အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အခန်း - ၄၅
ရှီလဲ့ တွင် အိုရန်ရှန်း ၏ ဖုန်းနံပါတ် မရှိချေ။ ပြောရလျှင်လည်း ထူးဆန်းလှသည်။ သူတို့နှစ်ဦးမှာ အမိုးတစ်ခုတည်းအောက်တွင် အတူနေထိုင်ကြသော်လည်း တစ်ယောက်၏ ပုဂ္ဂိုလ်ရေးဘဝကို တစ်ယောက်က မေးမြန်းလေ့မရှိကြပေ။
သူ အိမ်ပြန်ရောက်သောအခါ ညနေ ငါးနာရီပင် ကျော်နေပြီဖြစ်သည်။ ရှီလဲ့သည် ဦးစွာ ရေချိုးပြီး အဝတ်အစားအသစ် လဲလိုက်သည်။ သို့သော် သူ၏ ဂျင်းဘောင်းဘီအိတ်ကပ်ထဲတွင် စာတိုလေးတစ်စောင်ကို တွေ့လိုက်ရသည်။ ထိုစက္ကူစလေးပေါ်တွင် လှပသော အင်္ဂလိပ်လက်ရေးဖြင့် စာတစ်ပိုဒ် ရေးထား၏။ ‘အစ်ကိုကြီး... အက်ဖရိုဒိုက်က အစ်ကို့ကို ကယ်ခဲ့တာနော်..အစ်ကို ငါ့ကို ကျေးဇူးတင်စကား ပြောသင့်တယ်’ စာ၏အဆုံးတွင် အီးမေးလ်လိပ်စာတစ်ခုလည်း ပါရှိသည်။
ရှီလဲ့မှာ အံ့ဩသွားပြီး “အင်္ဂလိပ်စာ.. အက်ဖရိုဒိုက် အစ်ကိုကြီး ဒါက ဘာတွေလဲဟ”
ရှီလဲ့သည် သူ၏အခန်းထဲသို့ ဝင်သွားပြီးနောက် ဦးစွာ ဆာဗာနံပါတ် (၁) ပေါ်ရှိ ‘အပြုအမူပိုင်းဆိုင်ရာ လှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်’ ကို ဖယ်ရှားလိုက်ပြီး လုံခြုံရေးအားနည်းချက် စစ်ဆေးမှုရလဒ်များကို စစ်ဆေးလိုက်သည်။ ဆာဗာနံပါတ် (၁) သည် ကမ္ဘာ့အဆင့် (၉) ရှိသော စူပါကွန်ပျူတာကို သိမ်းပိုက်ရန် အသုံးပြုတော့မည့်အရာ ဖြစ်သဖြင့် အမှားအယွင်း အစွန်းအထင်း အဖြစ်မခံနိုင်ပေ။
မဟုတ်ပါက စူပါကွန်ပျူတာကို ထိန်းချုပ်ခွင့် ဆုံးရှုံးရုံသာမက ယဲ့ဖုန်း ဘက်တွင်လည်း သူပေးထားသည့် ကတိကို ဖျက်သလို ဖြစ်သွားပေလိမ့်မည်။
ဆာဗာနံပါတ် (၁) ၏ အခြေအနေမှာ အလွန်ကောင်းမွန်သည်။ ရှီလဲ့ ကိုယ်တိုင်ရေးသားထားသည့် စနစ်သည် လူသိရှင်ကြားဖြစ်နေသော လုံခြုံရေးအားနည်းချက်များကိုသာမက လူမသိသေးသည့် အားနည်းချက်များစွာကိုပါ ရှီလဲ့က ကြိုတင်ပြင်ဆင် ပိတ်ဆို့ထားပြီးဖြစ်သည်။
၂၀၀၆ ခုနှစ်တွင် ကမ္ဘာ့အဆင့် (၉) ရှိသော စူပါကွန်ပျူတာကို ‘ယန်’ ဟု ခေါ်ဆိုကြသည်။
စူပါကွန်ပျူတာ ‘ယန်’ သည် ဂျပန်နိုင်ငံ၊ တိုကျိုစက်မှုတက္ကသိုလ် ၏ ကမ္ဘာလုံးဆိုင်ရာ သိပ္ပံဆိုင်ရာ သတင်းအချက်အလက်နှင့် တွက်ချက်ရေးဗဟိုဌာန တွင် ရှိသည်။
စူပါကွန်ပျူတာ ‘ယန်’ ၏ တွက်ချက်မှုစွမ်းရည်မှာ တစ်စက္ကန့်လျှင် အကြိမ်ပေါင်း ၄၇.၄ ထရီလီယံအထိ ရှိပြီး ကမ္ဘာ့အဆင့် (၉) ရှိသည်။
ရှီလဲ့ အသုံးပြုနေသော ဆာဗာနံပါတ် (၁) ကို တွားသွားနေသည့် လိပ်တစ်ကောင်နှင့် နှိုင်းယှဉ်ပါက ရွှမ်ချင်း တက္ကသိုလ်၏ ဆာဗာမှာ လူတစ်ယောက် ပြေးနေသည့်အရှိန်ရှိပြီး စူပါကွန်ပျူတာ ‘ယန်’ ၏ အရှိန်မှာတော့ ဒုံးပျံထက်ပင် မြန်ဆန်လှပေသည်။
အကယ်၍ ရှီလဲ့သာ စူပါကွန်ပျူတာ ‘ယန်’ ကို ထိန်းချုပ်နိုင်ခဲ့ပါက သူ့အတွက် အထောက်အကူ အများကြီး ဖြစ်စေလိမ့်မည်။ အနည်းဆုံးတော့ နောင်တစ်ချိန်တွင် သူ တစ်စုံတစ်ယောက်ကို တိုက်ခိုက်လိုပါက စိုးရိမ်ကြောင့်ကြနေစရာမလိုဘဲ စူပါကွန်ပျူတာ ‘ယန်’ ကို အသုံးပြုပြီး တစ်ပါတည်း ချေမှုန်းနိုင်မည်ဖြစ်သည်။
ရှီလဲ့သည် ဆာဗာနံပါတ် (၁) ကို စစ်ဆေးပြီးနောက် တံခါးပိတ်သံ ကြားလိုက်ရသဖြင့် အိပ်ခန်းထဲမှ ထွက်လာရာ နုံးချိနေသော အိုရန်ရှန်းကို တွေ့လိုက်ရသည်။
အိုးရန်ရှန်းသည် ရှီလဲ့ကို ကြည့်ပြီး မျက်ရည်များ ချက်ချင်း ဝဲလာတော့သည်။
“ရှီလဲ့”
ရှီလဲ့က တောက်ပစွာ ပြုံးပြရင်း “အိုးရန်... ငါ ပြန်လာပြီ!” ဟု ဆိုသည်။
