← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃)

တျန့်ဟိုင်ခံတပ်ထဲမှာ လူတွေ စုဝေးနေကြတယ်။

ရှဲ့သခင်လေးက အစွန်ဆုံးနေရာမှာ ထိုင်နေပြီး မျက်နှာက တော်တော်လေးကို ညှိုးနွမ်းနေတယ်။

သူကလည်း တကယ့်ကို ကံဆိုးတဲ့သူပဲ၊ စိတ်ဝင်စားလို့သာ ကိုယ်တိုင် ကုန်လှည်းတွေကို လိုက်ပို့ပေးခဲ့တာလေ။ ကုန်စည်တွေ ပို့တဲ့နေ့မှာလည်း သူကိုယ်တိုင် ထွက်လာစရာ မလိုပေမဲ့ အားနေတာနဲ့ လိုက်လာခဲ့တုန်းမှာ အခုလို ပြဿနာနဲ့ ကြုံခဲ့ရတယ်။

အခုအချိန်မှာတော့ သူက အရင်လို တည်ငြိမ်အေးဆေးတဲ့ ပုံစံမျိုး မရှိတော့ဘဲ မျက်နှာပေါ်မှာလည်း ဓားဒဏ်ရာ အနည်းငယ် ရှိနေသလို လက်တစ်ဖက်လည်း ဒဏ်ရာ ရနေတယ်။

သူ့ဘေးမှာတော့ တပ်မှူးကန်း ထိုင်နေတယ်။ တပ်မှူးကန်းကလည်း သူ့ထက် မသာပါဘူး၊ ပခုံးနဲ့ ရင်ဘတ်မှာ ပတ်တီးတွေ ပတ်ထားရသလို ဒဏ်ရာတွေ ရနေတယ်။

သူတို့ရဲ့ အောက်ဘက် အတန်းလိုက် ထိုင်ခုံတွေမှာတော့ အဝတ်အစား ပုံစံအမျိုးမျိုး ဝတ်ထားတဲ့ အသက်ကြီးပိုင်း လူအချို့ ထိုင်နေကြတယ်။

သူတို့တွေကတော့ ကျဲ့ကျန်းတစ်ခွင်မှာ နှစ်ပေါင်းများစွာ စီးပွားရေး လုပ်လာကြတဲ့ ဒေသခံ မျိုးနွယ်စုကြီးတွေက လူတွေပဲ ဖြစ်တယ်။ သူတို့တွေ နှာချေလိုက်ရင်တောင် ကျဲ့ကျန်းတစ်ခုလုံး တုန်လှုပ်သွားနိုင်တဲ့ မိသားစုကြီးတွေ ဖြစ်သလို၊ မိသားစု အကြီးအကဲတွေ မဟုတ်ကြပေမဲ့ မျိုးနွယ်စုထဲမှာတော့ တစ်ခွန်းပြောရင် နှစ်ခွန်းမရှိတဲ့ အာဏာရှိသူတွေ ဖြစ်တယ်။

"ဒီသောက်ကောင် ဟုန်ဘန်း ဓားပြတွေ"

တပ်မှူးကန်းက ဆဲဆိုလိုက်တယ်။

ဟုန်ဘန်း ဆိုတာကတော့ ဒီတစ်ခါ ကုန်စည်တွေကို လုယူသွားတဲ့ ပင်လယ်ဓားပြ အုပ်စုပဲ ဖြစ်တယ်။

သာမန် ပင်လယ်ကုန်သည်တွေနဲ့ မတူဘဲ ဟုန်ဘန်းကတော့ ဖြတ်သန်းသွားလာတဲ့ ကုန်သည်တွေကို တိုက်ခိုက်လုယက်ပြီး အသက်မွေးကြတာ ဖြစ်တယ်။ ဒါပေမဲ့လည်း မြွေမှာ မြွေလမ်း ရှိသလို ပုစွန်မှာလည်း ပုစွန်လမ်း ရှိတာပဲလေ၊ ဖူကျန့်နဲ့ ကွမ်တုံး ကမ်းရိုးတန်းတွေကသာ ဟုန်ဘန်းရဲ့နယ်မြေတွေ ဖြစ်ပေမဲ့ သူတို့တွေ နယ်ကျော်ပြီး ကျဲ့ကျန်းကို ရောက်လာလိမ့်မယ်လို့တော့ ဘယ်သူမှ ထင်မထားခဲ့ဘူး။

ပြီးတော့ သူတို့က ဘာသံမှ မထွက်ဘဲ ရောက်လာခဲ့ကြတာ။

တျန့်ဟိုင်နဲ့ရွှမ်းယွီကျွန်းက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ပြန်ပြီးစည်ကားလာတာလေ။ အရင်တုန်းကတော့ ရွှမ်းယွီကျွန်းရဲ့ဆိပ်ကမ်းက ပိတ်ဆို့ခံထားရတာကြောင့် သမိုင်းထဲမှာ တဖြည်းဖြည်း ပျောက်ကွယ်နေခဲ့တာ ဖြစ်တယ်။ ပင်လယ်ပြင်ရဲ့အခြေအနေကလည်း ရှုပ်ထွေးလှတာကြောင့် အဖွဲ့အစည်း အသေးလေးတွေက ကြီးထွားလာပြီဆိုတာနဲ့ တခြား အင်အားကြီး အဖွဲ့တွေရဲ့ ဝါးမြိုမှုကို ခံကြရတာပဲ။

စီးပွားရေးသမားတွေရဲ့ အကျိုးအမြတ်ကို မက်မောတဲ့ စိတ်ကြောင့်ရယ်၊ ပြဿနာတွေကို ရှောင်ရှားချင်တဲ့ စိတ်ကြောင့်ရယ်ကြောင့်သာ ကျဲ့ကျန်းက ဒီမျိုးနွယ်စုကြီးတွေဟာ စုပေါင်းပြီး ရွှမ်းယွီကျွန်းကို ပြန်ပြီးဖွင့်လှစ်ခဲ့ကြတာ ဖြစ်တယ်။

တကယ်တော့ သူတို့ လုပ်တာက မှန်ကန်တယ်။ ရွှမ်းယွီကျွန်းကို ဖွင့်ဖို့အတွက် ပေးဆပ်ခဲ့ရတာထက် ပြန်ရတဲ့အကျိုးအမြတ်ကတော့ အဆမတန် များပြားလှတယ်။ ရွှမ်းယွီကျွန်းကလည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ တဖြည်းဖြည်း ပြန်ပြီး စည်ကားလာခဲ့သလို အရင်လိုမျိုး အရှိန်အဝါ ပြန်ရဖို့ကလည်း လက်တစ်ကမ်းမှာပဲ ရှိနေတဲ့အချိန်မှာ အခုလို ပြဿနာနဲ့ ကြုံခဲ့ရပြန်တယ်။

ပင်လယ်ဓားပြ အဖွဲ့ငယ်လေးတွေကိုတော့ သူတို့ မကြောက်ကြဘူး၊ ဒါပေမဲ့ ဟုန်ဘန်း ဖြစ်နေလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။

တောင်ပင်လယ် တစ်ခွန်းမှာ နာမည်ကြားရုံနဲ့တင် ကြောက်ရွံ့နေကြရတဲ့၊ အဖွဲ့ဝင် သောင်းနဲ့ချီ ရှိသလို တိုက်သင်္ဘော ရာနဲ့ချီ ပိုင်ဆိုင်ထားတဲ့ ဟုန်ဘန်း အဖွဲ့ပဲ ဖြစ်တယ်။

173 02

ဟုန်ဘန်းရဲ့ သတင်းတွေက အများကြီး ရှိတယ်၊ ကုန်းတွင်းပိုင်းက လူတွေ မသိရင်တောင် ကမ်းရိုးတန်းက လူတွေကတော့ မသိသူ မရှိဘူး။ သူတို့က အရမ်းကို သတ္တိရှိပြီး ငွေရှိတဲ့ နေရာဆိုရင် ဝင်ရောက်တိုက်ခိုက်တတ်ကြတယ်။ မန်လော့ကျား ပျက်စီးသွားကတည်းက အမြောက်တွေ တပ်ဆင်ထားတဲ့ ဖိုလန်ကျီ လူမျိုးတွေကိုတောင် ဘယ်သူမှ မတိုက်ရဲကြပေမဲ့ ဟုန်ဘန်းကတော့ ဘာမှမဟုတ်သလို သဘောထားတယ်။

နောက်ပိုင်းမှာ ဖိုလန်ကျီ လူမျိုးတွေ အော့မန်ကို ရောက်လာတဲ့အခါ ဟုန်ဘန်းနဲ့ အကြိမ်အနည်းငယ် တိုက်ခိုက်ခဲ့ကြပေမဲ့ အမြဲတမ်း ရှုံးနိမ့်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ သူတို့လည်း ဟုန်ဘန်းရဲ့ စည်းကမ်းတွေကို လိုက်နာရပြီး တောင်ပင်လယ်ကနေ ဖြတ်သန်းမယ်ဆိုရင်တော့ ဟုန်ဘန်းကို လုံခြုံရေးခ ပေးကြရတယ်။

"တတိယသခင် ဒီတစ်ခါ ကိစ္စကို ဘယ်လို လုပ်ကြမလဲ။ ကုန်စည်တွေ အလုခံရတဲ့ မိသားစုတွေကတော့ တော်တော်လေးကို ဒေါသထွက်နေကြပြီး ပြဿနာ ရှာချင်နေကြတယ်။ တကယ်လို့သာ ကျွန်တော်တို့ဘက်က ဖိမထားဘူးဆိုရင်တော့..."

"ပြဿနာ ရှာမယ် ဟုတ်လား၊ သူတို့က ဘယ်သူ့ကို ပြဿနာ ရှာချင်နေတာလဲ။ ငွေတွေ ရတုန်းကတော့ ပျော်နေကြပြီးတော့ အခု ကုန်စည်လေး တစ်သုတ်လောက် ဆုံးရှုံးသွားတာနဲ့ မျက်နှာက ချက်ချင်း ပြောင်းသွားတာလား"

ရှဲ့ချီရုံက အေးစက်စက် ပြောလိုက်တယ်။

"ဒါကတော့..."

တကယ်လို့ သေချာစဉ်းစားကြည့်ရင်တော့ တခြားသူတွေက တာဝန်ယူခိုင်းတာကလည်း အကြောင်းပြချက် မရှိတာတော့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒီမိသားစုကြီးတွေရဲ့ လက်အောက်မှာ ရှိတဲ့ မိသားစုငယ်တွေဆီကနေ သူတို့က အမြတ်တွေ အများကြီး ဖြတ်ယူထားကြတာကိုး။

အမြတ်ကို ဖြတ်ယူတယ် ဆိုတာကတော့ ဒီဘက်က စီးပွားရေး စကားအရ သူတို့ ရတဲ့ အမြတ်ထဲကနေ အလုပ်သမားခ အနေနဲ့ ဖဲ့ပေးရတာ ဖြစ်တယ်။ အဲဒီမှာ ပေးရတဲ့ နှုန်းက အရမ်းကို မြင့်မားတယ်၊ မြတ်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ အထက်ကို ဆယ်ပုံတစ်ပုံ ပေးရတယ်။

ဒီဆယ်ပုံတစ်ပုံ ဆိုတာကလည်း အမြတ်ထဲက ဆယ်ပုံတစ်ပုံ မဟုတ်ဘဲ ကုန်စည် စုစုပေါင်းတန်ဖိုးရဲ့ ဆယ်ပုံတစ်ပုံ ဖြစ်တာကြောင့် တကယ့်ကို များပြားလှတယ်။

သူတစ်ပါးဆီက ငွေယူထားရင်တော့ ဘေးအန္တရာယ်ကနေ ကာကွယ်ပေးရမယ်ဆိုတဲ့ စကား ရှိတာပဲလေ။ စည်းကမ်းအရ ဆိုရင်တော့ ဒီလောက်အထိ ငွေတွေ အများကြီး ယူထားပြီဆိုမှတော့ ကုန်စည်တွေရဲ့ လုံခြုံရေးကို တာဝန်ယူပေးရမှာ ဖြစ်ပေမဲ့ အခုတော့ ကုန်စည်တွေလည်း အလုခံရသလို လူတွေလည်း အသေအပျောက် များတာကြောင့် အဲဒီလူတွေ ဒေါသထွက်တာကလည်း မထူးဆန်းဘူး။

