← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃) - မင်းသား (၅) ဒေါသထွက်လွန်း၍ သွေးအန်ခြင်း

“မဟုတ်ဘူးလေ ကောင်စုတ်လေး... မင်း တကယ်ကြီးလား”

ရှောင်ရှန်း တစ်ယောက် ခေါင်းကုတ်လိုက်ရင်း ဆိုလိုက်သည်။

“မင်း ငါကိုယ်တော်ကို ဘယ်ခေါ်သွားမလို့လဲ မဟုတ်မှလွဲရော... မင်းရဲ့ မိဘဘိုးဘွားတွေဆီ ခေါ်သွားပြီး ငါ့ကို အရန်ရိက္ခာအဖြစ် ကျွေးမလို့လား”

ကျားဖြူလေးသည် သူ၏စကားကို နားလည်ပုံရပြီး မကျေမနပ်နှင့် “ဝူး” ဟု တစ်ချက်အော်ကာ ခေါင်းလေးကို အတင်း ခါယမ်းပြသည်။

ထို့နောက် တောကြက်ကို ပို၍ အားစိုက်ထုတ်ကာ ကိုက်ဆွဲလျက် ရှေ့ကနေ လမ်းပြလေတော့သည်။

“ထားပါလေ... ဒီနေ့ အိမ်ကထွက်လာတာ ရက်ရာဇာမကြည့်မိလို့ မင်းလို ဒုက္ခပေးတဲ့ ကောင်စုတ်လေးနဲ့ လာတိုးတာပဲ”

ရှောင်ရှန်းသည် သက်ပြင်းချရင်း ကံကြမ္မာကို အရှုံးပေးကာ ကျားဖြူလေး နောက်မှ လိုက်ပါလာခဲ့သည်။

ဤအကောင်ပေါက်လေးသည် မည်သည်ကို ကြံစည်နေမှန်း သူ အတော်လေး သိချင်မိသည်။

ကျားဖြူလေးသည် ရှောင်ရှန်းကို ကွေ့ကွေ့ကောက်ကောက် ပတ်ခေါ်သွားသည်။ သူသည် တောအုပ်ထဲတွင် ချုံနွယ်ပိတ်ပေါင်း ထူထပ်ပြီး လူသူအရောက်အပေါက်နည်းသော လမ်းကလေးများကိုသာ ရွေးချယ်သွားခြင်း ဖြစ်သည်။

ရှောင်ရှန်းသည် နောက်မှ လိုက်သွားရင်း ၊ သူ၏ တန်ဖိုးကြီးလှသော အိမ်ရှေ့စံဝတ်စုံမှာလည်း သစ်ကိုင်းများဖြင့် ငြိမိကာ ဖရိုဖရဲဖြစ်နေပြီး ၊ ဆံထုံးမှာလည်း ပြေလျော့နေကာ ဒုက္ခသည်တစ်ဦးအလား ထင်မှတ်ရသည်။

“ဟေး ကောင်စုတ်လေး... မင်း ငါ့ကို ကမ္ဘာအဆုံးထိ ခေါ်သွားတော့မှာလား”

ရှောင်ရှန်း တစ်ယောက် မောမောဟိုက်ဟိုက်ဖြင့် ရှေ့ကနေ တက်ကြွနေသော ကျားဖြူလေးကို ကြည့်ရင်း လှမ်းပြောလိုက်သည်။

အဆုံးတွင် ဘာကျားဖြူ ကျားမဲ မှ ဂရုမစိုက်နိုင်တော့ဘဲ မြေကြီးပေါ် သို့ ပစ်လှဲချရန် တွေးနေစဉ်မှာပင် ရှေ့တွင် ကွင်းပြင်ကျယ်ကြီးတစ်ခုကို မြင်လိုက်ရသည်။

