← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း - ၄၁

အိုးရန်ရှန်းသည် ရှီလဲ့၏ ရင်ခွင်ထဲတွင် အဖက်ခံထားရသည်။ သေခြင်းနှင့် ရှင်ခြင်းကြား ရောက်နေချိန်ဖြစ်သဖြင့် သူမသည် ရှက်ကြောက်ခြင်းကို မေ့လျော့ကာ မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ရှီလဲ့ကို ကြည့်နေမိသည်။

ရှီလဲ့က အိုးရန်ရှန်း၏ ကျောပြင်ကို နှစ်သိမ့်သောအနေဖြင့် ပုတ်ပေးလိုက်ပြီး ယဲ့ဖုန်းကို ကြည့်ကာ -

"ယဲ့ဖုန်း... သူ့ကို လွှတ်ပေးလိုက်ပါ..ငါ မင်းရဲ့ ဓားစာခံ လုပ်မယ်"

ယဲ့ဖုန်းက ပြုံးလျက် ခေါင်းညိတ်ပြီး ကျီစယ်သလို ပြောလိုက်သည်။

"ရှီလဲ့... ရဲမေဆီက လက်ထိပ်ကို ယူလိုက်၊ ပြီးတော့ သူ့ကို မြေပြင်မှာ ဒူးထောက်ခိုင်းပြီး လက်ကို နောက်ပြန်ထားခိုင်း... သူ့ရဲ့ ညာဘက်လက်ကို နောက်ကနေပြီး ဘယ်ဘက်ခြေကျင်းဝတ်နဲ့ တွဲခတ်လိုက်"

ဤသို့ဆိုလျှင် အိုးရန်ရှန်းသည် မတ်တပ်ရပ်ရန်ပင် မဖြစ်နိုင်တော့ဘဲ မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်တော့မည် မဟုတ်ပေ။

ရှီလဲ့သည် အိုးရန်ရှန်း၏ ခါးမှ လက်ထိပ်ကို ဖြုတ်ယူလိုက်ပြီး သူမကို ကြည့်ကာ "အိုးရန်ရှန်း... ယဲ့ဖုန်း ပြောသလိုပဲ လုပ်လိုက်ပါ" ဟု ဆိုလိုက်သည်။

အိုးရန်ရှန်း၏ မျက်လုံးများ နီမြန်းနေပြီး မျက်ရည်များ တိတ်တဆိတ် စီးကျလာသည်။ ရှီလဲ့၏ လက်ထိပ်ခတ်ခြင်းကို ခံရပြီးနောက် အိုးရန်ရှန်းက ရှိုက်ကြီးတငင်ဖြင့် -

"ယဲ့ဖုန်း... နင့်ကို ငါ တောင်းပန်ပါတယ်.. ရှီလဲ့ကို လွှတ်ပေးလိုက်ပါ သူက ကျောင်းသားလေးပဲ ရှိသေးတာ၊ သူ့ကို လွှတ်ပေးလိုက်ပါ"

ယဲ့ဖုန်းက ဘာမှ ပြန်မပြောဘဲ မာလျန်နှင့် ကျန်းစန်း‌ဖောင်ကို ခေါ်ကာ ငွေဟောင်းများ ထည့်ထားသည့် အိတ်နှစ်အိတ်ကို သယ်ခိုင်းပြီး ငွေသယ်ကားဆီသို့ ဦးတည်လိုက်သည်။ ထို့နောက် ယဲ့ဖုန်းသည် ရှီလဲ့ဆီသို့ လျှောက်သွားကာ ဘယ်ဘက်လက်ဖြင့် ရှီလဲ့၏ လည်ပင်းကို ညှပ်ပြီး ညာဘက်လက်မှ သေနတ်ဖြင့် ရှီလဲ့၏ နားထင်ကို ချိန်လိုက်ရင်း နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"စိတ်မရှိပါနဲ့... ပူးပေါင်းဆောင်ရွက်ပေးပါ"

ရှီလဲ့က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ သူသည် ယဲ့ဖုန်းအပေါ် မကောင်းမြင်စိတ် မရှိသဖြင့် ယဲ့ဖုန်းနှင့်အတူ ဘဏ်ထဲမှ ပူးပေါင်းဆောင်ရွက်ကာ ထွက်လာခဲ့သည်။

ဘဏ်အပြင်ဘက်တွင်မူ အိုးရန်ရှန်း အဖမ်းခံထားရသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်ရဲများမှာ တင်းမာနေကြပြီး မည်သည့်အချိန်တွင်မဆို ပေါက်ကွဲသွားနိုင်သည့် အနေအထားတွင် ရှိနေသည်။

"ဘယ်သူမှ မလှုပ်နဲ့" ယဲ့ဖုန်းက မောက်မာစွာ ဟိန်းဟောက်လိုက်သည်။ "မင်းတို့ ရဲတွေက သိပ်ပြီး ရိုးသားမှု မရှိဘူးပဲ ငါတို့ရဲ့ မကျေနပ်မှုကို ဖော်ပြတဲ့အနေနဲ့ မင်းတို့အတွက် လက်ဆောင်နှစ်ခု ချန်ထားခဲ့တယ်"

ယဲ့ဖုန်းသည် အေးစိမ့်စိမ့် ခံစားချက်တစ်ခုကို ဖျတ်ခနဲ ခံစားလိုက်ရသဖြင့် သူ၏ ရပ်တည်ချက်ကို အမြန်ပြောင်းလဲလိုက်ပြီး ဆက်လက် အော်ဟစ်လိုက်သည်။

"ရဲချုပ်... မင်းရဲ့ စနိုက်ပါသမားတွေကို ပြန်ဆုတ်ခိုင်းလိုက်..မဟုတ်ရင် သူတို့ကို သတ်ပစ်မိတာ ငါ့ကို အပြစ်မတင်နဲ့"

"မင်းတို့ ကျန်းစန်းဖောင်ရဲ့ ကိုယ်ရေးရာဇဝင်ကို သိလား... အခု သူက ဘဏ်ထဲမှာ ဗုံးနှစ်လုံး ထောင်ထားပြီးပြီ၊ ဓားစာခံတွေ အားလုံးကို ဗုံးတွေနဲ့အတူ ပိတ်လှောင်ထားတာ.. ဪ... ဒါနဲ့ ဓားစာခံတွေနဲ့ အတူထားခဲ့တဲ့ ဗုံးက ရီမုနဲ့ ထိန်းချုပ်တဲ့ အချိန်ကိုက်ဗုံးပဲ...ငါတို့ ထွက်သွားပြီးရင် မင်းတို့ ငါတို့နောက်ကို မလိုက်ရဘူး၊ လမ်းတလျှောက်မှာ ရှိတဲ့ ဂိတ်တွေကိုလည်း အကုန်ဖယ်ရှားရမယ်...မဟုတ်ရင်တော့ ငါတို့ ရီမုဗုံးကို ဖောက်ခွဲမှာ မဟုတ်ဘူးလို့ အာမမခံနိုင်ဘူး"

"ပြီးတော့ ငါတို့ ဒီရွှမ်းချင်း တက္ကသိုလ်က ကျောင်းသားကို ဓားစာခံအဖြစ် ခေါ်သွားမယ်...ဟိုဘက်က သတင်းထောက်... မင်းကို သတင်းကြီးတစ်ခု ပေးမယ်... ဒီကျောင်းသားလေးက အခုလေးတင် အနှိုင်းမဲ့တဲ့ သတ္တိနဲ့ လူကြီးလူကောင်း ပီသမှုကို ပြသသွားတယ်...သူက ရဲမေနဲ့ သူ့ကိုယ်သူ လဲလှယ်ပြီး ဓားစာခံ အလုပ်ခံခဲ့တာပဲ..ဘယ်လိုလဲ... သိပ်ပြီး မြင့်မြတ်တယ် မဟုတ်ဘူးလား.."