ဒါပေမဲ့ မှောင်ခို စီးပွားရေး ဆိုတာကတော့ တခြား အလုပ်တွေနဲ့ မတူဘူးလေ၊ သာမန်စည်းကမ်းတွေနဲ့ တိုင်းတာလို့ မရဘူး။ အလုပ်ထဲကို စဝင်ကတည်းက ဒါကို အသိပေးထားပြီးသားပဲ၊ ဒီစီးပွားရေးက လူသိလို့ မရသလို အန္တရာယ်လည်း ကြီးတယ်၊ အန္တရာယ်ကို တာဝန်မယူနိုင်ရင်တော့ ဒီအလုပ်ကို မလုပ်နဲ့လို့ ပြောထားပြီးသား ဖြစ်သလို အဲဒီလူတွေကလည်း အရင်ကတော့ အကုန်လုံး သဘောတူခဲ့ကြတာပဲ။

"တကယ်လို့ မြတ်တာပဲ လိုချင်ပြီး မရှုံးရဲဘူးဆိုရင်လည်း သူတို့တွေ ဒီစီးပွားရေးကို မလုပ်ဘဲ နေလိုက်ရုံပဲ ရှိတယ်"

အရင်တုန်းကဆိုရင် ရှဲ့သခင်လေးက ဒီလောက်အထိ စိတ်လိုက်မာန်ပါ ပြောမယ့်သူ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီတစ်ခါတော့ သူ့ရဲ့ သိက္ခာလည်း ကျသွားတာကြောင့် စိတ်ရှည်နိုင်စွမ်း မရှိတော့တာပဲ။

"အရင်က ငါတို့ မိသားစုတွေ ဒီလူတွေကို စုစည်းခဲ့တာက ငါတို့မှာ အင်အား မလုံလောက်လို့လေ။ အခု ဟုန်ဘန်းရဲ့ ကိစ္စက မပြီးသေးတဲ့ အချိန်မှာတော့ ငါ့အနေနဲ့ ပြဿနာအသစ်တွေ ထပ်မဖြစ်စေချင်ဘူး"

ရှဲ့မိသားစုက ဦးဆောင်နေတာ မှန်ပေမဲ့ တခြားမိသားစုတွေကလည်း ဘာမှမလုပ်ဘဲ နေတာတော့ မဟုတ်ဘူးလေ။ ဒါကြောင့် တင်မိသားစုက လူက အခုလို ပြောလိုက်တာ ဖြစ်တယ်။ သူကတော့ တင်မိသားစုရဲ့ ၁၃ ယောက်မြောက် သခင် တင်ဟွာတုံး ပဲ ဖြစ်တယ်။

သူ့ရဲ့အစဉ်အလာအရ နာမည်က အောက်ခြေမှာ ရှိနေပေမဲ့ ဝါစဉ်အရ ဆိုရင်တော့ ရှဲ့သခင်လေးထက် တစ်ဆင့် ပိုကြီးတယ်။

ခေါမိသားစုက အဘိုးကြီးကလည်း ခေါင်းညိတ်လိုက်တယ်၊ သူကလည်း တင်မိသားစုနဲ့ သဘောထား တူတဲ့ ပုံစံပဲ။

တပ်မှူးကန်းက ရှဲ့သခင်လေးရဲ့မျက်နှာ မကောင်းတာကို မြင်တော့ ကြားထဲကနေ ဝင်ပြောလိုက်တယ်။ "အခု သူတို့အကြောင်း ပြောနေလို့ ဘာထူးမှာလဲ။ အခု ပြောရမှာက ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာပဲ။ ကိစ္စကို အထက်ကို တင်ပြမှာလား။ တင်ပြရင်ကော ဘယ်လို လုပ်ကြမလဲ။ တကယ်လို့ မတင်ပြရင်ကော ဘယ်လို လုပ်မလဲ"

ဒီစကားကို ကြားတော့ လူတိုင်းဟာ စကားမပြောကြတော့ဘဲ ရှဲ့သခင်လေးကိုပဲ ကြည့်နေကြတယ်။

173 03

သူတို့တွေ ဘယ်လောက်ပဲ အာဏာရှိတယ်ပြောပြော ကျဲ့ကျန်းတစ်ခုလုံးကိုတော့ ထိန်းချုပ်ထားလို့ မရဘူးလေ။

ကျဲ့ကျန်းနယ်မှာက စန်းစိ ရှိသလို၊ အဲဒီအထက်မှာလည်း နယ်စားမင်းနဲ့ စစ်သူကြီးတွေ ရှိနေတာလေ။ စန်းစိ ဆိုတာကတော့ စစ်ရေးကို တာဝန်ယူတဲ့ အဖွဲ့၊ အုပ်ချုပ်ရေးကို တာဝန်ယူတဲ့ အဖွဲ့နဲ့ တရားစီရင်ရေးကို တာဝန်ယူတဲ့ အဖွဲ့တွေပဲ ဖြစ်တယ်။

စစ်ရေး အဖွဲ့ကတော့ တစ်နယ်လုံးရဲ့ စစ်ရေးကိစ္စတွေကို တာဝန်ယူပြီး စစ်ဌာနချုပ်ရဲ့အမိန့်ကို နားထောင်ရတယ်။ တရားစီရင်ရေးအဖွဲ့ကတော့ ဥပဒေရေးရာတွေကို စစ်ဆေးပြီး တရားရေးဌာနရဲ့ အမိန့်ကို နားထောင်ရတယ်။ အုပ်ချုပ်ရေး အဖွဲ့ကတော့ ပြည်သူ့ရေးရာတွေကို တာဝန်ယူပြီး ဝန်ကြီးဌာန ခြောက်ခုနဲ့ တိုက်ရိုက် ဆက်သွယ်ရတယ်။

နယ်စားမင်းနဲ့ စစ်သူကြီးတွေကတော့ အခြေအနေအရ ခန့်အပ်တာမျိုး ရှိသလို အမြဲတမ်း ခန့်အပ်တာမျိုးလည်း ရှိတယ်။ မင်းဆက်တွေ ပြောင်းလဲလာတာနဲ့အမျှ နယ်စားမင်းကတော့ ပြည်နယ်တိုင်းမှာ အမြဲတမ်း ရှိနေပေမဲ့ စစ်သူကြီးကတော့ နေရာဒေသ အလိုက်ပဲ ခန့်အပ်တော့တာ။ ကျဲ့ကျန်းရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး အာဏာကို ကိုင်ထားတဲ့သူကတော့ မင်ကျဲ့စစ်သူကြီး ပဲ ဖြစ်တယ်။ သူက ကျဲ့ကျန်းတင် မကဘဲ ကွမ်တုံးအထိပါ တာဝန်ယူရတယ်။

"ဖေးစစ်သူကြီးက မြို့တော်ကို ပြန်ခေါ်ခံရပြီး အလုပ် တင်ပြနေရပြီ၊ ငါ့အထင်တော့ ဒီမင်ကျဲ့စစ်သူကြီး နေရာက ပြောင်းလဲတော့မယ် ထင်တယ်" ရှဲ့သခင်လေးက ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်တယ်။

ဒီစကားကို ကြားတော့ လူတိုင်းရဲ့ မျက်နှာတွေ မကောင်းတော့ဘူး။ အရာရှိ တစ်ယောက်ကို စည်းရုံးဖို့ ဆိုတာက စကားပြောရုံနဲ့ မပြီးဘူးလေ၊ တစ်နယ်လုံး ဘေးကင်းဖို့အတွက် နှစ်စဉ် ဘယ်လောက်တောင် ငွေတွေ ပေးခဲ့ရသလဲဆိုတာ သူတို့ပဲ သိတာလေ။

ဖေးခဲ့ကျန့်ရဲ့ သဘောထားကတော့ အမြဲတမ်း မပြတ်သားပေမဲ့ သူတို့ ပေးတဲ့ ငွေတွေကိုတော့ မငြင်းခဲ့ဘူး။ မငြင်းဘူး ဆိုတာကတော့ သဘောတူတယ်လို့ ဆိုလိုတာပဲ၊ သူတို့ လုပ်သမျှကို တစ်ဖက်ကနေ မသိချင်ယောင် ဆောင်ပေးနေတာပဲလေ။ အထက်ကိုသာ သတင်းမရောက်ရင်တော့ သူက ဘာမှမဖြစ်သလို နေပေးလိမ့်မယ်။ ဒါပေမဲ့ ကိစ္စက ကြီးထွားသွားရင်တော့ သူကလည်း ချက်ချင်း မျက်နှာလွှဲသွားမှာပဲ။

သာမန်အရာရှိကြီး တွေဆိုတာကလည်း ဒီလိုပဲ လုပ်တတ်ကြတာပဲလေ။ အလုပ်လုပ်ရင်လည်း အကွက်စေ့တယ်၊ အကျိုးအမြတ်ကိုတော့ ယူတယ် ဒါပေမဲ့ တာဝန်ကိုတော့ မယူချင်ကြဘူး။ ဒါပေမဲ့ ဒီလို အခြေအနေမျိုးကတောင် တော်တော်လေးကို ကောင်းနေပါပြီ၊ မင်းဆီက ငွေကိုတောင် မယူတဲ့သူတွေနဲ့ ကြုံရရင်တော့ ပိုပြီးတော့ ကြောက်ဖို့ ကောင်းတာပေါ့။

နောက်တစ်ယောက် ရောက်လာရင် ဘယ်လို ဖြစ်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး၊ ဒါဆိုရင် ဒီစီးပွားရေးကို နောက်ထပ် ဆက်လုပ်လို့ ရပါဦးမလား။

ဆက်လုပ်လို့ မရရင်တောင်မှ လုပ်ရမှာပဲ၊ ဒီလောက်အထိ သတ္တိမရှိရင်တော့ ကမ်းရိုးတန်းက ပင်လယ်ကုန်သည်တွေဟာ သေကုန်ကြတာ ကြာလှပြီ။ ဒါကြောင့် ရှဲ့သခင်လေးက ချက်ချင်းပဲ မျက်နှာကို ပြောင်းလဲလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။ "မြို့တော်က အခြေအနေကိုတော့ ငါ သေသေချာချာ စောင့်ကြည့်နေပါ့မယ်။ ဒီကိစ္စကိုတော့ တတ်နိုင်သမျှ ဖုံးကွယ်ထားကြတာပေါ့၊ အရာရှိကြီးတွေကလည်း သူတို့ရဲ့ လက်အောက်မှာ ပြဿနာတွေ အများကြီး ရှိနေတာကို မလိုချင်ကြဘူး၊ အထက်ကို တင်ပြလိုက်ရင်တော့ ပြဿနာတွေ ပိုများလာဖို့ပဲ ရှိတယ်"

ဒါဆိုရင် အထက်ကို မတင်ပြတော့ဘူးပေါ့။

ဒီစိတ်ကူးကိုတော့ တင်မိသားစုနဲ့ တခြားလူတွေကလည်း သဘောတူကြတယ်။ စီးပွားရေးသမား ဆိုတာကတော့ အရာရှိတွေနဲ့ မပတ်သက်ချင်ကြဘူး၊ ဘာလို့လဲဆိုတော့ တစ်ခါ ပတ်သက်လိုက်တိုင်းမှာ အသားတွေ အများကြီး အလွှာခံရသလိုမျိုး ဆုံးရှုံးရတာကိုး။

ဒါပေမဲ့ ဒီကိစ္စက တပ်မှူးကန်းကိုတော့ စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ သူ့ရဲ့ ခံတပ်က စစ်သည်တွေ အများကြီး သေဆုံးသွားတာလေ၊ ဒါက ကြက်တွေ ဝက်တွေ သေတာ မဟုတ်ဘူး၊ လူသေရင်တော့ အထက်ကို တင်ပြရမှာပဲ။

အဲဒီအခါကျရင် ဘယ်လိုမျိုး တင်ပြရမှာလဲ။

ပြီးတော့ တိုက်သင်္ဘောတွေလည်း ရှိသေးတယ်၊ တစ်စီးကတော့ လုံးဝ ပျက်စီးသွားပြီ၊ ကျန်တဲ့ တစ်စီးကလည်း ပျက်စီးနေတာပဲ။ ဒါတွေက အလွယ်တကူ ဖြေရှင်းလို့ ရတဲ့ အရာတွေ မဟုတ်ဘူးလေ။

တပ်မှူးကန်းက ဒါတွေကို ပြောပြလိုက်တော့ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြရတယ်။