ရှီလဲ့ ဘေးကင်းစွာ ပြန်လာသဖြင့် အိုးရန်ရှန်း ဝမ်းသာမိသော်လည်း သူမ၏ ရဲအရာရှိ စိတ်ဓာတ်က ရှီလဲ့ မည်ကဲ့သို့ ဘေးကင်းစွာ ပြန်လာနိုင်သည်ကို သံသယဝင်မိစေသည်။
“ရှီလဲ့... မင်း ဘယ်လိုဖြစ်ပြီး... ဘယ်လို ပြန်လာနိုင်တာလဲ” အိုးရန်ရှန်းက နှုတ်ခမ်းကိုကိုက်ကာ အားနာနာဖြင့် မေးလိုက်သည်။ သူမ၏ စိတ်ထဲတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်နေသည်။ အကယ်၍ ရှီလဲ့နှင့် ယဲ့ဖုန်းတို့မှာ တစ်ဖွဲ့တည်းမဟုတ်ပါက ရှီလဲ့သည် သူမအသက်ကို ကယ်တင်ခဲ့သည့် သူရဲကောင်းဖြစ်ပြီး၊ အကယ်၍ သူတို့မှာ တစ်ဖွဲ့တည်းဖြစ်နေပါက ဤအရာအားလုံးမှာ ရှီလဲ့ ဖန်တီးထားသည့် လှည့်ကွက်ကြီးတစ်ခုသာ ဖြစ်ပေလိမ့်မည်။
ရှီလဲ့သည် အိုးရန်ရှန်း၏ မျက်လုံးများထဲမှ ဝေခွဲမရမှုကို မြင်လိုက်ရသဖြင့် သူ မည်ကဲ့သို့ လွတ်မြောက်လာသည်၊ တိုက်ကွမ်ဟွာ က သူ့ကို မည်သို့ စစ်မေးခဲ့သည်တို့ကို အသေးစိတ် ပြောပြလိုက်သည်။ နောက်ဆုံးတွင်တော့ သူ တွေ့ခဲ့သည့် အင်္ဂလိပ်စာနှင့် ရေးထားသော စာတိုလေးကို ထုတ်ပြလိုက်သည်။
“အိုးရန်... ကြည့်ပါဦး ဒါက ငါ့ကို ကယ်ခဲ့တဲ့ စိတ်ကောင်းရှိသူလေး ထားခဲ့တဲ့ ဆက်သွယ်ရန်လိပ်စာပဲ”
အိုးရန်ရှန်းသည် စိတ်ထဲမှ အဖုအထစ်များ ပြေပျောက်သွားကာ ပျော်ရွှင်စွာ ပြုံးလိုက်တော့သည်။ သူမက ရှီလဲ့ကို ယခင်ကထက် ပိုမိုနူးညံ့သော အကြည့်ဖြင့် ကြည့်ကာ “ရှီလဲ့... မင်း ဘေးကင်းကင်း ပြန်ရောက်လာတာကိုပဲ ဘုရားသခင်ကို ကျေးဇူးတင်ရမယ်..သူက မင်းကို ကယ်ခဲ့တာဆိုတော့ ကျေးဇူးတင်စာလေးတော့ ပို့လိုက်သင့်တယ်နော်” ဟု ဆိုသည်။
ရှီလဲ့က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ... ငါ သူ့ကို ကျေးဇူးတင်စကား ပြောလိုက်ပါ့မယ်”
အိုးရန်ရှန်းက ရှီလဲ့ကို နူးညံ့စွာ ပြုံးပြရင်း “ရှီလဲ့... ကျေးဇူးတင်ပါတယ်.. ဒီညတော့ မင်းကို ကျေးဇူးဆပ်တဲ့အနေနဲ့ ငါ ကိုယ်တိုင် အရသာရှိတဲ့ ဟင်းတွေ အများကြီး ချက်ပေးမယ်” ဟု ဆိုသည်။
“ဝါး... အိုးရန် အဲဒါ တကယ် ကောင်းတာပဲ” ရှီလဲ့ ဝမ်းသာအားရ ပြောလိုက်သည်။ အိုးရန်ရှန်း၏ ဟင်းချက်လက်ရာမှာ အလွန်ပင် ကောင်းမွန်လှသဖြင့် ရှီလဲ့၏ အစာအိမ်မှာ သူမ၏ လက်ရာကို စွဲလန်းနေပြီဖြစ်သည်။
“ရှီလဲ့... မင်းရဲ့ ကျေးဇူးရှင်ဆီကို အရင်ဆုံး အီးမေးလ် ပြန်လိုက်ဦးလေ.. ဟင်းကျက်ရင် ငါ လှမ်းခေါ်လိုက်မယ်” အိုးရန်ရှန်းမှာ ရှီလဲ့၏ ချီးကျူးမှုကြောင့် ကျေနပ်နေပုံရသည်။
ရှီလဲ့သည် အိပ်ခန်းထဲသို့ ပြန်ဝင်သွားပြီး ဆာဗာနံပါတ် (၁) ကို ပရိုဂရမ်ဖြင့် ချိတ်ဆက်လိုက်သည်။ ထို့နောက် အီးမေးလ်ထဲသို့ ဝင်ကာ ကျေးဇူးတင်စာ စတင်ရေးတော့သည်။
စက္ကူစလေးပေါ်တွင် အင်္ဂလိပ်လို ရေးထားသဖြင့် ရှီလဲ့ကလည်း အင်္ဂလိပ်လိုပင် ပြန်ရေးလိုက်သည်။ ထူးချွန်သော ဟက်ကာတိုင်းသည် အင်္ဂလိပ်စာ ကျွမ်းကျင်ကြသည်မှာ မဆန်းပေ။ အကြောင်းမှာ ကွန်ပျူတာ ပရိုဂရမ်များမှာ အင်္ဂလိပ်စာဖြင့် ရေးသားထားခြင်းကြောင့် ဖြစ်သည်။
ဆယ်မိနစ်ခန့် အချိန်ယူပြီးနောက် ရှီလဲ့သည် အင်္ဂလိပ်လို ရှည်ရှည်လျားလျား ကျေးဇူးတင်စာတစ်စောင် ရေးသားကာ ပေးထားသည့် အီးမေးလ်လိပ်စာသို့ ပို့လိုက်သည်။
ပေကျင်းခရိုင်ရှိ ၈၈ ထပ်မြင့်သော ‘ကျင်းရှန့်’ ဟိုတယ်သည် ရွှမ်ချင်းမြို့၏ အထင်ကရ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကြီး ဖြစ်သည်။ ရွှမ်ချင်းသို့ လာရောက်ကြသည့် နိုင်ငံခြားသားများနှင့် စီးပွားရေးသမား အများစုမှာ ထိုဟိုတယ်တွင်သာ တည်းခိုလေ့ရှိကြသည်။
