အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
အခန်း (၆၁) - ကျားသစ်ဖြူလေးကို ကယ်တင်ခြင်း
ရှောင်ရှန်း တစ်ယောက် ကောင်းကောင်းကြီး အိပ်မောကျနေစဉ်၊ သူ့ကိုယ်အောက်မှ တစ်စုံတစ်ခုက အသာအယာ လှုပ်ရှားတိုးဝှေ့လာသည်။
“အမ်...”
သူသည် အိပ်မက်ထဲတွင် တစ်ခုခုကို ဖိထားမိသည်ဟု ထင်မှတ်လိုက်၏။
သို့သော် ထိုတိုးဝှေ့မှုက ရပ်တန့်မသွားသည့်အပြင်၊ နောက်ဆက်တွဲအနေဖြင့် “ကွဲအက်” သံလေးတစ်ခုနှင့်အတူ သူ့ကိုယ်အောက်ရှိ မြေသားများမှာ အနည်းငယ် ပြိုကျလာပုံရသည်။
“ဘယ်မျက်စိမပါတဲ့ကောင်က ငါကိုယ်တော်ရဲ့ အိပ်မက်လှလှလေးကို လာနှောင့်ယှက်တာလဲ”
ရှောင်ရှန်းသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး ဒေါသတကြီး အော်ဟစ်ရန် ပြင်လိုက်သော်လည်း၊
တင်ပါးအောက်တွင် ဟာလာဟင်းလင်း ဖြစ်သွားကာ ဖင်တစ်ခုလုံး အောက်သို့ ကျွံကျသွားလေတော့၏။
ရှောင်ရှန်းတစ်ယောက် လန့်နိုးလာပြီး ကြည့်လိုက်ရာ ၊ သူ လဲလျောင်းနေသည့် နေရာတွင် အရွယ်အစားကြီးသော တွင်းပေါက်တစ်ခု ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။
“ဒါ ဘယ်လိုနေရာကြီးလဲ”
ရှောင်ရှန်း တစ်ယောက် တိုးတိုးလေး ညည်းညူလိုက်ပြီး ၊ ဖင်ကို အသာလေး ဖုန်ခါကာ သူ၏ ‘ တရေးနှပ်ခြင်း’ စီမံကိန်းကြီးကို ဆက်လက်လုပ်ဆောင်ရန် နေရာပြောင်းဖို့ ပြင်ဆင်လိုက်သည်။
သို့သော် တွင်း၏အနက်ပိုင်းမှ ကြောင်ပေါက်လေး တစ်ကောင်ကဲ့သို့ အလွန်တိုးညှင်းသော အသံလေးတစ်ခုကို ခပ်ရေးရေး ကြားလိုက်ရသည်။
ရှောင်ရှန်း မျက်မှောင်ကြုတ်သွားသည်။ မူလကတည်းက သိပ်မရှိလှသော သူ၏ စပ်စုလိုစိတ်မှာ နိုးကြားလာပြီး ၊ မျက်လုံးကို မှေးကာ အတွင်းသို့ ချောင်းကြည့်လိုက်သည်။
အတွင်း၌ အလင်းရောင်ဖျော့တော့စွာ ရှိနေသဖြင့် အဖြူရောင် အလုံးလေးတစ်ခု ထောင့်နားတွင် ကွေးကွေးလေး ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
“ဒါက ဘာကောင်လဲ”
သူသည် အထဲကို ဂရုတစိုက်ဖြင့် ချောင်းကြည့်လိုက်ရာ ၊ ထိုအဖြူရောင် ကွေးကွေးလေး၏ ရုပ်သွင်အမှန်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်နှင့်၊ အသက်ရှူရပ်မတတ် လန့်သွားကာ မျက်လုံးများပင် ပြူးကျယ်သွားသည်။
