← Chapters

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း ၁၆၉

ကုန်စည်တွေအားလုံး သင်္ဘောပေါ်တင်ပြီးသွားတဲ့နောက် လက်အောက်ငယ်သားတွေရဲ့ မျက်ခွံတွေက တဖြည်းဖြည်းလေးကျလာပေမယ့် ကုန်သည်တွေကတော့ အစာမကြေနိုင်သေးဘူး။ အတွေးများသူကများ ပေါက်ကွဲတဲ့သူက ပေါက်ကွဲကြပေမယ့် သူတို့အားလုံး လုပ်ဖြစ်တာတစ်ခုကတော့ မြို့စောင့်တပ်ကို တိုင်တောတာပဲ။

တပ်မှူးအဖြစ် သိကြတဲ့ ကုန်းရုံဟိုင်က နံနက်အစော သူ့ကိုယ်လုပ်တော်အိပ်ရာထဲမှာ ရှိနေတဲ့အချိန်မှာပဲ အလျင်စလို ဝင်လာတဲ့ ချန်းဟူကြောင့်နိုးသွားတယ်။

“ဆရာ မနေ့ညက တစ်ခုခုဖြစ်သွားတယ်”

“ဘာဖြစ်တာလဲ”

ချန်းပိုင်ဟူက ဖြစ်ကြောင်းကုန်စင်ကို သေချာရှင်းပြပြီးတဲ့နောက် တပ်မှူး ကုန်းရဲ့မျက်နှာက ချက်ချင်းမဲနက်သွားတယ်။

“ဒီကောင်စုတ်လေးက တကယ်လုပ်ရဲတာပဲ”

ချန်းပိုင်ဟူလည်း ထုတ်သာမပြောတာ စိတ်ထဲမှာတော့ ဒီအတိုင်းပဲတွေးနေတာ။

“သွား ကောင်တီမှူးဖန်ကို မြန်မြန်ခေါ်ခဲ့ ဒီရွှီမျိုးရိုးက ခရိုင်မှူးခုံမှာ ကြာကြာမထိုင်ချင်တော့ဘူး ထင်တယ်”

ကောင်တီမှူးဖန်က ခဏတွင်းချင်း ရောက်လာတယ်။ သူက ကျိုးလီလိုမဟုတ်ဘဲ တစ်ညလုံး ကောင်းကောင်းအိပ်မရတာကြောင့် လက်ရှိမျက်ကွင်းညိုတွေက သိသာတယ်။ သူ့ကြည့်ရတာ စိတ်ရောကိုယ်ပါ နွမ်းနယ်နေပုံရပေမယ့် တပ်မှူး ကုန်းရဲ့မာန်မဲမှုကိုတော့ တည်ငြိမ်စွာ တုံ့ပြန်တုန်းပဲ။

“သူက ကျုပ်ရဲ့အထက်လူကြီး ကျုပ်လုပ်နိုင်တာ သူ့ကိုဖြောင်းဖြဖို့ပဲရှိတယ်။ တိုက်ရိုက်သွားကန့်ကွက်လို့မရဘူး”

အခြေအနေတွေက အခုအတော်လေး ရှင်းလင်းပါတယ်။ ရွှီထင်းရှန်းက အတော်ဆိုးဆိုးပြုမူနေပြီး အင်မတိ အင်မတန် လောဘကြီးကာ ဘဝင်ကလည်း မြင့်သေးတယ်။ သူ တကယ်ကြီး မိုက်မဲတာလား ဟန်ဆောင်နေတာလားတော့ မသိရသေးဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ကောင်တီမှူးဖန်ရဲ့ဖော်ပြချက်အရတော့ ဒီကောင်လေးက တကယ်အကန့်အသတ်မရှိဘဲ ဘောင်ကျော်ချင်နေတာပဲ။ အဓိကပြဿနာကတော့ တပ်မှူး ကုန်းတစ်ယောက် သူ့ကိုဘာမှသွားလုပ်လို့မရတာပဲ။

နှစ်ယောက်သားက ဌာနတွေမတူတာကြောင့် တပ်မှူးကုန်းက သူ့ထက်ရာထူးပိုမြင့်တောင် ဘာမှလုပ်လို့မရဘူး။ ဒီတော့မှ ဟိုကောင်လေးက တမင်တကာ ဒါကိုတွက်ဆပြီးလုပ်မှန်း ရိပ်စားမိသွားကာ သူ့မျက်ဝန်းတွေထဲ ယုတ်မာဟန်တချို့ ဖြတ်ပြေးသွားတာက သူ တစ်ခုဆုံးဖြတ်လိုက်ပြီဆိုတာ ပြသနေတယ်။

သူက လက်ကာပြရင်း ကောင်တီမှူးဖန်ကို လွှတ်ပေးလိုက်တယ်။

“ဆရာ အခုဘယ်လိုလုပ်ကြမလဲ?”

ချန်းပိုင်ဟူက ဖန်သာ့ကျူးထွက်သွားမှ ကပ်မေးတယ်။

“ဒီကောင့်မှာ ဘာနောက်ခံမှမရှိဘူးဆိုရင် ငါတို့အသာလေး ချေမွပစ်လိုက်လို့ရတယ်။ ဒါပေမယ့် သော့ချက်က ဒီကောင်က သာမန်လူဟုတ်မနေတာပဲ ဒီကိုရာထူးချခံရသလို အပို့ခံလိုက်ရပေမယ့် နန်းတော်ထဲမှာ သူရင်းနှီးတဲ့သူတွေရှိသေးတယ်။ လောလောဆယ် ဒီကိစ္စကို အသာထားပြီး ပြည်နယ်ရုံးတက် ဆွေးနွေးကြတာပေါ့”

ချန်းပိုင်ဟူက ခေါင်းညိတ်လိုက်တယ်။ တပ်မှူးကုန်းကတော့ နံနက်စာတောင်မစားဘဲ သူ့မြင်းကိုပြင်ဆင်ကာ ပြည်နယ်ရုံးရှိတဲ့ဆီ ခပ်သုတ်သုတ်ထွက်ခွာသွားတယ်။ ရှဲ့မိသားစုက နင်းပေါ်က လူချမ်းသာအိမ်တော်တွေထဲက အာဏာအရှိဆုံးမိသားစုတစ်ခုပဲ။

လတ်တလောနှစ်တွေမှာ သူတို့အာဏာစက် ကျဆင်းလာတယ်ဆိုတောင် အိမ်ကွင်းမှာတော့ ခြေသာနေတုန်းပဲ။ နင်းပေါ်တစ်ခုထဲနဲ့တင် သူတို့မိသားစုနာမည်က ကျဲ့ကျန်းနဲ့ ကျန်းဆူတို့မှာ လူတိုင်းသိဖို့ လုံလောက်တယ်။

169 02

တပ်မှူးကုန်းလာတွေ့တဲ့သူကတော့ ရှဲ့မိသားစုရဲ့ သခင်ကြီး ၃ ရှဲ့ချီရုံပဲ။ သူက အခုမှအသက် ၄၀သာရှိသေးသော်လည်း မိသားစုပိုင်စီးပွားရေးတွေအားလုံးကို အတွင်းအပြင် ထိန်းချုပ်စီမံထားနိုင်တယ်။

ရှဲ့အိမ်တော်က ပညာတတ်မျိုးရိုးဖြစ်တဲ့အလျောက် အရင်တုန်းကတော့ အဓိကအားဖြင့် နန်းတွင်းစာမေးပွဲနဲ့ အရာရှိလမ်းကြောင်းကိုပဲ အာရုံစိုက်ကြတာ။ ဒါပေမဲ့ နှမြောစရာက ပြီးခဲ့တဲ့နှစ်တွေမှာ သူတို့နောက်ပိုင်းမျိုးဆက် အနည်းစုလောက်သာ ပညာရေးမှာ ထူးချွန်ခဲ့ကြတယ်။

အခုသူတို့မိသားစု လက်ရှိပိုင်ဆိုင်မှုတွေကို မပျောက်မပျက်ထိန်းသိမ်းထားနိုင်တယ်ဆိုတာ ပညာတတ်တဖြစ်လည်း စီးပွားအရာမှာ အမြင်ရှိတဲ့ ရှဲ့ချီရုံရဲ့ကျေးဇူးတွေကြောင့်ဖြစ်တယ်။ သခင်ကြီး ၃က မျက်နှာပေါက်လှလှနဲ့ တည်ကြည်သိက္ခာရှိတဲ့ ယောက်ျားတစ်ယောက်ပဲ။

သူက အနည်းငယ်ပိန်ပါးပြီး လက်ရှိနက်ပြာရောင် တာအိုဘာသာဝင်ပိုးဝတ်ရုံကို ဝတ်ဆင်ထားပြီး အင်မတန် လေးနက်ပုံပေါ်ပြီး မျက်ဝန်းတွေက ကြည်လင်တောက်ပနေတယ်။ သူ့ပုံပန်းသွင်ပြင်ကို ကြည့်လိုက်ရင်ပဲ ဒါက ရှဲ့သခင်ကြီး ၃ဆိုတာ ဘယ်သူမှ ယုံနိုင်မှာမဟုတ်ဘူး။

