အခန်း (၁၇၁-၁၇၂)
Vol. 18 Ch. 171-172
အခန်း (၁၇၁)
မြို့တံခါးရှေ့မှာတော့ အခြေအနေတွေက ဖရိုဖရဲ ဖြစ်နေခဲ့တယ်။
အဲဒီအချိန်မှာပဲ ရာသီဥတုက ထပ်ပြီးတော့ အပြောင်းအလဲ ဖြစ်လာပြန်တယ်၊ လေပြင်းတွေက တဝေါဝေါနဲ့ တိုက်ခတ်လာပြီး လူတွေရဲ့အင်္ကျီစတွေကို လေထဲမှာ တဖျပ်ဖျပ် မြည်နေစေခဲ့တယ်။
ဒီလှည်းအုပ်စုတွေကလည်း တစ်ဦးကိုတစ်ဦး လမ်းမဖယ်ပေးကြသလို၊ မြင်းတွေကလည်း ကြောက်လန့်တကြား အော်ဟစ်နေကြတာကြောင့် လေထုထဲမှာ ပျာယာခတ်နေတဲ့ အငွေ့အသက်တွေက ပိုပြီးတော့ ကိန်းအောင်းနေတော့တာပဲ။ ကောင်းကင်ကြီးကလည်း တဖြည်းဖြည်း မှောင်ကျလာပြီး နေ့ခင်းဘက်ကြီး ဖြစ်နေတာတောင်မှ ညမှောင်မှောင်ကြီး ကျလာသလိုမျိုး ဖြစ်နေခဲ့တယ်။
လူတွေရဲ့အော်ဟစ်သံတွေနဲ့ မြင်းဟီသံတွေက တစ်ခုနဲ့တစ်ခု ရောယှက်နေပြီးတော့ကို မရပ်မနား ဖြစ်နေခဲ့တာကြောင့် လူတိုင်းဟာ ထိတ်လန့်တုန်လှုပ်နေကြရတယ်။
ဒါဟာ မိုးရွာတော့မယ့် ပုံစံမျိုးထက် ကောင်းကင်ကြီး ပြိုကျတော့မယ့်အတိုင်းပါပဲလားလို့တောင် ထင်မှတ်ရတယ်။
ဒါပေမဲ့ ပင်လယ်နဲ့ နီးစပ်တဲ့ ဒေသတွေရဲ့ အခြေအနေကို သိတဲ့သူ အနည်းငယ်ကတော့ ဒါကို သိပ်ပြီးတော့ မအံ့ဩကြဘူး။ ပင်လယ်လေတွေ တိုက်ခတ်လာပြီဆိုရင် လူကို လွင့်ထွက်သွားစေတာမျိုး၊ အိမ်ခေါင်မိုးတွေကို လွင့်စင်သွားစေတာမျိုးတွေဟာ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ဘူးလေ။
အတိအကျပဲ၊ အဲဒီအချိန်မှာ မြို့တံခါးထဲကနေ ခရိုင်ရုံးက အစေခံတွေ အုပ်စုလိုက် ပြေးထွက်လာကြတယ်။ သူတို့က မြင်းတွေကို ဝိုင်းပြီး ဆွဲပေးကြသလို လှည်းတွေကိုလည်း မြို့ထဲကို အမြန်ဝင်နိုင်အောင် ကူညီပေးရင်းနဲ့ ပြောလိုက်ကြတာက "ငါတို့ သခင်ကြီးက ဒီနေ့မနက် အစောကြီးကတည်းက ပြောထားသားပဲ၊ ဒီနေ့ မိုးရွာလိမ့်မယ်လို့လေ။ မင်းတို့ကို ပြောတော့လည်း ဘယ်သူမှ နားမထောင်ကြဘူး၊ ငါတို့ကပဲ မင်းတို့ကို လိမ်ညာပြီး နှိပ်စက်နေသလိုမျိုးကို ထင်နေကြတာ"
အခုလို အချိန်မျိုးမှာတော့ အဲဒီလူတွေဟာ ခရိုင်ရုံးက အစေခံတွေကို ပြန်ပြီးတော့ စောဒက တက်နိုင်စွမ်း မရှိတော့ဘူးလေ။ မိုးမရွာချခင်မှာ သူတို့ရဲ့ ကုန်စည်တွေကို ဘေးကင်းရာမှာ အမြန်ဆုံး ထားနိုင်ဖို့ပဲ အသည်းအသန် ကြိုးစားနေကြတော့တာပဲ။ တကယ်လို့သာ ဒီကုန်စည်တွေ မိုးစိုကုန်မယ်ဆိုရင် သူတို့ကို သတ်ပစ်ရင်တောင်မှ အဲဒီတန်ဖိုးကို ပြန်ပြီးတော့ လျော်ပေးနိုင်ကြမှာ မဟုတ်ဘူးလေ။
"ငါတို့ သခင်ကြီးက တကယ့်ကို နတ်ဘုရားလို ခန့်မှန်းနိုင်လို့သာပေါ့၊ မင်းတို့ထဲက တချို့က ဘယ်လိုပြောပြော နားမထောင်တဲ့သူတွေ ဖြစ်နေမှာစိုးလို့ သူက သီးသန့် နေရာလွတ်တစ်ခုကိုတောင် ပြင်ဆင်ပေးထားတာ။ မဟုတ်ရင်တော့ ဒီနေ့ မင်းတို့အားလုံး ဒုက္ခရောက်ကုန်ကြတော့မှာ" မြို့တံခါး စောင့်ကြည့်ရေး အရာရှိက လှည်းအုပ်စုတွေကို မြို့ထဲကို ခေါ်ဆောင်သွားပြီး မြို့တံခါးရဲ့ ဘေးတစ်ဖက်မှာ ရှိတဲ့ ကွင်းပြင်တစ်ခုဆီကို ခေါ်သွားပေးခဲ့တယ်။
အဲဒီနေရာကို ဆောက်ထားတဲ့ ပုံစံက တကယ့်ကို ထူးဆန်းလှတယ်၊ အပေါ်မှာ အမိုးတော့ ပါပေမဲ့ ဘေးပတ်ပတ်လည်မှာတော့ နံရံတွေ မရှိဘူး။ အကျယ်အဝန်းကတော့ တော်တော်လေးကို ကျယ်ပြန့်လှတာကြောင့် အများကြီးတော့ မဆံ့ပေမဲ့လည်း လှည်းအစီးရေ ဆယ်ဂဏန်းလောက်ကိုတော့ အတင်းတိုးပြီး ထည့်ထားလို့ ရနိုင်တာပေါ့။ ဒီဘက်မှာတင် ရှိတာ မဟုတ်ဘဲနဲ့ တစ်ဖက်မှာလည်း အဲဒီလိုမျိုး တစ်ခု ရှိနေသေးတာကြောင့် မြို့တံခါးရဲ့ ဝဲယာနှစ်ဖက်မှာ တောင်ပံနှစ်ဖက်လိုမျိုး ဖြစ်နေခဲ့တာ။
အဲဒီနေရာကို မြင်လိုက်ရတော့မှ လူတိုင်းဟာ စိတ်သက်သာရာရပြီး သက်ပြင်းချနိုင်ကြတော့တယ်။ ဒါပေမဲ့ နားနေဖို့တော့ မဝံ့ရဲကြသေးဘူး၊ နောက်ကနေ လာမယ့်သူတွေအတွက် နေရာရအောင်လို့ လှည်းတွေကို အထဲကို အမြန်ဆုံး မောင်းသွင်းနေကြရတယ်။
အဲဒီအချိန်မှာ အပြင်ဘက်မှာတော့ လေက ပိုပြီးတော့ ပြင်းထန်လာသလို ပဲစေ့လောက် ရှိတဲ့ မိုးစက်ကြီးတွေကလည်း မြေပြင်ပေါ်ကို တဖွဲဖွဲ ကျဆင်းလာခဲ့ပြီ။ မိုးစက်တွေက မြေကြီးပေါ်ကို ထိမှန်လိုက်တိုင်းမှာ ဖုန်မှုန့်တွေက လွင့်စင်တက်လာခဲ့ပေမဲ့ မကြာခင်မှာပဲ အဲဒီဖုန်မှုန့်တွေဟာ မိုးစက်တွေရဲ့ ဒဏ်ကြောင့် ငြိမ်ကျသွားပြီး မြေပြင်ပေါ်မှာ မြောင်းငယ်လေးတွေလိုမျိုး ဖြစ်ကာ အရပ်မျက်နှာအနှံ့ကို စီးဆင်းသွားတော့တာပဲ။
နောက်ကနေ လိုက်လာတဲ့ လှည်းအုပ်စုတွေကတော့ မိုးနည်းနည်းတော့ စိုကုန်ကြတယ်။ ဒါပေမဲ့ ကံကောင်းတာက လှည်းပေါ်မှာ ဆီစိမ်အဝတ်တွေ အုပ်ထားတာရယ်၊ အရှိန်ကလည်း မြန်တာရယ်ကြောင့် သိပ်ပြီးတော့တော့ မထိခိုက်ခဲ့ဘူး။ လျူမိသားစုရဲ့ လှည်းအုပ်စုကတော့ အနောက်ဆုံးမှာ ကျန်နေခဲ့တာကြောင့် တခြားသူတွေ အထဲကို ဝင်ပြီး မိုးခိုနေကြတဲ့ အချိန်မှာ သူတို့ကတော့ ကယောင်ကတမ်းနဲ့ လှည်းတွေကို မောင်းနှင်နေကြရတုန်းပဲ။
171 02
နှမြောစရာ ကောင်းတာက မြင်းတွေကလည်း အမိန့်ကို နားမထောင်ကြတော့သလို လူတွေကလည်း မိုးစက်တွေကြောင့် မျက်စိကိုတောင် ကောင်းကောင်း မဖွင့်နိုင်ကြတော့ဘူး။ ဒါ့အပြင် နေရာကလည်း အကန့်အသတ် ရှိနေတာကြောင့် အနောက်ဆုံးမှ ရောက်လာတဲ့ သူတို့အတွက်တော့ အစွန်ဆုံး နေရာမှာပဲ ရပ်ဖို့အဆင်ပြေတော့တာပေါ့။ ကုန်တင်လှည်းရဲ့ ထက်ဝက်နီးပါးလောက်ကတော့ နေရာမရှိတော့တာကြောင့် မိုးထဲရေထဲမှာပဲ ဒီအတိုင်း ပစ်ထားလိုက်ရတာကို မျက်စိမှိတ်ပြီး ကြည့်နေကြရတော့တယ်။
