အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အခန်း - ၄၇
သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ကွန်ပျူတာကလပ် လှုပ်ရှားမှုအခန်းထဲတွင် ဟွမ်ချိုးလင် သည် လက်နှစ်ဖက်လုံးဖြင့် ကီးဘုတ်ကို အပြင်းအထန် ရိုက်နှိုက်နေသည်။ သူသည် အသက်အရွယ်ရနေပြီ ဖြစ်သော်လည်း လက်အရှိန်မှာ လုံးဝမနှေးကွေးဘဲ ကွန်ပျူတာကလပ် အဖွဲ့ဝင်အများစုထက်ပင် ပိုမိုမြန်ဆန်နေသေးသည်။
ဟွမ်ချိုးလင်နှင့် ကွန်ပျူတာဌာနမှ ဆရာများသည် ကလပ်အဖွဲ့ဝင်များ ဖွင့်ပေးထားသော လမ်းကြောင်းများမှတစ်ဆင့် ရွှမ်ချင်း တက္ကသိုလ် ဆာဗာထဲသို့ ဝင်ရောက်သွားကြသည်။ ထို့နောက် ၎င်းတို့သည် လုပ်ပိုင်ခွင့်အုပ်စု များကို စတင်ရှင်းလင်းတော့သည်။ ရွှမ်ချင်းတက္ကသိုလ် ဆာဗာ၏ အက်ဒမင် များကို တစ်ယောက်ပြီးတစ်ယောက် ကန်ထုတ်ပြီးနောက် အမြင့်ဆုံးလုပ်ပိုင်ခွင့်အုပ်စု ကို စတင်တိုက်ခိုက်ကြတော့သည်။
ပါရဂူတန်းအဆောင် အခန်း ၅၀၁ တွင် ရှီလဲ့ သည် ရွှမ်ချင်းတက္ကသိုလ် ဆာဗာကို အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်နေစဉ် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဘက်မှ တိုက်စစ်မှာ ရုတ်တရက် ပိုမိုပြင်းထန်လာသည်ကို သတိထားမိလိုက်သည်။ အကျင့်မကောင်းသည့် ဟွမ်ချိုးလင် ကိုယ်တိုင် တိုက်ပွဲထဲ ပါဝင်လာပြီမှန်း သူ သိလိုက်သည်။
သိပ္ပံနှင့်နည်းပညာတက္ကသိုလ်နှင့် ရွှမ်ချင်းတက္ကသိုလ်တို့၏ တိုက်ပွဲမှာ နှစ်ဖက်ကွန်ပျူတာဌာန ဆရာများအကြား တိုက်ပွဲဖြစ်သင့်သော်လည်း အကျင့်မကောင်းသည့် ဟွမ်ချိုးလင်မှာ တိုက်ပွဲထဲသို့ မကြာခဏ ဝင်ရောက်စွက်ဖက်လေ့ရှိသည်။ ထို့ကြောင့် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က ရွှမ်ချင်းတက္ကသိုလ်ကို အကြိမ်ကြိမ် နှိပ်ကွပ်နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ဖက်တွင်မူ ရွှမ်ချင်းတက္ကသိုလ်ဌာနမှူး ကျီမင်ယဲ့မှာ အလွန်ဖြောင့်မတ်လွန်းလှသည်။ တစ်ဖက်က ဌာနမှူး ကိုယ်တိုင်ပါဝင်နေသည်ကို သိသော်လည်း သူကတော့ ဆာဗာ၏ ဖိုင်းယားဝေါလ် အတွက်သာ အကူအညီပေးပြီး တိုက်စစ်ပိုင်းတွင်မူ ဘာမှဝင်မလုပ်ပေးချေ။
ရှီလဲ့သည် ဆာဗာ ကို ထိန်းချုပ်ကာ ဟွမ်ချိုးလင်ကို ဆက်တိုက် ပိတ်ဆို့နေရင်း တစ်ဖက်လူအနေဖြင့် အမြင့်ဆုံးလုပ်ပိုင်ခွင့်ကို တဖြည်းဖြည်း ရရှိနေပြီဟု ခံစားရအောင် ဖန်တီးပေးလိုက်သည်။
ကျီမင်ယဲ့၏ အရည်အချင်းမှာ ဟွမ်ချိုးလင်ထက် များစွာသာလွန်သည်။ ကျီမင်ယဲ့ ချန်ထားခဲ့သော ဖိုင်းယားဝေါလ် ကို ဟွမ်ချိုးလင် ချိုးဖျက်ရန် အချိန်အတန်ကြာ ပေးရပေလိမ့်မည်။ ရှီလဲ့သည် ဤလုပ်ငန်းစဉ်ကို အတုယူကာ ဟွမ်ချိုးလင်အား ဝေခွဲမရဖြစ်အောင် လုပ်နေခြင်းဖြစ်သည်။ ၎င်းမှာ သူဖန်တီးထားသောစနစ်သက်သက်သာဖြစ်ကြောင်း ဟွမ်ချိုးလင် မသိစေရန် ဖြစ်သည်။
ရှီလဲ့၏ အစီအစဉ်မှာ အလွန်အောင်မြင်လှသည်။ ဟွမ်ချိုးလင်နှင့် ဆရာများမှာ ရှီလဲ့နှင့် အသက်လုကာ တိုက်ခိုက်နေကြသလို တိုက်စစ်တစ်ခုပြီးတစ်ခု ဆင်နွှဲနေကြသည်။ တစ်နာရီနီးပါး ကြာပြီးနောက်တွင်တော့ ရှီလဲ့က တမင်တကာ လမ်းဖွင့်ပေးလိုက်သဖြင့် ဟွမ်ချိုးလင်သည် အဆုံးအဖြတ် အောင်ပွဲကို ရရှိသွားတော့သည်။ ရှီလဲ့မှာ ထိုအခွင့်အရေးကို သုံးကာ ခြေရာဖျောက် ထွက်ပြေးလိုက်သည်။
သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ကွန်ပျူတာကလပ်ထဲတွင် ဟွမ်ချိုးလင်၏ မျက်နှာအိုကြီးပေါ်တွင် စိတ်လှုပ်ရှားသော အပြုံးတစ်ခု ပေါ်လာသည်။
"ရွှမ်ချင်းတက္ကသိုလ် ဆာဗာရဲ့ အမြင့်ဆုံးလုပ်ပိုင်ခွင့်က ငါတို့လက်ထဲ ရောက်ပြီ"
ချန်ဖုန်း နှင့် ရှောင်ပိုင် တို့က ချက်ချင်းပင် အော်ဟစ်ဂုဏ်ပြုလိုက်ကြသည်။