လောလောဆယ် အမြဲတမ်း အာဏာပြရတာ နေသားကျနေတဲ့ တပ်မှူးကုန်းတောင် သူ့အရှေ့ရောက်တော့ အပြုအမူတွေ တလေးတစားနဲ့ အတော်လေး ရိုသေနေတယ်။ ကုန်းချန်းဟူဆီက အကျိုးအကြောင်းကြားသိရပြီးတဲ့အခါ ရှဲ့ချီရုံက စားပွဲပေါ်က စာရွက်အထပ်လိုက်ကို သူ့လက်ထဲ ထိုးထည့်ပေးလိုက်တယ်။

ကုန်းချန်းဟူက လှန်လှောကြည့်လိုက်တော့မှ ဒါဟာ ရွှီထင်းရှန်းရဲ့ ကလေးဘဝကစ လက်ရှိအချိန်အထိ နောက်ကြောင်းရာဇဝင်မှတ်တမ်း အကုန်ဆိုတာ သဘောပေါက်သွားတယ်။

“တတိယသခင်ကြီး ဒါက”

“တွေ့လား ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ရန်သူကိုရော အတွင်းကျကျ သိထားမှ တိုက်ပွဲတိုင်းမှာ နိုင်မှာ”

ကုန်းချန်းဟူက ဘာမှအထွန့်မတက်ရဲတော့ဘဲ ငြိမ်ငြိမ်လေး လိုက်ဖတ်ကြည့်နေတယ်။ အစက သူ ဘာမှသတိမထားမိပေမယ့် ကောင်လေးရဲ့စိတ်နေစိတ်ထားက ညတွင်းချင်း ပြောင်းလဲသွားပြီး သူ့ဘဝရဲ့ အချိုးအကွေ့တွေကလည်း ထိုညကနေပဲ စတင်လာခဲ့တယ်။

ပထမဆုံး သူက နန်းတွင်းစာမေးပွဲရဲ့ သုံးဆင့်လုံးကို ရမှတ်အမြင့်ဆုံးနဲ့ ကျော်လွှားခဲ့လို့ တစ်ညထဲနဲ့ နာမည်ကြီးလာခဲ့တယ်။ နောက်ကျ ကျားချန်မင်းဆက်ရဲ့ ကိုးနှစ်မြောက်မှာတော့ သူ့ကြောင့် နန်းတွင်းတစ်ခုလုံး ကသောင်းကနင်းဖြစ်ခဲ့ပေမယ့် ကာယကံရှင် သူကတော့ အထိအခိုက်မရှိ လွတ်ကင်းလာတယ်။

ပြီးတာနဲ့ နန်းတွင်းစာမေးပွဲရဲ့ ကျန်ရှိတဲ့အဆင့် ၆ခုစလုံးကို အမြင့်ဆုံးအမှတ်နဲ့ အောင်မြင်ကာ အကြီးကျယ်ဆုံးသော ဂုဏ်ကျက်သရေကို ရရှိခဲ့တယ်။ ဒါပေါ့ ဒီကြားထဲ သူအမတ်မင်းဝူကို သွားစော်ကားခဲ့လို့ ဟန်လင်းကျောင်းတော်မှာ အပယ်ခံခဲ့ရတာကိုလည်း တွေ့တာပေါ့။

နောက်တော့မှ အမတ်မင်းဝူက စိတ်ပြောင်းပြီး ရုတ်တရက်ကြီး သူ့ကို အတွင်းဝန်ရုံးဆီ ရာထူးတိုးပေးလိုက်တယ်။ ဒါပေမယ့်လည်း ဘာရယ်ကြောင့်မှန်းမသိ မျက်စိတစ်မှိတ်အတွင်းမှာပဲ တိမ်ပေါ်ကနေ ရွှံ့ဗွက်ထဲကျပြီး ဒီနေရာကို ရောက်လာတာပါပဲ။

ကုန်းချန်းဟူက အတွင်းဇာတ်လမ်းတွေကို မသိသေးပေမယ့် လူငယ်လေးပြောတာ အမှန်ဖြစ်ကြောင်း သိရှိလိုက်ရတယ်။ ဒီကောင်စုတ်လေးက တကယ်အဆက်အသွယ်ကြီးတွေရှိပြီး ဒိတ်ဒိတ်ကျဲပုဂ္ဂိုလ်တွေနဲ့ သိကျွမ်းဖူးတာပဲ။

“သခင်ကြီး ၃ ဘာကိုဆိုလိုချင်တာပါလဲ”

“ဒီကောင်လေး ဝင်ပါထားတဲ့အရေးကိစ္စတွေက များလွန်းတယ်။ ငါတောင် လက်ရှိအချိန်အထိ သူ့ရည်ရွယ်ချက်အမှန်ကို မဖမ်းနိုင်သေးဘူး။ ဒါပေမယ့် အဲဒီလို ဝင်ပါလွန်းလို့ပဲ။ ငါတို့တွေ သူ့ကို လောလောဆယ် သွားထိလို့မဖြစ်သေးဘူး။ သူ့မှာ တခြားရည်ရွယ်ချက်ရှိလား မရှိလားဆိုတာတော့ အချိန်ပေးစောင့်ကြည့်ရမှာပဲ။ မဟုတ်ဘဲ ဒီတိုင်း လောဘတက်နေတာဆိုရင်တော့ ငါတို့ အေးဆေးစိတ်ချထားလို့ရတယ်”

ရှဲ့ချီရုံက အကြမ်းရည်တစ်ငုံ သောက်လိုက်ပြီး “ငွေလေး နည်းနည်းပါးပါးပါပဲ မင်းနောက်မှာ ငါမရှိတာလည်း မဟုတ်ဘူး။ ဘာလို့အာရုံထဲထည့်နေမလဲ?”

“ဒါဆို ကုန်သည်ကြီးတွေကျ …”

169 03

“ငါ သူတို့ကို ပြောလိုက်ပါမယ်။ မဟာအတွင်းဝန်လိုလူကတောင် လက်ရှောင်ထားရတယ်ဆိုတာ သူ့အကြောင်းနဲ့သူ ရှိလို့နေမှာ။ ငါတို့က အလကား ဘာမဟုတ်တာလေးနဲ့ စွန့်စားလို့မဖြစ်ချေဘူး။ ဟိုကုန်သည်တွေ မလိုက်လျောချင်လည်း မလုပ်ပါလေ့စေနဲ့။ သူတို့မဟုတ်လည်း လုပ်ချင်တဲ့ တခြားသူတွေအများကြီး”

“ကောင်းပါပြီ”

ရှဲ့သခင်ကြီး၃က သူ့လူတွေကို ဘယ်လိုပဲညွှန်ကြားနေပါစေ။ ညရောက်လာတာနဲ့ ကောင်တီရုံးထဲက လူအားလုံး အဓိကဟောခန်းကြီးထဲမှာ ထပ်လူစုလာကြပြန်တယ်။ မနေ့ကနဲ့မတူဘဲ ဒီညမှာတော့ အားလုံးရဲ့မျက်နှာက စိုးရိမ်ခြင်းကင်းစွာ အစစ်အမှန် စိတ်လှုပ်ရှားနေတာကို မြင်ရတယ်။

တကယ်တော့ မနေ့ညက ဖန်သာ့ကျူးတစ်ယောက်တင် ဘာတွေဖြစ်လာမလဲ စိတ်ပူနေတာမဟုတ်ဘူး။ သူတို့အားလုံးလည်း ဒါကိုပဲ စောင့်ကြည့်နေကြတာ။ ဒါပေမယ့် တကယ်လည်း ဘာမှဖြစ်မလာတော့ ခရိုင်မှူးရဲ့အဆက်အသွယ်တွေရှိတယ်ဆိုတာက အလိမ်အညာမဟုတ်မှန်း သဘောပေါက်သွားကြတယ်။

ဒါ့ထက်ပို ပျော်စရာကောင်းတဲ့သတင်းမျိုး ဘယ်မှာရှိမှာလဲ။

ဒါကြောင့် ဒီနေ့ညလည်း ဂိတ်စောင့်တပ်သားလေးတွေက အင်မတန် ပျော်မြူးကာ မျက်လုံးတွေလက်နေကြတယ်။ ထိုစဥ် အနက်ရောင်ဝတ် မျက်နှာဖုံးပိုင်ရှင်တွေကတော့ မဲပုပ်နေတဲ့မျက်နှာတွေနဲ့ပဲ ဒေါသတကြီး ဂိတ်ကြေးပေးကြရတော့တာပေါ့။

ဒါပေမယ့် ဒီလိုကောင်းတဲ့ကိစ္စတွေက နေ့တိုင်းတော့ ဖြစ်ပျက်မနေပါဘူး။ မတ်လနှောင်းပိုင်းကစလို့ စတင်လာတဲ့ ကုန်တင်ပို့ရာသီက ကြားထဲ တစ်လနှစ်လခြားတတ်ပြီး တစ်ခါတင်ပို့ရင်တော့ ကုန်စည်အရေအတွက် များရင်များသလို လေးငါးခြောက်ရက်လောက် ကြာတတ်တယ်။

ရာသီဥတုက အေးခဲလာပြီး ရွက်လွှင့်ဖို့ မဖြစ်နိုင်တော့တဲ့ အောက်တိုဘာနှောင်းပိုင်းလောက်ကျမှ ကုန်တင်ပို့ရာသီက ပြီးဆုံးတယ်။ လူတိုင်းက ခရိုင်မှူးရွှီက ဒီတစ်ကွက်ပဲ မြင်တတ်တာလို့ ထင်နေကြတဲ့အချိန်မှာပဲ လေးရက်မြောက်နေ့မှာ ရွှီထင်းရှန်းက နောက်တစ်ကွက် ပြလိုက်ပြန်တယ်။

