အခန်း (၁၇၅-၁၇၆)
Vol. 18 Ch. 175-176
အခန်း (၁၇၅)
အခုဆိုရင် တျန့်ဟိုင်ခရိုင်ကတော့ အဖက်ဖက်ကနေ စည်ကားတိုးတက်နေတဲ့ အခြေအနေမှာ ရှိနေတယ်။
ဟိုတစ်ခါက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ဆိုးရဲ့ အရိပ်အယောင်တွေ ပျောက်ကွယ် သွားပြီးနောက်မှာတော့ တက်ကြွလန်းဆန်းတဲ့ သက်ရှိအငွေ့အသက်တွေ ပြန်ပြီး ထွက်ပေါ်လာတယ်။
အရပ်သားတပ်ဖွဲ့ စုဆောင်းတဲ့ ကိစ္စကလည်း တော်တော်လေးကို ချောမွေ့တယ်။ ဂျပန်ဓားပြတွေ နောက်တစ်ခါ ထပ်လာမှာကို စိုးရိမ်တာကြောင့် ဖြစ်နိုင်သလို ခရိုင်ဝန်ရုံးက ပေးတဲ့လစာငွေက ကောင်းတာကြောင့်လည်း ဖြစ်နိုင်တယ်။ ခရိုင်ထဲက လူငယ်တွေ အများကြီး လာရောက် စာရင်းပေးကြတာကြောင့် တျန့်ဟိုင်ခရိုင်ဝန်ရုံးဟာ မကြာခင်မှာပဲ အရပ်သားတပ်ဖွဲ့ တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့တယ်။
အရပ်သားတပ်ဖွဲ့မှာ စုစုပေါင်း လူငါးရာကျော် ရှိပြီး အားလုံးက လူရွယ်၊ လူငယ်တွေပဲ ဖြစ်တယ်။ သူတို့ကိုတော့ တျန့်ဟိုင်ခံတပ်ကနေပဲ နေ့စဉ် လေ့ကျင့်ပေးတယ်။
ကုန်းကြောင်း လေ့ကျင့်ခန်းတွေတင် မကဘဲ သင်္ဘောစီးတာနဲ့ ရေကြောင်း လေ့ကျင့်ခန်းတွေကိုလည်း သင်ပေးတယ်။ သူတို့က ကမ်းရိုးတန်းက လူတွေ ဖြစ်သလို အများစုကလည်း မျိုးရိုးစဉ်ဆက် တံငါသည်တွေ ဖြစ်တာကြောင့် သင်္ဘောနဲ့ ရေကိုတော့ အလိုအလျောက် ရင်းနှီးပြီးသား ဖြစ်နေကြတယ်။ ဒါကြောင့် သင်ကြားတဲ့ နေရာမှာလည်း အချိန်တိုအတွင်းမှာပဲ တိုးတက်လာကြတယ်။
တစ်ချိန်တည်းမှာပဲ သင်္ဘောဆောက်တဲ့ အလုပ်ကလည်း စနစ်တကျနဲ့ လည်ပတ်နေတယ်။
တျန့်ဟိုင်ခရိုင်မှာ မူလကတည်းက သင်္ဘောကျင်း ရှိတယ်၊ ဖူကျန့် ဒါမှမဟုတ် ကျန်းစူးက သင်္ဘောကျင်းတွေလောက် နာမည်မကြီးပေမဲ့ သင်္ဘောတွေ အများကြီး ဆောက်ခဲ့ဖူးတဲ့ သင်္ဘောကျင်းဟောင်းကြီး ဖြစ်တယ်။ ဒါပေမဲ့ ဒီနှစ်ပိုင်းအတွင်း ပင်လယ်ပိတ်ထားတဲ့ စည်းကမ်းက တင်းကြပ်လာတာရယ်၊ လူတွေကို ကုန်းတွင်းပိုင်းကို အတင်းပြောင်းခိုင်းတာတွေ ရှိတာရယ်ကြောင့် သင်္ဘောကျင်းက တဖြည်းဖြည်း ပစ်ပယ်ခြင်း ခံခဲ့ရတယ်။ ဒါပေမဲ့ လက်မှုပညာ တတ်ကျွမ်းတဲ့ လက်သမားအိုကြီးတွေ ရှိနေသေးတာကြောင့် သင်္ဘောတွေတော့ ဆောက်လို့ ရနေတုန်းပဲ။
ဒါပေမဲ့ သင်္ဘောဆောက်တဲ့ နည်းပညာက ရှုပ်ထွေးလွန်းသလို ပင်လယ်ထဲမှာ သုံးမယ့် သင်္ဘောက တခြားဟာတွေနဲ့ မတူတာကြောင့် အမြန်ဆုံး ဆောက်ရင်တောင်မှ လအနည်းငယ် ကြာတတ်တယ်။ ဒါကလည်း အရွယ်အစား အလတ်စား တိုက်သင်္ဘောတွေ ဖြစ်တဲ့ ကန်ကျိန်းသင်္ဘော၊ သဲသင်္ဘောနဲ့ တျန့်ဟိုင်မှာ အထွက်များတဲ့ ဝူချောင်သင်္ဘောတွေကို ပြောတာ ဖြစ်တယ်။ ဒီသင်္ဘော သုံးမျိုးကတော့ ကမ်းနီးမှာ သုံးဖို့ သင့်တော်သလို တိုက်သင်္ဘော အဖြစ်ကော ကုန်တင်သင်္ဘောအဖြစ်ပါ သုံးလို့ ရတယ်။
ဖူသင်္ဘောလိုမျိုး တိုက်သင်္ဘော အကြီးစားတွေကိုတော့ တစ်နှစ် ဒါမှမဟုတ် တစ်နှစ်ခွဲလောက် မကြာဘဲနဲ့တော့ ဆောက်လို့ မရဘူး။
တျန့်ဟိုင်ခရိုင်မှာတော့ လောလောဆယ် ခရီးဝေးသွားမယ့် သင်္ဘောတွေ မလိုသေးတာကြောင့် ဒေသနဲ့ အကိုက်ညီဆုံး ဖြစ်တဲ့ ဝူချောင်သင်္ဘောကိုပဲ အဓိကထားပြီး ဆောက်တယ်။ ငွေကြေး အကန့်အသတ် ရှိတာကြောင့်လည်း ငါးစီးပဲ ဆောက်နိုင်တယ်။ ဒီငါးစီးထဲက နှစ်စီးကတော့ ရွှီထင်းရှန်းကိုယ်တိုင် ငွေထုတ်ပြီး ဆောက်တာ ဖြစ်တယ်၊ သူ တျန့်ဟိုင်ခရိုင်ကနေ ရသမျှ ငွေတွေ အားလုံးကို ဒီသင်္ဘော နှစ်စီးထဲမှာပဲ အကုန်ထည့်လိုက်တယ်။
အလုပ်တစ်ခုကို ကောင်းကောင်း လုပ်ချင်ရင်တော့ ကိရိယာကို အရင် သွေးရမယ်ဆိုတဲ့ အချက်ကို လူတိုင်း သိကြတာပဲ၊ သူလည်း အဓိကနဲ့ သာမညကိုတော့ မှားမှာ မဟုတ်ဘူး။
အရပ်သားတပ်ဖွဲ့ လေ့ကျင့်တာနဲ့ သင်္ဘောဆောက်တာတွေက အချိန်ယူရတယ်၊ အဲဒီအတွင်းမှာ ရှဲ့မိသားစု ဦးဆောင်တဲ့ စီးပွားရေး လုပ်ငန်းတွေကလည်း လုပ်ငန်းတွေကို အကြာကြီး ရပ်ထားလို့ မရဘူး။ အကြိမ်ကြိမ် တိုင်ပင်ပြီးတဲ့ အခါမှာတော့ သူတို့တွေ စွန့်စားပြီးတော့ စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်၊ ဘာပဲဖြစ်ဖြစ် အမြဲတမ်းတော့ ကြောက်နေလို့ မဖြစ်ဘူးလေ။
ကံကောင်းတာက ဒီတစ်ခါတော့ ဟုန်ဘန်းဓားပြတွေ ထပ်ပြီးရောက်မလာခဲ့ဘူး၊ တပ်မှူးကန်းကလည်း လူတွေကို ခေါ်ပြီး အနားမှာ ကင်းလှည့်ပေးနေတာကြောင့် အရာအားလုံးက အေးအေးချမ်းချမ်း ရှိနေခဲ့တယ်။ ဟိုတစ်ခါက ကိစ္စက ဟုန်ဘန်း ဓားပြတွေ စိတ်ကူးပေါက်လို့ လုပ်သွားတာပဲ ဖြစ်လိမ့်မယ်လို့ ထင်ရတယ်။