"ငါက အဲဒီလို မြင့်မြတ်တဲ့ လူမျိုးတွေကို သဘောကျတယ်၊ ဒါကြောင့် သူ့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်လိုက်တယ်...သူ့ကို ဓားစာခံအဖြစ် ထားပြီး ရဲမေကို လွှတ်ပေးလိုက်မယ်"

ယဲ့ဖုန်းသည် အမြောက်အမြားရှိသော ရဲများနှင့် လက်နက်ကိုင်ရဲများရှေ့တွင် ကြောက်ရွံ့ခြင်းမရှိဘဲ အော်ဟစ်ပြောဆိုနေသည်။

"စန်းဖောင်... သွားဖို့ ပြင်"

မာလျန်နှင့် ကျန်းစန်းဖောင်တို့သည် ငွေဟောင်းများ အပြည့်ထည့်ထားသော ကျောပိုးအိတ်ကြီးများကိုယ်စီ လွယ်ကာ မောက်မောက်မာမာဖြင့် ထွက်လာကြသည်။

ကျန်းစန်ဖောင်က သူ၏ ညာဘက်လက်ကို မြှောက်ပြလိုက်သည်။ သူ၏ လက်ကောက်ဝတ်တွင် အလွန်နုနယ်သိမ်မွေ့ပုံရသော သတ္တုပစ္စည်းတစ်ခု ပတ်ထားသည်။ သူက လက်မောင်းကို လှုပ်ယမ်းပြရင်း အော်ပြောလိုက်သည်။

"အမှောင်ထဲမှာ ပုန်းနေတဲ့ ရဲတွေနဲ့ စနိုက်ပါသမားတွေ... မိုက်မိုက်ကန်းကန်း မလုပ်နဲ့... ဒီလက်ပတ်ကို သွေးခုန်နှုန်း အာရုံခံကိရိယာ လို့ ခေါ်တယ်..ဒါက ဘဏ်ထဲက ရီမုအချိန်ကိုက်ဗုံးနဲ့ ဆက်သွယ်ထားတာ... ငါ့ရဲ့ သွေးခုန်နှုန်း ရပ်သွားတာနဲ့ ဘဏ်ထဲက ဗုံးက အလိုအလျောက် ပေါက်ကွဲပြီး ဓားစာခံတွေ အကုန် သေကုန်လိမ့်မယ်"

ထို့နောက် ကျန်းစန်းဖောင်သည် ငွေသယ်ကား နောက်ဘက်သို့ သွားကာ တံခါးကို ဖွင့်လိုက်သည်။ သူသည် မာလျန်ဆီမှ ကျောပိုးအိတ်ကြီးကို ယူကာ သူကိုယ်တိုင် လွယ်လာသည့် အိတ်နှင့်အတူ ကားထဲသို့ ပစ်တင်လိုက်သည်။ ထို့နောက် စနိုက်ပါရိုင်ဖယ်ကို ကားနောက်ခန်းထဲသို့ ဂရုတစိုက် ထည့်လိုက်ပြီး သတ္တုကွင်းပုံစံ အာရုံခံကိရိယာတစ်ခုကို ထုတ်ကာ ကားပတ်ပတ်လည်တွင် လိုက်လံ စစ်ဆေးသည်။ ရဲများက ခြေရာခံစက်များ တပ်ဆင်ထားခြင်း ရှိမရှိ ရှာဖွေခြင်း ဖြစ်သည်။

ကားကို စစ်ဆေးပြီးနောက် ကျန်းစန်းဖောင်က သက်ပြင်းချလိုက်သည်။ ရဲများက ကတိတည်ပုံရပြီး မည်သည့် ခြေရာခံစက်မျှ တပ်ဆင်ထားခြင်း မရှိပေ။

ကျန်းစန်းဖောင်က ယဲ့ဖုန်းကို ခေါင်းညိတ်ပြလိုက်ပြီး ရှေ့ခန်း လူစီးတံခါးကို ဖွင့်ကာ ဝင်ထိုင်လိုက်သည်။

ယဲ့ဖုန်းက ရွှမ်းချင်း ရုပ်သံဌာနမှ သတင်းတင်ဆက်သူ ဟူခဲ့ကို ကြည့်ကာ ပြုံးပြလိုက်သည်။

"သတင်းအစီအစဉ် တင်ဆက်သူ... ဒီနေ့ သတင်းက သိပ်စိတ်လှုပ်ရှားဖို့ ကောင်းတယ် မဟုတ်လား... မြန်မြန် ဘဏ်ထဲကို သွားလိုက်တော့... ပိုပြီး ရင်ခုန်စရာကောင်းတဲ့ အချိန်ကိုက်ဗုံး ဖြစ်စဉ်ကို အင်တာဗျူးသွားလုပ်ဦး"

ယဲ့ဖုန်းသည် ရှီလဲ့ကို ဓားစာခံအဖြစ် ဖမ်းဆီးကာ ငွေသယ်ကား နောက်ခန်းထဲသို့ ဝင်သွားပြီးနောက် တံခါးကို ပိတ်လိုက်သည်။

ကားမောင်းသူနေရာတွင် ထိုင်နေသော မာလျန်က ချက်ချင်းပင် ကားကို စတင်နှိုးကာ မူလအစီအစဉ်အတိုင်း ဆုတ်ခွာခဲ့သည်။

ငွေသယ်ကား နောက်ခန်းထဲသို့ ရောက်သောအခါ ယဲ့ဖုန်းက ရှီလဲ့ကို လွှတ်ပေးလိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ယဲ့ဖုန်းက စတင်ကာ မေးလိုက်သည်။

"ရှီလဲ့... အဲဒီ ရဲမေက မင်းနဲ့ ဘာတော်တာလဲ"

ရှီလဲ့က ထိုင်ချလိုက်ပြီး ကားနံရံကို မှီကာ "သူ့နာမည်က အိုးရန်ရှန်း ရွှမ်းဟူခရိုင် ရဲစခန်းကရဲမေတစ်ယောက်ပါ... သူ့ရဲ့ နောက်ထပ် အဆင့်အတန်းကတော့ ငါ့ရဲ့ အိမ်ရှင်ပေါ့... ငါက သူနဲ့ အခန်းတူ ငှားနေတာ၊ သူက ငါ့အတွက် နေ့တိုင်း ညစာ ချက်ပေးတယ်လေ" ဟု ဖြေလိုက်သည်။

ယဲ့ဖုန်းက ကျီစယ်သော အပြုံးဖြင့် -

"သူက တော်တော်လေး လှသားပဲ...အခန်းတူလည်း နေတယ်၊ ညစာလည်း ချက်ကျွေးတယ်ဆိုတော့... မင်းတို့ ပတ်သက်မှုက တကယ်ပဲ ရိုးရိုးသားသား ဟုတ်လို့လား.."

