အခန်း (၁၇၉-၁၈၀)
Vol. 18 Ch. 179-180
အခန်း (၁၇၉)
နင်းပေါ်မြို့တော်ဝန်ရုံးရဲ့ ထည်ဝါခမ်းနားမှုကတော့ ခရိုင်ဝန်ရုံးနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး။
ရွှီထင်းရှန်းက ထိုနေရာသို့ ရောက်ရှိတဲ့အခါ သတင်းပို့ပြီးနောက်မှာတော့ လူတစ်ယောက်က သူ့ကို အထဲသို့ ခေါ်ဆောင်သွားတယ်။
လမ်းတစ်လျှောက် ခန်မဆောင်ကြီးတွေကို ဖြတ်ကျော်ပြီးနောက်မှာတော့ ဧည့်သည်တော်တွေကို ဧည့်ခံတဲ့ တတိယခန်မဆောင်ဆီသို့ ရောက်ရှိလာခဲ့တယ်။
မြို့တော်ဝန် ဆွန်းကန်းက အပြာရင့်ရောင် နေ့စဉ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်တွေကတော့ ဖြူစပြုနေကာ မျက်နှာက ပိန်ပါးပြီး မုတ်ဆိတ်ရှည်တစ်ဦးကို ထားရှိထားတယ်။ သူ၏ရုပ်သွင်ကို ကြည့်ရရုံနဲ့တင် တစ်နယ်လုံးရဲ့ ပြည်သူ့ရေးရာတွေကို စီမံခန့်ခွဲနေတဲ့ မြို့တော်ဝန်တစ်ဦးနဲ့ မတူဘဲ တစ်နေရာရာက စာသင်ဆရာတစ်ဦးနဲ့သာ ပိုပြီး တူညီနေတယ်။
ရွှီထင်းရှန်း ရောက်ရှိသွားတဲ့အချိန်မှာ သူက စာရေးခုံရှေ့မှာ ရပ်ပြီး တစ်ခုခုကို အာရုံစိုက် ရေးသားနေတာကြောင့် ရွှီထင်းရှန်းကလည်း ဘာမှဝင်မပြောဘဲ အောက်ဘက်မှာ အေးအေးဆေးဆေး ရပ်စောင့်နေလိုက်တယ်။
မြို့တော်ဝန် ဆွန်းကန်းက တကယ့်ကို အာရုံနစ်ဝင်ပြီး ရေးသားနေခဲ့ရာ အတော်ကြာမှ စုတ်တံကို ချလိုက်ပြီး မုတ်ဆိတ်ကို သပ်ရင်း စားပွဲပေါ်က စာသားတွေကို ကျေနပ်စွာ ကြည့်ရှုနေတော့တယ်။
ထိုအချိန်ကျမှသာ သူက ရွှီထင်းရှန်းကို သတိပြုမိသွားပြီး "ရွှီခရိုင်ဝန် ရောက်လာပြီလား" လို့ မေးလိုက်သလို အစေခံတွေကိုလည်း လက်ဖက်ရည် တည်ခင်းဖို့ အမိန့်ပေးလိုက်တယ်။
ဒါပေမဲ့ သူကိုယ်တိုင်ကတော့ ထိုင်မယ့်ပုံစံ လုံးဝမပြဘဲ ထိုနေရာမှာတင် ဆက်လက်ရပ်နေဆဲပဲ ဖြစ်တယ်။ ဒီလို အခြေအနေမျိုးမှာတော့ ရွှီထင်းရှန်းအနေနဲ့လည်း ဝင်ပြီး ထိုင်လို့ မရနိုင်ပါဘူး။
"ရွှီခရိုင်ဝန်ရဲ့ နာမည်ကျော်ကြားမှုကို ကြားနေရတာ ကြာပါပြီ၊ ဒီလောက်အထိ ငယ်ရွယ်လိမ့်မယ်လို့တော့ ထင်မထားခဲ့ဘူး”
သူတို့နှစ်ဦးဟာ တစ်ဦးက အထက်အရာရှိ၊ တစ်ဦးက လက်အောက်ငယ်သား ဖြစ်ကြပေမဲ့လည်း နန်းတွင်းရဲ့စည်းကမ်းအရ ဒေသဆိုင်ရာ အရာရှိတွေကို ရွေးချယ်ခန့်ထားရေးဌာနက တိုက်ရိုက်ခန့်အပ်တာ ဖြစ်တယ်။ အရေးကြီးတဲ့ ကိစ္စကြီးကြီးမားမား မရှိရင်တော့ မြို့တော်ဝန်ဟာ လက်အောက်ခံ ခရိုင်ဝန်တွေကို ခေါ်တွေ့လေ့ မရှိဘဲ ပုံမှန်အားဖြင့် အမိန့်စာတွေနဲ့သာ ဆက်သွယ်ကြတာ ဖြစ်တယ်။ ဒါကြောင့် ရွှီထင်းရှန်း ရာထူးတက်လာတာ နှစ်နှစ်နီးပါး ရှိနေပြီ ဖြစ်ပေမဲ့ သူတို့နှစ်ဦးဟာ တစ်ခါမှ မတွေ့ဖူးကြသေးဘူး။
"မြို့တော်ဝန်မင်းက ချီးကျူးလွန်းနေပါပြီ။ ရှေးတုန်းက ဂန်လော့ဆိုရင် ကိုးနှစ်သားနဲ့တင် အမတ်ချုပ် ဖြစ်ခဲ့တာပါ၊ ကျွန်တော်မျိုးက အသက်နှစ်ဆယ်ကျော်မှ အဆင့် ၇ ခရိုင်ဝန်လေးပဲ ဖြစ်တာမို့ ဒီလို ချီးကျူးမှုကို ခံယူဖို့ မထိုက်တန်ပါဘူး”
"ရွှီခရိုင်ဝန်က နှိမ့်ချလွန်းနေပါပြီ။ စာမေးပွဲ သုံးဆင့်စလုံး ပထမရတဲ့သူတွေက ရှိတတ်ပေမဲ့ ခြောက်ဆင့်စလုံး ပထမရတဲ့ လျိုရှို့ ဆိုတာကတော့ တကယ့်ကို ရှားပါးလှပါတယ်။ စာမေးပွဲစနစ် စတင်ခဲ့ကတည်းက ခြောက်ဆင့်စလုံး ပထမရတဲ့ လျိုယွမ်ဘွဲ့ရသူဆိုတာ နှစ်ယောက်ပဲ ရှိခဲ့တာပါ။ ရွှီခရိုင်ဝန်ကတော့ တကယ့်ကို လူငယ်ပညာရှိပဲ၊ အနာဂတ်ကတော့ ခန့်မှန်းလို့ မရနိုင်လောက်အောင် တောက်ပမှာ အသေအချာပဲ”
"ကျွန်တော် ရှက်မိပါတယ်" ရွှီထင်းရှန်းက လက်အုပ်ချီ နှုတ်ဆက်ပြီး ပြောလိုက်တယ်။
အဲဒီနောက်မှာတော့ သူက ဘာမှ ထပ်မပြောတော့ဘဲ ငြိမ်နေလိုက်ပေမဲ့ မြို့တော်ဝန် ဆွန်းကန်းကတော့ သူ့ကို တန်ဖိုးထားတဲ့ ပုံစံမျိုးနဲ့ ပြုံးပြီး ကြည့်နေခဲ့တယ်။ သူက တစ်ခုခုကို ရုတ်တရက် သတိရသွားသလိုမျိုးနဲ့ ရွှီထင်းရှန်းကို လက်ယပ်ခေါ်လိုက်တယ်။ "ရွှီခရိုင်ဝန်၊ ဒီဘက်ကို လာပါဦး၊ ငါရေးထားတဲ့ ဒီစာသားလေးကို တစ်ချက် ကြည့်ပေးပါဦး”
ရွှီထင်းရှန်းကလည်း ရိုရိုသေသေနဲ့ သွားကြည့်လိုက်တဲ့အခါ မြို့တော်ဝန် ဆွန်းကန်းရဲ့ လက်ရေးက တကယ့်ကို ကောင်းမွန်လှတာကို တွေ့ရတယ်။ စုတ်ချက်တွေက နဂါးပျံ ဝဲနေသလိုမျိုး အားကောင်းလှပြီး တစ်ဆက်တည်း ဖြစ်နေတာကြောင့် တကယ့်ကို တောင်ကြီးတစ်တောင် ပြိုကျလာသလိုမျိုး ခံစားချက်ကို ပေးစွမ်းနိုင်တယ်။
"အရာရှိမင်းရဲ့ လက်ရေးက တကယ့်ကို ကောင်းမွန်လှပါတယ်" သူက ချီးကျူးလိုက်တယ်။
မြို့တော်ဝန် ဆွန်းကန်းက မုတ်ဆိတ်ကို သပ်ရင်း ရယ်မောလိုက်ပြီး ပြောတယ်။ "ကြည့်ရတာ ရွှီခရိုင်ဝန်ကလည်း စာအရေးအသားပိုင်းမှာ တော်တော်လေး နှံ့စပ်ပုံရတယ်၊ ငါရေးထားတဲ့ ဒီစာသားလေးကို တစ်ချက်လောက် ဖတ်ပြပေးပါဦး”
179 02
ရွှီထင်းရှန်းက တစ်လုံးချင်းစီကို ဖတ်ပြလိုက်တယ်။ "မာန်မာနကို မကြီးထွားစေရ၊ လောဘနောက်ကို မလိုက်ရ၊ ရည်မှန်းချက်ကို အလွန်အကျွံ မဖြစ်စေရ၊ ပျော်ရွှင်မှုကို အဆုံးအစွန်ထိ မခံစားရ”
"ရွှီခရိုင်ဝန်၊ ဒါက ဘာကို ဆိုလိုသလဲဆိုတာ သိသလား”
ဒီစာသားတွေက လီကျိထဲက ဖြစ်ပြီး ရွှီထင်းရှန်းက ကျွမ့်ယွမ်ဘွဲ့ရ ပညာရှိတစ်ဦး ဖြစ်နေတာကြောင့် ဒါကို မသိဘူးဆိုရင်တော့ သူဘယ်လိုမျိုး ဘွဲ့ရခဲ့သလဲဆိုတာကို သူတစ်ပါးက သံသယ ဝင်ကြမှာပဲလေ။
ဒါပေမဲ့ မြို့တော်ဝန် ဆွန်းကန်းက ဖတ်ခိုင်းရုံတင် မကဘဲ အဓိပ္ပာယ်ကိုပါ ရှင်းပြခိုင်းနေတာကတော့ သူ့ရဲ့ လုပ်ရပ်က တကယ့်ကို စဉ်းစားစရာ ဖြစ်နေခဲ့ပြီ။
ရွှီထင်းရှန်းရဲ့ မျက်လုံးတွေက တစ်ချက် လက်သွားပြီးနောက်မှာ သူက ရှင်းပြလိုက်တယ်။ "ဒီစာသားတွေက 'ယဉ်ကျေးမှုကျမ်း' ထဲက ဖြစ်ပါတယ်။ အဓိက အဓိပ္ပာယ်ကတော့ လူသားတစ်ယောက်အနေနဲ့ အစွန်းမရောက်တဲ့ လမ်းစဉ်ကို လိုက်နာဖို့ ဆုံးမထားတာ ဖြစ်ပါတယ်။ အရာရာမှာ မလောက်မငလည်း မဖြစ်စေရသလို၊ အလွန်အကျွံလည်း မဖြစ်စေရပါဘူး။ အလွန်အကျွံ ဖြစ်သွားရင်တော့ မာန်မာန ထောင်လွှားတဲ့သူ ဖြစ်သွားပါလိမ့်မယ်။ လောဘကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းနိုင်ပေမဲ့ အလွန်အကျွံ ဖြစ်သွားရင်တော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လို့ မရတော့တဲ့အထိ ပျက်စီးသွားနိုင်ပါတယ်။ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ်၊ ဘယ်ကိစ္စမှာပဲ ဖြစ်ဖြစ် အလွန်အကျွံ ဖြစ်ခြင်းဟာ မကောင်းဘူးဆိုတဲ့ အမှန်တရားကို လိုက်နာရပါမယ်။ ဒါမှသာ အထက်အောက် ဆက်ဆံရေးတွေနဲ့ အမြဲတမ်း ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်မှာ အခြေခိုင်ခိုင် ရပ်တည်နိုင်မှာ ဖြစ်သလို အောင်မြင်မှုတွေကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်”
