အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
အခန်း - ၄၉
နေ့လယ်စာစားပြီးနောက် ရှီလဲ့ နှင့် လင်းယွီမော့တို့ အဆောင်သို့ အတူပြန်လာခဲ့ကြသည်။ ရှီလဲ့သည် လင်းယွီမော့၏ အဆောင်ခန်းထဲသို့ လိုက်ဝင်ပြီး ခဏလောက် အနားယူချင်ခဲ့သော်လည်း မုရွှမ်း က တားဆီးလိုက်သဖြင့် မအောင်မြင်ခဲ့ချေ။
အဆောင်ထဲသို့ ခိုးဝင်ရန် ကြိုးပမ်းမှုမှာ ကျရှုံးသွားသဖြင့် ရှီလဲ့သည် မိမိအဆောင်ခန်းသို့သာ ပြန်လာခဲ့ရသည်။ သို့သော် အခန်းထဲရောက်သောအခါရှောင်လီ တစ်ယောက် မရှိသည်ကို တွေ့လိုက်ရသည်။
ထိုအေးစက်စက် မျက်နှာပေးနှင့် ကောင်လေးမှာ တစ်နေရာရာသို့ သွားပြီး မိန်းကလေး လိုက်ငေါ့နေပြန်ပြီ ဖြစ်ရမည်။
အခန်းထဲရောက်သည်နှင့် ရှီလဲ့သည် တံခါးကို ဂျတ်ထိုးလိုက်ပြီး ကွန်ပျူတာကို ဖွင့်လိုက်သည်။ ထို့နောက် ရွှမ်ချင်း တက္ကသိုလ် ဆာဗာထဲသို့ အဝေးထိန်းစနစ်ဖြင့် ဝင်ရောက်ကာ အခြေအနေကို စစ်ဆေးလိုက်သည်။
မနက်ပိုင်းက ရှီလဲ့သည် ဆာဗာအတွင်းရှိ စနစ်ကို တိတ်တဆိတ် ရှင်းလင်းခဲ့ပြီး သိပ္ပံနှင့်နည်းပညာတက္ကသိုလ် က လူများကို ကန်ထုတ်ခဲ့ပြီးဖြစ်သည်။ လက်ရှိတွင် ရွှမ်ချင်းတက္ကသိုလ်၏ ဆာဗာအက်ဒမင်မှာ ကျောင်းဖိုရမ်ကို ပုံမှန်အခြေအနေပြန်ရောက်အောင် အစွမ်းကုန် ကြိုးစားနေရသည်။
သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဘက်က ဆာဗာကို ထိန်းချုပ်ခွင့် ဆုံးရှုံးသွားသော်လည်း၊ သူတို့ကျောင်းမှ ကွန်ပျူတာကျောင်းသား အများအပြားမှာ "အရှက်ရစရာကြီး အဆောင်မှာ တစ်ကိုယ်ရည် ဖျော်ဖြေနေတာကို ခိုးရိုက်ခံရခြင်း" ဟူသော ဗီဒီယိုကို ဒေါင်းလုဒ်ဆွဲပြီး မိမိတို့၏ ကွန်ပျူတာထဲတွင် သိမ်းဆည်းထားပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ရွှမ်ချင်းတက္ကသိုလ် ဖိုရမ်တွင် အကောင့်အသစ်များဖွင့်ကာ ထိုဗီဒီယိုကို ထပ်ခါထပ်ခါ ပြန်တင်နေကြခြင်း ဖြစ်သည်။
ရွှမ်ချင်းတက္ကသိုလ် အက်ဒမင်က ထိုပို့စ်များကို အဆက်မပြတ် ဖျက်နေသော်လည်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ကျောင်းသားများမှာတော့ ရွှမ်ချင်းတက္ကသိုလ်ကို အရှက်ခွဲရန် ဤကဲ့သို့သော အခွင့်အရေးမျိုးကို အလွယ်တကူ လက်လွှတ်မည် မဟုတ်ချေ။ သူတို့သည် ဗီဒီယိုကို ထပ်ခါတလဲလဲ တင်ရုံသာမက အတန်းခေါင်းဆောင် ချန်မင် ၏ အချက်အလက်များကိုပါ လိုက်လံရှာဖွေနေကြသည်။
ထိုသနားစရာကောင်းသော ချန်မင်မှာ ယခုအခါ ဖိအားများစွာအောက်သို့ ရောက်ရှိနေရသည်။ ကံကောင်းသည်မှာ သူ၏ အဆောင်နေသူငယ်ချင်း ၃ ယောက်က ဖြစ်ပျက်သမျှကို သိနေခြင်းပင်။ သို့သော် သူတို့ ၃ ယောက်၏ ခုခံပြောဆိုသံများမှာ ဝေဖန်ကဲ့ရဲ့သံ ပင်လယ်ကြီးထဲတွင် လှိုင်းအနည်းငယ်မျှပင် မဖြစ်စေနိုင်ခဲ့ချေ။
ချန်မင်သည် ရွှမ်ချင်းတက္ကသိုလ်မှ ခေတ္တ ထွက်ခွာသွားခဲ့သည်။ ယခုအခါ သူသည် သူ၏ဖခင်ပိုင်ဆိုင်သော ကျင်းယိုဆော့ဖ်ဝဲ ကုမ္ပဏီသို့ ရောက်နေသည်။ ထိုကုမ္ပဏီမှာ အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် စီမံခန့်ခွဲမှု ဆော့ဖ်ဝဲများနှင့် ဆာဗာတပ်ဆင်ခြင်း လုပ်ငန်းများကို အဓိကလုပ်ဆောင်ပေးခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် ကုမ္ပဏီမှာ အင်အားမကြီးလှဘဲ စုစုပေါင်းပိုင်ဆိုင်မှုမှာ ယွမ် ၁၀ သန်းပင် မပြည့်ချေ။
