← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း - ၄၃

ရွှမ်းချင်းမြို့၏ မြို့ပြင်တွင် ယဲ့ဖုန်းသည် ဗန်ကားတစ်စီးအတွင်း၌ ရှိနေသည်။ ကားအင်ဂျင်သံနှင့် အသက်ရှူသံမှအပ အခြားမည်သည့်အသံမျှ မကြားရချေ။

ရွှမ်းချင်းမြို့ထဲသို့ ဝင်ခါနီးအချိန်တွင် ရှီလဲ့ က မာလျန်ကို ကားရပ်ခိုင်းလိုက်သည်။ သူက ရှင်းပြသည်မှာ "ယဲ့ဖုန်း... ငါတို့နှစ်ယောက် မြို့ပြင်ထွက်တဲ့လမ်းဘက်ကို သွားကြမယ်.. အဲဒီရောက်ရင် မင်း ငါ့ကို မြေပြင်ပေါ်လဲကျသွားအောင် ရိုက်ပြီး မေ့လဲအောင် လုပ်ခဲ့ပါ..."

ယဲ့ဖုန်းမှာ ခဏတာ မှင်တက်သွားသော်လည်း ရှီလဲ့၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်သွားသည်။ "ငါတို့ မြို့ပြင်ကို ထွက်ပြေးသွားတယ်ဆိုတဲ့ အထင်အမြင်မျိုး သက်သေပြဖို့လား... ဒါပေမဲ့ ဒီမှာက သွားလာနေတဲ့ ကားတွေကလွဲရင် တခြားဘယ်သူမှ မရှိဘူးလေ... မင်းကို ကူညီမယ့်သူ ပေါ်လာမယ်လို့ သေချာလား... တကယ်လို့ ဘယ်သူမှ မလာရင် မင်း ဒုက္ခရောက်ကုန်လိမ့်မယ်"

"စိတ်မပူပါနဲ့" ရှီလဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီလူ့အဖွဲ့အစည်းမှာ လူကောင်းတွေ အများကြီးရှိသေးတယ်လို့ ငါယုံကြည်ပါတယ်.. ငါ့အခြေအနေကို လာကြည့်ပေးမယ့် စိတ်ကောင်းရှိတဲ့သူ တစ်ယောက်ယောက်တော့ ပေါ်လာမှာပါ.. အဲဒီလူက ငါ့ကို မကယ်ရင်တောင် ရဲကိုတော့ ဖုန်းဆက်အကြောင်းကြားပေးမှာပဲ.."

"အဲလိုလား..." ယဲ့ဖုန်း၏ လေသံတွင် ဝေခွဲမရသည့် အရိပ်အယောင်များ ပါဝင်နေသည်။ လောကမှာ လူကောင်းတွေ တကယ်ပဲ များနေသေးလို့လား။ သို့ဆိုလျှင် လူကောင်းများဖြစ်သော ဒန်မိသားစုမှာ အဘယ်ကြောင့် ဤကဲ့သို့ မတရားသော ဆက်ဆံမှုများကို ခံစားခဲ့ရသနည်း။ ထို့အပြင် လူဆိုးများမှာလည်း တရားဥပဒေ၏ အပြစ်ပေးခြင်းကို မခံရသေးချေ။ ဤအချက်က ယဲ့ဖုန်း၏ စိတ်ဓာတ်ကို သိမ်မွေ့စွာ ပြောင်းလဲစေခဲ့သည်။

"ဟုတ်တယ်" ရှီလဲ့က ခိုင်မာစွာ ပြောလိုက်သည်။ "ဒီလောကမှာ လူကောင်းတွေ အများကြီး ရှိပါသေးတယ်...တခြားနည်းလမ်းသာ ရှိခဲ့မယ်ဆိုရင် ဘယ်သူက လူဆိုးလုပ်ချင်ပါ့မလဲ...ယဲ့ဖုန်း... အကယ်၍ အဲဒီကိစ္စကို တရားမျှတစွာ ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင် မင်းကိုယ်တိုင် လက်စားချေပါ့မလား..ရှောင်လင်းကိုခေါ်ပြီး ထွက်ပြေးပါ့မလား.."

ယဲ့ဖုန်းသည် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ကိုယ်လေး အနည်းငယ် တုန်ရင်သွားသည်။ သူ၏ အသက်ရှူသံများမှာလည်း ပိုမိုပြင်းထန်လာသည်။ ရှီလဲ့ ပြောသည်မှာ မှန်ပါသည်။ အကယ်၍ ဒန်မိသားစု၏ အဖြစ်ဆိုးကို သာမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ခဲ့ပါက သူကိုယ်တိုင် အဘယ်ကြောင့် လက်စားချေပါမည်နည်း။ သူ လက်စားချေနိုင်ခဲ့သော်လည်း အရာများစွာကို ဆုံးရှုံးခဲ့ရသည်။ သူ၏ ဘဝမှာလည်း လုံးဝပျက်စီးသွားခဲ့သလို သူ၏ ရဲဘော်နှစ်ယောက်၏ ဘဝများမှာလည်း ပျက်စီးသွားခဲ့ရပြီ။ ဒန်ရှောင်လင်း၏ အနာဂတ်တွင်ပင် အရိပ်မည်းတစ်ခု ဖုံးလွှမ်းသွားခဲ့ရသည်။ ရှောင်လင်းမှာ ငါးနှစ်ပင် ရှိနေပြီဖြစ်သည်။ သာမန်အခြေအနေတွင်ဆိုလျှင် သူမသည် မူကြိုတက်ကာ ပညာသင်ကြားနေရမည် မဟုတ်ပါလား။

ဒန်ရှောင်လင်းသည် ဥပဒေ၏ အပြစ်ပေးခြင်းကို မခံရဘဲ စောင့်ရှောက်မှုကို ရရှိမည်ဖြစ်သော်လည်း၊ ယဲ့ဖုန်းသာ သူမကို ဟေးကျန်း မြို့တွင် ထားခဲ့ပါက သူမသည် မိဘမဲ့ဂေဟာသို့သာ ရောက်သွားပေလိမ့်မည်။ မိဘမဲ့ဂေဟာဆိုသည်မှာ မည်ကဲ့သို့သော နေရာမျိုးဖြစ်မည်ကို ခန့်မှန်းနိုင်သဖြင့် ယဲ့ဖုန်းသည် ရှောင်လင်းကို ထိုနေရာသို့ အရောက်ခံမည်မဟုတ်ပေ။

"သွားကြစို့ ယဲ့ဖုန်း" ရှီလဲ့က ယဲ့ဖုန်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။ "ငါ့ကို တစ်ပတ်အချိန်ပေး...အားလုံးကို ငါ ဖြေရှင်းပေးမယ်...မင်းတို့လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြဦး"