ထူးခြားတာက ရှဲ့သခင်လေးဟာ တျန့်ဟိုင်ခရိုင်ကို ရောက်လာပြီး ဒီမှာပဲ အခြေချ နေထိုင်နေတာပဲ။
သူကတော့ နေ့တိုင်း ဘာမှမလုပ်ဘဲ အားနေတဲ့ ပုံစံမျိုးပဲ၊ ခံတပ်မှာ သွားနေလိုက်၊ ဒါမှမဟုတ်ရင်လည်း သင်္ဘောကျင်းမှာ သွားပြီး သင်္ဘောဆောက်တာကို ကြည့်လိုက်နဲ့ အချိန်ဖြုန်းနေတယ်။
ရက်အနည်းငယ် ကြာတဲ့အခါ ရွှီထင်းရှန်းလည်း စိတ်ဝင်စားသွားပြီး တပ်မှူးကန်းကို မေးကြည့်လိုက်တယ်။
ဒါပေမဲ့ ဒီစကားက တပ်မှူးကန်းရဲ့အထိမခံတဲ့ နေရာကို သွားထိလိုက်သလိုပဲ ဖြစ်သွားတယ်။ ဒီရက်ပိုင်းအတွင်း အရပ်သားတပ်ဖွဲ့ ကိစ္စကြောင့် နှစ်ယောက်သား ဆက်ဆံရေးက ကောင်းမွန်နေခဲ့ပေမဲ့ အခုတော့ တပ်မှူးကန်းက ရွှီထင်းရှန်းကို မျက်နှာပျက်ပြလိုက်တယ်။
နောက်မှပဲ ရွှီထင်းရှန်းက အကြောင်းရင်းကို သိလိုက်ရတယ်။ ရှဲ့သခင်လေးက ရှဲ့မိသားစုရဲ့ အပြစ်ပေးခြင်းကို ခံလိုက်ရတာ ဖြစ်တယ်။
175 02
အကြောင်းရင်းကတော့ ရှုပ်ထွေးတယ်။ မင်ကျဲ့စစ်သူကြီး ဖေးခဲ့ကျန့် မြို့တော်ကို ပြန်သွားတာလည်း ပါသလို ရှဲ့သခင်လေးက ပုံမှန်ဆိုရင် လူတွေကို အများကြီး အပြစ်လုပ်မိထားတာကြောင့်လည်း ဖြစ်တယ်။ ဒါပေမဲ့ ဒါတွေအားလုံးကို ဖြစ်စေတဲ့ အဓိက အချက်ကတော့ ရှဲ့သခင်လေးက မိသားစု အကြီးအကဲရဲ့ ခွင့်ပြုချက်မရဘဲနဲ့ တျန့်ဟိုင်ခရိုင်ရဲ့ အရပ်သားတပ်ဖွဲ့ ဖွဲ့စည်းဖို့နဲ့ သင်္ဘောဆောက်ဖို့အတွက် ငွေပြားတစ်သိန်းကို ကိုယ်တိုင် ဆုံးဖြတ်ပြီး ထုတ်ပေးလိုက်လို့ပဲ ဖြစ်တယ်။
ရှဲ့သခင်လေးက ရှဲ့မိသားစုရဲ့ မျိုးနွယ်ခွဲက ဖြစ်တဲ့အပြင် မယားငယ်ရဲ့ သားလည်း ဖြစ်တယ်။ စီးပွားရေးမှာ ပါးနပ်သလို ဆက်ဆံရေးမှာလည်း ကျွမ်းကျင်တာကြောင့် အရွယ်ရောက်ပြီးနောက်မှာ မိသားစုရဲ့ စီးပွားရေး ကိစ္စတွေကို သူပဲ တာဝန်ယူ ကိုင်တွယ်ခဲ့ရတယ်။
သူ့ရဲ့ကံကြမ္မာကို တကယ်တမ်း ပြောင်းလဲစေခဲ့တဲ့ အချက်ကတော့ ရွှမ်းယွီကျွန်း ဆိပ်ကမ်းကို ပြန်ဖွင့်ဖို့ သူက အကြံပေးခဲ့တာပဲ ဖြစ်တယ်။
အဲဒီအချိန်တုန်းက ရှဲ့မိသားစုရဲ့ အခြေအနေက သိပ်မကောင်းဘူး၊ အပြင်ပန်းမှာတော့ နှစ်ပေါင်း ရာနဲ့ချီတဲ့ မိသားစုကြီးလို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ အနှစ်သာရ မရှိတော့တဲ့ အခြေအနေ ဖြစ်နေတယ်။
မိသားစုထဲမှာ လူတွေက များလွန်းသလို ရှဲ့မိသားစုကလည်း ဂုဏ်သိက္ခာနဲ့ အဆောင်အယောင်တွေကို အရမ်းအလေးထားတာကြောင့် ရှိတာလေးတွေကိုပဲ ထိုင်စားနေကြရတာ ကြာလှပြီ။ စီးပွားရေးတွေ အများကြီး ရှိတယ်ဆိုပေမဲ့ ကျဲ့ကျန်းတစ်ဝိုက်မှာ စီးပွားရေး လုပ်တဲ့သူတွေက အပေါသားပဲ၊ ကိုယ်ပိုင် ထူးခြားတဲ့ စီးပွားရေး မရှိတာကြောင့် ရတဲ့ အမြတ်က ရှဲ့မိသားစုရဲ့ နှစ်စဉ် သုံးစွဲတဲ့ ငွေပမာဏကို မကာမိဘူး။
ရှဲ့သခင်လေးက ရွှမ်းယွီကျွန်းကို သတိရသွားခဲ့တယ်။ အရင်တုန်းက ရှဲ့မိသားစုဟာ ဒီရွှမ်းယွီကျွန်းမှာပဲ ရှုံးနိမ့်ခဲ့ရတာကြောင့် ပြန်ပြီး မနာလန်ထူနိုင် ဖြစ်ခဲ့ရတာလေ။ အဲဒီတုန်းက ရှဲ့မိသားစုက ဘယ်လောက်တောင် အရှိန်အဝါ ကြီးခဲ့သလဲ၊ ငွေရှိရင် အာဏာရှိသလို အာဏာရှိရင်လည်း ငွေက ပိုပြီးတော့ ရလာတာပဲ၊ ဒါတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာ မဟုတ်လား။
အလားတူပဲ ငွေမရှိရင် အာဏာမရှိတော့ဘဲ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာခဲ့တာပဲ။
ရွှမ်းယွီကျွန်း ဆိပ်ကမ်းကို ပြန်ဖွင့်မယ်ဆိုတဲ့ စိတ်ကူးက အဲဒီအချိန်တုန်းက လူတိုင်းအတွက်တော့ စိတ်ကူးယဉ် အိမ်မက်လို့ပဲ ထင်ခဲ့ကြပေမဲ့ ရှဲ့သခင်လေးကတော့ ဒါကို အကောင်အထည် ဖော်နိုင်ခဲ့တယ်။ ဒါတင်မကဘဲ ဒီကိစ္စကို အခြေခံပြီး အင်အားစု အများကြီးကို စုစည်းနိုင်ခဲ့သလို အရာရှိကြီးတွေနဲ့လည်း အဆက်အသွယ် ရခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ရှဲ့မိသားစုဟာ အရင်က ဆုတ်ယုတ်နေတဲ့ အခြေအနေကနေ ပြောင်းလဲသွားပြီး ကျဲ့ကျန်းနယ်မှာ ပြိုင်ဘက်မရှိတဲ့ မိသားစုကြီး ဖြစ်လာပြန်တယ်။
ဒါပေမဲ့ ရှဲ့သခင်လေး ကောင်းစားလာတာနဲ့အမျှ သူ့ကို မနာလိုတဲ့သူတွေလည်း များလာတာပေါ့။
အပြင်က လူတွေကို ထားလိုက်ပါဦး၊ ရှဲ့မိသားစုထဲမှာတင် အများကြီး ရှိနေတယ်။ အဲဒီထဲမှာ မိသားစု အကြီးအကဲရဲ့ တိုက်ရိုက် သားမြေးတွေလည်း ပါဝင်နေတာပဲ။