၎င်းမှာ တစ်ကိုယ်လုံး နှင်းကဲ့သို့ ဖြူဖွေးနေသော ကျားဖြူလေးတစ်ကောင်ပင်။
ကျားဖြူလေးမှာ အိမ်မွေးကြောင်တစ်ကောင် ခန့်သာ ရှိပြီး ၊ ၎င်း၏အမွေးများမှာ နူးနူးညံ့ညံ့ဖြင့် ပွပွယောင်းယောင်းရှိသည်။ နဖူးပေါ်တွင် အလွန်ဖျော့တော့၍ မထင်မရှားသော အနက်ရောင် အစင်းကြောင်းအချို့က “ဘုရင် (王)” ဆိုသည့် စာလုံးပုံစံကို ခပ်ရေးရေး ဖော်ဆောင်နေ၏။
ယခုအချိန်တွင် ကျားဖြူလေးသည် အေးစက်သော မြေပြင်ပေါ်၌ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရကာ၊ နောက်ခြေတစ်ဖက်မှာ ပုံမှန်မဟုတ်ဘဲ ဒဏ်ရာရထားပုံပေါ်၏။
နီတွတ်တွတ် သွေးများက ဘေးပတ်ဝန်းကျင်ရှိ မြေသားများနှင့် ၎င်း၏ ဖြူဖွေးသော အမွှေးများပေါ်တွင် စွန်းထင်နေကာ ၊ အသက်ရှူသံမှာလည်း အတော်လေး အားနည်းနေရှာသည်။
“အမ် တကယ်ကြီး ကျားပေါက်လေးလား ပြီးတော့ အဖြူရောင်လေးလား”
ရှောင်ရှန်း တစ်ယောက် အကြီးအကျယ် လန့်ဖျန့်သွားလေ၏။
‘လာနောက်နေတာလား ဒါက ဝမ်ရှိုးတောအုပ်လေ ၊ တကယ်လို့ ကျားမကြီးသာ အနီးအနားမှာ ရှိနေရင်…’
‘ သူ့ရဲ့ လက်တောက်လောက် ပညာလေးနဲ့ ဟိုကျားအမေကြီးက ဖင်ကြားတောင်ညှပ်မှာ မဟုတ်ဘူး’
“ဒုက္ခပါပဲ ဒုက္ခပါပဲ….ဒုက္ခအကြီးအကျယ် တတ်ပြီ”
ရှောင်ရှန်းတစ်ယောက် ပါးစပ်ကနေ တတွတ်တွတ် ရေရွတ်ရင်း ခြေဦးတည့်ရာ ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော် ခြေတစ်လှမ်းမျှ မရွေ့ရသေးမီမှာပင် ၊ ထိုကျားဖြူလေးက ပို၍ အားနည်းပြီး သနားစရာကောင်းသော ညည်းသံလေး ပြုလိုက်ပြီး သူ၏ စိုစွတ်သော ပြာလဲလဲ့ မျက်လုံးလေးများဖြင့် အကူအညီမဲ့စွာ ကြည့်နေခဲ့သည်။
ရှောင်ရှန်း၏ ခြေလှမ်းများမှာ ရပ်တန့်သွားသည်။
ထိုအကောင်လေး၏ သနားစရာကောင်းသော ပုံစံကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို စာနာသွားမိသည်။
သူကိုယ်တိုင် ဘယ်တော့မှ ဝန်ခံမည် မဟုတ်သော်လည်း ၊ စိတ်နှလုံးသား၏ အနက်ရှိုင်းဆုံးတွင် ဖုံးကွယ်ထားသော သနားကြင်နာစိတ်ကလေးသည် လှုပ်နှိုးခြင်း ခံလိုက်ရပုံရသည်။
“တောက် ၊ တကယ်ပါပဲ”
ရှောင်ရှန်း တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကုတ်လိုက်သည်။
‘ကယ်ရမလား မကယ်ရဘူးလား….’