ဘာဘာရီ ကိုယ်စားလှယ်အဖွဲ့သည် ထိုဟိုတယ်၏ ၆၈ ထပ်တွင် သမ္မတအဆောင်တစ်ခုနှင့် စီးပွားရေးအဆောင် နှစ်ခုကို ငှားရမ်းထားသည်။ သမ္မတအခန်းတွင် ဘာဘာရီ၏ အမှုဆောင်ဒါရိုက်တာ ဒေစီ အယ်လ်ဘာတာ နှင့် သူမ၏သမီး အက်ဖရိုဒိုက် အယ်လ်ဘာတာတို့ နေထိုင်ကြသည်။
အက်ဖရိုဒိုက်သည် လက်ပ်တော့ကို ကိုင်ကာ နူးညံ့သော ကုတင်ပေါ်တွင် ထိုင်နေသည်။ သူမ၏ ဝမ်းနည်းရိပ်သန်းနေသော မျက်လုံးများတွင် ရံဖန်ရံခါ အပြုံးများ ပေါ်လာတတ်သည်။
“ဒင် “
လက်ပ်တော့မှ အသံလေး မြည်လာသဖြင့် အီးမေးလ်အသစ် ရောက်လာပြီမှန်း သိလိုက်ရသည်။
အက်ဖရိုဒိုက် အီးမေးလ်ကို ဖွင့်ကြည့်လိုက်သောအခါ သူမ တွေးနေမိသည့်လူဆီမှ ဖြစ်နေသဖြင့် သူမ၏ မျက်နှာတွင် အပြုံးများ ပိုမို ထင်ဟပ်လာတော့သည်။
ရှီလဲ့၏ ကျေးဇူးတင်စာမှာ အလွန်ပင် ပိုပိုသာသာ ချီးကျူးထားသည့် စာမျိုးဖြစ်သည်။ တစ်စောင်လုံးမှာ ရှက်စရာကောင်းလောက်အောင် မြှောက်ပင့်လွန်းလှသဖြင့် အက်ဖရိုဒိုက်မှာ အော်ဟက်ရယ်မောမိတော့သည်။ သူမက ရှီလဲ့ဆီသို့ စာတစ်ကြောင်းတည်းသာ ပြန်လိုက်သည်။
‘ဒီလောက် ချီးကျူးနေတာတွေကို ဘုရားသခင်အတွက်ပဲ ချန်ထားလိုက်ပါတော့’
ဂျင်းယာနေအိမ်တွင်တော့ ရှီလဲ့သည် အပြုအမူပိုင်းဆိုင်ရာ ဖမ်းယူရေး ပရိုဂရမ်ကို ပိုမို တိကျကောင်းမွန်အောင် ပြင်ဆင်နေသည်။
အီးမေးလ်သစ် ရောက်နေကြောင်း ဘရောင်ဆာ က သတိပေးသော်လည်း သူ သတိမထားမိပေ။ ဆယ်မိနစ်ခန့် ကြာပြီးမှ ရှီလဲ့ အီးမေးလ်ကို ဖွင့်ကြည့်လိုက်ရာ အက်ဖရိုဒိုက်ဆီမှ စာကို တွေ့လိုက်ရသည်။
ရှီလဲ့မှာ နှုတ်ခမ်းမဲ့လိုက်မိသည်။ သူက ဘုရားသခင်ကို မယုံကြည်ပေ။
ရှီလဲ့သည် အီးမေးလ် ပြန်ပို့ရန် ဆုံးဖြတ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖက်လူက သူ့ကို ကယ်ခဲ့သည် မဟုတ်ပါလား။ ရှီလဲ့က အက်ဖရိုဒိုက်၏ အကြောင်းအချို့ကို စတင်မေးမြန်းလိုက်သည်။
‘အက်ဖရိုဒိုက်... မင်းက တရုတ်က မဟုတ်ဘူးမလား.. ဘယ်နိုင်ငံကလဲ ရွှမ်ချင်းကို အလည်လာတာလား.. လမ်းပြ လိုအပ်သလား. ဟဲဟဲ... မင်းက ငါ့ကို ကယ်ခဲ့တာဆိုတော့ ငါက မင်းအတွက် အခမဲ့ လမ်းပြ လုပ်ပေးနိုင်သလို အခမဲ့ ဘာသာပြန်လည်း လုပ်ပေးနိုင်ပါတယ်’
ရှီလဲ့နှင့် အက်ဖရိုဒိုက်တို့မှာ အီးမေးလ်မှတစ်ဆင့် စကားစမြည် ပြောဖြစ်ကြသည်။ အက်ဖရိုဒိုက်မှာ ဂလန်နိုင်ငံမှ ဖြစ်ပြီး ရွှမ်းချင်းသို့ အပန်းဖြေခရီး လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သူမ၏ မိခင်အကြောင်းကိုမူ အက်ဖရိုဒိုက်က မပြောပေ။
သူတို့နှစ်ဦးသည် တရုတ်နိုင်ငံနှင့် ဂလန်နိုင်ငံတို့၏ ရိုးရာဓလေ့များအကြောင်း ပြောဆိုနေကြစဉ် အိုးရန်ရှန်းက ထမင်းစားရန် လှမ်းခေါ်လိုက်သည်။
ဧည့်ခန်းထဲရှိ စားပွဲပေါ်တွင် အရသာရှိသော ဟင်းလျာများစွာ တည်ခင်းထားသည်။ ရှီလဲ့မှာ သွားရည်တမြားမြား ကျလာပြီး လက်ပင် မဆေးနိုင်တော့ဘဲ ထိုင်ခုံတွင် ထိုင်ကာ ဟင်းကို ခိုးစားလိုက်သည်။
အိုးရန်ရှန်းက မီးဖိုချောင်ထဲမှ နောက်ဆုံးဟင်းဖြစ်သည့် ကန်စွန်းဥ ဝက်နံရိုးဟင်းရည်ကို သယ်လာစဉ် ရှီလဲ့ ခိုးစားနေသည်ကို မြင်သောအခါ ပြုံးလိုက်မိသည်။
“ရှီလဲ့... ဖြည်းဖြည်းစားပါ.. ဘယ်သူမှ မလုပါဘူး”
ရှီလဲ့က ပါးစပ်ထဲတွင် ဟင်းများ ပြည့်နေရင်း “သိပ်ကောင်းတာပဲ” ဟု တိုးတိုးလေး ပြောလိုက်သည်။
အိုးရန်ရှန်း၏ မျက်လုံးထဲတွင် အပြုံးများ ပိုမို တောက်ပလာသည်။ သူမသည် မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားပြီးနောက် ဝိုင်နီတစ်ပုလင်းနှင့် ဝိုင်ခွက် နှစ်ခွက်ကို ယူလာခဲ့သည်။
