အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
အခန်း (၆၅) - တိုင်းပြည်ကို စီမံခန့်ခွဲရတော့မည့် အိမ်ရှေ့စံ
ချင်ချန်း၏ စကားသံအဆုံးတွင် တော်ဝင်အမဲလိုက်ကွင်းတစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားပြီး ၊
ထို့နောက်တွင် ချက်ချင်းဆိုသလို ဆူညံပွက်လောရိုက်သွားလေ၏။
“ပထမဆုတဲ့ …အိမ်ရှေ့စံ မင်းသား ဖြစ်နေတာပဲ”
“ဒီသမင်ကြီးက တကယ်ကို ထူးခြားတာပဲ၊ ဒါက နိမိတ်ကောင်းတစ်ခုပဲ”
“ပြီးတော့ ဟိုကျားဖြူလေးကို ကြည့်ဦး၊ တစ်ကိုယ်လုံး ဖြူဖွေးနေတာပဲ…တစ်ခါမှ မမြင်ဖူးဘူး၊ ဒါ ဝိညာဉ်သားရဲက သခင်ကို အသိအမှတ်ပြုလိုက်တာပဲ မဟုတ်လား”
ဆွေးနွေးသံများ၊ အံ့ဩသံများနှင့် မနာလိုဝန်တိုသော အကြည့်များအောက်တွင်၊
တောင်ကြားအလယ်၌ အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် ရပ်နေသော ( အမှန်အားဖြင့် စိတ်ထဲတွင် ကျိန်ဆဲနေသည့်) ရှောင်ရှန်းသည် လူတိုင်း၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။
သူ့ဘေးနားက ‘ရှောင်ပိုင်’ ဟု အမည်ပေးထားသော ကျားဖြူလေးမှာလည်း လူအများ၏ အာရုံစိုက်မှုကို ခံစားမိပုံရကာ သူ၏ အမြီးလေးကို ဂုဏ်ယူဝင့်ကြွားစွာ ခါယမ်းနေပြီး၊ သူ၏ အောင်မြင်မှုကို ကြွားဝါနေသည့်အလား ရှောင်ရှန်း၏ ဘောင်းဘီစကို ခေါင်းလေးဖြင့် ပွတ်သပ်နေသည်။
ဧကရာဇ်မင်း ရှောင်ယွမ်သည် ဤသတင်းကို ကြားခဲ့ရပြီး ၊ ထူးခြားလှသော သမင်ကြီးနှင့် ကျားဖြူလေးကို ကိုယ်တိုင် မြင်တွေ့လိုက်ရချိန်မှာတော့ အလွန်အမင်း ဝမ်းမြောက်သွားသည်။
ထိုနေရာတင် ဆုလာဘ်များကို တသီတတန်းကြီး ချီးမြှင့်လေတော့သည်။ ရွှေစင်တစ်ထောင်၊ ပိုးထည်အလိပ်တစ်ရာ၊ ကျောက်စိမ်း ရုယီ တစ်စုံနှင့်အတူ အဓိပ္ပာယ်နက်ရှိုင်းလှသော စကားတစ်ခွန်းကိုလည်း မိန့်ကြားလိုက်သေး၏။
“အိမ်ရှေ့စံဟာ ဉာဏ်ပညာ ထက်မြက်ပြီး ကံတရားလည်း ကြီးမားလှပေတယ် ၊ ငါကိုယ်တော် အလွန်ပဲ စိတ်ချမ်းသာရတယ်”
ရှောင်ရှန်းခမျာ ဆုလာဘ်များနှင့် ခမည်းတော်၏ ပြုံးရွှင်နေသော အကြည့်ကို မြင်ပြီး တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွားရသည်။
‘ကံတရား ကြီးမားတယ် ဟုတ်လား … ဒါက ကံဆိုးမိုးမှောင်ကျနေတာ အသိသာကြီးပဲလေ’
‘ လူမသိသူမသိ နေချင်လေလေ၊ ဒီဂုဏ်သတင်းတွေက သူ့ခေါင်းပေါ်ကို အတင်းတိုးဝှေ့ တက်လာလေလေပဲ…’’