‘ကယ်လိုက်လို့ ကျားမကြီး ပြန်လာတဲ့အခါ သူ့သားသမီးကို ရန်ပြုတဲ့ တရားခံလို့ ထင်ပြီး တစ်ချက်တည်းနဲ့ ကိုက်သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ…’
‘ မကယ်ပြန်ရင်လည်း ဒီအကောင်လေးက ကြည့်ရတာ ကြာကြာခံမယ့်ပုံ မပေါ်ဘူး …’
သို့သော် ထိုကျားဖြူလေး၏ အကြည့်များက ချိတ်ငယ်လေးနှစ်ခုကဲ့သို့ပင် သူ၏နှလုံးသားကို လာငြိနေသလို ခံစားရပြန်၏။
“တောက် ၊ ငါကိုယ်တော် ကံဆိုးတာလို့ပဲ သတ်မှတ်လိုက်တော့မယ်”
ရှောင်ရှန်း တစ်ယောက် အံကြိတ်လိုက်ပြီး နောက်ဆုံးတွင် သူ မရက်စက်နိုင်ခဲ့ပေ။ သူသည် ရင်ဘတ်ထဲတွင် အတန်ကြာ ရှာဖွေပြီးနောက် ကြွေပုလင်းလေး တစ်လုံးကို ထုတ်ယူလိုက်သည်။
ဤသည်မှာ စူးဝမ်ချင် မှ သူ့ကို အတင်း ထိုးထည့်ပေးလိုက်သော ‘ဆေးတောင်ကြား’ မှ အထူးဖော်စပ်ထားသည့် ဒဏ်ရာပျောက်ဆေးပင် ဖြစ်သည်။
ထိုစဉ်က သူသည် နေရာယူသည်ဟု ဆိုကာ ငြင်းဆန်ခဲ့သော်လည်း ၊ ယခုလို အသုံးဝင်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ကောင်လေး၊ မင်း ကံကောင်းတယ်လို့ မှတ်လိုက် ၊ ငါကိုယ်တော်လို ‘လူကောင်း’ နဲ့ လာတွေ့တာကိုး”
ရှောင်ရှန်းသည် တတွတ်တွတ် ရေရွတ်ရင်း၊ ကျားဖြူလေး၏ သွေးအိုင်နေသော ဒဏ်ရာပေါ်သို့ ဆေးမှုန့်အချို့ကို ဂရုတစိုက် ဖြူးပေးလိုက်သည်။
ကျားဖြူလေးသည် အေးမြမှုကို ခံစားလိုက်ရဟန်တူပြီး နာကျင်မှုကြောင့် တုန်ယင်နေသော ခန္ဓာကိုယ်လေးမှာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။
၎င်း၏ ပြာလဲ့သော မျက်လုံးလေးများက ရှောင်ရှန်းကို စိုက်ကြည့်နေပြီး ၊ သူ၏ အကြည့်ထဲတွင် ကြောက်ရွံ့မှုများထက် မှီခိုလိုစိတ်များ ပိုမို များပြားလာသည်။
ရှောင်ရှန်းသည် သူ၏ အတွင်းအင်္ကျီမှ အဝတ်စတစ်စကို ဆွဲဖြဲလိုက်ပြီး ယခင်က ပုံပြင်စာအုပ်များတွင် မြင်ဖူးသည့်အတိုင်း ကျားဖြူလေး၏ ဒဏ်ရာရနေသော ခြေထောက်ကို အကြမ်းဖျင်း ပတ်တီး စည်းပေးလိုက်သည်။
“ရပြီ၊ ငါကိုယ်တော် အစွမ်းကုန် လုပ်ပေးပြီးပြီ၊ အသက်ရှင်မရှင်ကတော့ မင်းရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်တော့တယ်”
ရှောင်ရှန်းတစ်ယောက် သူသည် ကြီးကျယ်သော အလုပ်တစ်ခုကို ပြီးမြောက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။