“ရှီလဲ့... မင်း ဘေးကင်းကင်း ပြန်ရောက်လာတာကို ဂုဏ်ပြုတဲ့အနေနဲ့ ဝိုင်လေး နည်းနည်း သောက်ကြစို့”
ရှီလဲ့က ခေါင်းညိတ်လိုက်သည်။ “အိုးရန်... မင်းက ဝိုင်သောက်နိုင်လို့လား.. နှစ်ငုံလောက်နဲ့ မူးမသွားနဲ့ဦးနော်.. အဲဒီကျရင် ငါက အခွင့်အရေး ယူမိလိမ့်မယ် ဟဲဟဲ”
အိုးရန်ရှန်းက နှာခေါင်းရှုံ့ကာ ရှီလဲ့ကို မျက်စောင်းထိုးလိုက်ပြီး “ဟွန်း... မင်း တကယ် စွမ်းတယ်ဆိုရင် ငါ့ကို မူးအောင် တိုက်ကြည့်လေ” ဟု စိန်ခေါ်လိုက်သည်။
အမှန်အတိုင်း ပြောရလျှင် ရှီလဲ့သည် ဝိုင် သိပ်မသောက်နိုင်ပေ။ အိုးရန်ရှန်းမှာလည်း ထိုနည်းတူပင်။ သူမမှာ ရဲအရာရှိဖြစ်သဖြင့် ဝိုင်နှင့် ဝေးရသလို အမျိုးသမီးဖြစ်သဖြင့်လည်း ဝိုင်သောက်နိုင်စွမ်းမှာ အဆင့်မရှိလှပေ။
မသောက်နိုင်သည့် လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စိန်ခေါ်နေကြသည်မှာ ရယ်စရာပင်။
ဝိုင်ပုလင်းကို ဖွင့်ပြီးနောက် အိုးရန်ရှန်းသည် ရှီလဲ့အတွက် တစ်ခွက် အပြည့်ထည့်ပေးပြီး သူမအတွက်လည်း တစ်ခွက် ထည့်လိုက်သည်။ ဝိုင်ခွက်ထဲရှိ အနီရောင် အရည်များမှာ ဆွဲဆောင်မှု တစ်မျိုး ရှိနေသည်။
အိုးရန်ရှန်းက သူမ၏ ဝိုင်ခွက်ကို မြှောက်ကာ ရှီလဲ့နှင့် တိုက်လိုက်ပြီး “ရှီလဲ့... ဒီနေ့ ဘဏ်မှာ မင်း လုပ်ခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်” ဟု စိတ်ရင်းဖြင့် ပြောလိုက်သည်။
ရှီလဲ့က တည်ငြိမ်စွာပင် “အိုးရန်... ငါ ပြောပြီးသားပဲ.. ယောက်ျားတစ်ယောက်ဆိုတာ ဘာလုပ်ရမလဲ၊ ဘာမလုပ်ရဘူးလဲဆိုတာ သိရမယ်.. အဲဒီအခြေအနေမှာ ယဲ့ဖုန်း မင်းကို ဖမ်းခေါ်သွားတာကို ငါ ဘယ်လို ကြည့်နေနိုင်ပါ့မလဲ” ဟု ဆိုသည်။
အိုးရန်ရှန်းက တောက်ပစွာ ပြုံးလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ရှီလဲ့... ငါ ကျေးဇူးတင်ပါတယ်..ဒီတစ်ခွက်ကို မင်း သောက်ရဲလား”
အိုးရန်ရှန်း၏ စိန်ခေါ်မှုကို ရှီလဲ့ မငြင်းဆန်နိုင်ပေ။ သူ ဝိုင်မသောက်နိုင်မှန်း သိသော်လည်း “သောက်တာပေါ့” ဟု ခိုင်မာစွာ ပြောလိုက်သည်။
ဝိုင်နီသည် အစပိုင်းတွင် ဖျော်ရည်ကဲ့သို့ သောက်ကောင်းသော်လည်း အရှိန်မှာ ပြင်းလှသည်။ လူနာနှစ်ယောက်စလုံး တစ်ခွက်စီ သောက်ပြီးနောက် မကြာမီမှာပင် ခေါင်းများ မူးလာကာ လမ်းပျောက်ကုန်တော့သည်။
သူတို့နှစ်ဦးမှာ မည်ကဲ့သို့ အိပ်ခန်းထဲအထိ ရောက်သွားပြီး အိပ်ပျော်သွားကြသည်ကိုပင် သူတို့ကိုယ်တိုင် မသိလိုက်ကြတော့ချေ။
အခန်း - ၄၆
ရွှမ်ချင်း တက္ကသိုလ်၏ အများသုံးဆာဗာအတွင်း၌ ရှီလဲ့ သည် ပို့စ်တင်သမျှ အကောင့်တိုင်း၏ လော့ဂ်အင်ဝင်သည့် IP လိပ်စာများကို စစ်ဆေးပြီး ၎င်းတို့ မှတ်ပုံတင်ထားသည့် IP လိပ်စာများအထိ နောက်ယောင်ခံလိုက်လေသည်။
စစ်ဆေးကြည့်ပြီးနောက် IP လိပ်စာအများစုမှာ ရွှမ်ချင်းတက္ကသိုလ်၏ အတွင်းပိုင်း IP လိပ်စာများဖြစ်ကြောင်း သူ တွေ့ရှိရသည်။ အနည်းငယ်မျှသာ ပြင်ပ IP လိပ်စာများ ဖြစ်ကြသည်။ တက္ကသိုလ်၏ အတွင်းပိုင်း IP လိပ်စာများဖြစ်သဖြင့် ရှီလဲ့အနေဖြင့် မည်သည့်အဆောင်၊ မည်သည့်အခန်းမှဖြစ်ကြောင်းနှင့် ထိုအခန်းရှိ လူစာရင်းကိုပါ အလွယ်တကူ ရှာဖွေနိုင်ခဲ့သည်။
ပြင်ပ IP လိပ်စာများမှာမူ အများသုံးများ ဖြစ်ကြသည်။ သို့သော် ကံဆိုးသည်မှာ သူတို့၏ ပြိုင်ဘက်မှာ ကမ္ဘာ့ထိပ်တန်းဟက်ကာ ရှီလဲ့ ဖြစ်နေခြင်းပင်။ ရှီလဲ့သည် တက္ကသိုလ်ဆာဗာမှတစ်ဆင့် ထို အများသုံးဆာဗာများထဲသို့ တိုက်ရိုက်ဟက်ဝင်ပြီး ဆာဗာအတွင်းရှိ အဝေးထိန်းစနစ်ဖြင့် လော့ဂ်အင် ဝင်ထားသော IP လိပ်စာများကို ထပ်မံစစ်ဆေးလိုက်ပြန်သည်။