ရှဲ့မိသားစုထဲမှာ ရှဲ့သခင်လေး ကို တိုက်ခိုက်ချင်တဲ့သူတွေ ရှိနေတာ ကြာလှပြီ၊ အခုတော့ အခွင့်အရေးနဲ့ ကွက်တိကြုံသွားတာပဲ။ ဖေးခဲ့ကျန့် ထွက်သွားတာကြောင့် ရှဲ့သခင်လေးမှာ အားကိုးစရာ အရှိန်အဝါ မရှိတော့သလို၊ ရှဲ့မိသားစုရဲ့ ကုန်စည်တွေ အများကြီး အလုခံရလို့ ဆုံးရှုံးမှု ကြီးမားခဲ့တာရယ်၊ နောက်ပြီး ရှဲ့သခင်လေးက သူ့သဘောနဲ့သူ ငွေထုတ်ပေးလိုက်တာရယ်ကြောင့် အခုတော့ ရှဲ့သခင်လေးဟာ အလုပ်လက်မဲ့ ဖြစ်ပြီး အိမ်မှာပဲ နားနေရတယ်။
ရှဲ့မိသားစုက သူ့ကိုတော့ ဘာမှမလုပ်ပါဘူး၊ နှစ်ပေါင်းများစွာ ပင်ပန်းခဲ့ပြီမို့ ခဏလောက် အနားယူလိုက်ပါဦးလို့ပဲ ပြောလိုက်တာ။ တကယ်တော့ ဒါက သူ့လက်ထဲက အာဏာအားလုံးကို သိမ်းလိုက်တာပဲ၊ ဒါကြောင့်လည်း တပ်မှူးကန်းက ရွှီထင်းရှန်းကို အပြစ်တင်နေတာ ဖြစ်တယ်။
တပ်မှူးကန်းနဲ့ ရှဲ့သခင်လေးက ဆက်ဆံရေးက သာမန် မဟုတ်ဘူး၊ သူက ရှဲ့မိသားစုရဲ့ လူယုံ ဖြစ်သလို ရှဲ့သခင်လေးရဲ့အဖေအရင်းနဲ့လည်း ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ကြတယ်။ အရင်တုန်းက တပ်မှူးကန်းဟာ ဆင်းရဲငတ်ပြတ်တဲ့ ခရိုင်မြို့လေးမှာ ခံတပ်စောင့်နေရတာ၊ ရှဲ့သခင်လေးကြောင့်သာ အခုလို အရှိန်အဝါမျိုး ရလာတာ ဖြစ်တယ်။
ဒါပေမဲ့ ဒါတွေအားလုံးကို ရွှီထင်းရှန်းကတော့ အကုန်မသိဘူး၊ သူက အပေါ်ယံ အချက်အလက် အချို့ကိုပဲ သိတာ ဖြစ်တယ်။
ရှဲ့သခင်လေး အပေါ်မှာ စိတ်ကူးယဉ်ခဲ့တာကလည်း အဲဒီ အိမ်မက်ကြောင့်ပဲ။
အဲဒီ အိမ်မက်ထဲမှာ ရှဲ့သခင်လေးက သူ့ရဲ့လက်အောက်ငယ်သား ဖြစ်သလို နှစ်စဉ်နှစ်တိုင်းလည်း လက်ဆောင်တွေ တစ်ခါမှ မကျန်အောင် ပေးခဲ့တဲ့သူပဲ။ သူ့အမြင်အရ ဆိုရင်တော့ ဒီလူက အခြေအနေကို နားလည်တယ်၊ ပါးနပ်တယ်၊ အလုပ်လုပ်ရင်လည်း ကောင်းတယ်။ ပြီးတော့ အဲဒီအိမ်မက်ထဲမှာ သူ့ရှေ့ကို ရောက်လာနိုင်တဲ့သူတွေထဲမှာ အရူးဆိုတာ မရှိသလောက်ပဲ။
ရှဲ့သခင်လေးက သူ့ထက် အသက်ကြီးတယ်၊ သူ သေဆုံးတဲ့ အချိန်မှာ ရှဲ့သခင်လေးက သေသွားတာ ဆယ်နှစ်ကျော်နေပြီ ဖြစ်သလို ရှဲ့မိသားစုကိုလည်း ရှဲ့သခင်လေးရဲ့ သားကပဲ အုပ်ချုပ်နေပြီ။
175 03
ဒါတွေကြောင့်ပဲ ရွှီထင်းရှန်းဟာ ရှဲ့သခင်လေးကို တမင်တကာ ဆွဲဆောင်ခဲ့တာ ဖြစ်တယ်၊ ဒါပေမဲ့ ဒါကြောင့်နဲ့ ရှဲ့သခင်လေးကို မိသားစုကနေ ဖယ်ထုတ်ခံရတဲ့အထိ ဖြစ်သွားလိမ့်မယ်လို့တော့ သူ ထင်မထားခဲ့ဘူး။
ဒါပေမဲ့ ဒါကလည်း ကောင်းပါတယ်၊ ရွှီထင်းရှန်းအနေနဲ့လည်း လူလိုနေတာလေ၊ ကိုယ့်ဆီ အလိုလို ရောက်လာတဲ့ လူကိုတော့ အလကား မလွှတ်နိုင်ဘူး။
ဒါကြောင့်လည်း သူက ဒီရက်ပိုင်းအတွင်း ရှဲ့သခင်လေး ဆီကို ခဏခဏ သွားတွေ့တယ်၊ နှစ်ယောက်သား သင်္ဘောဆောက်တဲ့ အကြောင်းတွေ၊ တခြား ကိစ္စလေးတွေကို ပြောဖြစ်ကြရင်းနဲ့ ဆက်ဆံရေးကလည်း တော်တော်လေး အဆင်ပြေလာတယ်။
ရွှီထင်းရှန်းခရိုင်ထဲက ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတဲ့ အချိန်မှာ ကျောက်အာကလည်း အားမနေဘူး။
ဒီရက်ပိုင်းအတွင်း စီးပွားရေးသမားတွေကို ရောင်းတဲ့ ကုန်စည်တွေက ကျောက်အာကိုယ်တိုင် အပြင်ကနေ ရှာဖွေ စုဆောင်းထားတာတွေပဲ ဖြစ်တယ်။ သူမကတော့ ထွက်သွားလို့ မရတာကြောင့် မြို့တော်ကို စာပို့ပြီး ကောင်းရှန ကို အကူအညီ လာပေးဖို့ ခေါ်လိုက်တယ်၊ ကောင်းရှန် တင်မကဘဲ ရွှီချင်းဟွိုင်နဲ့ ကျန်းဝူတို့လည်း ရှန်းရှီကနေ ထွက်လာကြပြီး လူအများကြီး ခေါ်လာကြတယ်။
အခုဆိုရင် ဝမ်ကျိဟင်းသီးဟင်းရွက်ဆိုင်ကလည်း တော်တော်လေး တိုးတက်နေပြီ၊ ဖျင်ယန်းနယ်မှာတော့ ရွှီထင်းရှန်းနဲ့ ပေလုစာသင်ကျောင်းရဲ့ အရှိန်အဝါကြောင့် ဘယ်သူမှ ပြဿနာ မရှာကြဘူး။ ပြီးတော့ ဒီဟင်းသီးဟင်းရွက်ဆိုင်က ကျေးလက်ကနေ မြို့ပြကို ဝိုင်းရံတဲ့ ပုံစံမျိုးနဲ့ လုပ်တာ ဖြစ်သလို၊ ရတဲ့ အမြတ်ကလည်း နည်းတာကြောင့် စီးပွားရေးသမား အကြီးကြီးတွေကလည်း ဒီအလုပ်ကို စိတ်မဝင်စားကြဘူး။
မိသားစုကြီးတွေက ဒီငွေအနည်းငယ်ကို စိတ်မဝင်စားသလို၊ မိသားစုငယ်တွေကလည်း စိတ်ဝင်စားရင်တောင်မှ လာပြီး မရှုပ်ရဲကြဘူး၊ ဒါကြောင့် ဝမ်ကျိဟင်းသီးဟင်းရွက်ဆိုင်ဟာ ရှန်းရှီတစ်နယ်လုံးမှာ ပျံ့နှံ့သွားပြီး မြောက်ဘက်ကိုပါ ဆက်ပြီး တိုးချဲ့နေတယ်။
ဟင်းသီးဟင်းရွက်ဆိုင်က မြောက်ဘက်ကို တိုးချဲ့သလို၊ ပန်းဆိုင်ကလည်း မြောက်ဘက်ကနေ တခြားနယ်တွေကို တိုးချဲ့နေတာကြောင့် နှစ်ခုစလုံးဟာ ပြီးခဲ့တဲ့နှစ်မှာ ပေါင်းစည်းသွားခဲ့ကြတယ်၊ အင်အားတွေ ပိုကောင်းလာသလို လူအင်အားနဲ့ ပစ္စည်းအင်အား ဆုံးရှုံးမှုကိုလည်း လျှော့ချနိုင်ခဲ့တယ်။ အခုတော့ ရှန်းရှီဘက်ကို ရွှီချင်းပိုင်က ဦးဆောင်ပြီး ရွှီမိသားစုဝင်တွေက ကြည့်ရှုပေးနေကြတယ်။ ရွှီချင်းဟွိုင်နဲ့ ကျန်းဝူကတော့ မြို့တော်ကို သွားကြတယ်။ ကျောက်အာက လူလိုတယ်ဆိုပြီး စာပို့လိုက်တာနဲ့ နှစ်ယောက်သားနဲ့ ကောင်းရှန်တို့ ရောက်လာကြတာပဲ။