၎င်းမှာ ဆိတ်ငြိမ်သော တောင်ကြားတစ်ခု ဖြစ်သည်။ တောင်ကြားထဲတွင် မြက်ခင်းစိမ်းစိမ်းလေးများ ရှိပြီး၊ ကြည်လင်သော စမ်းချောင်းလေးတစ်ခု စီးဆင်းနေကာ စမ်းဘေးတွင် အမည်မသိ တောပန်းလေးများ ပွင့်လန်းလျက် လိပ်ပြာလေးများ ပျံဝဲနေသည်။

ရှောင်ရှန်းကို ပို၍ အံ့အားသင့်စေခဲ့သည်မှာ တောင်ကြားထဲတွင် သမင် တစ်ဒါဇင်ခန့်နှင့် ဝဖြိုးသော ယုန်အုပ်ကြီးတစ်အုပ် ရှိနေခြင်းပင်။

၎င်းတို့မှာ အေးအေးဆေးဆေး မြက်စားနေကြပြီး ၊ လူတစ်ယောက်နှင့် ကျားတစ်ကောင် ဝင်လာသည်ကို မြင်သော်လည်း လန့်ဖျန့်မသွားဘဲ စူးစမ်းသော အကြည့်ဖြင့်သာ ကြည့်နေကြသည်။

“ဒါ... ဒါ ဘယ်လိုတောင် နိဗ္ဗာန်ဘုံကြီးလဲ”

ဤဝမ်ရှိုးတောအုပ်ကြီးထဲတွင် ဤမျှ အေးချမ်းသာယာပြီး ချစ်စရာကောင်းသော နေရာမျိုး ရှိနေခဲ့လေသလော။

ကျားဖြူလေးသည် တောကြက်ကို ရှောင်ရှန်း၏ ခြေထောက်အောက်တွင် ပစ်ချလိုက်ပြီး ၊ ၎င်း၏ ခြေတိုလေးများဖြင့် သမင်အုပ်ကြီးဆီသို့ လျှောက်သွားလေသည်။

ထို့နောက် သူ၏ ဦးခေါင်းလေးကို မော့ကာ ခန္ဓာကိုယ် အထွားဆုံးနှင့် ဦးချိုအလှဆုံး သမင်ကြီးတစ်ကောင်ကို ကြည့်ပြီး “ဝူးဝူး” အသံလေးများ ပြုလုပ်လိုက်သည်။

ထိုအသံမှာ မကျယ်သော်လည်း ထူးဆန်းသော အရှိန်အဝါ တစ်ခု ပါဝင်နေခဲ့သည်။

နောက်တစ်စက္ကန့်တွင် ရှောင်ရှန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။

ထိုဝဖြိုးပြီး ထွားကျိုင်းလှသော သမင်ကြီးသည် ကျားဖြူလေး၏ ဟိန်းသံအောက်တွင် ယဉ်ကျေးစွာ လျှောက်လာပြီး ရှောင်ရှန်း၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် ရှောင်ရှန်း၏ အံ့ဩနေသော အကြည့်အောက်တွင် ၊ ၎င်း၏ မြင့်မြတ်သော ဦးခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်ပြီး မျက်တောင်ကလေးများကို ခတ်လျက် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေဟန် ရှိသည်။

ရှောင်ရှန်း : “……”

သူ လုံးဝ ဆွံ့အသွားရသည်။

‘ ဒါ ဘာအခြေအနေကြီးလဲ အိမ်တိုင်ရာရောက် လာပို့တာလား ဒါမှမဟုတ် အတင်းလာကပ်တာလား…

တော်ဝင် ဆောင်းဦးအမဲလိုက်ပွဲ၏ စည်းမျဉ်းတစ်ခုဖြစ်သော “ပထမဆု” ကို သူ ရုတ်တရက် သတိရသွားသည်။

နှစ်စဉ် အမဲလိုက်ပွဲတွင် အရှားပါးဆုံး သို့မဟုတ် အကြီးမားဆုံးသော သားကောင်ကို ရရှိသူသည် ပထမဆု ဆွတ်ခူးနိုင်မည် ဖြစ်ကာ၊ ဧကရာဇ်မင်းမြတ်ထံမှ ထူးခြားသော ဆုလာဘ်များကို ရရှိမည်ဖြစ်သည်။