ကုမ္ပဏီအတွင်းရှိ သူ၏ဖခင်ရုံးခန်းထဲ၌ ချန်မင် ထိုင်နေသည်။ သူက အသက် ၃၀ ခန့်ရှိသော လူတစ်ဦးကို မေးလိုက်သည်။ "မန်နေဂျာမာ... ခင်ဗျား ဟက်ကာ ပညာရှင်တစ်ယောက်ယောက်ကို သိလား"
မန်နေဂျာမာသည် နည်းပညာဌာန၏ မန်နေဂျာဖြစ်သည်။ သူက ချန်မင်ကို ကြောင်အမ်းအမ်းဖြင့် ကြည့်ကာ "ချန်မင်... မင်း ဘာလို့ ဟက်ကာကို ရှာနေတာလဲ" ဟု မေးလိုက်သည်။
ချန်မင်က နှာခေါင်းရှုံ့ရင်း "ခင်ဗျား သိရင် သိတယ်လို့ပဲ ပြောပါ.. ကျွန်တော် ဘာလုပ်မလဲဆိုတာ လိုက်မမေးနဲ့" ဟု ရောက်ရက်ခတ်စွာ ပြောလိုက်သည်။
မန်နေဂျာမာသည် ကုမ္ပဏီကို စတင်တည်ထောင်သူများထဲမှ တစ်ဦးဖြစ်ပြီး ရှယ်ယာ ၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသဖြင့် ရှယ်ယာရှင်ငယ်လေးတစ်ဦးဟု ဆိုနိုင်သည်။
"ချန်မင်... ဟက်ကာလုပ်တာက ရာဇဝတ်မှုပဲ... မင်း ဘာမှမိုက်မဲတာတွေ မလုပ်နဲ့နော်" ဟု မန်နေဂျာမာက သတိပေးလိုက်သည်။ ဆိုးသွမ်းလွန်းသော ချန်မင်ကို သူလည်း ဘာမှမတတ်နိုင်ချေ။
"ဦးလေးမာ... ကျွန်တော် ကျောင်းမှာ အနိုင်ကျင့်ခံရလို့ ပြန်လက်စားချေတာက ရာဇဝတ်မှုလား" ချန်မင်သည် မန်နေဂျာမာ၏ စိတ်သဘောထားကို သိသဖြင့် လေသံပြောင်းကာ ချော့ပြောလိုက်သည်။
မန်နေဂျာမာမှာ စိတ်ပျော့သွားပြီး "မင်းကို ဘယ်သူက အနိုင်ကျင့်လို့လဲ" ဟု စိုးရိမ်တကြီး မေးလိုက်သည်။
ချန်မင်က သိပ္ပံနှင့်နည်းပညာတက္ကသိုလ်အကြောင်းနှင့် ဖိုရမ်ပေါ်မှ ပို့စ်အကြောင်းကို ပြောပြလိုက်သည်။ ထို့ပြင် သူ၏ ကွန်ပျူတာမှာ ဟက်ခံရပြီး သူ့ကို လုပ်ကြံထားခြင်းဖြစ်ကြောင်းလည်း ရှင်းပြလိုက်သည်။
မန်နေဂျာမာက ဒေါသတကြီးဖြင့် "သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က ကျောင်းသားတွေကတော့ သိပ်လွန်တာပဲ" ဟု ဆိုသည်။
ချန်မင်က ဝမ်းနည်းပူဆွေးဟန်ဆောင်ရင်း "ဦးလေးမာ... အဲဒီကျောင်းနဲ့ ကျွန်တော်တို့ကျောင်းက ဘယ်တုန်းကမှ မတည့်ခဲ့ဘူး... အခု သူတို့လုပ်ထားတာကြောင့် ကျွန်တော် ကျောင်းမှာ မျက်နှာမပြရဲတော့ဘူး... ဒါကို ဖြေရှင်းဖို့ဆိုရင် သူတို့ထက် ပိုတော်တဲ့ ဟက်ကာတစ်ယောက်ကို ငှားပြီး သိပ္ပံနဲ့နည်းပညာတက္ကသိုလ် ဆာဗာကို ပြန်ဟက်ရမယ်... ပြီးတော့ ကျွန်တော့်ကို လုပ်ကြံတဲ့လူကို ရှာဖွေပြီး သက်သေထုတ်ပြမှပဲ ကျွန်တော့်ရဲ့ အရှက်ကို ပြန်ဆယ်နိုင်မှာ"
မန်နေဂျာမာက ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ ချန်မင်... ငါ မင်းအတွက် ဟက်ကာပညာရှင်တစ်ယောက်ကို ဆက်သွယ်ပေးမယ်"
ချန်မင် ဝမ်းသာအားရ ဖြစ်သွားကာ "ကျေးဇူးတင်ပါတယ် ဦးလေးမာ" ဟု ဆိုလိုက်သည်။
တစ်ဖက်တွင်မူ ရှီလဲ့သည် ရွှမ်ချင်းတက္ကသိုလ် ဆာဗာ၏ လုံခြုံရေးကို မြှင့်တင်ပေးလိုက်သည်။ ဖိုင်းယားဝေါလ် ကို ပြန်လည်သတ်မှတ်ပြီးနောက် သူ၏ ခြေရာလက်ရာအားလုံးကို ဖျက်ဆီးကာ အဆောင်မှ အမြန်ထွက်လာခဲ့သည်။
ရှီလဲ့သည် သူ၏ လပ်တော့ပ် ကို ယူကာ တံခါးပိတ်ပြီး ထွက်လာခဲ့သည်။ အခန်း ၅၀၂ တံခါးရှေ့ရောက်သောအခါ သူက တံခါးကို ခေါက်ရင်း "ယွီမော့... မြန်မြန်ထွက်လာဦး၊ ငါ ပြောစရာ ရှိလို့" ဟု အော်ခေါ်လိုက်သည်။