မြို့တော်က အလုပ်တွေကိုတော့ ရွှီချန်နဲ့ရွှီဟု တို့ကို အပ်ထားခဲ့တယ်၊ အပြင်က ကိစ္စတွေကို သူတို့က တာဝန်ယူပြီး ချန်ရှို့လန်ကတော့ ပုံစံသစ်တွေကို သုတေသန လုပ်ပေးတယ်၊ ရှောင်လန် နဲ့ ရှောင်ကျိ နှစ်ယောက်ကတော့ ဆိုင်နဲ့ စာရင်းတွေကို ကြည့်ပေးကြတယ်။ ဒါ့အပြင် ကျောက်အာတို့ မြို့တော်ကနေ မထွက်ခင်ကတည်းက လေ့ကျင့်ပေးထားတဲ့ အလုပ်သမားတွေကလည်း အားကိုးလို့ရနေပြီ ဖြစ်တာကြောင့် လူအင်အားကတော့ ပိုတောင် ပိုနေသေးတယ်။
အခုတော့ ကောင်းရှန်တို့ သုံးယောက်က အပြင်မှာ ကုန်စည်တွေ ရှာဖွေတဲ့ အလုပ်ကို တာဝန်ယူကြတယ်၊ ဒါက အရင်လို အပျော်တမ်း လုပ်တာ မဟုတ်ဘဲ ပမာဏ အများကြီးကို လုပ်ရတာ ဖြစ်တယ်။ ပုံမှန်အားဖြင့် ကုန်စည် ပမာဏက အတိုင်းအတာ တစ်ခုအထိ များလာပြီဆိုရင်တော့ နည်းလမ်းနဲ့ အရှိန်အဝါ မရှိဘဲနဲ့ ဘယ်သူမှ မင်းကို ရောင်းမှာ မဟုတ်ဘူးလေ။
ဆောင်းတွင်း မရောက်ခင်မှာပဲ တျန့်ဟိုင်ခရိုင်ရဲ့သင်္ဘောတွေ ဆောက်လို့ ပြီးသွားခဲ့တယ်။
သင်္ဘောတွေ ပြီးသွားတော့ ရေထဲမှာ အကြိမ်အနည်းငယ် စမ်းသပ်ကြည့်ရတယ်။ အားလုံးအဆင်ပြေသွားတော့မှ ထူးခြားတဲ့ အခမ်းအနားလေးတွေ လုပ်ပြီးတော့ ပထမဆုံး ခရီးစဉ်ကို စတင်တယ်။
ပထမဆုံး ခရီးစဉ် စတဲ့နေ့မှာ ရွှီထင်းရှန်းကိုယ်တိုင် တက်ရောက်ခဲ့တယ်။
သူ့အပြင် ရှဲ့သခင်လေးနဲ့ တပ်မှူးကန်းလည်း ပါတာပေါ့။
ရက်ပေါင်းများစွာ လေ့ကျင့်ထားတဲ့ အရပ်သားတပ်ဖွဲ့ဝင်တွေကို ခံတပ်က စစ်သည်ဟောင်းတွေက ဦးဆောင်ပြီး အချက်ပေးသံ ထွက်လာတာနဲ့ သင်္ဘောတွေဟာ တျန့်ဟိုင်ဆိပ်ကမ်းကနေ ထွက်ခွာသွားကြတယ်။
သင်္ဘောကတော့ ဝူချောင်သင်္ဘော အမျိုးအစား ဖြစ်တယ်။ ပုံစံက ရေမြောင်းပုံစံမျိုးရှိပြီး ကိုယ်ထည်ကတော့ အမည်းရောင် ဖြစ်တယ်၊ သင်္ဘောဦးရဲ့ ဘေးနှစ်ဖက်မှာတော့ မျက်လုံးနှစ်လုံး ရေးဆွဲထားတာကြောင့် ဝူချောင် လို့ အမည်ပေးထားတာ ဖြစ်တယ်။ ဒီဝူချောင်သင်္ဘောက ငါးဖမ်းသင်္ဘောကို အခြေခံပြီး ပြုပြင်ထားတာ ဖြစ်တာကြောင့် လျင်မြန်ဖြတ်လတ်တာမှာတော့ နာမည်ကြီးတယ်။ အရွယ်အစားကတော့ မကြီးဘူး၊ အလျားက ဆယ့်ငါးမီတာလောက် ရှိပြီး အနံက ငါးမီတာ ခြောက်မီတာလောက် ရှိတာကြောင့် ကမ်းနီးမှာ သုံးဖို့ အရမ်း အဆင်ပြေတယ်။
ရွှီထင်းရှန်းက ရွှမ်းယွီကျွန်းကို မရောက်ဖူးသေးတာကြောင့် စကားတစ်ခွန်း ပြောလိုက်တာနဲ့ ဒီသင်္ဘောရဲ့ ပထမဆုံးခရီးစဉ်ကို ရွှမ်းယွီကျွန်းလို့ သတ်မှတ်လိုက်ကြတယ်။
175 04
တျန့်ဟိုင်မြို့ပေါက်ကနေ ထွက်လိုက်တာနဲ့ ရှေ့က ရွှမ်းယွီပင်လယ်အော်ကိုဖြတ်ပြီး ရွှမ်းယွီကျွန်း ကို ရောက်တယ်။
ရွှမ်းယွီပင်လယ်အော်ထဲကို ဝင်တဲ့အခါ တပ်မှူးကန်းတို့ တစ်ဖွဲ့လုံးဟာ တကယ့်ကို သတိထားနေကြတာကို မြင်တော့မှပဲ ရွှမ်းယွီပင်လယ်အော်ရဲ့ ပိတ်ဆို့ခံထားရတဲ့ နေရာက တကယ်တမ်းကျတော့ အကုန်လုံး ပွင့်သွားတာ မဟုတ်ဘူးဆိုတာ ရွှီထင်းရှန်းသိလိုက်ရတယ်။ လမ်းကြောင်းတစ်ခုကိုပဲ ဖော်ထားတာ ဖြစ်တာကြောင့် မောင်းနှင်တဲ့ အခါမှာ ကျောက်ဆောင်တွေကို မတိုက်မိအောင် အရမ်းသတိထားရတယ်။ ဒါကြောင့်လည်း တျန့်ဟိုင်ကို အပြင်က သင်္ဘောတွေ လာဖို့ ခက်ခဲနေရတာ ဖြစ်တယ်။ လမ်းကြောင်းကို မကျွမ်းကျင်တဲ့သူဆိုရင်တော့ ဝင်လာဖို့ မလွယ်ဘူးလေ။
ရွှမ်းယွီကျွန်းကို မကြာခင်မှာပဲ ရောက်သွားခဲ့တယ်၊ ရွှီထင်းရှန်းစိတ်ကူးထားတာနဲ့တော့ မတူဘူး၊ ဒီကျွန်းလေးက တော်တော်လေးကို ခြောက်ကပ်လှတယ်။ ကျွန်းပေါ်ကို တက်ပြီး ကျွန်းအလယ်ကို ရောက်တော့မှ တော်တော်လေး စုတ်ပြတ်နေတဲ့ အိမ်အချို့ကို တွေ့ရတယ်။
ရှဲ့သခင်လေးရဲ့ ပြောပြချက်အရတော့ ဒီအိမ်တွေက ခဏတဖြုတ် နားနေဖို့အတွက်ပဲ သုံးတာ ဖြစ်တယ်။ သူတို့က နိုင်ငံခြားသားတွေနဲ့ အရောင်းအဝယ် လုပ်မယ့် အချိန်ကို ချိန်းဆိုထားပြီး ကုန်စည်တွေ ယူလာကြတယ်။ တစ်ဖက်လူကလည်း ကျွန်းရဲ့ တခြားတစ်ဖက်က လမ်းကြောင်းမှာ စောင့်နေပြီး နှစ်ဖက် အရောင်းအဝယ် လုပ်ကြတာ ဖြစ်တယ်။
ပြန်ပြီးစည်ကားလာပြီဆိုတဲ့ ရွှမ်းယွီကျွန်းကတော့ တကယ်တမ်းကျတော့ လမ်းတစ်ခုပဲ ဖြစ်တယ်။ နိုင်ငံခြားကို သွားနိုင်တဲ့ လမ်းတစ်ခုပဲလေ၊ အရင်တုန်းက အရှိန်အဝါမျိုးတော့ မရှိတော့ဘူး။ ပိတ်ဆို့ထားတဲ့ ရေလမ်းကြောင်းက ရွှမ်းယွီကျွန်းရဲ့ အရှိန်အဝါကို ဖြတ်တောက်လိုက်သလိုပဲ၊ အရင်က သက်ရှိအငွေ့အသက်တွေ ပြည့်နှက်နေတဲ့ နေရာကနေ အခုတော့ ရေအိုင်စုတ်ကြီး တစ်ခုလို ဖြစ်သွားခဲ့ပြီ။