ရှီလဲ့က မျက်လုံးလှန်ပြလိုက်ရင်း -

"ငါတို့က အဖြူထည်တွေပါ.. ဒါနဲ့ ယဲ့ဖုန်း... ရှောင်လင်း ဘယ်မှာလဲ.. ပြီးတော့ နောက်ထပ် မေးခွန်းတစ်ခု... မင်း ဘာလို့ ဘဏ်ဓားပြတိုက်ဖို့ စီစဉ်ခဲ့တာလဲ"

ယဲ့ဖုန်းလည်း ထိုင်ချလိုက်ကာ သက်ပြင်းချလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် နောင်တနှင့် အပြစ်ရှိစိတ်များဖြင့် ပြည့်နှက်နေသည်။ သူသည် တောက်ပသော အနာဂတ်ရှိသည့် အထူးတပ်ဖွဲ့ဝင် စစ်သားတစ်ဦး ဖြစ်သော်လည်း ခဏချင်းအတွင်းမှာပင် ဘဝက ပျက်စီးသွားခဲ့ရသည်။ ၎င်းအပြင် သူနှင့်အတူ ထွက်ပြေးနေရသည့် ရဲဘော်နှစ်ဦးကိုပါ ဆွဲထည့်ခဲ့မိသဖြင့် ယဲ့ဖုန်းမှာ ဖိအားများစွာ ခံစားနေရသည်။

"ရှီလဲ့... ရှောင်လင်းက ငါ့ရဲ့ တစ်ဦးတည်းသော မိသားစုဆိုတာ မင်းသိလား..ရှောင်လင်းကို ဘာမှ ဖြစ်ခွင့်မပေးနိုင်ဘူး"

ယဲ့ဖုန်းသည် ကြေကွဲစရာ ဖြစ်ရပ်ပေါင်းများစွာကို ကြုံတွေ့ခဲ့ရသူ ဖြစ်သည်။ သူ့အတွက် ညီအစ်ကိုလိုဖြစ်သော ဒန်ခိုင်သည် သူ့ကို ကယ်တင်ရင်း အသက်ပေးသွားခဲ့သည်။ သူ့ရဲ့ မိဘအရင်းတွေလိုဖြစ်တဲ့ ဒန်မိသားစုနှင့် မရီးဖြစ်သူ တို့သည်လည်း လူဆိုးများ၏ ခြိမ်းခြောက်မှုအောက်တွင် သေဆုံးခဲ့ရသည်။ ထိုမျှ ဆိုးရွားသော ကံကြမ္မာကို ကြုံခဲ့ရသော်လည်း သက်သာရာ မရခဲ့သေးပေ။

ဘုရားသခင်က သူ့ကို နောက်တစ်ကြိမ် နောက်ပြောင်လိုက်ပြန်ပေပြီ။

ဒန်ရှောင်လင်းသည် သွေးကင်ဆာ ခံစားနေရသည်။

ဤဝမ်းနည်းဖွယ် သတင်းသည် အိပ်မက်ဆိုးတစ်ခုကဲ့သို့ပင် ယဲ့ဖုန်းကို မျှော်လင့်ချက် ကင်းမဲ့စေခဲ့သည်။ အကယ်၍ ဒန်ရှောင်လင်းကို ကုသမှု မပေးပါက သူမ သေချာပေါက် သေဆုံးရပေမည်။ သို့သော် ကုသမှုပေးမည်ဆိုပါက သွေးကင်ဆာ ကုသစရိတ်မှာ အလွန်မြင့်မားလှသည်။ ထို့အပြင် ၎င်းသည် ရေရှည်ကုသရမည့် လုပ်ငန်းစဉ်ဖြစ်ပြီး ပြန်လည်ကျန်းမာလာဖို့ အခွင့်အလမ်းမှာလည်း အလွန်နည်းပါးလှသည်။ သို့သော် ကုသစရိတ် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ယဲ့ဖုန်းသည် မည်သည့် မျှော်လင့်ချက်ကိုမျှ လက်လွှတ်မည် မဟုတ်ပေ။

ဤအကြောင်းပြချက်ကြောင့်ပင် ယဲ့ဖုန်းသည် ဒန်ရှောင်လင်း၏ သွေးကင်ဆာ ကုသစရိတ်အတွက် ရွှမ်းချင်းမြို့တွင် ဓားပြတိုက်ရန် မာလျန်နှင့် ကျန်းစန်းဖောင်တို့ကို စုစည်းခဲ့ခြင်း ဖြစ်သည်။

ယဲ့ဖုန်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရှီလဲ့မှာ စိတ်သက်သာရာ ရသွားသည်။ ယဲ့ဖုန်းသည် ငွေမက်၍ ဓားပြတိုက်ခြင်း မဟုတ်ဘဲ ဒန်ရှောင်လင်း အတွက်ကြောင့်သာ လုပ်ရခြင်း

ဖြစ်သည်။ ယဲ့ဖုန်းမှာ အခြား ရွေးချယ်စရာ မရှိ၍ လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ ယဲ့ဖုန်းသည် ပြည်သူ့လုံခြုံရေးကို ကြီးမားစွာ ခြိမ်းခြောက်နေသူဖြစ်သော်လည်း ရှီလဲ့ကတော့ သူ့ကို ရွံရှာမသွားခဲ့ပေ။

ကျန်းစန်းဖောင်သည် ကားနောက်ခန်းနှင့် ကားမောင်းသူနေရာကြားရှိ ပြတင်းပေါက်လေးကို ဖွင့်လိုက်သည်။

"ဆရာ... ရဲတွေနဲ့ လက်နက်ကိုင်ရဲတွေ နောက်က လိုက်နေကြတယ်"

ယဲ့ဖုန်းက မျက်မှောင်ကြုတ်လိုက်ကာ "ရွှမ်းဟူခရိုင်မှာ ကားလမ်းက သိပ်မရှုပ်ဘူး၊ လောလောဆယ် သူတို့ကို မျက်ခြေဖြတ်ဖို့ မလွယ်ဘူး.. စန်းဖောင် အစီအစဉ်အတိုင်း ရွှမ်းချင်းမြို့ထဲကနေ အမြန်မောင်းထွက်ဖို့လုပ်... မြို့ပြင်က ရှုပ်ထွေးတဲ့မြေပြင်ကို သုံးပြီး အဲဒီ စိတ်အနှောင့်အယှက်ပေးတဲ့ ရဲတွေကို မျက်ခြေဖြတ်ရမယ်..."

