အမှောင်သမားတော်များ
Vol. 12 Ch. 1119
သူကား အဆင့်သုံးဆယ်တွင် ရှိနေသည်။
ပြာမွဲမွဲ မီးခိုးရောင် တိမ်တိုက်များသည် မိုးကောင်းကင်တွင် ပြည့်နှက်နေပြီး အဆုံးမရှိသော တောင်စဥ်တောင်တန်းများ အရပ်မျက်နှာတစ်ခွင် စီတန်းလျက် ရှိေန၏။ ရံဖန်ရံခါ အဆိုပါတောင်တန်းများသည် မီးခိုးခေါင်းတိုင်များအလား အခြားအရာများအထက် မြင့်မားနေသည်။ အမှန်တကယ်ဆိုရလျှင် ထိုတောင်တန်းများမှ မှုတ်ထုတ်နေသော မည်းနက်နေသော မီးခိုးငွေ့များက တစ်ကမ္ဘာလုံးကို မှောင်မဲပြီး မီးခိုးရောင်သမ်းနေစေခြင်းဖြစ်၏။
မီးခိုးငွေ့များတွင် ဆေးရနံ့များရှိသော်လည်း ဆေးအာနိသင်များ စုံလင်လှပြီး ဖရိုဖရဲဖြစ်နေရာ အဆိပ်ရှိသည့်နီးပါးပင်။ အဆိပ်ငွေ့များက ကမ္ဘာကြီးတွင် ပြည့်နှက်နေခြင်းကြောင့်ထင် မည်သည့်သက်ရှိအရာကိုမှ မမြင်ရပေ။
ကုန်းမြေများသည် ကျတ်တီးခေါင်ဖြစ်နေပြီး တည်ရှိသော မည်သည့်အပင်မဆို အဆိပ်အတောက်များကြောင့် ညှိုးနွမ်းခြောက်ကပ်ကာ တွန့်လိမ်နေတော့သည်။
ကောင်းကင်တွင် ငှက်တစ်ကောင်တလေမှ ပျံသန်းနေသည်ကိုလည်း မမြင်နိုင်ဘဲ အမျိုးမျိုးသောသတ္တဝါများ၏ မရေမတွက်နိုင်သော အရိုးစုများက တောင်တန်းများကို ဖုံးလွှမ်းနေသည်။ တစ်နေရာလုံးကား ဧရာမ သချိုင်းကုန်းကြီးပမာ ဖြစ်နေတော့သည်။
ပိုင်ရှောင်ချန်းမှာ အဆိပ်ငွေ့များနှင့် ထူးဆန်းသော တဝုန်းဝုန်းအသံများကြောင့် မှင်သက်သွားသည်။
" အသံက တော်တော်ရင်းနှီးသလိုပဲ ... ဒီအဆင့်က ဘာများပါလိမ့် "
အမှန်တကယ်ပင် ဤနေရာနှင့်ပတ်သက်၍ သူ ရင်းနှီးနေပုံရပြီး မီးခိုးများအတွင်းရှိ အဆိပ်အတောက်များကိုမူ သူကိုယ်တိုင် ထိုကဲ့သို့ ဒြပ်စင်များအား အပ်ကြောင်းထပ်မတတ် ဖန်တီးခဲ့ဖူးသည်ကို သတိရလိုက်သည်။
သို့သော် ဤအဆိပ်ငွေ့များက အတိတ်တုန်းက သူ ဖန်တီးခဲ့သည့် အမျိုးအစားထက် များစွာအားပြင်းပုံရသည်။ ဤအဆင့်တွင် အမွှေးတိုင်တစ်တိုင်ဝက် လောင်ကျွမ်းချိန်မျှသာ ရှိသေးသည်၊ သူသည် လည်မျိုကို ဓားချွန်ချွန်တစ်ချောင်းဖြင့် လှီးဖြတ်နေသည့်အလား မအီမသာ ဖြစ်လာတော့သည်။
ထို့ပြင် သူသည် တဝုန်းဝုန်းအသံများကား ပေါက်ကွဲနေသော ဆေးပေါင်းဖိုများဖြစ်ကြောင်း သဘောပေါက်လိုက်၏။
