ဘယ်သူက ထူးဆန်းထွေလာဆေး ဆရာသခင်လဲ
Vol. 12 Ch. 1120
အချို့ မှင်စာများက ဆေးမွှေရာတွင် အသုံးပြုလေ့ရှိသော သစ်သားချောင်းများကို ကိုင်ထားကြသည်။ တချို့က ကြောင်တောင်တောင်မျက်လုံးများရှိသော်လည်း အံ့သြစရာကောင်းသော အမြန်နှုန်းရှိသည့် သားရဲအရိုင်းကြီးများကို စီးလာကြသည်။ အနည်းစုက ဆေးပေါင်းဖိုများကိုပင် ထမ်းလာကြ၏။
မှင်စာတော်တော်များများ၏ လက်ထဲတွင် မီးကျောက်တုံးများ ရှိကြသည်။ အားလုံးမှာ တော်တော်လေး စိတ်လှုပ်ရှားနေဟန်တူပြီး ပိုင်ရှောင်ချန်းထံ အပြေးလာနေကြသည်။ ကြည့်ရသရွေ့ သူတို့သည် သူတို့နေထိုင်သော ကမ္ဘာကြီးကို ဖျက်စီးခဲ့ပြီးပြီဖြစ်သည့်အတွက် ' စမ်းသပ်ခံ' အသစ်ရောက်လာသည်ကို မြင်ရသည့်အတွက် သဘောခွေ့နေကြဟန်တူသည်။
ထို့ပြင် သူက မည်မျှကြီးမားသော စမ်းသပ်ခံဖြစ်သည်ကို စဥ်းစားကြည့်ပါက သူတို့နှစ်ပေါင်းများစွာ လေ့လာဖော်စပ်ခဲ့သော မရေမတွက်နိုင်သည့် ဆေးလုံးများကား နောက်ဆုံးတွင် သေသေချာချာစမ်းသပ်နိုင်ပြီဟူ၍ ဆိုနိုင်သည်။ မှင်စာလေးများမှာ စိတ်လှုပ်စွာ အော်ဟစ်မကြွေးကြော်ဘဲ မနေနိုင်တော့ပေ။
သူတို့က ပိုင်ရှောင်ချန်းကို မိန်းမလှလေးတစ်ယောက်အား ရူးသွပ်တပ်မက်စွာ ကြည့်နေသော မြေခွေးတစ်ကောင်ပမာ၊ သူ့ကို စမ်းသပ်ပြီး သူနှင့်ပတ်သက်သမျှ အသေးစိတ်အရာအားလုံးကို လေ့လာချင်သည့်အလား ပြင်းပြသောစိတ်အဟုန်များဖြင့် မျက်လုံးများ တောက်ပနေလျက် ကြည့်ရှုနေကြသည်။
သူတို့က အရင်ဆုံးဖြစ်ခွင့်ရရန် တစ်ကောင်နှင့်တစ်ကောင် တိုးဝှေ့နေကြရာ တိုက်ပွဲများပင် ဖြစ်လာတော့သည်။ ၄င်းမှာ အမှန်တကယ် အလွန်အံ့သြဖွယ်ကောင်းလှသည်။
ယခင်က ကောင်းကင်နှင့်မြေကြီးသည် ခပ်အုပ်အုပ် မီးဖိုပေါက်ကွဲသံများဖြင့်သာ ပြည့်နှက်နေပြီး အတော်လေး အေးချမ်းတည်ငြိမ်ခဲ့၏။ သို့သော် ယခုတွင် တစ်နေရာလုံး အော်ဟစ်ကြိမ်းမောင်းသံအမျိုးမျိုးဖြင့် ပြည့်နှက်လျက် ယောက်ယက်ခတ်နေတော့သည်။