"ဌာနမှူးဟွမ် သက်တော်ရှည်ပါစေ.. ဌာနမှူးဟွမ်က တကယ်ကို စွမ်းပါတယ်... ဌာနမှူးဟွမ်က အောင်နိုင်သူပါပဲ"
ကွန်ပျူတာကလပ် အဖွဲ့ဝင်များကလည်း ဟွမ်ချိုးလင်ကို အမျိုးမျိုး မြှောက်ပင့်ကြသည်။ ဟွမ်ချိုးလင်မှာ ထိုကဲ့သို့ ချီးမွမ်းသံများကို လွန်မြောက်လာခဲ့သူဖြစ်သော်လည်း ယခုအခါတွင်တော့ စိတ်ထဲတွင် ကျေနပ်ပီတိဖြစ်နေရသည်။
ချန်ဖုန်းက ဟွမ်ချိုးလင်ကို တိုးတိုးလေး မေးလိုက်သည်။ "ဌာနမှူးဟွမ်... ရွှမ်ချင်းတက္ကသိုလ်ကို ဘယ်လို ဆက်လုပ်ကြမလဲ.. သူတို့ရဲ့ အင်တာနက်လစဉ်ကြေးစနစ်ကို ပြင်လိုက်မလား... ဒါမှမဟုတ် ငွေဖြည့်ကတ်စနစ်ကို ပြင်လိုက်မလား"
ဟွမ်ချိုးလင်၏ အမူအရာ ချက်ချင်းပြောင်းသွားကာ ချန်ဖုန်းကို စိုက်ကြည့်ရင်း ဆူပူလိုက်သည်။ "ချန်ဖုန်း... မင်းရဲ့ အကြံယုတ်တွေကို မင်းဘာသာ သိမ်းထားစမ်း.. အဲဒါက ရာဇဝတ်မှုပဲ ငါတို့ ပြင်လိုက်တာကို တစ်ဖက်က ပြန်မသိနိုင်ဘူးလို့ မင်းထင်နေတာလား..ရွှမ်ချင်းတက္ကသိုလ်က ကျီမင်ယဲ့က ငါတို့ ကျူးကျော်ဝင်ရောက်တာကို ဂရုမစိုက်ပေမဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ပြင်မယ်ဆိုရင်တော့ သူနဲ့ ရင်ဆိုင်ရတာ လွယ်မှာမဟုတ်ဘူး"
ချန်ဖုန်းမှာ ချက်ချင်း ခေါင်းငုံ့ကာ "တောင်းပန်ပါတယ် ဌာနမှူး... ကျွန်တော် ခဏတာ စိတ်လွတ်သွားလို့ပါ" ဟု ဆိုလိုက်ရသည်။
"ချန်ဖုန်း... အရေးကြီးတဲ့ အချက်အလက်တွေကို ဘယ်သူမှ မသိအောင် မပြင်နိုင်သရွေ့ ဘာမှမလုပ်နဲ့... သက်သေအထောက်အထား မိသွားရင် အဲဒါက ရာဇဝတ်မှုဖြစ်ပြီး ထောင်ကျနိုင်တယ်" ဟု ဟွမ်ချိုးလင်က အလေးအနက် သတိပေးလိုက်သည်။
"ဒါဆိုရင် ရွှမ်ချင်းတက္ကသိုလ်ကို ဘယ်လို အရှက်ခွဲကြမလဲ" ဟု ချန်ဖုန်းက ရိုသေစွာ မေးလိုက်သည်။
ဟွမ်ချိုးလင်က ရယ်မောရင်း "အရင်အတိုင်းပဲပေါ့...အရေးမကြီးတဲ့ အချက်အလက်တွေကို ပြင်လိုက်.. ဥပမာ သူတို့ရဲ့ ကျောင်းဖိုရမ်လိုမျိုးပေါ့... အဲဒါကိုတော့ မင်းကြိုက်သလို ပြင်လို့ရတယ်"
ချန်ဖုန်း၏ မျက်လုံးများ တောက်ပသွားပြီး "ဌာနမှူးက တကယ်ကို ဉာဏ်ကြီးပါတယ်..ဒါက အကြံကောင်းပဲ" ဟု ဆိုသည်။
ဟွမ်ချိုးလင်သည် အမြင့်ဆုံးလုပ်ပိုင်ခွင့်ကို ကိုင်ထားပြီး ချန်ဖုန်းနှင့် ကလပ်အဖွဲ့ဝင်များကို လုပ်ပိုင်ခွင့်များ ခွဲဝေပေးလိုက်သည်။ ၎င်းက သူတို့ကို ရွှမ်ချင်းတက္ကသိုလ် ဖိုရမ်ကို စိတ်ကြိုက်ပြင်ဆင်ခွင့် ပေးလိုက်ခြင်းဖြစ်သည်။ ထိုအရာအားလုံး လုပ်ဆောင်ပြီးနောက် ဟွမ်ချိုးလင်နှင့် ဆရာများမှာ ထွက်သွားကြတော့သည်။
လုပ်ပိုင်ခွင့် ရရှိသွားသော ကွန်ပျူတာကလပ် အဖွဲ့ဝင်များသည် ရွှမ်ချင်းတက္ကသိုလ် ဖိုရမ်ကို ချက်ချင်းပင် စတင်ရှင်းလင်းကြတော့သည်။ ဖိုရမ်ပေါ်ရှိ အချက်အလက်အားလုံးကို ဖျက်ပစ်ကြပြီး၊ ဖိုရမ်၏ နောက်ခံရှိ ကျောင်းတံဆိပ်နှင့် ရှေ့မျက်နှာစာရှိ ကျောင်းအမည်များကိုပါ ပြောင်းလဲပစ်ကြသည်။
သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ကလပ်အဖွဲ့ဝင်များသည် ရွှမ်းချင်းတက္ကသိုလ် ဖိုရမ်ကို စိတ်ကြိုက် ဖျက်ဆီးနေကြသည်။ အတန်းမရှိသော ကျောင်းသားအချို့ကလည်း ဖိုရမ်၏ အခြေအနေကို ချက်ချင်း သိရှိသွားကြပြီး သူငယ်ချင်းများကို အကြောင်းကြားကာ ဖိုရမ်သို့ လာရောက်ကြည့်ရှုကြတော့သည်။
ရွှမ်းချင်းတက္ကသိုလ်နှင့် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တို့အကြား ဖြစ်ပွားလေ့ရှိသော ကွန်ပျူတာတိုက်ပွဲများမှာ နှစ်ဖက်ကျောင်းသားများအတွက် လျှို့ဝှက်ချက်မဟုတ်ပေ။ အခြားဌာနများမှ ကျောင်းသားများအတွက်ပင် ထမင်းစားရင်း ပြောစရာ သတင်းတစ်ခု ဖြစ်နေသည်။ ရွှမ်ချင်းတက္ကသိုလ် ကွန်ပျူတာကလပ် အဖွဲ့ဝင်များမှာလည်း အခြေအနေကို သိသိချင်းတွင်ပင် ဆာဗာကို ပြန်လည်သိမ်းပိုက်ရန်နှင့် အရှက်မကွဲစေရန် အဖွဲ့ဝင်များကို စုစည်းကြတော့သည်။