ဒီလျူမိသားစုရဲ့ တာဝန်ခံမှာတော့ အရင်ကလို မာန်မာနတွေ မရှိတော့ဘဲ ငိုယိုပြီးတော့သာ ဆဲဆိုနေတော့တာပဲ။ မိုးနတ်မင်းကိုလည်း ဆဲတယ်၊ တခြားလူတွေကိုလည်း ဆဲတယ်။ သူတို့တွေကြောင့်သာ သူ ဒီလိုမျိုး အဖြစ်ဆိုးနဲ့ ကြုံရတာဆိုပြီး လျှောက်ပြောနေတော့တာပဲ။
အဲဒီလူကလည်း တကယ့်ကို တစ်ကိုယ်ကောင်းဆန်တဲ့သူပဲလေ၊ ဆဲလို့မှ အားမရသေးဘဲ အထဲကို ဝုန်းဒိုင်းကြဲ ဝင်သွားပြီးတော့ ခွေးရူးတစ်ကောင်လိုမျိုး သူတစ်ပါးရဲ့ လှည်းတွေကို ဆွဲထုတ်ဖို့ ကြိုးစားနေတော့တာပဲ။ ဒါမှ သူ့ရဲ့ လှည်းတွေအတွက် နေရာရမှာ မဟုတ်လား။
ဒီနေရာကို ရောက်လာတဲ့သူတွေထဲမှာလည်း ဘယ်သူကများ အလျော့ပေးမယ့်သူ ရှိမှာလဲ၊ လူအချို့က ဝိုင်းပြီးတော့ သူ့ကို အပြင်ကို ပစ်ထုတ်လိုက်ကြတော့တာပဲ။
သူကတော့ မိုးရေထဲမှာ မှောက်လျက်သား ပြိုလဲနေရင်းနဲ့ အတင်းအကျပ် ဆဲဆိုနေတုန်းပဲ၊ နောက်ဆုံးမှာ အသံတွေ တိတ်သွားတော့မှပဲ တစ်ယောက်ယောက်က မိုးထဲကို ထွက်သွားပြီး သူ့ကို အထဲကို ဆွဲသွင်းလာပေးခဲ့ကြရတယ်။
နောက်တစ်ဖက်မှာတော့ တုံ့ပြန်မှု မြန်ဆန်တဲ့ သူအချို့ကတော့ မိုးမရွာခင်မှာတင် သူတို့ရဲ့ ကုန်စည်တွေကို ဂိုဒေါင်တွေထဲကို ထည့်နိုင်ခဲ့ကြတာပေါ့။
သူတို့တွေကတော့ အခု တျန့်ဟိုင်ခရိုင်ရဲ့ အပြောင်းအလဲတွေရယ်၊ ဒီဂိုဒေါင်တွေကို စနစ်တကျ ပြင်ဆင်ထားပုံတွေရယ်ကို ကြည့်ပြီးတော့ အံ့ဩနေကြရတယ်။ အပြင်မှာ မိုးရွာသံတွေကို ကြားနေရတဲ့ ဂိုဒေါင်ထဲက လူတွေကတော့ တကယ့်ကို ရင်တုန်ပန်းတုန် ဖြစ်နေကြရတာပေါ့။
"လျူမိသားစုကတော့ ဒီတစ်ခါတော့ အကြီးအကျယ် ရှုံးတော့မှာပဲ"
ကုန်တင်လှည်း ဆယ်စီးကျော်ရဲ့ တန်ဖိုးက အားလုံးပေါင်းရင် ငွေပြား သောင်းဂဏန်းလောက် ရှိတာလေ။ လျူမိသားစုက အဓိကအားဖြင့် ပိုးချည်နဲ့ လက်ဖက်ခြောက်တွေကို ရောင်းတာ၊ ဒီနှစ်မျိုးစလုံးက ရေစိုလို့ မရတဲ့ အရာတွေ မဟုတ်လား။ ဒီတစ်ခါတော့ လျူမိသားစုရဲ့ ကုန်စည်တာဝန်ခံကတော့ မသေရုံတမယ် ခံစားရတော့မှာ အသေအချာပဲ။
ဒီစကားကိုတော့ ကျိုးမိသားစုရဲ့ တာဝန်ခံက ပြောလိုက်တာ ဖြစ်ပြီးတော့၊ ခုနကလည်း သူက စတင်ပြီး လှုပ်ရှားခဲ့လို့သာ ဝေခွဲမရ ဖြစ်နေတဲ့ အဖွဲ့အချို့ကလည်း သူ့နောက်ကို လိုက်ဝင်လာခဲ့ကြတာပေါ့။
ဒီကျိုးမိသားစု တာဝန်ခံကတော့ အမြဲတမ်း တည်ငြိမ်နေတဲ့ ပုံစံအတိုင်းပါပဲ၊ သူ့ကို စကားလာပြောတဲ့သူတွေကို ဂါရဝပြု နှုတ်ဆက်လိုက်ရင်းနဲ့ ပြောလိုက်တာက "ကျွန်တော်တို့လို တာဝန်ခံတွေဆိုတာ သခင်တွေရဲ့ အစေခံတွေပဲလေ။ တာဝန်ခံ ဖြစ်လာပြီဆိုမှတော့ ကုန်စည်တွေကို သေချာ ဂရုစိုက်ရမှာပေါ့။ ကုန်စည်တွေ ဘာမှမဖြစ်မှသာ ကျွန်တော်တို့လည်း တာဝန်ခံအဖြစ် ဆက်ရှိနေနိုင်မှာ။ တကယ်လို့ ကုန်စည်တွေ တစ်ခုခု ဖြစ်သွားရင်တော့ မိသားစုဝင်တွေပါ ဒုက္ခရောက်ကုန်ကြမှာလေ။ ဒါကြောင့် အမြဲတမ်း သတိရှိရှိနဲ့ လုပ်တာက ပိုပြီးတော့ ကောင်းပါတယ်၊ စိတ်လိုက်မာန်ပါ မလုပ်သင့်ဘူးလေ"
"ညီနောင် ပြောတာ တကယ့်ကို မှန်ကန်လှပါတယ်"
"ဒီစကားလေးက တကယ့်ကို ကောင်းတယ်၊ တကယ်တော့ ကျွန်တော်တို့လည်း စိတ်လိုက်မာန်ပါ လုပ်ခဲ့မိတာပါ။ တကယ်လို့ သတင်းကို ပြန်ပို့လိုက်လို့ အထက်က လူတွေက ညွှန်ကြားချက် ပေးလာရင်တောင်မှ အဆုံးမှာတော့ မြို့ထဲကို ဝင်ရမှာပဲလေ။ ဒီတျန့်ဟိုင်ခရိုင် ပတ်ပတ်လည် ရာနဲ့ချီတဲ့ နေရာမှာ ဒီတျန့်ဟိုင်မြို့ထဲမှာပဲ ကုန်စည်တွေကို ထားဖို့ နေရာရှိတာ မဟုတ်လား။ အဲဒီအစား အစောကြီးကတည်းက မြို့ထဲကို ဝင်လာခဲ့ရင် အလွန်ဆုံးမှ အဆူခံရုံပဲ ရှိမှာ၊ အခုလို ကုန်စည်တွေ ပျက်စီးမယ့် အန္တရာယ်နဲ့တော့ မယှဉ်နိုင်ဘူးလေ"
ဒီစကားကိုတော့ လူတိုင်းက ခေါင်းညိတ်ပြီး ထောက်ခံကြတာပေါ့။ ဘယ်လောက်ပဲ မကျေနပ်ချက်တွေ ရှိနေပါစေ၊ သူတစ်ပါးရဲ့ အမိုးအောက်ကို ရောက်လာပြီဆိုမှတော့ ဦးညွှတ်သင့်ရင်လည်း ညွှတ်ရမှာပဲလေ။
ဒါပေမဲ့ ဒီတစ်လမ်းလုံးမှာ သူတို့လည်း သတိထားမိတာကတော့ အဲဒီ ရွှီမျိုးရိုးနဲ့ ခရိုင်ဝန်က ငွေကို အတင်းအကျပ် ယူတတ်တယ်ဆိုပေမဲ့ တကယ့် အလုပ်ကိုလည်း လုပ်ပေးတာပဲလေ။ အနည်းဆုံးတော့ ဒီဂိုဒေါင်တွေကို ကောင်းကောင်း ဆောက်ပေးထားတာပဲ။ အရင်တုန်းကဆိုရင် မြို့ထဲကို ဝင်ပြီးရင် သာမန်လူနေအိမ်တွေကိုပဲ ငှားရတာ၊ အဲဒီလို နေရာတွေက မကောင်းဘူးဆိုရင် အခုလို ရာသီဥတုမျိုးမှာ ရေကြီးမှာကိုတောင် စိုးရိမ်နေရမှာလေ။
အခုတော့ ဒီလိုမျိုး မြင့်မားကျယ်ဝန်းပြီး ခြောက်သွေ့နေတဲ့ ဂိုဒေါင်ထဲမှာ ရပ်နေရင်းနဲ့ အပြင်က မိုးသည်းသည်းထန်ထန် ရွာနေတာကို ကြည့်နေရတော့ အရင်က ရှိခဲ့တဲ့ ဒေါသတွေကတောင် နည်းနည်းတော့ လျော့ပါးသွားခဲ့ပြီ။
171 03
အဲဒီအချိန်မှာ မြို့ထဲက အိမ်တစ်လုံးထဲမှာတော့ အပြာရောင် အရပ်ဝတ်အင်္ကျီ ဝတ်ထားတဲ့သူတစ်ယောက်က တပ်မှူးကန်းနဲ့ စကားပြောနေခဲ့တယ်။
တကယ်လို့သာ အဲဒီ လမ်းပြပေးခဲ့တဲ့ ခရိုင်ရုံးက အစေခံသာ ရှိနေမယ်ဆိုရင် ဒီလူဟာ ရွှီထင်းရှန်းကို ငွေရှာတတ်တဲ့သူလို့ ပြောခဲ့တဲ့သူမှန်း မှတ်မိမှာ အသေအချာပဲ။
သူကတော့ ရှဲ့မိသားစုရဲ့ တတိယသခင် ရှဲ့ချီရုံ ပါပဲ။
ဒီတစ်ခါတော့ သူက စိတ်ကူးပေါက်တာနဲ့ ဒီနာမည်ကျော်ကြားလှတဲ့ ခရိုင်ဝန်ရွှီကို လာပြီးတော့ ကြည့်ချင်တာကြောင့် ကိုယ်တိုင် ကုန်လှည်းတွေကို လိုက်ပါလာခဲ့တာပေါ့။ ဒါပေမဲ့ ဒီလောက်အထိ ကိစ္စတွေ အများကြီး မြင်တွေ့ရလိမ့်မယ်လို့တော့ သူလည်း ထင်မထားခဲ့ဘူး။