သူတို့နှစ်ဦးသည် လမ်း၏ အခြားတစ်ဖက်သို့ လမ်းလျှောက်သွားပြီး လမ်းဘေးလက်ရန်းကို ကျော်ကာ ရေမြောင်းအနီးသို့ ရောက်ရှိလာကြသည်။ ရှီလဲ့က ယဲ့ဖုန်းကို ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။ "ယဲ့ဖုန်း... မင်းရဲ့အားကို ရည်ရွယ်ချက်ရှိရှိနဲ့ လျှော့မပစ်ပါနဲ့.. ငါ အနည်းဆုံး နှစ်နာရီလောက် သတိမေ့သွားဖို့ လိုတယ်.. ဪ... ပြီးတော့ ငါ မေ့လဲသွားတဲ့အခါ ငါ့ကို လာမထူနဲ့ သဘာဝအတိုင်းပဲ လဲကျပါစေ..သံသယဖြစ်စရာ ခြေရာလက်ရာတွေ မကျန်ခဲ့အောင် သတိထား"

သဘာဝအတိုင်း လဲကျသည့်အခါ ဒဏ်ရာအနည်းငယ် ရရှိမည်မှာ သေချာပါသည်။ အကယ်၍ တစ်စုံတစ်ယောက်က သေချာကိုင်တွယ်ပြီး ဖြည်းဖြည်းချပေးပါက ထိုဒဏ်ရာများ ရှိနေမည်မဟုတ်ချေ။ ရဲများက ထိုကဲ့သို့ အသေးစိတ်အချက်များကို သတိမပြုမိနိုင်သော်လည်း အကယ်၍ သတိပြုမိသွားခဲ့လျှင် ဒုက္ခရောက်နိုင်ပေသည်။ ထို့ကြောင့် အစစ်အမှန်ဖြစ်အောင် ဖန်တီးရမည်ဖြစ်သည်။ သို့မှသာ အမှန်တကယ် ဖုံးကွယ်နိုင်မည် မဟုတ်ပါလား။

ယဲ့ဖုန်းသည် သူ၏လက်ဖဝါးကို ဓားကဲ့သို့ အသုံးပြုကာ ရှီလဲ့၏ လည်ပင်းကို အရှိန်အဆမပြတ်ဘဲ ရိုက်ချလိုက်သည်။ အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သဖြင့် ယဲ့ဖုန်း၏ အင်အားထိန်းချုပ်မှုမှာ အလွန်ပင် တိကျလှသည်။ ရှီလဲ့၏ ကိုယ်မှာ ပျော့ခွေသွားပြီး လမ်းဘေးရေမြောင်းထဲသို့ လဲကျသွားတော့သည်။ သူ၏ တံတောင်ဆစ်မှာ ဘိလပ်မြေအစောင်းနှင့် တိုက်မိသဖြင့် အရေပြား ပွန်းပဲ့သွားခဲ့သည်။

ယဲ့ဖုန်းသည် သတိမေ့နေသည့် ရှီလဲ့ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ "ရှီလဲ့... မင်းက လူကောင်းတစ်ယောက်ပါ" ထို့နောက်တွင်တော့ ယဲ့ဖုန်းသည် အမြန်ဆုံး ထွက်ခွာသွားတော့သည်။

ယဲ့ဖုန်းသည် ဗန်ကားကို အခြားလမ်းကြောင်းတစ်ခုမှ မောင်းနှင်ကာ ရွှမ်းချင်းမြို့၏ ပေယွီခရိုင်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ရှီလဲ့မှာမူ လမ်းဘေးရေမြောင်းအတွင်း လဲကျနေရင်း စိတ်ကောင်းရှိသူတစ်ဦး ပေါ်လာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေတော့သည်။

အနက်ရောင် ဘန့်တလေ ကားတစ်စီးအတွင်းတွင် အသက် ၁၅ နှစ် သို့မဟုတ် ၁၆ နှစ်အရွယ်ခန့်ရှိသော နိုင်ငံခြားသူမိန်းကလေးတစ်ဦး ကားနောက်ခန်းတွင် ထိုင်နေသည်။ သူမတွင် မီးခိုးဖျော့ရောင် ဆံပင်တိုလေးရှိပြီး အသားမှာ နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသည်။ မိန်းကလေး၏ မေးစေ့မှာ ချွန်ပြီး မျက်နှာမှာ ပိန်သွယ်နေသည်။ သူမ၏ မျက်လုံးများမှာ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေပြီး ကားမှန်အပြင်ဘက်သို့ တိတ်ဆိတ်စွာ ငေးကြည့်နေ၏။

"ဦးလေးကိန်း... ကားခဏရပ်ပေးပါ" ထိုမိန်းကလေးက သိမ်မွေ့နူးညံ့သော လေသံဖြင့် ပြောလိုက်သည်။

ဘန့်တလေကား၏ ဘရိတ်စနစ်မှာ ကောင်းမွန်သဖြင့် ကားမှာ ချက်ချင်း ရပ်တန့်သွားသည်။ ကားမောင်းသူမှာ အသက် လေးဆယ် သို့မဟုတ် ငါးဆယ်အရွယ်ခန့် ရှိပုံရပြီး ကြွက်သားများ တောင့်တင်းကာ မျက်လုံးများမှာ ထက်မြက်လှသည်။ သူသည် သာမန်လူတစ်ယောက် မဟုတ်သည်မှာ သိသာလှပေသည်။

"သခင်မလေး အက်ဖရိုဒိုက်... ဘာဖြစ်လို့လဲခင်ဗျ"

ကားနောက်ခန်းတွင် ထိုင်နေသည့် မိန်းကလေး၏ အမည်မှာ အက်ဖရိုဒိုက် အယ်လ်ဘာတာ ဖြစ်သည်။ သူမသည် ဝေးကွာသော ဂလန်နိုင်ငံရှိ အယ်လ်ဘာတာ မိသားစုမှ လာသူဖြစ်သည်။

အယ်လ်ဘာတာ မိသားစုသည် ရှေးကျသော မိသားစုဖြစ်ပြီး ယခုထက်တိုင် မြို့စားဘွဲ့ကို ပိုင်ဆိုင်ထားကာ နယ်မြေပိုင်ဆိုင်ထားသည့် ရှေးဟောင်းမျိုးရိုးမြင့် မိသားစုလည်း ဖြစ်သည်။

"ဦးလေးကိန်း... လမ်းဘေးမှာ လူတစ်ယောက် လဲနေတယ်" အက်ဖရိုဒိုက်၏ လေသံမှာ ဝမ်းနည်းမှုများ ဖုံးလွှမ်းနေသည်။ သူမကို ကြည့်ရသည်မှာ ဆောင်းဦးနှောင်းပိုင်းတွင် ကြွေကျနေသည့် သစ်ရွက်ခြောက်လေးတစ်ရွက်ကဲ့သို့ မြင်ရသူကို စိတ်မကောင်းဖြစ်စေသည်။

ကိန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး "သခင်မလေး အက်ဖရိုဒိုက်... မဒမ်ဒေစီ က ကျွန်တော်တို့ကို ရွှမ်ချင်းမြို့ကို တန်းပြန်လာဖို့ မှာထားပါတယ်..လမ်းမှာ ဘယ်မှ မရပ်ခိုင်းထားဘူး" ဟု ပြောလိုက်သည်။