ချန်ဖုန်းသည် ရွှမ်းချင်းတက္ကသိုလ် ဖိုရမ်ပေါ်တွင် ဆဲဆိုရိုင်းစိုင်းသော စကားလုံးပေါင်းများစွာကို တင်လိုက်သည်။ ရှီလဲ့ မြင်သော်လည်း ချန်ဖုန်းကို မတားဆီးခဲ့ပေ။ ယခုအချိန်တွင် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဘက်က ပိုမိုဆိုးရွားစွာ လုပ်ဆောင်လေလေ၊ နောက်ပိုင်းတွင် ရှီလဲ့၏ အစီအစဉ် အကောင်အထည်ဖော်သည့်အခါ သူတို့မှာ ပို၍ အပြစ်တင်ခံရလေ ဖြစ်ပေလိမ့်မည်။
မနက် ၁၀ နာရီကျော်သောအခါ ရွှမ်ချင်းတက္ကသိုလ် ကွန်ပျူတာကလပ်က ခက်ခဲစွာ ပြန်လည်တိုက်စစ်ဆင်လာသည်။ ရှီလဲ့သည် သူတို့ကို မကူညီသည့်အပြင် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဘက်က သူတို့၏ တိုက်စစ်ကို ပိတ်ဆို့နိုင်အောင်ပင် ကူညီပေးလိုက်သေးသည်။ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဘက်က ရွှမ်းချင်းတက္ကသိုလ်၏ တိုက်စစ်မှာ အလွန်အားနည်းနေသည်ကို မြင်သောအခါ ပို၍ပင် မောက်မာလာကြသည်။
ရှီလဲ့သည် ဖိုရမ်ပေါ်ရှိ ပို့စ်များကို လိုက်ဖတ်ကြည့်ရာ ဆဲဆိုသံများနှင့် လှောင်ပြောင်သံများသာ ပြည့်နှက်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် သူသည် ဝန်မလေးတော့ဘဲ သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ကလပ်အဖွဲ့ဝင်တစ်ဦး၏ ကွန်ပျူတာကို ဟက်ဝင်လိုက်သည်။ ထို့နောက် ထိုသူ၏ IP လိပ်စာကို သုံးကာ ဗီဒီယိုပို့စ်တစ်ခု တင်လိုက်တော့သည်။
ထိုဗီဒီယို၏ ခေါင်းစဉ်မှာ "အရှက်ရစရာကြီး.. အဆောင်မှာ တစ်ကိုယ်ရည်ဖျော်ဖြေနေတာကို ခိုးရိုက်ခံရခြင်း" ဟူ၍ ဖြစ်သည်။
ခေါင်းစဉ်မှာ အလွန်ပင် ဆွဲဆောင်မှုရှိလှပြီး အထူးသဖြင့် "တစ်ကိုယ်ရည်ဖျော်ဖြေခြင်း" နှင့် "ခိုးရိုက်ခံရခြင်း" ဟူသော စကားလုံးများက လူတို့၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။
ပို့စ်ထဲတွင် ရှီလဲ့က ဗီဒီယို၏ အကြောင်းအရာကို အသေးစိတ် ဖော်ပြထားသည်။
"ရွှမ်ချင်းတက္ကသိုလ်၊ ကွန်ပျူတာသိပ္ပံဌာန၊ ဆဋ္ဌမနှစ်၊ အခန်း (၃)၊ အဆောင် (၆)၊ အခန်း (၃၀၂) က ချန်မင် ဟာ စစ်သင်တန်းပြီးတဲ့နောက် အဆောင်မှာ တစ်ယောက်တည်း ဂျပန်အပြာကား ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ဖြေဖျော်ဖို့ ပြင်ဆင်နေခဲ့ပါတယ်... ဒါပေမဲ့ သူလုပ်နေတုန်းမှာပဲ စစ်သင်တန်းနည်းပြက ရုတ်တရက် အခန်းစစ်ဆေးဖို့ ရောက်လာပါတယ်... ချန်မင်ဟာ လန့်ဖျပ်သွားပြီး ကမန်းကတန်းနဲ့ ကားကို ပိတ်ထားလိုက်ကာ နည်းပြအတွက် တံခါးဖွင့်ပေးလိုက်ရပါတယ်..ဒါပေမဲ့ မထင်မှတ်တာ ဖြစ်သွားတာက နည်းပြ အခန်းစစ်နေတုန်းမှာ ပိတ်ထားတဲ့ ကားက ရုတ်တရက် ပြန်ပွင့်လာပြီး အသံတွေက အဆောင်တစ်ခုလုံး ဟိန်းထွက်သွားပါတော့တယ်... ကျွန်တော်ကတော့ ချန်မင်ရဲ့ မိုက်ကရိုဖုန်းနဲ့ ကင်မရာကတစ်ဆင့် ဒါတွေကို မြင်လိုက်ရလို့ အားလုံးကြည့်ဖို့ မှတ်တမ်းတင်ပေးလိုက်တာပါ...သတိပေးချင်တာကတော့ အမျိုးသမီးအဆောင်တွေမှာလည်း မိုက်ကရိုဖုန်းနဲ့ ကင်မရာတွေ မတပ်ဆင်ကြဖို့ပါပဲ၊ ကျွန်တော့်လို ကျွမ်းကျင်သူတစ်ယောက်က ခိုးကြည့်နေမှာ စိုးလို့ပါ"
ထိုဗီဒီယိုမှာ ရှီလဲ့က ဖုန်းနံပါတ်အတုသုံးကာ နည်းပြကျောက်ကို ချန်မင်၏ အဆောင်သို့ လွှတ်လိုက်စဉ်က ချန်မင်၏ ကင်မရာမှတစ်ဆင့် မှတ်တမ်းတင်ထားသော ဗီဒီယိုဖိုင်ပင် ဖြစ်သည်။
ရှီလဲ့၏ ပို့စ်တွင် လူအမည်အစစ်အမှန်ကို အသုံးပြုထားသည့်အပြင် အရှက်ရစရာ သတင်းလည်း ဖြစ်နေသဖြင့် ဝင်ရောက်ကြည့်ရှုသူအရေအတွက်မှာ ထောင်ဂဏန်းအထိ ချက်ချင်း တက်သွားတော့သည်။
သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ကျောင်းသားအများအပြားက ထိုပို့စ်ကို တင်သည့်သူအား ချီးကျူးကြပြီး ရွှမ်ချင်းတက္ကသိုလ် ကွန်ပျူတာဌာနကိုတော့ အထင်သေးစွာ ဝေဖန်ကြသည်။ သူတို့အနေဖြင့် ထိုပို့စ်တင်သူမှာ ရွှမ်ချင်းတက္ကသိုလ် ကျောင်းသားတစ်ဦး ဖြစ်နေလိမ့်မည်ဟု လုံးဝမထင်မှတ်ကြပေ။
ရှီလဲ့၏ ဤလှည့်ကွက်မှာ အလွန်ပင် ပြောင်မြောက်လှသည်။ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှာ ဘောင်းဘီထဲ ရွှံ့ပေသွားသလို ဖြစ်နေပြီး၊ ၎င်းမှာ ချီးမဟုတ်လျှင်တောင် ချီးလိုပင် နံစော်နေတော့မည် ဖြစ်သည်။ ကျီမင်ယဲ့ ကိုယ်တိုင် လိုက်စစ်လျှင်ပင် သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ကွန်ပျူတာကလပ်မှ ကွန်ပျူတာကိုသာ တွေ့ရမည်ဖြစ်သဖြင့် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သေချာသွားပေလိမ့်မည်။
စာသင်ခန်းထဲတွင် ချန်မင်၏ ဖုန်းထဲသို့ မက်ဆေ့ခ်ျတစ်ခု ရုတ်တရက် ရောက်လာသည်။ မက်ဆေ့ခ်ျကို ဖတ်ပြီးသည်နှင့် သူသည် စာသင်နေသော ပရော်ဖက်ဆာကြီးကိုပင် ဂရုမစိုက်တော့ဘဲ အခန်းထဲမှ ပြေးထွက်သွားကာ အဆောင်သို့ အရူးတစ်ယောက်လို ပြေးသွားတော့သည်။
အဆောင်ရောက်သောအခါ ချန်မင်သည် ကွန်ပျူတာကို ချက်ချင်းဖွင့်ကာ ကျောင်းဖိုရမ်သို့ ဝင်လိုက်သည်။ ထိုအခါ "အရှက်ရစရာကြီး.. အဆောင်မှာ တစ်ကိုယ်ရည် ဖျော်ဖြေနေတာကို ခိုးရိုက်ခံရခြင်း" ဟူသော ပို့စ်မှာ အက်ဒမင်က ထိပ်ဆုံးတွင် တင်ထား သည်ကို တွေ့လိုက်ရသည်။
ချန်မင်သည် အသက်ကို ပြင်းပြင်းရှူကာ ပို့စ်ကို ဖွင့်လိုက်သည်။ သူ၏ နာမည်အစစ်အမှန်ကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ပေါ်လာသည်။ ဒေါသကို ထိန်းကာ ဗီဒီယိုတစ်ခုလုံးကို ကြည့်ပြီးနောက် သူသည် ဒေါသအလွန်ထွက်သွားကာ ကီးဘုတ်ကို မြေပြင်ပေါ် ရိုက်ခွဲပစ်လိုက်တော့သည်။ ထို့နောက် မော်နီတာကိုပါ မကာ ရိုက်ခွဲပစ်လိုက်ပြန်သည်။
"မင်းတို့ တောက်.. မင်းတို့ကို ငါ သတ်ပစ်မယ်"
ချန်မင်၏ မျက်လုံးများ နီမြန်းနေပြီး မျက်နှာမှာလည်း ဒေါသကြောင့် စိမ်းဖန့်နေသည်။ သူက သိပ္ပံနှင့်နည်းပညာတက္ကသိုလ်က သူ့ကို လုပ်ကြံသည်ဟုသာ ရိုးရိုးသားသား ထင်နေခြင်း ဖြစ်သည်။ ယခင်က နည်းပြ အခန်းစစ်စဉ် အပြာကား အလိုလို ပွင့်လာသည်ကို သူ သံသယရှိခဲ့သော်လည်း ယခုကဲ့သို့ အကျိုးဆက် ဆိုးရွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ယခုအခါ ထိုပို့စ်ကို ကြည့်ရှုသူ ၅၀,၀၀၀ ကျော်သွားပြီး ပြန်လည်တုံ့ပြန်သူမှာလည်း ၁၀,၀၀၀ ကျော်သွားပြီဖြစ်သည်။
ထို့ပြင် ပို့စ်ထဲတွင် သူ၏ နာမည်အစစ်အမှန်၊ ဓာတ်ပုံနှင့် ဗီဒီယိုများ ပါနေသဖြင့် သူသည် ရွှမ်ချင်းတက္ကသိုလ်တွင် နာမည်ကြီးသွားပြီ ဖြစ်သည်။
နာမည်ကြီးရုံသာမက ရွှမ်းဟူ တက္ကသိုလ်နယ်မြေတစ်ခုလုံးတွင်ပင် သိသွားကြပြီဖြစ်သည်။ အဆောင်တွင် အပြာကားကြည့်ရင်း နည်းပြမိသည်ကို ခိုးရိုက်ခံရသည့် သူ၏အဖြစ်မှာ အဆိုးရွားဆုံးပင် မဟုတ်ပါလား။
ဤအချိန်တွင် ချန်မင်သည် သူ့ကို ခိုးရိုက်ခဲ့သူကို အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲပစ်ချင်နေသော်လည်း ထိုသူမှာ မည်သူမှန်း သူ မသိချေ။
ရှီလဲ့သည် သူ၏ ပို့စ်အပေါ် ဝင်ရောက်ကြည့်ရှုသူနှင့် ပြန်လည်တုံ့ပြန်သူ များပြားနေသည်ကို ကြည့်ကာ ဟက်ဟက်ပတ်ပတ် ရယ်မောလိုက်တော့သည်။
"ချန်မင်... မင်း ဒီမျက်နှာနဲ့ ကျောင်းရဲ့ ဆော့ဖ်ဝဲပြိုင်ပွဲမှာ ဝင်ပြိုင်ရဲသေးလားဆိုတာ ငါ ကြည့်ချင်သေးတယ်"
အခန်း - ၄၈
မွန်းတည့်ချိန် ကျောင်းဆင်းသောအခါ ရှီလဲ့ သည် စာသင်ခန်းအပြင်ဘက်၌ လင်းယွီမော့ ကို စောင့်နေခဲ့သည်။ ထို့နောက် လင်းယွီမော့နှင့်အတူ ကျောင်းပြင်ပရှိ နောက်ဖေးလမ်းကြားဘက်သို့ လမ်းလျှောက်လာခဲ့ကြသည်။ ဝမ်မင်သည် အတန်းအတွင်းရေးမှူး ဖြစ်သည်။ သူမသည် အလှဆုံးမဟုတ်သော်လည်း ရုပ်ရည်မှာ မဆိုးလှပေ။ ထို့ပြင် ဝမ်မင်သည် ကိုယ်လုံးကိုယ်ပေါက် အလွန်လှပသူ ဖြစ်သည်။