အခန်း ၅၀၂ အတွင်းရှိ ဧည့်ခန်းထဲတွင် မုရွှမ်းမှာ တီဗီကြည့်နေသည်။ စီမံခန့်ခွဲမှုဌာနမှာ နေ့လယ်ပိုင်း အတန်းမရှိသဖြင့် သူမသည် ညအိပ်ဝတ်စုံနှင့် ရှိနေသည်။ ရှီလဲ့၏ အော်သံကို ကြားပြီး လင်းယွီမော့က တံခါးဖွင့်ပေးရန် ပြင်နေသည်ကို မြင်သောအခါ မုရွှမ်းက "ယွီမော့... အဲဒီလူကို အထဲပေးမဝင်နဲ့နော်" ဟု လှမ်းပြောလိုက်သည်။
လင်းယွီမော့က မုရွှမ်း၏ ချစ်စရာကောင်းသော ညအိပ်ဝတ်စုံကို တစ်ချက်ကြည့်ကာ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့ပါ အစ်မမုရွှမ်း၊ ကျွန်မ သိပါတယ်"
သူမသည် တံခါးကို အသာလေး ဟလိုက်ပြီး ခေါင်းလေးပြူထွက်ကာ မေးလိုက်သည်။ "ရှီလဲ့... ဘာပြောမလို့လဲ"
ရှီလဲ့က ဘယ်ဘက်လက်တွင် လပ်တော့ပ်ကို ကိုင်ကာ နံရံကို မှီထားသည်။ သူက လင်းယွီမော့ကို ကြည့်ပြီး "ယွီမော့... ငါ့အတွက် ကျောင်းကို ခွင့်တိုင်ပေးပါဦး.. ဆရာမလီကို ငါ နေမကောင်းလို့ ခဏ ကျောင်းမတက်နိုင်ဘူးလို့ ပြောပေးပါ" ဟု ဆိုသည်။
လင်းယွီမော့က စိုးရိမ်တကြီးဖြင့် "နင် ဘာသွားလုပ်မလို့လဲ... အတန်းတွေ အများကြီး လွတ်နေပြီနော်.. စာမေးပွဲကျရင် ဘယ်လိုလုပ်မလဲ.... ငါ့ရဲ့ မှတ်စုတွေကို ငှားပေးရမှာလား"
ရှီလဲ့က ပြုံးလိုက်သည်။ "ယွီမော့... ငါက အစ်ကိုကြီးရှီပဲလေ၊ ဘယ်လိုလုပ် စာမေးပွဲကျမလဲ.. စာသင်နှစ်ကုန်ခါနီးမှ မင်းရဲ့ မှတ်စုတွေကို ငါ ငှားမှာပေါ့...ငါ့လို ပါရမီရှင်က စာမေးပွဲ ဘယ်တော့မှ မကျဘူး"
လင်းယွီမော့က နှာခေါင်းလေးရှုံ့ကာ "အရှက်မရှိတဲ့လူ... တကယ်လို့ ကျခဲ့ရင်တော့ နောက်နှစ်ကျရင် ငါ့ရဲ့ ဂျူနီယာ ဖြစ်ဖို့သာ ပြင်ထားတော့" ဟု ဆိုသည်။
ရှီလဲ့က ခပ်နောက်နောက် ရယ်လိုက်သည်။ "မင်းရဲ့ ဂျူနီယာ ဖြစ်သွားရင်တောင် မင်း ငါ့လက်ထဲက မလွတ်ပါဘူး.. ကဲ... ယွီမော့ ၊ ငါ သွားတော့မယ်.. ငါ့အတွက် ခွင့်တိုင်ပေးဖို့ မမေ့နဲ့ဦး" ဟု ဆိုကာ လက်ပြရင်း ထွက်ခွာသွားတော့သည်။
ရှီလဲ့သည် ဂျင်းယာဥယျာဉ်ရှိ သူ၏အခန်းသို့ ပြန်လာကာ စူပါကွန်ပျူတာ ကို ထိန်းချုပ်ရန် နောက်ဆုံးပြင်ဆင်မှုများ စတင်တော့သည်။
စူပါကွန်ပျူတာကို ထိန်းချုပ်ရာတွင် အမှားအယွင်း လုံးဝရှိလို့မရပေ။
ဤအခွင့်အရေးသာ လွတ်သွားပါက နောက်တစ်ကြိမ် ထပ်ရရန်မှာ အလွန်ပင် ခက်ခဲပေလိမ့်မည်။
ထိုစူပါကွန်ပျူတာမှာ ဂျပန်နိုင်ငံ၊ တိုကျိုနည်းပညာတက္ကသိုလ်တွင် ရှိပြီး GSIC ဟုခေါ်သော ကမ္ဘာလုံးဆိုင်ရာ သိပ္ပံသတင်းအချက်အလက်နှင့် တွက်ချက်မှုဆိုင်ရာ သုတေသနစီမံကိန်းအတွက် အသုံးပြုနေခြင်းဖြစ်သည်။ ထို့ပြင် အခြားပြင်ပလုပ်ငန်းများကိုလည်း လက်ခံဆောင်ရွက်ပေးနေသည်။
တိုကျိုနည်းပညာတက္ကသိုလ်သည် စူပါကွန်ပျူတာ၏ အရင်းအနှီးများကို ပြန်လည်ရရှိရန်နှင့် အကျိုးရှိစွာ အသုံးချရန်အတွက် စီးပွားရေးလုပ်ငန်းများကိုလည်း ငှားရမ်းပေးထားသည်။ အချို့သော သုတေသနကုမ္ပဏီများနှင့် IT ကုမ္ပဏီများသည် ၎င်းတို့ လိုအပ်သောအခါတွင် စူပါကွန်ပျူတာ၏ အစိတ်အပိုင်းအချို့ကို ငှားရမ်းအသုံးပြုနိုင်ကြသည်။