ပိုင်ရှောင်ချန်းမှာ ကြွက်များပမာ တောင်များမှ အပြေးအလွှား ထွက်လာနေသော မှင်စာပေါင်းများစွာကို ဝေ့ဝိုက်ကြည့်လိုက်သည်။ မှင်စာအများစုမှာ ပေါက်ကွဲနေသော ဆေးပေါင်းဖိုများမှ ကျပ်ခိုးမှိုင်းများဖြင့် ညစ်ပတ်ပေတေကာ မည်းမှောင်နေတော့သည်။ တခဏကြာသော် အော်ဟစ်သံများက ပိုင်ရှောင်ချန်းကို အသိပြန်ဝင်သွားစေ၏။
" စမ်းသပ်ခံ "
ပထမက သူ နားကြားမှားသည်လား ထင်သွားသော်လည်း တူညီသောအရာအား ဆက်တိုက်ကြားရပြီးနောက် ဒေါသထွက်လာတော့သည်။
" သူတို့က ငါ့ကို သူတို့ရဲ့ စမ်းသပ်ခံလို့ ခေါ်နေတယ်လား။ ချီးတဲ့မှပဲ။ မင်းတို့ ကောင်တွေကပဲ စမ်းသပ်ခံ။ မင်းတို့ တစ်မျိုးလုံးကပဲ စမ်းသပ်ခံကွ "
လူအများစုမှာ ထိုသို့ အခေါ်ခံရခြင်းအပေါ် သိပ်ဒေါသထွက်မည် မဟုတ်သော်လည်း ပိုင်ရှောင်ချန်းက ဆေးတာအိုပညာတွင် ဆရာသခင်တစ်ယောက် ဖြစ်ပြီး တိရစ္ဆာန်များအပေါ်တွင် စမ်းသပ်မှုများ မရေမတွက်နိုင်အောင် လုပ်ဆောင်ခဲ့ဖူးသည်။
ယင်းမှာ ဝက်သတ်သမားတစ်ယောက်က သူ့ကို “ သတ်ရမည့် ဝက် “ ဟု ပြောသော လူတစ်အုပ်နှင့် ရင်ဆိုင်ရသည့်အလား ဖြစ်ပေသည်။ ဤစော်ကားမှုအဆင့်က သူ၏ဆံပင်မွှေးများကို ထောက်တက်သွားစေတော့သည်။
ပိုင်ရှောင်ချန်းက ဒေါသူပုန်ထလာချိန်မှာပင် လာနေသော မှင်စာလေးများက ပြုံးလိုက်ကြရာ ဝါကျင့်ကျင့်သွားများ ပေါ်လာသည်။ တချိန်တည်းမှာပင် သူတို့က ဆေးပေါင်းဖိုများဆွဲထုတ်၍ သူ့ကို ပစ်ပေါက်လိုက်ကြသည်။
" ဟေး စမ်းသပ်ခံလေး … ဒီဆေးလုံးကို စမ်းကြည့်လိုက်စမ်းပါ။ ဒါက ငါ့မိသားစုရဲ့ မျိုးဆက်ကိုးဆက် လက်ဆင့်ကမ်းလာခဲ့တာနော်။ ယင်ယန် ပြောင်းပြန်ဆေးလို့ခေါ်တယ် "
" ငါပိုင်တာကို ခိုးဖို့ စဥ်းတောင် မစဥ်းစားစမ်းနဲ့။ လာ ဒီကိုလာ စမ်းသပ်ခံလေး။ ငါ့ဆေးကို စမ်းကြည့်။ ဟိုတလောက ဖော်စပ်နည်းကို ငါပြီးမြောက်သွားတာ။ ဒါကို လေချဥ်တက်ဆေးလို့ခေါ်တယ်။ မင်း စားပြီးတာနဲ့ မင်းလေချဥ်က မနှစ်က စားခဲ့တဲ့ အစားအသောက် အနံ့ထွက်လာလိမ့်မယ် "
" ငါ့ သောက်လမ်းက ဖယ်စမ်းကွာ။ ငါ့အတွက် ဒီကိုးဘဝပြန်ဝင်စားခြင်းဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်ဖို့ နှစ်တစ်ရာ ကြာခဲ့တာကွ "