ရှီလဲ့က သူ့ရဲ့ မျက်မှန်ကို နှာတံပေါ်သို့ ပင့်တင်လိုက်ရင်း ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

"ယဲ့ဖုန်း... မင်းတို့ဆီမှာ လပ်တော့ပ် ပါလား.. ပါရင် ငါ မင်းတို့ကို အဲဒီ ရဲတွေ မျက်ခြေပြတ်သွားအောင် ကူညီပေးနိုင်တယ်"

ကျန်းစန်းဖောင်က ရှီလဲ့ကို သံသယရှိသော အမူအရာဖြင့် ကြည့်ကာ "ဆရာ... ဒီကလေးက ဘယ်သူလဲ"

ရဲ့ဖုန်းက "စန်းဖောင်... သူက ငါတို့လူပဲ...ဒီမနက် ငါ မင်းတို့ကို ပြောခဲ့တဲ့ စိတ်ရင်းကောင်းတဲ့ လူဆိုတာ ဒီညီလေးပဲ" ဟု ရှင်းပြလိုက်သည်။

"ဪ... သူကိုး" ကျန်းစန်းဖောင်၏ အမူအရာမှာ ပျော့ပြောင်းသွားပြီး မျက်နှာပေါ်တွင် ပြုံးယောင်ပင် သန်းလာသည်။

"ရှီလဲ့... မင်း ဘယ်လို ကူညီမလဲဆိုတာ ငါ မသိပေမဲ့ ငါတို့ဆီမှာ လပ်တော့ပ် မပါဘူး" ဟု ယဲ့ဖုန်းက လက်နှစ်ဖက်ကို ဖြန့်ပြရင်း ပြောလိုက်သည်။

ရှီလဲ့က သူ့နဖူးကို ရိုက်လိုက်ပြီး အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကာ ရယ်လျက် -

"တော်သေးတာပေါ့၊ ငါ့ဖုန်းကို ကောက်ယူခဲ့လို့.. မဟုတ်ရင်တော့ ဒုက္ခရောက်ကုန်တော့မှာ"

ထိုသို့ ပြောပြီးနောက် ရှီလဲ့သည် ဖုန်းကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ လက်မနှစ်ဖက်ဖြင့် ကီးဘုတ်ပေါ်တွင် ကျွမ်းကျင်စွာ ရိုက်နှိပ်နေတော့သည်။

ရှီလဲ့သည် ရွှမ်းချင်း တက္ကသိုလ်၏ ဆာဗာသို့ ချိတ်ဆက်ကာ အဝေးမှ လှမ်း၍ ထိန်းချုပ်လိုက်သည်။ ပထမဦးစွာ သူသည် ရွှမ်းချင်း တက္ကသိုလ် ဆာဗာကို ဟက်ကာ ရွှမ်းဟူခရိုင် ယာဉ်ထိန်းရဲဌာန၏ လမ်းကြောင်း အချက်အလက်များကို ထိန်းချုပ်လိုက်သည်။ ထို့နောက် ရှီလဲ့သည် သူ၏ တည်နေရာကို အမြန်ရှာဖွေပြီး ပတ်ဝန်းကျင်ရှိ မီးပွိုင့်များကို စစ်ဆေးလိုက်သည်။

"ယဲ့ဖုန်း... ရှေ့က ဒုတိယမြောက် လမ်းဆုံမှာ ညာဘက်ကို ကွေ့ခိုင်းလိုက်"

ရှီလဲ့က ခေါင်းမဖော်ဘဲ ပြောလိုက်သည်။ သူ၏ လက်များက ကီးဘုတ်ပေါ်တွင် ဆက်လက် ရိုက်နှိပ်နေဆဲပင်။ လက်ကိုင်ဖုန်းမှတစ်ဆင့် ဆာဗာကို ထိန်းချုပ်ရန်မှာ မလွယ်ကူလှပေ။

ယဲ့ဖုန်းသည် ရှီလဲ့ကို မသံသယမရှိပေ။ အဘယ်ကြောင့်ဆိုသော် ရှီလဲ့သည် ဒီမနက်ပိုင်းက သူ ဒုက္ခရောက်နေချိန်တွင် ကူညီခဲ့ဖူးသောကြောင့် ဖြစ်သည်။ ယဲ့ဖုန်းသည် ရှီလဲ့ကို အလွန် ကျေးဇူးတင်နေသည်။

"ရှေ့က ဒုတိယမြောက် လမ်းဆုံမှာ ညာဘက်ကွေ့.. ခဏနေရင် ရှီလဲ့ ဘာပဲပြောပြော သူ့စကားကိုပဲ နားထောင်"

မာလျန်က ခေါင်းညိတ်ပြသည်။ သူသည် နောက်ခန်းမှ စကားပြောသံများကို ရှင်းရှင်းလင်းလင်း ကြားနေရသဖြင့် ရှီလဲ့သည် မည်သို့သောသူ ဖြစ်သည်ကို သိရှိထားသည်။

ငွေသယ်ကား နောက်တွင် ရဲကားအချို့သည် ခပ်လှမ်းလှမ်းမှ လိုက်ပါလာကြသည်။ ၎င်းတို့သည် အနီးကပ် လိုက်မတိုက်သော်လည်း အဝေးမှနေ၍ မျက်ခြေမပြတ် စောင့်ကြည့်နေခြင်း ဖြစ်သည်။

လမ်းဆုံနှစ်ခုကို ကျော်ပြီးနောက် မာလျန်သည် ရှီလဲ့၏ ညွှန်ကြားချက်အတိုင်း ညာဘက်သို့ ကွေ့လိုက်သည်။

ရှီလဲ့က ချက်ချင်းပင် ဖုန်းထဲတွင် စာရိုက်လိုက်သည်။ "ရှေ့က မီးပွိုင့်ကို ဖြတ်မောင်း၊ ပြီးရင် နောက်လမ်းဆုံမှာ ဘယ်ဘက်ကို ကွေ့လိုက်"

မူလက မီးနီပြနေသော မီးပွိုင့်သည် ရှီလဲ့ ပြောပြီးသည်နှင့် ချက်ချင်း စိမ်းသွားသည်။

မာလျန်သည် မဆိုင်းမတွဘဲ ရှေ့သို့ အမြန်မောင်းထွက်ခဲ့သည်။ ရှီလဲ့က ဖုန်းကီးဘုတ်ကို တစ်ချက်နှိပ်လိုက်ပြီးနောက် ထိုမီးပွိုင့်သည် ပြန်၍ နီသွားတော့သည်။

ရှီလဲ့က ထပ်မံ ပြောလိုက်သည်။ "မီတာ သုံးရာလောက် ရှေ့ကိုသွားပြီး ဘယ်ဘက်ကို ကွေ့.. အဲဒီနောက် မီတာ နှစ်ရာလောက်မှာ ညာဘက်ကို ထပ်ကွေ့..."