ရွှီထင်းရှန်းဟာ ရွှမ်းယွီကျွန်း ပတ်ပတ်လည်ကို အကြာကြီး လမ်းလျှောက် ကြည့်နေခဲ့တယ်။ ကြည့်ရင်းနဲ့လည်း အသေးစိတ်ကို မေးမြန်းနေခဲ့တယ်။
ရှဲ့သခင်လေးကလည်း သိသမျှအကုန် ပြောပြတာကြောင့် ရွှီထင်းရှန်းအနေနဲ့လည်း အပေါက်ကလေးထဲကနေ ချောင်းကြည့်နေရတဲ့ အခြေအနေကနေ လွတ်မြောက်သွားပြီး ပင်လယ်ကုန်သည် မှောင်ခိုလောကရဲ့ အစိတ်အပိုင်း အချို့ကို အမှန်တကယ် သိရှိသွားခဲ့ပြီ။
"ဒါဆိုရင် ဒီပင်လယ်ပြင်ကြီးက ရေကန်ကြီး တစ်ခုဆိုရင် မင်းတို့က အဲဒီထဲက ပုစွန်လေး တစ်ကောင်လောက်ပဲ ရှိတာပေါ့၊ ပုစွန်ဆိတ်လေးလား”
ရွှီထင်းရှန်းက ဥပမာပေးလိုက်တိုင်း လူကို ရယ်ရခက် ငိုရခက် ဖြစ်စေတာကြောင့် ရှဲ့သခင်လေးလည်း သက်ပြင်းချပြီး ခေါင်းညိတ်လိုက်ရုံပဲ ရှိတော့တယ်။
အားလုံးဟာ သင်္ဘောနဲ့ တျန့်ဟိုင်ကို ပြန်လာကြတယ်။ ရွှီထင်းရှန်းရဲ့ မျက်လုံးထဲမှာတော့ စိတ်ပျက်တဲ့ အရိပ်အယောင်တွေ ပြည့်နေခဲ့တယ်။
သင်္ဘောနံရံမှာ ရပ်နေရင်း အဆုံးမရှိတဲ့ ပင်လယ်ပြင်ကြီးကို ကြည့်နေတဲ့အခါ သူ့ရဲ့ ရင်ထဲမှာ ပြောမပြနိုင်တဲ့ တည်ငြိမ်မှုမျိုးကို ခံစားနေရတယ်။
အဝေးကြီးမှာတော့ သူက ဝေဝါးနေတဲ့ အမည်းရောင် အစက်အပြောက် တစ်ခုကို မြင်လိုက်ရတယ်။
"ဟင်... အဲ့ဒါ ဘယ်နေရာလဲ။ ကျွန်တော်တို့ ခုနက ထွက်လာတုန်းက ဒီနေရာကို မတွေ့မိသလိုပဲ”
ရှဲ့သခင်လေး က လှမ်းကြည့်လိုက်ပြီး မျက်လုံးတွေက တစ်ချက် လက်သွားတယ်။ "အဲဒါက ကျိုးရှန်းကျွန်းစုထဲက ကျွန်းငယ်လေး တစ်ကျွန်းပါပဲ”
"သွားကြည့်လို့ ရမလား”
ဘေးက စစ်သည်တစ်ယောက်က ကြားဖြတ်ပြောလိုက်တယ်။ "အဲဒီကို သွားလို့ မရဘူး၊ အဲဒီမှာ ပင်လယ်ဓားပြတွေ ရှိတယ်”
"ပင်လယ်ဓားပြ ဟုတ်လား”
ရွှီထင်းရှန်းက ရှဲ့သခင်လေးကို ကြည့်လိုက်တော့ ရှဲ့သခင်လေးက ခေါင်းညိတ်ပြတယ်။
"ဒါဆိုရင် ဘာလို့လဲ”
သူက အဲဒီနေရာကို ညွှန်ပြလိုက်ပြီး ကိုယ်စီးနေတဲ့ ဒီသင်္ဘောကို ပြန်ညွှန်ပြလိုက်တယ်။ ရှဲ့သခင်လေးရဲ့ မျက်နှာမှာ ပြောရခက်တဲ့ ပုံစံမျိုး ဖြစ်နေတာကို မြင်တော့မှပဲ သူ ရုတ်တရက် နားလည်သွားခဲ့တယ်။ "ဒါဆိုရင် အဲဒီနေရာကလည်း ဒီနေရာလိုမျိုးပဲလား”
******
176 01
အခန်း (၁၇၆)
ဆောင်းဝင်စ ပင်လယ်ပြင်က တကယ့်ကို အေးစိမ့်လှတယ်။ အထူးသဖြင့် ကျဲ့ကျန်းနယ်က အရှေ့ပင်လယ်ဘက်မှာ ရှိနေတာဖြစ်ပြီး နွေးထွေးတဲ့ တောင်ပင်လယ်ဘက်မှာ မဟုတ်ဘူး။
ဒါကြောင့် သင်္ဘောနံရံမှာ ရပ်နေတဲ့ အမျိုးသားနှစ်ယောက်ဟာ အင်္ကျီလက်ရှည်ကြီးတွေနဲ့ တည်ငြိမ်နေတဲ့ပုံစံမျိုး မရှိတော့ဘဲ ထူထဲတဲ့ ဂွမ်းအင်္ကျီတွေကိုပဲ ဝတ်ထားကြရတယ်။
အထူးသဖြင့် ရွှီထင်းရှန်းကတော့ ဒီတစ်ခါ ခရီးမထွက်ခင်ကတည်းက အအေးမိနေတာကြောင့် နှာခေါင်းလေးက နီရဲနေသလို မျက်ဝန်းတွေလည်း နည်းနည်းတော့ နီမြန်းနေတယ်။ မသိတဲ့သူတွေဆိုရင်တော့ သူညွှန်ပြနေတဲ့ နေရာက သူ အကြာကြီး ခွဲခွာလာခဲ့ရတဲ့ ဇာတိမြေလို့တောင် ထင်မှတ်ကြလိမ့်မယ်။
တကယ့်ကို တည်ငြိမ်လေးနက်ရမယ့် အခြေအနေမျိုးမှာ ရှဲ့သခင်လေးကတော့ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရပေမဲ့ ချောင်းတစ်ချက် ဟန့်လိုက်ပြီး ရှင်းပြတယ်။ "တျန့်ဟိုင်ပတ်ဝန်းကျင်တစ်ဝိုက်ကို ဦးချိုတစ်ခုလို့ ဥပမာပေးမယ်ဆိုရင် တျန့်ဟိုင်ကတော့ အဲဒီဦးချိုရဲ့ ထိပ်ဖျားပဲ၊ ဘေးနှစ်ဖက်မှာလည်း အကိုင်းနှစ်ခု ရှိတယ်။ ဒီဘက်က တျန့်ဟိုင်ခံတပ် ရှိတဲ့နေရာ ဖြစ်ပြီး ဟိုဘက်ကတော့ ကော်ကျွီပဲ၊ ကော်ကျွီက ကျိုးရှန်းပင်မကျွန်းနဲ့ မျက်နှာချင်းဆိုင်မှာ ရှိတယ်။ ရွှမ်းယွီဆိပ်ကမ်း အပိတ်ခံရပြီးနောက်မှာတော့ ကျိုးရှန်းကျွန်းက တဖြည်းဖြည်း ပြန်စည်ကားလာတယ်။ အဲဒီပင်လယ်ပြင်မှာ ကျွန်းငယ်လေးတွေ အများကြီး ရှိတာကြောင့် ပုန်းအောင်းဖို့ ကောင်းတယ်။ ကျွန်းပေါ်မှာ ဂျပန်ဓားပြတွေ သောင်းကျန်းတဲ့ သတင်းတွေ ပိုများလာတာကြောင့် နန်းတွင်းက ကျွန်းပေါ်က ပြည်သူတွေကို ကုန်းတွင်းပိုင်းကို ပြောင်းခိုင်းဖို့ အမိန့်ထုတ်ခဲ့တယ်”
ဒါပေါ့၊ တကယ်တမ်းကျတော့ ဂျပန်ဓားပြတွေကြောင့် မဟုတ်ဘဲ တစ်ယောက်ယောက်က ကြားထဲကနေ ကိစ္စတွေကို လှည့်စားထားတာပဲ ဖြစ်တယ်။
ရွှီထင်းရှန်းက အင်္ကျီလက်ထဲကနေ လက်ကိုင်ပုဝါကို ထုတ်ပြီး နှာခေါင်းကို သုတ်နေရင်း ဝေဝါးနေတဲ့ အမည်းရောင် အစက်အပြောက်ကို စိုက်ကြည့်တယ်။ သူ့ရဲ့ မျက်နှာမှာတော့ ခံစားချက်တွေ ရှုပ်ထွေးနေပြီး နှမြောသလိုလို၊ ဝမ်းနည်းသလိုလိုနဲ့ တကယ့်ကို ထူးဆန်းနေတယ်။