သူက တကယ်ကြီး မြို့ဝင်ပေါက်နှစ်ခုစလုံးမှာ အစောင့်တွေအပြင် သူ့လက်ထဲရှိတဲ့ပစ္စည်းတွေပါ ချခင်းပြီး ဖြတ်သွားတဲ့လူတိုင်း သတ်မှတ်ထားတဲ့ ပမာဏပြည့်တဲ့အထိ မဝယ်မနေရဆိုပြီး အတင်းအကျပ် စေခိုင်းလာတယ်။

ရောင်းချမယ့်အရာအားလုံးက အနောက်တိုင်းသားတွေရဲ့အမြင်မှာ အထင်ကြီးစရာဖြစ်တဲ့ ပိုးချည်မျှင်စစ်စစ်တွေ ပိုးသားလိပ်တွေနဲ့ လက်ဖက်ခြောက်တွေ အရည်အသွေးမြင့် ကြွေထည်တွေချည်းပဲ။

ကုန်အားလုံးက တစ်ခုတစ်မျှင်တစ်လိပ်တည်း ဝယ်သွားလို့ရတာမဟုတ်ဘဲ များများယူမှ မြတ်မှာမျိုးဆိုတော့ တကယ်စီးပွားအကွက်မြင်တဲ့ ကုန်သည်ကြီးတွေက သတ်မှတ်ထားတဲ့ ပမာဏထက် အလုံးအရင်း ဝယ်ပစ်လိုက်ကြတယ်။

ဆင်ထားတဲ့ ထောင်ချောက်က တကယ်အမြင်ကပ်စရာ ကောင်းလွန်းတယ်။

ဒါပေမယ့် အားလုံးယူဖို့ လုပ်တဲ့အချိန်မှာပဲ ခေါ်ထားတဲ့ဈေးက သာမန်ထက် နှစ်ဆမြင့်နေတော့ လူတိုင်း ဒေါသပုန်ထကုန်ကြတော့တယ်။

“မင်းတို့ ငါတို့ ဘယ်သူလဲ သိလား”

လှည်းထဲက တစ်စုံတစ်ယောက်က ထအော်တယ်။

“လူလုံးထွက်မပြမှတော့ ဘယ်သူမှန်း ဘယ်သိမလဲ။ ဒါပေမယ့် ငါတို့ခရိုင်မှူးပြောတာတော့ ဒီကအားလုံးက အကြီးအကျယ် စီးပွားလုပ်နေကြတာမို့ အဲဒီအသိဉာဏ်နည်းတဲ့ နိုင်ငံခြားသားတွေကို အမြဲဈေးတင်ရောင်းနေကျတဲ့။ ဒါကြောင့် သူ တင်ထားတဲ့ ဈေးနှစ်ဆဆိုတာကလည်း မင်းတို့နဲ့ယှဥ်ရင် သိပ်မများဘူးတဲ့”

ဒါကိုကြားတော့ လူတိုင်း သွေးအန်ကုန်ကြတယ်။ နိုင်ငံခြားသားတွေကို အသိဉာဏ်နည်းလို့ ဈေးတင်ရောင်းတယ်ဆိုတော့ အခုသူတို့လည်း အသိဉာဏ်နည်းလို့ ဈေးတင်ရောင်းခံနေရတာပေါ့။

“မင်းတို့ ငါတို့တွေကို လာစမ်းနေတာလား”

အားလုံးက အကောင်ကြီးတွေမို့ ဒီလိုအရှက်ခွဲခံရတာကို ဘယ်သည်းခံနေမလဲ။ ဒီအပြင် သူတို့မှာပါလာတဲ့ လူအင်အားကတင် နည်းတာမှမဟုတ်တာ။ လူအုပ်အားကိုးနဲ့ ကုန်သည်ခေါင်းဆောင်တွေက ဒီလိုခြိမ်းခြောက်လာကြတော့တယ်။

169 04

လှည်းမောင်းနေတဲ့ လူနှစ်ယောက် ဆင်းချလာတာနဲ့ လေချွန်သံတစ်ချက်ပဲ ပေးရသေးတယ်။ အနောက်က အလုပ်သမားတိုင်းက စုပြုံတက်လာကြတယ်။ အားလုံးက မျက်လုံးပဲဖော်ပြီး အနက်ဝမ်းဆက်ဝတ်ထားကြတဲ့အပြင် အခြေအနေက တင်းမာလွန်းလို့ စကားသံတစ်ခု ထွက်တာနဲ့ ရန်တန်းဖြစ်သွားနိုင်တယ်။

ဂိတ်စောင့်တပ်သားတွေဘက်မှာ လူအင်အားက တစ်ဒါဇင်လောက်သာ ရှိတာမို့ တစ်ဖက်က ဘာလက်နက်မှမပါဘူးဆိုရင်တောင် သူတို့ဘယ်လိုယှဥ်ချနိုင်မှာလဲ။ သို့သော်လည်း ပြောရေးဆိုခွင့်ရှိတဲ့ ဂိတ်စောင့်တပ်သားလေးက တည်တည်ငြိမ်ငြိမ်နဲ့ပဲ ထပ်စကားနာထိုးတယ်။

“ပြဿနာမရှာချင်စမ်းပါနဲ့။ ငါတို့ခရိုင်မှူးပြောတာတော့ အတောင်ပေါက်ပြီး တျန့်ဟိုင်နယ်ထဲက မထွက်သွားနိုင်သရွေ့ မင်းတို့ပြေးလို့ရပေမယ့် ပုန်းလို့တော့ မရဘူးတဲ့ ဘာတွေလာသတ္တိကောင်းနေတာလဲ။ မျက်နှာဖုံးဝတ်ထားတာနဲ့ ငါတို့က မမှတ်မိဘူးထင်နေတာလား။ ငါပြောမယ် ဒီတျန့်ဟိုင်နယ်မှာ မင်းဟာမင်းဘာကြီးပဲဖြစ်ဖြစ် နဂါးဆိုလည်း ခွေနေ ကျားဆိုလည်း ဝပ်နေပဲ။ ခရိုင်မှူးနဲ့ လာဆန့်ကျင်နေရအောင် ကိုယ့်မိသားစုဆီ မပြန်ချင်ကြတော့ဘူးနဲ့ တူတယ် ဟုတ်လား”

ဂိတ်စောင့်လေးက ယုံကြည်ချက်အပြည့်နဲ့ အသံကျယ်ကျယ်ခြောက်လိုက်တော့ နောက်ဆုတ်တဲ့သူတွေက ဆုတ်သွားကြတယ်။ ခြောက်တိုင်းမကြောက်တဲ့ တချို့လူတွေကတော့ ရှေ့မှာရပ်နေဆဲပဲပေါ့။

ဒါပေမယ့်လည်း ဂိတ်စောင့်တပ်သားလေးက လုံးဝပျာယာမခတ်ဘဲ အရှေ့လူတစ်ယောက်ရဲ့ မျက်နှာတည့်တည့်ကို လက်ညှိုးတထိုးထိုးနဲ့ သက်သေပြတယ်။

“ကျောက်ပေါက်လီ ကျောက်ပေါက်လီ ခင်ဗျားရဲ့ကျောက်ပေါက်မျက်နှာကို ကျုပ်က မျက်နှာဖုံးလေးတပ်ထားတာနဲ့ မမှတ်မိတော့ဘူး ထင်နေတာလား”

ဒီတော့မှ လက်ညှိုးထိုးခံနေရတဲ့ ဦးလေးကြီးက ချက်ချင်း နောက်ဆုတ်သွားပြီး ထပ်တလဲလဲ လက်ခါပြကာ ခြောက်ကပ်ကပ်ရယ်ရင်း မျက်နှာချိုသွေးလာတယ်။

“အဟဲ မလုပ်ရဲပါဘူး ဆရာရယ် ကျုပ်က ဝမ်းစာရှာဖို့လုပ်နေရုံပါ”

“ခင်ဗျား ဘာအတွက်လုပ်လုပ် ဘယ်သူမှစိတ်မဝင်စားဘူး။ ဒါပေမယ့် ဘယ်သူ့လက်ထဲမှာ အမိန့်အာဏာရှိနေသလဲဆိုတာ မမေ့နဲ့”

“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ”

ကျောက်ပေါက်လီက ခေါင်းတညိတ်ညိတ်နဲ့ ဦးညွှတ်ရင်း လူအုပ်နောက်ထဲ ပြန်ဝင်သွားတယ်။ ဒီအဖြစ်အပျက်ပြီးတော့ ဘယ်သူမှ ရှေ့မတက်ရဲတော့ဘူး။ ထိုအခါ လူအင်အားသုံးပြီး အကြမ်းဖက်ချင်တဲ့ ကုန်သည်တွေလည်း လက်လျှော့လိုက်ရတော့တယ်။

သူတို့ကုန်ပစ္စည်းတွေက တိုင်းပြည်အနှံ့အပြားက လာတာမို့ ဒါတွေကို အသယ်အချလုပ်ဖို့ လူတွေပါ ခေါ်မလာနိုင်ဘူးလေ။ အဲဒီလိုနဲ့ ဒီဒေသခံတွေကိုပဲ အလုပ်သမား ငှားရတော့တာပဲ။ အခုသူတို့အားလုံးက ကြောက်လန့်ပြီး မလာတော့ဘူးဆိုရင် အခက်တွေ့ရမှာ ကုန်သည်တွေပဲ။