ရှီလဲ့နှင့် လင်းယွီမော့တို့ ဘေးချင်းယှဉ် လမ်းလျှောက်လာကြစဉ် လင်းယွီမော့က”ရှီလဲ့... ဖိုရမ်ပေါ်က ပို့စ်တွေကို မြင်ပြီးပြီလား” ဟု မေးလိုက်သည်။
“အချို့တော့ မြင်သားပဲ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အကုန်မဖတ်လိုက်ရဘူး” ရှီလဲ့က နှမြောတသသဖြင့် ပြောလိုက်သည်။ “ယွီမော့ ... အဲ့တစ်ယောက်ဆီ ဖုန်းဆက်ပြီး ငါတို့ ကျောင်းပြင်မှာ ထမင်းစားနေတယ်လို့ ပြောလိုက်ဦးလေ.. ငါတို့ကို စောင့်မနေနဲ့လို့”
လင်းယွီမော့က နှုတ်ခမ်းလေးစူကာ “ရှီလဲ့... မုရွှမ်းအစ်မကို ‘အဲ့တစ်ယောက် ‘ လို့ မခေါ်ပါနဲ့..အတန်းမဆင်းခင်ကတည်းက မုရွှမ်းအစ်မဆီ မက်ဆေ့ခ်ျပို့ပြီးသားပါ..စိတ်မပူနဲ့” ဟု ဆိုသည်။
ရှီလဲ့က ရယ်မောရင်း “ယွီမော့ ... ဒါဆို မင်းက ငါနဲ့ နှစ်ယောက်တည်း ထမင်းစားဖို့ ကြိုတင်ပြင်ဆင်ထားတာပေါ့”
လင်းယွီမော့မျက်နှာလေး နီမြန်းသွားကာ ရှီလဲ့ကို မျက်စောင်းထိုးလိုက်သည်။ “ဟွန်း... မိစ္ဆာရှီ ငါ့ကို အခွင့်အရေး မယူနဲ့နော်”
“ယွီမော့... ငါတို့ နှစ်ယောက်တည်း စားနေကြတာလေ.. မင်း ငါ့အပေါ် တစ်ခုခု ကြံစည်နေတာတော့ မဟုတ်ဘူးမလား” ရှီလဲ့က ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ကာကာ ကြောက်လန့်ဟန် ဆောင်လိုက်သည်။
လင်းယွီမော့က နှာခေါင်းရှုံ့ကာ “မုန်းဖို့ကောင်းတဲ့ကောင်” ဟု ဆိုသည်။
ရှီလဲ့က ခပ်ဟဟ ရယ်လိုက်သည်။ “ယွီမော့.. ဒီနေ့ စိတ်ဝင်စားစရာ တစ်ခု ဖြစ်သွားတယ် သိလား.. ရွှမ်ချင်း တက္ကသိုလ်နဲ့ ဘေးနားက သိပ္ပံနဲ့နည်းပညာတက္ကသိုလ် တို့ရဲ့ ရန်ငြိုးအကြောင်း မင်း သိလား”
“ရန်ငြိုး” လင်ယွီမိုက စူးစမ်းစွာ မေးလိုက်သည်။ “ငါတို့က သိပ္ပံနဲ့နည်းပညာတက္ကသိုလ်နဲ့ ဘာရန်ငြိုး ရှိလို့လဲ...အဲဒီကျောင်းက တတိယတန်းစား ကျောင်းမဟုတ်ဘူးလား”
ရွှမ်ချင်းတက္ကသိုလ်မှာ ရွှမ်ချင်းမြို့တွင် အထင်ရှားဆုံးဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ထိပ်တန်းတက္ကသိုလ်များထဲမှ တစ်ခုဖြစ်သည်။ တစ်ဖက်တွင်မူ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှာ တတိယတန်းစားမျှသာ ဖြစ်သည်။
ကျောင်းနှစ်ကျောင်းမှာ အဆင့်ချင်း မတူသဖြင့် လင်းယွီမော့မသိသည်မှာ မဆန်းပေ။ အများအားဖြင့် ရွှမ်ချင်းတက္ကသိုလ်၏ ကွန်ပျူတာသိပ္ပံဌာနသို့ လာရောက်လျှောက်ထားသူများသာ ထိုကျောင်းနှစ်ကျောင်း၏ ရန်ငြိုးကို သိတတ်ကြသည်။
လင်းယွီမော့၏ ဆန္ဒမှာ ရွှမ်ချင်းဆေးတက္ကသိုလ်သို့ တက်ရောက်ရန်ဖြစ်သည်။ သူမ၏ မိခင်မှာ ရွှမ်ချင်းမြို့ ပြည်သူ့ဆေးရုံကြီး၏ ဒုတိယညွှန်ကြားရေးမှူး ဖြစ်သည်။ လင်းယွီမော့သည် ငယ်စဉ်ကတည်းက သူမမိခင်နောက်သို့ လိုက်ပါကာ ဆေးပညာဗဟုသုတများစွာ လေ့လာခဲ့သည်။ သူမ၏ ရည်မှန်းချက်မှာ ဆရာဝန်တစ်ဦးဖြစ်လာရန်ပင်။
သို့သော် လင်းယွီမော့၏ ဖခင်က သဘောမတူပေ။ အနာဂတ်တွင် ကွန်ပျူတာပညာရပ်မှာ ပိုမိုအရေးကြီးလာမည်ဟု သူ ထင်မြင်သဖြင့် လင်းယွီမော့ကို ကွန်ပျူတာသိပ္ပံဘာသာရပ်ကိုသာ အတင်းအကျပ် ရွေးချယ်စေခဲ့သည်။
လင်းယွီမော့ကိုယ်တိုင်ကတော့ ကွန်ပျူတာထက် ဆေးပညာကို ပိုမို စိတ်ဝင်စားသူဖြစ်သည်။
ရှီလဲ့သည် ကျောင်းနှစ်ကျောင်း၏ ရန်ငြိုးအကြောင်းကို စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ ထို့နောက် သူက “ဒီနေ့ ငါ့အကြောင်း ဆွေးနွေးနေတဲ့ ပို့စ်တွေကို လိုက်ဖတ်ကြည့်နေတုန်း ကျောင်းဖိုရမ်ကို သိပ္ပံနဲ့နည်းပညာတက္ကသိုလ် ကွန်ပျူတာဌာနက လာတိုက်ခိုက်သွားတယ်.. ပို့စ်တွေအကုန် ဖျက်ခံလိုက်ရတာ... ပြီးတော့ အဲဒီကျောင်းက ကောင်တွေက စိတ်ဝင်စားစရာ ဗီဒီယိုတစ်ခုကိုလည်း တင်သွားသေးတယ်” ဟု ပြောလိုက်သည်။