ထိုသို့ စီးပွားရေးလုပ်ငန်းများကို ငှားရမ်းပေးထားခြင်းကပင် စနစ်အတွင်း၌ ကြီးမားသော အားနည်းချက် တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ အတိတ်ဘဝတွင် ရှီလဲ့သည် ဤအားနည်းချက်ကို အသုံးပြုကာ စူပါကွန်ပျူတာကို ထိန်းချုပ်နိုင်ခဲ့ပြီး ၎င်းကို အခြေခံကာ အခြားစူပါကွန်ပျူတာ အများအပြားကိုပါ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ရှီလဲ့သည် ထိုအားနည်းချက်ကို ကောင်းစွာ သိရှိထားသည်။ သို့သော် ဟက်ဝင်ရန်မှာ မလွယ်ကူလှပေ။ စူပါကွန်ပျူတာ၏ အတွင်းပိုင်းစနစ်ထဲသို့ ဝင်ရောက်ရန်အတွက် အားကောင်းသော ဆာဗာများ၏ အထောက်အပံ့ မပါဝင်ပါက ကျရှုံးရန် ရာခိုင်နှုန်း များလှသည်။
ရှီလဲ့သည် သူ၏ ပထမဆုံး ဆာဗာရှေ့တွင် ထိုင်ကာ သူကိုယ်တိုင် ရေးသားထားသော မိုနိုလစ် ဖိုင်းယားေဝါလ်ကို စတင်စမ်းသပ်လိုက်သည်။ မိုနိုလစ် ဖိုင်းယားဝေါလ် မှာ ၂၀၀၆ ခုနှစ်တွင် အဆင့်မြင့်ဆုံး လုံခြုံရေးစနစ်တစ်ခု ဖြစ်သည်။
ရှီလဲ့သည် နောက်ထပ်ခြေလှမ်းကို စတင်ရန် ပြင်နေစဉ် သူ၏ဖုန်းထဲသို့ မက်ဆေ့ခ်ျတစ်ခု ရောက်လာသည်။ ၎င်းမှာ မသိသော နံပါတ်တစ်ခုဖြစ်ပြီး "ဖုန်းပြန်ဆက်ပါ" ဟူသော စကားလုံး နှစ်လုံးတည်းသာ ပါဝင်သည်။
ရှီလဲ့ မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ မည်သူက သူ့ကို ဤနည်းဖြင့် ဆက်သွယ်နေပါသနည်း။
"ယဲ့ဖုန်း များလား.. သူတို့ တစ်ခုခု ဖြစ်လို့လား"
ရှီလဲ့သည် ဆာဗာမှတစ်ဆင့် ဖုန်းနံပါတ်ပြောင်းလဲသည့် ဆော့ဖ်ဝဲကို အသုံးပြုကာ ထိုနံပါတ်သို့ ပြန်လည်ခေါ်ဆိုလိုက်သည်။
"ဟဲလို"
ယဲ့ဖုန်း၏ အသံ ထွက်ပေါ်လာသည်။ ရှီလဲ့က ဘာမှပြန်မပြောဘဲ ချက်ချင်းပင် ဖုန်းချလိုက်သည်။ ရှီလဲ့က ယဲ့ဖုန်းတို့ကို ဂရုမစိုက်၍ မဟုတ်ဘဲ သူ၏ဖုန်းကို ရဲများက စောင့်ကြည့်နေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ရှီလဲ့သည် ဖုန်းလိုင်းစနစ်ကို ပြုပြင်ကာ ယဲ့ဖုန်း၏ နံပါတ်ကို မှတ်ပုံတင်မထားသော နံပါတ်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီးမှ ယဲ့ဖုန်းကို ပြန်ခေါ်လိုက်သည်။
ရှီလဲ့၏ အသံမှာ အလွန်ပင် တိုးလှသည်။ "ယဲ့ဖုန်း... မင်း ငါ့ဆီ အခုလို မက်ဆေ့ခ်ျ မပို့သင့်ဘူး...ငါ မင်းကို အီးမေးလ်လိပ်စာ ပေးထားတယ် မဟုတ်လား.. ဘာလို့ အီးမေးလ်ကနေ မဆက်သွယ်တာလဲ..အခု ချက်ချင်းပဲ အဲဒီ ကတ်ကို ထုတ်ပြီး အိမ်သာထဲ ပစ်ချလိုက်"
ရှီလဲ့ ခဏနားကာ ဆက်မေးလိုက်သည်။ "အော်... အဲဒီ ကတ်က မင်းသူငယ်ချင်း နာမည်နဲ့လား၊ မှတ်ပုံတင်ထားလား"
ယဲ့ဖုန်းက ဇဝေဇဝါဖြင့် "ရှီလဲ့... မင်း ဘာလို့ ဒီလောက် စိုးရိမ်နေတာလဲ...ဒါက ငါ အသစ်ဝယ်ထားတဲ့ ကတ်ပဲ၊ မှတ်ပုံတင်မထားပါဘူး"
"ငါ ဘယ်လို မစိုးရိမ်ဘဲ နေမလဲ..ငါ့ဖုန်းကို ရဲတွေက စောင့်ကြည့်နေတာ... မင်း ပို့လိုက်တဲ့ မက်ဆေ့ခ်ျကို ရဲတွေ သိသွားလောက်ပြီ...သူတို့ မင်းနောက်ကို လိုက်မလာစေချင်ရင် အဲဒီကတ်ကို အမြန်လွှင့်ပစ်လိုက်...ငါ မင်းရဲ့ လိုင်းကို ခေတ္တ ပိတ်ထားပေးလို့ ရပေမဲ့ အကြာကြီးတော့ မရဘူး၊ အမြန်လုပ်" ဟု ရှီလဲ့က တိုက်တွန်းလိုက်သည်။ "ငါ့ဆီ အီးမေးလ် ပို့လိုက်ဦး၊ ငါ မင်းကို အသံနဲ့ ဆက်သွယ်လို့ရမယ့် လိပ်စာတစ်ခု ပေးမယ်"
ယဲ့ဖုန်းသည် ဖုန်းချလိုက်ပြီး ဆင်းမ်ကတ်ကို ထုတ်ကာ အိမ်သာထဲသို့ ပစ်ချလိုက်တော့သည်။
အမျိုးသမီးတစ်ဦးက "ယဲ့ဖုန်း... ဘာဖြစ်လို့လဲ.. ဘာလို့ ကတ်ကို လွှင့်ပစ်လိုက်တာလဲ" ဟု မေးလိုက်သည်။
ယဲ့ဖုန်းသည် ထိုအမျိုးသမီးကို အပြစ်မကင်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"စိတ်မပူကြနဲ့..ဘာမှမဖြစ်ပါဘူး" ဟု သူက ပြန်ပြောလိုက်သည်။