ထိုစဉ် ကျားဖြူလေးသည် လူ့စကားကို နားလည်သည့်အလား ရှောင်ရှန်း၏ စေတနာကို သိရှိသွားပြီး၊ ခေါင်းလေး မော့လာကာ ရှောင်ရှန်း၏ လက်ချောင်းများကို သူ၏ ဦးခေါင်းလေးဖြင့်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
“ဟားး၊ ဒီကောင်လေးက လူကပ်တတ်သားပဲ”
ရှောင်ရှန်းသည် ထိုသို့ ပွတ်သက်မှုခံလိုက်ရသဖြင့် စိတ်ထဲတွင် ကြည်နူးသွားကာ မသိမသာ ပြုံးမိသွားသည်။
သူသည် ထိုကောင်လေးကို ဆက်လက် စနောက်ရန် ပြင်နေစဉ်မှာပင် ၊ တောအုပ်အပြင်ဘက်မှ လူသံများနှင့် ခြေသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့၏။
“မြန်မြန် ဒီဘက် …ဒဏ်ရာရထားတဲ့ ယုန်က ဒီဘက်ကို ပြေးသွားတာပဲ”
“သေချာ ရှာစမ်း ၊ မင်းသား (၃) က ပြောထားတယ်…ဒီနေ့ ဘယ်သူ အမဲလိုက်လို့ အများဆုံးရလဲ ၊ ရတဲ့သူ့ကို ဆုလာဘ် အကြီးအကျယ် ချီးမြှင့်မယ်တဲ့”
မုဆိုးဝတ်စုံကို ဝတ်ဆင်ထားပြီး လေးနှင့် မြားကို ကိုင်ဆောင်ထားသော လူအချို့သည် ဒဏ်ရာရနေသော ယုန်တစ်ကောင်နောက်သို့ လိုက်လာရင်း ၊ ဤနေရာသို့ ရောက်ရှိလာခဲ့ကြသည်။
၎င်းတို့သည် ဂူပေါက်ဝတွင် ဆောင့်ကြောင့်ထိုင်နေပြီး လက်တွင် သွေးစွန်းနေသော ရှောင်ရှန်းကို တန်းမြင်သွားခဲ့သည်။
“အိမ်ရှေ့စံ မင်းသားလား”
မုဆိုးတစ်ဦးမှာ ခဏတာ အံ့အားသင့်သွားပြီး ၊ မျက်နှာတွင် ဖားယားသော အပြုံးများဖြင့် ပြုံးလိုက်ရင်း။
“ဟာ …အိမ်ရှေ့စံကလည်း ဒီမှာ အမဲလိုက်နေတာကိုး”
အမှန်စစ်စင် ၎င်းတို့မှာ မင်းသား (၃) ရှောင်ကျင်း မှ လွှတ်လိုက်သော လုပ်ကြံသူများ ဖြစ်ပြီး ၊ သူတို့ ကြိုတင်ပြင်ဆင်ထားသော ထောင်ချောက်ထဲသို့ ရှောင်ရှန်းကို ဆွဲခေါ်ရန် ရည်ရွယ်ထားကြသည်။
ယခု ရှောင်ရှန်းကို ဤနေရာတွင် တွေ့လိုက်ရခြင်းမှာ သူတို့ လိုချင်သော အရာသာပင်။
အခြား မုဆိုးတစ်ဦးက မျက်လုံးတစ်ချက် ဝေ့လိုက်ပြီး အလျင်အမြန်ပင် ဆိုလိုက်သည်။
“မင်းသား၊ ဒီတောအစွန်းမှာက ကောင်းတာ ဘာမှမရှိဘူး၊ ကျွန်တော်တို့နဲ့အတူ တောနက်ထဲကို လိုက်ခဲ့ပါလား မင်းသား (၃) နဲ့ မင်းသား (၅) တို့လည်း အဲ့မှာ ရှိနေတယ်”
“သားကောင်တွေ အများကြီးပဲ…ခုနလေးတင် သမင်တစ်ကောင်ကို မြင်လိုက်ရသေးတယ်”
ရှောင်ရှန်း၏ စိတ်အခြေအနေကောင်းမှာ ဤမဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်များကြောင့် ပျက်စီးသွားသည်။