"တတိယသခင်၊ ဒီကောင်လေးက ဘယ်လို ရည်ရွယ်ချက်မျိုး ရှိနေတာလဲလို့ သင် ထင်သလဲ"
ခုနတင် စစ်သည်တစ်ယောက် ရောက်လာပြီးတော့ လျူမိသားစုရဲ့ အခြေအနေရယ်၊ တခြားလူတွေ ကံကောင်းထောက်မစွာနဲ့ မိုးမစိုဘဲ ကျန်ခဲ့တဲ့ ကိစ္စတွေကို လာပြီးတော့ တင်ပြသွားခဲ့တာလေ။ တပ်မှူးကန်းကတော့ အတော်ကြာအောင် စဉ်းစားပေမဲ့လည်း အဓိက အချက်ကို မတွေ့နိုင်တာကြောင့် အခုလိုပဲ မေးလိုက်တာပေါ့။
ရှဲ့ချီရုံကတော့ လက်ဖက်ရည်ခွက်ကို ကိုင်ပြီး သောက်နေခဲ့တယ်။ အပြင်မှာ မိုးက အရမ်းသည်းတာကြောင့် ရာသီဥတုက ရုတ်တရက် အေးစိမ့်လာခဲ့ပြီ။ ဒါဟာ ပင်လယ်ကမ်းရိုးတန်း ဒေသတွေရဲ့ ထူးခြားချက်ပဲ၊ ကုန်းတွင်းပိုင်းမှာတော့ နွေရာသီ မိုးရွာရင် အိုက်စပ်နေတတ်ပေမဲ့ ဒီမှာကတော့ အပူချိန်က ရုတ်တရက် ကျဆင်းသွားတတ်တာလေ။
သူက လက်ဖက်ရည်ကြမ်းပူပူလေးကို တစ်ငုံ သောက်လိုက်ပြီးမှ ပြောလိုက်တာက "သူ့ရဲ့ စိတ်ကူးက တကယ့်ကို ထူးဆန်းတယ်၊ ခန့်မှန်းရ ခက်လွန်းတယ်"
"တကယ်လို့ သူက တစ်စုံတစ်ယောက်ရဲ့ ခိုင်းစေမှုကို ခံရတာဆိုရင်လည်း သူက ဘယ်လို သတ္တိမျိုးနဲ့ ဒီလိုမျိုး ကိစ္စတွေကို လုပ်ရဲတာလဲ။ တကယ်လို့ ဘယ်သူ့ခိုင်းစေမှုမှ မပါဘဲ သူ့ဘာသာ လုပ်တာဆိုရင်တော့ သူက တကယ့်ကို မာန်မာနကြီးပြီး အတင့်ရဲလွန်းတာပဲ။ သူ့ကို ထားပါဦး၊ ရှန်အမတ်မင်းတောင်မှ ဒီလိုမျိုး ကိစ္စတွေကို လူသိရှင်ကြားကြီး လုပ်ဖို့ မဝံ့ရဲဘူးလေ"
"တကယ့်ကို အရူးကြီး မဟုတ်ရင်တော့ တကယ့်ကို ပါးနပ်တဲ့သူပဲ ဖြစ်မှာ"
ဒီစကားကတော့ ပြောလိုက်တာနဲ့ ဘာမှမထူးသလိုပဲ၊ ဒါဆို သူက အရူးလား ဒါမှမဟုတ် ပါးနပ်တဲ့သူလား။ စကားလုံးက တစ်လုံးပဲ ကွာခြားပေမဲ့ အဓိပ္ပာယ်ကတော့ အများကြီး ကွာခြားလှတယ်။
"ဒီကိစ္စကို အထက်က သိသွားရင်တော့ အိမ်တော် အသိမ်းခံရပြီး ခေါင်းဖြတ်ခံရမယ့် အပြစ်မျိုးပဲ" တပ်မှူးကန်းက ပြောလိုက်တယ်။
ရှဲ့ချီရုံက လက်ဖက်ရည်ကြမ်းခွက်ရဲ့ နှုတ်ခမ်းသားကို လက်နဲ့ ခပ်ဖွဖွလေး ပွတ်နေရင်းကနေ ပြောလိုက်တာက "သူ အားကိုးနေတာက ငါတို့အားလုံးက ဒီကိစ္စကို ထုတ်ပြောမှာ မဟုတ်ဘူးဆိုတာကို ဖြစ်လိမ့်မယ်။ ထုတ်မပြောရုံတင် မဟုတ်ဘဲနဲ့ သူ့အတွက် ဖုံးကွယ်ပေးကြဦးမှာလေ"
ဒီစကားကို ကြားတော့ တပ်မှူးကန်းဟာ ခဏလောက် ကြောင်အသွားတော့တာပဲ။
တကယ်ပဲ အဲဒီလိုပဲလေ ဒီလူရဲ့ လုပ်ရပ်တွေက ပုံမှန် မဟုတ်ဘူးဆိုပေမဲ့ တခြားတစ်ဖက်ကနေ စဉ်းစားကြည့်ရင်တော့ အားလုံးက ရှင်းသွားမှာပဲ။
ဒီကိစ္စက လူသိလို့ မရဘူးဆိုတာ သိနေကြတာကြောင့် အားလုံးက ဖုံးကွယ်ဖို့ပဲ ကြိုးစားကြတာ၊ ဒါပေမဲ့ ဒီလူကတော့ ပုံမှန် မဟုတ်တဲ့ နည်းလမ်းကို သုံးလာခဲ့တာ။
ဒီလူရဲ့လုပ်ရပ်တွေက အတင့်ရဲလွန်းသလို လူသိရှင်ကြား ဖြစ်နေခဲ့တယ်၊ ပြီးတော့ ငွေကိုလည်း အတင်းအကျပ် ယူနေခဲ့တာကြောင့် လူတိုင်းက သူ့ကို မုန်းနေကြရတာ။
ဒါပေမဲ့ လူတိုင်းက သူ့ကို သည်းခံနေကြရတာပဲ၊ ဘာလို့လဲဆိုတော့ ဒီကိစ္စကိုသာ ဖွင့်ချလိုက်ရင် ဒီစီးပွားရေးကလည်း ဆက်လုပ်လို့ မရတော့ဘူး မဟုတ်လား။
ဒီနေရာလေး တစ်ခုအတွက် ရှဲ့မိသားစုတင် မဟုတ်ဘဲ တခြား မိသားစုတွေကလည်း ဘယ်လောက်တောင် အားထုတ်ထားရသလဲ၊ အခုထိ ငွေကလည်း အဝ မရသေးခင်မှာ ဒီနေရာမှာ ပြဿနာတက်မှာကို သူတို့ ဘယ်လိုမှ ခွင့်မပြုနိုင်ဘူးလေ။
နောက်ဆုံးအဆင့် အနေနဲ့ ပြောရရင် ငွေထက် ပိုအရေးကြီးတာက အဲဒီအမတ်မင်းကြီးတွေကို ဘယ်လိုမျိုး ပြန်ပြီးတော့ ဖြေရှင်းချက် ပေးရမှာလဲ။
ဒါကြောင့် သူ့ကို သည်းခံရုံတင် မကဘဲနဲ့ သူ့ရဲ့အရှုပ်ထုပ်တွေကိုပါ လိုက်ပြီး သိမ်းပေးရဦးမှာလေ။ ဒါတွေအားလုံးက ဒီလူက လောင်းကြေးထပ်ရဲပေမဲ့ တခြားလူတွေက မလောင်းရဲကြတာကြောင့်ပဲ။ ဒါဟာ တကယ့်ကို မရှိတဲ့သူက ရှိတဲ့သူကို မကြောက်ဘူးဆိုတဲ့ သဘောမျိုးပါပဲလား။
တကယ်လို့သာ ဒါက အမှန်ဆိုရင်တော့ ဒီလူရဲ့ စိတ်ကူးက တကယ့်ကို နက်နဲလွန်းလှတာကြောင့် လူကို တုန်လှုပ်စေနိုင်တယ်လေ။
171 04
တပ်မှူးကန်းတင် မကဘဲ ရှဲ့ချီရုံရဲ့မျက်လုံးတွေကလည်း တစ်စုံတစ်ခုကို စဉ်းစားနေတဲ့ ပုံစံမျိုး ဖြစ်လာခဲ့တယ်။
အရင်ကတော့ သူလည်း ဒါကို နားမလည်ခဲ့ဘူး၊ အခုတော့ မတော်တဆ ပြောမိတဲ့ စကားတစ်ခွန်းကြောင့် ဒီလို လျှို့ဝှက်ချက်ကြီးကို သိလိုက်ရသလိုပဲ။
အတော်ကြာမှ သူက သက်ပြင်းကို အရှည်ကြီး ချလိုက်ပြီး "ဆက်ပြီးတော့ စောင့်ကြည့်နေကြတာပေါ့၊ တကယ်လို့ ဒါက အမှန်ဆိုရင်တော့ သူ့ရဲ့ ရည်ရွယ်ချက်က ငွေအတွက်ပဲ ဖြစ်လိမ့်မယ်။ သူက ပါးနပ်တဲ့သူပဲ၊ စည်းကို မကျော်ရဘူးဆိုတာ သိတယ်၊ ဒါကြောင့် သူ ပြဿနာ ရှာလိမ့်မယ်ဆိုတာကိုတော့ စိုးရိမ်စရာ မလိုပါဘူး"
"ဟုတ်ကဲ့ပါ တတိယသခင်"
တစ်ချိန်တည်းမှာပဲ ခရိုင်ရုံးရဲ့နောက်ဘက် အဆောင်မှာတော့ ရွှီထင်းရှန်းက စာကြည့်ခန်းထဲမှာ ပြတင်းပေါက်ကနေ မိုးရွာတာကို ကြည့်နေခဲ့တယ်။
သူက အပြာရောင် ဝတ်စုံကို ဝတ်ထားပြီး တကယ့်ကို တည်ငြိမ်အေးချမ်းနေတဲ့ ပုံစံမျိုးနဲ့ လက်ထဲမှာ လက်ဖက်ရည်ကြမ်းခွက်ကို ကိုင်ကာ ပြုံးနေခဲ့တယ်။
"အခုဆိုရင်တော့ သူတို့တွေ ဦးမညွှတ်ချင်လည်း ညွှတ်ရတော့မှာပဲလေ"
စာပွဲနောက်မှာ ထိုင်ပြီး ဟုန်အာကို စာရေးကျင့်ပေးနေတဲ့ ကျောက်အာက သူ့ကို မျက်စောင်းလေး ထိုးလိုက်ရင်း "နင်ကတော့ တကယ်ကို လူဆိုးပဲ။ ဒါကိုသာ တခြားသူတွေ သိသွားရင်တော့ နင့်ကို ဝိုင်းပြီး အသေသတ်ကြမှာပဲ"