အခန်း - ၅၀
တစ်ခါက ယဲ့ဖုန်း သည် နယ်စပ်တွင် တာဝန်ထမ်းဆောင်နေစဉ် ခရီးသွားအချို့ ဓားပြတိုက်ခံရသည့် ဖြစ်စဉ်တစ်ခုနှင့် ကြုံခဲ့ရသည်။ ထိုခရီးသွား သုံးဦးမှာ ရှ နိုင်ငံသားများမဟုတ်ဘဲ ဂျပန်နိုင်ငံသားများ ဖြစ်ကြသော်လည်း ယဲ့ဖုန်းက စိတ်ကောင်းဝင်ကာ ကယ်တင်ပေးခဲ့သည်။
ဓားပြတိုက်ခံရသည့် ခရီးသွား သုံးဦးမှာ ချန်းယွဲ့ နှင့် သူမ၏ မိဘများ ဖြစ်ကြသည်။
ချန်းယွဲ့တို့မှာ ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးရှိ ဆပ်ပိုရိုမြို့မှ ဖြစ်ကြသည်။ သူမ၏ မိသားစုမှာ ပင်လယ်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်သည်။ အလွန်အမင်း မချမ်းသာသော်လည်း အတော်အတန် ပြည့်စုံကြသူများ ဖြစ်သည်။ ယဲ့ဖုန်းက သူမတို့မိသားစုကို ကယ်တင်ပေးခဲ့သည့်အချိန်မှစ၍ ချန်းယွဲ့သည် ယဲ့ဖုန်းအပေါ် စွဲလန်းနှစ်သက်သွားကြတော့သည်။ ဤသည်မှာ သူရဲကောင်းက အလှလေးကို ကယ်တင်ရာမှ ဖြစ်ပေါ်လာသည့် အချစ်ဇာတ်လမ်းပင် ဖြစ်သည်။
ယဲ့ဖုန်းသည် ချန်းယွဲ့ကို တစ်ခါမျှ ဦးအောင် ဆက်သွယ်ခြင်း မရှိခဲ့ပေ။ သူမတို့က သူ့ကို နှစ်သက်နေမှန်း သိသော်လည်း ယဲ့ဖုန်းသည် ထိုဂျပန်မလေးကို စိတ်မဝင်စားခဲ့ချေ။ သို့သော် ဒန်ရှောင်လင်း တွင် သွေးကင်ဆာဖြစ်ပွားလာသောအခါ ယဲ့ဖုန်းသည် ရွှမ်းချင်းမြို့တွင် ဘဏ်ဓားပြတိုက်ရန် စီစဉ်ခဲ့သော်လည်း ဒန်ရှောင်လင်းကို ပြုစုစောင့်ရှောက်ပေးမည့် ယုံကြည်စိတ်ချရသူတစ်ဦး လိုအပ်နေခဲ့သည်။
ရဲတပ်ဖွဲ့၏ အဆင့် (A) အလိုရှိ တရားခံတစ်ဦးအနေဖြင့် ယဲ့ဖုန်းတွင် ယုံကြည်ရသူ အများအပြား မရှိချေ။ သူ၏ ရဲဘော်ဟောင်း နှစ်ဦးအပြင် ယုံကြည်ရသူဆို၍ ချန်းယွဲ့တို့သာ ရှိတော့သည်။
ချန်းယွဲ့တို့မှာ ဂျပန်နိုင်ငံသားများ ဖြစ်ကြသည့်အပြင် ယဲ့ဖုန်းကိုလည်း ကြည်ညိုကြသူများဖြစ်သဖြင့် ရှနိုင်ငံ၏ အလိုရှိဝရမ်းကို ဂရုစိုက်မည်မဟုတ်ပေ။ ထို့ကြောင့် ယဲ့ဖုန်းသည် ဟော့ကိုင်းဒိုးတွင်ရှိသော သူမတို့ကို ဆက်သွယ်ကာ ရွှမ်ချင်းမြို့သို့ လာရောက်ပြီး ဒန်ရှောင်လင်းကို ပြုစုပေးရန်နှင့် သူ့အတွက် ပုန်းခိုရာနေရာ စီစဉ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ပေယွီ ခရိုင်ရှိ တိတ်ဆိတ်သော ရပ်ကွက်တစ်ခုတွင် ယဲ့ဖုန်းသည် ကွန်ပျူတာရှေ့၌ ထိုင်ကာ ရှီလဲ့ထံ အီးမေးလ်တစ်စောင် ပို့လိုက်သည်။ သုံးမိနစ်ပင် မပြည့်ခင်မှာပင် ရှီလဲ့ထံမှ အီးမေးလ် ပြန်ရောက်လာသည်။ အီးမေးလ်ထဲတွင် ဝက်ဘ်လင့်ခ် တစ်ခုသာ ပါဝင်သည်။
ယဲ့ဖုန်းက ထိုလင့်ခ်ကို ဖွင့်လိုက်သောအခါ ၎င်းမှာ အသံဖြင့် စကားပြောသည့် အခန်းတစ်ခု ဖြစ်နေသည်ကို တွေ့ရသည်။ သူ ဘာမှမလုပ်ရသေးခင်မှာပင် ကွန်ပျူတာစကရင်ပေါ်၌ သီးသန့် ကုဒ်နံပါတ်ဖြင့် ကာကွယ်ထားသော အသံချန်နယ်တစ်ခု ပေါ်လာသည်။ ထိုချန်နယ်ထဲတွင် ID နှစ်ခုသာ ရှိပြီး တစ်ခုမှာ ရှိလဲ့ ဖြစ်ကာ အခြားတစ်ခုမှာ ယဲ့ဖုန်းဖြစ်သည်။
“ဟဲလို..ကြားရလား” ရှီလဲ့သည် နားကြပ်မှတစ်ဆင့် မိုက်ခရိုဖုန်းထဲသို့ တိုးတိုးလေး ပြောလိုက်သည်။
ယဲ့ဖုန်းတွင် နားကြပ်မရှိပေ။ စပီကာနှင့် သီးသန့်မိုက်ခရိုဖုန်းသာ ရှိသည်။ ချန်းယွဲ့က စပီကာနှင့် မိုက်ကို ဖွင့်ပေးပြီးနောက် “ယဲ့ဖုန်း... ကျွန်မ ရှောင်လင်းကို သွားကြည့်လိုက်ဦးမယ်နော်” ဟု ပြောကာ ထွက်သွားသည်။