သူ ဆဲဆိုရန် ပြင်လိုက်စဉ်မှာပင်၊ အနီးအနားရှိ တောနက်ထဲမှ ကောင်းကင်ပြိုမတတ် ကျားဟိန်းသံကြီးတစ်ခုက ထွက်ပေါ်လာလေ၏။
“ဝေါင်း——”
မုဆိုးများ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ချက်ချင်းပင် တောင့်ခဲသွားပြီး ကြောက်လန့်မှုများက အစားထိုးဝင်ရောက်လာသည်။
“ဒါ... ဒါက ကျားပဲ”
“မြန်မြန်ပြေး ဒါက အရွယ်ရောက်ပြီးသား ကျားကြီးပဲ”
၎င်းတို့ စကားမဆုံးသေးမီမှာပင် ၊ ကြီးမားသော အဝါရောင် အရိပ်ကြီးတစ်ခုက လေပြင်းတစ်ချက်နှင့်အတူ တောအုပ်ထဲမှ မြားတစ်စင်းကဲ့သို့ ပြေးထွက်လာသည်။
အခန်း(၆၂)
၎င်းမှာ ကြီးမားထွားကျိုင်းသော အရွယ်ရောက်ပြီးသား ကျားကြီးတစ်ကောင် ဖြစ်နေခဲ့သည်။ ၎င်း၏ မျက်လုံးများမှာ နီရဲနေပြီး အစွယ် တဝင်းဝင်းဖြင့် သတ်ဖြတ်လိုသော အရိပ်အယောင်များကို ထုတ်လွှတ်ပြသနေသည်။
၎င်းသည် ထိတ်လန့်တုန်လှုပ်နေသော မုဆိုးများဆီသို့ တန်းတန်းမတ်မတ် ခုန်အုပ်လေတော့၏။
“အား——”
အော်ဟစ်သံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
မုဆိုးများသည် ဤဒေါသထွက်နေသော ကျားမကြီးကို မည်သို့ ယှဉ်နိုင်မည်နည်း။
၎င်းတို့၏ လက်ထဲမှ လေးများကို မမြှောက်ရသေးမီမှာပင် ၊ ကျားမကြီး၏ ယပ်တောင်ကဲ့သို့ ကြီးမားသော လက်သည်းများဖြင့် ရိုက်ချခံရလိုက်၏။
အချို့မှာ လက်မောင်းတွင် ကုတ်ခြစ်ခံရပြီး၊ အချို့မှာ ခေါင်းကွဲသွားကြသည်။ တစ်ယောက်ပြီး တစ်ယောက် ငိုယိုအော်ဟစ်ရင်း လာရာလမ်းအတိုင်း ဖင်ပိတ်ပြေးလေတော့သည်။
ကျားမကြီးမှာ ၎င်းတို့ကို လိုက်မဖမ်းဘဲ ခေါင်းကို ရုတ်တရက် လှည့်လိုက်သည်။ ဒေါသများဖြင့် လောင်မြိုက်နေသော မျက်လုံးအစုံက ဂူပေါက်ဝရှိ ရှောင်ရှန်းကို စိုက်ကြည့်နေလေ၏။
ရှောင်ရှန်း ခမျာ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်တက်သွားသည်။
‘ သွားပြီ သွားပြီ ၊ ဒီတစ်ခါတော့ တကယ် သွားပြီ ၊ ကျားမကြီးက တရားခံလာရှာပြီ’
သူသည် နေရာတွင် ကျောက်ရုပ်ကဲ့သို့ တောင့်တင်းနေပြီး နည်းနည်းလေးမျှ မလှုပ်ဝံ့ပေ။ ကျားမကြီးထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့် သွေးညှီနံ့နှင့် တောရိုင်းသတ္တဝါတို့၏ အနံ့အသက်များကိုပင် ရနိုင်သည်။