နောက်ဆုံးမှာတော့ ရှဲ့သခင်လေးကပဲ ဆုံးဖြတ်ချက် ပေးလိုက်တယ်။ "တင်ပြဖို့ကတော့ တင်ပြရမှာပဲ၊ ဒါပေမဲ့ ဘယ်လို တင်ပြမလဲ ဆိုတာကိုပဲ ကြည့်ရမယ်။ အရင်က လုပ်နေကျ ပုံစံအတိုင်းပဲ လုပ်လိုက်ကြတာပေါ့။ တိုက်သင်္ဘောတွေ အတွက်ကတော့ ပြန်ပြီးဆောက်လို့ ရတာပဲ၊ ဒီစရိတ်ကိုတော့ ငါတို့ မိသားစုတွေပဲ ကျခံပေးပါ့မယ်"

173 04

ဒီစကားကို ကြားတော့ တပ်မှူးကန်းက ချက်ချင်းပဲ ငြိမ်သွားတော့တယ်။ တင်မိသားစုက လူတွေကတော့ အထက်ကို တင်ပြပြီး အထက်က အမိန့်ရမှသာ ဆုံးဖြတ်မယ်လို့ ပြောနေကြတုန်းပဲ။

ဒါပေမဲ့ တင်ပြသည်ဖြစ်စေ မတင်ပြသည်ဖြစ်စေ ကိစ္စကတော့ ဒီအတိုင်းပဲ ပြီးသွားမှာပဲ။ ရှေ့ဆက်ပြီး စီးပွားရေး မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားရင်တော့ တစ်မျိုးပေါ့၊ ဒါပေမဲ့ ဘယ်သူကမှ ဒီစီးပွားရေးကို လက်လွှတ်ချင်ကြမှာ မဟုတ်ဘူး။

အခုဆိုရင်တော့ ဒီနေ့ ဆွေးနွေးရမယ့် ကိစ္စတွေကလည်း ပြီးသလောက် ရှိနေပါပြီ။ အခု ဆက်လုပ်ရမှာကတော့ နောက်ဆက်တွဲ ကိစ္စတွေကို ဖြေရှင်းဖို့ပဲ၊ ဥပမာ ကုန်စည် မရလိုက်တဲ့ နိုင်ငံခြားသားတွေကို ဘယ်လို ဖြေရှင်းချက် ပေးမလဲ ဆိုတာမျိုးပေါ့။ ပြီးတော့ ဒီကိစ္စ ဖြစ်ပြီးသွားပြီဆိုမှတော့ နောက်ပိုင်းမှာ ဟုန်ဘန်း ထပ်ပြီးတိုက်ခိုက်လာမှာကိုလည်း ကြိုတင် ကာကွယ်ရမယ်၊ လုံခြုံရေးတွေကိုလည်း အသေအချာ ပြင်ဆင်ရတော့မယ်။

ဒါပေမဲ့ ဒီကိစ္စတွေက တစ်ရက်တည်းနဲ့ ပြီးတာ မဟုတ်လို့ နောက်ပိုင်းမှပဲ ဆက်ပြီးတိုင်ပင်ကြရမှာ ဖြစ်တယ်။ ဒါကြောင့် ဒီပင်လယ်ဓားပြတွေက တကယ့်ကို လူဆိုးတွေပဲ၊ သူတို့က ဝင်ပြီး နှောင့်ယှက်လိုက်တာနဲ့ ကိစ္စတွေ အများကြီး ပျက်စီးသွားရတာကိုး။

အဲဒီအချိန်မှာပဲ စစ်သည်တစ်ယောက်က အမြန်ပြေးဝင်လာပြီး တင်ပြလိုက်တယ်။ "သခင်ကြီး၊ အဲဒီ ရွှီမျိုးရိုးနဲ့ ခရိုင်ဝန် ရောက်လာပါတယ်။ သခင်ကြီးကို မတွေ့ရမချင်း မပြန်ဘူးလို့ ပြောနေပြီးတော့ ကျွန်တော်တို့ ဘယ်လိုမှ တားလို့ မရဘူး"

"သူက ဘာလာလုပ်တာလဲ"

ရှဲ့သခင်လေးနဲ့ တပ်မှူးကန်းက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မေးလိုက်ကြတယ်။

အဲဒီနောက်မှာတော့ ရှဲ့သခင်လေးရဲ့ အချက်ပြမှုအရ တပ်မှူးကန်းက ရွှီထင်းရှန်းကို တွေ့ဖို့ ဆုံးဖြတ်လိုက်တယ်၊ တင်မိသားစုက လူတွေကတော့ ရှောင်နေလိုက်ကြတာပေါ့။

ခန်းမထဲမှာ လူရှင်းသွားပြီး ရှဲ့သခင်လေးလည်း ဘေးခန်းကို ရှောင်သွားတဲ့ အချိန်မှာပဲ ရွှီထင်းရှန်းက အထဲကို ဝင်လာခဲ့တယ်။

သူက နေရာမှာတောင် မထိုင်ရသေးဘဲ မေးလိုက်တာက "ဘယ်လိုလဲ ကန်းအရာရှိ တစ်ယောက်တည်းပဲ ရှိတာလား။ ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေ ပြောတာကတော့ မိသားစုကြီးတွေက တာဝန်ခံတွေ အားလုံး တျန့်ဟိုင်ခံတပ်ကို ရောက်နေကြတယ်လို့ ကြားပါတယ်"

ဒီစကားထဲမှာ အဓိပ္ပာယ်တွေ အများကြီး ပါနေတာလေ။ တပ်မှူးကန်းရဲ့ မျက်နှာက ပျက်သွားခဲ့ပေမဲ့ အတင်းပြုံးလိုက်ရင်းနဲ့ ပြောလိုက်တယ်။ "ရွှီခရိုင်ဝန်က အဲဒီ တာဝန်ခံတွေအကြောင်း ပြောတာလား။ သူတို့တွေကတော့ ခံတပ်ထဲမှာ ရှိကြပါတယ်၊ ဒါပေမဲ့ ကျွန်တော်ကတော့ ရွှီခရိုင်ဝန်လောက် သူတို့ကို အရေးမကြီးဘူး ထင်လို့ သူတို့ကို ထားခဲ့တာပါ။ ရွှီခရိုင်ဝန်က သူတို့ကို ဘာကိစ္စနဲ့ ရှာတာလဲ"

"ကိစ္စရှိတာပေါ့၊ ကိစ္စကလည်း မသေးဘူး၊ သူတို့ကို ခေါ်လိုက်တာက ပိုပြီးတော့ ကောင်းမယ်"

အခြေအနေကို ကြည့်ပြီး တပ်မှူးကန်းလည်း ငြင်းလို့ မရတာကြောင့် လူတွေကို သွားခေါ်ခိုင်းလိုက်တယ်။ ပြီးတော့ ရွှီထင်းရှန်းကို ထိုင်ဖို့ ဖိတ်ခေါ်ပြီး လက်ဖက်ရည်ကြမ်း တိုက်ခိုင်းလိုက်တာပေါ့။

ရှဲ့သခင်လေးနဲ့ တခြားလူတွေလည်း မကြာခင်မှာ ရောက်လာကြတယ်။ တပ်မှူးကန်းက ကြားထဲကနေ စကားကောင်းပြောပြီး အခြေအနေကို ထိန်းညှိပေးဖို့ လုပ်နေတုန်းမှာပဲ ရွှီထင်းရှန်းက မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်တယ်။ "ကျွန်တော်လည်း စကားအပိုတွေ မပြောတော့ပါဘူး၊ ကျွန်တော့်မှာလည်း အလုပ်တွေ အများကြီး ရှိနေတာ။ ဒီတစ်ခါ ဂျပန်ဓားပြတွေ ကုန်စည် လုယူတဲ့ ကိစ္စမှာ တခြားဟာတွေကို ထားလိုက်ပါဦး၊ တျန့်ဟိုင်အလုပ်သမားအဖွဲ့အစည်းက လူတွေလည်း အသေအပျောက် များတယ်။ ဒီလူတွေအတွက် လျော်ကြေးပေးဖို့ ကိစ္စကိုတော့ မင်းတို့ မိသားစုကြီးတွေက တာဝန်ယူရမယ်။ အလုပ်ခန့်တုန်းကလည်း ဒါကို ပြောထားပြီးသားပဲ၊ တကယ်လို့ တစ်ခုခု နားမလည်တာ ရှိရင်တော့ အဲဒီနေ့က လက်မှတ်ထိုးထားတဲ့ စာချုပ်ကို ပြန်ကြည့်လိုက်ကြပါ"

"ဒါကတော့"

စာချုပ်မှာ လျော်ကြေးပေးရမယ်ဆိုတဲ့ အချက် ပါတယ်ဆိုတာ ကြားတော့ ဘယ်သူမှ မမှတ်မိကြဘူး၊ ဘာလို့လဲဆိုတော့ ဒါတွေက သူတို့ ကိုယ်တိုင် လုပ်ခဲ့တာ မဟုတ်ဘူးလေ။

ဒါပေမဲ့လည်း ဒီနေ့ ရွှီခရိုင်ဝန် လာတာက ဒီလျော်ကြေး ကိစ္စအတွက်ပဲ ဆိုတာ သိသာနေတယ်။ ဒီလူက အမွေးတစ်ပင်တောင် မကျန်အောင် နှုတ်ယူတတ်တဲ့သူဆိုတော့ ခရိုင်ဝန်ရုံးကနေ စိုက်ထုတ်ပေးမှာ မဟုတ်ဘူးဆိုတာ သိနေကြတာပဲ။ နောက်ပြီး ဒါက ငွေအနည်းငယ်ပဲ ရှိတာကြောင့် မိသားစုကြီးတွေကလည်း ဂရုမစိုက်ကြဘဲ သဘောတူလိုက်ကြတယ်။

အခုလို အချိန်မျိုးမှာ ပြဿနာအသစ်တွေ ထပ်မဖြစ်စေချင်တာလည်း ပါတာပေါ့။

173 05

"နောက်တစ်ခုကတော့ ဒီတစ်ခါ ဂျပန်ဓားပြတွေ လာပြီး နှောင့်ယှက်တာကို တပ်မှူးကန်းက ဘယ်လို ဖြေရှင်းဖို့ စဉ်းစားထားသလဲ။ ကျွန်တော်ကတော့ ဒီဒေသရဲ့ ခရိုင်ဝန်မင်း တစ်ယောက်အနေနဲ့ ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူး။ ကျွန်တော်ကတော့ ဒီကိစ္စကို မြို့တော်ဝန်ရုံးနဲ့ စစ်ဌာနချုပ်ကို အရင်ဆုံး တင်ပြမယ်၊ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ ဒီဂျပန်ဓားပြတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းရမယ်"

ရွှီထင်းရှန်းကတော့ တကယ့်ကို ဒေါသတကြီးနဲ့ ပြောနေပေမဲ့ တပ်မှူးကန်းနဲ့ ရှဲ့သခင်လေးရဲ့ မျက်နှာတွေကတော့ ပျက်သွားကြပြီ။

သူတို့တွေ အရာရာကို တွက်ထားခဲ့ပေမဲ့ ဒီရွှီခရိုင်ဝန် ပါလာလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။

သူတို့ရဲ့ အမြင်အရ ဆိုရင်တော့ အဓိကက အထက်က လူတွေပဲ၊ အဆင့် ၇ ရှိတဲ့ အရာရှိငယ်လေးကိုတော့ သူတို့က ထည့်တောင် မစဉ်းစားခဲ့ဘူးလေ။ ဒါပေမဲ့ ဒီလူက လမ်းပိတ်နေတဲ့ တံခါးခုံတစ်ခုလိုပဲ၊ ဘာမှမဟုတ်ဘူး ထင်ရပေမဲ့ အဲဒီနားက ဖြတ်သွားတိုင်းမှာ သတိမထားရင်တော့ ခလုတ်တိုက်မိမှာပဲ။

အခုတော့ ခလုတ်တိုက်မိပြီလေ။

နှစ်ဖက်စလုံးရဲ့စိတ်ကူးက လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတာလေ၊ ဒီရွှီခရိုင်ဝန်က ဘာလုပ်ချင်နေတာလဲ။

ဒီစကားကိုတော့ ရှဲ့သခင်လေးတို့က ပြောလို့ မရဘူးလေ၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အခု အခြေအနေက စီးပွားရေး တာဝန်ခံတွေပဲ မဟုတ်လား။ ဒါကြောင့် တပ်မှူးကန်းကပဲ ပြောရတော့မယ်။