အမှန်စင်စစ် ကိန်းတွင် မပြောရသေးသည့် စိုးရိမ်မှုတစ်ခု ရှိနေသည်။ အက်ဖရိုဒိုက်၏ အဆင့်အတန်းမှာ မြင့်မြတ်လှသဖြင့် ဤအရာမှာ ရန်သူများက ထောင်ထားသည့် ထောင်ချောက်တစ်ခု ဖြစ်နေမည်ကို သူ စိုးရိမ်နေခြင်းဖြစ်သည်။

အက်ဖရိုဒိုက်က ခေါင်းမာစွာဖြင့်ပင် "ဦးလေးကိန်း... ပြန်လှည့်လိုက်ပါ.. ဒုက္ခရောက်နေတဲ့သူကို ကူညီတာဟာ မြင့်မြတ်တဲ့သူတွေ ရှိသင့်တဲ့ ကိုယ်ကျင့်တရားပဲ" ဟု ပြောသည်။

ကိန်းသည် ခေါင်းမာလှသော ထိုမိန်းကလေးကို ကြည့်ကာ မတတ်သာဘဲ "ကောင်းပါပြီ သခင်မလေး" ဟု ခေါင်းညိတ်လိုက်ရသည်။

ဘန့်တလေကားသည် ယာဉ်စည်းကမ်းများကို လုံးဝဂရုမစိုက်တော့ဘဲ အရေးပေါ်မီးများဖွင့်ကာ လမ်း၏ ညာဘက်အစွန်ဆုံးမှနေ၍ နောက်ပြန်မောင်းလာခဲ့သည်။

အက်ဖရိုဒိုက်သည် လည်ပင်းကို စောင်းကာ ကားမှန်မှတစ်ဆင့် လှမ်းကြည့်နေသည်။ မီတာ နှစ်ရာ၊ သုံးရာခန့် နောက်ပြန်မောင်းပြီးနောက် ရှီလဲ့ လဲကျနေသည့်နေရာတွင် ကားရပ်လိုက်သည်။ အက်ဖရိုဒိုက်က တံခါးဖွင့်ကာ ဆင်းသွားသဖြင့် ကိန်းသည်လည်း အမြန်ဆုံး ကားရပ်ကာ သူမ၏ ရှေ့တွင် ကာကွယ်ရန် ရပ်လိုက်သည်။

"ဦးလေးကိန်း... ဒီလူ ဘာဖြစ်တာလဲ" အက်ဖရိုဒိုက်က ရေမြောင်းထဲတွင် လဲနေသည့် ရှီလဲ့ကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးသည်။ ရှီလဲ့၏ မျက်မှန်မှာ မလှမ်းမကမ်းတွင် လဲကျနေသည်။ သူ၏ မျက်နှာမှာ အလွန်အမင်း ချောမောလှပနေသည်မျိုး မဟုတ်သော်လည်း သတိမေ့နေသည့် အခြေအနေတွင်တော့ ဆွဲဆောင်မှုတစ်မျိုး ရှိနေသည်။

ကိန်းက ရှီလဲ့ကို သေချာစွာ စစ်ဆေးကြည့်သည်။ ဘေးတွင် လဲကျနေသည့် မျက်မှန်မှအစ၊ ပွန်းပဲ့နေသည့် တံတောင်ဆစ်နှင့် လည်ပင်းရှိ ညိုမည်းဒဏ်ရာများအထိ စစ်ဆေးပြီးနောက်တွင်တော့ ကိန်း၏ မျက်မှောင်ကြုတ်ထားမှုမှာ အနည်းငယ် ပြေလျော့သွားသည်။

"ဒီလူငယ်က တစ်စုံတစ်ယောက်ရဲ့ ရိုက်နှက်မှုကို ခံလိုက်ရပုံပဲ.. ဒီနေရာမှာ ရုန်းရင်းဆန်ခတ် ဖြစ်ထားတဲ့ လက္ခဏာလည်း မရှိဘူး၊ ခြေရာတွေလည်း ထပ်မနေဘူး.. ဒါကို ကြည့်ရင် ဒီလူဟာ ခြိမ်းခြောက်ခံရလို့ မခုခံရဲဘဲ အရိုက်ခံလိုက်ရတာ ဒါမှမဟုတ် သူ့သဘောနဲ့သူ အရိုက်ခံလိုက်တာ ဖြစ်နိုင်တယ်.. ဘယ်လိုပဲဖြစ်ဖြစ် သူက ကျွန်တော်တို့အတွက် အန္တရာယ်မရှိပါဘူး.."

ခဏမျှ စဉ်းစားပြီးနောက် ကိန်းက စိတ်အေးသွားဟန်ဖြင့် "သခင်မလေး... သူ သတိမေ့နေတာပါ" ဟု ပြောလိုက်သည်။

အက်ဖရိုဒိုက်က သူမ၏ မီးခိုးရောင် ဆံပင်ဖျားလေးကို လက်ချောင်းများဖြင့် လိမ်ကျစ်ရင်း "ဦးလေးကိန်း... သူ ဘာဒုက္ခနဲ့များ တွေ့နေလို့လဲ မဟုတ်ရင် ဒီမှာ ဘာလို့ သတိမေ့နေမှာလဲ" ဟု ဆိုသည်။

"ကျွန်တော့်အမြင်ကတော့ သူ့ကို ဒီအတိုင်း ထားခဲ့သင့်တယ်..အကယ်၍ သခင်မလေးက သူ့ကို ကူညီချင်တယ်ဆိုရင် ရဲကို ဖုန်းဆက်လိုက်မယ်၊ ပြီးရင် ဒေသခံရဲတွေကိုပဲ ကိုင်တွယ်ခိုင်းလိုက်တာ ပိုကောင်းမယ်" ရှီလဲ့က သံသယဖြစ်စရာ မရှိသော်လည်း ကိန်းကတော့ စိုးရိမ်နေဆဲဖြစ်သည်။ အက်ဖရိုဒိုက်၏ အသက်အန္တရာယ်က အရေးကြီးဆုံး မဟုတ်ပါလား။

အက်ဖရိုဒိုက်က သူမ၏ ခေါင်းမာသော စရိုက်အတိုင်းပင် ခေါင်းခါပြလိုက်သည်။ "မရဘူး ရဲကို အကြောင်းကြားရုံတင် မဟုတ်ဘူး၊ ငါတို့ သူ့ကို ကူညီရမယ်.. သူ့ကို မြို့ထဲအထိ ခေါ်သွားပြီး ဆေးရုံပို့ပေးရမယ်.."