ကျားမကြီးသည် ဂူဆီသို့ တစ်လှမ်းချင်း တည်ငြိမ်စွာ လျှောက်လာသည်။
ရှောင်ရှန်း၏ နှလုံးမှာ လည်ချောင်းဝထိ ရောက်လာပြီး ရင်ဘတ်ထဲမှ ခုန်ထွက်တော့မတတ် ခံစားနေရသည်။
သို့သော် သူ ထင်မှတ်မထားသည်မှာ မိခင်ကျားမကြီးသည် သူ့ကို ချက်ချင်း တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ ၎င်းသည် ဂူထဲရှိ ကျားဖြူလေးကို ဦးစွာ ခေါင်းငုံ့နမ်းကြည့်လိုက်ပြီး တိုးတိုးလေး ညည်းတွားလိုက်ကာ ကလေးလေးကို ချော့မြှူနေသဟန် ရှိသည်။
ထို့နောက် မိခင်ကျားမကြီသည် ခေါင်းမော့ကြည့်လာသည်။ မူလက ကြမ်းတမ်းလှသော မျက်လုံးများက ယခု ရှောင်ရှန်းကို ကြည့်သည့် အကြည့်ထဲတွင် အနည်းငယ် ရှုပ်ထွေးမှုများ ရှိနေခဲ့သည်။
သတိထားနေသလို ၊ စူးစမ်းနေဟန်လည်း ရသည်။
သို့သော် စောနကလို လူကို အရှင်လတ်လတ် ဝါးစားမည့် သတ်ဖြတ်လိုစိတ်မျိုးတော့ မရှိချေ။
ကျားမကြီးသည် ရှောင်ရှန်းကို စက္ကန့်အနည်းငယ် ကြာအောင် စိုက်ကြည့်နေပြီး ၎င်း၏ ရုပ်သွင်ကို မှတ်သားနေသကဲ့သို့ ရှိသည်။
ထို့နောက် ၎င်းသည် အသံတစ်ချက်ပြုကာ ပါးစပ်ဖြင့် ကိုက်ချီလာသော ကြီးမားထွားကျိုင်းသည့် တောကြက်တစ်ကောင်ကို ရှောင်ရှန်း၏ ခြေထောက်နှင့် လက်မအနည်းငယ်သာ ကွာသော နေရာတွင် အသာအယာ ချထားပေးလိုက်သည်။
ယင်းတို့ကို လုပ်ဆောင်ပြီးနောက် ကျားမကြီးသည် ရှောင်ရှန်းကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်ကာ ဂူထဲရှိ ကျားဖြူလေးကိုလည်း တစ်ချက် ပွတ်သပ်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။
အကြိမ်အနည်းငယ် ခုန်ပျံကျော်လွှားရင်း၊ တောနက်ထဲသို့ ပျောက်ကွယ်သွားလေတော့သည်။
ရှောင်ရှန်းမှာ ကျားမကြီး ထွက်ခွာသွားသော လမ်းကြောင်းကို ကြောင်တတ်တတ်ဖြင့် ကြည့်နေမိသည်။ ထို့နောက် သူ့ခြေထောက်အောက်တွင် လှုပ်တုတ်တုတ် ဖြစ်နေသော တောကြက်ကြီးကို ကြည့်ရင်း ဆွံ့အနေလေ၏။
“ဒါ... ဒီကျားမကြီးက... ငါ့ကို တောကြက် လာပေးတာလား”
“သူ... သူက ငါ့ကို ရန်သူလို့ မသတ်မှတ်ဘဲ... သူ့လူလို့ သတ်မှတ်လိုက်တာလား”
ရှောင်ရှန်းသည် မိမိ၏ ပေါင်ကို အားရပါးရ ဆွဲဆိတ်ကြည့်လိုက်ရာ နာလွန်းသဖြင့် မျက်နှာကြီးမှာ ရှုံ့မဲ့သွားသည်။
ဒါအိပ်မက် မဟုတ်ဘူးလား..