တပ်မှူးကန်းက ရှဲ့သခင်လေးကို တစ်ချက် ကြည့်လိုက်တယ်၊ သူ့ရဲ့ အချက်ပြမှုအရမှ ရွှီထင်းရှန်းကို အတင်းပြုံးပြရင်း ပြောလိုက်တယ်။ "ရွှီခရိုင်ဝန်က ငယ်သေးတော့ ကိစ္စတွေကို နားမလည်သေးဘူးပဲ၊ ဒီလို ကိစ္စမျိုးကို အထက်ကို ဘယ်လိုလုပ် တင်ပြလို့ ရမှာလဲ"

"အထက်ကို မတင်ပြရင်တော့ မင်းတို့က ဘယ်လို လုပ်ကြမလဲ။ အလုခံရတာကို ဒီအတိုင်း ကြည့်နေမှာလား၊ လူတွေ သေကုန်တာကိုကော ဒီအတိုင်းပဲ ထားမှာလား"

ဒီစကားက လူတိုင်းရဲ့ ရင်ထဲကို ဓားနဲ့ ထိုးလိုက်သလိုပဲ။ အထူးသဖြင့် ရွှီထင်းရှန်းရဲ့အမူအရာနဲ့ လေသံက လူတိုင်းကို အရူးတွေလိုမျိုး လှောင်ပြောင်နေသလိုပဲလေ။

တပ်မှူးကန်းက မျက်နှာကို တင်းထားရင်းနဲ့ ပြောလိုက်တယ်။ "ရွှီခရိုင်ဝန်က အရာရှိလောကရဲ့ စည်းကမ်းတွေကို နားမလည်သေးဘူး ထင်တယ်။ အကြိမ်တစ်ရာ အောင်နိုင်တာထက် တစ်ကြိမ် သည်းခံတာက ပိုကောင်းတယ်၊ စကားတွေ အများကြီး ပြောနေတာထက် ငြိမ်နေတာက ပိုပြီးတော့ အဆင်ပြေတယ် ဆိုတဲ့ စကားကို ကြားဖူးလား။ မင်း ရာထူးတက်လာတာ မကြာသေးဘူး၊ မင်းရဲ့ နယ်မြေမှာ ဒီလိုမျိုး ကိစ္စ ဖြစ်တာကို အထက်ကို တင်ပြလိုက်ရင် မင်းရဲ့ ရာထူးအတွက် မကောင်းဘူးလေ..."

ရွှီထင်းရှန်းက သူ့စကားကို ဖြတ်ပြောလိုက်တယ်။ "ကျွန်တော့်ရဲ့ ရာထူးက အရေးမကြီးပါဘူး။ ကျွန်တော်ကတော့ ဒီဒေသရဲ့ ခရိုင်ဝန်မင်း တစ်ယောက်အနေနဲ့ ပြည်သူတွေရဲ့ ဘေးကင်းရေးကိုပဲ အဓိက ထားရမယ်။ ဒီဂျပန်ဓားပြတွေက တကယ့်ကို အတင့်ရဲလွန်းတယ်၊ ငါတို့ရဲ့ နယ်စပ်ကို လာပြီး တိုက်ခိုက်တယ်၊ ပြည်သူတွေကို ဒုက္ခပေးတယ်၊ စီးပွားရေးသမားတွေရဲ့ ကုန်စည်တွေကို လုယူတယ်။ ကျွန်တော်ကတော့ သူတို့ကို လုံးဝ ခွင့်မလွှတ်နိုင်ဘူး"

"ပြီးတော့ ကန်းအရာရှိ၊ မင်းက စစ်သည်တစ်ယောက် ဖြစ်ပြီးတော့ ဒီလောက်အထိ သတ္တိနည်းပြီး ကြောက်တတ်တာလား။ ဘာလဲ... အကြိမ်တစ်ရာ အောင်နိုင်တာထက် တစ်ကြိမ် သည်းခံတာက ပိုကောင်းတယ် ဟုတ်လား။ ကျွန်တော်က စာပေသမား တစ်ယောက်ပဲ ဖြစ်ပေမဲ့ မင်းတို့လို စိတ်ကူးရှိတဲ့ သူတွေနဲ့ တစ်ဖွဲ့တည်း မဖြစ်ချင်ဘူး" ရွှီထင်းရှန်းက အင်္ကျီလက်ကို ခါလိုက်ရင်းနဲ့ တကယ့်ကို အထင်သေးတဲ့ အမူအရာကို ပြလိုက်တာကြောင့် တပ်မှူးကန်းဟာ ဒေါသထွက်လွန်းလို့ သွားတွေကိုတောင် ကြိတ်ထားရတယ်။

ဒီရက်ပိုင်းအတွင်း ကိစ္စတွေ အများကြီး ဖြစ်ခဲ့တာကြောင့် လူတိုင်းဟာ ပင်ပန်းနေကြပြီလေ။ တပ်မှူးကန်းက ဒီလောက်အထိ အဆဲခံရတော့ စိတ်မရှည်တော့ဘဲ တိုက်ရိုက်ပဲ ပြောလိုက်တော့တယ်။ "ရွှီခရိုင်ဝန်၊ မင်း တကယ်ပဲ ဘာလုပ်ချင်တာလဲ။ ဒီစီးပွားရေးက လူသိလို့ မရဘူးဆိုတာ မင်း မသိဘူးလို့ ငါ မယုံဘူး။ လူသိလို့ မရမှတော့ အထက်ကို တင်ပြလို့ မဖြစ်ဘူးလေ၊ မင်းက ဘာလို့ အတင်းအကျပ် တင်ပြချင်နေရတာလဲ။ မင်းမှာ ပြောစရာ ရှိရင်လည်း တိုက်ရိုက်ပြောလိုက်ပါ၊ စကားတွေကို လှည့်ပတ်မနေနဲ့တော့" ဒါကတော့ ရွှီထင်းရှန်းက ငွေညှစ်ချင်လို့ လုပ်နေတယ်လို့ သူက ထင်လိုက်တာပဲ။

တပ်မှူးကန်းတင် မကဘဲ တခြားလူတွေလည်း အဲဒီလိုပဲ ထင်နေကြပြီး ရွှီထင်းရှန်းကို ကြည့်တဲ့ မျက်လုံးတွေကလည်း ရွံရှာမုန်းတီးမှုတွေနဲ့ ပြည့်နေခဲ့တယ်။

"ဩော်... တပ်မှူးကန်းကလည်း ဒီစီးပွားရေးက လူသိလို့ မရဘူးဆိုတာ သိနေတာပဲလား" ရွှီထင်းရှန်းက ဟားဟားတိုက်ပြီး ရယ်လိုက်တယ်။ နောက်ဆုံးတော့ လိုရင်းကို ရောက်လာပြီပေါ့။

173 06

ဒီစကားက အရမ်းကို ထိခိုက်စေတာကြောင့် ရွှီထင်းရှန်းကို ခေါ်လာတဲ့ ချန်အရာရှိက ချက်ချင်းပဲ ထရပ်လိုက်တယ်။ "ရွှီမျိုးရိုး ဒီနေရာက မင်းရဲ့ ခရိုင်ဝန်ရုံး မဟုတ်ဘူးနော်၊ ဒီမှာ လာပြီး ရမ်းကားလို့ မရဘူး"

"ဟက်... သခင်က စကားမပြောသေးဘူး၊ ခွေးက အရင် ဟောင်နေပြီပဲ" လို့ရွှီထင်းရှန်းက လှောင်ပြောင်လိုက်တယ်။

"မင်း.."

တပ်မှူးကန်းက လက်ကို ပြင်းပြင်းထန်ထန် ခါလိုက်ပြီး ချန်အရာရှိကို တားလိုက်တယ်။ အဲဒီနောက်မှာမှ ရွှီထင်းရှန်းကို အေးစက်စက် ကြည့်ရင်း ပြောလိုက်တယ်။ "ရွှီခရိုင်ဝန်က စာတတ်ပေတတ်ဆိုတော့ စကားပြောတာကတော့ တကယ့်ကို ထက်မြက်တာပဲ။ ဒါပေမဲ့ မင်း သိထားရမှာက ကျွန်တော်တို့လို စစ်သည်တွေက စာသိပ်မတတ်ကြဘူး၊ အထူးသဖြင့် ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေက စာတစ်လုံးမှ မတတ်ကြသလို အမှားအမှန်လည်း သိပ်မခွဲခြားတတ်ကြဘူး။ တကယ်လို့ သူတို့တွေ ဒေါသထွက်ပြီး ထိန်းမရ ဖြစ်သွားရင် ဘာဖြစ်မလဲဆိုတာကိုတော့ ကျွန်တော် တာဝန်မယူနိုင်ဘူးနော်"

ဒါကတော့ တိုက်ရိုက် ခြိမ်းခြောက်လိုက်တာပဲ။

ရွှီထင်းရှန်းကတော့ အေးအေးဆေးဆေးပဲ ရယ်လိုက်ပြီး အင်္ကျီလက်ကို သပ်လိုက်ရင်း ပြောလိုက်တယ်။ "တပ်မှူးကန်းက နောက်ပြောင်တာကိုတောင် မခံနိုင်ပါလား။ စစ်သည်တွေက နောက်ပြောင်တာ ဝါသနာပါကြတယ်လို့ ကြားဖူးတာ၊ အခုတော့ ကျွန်တော့်ကို လိမ်ပြောခဲ့ကြတာပဲ။ ကောင်းပြီလေ... ဒါဆိုရင်လည်း ကျွန်တော် တိုက်ရိုက်ပဲ ပြောမယ်။ ဒီတျန့်ဟိုင်ခရိုင်က ကျွန်တော့်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတာ၊ ကျွန်တော်က ဒီက ခရိုင်ဝန်မင်းပဲ၊ ဒါကြောင့် နောက်နောင်မှာ ဟိုတစ်ညကလိုမျိုး ကိစ္စတွေကို ထပ်ပြီး အဖြစ်မခံနိုင်ဘူး"

"အဝေးကြီးကို လာပြီး အရာရှိ လုပ်တယ်ဆိုတာ ငွေရှာဖို့ပဲ မဟုတ်လား၊ ကျွန်တော်ကလည်း ငွေလည်း လိုချင်တယ်။ ဒါပေမဲ့ အသက်ကိုလည်း ဘေးကင်းစေချင်တယ်။ အမှန်တော့ ကျွန်တော်က တပ်မှူးကန်းနဲ့ လာပြီး တိုင်ပင်တာပါ၊ စစ်ဌာနချုပ်ကို တင်ပြပြီး အကူအညီ တောင်းမလားလို့ပေါ့။ ဒါပေမဲ့ တပ်မှူးကန်းကလည်း တင်ပြလို့ မဖြစ်ဘူးလို့ ပြောနေတယ် မဟုတ်လား။ ဒါဆိုရင်တော့ ကျွန်တော်က ဒီဒေသက လူငယ်တွေကို စုဆောင်းပြီး ကိုယ်ပိုင်တပ်ဖွဲ့ တစ်ခု ဖွဲ့မယ်၊ ပြီးတော့ တိုက်သင်္ဘောတွေ အသစ်ထပ်ပြီး ဆောက်မယ်။ ဂျပန်ဓားပြတွေက ပင်လယ်ထဲမှာ တိုက်နေပြီး ကျွန်တော်တို့က ကမ်းပေါ်မှာ ဘာမှမလုပ်နိုင်ဘဲ ရပ်ကြည့်နေရတဲ့ ဒီလိုမျိုး အဖြစ်ဆိုးကိုတော့ နောက်တစ်ခါ အဖြစ်မခံနိုင်တော့ဘူး"

******

174 01

အခန်း (၁၇၄)

ဒီစကားကတော့ လူကို ဆဲဆိုနေတာနဲ့ အတူတူပဲ ဖြစ်တယ်။ ဆဲခံရတဲ့သူကလည်း တပ်မှူးကန်း ပါပဲ။

တျန့်ဟိုင်ခံတပ်က အဲဒီညမှာ အရှုံးကြီး ရှုံးခဲ့ရတာကလည်း ဒီလိုအားနည်းချက်ကြောင့်ပဲ ဖြစ်တယ်။ တိုက်သင်္ဘောကလည်း နည်းလွန်းသလို တစ်ဖက်က အမြောက်အင်အားကလည်း အရမ်းပြင်းထန်တယ်၊ ဒါတင်မကဘဲ အဲဒီ ဟုန်ဘန်း ဓားပြတွေကလည်း တော်တော်လေး ကောက်ကျစ်ကြတယ်၊ ကုန်စည်တွေ သင်္ဘောပေါ် တင်နေတဲ့ အချိန်ကိုမှ ရွေးပြီး တိုက်ခိုက်ခဲ့ကြတာ။