ဒီလို ဖြစ်လာရတဲ့ အကြောင်းရင်းကတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ရွှီထင်းရှန်းဟာ ဒီဒေသက ရာသီဥတုကို သိတဲ့ လယ်သမားအိုကြီးတွေကို မေးမြန်းခဲ့လို့ပါပဲ။ အဲဒီမှာ ဒီရက်ပိုင်းအတွင်း မိုးရွာလိမ့်မယ်ဆိုတာ သိလိုက်ရတာကြောင့် သူက ကြိုတင်ပြီး ပြင်ဆင်ထားခဲ့တာ။
ဒီလှည်းအုပ်စုတွေရဲ့ ခရီးစဉ်ကို တမင်တကာ နှောင့်နှေးစေဖို့အတွက် ဒီရက်ပိုင်းအတွင်း တျန့်ဟိုင်ခရိုင်ရဲ့ ပျက်စီးနေတဲ့ လမ်းတွေက ရုတ်တရက် များပြားလာခဲ့တာပေါ့။ မနေ့က ညနေပိုင်းအထိ ရွှီထင်းရှန်းဟာ ဒီနေ့မှာ မိုးရွာလိမ့်မယ်ဆိုတဲ့ သတင်းကို ရခဲ့ပြီးတော့မှ လမ်းပြင်နေတဲ့သူတွေက ရုတ်တရက် အလုပ်တွေ မြန်လာခဲ့ကြတာ၊ အဲဒီလိုနဲ့ ဒီနေ့မှာ အဲဒီ လှည်းအုပ်စုတွေဟာ မြို့ထဲကို ရောက်လာခဲ့ကြတာပဲ။
ဒီနေ့မှာလည်း အချိန်ကို တမင်တကာ ဆွဲထားခဲ့တာကြောင့် မြို့တံခါးစောင့်တွေက အလုပ်ကို နည်းနည်းလေး နှေးလိုက်တာနဲ့ အချို့လူတွေကတော့ ဒုက္ခရောက်ကုန်ကြတာပေါ့။
ဒုက္ခရောက်တဲ့သူတွေ ကံကောင်းမလား၊ ကံဆိုးမလား ဆိုတာကတော့ ကံတရားအပေါ်မှာပဲ မူတည်တော့တာပေါ့၊ ဘာပဲဖြစ်ဖြစ် ရွှီထင်းရှန်းကတော့ အခွင့်အရေးတွေ အများကြီး ပေးထားခဲ့တာပဲ။ သူ့ရဲ့ စိတ်ကြိုက်ကိုသာ လိုက်လျောခဲ့မယ်ဆိုရင်တော့ ရလဒ်က ဆိုးဝါးမှာ မဟုတ်ဘူးလေ။
"ဒါက လူဆိုးလုပ်တာ မဟုတ်ပါဘူး၊ ဒါကို စစ်ရေးဗျူဟာလို့ ခေါ်တာပါ"
စစ်ရေးဗျူဟာပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ဒီမိုးကြောင့် လူအများအပြားရဲ့ စိတ်တွေကတော့ ပြောင်းလဲသွားခဲ့ပြီ။
ဒီမိုးက တစ်ညလုံး ရွာပြီးမှ နောက်နေ့ မနက်မှာ ရပ်သွားခဲ့တယ်။ မြို့တံခါးနားမှာ ကပ်ပြီး နေခဲ့ရတဲ့ လှည်းအုပ်စုတွေ ဘယ်လိုမျိုး ညအိပ်ခဲ့ရသလဲဆိုတာကို ထားလိုက်ပါဦး၊ မိုးရပ်သွားတော့ လူအများအပြားဟာ လျူမိသားစုရဲ့ ကုန်စည်တွေ ပျက်စီးကုန်ပြီဆိုတဲ့ သတင်းကို ကြားလိုက်ကြရတယ်။
လူတိုင်းဟာ ရင်ထဲမှာ ထိတ်လန့်သွားကြရတာပေါ့။ အဲဒီနောက်ပိုင်းမှာတော့ ခရိုင်ရုံးကနေ ဘယ်လိုမျိုး စည်းကမ်းချက်တွေ ထုတ်ပြန်ထုတ်ပြန် ဘယ်သူမှ ကန့်ကွက်မနေကြတော့ဘူး။
ခရိုင်ရုံးရဲ့ တံခါးမကြီး ညာဘက်မှာတော့ 'ကျိသီးဖူ' ဆိုတဲ့ ရုံးခန်းလေး ရှိတယ်။ အဲဒါကတော့ ခရိုင်ရုံးရဲ့အမိန့်စာတွေကို ပို့ပေးရတဲ့ နေရာပေါ့။ အခုတော့ အဲဒီနေရာရဲ့ ဘယ်ဘက်မှာ အိမ်အသစ်တစ်လုံး ဆောက်ထားပြီး 'တျန့်ဟိုင်အလုပ်သမားအဖွဲ့အစည်း' လို့ အမည်ပေးထားခဲ့တယ်။
လှည်းအုပ်စုတွေက အလုပ်သမား အလိုရှိတယ်ဆိုရင် ဒီနေရာမှာ လာရောက် မှတ်ပုံတင်ရမယ်၊ ပြီးတော့ အလုပ်သမားခရဲ့ထက်ဝက်ကို ကြိုတင်ပေးချေထားရမယ်၊ ကျန်တာကိုတော့ အလုပ်ပြီးမှ ပေးရမှာ ဖြစ်တယ်။ အဲဒီအခါမှာ အဖွဲ့အစည်းကနေပြီးတော့ လှည်းအုပ်စုက ဘယ်အချိန်မှာ လူလိုသလဲ၊ ဘယ်နှစ်ယောက် လိုသလဲဆိုတာကို ကြည့်ပြီးတော့ စီစဉ်ပေးမှာ ဖြစ်တယ်။
အလုပ်သမားတွေကတော့ အစပိုင်းမှာ ဒီလိုမျိုး ပုံစံကို အသားမကျကြသေးဘူး၊ ဒါပေမဲ့ ခရိုင်ဝန်မင်းရဲ့ အမိန့်ကလည်း ရှိနေတာရယ်၊ ရက်အနည်းငယ် စမ်းကြည့်လိုက်တဲ့ အခါမှာလည်း အရင်ကထက် ပိုပြီးတော့ သက်သာတာကို တွေ့လိုက်ရတာကြောင့်ပဲ။ အလုပ်ကလည်း အရင်အတိုင်း လုပ်ရတာပဲ၊ ဒါပေမဲ့ အရင်လို အလုပ်လိုက်ရှာနေစရာ မလိုတော့ဘဲ စောင့်နေရုံနဲ့ အလုပ်က ရောက်လာတာလေ၊ ပြီးတော့ လုပ်အားခ အလိမ်ခံရမှာလည်း မစိုးရိမ်ရတော့ဘူး၊ ခရိုင်ရုံးကနေ အားလုံးကို တာဝန်ယူပေးထားတာ မဟုတ်လား။
171 05
ဒါကြောင့် အခုဆိုရင် ဒီတျန့်ဟိုင်အလုပ်သမားအဖွဲ့အစည်းဟာ လူတွေရဲ့ ကြိုဆိုမှုကို ရနေခဲ့ပြီ။ အလုပ်လုကြတဲ့ ပြဿနာတွေကို လျှော့ချပေးနိုင်ရုံတင် မကဘဲနဲ့ အရေးကြီးဆုံးကတော့ ဒေသခံပြည်သူတွေဟာ အရင်ကလို ခေါင်းမြီးခြုံပြီး အလုပ်လုပ်စရာ မလိုတော့တာပဲ။ အရင်တုန်းကတော့ အဖမ်းခံရမှာစိုးလို့ မျက်နှာတွေကို အုပ်ပြီး အလုပ်လုပ်ခဲ့ကြရတာလေ၊ အခုတော့ ခရိုင်ရုံးကနေ တရားဝင် လုပ်ပေးတာဆိုတော့ ဘာကိုမှ စိုးရိမ်နေစရာ မလိုတော့ဘူး။
သာမန်ပြည်သူတစ်ယောက်အတွက် ငွေရှာဖို့က အရေးကြီးတယ်ဆိုပေမဲ့ ပြဿနာ တက်မှာကိုလည်း သူတို့က အကြောက်ဆုံး မဟုတ်လား။
ဒီတစ်ခါမှာလည်း လှည်းအုပ်စု အချို့ကတော့ မြို့ထဲကို မဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတာပေါ့။ မြို့တံခါးမှာ စစ်ဆေးရေး ဂိတ်တွေ ရှိတယ်ဆိုတာ ကြားတော့ သူတို့က ပါးနပ်စွာနဲ့ လမ်းကြောင်း ပြောင်းခဲ့ကြတယ်။ အရင်ကလည်း ရွှီထင်းရှန်းက ငွေကို အတင်းယူတာကြောင့် စီးပွားရေးသမား အများအပြားက သူ့ကို အရမ်းမုန်းနေကြတာ။ မင်းက မြို့တံခါးမှာ ငွေအတင်းယူမယ်၊ ကုန်စည်တွေကိုလည်း အတင်းအကျပ် ရောင်းခိုင်းမယ်ဆိုရင် ငါတို့ မြို့ထဲမဝင်ဘဲ နေလိုက်မယ်ဆိုတဲ့ သဘောပေါ့။
ဒါကြောင့် အဲဒီလူတွေက အနားက ရွာတွေမှာရှိတဲ့ သာမန်လူနေအိမ်တွေကို ငှားပြီးတော့ ကုန်စည်တွေကို ထားခဲ့ကြတယ်။ တခြားလူတွေက အညံ့ခံပြီး ခရိုင်ရုံးက ဆောက်ထားတဲ့ ဂိုဒေါင်တွေကို ငှားကြတယ်ဆိုတာ ကြားတော့ သူတို့က လှောင်ပြုံး ပြုံးနေခဲ့ကြတာပေါ့။
ဒါပေမဲ့ မကြာခင်မှာပဲ သူတို့ မပြုံးနိုင်တော့ဘူး၊ ပထမဆုံးကတော့ အဲဒီ လေပြင်းနဲ့ မိုးသည်းသည်းထန်ထန် ရွာတဲ့ ကိစ္စပဲ။ ကျေးလက်က အိမ်တွေက မြို့ထဲက ဂိုဒေါင်တွေနဲ့ ဘယ်လိုမှ မနှိုင်းယှဉ်နိုင်ဘူး။ ကမ်းရိုးတန်းဒေသက ရွာသားတွေဟာ နှစ်စဉ်နှစ်တိုင်း လေပြင်းတိုက်မှာကို အကြောက်ဆုံးပဲ၊ ဘာလို့လဲဆိုတော့ အိမ်ခေါင်မိုးတွေ လွင့်ထွက်သွားမှာကို စိုးရိမ်လို့လေ။