ကိန်းက ခါးသီးစွာ ပြုံးလိုက်ပြီး နောက်ဆုံးတွင်တော့ ခေါင်းညိတ်လိုက်ရတော့သည်။ ထို့နောက် သူက ဖုန်းထုတ်ကာ ရဲစခန်းသို့ ဆက်သွယ်လိုက်သည်။ သူ၏ မပီကလာ ပီကလာ တရုတ်စကားဖြင့် "မင်္ဂလာပါ... ကျွန်တော် ဂလန်နိုင်ငံ ဘာဘာရီ ကိုယ်စားလှယ်အဖွဲ့က ကိန်းပါ" ဟု ပြောလိုက်သည်။

ရဲစခန်းမှ အော်ပရေတာသည် တစ်ဖက်လူ၏ လေယူလေသိမ်းနှင့် မိတ်ဆက်မှုကို ကြားသောအခါ ယဉ်ကျေးစွာပင် "မင်္ဂလာပါ မစ္စတာကိန်း... ဘာကိစ္စများ ရှိလို့လဲရှင့်" ဟု ပြန်ပြောသည်။

ကိန်းက မလှမ်းမကမ်းရှိ လမ်းညွှန်ဆိုင်းဘုတ်ကို ကြည့်ရင်း ဆက်ပြောသည်။ "ကျွန်တော် လူငယ်တစ်ယောက် သတိမေ့လဲနေတာကို တွေ့လို့ ဖုန်းဆက်တာပါ.. သူ့ကို မြို့ထဲက ဆေးရုံကို ပို့ပေးပါ့မယ်.. ရဲဘက်က ဆေးရုံကို လာခဲ့ဖို့ မျှော်လင့်ပါတယ်.." ကိန်း၏ တရုတ်စကားမှာ အလွန်ညံ့သော်လည်း သူ ပြောချင်သည်ကိုတော့ ရှင်းလင်းအောင် ပြောနိုင်ခဲ့သည်။

ရဲစခန်းမှ အော်ပရေတာအတွက်တော့ ကိန်း၏ စကားကို နားလည်ရန် တော်တော်လေး ကြိုးစားလိုက်ရသည်။

"နားလည်ပါပြီ မစ္စတာကိန်း.. ဘယ်ဆေးရုံကို ပို့မှာလဲရှင့်" သတိမေ့နေသည့် လူငယ်နှင့် သူရှိနေသည့် နေရာကို ကြားသောအခါ အော်ပရေတာ၏ အသံမှာ ပိုမိုမြန်ဆန်လာသည်။ ရွှမ်ချင်းမြို့တွင် ဖြစ်ပွားခဲ့သည့် အမှုကြီးတွင် ဓားစာခံအဖြစ် ပါသွားသူမှာ တက္ကသိုလ်ကျောင်းသား လူငယ်တစ်ဦး ဖြစ်နေသောကြောင့်ပင်။

တစ်ဖက်လူ၏ စကားပြောနှုန်း မြန်သွားသည်ကို ကြားသောအခါ ကိန်းမှာ မျက်စိလည်သွားပြီး "စိတ်မရှိပါနဲ့... စကားကို နည်းနည်းလောက် နှေးနှေးပြောပေးလို့ ရမလား" ဟု ထစ်ထစ်ငေါ့ငေါ့ မေးလိုက်ရသည်။

အော်ပရေတာကလည်း တစ်ဖက်လူမှာ နိုင်ငံခြားသားဖြစ်သည်ကို သတိရသွားကာ ခပ်ပြုံးပြုံး ဖြစ်သွားသည်။

"မစ္စတာကိန်း... အဲဒီလူငယ်ကို ဘယ်ဆေးရုံ ပို့မှာလဲရှင့်" ယခုတစ်ခါတွင်တော့ အော်ပရေတာက ကိန်း နားလည်အောင် စကားကို ဖြည်းဖြည်းချင်း ပြောပေးလိုက်သည်။

"ကျွန်တော်တို့ ဘာဘာရီအဖွဲ့က ပေကျန်း ခရိုင်က ရွှေရောင်ခမ်းနားမှုဟိုတယ်မှာ ရှိပါတယ်.. အဲဒီနဲ့ အနီးဆုံး ဆေးရုံကိုပဲ ပို့ပေးပါ့မယ်.. ဆေးရုံရောက်ရင် ထပ်ပြီး ဖုန်းဆက်လိုက်ပါမယ်.."

ကိန်း၏ စကားကြောင့် အော်ပရေတာမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ ဤနိုင်ငံခြားသားမှာ ဖုန်းဆက်ရသည်ကို ဝါသနာပါနေသလားဟုပင် ထင်မှတ်ရသည်။ သို့သော် နိုင်ငံခြားသားဖြစ်သဖြင့် ဘာမှမပြောဘဲ "ကောင်းပါပြီ မစ္စတာကိန်း... ကျွန်မတို့ ပြန်ဆက်သွယ်ပါ့မယ်" ဟုသာ ပြောလိုက်ရတော့သည်။

ကိန်းက ရှီလဲ့ကို မြေပြင်မှ မလိုက်သည်။ အက်ဖရိုဒိုက်က ရှီလဲ့၏ မျက်မှန်ကို သေချာကောက်ယူလိုက်ပြီး "ဦးလေးကိန်း... ရဲတွေနဲ့ အဆင်ပြေပြေ ပြောပြီးပြီလား" ဟု မေးသည်။

အက်ဖရိုဒိုက်မှာ တရုတ်စကား မတတ်သဖြင့် ကိန်းနှင့် ရဲများ ဘာပြောသည်ကို နားမလည်ပေ။ တရုတ်စကားသည် ကမ္ဘာပေါ်တွင် သင်ယူရန် အခက်ခဲဆုံး ဘာသာစကားအဖြစ် လူသိများလှပေသည်။

ကိန်းက ရှေ့ခန်းတံခါးကို ဖွင့်ကာ ရှီလဲ့ကို တင်လိုက်သည်။ ထို့နောက် အက်ဖရိုဒိုက်ကို "သခင်မလေး... ရဲတွေနဲ့ ပြောပြီးပါပြီ.. ဆေးရုံရောက်ရင် ရဲတွေ လာပါလိမ့်မယ်" ဟု ပြန်ဖြေလိုက်သည်။

အက်ဖရိုဒိုက်က စိတ်အေးသွားဟန်ဖြင့် ခေါင်းညိတ်ကာ ကားနောက်ခန်းသို့ ပြန်ဝင်သွားသည်။ ကိန်းသည်လည်း ကားမောင်းသူနေရာတွင် ထိုင်ကာ အင်ဂျင်နှိုး၍ ရွှမ်ချင်းမြို့ဆီသို့ အရှိန်ပြင်းစွာ မောင်းနှင်သွားတော့သည်။

အခန်း - ၄၄

ရွှမ်ချင်း မြို့ရဲစခန်းနှင့် ရွှမ်းဟူ ခရိုင်ရဲစခန်းတို့မှ ရဲအရာရှိ တစ်ဆယ်ကျော်ခန့်သည် ရှီလဲ့၏ လူနာခန်းအပြင်ဘက်တွင် စုရုံးရောက်ရှိနေကြသည်။

မြို့ပြရဲဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး တိုက်ကွမ်ဟွာ သည် ကိန်းနှင့် စကားပြောနေ၏။