"ရွှီခရိုင်ဝန်က တကယ့်ကို ကျွမ့်ယွမ်ဘွဲ့နဲ့ ထိုက်တန်တဲ့သူပဲ၊ ရှင်းပြတာက တကယ့်ကို ကောင်းမွန်လှတယ်”
ရွှီထင်းရှန်းကတော့ ပြုံးနေရုံကလွဲလို့ ဘာမှ ထပ်မပြောပါဘူး။
"ရွှီခရိုင်ဝန်က ဒီစကားရဲ့အဓိပ္ပာယ်ကို နားလည်တယ်ဆိုရင်တော့ ငါ စိတ်အေးသွားပါပြီ။ မင်းက ငယ်သေးတယ်၊ လူငယ်ဆိုတာကတော့ မာန်ရှိကြတာပဲ၊ ငါတို့လို အသက်ကြီးတဲ့သူတွေက ဒါကို နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ မှတ်ထားပါ၊ တောထဲမှာ အမြင့်ဆုံး သစ်ပင်ဟာ လေဒဏ်ကို အခံရဆုံးပဲ၊ ဘယ်ကိစ္စမဆို အကျိုးနဲ့ အပြစ်ကို ချိန်ဆတတ်ဖို့ လိုအပ်တယ်” မြို့တော်ဝန် ဆွန်းကန်းက သက်ပြင်းချရင်း ပြောနေသလို ရွှီထင်းရှန်းရဲ့ ပုခုံးကိုလည်း ပုတ်ပေးနေတော့တယ်။
ဒါဟာ ပထမဆုံးအကြိမ် တွေ့ဆုံတဲ့သူတွေနဲ့ မတူဘဲ မိသားစုထဲက လူကြီးက လူငယ်ကို ဆုံးမနေတဲ့ ပုံစံမျိုး ဖြစ်နေခဲ့ပြီ။
ရွှီထင်းရှန်းက ဒီအဘိုးကြီး ဘာကွက်တွေ ခင်းနေသလဲဆိုတာကို မသိဘူးဆိုရင်တော့ သူ ဒီနှစ်တွေမှာ အသက်ရှင်နေရတာ အလကား ဖြစ်သွားမှာပေါ့။
ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဟိုတစ်ခါက ရှဲ့သခင်လေးဆီကို စကားပါးလိုက်တဲ့ ကိစ္စပဲ ဖြစ်မှာပါ။ အချိန်တန်ရင် တော်သင့်ပြီလို့ ပြောခဲ့ပေမဲ့ သူတို့က တော်မသွားတဲ့အပြင် ပိုတောင် လုပ်ပြလိုက်သေးတာလေ။ ရွှီထင်းရှန်းအနေနဲ့ အများကြီး စဉ်းစားနေစရာ မလိုပါဘူး၊ ကော်ကျွီဘက်က လူတွေက သူ့ကို အများကြီး ဆဲနေကြမှာ အသေအချာပဲ၊ သူ့ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကိုတောင် စဉ်းစားနေကြလောက်ပြီ၊ ဒါကြောင့်လည်း ဒီနေ့ ဒီမြင်ကွင်း ဖြစ်လာတာပေါ့။
ဒါပေမဲ့ ဒါတွေအားလုံးကတော့ အရူးကို မျက်စိမှိတ်ပြနေသလိုပဲ အလကား ဖြစ်သွားမှာပါ။ ရွှီထင်းရှန်းကသာ ဒီစကားတွေကို နားထောင်မယ့်သူဆိုရင် အခုလိုမျိုး ကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူးလေ။
"မင်း ဒီစာသားတွေကို တော်တော်လေး သဘောကျနေပုံရတယ်၊ ဒါကြောင့် ဒီစာကို ရွှီခရိုင်ဝန်အတွက် လက်ဆောင်အဖြစ် ပေးလိုက်မယ်”
သူက ဒါကို နည်းနည်းလေးမှ သဘောမကျဘူးလို့ ပြောလို့ ရမလား ရင်ထဲမှာတော့ မကျေမနပ် ဖြစ်နေပေမဲ့ ရွှီထင်းရှန်းက မြို့တော်ဝန် ဆွန်းကန်းရဲ့ လက်ထဲကနေ စာကို လက်ခံလိုက်ရတယ်။
"ရွှီခရိုင်ဝန်မှာလည်း အလုပ်တွေ အများကြီး ရှိနေမှာဆိုတော့ ငါကလည်း အကြာကြီး မတားတော့ပါဘူး။ နောက်တစ်ခါ ငါ လက်ရေးကောင်းကောင်း ထပ်ရေးနိုင်တဲ့ အခါကျရင်တော့ လူလွှတ်ပြီး ခေါ်လိုက်ပါ့မယ်၊ အဲ့ဒီအခါကျရင်တော့ လာပြီး ကြည့်ပေးပါဦး”
"ကျွန်တော် ဝမ်းမြောက်စွာနဲ့ လာခဲ့ပါ့မယ်”
ရွှီထင်းရှန်းက မြို့တော်ဝန်ရုံးကနေ အမြန်ပဲ ထွက်လာခဲ့တယ်။ မြင်းလှည်းပေါ် ရောက်တော့မှ လက်ထဲမှာ ကိုင်လာတဲ့ စာကို မြင်းလှည်းထဲကို ပစ်ချလိုက်တော့တယ်။
"ဒီလူတွေကလည်း မပင်ပန်းကြဘူးလား မသိဘူး၊ စကားတစ်ခွန်းတည်းနဲ့ ပြောလို့ ရတဲ့ ကိစ္စကို ဒီလောက်အထိ အပင်ပန်းခံနေကြရတယ်”
ဟူဆန်းက ဒီစကားကို ကြားတော့ မနေနိုင်ဘဲ မေးလိုက်တယ် "သခင်ကြီး၊ ဘာမှ မဖြစ်ဘူး မဟုတ်လား”
"ဘာဖြစ်စရာ ရှိလဲ၊ ပြန်ကြစို့”
ဒီလိုပဲ ပြောခဲ့ပေမဲ့ ရွှီထင်းရှန်း ပြန်ရောက်တဲ့ အခါမှာတော့ ကိစ္စတစ်ခုကို လုပ်ဆောင်ခဲ့တယ်။
သူက ဟူဆန်းကို ကိုယ်တိုင် ဟုန်အာကို တျန့်ဟိုင်ခရိုင်ကနေ ခေါ်ထုတ်သွားဖို့ ခိုင်းစေလိုက်တယ်။
179 03
မောက်ပါ့သိုကတော့ စုန့်ကျန်းနယ်က ခရိုင်ငယ်လေး တစ်ခုမှာ တာဝန်ကျနေတာ ဖြစ်တယ်။ ရွှီထင်းရှန်း ရာထူးတက်လာကတည်းက သူတို့နှစ်ဦးဟာ စာတွေ အပြန်အလှန် ပေးပို့နေကြတာဖြစ်တာကြောင့် ဟူဆန်းကို ဟုန်အာနဲ့အတူ သားဖြစ်သူအတွက် ငှားရမ်းထားတဲ့ ဆရာကိုပါ ထည့်ပေးလိုက်ပြီး ဟိုဘက်ကို ပို့ခိုင်းလိုက်တာ ဖြစ်တယ်။
"သခင်ကြီး"
"သွားကြစို့၊ ငါက ကြိုတင် ကာကွယ်ရုံတင် ပါ။ ကျောက်အာလည်း ထွက်သွားပြီဆိုတော့ ဟုန်အာကိုပါ တစ်ခါတည်း ပို့လိုက်တာက ပိုကောင်းပါတယ်။ မတော်တဆ ကိစ္စတစ်ခုခု ဖြစ်လာရင်တောင်မှ ငါ့မှာ စိုးရိမ်စရာ မရှိတော့ဘူးလေ၊ သူတို့တွေက ဒေါသထွက်ပြီး နည်းလမ်းယုတ်တွေ သုံးလာမှာကို ငါက ကြိုပြီး တားဆီးထားရမယ်”
"ဒါပေမဲ့ တကယ်လို့…"
"ဒါပေမဲ့ဆိုတာ မရှိဘူး၊ မင်းက မင်းရဲ့ သခင်ကို မယုံကြည်ဘူးလား ငါပြောနေတာက ကြိုတင် ကာကွယ်ရုံသက်သက် ပါ”
ဟူဆန်းက ရွှီထင်းရှန်းရဲ့ဘေးမှာ နေလာတာ ကြာပြီဖြစ်တာကြောင့် သူ့ရဲ့ စိတ်ဓာတ်ကို ကောင်းကောင်း သိနေပြီ။
ပုံမှန်ဆိုရင်တော့ ပြုံးပြုံးရွှင်ရွှင် နေတတ်ပေမဲ့ ဆုံးဖြတ်ချက် တစ်ခုခု ချလိုက်ပြီဆိုရင်တော့ ဒီလောကမှာ ကတော်ကြီး တစ်ယောက်တည်းကပဲ သူ့ကို ဖျောင်းဖျနိုင်တာလေ၊ အခုတော့ ကတော်ကြီးကလည်း အိမ်မှာ မရှိဘူး။ ဟူဆန်းကတော့ သခင်ကြီးက ကတော်ကြီးကို နန်ကျင်းကို သွားခိုင်းလိုက်တာကလည်း ဒီလို အခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ ကြိုတင် သိနေခဲ့လို့လားလို့တောင် သံသယ ဝင်မိနေတော့တယ်။
"သခင်ကြီး သခင်ကြီးက ငယ်ပါသေးတယ်၊ တကယ်တော့ ဒီလောက်အထိ အစွန်းရောက်ဖို့ မလိုပါဘူး၊ ဖြည်းဖြည်းချင်းပဲ လုပ်ဆောင်လို့ ရတာပဲ” ဟူဆန်းက ရှားရှားပါးပါး စကား ဝင်ပြောလိုက်တယ်။
ရွှီထင်းရှန်းက သူ့ကို ပြုံးပြီး ကြည့်လိုက်တယ်။ "ဟူဆန်း… မင်းက တကယ့်ကို စကားများတာပဲလို့ ဘယ်သူမှ မပြောဖူးဘူးလား၊ အဘွားကြီး တစ်ယောက်လိုပဲ။ ငါပြောပြီးသားပဲလေ၊ ကြိုတင် ကာကွယ်တာပါလို့၊ ပြီးတော့ မင်းမေ့နေပြီလား ငါ့ရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာကို။ ကောင်းပြီလေ... ကြိုတင် ကာကွယ်တာပဲ ထားပါဦး၊ ဟုန်အာက ငါ့ရဲ့အားနည်းချက်ပဲ၊ သူတို့က ဘယ်လို နည်းလမ်းယုတ်တွေ သုံးမလဲဆိုတာ ဘယ်သူ သိမှာလဲ။ အခုတော့ ငါ့မှာ စိုးရိမ်စရာ မရှိတော့ဘူးဆိုရင် သူတို့နဲ့ ကောင်းကောင်းကြီး ယှဉ်ပြိုင်နိုင်ပြီပေါ့”