ကျားဖြူလေးသည် ထောနဲ့ ထောနဲ့ဖြင့် တစ်လှမ်းချင်း ထွက်လာသည်။
၎င်းသည် ရှောင်ရှန်း၏ ခြေထောက်ဆီသို့ ရောက်ရှိလာပြီး သူ၏ နူးညံ့သော ဦးခေါင်းလေးဖြင့် ချစ်စဖွယ်ကောင်းအောင် ပွတ်သပ်နေသည်။
လည်ချောင်းထဲမှ “ဝူးဝူး” ဟု ချစ်စဖွယ် အသံလေးများ ပေးကာ ၊ သူ၏ ပြာလဲ့လဲ့ မျက်လုံးလေးများသည် မှီခိုအားထားမှုနှင့် ယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
“မဖြစ်နိုင်တာ... ဒါ... ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုလိုက်တာလား”
ရှောင်ရှန်း တစ်ယောက် ဆွံ့အသွားသည်။
‘ သူ ရှောင်ရှန်း …သာရှမင်းဆက်ရဲ့ ‘အပျင်းထူ’ အိမ်ရှေ့စံမင်းသား… စားဖို့၊ သောက်ဖို့၊ အိပ်ဖို့ နဲ့ ပြဿနာရှာဖို့ကလွဲရင် ဘာအလုပ်မှ မလုပ်တဲ့သူက ဒီနေ့မှာတော့ ဝိညာဉ်သားရဲ ကျားဖြူလေးတစ်ကောင်ရဲ့ သခင်အဖြစ် အလွယ်တကူ သတ်မှတ်ခံလိုက်ရသတဲ့လား…’’
‘ ဒီ “ငပျင်းတစ်ကောင်ရဲ့ ကံဇာတာကြီး” ကလည်း အတော်လေး ဩချရပေတယ်…’
ရှောင်ရှန်းတစ်ယောက် အံ့ဩလို့ မဆုံးသေးမီမှာပင် ၊ ကျားဖြူလေးက အပြုအမူအသစ် တစ်ခုကို လုပ်ဆောင်လိုက်၏။
ကျားဖြူလေးသည် သူ၏ ထော့နဲ့ ထော့နဲ့ ကိုယ်လုံးလေးဖြင့် သွားကာ တောကြက်ကြီး၏ လည်ပင်းကို ပါးစပ်ဖြင့် ကိုက်လိုက်သည်။
တောကြက်ကြီးသည် ၎င်းထက်ပင် ကြီးမားနေသဖြင့် ကိုက်ရသည်မှာ အနည်းငယ် ပင်ပန်းနေပုံရကာ ဒဏ်ရာကြောင့်လည်း ခန္ဓာကိုယ်မှာ ယိမ်းထိုးနေသော်လည်း မျက်လုံးများကမူ အလွန်ပင် လေးနက်လှသည်။
ထို့နောက် ၎င်းသည် မိမိခန္ဓာကိုယ်ထက် ကြီးမားသော တောကြက်ကြီးကို ကိုက်ဆွဲကာ တောအုပ်အပြင်ဘက်သို့ တစ်လှမ်းချင်း လျှောက်သွားတော့သည်။
ခြေလှမ်းအနည်းငယ် သွားပြီးနောက် သူသည် ပြန်လှည့်ကြည့်လာကာ ရှောင်ရှန်းကို “ဝူးဝူး” ဟု နှစ်ချက် အော်ပြလေ၏။
ထိုအဓိပ္ပာယ်မှာ အလွန်ပင် ရှင်းလင်းသည်။ ရှောင်ရှန်းကို သူ့နောက်ကနေ လိုက်ခဲ့ရန် အချက်ပြနေခြင်းပင်။
ရှောင်ရှန်းသည် ကြက်ဖကြီးကို ကိုက်ချီရင်း လမ်းကြောင်းဦးဆောင်နေသော ကျားဖြူလေးကို ကြည့်ရင်း ညည်းညူလိုက်သည်။
“ကောင်စုတ်လေး၊ မင်းက... ငါကိုယ်တော်ကို ဘယ်ခေါ်သွားမလို့လဲ”