" ဘုရားဘုရား။ ဒီလိုနေရာမျိုးရှိတာ ယုံတောင်မယုံနိုင်ဘူး … "
သူက တဆတ်ဆတ်တုန်ယင်ကာ ဖြတ်သွားသော အဆိပ်တိမ်တိုက်ကြီးတစ်ခုအား ခုန်ရှောင်လိုက်ပြီးနောက် ဤဖုန်ဆိုးနယ်မြေမှ ထွက်ရန် ရှာဖွေတော့သည်။
ဤအဆင့်က လွန်စွာ ခက်ခဲဟန်ရှိနေခြင်းကြောင့် သူသည် ပုံမှန်ထက်ပင် ပို၍ သတိထားနေသည်။ ကံဆိုးစွာပင် မည်မျှရှာသည်ဖြစ်စေ ထွက်ပေါက်နှင့်တူသောအရာတစ်ခုတလေကိုမှ မတွေ့ပေ။ ထိုမျှသာမက သူ၏ဖြတ်သန်းသွားလာခြင်းက အဆိပ်ငွေ့များကို ပို၍ ဖြစ်တည်စေလာပုံရသည်။ တောင်တစ်လုံးက အဆိပ်ငွေ့များဖြင့် ဖုံးအုပ်ခံလိုက်ရပြီး မီးခိုးများ ရှင်းလင်းသွားချိန်တွင် အပင်များအားလုံး အရည်ပျော်သွားခဲ့သည်ကို သူ တစ်ကြိမ်ထက်မနည်း မြင်တွေ့နေရသည်။
ထို့ပြင် ထိုသည်က အစသာရှိသေးသည်။ အချိန်ကြာလာသည်နှင့်အမျှ ပိုင်ရှောင်ချန်းမှာ မီးခိုးများ၏ သက်ရောက်မှုများကား ဩချရလောက်အောင် တုန်လှုပ်ဖွယ်ကောင်းကြောင်း တွေ့လိုက်ရတော့သည်။
ဥပမာဆိုရပါက တစ်ခါတွင် သူသည် စမ်းချောင်းငယ်လေးတစ်ခုက မီးခိုးငွေ့များ ဖုံးလွှမ်းခံလိုက်ရပြီးနောက် မည်းနက်သွားကာ နက်ရှိုင်းသောအဆိပ်အရှိန်အဝါတစ်ခု ထုတ်လွှတ်လာသည်ကို မြင်လိုက်ရ၏။
တစ်ခါတရံ သူ သိပ်အာရုံမထားမိချိန် မီးခိုးငွေ့အချို့ကို ရှူလိုက်မိရာ သူ၏အူများကို နာကျင်စွာ လိမ်ဖယ်သွားစေတော့သည်။ သူ မျက်နှာပျက်သွားကာ အာနိသင်များကို ချေဖျက်ရန် အဆိပ်ဖြေဆေးလုံးအချို့ အလျင်အမြန်သောက်လိုက်သည်။ ဝမ်းနည်းဖွယ်ကောင်းစွာ သူ့ဗိုက်ထဲရှိ တဂွီဂွီမြည်သံများ ပျောက်မသွားသဖြင့် သူက မတတ်သာဘဲ ကြုံရာဂူတစ်လုံး ရှာလိုက်ရလေသည်။ အချိန်အနည်းငယ်ကြာသော် သူသည် ယခင်ကထက် သိသိသာသာ အားအင်ချိနဲ့လျက် ထွက်လာတော့သည်။
" သေစမ်း … ဒီမီးခိုးတွေမှာလဲ ဝမ်းသွားစေတဲ့ဂုဏ်သတ္တိရှိတာ မယုံနိုင်ဘူး။ ငါက ထာဝရအတွဲကို အကုန်အစင်တတ်မြောက်ထားတာလေ။ ဘယ်လိုလုပ် ဒီလိုဟာကို ခံစားရတာတုန်း "
ယခုတွင် သူသည် သူ၏ကာမအားတိုးဆေးကဲ့သို့ တူညီသောဂုဏ်သတ္တိရှိသည့် အဆိပ်ငွေ့များထဲ ဝင်တိုးမိမည်ကို ထိတ်လန့်နေတော့သည်။ ထိုအဖြစ်အပျက်၏ အကျိုးဆက်များကား စိတ်ကူး၍ပင် မရနိုင်ပေ။