မာလျန်က နောက်ကြည့်မှန်ကို ကြည့်လိုက်သောအခါ ရဲကားများသည် မီးနီမိပြီး ရပ်စောင့်နေရသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့က မီးနီကို စောင့်ချင်၍ မဟုတ်ဘဲ မီးစိမ်းနေသည့် လမ်းဘက်မှ ကားများကြောင့် အတင်းဖြတ်မောင်းရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ မာလျန်သည် ရှီလဲ့၏ ညွှန်ကြားချက်များကို လိုက်နာကာ ရှေ့ဆက်ခဲ့သည်။ ဆယ်မိနစ်ကျော်လောက် ပူးပေါင်းဆောင်ရွက်ပြီးနောက်တွင်တော့ မည်သည့် ရဲကားကိုမျှ မမြင်ရတော့ပေ။

ယဲ့ဖုန်းမှာ အံ့အားသင့်သွားပြီး "ရှီလဲ့... မင်း ဒါကို ဘယ်လို လုပ်လိုက်တာလဲ"

"ငါက ဟက်ကာတစ်ယောက်လေ" ရှီလဲ့က ခေါင်းပင်မဖော်ဘဲ ဆက်ပြောလိုက်သည်။ "ငါတို့ မလုံခြုံသေးဘူး..ယာဉ်ထိန်းဌာနရဲ့ စောင့်ကြည့်ကင်မရာတွေက ငါတို့ကို ကြည့်နေတုန်းပဲ... ငါ အခု အဲဒီ စောင့်ကြည့်စနစ်ကို ဟက်ပြီး အလုပ်မလုပ်တော့အောင် လုပ်နေတာ"

အခန်း - ၄၂

ငွေသယ်ယာဉ်နောက်ကို မူလကတည်းက လိုက်ပါနေသည့် ရဲကားများသည် မီးပွိုင့်များ၏ အဟန့်အတားကြောင့် မျက်ခြေပြတ်သွားခဲ့ကြသည်။ ထို့နောက်တွင်တော့ သူတို့သည် ဦးခေါင်းပြတ်နေသည့် ယင်ကောင်များကဲ့သို့ ရွှမ်းဟူ ခရိုင်အတွင်းရှိ လမ်းအသွယ်သွယ်ပေါ်တွင် ယဲ့ဖုန်း နှင့် ကျန်လူများ၏ ခြေရာလက်ရာကို ရှာဖွေရန် ရူးရူးမူးမူး မောင်းနှင်နေကြတော့သည်။ သို့သော်လည်း ရှီလဲ့ ၏ လမ်းညွှန်မှုအောက်တွင် မာလျန် သည် လူသူသတိမမူမိစေမည့် လမ်းကြားလေးများကိုသာ ရွေးချယ်မောင်းနှင်ခဲ့သည်။

ယာဉ်ထိန်းရဲဌာန၏ စောင့်ကြည့်ရေးခန်းမအတွင်းတွင် ထိပ်ပြောင်ပြောင်နှင့် ခေါင်းဆောင်တစ်ဦးက မျက်နှာပျက်ပျက်ဖြင့် အော်ဟစ်နေ၏။ "ယဲ့ဖုန်းတို့အုပ်စုရဲ့ သဲလွန်စကို ရှာတွေ့ပြီလား"

စောင့်ကြည့်ရေးအရာရှိတစ်ဦးက ပြန်လည်ဖြေကြားသည်။ "လွန်ခဲ့တဲ့ သုံးမိနစ်က သူတို့စီးသွားတဲ့ ငွေသယ်ယာဉ်ကို ရွှမ်းလီ လမ်းပေါ်မှာ တွေ့လိုက်ရပါတယ်... အခုအချိန်ထိတော့ တခြား ဘယ်စောင့်ကြည့်ရေးကင်မရာမှာမှ ထပ်မတွေ့ရသေးပါဘူး.."

ထိပ်ပြောင်ခေါင်းဆောင်သည် လူအူကြောင်ကြောင်တစ်ယောက်မဟုတ်ပေ။ သူက ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ "ရွှမ်းလီလမ်းက စောင့်ကြည့်ရေးကင်မရာကို ဗဟိုပြုပြီး ငါးကီလိုမီတာ ပတ်လည်အတွင်းမှာရှိတဲ့ ရွှမ်းဟူရဲစခန်းက ကင်းလှည့်ကားတွေကို အကုန်သတိပေးလိုက် သေချာစောင့်ကြည့်ခိုင်း"

ရွှမ်းဟူခရိုင်သည် မြို့ပြနှင့် ကျေးလက်တစ်ပိုင်းဒေသဖြစ်သော်လည်း မြို့တွင်းလမ်းများသာ ဖြစ်သဖြင့် အဝေးပြေးလမ်းမကြီးများကဲ့သို့ အရှိန်အလွန်အကျွံ မောင်းနှင်၍မရနိုင်ပေ။ သုံးမိနစ်အတွင်းတွင် ငွေသယ်ယာဉ်၏အရှိန်သည် တစ်နာရီ ကီလိုမီတာတစ်ရာအထိ ရှိနေခဲ့လျှင်ပင် ငါးကီလိုမီတာထက် ပိုမိုဝေးကွာနိုင်မည်မဟုတ်ကြောင်း သူ တွက်ဆမိသည်။ ထို့ကြောင့် ငါးကီလိုမီတာ ပတ်လည်အတွင်း ရှာဖွေခိုင်းခြင်းမှာ အလွန်ပင် ယုတ္တိတန်လှပေသည်။

"နားလည်ပါပြီ"

ယာဉ်ထိန်းရဲဌာန၏ အကြောင်းကြားစာသည် ရွှမ်းဟူရဲစခန်းသို့ ချက်ချင်းရောက်ရှိသွားပြီး ထိုမှတစ်ဆင့် ရဲဝါယာလက်လိုင်းများမှတစ်ဆင့် ကင်းလှည့်ကားများထံ ပျံ့နှံ့သွားသည်.. ရွှမ်းလီလမ်းအနီးရှိ ကင်းလှည့်ကားများသည်လည်း ချက်ချင်းပင် နိုးနိုးကြားကြားရှိလာပြီး ငွေသယ်ယာဉ်ကို စတင်ရှာဖွေကြတော့သည်..

ရှီလဲ့သည် သူ၏ဖုန်းကို အသုံးပြု၍ ကွန်ရက်မှတစ်ဆင့် ရွှမ်းချင်းတက္ကသိုလ်၏ ဆာဗာကို ထိန်းချုပ်ကာ လမ်းဘေးစောင့်ကြည့်ရေးစနစ်ကို ဟက်ူလိုက်သည်။

ယာဉ်ထိန်းရဲဌာန၏ စောင့်ကြည့်ရေးခန်းမအတွင်းရှိ နံရံသုံးဖက်လုံးတွင် ရှိနေသည့် စောင့်ကြည့်ရေးမျက်နှာပြင်များအားလုံးသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး နှင်းခဲရုပ်များသာ တဖျတ်ဖျတ်ပေါ်လာတော့သည်။

ထိပ်ပြောင်ခေါင်းဆောင်က တည်ငြိမ်စွာပင် အမိန့်ပေးသည်။ "ချို့ယွင်းချက်ကို စစ်ဆေးပြီး အမြန်ဆုံးပြန်ပြင်ကြ"