အတော်ကြာမှ သူက သက်ပြင်းချလိုက်ပြီး မေးလိုက်တယ်။
"ရှဲ့သခင်လေးက အဲဒီနေရာရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ သိသလား"
ရှဲ့သခင်လေးက ပြောရခက်တဲ့ ပုံစံမျိုးနဲ့ "ဒါကတော့ ပြောဖို့ နည်းနည်း ခက်တယ်။ ဒီလိုပဲ ပြောကြပါစို့၊ တျန့်ဟိုင်က စီးပွားရေးဆိုတာ အဲ့ဒီနေရာကို သွားမယ့် နိုင်ငံခြားသား ကုန်သည်တွေ လမ်းကြုံလို့ ဝင်ပြီး လုပ်သွားတဲ့ အပိုင်းလောက်ပဲ ရှိတယ်”
ဒါဆိုရင် သူတို့တွေက သူတစ်ပါး စားပြီးသား အကြွင်းအကျန်တွေကိုပဲ စားနေရတာလား။
ရွှီထင်းရှန်းရဲ့ ရင်ထဲမှာ မကြာခင်ကမှ ဖြစ်ပေါ်လာတဲ့ တက်ကြွမှုတွေက ချက်ချင်းပဲ ပျောက်ကွယ်သွားတယ်။ ဘယ်လိုပဲ စဉ်းစားစဉ်းစား ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်နေတာကြောင့် ဟိုဘက်ကို ထပ်ကြည့်လိုက်တဲ့အခါ သူ့ရဲ့မျက်လုံးတွေထဲမှာ ဒေါသအရိပ်အယောင်တွေ ပါဝင်နေတယ်။
"ဝူ မျိုးရိုးလား၊ ဒါမှမဟုတ် ဖုန်း မျိုးရိုးလား၊ ဒါမှမဟုတ် မာ မျိုးရိုးလား ထန် လား၊ ဒါမှမဟုတ် ဖေး လား"
သူက နန်းတွင်း အမတ်ချုပ်ကြီးတွေရဲ့ နာမည်တွေကို တစ်ယောက်ပြီးတစ်ယောက် ရွတ်ဆိုနေတော့တယ်။
"ဒါကတော့"
"ဒီအထိ ရောက်နေပြီပဲ။ ဘာတွေ ပြောရခက်နေတာလဲ" ရွှီထင်းရှန်းက ထပ်မေးတယ်။
ရှဲ့သခင်လေးရဲ့ရင်ထဲမှာ ထိတ်ခနဲဖြစ်သွားပြီး မျက်လုံးတွေက လက်ခနဲ ဖြစ်သွားတယ်။ "ဝူ မိသားစုက ကျဲ့ကျန်းတစ်ခွင်မှာ အရှိန်အဝါ အကြီးဆုံး မိသားစုကြီးပဲ၊ သူတို့ရဲ့လုပ်ငန်းတွေကလည်း နေရာအနှံ့မှာ ရှိသလို မလုပ်တဲ့ အလုပ်ဆိုတာ မရှိသလောက်ပဲ”
ဒီစကားကို ကြားတော့ ရွှီထင်းရှန်းက နားထဲမှာ နည်းနည်းတော့ ခါးသလို ခံစားရတယ်။ ရှဲ့သခင်လေးမှာ ဘွဲ့ထူးဂုဏ်ထူး မရှိဘူးဆိုတာ သူ မှတ်မိနေပေမဲ့ စကားပြောတာကတော့ သူ့ထက်တောင် ကွေ့ဝိုက်နေသေးတယ်။
"ဒါဆိုရင် တျန့်ဟိုင်ကလည်း ဝူမိသားစုနဲ့"
"မဟုတ်ပါဘူး" လို့ ရှဲ့သခင်လေးက ခပ်ညှိုးညှိုး ပြုံးရင်း ပြောတယ်။ "ကျွန်တော်တို့ရဲ့ အဆက်အသွယ်ကတော့ ဝူအမတ်ချုပ်ကြီး ရှေ့ကို ရောက်ဖို့တော့ မလွယ်သေးဘူး”
"မဟုတ်ရင်တော့ တော်သေးတယ်”
ရှဲ့သခင်လေးက ရွှီထင်းရှန်းကို တစ်ချက် ကြည့်လိုက်ရင်း ဒီရွှီခရိုင်ဝန်က ဝူအမတ်ချုပ်ကြီးနဲ့ ရန်ငြိုးများ ရှိနေသလားလို့ စဉ်းစားမိတယ်။ နောက်မှ ပြန်စဉ်းစားကြည့်ရင် သူ မြို့တော်ကနေ ထွက်ခွာခဲ့ရတာကလည်း ဝူအမတ်ချုပ်ကြီးရဲ့ လက်ချက် ဖြစ်နိုင်တာကြောင့် နှစ်ယောက်ကြားမှာ ရန်ငြိုးရှိတာက မထူးဆန်းဘူး။
ရွှီထင်းရှန်းကတော့ ပင်လယ်ပြင်က လေကြမ်းတွေကို ဘယ်လိုမှ ဆက်ပြီး မခံနိုင်တော့တာကြောင့် အေးစိမ့်နေတဲ့ ကိုယ်ကို ဆန့်ထုတ်လိုက်ရင်း ပြောလိုက်တယ်။ "ထားလိုက်ပါတော့၊ ကိုယ့်မှာရှိတဲ့ အစွမ်းအစလောက်ပဲ လုပ်ကြတာပေါ့၊ အရင်ဆုံးတော့ ဒီနေရာလေးကိုပဲ အကောင်းဆုံး ဖြစ်အောင် အရင်လုပ်ကြတာပဲ”
176 02
ပြောပြီးတာနဲ့ သူက သင်္ဘောခန်ထဲကို ဝင်သွားတယ်၊ ရှဲ့သခင်လေးကလည်း သူ့ရဲ့ကျောပြင်ကို ကြည့်ပြီး နောက်ကနေ လိုက်ဝင်သွားတယ်။
နှစ်စဉ် ဆောင်းတွင်း ရောက်ပြီဆိုရင် တျန့်ဟိုင်ခရိုင်အတွက် အားလပ်ဆုံး အချိန်ပဲ ဖြစ်တယ်။
တစ်နှစ်လုံး အလုပ်များခဲ့သမျှ ဒီအချိန်မှာပဲ အနားယူပြီး နောက်နှစ် နွေဦးအတွက် အင်အားတွေ ဖြည့်တင်းရတယ်။
တခြားဟာတွေကို ထားလိုက်ပါဦး၊ အင်အားဖြည့်တင်းတာကတော့ အမှန်ပဲ။
အားလပ်သွားတဲ့ အချိန်မှာ ရွှီထင်းရှန်းက ခရိုင်ဝန်ရုံးက အလုပ်လေးတွေကို ဖြေရှင်းတယ်။ အရပ်သားတပ်ဖွဲ့ရဲ့ လေ့ကျင့်မှုတွေကို သွားကြည့်တယ်။ ပြီးတော့ အိမ်မှာပဲ အစားကောင်းတွေစားရင်း သားဖြစ်သူကို စာသင်ပေးတယ်။
ဟုန်အာကလည်း အခုဆိုရင် ငါးနှစ်နီးပါး ရှိနေပြီ၊ အဖေနဲ့ အမေကလည်း စာတွေ သင်ပေးထားတာကြောင့် စာတွေလည်း တတ်နေပြီ။
ရွှီထင်းရှန်းက သူ့အတွက် ဆရာတစ်ယောက် ရှာပေးမယ်လို့ အမြဲပြောပေမဲ့ တျန့်ဟိုင်ခရိုင်က အရမ်းကို ဝေးလံတာကြောင့် အဆင်ပြေတဲ့ ဆရာကို ချက်ချင်း ရှာလို့ မရဘူး ဖြစ်နေတယ်။ ဒါကြောင့်လည်း ရွှီထင်းရှန်းကိုယ်တိုင်ပဲ အရင် သင်ပေးနေရတယ်။ ကံကောင်းတာက ဟုန်အာက ဉာဏ်ကောင်းတာကြောင့် သင်ရတာ သိပ်ပြီးတော့ မပင်ပန်းဘူး။ ကျောက်အာကတော့ ကောင်းရှန်တို့ရဲ့ အကူအညီကြောင့် အရင်ကထက်စာရင် အများကြီး ပိုပြီး အားလပ်သွားတယ်။
အားလပ်သွားတဲ့ သူမကတော့ သားအဖနှစ်ယောက်အတွက် အစားကောင်းတွေ လုပ်ပေးဖို့ အချိန်ရသွားတယ်။ အထူးသဖြင့် ဆောင်းတွင်းက ခန္ဓာကိုယ်ကို အာဟာရ ဖြည့်တင်းရမယ့် အချိန် မဟုတ်လား၊ နှစ်ပတ်လောက် အတွင်းမှာတင် ရွှီထင်းရှန်းနဲ့ ဟုန်အာရဲ့ မျက်နှာလေးတွေက ဝိုင်းစက်လာခဲ့တယ်။