" သေလိုက်ပါတော့။ ငါကပဲ သူများတွေကို ဆေးလုံးပေးတဲ့သူဖြစ်ခဲ့တာလေ။ ဒီအဆင့်သုံးဆယ်က တကယ်ထူးဆန်းတယ်။ ဒါက ငါ့ကို တကယ်ထိခိုက်စေနိုင်တာ မယုံနိုင်ဘူး "
ဤအဆင့်မည်မျှခက်ခဲသည်ကို တွေး၍ တုန်လှုပ်လျက် သူသည် နေရာကို ကောင်းကင်းနားလည်အောင် ကြိုးစားရန် နတ်ဘုရားအာရုံတချို့အား သိချင်စိတ်ပြင်းပြစွာ ပို့လွှတ်လိုက်သည်။
မကြာခင် တောင်တန်းများထဲတွင် သက်ရှိမျိုးနွယ်စုများ တည်ရှိကြောင်း သဘောလိုက်သဖြင့် သူ၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။
သူတို့ကို မျိုးနွယ်စုများဟု သူ ခေါ်ရသည့်အကြောင်းရင်းမှာ သူတို့သည် မြေရိုင်းဒေသရှိ လူ့ဘီလူကြီးများ ဝတ်ဆင်ခဲ့သည်နှင့် များစွာဆင်တူသော ရှေးဆန်သည့် အကြမ်းထည်များကို ဝတ်ဆင်ထားသောကြောင့်ဖြစ်သည်။ သို့ပေမည့် ဤမျိုးနွယ်စုများရှိ သတ္တဝါများကား ဆေးလုံးများ ဖော်စပ်နိုင်လေသည်။
ပို၍ပင် မယုံနိုင်စရာကောင်းသည်က ဤသက်ရှိသတ္တဝါများက လူသားများနှင့်အလားသဏ္ဍာန်တူသော်လည်း အလွန်သေးငယ်သည်။ သူတို့မှာ မှင်စာလေးများဖြစ်ပြီး သူတို့ထဲက အကြီးဆုံးမှာ ပုံမှန်လူတစ်ယောက်၏ လက်တစ်ဝါးအရွယ်အစားသာ ရှိသည်။
အများစုက လက်မအရွယ်အစားသာ ဖြစ်ကြ၏။ မှင်စာတော်တော်များများသည် ဆေးဖော်နေလျက် ရုတ်တရက် အရူးပမာ ပျော်ပျော်ရွှင်ရွှင် ကခုန်နေကြသလို သူ နားမလည်နိုင်သော နည်းလမ်းဖြင့်လည်း ဗလုံးဗထွေးပြောနေကြလေ၏။
၄င်းမှာ အမှန်တကယ်တွင် သူ တော်တော်လေး ရင်းနှီးသော မြင်ကွင်းတစ်ခုဖြစ်ပြီး သူ ဆေးဖော်စပ်ရာတွင် အတိမ်းအစောင်းမခံသော နေရာများကို ကျော်ဖြတ်ပြီးသွားသည့်အချိန်က သူ့ကိုယ်သူကို ပြန်မြင်ယောင်မိသွားစေသည်။
မီးခိုးစီးကြောင်းများမှာမူ ဆေးဖော်စပ်ခြင်း၏ အကျိုးဆက်အဖြစ် မျိုးနွယ်စုများမှ အပေါ်တက်လာနေကြခြင်းပင်။