"မင်းပြောတဲ့ ဖြည်းဖြည်းချင်း လုပ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်တော့ပါဘူး။ မြို့တော်ကနေ ထွက်လာကတည်းက ဒီပွဲကတော့ မအောင်မြင်ရင် အသေခံမယ်ဆိုတဲ့ ပွဲပဲ”
ဒီစကားကို ချန်ထားခဲ့ပြီး ရွှီထင်းရှန်းက အခန်ထဲကနေ ထွက်သွားတော့တယ်၊ ဟူဆန်းကတော့ သူ့ရဲ့ ကျောပြင်ကို ကြည့်ရင်း သက်ပြင်းကို အလေးအနက် ချလိုက်မိတော့တယ်။
ရွှီထင်းရှန်းက နောက်ဘက် အဆောင်ကို ပြန်လာတဲ့ အခါမှာတော့ ရှောင်လျူက ဟုန်အာရဲ့ ပစ္စည်းတွေကို အကုန် သိမ်းဆည်းပြီးနေပြီ။
"ဖေဖေ”
"မေမေက အိမ်မှာ မရှိဘူး၊ ဖေဖေကလည်း ခရိုင်က အလုပ်တွေနဲ့ အားမှာ မဟုတ်တော့ သားကို ဂရုစိုက်ဖို့ အချိန်မရှိဘူး ဖြစ်နေတယ်။ အဲ့ဒါကြောင့် သားရဲ့ ဦးလေးမောက်ကလည်း သားကို လာလည်ဖို့ အမြဲပြောနေတာနဲ့ အဲဒီကို သွားခိုင်းလိုက်တာ။ သူ့မှာ သမီးလေး တစ်ယောက် ရှိတယ်လေ၊ သားညီမလေး တစ်ယောက် လိုချင်နေတာ မဟုတ်လား ညီမလေးနဲ့ သွားဆော့နေလိုက်ဦး၊ ရက်အနည်းငယ် ကြာရင်တော့ ဖေဖေ လူလွှတ်ပြီး ပြန်ခေါ်လိုက်ပါ့မယ်” ရွှီထင်းရှန်းက ဟုန်အာရဲ့ ရှေ့မှာ ဆောင့်ကြောင့်ထိုင်ရင်း ပြောလိုက်တယ်။
"ဖေဖေ တစ်ခုခု ဖြစ်လို့လား”
ရွှီထင်းရှန်းက သားဖြစ်သူရဲ့မျက်မှောင်ကြုတ်နေတဲ့ ပုံစံလေးကို ကြည့်ပြီး ရယ်လိုက်ရင်း ခေါင်းလေးကို ပွတ်ပေးလိုက်တယ်။ "ဘာဖြစ်ရမှာလဲ၊ ဖေဖေက သား ဆရာနဲ့ စာသင်ရတာ ပင်ပန်းနေမှာ စိုးလို့လေ။ အခုက သားက အဆင့်မြင့် စာပေတွေကို မသင်ရသေးတော့ အလုပ်လည်း သိပ်မများသေးဘူး၊ အဲ့ဒါကြောင့် အပြင်ကို သွားပြီး လည်ပတ်ခိုင်းတာပါ။ နောက်ပိုင်း ကျမ်းစာတွေကို သင်ရပြီဆိုရင်တော့ အလုပ်များလာမှာမို့ အပြင်ထွက်ဖို့တောင် အချိန်ရမှာ မဟုတ်ဘူး”
"ဒါဆိုရင် ဖေဖေက ကျွန်တော့်ကို ဘယ်တော့ လာခေါ်မှာလဲ”
"နှစ်လလောက်ပေါ့၊ နှစ်လကြာရင်တော့ ဖေဖေ အသေအချာ လူလွှတ်ပြီး လာခေါ်ပါ့မယ်”
နေဝင်ရိုးရီ အချိန်မှာပဲ မြင်းလှည်းတစ်စီးဟာ တျန့်ဟိုင်ခရိုင်ဝန်ရုံးကနေ ထွက်ခွာသွားခဲ့တယ်။
သားဖြစ်သူကို ပို့ဆောင်ပြီးနောက်မှာတော့ ရွှီထင်းရှန်းက အစေခံတွေကို အစားအသောက်နဲ့ အရက် ပြင်ခိုင်းလိုက်တယ်။ သူတစ်ယောက်တည်း အရက်ကို အကြာကြီး ထိုင်သောက်နေခဲ့ပြီး အရက်တစ်အိုး ကုန်သွားတော့မှ လက်ထဲက အရက်ခွက်ကို ကိုင်ရင်း ပြုံးလိုက်တော့တယ်။
179 04
ညအချိန် ရောက်လာပြီဆိုရင်တော့ ချင်ဟွိုင်မြစ်ကမ်းဘေးဟာ အစည်ကားဆုံး အချိန်ပဲ ဖြစ်တယ်။
ဆီမီးရောင်တွေ ရေပြင်မှာ ထင်ဟပ်နေသလို၊ နံ့သာနံ့တွေကလည်း ပျံ့လွင့်နေခဲ့တယ်။ မြစ်ပြင်ပေါ်မှာတော့ ပန်းလှည်းတွေနဲ့ လှေတွေ အများကြီး ရှိနေသလို မြစ်ရဲ့ ဟိုဘက်ဒီဘက်မှာလည်း တန်ဖိုးကြီး အဆောက်အဦတွေက မြစ်ကြောင်းအတိုင်း တန်းစီနေခဲ့တာပေါ့။ သီချင်းသံတွေ၊ ရေစီးသံတွေ၊ တူရိယာသံတွေနဲ့ လှပတဲ့ မီးရောင်စုံတွေဟာ ချင်ဟွိုင်မြစ်ရဲ့ အလှကို ဖော်ဆောင်နေကြတယ်။
"သခင်ကြီး၊ဘာမှ မဖြစ်ဘူး မဟုတ်လား”
အဆောက်အဦတစ်ခုထဲကနေ ကျောက်အာက ယိုင်တိုင်တိုင်နဲ့ ထွက်လာခဲ့တယ်။
သူမရဲ့ ဘေးမှာတော့ ကောင်းရှန် ပါလာတာပေါ့။
ကောင်းရှန်ကတော့ စိုးရိမ်တကြီးနဲ့ သူမကို ကြည့်နေခဲ့ပေမဲ့ မတွဲရဲဘဲ ဖြစ်နေခဲ့တယ်။
အခုအချိန်မှာတော့ ကျောက်အာဟာ အမျိုးသမီးတစ်ယောက်နဲ့ လုံးဝ မတူတော့ပါဘူး။ သူမရဲ့ကိုယ်လုံးက ထွားကြိုင်းသလို အပြာနုရောင် ဝတ်စုံကို ဝတ်ထားတာကြောင့် တကယ့်ကို တည်ငြိမ်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဆံပင်အနက်ရောင်တွေကိုတော့ ခေါင်းပေါ်မှာ စုစည်းထားပြီး ရတနာတွေ ပါဝင်တဲ့ ခေါင်းစည်းကြိုးနဲ့ စနစ်တကျ စည်းထားတာကြောင့် သူမရဲ့ နဖူးပြင်ကို အထင်အရှား မြင်တွေ့နေရတယ်။
မျက်ခုံးတွေကိုတော့ ထူအောင် ရေးဆွဲထားတယ်၊ ကျောက်အာရဲ့ မျက်ခုံးတွေက နဂိုကတည်းက နက်မှောင်ပေမဲ့ သာမန်အမျိုးသမီးတွေထက်တော့ ပိုပြီး အားကောင်းလှတာကြောင့် အမျိုးသားတစ်ယောက်နဲ့တော့ တူမနေသေးပါဘူး။ နှာတံက ပေါ်လွင်နေပြီး နှုတ်ခမ်းတွေကိုတော့ တင်းတင်းစိထားတယ်၊ နီမြန်းနေတဲ့ ပါးပြင်လေးတွေကသာ သူမရဲ့ အခု အခြေအနေက ပုံမှန် မဟုတ်ဘူးဆိုတာကို ပြသနေတာပဲ ဖြစ်တယ်။
ဒီအဆောက်အဦရဲ့ တံခါးဝမှာတော့ ပါးလွှာတဲ့ အင်္ကျီတွေကို ဝတ်ထားတဲ့ အမျိုးသမီး အချို့ ရပ်နေကြတယ်။ သူတို့က ကျောက်အာရဲ့ တည်ငြိမ်တဲ့ ပုံစံကို မြင်လိုက်ရသလို သူမက အထဲကနေ ထွက်လာတာကို မြင်လိုက်ရတဲ့ အခါမှာတော့ ချက်ချင်းပဲ အနားကို တိုးလာကြပြီး ချွဲနွဲ့တဲ့ အသံလေးတွေနဲ့ ပြောလိုက်ကြတယ်။ "သခင်လေး၊ ဘယ်ကို သွားမလို့လဲဟင် ဒီအချိန်ကြီး ရှိနေပြီပဲ၊ ဒီညတော့ မပြန်ပါနဲ့လား”
ကျန်းနန်က အမျိုးသမီးတွေကတော့ တခြားနေရာက အမျိုးသမီးတွေနဲ့ မတူဘဲ စကားပြောတာကလည်း နူးညံ့သလို ကိုယ်လုံးလေးတွေကလည်း နွဲ့နှောင်းလှတယ်။ ကံကောင်းလို့ ကျောက်အာက အမျိုးသားတစ်ယောက် မဟုတ်တာပေါ့၊ မဟုတ်ရင်တော့ သူမလည်း ဒီနေရာကနေ ထွက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူမဟာ အမျိုးသမီးတွေရဲ့ ဖက်လှဲတကင်း လုပ်တာကိုတော့ ခံလိုက်ရတာပေါ့။
သူမက ရှောင်မနေဘဲ အမျိုးသမီးနှစ်ယောက်ရဲ့ ခါးကို ဖက်လိုက်ရင်း မူးမူးရူးရူးနဲ့ ပြောလိုက်တယ်။ "ကောင်းပြီလေ၊ ဒီနေ့တော့ ငါ နည်းနည်း မူးနေပြီဆိုတော့ မနေတော့ပါဘူး”
"အိမ်က ဇနီးသည်က ကြောက်စရာ ကောင်းလို့နေမှာပေါ့၊ အဲ့ဒါကြောင့် သခင်လေးက ကျွန်မတို့ ညီမအစ်မတွေကို ပစ်ထားခဲ့တာလား”
"နောက်တာပဲ”
မီးရောင်အောက်မှာ ကျောက်အာက ပြုံးလိုက်တဲ့ အခါမှာတော့ သူမရဲ့ မျက်လုံးတွေက ကြယ်လေးတွေ ပုန်းအောင်းနေသလိုမျိုး တောက်ပနေတော့တယ်။ သူမ ဖက်ထားတဲ့ အမျိုးသမီးကတော့ ချက်ချင်းပဲ ပါးလေးတွေ နီရဲသွားပြီး ကျောက်အာရဲ့ လက်ချောင်းတွေကို အတင်း ဆွဲထားတော့တာပဲ။ ဒီလို ချောမောလှပတဲ့ သခင်လေးကို သူမရဲ့ အခန်ထဲအထိ ခေါ်သွားချင်နေတဲ့ ပုံစံမျိုးပေါ့။
ငယ်လည်း ငယ်တယ်၊ ငွေလည်း ရှိတယ်၊ ရုပ်ကလည်း ချောတယ်ဆိုတော့ ဒီသခင်လေးသာ သူမကို သဘောကျပြီး ရွေးထုတ်သွားမယ်ဆိုရင်တော့ ဒါဟာ အိမ်မက်ထဲမှာတောင် ပြုံးနေရမယ့် ကိစ္စပဲလေ။
"ကောင်းပြီ၊ ကောင်းပြီ၊ အကုန်လုံး သိတတ်ကြပါ၊ ငါ နက်ဖြန်မှ ပြန်လာခဲ့ပါ့မယ်”