ပြီးတော့ အဲဒီအိမ်တွေကို ဆောက်တုန်းကလည်း ရွာသားတွေက ရေနုတ်မြောင်းတွေအကြောင်း သိပ်ပြီးတော့ မသိကြဘူး၊ မိုးက ခဏလေး ရွာရင်တော့ ကိစ္စမရှိပေမဲ့ အကြာကြီး ရွာလာရင်တော့ အပြင်က ရေတွေ အထဲကို ဝင်လာမှာကို စိုးရိမ်ရတော့တာပဲ။
အဲဒီလူတွေကလည်း ဒီလို အခြေအနေမျိုးနဲ့ ကြုံခဲ့ရတာပေါ့။ အိမ်ထဲမှာ ကြောက်ကြောက်ရွံ့ရွံ့နဲ့ အပြင်က လေပြင်းတိုက်တာကို ကြည့်နေတုန်းမှာပဲ အိမ်ခေါင်မိုးကြီးက ရုတ်တရက် လွင့်ထွက်သွားတော့တာပဲ၊ လူတွေလည်း အော်ဟစ်ကုန်ကြတော့တယ်။ လူတွေကတော့ ဘာမှမဖြစ်ပေမဲ့ ကုန်စည်တွေကတော့ ဒုက္ခရောက်ကုန်ပြီ။
တချို့နေရာတွေမှာလည်း ရေတွေက တဖြည်းဖြည်း မြင့်တက်လာပြီး အပြင်ကနေ အထဲကို စီးဝင်လာခဲ့တယ်။ ကုန်စည်တွေ ရေမစိုအောင်လို့ တစ်ညလုံး ရေခပ်ထုတ်နေခဲ့ကြရတာကြောင့် နောက်နေ့မှာတော့ အားလုံးဟာ သေလောက်အောင် ပင်ပန်းနေကြပြီ။ အဲဒီလို ကြိုးစားခဲ့ရင်တောင်မှ အောက်ဆုံးက ကုန်စည်တွေကတော့ ရေစိုကုန်တာပေါ့၊ ကံကောင်းလို့ ဆုံးရှုံးမှု သိပ်မများတာ။
အဲဒီလူတွေကတော့ ရင်ထဲမှာ အရမ်းကို ဒေါသထွက်နေကြပြီးတော့ အိမ်ငှားပေးတဲ့ ရွာသားတွေကိုပဲ အပြစ်တင်နေကြတော့တယ်။
ဒါပေမဲ့ သူတို့က ရွာသားတွေကို ပြဿနာ ရှာဖို့ စလုပ်လိုက်တာနဲ့ တစ်ရွာလုံးက လူတွေဟာ ဝိုင်းအုံလာကြတော့တယ်။ ရွာသားတွေကလည်း အော်ဟစ်ပြီး ပြောလိုက်တာက အိမ်ကို မင်းတို့က အတင်းငှားတာလေ၊ အရင်ကတည်းက ပြောထားသားပဲ ဒီအိမ်က မခိုင်ဘူးဆိုတာကို၊ ဂိုဒေါင်အဖြစ် သုံးဖို့ မဖြစ်နိုင်ဘူးဆိုတာကိုလည်း ပြောခဲ့ပြီးပြီ၊ မင်းတို့ကမှ အတင်းငှားတာ။ အခု ပြဿနာတက်တော့ ငါတို့နဲ့ ဘာဆိုင်လဲ၊ ဆက်ပြီး ပြဿနာရှာမယ်ဆိုရင်တော့ အရာရှိဆီ သွားကြတာပေါ့ ဆိုပြီး ပြောလိုက်ကြတယ်။
အဆုံးမှာတော့ သူတို့ခမျာ ဘာမှမပြောနိုင်တော့ဘဲ ငြိမ်နေလိုက်ကြရတော့တယ်။
ဒါပေမဲ့ ကံကောင်းတဲ့သူ အချို့လည်း ရှိပါသေးတယ်၊ အဲဒီ အခြေအနေ နှစ်ခုလုံးနဲ့ မကြုံတဲ့သူတွေပေါ့။ ဒါပေမဲ့ မကြာခင်မှာပဲ သူတို့လည်း နောက်ထပ် ပြဿနာတစ်ခုနဲ့ ကြုံရပြန်တယ်၊ အဲ့ဒါကတော့ သူတို့အတွက် အလုပ်လုပ်ပေးမယ့် အလုပ်သမားတွေကို လုံးဝ ရှာလို့ မရတော့တာပဲ။
******
172 01
အခန်း (၁၇၂)
မိုးသည်းသည်းထန်ထန် ရွာသွန်းပြီးနောက်မှာတော့ ခရိုင်မြို့တစ်ခုလုံး စိုစွတ်ထိုင်းမှိုင်းနေတယ်။ ဒါပေမဲ့ လေထုကတော့ ထူးထူးခြားခြား လတ်ဆတ်နေပြီး လူကို လန်းဆန်းတက်ကြွစေတယ်။ ဒါကတော့ ဒေသခံတွေအတွက်ပဲဖြစ်ပြီး အပြင်က လာတဲ့သူတွေအတွက်ကတော့ တော်တော်လေး ထိတ်လန့်စရာ ဖြစ်နေတယ်။ ဒီမုန်တိုင်းက အရမ်းပြင်းထန်ပြီး တစ်ညလုံး တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ် အတော်များများ အမိုးတွေ လွင့်ထွက်ကုန်သလို လမ်းဘေးက သစ်ပင်ကြီးတွေလည်း အမြစ်ကနေ ကျွတ်ထွက်ပြီး လဲကျနေတယ်။ ဒီလို ကြောက်စရာကောင်းတဲ့ ညတစ်ည ကုန်လွန်ပြီးနောက်မှာလည်း ရက်အတော်ကြာအောင် မိုးဖွဲဖွဲလေးတွေ ဆက်တိုက် ရွာနေပြန်တယ်။ အိမ်ထဲမှာပဲ အောင်းနေရတဲ့ သူတွေအတွက်တော့ တစ်ကိုယ်လုံး မှိုတက်တော့မလိုတောင် ခံစားရတယ်။
နောက်ဆုံးတော့ ရာသီဥတုက သာယာလာတယ်။ ခရိုင်မြို့ရဲ့ နေရာအနှံ့မှာ လူတွေ အလုပ်ရှုပ်နေကြပြီး လှည်းတွေနဲ့အတူ ကုန်စည် လိုက်ပို့တဲ့သူတွေလည်း အလုပ်များနေကြတယ်။ အရင်ကတော့ တစ်ယောက်နဲ့တစ်ယောက် အထင်ကြီးပြီး စကားမပြောကြပေမဲ့ အခုတော့ အချို့လူတွေက နေရာအနှံ့ကို သွားပြီး စကားကောင်းတွေ ပြောနေကြရတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ကုန်စည်တွေကို ဝေမျှပေးမယ့်သူ ရှာနေကြတာပဲ။ ဒီတစ်ခါ မိုးစိုလို့ ပျက်စီးကုန်တဲ့ ကုန်စည်တွေက မိသားစုပေါင်း ဆယ်ဂဏန်းလောက် ရှိတယ်။ ပမာဏ နည်းရင်တော့ ကိစ္စမရှိပေမဲ့ ကုန်စည် အများကြီး ပျက်စီးသွားတဲ့ သူတွေလည်း ရှိနေတာလေ။ ကုန်ပစ္စည်း ပေးပို့ရမယ့် အရေအတွက်ကို ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်သလို ဒီကုန်စည်တွေကို ပြင်ဆင်ဖို့ကလည်း အချိန်အတော်ကြာခဲ့တာ ဖြစ်တယ်။ အချိန်တိုအတွင်းမှာ ကုန်စည်အမြောက်အမြားကို ပြန်ပြီးဖြည့်တင်းဖို့ဆိုတာကတော့ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ အထူးသဖြင့် လမ်းခရီးက ဝေးတာကြောင့် ကုန်စည်တွေကို ရှာနိုင်ခဲ့ရင်တောင် တျန့်ဟိုင်ကို ရောက်တဲ့အချိန်မှာတော့ အရာအားလုံးက နောက်ကျသွားပြီ ဖြစ်တယ်။ ကုန်စည် ပျက်စီးသွားတဲ့ တာဝန်ခံတွေဟာ သူတို့ရဲ့ သခင်တွေဆီကနေ အမိန့်ကို အသီးသီး ရရှိထားကြတယ်။ တကယ်လို့ ဒီတစ်ခါ စီးပွားရေးကို ဖျက်ဆီးမိရင်တော့ ပြန်မလာနဲ့တော့ဆိုတဲ့ အမိန့်ကြောင့်ပဲ သူတို့တွေ ဒီလောက်အထိ ပျာယာခတ်နေကြရတယ်။
ဒါပေမဲ့ တခြားသူတွေဆီမှာ ရှိတဲ့ ကုန်စည်ကလည်း သူတို့အတွက်တင် ကွက်တိဖြစ်နေတာကြောင့် ဘယ်မှာ ပိုတာရှိမှာလဲ။ ဒီတာဝန်ခံတွေ မျှော်လင့်ချက် ကုန်နေတဲ့ အချိန်မှာပဲ တစ်ယောက်ယောက်က သူတို့ကို သတင်းပေးလိုက်တယ်။ "ရွှီခရိုင်ဝန်ဆီ သွားကြည့်ပါလား” "မင်းတို့ မေ့နေကြပြီလား၊ အရင်တစ်ခါက လူကို အစိမ်းလိုက် ဝါးစားမယ့် ရွှီခရိုင်ဝန်က ကုန်စည်တွေ အများကြီးကို အတင်းအကျပ် ဝယ်ခိုင်းထားတာလေ။ ဒီတစ်ခါလည်း ပါးစပ်နား ရောက်လာတဲ့ အသားကို သူက လက်လွတ်ခံမှာ မဟုတ်ဘူး။ ဒါကြောင့် အခုအချိန် တျန့်ဟိုင်မှာ ဘယ်သူ့လက်ထဲမှာ ကုန်စည်ရှိလဲလို့ မေးရင်တော့ ရွှီခရိုင်ဝန်ကလွဲလို့ တခြားသူ မရှိဘူး” ဒါပေမဲ့ ရွှီခရိုင်ဝန်ဆီ သွားရှာဖို့လား။ အခွင့်အရေးရရင် အမွေးတစ်ပင်တောင် မကျန်အောင် နှုတ်ယူမယ့် အဲဒီလူဆီကိုလား။ ဘယ်သူကများ အဲဒီလောက်အထိ အရူးဖြစ်မှာလဲ။