ထိုဆုလာဘ်များမှာ ရွှေငွေရတနာများသာမက ဂုဏ်သိက္ခာနှင့်လည်း သက်ဆိုင်ပေသည်။

သူ့မျက်စိရှေ့က ဤသမင်ကြီးမှာ အမွှေးအမျှင်များ ပြောင်လက်နေပြီး ကိုယ်လုံးကိုယ်ထည် ကြီးမားကာ ဦးချိုများမှာလည်း သန္တာကျောက်များ ထွင်းထုထားသကဲ့သို့ ရှိရာ အကောင်းတကာ့ အကောင်းဆုံးဟု ဆိုရမည်။

အကယ်၍ ဤသမင်ကိုသာ ရရှိနိုင်မည်ဆိုပါက “ပထမဆု” မှာ သူ၏လက်ထဲသို့ ဧကန်မုချ ရောက်ရှိလာပေလိမ့်မည်။

“ဟေ့ ကောင်စုတ်လေး... မင်းက ငါ့ကို... အတင်းအဓမ္မ ကြိုးစားခိုင်းနေတာလား”

ရှောင်ရှန်း ခမျာ ကျားဖြူလေးကို ကြည့်ရင်း ရယ်ရခက် ငိုရခက် ဖြစ်နေလေ၏။

ကျားဖြူလေးသည် သူ ဖန်တိီးထားသော လက်ရာကို အလွန်ကျေနပ်နေပုံရပြီး၊ အမြီးလေးကို ဂုဏ်ယူစွာဖြင့် ခါယမ်းပြကာ ရှောင်ရှန်း၏ ဘောင်းဘီစကို ပွတ်သပ်နေသည်။

“ကြည့်စမ်း၊ ငါကိုယ်တော်က တော်တယ်မလား ဒီလက်ဆောင်ကြီးကို မြန်မြန် လက်ခံလိုက်စမ်းပါ” ဟု ပြောနေသည့် အလားပင်။

ရှောင်ရှန်း၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေသည်။ သူသည် လူတတ်ကြီး မလုပ်ချင်သော်လည်း ၊ ဤမျှကြီးမားသော “ပထမဆု” ကြီးက သူရှေ့တည့်တည့် ရောက်နေပြီ ဖြစ်ရာ ဤအတိုင်း လက်လွတ်လိုက်ပါက နှမြောစရာကောင်းပေတော့မည်။

ရှောင်ရှန်းသည် ဤလက်ဆောင်ကို လက်ခံရန် သင့်မသင့် စဉ်းစားနေစဉ်မှာပင် မြင်းခွာသံများက အနီးနားသို့ ရောက်ရှိလာကာ တောင်ကြား၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“မြန်မြန် ဒီဘက်မှာ … ခုနတင်ပဲ ဒီဘက်မှာ သမင်အုပ်ကို မြင်လိုက်သလိုပဲ”

“အားလုံး သေချာရှာစမ်း ၊ ဒီနေ့ ငါကိုယ်တော့်အတွက် ပထမဆုကို ရအောင် ကူညီပေးနိုင်တဲ့သူကို ဆုလာဘ် အကြီးအကျယ် ပေးမယ်”

မာန်မာနထောင်လွှားပြီး အာဏာရှင်ဆန်သော အသံနှင့်အတူ မင်းသား (၅) ရှောင်ယန် သည် နောက်လိုက်တစ်သိုက်ကို ဦးဆောင်ကာ မြင်းများကို စီးနှင်းလျက် တောင်ကြားထဲသို့ ဝင်ရောက်လာသည်။

ရှောင်ယန်သည် တောင်ကြားအလယ်တွင် ရပ်နေသော ရှောင်ရှန်းကို တွေ့လိုက်ရပြီး၊ သူ၏ရှေ့တွင် “ ကိုယ့်ဟာကို လာရောက် အဖမ်းခံနေဟန်”ရှိသည့် ထူးခြားလှသော သမင်ကြီးနှင့် ရှောင်ရှန်း၏ ခြေထောက်နားက အဖြူရောင် သတ္တဝါဆန်းလေးကိုလည်း မြင်လိုက်ရသည်။