ဒီတော့ ဟိုအစောင့်ပြောတဲ့ ‘နဂါးဆိုလည်း ခွေနေ ကျားဆိုလည်း ဝပ်နေ’ဆိုတာက သူများပိုင်နက်ထဲရောက်နေချိန်မှာတော့ တကယ်မှန်တယ်။

“ကောင်းပြီ ကဲ အားလုံး ပြန်တန်းစီလို့ရပြီ”

ထိုအချိန်မှာပဲ ဆိပ်ကမ်းကို တပ်မှူး ကုန်းတစ်ယောက် ကိုယ်တိုင်ရောက်ချလာပြီး ကုန်သည်ခေါင်းဆောင်တွေကို ဘာတွေပြောလိုက်သလဲတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် ရွှီထင်းရှန်းရဲ့ ပစ္စည်းတွေကတော့ အားလုံးရောင်းထွက်သွားတယ်။

ခေါင်းဆောင်လို့ယူဆရတဲ့ ကုန်သည်ကြီးလေးငါးယောက်က စုဝယ်လိုက်တာဖြစ်ပြီး တိုင်းတစ်ပါးသားတွေနဲ့ စီးပွားလုပ်တဲ့အခါမှာ အကြွေးလုပ်လို့မရတာမို့ အားလုံးက ငွေသားအလုံအလောက်ပါလာပြီးသား။ ဒါကြောင့်ပဲ ရွှီထင်းရှန်းကိုလည်း ငွေသားနဲ့ပဲ ပေးချေခဲ့ကြတယ်။

ရွှီထင်းရှန်းရဲ့လှည်း ၁၀စီးစာ ကုန်ပစ္စည်းတွေက ငွေတုံးပေါင်း ၂၀၀၀၀နီးပါးနဲ့ ရောင်းထွက်ခဲ့တယ်။ လူတွေ မှောင်ခိုလုပ်ငန်းကိုမှ ကျိတ်ကျိတ်တိုး လုပ်ချင်နေကြတာလည်း မပြောနဲ့လေ။ တကယ်လည်း အမြတ်က မက်လောက်စရာကိုး။

မတ်လပိုင်းအတွက် ကုန်အသယ်အပို့က ပြီးဆုံးသွားပြီး ကုန်သည်တွေ တစ်ယောက်ပြီးတစ်ယောက် ပြန်လာတာနဲ့ အကျင့်ပျက်ခြစားတဲ့ ခရိုင်မှူး ရွှီရဲ့ဂုဏ်သတင်းတွေက ဟိုးလေးတကျော်ကျော် ဖြစ်နေပြီ။ သူ့အရာရှိအဆင့်က နိမ့်ပါးပေမယ့် ဒီနယ်မှာ ရာထူးအကြီးဆုံး ဖြစ်နေတော့လည်း အားလုံးက ကြောက်ကြရတယ်။

169 05

အဲဒါထက် ဒီလူက မျက်နှာပြောင်တိုက်လွန်းပြီး ယုတ်မာရက်စက်သေးတယ်။ သူ့ကိုမနိုင်တော့လို့ ရွှီထင်းရှန်းရဲ့ တိုက်ရိုက်အထက်လူကြီး နင်းပေါ်စီရင်စုရဲ့ နယ်စားစွန်းကန်းကတောင် တကူးတက ခေါ်တွေ့ပြီး နားချခဲ့ပေမယ့် ရွှီထင်းရှန်းကတော့ ပြောင်ပြောင်ပဲ။

ဒါပေမယ့် နယ်စားစွန်းက နန်းတွင်းလွှတ်တော်က ခန့်အပ်ထားတဲ့ ပညာရှိတစ်ယောက်ဖြစ်တာကြောင့် သူ့မှာ ဒေါသထွက်တာတောင် သိက္ခာကျမှာစိုးလို့ ပေါ်တင်ထုတ်မပြောရဲဘူး။ မတတ်နိုင်စွာနဲ့ သူ့ရာထူးသတ်မှတ်ချိန် ပြည့်ဖို့ကိုပဲ စိတ်မရှည်စွာ စောင့်ရတော့မယ်။

****

ကျောက်အာ စာကြည့်ခန်းထဲမဝင်ခင်မှာတင် ရွှီထင်းရှန်းရဲ့သီချင်းညည်းသံသဲ့သဲ့ကို ကြားလိုက်ရတယ်။ ဖြစ်နိုင်တာ သူ့မှာတစ်ချိန်လုံး သရုပ်ဆောင်နေရလို့ထင်ပါတယ် အိမ်မှာတောင် အဲဒီပုံစံက စွဲကပ်နေပြီး အရင်လို သည်းခံတည်ငြိမ်တဲ့ ပညာတတ်မဟုတ်တော့ဘဲ လူ့အကြောင်း နောကျေနေတဲ့ မြေခွေးငယ်တစ်ကောင် ဖြစ်လာတယ်။

တကယ်လည်း အထဲဝင်လိုက်တော့ ငွေတုံးတွေ ရေတွက်နေတဲ့သူ့ကို မြင်လိုက်ရပြီး ရံဖန်ရံခါ မေးစေ့ကို ပွတ်သပ်လိုက်တိုင်း ဘာတွေထပ်ကြံစည်နေလဲ မသိရအောင်ဖြစ်စေတယ်။ ကျောက်အာက သက်မချလိုက်တော့မှ ရွှီထင်းရှန်းက မော်ကြည့်လာတယ်။

“ရောက်လာပြီလား”

“ပြည်နယ်ရုံးမှာ အဆင်ပြေလာခဲ့ပါတယ်နော် ဟုတ်တယ်မလား”

“ဘာမပြေစရာရှိလဲ။ လောလောဆယ် ကိုယ်က မီးပြင်းပြင်းပေါ်တင်ထားတဲ့ စားဖို့လည်းခက် မစားရင်လည်း နောင်တရမယ့် သစ်ကြားသီးလိုဖြစ်နေတာ။ ငါသာ သိပ်တရားမလွန်သရွေ့ သူတို့ဘာမှလုပ်လို့မရပါဘူး”

သူက ဂရုမစိုက်စွာ ပြောရင်း ကျောက်အာကို တစ်ချက်ပြန်ကြည့်ပြီး လှောင်ပြုံးလေး ပြုံးလိုက်သေးတယ်။

“ပြီးတော့ မင်းယောက်ျားမှာ အဆက်အသွယ်တွေမှ အများကြီး ဒီလူတွေ ကိုယ့်သေတွင်းကိုယ် မတူးရဲသေးပါဘူးကွာ”

အမြင်ကပ်စရာ သူ့မျက်နှာကြောင့် ကျောက်အာတောင် ရယ်မိသွားပြီး “နင့်မှာ အဆက်အသွယ်တွေရှိတာ သိပါတယ်။ သိပ်မကြွားစမ်းပါနဲ့ မဟုတ်ရင် ကောင်းကင်ဘုံက အမြင်ကပ်ပြီး ရိုက်လိုက်မှဖြင့်”

“ဟုတ်ကဲ့ပါ ကတော်လေး” ရွှီထင်းရှန်းက အတည်ပေါက်မျက်နှာနဲ့ “သူများအိမ်မှာ ယောက်ျားက အကြီးဆုံးဆိုပေမယ့် ဒီမှာတော့ မင်းက ကိုယ့်အထက်ကပါပဲကွာ မနေ့ညကလိုလေ အဟင်း”

“နင်နော် ဘာတွေလျှောက်ပြောနေတာလဲ”

ခဏလောက် အချစ်သဲကြပြီးတော့ ကျောက်အာက အဝတ်အစားတွေကို သပ်ရပ်အောင် ပြန်ဆွဲချရင်း “ဒါဆို နင်ဘာဆက်လုပ်မှာလဲ”

“ဒါပေါ့ ငါတို့ ဒီလောဘကြီးပြီး မတင်းတိမ်နိုင်တဲ့ ခရိုင်မှူးအဖြစ်ပဲ ဆက်ကကြတာပေါ့”

အဲဒီနေ့မှာပဲ ကောင်တီရုံးက မြို့ပေါ်ကစလို့ ရွာငယ်ဇနပုဒ်အထိ ကျန်းမာသန်စွမ်းတဲ့ ယောက်ျားသားအားလုံး စာရင်းလာတင်ရမယ်လို့ ကြေငြာချက်ထုတ်ပြန်လိုက်တယ်။ ဒီလိုလူဦးရေစစ်တဲ့အဖြစ်မျိုးက ဖြစ်နေကျမို့ အားလုံးက ခရိုင်မှူးတစ်ယောက် ပျင်းပျင်းနဲ့ လျှောက်လုပ်နေတာလို့ မှတ်လိုက်ကြတယ်။

လဝက်လောက်နေတော့ စာရင်းအင်းအကုန် ကောင်တီရုံးဆီ လာအပ်ကြတယ်။ ရက်အနည်းငယ်ကြာတော့ ကောင်တီရုံးကပဲ အဲဒီယောက်ျားသားတွေအကုန် ‘တျန့်ဟိုင်အလုပ်သမားသမဂ္ဂ’လို့ခေါ်တဲ့ အဖွဲ့အစည်းထဲ မဖြစ်မနေ ဝင်ရမယ်လို့ ထုတ်ပြန်လာပြန်တယ်။

