရမယ်လို့ အာမခံတယ်။ အဲဒီအခါ ဒီထက်ပိုရဦးမှာ”

ဘယ်သူမှမသိလိုက်ခင်မှာတင် ရွှီထင်းရှန်းက ထွက်သွားနှင့်ပြီးပြီ။ ဖန်တာ့ကျူးက သူ့လက်ထဲက ငွေတစ်ထပ်ကို ကြောင်ကြောင်ကြီး စိုက်ကြည့်နေတဲ့အချိန်မှာပဲ ကျန်တဲ့စာရေးတွေက ပိုက်ဆံလိုက်ဝေနေပြီ။

ရွှီထင်းရှန်းက ကောင်တီရုံးထဲက သန့်ရှင်းရေးသမားကအစ ပေးဖို့ပြောထားတာကြောင့် တွက်ကြည့်လိုက်ရင် စုစုပေါင်း လူတစ်ရာလောက်ရှိတယ်။ ဒီတော့ တစ်ယောက်ကို အနည်းဆုံး ငွေ ၇တုံး ၈တုံးလောက်တော့ အသာလေးပဲ။ အားလုံးက ခရိုင်မှူးကို ချီးမွမ်းရင်း တုံ့ဆိုင်းခြင်းမရှိ လက်ခံလိုက်ကြတယ်။

“ဖြတ်ခွင့်မပေးဘူးဆို ဖြတ်လို့မရဘူးပဲ သိပ်တတ်နေရင် တခြားလမ်းကသွားလေ”

အခုနတုန်းက ကြောက်ဒူးတုန်နေတဲ့ပုံစံနဲ့ လားလားမှမဆိုင် ဘဝင်လေဟပ်ပြနေတာက တူညီတဲ့ဂိတ်စောင့်လေးပါပဲ။

“ငါ အဲဒီလူကို အဲဒီလိုပြောလိုက်တာနဲ့ သူ့မျက်နှာကြီးက မဲပုပ်သွားရော”

“ဟ ဝမ်သာ့နျို ညကြီးမင်းကြီး ဒီလောက်မှောင်မဲနေတာ သူ့မျက်နှာမဲပုပ်သွားတာ မင်းဘယ်လိုမြင်မှာလဲ?”

“ငါတို့မှာ မီးတုတ်တွေရှိတယ်လေ အရူးရဲ့”

168 06

“အေး ဟုတ်သားပဲ ဘာလို့ဖြတ်ပြောနေတာလဲ။ သာ့နျိုကို ဆုံးအောင်ပေးပြောလိုက်ပါဦး”

“သူမျက်နှာပုပ်သွားလည်း မတတ်နိုင်ဘူးလေ။ ဂိတ်ကြေးကတော့ ပေးရမှာပဲ။ တခြားလမ်းကသွားလည်း ငါတို့လူတွေက စောင့်နေဦးမှာဆိုတော့ အချိန်ကုန်တာပဲအဖတ်တင်မယ်။ ဒီတော့ သူ ငွေတော့ထုတ်ပေးလာပါရဲ့။ ဒါပေမယ့် လှည်းထဲက နည်းနည်းရာထူးကြီးမယ့်သူက မေးလာသေးတယ်။ မင်းတို့ခရိုင်မှူးက ဘာတွေထပ်ပြောထားသေးလဲတဲ့။ ငါက သူပြောတာက အများကြီးမို့ နားထောင်ချင်ရင် ညလုံးပေါက်သွားမယ်လည်းပြောရော အသံတိတ်သွားလိုက်တာများ ချက်ချင်းပဲ သူ ဘာမှမပြောတောင် အသေဒေါကန်သွားမှာ ကျိန်းသေတယ်”

ထိုအခါ ဘေးနားမှာရပ်နေတဲ့ ရဲမက်က ခပ်လွင်လွင်ရယ်ရင်း “အမှန်ပဲ ခရိုင်မှူးက အများကြီး ပြောသွားတာ။ ငါလည်း တစ်ခါတလေ ဂိတ်မှာသွားစောင့်ပြီး သူတို့ကို ပညာပြဦးမှပါ”

“ဒါပေမယ့် မင်းဟန်ဆောင်တဲ့ပုံက ဝမ်သာ့နျိုလောက်မှ မကောင်းတာ”

“မစမ်းကြည့်ဘဲ ဘယ်လိုလုပ်သိမလဲကွ”

“ငါတို့ အစမ်းလုပ်ဖူးတာပဲလေ။ သာ့နျိုက သူလိုချင်တာနဲ့ အတော်ဆင်တယ်ဆိုပြီး ခရိုင်မှူးကိုယ်တိုင် ရွေးခဲ့လို့ ဒီလိုအရေးကြီးတဲ့တာဝန်ကို သူပထမဆုံး ထမ်းဆောင်ရတာပေါ့”

လုပ်ဖော်ကိုင်ဖက်တွေရဲ့ စကားဝိုင်းအလယ်မှာ ခပ်ပိန်ပိန် ဂိတ်စောင့်လေး ဝမ်သာ့နျိုက ဒီဂုဏ်ကျက်သရေကို မခံယူဝံ့သလိုနဲ့ ခပ်မတ်မတ်ရပ်နေတယ်။ ကျိုးလီကလည်း ဖန်တာ့ကျူးနားရောက်လာပြီး လက်ထဲက ငွေတစ်ထပ်ကို ဆွဲယူလိုက်တယ်။

“ဘာတွေ ကြောင်နေတာလဲ။ မြန်မြန်ဝေပေးလိုက်လေ ပြီးရင် သွားအိပ်ရဦးမယ်”

“ဒါပေမယ့် …”

“ဘာ ဒါပေမယ့်လဲ။ ဒီအခြေအနေရောက်မှတော့ ဘာတွေ ဒါပေမယ့်ချင်နေတာလဲ။ အထက်ကပြောတဲ့အတိုင်းသာလုပ် မိုးပြိုအများပဲ”

“မနက်ရောက်တော့မှ တစ်ခုခုဖြစ်မှာ စိုးလို့”

“ဖြစ်လည်းဖြစ် မနက်ကျမှ ကြည့်ရှင်းမယ် အခုတော့ အရင်အိပ်ချင်နေပြီ”

ကျိုးလီက သန်းဝေရင်း အိပ်ချင်မူးတူးနဲ့ပဲ ထွက်သွားတယ်။

…………

******

All Chapters