မှင်စာများအားလုံးမှာ တည့်ကြပုံမပေါ်သော်လည်း သူတို့အားလုံးက ဆေးလုံးများကိုထုတ်ပြီး ပိုင်ရှောင်ချန်းထံ ပစ်လိုက်ကြလေသည်။ သိသာစွာပင် ယင်းက သူတို့ ပိုင်ဆိုင်သည့် ကျွမ်းကျင်မှုဖြစ်၍ ဤကိစ္စမျိုးလုပ်ရာတွင် အတွေ့အကြုံရှိကြသည်။ ထို့ကြောင့် ဆေးလုံးများက ပိုင်ရှောင်ချန်းထံ အမှန်တကယ် မရောက်ခင် ပေါက်ကွဲသွားကြရာ အဆိပ်တိမ်တိုက်ကြီးတစ်ခု ပေါ်ပေါက်လာကာ သူ့ကို လွှမ်းခြုံလာတော့သည်။
ပိုင်ရှောင်ချန်းက နောက်ဆုတ်လိုက်သည်။ သို့သော် သူ လှုပ်ပင်မလှုပ်နိုင်ခင် နောက်ထပ် ဆေးလုံးတစ်သုတ်က သူ့ထံ ပြေးဝင်လာတော့သည်။
တဘုန်းဘုန်းပေါက်ကွဲသံများ ဟိုဟိုသည်သည်မြည်ဟည်းနေရာ ပိုင်ရှောင်ချန်းမှာ ကပျာကယာ ရှောင်တိမ်းနေရတော့သည်။ ကံဆိုးစွာပင် မှင်စာများမှာ အလွန်များပြားသည့်အပြင် ဆေးလုံးများသည်လည်း ထိုနည်းတူပင်။ အသက်ရှူချိန်အနည်းငယ်သာရှိသေးသည်၊ တစ်နေရာလုံးမှာ ရှောင်တိမ်းရန် မဖြစ်နိုင်လောက်သည့် စွမ်းအားကြီးသော ဆေးမှုန့်တိမ်တိုက်ကြီးတစ်ခုဖြင့် ဖုံးလွှမ်းသွားတော့သည်။
အချို့သော မှင်စာများမှာ အလွန်နှေးကွေး၍ ဆေးလုံးများပစ်နိူင်လောက်သည်အထိ အနားမကပ်နိုင်ကြပေ။ ပိုင်ရှောင်ချန်းက ဆေးလုံးများဖြင့် ပြည့်နှက်သွားတော့မည်ကို သူတို့မြင်သောအခါ အလွန်အမင်း စိုးရိမ်လာကြလေသည်။
" နေဦး စမ်းသပ်ခံလေး ။ ငါ့ဆေးလုံးကို စမ်းကြည့်ဦး "
" ချီးပဲ ငါ့ဟာကိုလဲ ယူလိုက် "
ရောင်စုံခြယ်တိမ်တိုက်ကြီးကား ကြည့်ရသည်မှာ အတော်လေး အံ့သြတုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းကြီး ဖြစ်နေတော့သည်။
ပိုင်ရှောင်ချန်းမှာမူ ကျဥ်းထဲကြပ်ထဲရောက်နေပြီး လွတ်တော့မည့်ဆဲဆဲ တိမ်တိုက်ကြီးက သူ့ကို မှီသွားပြီး ဖုံးအုပ်လိုက်လေသည်။
သို့သော် ဤတင်မပြီးသေး။ မှင်စာအတော်များများက သူ့ကို အသက်ရှင်လျက်ဖမ်းရန် ရွယ်နေကြသောကြောင့် ဖြစ်ပျက်နေပုံနှင့်ပတ်သက်၍ အတော်လေးစိတ်လှုပ်ရှားဖွယ်ကောင်းနေတော့သည်။
" မင်းတို့ကောင်တွေ လွန်လွန်းတယ်။ ငါတို့ ဒီမဟာစမ်းသပ်ခံကို ရရုံလေးရှိသေးတယ်၊ သတ်ပစ်တော့မလို့လား "