“ရှောင်ရှန်း”

ရှောင်ယန်မှာ ဦးစွာ အံ့အားသင့်သွားခဲ့ပြီး ထို့နောက် သူ၏ မျက်လုံးများသည် ချက်ချင်းဆိုသလို နီရဲလာကာ မနာလိုစိတ်များ တဟုန်းဟုန်း တောက်လောင်လာတော့၏။

သူသည် လူအင်အားအပြည့်နှင့် တောအုပ်ထဲတွင် တစ်နေ့လုံး ပင်ပန်းကြီးစွာ လှည့်လည်ခဲ့ရသော်လည်း ၊ ကောင်းမွန်သော သားကောင်ဟူ၍ တစ်ကောင်မျှပင် မရခဲ့ပေ။

ထို့အပြင် နောက်လိုက်များမှာလည်း ဘယ်ကမှန်းမသိသော သားရဲများကြောင့် လန့်ဖျန့်နေကြသည်။

သို့သော် ရှောင်ရှန်းကဲ့သို့ အသုံးမကျသော၊ သူ အထင်သေးဆုံး ‘လူ့ငပျင်း’ အိမ်ရှေ့စံမှာ မည်သည့် အားစိုက်မှုမျှ မရှိဘဲ ဤကဲ့သို့သော အကောင်းစား သမင်ကြီးကို အလိုအလျောက် ရရှိနေသတဲ့လော။

“ကောင်းတယ် ရှောင်ရှန်း ၊ မင်းက မရိုးသားဘူးဆိုတာ ငါ သိသားပဲ …ပြောစမ်း မင်း ဘယ်လို မှော်အတတ်တွေ သုံးပြီး ဒီသမင်ကြီးကို အညံ့ခံခိုင်းထားတာလဲ”

ရှောင်ယန်သည် ဒေါသတကြီး အော်ဟစ်ကာ မြင်းပေါ်မှ ခုန်ဆင်းလာပြီး ရှောင်ရှန်းဆီသို့ ချဉ်းကပ်လာသည်။ သူ၏ အကြည့်များမှာ လူကို ဝါးစားတော့မည့်အတိုင်း ရက်စက်ခက်ထန်လှသည်။

ရှောင်ရှန်းသည် ရန်လိုနေသော ရှောင်ယန်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“အစ်ကို (၅)... စကားပြောရင် သက်သေရှိရတယ်”

ရှောင်ရှန်းသည် ပျင်းရိစွာဖြင့် ပြန်ပြောလိုက်သည်။

“ငါကိုယ်တော်က ကံကောင်းတယ်လို့ ပြောရမှာပဲ … ဒီနေရာမှာ ခဏနားနေတာ၊ သမင်က သူ့ဟာသူ ရောက်ချလာတာ ငါနဲ့ ဘာဆိုင်လို့လဲ”

“ကံကောင်းတာ ဟုတ်လား”

ရှောင်ယန်သည် ရယ်စရာ အကောင်းဆုံး စကားကို ကြားလိုက်ရသည့်အလား။

“မင်းလို အသုံးမကျတဲ့ကောင်က ကံတရားအကြောင်း ပြောရဲသေးတယ်ပေါ့၊ ဒီလို အရည်‌အသွေးမြင့် သမင်ကြီးက ငါကိုယ်တော်အတွက်ပဲ ဖြစ်ရမယ်”

“ ရှောင်ရှန်း... မင်း သိတတ်ရင် မြန်မြန် ဖယ်ပေးစမ်း မဟုတ်ရင် ငါကိုယ်တော် ညီအစ်ကိုသံယောဇဉ်ကို ငဲ့နေမှာ မဟုတ်ဘူး”