ယာဉ်ထိန်းရဲဌာနမှ နည်းပညာရှင်များသည်လည်း စနစ်ချို့ယွင်းမှုကို အမြန်ဆုံး စစ်ဆေးပြင်ဆင်ရန် ကြိုးပမ်းကြတော့သည်။

အခြားတစ်ဖက်တွင်မူ ရွှမ်းဟူခရိုင်ရှိ ICBC ဘဏ်တွင် ဖြစ်သည်။ လူနေရပ်ကွက်အတွင်းမှ အချိန်ကိုက်ဗုံးကို ဖယ်ရှားပြီးစဖြစ်သော မြို့ပြဗုံးရှင်းလင်းရေးအဖွဲ့သည် နေရာသို့ ချက်ချင်းရောက်ရှိလာသည်။

ဘဏ်ခန်းမအတွင်းတွင် ဗုံးရှင်းလင်းရေးအဖွဲ့သည် ငွေကိုင်ကောင်တာ၏ သံမဏိတံခါးကို ကြည့်နေကြသည်။ တံခါးကို ဖွင့်မရခြင်းမျိုးမဟုတ်ဘဲ ပေါက်ကွဲမှုဒဏ်ကြောင့် တံခါးမှာ ပုံပျက်ပန်းပျက် ဖြစ်နေရုံသာမက ဗုံး၏ပြင်းအားကိုလည်း ကောင်းကောင်းပြသနေသည်။ သံမဏိတံခါးမှာ တံခါးဘောင်ပေါ်တွင် မှီနေရုံသာ ရှိတော့သည်။ ဗုံးနှစ်လုံးကို တံခါးနှင့် တံခါးဘောင်ကြား ဘယ်ညာတစ်ဖက်စီတွင် ကပ်ထားသည်။

ဗုံးနှစ်လုံး၏ ဖောက်ခွဲရေးစနစ်သည် သံမဏိတံခါးနောက်ကွယ်တွင် ရှိနေပြီး ဖောက်ခွဲရေးဝါယာကြိုးမှာ တံခါးဘောင်နှင့် ချိတ်ဆက်ထားသည်။ အကယ်၍ တစ်စုံတစ်ယောက်က တံခါးကို အပြင်မှနေ၍ တွန်းဖွင့်လိုက်သည်နှင့် ဗုံးများသည် ချက်ချင်း ပေါက်ကွဲသွားမည်ဖြစ်သည်။

ကျန်းစန်းဖောင်၏ ဗုံးတပ်ဆင်ပုံမှာ အလွန်ပင် ပါးနပ်လှသည်။ အကယ်၍ ဗုံးကို ဖျက်ဆီးလိုပါက အတွင်းဘက်မှသာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သို့သော် သံမဏိတံခါးမှအပ အခြားဝင်ပေါက်မရှိပေ။ ကျည်ကာမှန်များကို ခွဲဖျက်ရန်မှတစ်ပါး အခြားနည်းလမ်းမရှိ။

ဤအချက်သည် ရဲများ ဗုံးရှင်းလင်းနိုင်မည့်အချိန်ကို ကြန့်ကြာစေရန်နှင့် သူတို့ ထွက်ပြေးရန် အချိန်ဆွဲပေးနိုင်ရန်အတွက် ဖြစ်သည်။ ကျန်းစန်းဖောင်၏ စဉ်းစားတွေးခေါ်မှုမှာ ပြောစရာပင် မလိုတော့ချေ။

ရဲဘော်များသည် ဓားစာခံများကို အရင်ကယ်ဆယ်ရန် စီစဉ်ခဲ့ကြသည်။ သို့သော် သူတို့က ဓားစာခံများကို မြေပြင်မှ ဆွဲထူရန် ပြင်လိုက်စဉ်မှာပင် ပါးစပ်တွင် တိပ်ဖြင့် အပိတ်ခံထားရသည့် ဓားစာခံများသည် ခေါင်းကို အသည်းအသန် ခါယမ်းကာ ကြောက်ရွံ့တုန်လှုပ်နေသည့် မျက်လုံးများဖြင့် အော်ဟစ်ရန် ကြိုးစားနေကြသည်။

ဗုံးရှင်းလင်းရေးအဖွဲ့ဝင်တစ်ဦးက သူတို့ကို အမြန်တားလိုက်သည်။ သူက ဓားစာခံများကြားရှိ သတ္တုနန်းကြိုးမျှင်လေးများကို ညွှန်ပြရင်း မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်သည်။ "မထိနဲ့.. ဒါတွေက ဖောက်ခွဲရေးဝါယာတွေ... ဒါတွေ ပြတ်သွားရင် ဗုံးက ချက်ချင်း ပေါက်ကွဲလိမ့်မယ်"

ရဲများက ဓားစာခံများ၏ ပါးစပ်မှ တိပ်များကို ဖြည်းညှင်းစွာ ခွာပေးလိုက်သည်။ ထိုအခါ ဓားစာခံ ကိုးဦးလုံးသည် ချက်ချင်းပင် ငိုယိုအော်ဟစ်ကြတော့သည်။ မျက်နှာဖြူဖျော့နေသည့် အသက်လတ်ပိုင်းအမျိုးသားတစ်ဦးက အလျင်အမြန် ပြောလိုက်သည်။ "ရဲအရာရှိတို့... ဒီဗုံးကို အမြန်ဖယ်ပေးကြပါ...ဒီဗုံးက ဓားပြတွေရဲ့ ဖုန်းနဲ့ ထိန်းချုပ်လို့ရတာ.. သူတို့ ဖုန်းနဲ့ အဝေးကနေ ခလုတ်နှိပ်လိုက်ရင် ပေါက်ကွဲတော့မှာ"

ရဲအရာရှိတစ်ဦးက ရိုးရိုးသားသားပင် မေးလိုက်သည်။ "ဖုန်းလိုင်းကနေတစ်ဆင့် ဖောက်ခွဲတာလား...ဒါဆိုရင် ငါတို့ ဒီနေရာမှာ လိုင်းဖြတ်စက်ထားပြီး ဖုန်းလိုင်းတွေကို ဖြတ်လိုက်ရင် တစ်ဖက်က အချက်ပြမှုက ဒီကို မရောက်တော့ဘူးပေါ့... အဲဒါဆိုရင် ဒီဗုံးက အန္တရာယ်မရှိတော့ဘူး မဟုတ်လား"

မျက်မှန်တပ်ထားသည့် ဗုံးရှင်းလင်းရေးအဖွဲ့ခေါင်းဆောင်က အထင်သေးသည့် အမူအရာဖြင့် "လူနေရပ်ကွက်မှာ ငါတို့ ဖယ်ရှားခဲ့တဲ့ ဗုံးရဲ့ အဆင့်အတန်းအရဆိုရင် တစ်ဖက်လူက အလွန်ကျွမ်းကျင်တဲ့ ပညာရှင်ပဲ... အကယ်၍ မင်းတို့ ဖုန်းလိုင်းကို ဖြတ်လိုက်ရင် ဒီဗုံးက ချက်ချင်း ပေါက်ကွဲသွားလိမ့်မယ်... မင်းပြောသလို အန္တရာယ်ကင်းသွားမှာ မဟုတ်ဘူး" ဟု ပြန်ပြောလိုက်သည်။

ထိုစကားကြောင့် အကြံပေးခဲ့သည့် ရဲအရာရှိမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။

ဗုံးရှင်းလင်းရေးခေါင်းဆောင်က ဆက်ပြောသည်။ "အားလုံး အပြင်ထွက်ကြပါ.. ဒီမှာ လူအများကြီး ရှိနေဖို့ မလိုဘူး...ဝါယာကြိုးတွေ ပြတ်မသွားအောင် ငါတို့ သတိထားရမယ်..မင်းတို့လည်း ဟိုလူသုံးယောက်ကို အမြန်ဆုံး မိအောင်ဖမ်းဖို့ပဲ အာရုံစိုက်ကြပါ.. သူတို့ကို မလွတ်စေနဲ့.."