စနစ်မှတ်တမ်းများအရ ထိုသူတို့ ချိတ်ဆက်ထားသည့် IP အစစ်အမှန်မှာ ရွှမ်ချင်းတက္ကသိုလ်၏ အတွင်းပိုင်း IP များပင် ဖြစ်နေပြန်သည်။
IP လိပ်စာများနှင့် အဆောင်နေလူစာရင်းကို တိုက်ဆိုင်စစ်ဆေးပြီးနောက် ရှီလဲ့သည် နာမည် ၁၆ ခုကို ရရှိခဲ့သည်။ ကွန်ပျူတာသိပ္ပံဌာန၊ ဆဋ္ဌမနှစ်၊ အခန်း (၃) မှ ကျောင်းသား ၁၂ ဦးအပြင် အခြားအတန်းများမှ ကျောင်းသား ၄ ဦးလည်း ပါဝင်နေသည်။ သို့သော် ကျောင်းတက်ခဲသော ရှီလဲ့သည် ထိုသူများကို လုံးဝမသိချေ။ သူသည် ထိုသူများကို မည်သို့များ ရန်စမိခဲ့သနည်း။
"ငါ့ကိုမသိတဲ့ ဒီလူတွေက ဘာလို့ ငါ့ကိုပစ်မှတ်ထားပြီး စော်ကားနေကြတာလဲ" ရှီလဲ့ စဉ်းစားခန်းဝင်သွားသည်။ "တစ်ယောက်ယောက်က သူတို့ကို ခိုင်းလိုက်တာများလား"
ရှီလဲ့သည် ထိုနာမည် ၁၆ ခုအပေါ် အခြေခံပြီး အချက်အလက်များ ထပ်မံရှာဖွေသည်။ ကျောင်းသားကိုယ်ရေးမှတ်တမ်းစနစ် မှတစ်ဆင့် ထို ၁၆ ဦး၏ မွေးရပ်မြေ၊ လက်ရှိနေရပ်နှင့် မိဘအမည်များကို ရှာတွေ့ခဲ့သည်။
ထို ၁၆ ဦးစလုံးမှာ ရွှမ်ချင်းမြို့ခံများ ဖြစ်ကြပြီး၊ အထူးသဖြင့် အခြားအတန်းမှ ကျောင်းသား ၄ ဦးမှာ 'ထျန်းဟူ' ဟုခေါ်သော အိမ်ရာဝင်းတစ်ခုတည်းတွင် အတူနေထိုင်ကြသူများ ဖြစ်နေသည်။
ရှီလဲ့ တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရကာ 'ထျန်းဟူ' အိမ်ရာအကြောင်း အင်တာနက်တွင် ရှာဖွေလိုက်သည်။ ထျန်းဟူအိမ်ရာသည် ရွှမ်ချင်းမြို့၏ နာမည်ကြီး အဆင့်မြင့်အိမ်ရာများထဲမှ တစ်ခုဖြစ်ပြီး ထျန်းဟူအုပ်စု မှ တည်ဆောက်ကာ ထျန်းဟူအိမ်ရာစီမံခန့်ခွဲမှုအဖွဲ့မှ အုပ်ချုပ်ခြင်းဖြစ်သည်။ ရှီလဲ့သည် ထျန်းဟူအုပ်စု၏ ပင်မဝက်ဘ်စာမျက်နှာကို ဖွင့်လိုက်ပြီး အားနည်းချက်တစ်ခုမှတစ်ဆင့် ၎င်းတို့၏ ဝက်ဘ်ဆာဗာထဲသို့ ဝင်ရောက်လိုက်သည်။
ရွှမ်းချင်းမြို့၏ အကြီးဆုံး ကော်ပိုရေးရှင်းကြီးများထဲမှ တစ်ခုဖြစ်သဖြင့် ထျန်းဟူအုပ်စုတွင် ကိုယ်ပိုင် IT ဌာန ရှိသည်။ ဌာနခွဲတစ်ခုချင်းစီတွင် ကျွမ်းကျင်သော စီမံခန့်ခွဲမှုစနစ်များ တပ်ဆင်ထားသည်။
ရှီလဲ့သည် ဝက်ဘ်ဆာဗာမှတစ်ဆင့် ထျန်းဟူအုပ်စု၏ ဒေတာဘေ့စ် ထဲသို့ ခုန်ဝင်ကာ အိမ်ရာနေထိုင်သူများ၏ အချက်အလက်များကို စတင်စုဆောင်းတော့သည်။ အချက်အလက်များ ရရှိသည်နှင့် ချက်ချင်းပင် သူဝင်ရောက်ခဲ့သည့် ခြေရာလက်ရာများကို ဖျက်ဆီးကာ ရွှမ်ချင်းတက္ကသိုလ် ဆာဗာသို့ ပြန်လာခဲ့သည်။
ထျန်းဟူအိမ်ရာ ပိုင်ရှင်စာရင်းနှင့် ကျောင်းသားမှတ်တမ်းမှ မိဘအမည်များကို တိုက်ဆိုင်စစ်ဆေးကြည့်လိုက်ရာ
မကြာမီမှာပင် ရှီလဲ့ အဖြေကို ရလိုက်ပြီ ဖြစ်သည်။
နာမည် ၅ ခုမှာ တူညီနေသည်။ ၄ ခုမှာ အခြားအတန်းမှ ကျောင်းသား ၄ ဦး၏ မိဘများဖြစ်သည်။
နောက်ဆုံး တိုက်ဆိုင်နေသည့် နာမည်မှာ ချန်ကျန့်ကျီ ဖြစ်သည်။ သူသည် ရှီလဲ့၏ အတန်းခေါင်းဆောင် ချန်မင်၏ ဖခင်ဖြစ်ပြီး ကျင်းယိုဆော့ဖ်ဝဲ ၏ CEO လည်း ဖြစ်သည်။ ရှီလဲ့ ဘေးဘီကို ကြည့်လိုက်သောအခါ ကျန်သည့် အတန်းဖော် ၁၂ ယောက်ထဲမှ ၃ ယောက်မှာ ချန်မင်၏ အဆောင်နေ သူငယ်ချင်းများဖြစ်ပြီး ကျန်သူများမှာလည်း ချန်မင်၏ အခန်းအနီးအနားမှ လူများဖြစ်ကြသည်။ သူတို့မှာ ချန်မင်၏ လက်ပါးစေများ ဖြစ်ရပေမည်။