" နေပါဦး။ ငါတို့ သူ့ကို အရှင်မဖမ်းနိုင်ရင် ငါ့ဘဝတစ်လျှောက်လုံး လုပ်နေခဲ့တဲ့ ဒီဆေးကို အနည်းဆုံးတော့ စမ်းကြည့်သင့်တယ်။ ဒါက သေရွာပြန်ဆေးလုံးလို့ခေါ်တယ်ကွ "
" အဲဒီမှာနေဦး စမ်းသပ်ခံလေး။ ငါ့ရဲ့ ပေါင်းစည်းထားတဲ့ အဆင့်မြင့်အားတိုးဆေးလေး စမ်းကြည့်။ ဒါက မင်းကို အနည်းဆုံး အမွှေးတိုင်တစ်တိုင်စာလောက် တောင်ခံစေနိုင်လိမ့်မယ် "
သို့နှင့် ... ပို၍ပင် များပြားသော ဆေးလုံးများ ရှေ့ရောက်လာကာ ပေါက်ကွဲသွားလေသည်။
မှင်စာလေးများမှာ မျှော်လင့်ချက်များ၊ စိတ်အားထက်သန်မှုများဖြင့် မျက်ဝန်းများ တောက်ပနေလျက် အံ့ဩတုန်လှုပ်ဖွယ် တိမ်တိုက်ကြီးကို ကြည့်နေကြသည်။ ပိုင်ရှောင်ချန်းက သူတို့လေ့လာဖန်တီးခဲ့သည့် ဆေးများကို စုပ်ယူလိုက်သောအခါ ဖြစ်ပျက်လာမည့်အရာများနှင့် မထင်မှတ်ထားသော တိုးတက်မှုများရှိသည်လားကို အမှန်တကယ် ကြည့်ချင်နေကြသည်။ သူတို့မှာ အလွန်အမင်းစိတ်လှုပ်ရှားနေသဖြင့် သူတို့ကြားထဲတွင် ငြင်းခုံလာတော့သည်။
" စမ်းသပ်ခံအသစ်နဲ့ ကြုံဖို့ ဘယ်လောက်ခက်လဲ မင်းသိလား။ ဒါ နောက်ဆုံးတစ်ယောက် ဖြစ်လောက်တယ် "
" အိုက်ယား။ ဒီ စမ်းသပ်ခံ မသေခင် ငါ့ ဆေးငွေ့လေး နည်းနည်းပါးပါး ရှူသွင်းနိူင်ဖို့ပဲမျှော်လင့်ပါတယ်ကွာ … ဒါတွေက မင်းတို့ကောင်တွေ အမှားပဲ။ ကျုပ်တို့ အမှောင်သမားတော်တွေ အတွက် ဘယ်လောက် ရှက်ဖို့ ကောင်းလိုက်လဲ။ အရင်က စမ်းသပ်ခံကို တစ်ခါမှ မမြင်ဖူးတာလား။ ဘာသဘောတုန်း "
မှင်စာများ အငြင်းပွားနေကြစဥ် အစောင့်အရှောက်ဝိညာဥ်ဖြစ်သည့် ကောင်ကလေးပင် ပင့်သက်ရှိုက်၍ နောက်သို့အနည်းငယ်ဆုတ်လိုက်သည်။ သူသည် ဆေးငွေ့များကို ကြောက်စရာမလိုသော်လည်း အလွန်ထိတ်လန့်ဖွယ်ကောင်းလွန်း၍ သူ့ကိုယ်ပင် ကျောချမ်းသွားစေတော့သည်။
" မိုးမြေဧကရာဇ် ပြောတာမှန်တယ်။ အမှောင်သမားတော်တွေက တကယ် ကြောက်ဖို့ကောင်းချက်ပဲ။ သူတို့ကို အချိန်အခါကောင်းနဲ့ ရင်းမြစ်တွေသာ ပေးလိုက်လို့ကတော့ အာကာပြင်တစ်ခုလုံးကို သေချာပေါက် ဖျက်စီးပစ်နိုင်တယ်။ အဲဒီအရှက်မရှိတဲ့ အကောင်စုတ်ကို အဲဒီလိုမျိုး လုပ်ပစ်သင့်တယ် "