အခြားတစ်ဖက်တွင်မူ ၊ မင်းသား (၃) ရှောင်ကျင်း နှင့် မင်းသား (၅) ရှောင်ယန်တို့၏ မျက်နှာများမှာ အိုးမဲဖင်အတိုင်း မည်းမှောင်နေလေ၏။
ရှောင်ကျင်းသည် တည်ငြိမ်နေဟန် ရှိသော်လည်း သူ၏ အကြည့်များမှာ ပို၍ စူးရှလာကာ ၊ အင်္ကျီလက်ထဲမှ လက်သီးကို ခပ်တင်းတင်း ဆုပ်ထားသဖြင့် လက်သည်းများမှာပင် အသားထဲသို့ စိုက်ဝင်မတတ် ရှိနေသည်။
သူ ဂရုတစိုက် စီစဉ်ထားသော ဆောင်းဦးအမဲလိုက်ပွဲတွင် ရှောင်ရှန်းကို ဖိနှိပ်ပြီး ရှောင်ယန်ကို အရှက်ခွဲရန် ကြံစည်ထားသော်လည်း၊ နောက်ဆုံးမှာတော့ ရှောင်ရှန်းအတွက် အကျိုးရှိသလို ဖြစ်သွားစေခဲ့သည်။
မင်းသား (၅) ရှောင်ယန်မှာ ဒေါသကြောင့် အတွင်းဒဏ်ရာပင် ရရှိခဲ့သည်။ မိမိရသင့်သော “ပထမဆု” သည် ရှောင်ရှန်း၏ လုယူခြင်းကို ခံလိုက်ရသည့်အပြင် လူပုံအလယ်တွင် ချင်ချန်း၏ ငေါက်ငမ်းခြင်းကိုလည်း ခံလိုက်ရရာ၊
ရင်ဘတ်ထဲတွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်နေပြီး ၊ သွေးအန်ထွက်မတတ် ခံစားနေရသည်။
သူသည် ရှောင်ရှန်းကို အရှင်လတ်လတ် ဝါးစားတော့မည့် အတိုင်း စိုက်ကြည့်နေတော့သည်။
ဆောင်းဦးအမဲလိုက်ပွဲမှာ ထူးဆန်းသော သက်ဝင်လှုပ်ရှားမှုများဖြင့် ပြီးဆုံးသွားခဲ့သည်။
ရှောင်ရှန်းတစ်ယောက် “အတင်းအကျပ်” ပေးအပ်ခံလိုက်ရသော ဂုဏ်သတင်းကြီးနှင့်အတူ ၊ သူ့နောက် တကောက်ကောက် လိုက်နေသော ကျားဖြူလေးကို ခေါ်ဆောင်ကာ ‘အရှေ့နန်းဆောင်’ သို့ ပြန်ရောက်လာခဲ့သည်။
သူ၏ အေးအေးလူလူ နှပ်တော့မည့် စီမံကိန်းကြီးကို ဆက်လက် လုပ်ဆောင်နိုင်တော့မည်ဟု ထင်မှတ်ထားသော်လည်း ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပေ။
အမဲလိုက်ပွဲအပြီး သုံးရက်မြောက်နေ့တွင် နန်းတွင်းမှ ထိတ်လန့်ဖွယ်ရာ သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဧကရာဇ်မင်း ရှောင်ယွမ်သည် “ရောဂါဟောင်း ပြန်ထလာသဖြင့်” အခြေအနေမှာ ရုတ်တရက် ဆိုးရွားသွားရာ အိပ်ရာထဲမှ မထနိုင်တော့ပေ။
တစ်ခဏချင်းမှာပင် နန်းတော်တစ်ခုလုံး သောကတိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားလေတော့၏။ တော်ဝင်သမားတော်များ ဝင်လိုက်ထွက်လိုက်ဖြင့် ပျာယာခတ်နေကြပြီး ဆေးနံ့များဖြင့် ပြည့်နှက်နေကာ လေထုမှာ မွန်းကျပ်စရာ ကောင်းလှသည်။
“အရှင်မင်းကြီးရဲ့ ရောဂါက ဒီတစ်ခေါက် တော်တော်ပြင်းထန်တယ်၊ ရိုးရိုးအအေးမိတာ မဟုတ်လောက်ဘူး...”