ဒီသတင်းတွေ ထွက်လာတာနဲ့ လူထုကြား ဆွေးနွေးသံတွေ ထွက်လာတယ်။ ကောင်တီရုံးက ဘာလုပ်ချင်နေလဲ အတိအကျမသိပေမယ့် ဒီကြေညာချက်မှာ မဝင်ရင် ဒဏ်ကြေးဆောင်ရမယ်တို့ အိမ်ယာသိမ်းမယ်တို့ မပါတဲ့အတွက် အရပ်သားတွေကလည်း အကျယ်ချဲ့မနေတော့ဘူး။

169 06

ဒီလိုနဲ့ တချို့လူတွေက မကျေနပ်ကြတာတောင် ပြဿနာမဖြစ်ရင်ပြီးရောဆိုကာ နာမည်လာပေးကြတယ်။ တချို့တွေကလည်း ရှေးယခင်ကတည်းက နှစ်တိုင်းလိုလို လမ်းတံတား ဆောက်လုပ်တဲ့အချိန်ကျ အရပ်သားတွေကို ခေါ်ခိုင်းနေကျမို့ အခုလည်း တစ်ခုခုဆောက်ဖို့လို့ ထင်ကြေးပေးကြတယ်။

အမှန်တော့ တကယ်လည်း ကောင်တီရုံးက သူတို့ကို အဲဒီအတွက်ခေါ်တာပဲ။ ဒါပေမယ့် သူတို့ မမျှော်မှန်းထားတာက အရင်ဆို အလကားလုပ်ပေးရတဲ့အရာတစ်ခုက အခုအခကြေးငွေ ရလာတာပဲ။

လုပ်အားခက သိပ်မများပေမယ့် သာမန်လူတွေအတွက်တော့ ငွေတစ်စလည်း အဖိုးတန်တာပဲလေ။ ဒီလိုနဲ့ ပြည်သူတစ်စုက ကောင်တီမြို့ရဲ့ အနောက်မြောက်ပိုင်းမှာ ကုန်သိုလှောင်ရုံလို ကျီအကြီးကြီးတွေ ဆောက်လုပ်ဖို့ တာဝန်ကျလာတယ်။

အဖြူရောင်နံရံ အနက်ရောင်ကြမ်းခင်းတွေနဲ့ ဟောတိုက်အဆောက်အဦးတွေက လူနေဖို့တော့ မဖြစ်နိုင်ဘူး။ အဲဒါထက် ဆောက်လုပ်တဲ့အခါမှာလည်း သက်တောင့်သက်သာဖြစ်ဖို့ထက် ခိုင်ခံ့ဖို့ကို ဦးစားပေးစေခဲ့တယ်။

နောက်တော့ သူတို့ကို မြို့ဝင်ပေါက်နှစ်ခုကြားက မိန်းလမ်းမကြီးကို ထပ်ချဲ့ဖို့ခေါ်သွားပြီး ဒီဖြစ်စဥ်အတွင်း အိမ်အတော်များများ ဖယ်ပေးလိုက်ရပေမယ့် အစိုးရက ရက်ရောတော့ ဘယ်သူမှ မကန့်ကွက်ကြဘူး။

တစ်လလောက် ပင်ပန်းကြီးစွာ လုပ်ကိုင်ပြီးတဲ့နောက်မှာတော့ သူတို့စီမံကိန်းက အပြီးသတ်သွားနိုင်တဲ့အချိန်မှာပဲ ကုန်သည်တွေကလည်း တျန့်ဟိုင်နယ်ကို သူတို့ကုန်ပစ္စည်းတွေနဲ့ ပြန်ရောက်လာတဲ့ကာလနဲ့ ကွက်တိကျသွားတယ်။

……………

******

170 01

အခန်း ၁၇၀

ဒီတစ်ခေါက်က အရင်ကနဲ့ ကွာခြားတယ်။ ဒီသံတမန်တွေ မြို့ထဲဝင်လာတာနဲ့ ကောင်တီရုံးကလူတွေက အခြေအနေကို ရှင်းပြဖို့ ထွက်လာခဲ့တယ်။ ဒီကုန်ပစ္စည်းတွေက များပြားလွန်းပြီး မီးလောင်လွယ်တဲ့အရာတွေလည်းပါတော့ ရပ်ကွက်ထဲက ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် အစိုးရက စီစဥ်ပေးထားတဲ့ ဂိုထောင်ထဲမှာပဲ ထားရမယ်လို့ ဆိုတယ်။

လူအများက ဒါကိုကြားတော့ တော်တော် နားမလည်ဖြစ်သွားကြတယ်။

ဒီလူတွေ ဘာလုပ်နေကြပြန်တာလဲ။ လောဘအတက်လွန်ပြီး ငွေတွေမတရားယူထားတဲ့ ခရိုင်မှူးရွှီက အခုမှလိပ်ပြာမလုံလို့ ပြည်သူ့အကျိုး ပြန်သယ်ပိုးနေတာလား။

သို့သော်လည်း ကြိမ်ဖန်များစွာ ရွှီထင်းရှန်း လူလည်ကျတာခံထားရတဲ့ ကုန်သည်တွေက ဘယ်လိုမှ အကောင်းတွေးမရဘဲ အခုသူတို့ပေးမယ့် ဂိုထောင်တွေအကြောင်းကို စေ့စေ့ပေါက်ပေါက် မေးမြန်းတော့တယ်။

ဒီတော့မှ သူတို့က ဂိုထောင်ငှားခပါ ယူချင်နေတာ သိလိုက်ရတာ။

သိသားပဲ ဒီလောဘအိုး ခရိုင်မှူး ရွှီက သူ့အကျိုးမရဘဲ ဘာမှမလုပ်ဘူးဆိုတာ…

“ဒါက သက်သက်လူတွေကို အတင်းအဓမ္မလုပ်နေတာပဲ မင်းတို့ဂိုထောင်ကို မယူဘူးဆိုရင်ရော”

နက်ပြာရောင်အင်္ကျီနဲ့ သက်လတ်ပိုင်းအရွယ် ယောကျ်ားကြီးတစ်ဦးက မြို့ဝင်ပေါက်က အစောင့်တွေနဲ့ အချေအတင် ဖြစ်ကြတော့တယ်။ သူ့နောက်မှာ လှည်းတန်းကြီးက တစ်ဒါဇင်လောက်ရှိပြီး မြို့ထဲဝင်ဖို့ တန်းစီစောင့်နေတဲ့ တခြားလူတွေလည်း အများကြီးပဲ။

ကောင်တီရုံးက တျန့်ဟိုင်မြို့ရိုးနှစ်ခုလုံးကို ပြဇာတ်ဆန်ဆန် ပြောင်းလဲထားတယ်။ မြို့ရိုးကြီးက ဘာမှမပြောင်းလဲသွားတောင် အရင်လို ဟောင်းနွမ်းစုတ်ပြတ်နေရာကနေ အခုဆို ရေညှိတွေတောင် ပြောင်ရှင်းသွားပြီ။

မြို့ဝင်ပေါက်အရှေ့က စတုရန်းပုံကွက်လပ်ကလည်း အများကြီး ပိုကျယ်ဝန်းသွားတယ်။ အဲဒါတင်မကသေးဘဲ ဂိတ်စောင့်တပ်သားတွေ အားလုံးကလည်း အနက်ရောင်ဦးထုပ် နက်ပြာရောင်ဝတ်စုံသစ်ကိုမှ အနီရောင်တာဝန်ကျ လက်ပတ်တွေနဲ့ အတော်လေး ရှိန်ချင်စရာဖြစ်နေတယ်။

“ငါတို့က အတင်းအကျပ်တိုက်တွန်းနေတာ မဟုတ်ဘူး။ ငါတို့ခရိုင်မှူး ဖိုင်ဟောင်းတွေကို ပြန်စစ်ကြည့်လိုက်တော့ ပြီးခဲ့တဲ့တစ်နှစ်တည်းမှာတင် အကြီးအကျယ် မီးလေးကြိမ်လောင်ပြီး လူနေအိမ် ၁၀အိမ်နဲ့ ပြည်သူ အယောက်နှစ်ဆယ်ကျော် ထိခိုက်ခဲ့တယ်။ အခုဘာကြောင့် ငါတို့ခရိုင်မှူး ဒီဂိုထောင်တွေ အလုပ်ရှုပ်ခံဆောက်ပြီး ငှားခိုင်းသလဲဆိုတာ သိပြီလား။ လက်ရှိ ဒီဂိုထောင်တွေနားမှာ ဘာအိမ်မှမရှိသလို ဆောက်ထားတဲ့အုတ်တွေကလည်း မီးဒဏ်ခံနိုင်တာမို့ မင်းတို့ကုန်ပစ္စည်းတွေကို ကာကွယ်ပေးနိုင်လိမ့်မယ်။ မသုံးချင်လည်း ရတယ်လေ အပြင်မှာပဲ စောင့်ကြပေါ့”

“မင်း…”