ကျောက်အာက အမျိုးသမီးတစ်ယောက်ရဲ့ တင်ပါးကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်ပြီး ထွက်လာခဲ့တယ်၊ ဟိုမှာ ကျန်ခဲ့တဲ့ အမျိုးသမီးလေးတွေကတော့ မကျေမနပ် ဖြစ်နေကြတဲ့ ပုံစံမျိုးပေါ့။
ကောင်းရှန်ကတော့ နဖူးက ချွေးတွေကို သုတ်လိုက်ရတယ်၊ သူက ဒီလို နေရာမျိုးကို ကျောက်အာထက်စာရင် အများကြီး ပိုပြီး ရောက်ဖူးပေမဲ့ ကျောက်အာလောက်တော့ မကျွမ်းကျင်သေးပါဘူး။ သူကသာ ရွှီထင်းရှန်းက ဒီမြင်ကွင်းကို မြင်သွားရင် ဘယ်လိုမျိုး ထင်မလဲဆိုတာကိုတောင် စဉ်းစားနေမိတော့တယ်။
မြင်းလှည်းက ရောက်နေပြီ ဖြစ်တာကြောင့် ကျောက်အာက လှည်းပေါ် တက်လိုက်ပြီး မျက်လုံးတွေကို မှိတ်ကာ မှီနေလိုက်တယ်။ ကောင်းရှန်က နောက်ကနေ လိုက်တက်လာပြီး သူမအတွက် လက်ဖက်ရည်ပူပူလေး တစ်ခွက် ငှားပေးလိုက်တယ်၊ ကျောက်အာက လက်ဖက်ရည်ကို တစ်ကျိုက်တည်း သောက်လိုက်တော့မှ ရင်ထဲမှာ နည်းနည်း သက်သာသွားတော့တယ်။
"အဲ့ဒီ မုန့်အရာရှိက ငါတို့ကို ပိုးထည် သုံးသောင်း ပေးဖို့ သဘောတူလိုက်ပြီ၊ နင် နက်ဖြန်ကျရင် လူတွေကို ခေါ်ပြီး ပိုးထည်လုပ်ငန်းဌာနကို သွားလိုက်ဦး၊ ပစ္စည်းတွေကို ထုတ်ပြီး တျန့်ဟိုင်ကို ပြန်ပို့ခိုင်းလိုက်”
179 05
ကောင်းရှန်က ဒါကိုကြားတော့ အံ့ဩတကြီးနဲ့ မေးလိုက်တယ်။ "သဘောတူလိုက်ပြီလား.. ကျွန်တော်ကတော့ ဒီလူက ထပ်ပြီး အချိန်ဆွဲနေဦးမယ် ထင်တာ”
ကျောက်အာက နဖူးကို နှိပ်ရင်း ပြောလိုက်တယ်။ "သူက ဘယ်လိုမျိုး ထပ်ပြီး အချိန်ဆွဲနိုင်မှာလဲ။ ပြီးတော့လည်း ငါက ပိုးထည် တစ်အုပ်ကို ရောင်းရင် သူ့ကို ငွေပြား တစ်ပြားစီ ပိုပေးမယ်လို့ ကတိပေးထားတာလေ၊ တခြားသူက သူ့ကို ဒီဈေး မပေးနိုင်တော့ သူက ငါတို့ဆီပဲ ရောင်းမှာပေါ့”
ဒီကျန်းနင်ပိုးထည်လုပ်ငန်းဌာနက နန်းတွင်းအတွက် အဓိက လုပ်ပေးတာ ဖြစ်ပေမဲ့ ဒါကတော့ အပြင်ပန်းပဲ ဖြစ်ပြီး လျှို့ဝှက်စွာနဲ့ အမြတ်ထုတ်နေတာတွေက အများကြီး ရှိနေခဲ့တာပါ။ မုန့်အရာရှိကတော့ တောင်ဘက်က ပိုးထည်ဌာနကို တာဝန်ယူရတဲ့သူဖြစ်ပြီး သူ့ရဲ့လက်အောက်မှာ အလုပ်သမား သောင်းနဲ့ချီ ရှိတာကြောင့် ပိုးထည် ဘယ်လောက် ပိုထွက်သလဲဆိုတာက သူပြောတဲ့အပေါ်မှာပဲ မူတည်နေတာလေ။
ပြီးတော့ ဒီလူက တကယ့်ကို မိန်းမလိုက်စားတဲ့သူ ဖြစ်တာကြောင့် ကျောက်အာက သူ့ကို ရက်ပေါင်းများစွာကြာအောင် ဒီလို နေရာမျိုးတွေမှာ ဧည့်ခံပေးခဲ့ရတာ ဖြစ်တယ်။ အရက်လည်း သောက်တယ်၊ မိန်းမလှလေးတွေကိုလည်း ဖက်ထားရတော့ ညီအစ်ကိုတွေလိုမျိုး ရင်းနှီးသွားခဲ့တာပေါ့။ အထူးသဖြင့် မနေ့က ကျောက်အာက သူ့အတွက် မိန်းမလှလေးတစ်ယောက်ကို ငွေပုံပေးပြီး ငှားပေးလိုက်တာကြောင့် အဲဒီ အမျိုးသမီးက ကြားထဲက စကားပြောပေးတော့မှ ဒီစီးပွားရေးက အောင်မြင်သွားခဲ့တာ ဖြစ်တယ်။
တကယ်တော့ အရင်က တွေ့ချင်တယ်လို့ ပြောကတည်းက ဒီစီးပွားရေးက အောင်မြင်သလောက် ရှိနေပါပြီ၊ ဒါပေမဲ့ ဒီမုန့်အရာရှိကတော့ သူ့အတွက် ငွေပိုရအောင်လို့ တမင်တကာ မာန်တက်ပြနေခဲ့တာပဲ ဖြစ်တယ်။
"ဒီကုန်စည်တွေ ရလာပြီဆိုရင်တော့ အရင်က ရထားတဲ့ ပိုးချည်တွေနဲ့ ပေါင်းလိုက်ရင် တျန့်ဟိုင်က လိုအပ်ချက်ကို ခဏတော့ ဖြေရှင်းနိုင်မှာပါ”
"ကျွန်တော် နက်ဖြန်ပဲ ဒါကို စပြီး လုပ်လိုက်ပါ့မယ်၊ ပစ္စည်းတွေကို အရင်ဆုံး ထုတ်ယူထားမှ စိတ်အေးရမယ်။ ဒီလူတွေက တကယ့်ကို ပါးနပ်ကြတာ၊ နေရာအနှံ့မှာ အဆက်အသွယ်တွေ ရှိကြတာဆိုတော့ တခြားတစ်ယောက်ယောက်က ပိုပြီး ပေးလိုက်ရင် စိတ်ပြောင်းသွားမှာကို စိုးရိမ်ရတယ်”
နိုင်ငံခြားသားတွေက ပိုးထည်ကို ကြိုက်တယ်ဆိုပေမဲ့ သူတို့ကလည်း ပစ္စည်းကောင်း၊ မကောင်းကိုတော့ ခွဲခြားတတ်ကြတာပဲလေ။
ဒီတစ်ခါ နန်ကျိလေးကနေ ယူလာတဲ့ ပိုးထည်တွေကိုတော့ နိုင်ငံခြားသားတွေက တကယ့်ကို ချီးကျူးကြပြီး လုယူပြီးတော့တောင် ဝယ်သွားကြတယ်။ ပြီးတော့ တျန့်ဟိုင်ဘက်ကိုလည်း ရှိသမျှ အကုန်ယူမယ်လို့ ကတိပေးခဲ့ကြသေးတယ်။
တျန့်ဟိုင်ဘက်ကလည်း အကုန်လုံး ပေးမယ်လို့ ပြန်ပြောလိုက်တာကြောင့် နိုင်ငံခြားသားတွေလည်း ပျော်ရွှင်စွာနဲ့ ပြန်သွားကြပြီး သူတို့ အရင်က ကျိုးရှန်းကျွန်းကို သွားဖို့ စိတ်ကူးထားတာကိုတောင် မေ့သွားခဲ့ကြတော့တယ်။
ကျိုးရှန်းကျွန်းဘက်ကတော့ လက်ဗလာနဲ့ ကျန်ခဲ့တာပေါ့။ ဟန်တယ်ဝေ ဆိုတဲ့ နိုင်ငံခြားသား ကုန်သည်ကတော့ သူတို့ဆီမှာ အမြဲတမ်း အကြီးအကျယ် ဝယ်တဲ့သူ ဖြစ်ပေမဲ့ အခုတော့ တစ်ခါ စောင့်တယ်၊ နှစ်ခါ စောင့်တယ်၊ ရောက်မလာခဲ့ပါဘူး။ ရွှမ်းယွီကျွန်းကို စောင့်ကြည့်ခိုင်းထားတဲ့သူ ပြန်ရောက်လာပြီး ဟန်တယ်ဝေရဲ့ သင်္ဘောက ရွှမ်းယွီကျွန်းကို သွားလိုက်ပြီလို့ တင်ပြလိုက်တော့မှ ဟဲ့စစ်သူကြီးဟာ အရာအားလုံးကို နားလည်သွားတော့တယ်။
"ဒီကောင်လေးကတော့ တကယ့်ကို သိတတ်တဲ့သူ မဟုတ်ဘူးပဲ"
အခုအချိန်မှာတော့ ဟဲ့စစ်သူကြီးဟာ ဒေါသထွက်လွန်းလို့ ရယ်တောင် ရယ်မိနေတော့တယ်။
"အရာရှိမင်း ဒီကိစ္စကို ဘယ်လို လုပ်ကြမလဲ ဆွန်းကန်းကများ ငါတို့ကို လိမ်နေတာလား၊ သူက ဟိုဘက်က အကျိုးအမြတ်ကို ယူပြီးတော့ ငါတို့ကို ဖြော့တော့တော့ပဲ လုပ်ပေးနေတာလား”
"သူ ဝံ့ရဲပါ့မလား"
"ဒါပေမဲ့..." ချန်ရာအုပ်က သက်ပြင်းချလိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။ "အောက်က မိသားစုကြီး အချို့ကတော့ လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီ။ အပြင်ပန်းမှာတော့ ငါတို့နဲ့အတူ ရှိနေသလိုမျိုး လုပ်နေပေမဲ့ တကယ်တမ်းကျတော့ တျန့်ဟိုင်ဘက်ကို လူလွှတ်ပြီး အဆက်အသွယ် လုပ်နေကြပြီ”
ဟဲ့စစ်သူကြီးကတော့ ဒါကို မအံ့ဩပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလူတွေက အကျိုးရှိတဲ့ နေရာဆိုရင် ဝင်သွားကြမှာပဲ၊ စီးပွားရေးသမား ဆိုတာကတော့ ရှက်ခြင်း၊ ကြောက်ခြင်း မရှိဘဲ အမြတ်ရမယ့် နေရာကိုပဲ သွားကြတာ မဟုတ်လား။ ဒါပေမဲ့ ကော်ကျွီဘက်ကို အားကိုးနေကြတာက ဒီမှာ ထွက်ပေါက် ရှိနေလို့ပဲလေ၊ သူတို့တွေကလည်း နှစ်စဉ် ဒီဘက်ကို ငွေတွေ အများကြီး ပေးနေကြရတာ။ အခု ကော်ကျွီဘက်မှာ ထွက်ပေါက် မရှိတော့ဘူးဆိုရင် တခြားနေရာမှာ ရှာတာကလည်း မဆန်းပါဘူး။
ဒါပေမဲ့ ကော်ကျွီရဲ့ အုပ်ချုပ်သူ တစ်ဦးအနေနဲ့တော့ ဒီလိုမျိုး အဖြစ်ကို မခံနိုင်ဘူးလေ။
"အရာရှိမင်း ဒီကိစ္စကိုသာ မဖြေရှင်းနိုင်ရင်တော့ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ကတော့..."