“နဂါးခန္ဓာတော် မကျန်းမမာဖြစ်နေတာ ရက်အတော်ကြာပြီ၊ အစားလည်း မဝင်ဘူးတဲ့...”
နန်းတော်ထဲတွင် ကောလာဟလအမျိုးမျိုး ပျံ့နှံ့နေပြီး လူတိုင်း စိုးရိမ်ထိတ်လန့်နေကြသည်။
သမားတော်ချုပ်လည်း အခြားသမားတော်များကို ခေါ်ဆောင်ကာ ဧကရာဇ်၏ အိပ်ဆောင်ပြင်ပတွင် နေ့ညမပြတ် စောင့်ကြပ်နေသော်လည်း ဘာမှ မတတ်နိုင်ခဲ့ပေ။
တန်ဖိုးကြီးသော ဆေးဝါးများစွာကို တိုက်ကျွေးနေသော်လည်း ဧကရာဇ်မင်း၏ ရောဂါမှာ မသက်သာသည့်အပြင် ပို၍ပင် ဆိုးရွားလာနေသည်။
ဤသတင်းသည် စူးဝမ်ချင်ဆီသို့ ရောက်ရှိသွားခဲ့ပြီး ၊ သူမသည်လည်း ဧကရာဇ်မင်းကို ကုသရန် နန်းတော်ထဲသို့ ပင့်ဆောင်ခံလိုက်ရသည်။
ရောဂါကို စစ်ဆေးပြီးနောက် သူမသည် မျက်မှောင်ကြုတ်သွားကာ စိုးရိမ်တကြီး စောင့်ဆိုင်းနေသော အမတ်ချုပ် လင်ပေါ်ရုံ နှင့် အခြားအမတ်ကြီးများကို ကြည့်ကာ ခေါင်းခါပြလိုက်သည်။
သူမ၏ အသံမှာ အလွန် လေးနက်နေခဲ့သည်။
“အရှင်မင်းကြီးရဲ့ သွေးခုန်နှုန်းက အရမ်းကို အားနည်းနေတယ်၊ အသက်ဓာတ်လည်း နည်းနေပြီ”
“အလုပ်တွေ အလွန်အမင်း လုပ်ရင်းက စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေတာ ဖြစ်နိုင်တယ် ၊ ဝမ်ချင်ကတော့ အပ်စိုက်ဆေးကုပြီး နှလုံးခုန်နှုန်းကို ထိန်းပေးထားဖို့ပဲ တတ်နိုင်တယ်၊ အမြစ်ပြတ်ကုဖို့ကတော့... ဝမ်ချင်လည်း မတတ်နိုင်ပါဘူး”
ဤစကားကို ကြားလိုက်ရချိန်တွင် လူတိုင်း၏ စိတ်နှလုံးသားများမှာ လေးလံသွားခဲ့သည်။ ဆေးနှင့် အဆိပ် ပညာရပ်တွင် ပြိုင်ဘက်ကင်းသော စူးဝမ်ချင်ပင်လျှင် ဤသို့ ပြောလာပြီ ဖြစ်ရာ ၊ ဤတစ်ခေါက် အရှင်မင်းကြီး၏ အခြေအနေမှာ အတော်လေး အန္တရာယ်များပုံရသည်။
နန်းတော်ထဲရှိ လေထုမှာ ပိုပို၍ လေးလံလာသည်။
လူတိုင်းက ဧကရာဇ်မင်း နတ်ရွာစံတော့မည်ဟု ထင်နေကြစဉ် ၊ ငါးရက်မြောက်နေ့ မနက်တွင် ဧကရာဇ်မင်း ရှောင်ယွမ်သည် ခဏတာ သတိပြန်ဝင်လာခဲ့သည်။
သူ၏ အသက်ရှူသံမှာ အားနည်းနေပြီး မျက်နှာမှာလည်း ညှိုးနွမ်းခြောက်သွေ့နေကာ လေတိုက်လျှင်ပင် လဲကျသွားမည့်အလား ရှိသော်လည်း ၊ အကြည့်များမှာ ထူးဆန်းစွာပင် ကြည်လင်ပြတ်သားလှသည်။
“အမိန့်... အမိန့်တော် ထုတ်ပြန်လိုက်စမ်း...”