“မစ္စတာကိန်း... ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်..ခင်ဗျား ကျွန်တော်တို့ကို အကူအညီအကြီးကြီး ပေးလိုက်တာပဲ” တိုက်ကွမ်ဟွာက ပြုံးရွှင်စွာ ပြောလိုက်သည်။

သို့သော် တိုက်ကွမ်ဟွာ ပြောသော စကားလုံးအချို့မှာ တရုတ်တို့၏ ထုံးစံအတိုင်း ‘သူရဲကောင်းဆန်သော လုပ်ရပ်’၊ ‘အလုပ်များနေသည့်ကြားမှ ကူညီမှု’ စသည့် အသုံးအနှုန်းများ ဖြစ်နေသဖြင့် ကိန်းမှာ နားမလည်ဘဲ ကြောင်တောင်တောင် ဖြစ်နေရသည်။

“အရာရှိမင်း... သူ သတိမေ့နေတာကို ခင်ဗျားတို့လည်း အတည်ပြုပြီးပြီဆိုတော့ သွားခွင့်ပြုပါဦး... ဘာဘာရီ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကိစ္စကို အဆုံးသတ်ရဦးမယ်”

ဘာဘာရီသည် ဂလန်နိုင်ငံ၏ နာမည်ကြီး အမှတ်တံဆိပ်ဖြစ်ပြီး ကမ္ဘာကျော် လူသုံးကုန်ပစ္စည်း ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။ အက်ဖရိုဒိုက်၏ မိခင်ဖြစ်သူ မဒမ်ဒေစီ အယ်လ်ဘာတာသည် ဘာဘာရီ၏ ရှယ်ယာရှင်တစ်ဦးဖြစ်သလို အမှုဆောင်ဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။ သူမသည် ရွှမ်းချင်းမြို့တွင် ဘာဘာရီ၏ ဈေးကွက်ချဲ့ထွင်ရန် လာရောက်ခြင်းဖြစ်ပြီး အက်ဖရိုဒိုက်မှာတော့ မိခင်နှင့်အတူ အပန်းဖြေခရီး လိုက်ပါလာခြင်း ဖြစ်သည်။

တိုက်ကွမ်ဟွာသည် ရဲဌာနတွင် ရာထူးကြီးသူဖြစ်သော်လည်း ဘာဘာရီကဲ့သို့ အဖွဲ့အစည်းမျိုး၏ ရွှမ်ချင်းမြို့ရှိ စီးပွားရေးလုပ်ငန်းများမှာ အလွန်အရေးကြီးသည်ကို သူ သိထားသည်။ သို့သော် ၎င်းမှာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနနှင့်သာ ဆိုင်ပြီး ရဲဌာနနှင့် တိုက်ရိုက်မသက်ဆိုင်ပေ။ သို့သော်လည်း ရှီလဲ့ကို ဘေးကင်းစွာ ပြန်ခေါ်လာပေးသည့်အတွက် သူက ကိန်းကို အလွန်ပင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေခြင်းဖြစ်သည်။

ယဲ့ဖုန်း ၊ မာလျန်နှင့် ကျန်းစန်းဖောင်တို့သည် နေ့ခင်းကြောင်တောင် ဘဏ်ဓားပြတိုက်ကာ ဗုံးတပ်ဆင်ခဲ့ခြင်းက ရွှမ်ချင်းမြို့အပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုရှိခဲ့သည်။ သူတို့ ထွက်ပြေးသွားသည့်အခါ ရှီလဲ့ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ကြသည်။

ဓားစာခံဖြစ်သူ ရှီလဲ့၏ ဘေးကင်းလုံခြုံရေးသည် ရွှမ်ချင်းမြို့တစ်ခုလုံး၏ စိုးရိမ်ပူပန်မှု ဖြစ်ခဲ့ရသည်။ အိမ်နီးချင်းပြည်နယ်များမှ သတင်းမီဒီယာများကပင် ဝရမ်းပြေးတရားခံများ၏ ဘဏ်ဓားပြတိုက်မှုအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြပြီ ဖြစ်သည်။

လူထု၏ ဝေဖန်ဖိအားများကြောင့် ရဲဌာနမှာလည်း အကျပ်ရိုက်နေရသည်။ မြို့ပြရဲဌာနမှူး ပိုင်ချန်း က ရှီလဲ့ကို မည်သည့်နည်းနှင့်မဆို ဘေးကင်းစွာ ပြန်လည်ကယ်တင်ရန် အမိန့်ထုတ်ထားခဲ့ခြင်းဖြစ်သည်။

ယခုအခါ ကိန်းက ရှီလဲ့ကို ဘေးကင်းစွာ ပြန်ခေါ်လာပေးခဲ့ပြီ ဖြစ်သည်။ ရှီလဲ့မှာ သတိမေ့နေဆဲ ဖြစ်သော်လည်း အသက်အန္တရာယ် မရှိတော့ပေ။ ရဲတပ်ဖွဲ့အနေဖြင့် ရွှမ်းချင်းမြို့သူမြို့သားများကို အဖြေတစ်ခု ပေးနိုင်ခဲ့ပြီဖြစ်သည်။

လူနာခန်းအပြင်ဘက်တွင် တိုက်ကွမ်ဟွာသည် မှန်ပြတင်းပေါက်မှတစ်ဆင့် ကုတင်ပေါ်တွင် လဲလျောင်းနေသည့် ရှီလဲ့ကို ကြည့်ကာ မျက်လုံးများထဲတွင် စူးရှသော အရိပ်အယောင်များ ပေါ်လာသည်။

“ဒေါက်တာကျိုး... ရှီလဲ့ရဲ့ အခြေအနေ ဘယ်လိုရှိလဲ” တိုက်ကွမ်ဟွာက မေးလိုက်သည်။

တိုင်းရင်းဆေးရုံမှ ဒေါက်တာကျိုးသည် ဌာနမှူးတစ်ဦး ဖြစ်သည်။ အခြားဆေးရုံများတွင်ဆိုလျှင် ခွဲစိတ်ကုသမှုမှာ အဓိကဖြစ်သော်လည်း ဤဆေးရုံမှာ တရုတ်ရိုးရာ တိုင်းရင်းဆေးပညာဖြင့် ကျော်ကြားသည့် ဆေးရုံဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် အနောက်တိုင်းဆေးပညာ မှာ အရေးပါမှု သိပ်မရှိသော်လည်း ရှီလဲ့၏ အခြေအနေမှာတော့ တိုင်းရင်းဆေးနည်းဖြင့် ပိုမိုသင့်လျော်နေသည်။

“ညွှန်ကြားရေးမှူးတိုက်... ရှီလဲ့ရဲ့ ခန္ဓာကိုယ်က ပုံမှန်ပါပဲ.. ဒါပေမဲ့ လည်ပင်းကို ပြင်းပြင်းထန်ထန် အရိုက်ခံရလို့ ခေတ္တသတိမေ့နေတာပါ...အကယ်၍ လိုအပ်ရင်တော့ ကျွန်တော်တို့ သူ့ကို အတင်းအကျပ် သတိရလာအောင် လုပ်လို့ရပါတယ်” ဟု ဒေါက်တာကျိုးက ဖြေသည်။