နောက်ဆုံးတော့ သိက္ခာထက် အသက်က ပိုအရေးကြီးတာကြောင့် လူအချို့ကတော့ ထိတ်လန့်တုန်လှုပ်စွာနဲ့ပဲ ခရိုင်ဝန်ရုံးကို သွားကြတယ်။ ခရိုင်ဝန်ရုံးကို ရောက်တဲ့အခါမှာတော့ တစ်ရုံးလုံး အလုပ်ရှုပ်နေကြတယ်။ ဒီတစ်ခါ မုန်တိုင်းကြောင့် လူနေအိမ် အတော်များများ ပျက်စီးသွားတာကြောင့် ရွှီခရိုင်ဝန်က အဲဒီအိမ်တွေကို ပြုပြင်ပေးဖို့အတွက် အလုပ်များနေတယ်။ အိမ်ပြုပြင်တဲ့ စရိတ်ကို ခရိုင်ဝန်ရုံးကနေ စိုက်ထုတ်ပေးတာကြောင့် ပြည်သူတွေကတော့ သူ့ကို အုပ်ချုပ်သူကောင်းလို့တောင် ချီးမွမ်းနေကြတယ်။ ငွေကြေးရှိတဲ့အတွက် အလုပ်သမားအတွက်တော့ စိုးရိမ်စရာ မလိုဘူး၊ ရွာတွေမှာ အလုပ်သမားက အပေါဆုံးပဲ။ ဒီရွှီခရိုင်ဝန်ကလည်း ထူးဆန်းတယ်။ ပုံမှန်ဆိုရင် အလုပ်ကို ပျင်းရိပြီး ဘာလုပ်လုပ် လက်လွှတ်စပယ် လုပ်တတ်ပေမဲ့ ပြည်သူတွေရဲ့ အိမ်တွေကို ပြုပြင်ပေးတဲ့ နေရာမှာတော့ တော်တော်လေးကို စိတ်အားထက်သန်နေတယ်။ ကိုယ်တိုင်ငွေထုတ်ပေးရုံတင် မကဘဲ ကိုယ်တိုင်လည်း သွားပြီးကြည့်ရှုစစ်ဆေးပေးတယ်။ ဒါကြောင့် သူ့ကိုတော့ ရှာမတွေ့ခဲ့ဘူး။
172 02
သူတို့က ရောက်လာပေမဲ့လည်း ရွှီခရိုင်ဝန်က မရှိတာကြောင့် လူတိုင်း မျှော်လင့်ချက် ပျက်သုဉ်းကုန်တယ်။ အဲဒီအချိန်မှာပဲ တစ်ယောက်ယောက်က သူတို့ကို သနားလို့ သတင်းပေးလိုက်ပြန်တယ်။ "ဒီကိစ္စက ခရိုင်ဝန်မင်းကို ရှာနေလို့ မထူးဘူး၊ ကတော်ကြီးဆီ သွားကြ။ ကုန်စည်တွေ အားလုံးကို ကတော်ကြီးကပဲ စီမံနေတာ” ဒါပေမဲ့ ယောက်ျားကြီးတွေက ခရိုင်ဝန်ကတော်ကို သွားတွေ့ဖို့ဆိုတာကတော့ တမင်တကာ ပြဿနာရှာတာနဲ့ အတူတူပဲ ဖြစ်မှာပေါ့။ သူတို့က ငွေတွေ အများကြီး ပေးပြီးတော့မှ နောက်ထပ် သတင်းတစ်ခုကို ရခဲ့ပြန်တယ်။ "ကတော်ကြီးကို တွေ့ဖို့ အဆင်မပြေရင် ကတော်ကြီးရဲ့ အစေခံမလေးတွေကို ရှာကြလေ” အဲဒီလိုနဲ့ ရှောင်ဟုန်း နဲ့ ရှောင်လန်တို့ကို လူတွေက လာပြီးတော့ ရှာကြတော့တယ်။ သတင်းက ကျောက်အာဆီကို ရောက်သွားတော့ သူမကလည်း မာန်တက်မနေဘဲ တိုက်ရိုက်ပဲ ပြောလိုက်တယ်။
"ကုန်စည် လိုချင်တာလား။ ရတယ်လေ။ ပေါက်ဈေးရဲ့ သုံးဆပဲ”
"မင်းက ဓားပြတိုက်နေတာလား”
သူတို့က ဘယ်လောက်ပဲ ဆဲဆိုနေပါစေ၊ သူတို့ရဲ့အသက်ကတော့ လည်ပင်းပေါ်မှာ တင်နေဆဲပဲ ဖြစ်တယ်။ တကယ်လို့ ဒီတစ်ခါ ကုန်စည်တွေကို အပြည့်အစုံ မပေးနိုင်ရင် နိုင်ငံခြားသားတွေဆီမှာ သိက္ခာကျရုံတင် မကဘဲ စီးပွားရေးရဲ့ အစိတ်အပိုင်းအချို့ကိုလည်း တခြားသူတွေက လုယူသွားကြမှာ အသေအချာပဲ။ ဒီတစ်ခါ ဆုံးရှုံးသွားတာက ကိစ္စမရှိပေမဲ့ တခြားသူတွေနဲ့သာ အဆက်အသွယ် ရသွားရင် နောက်တစ်ခါမှာ သူတို့အတွက် နေရာရှိမှာ မဟုတ်တော့ဘူး။ ဒါကြောင့်ပဲ မိသားစုသခင်တွေက အဲဒီလို အမိန့်မျိုးကို ပေးခဲ့တာ ဖြစ်တယ်။ အမှားကို ပြန်ပြင်နိုင်ဖို့အတွက် ဒီတစ်ခါ စီးပွားရေးကိုတော့ ဘယ်လိုမှ အပျက်မခံနိုင်ဘူး။ အပြင်မှာတော့ ဒီလင်မယားနှစ်ယောက်က လူကို အစိမ်းလိုက် ဝါးစားနေကြတယ်၊ သိက္ခာရှိတဲ့သူက အသေခံမယ် အစော်ကားမခံဘူးလို့ ပြောနေကြပေမဲ့ တကယ်တမ်းကျတော့ ဘယ်သူကမှ နောက်ကျမခံကြဘူး။ ကုန်စည်တွေ ကုန်သွားမှာစိုးလို့ တစ်ယောက်ထက်တစ်ယောက် အမြန်ပြေးနေကြရတယ်။
ကုန်စည်တွေကို လက်ထဲ ရောက်လာတော့မှ စိတ်အေးသွားကြပြီး အပြင်က အခြေအနေကို ကြည့်လိုက်တဲ့ အခါမှာတော့ မိသားစု အသီးသီးရဲ့ ကုန်စည်တွေက အကုန်လုံး ပြည့်စုံသွားပြီဆိုတာကို တွေ့လိုက်ရတယ်။ ဒီကုန်စည် ပမာဏက နည်းတာ မဟုတ်ဘူး၊ တကယ်လို့သာ ကိုယ့်ရဲ့ ပျက်စီးသွားတဲ့ ကုန်စည်တွေက အဲဒီမှာ ရှိမနေဘူးဆိုရင်တော့ ဒီရွှီခရိုင်ဝန်က တစ်ခုခုကို လှည့်စားပြီး သူတို့ရဲ့ ကုန်စည်တွေကို လဲလှယ်ထားတာလားလို့တောင် သံသယဝင်မိကြမှာပဲ။ အချိန်တွေက ကုန်လွန်သွားပြီး ကုန်စည်တွေကို ပို့ဆောင်ရမယ့် နေ့ကို ရောက်လာခဲ့တယ်။ ကံကောင်းတာက အရောင်းအဝယ်က ချောမွေ့တာကြောင့် လူတိုင်းဟာ မသိစိတ်နဲ့ သက်ပြင်းချလိုက်ကြတယ်။ ဒီတစ်ခါ ခရီးစဉ်က တကယ့်ကို မချောမွေ့ခဲ့ဘဲ လမ်းတစ်လျှောက်လုံးမှာ ကိစ္စတွေ အများကြီး ကြုံခဲ့ရသလို ရောက်တဲ့နေရာမှာလည်း အဲဒီလို ရာသီဥတုမျိုးနဲ့ ကြုံခဲ့ရတာကြောင့် စိတ်ထဲမှာ စိုးရိမ်နေခဲ့ကြရတယ်။
နောက်ဆုံးတော့ အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ။ မိသားစုတွေနဲ့ စီးပွားရေး လုပ်ငန်းတွေက လူတွေ အားလုံး ထွက်ခွာသွားကြပြီး တျန့်ဟိုင်ခရိုင် တစ်ခုလုံးလည်း အမြတ်တွေ အများကြီး ရလိုက်ကြတယ်။ အကြီးမားဆုံး အနိုင်ရရှိသူကတော့ ရွှီထင်းရှန်းပဲ ဖြစ်တယ်။ ခရိုင်မြို့အတွက် ဝင်ငွေတွေ အများကြီး ရှာပေးနိုင်ခဲ့သလို သူ့အတွက်လည်း စီးပွားရေး အကြီးကြီး တစ်ခုကို လုပ်နိုင်ခဲ့တယ်။ အထူးသဖြင့် အရင်းအနှီး မလိုတဲ့ စီးပွားရေးမျိုးကတော့ လုပ်ရတာ ပိုပြီး အောင်မြင်မှု ခံစားချက်ကို ရစေတယ်။ ဒါပေမဲ့ ကောင်းရှန်နဲ့ တခြားလူတွေကတော့ တော်တော်လေး ပင်ပန်းသွားကြတယ်၊ ဒီကုန်စည်တွေအတွက် ရက်ပေါင်းများစွာ အိပ်ရေးပျက်ခံခဲ့ကြရတာ မဟုတ်လား။