“မဝင်ဘူးဆိုလည်း ဘေးဖယ်ပေးပါ။ နောက်မှာဝင်ဖို့ စောင့်နေတဲ့လူတွေ တန်းစီနေတယ်။ ဒီကတာဝန်ရှိလူကြီးမင်း ငါတို့က ပါးစပ်ပုပ်ကြီးနဲ့ ပြောတာတော့မဟုတ်ဘူး။ တျန့်ဟိုင်ရာသီဥတုက အမြဲဖောက်ပြန်နေတာ။ ပြီးတော့ အခုက မိုးဦး ဘာမဟုတ်တာလေးအတွက်နဲ့ ရမှာထက် အပျက်အစီးပိုများအောင် မလုပ်ချင်စမ်းပါနဲ့”

သက်လတ်ပိုင်းလူကြီးက တိတ်သွားပေမယ့် တင်းမာနေတဲ့မျက်နှာထားအရ အတော်လေး ဒေါသထွက်နေတာ သိသာတယ်။ ဒါကိုမြင်တော့ တခြားလူနှစ်ယောက်က သူတို့အဖွဲ့ကို ဘေးကပ်စေလိုက်တယ်။

အရင်ဂိတ်ဟောင်းသာဆို ဒါနဲ့တင် လမ်းပိတ်သွားလောက်ပြီ။ ဒါပေမယ့် အခုအသစ်ချဲ့ထွင်ထားတဲ့ ဂိတ်ပေါက်က ပိုကျယ်သွားတာမို့ သူတို့ကို ဘေးမှာထားထားတာတောင် တခြားလူတွေ ဝင်လို့ရသေးတယ်။

အနောက်ကလူအားလုံး ဒီမြင်ကွင်းကို သေချာမြင်လိုက်ရတယ်။ တချို့လူတွေက စိုးရိမ်ပေမယ့် အစိုးရကပေးတဲ့ဂိုထောင်တွေကို မငှားချင်သော်လည်း တချို့ကတော့ ခရီးရှည်ကြီးက ပြန်လာရတာမို့ ပြောတဲ့အတိုင်းလုပ်ပေးပြီး မြန်မြန်နားချင်နေကြပြီ။

ဈေးနှုန်းကလည်း သီးသန့်ခြံတစ်ခုငှားစာပဲဆိုတော့ သဘောတူလိုက်ကြတယ်။ အဲဒီအချိန်မှာပဲ ကောင်တီရုံးကလူတစ်ယောက် လက်ထဲပေလိပ်တစ်ရွက်နဲ့အတူ ရောက်လာတယ်။ အဲဒီပေရွက်ပေါ်မှာ ဂိုထောင်ဘယ်နှခုငှားဖို့ရှိလဲဆိုတာရယ် တစ်ခါငှားခနဲ့ အချိန်အကန့်အသတ်တွေရယ်ကို အကြမ်းဖျင်း ရှင်းပြထားတယ်။

170 02

အဲဒီမှာ ပိုင်ရှင်နဲ့ငှားရမ်းသူ စာချုပ်ချုပ်ဆိုရမှာဖြစ်ပြီး အစိုးရဘက်က ကုန်ပစ္စည်းတွေကို အကောင်းအတိုင်း ရှိနေရေးနဲ့ သူခိုးဓားပြရန်နဲ့ မီးဘေးကင်းရေးအတွက် တာဝန်ယူပေးမှာဖြစ်ကြောင်း ပါဝင်တယ်။

ဒီစာချုပ်ကိုမြင်တော့ တစ်ယောက်က ခပ်လွင်လွင်ရယ်လာတယ်။

“မင်းတို့တွေ တကယ်တတ်လည်းတတ်နိုင်ကြတာပဲ”

သူ့ကို စာချုပ်ကမ်းပေးလာတဲ့ စာရေးကလည်း အတူလိုက်ရယ်ပြီး “ဒါက ကျုပ်တို့ခရိုင်မှူးရဲ့အကြံပါ။ ကျုပ်တို့ခရိုင်မှူးက ပြည်သူတွေဆီက ပိုက်ဆံယူပြီးရင် သူတို့အတွက် ပြန်အကျိုးပြုပေးရမယ်လို့ ပြောပါတယ်။ နှုတ်တစ်ရာ စာတစ်လုံးဆိုတော့ စာချုပ်အရင်ချုပ်ကြတာပေါ့။ ဒါမှခင်ဗျားလည်း စိတ်အေးရမှာ”

ထိုလူက ရယ်မောရင်း စာချုပ်မှာ သူ့နာမည်နဲ့လက်မှတ်ထိုးပြီးတာနဲ့ ငွေပေးချေကာ တစ်စုံတစ်ယောက်က သူတို့ကို မြို့ထဲ ဦးဆောင်ခေါ်သွားတယ်။ ဒါက အသစ်ပြန်ပြင်ထားတဲ့ အထူးသီးသန့်လမ်းကြောင်းဖြစ်ပြီး ပုံမှန်အားဖြင့် မြို့ဝင်ပေါက်မှာ လူသွားလမ်းနဲ့ လှည်းသွားလမ်းဆိုပြီး နှစ်ခုခွဲထားတယ်။

ပိုက်ဆံပေးပြီးပြီဆိုတာနဲ့ ရုံးတော်ကလူတွေက သာမန်လူတွေကို လှည်းတွေအတွက် လမ်းကြောင်း ရှင်းပေးလိုက်တယ်။ မြို့ထဲဝင်လိုက်ရင်လည်း တွေ့လိုက်ရတာက လှည်းခြောက်စီး ယှဥ်သွားလို့ရတဲ့အထိ ကျယ်ဝန်းသွားတဲ့ လမ်းမအသစ်ကြီးပဲ။

ကုန်သည်ခေါင်းဆောင်တွေကိုယ်စား ရောက်လာတဲ့ ကြီးကြပ်သူက သူတို့ကို လမ်းပြနေတဲ့ရုံးကလူကို စကားစတယ်။

“ဒီလမ်းကိုကြည့်တာနဲ့တင် မင်းတို့ခရိုင်မှူးက တော်တော်လေး ပြင်ဆင်ထားတဲ့ပုံပဲ”

“ဒါပေါ့ ဒီတစ်ခေါက် ခရိုင်မှူးက မြို့ဂိတ်ကို ပြုပြင်ဖို့အတွက် ထောင်နဲ့ချီတဲ့အလုပ်သမားတွေ စုဆောင်းထားရတာ။ ဥပမာ ဒီလမ်းမကြီးကိုပဲကြည့် သူ့ကို ချဲ့ထွင်ဖို့ တစ်ပတ်လောက် လူပေါင်းများစွာ နေ့မအိပ် ညမအိပ်လုပ်ခဲ့ရတာ”

“တော်တော်တော့ အားစိုက်ထုတ်ထားရတာပဲ”

“ခင်ဗျားတို့တွေ ကျုပ်တို့ခရိုင်မှူးကို ဂုတ်သွေးစုပ်တဲ့လူလို့ ပြောဆိုနေကြတာ ကျုပ်တို့သိပါတယ်။ ဒါပေမယ့် မျှမျှတတပြောရရင် ခရိုင်မှူးက ငွေယူကြမ်းတာ ဟုတ်တယ်။ အဲဒါတွေကလည်း အားလုံး သူ့အိတ်ထဲ ထည့်တာမဟုတ်ပါဘူး။ သူ့လက်အောက်မှာ လူတွေအများကြီးရှိသေးတယ်။ သူတို့အကုန် မျိုးရိုးသုံးဆက်လောက်ကို လုပ်ကျွေးနေရတာ။ လမ်းပြင်တာတွေ ဂိုထောင်ဆောက်တာတွေနဲ့ အရပ်သားတွေကို လုပ်အားခရှင်းပေးတာ အားလုံးကို ခရိုင်မှူးစရိတ်ထဲက ထုတ်ပေးတာ”

ဒီခေါင်းစဥ်ပေါ်လာတဲ့အခါ တစ်ဖက်လူက သူ့ကို ဘာမှမပြောချင်တော့တာကြောင့် ရယ်မောရင်း စကားစဖြတ်လိုက်တယ်။ ကောင်တီရုံးကလူကတော့ ထိုသူ့မျက်နှာကို ကြည့်တာနဲ့တင် ဘာတွေးနေလဲသိတာမို့ ထပ်ရှင်းပြမနေတော့ဘူး။

မကြာခင် သူတို့မြို့ရဲ့အနောက်ဘက်ခြမ်းဆီ ရောက်လာပြီး အဝေးကတင် ကောင်းကင်ယံ ထိုးတက်နေတဲ့ မြင့်မားတဲ့ကျောက်နံရံကြီးကို မြင်လိုက်ရတယ်။ တံတိုင်းကြီးက ၂ ကျန်းလောက်မြင့်ပြီး အလယ်က ဂိတ်ဝအကျယ်ကြီးနဲ့မို့ မသိရင် နောက်တစ်မြို့ ဝင်ပေါက်ရောက်သွားသလိုပဲ။

သူတို့ရောက်တော့ ကောင်တီအရာရှိက လှည်းပေါ်ကခုန်ဆင်းပြီး တံတိုင်းပေါ်က စောင့်ကြည့်မျှော်စင်ဆီ အသံပေးလိုက်တဲ့အခါ ကြိုးနဲ့ချည်ထားတဲ့ ဝါးခြင်းတောင်းလေးတစ်ခု အောက်ကိုလျှောကျလာတယ်။