ဧကရာဇ်မင်းသည် အသံဗလုံးဗထွေးဖြင့် မိန့်ကြားလိုက်သည်။
“ အမတ်ချုပ်၊ စစ်သေနာပတိချုပ်၊ အိမ်ရှေ့စံ... နဲ့ မင်းသားအားလုံးကို... ခေါ်လိုက်စမ်း...”
အကြီးအကဲ မိန်းမစိုးမှာ အမိန့်ကို ရရှိသည်နှင့် ချက်ချင်း ထွက်ခွာသွားသည်။
မကြာမီမှာပင် အမတ်ချုပ် လင်ပေါ်ရုံ၊ စစ်သေနာပတိချုပ် ချင်ချန်း နှင့် အိမ်ရှေ့စံ ရှောင်ရှန်း၊ မင်းသား (၃) ရှောင်ကျင်း၊ မင်းသား (၅) ရှောင်ယန် တို့ အပါအဝင် အဓိက ပုဂ္ဂိုလ်များအားလုံး ဧကရာဇ်၏ အိပ်ရာဘေးတွင် လေးနက်သော မျက်နှာများဖြင့် ဒူးထောက်နေကြသည်။
ကုတင်ပေါ်တွင် ဧကရာဇ်မင်း ရှောင်ယွမ်သည် တုန်တုန်ယင်ယင်ဖြင့် လက်ကို မြှောက်ကာ ဘေးရှိ အကြီးအကဲမိန်းမစိုးကို အချက်ပြလိုက်သည်။
အကြီးအကဲ မိန်းမစိုးသည် သဘောပေါက်သွားပြီး အဝါရောင် အမိန့်တော်လိပ်ကို ဖြန့်ကာ ဝမ်းနည်းပူဆွေးသော အသံဖြင့် ဖတ်ကြားလေ၏။
“ကောင်းကင်ဘုံရဲ့ အလိုတော်အရ ဧကရာဇ်မင်းမြတ်မှ ဤသို့ မိန့်ကြားလိုက်သည်- ငါကိုယ်တော်ဟာ ရောဂါဝေဒနာ အပြင်းအထန် ခံစားနေရသဖြင့် မကြာမီ နတ်ရွာစံရတော့မယ်”
“အိမ်ရှေ့စံ ရှောင်ရှန်းဟာ သီလနှင့် ပြည့်စုံကာ ဉာဏ်ပညာရှိပြီး ၊ လူအများရဲ့ ယုံကြည်ကိုးစားမှုကို ရရှိထားတယ်”
“ဒါကြောင့် ယနေ့မှစ အိမ်ရှေ့စံ ရှောင်ရှန်းဟာ ငါကိုယ်တော်ရဲ့ ကိုယ်စား တိုင်းပြည်ကို အုပ်ချုပ်ပြီး စီမံခန့်ခွဲစေ “
ငါကိုယ်တော် ကျန်းမာလာတဲ့ အချိန်အထိ ဒါမှမဟုတ်... နတ်ရွာစံပြီးနောက်ပိုင်း အထိ အုပ်ချုပ်စေ ၊ ငါ့ရဲ့ ချစ်လှစွာသော မှူးမတ်တို့ဟာလည်း အိမ်ရှေ့စံကို စည်းလုံးညီညွတ်စွာနဲ့ ကူညီဖေးမကြရမယ်”
“အမိန့်တော်ကို ဤသို့ ထုတ်ပြန်လိုက်သည်”
ဂျိန်း——
ဤသတင်းကို ကြားလိုက်ရသည်နှင့် ၊ ရှောင်ရှန်း တစ်ယောက် ကောင်းကင်မှ မိုးကြိုး အချက်ပေါင်းများစွာ ပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ဦးနှောက်ထဲတွင် ဗလာကျင်းသွားပြီး၊ အမြင်များ ဝေဝါးသွားကာ မြေပြင်ပေါ်သို့ ခွေလဲကျမတတ်ပင်။
‘နိုင်ငံတော်ကို စီမံခန့်ခွဲရမယ်’
‘ ဒါက ဘာစကားလဲ’