ထို့နောက် ကောင်လေးသည် ပိုင်ရှောင်ချန်း မည်သို့ဖြစ်ပျက်လာမည်ကို စိတ်လှုပ်ရှားစွာစောင့်ကြည့်နေ၏။ ဘာဖြစ်မလဲစိတ်ကူးကြည့်ရုံလေးကပင် သူ့အတွက် အတောကျေနပ်ဖွယ်ကောင်းနေတော့သည်။
အမှောင်သမားတော်များသည်လည်း ထိုနည်းတူစွာ လည်ဆန့်လိုက်ကြရာ မရေမတွက်နိုင်သော အကြည့်များ တလိပ်လိပ်ထနေသော မီးခိုးများအပေါ် ကျရောက်လာသည်။ ထိုအချိန်တွင် ရုတ်တရက် ဝုန်းခနဲ မီးခိုးများအရပ်မျက်နှာတစ်ခွင် ပေါက်ကွဲထွက်သွား၏။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းက ဆံပင်များရှုပ်ပွလျက် ၊ မျက်နှာတွင် အမဲအကွက်များဖြင့် ညစ်ပတ်ပေတေနေကာ အထဲမှ တဟုန်ထိုးထွက်လေသည်။ သူ၏မျက်နှာမှာ အရောင်ခြယ်ခံထားရသည့်အလား အနီရောင်၊ ပန်းရောင်နှင့် အဝါရောင်များ ရောနှောနေတာ့သည်။ သူ့အသွင်က တကယ့်ကို နည်းနည်းလေးပင် အခြေအနေကောင်းသည့်ပုံမပေါ်…
သူက ပျံနေရင်းနှင့် ကျယ်လောင်စွာ နှာချေနေသည်။ ပို၍ပင် ချဲ့ကားရောက်သည်က အရပ်မျက်နှာအနှံ့ ပျံ့လွင့်နေသော အလွန်ဆိုးဝါးသည့်အနံ့ကြီးနှင့် သူ၏ပါးပြင်တစ်လျှောက် စီးကျနေသော မျက်ရည်စီးကြောင်းများပင်။ ထို့နောက် သူက အော်ဟစ်ရန်အလား ပါးစပ်ကို ဟလိုက်ရာ မီးလုံးတစ်လုံးသာ ထွက်လာသည် ...
သူ့တကိုယ်လုံး ယားကျိယားကျိဖြစ်နေသည်။ အထူးသဖြင့် သူ၏ လိင်အင်္ဂါများတွင်ဖြစ်ရာ သူ့ကို အသိစိတ်လွတ်သွားလုနီးပါး ဒေါသထွက်သွားစေတော့သည်။ သူ့ဘဝတွင် ယခုကဲ့သို့အရာများ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။
အားလုံးအထဲ အဆိုးဝါးဆုံးက သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့သည့် အမှတ်အသားမြောက်မြားစွာပင်... လိပ်၊ ငှက်၊ ခွေး၊ သစ်နှင့် အခြားသောအရာများ။ တချို့က ဆေးပေါင်းဖိုများနှင့်ပင် တူသေးသည်။ တစ်ချို့က အခြားအမှတ်အသားများနှင့်ပင် ထပ်တူကျနေသည်။
" အဲဒါ ငါ့အမှတ်အသားကွ။ စမ်းသပ်ခံလေးတော့ ငါ့ဆေးလုံးတစ်လုံးကို ရသွားပြီ။ ငါက သေချာပေါက် ထူးဆန်းေထွလာဆေးဆရာသခင်အသစ်ပဲ "