တစ်ဖက်တွင်မူ ရှီလဲ့နှင့် ယဲ့ဖုန်းတို့၏ ကားသည် လမ်းဘေးစောင့်ကြည့်ရေးစနစ်၏ ခြိမ်းခြောက်မှုမှ လွတ်မြောက်လာပြီးနောက် ရွှမ်းဟူခရိုင်ကို အမြန်ဆုံးကျော်ဖြတ်ကာ မြို့ပြင်ရှိ တောလမ်းလေးတစ်ခုအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

တောရွာရှိ လူသူကင်းမဲ့သော မြေနီလမ်းပေါ်သို့ ရောက်သောအခါ ဗန်ကားတစ်စီး လမ်းဘေးတွင် ရပ်ထားသည်ကို တွေ့ရသည်။ မာလျန်က ငွေသယ်ယာဉ်ကို ရပ်လိုက်သည်။

ရဲဖုန်းက ကားနောက်ခန်းကိုဖွင့်ကာ ငွေအိတ်တစ်အိတ်ကို ထမ်းလိုက်ပြီး ရှီလဲ့ကို လှမ်းခေါ်လိုက်သည်။ "သွားကြစို့ ကားပြောင်းရမယ်"

ရှီလဲ့က အခြားငွေအိတ်တစ်အိတ်ကို ထမ်းလိုက်သည်။ ကျန်းစန်းဖောင်က စနိုက်ပါရိုင်ဖယ်ကို ကိုင်ကာ ဗန်ကားဆီသို့ လာခဲ့သည်။ မာလျန်က ငွေသယ်ယာဉ်ကို ဆက်မောင်းသွားပြီး ကျိန်းစန်းဖောင်က ဗန်ကားဖြင့် နောက်မှ လိုက်သွားသည်။ နှစ်မိနစ်၊ သုံးမိနစ်ခန့် မောင်းနှင်ပြီးနောက် မာလျန်သည် ကန်ကြီးတစ်ခု၏ ကမ်းနားတွင် ကားကို ရပ်လိုက်သည်။

သူက ဂီယာကို Neutral (လွတ်) ထားကာ ကားပေါ်မှ ဆင်းလိုက်သည်။ ထို့နောက် ကားနောက်ဘက်မှနေ၍ အားကုန်တွန်းလိုက်သည်။ ဂီယာလွတ်ထားသဖြင့် အင်ဂျင်၏ ဟန့်တားမှု မရှိသောကြောင့် ငွေသယ်ယာဉ်သည် ရေကန်ထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားတော့သည်။

ကားတစ်စီးလုံး မြုပ်သွားပြီးနောက် မာလျန်သည် ဗန်ကားကို ရွှမ်းဟူမြို့ဘက်သို့ ဦးတည်ကာ ပြန်မောင်းလာခဲ့သည်။ ကျန်းစန်းဖောင်က ရှေ့ခန်းတွင် ထိုင်ကာ နေကာမှန်ကို ချထားသည်။ ယဲ့ဖုန်းနှင့် ရှီလဲ့တို့က နောက်ခန်းတွင် ထိုင်နေကြပြီး အနောက်ဆုံးတန်းတွင်တော့ ငွေဟောင်းများအပြည့်ပါသည့် အိတ်ကြီးနှစ်အိတ် ရှိနေသည်။

ရှီလဲ့က ထိုင်ခုံကို မှီလိုက်ရင်း မေးလိုက်သည်။ "ယဲ့ဖုန်း... မင်း ရွှမ်းဟူမြို့ကို တကယ်ပဲ ပြန်သွားမှာလား"

ယဲ့ဖုန်းက ခေါင်းညိတ်သည်။ "အန္တရာယ်အရှိဆုံးနေရာက အလုံခြုံဆုံးပဲလေ.. ရွှမ်းဟူက ရဲတွေက ငါတို့ မြို့ပြင်ကို ထွက်ပြေးသွားပြီလို့ပဲ ထင်မှာ... သူတို့က မြို့အပြင်ဘက်တွေနဲ့ တခြားပြည်နယ်တွေကိုပဲ သတင်းပို့ပြီး ပိတ်ဆို့ရှာဖွေကြမှာပါ... ငါတို့ မြို့ထဲကို ပြန်ဝင်လာလိမ့်မယ်လို့ မထင်လောက်ဘူး...ရွှမ်းဟူခရိုင်လို အန္တရာယ်များတဲ့ နေရာကို ရှောင်ပြီး တခြားနေရာမှာ ပုန်းနေရင် ပြဿနာမရှိနိုင်ပါဘူး...ဒီကိစ္စ အေးသွားမှ တခြားပြည်နယ်ကို ကူးကြတာပေါ့"

ရှီလဲ့၏ မျက်နှာတွင် သရော်ပြုံးတစ်ခု ပေါ်လာသည်။ "ယဲ့ဖုန်း... မင်းက နိုင်ငံတော်ရဲ့ အင်အားကို အထင်သေးလွန်းနေပြီ"

ယဲ့ဖုန်းက အံ့ဩတကြီး ကြည့်ကာ မေးသည်။ "ဘာလို့ အဲလိုပြောတာလဲ"

ရှီလဲ့က အခြေအနေကို ဖြည်းဖြည်းချင်း ခွဲခြမ်းစိတ်ဖြာပြသည်။ "ယဲ့ဖုန်း... ရဲဌာနရဲ့ ဝရမ်းထုတ်ထားတဲ့စာရင်းမှာ ရှောင်လင်း ရဲ့ အချက်အလက်တွေ မပါဘူးလို့ မင်းထင်နေတာလား...မင်း ရှောင်လင်းကို ဘယ်ဆေးရုံမှာ သွေးကင်ဆာ သွားစစ်ခဲ့တာလဲ...အခုရော ဘယ်ဆေးရုံမှာ ကုသပေးဖို့ စီစဉ်ထားတာလဲ"