ရွှီထင်းရှန်းကတော့ ငွေတွေ ရလာပြီးနောက်မှာ ထပ်ပြီးတော့ လှုပ်ရှားပြန်တယ်။ ဂိုဒေါင်တွေကို ချဲ့ထွင်တာက တစ်ခုပေါ့၊ နောက်ပြီး သူက လူတွေကို ခေါ်ပြီး ဆိပ်ကမ်းကို သွားတယ်။ ရက်ပေါင်းများစွာ ဆိပ်ကမ်းကို သွားကြည့်နေတာကြောင့် တျန့်ဟိုင်ခံတပ်က လူတွေလည်း ထိတ်လန့်နေတဲ့ အချိန်မှာပဲ သတင်းတစ်ခု ထွက်လာတယ်၊ ရွှီခရိုင်ဝန်က ဆိပ်ကမ်းကို ပြုပြင်တော့မယ်တဲ့။ ရွှီသခင်ကြီးက ပြောတယ်။ ပြည်သူတွေဆီက ရတာကို ပြည်သူတွေအတွက်ပဲ ပြန်သုံးရမယ်၊ ဒီဆိပ်ကမ်းက အရမ်းကို ဟောင်းနွမ်းနေပြီဖြစ်လို့ ပြုပြင်သင့်တယ်လို့ ပြောတယ်။ ခရိုင်ဝန်မင်းက ပြုပြင်မယ်လို့ ပြောပြီဆိုမှတော့ တစ်ခရိုင်လုံးက လူတွေက ဝိုင်းပြီးတော့ လုပ်ကြရတာပေါ့။ ဆိပ်ကမ်းကို ချဲ့ထွင်လိုက်ရုံတင် မကဘဲ သင်္ဘောကျင်းကိုလည်း တစ်ခါတည်း ပြန်ပြီးပြုပြင်လိုက်တယ်။ တစ်ပြင်လုံးကို ကျောက်ပြားတွေနဲ့ ခင်းလိုက်တာကြောင့် အရင်ကနဲ့တော့ ဘယ်လိုမှ မတူတော့ဘူး။
172 03
ဒီလိုနဲ့ တစ်လကျော်လောက် ကုန်လွန်သွားပြီး နောက်တစ်ခါ အရောင်းအဝယ် လုပ်မယ့် အချိန်ကို ရောက်လာခဲ့ပြန်တယ်။ ဒီတစ်ခါတော့ လူတိုင်းက လိမ္မာသွားကြပြီ။ မြို့ထဲဝင်ရင် ပေးသင့်ပေးထိုက်တာတွေကို ပေးကြသလို ဂိုဒေါင်တွေကိုလည်း ကြိုတင် ငှားထားကြတယ်။ ဂိုဒေါင်ခကိုလည်း တစ်ပြားမှ မလျှော့ဘဲ ပေးကြတယ်။ ကုန်စည်တွေ ထွက်တဲ့နေ့မှာလည်း တံခါးစောင့်တွေ ပြောစရာ မလိုဘဲ ကုန်လှည်းတစ်စီးကို ငွေပြား ဆယ်ပြားနှုန်းနဲ့ လမ်းခွန်ကို ပေးကြတယ်။ အရာအားလုံးက ပျော်စရာ ကောင်းနေတဲ့ အချိန်မှာပဲ ပြဿနာတစ်ခု တက်ခဲ့တယ်။ အဲ့ဒါကလည်း သေးသေးလေး မဟုတ်ဘူး။
ရွှီထင်းရှန်းဟာ ကျောက်အာကို ဖက်ပြီး ကောင်းကောင်း အိပ်ပျော်နေတဲ့ အချိန်မှာပဲ တစ်ယောက်ယောက်က သူ့ကို လာနှိုးတော့တယ်။ အဲဒါကတော့ ခရိုင်ဝန်ရုံးက အစေခံပဲ ဖြစ်ပြီး ပင်လယ်ဘက်မှာ ပြဿနာတက်နေတယ်လို့ လာပြောတာ ဖြစ်တယ်။ ရွှီထင်းရှန်းက လူတွေကို ခေါ်ပြီး အခြေအနေကို သွားကြည့်ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာပဲ ဖန်ခရိုင်ဝန်ထောက်က သူ့ကို အတင်းအကျပ် ဆွဲထားလိုက်တယ်။ "သွားလို့ မရဘူး၊ သွားလို့ မရဘူး” ဖန်တာ့ကျူးရဲ့မျက်နှာက ထိတ်လန့်တုန်လှုပ်နေပြီး တော်တော်လေးကို ကြောက်နေတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ရွှီထင်းရှန်းကို ဆွဲထားရင်းနဲ့ အစေခံတွေကို အမိန့်ပေးလိုက်တယ်။ "အပြင်ကို သွားပြီး မောင်းတီးလိုက်ကြ၊ တစ်ခရိုင်လုံးကို သတိပေးလိုက်။ မြို့တံခါးတွေကို သေသေချာချာ ပိတ်ထား၊ အထက်က အမိန့်မရမချင်း ဘယ်သူ့ကိုမှ ဖွင့်မပေးနဲ့” အလျင်စလို ခေါ်ယူခြင်း ခံရတဲ့ အစေခံတွေဟာ အင်္ကျီနဲ့ဦးထုပ်တွေကိုတောင် သေသေချာချာ မဝတ်နိုင်ကြသေးဘဲ ခရိုင်ဝန်ရုံးထဲကနေ ပြေးထွက်သွားကြတယ်။ မကြာခင်မှာပဲ အပြင်မှာ မောင်းတီးသံတွေ ထွက်ပေါ်လာပြီး ခရိုင်မြို့တစ်ခုလုံးကလည်း အိပ်မက်ထဲကနေ နိုးထလာခဲ့ကြတယ်။
"ဒါက ဘာဖြစ်တာလဲ”
"ဂျပန်ဓားပြတွေ၊ ဂျပန်ဓားပြတွေ ရောက်လာပြီ” ဖန်တာ့ကျူးဟာ အမိန့်တွေ အများကြီးကို ပေးလိုက်ရတာကြောင့် အသက်တောင် မနည်း ရှူနေရတယ်။ အဲဒီအချိန်မှာ ရွှီထင်းရှန်းက ဆွဲပြီး မေးလိုက်တော့ အခုလိုပဲ ပြန်ဖြေလိုက်တယ်။
"ဂျပန်ဓားပြတွေ ဟုတ်လား” ဘေးနားမှာ ရှိနေတဲ့ ကျိုးလီကလည်း မျက်နှာပျက်နေပြီး ပြောလိုက်တယ်။ "သခင်ကြီး ဒီတစ်ခါတော့ အစစ်ပါ၊ တကယ့် ဂျပန်ဓားပြတွေပါ”
တကယ်လို့ ဂျပန်ဓားပြတွေ အဆိုးဆုံး ဖြစ်ခဲ့တဲ့ အချိန်ကို ပြောမယ်ဆိုရင်တော့ အရင်မင်းဆက် လက်ထက်ကို ပြန်သွားရလိမ့်မယ်။ ဂျပန်ဓားပြလို့ ခေါ်တဲ့ အရာက အစပိုင်းမှာတော့ ဂျပန်နိုင်ငံမှာ စစ်ပွဲတွေ ဖြစ်နေတာကြောင့် ပြည်သူတွေ ဒုက္ခရောက်ကုန်ကြပြီး ဂျပန်မှာ ဆက်မနေနိုင်တော့တဲ့ စစ်သည်တွေနဲ့ ပြည်သူတွေဟာ အုပ်စုလိုက် စုဖွဲ့ပြီး အိမ်နီးချင်း နိုင်ငံတွေရဲ့ ကမ်းရိုးတန်း ဒေသတွေကို တိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်။ အဲဒီမှာ မင်မင်းဆက်ရဲ့ ကမ်းရိုးတန်းက အရှည်ဆုံး ဖြစ်တာကြောင့် သူတို့ရဲ့ နှောင့်ယှက်မှုကို ခံခဲ့ရတယ်။ ဒါကတော့ အစပိုင်းပဲ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ဂျပန်ဓားပြတွေ ဖြစ်လာရတဲ့ အကြောင်းရင်းက ရှုပ်ထွေးလာခဲ့တယ်။
နန်းတွင်းကလည်း ပင်လယ်ကို ဖွင့်ပေးမယ့် ကိစ္စမှာ တော်တော်လေးကို စိုးရိမ်နေခဲ့တာ။ ဂျပန်ဓားပြတွေကြောင့် ပင်လယ်ကို ပိတ်လိုက် ဖွင့်လိုက်နဲ့ လုပ်နေခဲ့ရတယ်။ ဒါကြောင့် ကမ်းရိုးတန်း ဒေသက စီးပွားရေးသမား အချို့က နန်းတွင်းရဲ့ ပိတ်ပင်မှုကို မကျေနပ်တာကြောင့် ဂျပန်ဓားပြတွေကို ငှားရမ်းပြီး ကမ်းရိုးတန်းမှာ ပြဿနာ ရှာခိုင်းကာ လျှို့ဝှက်စွာနဲ့ မှောင်ခို စီးပွားရေးကို လုပ်ခဲ့ကြတယ်။ တကယ်တမ်း ငှားရမ်းထားတဲ့ သူတွေကတော့ နိုင်ငံအသီးသီးက လူတွေ ရောနှောနေတာ ဖြစ်ပေမယ့် ဂျပန်နိုင်ငံက လူတွေလည်း ပါဝင်နေတာကြောင့် ဂျပန်ဓားပြ လို့ပဲ အမည်တပ်ခံရတယ်။
ဒါကတော့ ဖြေရှင်းလို့ မရတဲ့ ပြဿနာကြီး ဖြစ်လာခဲ့တယ်။ ဂျပန်ဓားပြတွေကြောင့် ပင်လယ်ကို ပိတ်ရတယ်၊ ပင်လယ်ကို ပိတ်လိုက်လို့လည်း ဂျပန်ဓားပြတွေက ပိုပြီးတော့ ဆိုးလာခဲ့တယ်။ တဖြည်းဖြည်းနဲ့ ပင်လယ်ကို ပိတ်လိုက်တာကြောင့် ကမ်းရိုးတန်းက ပြည်သူတွေဟာ အသက်မွေးဖို့ ခက်ခဲလာပြီး သူတို့ကိုယ်တိုင်လည်း ဂျပန်ဓားပြတွေ ဖြစ်လာခဲ့ကြတယ်။ ပြီးတော့ မှောင်ခို စီးပွားရေးသမားတွေကြားမှာလည်း အကျိုးအမြတ် ခွဲဝေမှု မမျှတတာကြောင့် သွေးထွက်သံယိုမှုတွေ ဖြစ်ခဲ့ကြတယ်။ အဲဒီထဲမှာလည်း ဂျပန်လူမျိုးတွေ ပါဝင်နေတာကြောင့် ဂျပန်ဓားပြဆိုတဲ့ နာမည်က ပိုပြီးတော့ ကြီးထွားလာခဲ့တယ်။