ပိုင်ရှောင်ချန်းသည် မှင်စာလေးများ၏ မျက်နှာပေါ်က အမူအရာများကို သတိထားမိသောအခါ အံ့သြသွားသော်လည်း တချိန်တည်းမှာပင် အကုန်လုံး နားလည်လိုက်သည်။ ဤကမ္ဘာသည် တစ်ခါက ရင်သပ်ရှုမောဖွယ် နေရာတစ်နေရာဖြစ်ခဲ့သော်လည်း မှင်စာလေးများ၏ ဆေးဖော်စပ်ခြင်းကြောင့် ပျက်စီးသွားခဲ့ရသည်။ အဆိပ်အတောက်များကြောင့် မရေမတွက်နိုင်သော သက်ရှိသတ္တဝါများ အသတ်ခံလိုက်ရပြီး မြောက်မြားစွာသောအပင်များ မျိုးတုန်းသွားခဲ့ရသည်။ ကုန်းမြေနှင့်ကောင်းကင်ပင် အဆိပ်ငွေ့များကြောင့် ခြောက်သွေ့နေတော့သည်။
" လုံးဝကြောက်ဖို့ကောင်းလိုက်တာ "
သူက မျက်တောင်တဖျပ်ဖျပ်ခတ်၍ ရေရွတ်လိုက်သည်။ သူ၏ ဆေးဖော်ခြင်းသည်လည်း တစ်ခါတရံ မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို စဥ်းစားကာ အမှန်တွင် ဤမှင်စာလေးများကို သူ တော်တော်လေး လေးစားသွား၏။ တချိန်တည်းမှာပင် သူသည် ယခုတွင် သူကိုယ်တိုင်နှင့် အဆင့်တူသော တစ်စုံတစ်ယောက်ကို ရှာတွေ့ပြီဖြစ်၍ သူတို့က သူ့အတွက် ပြိုင်ဘက်တစ်ဦးဖြစ်သည့်အလား ယှဥ်ကြည့်ရန် ယားနေတော့သည်။
" နေဦး မဟုတ်သေးဘူး။ ငါ့ကိုယ်ငါ ထိန်းချုပ်ရမယ် "
သူ၏ပန်းတိုင်မှာ ဤအဆင့်ကို ကျော်ဖြတ်ရန်သာ ဖြစ်ရာ မှင်စာလေးများဖြင့် ယှင်ပြိုင်ခြင်းက အဓိပ္ပါယ်မရှိသည် မဟုတ်ပါလော။
သူက စိတ်ဆန္ဒများကို ဖိနှိပ်၍ သူ့ပတ်လည်ရှိ အဆင့်အကြောင်း လေးလေးနက်နက်စဥ်းစားလိုက်သည်။ သူက အဆိပ်ငွေ့များကို မော့ကြည့်ပြီးနောက် ဆေးဖော်စပ်နေသော မှင်စာများကို ငုံ့ကြည့်ကာ ရေရွတ်လိုက်သည်။
" ဒီအဆင့်ရဲ့ အဓိကအချက်က ဆိုးရွားတဲ့အခြေအနေတွေကို ကျော်ဖြတ်ရုံလေးတင်ပဲလား "
ထိုအချိန်တွင် လေထဲ၌ ယပ်တောင်အစုတ်ကြီး၏ အစောင့်အရှောက်ဝိညာဥ်သည် ပိုင်ရှောင်ချန်း သတိမထားမိပြီး မမြင်နိုင်သော ကောင်လေးတစ်ယောက်၏ အသွင်ဖြင့် ရှိနေသည်။ သူက ကျောနောက်ကို လက်ပစ်၍ သူ့ကိုယ်သူ အလွန်ကျေနပ်နေလျက် အောက်ရှိ ပိုင်ရှောင်ချန်းကို ငုံ့ကြည့်နေ၏။
" အမှောင်သမားတော်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မြင့်မြတ်တဲ့ မိုးမြေဧကရာဇ်ကြီးအတွက် ခေါင်းခဲစရာကြီးဖြစ်ခဲ့တယ်။ ဆေးဖော်စပ်တဲ့နေရာမှာ သူတို့ရဲ့ ပင်ကိုယ်ပါရမီတွေက ပြိုင်ဘက်ကင်းပြီးတော့ တစ်ဦးတစ်ယောက်စီတိုင်းက ဆေးဖော်စပ်ရတာကို အရူးအမူး စွဲလမ်းနေကြတယ်။ ဆိုးတာက သူတို့ဖော်တဲ့ ဆေးလုံးတွေက တစ်မိုးအောက်မှာ ဘယ်သူမှ မစားရဲတဲ့ဆေးတွေ ဖြစ်နေတာပဲ။ သူတို့တောင် သူတို့ဆေးလုံးသူတို့ စားရဲတာ မဟုတ်ဘူး “