ကုန်စည်တွေ တင်နေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး လူတွေကို ကုန်တင်သင်္ဘောပေါ် လျှို့ဝှက်တက်ခိုင်းခဲ့တာကြောင့် သူတို့တွေမှာ ပြန်ပြီး ခုခံဖို့တောင် အချိန်မရလိုက်ဘဲ သူတစ်ပါးက ကုန်စည်တွေကို လုယူပြီး ထွက်ခွာသွားတာကို ဒီအတိုင်း ရပ်ကြည့်နေခဲ့ကြရတယ်။

တပ်မှူးကန်းကလည်း လူတွေကို လိုက်ခိုင်းခဲ့ပေမဲ့ တစ်ဖက်က အမြောက်အင်အားကို မယှဉ်နိုင်ခဲ့ဘူး။ လူအင်အားက တစ်ဖက်ထက် အဆပေါင်းများစွာ သာနေပေမဲ့လည်း အသုံးပြုလို့ရတဲ့ တိုက်သင်္ဘော မရှိတာကြောင့် အရှုံးနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်။

ဒါကတော့ ဘုန်းကြီးကို ကြည့်ပြီး ထိပ်ပြောင်တယ်လို့ ဆဲနေတာနဲ့ အတူတူပဲ၊ ဒီလို ကိစ္စမျိုး ဖြစ်လာတာကတင် စိတ်ပျက်ဖို့ ကောင်းနေပြီလေ။ အထက်က လူတွေကတော့ ဟုန်ဘန်းရဲ့လက်ချက်ဆိုတာ သိပေမဲ့ အောက်က လူတွေကတော့ ဒါကို မသိကြဘူး။ ဒီရက်ပိုင်းအတွင်းမှာ တပ်မှူးကန်းကို လူသိရှင်ကြားရော လျှို့ဝှက်ပြီးတော့ပါ ဘယ်နှစ်ခါလောက် ဆဲခဲ့ကြသလဲ မသိတော့ဘူး။ သူက ပိုက်ဆံပဲ ယူတတ်ပြီး အရေးကြီးတဲ့ အချိန်ကျရင် ဘာမှ အသုံးမကျဘူးလို့ပဲ ပြောနေကြတာ။

ဒါကြောင့် ဒီစကားကို ကြားလိုက်ရတဲ့ အခါမှာတော့ တပ်မှူးကန်းဟာ ချက်ချင်းပဲ ဒေါသတွေ ထွက်လာပြီး ရွှီထင်းရှန်းကို ထပြီးတော့ တိုက်ခိုက်ဖို့ပဲ ကျန်တော့တယ်။

အဲဒီအချိန်မှာပဲ အောက်မှာ ထိုင်နေတဲ့ ရှဲ့သခင်လေးက ချောင်းတစ်ချက် ဟန့်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ကိုင်ကာ သောက်နေလိုက်တယ်။ အဲဒီတော့မှ တပ်မှူးကန်းဟာ ဒေါသကို အတင်းအကျပ် မျိုသိပ်လိုက်ပြီး ပြန်ပြီး ထိုင်လိုက်တယ်။

"ရွှီခရိုင်ဝန် ပြောတာကတော့ တော်တော်လေး လွယ်ကူနေသလိုပဲ၊ အရပ်သားတပ်ဖွဲ့ကို စုဆောင်းမယ်ဆိုရင် ဘယ်လို အကြောင်းပြချက်နဲ့ လုပ်မှာလဲ။ တကယ်လို့ အထက်က သဘောမတူရင်တော့ မင်းက ကိုယ်ပိုင်တပ်ဖွဲ့ကို တရားမဝင် ဖွဲ့စည်းတာပဲ ဖြစ်မှာ။ နောက်ပြီး တိုက်သင်္ဘော ဆောက်ဖို့ဆိုတာကလည်း မင်း ထင်သလို မလွယ်ဘူး၊ တိုက်သင်္ဘော ဆိုတာက မုန်လာဥတွေ၊ ဂေါ်ဖီထုပ်တွေ မဟုတ်ဘူး။ မင်း ဆောက်ချင်တယ်ဆိုရင် သစ်သားအစုတ်လေးတွေနဲ့ ဆောက်လို့ရတဲ့ အရာ မဟုတ်ဘူးလေ"

ရွှီထင်းရှန်းကတော့ တပ်မှူးကန်းရဲ့ လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ ရှဲ့သခင်လေးကို တစ်ချက် ကြည့်လိုက်တယ်။

တစ်ဖက်လူက လက်ဖက်ရည်သောက်နေရင်းနဲ့ သူ့စကားကို ပြန်မဖြေတာ မြင်တော့ သူကပဲ ခပ်ဟဟ ရယ်လိုက်ရင်း ပြောလိုက်တယ်။ "အခက်အခဲထက် နည်းလမ်းက ပိုများပါတယ်၊ ဒါဆို တပ်မှူးကန်း ပြောသလို ဘာမှလုပ်လို့ မရဘူးဆိုရင် မင်းတို့ရဲ့ ဒီစီးပွားရေးတွေကို ဆက်မလုပ်ကြတော့ဘူးလား”

ဆက်မလုပ်ဘဲ နေဖို့ဆိုတာကတော့ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပဲ၊ ဒါပေမဲ့ ဆက်လုပ်မယ် ဆိုရင်တောင်မှ မင်းကိုတော့ ပြောပြမှာ မဟုတ်ဘူးလေ။

ရွှီထင်းရှန်းကတော့ အဲဒီလူတွေရဲ့ စိတ်ကူးကို သိနေတဲ့ ပုံစံနဲ့ ပြုံးလိုက်ပြီး ထပ်ပြောတယ်။ "မင်းတို့တွေ ဆက်မလုပ်ဘဲ မနေလိုက်ကြပါနဲ့ဦး၊ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ပြောတာ မဟုတ်ပါဘူး၊ ငွေဆိုတာ ဘယ်လို ပုံစံမျိုးလဲဆိုတာ အခုမှ မြင်ဖူးတာလေ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် မင်းတို့တွေ နောက်ထပ် နှစ်အနည်းငယ်လောက်တော့ ဆက်ပြီး သည်းခံပေးကြပါဦး၊ ကျွန်တော် ရာထူးပြောင်းသွားတဲ့ နေ့ကျမှ မင်းတို့ ဆက်မလုပ်ဘူး ဆိုရင်လည်း ကျွန်တော် ဘာမှ မပြောတော့ပါဘူး"

ဒီလူက တကယ်ပဲ တမင်တကာ လာပြီး ပြဿနာ ရှာနေတာလား။

ပြောလိုက်တဲ့ စကားတိုင်းက လူကို ထိခိုက်စေသလို အရှက်မရှိဘူး ဆိုတာကိုလည်း ပေါ်လွင်နေစေတယ်။

174 02

ရှဲ့သခင်လေးကတော့ ရယ်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ချကာ ပြောလိုက်တယ်။ "ရွှီခရိုင်ဝန်က တကယ့်ကို ပွင့်လင်းတာပဲ”

ရွှီထင်းရှန်းက သူ့ကို ကြည့်ပြီး ပြန်ပြောလိုက်တယ်။ "ဒါပေါ့၊ ဒါပေါ့”

"ဒါပေမဲ့ ကန်းအရာရှိ ပြောခဲ့တဲ့ ပြဿနာတွေကတော့ မဖြစ်မနေ ဖြေရှင်းရမယ့် အချက်တွေပဲ ဖြစ်တယ်. ရွှီခရိုင်ဝန်အနေနဲ့လည်း ကိုယ့်စိတ်ကူးနဲ့ကိုယ် အရာရာကို အဆင်ပြေအောင် လုပ်နိုင်လိမ့်မယ်လို့တော့ မထင်ဘူးလေ" ရှဲ့သခင်လေးက အေးအေးဆေးဆေး ပြောလိုက်တယ်။ တကယ်တော့ သူက စကားကို အလှအပလေး သုံးပြီး ပြောလိုက်တာ ဖြစ်ပေမဲ့ ရိုးရိုးသားသား ဘာသာပြန်ရရင်တော့ ရွှီထင်းရှန်းဟာ ခေါင်းထဲမှာပဲ စိတ်ကူးယဉ်နေပြီး လက်တွေ့မှာ ဖြစ်လာနိုင်တဲ့ အခက်အခဲတွေကိုတော့ ထည့်မစဉ်းစားတဲ့သူလို့ ပြောလိုက်တာပဲ ဖြစ်တယ်။

ရွှီထင်းရှန်းကတော့ ကုလားထိုင် တစ်လုံးကို ယူပြီး ရှဲ့သခင်လေးနဲ့ မျက်နှာချင်းဆိုင် နေရာမှာ ထိုင်လိုက်တယ်။

အရင်ကတော့ ရှဲ့သခင်လေးတို့ ထွက်သွားပြီး ပြန်လာတဲ့ အချိန်မှာ ရှဲ့သခင်လေးက အစွန်ဆုံး နေရာကနေ ဘယ်ဘက် အောက်ဘက် နေရာကို ပြောင်းထိုင်ခဲ့တာ ဖြစ်တယ်။ ရွှီထင်းရှန်းကတော့ အရင်က အစွန်ဆုံး နေရာရဲ့ ညာဘက်မှာ ရှိနေခဲ့တာ၊ အခုတော့ ဒီလိုမျိုး ဝင်ပြီး ထိုင်လိုက်တာကတော့ ဒီအတိုင်း လုပ်လိုက်တာလို့ ထင်ရပေမဲ့ တကယ်တော့ အဓိပ္ပာယ်တွေ အများကြီး ပါဝင်နေတာ ဖြစ်တယ်။

ရှဲ့သခင်လေးရဲ့ မျက်လုံးတွေကတော့ တစ်ချက် လက်သွားခဲ့ပေမဲ့ ရွှီထင်းရှန်းကတော့ စကားတွေကို အားရပါးရ ပြောနေပြီ ဖြစ်တယ်။

"တကယ်တော့ ဒီကိစ္စက ပြောရင် လွယ်သလိုလိုနဲ့ ခက်လည်း ခက်တယ်လေ။ ဥပမာ အရပ်သားတပ်ဖွဲ့ စုဆောင်းတဲ့ ကိစ္စဆိုရင် နန်းတွင်းမှာ စည်းကမ်း ရှိပြီးသားပဲ၊ အခြေအနေ မကောင်းတဲ့ အချိန်မျိုးမှာ ဒေသခံတပ်ဖွဲ့တွေက မကူညီနိုင်ရင် ဒေသဆိုင်ရာ အရာရှိက မိမိဘာသာ အရပ်သားတပ်ဖွဲ့ကို စုဆောင်းပြီး နယ်မြေလုံခြုံရေးကို ဆောင်ရွက်နိုင်တယ်ဆိုတာ ရှိတယ်။ တျန့်ဟိုင်ခရိုင်က ပင်လယ်နဲ့ နီးသလို ဂျပန်ဓားပြတွေကလည်း ခဏခဏ လာနှောင့်ယှက်နေတာဆိုတော့ ဒီစည်းကမ်းနဲ့ ကိုက်ညီနေတာပဲ”

"သင်္ဘောဆောက်တဲ့ ကိစ္စကတော့ ဂျပန်ဓားပြတွေက တောပုန်းတွေနဲ့ မတူဘူးလေ။ တောပုန်းတွေက ခြေရာလက်ရာ ရှိတော့ ဝိုင်းပြီး နှိမ်နင်းလို့ ရပေမဲ့ ပင်လယ်ဓားပြတွေကတော့ ပင်လယ်ထဲမှာ ပျောက်သွားတာနဲ့ ရှာလို့ မရတော့ဘူး။ ရန်သူကို တိုက်မယ်ဆိုရင်လည်း ဓားကို အရင် သွေးရမှာပဲလေ၊ ဓားမရှိရင်တော့ ဘယ်လောက်ပဲ တော်တဲ့သူ ဖြစ်ပါစေ ဘာမှလုပ်လို့ မရဘူး။ ဒီဓားကို ဘယ်လို သွေးရမလဲ ဆိုတာကတော့ ကျွန်တော်လို စာပေသမားအတွက်သာ ခက်ခဲတာ ဖြစ်ပေမဲ့ မင်းတို့အတွက်တော့ ခက်ခဲပါ့မလား”