သူသည် ချန်မင်၏ အခြေအနေကို အနှစ်ချုပ်ကာ ပြန်ပြောပြလိုက်သည်။ လင်းယွီမော့ရယ်မောသွားသော်လည်း တစ်ဖက်တွင်လည်း စိုးရိမ်တကြီးဖြင့် “သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ကျောင်းသားတွေက တော်လှချည်လား” ဟု ဆိုသည်။
ရှီလဲ့က နှုတ်ခမ်းမဲ့ကာ “ယွီမော့... ငါတို့ ရွှမ်ချင်းတက္ကသိုလ်ကလည်း တော်ပါတယ်..အထူးသဖြင့် ငါတို့ဌာနမှူး ကျီမင်ယဲ့ပေါ့.. သူက တစ်နိုင်ငံလုံးမှာ နာမည်ကြီးတဲ့ ပညာရှင်ပဲ”
လင်းယွီမော့က ရုတ်တရက် ရပ်လိုက်ကာ ရှီလဲ့ဘက်သို့ လှည့်လိုက်သည်။ သူမက ရှီလဲ့ကို စူးစမ်းစွာ ကြည့်ရင်း “ရှီလဲ့.. ကျောင်းစတက်တုန်းက မင်း ဘယ်လိုလုပ်လိုက်တာလဲ..မင်းကလည်း ပညာရှင်တစ်ယောက်များလား” ဟု မေးလိုက်သည်။
ရှီလဲ့က ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ သူက ကမ္ဘာပေါ်တွင် အတော်ဆုံးလူတစ်ယောက်ကဲ့သို့ ဟန်ပန်ဖြင့် “ဒါကိုတော့ လျှို့ဝှက်ထားပါဦး ယွီမော့... ငါ့လို ပညာရှင်တစ်ယောက်က ကမ္ဘာ့ရှေ့မှောက် ထွက်လာရင် သူတို့တွေ ရှက်လို့ သေကုန်ကြလိမ့်မယ်” ဟု ဆိုသည်။
“သွားစမ်းပါ” လင်းယွီမော့က ပြန်ပြောလိုက်သည်။ “ရှီလဲ့.. မင်းကို ကြည့်ရတာ ဘယ်လိုမှ ပညာရှင်နဲ့ မတူဘူး..ပညာရှင်တစ်ယောက်ရဲ့ အရှိန်အဝါလည်း လုံးဝမရှိဘူး”
ရှီလဲ့က ပခုံးတွန့်ကာ “ငါ အရမ်း စိတ်ထိခိုက်သွားပြီ ယွီမော့... မင်း ငါ့ကို ရိပ်မိသွားရင်တောင် အသံထွက်ပြီး မပြောသင့်ဘူးလေ.. မင်း ငါ့ကို တကယ်ပဲ စိတ်နာအောင် လုပ်လိုက်တာပဲ”
လင်းယွီမော့က တဟားဟား ရယ်လိုက်သည်။ “တောင်းပန်ပါတယ် ရှီလဲ့”
သူတို့နှစ်ဦးသည် နောက်ဖေးလမ်းကြားသို့ ရောက်သည်အထိ စကားတပြောပြောနှင့် လာခဲ့ကြသည်။ ရှီလဲ့သည် လင်းယွီမော့ကို ရောင်းကောင်းသော ဆိုင်လေးတစ်ဆိုင်သို့ ခေါ်သွားကာ ဝက်နံရိုးကြော်တစ်အိုး မှာလိုက်သည်။
သူတို့ဘေးနားရှိ စားပွဲတစ်ခုတွင် လူမိုက် ၆ ယောက် ထိုင်နေကြပြီး အသံကျယ်ကျယ်ဖြင့် စကားပြောနေကြသည်။ သူတို့သည် နက္ခတ်ဗေဒင်၊ ပထဝီဝင်၊ သမိုင်းကြောင်းနှင့် အနာဂတ်ဟောကိန်းများအထိ အကုန်သိနေသည့်အလား ပြောဆိုနေကြခြင်း ဖြစ်သည်။
လူမိုက်တစ်ယောက်၏ နဖူးပေါ်တွင် ‘ကျား’ဟု တက်တူးထိုးထားပြီး သူသည် ရှီလဲ့တို့ဘက်သို့ မျက်နှာမူထားသည်။ လင်းယွီမော့ကို မြင်လိုက်ရသောအခါ ထိုလူမိုက်၏ မျက်လုံးများ တောက်ပသွားတော့သည်။
သူသည် ချက်ချင်း ထရပ်လိုက်ပြီး ရှီလဲ့တို့ စားပွဲဆီသို့ လျှောက်လာသည်။ ရှီလဲ့နှင့် လင်းယွီမော့၏ ရှေ့သို့ ရောက်သောအခါ သူက “ဟေ့ ညီအစ်ကို... ငါက နောက်ဖေးလမ်းကြားက အစ်ကိုကြီး ကျား ပဲ” ဟု မိတ်ဆက်လိုက်သည်။
လင်းယွီမော့က မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းလေးစူလိုက်သည်။ သူမ ဒေါသထွက်နေပုံရသည်။
ရှီလဲ့က ထိုလူမိုက်ကို ပြုံးကာ ကြည့်ရင်း “အစ်ကိုကြီးကျား.. နောက်ဖေးလမ်းကြားမှာ မင်းလိုလူ ရှိနေတာ ငါ မကြားမိပါလား...မင်းရော နောက်ဖေးလမ်းကြားက ‘အစ်ကိုကြီးရှီ’ အကြောင်း ကြားဖူးလား” ဟု မေးလိုက်သည်။
အစ်ကိုကြီးကျား၏ အပြုံးများ ပျောက်ကွယ်သွားသည်။ သူက ရှီလဲ့ကို မကောင်းသော မျက်လုံးများဖြင့် ကြည့်ကာ “အစ်ကိုကြီးရှီ ဘယ်သူလဲ အဲဒါ” ဟု အေးစက်စွာ မေးလိုက်သည်။
ရှီလဲ့က ရယ်မောရင်း “အစ်ကိုကြီးရှီ အကြောင်းတောင် မကြားဖူးဘဲနဲ့ နောက်ဖေးလမ်းကြားမှာ လူမိုက် လာလုပ်နေတာလား.. မင်း သတ္တိတွေ သိပ်ကောင်းနေတာပဲ” ဟု ဆိုသည်။
“တောက်..” အစ်ကိုကြီးကျားက ကျိန်ဆဲလိုက်သည်။ သူက နောက်လှည့်ကာ “ဟေ့ ညီအစ်ကိုတို့... နောက်ဖေးလမ်းကြားက အစ်ကိုကြီးရှီအကြောင်း ကြားဖူးကြလား” ဟု လှမ်းမေးလိုက်သည်။
ကျန်သည့် လူမိုက် ၅ ယောက်ထဲမှ တစ်ယောက်က “ဘာကြီးလဲ အဲဒါ” ဟု မေးလိုက်သော်လည်း...