ယဲ့ဖုန်း မျက်မှောင်ကြုတ်သွားသည်။

"မင်း ငါ့ကို အဖြေပေးစရာမလိုဘူး...ရဲတွေဆီမှာ ရှောင်လင်းရဲ့ သတင်းအချက်အလက်တွေ အကုန်ရှိနေမှာ သေချာတယ်...အရင်ကဆိုရင် မင်း ရှောင်လင်းကို ဆေးရုံခေါ်သွားတာ ဘယ်သူမှ သတိမထားမိတာ မဆန်းဘူး... ဒါပေမဲ့ အခုတော့ ရွှမ်းဟူမြို့ရဲ့ သတင်းစာနဲ့ မဂ္ဂဇင်းတွေ အားလုံးရဲ့ မျက်နှာဖုံးမှာ မင်းရဲ့ ဓာတ်ပုံတွေ ပါနေပြီ.. မင်း အပြင်ထွက်တာနဲ့ အမှတ်မိခံရဖို့ များတယ်.. ပြီးတော့ မင်းသွားခဲ့တဲ့ ဆေးရုံကလည်း မင်းဘယ်သူလဲဆိုတာ သိနေလောက်ပြီ...သူတို့ မသိသေးဘူးထားဦးတော့... မင်း ရှောင်လင်းကို ဘယ်ဆေးရုံမှာ သွားကုမှာလဲ"

ရှီလဲ့၏ စကားလုံးတိုင်းသည် ယဲ့ဖုန်း၏ နှလုံးသားကို ဓားနှင့် ထိုးနေသကဲ့သို့ ရှိပြီး သူ့ကို ဆွံ့အသွားစေသည်။

"ရှောင်လင်းရဲ့ ရောဂါက ဘယ်လောက်ကြာကြာ ထပ်စောင့်နိုင်မှာလဲ.. ဘဏ်ဓားပြတိုက်ပြီး လွတ်မြောက်သွားတဲ့ အန္တရာယ်ရှိ တရားခံသုံးယောက်ရဲ့ ကိစ္စက ဒီလောက်နဲ့ အေးသွားမှာ မဟုတ်ဘူး.. မင်းအတွက် မြို့ပြင်ထွက်ဖို့က လွယ်ကောင်းလွယ်နိုင်ပေမဲ့ ရှောင်လင်းကို ဆေးရုံတင်ဖို့ကတော့ အတော်လေး ခက်ခဲလိမ့်မယ်"

ယဲ့ဖုန်းက ရှီလဲ့ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ "ရှီလဲ့... မင်းက ဟက်ကာတစ်ယောက်ပဲ... မင်းမှာ နည်းလမ်းရှိမှာ သေချာပါတယ်.. မင်း ဖုန်းတစ်လုံးတည်းနဲ့တင် မီးပွိုင့်တွေရော၊ ကင်မရာတွေကိုရော ထိန်းချုပ်ပြီး ရဲတွေကို ကစားခဲ့တာပဲ...မင်း ငါ့ကို ကူညီနိုင်မှာပါ...ရှီလဲ့... ငါ့ကို နောက်တစ်ခေါက်လောက် ထပ်ကူညီပါဦး.."

ရှီလဲ့ မျက်လုံးကို မှိတ်ထားလိုက်သည်။ "ယဲ့ဖုန်း... ငါ မကူညီချင်တာ မဟုတ်ဘူး.. ဒါပေမဲ့ နိုင်ငံတော်ရဲ့ အင်အားကို အပြည့်အဝ အသုံးချလိုက်ပြီဆိုရင် အဲဒါ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ မင်း သိလာလိမ့်မယ်... အဲဒီအင်အားကို ဆန့်ကျင်တဲ့အခါ ခြေတစ်လှမ်းလှမ်းဖို့တောင် ခက်ခဲတယ်ဆိုတာ မင်း ခံစားရလိမ့်မယ်.."

မာလျန်ကလည်း ကြားထဲမှ ဝင်ပြောသည်။ "အစ်ကိုရှီလဲ့... အစ်ကိုဖုန်းကို ကူညီပေးပါဦး အစ်ကိုဖုန်းကို ထည့်မတွက်ရင်တောင် ရှောင်လင်းကိုတော့ ငဲ့ညှာပေးပါ.. အဲဒါ သွေးကင်ဆာလေဗျာ ကုသမှုမခံယူရင် သူ သေသွားလိမ့်မယ် ရှောင်လင်းက ငါးနှစ်ပဲ ရှိသေးတာ.. အဲဒီလောက် အရွယ်လေးနဲ့ ဒီလောက်နာကျင်တဲ့ ဝေဒနာကို ခံစားပြီး သေသွားတာကို အစ်ကို တကယ်ပဲ ကြည့်ရက်လို့လား..."

ယဲ့ဖုန်းက သက်ပြင်းကို အားပါးတရ ချလိုက်ရင်း "ရှီလဲ့... မင်းသာ ငါ့ကို ကူညီမယ်ဆိုရင် ငါ့အသက်ကို မင်းကို ပေးလိုက်မယ်... ဒီနေ့ကစပြီး ငါ့အသက်က မင်းအပိုင်ပဲ.. မီးပင်လယ်ပဲဖြစ်ဖြစ်၊ ဓားတောင်ပဲဖြစ်ဖြစ် ငါ မျက်တောင်တစ်ချက် မခတ်ဘဲ မင်းအတွက် လုပ်ပေးမယ်" ဟု ကတိပေးလိုက်သည်။

ရှီလဲ့က မျက်လုံးကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်သည်။ ဤအဖြေက သူ အလိုချင်ဆုံး အဖြေမဟုတ်ပါလား။

သစ္စာရှိပြီး သူငယ်ချင်းအပေါ် တန်ဖိုးထားတတ်သည့် အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး၏ ကတိစကား။

ရှီလဲ့က ယဲ့ဖုန်းဘက်သို့ လှည့်ကြည့်လိုက်သည်။ "ယဲ့ဖုန်း... ငါ မင်းကို ကူညီမယ်.. ဒါပေမဲ့ ငါ့ကို အချိန်ပေးရမယ်။"

"ဘယ်လောက်ကြာမှာလဲ" ယဲ့ဖုန်းက လောလောလောလော မေးလိုက်သည်။ "ရှောင်လင်းက အကြာကြီး တောင့်မခံနိုင်ဘူး.. မြန်လေ ကောင်းလေပဲ.."

ရှီလဲ့က ပြန်မေးသည်။ "မင်းတို့ ရွှမ်းချင်းမြို့မှာ ဘေးကင်းရဲ့လား"

ယဲ့ဖုန်းက ခေါင်းညိတ်သည်။ "ရွှမ်းချင်းမြို့ရဲ့ ပေယွီခရိုင်မှာ ငါတို့ သူငယ်ချင်းတစ်ယောက် ရှိတယ်..သူက အခု ရှောင်လင်းကို စောင့်ရှောက်ပေးထားတယ်.."

စိတ်ထဲတွင် တွက်ချက်ကြည့်ပြီးနောက် ရှီလဲ့က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ "ငါ့ကို တစ်ပတ်အချိန်ပေး.. ဒီပြဿနာအားလုံးကို ငါ ဖြေရှင်းပေးမယ်.."

ရှီလဲ့၏ လေသံမှာ အလွန်ပင် ယုံကြည်မှုရှိလှသည်။ နိုင်ငံတော်၏ အင်အားနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် သူ ဂရုမစိုက်တော့ပေ။

All Chapters