မင်းတို့လို့ ပြောလိုက်တဲ့ အချိန်မှာ ရွှီထင်းရှန်းက ရှဲ့သခင်လေး ကို ကြည့်ပြီး ပြောလိုက်တာ ဖြစ်တယ်။

ရှဲ့သခင်လေးကတော့ ရယ်လိုက်ပြီး ဘာမှ ဖုံးကွယ်မနေတော့ဘဲ ပြောလိုက်တယ်။ "ရွှီခရိုင်ဝန်ရဲ့ စိတ်ကူးက တကယ့်ကို အဖက်ဖက်က ပြည့်စုံလှပါတယ်။ ဒါပေမဲ့ အရပ်သားတပ်ဖွဲ့ကို စုဆောင်းတဲ့ နေရာမှာ နည်းရင်တော့ အသုံးမဝင်သလို၊ များရင်တော့ လူတွေရဲ့ သတိထားမိတာကို ခံရမယ့်အပြင် ငွေတွေ အများကြီးလည်း လိုအပ်လိမ့်မယ်။ နောက်ပြီး ကန်းအရာရှိ ပြောခဲ့တာလည်း အမှန်ပဲ၊ တိုက်သင်္ဘော ဆောက်တာက မုန်လာဥတွေ ဆောက်တာ မဟုတ်ဘူး၊ သစ်သားတွေကို ဒီအတိုင်း စုပြီး ဆောက်လို့ ရတာ မဟုတ်ဘူးလေ၊ ဒါကလည်း ငွေတွေ အများကြီး လိုတာပဲ။ သင်္ဘော ဆောက်ပြီးရင်လည်း အမြောက်တွေ တပ်ရဦးမယ်၊ ဒါတွေကတော့ ပိုပြီးတော့တောင် ငွေလိုဦးမှာပဲ”

ရွှီထင်းရှန်းက 'မင်း ပြောနေတာတွေက အပိုတွေပဲ' ဆိုတဲ့ အမူအရာနဲ့ သူ့ကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။

"ဒါတွေအတွက် ဖြေရှင်းမယ့် နည်းလမ်းကို ကျွန်တော် အစကတည်းက ပေးထားပြီးသားပဲလေ"

ရှဲ့သခင်လေးကတော့ ခဏလောက် ကြောင်သွားခဲ့ပေမဲ့ ရွှီထင်းရှန်းကတော့ သူ့ရဲ့ စိတ်ကူးကို အတည်ပြုပေးတဲ့ အနေနဲ့ ထပ်ပြောလိုက်တယ်။

"မင်းတို့ ရှိနေတာပဲ မဟုတ်လား"

တင်ဟွာတုံးက အံ့ဩတကြီးနဲ့ မေးလိုက်တယ်။ "မင်းရဲ့ အဓိပ္ပာယ်က ငါတို့ကို ငွေထုတ်ခိုင်းတာလား”

ရွှီထင်းရှန်းက ပြုံးပြီး ခေါင်းညိတ်လိုက်ရင်း ချီးကျူးလိုက်တယ် "အဘိုးကြီးက တကယ့်ကို အမြင်စူးရှတာပဲ။ ကျွန်တော်က အဲဒီလိုပဲ စဉ်းစားထားတာ ဖြစ်တယ်”

"ဒါက တကယ့်ကို ရယ်စရာ ကောင်းလွန်းတယ်၊ မင်းက အရပ်သားတပ်ဖွဲ့ ဖွဲ့ချင်တယ်။ သင်္ဘော ဆောက်ချင်တယ်၊ အခုတော့ ငါတို့ကို ငွေထုတ်ခိုင်းနေတာလား"

"ဟုတ်တယ် မင်းက ငါတို့ကို အရူးတွေလို့ ထင်နေတာလား”

တပ်မှူးကန်းကလည်း ဟားတိုက်ပြီး လှောင်ရယ်လိုက်တယ်။ ရွှီထင်းရှန်းကို အရူးတစ်ယောက်လို ကြည့်နေခဲ့ပေမဲ့ ရှဲ့သခင်လေးကတော့ မျက်မှောင်ကြုတ်ပြီး စဉ်းစားနေခဲ့တယ်။

174 03

"မင်းတို့တွေကတော့ တကယ့်ကို စေတနာကို ဝေဒနာ ဖြစ်အောင် လုပ်နေကြတာပဲ။ ကျွန်တော်က ဒါတွေ ဘယ်သူ့အတွက် လုပ်ပေးနေတာလဲ၊ မင်းတို့အတွက် လုပ်ပေးနေတာလေ။ ကျွန်တော့်အတွက် လုပ်နေတာ မဟုတ်ဘူး ကျွန်တော်ကတော့ အစိုးရ အရာရှိ တစ်ယောက်ပဲ၊ နိုင်ငံခြားသားတွေနဲ့လည်း စီးပွားရေး လုပ်နေတာ မဟုတ်သလို၊ ကုန်စည် အလုခံရတဲ့သူကလည်း ကျွန်တော် မဟုတ်ဘူး။ ဒီလို လျှို့ဝှက်ပြီး စီးပွားရေး လုပ်တာက ခေါင်းဖြတ်ခံရမယ့် အပြစ်မျိုးပဲလေ၊ ကျွန်တော်က မင်းတို့ရဲ့ အတင်းအကျပ် ခိုင်းစေမှုကြောင့်သာ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ လုပ်ပေးနေရတာ။ အခု ဒီလို ကိစ္စမျိုး ဖြစ်လာတော့ ကျွန်တော်က မင်းတို့အတွက် စဉ်းစားပေးတယ်၊ နည်းလမ်းတွေ ရှာပေးတယ်၊ အခုတော့ ကျွန်တော်က ရယ်စရာ ကောင်းတဲ့သူ ဖြစ်သွားပြီလား”

ရွှီထင်းရှန်းက ပြောလေ ဒေါသထွက်လေ ဖြစ်လာပြီး မတ်တပ်ရပ်လိုက်ရင်း ပြောလိုက်တယ်။ "ကျွန်တော့်ရဲ့ အေးအေးချမ်းချမ်း ရှိတဲ့ နယ်မြေမှာ မင်းတို့တွေ လာပြီး ဒီလို လူမသိရတဲ့ ကိစ္စတွေကို မလုပ်ခဲ့ရင် ဒီလို ကိစ္စတွေ ဖြစ်လာပါ့မလား။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ အရာရှိအလုပ်ကိုပဲ လုပ်ပြီး သုံးနှစ် ပြည့်တာနဲ့ ထွက်သွားရုံပဲ ရှိတယ်။ အခုတော့ မင်းတို့ကြောင့် အရာရာက ရှုပ်ထွေးကုန်ပြီး ကျွန်တော်ကပဲ မင်းတို့ရဲ့ အရှုပ်ထုပ်တွေကို လိုက်သိမ်းပေးနေရတယ်"

ဒီစကားက နားထဲမှာတော့ နည်းနည်းတော့ ခါးပေမဲ့ သေချာ စဉ်းစားကြည့်ရင်တော့ ဒါက အမှန်တရားပဲလေ။

ဒါကို ကြည့်ရတာ ဒီရွှီခရိုင်ဝန်က သူတို့ကြောင့် ဒုက္ခရောက်နေရတာလား။ ဒါပေမဲ့ ဒီလူက အမွေးတစ်ပင်တောင် မကျန်အောင် နှုတ်ယူတတ်တဲ့သူ ဖြစ်တာကို ပြန်စဉ်းစားမိတော့ တစ်ခုခုတော့ မှားနေသလိုပဲလို့ ခံစားမိကြပြန်တယ်။

"မင်းတို့ အားလုံးက ကျွန်တော့်ကို အပိုတွေ လုပ်နေတယ်လို့ ထင်နေမှတော့ ကျွန်တော်လည်း မကူညီတော့ဘူး၊ မင်းတို့ရဲ့ စီးပွားရေးကိုလည်း လုပ်ချင်လုပ် မလုပ်ချင်နေ၊ ကိစ္စက ကြီးထွားသွားရင်တော့ အားလုံး အတူတူ သေကြတာပေါ့" ပြောပြီးတာနဲ့ ရွှီထင်းရှန်းက အင်္ကျီလက်ကို ခါလိုက်ပြီး ထွက်သွားဖို့ လုပ်တဲ့ အချိန်မှာပဲ ရှဲ့သခင်လေးက သူ့ကို လှမ်းခေါ်လိုက်တယ်။

"ရွှီခရိုင်ဝန် စိတ်မဆိုးပါနဲ့ဦး။ သူတို့က အဲဒီလို ရည်ရွယ်ချက်နဲ့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရုတ်တရက် ဒီလို ကိစ္စမျိုးနဲ့ ကြုံလိုက်ရတော့ လူတိုင်းက စိတ်ရှုပ်နေကြလို့ပါ"

ရွှီထင်းရှန်းက ခြေလှမ်းတွေကို ရပ်လိုက်ပြီး သံသယရှိတဲ့ မျက်လုံးတွေနဲ့ သူ့ကို တစ်ချက် ကြည့်လိုက်တယ်။ ရှဲ့သခင်လေးက သူ့ကို ခေါင်းညိတ်ပြုံးပြတော့မှ သူက ပြောလိုက်တယ်။ "ဘယ်လိုလဲ မင်းရဲ့စိတ်ကူးက သူတို့နဲ့ မတူဘူးလို့ ပြောချင်တာလား”

"ရွှီခရိုင်ဝန် ပြောတာကို ကျွန်တော် စိတ်ဝင်စားပါတယ်။ လက်တွေ့မှာ ဖြစ်နိုင်၊ မဖြစ်နိုင်ကိုပဲ ကြည့်ရမှာပေါ့”

ရွှီထင်းရှန်းက လက်ကို ခါလိုက်ပြီး ဂရုမစိုက်တဲ့ ပုံစံနဲ့ ပြောလိုက်တယ်။ "ဒါက ဖြစ်နိုင်၊ မဖြစ်နိုင် စဉ်းစားနေစရာ မလိုပါဘူး။ အရပ်သားတပ်ဖွဲ့ကို ခရိုင်ဝန်ရုံးက စုဆောင်းမယ်၊ သင်္ဘော ဆောက်တာကိုလည်း ခရိုင်ဝန်ရုံးကပဲ အရှေ့ကနေ လုပ်ပေးမယ်၊ ဒါမှမဟုတ်ရင်လည်း ခံတပ်ကိုပဲ အကြောင်းပြချက်အနေနဲ့ သုံးလို့ ရတာပဲလေ၊ ကောင်းကင်ကြီးကတော့ ပြိုမကျပါဘူး။ ဒီလို လုပ်လိုက်ရင်တော့ လိုအပ်ရင် ရှေ့တိုးလို့ ရသလို မလိုအပ်ရင်လည်း နောက်ဆုတ်လို့ ရတာပေါ့၊ နှစ်ဖက်စလုံးအတွက် အဆင်ပြေစေမှာပဲ”

"ဒါကတော့" ဒီလို ကိစ္စမျိုးက ရှဲ့သခင်လေး အနေနဲ့လည်း ချက်ချင်း ဆုံးဖြတ်လို့ ရတာမျိုး မဟုတ်တာကြောင့် သူကတော့ ဝေခွဲမရ ဖြစ်နေခဲ့တယ်။

"ဒီလောက် ကောင်းတဲ့ နည်းလမ်းကိုမှ မင်းတို့က ငြင်းမယ်ဆိုရင်တော့ နောက်ပိုင်းမှာ စီးပွားရေး ဆက်လုပ်လို့ မရရင်လည်း မင်းတို့ ခံရုံပဲ ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဘက်ကတော့ ဘာမှ ဆုံးရှုံးစရာ မရှိဘူး၊ ကျွန်တော် ပြောချင်တာကတော့ ဒါပါပဲ”

"ရွှီခရိုင်ဝန် ကျွန်တော့်ကို ခဏလောက် စဉ်းစားဖို့ အချိန်ပေးပါဦး”

ရွှီထင်းရှန်းက ထပ်ပြီး ထွက်သွားဖို့ လုပ်တဲ့ အချိန်မှာပဲ ရှဲ့သခင်လေးက တပ်မှူးကန်းရဲ့ အံ့ဩနေတဲ့ မျက်လုံးတွေကို ဂရုမစိုက်ဘဲ အခုလို ပြောလိုက်တာ ဖြစ်တယ်။