အရင်မင်းဆက်ရဲ့ အလယ်ပိုင်းနဲ့ နှောင်းပိုင်းမှာတော့ အရှေ့ပင်လယ်ကနေ တောင်ပင်လယ်အထိ၊ အဝေးက ရုကျူး၊ ဖိလစ်ပိုင်၊ ဂျပန်၊ မန်လော့ကျား စတဲ့ နေရာတွေမှာ ပင်လယ်ဓားပြတွေနဲ့ ပင်လယ်ကုန်သည်တွေ အများကြီး ထွက်ပေါ်လာခဲ့ပြီး ဒီပင်လယ်ပြင်ကြီးမှာ လှိုင်းတံပိုးတွေကို ဖန်တီးခဲ့ကြတယ်။ ဒါ့အပြင် အနောက်တိုင်းက လာတဲ့ နိုင်ငံခြားသားတွေလည်း ပါဝင်နေခဲ့ကြပြီး အဲဒီလူတွေရဲ့ ရည်ရွယ်ချက်ကတော့ ချမ်းသာကြွယ်ဝလှတဲ့ ဒီမြေကြီးပဲ ဖြစ်တယ်။ ရှေးတုန်းကတော့ ကုန်းကြောင်း ပိုးလမ်းမ ရှိခဲ့ပြီး အခုတော့ ပင်လယ်ရေကြောင်း ပိုးလမ်းမ ရှိနေခဲ့ပြီ။
172 04
တစ်ယောက်ယောက်က ပြောခဲ့ဖူးတယ်။ နိုင်ငံခြားမှာ အတ္တလန္တိတ်သမုဒ္ဒရာ ရှိသလို အရှေ့ပင်လယ်လည်း ရှိတယ်။ ဒီနေရာက လူတွေဟာ တရုတ်နိုင်ငံရဲ့ ပိုးထည်တွေကို အရမ်းကြိုက်ကြတယ်။ သူတို့ဆီမှာ ပိုးစာပင် မရှိပေမဲ့ တရုတ်နိုင်ငံက ပိုးချည်တွေကို ယူပြီးတော့ အဆင့်မြင့် ပိုးထည်တွေကို ရက်လုပ်ကာ ဝတ်ဆင်ကြတယ်။ ဒါကြောင့် တရုတ်နိုင်ငံက ပိုးချည် ပိဿာတစ်ရာကို ငွေပြား တစ်ရာလောက်အထိ တန်ဖိုးရှိနေခဲ့တယ်။
ဒါကို ကြည့်ရုံနဲ့တင် သိနိုင်တယ်။ ပိုးထည်တွေတင် မကဘဲ ချည်ထည်တွေ၊ ကြွေထည်တွေ၊ စက္ကူတွေနဲ့ ဆေးဝါးတွေ အားလုံးက ပင်လယ်ရေကြောင်းကနေ ရောင်းချနေခဲ့ကြရတယ်။ ဒီချမ်းသာကြွယ်ဝလှတဲ့ မြေကြီးကတော့ အပြင်က လူတွေအတွက်တော့ ကြီးမားတဲ့ ရတနာသိုက်ကြီး တစ်ခုလို ဖြစ်နေခဲ့ပြီး လူအများအပြားကို ဆွဲဆောင်နေခဲ့တယ်။ အဲဒီလူတွေထဲက တချို့ကတော့ ပင်လယ်ထဲမှာ ပျောက်ကွယ်သွားကြတယ်၊ တချို့ကတော့ အစိုးရရဲ့ နှိမ်နင်းမှုကို ခံရပြီး ထွက်ပြေးသွားကြရတယ်။ ဒါပေမဲ့ လူအများအပြားကတော့ ဆက်ပြီးတော့ ကြိုးစားနေကြတုန်းပဲ။ တျန့်ဟိုင်ခရိုင်ရဲ့ ဒီဆိပ်ကမ်းလေးကတော့ ပင်လယ်ပြင်ကြီးထဲက သဲတစ်ပွင့်လောက်ပဲ ရှိပေမဲ့ ရွှမ်းယွီကျွန်းနဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေတာကြောင့် အဲဒီကျွန်းကနေတစ်ဆင့် ရုကျူး၊ ဂျပန် စတဲ့ နိုင်ငံတွေနဲ့ ဆက်သွယ်လို့ ရသလို တောင်ဘက်က တောင်ပင်လယ်၊ မြောက်ဘက်က အရှေ့ပင်လယ် စတာတွေနဲ့လည်း ဆက်သွယ်လို့ ရတာကြောင့် တဖြည်းဖြည်းနဲ့ ပြန်ပြီးတော့ စည်ကားလာခဲ့တာ ဖြစ်တယ်။
ဒါပေမဲ့ ပင်လယ်ပြင်က အရမ်းကို ကျယ်ပြောလှတာကြောင့် တစ်ယောက်ယောက်က အနိုင်ရထားရင်တော့ တခြားသူတွေက မကျေမနပ် ဖြစ်ကြမှာပဲ။ ဒါကြောင့် ဖန်တာ့ကျူး ပြောလိုက်တဲ့ ဂျပန်ဓားပြ ဆိုတာက တကယ့် ဂျပန်ဓားပြတွေ မဟုတ်ဘဲ ဒီမိသားစုကြီးတွေရဲ့အကျိုးအမြတ်ကို မနာလိုတဲ့သူတွေက လုယူဖို့အတွက် တိုက်ခိုက်လာကြတာပဲ ဖြစ်တယ်။ အစေခံတွေက သတင်းတွေကို တစ်ခုပြီးတစ်ခု လာပို့နေကြပြီး ဒါတွေအားလုံးက မှန်ကန်နေခဲ့ပြီ။
တျန့်ဟိုင်ခံတပ်က လူတွေ အားလုံး ထွက်သွားကြပြီ။ တျန့်ဟိုင်ခံတပ်က ပင်လယ်နဲ့ နီးသလို ကမ်းရိုးတန်းကို ကာကွယ်ရတဲ့ တာဝန်လည်း ရှိတာကြောင့် သူတို့ဆီမှာ တိုက်သင်္ဘောတွေ ရှိတယ်။ ခရိုင်ဝန်ရုံးရဲ့ ခန်းမထဲမှာ ထိုင်နေရင်းနဲ့တောင်မှ ပင်လယ်ဘက်ကနေ အမြောက်သံတွေကို ကြားနေရတယ်။ ဒီညမှာတော့ ခရိုင်မြို့က ပြည်သူအများအပြားဟာ အိပ်ပျော်နိုင်ကြမှာ မဟုတ်ဘူးလို့ ခန့်မှန်းလို့ ရတယ်။ မြို့တံခါးမှာတော့ အားလုံးကို တားမြစ်ထားပြီး ရွှီထင်းရှန်းကလည်း တားဆီးမှုတွေကို ဂရုမစိုက်ဘဲ မြို့ရိုးပေါ်ကို တက်သွားခဲ့တယ်။
မှောင်မိုက်နေတဲ့ ညထဲမှာ လူအချို့ကတော့ ထိတ်လန့်တုန်လှုပ်စွာနဲ့ ပြန်လာနေကြတယ်။ အဲဒီလူတွေကတော့ မိသားစုကို လုပ်ကျွေးဖို့အတွက် အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေပဲ ဖြစ်တယ်။ ကံကောင်းတာက ရွှီထင်းရှန်းက အရင်ကတည်းက တျန့်ဟိုင်အလုပ်သမားအဖွဲ့အစည်း က လူတိုင်းကို အင်္ကျီအပို တစ်ထည်စီ ပေးထားခဲ့တယ်။ အဲဒီအင်္ကျီပေါ်က အမှတ်အသားကို ကြည့်ပြီးတော့မှ မြို့တံခါးကို ဖွင့်ပေးကာ ဒီထိတ်လန့်နေတဲ့ လူတွေကို အထဲကို ပေးဝင်လိုက်တယ်။ အင်္ကျီမပါတဲ့သူတွေကိုတော့ ဘယ်သူ့ကိုမှ အထဲကို မပေးဝင်ဘူး၊ တစ်ယောက်ယောက်က ဒါကို အခွင့်ကောင်းယူပြီး မြို့ထဲကို ဝင်လာမှာကို ကြိုးစားမှာ စိုးလို့လေ။
နေထွက်လာတဲ့ အချိန်အထိတော့ တျန့်ဟိုင်ခံတပ်က လူတွေဟာ အရေးနိမ့်ပြီး ပြန်လာခဲ့ကြရတယ်။ ရှိသမျှ တိုက်သင်္ဘော နှစ်စီးထဲက တစ်စီးကတော့ နစ်မြုပ်သွားခဲ့ပြီး ကျန်တဲ့တစ်စီးကလည်း ပျက်စီးနေခဲ့ပြီ။ အဲဒီ မိသားစုတွေနဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ကုန်စည်တွေ အားလုံး လုယူခြင်း ခံလိုက်ရပြီး သေဆုံးဒဏ်ရာရသူတွေလည်း အများကြီး ရှိခဲ့တယ်။ တျန့်ဟိုင်ခရိုင် တစ်ခုလုံးမှာတော့ ကြောက်ရွံ့မှုတွေ ပြည့်နှက်နေပြီး ပြည်သူတွေဟာ အပြင်ကိုတောင် မထွက်ရဲကြတော့ဘူး။
တစ်ချိန်တည်းမှာပဲ ရှဲ့မိသားစု အပါအဝင် တခြား မိသားစုကြီးတွေက လူတွေဟာ တျန့်ဟိုင်ခံတပ်ဆီကို တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတယ်။ ဒါတွေအားလုံးကတော့ ရွှီထင်းရှန်းနဲ့ ဘာမှမသက်ဆိုင်သလိုပဲ။ သူက ဒီဒေသရဲ့ ခရိုင်ဝန်မင်း ဖြစ်ပေမဲ့လည်း သူတို့ရဲ့ လူမဟုတ်တာကြောင့် သူတို့တွေ တိုင်ပင်တဲ့အချိန်မှာ သူ့ကို ခေါ်မှာ မဟုတ်ဘူး။
******