တိုက်ကွမ်ဟွာ၏ မျက်လုံးများတွင် ထူးခြားသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ “ဒေါက်တာကျိုး... ကျွန်တော် မေးချင်တာက ရှီလဲ့ သတိမေ့နေတာက သဘာဝကျရဲ့လားလို့ပါ”

ဒေါက်တာကျိုးမှာ လူအူကြောင်ကြောင် မဟုတ်ပေ။ တိုက်ကွမ်ဟွာ၏ မေးခွန်းကို ကြားသည်နှင့် သူ ဘာကို ဆိုလိုသည်ကို ချက်ချင်းနားလည်သွားသည်။ ရှီလဲ့သည် ယဲ့ဖုန်းတို့နှင့် တစ်ဖွဲ့တည်း ဖြစ်နေမလားဟု သံသယဝင်နေခြင်းပင်။

“ညွှန်ကြားရေးမှူးတိုက်... ရှီလဲ့က တကယ်ကို သတိမေ့နေတာပါ.. သူ့မှာ ဘာပြဿနာမှ မရှိပါဘူး၊ အားလုံး သဘာဝကျပါတယ်.. ပြီးတော့ သူ့ရဲ့ ဘယ်ဘက်တံတောင်ဆစ်က ဒဏ်ရာကို ကြည့်ရင် သူ သတိမေ့သွားပြီးမှ ရေမြောင်းထဲကို လဲကျသွားတာ သေချာပါတယ်”

တိုက်ကွမ်ဟွာက ခေါင်းညိတ်လိုက်သည်။ “ဒါဆိုရင်တော့ ဒီလူငယ် ရှီလဲ့ဟာ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့သူ တစ်ယောက်ပဲ.. တခြားသူတွေအတွက် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံခဲ့တာပေါ့”

တိုက်ကွမ်ဟွာ၏ ဘေးတွင် ရပ်နေသည့် ရွှမ်းဟူ အမှုကြီးနှိမ်နင်းရေးအဖွဲ့မှ ဒု-အဖွဲ့ခေါင်းဆောင် လဲ့ယာခွန်း က ရယ်ကျဲကျဲဖြင့် ဝင်ပြောသည်။ “ညွှန်ကြားရေးမှူး... ရှီလဲ့က လူကောင်းလား၊ မကောင်းလားတော့ ကျွန်တော် မသိဘူး.. ဒါပေမဲ့ သူက အိုရန်ရှန်း နဲ့ အတူနေတာဆိုတော့... အိုရန်ရှန်းကလည်း အတော်လှတာဗျ”

လဲ့ယာခွန်းသည် ရွှမ်းဟူရဲစခန်းမှူး လဲ့လျန်လင် ၏ လူဖြစ်ပြီး လဲ့လျန်လင်မှာလည်း တိုက်ကွမ်ဟွာ၏ လူယုံဖြစ်သည်။ ထို့ကြောင့် လဲ့ယာခွန်းမှာ တိုက်ကွမ်ဟွာ၏ ရှေ့တွင် နောက်ပြောင်ရဲခြင်း ဖြစ်သည်။

တိုက်ကွမ်ဟွာက မကျေမနပ်ဖြစ်ဟန် မရှိသဖြင့် လဲ့ယာခွန်းက ဆက်ပြောသည်။ “ကျွန်တော် မှတ်မိသလောက်ဆို ရှီလဲ့က အခုမှ ၁၉ နှစ်ပဲ ရှိသေးတာ မဟုတ်လား.. အိုရန်ရှန်းက ၂၅ နှစ်လောက် ရှိပြီလေ.. သူတို့ကြားမှာ ၆ နှစ်တောင် ကွာတာ.. အိုရန်ရှန်းက မောင်လေးတွေကိုမှ ကြိုက်တာလား မသိဘူး”

တိုက်ကွမ်ဟွာက ဟက်ဟက်ပတ်ပတ် ရယ်မောပြီးနောက် တည်တည်တံ့တံ့ပင် ဆိုသည်။ “ဒါတောင်မှ ဒီကောင်လေး ရှီလဲ့ကို ငါ ချီးကျူးမိတယ်... ဒီဘက်ခေတ်မှာ သေရေးရှင်ရေးနဲ့ ကြုံလာတဲ့အခါ ကိုယ်ချစ်တဲ့သူအတွက် အနစ်နာခံရဲတဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ”

လဲ့ယာခွန်းကလည်း ထောက်ခံသည့်အနေဖြင့် “ညွှန်ကြားရေးမှူး... ဒါဆိုရင် ရှီလဲ့ကို အခုပဲ နှိုးပြီး ယဲ့ဖုန်းတို့ ဘယ်ပြေးသွားလဲဆိုတာ မေးလိုက်ကြမလား” ဟု ဆိုသည်။

တိုက်ကွမ်ဟွာက ခေါင်းခါပြရင်း ဒေါက်တာကျိုးကို လှမ်းကြည့်သည်။ “ဒေါက်တာကျိုး... အခု ရှီလဲ့ကို အတင်းအကျပ် နှိုးလိုက်ရင် သူ့အတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိနိုင်မလား”

“ညွှန်ကြားရေးမှူးတိုက်... ရှီလဲ့က ပြင်းပြင်းထန်ထန် သတိမေ့နေတာပါ..အတင်းအကျပ် နှိုးလိုက်ရင် ခေတ္တခဏ မှတ်ဉာဏ်ပျောက်ဆုံးတာမျိုး ဖြစ်နိုင်ပါတယ်” ဟု ဒေါက်တာကျိုးက ရှင်းပြသည်။

တိုက်ကွမ်ဟွာက ချက်ချင်းပင် လက်ကာပြလိုက်ပြီး “ဒါဆိုရင်တော့ သူ သဘာဝအတိုင်း သတိရလာမယ့်အချိန်အထိပဲ စောင့်လိုက်ကြတာပေါ့” ဟု ဆိုသည်။

ဒေါက်တာကျိုးက အချိန်ကို တွက်ဆကြည့်ပြီး “နောက်ထပ် တစ်နာရီကနေ သုံးနာရီအတွင်း သူ သတိရလာပါလိမ့်မယ်.. ကျွန်တော် သွားခွင့်ပြုပါဦး” ဟု ဆိုကာ ထွက်သွားသည်။

ဒေါက်တာကျိုး ထွက်သွားပြီးနောက် လဲ့ယာခွန်းက နားမလည်နိုင်သလို မေးလိုက်သည်။ “ညွှန်ကြားရေးမှူး... ဘာလို့ သူ့ကို အတင်းမနှိုးတာလဲ.. ခေတ္တမှတ်ဉာဏ်ပျောက်တာ ဖြစ်နိုင်ပေမဲ့ သူ့ကို စောစောနှိုးနိုင်ရင် ယဲ့ဖုန်းတို့အကြောင်း သဲလွန်စ ပိုစောစောရမှာ မဟုတ်လား”