"စဉ်းစားမယ်ဆိုရင်လည်း အမြန် စဉ်းစားကြပေါ့၊ တစ်ရက် နောက်ကျတာနဲ့ ငွေရှာဖို့ တစ်ရက် နောက်ကျတာနဲ့ အတူတူပဲ။ ဩော်... ဒါနဲ့ တစ်ခုတော့ ကြိုပြောထားရမယ်၊ ခရိုင်ဝန်ရုံးမှာတော့ မင်းတို့ကို ထောက်ပံ့ပေးဖို့ ငွေမရှိဘူးနော်၊ မင်းတို့ ဘာသာပဲ ဖြေရှင်းကြရမှာပဲ”

"ကျွန်တော့်မှာ နားမလည်တာ တစ်ခု ရှိသေးတယ်၊ ရွှီခရိုင်ဝန်က ဘာလို့ ဒီလောက်အထိ အပင်ပန်းခံပြီး ကူညီပေးနေရတာလဲ” ရှဲ့သခင်လေးကတော့ အေးအေးဆေးဆေး မေးလိုက်ပေမဲ့ မျက်လုံးတွေကတော့ ရွှီထင်းရှန်းကိုပဲ စိုက်ကြည့်နေခဲ့တယ်။

"ဘာလို့ ဒီလောက် အပင်ပန်းခံနေရတာလဲ ဟုတ်လား”

174 04

ရွှီထင်းရှန်းက လှည့်ကြည့်လိုက်ပြီး ရှဲ့သခင်လေးကို ပြုံးပြလိုက်တယ်။ "မင်းကတော့ ကျွန်တော့်ကို ဒီဒေသက ပြည်သူတွေ အသက်မွေးဖို့ ခက်ခဲနေတာကို သနားလို့ လုပ်ပေးတာလို့ပဲ ထင်ချင်ထင်၊ ဒါမှမဟုတ် ငွေကို အသက်ထက် မက်မောတဲ့သူလို့ပဲ ထင်ချင်ထင်။ မင်းတို့ရဲ့ စီးပွားရေးသာ ဆက်လုပ်နေမယ်ဆိုရင် ကျွန်တော့်ဆီကိုလည်း ငွေတွေက အဆက်မပြတ် ရောက်လာမှာပဲလေ၊ ဒါကို ဘာလို့ မလုပ်ဘဲ နေမှာလဲ”

ရွှီထင်းရှန်းထွက်သွားပြီ ဖြစ်ပေမဲ့ ရှဲ့သခင်လေးကတော့ စဉ်းစားခန်း ဝင်နေတုန်းပဲ။

ဘေးနားက တင်မိသားစုက လူတွေကတော့ တော်တော်လေးကို စိုးရိမ်နေကြတယ်၊ ရှဲ့သခင်လေးက စိတ်ကူးပေါက်ပြီး အဲဒီရွှီမျိုးရိုးရဲ့ အကွက်ထဲကို ဆင်းသွားမှာကို ကြောက်နေကြတာလေ။

"ရှဲ့သခင်လေး၊ မင်း သေသေချာချာ စဉ်းစားပါဦး၊ ဒါက နောက်ပြောင်ရမယ့် ကိစ္စမဟုတ်ဘူး။ မင်းက သဘောတူလိုက်ရင်တောင်မှ ငါတို့ကတော့ မိသားစု အကြီးအကဲတွေဆီကို ပြန်ပြီး တင်ပြရဦးမှာပဲ”

ရှဲ့သခင်လေးက သက်ပြင်းကို အရှည်ကြီး ချလိုက်ပြီး ပြောလိုက်တယ်။ "ဒီနည်းလမ်းက လောလောဆယ်မှာ တစ်ခုတည်းသော လုပ်ဆောင်နိုင်တဲ့ နည်းလမ်းပဲ ဖြစ်သလို ငါတို့အတွက်လည်း အကျိုးအရှိဆုံးပဲ”

တစ်ဖက်လူက စကားပြောဖို့ ပြင်လိုက်တာကို သူက လက်နဲ့ တားလိုက်ပြီး ထပ်ပြောတယ်။ "ဟုန်ဘန်းက နောက်တစ်ခါ ထပ်လာမလားဆိုတာကိုပဲ စိုးရိမ်နေပြီးတော့ ငါတို့ရဲ့စီးပွားရေး အားလုံးကို ရပ်ထားလို့ မဖြစ်ဘူးလေ။ ဒါပေမဲ့ ကြိုတင် မကာကွယ်ဘဲနဲ့ နောက်တစ်ခါ ထပ်ဖြစ်မယ်ဆိုရင်တော့ လူတိုင်းဟာ အကြီးအကျယ် ထိခိုက်ကုန်ကြမှာပဲ။ ဒီငွေတွေကို ဟုန်ဘန်းလက်ထဲ အလကား ပေးလိုက်ရတာထက် ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့ကို ဖွဲ့စည်းလိုက်တာက ပိုကောင်းတယ်။ ဒါပေမဲ့ လူတိုင်းမှာက မိသားစုတွေ ရှိကြတာဆိုတော့ တိုက်သင်္ဘောတွေနဲ့ ကိုယ်ပိုင်တပ်ဖွဲ့ကိုသာ ဖွဲ့စည်းလိုက်ရင် ပြဿနာ မတက်သရွေ့တော့ ကိစ္စမရှိပေမဲ့ တစ်ခုခု ဖြစ်လာရင်တော့ တစ်မျိုးနွယ်လုံးကို ထိခိုက်သွားနိုင်တယ်။ ဒါကြောင့်ပဲ လူတိုင်းက ဝေခွဲမရ ဖြစ်နေကြပြီး အဲဒီအန္တရာယ်ဇုန်ထဲကို မဝင်ရဲကြတာ ဖြစ်မှာပဲ”

"အခု ဒီကိစ္စကို တစ်ယောက်ယောက်က ကူညီပြီး လုပ်ပေးနေပြီလေ၊ ဒီလူမှာ ဘယ်လိုမျိုး ကိုယ်ကျိုးကြည့်တဲ့ စိတ်ရှိနေပါစေ၊ လူသိသွားမှာကိုပဲ စိုးရိမ်စရာ ရှိတာ။ ဒါပေမဲ့ ဒီလောကမှာ ဘယ်အရာမှတော့ အပြည့်အဝ စိတ်မချရဘူးလေ၊ ငါတို့ကတော့ လူမသိအောင် ဖုံးကွယ်ထားနိုင်မယ်လို့ပဲ လောင်းကြေးထပ်ရမှာပဲ။ တကယ်လို့များ ဒီကိစ္စက လူသိသွားခဲ့ရင်တောင်မှ တာဝန်ခံပေးမယ့်သူ တစ်ယောက် ရှိနေတာ မကောင်းဘူးလား”

အဲဒီတာဝန်ခံပေးမယ့်သူကတော့ ရွှီထင်းရှန်းနဲ့ တျန့်ဟိုင်ခရိုင်ဝန်ရုံးပဲ ဖြစ်တယ်။

အရပ်သားတပ်ဖွဲ့ကို ခရိုင်ဝန်ရုံးက ဖွဲ့စည်းပေးတာ၊ သင်္ဘောတွေကို ခရိုင်ဝန်ရုံးက ဆောက်ပေးတာ ဆိုတော့ ကိစ္စတစ်ခုခု ဖြစ်လာရင်တောင်မှ ရှဲ့သခင်လေးတို့ဆီကို ရောက်လာမှာ မဟုတ်ဘူးလေ။ ဒီလို ကိစ္စမျိုးက တပ်မှူးကန်း အတွက်လည်း မသင့်တော်သလို ရှဲ့သခင်လေးတို့အတွက်လည်း မသင့်တော်ဘူး၊ အသင့်တော်ဆုံးကတော့ တျန့်ဟိုင်ခရိုင်ရဲ့သခင် ဖြစ်တဲ့ ရွှီထင်းရှန်းပဲ ဖြစ်တယ်။

အဓိကကတော့ ရှဲ့သခင်လေးတို့မှာ စိုးရိမ်စရာတွေ အများကြီး ရှိနေတာကြောင့်ပဲ တကယ်လို့သာ အရင်မင်းဆက် လက်ထက်က ရှဲ့မိသားစုသာ ဆိုရင်တော့ ဒီလိုမျိုး အဖြစ်ခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုက မင်မင်းဆက် ဖြစ်နေသလို ရှဲ့မိသားစုကလည်း အရင်လို မဟုတ်တော့ဘဲ အင်အားစု အသီးသီးကြားမှာ အသက်ရှင်ဖို့ ကြိုးစားနေရတဲ့ မိသားစုတစ်ခုပဲ ဖြစ်တယ်။

ဒါကြောင့်လည်း ဒီလောက်အထိ အပင်ပန်းခံပြီး ရွှမ်းယွီကျွန်း ဆိပ်ကမ်းကို ပြန်ဖွင့်ခဲ့ရတာပေါ့။ ရွှမ်းယွီကျွန်းနဲ့တျန့်ဟိုင်ခရိုင်က ဘယ်လောက်ပဲ ကောင်းတယ် ပြောပြော မင်မင်းဆက်ရဲ့ကမ်းရိုးတန်းက အရှည်ကြီး ရှိနေတာလေ၊ ဒီထက် ပိုကောင်းတဲ့ နေရာတွေလည်း ရှိတာပဲ၊ ဒါပေမဲ့ ရှဲ့မိသားစုကတော့ အဲဒီနေရာတွေကို မပိုင်ဆိုင်နိုင်သလို သွားပြီးတော့လည်း မလုပ်နိုင်ဘူး။

ဒါပေါ့၊ ရှဲ့သခင်လေးရဲ့ရင်ထဲမှာတော့ နောက်ထပ် စိတ်ကူးတစ်ခု ရှိနေသေးပေမဲ့ အဲ့ဒါကိုတော့ လောလောဆယ် ပြောဖို့ မစဉ်းစားထားသေးဘူး။

အောက်က လူတွေကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး တင်ဟွာတုံးက အရင်ဆုံး ပြောလိုက်တယ်။ "ဒီကိစ္စကိုတော့ ငါတို့ ဆုံးဖြတ်လို့ မရဘူး၊ မိသားစု အကြီးအကဲတွေကို တင်ပြရဦးမယ်”

"ဒါဆိုရင်လည်း အမြန် လုပ်ကြပေါ့၊ အဲဒီ ရွှီခရိုင်ဝန် ပြောသလိုပဲ တစ်ရက် နောက်ကျရင် အချိန် နောက်ကျတာ မဟုတ်ဘူး၊ ငွေ နောက်ကျတာ ဖြစ်တယ်။ နောက်ပြီးတော့လည်း မင်းတို့ရဲ့မိသားစုအကြီးအကဲတွေကို ပြောလိုက်ပါဦး၊ မင်းတို့ ဒီကိစ္စမှာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ရှဲ့မိသားစုကတော့ ပါမှာ အသေအချာပဲ”

"သခင်လေး" တပ်မှူးကန်းက အံ့ဩတကြီးနဲ့ ခေါ်လိုက်တယ်။

ရှဲ့သခင်လေးကတော့ လက်ကို မြှောက်ပြီး သူ့စကားကို တားလိုက်တယ်။

ဒါကို မြင်တော့ တင်ဟွာတုံးတို့လည်း ဆက်မနေတော့ဘဲ နှုတ်ဆက်ပြီး ထွက်သွားကြတယ်။

174 05

အဲဒီလူတွေ ထွက်သွားပြီးနောက်မှာ တပ်မှူးကန်းက တစ်ခုခု ပြောဖို့ ပြင်လိုက်ပေမဲ့ ပြန်ပြီး ငြိမ်နေလိုက်ပြန်တယ်။

ရှဲ့သခင်လေးကတော့ သူ့ကို ကြည့်ပြီး ပြောလိုက်တယ်။ "ကန်းဦးလေး ဒီရွှီထင်းရှန်းရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတယ်လို့ ခင်ဗျား ထင်သလား”

"ဒါကတော့" တကယ်လို့ သာမန်လူ ဆိုရင်တော့ တပ်မှူးကန်း အနေနဲ့ တစ်ခုခု ပြောနိုင်ပေမဲ့ ဒီရွှီမျိုးရိုးကတော့ အမှားအမှန် ခွဲခြားရ ခက်လွန်းတာကြောင့် သူလည်း ဘာမှ မပြောရဲတော့ဘူး။