" ဟေး ငါ့အမှတ်အသားလဲ ရှိတယ်။ ဟို လိပ်ကလေးကို မြင်လား။ အံ့သြစရာကောင်းလိုက်တာ "
" သေစမ်း ငါ့အမှတ်အသားက ဘာလို့မရှိတာတုန်း။ ဘာလို့လဲ။ ငါ ဆေးလုံး တစ်ရာကျော် ပစ်ပေါက်ခဲ့တာလေ "
" ငါနဲ့ ပြိုင်ဖို့တောင် မကြိုးစားနဲ့။ ငါက သေချာပေါက် အမှောင်သမားတော်တွေရဲ့ ထူးဆန်းထွေလာဆေးဆရာသခင်အသစ်ပဲ "
အမှန်ပင် အမှောင်သမားတော်များသည် သူတို့၏ဆေးလုံးကို စားခဲ့သည့် လူများအပေါ်တွင် ကိုယ်ပိုင်အမှတ်အသားများ ပေါ်ပေါက်စေနိုင်သည့် ဆေးတာအို၏အဆင့်တစ်နေရာသို့ ရောက်နေသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် မည်သည့်အမှတ်အသားမှ မတွေ့ရသောမှင်စာများမှာ ရင်ထုပြီး ခြေထောက်များဆောင့်၍ ဝမ်းနည်းစွာ ငိုကြွေးနေကြသည်။
ပိုင်ရှောင်ချန်းမှာ ယားယံခြင်းမှသည် နှိပ်စက်ခြင်းအထိ ထူးဆန်းသောအာရုံမျိုးစုံကို ခံစားနေရတော့သည်။ ထို့နောက် သူက မှင်စားလေးများ ပြောနေသည်ကို ကြားလိုက်ရ၍ သူ၏မျက်လုံးများ နီရဲသွား၏။ တစ်ခါမှမကြုံဖူးသော ဒေါသများ သူ့သွေးကြောများတလျှောက် ဖြတ်သန်းစီးဆင်းလာပြီး ရူးသွပ်မှုထဲ သက်ဆင်းသွားတော့သည်။
သူက လူအများနှင့်ရာတွင် ဆေးလုံးများကို သုံးသည့်လူတစ်ယောက် ဖြစ်သည်။ ယခု ပထမဆုံးအနေဖြင့် ထူးဆန်းသောဆေးလုံးများ၏ အာနိသင်ကြောင့် သူ ဒုက္ခရောက်နေရလေပြီ။ ထိုကိစ္စက သူ့ကို ရူးသွပ်လုနီးပါးဖြစ်သွားစေသော ခံစားချက်ကြီးတစ်ခု ပေးစွမ်းနေတော့သည်။
ထို့အပြင် ဆေးတာအိုပညာရပ်၏ မဟာဆရာသခင်တစ်ယောက်အနေဖြင့် မှင်စာလေးများ၏ ရက်စက်သော နောက်ပြောင်ခြင်းနှင့် ပြက်ရယ်ပြုခြင်းတို့က သူ့ကို ပို၍ပင် အရှက်တကွဲ အကျိုးနည်းဖြစ်စေသည်။
" လုံးဝ အနိုင်ကျင့်လိုက်ကြတာ။ ငါ့လခွမ်းတဲ့မှ မင်းတို့ကောင်တွေ ငါ့ကို အတင်းဖိအားပေးနေကြတာပဲ။ ငါ မင်းတို့ကို ပြောြပမယ် … ငါ စိတ်တိုရင် ငါ့ကိုယ်ငါတောင် ကြောက်တယ်ကွ။ ဘယ်သူက ... ထူးဆန်းထွေလာဆေး ဆရာသခင်အစစ်လဲဆိုတာ ငါမင်းတို့ကို ပြမယ် "
သူက အိတ်ကိုပုတ်၍ ဆေးလုံးလက်တစ်ဆုပ်စာ ထုတ်လိုက်လေသည်။