"ဟွန်း ချန်မင်... မင်းပဲကိုး.. ငါ့ကို ထပ်ပြီး ဒုက္ခပေးပြန်ပြီပေါ့.. ပြီးခဲ့တဲ့တစ်ခေါက်က ငါ မင်းကို ကောင်းကောင်း မဆုံးမလိုက်ရလို့ ထင်တယ်" ရှီလဲ့၏ မျက်နှာမှာ တည်တင်းသွားသည်။ ချန်မင်သည် ရှီလဲ့၏ ရန်သူဖြစ်ရန် ကံပါလာသူဖြစ်သည်။ အတိတ်ဘဝတွင်လည်း ဤလူသည် လင်းယွီမော့ နောက်ကို တကောက်ကောက် လိုက်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ မအောင်မြင်ခဲ့ချေ။ သို့သော် သူ လိုက်နေစဉ်အတွင်း လင်းယွီမော့ကို စိတ်ဝင်စားသည့် မည်သည့်ယောကျ်ားလေးကိုမဆို သူက အမျိုးမျိုး နှိပ်ကွပ်လေ့ရှိသည်။ ထို့ကြောင့် ကွန်ပျူတာသိပ္ပံဌာနရှိ ယောကျ်ားလေးများမှာ လင်းယွီမော့ကို မပတ်သက်ရဲကြချေ။
"ယုတ်မာတဲ့ ချန်မင်... မင်းက အရင်စတာပဲ.. ငါ့ကိုတော့ အကြင်နာတရား မရှိဘူးလို့ လာမပြောနဲ့" ရှီလဲ့ စိတ်ထဲမှ ကြုံးဝါးလိုက်သည်။
ရွှမ်ချင်းတက္ကသိုလ် ဖိုရမ်ပေါ်တွင် ရှီလဲ့သည် သူ့အကြောင်း ရေးထားသည်များကို ဖျက်မပစ်ခဲ့ပေ။ အကယ်၍ သူသာ ဖျက်ပစ်လိုက်ပါက သူ၏ ရည်ရွယ်ချက်မှာ အလွန်သိသာသွားပေလိမ့်မည်။ ထို့ကြောင့် ရှီလဲ့သည် မတော်တဆမှုတစ်ခု သို့မဟုတ် ကြိုတင်ကြံစည်ထားသည့် လူလုပ်မတော်တဆမှုတစ်ခုကို ဖန်တီးရန် စီစဉ်လိုက်သည်။
ရှီလဲ့သည် ဦးစွာ ရွှမ်ချင်းတက္ကသိုလ် အများသုံးဆာဗာ၏ လုံခြုံရေးမူဝါဒများကို ပြင်ဆင်လိုက်သည်။ ၎င်းက ဆာဗာ၏ လုံခြုံရေးအဆင့်ကို သိသိသာသာ လျော့ကျသွားစေသည်။ ထို့နောက် ဆာဗာအတွင်း၌ အတုအယောင်စနစ် ကြီးတစ်ခုကို ဖန်တီးလိုက်သည်။ ဤအတုအယောင်စနစ်သည် တက္ကသိုလ်ဖိုရမ်၏ အချက်အလက်များကို ထိန်းချုပ်ရန် အမြင့်ဆုံးလုပ်ပိုင်ခွင့်ရှိသော်လည်း အခြားကဏ္ဍများအတွက်မူ အတုအယောင်အချက်အလက်များကိုသာ ထိန်းချုပ်နိုင်သည်။ ဆိုလိုသည်မှာ တစ်စုံတစ်ယောက်က ဆာဗာကို ဟက်ဝင်ပြီး အမြင့်ဆုံးလုပ်ပိုင်ခွင့်ကို ရရှိသွားပါက ဖိုရမ်ရှိသမျှကို ထိန်းချုပ်နိုင်သော်လည်း အခြားအရေးကြီးစနစ်များဖြစ်သည့် အင်တာနက်လစဉ်ကြေးပေးစနစ်၊ ကတ်စနစ် စသည်တို့ကိုတော့ အစစ်အမှန် ပြင်ဆင်နိုင်မည်မဟုတ်ချေ။ ဒေတာများ ပြောင်းလဲနေသော်လည်း အပြင်က စနစ်အစစ်အမှန်တွင်တော့ ဘာမှ ပြောင်းလဲမည်မဟုတ်ပေ။
တစ်နာရီကျော် အချိန်ယူပြီးနောက် ရှီလဲ့သည် ထိုစနစ်ကို ဖန်တီးပြီး တက္ကသိုလ်ဆာဗာထဲသို့ ထည့်သွင်းမောင်းနှင်လိုက်သည်။ ရှီလဲ့ ကိုယ်တိုင် စမ်းသပ်ကြည့်ရာ အင်တာနက်လစဉ်ကြေးစနစ်ရှိ ဒေတာများကို ၁၀ လစာ တိုးမြှင့်ကြည့်သော်လည်း ထိုစနစ်ထဲတွင်သာ ပြောင်းလဲသွားပြီး စနစ်အစစ်အမှန်တွင်တော့ မူလအတိုင်းပင် ရှိနေသေးသည်။
နောက်ဆုံးတွင်တော့ ရှီလဲ့သည် ဖိုင်းယားဝေါလ်အချို့ကို ပြင်ဆင်ပြီး တက္ကသိုလ်ဆာဗာကို စတင်ထိန်းချုပ်လိုက်သည်။ ထို့နောက် သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ဆာဗာကို ခိုးကြောင်ခိုးဝှက် ဟက်နေသည့်ပုံစံ ဟန်ဆောင်လိုက်သည်။ ဟက်နေစဉ်အတွင်းမှာပင် တစ်ဖက်တက္ကသိုလ်က သိသွားစေရန် သဲလွန်စအချို့ကို တမင်တကာ ချန်ထားခဲ့သည်။
သိပ္ပံနှင့်နည်းပညာတက္ကသိုလ်သည် ယခင်က ဟက်ခံရဖူးပြီး ငွေကျပ် ၅ သန်းကျော် ဆုံးရှုံးဖူးသဖြင့် သူတို့၏ ဆာဗာကို လုံခြုံရေးဝန်ထမ်းများက အမြဲစောင့်ကြည့်နေကြသည်။ ရှီလဲ့က သဲလွန်စချန်ခဲ့သည်နှင့် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ လုံခြုံရေးများက ချက်ချင်း သိသွားတော့သည်။