‘သူ အမြဲတမ်း အိပ်မက်မက်ခဲ့ရတဲ့ “နန်းချခံရဖို့ အရေး တို့အရေး ” စီမံကိန်းကြီးက ... အခုတော့ တစစီ ပြိုကွဲသွားပြီပေါ့လေ…’
‘အမလေး ခမည်းတော်... ခမည်းတော်ကြီးရယ်၊ ခမည်းတော် ရောဂါကြောင့်ပဲ ခေါင်းမကောင်းတော့တာလား ဒါမှမဟုတ် မသေခင်လေး သူ့ကိုပါ ဒုက္ခပေးချင်လို့ အတင်းဆွဲခေါ်နေတာလား ဟင်…’
ရှောင်ရှန်း တစ်ယောက် ဆွံ့အစွာဖြင့် နေရာမှာတင် တောင့်တောင့်ကြီး ရှိနေသည်။ မျက်နှာမှာလည်း သွေးမရှိတော့ဘဲ ဖြူဖျော့နေကာ အိပ်ရာပေါ်က ဧကရာဇ်မင်း ရှောင်ယွမ်ထက်ပင် သူက အရင် နတ်ရွာစံတော့မည့်အလား ထင်မှတ်ရသည်။
“ကျွန်တော်မျိုးတို့... အမိန့်တော်အတိုင်း နာခံပါ့မယ်”
အမတ်ချုပ် လင်ပေါ်ရုံသည် မျက်ရည်များ ဝဲလျက် အသံတုန်တုန်ယင်ယင်ဖြင့် အမိန့်ကို လက်ခံလိုက်သည်။
အခန်း(၆၆)
သူသည် အိမ်ရှေ့စံအပေါ်တွင် အယုံအကြည် မရှိသေးသော်လည်း ၊ အရှင်မင်းကြီး၏ အမိန့်မှာ အကြွင်းမဲ့ဖြစ်သောကြောင့် လက်ခံရုံသာ ရှိတော့သည်။
“ကျွန်တော်မျိုး အမိန့်ကို နာခံပါတယ် အိမ်ရှေ့စံ မင်းသားကို အစွမ်းကုန် ကူညီပါ့မယ်”
စစ်သေနာပတိချုပ် ချင်ချန်းသည် လေးနက်သော မျက်နှာအမူအရာဖြင့် အားရပါးရ ပြောလိုက်သည်။
ရှောင်ရှန်းအပေါ် ကြည့်သည့် သူ၏ အကြည့်များတွင် စူးစမ်းလိုသော အရိပ်အယောင်များ ရှိနေသေးသော်လည်း ၊ ယခု ပို၍ လေးနက်နေသဟန် ရှိသည်။
မင်းသား (၃) ရှောင်ကျင်း နှင့် မင်းသား (၅) ရှောင်ယန် တို့မှာ မကျေနပ်သော အမူအရာများဖြင့် ရှိနေကြသည်။
ရှောင်ကျင်း၏ မျက်နှာကြွက်သားများမှာ အနည်းငယ် တုန်ယင်သွားပြီး ၊ မျက်လုံးထဲတွင် မယုံကြည်နိုင်မှု ၊ မနာလိုမှုများ ရှိနေသော်လည်း ချက်ချင်းပင် ဝမ်းနည်းပူဆွေးမှုဖြင့် ဖုံးကွယ်လိုက်ကာ ဦးညွှတ်လျက် ဖြေကြားလိုက်သည်။
“သားတော်... အမိန့်ကို နာခံပါ့မယ်”
“ ခမည်းတော် ဧကန်မုချ ဘေးကင်းပြီး အမြန်ဆုံး ကျန်းမာလာပါစေလို့ ဆုတောင်းပါတယ် ”
မင်းသား (၅) ရှောင်ယန်မှာမူ ဒေါသထွက်နေသော မျက်နှာဖြင့် တစ်စုံတစ်ခုကို ပြောရန် ဟန်ပြင်လိုက်သော်လည်း၊ ဘေးမှ ရှောင်ကျင်းက အင်္ကျီလက်ကို အသာအယာ ဆွဲလိုက်သဖြင့် သူ၏ မကျေနပ်မှုကို မြိုသိပ်ကာ ဦးညွှတ်လိုက်ရသည်။