"မင်း ပြောစရာ မလိုဘူး၊ ငါလည်း သိတယ်"
179 06
ဟဲ့စစ်သူကြီးရဲ့ မျက်လုံးတွေထဲမှာတော့ ရက်စက်တဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာတယ်။ "ဒီကောင်လေးက မသိတတ်ဘူးဆိုမှတော့ ငါကပဲ သူ့ကို သိတတ်အောင် သင်ပေးရမှာပေါ့။ အမွေးမစုံသေးတဲ့ ကောင်လေးတစ်ယောက်က ငါ့နယ်မြေထဲမှာ လာပြီး ရမ်းကားနေတာဆိုတော့ ငါ့ရဲ့နာမည်ကို ဘယ်လို ရေးရမလဲဆိုတာ သူ မသိသေးဘူး ထင်တယ်”
"အရာရှိမင်းရဲ့ အဓိပ္ပာယ်က"
ဟဲ့စစ်သူကြီးက လက်ယပ်ခေါ်လိုက်ပြီး ချန်ရာအုပ်ရဲ့ နားထဲမှာ တစ်ခုခုကို တိုးတိုးလေး ပြောလိုက်တော့တယ်။
******
180 01
အခန်း (၁၈၀)
တျန့်ဟိုင်ခရိုင်ရဲ့ အရှေ့ဘက် မြို့တံခါးမှာတော့ လူတွေနဲ့ ပြည့်နှက်ပြီး ဆူညံအော်ဟစ်နေတဲ့ မြင်ကွင်းတွေ ရှိနေခဲ့တယ်။
လူတွေကလည်း အများကြီး၊ လှည်းတွေကလည်း အများကြီး ရှိနေပေမဲ့လည်း အားလုံးက စနစ်တကျနဲ့ တန်းစီထားတဲ့ အတန်းနှစ်တန်း ရှိနေပြီး အစီအစဉ်အတိုင်း ရှေ့ကို တိုးနေကြတယ်။
တစ်တန်းကတော့ သာမန် ပြည်သူတွေ ဖြစ်ပြီး နောက်တစ်တန်းကတော့ အဆုံးကို မမြင်နိုင်လောက်တဲ့ လှည်းအုပ်စုကြီးပဲ ဖြစ်တယ်။ ဒါပေမဲ့ တံခါးစောင့်တွေကတော့ လုပ်နေကျ အလုပ်တွေ ဖြစ်တာကြောင့် ဒီဘက်မှာ အရှေ့ကလူတွေကို စစ်ဆေးနေတုန်းမှာပဲ အစေခံအချို့က အနောက်က လူတွေဆီကို သွားပြီး ကြိုတင် စစ်ဆေးနေကြတာကြောင့် အလုပ်က တော်တော်လေးကို မြန်ဆန်နေခဲ့တယ်။
"အရင်တုန်းက ဒီလောက်အထိ အလုပ်မရှုပ်ပါဘူး၊ အခုတစ်ခေါက် လာတာကတော့ ကိစ္စတွေက တော်တော်လေးကို များနေတာပဲ" ကုန်စည် လိုက်ပို့ပေးရတဲ့ တာဝန်ခံတစ်ယောက်က ညည်းတွဲပြီး ပြောလိုက်တယ်။
ဘေးနားက အစေခံတစ်ယောက်က သူ့ကို ရှင်းပြတယ်။ "ဒီရက်ပိုင်းအတွင်းမှာ အခြေအနေက သိပ်မအေးချမ်းဘူးလေ။ ကျွန်တော်တို့ သခင်ကြီးက ပြောတယ်၊ သတိရှိမှ ဘေးကင်းမယ်တဲ့။ အားလုံးလည်း ဒီစီးပွားရေး လုပ်ရတာ မလွယ်ဘူး မဟုတ်လား၊ ကျွန်တော်တို့က နည်းနည်းလေး ပိုပြီး အပင်ပန်းခံလိုက်ရင်တော့ အားလုံး ဘေးကင်းကင်းနဲ့ ရှိနေမှာပေါ့၊ အဲ့ဒါက ဘာထက်မဆို ပိုပြီး အရေးကြီးပါတယ်"
ဒီစကားကို ကြားတော့ အဲဒီတာဝန်ခံလည်း ပြုံးသွားတော့တယ်။ စီးပွားရေးသမား ဆိုတာကတော့ ကံကောင်းခြင်းတွေကို ယုံကြည်ကြတာ မဟုတ်လား၊ တစ်ဖက်လူကလည်း ဒီလောက်အထိ စကားကောင်းတွေ ပြောနေမှတော့ သူလည်း ဒေါသထွက်လို့ မရတော့ဘူးလေ။
နေကလည်း တော်တော်လေး ပူနေတာကြောင့် လက်နက်တွေ အပြည့်အစုံနဲ့ အစေခံတွေမှာတော့ နဖူးကနေ ချွေးတွေ တဖြိုင်ဖြိုင် ကျနေသလို လည်ချောင်းထဲမှာလည်း မီးလောင်နေသလို ခံစားနေရတယ်။
အစေခံတစ်ယောက်က ဝမ်တာ့နျို ဆီကို ရေဘူး လှမ်းပေးလိုက်ရင်း ပြောလိုက်တယ်။ "ဝမ်ခေါင်းဆောင်၊ ရေလေး သောက်ပါဦး"
ဝမ်တာ့နျို ရေသောက်နေတဲ့ အချိန်မှာ အဲဒီအစေခံက ညည်းတွဲလိုက်တယ်။ "ဒီရက်ပိုင်းအတွင်း သခင်ကြီးက ဘာဖြစ်နေတာလဲ မသိဘူး၊ ကိစ္စတွေကို ဒီလောက်အထိ အသေးစိတ် လုပ်ခိုင်းနေတာ။ ကုန်စည်တွေ ဂိုဒေါင်ထဲ သွင်းရင်လည်း တစ်ခါ စစ်ရဦးမှာကို၊ အခု မြို့တံခါးမှာပါ စစ်ခိုင်းနေရသလား"
ဝမ်တာ့နျိုက သူ့ရဲ့ခေါင်းကို ခပ်ဖွဖွလေး ပုတ်လိုက်ရင်း ပြောလိုက်တယ်။ "မင်းကတော့ သတ္တိ တော်တော် ရှိနေတာပဲ။ သခင်ကြီးအကြောင်းကိုတောင် လျှောက်ပြောနေပြီလား၊ ရတဲ့ ငွေတွေက မင်းအတွက် များလွန်းနေလို့လား သခင်ကြီးက ခိုင်းရင်တော့ ငြိမ်ငြိမ်လေး လုပ်နေလိုက်စမ်းပါ၊ စကားတွေ အများကြီး ပြောမနေနဲ့"
ဝမ်တာ့နျိုက ရွှီထင်းရှန်းရဲ့ယုံကြည်မှုကို ရရှိခဲ့ပြီးနောက်မှာတော့ သာမန်တံခါးစောင့်ဘဝကနေ တံခါးစောင့်အားလုံးကို အုပ်ချုပ်ရတဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တယ်။ ရာထူးက ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သူ့ရဲ့လက်အောက်မှာ လူပေါင်း ဆယ်ဂဏန်းလောက် ရှိတာကြောင့် အခုဆိုရင် တော်တော်လေးကို အရှိန်အဝါ ရှိနေပြီလေ။
"အဲဒီလို မဟုတ်ပါဘူး၊ ကျွန်တော်လည်း အားနေတာနဲ့ စကားလေး နည်းနည်း ပြောမိတာပါ၊ သခင်ကြီးကိုတော့ ဘယ်လိုလုပ် အပြစ်ပြောရဲမှာလဲ"
ဝမ်တာ့နျိုက လှောင်ရယ်လိုက်တယ်။ အဲ့ဒီအချိန်မှာပဲ မလှမ်းမကမ်းကနေ ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။
ဒါကတော့ စစ်ဆေးနေတဲ့ တံခါးစောင့်က တစ်ခုခုကို ထူးထူးခြားခြား တွေ့လိုက်လို့ပဲ ဖြစ်တယ်။
"မင်းက ဘယ်က ဆန်ဆိုင်ကလဲ၊ ဘာလို့ ဒီလောက်အထိ ဆန်တွေ အများကြီး သယ်လာရတာလဲ"
180 02
ဆန်သယ်လာတဲ့ အလုပ်သမားကတော့ ခေါင်းငုံ့ပြီး ရိုရိုသေသေ နေနေပေမဲ့ ကံဆိုးတာက သူက စကားသိပ်မပြောတတ်တာကြောင့် ဘာမှ ပြန်မဖြေနိုင်ဘူး ဖြစ်နေတယ်။ အဲဒီအချိန်မှာ တာဝန်ခံ ပုံစံမျိုး ရှိတဲ့ လူတစ်ယောက်က အရှေ့ကို တိုးလာပြီး အတင်းပြုံးပြရင်း ပြောလိုက်တယ်။ "အရာရှိမင်းခင်ဗျာ၊ ကျွန်တော်တို့က ချိုက်ကျိဆန်ဆိုင်က အလုပ်သမားတွေ ပါ၊ ဒီဆန်တွေကို စုန့်ကျန်းဘက်ကနေ သယ်လာတာ ဖြစ်ပါတယ်။ ဘာဖြစ်လို့ ကျွန်တော်တို့ကို အထဲ ပေးမဝင်တာလဲ"
တံခါးစောင့်က သူ့ကို မျက်စောင်းထိုး ကြည့်လိုက်တယ်။ "ဘာဖြစ်ရမှာလဲ မင်းက ငါတို့ တျန့်ဟိုင်ခရိုင်ကို မလာတာ ကြာပြီလား။ သခင်ကြီးက အမိန့်ထုတ်ထားတာ မသိဘူးလား၊ ကုန်စည်တွေ အဝင်အထွက် လုပ်မယ်ဆိုရင် အထဲမှာ အာမခံမယ့်သူ ရှိရမယ်၊ အပြင်မှာလည်း လမ်းညွှန်စာ ရှိရမယ်။ ဒါတွေ မရှိရင်တော့ မင်းက ဘယ်သူ့သားပဲ ဖြစ်ဖြစ် အထဲကို ပေးမဝင်ဘူး"
အဲဒီ တာဝန်ခံက နဖူးက ချွေးတွေကို သုတ်လိုက်ရင်း မျက်လုံးထဲက ထိတ်လန့်မှုကို ဖုံးကွယ်ကာ အတင်းပြုံးပြီး ပြောလိုက်ပြန်တယ်။ "ကျွန်တော်က အပြင်မှာပဲ ဆန်လိုက်ဝယ်နေရတာဆိုတော့ ဒါတွေကို ဘယ်သိမှာလဲ။ အရာရှိမင်း... ခဏလောက် ကြည့်ပေးပါဦး..." ပြောရင်းနဲ့ သူက အင်္ကျီလက်ထဲကနေ ငွေပြား တစ်ပြားကို တံခါးစောင့်ရဲ့ လက်ထဲကို ထည့်ပေးလိုက်တယ်၊ ဒီလူက တမင်တကာ ပြဿနာရှာပြီး ငွေညှစ်နေတယ်လို့ သူက ထင်နေခဲ့တာလေ၊ ငွေရရင်တော့ ပေးဝင်လိမ့်မယ်လို့ တွေးနေတာ။
ဒါပေမဲ့ ဒီတံခါးစောင့်က လက်ထဲက ငွေကို ချိန်ကြည့်လိုက်ပြီးနောက်မှာတော့ အကျယ်ကြီး အော်လိုက်တယ်။ "ဝမ်ခေါင်းဆောင် တစ်ယောက်ယောက်က ကျွန်တော့်ကို ငွေပေးပြီး မြို့ထဲကို အတင်းဝင်ဖို့ ကြိုးစားနေတယ်။ သူတို့မှာ အာမခံမယ့်သူလည်း မရှိသလို အစိုးရက ထုတ်ပေးတဲ့ လမ်းညွှန်စာလည်း မရှိဘူးဗျ"
ဝမ်တာ့နျိုက လူတွေကို ခေါ်ပြီး ချက်ချင်းပဲ ရောက်လာခဲ့တယ်၊ ဘေးနားက တန်းစီနေတဲ့ လူတွေကလည်း ဒါကို ဝိုင်းပြီး ကြည့်နေကြတာပေါ့။ အဲဒီ တာဝန်ခံကတော့ အခြေအနေကို နားမလည်ဘဲ မျက်နှာက တော်တော်လေးကို ပျက်နေခဲ့ပြီ။