“ငါ ကြားဖူးတယ်”
“အော်... ဒါ အစ်ကိုကြီးရှီပဲ!”
“ငါတို့ သူနဲ့ မပတ်သက်ပါဘူး”
“အစ်ကိုကြီးရှီ... အကူအညီ လိုသလား”
ကျန်သည့် လူမိုက် ၄ ယောက်က ရုတ်တရက် လေသံပြောင်းသွားကြသည်။ အစ်ကိုကျားမှာ ခဏတာ ကြောင်သွားပြီး “နားကပ်၊ အာမောင်... မင်းတို့ သေချင်နေတာလား” ဟု ဒေါသတကြီး အော်လိုက်သည်။
အမှန်စင်စစ် ဤလူမိုက် ၄ ယောက်မှာ ပြီးခဲ့သည့်တစ်ခေါက်က ရှီလဲ့၏ ဆုံးမခြင်းကို ခံခဲ့ရသူများ ဖြစ်သည်။ သူတို့သည် ရှီလဲ့ကို အလွန်မှတ်မိနေကြပြီး ရှီလဲ့ကို ဘေးဆိုးတစ်ခုကဲ့သို့ သဘောထားနေကြသူများ ဖြစ်သည်။
နားကပ်မှာ မျက်နှာပျက်သွားကာ ထရပ်လိုက်ပြီး အစ်ကိုကြီးကျားကို လက်ညှိုးထိုးလိုက်သည်။ “ကျားလေး... မင်းက ဘာကောင်မို့လို့ အစ်ကိုရှီကို လာရန်စနေတာလဲ”
အာမောင်က ဘီယာပုလင်းတစ်လုံးကို ယူကာ အစ်ကိုကြီးကျားကို ထောက်ခံသည့် လူမိုက်၏ ခေါင်းကို ရိုက်ခွဲပစ်လိုက်သည်။ ထိုလူမှာ ခေါင်းကွဲကာ သွေးချင်းချင်းနီလျက် မြေပြင်ပေါ် လဲကျသွားတော့သည်။ “ကျားလေး... အခုချက်ချင်း တောင်းပန်လိုက်၊ မဟုတ်ရင် မင်းကို ငါတို့ အလွတ်မပေးဘူး”
အစ်ကိုကြီးကျားမှာ နားကပ်နှင့် အာမောင်ကို ကြည့်ကာ “မင်းတို့... မင်းတို့ ရူးသွားကြပြီလား” ဟု ကြောင်အမ်းအမ်းဖြင့် မေးလိုက်သည်။
“ရှီလဲ့.. ဟိုလူ သွေးထွက်နေပြီ.. ဆေးရုံမပို့ရင် ဒုက္ခရောက်ကုန်လိမ့်မယ်” လင်းယွီ မော့ကကြောက်လန့်တကြားဖြင့် ပြောလိုက်သည်။
ရှီလဲ့က နားကပ်ကို ကြည့်ကာ “ဒီနေ့တော့ မင်းတို့ တော်တော် လည်တာပဲ.. ဒီ အစ်ကိုကြီးကျားနဲ့ ဟိုကောင့်ကို မှောင်တဲ့ လမ်းကြားထဲ ခေါ်သွားပြီး ကောင်းကောင်း ဆုံးမလိုက်ကြဦး” ဟု အမိန့်ပေးလိုက်သည်။
နားကပ်က ချက်ချင်းပင် ဖားယားသော အပြုံးဖြင့် “စိတ်မပူပါနဲ့၊ ကျွန်တော်တို့ အကောင်းဆုံး လုပ်ပေးလိုက်ပါ့မယ်” ဟု ဆိုကာ စားပွဲပေါ်သို့ လိပ်စာကတ်တစ်ခု တင်ပေးလိုက်သည်။ “နောက်ပိုင်း တစ်ခုခုလိုအပ်ရင် ကျွန်တော့်ကို အကြောင်းကြားပါ”
ရှီလဲ့က လိပ်စာကတ်ကို တစ်ချက်ကြည့်ကာ ဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီး “ကောင်းပြီ... အခုတော့ ထွက်သွားကြတော့” ဟု ဆိုလိုက်သည်။
“ဟုတ်ကဲ့... ဟုတ်ကဲ့ အစ်ကိုရှီ အခုပဲ သွားပါပြီ” နားကပ်နှင့် အာမောင်တို့က အစ်ကိုကြီးကျားကို နှစ်ဖက်ညှပ်ကာ အမြန်ပင် ထွက်သွားကြတော့သည်။
လင်းယွီမော့က ထူးဆန်းသော မျက်နှာပေးဖြင့် “အဲဒီလူက ရှင့်ကို ဘာလို့ ဒီလောက် ကြောက်နေရတာလဲ” ဟု မေးလိုက်သည်။
ရှီလဲ့ ကိုယ်တိုင်လည်း ဇဝေဇဝါ ဖြစ်နေသည်။
ရှီလဲ့က အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။ “ယွီမော့... မင်း မမှတ်မိဘူးလား..သူက ပြီးခဲ့တဲ့တစ်ခေါက် ငါ ဆုံးမလိုက်တဲ့ လူလေ”
လင်းယွီမော့က သတိရသွားကာ “အော်... သူတို့ပဲကိုး” ဟု ဆိုသည်။