ထိုသို့ပြောရင်းနှင့် ၊ ရှောင်ယန်သည် တော်ဝင်အမဲလိုက်ပွဲ၏ စည်းကမ်းကိုပင် ဂရုမစိုက်တော့ဘဲ နောက်လိုက်တစ်ဦးထံမှ လေးကို ဆွဲယူကာ မြားကို တပ်လိုက်သည်။

မြားဦးမှာ ယဉ်ကျေးစွာ ခေါင်းငုံ့နေဆဲဖြစ်သော ထိုသမင်ကြီးဆီသို့ ချိန်ရွယ်ထားသည်။

“မင်းသား (၅)... ဒီအပြုအမူက စည်းကမ်းနဲ့ မညီဘူး ထင်တယ်နော်”

ရှောင်ရှန်း၏ အသံမှာလည်း အနည်းငယ် အေးစက်သွားသည်။

“စည်းကမ်း …ငါကိုယ်တော့်ဆီမှာတော့ ငါ့ရဲ့မြားက စည်းကမ်းပဲ”

ရှောင်ယန်သည် မဲ့ပြုံးပြုံးကာ သူ၏ လက်မောင်းကြွက်သားများကို အားစိုက်လျက် မြှားကို လွှတ်ရန် ပြင်ဆင်လိုက်သည်။

ထိုအရေးကြီးသော အချိန်တွင်ပင်။

“ဝေါင်း——”

ငယ်သေးသော်လည်း မဖော်ပြနိုင်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည့် ကျားဟိန်းသံတစ်ခုက ရှောင်ရှန်း၏ ခြေထောက်ဘေးကနေ ရုတ်တရက် ထွက်ပေါ်လာ၏။

ထိုကျားဖြူလေးသည် သူ၏ခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး သူ၏ ဖြူဖွေးသော အမွှေးအမျှင်များက ထောင်တက်နေကာ ၊ သူ၏ ပြာလဲ့လဲ့ မျက်လုံးများထဲမှ ရက်စက်ကြမ်းကြုတ်မှုကို မြင်တွေ့နေရသည်။

၎င်း၏ ဟိန်းသံနှင့်အတူ မမြင်နိုင်သော ထူးဆန်းသော လှိုင်းလုံးတစ်ခုသည် သူ့ကို ဗဟိုပြုလျက် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားသည်။

ရှောင်ယန်သည် သူ၏ ဦးနှောက်ထဲတွင် တူနှင့် ထုနှက်ခံလိုက်ရသကဲ့သို့ “ဝီ” ခနဲ ဟူသော အသံတစ်ခုကို ကြားလိုက်ရသည်။ သူ့ရှေ့က မြင်ကွင်းများမှာ အနည်းငယ် ဝေဝါးသွားပြီး လေးကို ကိုင်ထားသော လက်ကလည်း မသိမသာ တုန်ယင်သွားခဲ့သည်။

အခန်း(၆၄)

“ ဝှစ်——”

မြားသည် လေးကြိုးမှ လွှတ်ထွက်သွားသည်။

သို့သော် မြားသည် သမင်ကို ထိတော့မည့် ဆဲဆဲတွင် မမြင်နိုင်သော လက်တစ်ဖက်က ပုတ်ထုတ်လိုက်သကဲ့သို့ လေထဲတွင် ထူးဆန်းစွာ ရပ်တန့်သွားပြီး လမ်းကြောင်း ပြောင်းသွားကာ ဘေးနားက သစ်ပင်ကြီးတစ်ပင်၏ ပင်စည်ထဲသို့ “ဝုန်း” ခနဲ စိုက်ဝင်သွားတော့သည်။

သမင်ကြီးမှာ ထိခိုက်ဒဏ်ရာ မရရှိဘဲ လန့်သွားရုံသာ ရှိပြီး ၊ သူသည် ခေါင်းမော့ကာ ရှောင်ရှန်းကို စိုးရိမ်တကြီးဖြင့် ကြည့်နေရှာသည်။

ရှောင်ယန်တစ်ကိုယ်လုံး တောင့်ခဲသွားပြီး ပစ်မှတ်လွဲချော်သွားသော ကိုယ့်ကိုယ့်ကိုယ် မယုံကြည်နိုင် ဖြစ်နေမိသည်။ ထို့နောက် သူ့ကို သွားဖြဲပြကာ ဟိန်းဟောက်နေသော ကျားဖြူလေးကို ကြည့်ရင်း ဒေါသထွက်သွားသည်။

“ဒီ... ဒီ တိရစ္ဆာန်လေးက...”