အရာရှိကအထဲက ဝါးပြားလေးကို ထုတ်ပြလိုက်ပြီးမှ ကြီးကြပ်သူဘက်လှည့်ပြီး “နောက်တစ်ခေါက်လာတဲ့အခါ ငွေပေးချေပြီးတာနဲ့ တစ်ယောက်က ဒီလိုဝါးပြားလေးတစ်ခု ပေးလိမ့်မယ် အဲဒီပေါ်မှာ ကိုယ်ငှားထားတဲ့ဂိုထောင် နံပါတ်ရယ် ဘယ်လောက်သက်တမ်းရှိသေးလဲဆိုတာရယ် ပါတယ်။ အပေါ်ကလူကို ဒီဝါးပြားလေး ပြလိုက်တော့မှ ကုန်သွင်းကုန်ထုတ် လုပ်လို့ရမှာ”

သူက ပြောရင်း ဝါးပြားလေးကို ခြင်းတောင်းထဲပြန်ထည့်ပေးလိုက်တဲ့အခါ အပေါ်ကတစ်ယောက်က ပြန်ဆွဲတင်သွားတယ်။ မကြာခင်မှာပဲ ကြီးမားတဲ့သစ်သားတံခါးကြီးက အထဲက ပွင့်လာခဲ့တယ်။ ဒီတံခါးကိုကျော်မှ အထဲက ဂိုထောင်တွေဆီ ရောက်မှာ။

170 03

ဂိုထောင်တွေက ထင်တာထက် ကြီးမားလွန်းပြီး ပြူတင်းပေါက်ဘာညာမရှိဘဲ တံခါးတစ်ပေါက်သာ ပါဝင်ပေမယ့် အတော်လေးတော့ ခိုင်ခံ့ပုံရတယ်။

“ဂိုထောင်က မဆိုးပါဘူး”

အရာရှိလေးက ဂုဏ်ယူပြုံးကြီးနဲ့ “အချိန်မလောက်လို့ အလုံးနှစ်ဆယ်ပဲ ဆောက်လိုက်ရတာ နှမြောစရာပဲ။ ကျုပ်ပြောမယ် ဂိုထောင်တွေက အများကြီးမရှိလို့ မြန်မြန်ငှားလေ စိတ်ချရလေပဲ။ ငွေလေး တစ်ပဲခြောက်ပြားကို တွန့်တိုနေတဲ့သူတွေကတော့ ခံပေါ့လေ”

တစ်ဖက်လူက ဒီစကားတွေကိုကျ လျစ်လျူရှုထားပြီး သူ့လှည်းတွေကို အထဲသွင်းလိုက်တယ်။ ဒီတော့မှ အလုပ်သမားအင်အား လိုလာတာ။ သူ့အခက်အခဲကို သတိထားမိတဲ့ ကောင်တီအရာရှိလေးက တည်ငြိမ်စွာ စကားစတယ်။

“အတင်အချလုပ်ဖို့ စိတ်မပူပါနဲ့။ ခဏနေရင် လူတွေရောက်လာပါလိမ့်မယ်”

တကယ်လည်း သူ ပြောပြီးပြီးချင်းမှာတင် ဖျင်ကြမ်းထည်တွေဝတ်ထားတဲ့ လူတစ်စုရောက်ချလာတယ်။ အလုပ်ကြမ်းလုပ်တဲ့လူတွေသာ ဒီလိုဝတ်တာဆိုပေမယ့် ဒီနေ့တော့ အလုပ်သမားတွေတောင် ရင်ဘတ်နှစ်ဖက်မှာ ‘တျန့်ဟိုင်’လို့ရေးထားတဲ့ အပေါ်ထပ်အင်္ကျီတိုလေး ဆင်တူနဲ့ သန့်ပြန့်နေကြတယ်။

ကောင်တီအရာရှိလေးက အချက်ပြလိုက်တာနဲ့ ကြီးကြပ်သူအပြောကိုတောင် မစောင့်ဘဲ သူတို့က တိတ်တဆိတ် အထုပ်တွေသယ်တော့တယ်။

“ဒါကရော မင်းတို့ခရိုင်မှူး စီစဥ်တာပဲလား။ သူ့ကြည့်ရတာ စီးပွားတော့ တော်တော်မြင်သားပဲ”

သူ့မျက်နှာ ကပြုံးနေပေမယ့် လေသံက လှောင်ပြောင်ရိပ် စွက်နေတယ်။ ကောင်တီအရာရှိလေးကလည်း ဒါကိုစိတ်ထဲမထားဘဲ အပြုံးလေးနဲ့ ဆက်ရှင်းပြတယ်။

“ဟုတ်တယ် ကျုပ်တို့ခရိုင်မှူးပြောတာတော့ ဒေသအလုပ်သမားတွေက ပြည်သူတွေရဲ့ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးရမှာ တာဝန်ပဲတဲ့။ ပြီးတော့ ဒါကိုအလကားလို့ မထင်လိုက်နဲ့ဦး သူတို့ရသင့်ရထိုက်တဲ့ တစ်ကျပ်တစ်ပြားတောင် လျော့လို့မရဘူးနော်။ ဒါပေမယ့် အဲဒီလုပ်အားခတွေက ကျုပ်တို့ယူမှာမဟုတ်ဘဲ ဒီအလုပ်သမားတွေကို ပေးမှာ”

လောဘအိုး ခရိုင်မှူးရွှီက ငန်းပေးတာ ငန်းမွှေးတစ်မျှင်မှ မနှုတ်ဘူးဆိုတော့ ကြီးကြပ်သူက ထူးဆန်းသွားတယ်။ သူ့အတွေးတွေကို သိနေတဲ့အလား ကောင်တီအရာရှိလေးက ဆက်ပြောပြတယ်။

“ဘာလို့ဆို ခင်ဗျားတို့ကုန်သည်တွေလာတိုင်း ကျုပ်တို့ဆီမှာ ကိုယ့်လူအချင်းချင်း အလုပ်ရဖို့လုကြတာ မြင်မကောင်းဘူး။ ဒါကြောင့် ကျုပ်တို့ခရိုင်မှူးက ရှိသမျှအလုပ်သမားအားလုံးအတွက် မျှမျှတတ စီစဥ်ပေးလို့ရအောင် တျန့်ဟိုင်အလုပ်သမားသမဂ္ဂကို တည်ထောင်လိုက်တာ။ အသိမပေးမိတဲ့အတွက် စိတ်မရှိပါနဲ့။ ဒါပေမယ့် အခုကစပြီး တျန့်ဟိုင်မှာ အလုပ်သမားသမဂ္ဂကို မတင်ပြရင် ဘယ်လူမှ ရှာလို့ရမှာမဟုတ်ဘူး”

ဒါကိုကြားတော့ ကြီးကြပ်သူက ချက်ချင်းကြောင်အမ်းသွားတယ်။

ထိုစဥ် မြို့ဝင်ပေါက်မှာ လူတချို့ဝင်သွားကြသလို လူတချို့ ကျန်နေခဲ့ကြတယ်။ ကျန်နေခဲ့ရတဲ့ အကြောင်းအရင်းကလည်း သူတို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချလို့မရဘဲ အထက်က ညွှန်ကြားချက်ကို စောင့်ရဦးမှာမို့လို့ပဲ။

ဒီလူတွေက တစ်နိုင်ငံလုံး ခြေဆန့်နေကျမို့ ဟင်းလင်းပြင်မှာ အိပ်ရလည်း ပြဿနာမရှိဘူး။ ဒီလိုနဲ့ မြို့ထဲမဝင်ဘဲ ဂိတ်တံခါးအပြင်ဘက်မှာတင် တဲထိုးပြီး သူတို့ရဲ့ပထမဆုံးနေ့ကို စခန်းချဖို့ ပြင်ဆင်လိုက်ကြတယ်။

အချိန်က မွန်းတည့်ချိန်ရောက်လာတာနဲ့ မြို့ရိုးနံဘေးမှာ စခန်းချလာတဲ့အဖွဲ့တွေ ပိုပိုများလာပေမယ့် အားလုံးက ကိုယ့်နေရာကိုယ် သတ်မှတ်ထားပြီး အချင်းချင်း စကားမပြောကြဘူး။ မြို့ဝင်ပေါက်က ရှင်းလင်းသွားတော့ ဂိတ်စောင့်တစ်ယောက်က သူတို့နား လာသတိပေးတယ်။

“မြို့ထဲဝင်ချင်တဲ့သူတွေ အချိန်ရှိတုန်း မြန်မြန်ဝင်ကြနော် ငါတို့ခရိုင်မှူးပြောတာတော့ ဒီနေ့လယ် မိုးရွာနိုင်တယ်တဲ့။ လူတွေစိုတာ ကိစ္စမရှိပေမယ့် ပစ္စည်းတွေစိုရင် အားလုံးပျက်စီးသွားလိမ့်မယ်”

သို့သော်ငြား သူပြန်ရလိုက်တာက မယုံသလို လှောင်ပြောင်နေတဲ့မျက်ဝန်းတွေပဲ။

170 04

အခုက နွေလယ်ခေါင်ကြီးလေ။ ဒီလောက်ပူခြစ်နေတာ ကောင်းကင်မှာ တိမ်တစ်စုတောင်မရှိဘူး ဘယ်ကမိုးရွာမှာလဲ။ ထစ်ကနဲရှိ ‘ငါတို့ခရိုင်မှူး’ဆိုတာနဲ့ ကိုင်ပေါက်နေတာ။ မင်းတို့ခရိုင်မှူး ဂရုစိုက်တာဆိုလို့ ပိုက်ဆံပဲရှိတယ်။