ယဲ့ဖုန်းက ဘာမှပြန်မပြောဘဲ မိုက်ထဲသို့ နှစ်ချက်ခန့် ချောင်းဟန့်လိုက်သည်။ “ဟဲလို...ဟဲလို.. ရှီလဲ့... ငါ ပြောတာ ကြားရလား”
ရှီလဲ့က “ကြားရတယ်၊ မင်းရော ငါပြောတာ ကြားရလား” ဟု ပြန်ဖြေသည်။
“ရှီလဲ့... နည်းနည်း အသံကျယ်ကျယ်ပြောပါ..ငါ သိပ်မကြားရဘူး...ခုနက ဖုန်းပြောတုန်းကလည်း ဘာလို့ အသံကို ဒီလောက် နှိမ့်ထားတာလဲ” ယဲ့ဖုန်းက သံသယဖြင့် မေးလိုက်သည်။
ရှီလဲ့သည် အသံကို မမြှင့်ဘဲ ဆက်လက်တိုးတိုးပြောနေသည်။ “အသံ ကို မြှင့်ထားလိုက်... ငါ ဒီမှာ အသံကျယ်ကျယ် ပြောလို့မရဘူး... ငါ့ကိုလည်း အပြင်လောကမှာ ရဲတွေက စောင့်ကြည့်နေတယ်လို့ သံသယရှိနေလို့”
ယဲ့ဖုန်း စိတ်မကောင်း ဖြစ်သွားသည်။ ရှီလဲ့ကို ရဲတွေက ဒီလောက်အထိ စောင့်ကြည့်နေတာလား။ သူနှင့် ရှီလဲ့တို့ တစ်နေရာရာမှာ အမှားလုပ်မိသွားလို့လား။
“ရှီလဲ့... မင်းဘက်မှာ တစ်ခုခု ပြဿနာရှိလို့လား” ယဲ့ဖုန်းက စိုးရိမ်တကြီး မေးလိုက်သည်။
ရှီလဲ့၏ နားကြပ်မှာ အသံအလွန်တိုးထားသဖြင့် တိတ်ဆိတ်သော အခန်းထဲတွင်ပင် နားကြပ်နှင့် ကပ်နေမှသာ ကြားနိုင်သည်။ သူက မိုက်ကို ကပ်ကာ တိုးတိုးလေး ပြန်ပြောလိုက်သည်။ “စိတ်မပူပါနဲ့၊ လောလောဆယ်တော့ ဘာမှမဖြစ်သေးဘူး... ရဲတွေက ငါ့ကို သံသယရှိနေပေမဲ့ သူတို့မှာ သက်သေမရှိဘူး”
“တော်သေးတာပေါ့” ယဲ့ဖုန်း သက်ပြင်းချလိုက်နိုင်သည်။
ရှီလဲ့၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး သူက နောက်ပြောင်သော လေသံဖြင့် “ယဲ့ဖုန်း... ခုနက မိန်းကလေးအသံ ကြားလိုက်သလိုပဲနော် “
သူက ချောင်းဟန့်ကာ ဖုံးကွယ်ရန် ကြိုးစားသော်လည်း ရှီလဲ့က အတင်းမေးနေသဖြင့် အမှန်အတိုင်း ပြောပြလိုက်ရသည်။ ရှီလဲ့၏ မျက်လုံးများ တောက်ပသွားကာ “ယဲ့ဖုန်း... မင်းပြောချင်တာက ချန်းယွဲ့က ဂျပန်မလေးလား..ပြီးတော့ သူမက မင်းကို ချစ်နေတာပေါ့... တစ်နည်းအားဖြင့် ပြောရရင် သူမက မင်းကို သစ္စာဖောက်မှာ မဟုတ်ဘူးပေါ့၊ ဟုတ်လား”
“ဟုတ်တယ်၊ ငါ သူမတို့ မိသားစုတစ်ခုလုံးရဲ့ အသက်ကို ကယ်ခဲ့တာ... သူမ ငါ့ကို သစ္စာမဖောက်ပါဘူး” ယဲ့ဖုန်းက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ ချန်းယွဲ့၏ မျက်လုံးများကို ကြည့်ရုံဖြင့် သူမ သူ့ကို မည်မျှကြည်ညိုသည်ကို သိနိုင်သည်။ အချစ်မူးနေသော အမျိုးသမီးများသည် ကန်းနေတတ်ကြသည် မဟုတ်ပါလား။
ရှီလဲ့သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ကောင်းကင်ကြီးက သူ့ကို တကယ်ပဲ ကူညီနေပြီ။ ရှီလဲ့၏ အစီအစဉ်အရ ယဲ့ဖုန်းတို့ကို ကူညီရာတွင် ဂျပန်နိုင်ငံနှင့် ပတ်သက်နေသည်။ ယခု ဂျပန်နိုင်ငံသားတစ်ဦး ပါဝင်နေပြီဖြစ်သဖြင့် ရှီလဲ့အတွက် အလုပ်လုပ်ရသည်မှာ ပိုမိုလွယ်ကူသွားပေလိမ့်မည်။
ဤသည်ကို တွေးမိရင်း ရှီလဲ့က “ချန်းယွဲ့ရဲ့ အသေးစိတ် အချက်အလက်တွေကို ပြုစုပြီး ငါ့အီးမေးလ်ဆီ ပို့လိုက်ပါဦး” ဟု ပြောလိုက်သည်။
ယဲ့ဖုန်း ခေတ္တ ဝေခွဲမရ ဖြစ်သွားသည်။ “ရှီလဲ့... မင်း သူမကို ဘာမှ အန္တရာယ် မပြုဘူးဆိုတာ သေချာရဲ့လား”
“စိတ်မပူပါနဲ့.. ငါ သူမကို ဘာမှ မလုပ်ပါဘူး ငါ ကတိပေးတယ်” ရှီလဲ့၏ လေသံမှာ ပြတ်သားလှသည်။