ယနေ့ ဆာဗာကို စောင့်ကြည့်နေသူမှာ သူတို့၏ ရန်ဘက်ဟောင်းဖြစ်သော ကွန်ပျူတာကလပ်၏ ဒု-ဥက္ကဋ္ဌ ချန်ဖုန်း ပင် ဖြစ်သည်။ ပြီးခဲ့သည့်တစ်ခေါက်က ချန်ဖုန်းသည် သူ၏ဆရာဖြစ်သူ 'ဟိုင်လန်' ကို သစ္စာဖောက်ခဲ့သဖြင့် ဟိုင်လန်က သူ့ကို လာရောက်ရင်ဆိုင်ခဲ့ဖူးသည်။ ကံကောင်းထောက်မစွာဖြင့် ချန်ဖုန်း၏ လျှာအရိုးမရှိ စကားအပြောကောင်းမှုကြောင့် ဟိုင်လန်က သူ့ကို ခွင့်လွှတ်ပေးခဲ့ရုံသာမက ရှီလဲ့၏ ဟက်ကာနာမည်ဖြစ်သော 'လူစီဖာ' ကိုပါ တိတ်တဆိတ် မုန်းတီးသွားစေခဲ့သည်။
ယခုတစ်ခါ ရွှမ်ချင်းတက္ကသိုလ်က သူတို့ဆာဗာကို လာဟက်နေသည်ကို တွေ့သောအခါ ချန်ဖုန်းသည် သူတို့ဌာနမှူး ဟွမ်ချိုးလင် ချက်ချင်း ဖုန်းဆက်လိုက်သည်။
"ဟဲလို... ဌာနမှူးဟွမ်... ရွှမ်ချင်းတက္ကသိုလ်က ကျွန်တော်တို့ဆာဗာကို လာဟက်နေတာ တွေ့လိုက်ရတယ်ခင်ဗျ" ချန်ဖုန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဟွမ်ချိုးလင်က နှာခေါင်းရှုံ့ရင်း "ရွှမ်းချင်းတက္ကသိုလ် နောက်တစ်ခါလား...သူတို့တွေ သိပ်လွန်လာပြီပဲ..ချန်ဖုန်း... ကွန်ပျူတာကလပ်ကို ဦးဆောင်ပြီး သူတို့ကို ခဏလောက် ထိန်းထားလိုက်ပါ ငါ ကွန်ပျူတာကလပ်က ဆရာတွေကို ဆက်သွယ်ပြီး ချက်ချင်း လာခဲ့မယ်... ဒီတစ်ခါတော့ ရွှမ်ချင်းတက္ကသိုလ်ကို အမှုန့်ဖြစ်သွားအောင် လုပ်ပစ်ရမယ်" ဟု ဆိုသည်။
ချန်ဖုန်း စိတ်ထဲမှ ဝမ်းသာသွားပြီး "ဌာနမှူးဟွမ် ကိုယ်တိုင်ပါဝင်မယ်ဆိုရင်တော့ ရွှမ်ချင်းတက္ကသိုလ်ကတော့ သွားပြီပဲ" ဟု မြှောက်ပင့်လိုက်သည်။
ဟွမ်ချိုးလင်က ရယ်မောရင်း "ချန်ဖုန်း... ကောင်းကောင်းလုပ်ပါ... ရွှမ်ချင်းတက္ကသိုလ်ကို အနိုင်ယူပြီးရင် အားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ စားသောက်ပွဲလုပ်ပေးမယ်" ဟု ကတိပေးလိုက်သည်။
သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ကွန်ပျူတာကလပ်တွင် အဖွဲ့ဝင် တစ်ရာကျော် ရှိသည်။ ချန်ဖုန်း၏ ဖုန်းကို ရရခြင်းတွင်ပင် တာဝန်ရှိသူများက အဖွဲ့ဝင်များကို ချက်ချင်း ခေါ်လိုက်ကြသည်။ ၁၀ မိနစ်မပြည့်မီမှာပင် အဖွဲ့ဝင်အားလုံး ကလပ်၏ လှုပ်ရှားမှုအခန်းထဲသို့ ရောက်ရှိလာကြပြီး ရွှမ်ချင်းတက္ကသိုလ်၏ ကျူးကျော်မှုကို ဟန့်တားရန် အင်အားစုစည်းလိုက်ကြသည်။
ရှီလဲ့ တစ်ယောက်တည်းက ရွှမ်ချင်းတက္ကသိုလ် ဆာဗာကို ထိန်းချုပ်ကာ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို တိုက်ခိုက်နေခြင်း ဖြစ်သည်။ သူက တမင်တကာ မခုခံသည့်အပြင် သူ၏ တိုက်စစ်များမှာလည်း စူးရှလှသည်။ တစ်ဖက်ဆာဗာထဲ မရောက်မချင်း မရပ်နားမည့် ပုံစံမျိုးပင်။
ရှီလဲ့၏ ပြင်းထန်သော တိုက်စစ်ကြောင့် ကွန်ပျူတာကလပ် အဖွဲ့ဝင်များမှာ အထိတ်တလန့် ခုခံနေကြရသည်။ ၎င်းမှာ လူတစ်ယောက်တည်း၏ တိုက်စစ်ဟု သူတို့ မထင်မှတ်ကြဘဲ ရွှမ်းချင်းတက္ကသိုလ် ကွန်ပျူတာကလပ် တစ်ခုလုံးက ကျူးကျော်နေသည်ဟုသာ ထင်နေကြသည်။
ရှောင်ပိုင် က ချန်ဖုန်း၏ ဘေးတွင် ထိုင်ကာ "ဒု-ဥက္ကဋ္ဌ... ရွှမ်ချင်းတက္ကသိုလ်က ကောင်တွေ ဒီတစ်ခါ ပိုတော်လာသလိုပဲ" ဟု ပြောသည်။
ချန်ဖုန်းက ခေါင်းညိတ်ရင်း "စိတ်မပူနဲ့.. ဒီတစ်ခါ ဌာနမှူးဟွမ်နဲ့ ဆရာတွေပါ ပါလာမှာ...ခဏနေရင် သူတို့ကို ဘောင်းဘီထဲ သေးထွက်သွားအောင် လုပ်ပစ်မယ်" ဟု ဆိုသည်။
ဟွမ်ချိုးလင် ပါဝင်မည်ဆိုသည်ကို ကြားသောအခါ ရှောင်ပိုင် စိတ်အေးသွားသည်။ "ညီအစ်ကိုတို့... ဌာနမှူးဟွမ်လည်း ငါတို့နဲ့အတူ ပါဝင်တိုက်ခိုက်လိမ့်မယ်... အားလုံး ကြိုးစားကြစို့၊ ရွှမ်းချင်းတက္ကသိုလ်က အမှိုက်တွေကို ရှင်းကြစို့"
"ရွှမ်ချင်းတက္ကသိုလ်ကို အမှုန့် ခြေကြစို့"