သို့သော် သူ၏ အမူအရာမှာ လုံးဝ မကျေနပ်ကြောင်း သိသာလှသည်။
အပြင်ပန်းတွင် ဝမ်းနည်းပူဆွေးကာ ခမည်းတော် ကျန်းမာပါစေဟု ဆုတောင်းနေကြသော်လည်း ၊ စိတ်ထဲတွင်မူ ဗြောင်းဆန်နေကြသည်။
‘ရှောင်ရှန်းက တိုင်းပြည်ကို စီမံခန့်ခွဲမယ် ဟုတ်လား၊ ဒါက ကမ္ဘာပေါ်မှာ အရယ်ရဆုံး ဟာသပဲ’
၎င်းတို့၏ အမြင်တွင် ၊ ခမည်းတော်မှာ ရောဂါကြောင့် ခေါင်းမကောင်းတော့ဘဲ ဤကဲ့သို့ ရူးသွပ်သော ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်ဟု ယူဆထားသည်။
ဤကဲ့သို့ တင်းမာနေသော လေထုထဲတွင် အကြီးအကဲ မိန်းမစိုးသည် အဝါရောင် ပိုးထည်ဖြင့် ပတ်ထားသော ‘ ကျောက်စိမ်း တံဆိပ်တော်’ ကို ကိုင်ဆောင်ကာ တုန်တုန်ယင်ယင်ဖြင့် ရှောင်ရှန်း၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
“အိမ်ရှေ့စံ မင်းသား... တံဆိပ်တော်ကို... လက်ခံတော်မူပါ”
ရှောင်ရှန်းမှာ တိုင်းပြည်၏ အာဏာကို ကိုယ်စားပြုသော ကျောက်စိမ်း တံဆိပ်တော်ကို ကြည့်ရင်း၊ အသက်ရှူပင် ကျပ်လာသည်။
သူ၏ လက်များမှာ ဆောင်းဦးလေထဲက သစ်ရွက်များကဲ့သို့ တုန်ယင်နေကာ လက်ကမ်းယူလိုက် ပြန်ရုတ်လိုက်ဖြင့် ဗျာများနေလေ၏။
“သွားပြီ... ဒီတစ်ခါတော့ တကယ် သွားပြီ...”
ရှောင်ရှန်း၏ စိတ်ထဲတွင် ဗြောင်းဆန်နေသည်။
‘ ဘုရင်ခံချုပ်တဲ့လား…အရင်က ပြသနာရှာရင် တိတ်တိတ်ပုန်း လုပ်ခဲ့ရတာ ၊ခုတော့ မဆိုးဘူး အာဏာက ငါ့လက်ထဲ ရောက်လာပြီ …’’
ထိုစဉ် ၊ ရူးသွပ်သော အတွေးတစ်ခုက သူ၏ ရှုပ်ထွေးနေသော စိတ်ကို လမ်းပြပေးခဲ့သည်။
“တိုင်းပြည်ကို ဖျက်ဆီးရမယ် ဧကန်မုချ ဖျက်ဆီးရမယ် ၊ ငါ နည်းလမ်းမျိုးစုံ သုံးပြီး ဒီသာရှမင်းဆက်ကြီးကို ပျက်စီးအောင် လုပ်ပစ်မယ် ‘
‘ မြန်မြန် ပျက်စီးလေ ပိုကောင်းလေပဲ ဒါမှသာ ငါရဲ့ ဒီဆိုးရွားလှတဲ့ ကံကြမ္မာကနေ လွတ်မြောက်နိုင်မှာ ငါ အမြဲ တမ်းတနေတဲ့ အေးအေးလူလူ ဘဝကြီးကို ပြန်ရနိုင်မှာ ဟုတ်တယ်’
ဤသို့ တွေးမိလိုက်သည့်အခါ ရှောင်ရှန်း၏ အကြည့်ထဲတွင် စိတ်လှုပ်ရှားမှုနှင့် ပြတ်သားမှုများ လှစ်ခနဲ့ ပြေးဖြတ်သွားခဲ့သည်။