ယဲ့ဖုန်း သက်ပြင်းချလိုက်မိသည်။ သူကိုယ်တိုင်ပင် ဘာကြောင့် ချန်းယွဲ့၏ ဘေးကင်းရေးကို စိုးရိမ်နေမိမှန်း မသိချေ။ ထို့နောက် ယဲ့ဖုန်းက သူမ၏ အချက်အလက်များကို ချက်ချင်းတောင်းပေးမည်ဟု ဆိုသည်။ ရှီလဲ့ကတော့ ယဲ့ဖုန်းကို အသံချက်တင်ခန်း ထဲမှ ကန်ထုတ်လိုက်ပြီး မှတ်တမ်းအားလုံးကို ဖျက်ဆီးကာ ထွက်ခွာခဲ့သည်။
ဂျင်းယာဥယျာဉ် ၊ အဆောက်အအုံ အမှတ် (၇) အောက်ရှိ လမ်းဘေးတွင် မှန်အမည်းတပ်ထားသော ကားတစ်စီး ရပ်ထားသည်။ ကားထဲတွင် ရဲအရာရှိ နှစ်ဦးသည် နားကြပ်များကို တပ်ကာ အသံနားထောင်သည့် စက်များရှေ့တွင် ထိုင်နေကြသည်။
တစ်ဦးမှာ မျက်မှန်တပ်ထားပြီး တက်ကြွနေပုံရသော်လည်း အခြားတစ်ဦးမှာမူ အနည်းငယ် ပျင်းရိငြီးငွေ့နေပုံရသည်။
ပျင်းရိနေသော ရဲအရာရှိက မျက်မှန်နှင့်လူကို တွန်းကာ “အားထုံ ... ငါ နားမလည်ဘူး.. အရာရှိတိုက် က ဘာလို့ ရှီလဲ့မှာ တစ်ခုခု မှားနေတယ်လို့ပဲ ထင်နေရတာလဲ...သူက ဘာမှားနိုင်မှာလဲ... သူက ပထမနှစ် ကျောင်းသားလေးပဲဥစ္စာ” ဟု ဆိုသည်။
အားထုံမှာ မျက်မှန်နှင့် ရဲအရာရှိ၏ အမည်ပြောင် ဖြစ်သည်။ သူ၏ မျက်လုံးများမှာ တောက်ပနေသည်။ “အာ့လီ... ဘယ်သူ့ကိုမှ လျှော့မတွက်နဲ့... အရာရှိတိုက် တစ်ယောက်တည်း သံသယရှိတာ မဟုတ်ဘူး၊ ငါလည်း သံသယရှိတယ်...အရင်က ဓားစာခံတွေ ဘာဖြစ်ကုန်လဲ မင်းမသိဘူးလား... ဒါပေမဲ့ ရှီလဲ့ကို ကြည့်ဦး၊ သူက ဘာဒဏ်ရာမှမရဘဲ ပြန်လာတာနော်”
အားလီက နားမလည်နိုင်ဘဲ “ယဲ့ဖုန်းတို့ကပဲ စိတ်ကောင်းဝင်သွားတာ ဖြစ်မှာပေါ့... ယဲ့ဖုန်းရဲ့ အချက်အလက်တွေကို ငါသိပါတယ်..သူက အကျပ်အတည်းနဲ့ မတွေ့ရင် လူဆိုးဖြစ်မယ့်သူ မဟုတ်ဘူး” ဟု ဆိုသည်။
အားထုံက ရယ်မောလိုက်သည်။ “အာ့လီ... မင်းက အပေါ်ယံပဲ မြင်တာကိုး.. အရာရှိတိုက်က ဘာလို့ ရှီလဲ့ကို ဒီလောက် သေချာနေတာလဲ မင်းသိလား”
အာလီက ခေါင်းခါကာ “မသိဘူး” ဟု ဖြေသည်။
“ငါ ပြောပြမယ်” အာထုံက မျက်မှန်ကို ပင့်တင်လိုက်သည်။ “ICBC ဘဏ်ဓားပြမှုတုန်းက ယဲ့ဖုန်းက ပထမဆုံးအကြိမ် ဓားစာခံတစ်ယောက်ကို ဖမ်းခဲ့တယ်... သူ ဘဏ်ထဲက ထွက်လာတုန်းက ရွှမ်းချင်းရုပ်သံလိုင်းက ဟူခဲ့ကို မောက်မောက်မာမာနဲ့ လှောင်ပြောင်သွားတာ မင်းမှတ်မိသေးလား”
“အဲဒါက ဘာထူးခြားလို့လဲ”
“ထူးခြားတာပေါ့” အာထုံက ဆက်ပြောသည်။ “မနေ့က ရှီလဲ့ကို ကိန်း ဆိုတဲ့ နိုင်ငံခြားသားက ဆေးရုံကို သတိမေ့နေတဲ့ အခြေအနေနဲ့ ပို့ပေးခဲ့တယ် မဟုတ်လား... အဲဒီတုန်းက အရာရှိတိုက်က ရှီလဲ့ရဲ့ လည်ပင်းကို အသေအချာ ကြည့်ခဲ့တယ်....အရင်က ဓားစာခံတွေရဲ့ လည်ပင်းမှာ ယဲ့ဖုန်း ညှစ်ထားတဲ့ ဒဏ်ရာတွေ ရှိနေတတ်ပေမဲ့ ရှီလဲ့ရဲ့ လည်ပင်းမှာတော့ ဘာဒဏ်ရာမှ မရှိဘူး... ဒါဟာ ယဲ့ဖုန်းက ရှီလဲ့ကို တင်းတင်းကျပ်ကျပ် ဖမ်းမထားခဲ့ဘူးဆိုတဲ့ သဘောပဲ... ရှီလဲ့က ရုန်းပြေးမှာကို သူ မကြောက်သလိုပဲ” အားထုံက သုံးသပ်ပြပြီးနောက် ရယ်မောလိုက်သည်။ “ဒီအချက်ကြောင့်ပဲ အရာရှိတိုက်က ရှီလဲ့နဲ့ ယဲ့ဖုန်းတို့ကြားမှာ ပတ်သက်မှု ရှိနေတယ်လို့ အခိုင်အမာ ယူဆနေတာ”
“ဟမ်...ရှူး...” အာထုံက ရုတ်တရက် နားကြပ်ကို နားတွင် တင်းတင်းကပ်ကာ အသံနားထောင်လိုက်သည်။
ရှီလဲ့သည် ခုနစ်လွှာတွင် နေထိုင်ခြင်းဖြစ်သည့်အပြင် အခန်းမှာလည်း အသံလုံအောင် ပြုပြင်ထားသဖြင့် ရဲများ၏ စက်ဖြင့် သေချာမကြားရပေ။ အားထုံသည် ရှီလဲ့ စကားပြောနေသည်ကို ဝေဝေဝါးဝါးသာ ကြားနေရသည်။