တိုက်ကွမ်ဟွာက လဲ့ယာခွန်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။ “ယာခွန်း... မင်း သင်ယူစရာတွေ အများကြီး ကျန်သေးတယ်..စဉ်းစားကြည့်လေ... ရှီလဲ့ကို မြို့ပြင်က ရွှမ်းယွမ် လမ်းဘေး ရေမြောင်းထဲမှာ တွေ့ခဲ့တာဆိုတော့ သူ ယဲ့ဖုန်းတို့ ဘယ်သွားလဲဆိုတာ မသိနိုင်တော့ဘူးဆိုတာ သေချာတယ်... မဟုတ်ရင် သူ အဲဒီမှာ ကျန်ခဲ့မှာ မဟုတ်ဘူး... ပြီးတော့ လမ်းဘေးကင်မရာတွေကလည်း ခေတ္တချို့ယွင်းနေခဲ့တော့ ဘာမှ မမြင်လိုက်ရဘူး.. မြို့ပြင်ထွက်တဲ့ ဂိတ်တွေကလည်း ငွေသယ်ယာဉ် ထွက်သွားတာကို မတွေ့ရဘူးလို့ အစီရင်ခံထားတယ်.. ဒါကို ကြည့်ရင် ဖြစ်နိုင်ခြေ နှစ်ခုပဲ ရှိတယ်.. တစ်ခုက ယဲ့ဖုန်းတို့ ကားပြောင်းပြီး မြို့ပြင်ထွက်သွားတာ၊ နောက်တစ်ခုက ဂိတ်မရှိတဲ့ တောလမ်းတွေကနေ ထွက်သွားတာ... ဘယ်လိုပဲဖြစ်ဖြစ် သူတို့ မြို့ထဲမှာ မရှိတော့တာ သေချာသလောက်ရှိနေပြီ.. ရှီလဲ့ကို မေးမေး၊ မမေးမေး အတူတူပဲလေ”

လဲ့ယာခွန်းက ခေါင်းညိတ်ကာ “ညွှန်ကြားရေးမှူးက တကယ်ကို ဉာဏ်ကြီးပါတယ်” ဟု ချီးကျူးလိုက်သည်။

တစ်နာရီကျော် ကြာပြီးနောက်တွင်တော့ ရှီလဲ့ သတိရလာသည်။ ဖြူဖွေးနေသည့် မျက်နှာကြက်နှင့် လေထဲတွင် လွင့်နေသည့် ပိုးသတ်ဆေးနံ့သင်းသင်းကြောင့် သူ ဆေးရုံရောက်နေပြီမှန်း သိလိုက်သည်။

‘ဒီလောကမှာ လူကောင်းတွေ အများကြီး ရှိနေသေးတာပဲ’ ရှီလဲ့ စိတ်ထဲမှ သက်ပြင်းချမိသည်။

တိုက်ကွမ်ဟွာသည် လဲ့ယာခွန်းနှင့် ရဲအချို့ကို ခေါ်ဆောင်ကာ လူနာခန်းထဲသို့ ဝင်လာသည်။

“နေကောင်းလား ရှီလဲ့.. ငါက ရွှမ်ချင်းမြို့ပြရဲဌာနက တိုက်ကွမ်ဟွာပါ... ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မင်းကို မေးစရာလေးတွေ ရှိလို့ပါ” ဟု တိုက်ကွမ်ဟွာက တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏ လေသံမှာ အတော်လေးပင် ယဉ်ကျေးနေသည်။

ရှီလဲ့ကလည်း တည်ငြိမ်စွာပင် ခေါင်းညိတ်ပြပြီး ပထမဆုံး မေးလိုက်သည်မှာ “အိုရန်ရှန်း အခု ဘယ်မှာလဲ” ဟူ၍ ဖြစ်သည်။

တိုက်ကွမ်ဟွာ၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။ “ရှီလဲ့... စိတ်မပူပါနဲ့.. အရာရှိ အိုရန်ရှန်းက ရွှမ်းဟူခရိုင်က ဘဏ်ဓားပြမှုနဲ့ ပေါက်ကွဲမှုဖြစ်စဉ်ကို စစ်ဆေးနေပါတယ် သူ ဘာဒဏ်ရာမှ မရပါဘူး..”

“ဘဏ်က ဗုံးကိုရော ဖြုတ်နိုင်ခဲ့ပြီလား” ရှီလဲ့သည် အဖြေကို သိနေသော်လည်း မိမိကိုယ်ကိုယ် သံသယကင်းရှင်းစေရန်နှင့် စိတ်ကောင်းရှိသူတစ်ဦးအဖြစ် ဟန်ဆောင်ရန်အတွက် အလေးအနက် မေးလိုက်ခြင်းဖြစ်သည်။

တိုက်ကွမ်ဟွာက ဂရုမစိုက်ဟန်ဖြင့် “ငါတို့ မြို့ပြဗုံးရှင်းလင်းရေးအဖွဲ့က ကျန်းစန်းဖောင် ထားခဲ့တဲ့ဗုံးကို အောင်အောင်မြင်မြင် ဖြုတ်နိုင်ခဲ့ပြီး ဓားစာခံတွေကိုလည်း ကယ်နိုင်ခဲ့ပါတယ်... ဘယ်သူမှ ဒဏ်ရာမရခဲ့ပါဘူး” ဟု ဖြေသည်။

ရှီလဲ့က စိတ်အေးသွားသည့်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။ “တော်သေးတာပေါ့... တော်သေးတာပေါ့..”

“ကျောင်းသား ရှီလဲ့... ငါတို့ မေးခွန်းလေးတွေ ဖြေပေးပါဦး.. ပထမဆုံးအနေနဲ့ ယဲ့ဖုန်းတို့ မြို့ပြင်ကို ထွက်သွားကြပြီလား” တိုက်ကွမ်ဟွာက ပေါ့ပေါ့ပါးပါး မေးနေသော်လည်း သူ၏ မျက်လုံးများကတော့ ရှီလဲ့၏ အမူအရာတိုင်းကို သေသေချာချာ စောင့်ကြည့်နေသည်။

ရှီလဲ့က စဉ်းစားဟန်ပြုလိုက်ပြီး “ကျွန်တော် မသိဘူး.. ကျွန်တော် မှတ်မိတာကတော့ သူတို့ လမ်းမှာ ကားရပ်လိုက်ပြီး ယဲ့ဖုန်းက ကျွန်တော့်ကို သေနတ်နဲ့ ခြိမ်းခြောက်ပြီး ကားပေါ်က ဆင်းခိုင်းတယ်.. ကားပေါ်ကဆင်းပြီး လမ်းဆိုင်းဘုတ်ကို ကြည့်လိုက်တော့မှ အဲဒါ ရွှမ်းယွမ်လမ်းမှန်း သိလိုက်တာ... အဲဒီနောက်မှာတော့ ယဲ့ဖုန်းက ကျွန်တော့်လည်ပင်းကို ရိုက်လိုက်လို့ ရေမြောင်းထဲ လဲကျပြီး သတိမေ့သွားတာပဲ” ဟု ပြောလိုက်သည်။