ရှောင်ယန်မှာ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေသည် ။

“ငါကိုယ်တော့်ရဲ့ အလုပ်ကို ဖျက်ဆီးရဲတယ်ပေါ့ လာကြစမ်း၊ ဒီကောင်လေးကို ဖမ်းကြစမ်း”

“ဘယ်သူ ဖမ်းရဲသလဲ ကြည့်ကြတာပေါ့”

ရှောင်ရှန်းသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ၊ ကျားဖြူလေးကို သူ့နောက်တွင် ကာကွယ်ထားလိုက်သည်။

နှစ်ဖက်လုံး တင်းမာနေပြီး တိုက်ပွဲဖြစ်တော့မည့် ဆဲဆဲတွင် မြင်းခွာသံများ ထပ်မံ ကြားလိုက်ရသည်။

“ရပ်လိုက်စမ်း”

ဩဇာညောင်းလှသော တားမြစ်သံတစ်ခုက တောင်ကြားထဲတွင် မိုးခြိမ်းသံအလား ဟိန်းထွက်လာသည်။

စစ်သေနာပတိချုပ် ချင်ချန်း သည် စစ်ဝတ်စုံအပြည့်နှင့် ခါးတွင် ဓားတစ်လက်ကို ချိတ်ဆွဲထားကာ တော်ဝင်အစောင့်တပ် နှင့်အတူ မြင်းစီး၍ ရောက်ချလာသည်။

သူသည် အခြေအနေကို တစ်ချက် ကြည့်လိုက်သည်။ အေးအေးဆေးဆေး ရှိနေသော ( အမှန်အားဖြင့် သူ့စိတ်ထဲကနေ ဆဲဆိုနေသည့် ) ရှောင်ရှန်း နှင့် သူ့ဘေးနားတွင် ရပ်နေသော ကျားဖြူလေး၊ ယဉ်ကျေးစွာဖြင့် အညံ့ခံနေသော အရည်အသွေးမြင့် သမင်ကြီးနှင့် ဒေါသပေါက်ကွဲနေသော မင်းသား (၅) ရှောင်ယန် ….

ချင်ချန်း တစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ဤအိမ်ရှေ့စံ မင်းသားသည် အမြဲတမ်း တစ်မူထူးခြားသော ကိစ္စများကို လုပ်ဆောင်နိုင်စမြဲပင်။

“စစ်သေနာပတိချုပ်ကြီးကို ဂါရဝပြုပါတယ်”

ရှောင်ယန်၏ နောက်လိုက်များက ချင်ချန်းကို မြင်သည်နှင့် ဦးညွှတ် ဂါရဝပြုလိုက်ကြသည်။

ရှောင်ယန်သည် စိတ်ထဲတွင် မကျေနပ်သော်လည်း ၊ ချင်ချန်းမှာ ခမည်းတော်ကိုယ်တိုင် ထည့်လွှတ်လိုက်သော ရှောင်ရှန်း၏ “အစောင့်အရှောက်” ဖြစ်မှန်း သိသောကြောင့် သူ၏ ဒေါသကို မြိုသိပ်ကာ ရှောင်ရှန်းကိုသာ စူးစူးရဲရဲ စိုက်ကြည့်နေတော့သည်။

ချင်ချန်းသည် မြင်းပေါ်မှ ဆင်းလာပြီး ထိုသမင်ကြီးရှေ့သို့ လျှောက်သွားကာ စူးစမ်းကြည့်လိုက်သည်။ ထို့နောက် ရှောင်ရှန်းနှင့် သူ့ကို စိုက်ကြည့်နေသော ကျားဖြူလေးကို ကြည့်ပြီးနောက် သူ၏မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ လှစ်ခနဲ့ ဖြတ်ပြေးသွားသည်။