"ဟက်... မင်းက တကယ့်ကို မျက်စိမရှိတဲ့သူပဲ၊ ငါတို့ဆီမှာ လာပြီး ငွေပေးနေရသလား ငွေမပေးရင်တော့ ငါက မစစ်ဘူး၊ အခုတော့ မင်းက ငွေပေးတယ်ဆိုမှတော့" ဝမ်တာ့နျိုက အမိန့်ပေးလိုက်တယ်။ "သေသေချာချာ စစ်ဆေးလိုက်ကြစမ်း"
သူ့ရဲ့အမိန့်အောက်မှာပဲ အစေခံ အချို့က ဗိုက်ဆာနေတဲ့ ဝံပုလွေတွေလိုမျိုး လှည်းပေါ်ကို တက်သွားကြတော့တယ်။
ဒီဘက်မှာတော့ ဝမ်တာ့နျိုက အဲဒီ တံခါးစောင့်ရဲ့ပုခုံးကို ပုတ်ပေးရင်း ပြောလိုက်တယ်။ "မင်းကတော့ တကယ့်ကို သိတတ်တဲ့သူပဲ၊ တိုးတက်ချင်တဲ့ စိတ်လည်း ရှိတယ်။ ဒါမှ မှန်တာပေါ့၊ ငါတို့ ခရိုင်ဝန်ရုံးက လူတွေက ဒီလို ငွေအနည်းငယ်ကို မက်ပါ့မလား။ ဒါဟာ ပြည်သူတွေရဲ့ ယုံကြည်မှုကို ဖျက်ဆီးရာ ရောက်တာပေါ့၊ ပြန်ရောက်ရင် ငါ မင်းအတွက် သတင်းပို့ပေးမယ်၊ သခင်ကြီးက အသေအချာ ဆုချလိမ့်မယ်"
ဟိုဘက်က တာဝန်ခံကတော့ မျက်နှာက သေလောက်အောင် ဖြူလျော့နေပြီး တကယ့်ကို ဒုက္ခရောက်နေတဲ့ ပုံစံမျိုး ဖြစ်နေခဲ့ပြီ။
ဒီမြင်ကွင်းကို မြင်တွေ့ရတဲ့ ပြည်သူတွေကတော့ ဝိုင်းပြီးတော့ ချီးကျူးကြတာပေါ့၊ ဒါပေမဲ့ အဲဒီ လူတစ်စုကတော့ တကယ့်ကို ဇဝေဇဝါ ဖြစ်နေကြရတယ်။ ဒါဆိုရင် အခု နေက အနောက်ဘက်ကနေ ထွက်လာတာလား၊ ခရိုင်ဝန်ရုံးက ငွေမက်တဲ့သူတွေက အခုတော့ ငွေကို မမက်တော့ဘူးလား။
သူတို့ ဘယ်သိမှာလဲ၊ ရွှီထင်းရှန်းက အစောကြီးကတည်းက အမိန့်ထုတ်ထားတာလေ၊ မြို့တံခါးစောင့်တွေနဲ့ အစေခံတွေဟာ တစ်ဦးတစ်ယောက်ဆီကမှ လက်ဆောင် မယူရဘူး၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စောင့်ကြည့်ရမယ်၊ ဘယ်သူမဆို သတင်းပေးနိုင်တယ်၊ သတင်းပေးတဲ့သူကို ဆုချမယ်၊ ကိုယ့်ကိုယ်ကိုယ် သတင်းပြန်ပေးရင်လည်း ဆုရမယ်လို့ ပြောထားတာလေ။
ခုနက တံခါးစောင့်လိုပဲပေါ့၊ သူက အဲဒီ ငွေကို မယူလိုက်ရပေမဲ့ ပြန်ရောက်ရင်တော့ အထက်ကနေ အဲဒီထက် ပိုများတဲ့ ဆုငွေကို ရမှာလေ။ ပြီးတော့လည်း အခု ခရိုင်ဝန်ရုံးမှာ အလုပ်ရဖို့ဆိုတာက တကယ့်ကို ချမ်းသာနိုင်တဲ့ အခွင့်အရေးကြီးတစ်ခု ဖြစ်တာကြောင့် ဘယ်သူကများ အရူးလုပ်ပြီး ဒီငွေအနည်းငယ်လေးအတွက်နဲ့ အလုပ်ပြုတ်ခံမှာလဲ၊ အလုပ်ပြုတ်သွားရင်တော့ ငိုလို့တောင် မျက်ရည်ထွက်မှာ မဟုတ်ဘူးလေ။
"မင်းရဲ့ငွေကို ပြန်ယူထားလိုက်၊ ခဏနေရင် ငါတို့နဲ့အတူ ခရိုင်ဝန်ရုံးကို လိုက်ခဲ့ရမယ်" အဲဒီတံခါးစောင့်က ငွေကို တာဝန်ခံဆီ ပြန်ပစ်ပေးလိုက်ရင်း အထင်သေးတဲ့ မျက်နှာနဲ့ ပြောလိုက်တယ်။
သူက လှည့်ထွက်သွားဖို့ လုပ်တဲ့ အချိန်မှာပဲ ထူးခြားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့တယ်။
အဲဒီတာဝန်ခံက ရုတ်တရက် လှည့်လိုက်ပြီး လှည်းပေါ်က ဆန်အိတ်အောက်ကနေ ဓားရှည်ကြီး တစ်ချောင်းကို ဆွဲထုတ်လိုက်တယ်၊ သူ့ရဲ့ လှုပ်ရှားမှုနဲ့အတူ ကုန်စည် လိုက်ပို့တဲ့ အလုပ်သမားတွေကလည်း လှည်းပေါ်ကနေ လက်နက်တွေကို အသီးသီး ဆွဲထုတ်လိုက်ကြတော့တယ်။
မြို့တံခါးပေါ်က တံခါးစောင့်က ဒါကို မြင်တော့ ချက်ချင်းပဲ မောင်းကို အဆက်မပြတ် တီးလိုက်ရင်း အကျယ်ကြီး အော်လိုက်တယ်။ "ဂျပန်ဓားပြတွေ၊ ဂျပန်ဓားပြတွေ ရောက်လာပြီ၊ သခင်ကြီး ပြောတယ်... ဂျပန်ဓားပြကို ဖမ်းနိုင်တဲ့သူကို ဆုချမယ်တဲ့"
180 03
ဒီစကားတစ်ခွန်းတည်းနဲ့တင် အနားမှာ ငြိမ်ငြိမ်လေး စောင့်နေကြတဲ့ ပြည်သူတွေဟာ မျက်နှာတွေ ချက်ချင်း ပြောင်းလဲသွားကြတယ်။ တချို့က တုတ်တွေကို ယူလာကြသလို တချို့ကလည်း ထမ်းပိုးတွေကို ကိုင်ပြီး ရောက်လာကြတယ်။ ဒါတင်မကဘဲ မြို့ထဲဝင်ဖို့ စောင့်နေတဲ့ လှည်းအုပ်စုတွေက ကုန်စည်တာဝန်ခံတွေကလည်း ဘယ်ကနေ လက်နက်တွေ ထွက်လာသလဲ မသိဘဲ ချက်ချင်းပဲ ဝိုင်းအုံလာကြတော့တယ်။
ထွက်ပြေးဖို့ ကြိုးစားနေတဲ့ အဲဒီလူတစ်စုကတော့ တကယ့်ကို အံ့ဩသွားကြရတယ်။ ဒါက ဝံပုလွေအုပ်ထဲကို ရောက်လာတဲ့ သိုးသူငယ်လေးတွေလား။
သူတို့က မြို့တံခါးမှာ ဒီလောက်အထိ အသေးစိတ် စစ်ဆေးလိမ့်မယ်လို့ ထင်မထားခဲ့ကြဘူး။ ဒါကြောင့် လှည်းပေါ်မှာ ဆန်အိတ် အနည်းငယ်ကိုပဲ အပေါ်က တင်ထားပြီး ကျန်တာတွေက သဲအိတ်တွေပဲ ဖြစ်တယ်။ တံခါးစောင့်က ဒီလောက်အထိ ကျပ်ကျပ်မတ်မတ် လုပ်နေတော့မှ အောက်က လက်နက်တွေက လူသိတော့မှာစိုးလို့ အခုလိုမျိုး အတင်းအကျပ် ထွက်ပြေးဖို့ ကြိုးစားလိုက်ကြတာလေ။
သူတို့ စိတ်ကူးထားတာကတော့ အရှေ့က အစေခံ အနည်းငယ်ကိုတော့ သူတို့ ယှဉ်နိုင်လိမ့်မယ်လို့ ထင်ခဲ့တာ၊ ဘယ်သူ သိမှာလဲ... ခဏလေးအတွင်းမှာပဲ ဗိုက်ဆာနေတဲ့ ဝံပုလွေအုပ်ကြီးရဲ့ ဝိုင်းရံခြင်းကို ခံလိုက်ရမယ်ဆိုတာကို။ သူတို့အားလုံး အဖမ်းခံရပြီး လက်နက်တွေ အသိမ်းခံရကာ အချည်ခံလိုက်ရတဲ့ အထိ ဘာဖြစ်သွားသလဲဆိုတာကို သူတို့ နားမလည်နိုင်သေးပါဘူး။
ဝမ်တာ့နျိုက ပြုံးပြုံးကြီးနဲ့ ပြောလိုက်တယ်။ "ခုနက ဝိုင်းကူပေးတဲ့သူတွေ အားလုံးကို ငါ စာရင်းမှတ်ထားပြီးပြီ၊ ခဏနေရင် ခရိုင်ဝန်ရုံးကို သွားပြီး ဆုလာယူကြ" အဲဒီနောက်မှာ ဘေးက လူလတ်ပိုင်း အမျိုးသားတစ်ယောက်ကို ပြောလိုက်တယ်။ "ချောင်တာဝန်ခံ၊ မင်းတို့ လူတွေက တကယ့်ကို လက်မြန်ခြေမြန် ရှိတာပဲ၊ အရင်ဆုံး ဖမ်းနိုင်လိုက်တယ်" ခုနက ဒီလူတွေကို ဖမ်းတဲ့ နေရာမှာ ဒီချောင်မျိုးရိုးနဲ့ တာဝန်ခံက ဦးဆောင်ပြီး လုပ်ခဲ့တာလေ။
"ဒါပေါ့၊ ဒါပေါ့" လို့ ချောင်တာဝန်ခံက အတင်းပြုံးပြီး ပြောလိုက်တယ်။
ဘေးနားက လှည်းအုပ်စု အချို့က လူတွေကတော့ နှမြောတသတဲ့ မျက်နှာတွေ ဖြစ်နေကြတယ်၊ သူတို့က ချောင်မိသားစုထက် မမြန်လိုက်တာကို တကယ့်ကို ဝမ်းနည်းနေကြတဲ့ ပုံစံမျိုးပဲ။
ဒါကတော့ အဖမ်းခံရတဲ့ လူတွေကို ပိုပြီးတော့ ဇဝေဇဝါ ဖြစ်စေတာပေါ့။ သူတို့ ဘယ်သိမှာလဲ... ရွှီခရိုင်ဝန်ရဲ့ရက်ရောမှုက လူတိုင်းရဲ့ ရင်ထဲမှာ စွဲနေပြီဆိုတာကို။ ခရိုင်ဝန်ရုံးက ဆုချမယ်လို့ ပြောပြီဆိုရင်တော့ ဘာမှမဟုတ်တဲ့ အရာတွေနဲ့တော့ ပေးမှာ မဟုတ်ဘူးလေ။
ဥပမာ အရင်တစ်ခါကလည်း တစ်ယောက်ယောက်က ခရိုင်မြို့ထဲမှာ လာပြီး ပြဿနာရှာတာကို စီးပွားရေး လုပ်ငန်းတစ်ခုက လူတွေက ဖမ်းပေးလိုက်တာ၊ အဲဒါကလည်း သူတို့အတွက်တော့ လွယ်လွယ်လေး လုပ်လိုက်တာ ဖြစ်ပေမဲ့ ပြန်ရလိုက်တာကတော့ ကုန်လှည်းငါးစီးစာ အခမဲ့ ခွင့်ပြုမိန့်စာပဲ ဖြစ်တယ်။
အခု တျန့်ဟိုင်ခရိုင်ကို လာပြီး စီးပွားရေး လုပ်တဲ့ မိသားစုတိုင်းကို ခရိုင်ဝန်ရုံးကနေ နောက်တစ်ခါ လာရင် သုံးဖို့အတွက် ခွင့်ပြုမိန့်စာတွေ ထုတ်ပေးလေ့ ရှိတယ်။ နောက်တစ်ခါ လာရင်တော့ အဲဒီစာမှာ ပါတဲ့ ကုန်စည် ပမာဏအတိုင်းပဲ ယူလာလို့ ရမယ်၊ ပိုရင်တော့ ပေးမဝင်ဘူး၊ တစ်အိမ်နဲ့ တစ်အိမ်ကလည်း ပမာဏချင်း မတူကြဘူး။