"ရွှမ်ချင်းတက္ကသိုလ်ကို အမှုန့်ခြေကြစို့"
ကွန်ပျူတာကလပ် အဖွဲ့ဝင်များဆီမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ သူတို့၏ စုပေါင်းအင်အားမှာ အနည်းငယ် အားနည်းသော်လည်း၊ ရှီလဲ့က ဆာဗာမူဝါဒများကို ပြင်ဆင်ထားပြီး ဖိုင်းယားဝေါလ် များကိုလည်း လျှော့ချပေးထားသဖြင့် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဘက်က ၁၀ မိနစ်ခန့်အကြာတွင် ရွှမ်းချင်းတက္ကသိုလ်၏ ဖိုင်းယားဝေါလ်ကို ချိုးဖျက်ကာ စနစ်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။
သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ကွန်ပျူတာကလပ်ထဲတွင် ရှောင်ပိုင်က ရယ်မောရင်း "ဒု-ဥက္ကဋ္ဌ... ကျွန်တော်တို့ ရွှမ်ချင်းတက္ကသိုလ် ဆာဗာထဲကို ဖောက်ဝင်နိုင်ပြီ" ဟု အော်ပြောလိုက်သည်။
ချန်ဖုန်းကတော့ ယခင်က အဖြစ်ဆိုးများကို သတိရကာ "ရှောင်ပိုင်... မင်းတို့ ဆက်ပြီး ကျူးကျော်ကြ၊ ဆာဗာရဲ့ အမြင့်ဆုံးလုပ်ပိုင်ခွင့်ကို ရအောင်ယူ... ငါကတော့ ငါတို့ဘက်က လုံခြုံရေးကို စောင့်ကြည့်ပေးမယ်" ဟု သတိကြီးစွာ ပြောလိုက်သည်။
ဤတစ်ခါတွင် ရှီလဲ့က သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဘက်မှ ဟက်ကာများကို တမင်အဝင်ခံထားခြင်းဖြစ်ပြီး နောက်ယောင်ခံလိုက်ရန်လည်း အစီအစဉ်မရှိသဖြင့် ချန်ဖုန်း၏ လုံခြုံရေးပြင်ဆင်မှုများမှာ အလဟဿသာ ဖြစ်ပေလိမ့်မည်။
ဟွမ်ချိုးလင်နှင့် ကွန်ပျူတာကလပ်မှ ဆရာများ ရောက်ရှိလာသောအခါ ရှောင်ပိုင်နှင့် အဖွဲ့သားများမှာ အမြင့်ဆုံးလုပ်ပိုင်ခွင့်ကို ရရှိရန် ကြိုးစားနေကြပြီဖြစ်သည်။ ၎င်းမှာ စနစ်အတုသာ ဖြစ်သော်လည်း ရှီလဲ့၏ ခုခံမှုမှာ အလွန်ပင် ခိုင်မာလှသဖြင့် ရှောင်ပိုင်တို့မှာ အမြင့်ဆုံးလုပ်ပိုင်ခွင့်ကို အလွယ်တကူ မရရှိနိုင်ကြသေးချေ။
ရှီလဲ့က သူတို့ကို မပေးချင်ခြင်း မဟုတ်ဘဲ အလွယ်တကူ ပေးလိုက်ပါက တစ်ဖက်လူက သံသယဝင်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ရွှမ်ချင်းတက္ကသိုလ်နှင့် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တို့မှာ ရန်ဘက်ဖြစ်သည်မှာ ကြာပြီဖြစ်သဖြင့် တစ်ဖက်နှင့်တစ်ဖက်၏ အရည်အချင်းကို ကောင်းစွာ သိထားကြသည်။
ချန်ဖုန်းက "ဌာနမှူးဟွမ်... ကျွန်တော်တို့ ရွှမ်ချင်းတက္ကသိုလ် ဆာဗာထဲကိုတော့ ဝင်နိုင်ပြီ၊ ဒါပေမဲ့ အမြင့်ဆုံးလုပ်ပိုင်ခွင့် ကိုတော့ မရနိုင်သေးဘူး.. ဌာနမှူးပဲ ကူညီပေးပါဦး" ဟု ပြောလိုက်သည်။
ဟွမ်ချိုးလင်က ပြုံးကာ ခေါင်းညိတ်ပြသည်။ "အဖိုးကြီး ကျိမင်ယဲ့ ရဲ့ ခုခံမှုကို မင်းတို့ မချိုးဖျက်နိုင်တာ မဆန်းပါဘူး.. ဒါပေမဲ့ မင်းတို့ ဆာဗာထဲအထိ ဖောက်ဝင်နိုင်တာကိုတော့ ချီးကျူးပါတယ်... အမြင့်ဆုံးလုပ်ပိုင်ခွင့်ကို ရပြီး ရွှမ်ချင်းတက္ကသိုလ်ကို အရှက်ခွဲပြီးရင် မွန်းတည့်ကျရင် ဟော့ပေါ့ သွားစားကြတာပေါ့"
ကွန်ပျူတာကလပ် အဖွဲ့ဝင်များမှာ ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။
ဟွမ်ချိုးလင်နှင့် ဆရာများမှာ ကွန်ပျူတာများရှေ့တွင် ထိုင်ကာ ရွှမ်ချင်းတက္ကသိုလ် ဆာဗာကို ကျူးကျော်ရန် ပြင်ဆင်လိုက်ကြတော့သည်။
"ဌာနမှူး... ကျွန်တော်တို့ လမ်းကြောင်းဖွင့်ထားပေးပါတယ်..အမြန်လာခဲ့ပါ" ရှောင်ပိုင်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ "ဌာနမှူးဟွမ်က တကယ်ကို စွမ်းပါတယ်..အမြင့်ဆုံးလုပ်ပိုင်ခွင့်ကို ရအောင် ယူပြလိုက်ပါ"