အခုဆိုရင် ရွှီထင်းရှန်း အကြိုက်ဆုံး အလုပ်ကတော့ ကုတင်ပေါ်မှာပဲ အောင်းနေပြီး မထတာပဲ၊ စားတာ သောက်တာကအစ အစိုးရ အမိန့်စာတွေ ဖတ်တာအထိ အကုန်လုံး ကုတင်ပေါ်မှာပဲ လုပ်ချင်နေတော့တယ်။ သူက ပျင်းလို့တော့ မဟုတ်ပါဘူး၊ တောင်ဘက်က ရာသီဥတုက အရမ်းကို အေးစိမ့်လွန်းတာကြောင့် မြောက်ဘက်က ခြောက်သွေ့တဲ့ အအေးထက် ပိုပြီးတော့ ခံရခက်လို့ပဲ ဖြစ်တယ်။
အရေးကြီးဆုံးကတော့ ဒီမှာ ခန် မရှိတာပဲ။
ပြီးခဲ့တဲ့နှစ်ကတော့ စိတ်က မအေးချမ်းနိုင်သေးတာရယ်၊ လုပ်စရာတွေ အများကြီး ရှိသေးတာရယ်ကြောင့် သိပ်ပြီး သတိမထားမိခဲ့ပေမဲ့ ဒီနှစ် အားလပ်သွားတော့မှ ဒီလို ရာသီဥတုက တကယ့်ကို ခံရခက်မှန်း သိလိုက်ရတယ်။
ရက်အနည်းငယ် သည်းခံကြည့်ပေမဲ့ ဘယ်လိုမှ မရတော့တာကြောင့် လူတွေကို ခေါ်ပြီး သူ့အတွက် ခန် ဆောက်ခိုင်းတော့တယ်။
ဒါပေမဲ့ တျန့်ဟိုင်မှာတော့ ခန် ဆောက်တတ်တဲ့သူ တစ်ယောက်မှ မရှိဘူး၊ နှစ်စဉ် ရာသီဥတုက အေးတယ်ဆိုပေမဲ့ ရက်အနည်းငယ်ပဲ အေးတာ ဖြစ်သလို တစ်ခါတလေ ဆီးနှင်းတောင် မကျတာကြောင့် ခန် ကို ဘာလုပ်ဖို့လဲ၊ သည်းခံလိုက်ရင် ပြီးသွားမှာပဲဆိုတဲ့ စိတ်နဲ့ နေကြတယ်။
ဒါပေမဲ့ ခရိုင်ဝန်မင်း ရွှီထင်းရှန်းကတော့ သည်းမခံနိုင်ဘူး။
သူက မနည်း ကြိုးစားပြီး အရာရှိ ဖြစ်လာတာ။ အခုမှ အေးအေးဆေးဆေး နေရတာကို ဘာလို့ သည်းခံနေရဦးမှာလဲ။
ဒါကြောင့် ကျောက်အာကတော့ ဒီလို ကပ်စေးနှဲတဲ့ ယောက်ျားက ခန် တစ်ခုအတွက် သူမရှေ့မှာ ရက်အတော်ကြာအောင် တတွတ်တွတ် ပြောနေတာကို ကြည့်ပြီး ရယ်ရခက် ငိုရခက် ဖြစ်နေရတယ်။ ရွှီချင်းဟွိုင် ပြန်ရောက်လာတော့မှပဲ ကိစ္စက ပြီးသွားခဲ့တယ်။
ရွှီချင်းဟွိုင်ကတော့ ခန် ဆောက်တတ်တယ်၊ အနောက်မြောက်ဘက်က ရွာက အမျိုးသားတွေထဲမှာ ခန် မဆောက်တတ်တဲ့သူဆိုတာ မရှိသလောက်ပဲ။ ရွှီထင်းရှန်း တစ်ယောက်ပဲ ချွင်းချက် ဖြစ်မှာပဲ။
ခန် ဆောက်တဲ့ အလုပ်က ရိုးရှင်းတယ်၊ အုတ်တွေ ယူလာပြီး ရွှီချင်းဟွိုင်က တစ်ရက်တည်းနဲ့ ဆောက်ပေးလိုက်တယ်။
နောက်ထပ် နှစ်ရက်လောက် အခြောက်ခံပြီးနောက်မှာတော့ မခြောက်သေးခင်မှာတင် ရွှီထင်းရှန်းက အတင်းအကျပ် မီးရှို့ခိုင်းတော့တယ်။ တကယ်ပဲ မီးရှို့လိုက်တော့ အခန်ထဲက ချက်ချင်း နွေးထွားသွားတယ်၊ ဒါပေမဲ့ ခုနက ဆောက်ထားတဲ့ ခန် က ခြောက်မှ သုံးလို့ ရမှာ မဟုတ်လား၊ ဒါကြောင့် နောက်ထပ် နှစ်ရက်လောက် ထပ်ပြီး စောင့်ရပြန်တယ်။
အသုံးပြုလို့ရတဲ့နေ့ကို ရောက်တော့ ရွှီထင်းရှန်း ကိုယ်တိုင်ပဲ ခန်ပေါ်မှာ ဖျာတစ်ချပ် ခင်းတယ်။ ဖျာပေါ်မှာလည်း သိုးမွေးစောင် တစ်ထပ် ခင်းတယ်။ အဲဒီအပေါ်မှာလည်း အိပ်ယာခင်း တစ်ထပ် ခင်းပြီး ကိုယ်တိုင် တက်ပြီး လှိမ့်ကြည့်လိုက်တဲ့အခါ နတ်ပြည်ကို ရောက်သွားသလိုမျိုး ခံစားလိုက်ရတယ်။
176 03
ဟုန်အာကလည်း သူ့အဖေ ကုတင်ပေါ်မှာ လှိမ့်နေတာ မြင်တော့ ဖိနပ်ချွတ်ပြီး တက်လှိမ့်တော့တယ်၊ သားအဖနှစ်ယောက် ဆော့နေတာကြောင့် အခန်းထဲက တကယ့်ကို စည်ကားနေခဲ့တယ်။ ဟေးကျစ်ကလည်း ကုတင်ဘေးမှာ ကပ်ပြီး အိပ်နေတယ်။
မြောက်ဘက်က ခွေးတွေက တောင်ဘက်ကို ရောက်လာရင် အသားမကျတာ မဟုတ်လား၊ မီးဖိုဘေးမှာ အိပ်တာထက် ကုတင်ဘေးမှာ အိပ်တာက ပိုပြီးတော့ နွေးတာကိုး။
ဟေးကျစ်ရဲ့အသက်ကလည်း မနည်းတော့ဘူး၊ သေချာတွက်ကြည့်ရင် ဆယ်နှစ်လောက်တောင် ရှိနေပြီ။ အခုတော့ အရင်လို သိပ်ပြီး မတက်ကြွတော့ဘူး၊ အရင်ကဆိုရင် ဟုန်အာနဲ့အတူ ဆော့ကစားခဲ့ပေမဲ့ အခုတော့ ဟုန်အာ ဆော့နေတာကိုပဲ အေးအေးဆေးဆေး ကြည့်နေတတ်တယ်။
ရွှီထင်းရှန်းနဲ့ ကျောက်အာကတော့ ဒါကို ထုတ်မပြောကြပေမဲ့ ရင်ထဲမှာတော့ စိုးရိမ်နေကြတာပဲ။ ခွေးတစ်ကောင် ဘယ်နှစ်နှစ်အထိ အသက်ရှည်သလဲဆိုတာ သူတို့ မသိကြပေမဲ့ ဟေးကျစ် ကိုတော့ အကြာကြီး အသက်ရှည်စေချင်ပြီး သူတို့နဲ့အတူ အမြဲ ရှိနေစေချင်ကြတယ်။
အနောက်ဘက် အဆောင်မှာတော့ ကျောက်အာက ရှောင်ဟုန်းနဲ့ ရှောင်လျူကို ခေါ်ပြီး ဒီနှစ်ရဲ့ စာရင်းတွေကို စစ်ဆေးနေတယ်။ ဟုန်အာကတော့ သူ့အဖေနဲ့ ဆော့ပြီးနောက်မှာ နွေးနွေးထွေးထွေးနဲ့ အိပ်ပျော်သွားခဲ့ပြီ။ ရွှီထင်းရှန်းက သူ့ကို စောင်ခြုံပေးလိုက်ပြီး ကုတင်ပေါ်က ဆင်းလာတဲ့ အခါမှာတော့ ဟေးကျစ်က သူ့ခြေထောက်ကို နှာခေါင်းနဲ့ လာပြီး တို့လိုက်တယ်။ သူက ငုံ့ပြီး ဟေးကျစ် ရဲ့ ခေါင်းလေးကို ပွတ်ပေးလိုက်ပြီးမှ ဖိနပ်စီးပြီး အပြင်ကို ထွက်လာခဲ့တယ်။