မှောင်မည်းသော လမ်းကြားထဲတွင် နားကပ်နှင့် အာမောင်တို့က အစ်ကိုကြီးကျားကို လွှတ်ပေးလိုက်သည်။ အာမောင်က “ခွေးနက်... ခုနက ငါ နည်းနည်း ကြမ်းသွားတယ်..တောင်းပန်ပါတယ်” ဟု ဆိုကာ တောင်းပန်လိုက်သည်။
အစ်ကိုကြီးကျားနှင့် ခွေးနက်တို့မှာ ဇဝေဇဝါဖြစ်ကာ “အဲဒီလူကဘယ်သူလဲ...နောက်ဖေးလမ်းကြားမှာ ဒီလိုလူ ဘယ်တုန်းက ပေါ်လာတာလဲ” ဟု မေးလိုက်ကြသည်။
နားကပ်က ကြောက်ရွံ့စွာဖြင့် ရှင်းပြလိုက်သည်။ “အစ်ကိုကြီးကျား... မနေ့က ဘဏ်ဓားပြတိုက်တဲ့ သတင်းကို ကြားတယ်မလား”
အစ်ကိုကြီးကျားက ခေါင်းညိတ်သည်။
“အခုနက ကျောက်ခဲခေါင်းဆိုတာ မနေ့က ဓားပြတိုက်ခံရတုန်းက ဖမ်းခေါ်ခံရတဲ့ ဓားစာခံပဲ” နားကပ်က တိုးတိုးလေး ပြောလိုက်သည်။
အစ်ကိုကြီးကျားက နားမလည်ဘဲ “ဒါဆို ဘာဖြစ်လဲ၊ သူက ဓားစာခံပဲဥစ္စာ”
နားကပ်က ခါးသီးစွာ ပြုံးလိုက်သည်။ “အစ်ကိုကြီးကျား... သူက ဓားစာခံသက်သက်ဆိုရင် ငါ ဘာလို့ ကြောက်နေမှာလဲ..မနေ့က မနက်စောစောက ငါ သူ့ကို ကိုယ်တိုင် မြင်လိုက်ရတာ.. သူက အဲဒီ ဘဏ်ဓားပြမှုရဲ့ တရားခံ၊ ရဲတွေ အလိုရှိနေတဲ့ ယဲ့ဖုန်း နဲ့ အတူတူ မနက်စာ စားနေတာ”
“ဘာ” အစ်ကိုကြီးကျား အော်လိုက်သည်။
နားကပ်က “အစ်ကိုကြီးကျား... အသံတိုးတိုးလုပ်ပါ” ဟု တားလိုက်ရသည်။
အစ်ကိုကြီးကျား၏ မျက်လုံးထဲတွင် လောဘရိပ်များ ပေါ်လာသည်။ “ဒါဆို သူနဲ့ ယဲ့ဖုန်းက တစ်ဖွဲ့တည်းပေါ့.. ငါတို့ ရဲကို သွားတိုင်လိုက်ရင် မကောင်းဘူးလား”
နားကပ်က ချက်ချင်း တားလိုက်သည်။ “မလုပ်ပါနဲ့.. အစ်ကိုကြီးကျား... မင်း တိုင်ချင်ရင် တိုင်၊ ငါ့ကိုတော့ ဆွဲမသွင်းနဲ့ ယဲ့ဖုန်းဆိုတာ အထူးတပ်ဖွဲ့ဝင်ဟောင်းပဲ... သူက လူ ၅၀ ကျော်ကို သတ်ခဲ့တဲ့ လူသတ်သမား...သူတို့သာ သိသွားရင် ငါတို့ ဆုကြေးငွေ ရရင်တောင် သုံးဖို့ အသက်ရှိမှာ မဟုတ်ဘူး”
အစ်ကိုကြီးကျားမှာလည်း သူ၏ အတွေးကြောင့် ကြောက်ရွံ့သွားကာ ချွေးစေးများ ထွက်လာတော့သည်။
ယဲ့ဖုန်းဆိုသည်မှာ နေ့ခင်းကြောင်တောင် ဘဏ်ကို ဝင်တိုက်ရဲသည့် ထိပ်တန်း အကြမ်းဖက်သမား မဟုတ်ပါလား။
“နားကပ်... ငါ ခုနက သူ့ကို ရန်စမိလိုက်ပြီ..သူ ငါ့ကို သတ်ပစ်မလား.. ငါ မသေချင်သေးဘူး” အစ်ကိုကြီးကျားက စိုးရိမ်တကြီး မေးလိုက်သည်။
နားကပ်က ခေါင်းခါရင်း “ငါလည်း မသိဘူး.. ဒါပေမဲ့ မင်း သတိထားတာ အကောင်းဆုံးပဲ... သူတို့က မျက်တောင်မခတ်ဘဲ လူသတ်ရဲတဲ့ အကြမ်းဖက်သမားတွေလေ”
အစ်ကိုကြီးကျားနှင့် ခွေးနက်တို့မှာ ကြောက်လန့်လွန်းသဖြင့် ချွေးများ စိုရွှဲနေတော့သည်။
“တောက်... နားကပ်... မင်း ငါ့ကို ဘာလို့ စောစောက မပြောတာလဲ”
“မဖြစ်ဘူး... ငါ နယ်ဘက်မှာ ခဏ သွားပုန်းနေမှ ဖြစ်မယ်”
ခွေးနက်ကလည်း “အစ်ကိုကြီးကျား... ငါ့ကိုပါ ခေါ်သွားပါ... သူတို့ ငါ့ကို ရှာတွေ့ပြီး သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ... ငါ့မှာ မိဘတွေနဲ့ သားသမီးတွေ ရှိသေးတယ်” ဟု ဆိုကာ ထိတ်ထိတ်ပျာပျာ လိုက်ပါသွားတော့သည်။