“ဒီသမင်က ခန္ဓာကိုယ် ထွားကျိုင်းပြီး တကယ်ကို ရှားပါးတဲ့ အကောင်ပဲ”

ချင်ချန်းက လေးနက်စွာဖြင့် ပြောလိုက်ပြီး ရှောင်ရှန်းကို ကြည့်ကာ ဆိုလိုက်သည်။

“အိမ်ရှေ့စံ မင်းသား... ဒီသမင်က အရှင့်သားဟာလား”

ရှောင်ရှန်းက ပခုံးတွန့်ပြကာ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။

“စစ်သေနာပတိချုပ်ကြီး သိတဲ့အတိုင်းပဲ၊ ငါကိုယ်တော် ဒီကိုရောက်တော့ သူက ဒီမှာ ရှိနေတာပဲ…ငါကိုယ်တော် ရတာ ဟုတ်မဟုတ်ဆိုတာကတော့ စည်းကမ်းအတိုင်းပဲပေါ့”

သူသည် မိမိအရည်အချင်းနှင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ပြောမည့် လူစားမျိုး မဟုတ်ပေ။ ထိုသို့ပြောခြင်းက ရန်များစေရုံသာမက သူ၏ စရိုက်နှင့်လည်း မကိုက်ညီပေ။

“ဟမ်… သူ တစ်ခုခု မရိုးမသား လုပ်ထားတာ သေချာတယ်”

ရှောင်ယန်က ဘေးကနေ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“မဟုတ်ရင် ဒီလို ဝိညာဉ်သားရဲတစ်ကောင်က ဘာလို့ ဒီအသုံးမကျတဲ့ကောင်နားမှာ လာကပ်နေမှာလဲ”

ချင်ချန်းသည် ရှောင်ယန်ကို အေးစက်စွာဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။

“မင်းသား (၅)... စကားပြောတာကို ဆင်ခြင်ပါ၊ အိမ်ရှေ့စံ မင်းသားက နိုင်ငံရဲ့ အနာဂတ် အရှင်သခင်ပဲ”

ရှောင်ယန်သည် ချင်ချန်း၏ သတိပေးသော အကြည့်ကြောင့် ဆက်ပြောမည့် စကားများမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားလေ၏။

ချင်ချန်းသည် မင်းသား(၅)ကို လျစ်လျူရှုလိုက်ပြီး၊ ပတ်ဝန်းကျင်ရှိ ကိုယ်ရံတော်များနှင့် သတင်းကြား၍ ရောက်လာကြသော တော်ဝင်မျိုးနွယ်စုများကို ကြားနိုင်စေရန် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

“တော်ဝင်အမဲလိုက်ပွဲဆိုတာ အရည်အချင်းရှိသူက ရမှာပဲ၊ ဒီသမင်က အိမ်ရှေ့စံ မင်းသားရဲ့ ဘေးမှာ ရှိနေသလို ငြိမ်လည်း ငြိမ်နေတဲ့အတွက် ထုံးစံအရ အိမ်ရှေ့စံ မင်းသား ရရှိတာလို့ သတ်မှတ်ရလိမ့်မယ်”

သူသည် စကားကို ခဏရပ်ပြီး ပို၍ ကျယ်လောင်သော အသံဖြင့်။

“ဒီသမင်က ဒီနေ့ အမဲလိုက်ပွဲရဲ့ ပထမဆုပဲ”

ရှောင်ယန်မှာ ချင်ချန်း၏ ဆုံးဖြတ်ချက်ကို ကြားလိုက်ရသည်နှင့်၊ သွေးများ ဆောင့်တတ်လာကာ အမြင်များ ဝေဝါးလာပြီး ထိုနေရာမှာတင် သွေးအန်မတတ် ဖြစ်သွားလေ၏။

All Chapters