အဲဒီအချိန်မှာပဲ ကျောမှာ ခြင်းတောင်းလွယ်ထားတဲ့ အသားညစ်ညစ် ပိန်ပါးပါးအဘိုးအိုတစ်ယောက်ကလည်း အမှတ်မထင်ဖြတ်သွားရင်း ဝင်ပြောတယ်။

“ဒီအရာရှိလေး စကားကိုနားထောင်… ငါက ဒီမြို့ရဲ့ငယ်မွေးခြံပေါက်မို့ တျန့်ဟိုင်ရဲ့ရာသီဥတုနဲ့ ရင်းနှီးပြီးသား? လတ်တလော ရာသီဥတု ဖောက်ပြန်နေတာ? ကောင်းကင်ကိုပဲကြည့်လိုက် ခဏနေရင် လေနီကြမ်းတွေပါ တိုက်ရင်တိုက်လာလိမ့်မယ်”

စိတ်မကောင်းစရာက သူတို့ကို ဇာတ်တိုက်ထားတယ်ပဲထင်ပြီး ဘယ်သူမှ အရေးလုပ်မလာတာပဲ။ ဒါကိုတွေ့တော့ ဂိတ်စောင့်လေးက ဒေါသထွက်ပြီး လှည့်ပြန်သွားပေမယ့် အဘိုးအိုကတော့ အားလုံးကို ဇွဲရှိရှိ လိုက်ဖျောင်းဖျနေတုန်းပဲ။

ဒါပေမယ့် တုပ်တုပ်မလှုပ်တာတွေ့တော့ သူလည်း သက်ပြင်းချရင်း ဖြည်းဖြည်းချင်း မြို့ရိုးထဲ လျှောက်သွားတော့တယ်။ ခဏနေတော့ သံတမန်တစ်ယောက်က ရုတ်တရက်ကြီး တဲတွေသိမ်းပြီး မြို့ထဲဝင်ဖို့ လုပ်လာတယ်။

“ကျင်းဟွာက ကျိုးမိသားစုကို ဒီလောက်အထိ ကြောက်တတ်လိမ့်မယ်လို့ မထင်ထားဘူး အဘိုးကြီးတစ်ယောက်စကားကို အယုံလွယ်နေရတယ်လို့”

ကျင်းဟွာက ကျိုးအိမ်တော်ဆိုတာ သူ့နေရာမှာ အရေးပါအရာရောက်တဲ့ ကုန်သည်မိသားစုတစ်စုဖြစ်တယ်။ ပုံမှန်ဆို ကုန်သည်တိုင်းကြားမှာ နာမည်အတိအကျ ထုတ်မပြောရတဲ့စည်းမျဥ်းတစ်ခု ရှိတယ်။ ဒီတစ်ယောက်ကတော့ ချိုးဖောက်လိုက်တာ အရှင်းကြီးပဲ။

ဒါပေမယ့်လည်း လျူနဲ့ကျိုးမိသားစုတို့ကြားက ကိစ္စတွေကို နားလည်ထားတဲ့ဘယ်သူမဆို သူတို့ဘာလို့ ကြည့်မရဖြစ်နေလဲ နားလည်နိုင်ပါလိမ့်မယ်။

“ကျုပ်က ပို့ဆောင်ပေးတဲ့ ကြီးကြပ်သူတစ်ယောက်မို့ ပစ္စည်းတွေ ပျက်စီးသွားရင် မလျော်ပေးနိုင်ဘူး။ ခင်ဗျားတို့လျူတွေက မကြောက်ရင်လည်း နေခဲ့ပေါ့ ဘာလို့ကျုပ်နဲ့ လာငြင်းခုံနေတာလဲ?”

သူက ဒီလိုပြောပြီးတာနဲ့ သူ့အဖွဲ့ကိုဦးဆောင်ပြီး ဂိုထောင်ကြေးပေးကာ မြို့ထဲ ဝင်သွားတော့တယ်။ ဒါပေမယ့် လျူမိသားစုက ကြီးကြပ်သူကတော့ သူ့ကို ခပ်လှောင်လှောင်ကြည့်ကာ တဲထဲပြန်ဝင်သွားတယ်။

ကျိုးမိသားစုတောင်မှ လှုပ်ရှားလာတာတွေ့တော့ တခြားအဖွဲ့တွေကလည်း တုံ့ဆိုင်းဆိုင်းနဲ့ပဲ ပိုက်ဆံပေးပြီး အလျှိုလျှို လိုက်ဝင်သွားကြတာကြောင့် ဂိတ်အပြင်ဘက်မှာ ၇စုလောက်ပဲကျန်တယ်။ ကျန်တဲ့လူတွေကလည်း ရတက်မအေးဖြစ်လာတာကြောင့် သူတို့အချင်းချင်း တိုင်ပင်ကြတော့တယ်။

“ခေါင်းဆောင် ကျွန်တော်တို့လည်း ဝင်ကြတော့မလား။ အထက်က အမိန့်ကိုစောင့်နေရင် အနည်းဆုံး နှစ်ရက်လောက် ကြာသွားလိမ့်မယ်။ နောက်ရက်တွေကျရင်လည်း ပစ္စည်းတွေက ထပ်လာဦးမှာ။ ဒီမှာပဲ အားလုံး ထားထားလို့မှမရတာ။ တျန့်ဟိုင်က ကမ်းရိုးတန်းဒေသမို့ ပင်လယ်က ရာသီဥတုကလည်း ခန့်မှန်းရတာ မဟုတ်ဘူး။ တကယ်လည်း သူတို့ပြောတဲ့အတိုင်း မိုးဦးဝင်နေပြီ။ ကျွန်တော်တို့ ဒီနေ့ကံကောင်းရင်တောင် နောက်နေ့ကျ မိုးရွာလာရင် ဘယ်လိုလုပ်မလဲ?”

တချို့အဖွဲ့တွေ ဘာလို့စိတ်ပြောင်းသွားသလဲဆိုတာ ဒီအကြောင်းအရင်းက အသက်ပဲ။ သံသယမဖြစ်အောင်လို့ သူတို့မှာ ရှိသမျှပစ္စည်းတွေကို တစ်ခါတည်း သယ်လာလို့မရဘူး။ ဒီနေ့က ပထမအသုတ်ပဲရှိသေးတာမို့ နောက်လာမယ့်အသုတ်တွေ အများကြီးရှိသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အရင်ကလည်း အရပ်သားတွေဆီမှာ သိုလှောင်ခန်းငှားပြီး ထားရတာပဲ။ အခုလည်း အစိုးရဆီကဆိုတာပဲ ကွာသွားတာ။ သူတို့လိုချင်တာ ဒါပဲဆိုတာ သိရင်တောင် မတတ်သာတဲ့အခြေအနေမှာ အများကြီးမဆုံးရှုံးရဖို့ လုပ်ရတော့မှာပဲ။

လက်ရှိ တျန့်ဟိုင်နယ်က ခရိုင်မှူးရွှီဆိုတဲ့နာမည်က မှောင်ခိုကုန်သည်တွေကြား အတော်လေး မုန်းတီးစရာတစ်ခုဖြစ်လာပေမယ့် သူက နယ်ခံအရာရှိဖြစ်နေလို့သာ သူတို့မှာ ကျိတ်မှိတ်ခံနေရတာ။ ဒီလိုပြောတော့မှ အားလုံးက အရင်က ပိုနာခံတတ်တဲ့ ခရိုင်မှူးလျိူကိုတောင် တမ်းတမိကြတယ်။

နောက်ထပ်နှစ်ဖွဲ့ ထပ်ဝင်သွားတဲ့အခါ အပြင်မှာ ငါးဖွဲ့သာကျန်ခဲ့ပြီး လူတွေ လျော့သွားလေလေ သူတို့မှာ ပူပန်စိတ်တွေ ပိုလာလေပဲ။ လျူမိသားစုက ကြီးကြပ်သူကသာ အေးတိအေးစက်ပြုံးရင်း လက်အောက်ငယ်သားတွေကို မိုးရွာမှာမဟုတ်ကြောင်း အခိုင်အမာဆိုနေတယ်။

170 05

သို့သော် ကောင်းကင်ဘုံက သူ့ကို မျက်နှာသာမပေးခဲ့ဘူး။ ၃နာရီကျော်လောက်မှာပဲ ကောင်းကင်ကြီးတစ်ခုလုံး ကြည်လင်နေရာကနေ မိုးသားတိမ်လိပ်တွေ တရိပ်ရိပ်တက်လာတယ်။ ချက်ချင်းဆိုသလိုပဲ ကျန်တဲ့လူတွေက မိုးအရိပ်အယောင် မြင်တာနဲ့ ချက်ချင်း တဲအမြန်ဖျက်ပြီး ပစ္စည်းတွေယူကာ မြို့ဝင်ပေါက်ဆီ အလျင်စလို သွားကြတော့တယ်။

တချို့ဖြတ်ထိုးဉာဏ်ကောင်းတဲ့သူတွေဆို တဲတွေကိုတောင် ဒီတိုင်းထားခဲ့ပြီး ပြေးတော့တာ။ ဒါပေမယ့် လျူမိသားစုက ကြီးကြပ်သူကတော့ သူ့အမြင်ကို စွဲမြဲစွာ လက်ကိုင်ထားဆဲပဲ။

“ဘာတွေကြောက်နေတာလဲ။ မိုးရွာမှာ မဟုတ်ပါဘူး”

…………..

******

All Chapters