ရှီလဲ့က ဟုတ်သည်၊ မဟုတ်သည်ဟု အတိအကျ မဖြေဘဲ မသိဟုသာ ပြောလိုက်သည်။ ဤအချက်က ရဲများကို ရှီလဲ့ လိမ်နေသလား၊ မလိမ်ဘူးလား ဆိုသည်ကို ခန့်မှန်းရ ခက်ခဲစေသည်။

တိုက်ကွမ်ဟွာက ရှီလဲ့ကို သေချာကြည့်သော်လည်း ရှီလဲ့၏ မျက်လုံးများမှာ ရိုးသားနေပြီး အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိချေ။ “ရှီလဲ့... မင်းအမြင်အရဆိုရင် ယဲ့ဖုန်းတို့ အခု ဘယ်မှာ ရှိနေနိုင်မလဲ”

“မသိဘူး” ရှီလဲ့က ခေါင်းခါပြမြဲ ဖြစ်သည်။ “အမှန်အတိုင်း ပြောရရင် အိုရန်ရှန်းကို ယဲ့ဖုန်းရဲ့ ဗီဒီယိုဖိုင်တွေကနေ ပုံထုတ်ပေးခဲ့တာ ကျွန်တော်ပဲ.. ရွှမ်းချင်းမြို့မှာ ယဲ့ဖုန်းရဲ့ အထောက်အထားကို ပထမဆုံး အတည်ပြုပေးခဲ့သူက ကျွန်တော်လို့ ပြောလို့ရတယ်.. သတင်းစာထဲမှာ ယဲ့ဖုန်းက ရဲဌာနရဲ့ အဆင့် (A) ဝရမ်းပြေးဆိုတာ သိလိုက်ရလို့ သူ့အကြောင်း ကျွန်တော် လိုက်စစ်ကြည့်ဖူးတယ်.. သူက အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက် ဖြစ်ပြီး စစ်ပညာတွေ ကျွမ်းကျင်တယ်.. ခြေရာဖျောက်တဲ့ နေရာမှာလည်း အတွေ့အကြုံ အများကြီးရှိမှာပဲ သူ ဘယ်မှာ ရှိနေမလဲဆိုတာ ကျွန်တော် မခန့်မှန်းနိုင်ပါဘူး... ဘာလို့လဲဆိုတော့ သူက ဘယ်နေရာမှာမဆို ရှိနေနိုင်လို့ပါပဲ”

တိုက်ကွမ်ဟွာက မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်ထောက်ခံသည်။ “မင်းပြောတာ မှန်ပါတယ်.. ယဲ့ဖုန်းက ခြေရာဖျောက်တဲ့နေရာမှာ တကယ်ကို ကျွမ်းကျင်တယ် ဒါပေမဲ့ ငါတို့ စိတ်ချရတဲ့ သတင်းတစ်ခု ရထားတယ်.. ယဲ့ဖုန်းရဲ့ တူမလေး ဒန်ရှောင်လင်းက သွေးကင်ဆာ ခံစားနေရပြီး ကုသမှု လိုအပ်နေတယ်.. ဒါက ယဲ့ဖုန်း ဘဏ်ဓားပြတိုက်ရတဲ့ အကြောင်းရင်းလည်း ဖြစ်နိုင်တယ်”

တိုက်ကွမ်ဟွာ ပြောပြီးနောက် ရှီလဲ့ကို ထပ်မံ စောင့်ကြည့်လိုက်သော်လည်း ရှီလဲ့၏ တုံ့ပြန်မှုက သူ့ကို နောက်တစ်ကြိမ် စိတ်ပျက်စေပြန်သည်။

ရှီလဲ့က နားမလည်နိုင်သည့် အမူအရာဖြင့် “ဒန်ရှောင်လင်း ဟေးကျန်းက အမှုကြီးမှာ ကျန်ရစ်ခဲ့တဲ့ ဒန်မိသားစုက ကလေးမလေးလား.. ယဲ့ဖုန်းက သူ့ကို ဘယ်လိုများ စီစဉ်ထားတာလဲ သူတို့မှာ တခြား အပေါင်းအပါတွေ ရှိသေးလို့လား” ဟု ပြန်မေးလိုက်သည်။

တိုက်ကွမ်ဟွာက ချောင်းတစ်ချက်ဟန့်လိုက်ပြီး “ရှီလဲ့... ဒီသတင်းက ရဲတပ်ဖွဲ့ရဲ့ လျှို့ဝှက်သတင်းဖြစ်လို့ အပြင်ကို ပေးမသိပါနဲ့..ငါတို့လည်း ဒီသတင်းကို သုံးပြီး ဆေးရုံကြီးတွေမှာ စောင့်ကြည့်ပြီး ယဲ့ဖုန်း ပေါ်လာမယ့်အချိန်ကို စောင့်နေကြတာပါ” ဟု ဆိုသည်။

ရှီလဲ့က ခေါင်းညိတ်ပြသည်။ “နားလည်ပါပြီ အရာရှိတိုက်.. ကျွန်တော် ဒီသတင်းကို လျှို့ဝှက်ပေးထားပါ့မယ် ဒါနဲ့ တခြား မေးစရာမရှိတော့ရင် ကျွန်တော် ဆေးရုံက ဆင်းချင်ပါပြီ.. ကျွန်တော် ပြန်ရောက်နေပြီဆိုတာကို အိုးရန်ရှန်းကို ပြောပြီးပြီလား”

တိုက်ကွမ်ဟွာက အိုးတိုးအန်းတန်းဖြင့် “မပြောရသေးဘူး.. ငါတို့ မေ့သွားလို့ပါ” ဟု ပြောလိုက်သည်။

အမှန်စင်စစ် တိုက်ကွမ်ဟွာသည် ရှီလဲ့နှင့် ယဲ့ဖုန်းတို့ ကြိုတင်ကြံစည်ထားသလားဟု သံသယရှိနေခြင်းကြောင့် ဖြစ်သည်။ အကယ်၍ အိုရန်ရှန်းကို အကြောင်းကြားလိုက်ပြီးမှ ရှီလဲ့က တကယ်ပဲ ပါဝင်ပတ်သက်နေပါက အိုရန်ရှန်းအတွက် အခြေအနေ ခက်ခဲသွားနိုင်သောကြောင့် ဖြစ်သည်။

“ဒါဆိုရင်တော့ ကျွန်တော် အရင်ပြန်နှင့်ပါ့မယ်..ရဲဘက်က မေးစရာရှိရင် အချိန်မရွေး လာမေးလို့ ရပါတယ်.. ကျွန်တော် အိုရန်ရှန်းရဲ့ အိမ်မှာပဲ ရှိနေမှာပါ” ဟု ရှီလဲ့က တိုက်ကွမ်ဟွာနှင့် လဲ့ယာခွန်းတို့၏ ထူးဆန်းသော အကြည့်များကို လျစ်လျူရှုကာ အေးအေးဆေးဆေးပင် ပြောလိုက်တော့သည်။

All Chapters