"တကယ်လို့ ရှိနေတယ် ဆိုရင်လည်း အဲဒီလူက ဘယ်သူ ဖြစ်မလဲ”

ငါးရက်ကြာပြီးနောက်မှာ ရှဲ့သခင်လေးက ရွှီထင်းရှန်းဆီကို ငွေတွေ ပို့ပေးလာတယ်။

ဒီလုပ်ရပ်ကတော့ ဘာကို ဆိုလိုသလဲဆိုတာ ရှင်းနေတာပဲ၊ အရင်က ပြောခဲ့တဲ့ ကိစ္စတွေကို သူ သဘောတူလိုက်ပြီ ဆိုတာပဲ ဖြစ်တယ်။

ရွှီထင်းရှန်းအရင်ဆုံး လုပ်တဲ့အလုပ်ကတော့ ဒီတစ်ခါ တျန့်ဟိုင်အလုပ်သမားအဖွဲ့အစည်းမှာ သေဆုံးဒဏ်ရာရခဲ့တဲ့ လူတွေရဲ့ မိသားစုတွေကို လျော်ကြေးပေးဖို့ပဲ။ တကယ်တော့ လျော်ကြေးပေးတာက အစောကြီးကတည်းက စနေပြီ ဖြစ်တယ်၊ လူသေသွားတဲ့ မိသားစုတွေကတော့ ဝမ်းနည်းနေကြပေမဲ့ ဒီလို နေရာမျိုးမှာ နေထိုင်ရတာက အမြဲတမ်း ဘေးအန္တရာယ်တွေနဲ့ ကြုံနေရတာ ဖြစ်သလို အစိုးရက ပေးတဲ့ လျော်ကြေးငွေကလည်း နည်းတာ မဟုတ်တာကြောင့် ဒီငွေနဲ့တင် မိသားစု တစ်ခုလုံး နောက်ထပ် နှစ်အနည်းငယ်လောက်တော့ အသက်မွေးနိုင်မှာ ဖြစ်တယ်။

နောက်ထပ် နှစ်အနည်းငယ် ကြာရင်တော့ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိဘူးလေ။ အောက်ခြေလူတန်းစား ပြည်သူတွေရဲ့ကံကြမ္မာကတော့ ရေပေါ်က ဗေဒါပင်လေးတွေလိုပဲ၊ လေပြင်းတစ်ချက် တိုက်လိုက်တာနဲ့ အရာရာက ပြောင်းလဲသွားနိုင်တာ မဟုတ်လား။

ခရိုင်ဝန်ရုံးရှေ့က ကွင်းပြင်မှာတော့ လူတွေက အပြည့်ပဲ။

ရွှီထင်းရှန်းကတော့ ရိုးရိုးဝတ်စုံကို ဝတ်ထားပြီး မျက်လုံးတွေကလည်း နည်းနည်းတော့ နီနေတယ်။

သူ့ဘေးမှာတော့ အစေခံ အချို့က ရပ်နေပြီး သေဆုံးဒဏ်ရာရသူတွေရဲ့ မိသားစုတွေကို လျော်ကြေးငွေတွေ ဝေပေးနေကြတယ်။

လူတွေက တစ်ယောက်ပြီးတစ်ယောက် ရှေ့ကို တက်လာကြပြီး အစေခံတွေရဲ့ လက်ထဲကနေ ငွေထုပ်တွေကို ယူကြတယ်။ တချို့ကတော့ ငွေယူပြီး ထွက်သွားကြပေမဲ့ တချို့ကတော့ စိတ်လှုပ်ရှားလွန်းလို့ ငိုကြွေးနေကြတယ်။

"ကျေးဇူးတင်ပါတယ် သခင်ကြီး ကျေးဇူးတင်ပါတယ်။ အိမ်ထောင်ဦးစီး ဆုံးသွားတော့ ကျွန်မတို့ သားအမိတွေ ဘယ်လို လုပ်ရမလဲလို့ စဉ်းစားနေတာ။ အစိုးရက ကျွန်မတို့ကို တစ်ခါ ငွေပေးပြီးပြီ၊ အခုလည်း ထပ်ပြီး ပေးပြန်ပြီ”

"ကျွန်တော် တကယ်ပဲ တောင်းပန်ပါတယ်။ အားလုံးအတွက် အလုပ်တစ်ခု ရှာပေးပြီး မိသားစုကို လုပ်ကျွေးနိုင်အောင် လုပ်ပေးချင်ခဲ့တာပါ၊ ဒါပေမဲ့ ဒီလို ကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့တော့ ထင်မထားခဲ့ဘူး” ရွှီထင်းရှန်းက စိတ်မကောင်းတဲ့ မျက်နှာနဲ့ ပြောလိုက်တယ်။

ခုနတင် ငွေယူသွားတဲ့ အဘွားအိုက မျက်ရည်တွေကို သုတ်ရင်း ပြောလိုက်တယ်။ "သခင်ကြီး အဲဒီလို မပြောပါနဲ့.. ဒါက သခင်ကြီးနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်မတို့ရဲ့ ကံကြမ္မာက မွေးကတည်းက ဆိုးခဲ့တာပါ၊ အရင်တုန်းက ဂျပန်ဓားပြတွေ လာပြီး သတ်ဖြတ် လုယက်ကြတယ်၊ နောက်ပိုင်း ဂျပန်ဓားပြတွေ နည်းသွားတော့လည်း အသက်ရှင်ဖို့က ခက်ခဲနေတုန်းပဲ။ မိသားစုကို လုပ်ကျွေးဖို့အတွက် ကျွန်မရဲ့သားက ဒီလို အန္တရာယ်ရှိတဲ့ အလုပ်ကို လုပ်ခဲ့တာ၊ တကယ်တော့ လုပ်ကတည်းက စိတ်ကူးထားပြီးသားပါ၊ တစ်နေ့ကျရင်တော့ အသက်ပေးရမှာပဲ ဆိုတာကိုလေ။ ကျွန်မလည်း ဒီလောက်အထိ အသက်ရှင်ခဲ့ပြီးပြီ၊ သားသမီးတွေကို အရင် ပို့လိုက်ရတာကလည်း ခဏခဏပဲ။ သူ သွားလိုက်တာကလည်း ကောင်းပါတယ်။ ဒီလောကကြီးမှာ ဆက်ပြီး ဒုက္ခမခံရတော့ဘူးပေါ့”

အဘွားအိုက ပြောနေရင်းနဲ့ ယိုင်တိုင်တိုင်နဲ့ ထွက်သွားတော့တယ်။

ဒီစကားကို ကြားတဲ့သူတွေ အားလုံးကတော့ စိတ်မကောင်း ဖြစ်ကြသလို အချို့ကလည်း မချိတင်ကဲနဲ့ ငိုကြွေးနေကြတယ်။

ငိုကြတဲ့သူ အများစုကတော့ ရင်ထဲမှာ တစ်ခုခုကို ခံစားနေရလို့ပဲ ဖြစ်တယ်။

ရွှီထင်းရှန်းကတော့ ရင်ထဲမှာ တော်တော်လေးကို မွန်းကြပ်နေတယ်၊ ပြောစရာ စကားတွေ အများကြီး ရှိနေပေမဲ့ ဒီလို ဝမ်းနည်းနေတဲ့ ပြည်သူတွေကို ကြည့်ပြီးတော့ ဘယ်လိုမှ စကားစလို့ မရဘူး ဖြစ်နေတယ်။

"သခင်ကြီး" ဖန်ခရိုင်ဝန်ထောက်ရဲ့အသံ ထွက်လာတယ်။

ရွှီထင်းရှန်းသတိပြန်ဝင်လာပြီး သူ့ကို တစ်ချက် ကြည့်လိုက်တယ်။ "ကျွန်တော် နည်းနည်း ပင်ပန်းနေတယ်၊ အရင် ပြန်တော့မယ်”

174 06

ပြောပြီးတာနဲ့ သူက အမြန်ပဲ ထွက်သွားတော့တာကြောင့် ဖန်ခရိုင်ဝန်ထောက်ကတော့ ခဏလောက် ကြောင်ပြီး ကျန်ခဲ့တယ်။ ဒါပေမဲ့ ပြည်သူတွေကို ပြောဖို့တော့ မမေ့ခဲ့ပါဘူး။ "သခင်ကြီးက ပင်ပန်းနေလို့ပါ၊ ဒီကိစ္စ ဖြစ်ပြီးကတည်းက သခင်ကြီးဟာ ရက်ပေါင်းများစွာ အိပ်မပျော် စားမဝင် ဖြစ်နေခဲ့တာ၊ အခုတော့ သူလည်း တော်တော်လေးကို အင်အား ကုန်နေပြီလေ”

"သခင်ကြီးက အုပ်ချုပ်သူကောင်းပဲ”

"သခင်ကြီးက အရာရှိကောင်း တစ်ယောက်ပါ၊ ကျွန်တော်တို့ အားလုံး နားလည်ပါတယ်”

"သခင်ကြီးကို ကောင်းကောင်း အနားယူခိုင်းလိုက်ပါ၊ သူလည်း လူသားတစ်ယောက်ပဲလေ၊ သံနဲ့ လုပ်ထားတာမှ မဟုတ်တာ”

ဘေးနားက ကျိုးစာရေးက ဖန်ခရိုင်ဝန်ထောက်ကို မျက်စိမှိတ်ပြပြီး နောက်ထပ် ဘာဆက်လုပ်မလဲလို့ မေးလိုက်တယ်။ ရွှီထင်းရှန်းကတော့ ထွက်သွားလို့ ရပေမဲ့ သူတို့ကတော့ ထွက်သွားလို့ မရဘူးလေ၊ သူတို့ အဓိက ဘာလာလုပ်သလဲဆိုတာကို မေ့လို့ မရဘူး မဟုတ်လား။

နှစ်ယောက်သား မျက်စိချင်း အချက်ပြလိုက်ကြပြီး နောက်ဆုံးမှာတော့ ဖန်ခရိုင်ဝန်ထောက်က ရှေ့ကို တက်လာပြီး ကြည့်နေတဲ့ ပြည်သူတွေကို ပြောလိုက်တယ်။ "ဒီလို အဖြစ်ဆိုးမျိုးအတွက် ကျွန်တော်တို့ အားလုံး စိတ်မကောင်း ဖြစ်ကြရပါတယ်။ အထူးသဖြင့် ခရိုင်ဝန်မင်းကတော့ ရက်ပေါင်းများစွာ အိပ်မပျော်ဘဲ ရှိနေခဲ့တာပါ။ နောင်နောင်မှာ ဒီလိုမျိုး ကိစ္စတွေ ထပ်ပြီး မဖြစ်စေဖို့အတွက် ခရိုင်ဝန်ရုံးကနေ အရပ်သားတပ်ဖွဲ့ကို စုဆောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်..."

မလှမ်းမကမ်းက လမ်းထောင့်မှာတော့ မြင်းလှည်းတစ်စီး ရပ်ထားတယ်။

လှည်းထဲမှာ ရှိနေတဲ့သူကတော့ ရှဲ့သခင်လေး ပါပဲ။

"သခင်လေး တကယ်ပဲ ဆုံးဖြတ်လိုက်ပြီလား။ ကျွန်တော့်အထင်တော့ အခု ပြန်သွားရင် သခင်ကြီးက ပြဿနာ ရှာလိမ့်မယ် ထင်တယ်”

"သွားကြစို့”

ခရိုင်ဝန်ရုံးရဲ့ နောက်ဘက် အဆောင်မှာတော့ ဟုန်အာက သူ့အဖေ ပြန်လာပြီး စာကြည့်ခန်းထဲမှာ အောင်းနေတာကို မြင်တော့ ကျောက်အာကို နားမလည်သလို မေးလိုက်တယ်။ "မေမေ၊ ဖေဖေက ဘာဖြစ်တာလဲ”

ကျောက်အာက ပိတ်ထားတဲ့ တံခါးကို တစ်ချက် ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်။ အဲဒီနောက်မှာတော့ ဟုန်အာ ရဲ့ ခေါင်းလေးကို ပွတ်ပေးရင်း ပြုံးပြီး ပြောလိုက်တယ်။

"နင့်အဖေက… နင့်အဖေက တကယ်တော့ စိတ်ထား တော်တော်လေး နုနယ်တဲ့သူပဲလေ”

******

All Chapters