သူသည် အသက်ပြင်းပြင်း ရှုရှိုက်လိုက်ပြီး၊ တုန်ယင်နေသော လက်နှစ်ဖက်ဖြင့် အေးစက်ပြီး လေးလံလှသော ကျောက်စိမ်း တံဆိပ်တော်ကို လက်ခံယူလိုက်တော့သည်။
တံဆိပ်တော်ကို လက်ခံလိုက်သည့် အခိုကိအတန့်မှာပင် သူ၏ ခြေထောက်ဘေးတွင် ငြိမ်သက်စွာ ဝပ်နေသော ကျားဖြူလေးသည် ရှောင်ရှန်း၏ စိတ်ထဲမှ ရှုပ်ထွေးမှုနှင့် ပြတ်သားမှုကို ခံစားမိပုံရကာ၊
သူ၏ခေါင်းလေးဖြင့် ရှောင်ရှန်း၏ လက်ဖမိုးကို အသာအယာ ပွတ်သပ်လိုက်ပြီး နှစ်သိမ့်သည့်အလား တိုးတိုးလေး ညည်းညူလိုက်သည်။
ရှောင်ရှန်းမှာ ခဏတာ အံ့အားသင့်သွားပြီး ကျားဖြူလေး၏ ကြည်လင်လှသော ပြာလဲ့လဲ့ မျက်လုံးလေးများကို မြင်ပြီးနောက် သူ၏ စိတ်ထဲမှ စိုးရိမ်ပူပန်မှုများမှာ အနည်းငယ်မျှ လျော့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။
ရှောင်ရှန်းသည် သူ့လက်ထဲက ပူပူနွေးနွေး အာလူးကြီး၊ မဟုတ်ဘူး မှားလို့…..
ပူပူနွေးနွေး တံဆိပ်တော်ကြီးကို ပွေ့ပိုက်ထားပြီး ၊ ကျားဖြူလေးကလည်း သူ၏ မွှေးနုနုခေါင်းလေးဖြင့် ပွတ်သပ်နေကာ ရံဖန်ရံခါ ချစ်စဖွယ်ကောင်းသော အသံလေးဖြင့် ညည်းညူပြလေသည်။
“ရှောင်ပိုင်... ရှောင်ပိုင်ရေ...”
ရှောင်ရှန်းတစ်ယောက် ဒုက္ခပင်လယ်ဝေနေသော မျက်နှာငယ်လေးဖြင့် သူ့ခြေထောက်အောက်က ကောင်လေးကို ကြည့်လိုက်သည်။
“ မင်း ပြောစမ်း... မင်းရဲ့ သခင်ဖြစ်တဲ့ ငါကိုယ်တော်က ကမ္ဘာပေါ်မှာ ကံအဆိုးဆုံး အိမ်ရှေ့စံ ဟုတ်တယ်မလား”
“ တခြားလူတွေကတော့ အိမ်ရှေ့စံဖြစ်ဖို့ ကြိုးစားနေကြတာ ၊ ငါကတော့ အောက်ကိုဆင်းဖို့ နည်းမျိုးစုံသုံးနေတာတောင် ရလဒ်က ဘာတဲ့လဲ ၊ ဘုရင်ခံချုပ်တောင် ဖြစ်သွားသေး …”
ရှောင်ရှန်း သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကုတ်လိုက်သည်။
“ ဘုရင်ခံချုပ်တဲ့လား…ဘုရင်ခံချုပ်တဲ့လား အဲ့တာက ဘာကိုဆိုလိုသလဲ မင်းသိလား ၊ တောင်လိုပုံနေတဲ့ ပြသနာတွေကို ထိုင်ပြီး ဖြေရှင်းရတော့မယ်လို့ ဆိုလိုတာ …ငါတော့ အဲ့ဒီအစုတ်ပလုပ် နဂါးပလ္လင်နဲ့ ပိုပိုပြီး နီးကပ်လာပြီဟေ့”