“အားလီ... ရှီလဲ့ ခုနက တစ်ယောက်ယောက်နဲ့ စကားပြောနေတာ.. ကျောင်းဘက်က ရှီလဲ့ရဲ့ ဖုန်းကို စောင့်ကြည့်နေတဲ့ သူတွေကို အမြန်ဆက်သွယ်ကြည့်...ရှီလဲ့ တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေသလား ဆိုတာကို” အားထုံက အမိန့်ပေးလိုက်သည်။
အာ့လီက ချက်ချင်းပင် ဖုန်းဆက်မေးမြန်းလိုက်သည်။ ခဏအကြာတွင် အာ့လီက ထူးဆန်းသော အမူအရာဖြင့် “အားထုံ... ဖုန်းကို စောင့်ကြည့်နေတဲ့သူတွေကတော့ ရှီလဲ့ ဘယ်သူ့ဆီမှ ဖုန်းမခေါ်ဘူးလို့ ပြောတယ်... ဒါပေမဲ့ သူ့ဖုန်းထဲကို မက်ဆေ့ခ်ျတစ်ခုတော့ ဝင်လာတယ်တဲ့... အဲဒီနံပါတ်ကို လိုက်စစ်ကြည့်တော့လည်း ဘယ်လိုမှ ရှာမရဘူး ဖြစ်နေတယ်”
အားထုံ မျက်မှောင်ကြုတ်သွားသည်။ “မဖြစ်နိုင်တာ.. ရှီလဲ့ ခုနက စကားပြောနေတာ သေချာတယ်... ငါ့ရဲ့ ခြောက်နှစ်ကြာ အသံနားထောင်ခဲ့တဲ့ အတွေ့အကြုံအရ သူ တစ်ယောက်ယောက်နဲ့ စကားပြောနေတာ”
အာ့လီက ပုခုံးတွန့်ကာ “ဒါပေမဲ့ ရှီလဲ့ရဲ့ ဖုန်းမှတ်တမ်းမှာ ဘာမှမရှိဘူးလေ”
အားထုံ ခေတ္တ စဉ်းစားပြီးနောက် နားကြပ်ကို ချလိုက်သည်။ “အာ့လီ... ငါတို့ ပြန်ပြီး အရာရှိတိုက်ဆီကနေ ပိုကောင်းတဲ့ စက်တွေကို တောင်းကြစို့.. ရှီလဲ့နဲ့ ယဲ့ဖုန်းတို့ကြားမှာ တစ်ခုခုရှိနေတာ သေချာတယ်.. ရှီလဲ့ရဲ့ အားနည်းချက်ကိုသာ မိရင် ယဲ့ဖုန်းကိုလည်း ဖမ်းနိုင်မှာပဲ”
သူတို့ နှစ်ဦးသည် ကားကို မောင်းကာ ဂျင်းယာဥယျာဉ်မှ ထွက်ခွာသွားကြတော့သည်။
အပေါ်ထပ်တွင်တော့ ရှီလဲ့သည် ယဲ့ဖုန်း ပို့ပေးထားသော ချန်းယွဲ့၏ အသေးစိတ် အချက်အလက်များကို စစ်ဆေးနေသည်။ အချက်အလက်များကို ဖတ်ပြီးနောက် ရှီလဲ့၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ပေါ်လာသည်။
ရှနိုင်ငံသားများနှင့် ဂျပန်နိုင်ငံသားများသည် ရုပ်ရည်ချင်း များစွာမကွာခြားလှပေ။ ရှီလဲ့သည် စူပါကွန်ပျူတာ ယန် ကို ထိန်းချုပ်ပြီးနောက် ဂျပန်နိုင်ငံ၏ လူဦးရေစာရင်း အချက်အလက်စနစ် ထဲသို့ ဟက်ဝင်ရန် စီစဉ်နေသည်။ ထို့နောက် ယဲ့ဖုန်းတို့၏ အချက်အလက်များကို ပြင်ဆင်ကာ ဂျပန်နိုင်ငံသားများအဖြစ် ပြောင်းလဲပစ်မည် ဖြစ်သည်။
ထိုသို့လုပ်ဆောင်ပြီးပါက ဘဏ်ဓားပြမှု သတင်းများ ငြိမ်သက်သွားချိန်တွင် သူတို့ကို နိုင်ငံပြင်ပသို့ ထွက်ခွာနိုင်အောင် စီစဉ်ပေးမည်ဖြစ်သည်။
ဤသို့လုပ်ဆောင်ရန်အတွက် စူပါကွန်ပျူတာ ယန် ၏ အကူအညီ လိုအပ်သည်။ မဟုတ်ပါက ရှီလဲ့၏ အားနည်းသော ဆာဗာလေးဖြင့် ဂျပန်နိုင်ငံ၏ ဒေတာဘေ့စ်ထဲသို့ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။
ရှီလဲ့သည် အချက်အလက်များကို မှတ်သားပြီးနောက် အီးမေးလ်ထဲမှ ဖျက်ပစ်လိုက်သည်။ ထို့နောက် ကုဒ်တစ်ခုကို အသုံးပြုကာ မှတ်တမ်းအားလုံးကို လုံးဝ ခြေရာဖျောက်လိုက်သည်။
ကုလားထိုင်ပေါ်တွင် မှီလိုက်ရင်း ရှီလဲ့သည် သီချင်းဖွင့်လိုက်သည်။ နားကြပ်ထဲမှ သာယာသော သီချင်းသံ ထွက်ပေါ်လာသည်။
‘ပန်းတွေက ဘယ်သူ့အတွက် ပွင့်တာလဲ.. နွေဦးက လာလိုက် သွားလိုက်... ပန်းတွေက ပြောတယ်... သူတို့ လူတစ်ယောက်ကို စောင့်နေတာတဲ့’
‘အားကိုးရာမဲ့တဲ့ ပန်းတွေ ကြွေလွင့်သွားတယ်...ရင်းနှီးနေတဲ့ ငှက်ကလေးတွေ ပြန်လာတယ်...’