ဒီလို သတ်မှတ်ချက်က အစပိုင်းမှာတော့ ဝေဖန်သံတွေ ထွက်ခဲ့ပေမဲ့ ခရိုင်ဝန်ရုံးက အာဏာရှိတာကြောင့် ဘယ်သူမှ ဘာမှ မပြောရဲခဲ့ကြဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လူတွေက သတိထားမိလာတယ်၊ ဒီစာမှာပါတဲ့ ပမာဏက အရင်တစ်ခါက ကုန်စည် ပမာဏအပေါ်မှာ မူတည်သလို၊ အရောင်းအဝယ် လုပ်တုန်းက ပြဿနာ ရှိ၊ မရှိ၊ နောက်ပြီး အဲဒီ စီးပွားရေး လုပ်ငန်းက ယုံကြည်ရ၊ မရ ဆိုတဲ့ အချက်တွေအပေါ်မှာ မူတည်ပြီး သတ်မှတ်တာ ဖြစ်တယ်။ တကယ်လို့များ နိုင်ငံခြားသား ကုန်သည်က အရင်တစ်ခါက ကုန်စည်တွေက မကောင်းဘူး၊ ဒါမှမဟုတ် အရည်အသွေး မပြည့်မီဘူးလို့ တိုင်ကြားလာရင်တော့ နောက်တစ်ခါ အဲဒီ အိမ်အတွက် ပမာဏက အကြီးအကျယ် လျော့ကျသွားမှာပဲ။
ဒါတင်မကပါဘူး၊ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ မင်း တျန့်ဟိုင်ကို လာပြီး စီးပွားရေး လုပ်မယ်ဆိုရင် လိမ္မာရမယ်၊ ပြဿနာ မရှာရဘူး၊ အစိုးရရဲ့ စီမံမှုကို နားထောင်ရမယ်၊ ပြီးတော့ စီးပွားရေးသမား တစ်ယောက်ရဲ့ ကျင့်ဝတ်အတိုင်း ရိုးရိုးသားသား လုပ်ရမယ်၊ ဒါဆိုရင်တော့ မင်းရဲ့ ကုန်စည် ပမာဏက တဖြည်းဖြည်း တိုးလာမှာပဲ၊ မဟုတ်ရင်တော့ လျော့သွားမှာပေါ့။
တစ်ယောက်ယောက်က ခရိုင်ဝန်ရုံးကို လာပြီး အဆက်အသွယ် လုပ်ကြည့်တယ်၊ ရွှီထင်းရှန်း ရှေ့အထိ လက်ဆောင်တွေ ပေးပြီးတော့ ပမာဏ တိုးခိုင်းပေမဲ့ ဘာမှမထူးခဲ့ပါဘူး။ တစ်ခုတည်းသော ပမာဏ ပိုရနိုင်တဲ့ နည်းလမ်းကတော့ ဟိုတစ်ခါကလို ပြဿနာကို ဝိုင်းကူဖြေရှင်းပေးတာမျိုးပဲ ရှိတယ်။
ဒါကြောင့်လည်း ဒီကုန်စည် တာဝန်ခံတွေက ဘာလို့ ဒီလောက်အထိ စိတ်အားထက်သန်နေကြသလဲဆိုတဲ့ အကြောင်းရင်းပဲ ဖြစ်တယ်။
မြို့တံခါးမှာတော့ အခြေအနေတွေက မကြာခင်မှာပဲ ပြန်ပြီး တည်ငြိမ်သွားခဲ့ပြီ၊ အဖမ်းခံရတဲ့ လူတွေကိုလည်း ခရိုင်ဝန်ရုံးကို ပို့လိုက်ကြတယ်။
နှမြောစရာ ကောင်းတာက ဘယ်လောက်ပဲ စစ်မေးစစ်မေး ဒီလူတွေက သူတို့ ဘယ်က လာသလဲဆိုတာကို လုံးဝထုတ်မပြောကြဘူး။ တျန့်ဟိုင်က အခု ချမ်းသာနေပြီဆိုတာ သိလို့ လာပြီး လုယက်တာလို့ပဲ ပြောနေကြတယ်။
180 04
ပြဿနာကတော့ ဒီရက်ပိုင်းအတွင်း လာပြီး လုယက်တဲ့သူတွေက တော်တော်လေးကို များနေတာပဲ၊ ခရိုင်ဝန်ရုံးမှာလည်း လူပေါင်း အများကြီးကို ဖမ်းထားရပြီ။
မကြာခင်မှာပဲ ကုန်စည်တွေ ပို့ဆောင်ရမယ့် နေ့ကို ရောက်လာခဲ့ပြန်တယ်။
အရင်နဲ့ မတူတာကတော့ အခုက တရားဝင် လမ်းကြောင်းပေါ် ရောက်နေပြီဆိုတော့ နေ့ခင်းဘက်မှာ အလုပ်လုပ်ရတာက ညဘက်ထက်စာရင် အများကြီး ပိုပြီးအဆင်ပြေတာပေါ့။
တျန့်ဟိုင်ဆိပ်ကမ်းက သင်္ဘောကျင်းကတော့ အခုဆိုရင် အသစ်စက်စက် ဖြစ်နေခဲ့ပြီ။
သင်္ဘောကျင်းကို ချဲ့ထွင်လိုက်သလို အရင်က စုတ်ပြတ်နေတဲ့ လမ်းလျှောက်တံတားတွေကိုလည်း အသစ်လဲလိုက်ပြီ။ အရင်က လူနှစ်ယောက်ပဲ ဖြတ်လို့ရတဲ့ နေရာကနေ အခုတော့ ငါးယောက် ခြောက်ယောက်လောက်အထိ ဖြတ်လို့ ရတာကြောင့် ကုန်စည် သယ်ယူရတဲ့ အရှိန်ကလည်း အများကြီး မြန်ဆန်သွားခဲ့ပြီ။
ကောင်းကင်ကြီးကတော့ အပြာရောင် ပြေးနေသလို၊ မီးခိုးရောင်နဲ့ အဖြူရောင် ပင်လယ်ယောင်တွေကလည်း ကောင်းကင်မှာ ပျံသန်းနေကြတယ်။
ကုန်စည်တွေ အပြည့် တင်ထားတဲ့ သင်္ဘောတွေက ဆိပ်ကမ်းကနေ ထွက်ခွာသွားကြပြီ၊ တျန့်ဟိုင်နဲ့ ရွှမ်းယွီက သိပ်မဝေးဘူးလေ၊ မိုင် လေးဆယ်လောက်ပဲ ရှိတာဆိုတော့ တစ်နာရီလောက် မောင်းရင် ရောက်ပြီ။
ကုန်တင်သင်္ဘော နှစ်စီးက အလယ်မှာ ရှိနေပြီး ဘေးနှစ်ဖက်မှာတော့ တိုက်သင်္ဘော တစ်စီးစီက ကာကွယ်ပေးထားတယ်။
ဒီလမ်းကြောင်းတွေကတော့ သွားနေကျ လမ်းတွေ ဖြစ်တာကြောင့် မျက်စိမှိတ်ပြီး သွားရင်တောင် ရောက်နိုင်တာမို့ သင်္ဘောမောင်းတဲ့သူတွေတောင် တော်တော်လေး ပျင်းနေကြတာပေါ့။
ဒီနေရာကနေ ငါးမိုင် ခြောက်မိုင်လောက် ဝေးတဲ့ နေရာမှာတော့ တိုက်သင်္ဘော နှစ်စီး ရပ်ထားပြီး အဲဒီ ဘေးနားမှာလည်း တိုက်သင်္ဘော အသေးလေး ဆယ်စီးကျော်လောက်က ဝိုင်းရံထားကြတယ်။
ရွှီထင်းရှန်းက တိုက်သင်္ဘောရဲ့ သုံးထပ်ကွပ်ကဲရေးခန်မှာ ထိုင်နေပြီး သူ့ဘေးမှာတော့ ရှဲ့သခင်လေး ရှိနေတယ်။
"မင်း တကယ်ပဲ ဆုံးဖြတ်လိုက်ပြီလား"
ရွှီထင်းရှန်းက သူ့ကို ကြည့်ပြီး ပြုံးလိုက်တယ်။ "ဒီလို အခြေအနေမျိုးမှာတော့ ရှောင်လွှဲလို့ မရတော့ဘူးလေ။ သူတို့တွေ နည်းလမ်းပေါင်းစုံ သုံးပေမဲ့ မအောင်မြင်ဘူးဆိုရင်တော့ ဒီနည်းလမ်းကိုပဲ သုံးကြမှာ အသေအချာပဲ”
သူက မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်နားကို သွားကာ အပေါ်ကနေပြီးတော့ သင်္ဘောဦးပိုင်းနဲ့ ငြိမ်သက်နေတဲ့ ပင်လယ်ပြင်ကြီးကို ကြည့်နေလိုက်တယ်။
"ဒါကတော့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းပဲလေ၊ အရင်တုန်းကတော့ သူက ကိစ္စတွေကို အကြီးအကျယ် မလုပ်ချင်လို့ပဲ။ မင်းသာဆိုရင်ကော... ကုန်စည်တွေကိုလည်း လုယူနိုင်မယ်၊ ငါတို့ကိုလည်း တိုက်ခိုက်နိုင်မယ်၊ ပြီးရင် နန်းတွင်းကို ဂျပန်ဓားပြတွေကို နှိမ်နင်းခဲ့ပါတယ်လို့ သတင်းပို့လိုက်မယ်။ ငွေလည်း ရမယ်၊ နာမည်လည်း ရမယ်၊ ရာထူးတောင် တက်နိုင်သေးတယ်၊ ဒါကို ဘာလို့ မလုပ်ဘဲ နေမှာလဲ”
ရွှီထင်းရှန်းရဲ့ အေးအေးဆေးဆေး ရှိတဲ့ ပုံစံကြောင့် ရှဲ့သခင်လေးလည်း ပြုံးလိုက်ရင်း ပြောလိုက်တယ်။ "သူကတော့ ရာထူးတက်ဖို့ထက် ဒီနေရာကနေ ထွက်သွားဖို့ကို ပိုပြီးတော့ ဝန်လေးနေမှာပါ။ ဒီမှာ ရှိနေတဲ့ စစ်သူကြီး တစ်ယောက်ရဲ့ အရှိန်အဝါက တခြားနေရာက လူတွေထက် အများကြီး ပိုကြီးတာကိုး”
ရွှီထင်းရှန်းက ရယ်လိုက်ပေမဲ့ ရှဲ့သခင်လေးကတော့ ပြန်ပြီး မရယ်နိုင်တော့ဘဲ ဝေခွဲမရတဲ့ လေသံနဲ့ ပြောလိုက်တယ်။ "သူကသာ ရှိသမျှ အင်အားတွေ အကုန်ထုတ်ပြီး လာမယ်ဆိုရင်တော့ ငါတို့ရဲ့အင်အားက ကော်ကျွီခံတပ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူးနော်”
"သူက အဲ့ဒီလို မလုပ်ပါဘူး၊ တကယ်လို့ လုပ်လာရင်တောင်မှ မကြောက်ပါနဲ့”
ရှဲ့သခင်လေးကတော့ ရွှီထင်းရှန်းက ဘယ်ကနေ ဒီလောက်အထိ ယုံကြည်မှုတွေ ရနေသလဲဆိုတာ မသိဘူး၊ သူ့မှာ တခြား အရန်တပ်ဖွဲ့တွေ ရှိနေသေးလို့လား သူက ခေါင်းထဲမှာ အမြန် စဉ်းစားနေပေမဲ့ တခြား ဘယ်နေရာမှာ အရန်တပ်ဖွဲ့ ရှိနိုင်မလဲဆိုတာကိုတော့ သူလည်း စဉ်းစားလို့ မရဘူး ဖြစ်နေတယ်၊ ဘာလို့လဲဆိုတော့ ဒီမှာ ရှိနေတဲ့ အင်အားက တျန့်ဟိုင်ရဲ့ ရှိသမျှ အင်အား အကုန်လုံး ဖြစ်နေတာကြောင့်ပဲ။