အပြင်ကို ထွက်လာပြီးနောက်မှာ သူက တံခါးဝမှာ ရပ်ပြီး ကျောက်အာ စာရင်းစစ်နေတာကို ကြည့်နေတယ်။
စားပွဲရှည်ကြီးပေါ်မှာ စာရင်းစာအုပ်တွေ အများကြီး ရှိနေပြီး သူမကတော့ အာရုံစိုက်ပြီး ကြည့်နေခဲ့တယ်။ ဘေးနားမှာတော့ ရှောင်ဟုန်း၊ ရှောင်လျူနဲ့ တခြား အစေခံမလေး နှစ်ယောက်ကလည်း ကူညီပေးရင်းနဲ့ သင်ယူနေကြတယ်။
ကျောက်အာက တစ်ယောက်ယောက်က သူမကို ကြည့်နေသလို ခံစားရတာကြောင့် မော့ကြည့်လိုက်တယ်. "ဟုန်အာကော"
ရှောင်ဟုန်းနဲ့ ရှောင်လျူတို့ကလည်း "သခင်ကြီး" လို့ နှုတ်ဆက်လိုက်ကြတယ်။
"အိပ်သွားပြီ" လို့ ရွှီထင်းရှန်းက ပြုံးပြီး ပြောလိုက်တယ်။ "ကုတင်ပေါ်မှာ နွေးနေတာဆိုတော့ သူဘာသာသူ အိပ်သွားတာပဲ၊ အဖေ ချီပေးပါ၊ အမေ ချီပေးပါလို့လည်း ဂျီမကျတော့ဘူး”
ဒီလူကတော့ တကယ့်ကို ကပ်စေးနှဲပဲ၊ အခွင့်အရေးရရင် သားဖြစ်သူကို လှောင်ဖို့ မမေ့ဘူး။ ကလေးဆိုတာ အိပ်ယာထဲမှာ အေးနေရင် အဖေနဲ့ အမေကို လာကပ်မှာပဲ၊ ဒါကို သူကပဲ အမြဲ စိတ်ထဲမှာ မှတ်ထားနေတာ။
ကျောက်အာက မတ်တပ်ရပ်လိုက်ပြီး ပခုံးတွေကို နှိပ်လိုက်ရင်း ရှောင်ဟုန်းနဲ့ ရှောင်လျူကို ဆက်ပြီး တွက်ခိုင်းထားကာ သူ့အနားကို လာခဲ့တယ်။
နှစ်ယောက်သား အပြင်ကို အတူတူ လမ်းလျှောက်သွားကြရင်း ကျောက်အာက ပြုံးပြီး မေးလိုက်တယ်။ "ကြည့်ရတာ နင် အတင်းဆောက်ခိုင်းတဲ့ ဒီကုတင်က တကယ်ပဲ အသုံးဝင်နေတယ် မဟုတ်လား"
ရွှီထင်းရှန်းက ခေါင်းခါလိုက်ပြီး "မဟုတ်ပါဘူး၊ ဒါက ပြည်သူတွေအတွက်ရော၊ ကိုယ့်အတွက်ပါ ကောင်းအောင် လုပ်ပေးတာပဲ”
ကျောက်အာက ဘာမှ ပြန်မပြောခင်မှာတင် ရွှီထင်းရှန်းက သူမအနားကို တိုးလာပြီး နံရံနားကို ကပ်လိုက်တယ်။
"ဒီကုတင်က အကြီးကြီးပဲ၊ ဟုန်အာက သူ့ဘာသာ အိပ်နေတာဆိုတော့ ငါတို့လည်း လုပ်ချင်တာတွေ လုပ်လို့ ရတာပဲ”
ကျောက်အာရဲ့ မျက်နှာလေး နီရဲသွားပြီး မျက်လုံးအဝိုင်းသားနဲ့ မေးလိုက်တယ်။ "နင် ဘာလုပ်ချင်လို့လဲ"
သူကတော့ မျက်စိမှိတ်ပြပြီး သူမကို ပြုံးပြတယ်၊။သူ့ရဲ့ အပြုံးက တကယ့်ကို ဆိုးပေမဲ့ ကြည့်လို့တော့ ကောင်းတယ်။ "ဟုန်အာလည်း ဒီလောက် ကြီးနေပြီပဲ၊ မင်း သူ့အတွက် ညီမလေး တစ်ယောက်လောက် မမွေးပေးချင်ဘူးလား"
"ဘယ်သူက ညီမလေး မွေးပေးမှာလဲ၊ ငါ မမွေးပေးနိုင်ဘူး”
"ငါက မင်းနဲ့ မွေးချင်တာ”
ကျောက်အာက သူ့ကို တွန်းထုတ်လိုက်ပြီး မျက်နှာနီနီနဲ့ ရှေ့ကို လျှောက်သွားတယ်။ "ဘာတွေ ပြောနေမှန်း မသိဘူး၊ ဘာပဲဖြစ်ဖြစ် ငါတော့ မမွေးပေးဘူး”
ရွှီထင်းရှန်းက သူမကို ပြန်ဆွဲလိုက်တယ်။ "မင်း ငါနဲ့ မမွေးလို့ မရဘူး၊ အခုပဲ လုပ်ကြရအောင်၊ ဒီဆောင်းတွင်းမှာတင် ညီမလေး တစ်ယောက်လောက် မွေးလိုက်ကြရအောင်။ ငါ ဒီခရိုင်ဝန် လုပ်ရတာ တကယ့်ကို ဆုံးရှုံးတာပဲ၊ တခြား ခရိုင်ဝန်တွေဆိုရင် အစားကောင်းတွေ စားပြီး မယားငယ်တွေ အများကြီး ထားကြတာ၊ ငါကတော့ နေ့တိုင်း ခွေးတစ်ကောင်လို ပင်ပန်းနေရတယ်၊ အခုမှ အားလပ်လို့ စိတ်ကူးပေါက်တုန်းမှာတောင် ဟိုကောင်လေးက ကြားထဲက နှောင့်ယှက်နေသေးတယ်။ တကယ်လို့ ငါသာ တစ်ခုခု ဖြစ်သွားရင် မင်းရဲ့နောက်ပိုင်းဘဝက ဘယ်လို လုပ်မလဲ”
176 04
သူ ပြောနေတာတွေက ပိုပြီးတော့ ဆိုးလာတာကြောင့် ကျောက်အာက သူ့ပါးစပ်ကို လှမ်းပိတ်လိုက်ပေမဲ့ ပိတ်မရတဲ့အပြင် သူ့ရဲ့အနှိုက်ကိုတောင် ခံလိုက်ရသေးတယ်။
ဒီလင်မယားနှစ်ယောက်က ထွက်သွားမလိုလိုနဲ့ တံခါးဝမှာတင် ဆော့နေကြတာကြောင့် အထဲက ရှောင်ဟုန်းနဲ့ ရှောင်လျူကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းငုံ့ကာ စာရင်းတွေ ဆက်စစ်နေကြရတယ်။ တခြား အစေခံမလေး နှစ်ယောက်ကတော့ မျက်နှာလေးတွေ နီရဲနေကြပြီး ဒါကို အသားမကျသေးတဲ့ ပုံစံမျိုးပဲ။
အဲဒီအချိန်မှာပဲ တံခါးဝက ကန့်လန့်ကာကို တစ်ယောက်ယောက်က လှမ်းဖွင့်လိုက်ပြီး ဟူဆန်းက အမြန်ဝင်လာတယ်။ "သခင်ကြီး၊ ရှဲ့သခင်လေးက..."
စကားတောင် မဆုံးသေးဘဲ သူက ချက်ချင်းပဲ ကျောပေးလိုက်ရတယ်။
အခန်ဝနားမှာ ရွှီထင်းရှန်းက လှည့်လိုက်ပြီး လက်ကို နောက်ပစ်ကာ ချောင်းတစ်ချက် ဟန့်လိုက်တယ်။
ကျောက်အာက သူ့ကို မျက်စောင်းထိုးလိုက်ပြီးမှ အထဲကို ပြန်ဝင်သွားတယ်။
သူကတော့ ဒီဘက်ကို ခြေလှမ်းအနည်းငယ် တိုးလာပြီး မေးလိုက်တယ်။ "ရှဲ့သခင်လေးက ဘာကိစ္စနဲ့ လာတာလဲ"
ဟူဆန်းရဲ့ မျက်နှာက တည်ငြိမ်နေပြီး "အရေးကြီးတဲ့ ကိစ္စတစ်ခုခု ဖြစ်မယ် ထင်တယ်၊ ရှဲ့သခင်လေးရဲ့ မျက်နှာက သိပ်ပြီးတော့ မကောင်းဘူး”
******