" ဟမ့် … အရင်တုန်းက အမှောင်သမားတော်တွေကို ရင်းမြစ်တွေပေးပြီး သင့်တော်တဲ့အခြေအနေအချိန်အခါကောင်းမှာ ဆေးဖော်စပ်စေရင် ကြယ်တာရာကောင်းကင်ကြီးတစ်ခုလုံးကိုတောင် ဖျက်စီးပစ်နိုင်တယ်ဆိုပြီး မိုးမြေဧကရာဇ် ပြောခဲ့တယ်။ ဒီနေရာက ရှင်သန်ခြင်းနဲ့ သေခြင်းတရားရဲ့ တာအိုအနှစ်သာရ စွမ်းအားနဲ့ ဖန်တီးထားတဲ့ ပုံရိပ်ယောင်တစ်ခုပဲ ဆိုပေမယ့် တကယ်အစစ်အတိုင်းပဲ။ ဒီအရှက်မရှိတဲ့ လူလိမ်ကောင်က မိုးမြေဧကရာဇ်တစ်ပါးရဲ့ ကျင့်ကြံခြင်းအခြေခံမရှိသရွေ့ သေချာပေါက် ဒီအဆင့်မှာ တောင့်ခံနိုင်မှာ မဟုတ်ဘူး “
" ပုံမှန်ဆိုရင် ဒီနယ်မြေမှာ သုံးရက် နေလိုက်ရင် ရပြီ။ ဒါပေမဲ့ ငါ သုံးရက်ကနေ တစ်သောင်းအထိ ပြောင်းပစ်မယ်။ ကောင်းပြီ လူယုတ်မာကောင်ရေ … မင်း ဒီအဆင့်ကို ကျော်ဖြတ်နိုင်ရင် ငါ့မျိုးရိုးကို မင်းမျိုးရိုးနာမည်ပြောင်းပေးမယ်။ ကျိန်ပြောတယ်ကွာ "
ဤအချိန်တွင် ကောင်လေးမှာ အားပါးတရမရယ်ဘဲ မနေနိူင်တော့ပေ။
ဤတစ်ကြိမ်တွင် သူ သေချာပေါက် အနိုင်ရလိမ့်မည်ဟု ယုံကြည်နေလေသည်။ အမှောင်သမားတော်များ ဖန်တီးသော အဆိပ်ငွေ့များနှင့် ရင်ဆိုင်ရာတွင် ဘယ်သူမှ ကြာကြာမခံပေ။ သတိမထားပါက အသေဆိုးနှင့် သေနိုင်လေသည်။ ထိုမျှသာမက တစ်နေရာလုံးကို ရှင်သန်ခြင်းနှင့် သေခြင်းတရား၏ တာအိုအနှစ်သာရဖြင့် အားဖြည့်ပေးထားသောကြောင့် အမှောင်သမားတော်များကို ကျင့်ကြံခြင်းအခြေခံအားဖြင့် သတ်၍မရပေ။ သူတို့၏ အဆိပ်များနှင့် ဆင်တူသော ဆေးအဆိပ်များဖြင့်သာ သူတို့အပေါ် သက်ရောက်နိုင်လေသည်။ ထိုသည်က အမှန်တကယ်ပင် အဆင့်၏ တစ်ခုတည်းသော အားနည်းချက်ပင် ဖြစ်သည်။ လူတစ်ယောက်သည် သဘောတရားအရ အမှောင်သမားတော်များဖြစ်သော မျိုးနွယ်စုများအားလုံးကို မတတ်သာ၍ အညံ့ခံစေခြင်းအားဖြင့် အဆင့်ကို ကျော်ဖြတ်နိုင်လေသည်။ သူတို့အားလုံး ပိုင်ရှောင်ချန်းကို ထုတ်ပယ်ရန် သဘောတူလျှင်တော့ အဆင့်ကို ထိန်းချုပ်သည့် စည်းမျဥ်းများအရ အစောင့်အရှောက်ဝိညာဥ်ပင် ဝင်ရောက်မစွက်ဖက်နိုင်ပေ။
" ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူး။ အမှောင်သမားတော်တွေက ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ အညံ့မခံခဲ့ဖူးဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကွယ်လွန်သွားခဲ့တဲ့ မိုးမြေဧကရာဇ်တောင် သူတို့နဲ့ သဘောတူညီချက်တစ်ခုပဲ လုပ်နိုင်ခဲ့တယ်။ သူတို့က ခေါင်းငုံ့မယ့် လူစားမျိုးမဟုတ်ဘူး "
သူ၏အတွေးစများက ထိုနေရာဆိုက်သော် သူက ပို၍ ကျယ်လောင်စွာပင် ရယ်လိုက်တော့သည်။ သူက ပိုင်ရှောင်ချန်း၏မျက်နှာပေါ်ရှိ စစ်မှန်သောစိတ်ပျက်မှုအရိပ်အယောင်များကို ကြည့်ရန် မစောင့်နိုင်တော့ပေ။
ပို၍မြန်ဆန်စေရန် အလို့ငှာ ကောင်လေးက ပိုင်ရှောင်ချန်း၏ တည်ရှိမှုကို အမှောင်သမားတော်များအား သတိပေးခြင်းဖြင့် သူ့ကို ' ကူညီ ' ရန် ဆုံးဖြတ်လိုက်သည်။
" ဟမ့် … မင်းတော့ ဒုက္ခလှလှရောက်တော့မယ် အရှက်မရှိတဲ့ လူလိမ်ကောင် "
သူက ဖြစ်လာတော့မည် အရာနှင့်ပတ်သက်၍ စိတ်လှုပ်ရှားနေလျက် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ပြီး မြေကြီးကို လက်ညှိုးထိုးလိုက်ရာ အဆင့်၏ကမ္ဘာတစ်လျှောက်လုံးတွင် မမြင်နိုင်သော လှိုင်းဂယက်များ ပျံ့နှံ့လာတော့သည်။
ချက်ချင်းပင် အမျိုးမျိုးသော အမှောင်သမားတော်မျိုးနွယ်စုများရှိ မှင်စာလေးများ တဆတ်ဆတ်တုန်ယင်သွားပြီး မော့ကြည့်လိုက်ကြသည်။ ပိုင်ရှောင်ချန်းက သူ၏ကျင့်ကြံခြင်းအခြေခံကို ဖုံးကွယ်နေသည့်တိုင် သူတို့အားလုံးက ရုတ်တရက် သူရှိရာကို ကြည့်လိုက်ကြကာ သူ့ကို ပြတ်ပြတ်သားသား မြင်လိုက်ကြလေသည်။
" နောက်ဆုံးတော့ လူတစ်ယောက် ရောက်လာခဲ့ပြီပဲ "
မရေမတွက်နိုင်သော အမှောင်သမားတော်များသည် စိတ်လှုပ်ရှားနေသောမျက်နှာအမူအရာများဖြင့် ထွက်လာကြပြီး အဆုတ်ကွဲလုမတတ် အော်ဟစ်လိုက်ကြသည်။
" သူက ငါ့ဟာ ။ ငါသူ့ကို ငါဆေးအတွက် စမ်းသပ်ခံအဖြစ် လိုအပ်တယ်။ ငါ့ဆီက လုဖို့ စဥ်းတောင် မစဥ်းစားနဲ့ "
" အားလုံး ငါ့လမ်းကဖယ်။ ဒီစမ်းသပ်ခံေလးက ငါ့မျိုးနွယ်စုနဲ့ ဆိုင်တယ် "
" မပြေးနဲ့ စမ်းသပ်ခံေလး … ငါတို့ မင်းဆီလာနေပြီ "