180 05
ဒါပေမဲ့ ဒီအင်အားက ကော်ကျွီနဲ့ ယှဉ်ရင်တော့ အနိုင်ရဖို့က သိပ်ပြီးတော့ မလွယ်ဘူးလေ။
ရှဲ့သခင်လေးက စိုးရိမ်တကြီးနဲ့ စဉ်းစားနေတဲ့ အချိန်မှာပဲ အဝေးကနေပြီးတော့ မောင်းတီးသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။
အဲဒီအသံက တဖြည်းဖြည်းနဲ့ နီးလာခဲ့ပြီး ဒီကို ရောက်တဲ့ အခါမှာတော့ တော်တော်လေးကို တိုးနေပြီ ဖြစ်ပေမဲ့ ဒီမှာ ရှိနေတဲ့ သူတွေကတော့ ချက်ချင်းပဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်၊ အချက်ပေးသံတစ်ခု ထွက်ပေါ်လာပြီး သင်္ဘောက စတင် ရွေ့လျားလာခဲ့ပြီ။
အဲဒီအချိန်မှာပဲ တျန့်ဟိုင်ခရိုင်ရဲ့ သင်္ဘောအုပ်စုဟာ ဝိုင်းရံခြင်း ခံလိုက်ရပြီ။
ဒါကတော့ ဘယ်ကနေ ရောက်လာမှန်း မသိတဲ့ တိုက်သင်္ဘော ငါးစီးပဲ ဖြစ်တယ်။ သင်္ဘောပေါ်မှာ အလံတွေ မရှိသလို သင်္ဘောပေါ်က လူတွေ ဝတ်ထားတဲ့ အင်္ကျီအရောင်တွေကလည်း စုံနေတာကြောင့် အပြင်ပန်းက ကြည့်ရင်တော့ ဘယ်သူတွေလဲဆိုတာ လုံးဝ သိနိုင်မှာ မဟုတ်ဘူး။
ပြီးတော့ ဒီလူတွေက တကယ့်ကို ရက်စက်ကြတယ်၊ ဘာမှ မပြောဘဲနဲ့ စတာနဲ့ တိုက်ခိုက်တော့တာပဲ၊ ပင်လယ်ဓားပြ သင်္ဘောတွေတောင်မှ ဒီလောက်အထိတော့ မရမ်းကားကြဘူး။
တိုက်သင်္ဘောတွေက ခဏလောက် ရပ်သွားပြီးနောက်မှာတော့ ချက်ချင်းပဲ အရှေ့ကို တိုးလာကြတယ်၊ ကုန်တင်သင်္ဘောပေါ်မှာတော့ ဖရိုဖရဲ ဖြစ်နေခဲ့တာပေါ့။ အမြောက်သံတွေကြားမှာ အချက်ပေးသံတွေ ထွက်ပေါ်လာပေမဲ့ ဘယ်သူမှ ဂရုမစိုက်ကြတော့ပါဘူး။ ကမ်းပေါ်ကနေ သတင်းရလို့ လာကူညီမယ် ဆိုရင်တောင်မှ အဲဒီအချိန်မှာ ဒီလူတွေက ကုန်စည်တွေကို လုပြီး ထွက်သွားကြမှာ အသေအချာပဲ။
အမြောက်သံတွေက တဒိုင်းဒိုင်းနဲ့ မြည်ဟည်းနေခဲ့တယ်၊ ပင်လယ်ပြင်က တိုက်ပွဲက ကုန်းကြောင်းနဲ့ မတူဘူးလေ၊ နှစ်ဖက်စလုံးက တိုက်ရိုက် ရင်ဆိုင်ဖို့ ခက်ခဲလှတယ်၊ အမြောက်တွေ သင်္ဘောပေါ်မှာ အသုံးများလာကတည်းက ပင်လယ်ပြင် တိုက်ပွဲတွေဟာ အမြောက်တွေနဲ့ပဲ အဆုံးအဖြတ် ပေးနေကြတာ ဖြစ်တယ်။
သင်္ဘောဦးပိုင်းမှာတော့ ခံတပ်က စစ်သားတွေနဲ့ အရပ်သားတပ်ဖွဲ့ဝင်တွေဟာ ရွက်တိုင်က ရွက်တွေကို အဆက်မပြတ် လဲလှယ်နေကြသလို သင်္ဘောမောင်းတဲ့သူကလည်း ရန်သူ့ဆီက လာတဲ့ အမြောက်ဆန်တွေကို ရှောင်နိုင်ဖို့အတွက် သင်္ဘောကို အသည်းအသန် မောင်းနှင်နေရတယ်။
ဒီအမြောက်ဆန်တွေက သံလုံးအစစ်တွေ ဖြစ်တာကြောင့် သင်္ဘောပေါ်ကို ကျရောက်သွားရင်တော့ အကြီးအကျယ် ပျက်စီးသွားမှာပဲ။ သင်္ဘောမှာ အပေါက်ကြီး ဖြစ်သွားတာမျိုး၊ ဒါမှမဟုတ်ရင်လည်း စစ်သားတွေကို ကြိတ်နယ်ပစ်တာမျိုးတွေ ဖြစ်တတ်တာကြောင့် အဲဒီ သံလုံးလေးတွေ ပျံလာတာကို မြင်ရင် လူတိုင်းက ရှောင်နေကြရတယ်၊ မရှောင်ရင်တော့ ခြေပြတ် လက်ပြတ် ဖြစ်မယ့် အခြေအနေပဲ။
အနောက်ဆုံးမှာ ရှိနေတဲ့ တိုက်သင်္ဘော တစ်စီးပေါ်က ကွပ်ကဲရေးခန်မှာတော့ ဟဲ့စစ်သူကြီးက မှန်ပြောင်းနဲ့ အရှေ့က အခြေအနေကို ကြည့်နေခဲ့တယ်။
ဒီတစ်ခါတော့ သူကိုယ်တိုင် ထွက်လာစရာ မလိုပေမဲ့ တျန့်ဟိုင်ကို သူက အရမ်း မုန်းတီးနေတာကြောင့် သူတို့တွေ အကြီးအကျယ် ရှုံးနိမ့်သွားတဲ့ မြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့ချင်နေတာ ဖြစ်တယ်၊ ဒါမှပဲ သူ့ရဲ့ရင်ထဲက ဒေါသတွေ ပြေပျောက်မှာ မဟုတ်လား။
"အရာရှိမင်း သူတို့တွေ ထွက်ပြေးဖို့ ကြိုးစားနေတယ်"
"ဝိုင်းထားလိုက်ကြ"
တစ်ဖက်လူက ထွက်ပြေးဖို့ ကြိုးစားမယ်ဆိုတာ ဟဲ့စစ်သူကြီးက တွက်ထားပြီးသားပဲ၊ အင်အားချင်း မမျှတာကြောင့် အခုအချိန်မှာ မပြေးရင်တော့ ဘယ်တော့ ပြေးမှာလဲ။
ဒါပေမဲ့ မကြာခင်မှာပဲ သတင်းတစ်ခု ထပ်ရောက်လာတယ်။
"အရာရှိမင်း သူတို့တွေက လမ်းခွဲပြီး ပြေးနေကြတယ်ဗျ။ ဒီတျန့်ဟိုင်ခံတပ်က လူတွေက တကယ့်ကို သတ္တိနည်းတာပဲ၊ ကုန်တင်သင်္ဘောတွေကို ပစ်ထားခဲ့ပြီး သူတို့ဘာသာ သူတို့ ပြေးဖို့ လုပ်နေကြတယ်"
တိုက်သင်္ဘောက ကုန်တင်သင်္ဘောနဲ့ မတူဘူးလေ၊ ကုန်တင်သင်္ဘောက ကုန်စည်တွေ အပြည့် တင်ထားတာကြောင့် လေးလံပြီး အရှိန်မရပေမဲ့ တိုက်သင်္ဘောကတော့ ဘာမှ မရှိတာကြောင့် အရှိန်တင်လိုက်ရင်တော့ ကုန်တင်သင်္ဘောထက် အများကြီး ပိုပြီး မြန်တာပေါ့။
180 06
ပင်လယ်ပြင်က အခြေအနေတွေကို ဟဲ့စစ်သူကြီးက အကုန်လုံး မြင်တွေ့နေရတာကြောင့် သူက ကျေနပ်စွာနဲ့ ဟားတိုက်ရယ်မောလိုက်တယ်။ "တကယ့်ကို အသုံးမကျတဲ့သူတွေပဲ သင်္ဘောနှစ်စီးကို ချန်ထားခဲ့ပြီး ကုန်တင်သင်္ဘောတွေကို ဖမ်းခိုင်းလိုက်၊ ကျန်တဲ့သူတွေကတော့ ငါနဲ့အတူ လိုက်ခဲ့ကြ၊ ဒီတစ်ခါတော့ သူတို့ကို အသေသတ်ပြရမယ်၊ ငါနဲ့ ယှဉ်ချင်တဲ့သူတွေရဲ့ အဆုံးသတ်ကို သူတို့ သိစေရမယ်"
"ဟုတ်ကဲ့ပါ"
ပြောရရင်တော့ လွယ်ပေမဲ့ တကယ်တမ်းကျတော့ အဲ့ဒီလောက်အထိ မလွယ်ကူပါဘူး။
ကုန်တင်သင်္ဘောပေါ်က လူတွေကလည်း အဖမ်းခံဖို့အတွက် ငြိမ်နေကြတာ မဟုတ်ဘဲ ရှိသမျှ အရှိန်အကုန်တင်ပြီး ရှေ့ကို မောင်းနေကြတာပဲ။ သင်္ဘောမောင်းတဲ့သူကလည်း တော်တော်လေးကို ပျာယာခတ်နေတဲ့ ပုံစံမျိုးနဲ့ တိုက်သင်္ဘောတွေ သွားတဲ့ လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်ကို မောင်းနေပြီး လမ်းကိုတောင် သေသေချာချာ မကြည့်ဘဲ အရင်ဆုံး ထွက်ပြေးနိုင်ဖို့ပဲ ကြိုးစားနေကြတယ်။
တိုက်သင်္ဘော နှစ်စီးကတော့ အဝေးကြီးကို ရောက်နေပြီး ကျောပြင်ကိုပဲ မြင်ရတော့တယ်။
ကော်ကျွီခံတပ်က တိုက်သင်္ဘော သုံးစီးကတော့ အဲဒီ တိုက်သင်္ဘော နှစ်စီးနောက်ကို လိုက်သွားကြပြီး ဒီဘက်မှာတော့ ကုန်တင်သင်္ဘောတွေဆီကို တဖြည်းဖြည်း ချဉ်းကပ်ဖို့အတွက် တိုက်သင်္ဘော နှစ်စီး ကျန်နေခဲ့တယ်။
ကုန်တင်သင်္ဘောတွေကလည်း ရန်သူ့သင်္ဘောတွေ နီးလာတာကို မြင်တော့ ခြိမ်းခြောက်တဲ့ အနေနဲ့ အမြောက် အနည်းငယ် ပစ်လိုက်ကြတယ်။
အခုဆိုရင် ကုန်တင်သင်္ဘောတွေပေါ်မှာလည်း ပေါ်တူဂီ အမြောက်တွေ တပ်ဆင်ထားတတ်ကြပေမဲ့ အင်အားကတော့ သိပ်မပြင်းထန်ပါဘူး၊ ဘာလို့လဲဆိုတော့ ကုန်တင်သင်္ဘောရဲ့ အဓိက တာဝန်က ကုန်စည်သယ်ဖို့ပဲ မဟုတ်လား။
ဒီတိုက်သင်္ဘော နှစ်စီးက ကုန်တင်သင်္ဘောတွေဆီကို ရက်စက်တဲ့ အပြုံးတွေနဲ့ ချဉ်းကပ်လာတဲ့ အချိန်မှာပဲ ပင်လယ်ပြင်ပေါ်မှာ တိုက်သင်္ဘော အုပ်စုကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်၊ အရေအတွက်က တော်တော်လေးကို များပြားလှပြီး ရွက်တိုင်တွေက ကောင်းကင်ကို ဖုံးအုပ်ထားသလို နေရောင်ခြည်ကိုတောင် ကွယ်ပျောက်သွားစေတော့တယ်။
******