← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း - ၅၁

ညရှစ်နာရီရှိပြီဖြစ်သော်လည်း ရှီလဲ့၏ ဗိုက်ထဲမှ အသံများ ထွက်ပေါ်နေပြီဖြစ်သည်။ အိုးရန်ရှန်းမှာလည်း အခုထိ ပြန်မလာသေးပေ။

ရှီလဲ့ ရင်ထဲမှ တိုးတိုးလေး ညည်းနေမိလိုက်သည်။ သို့သော် ပြန်စဉ်းစားကြည့်လျှင် ရွှမ်းဟူမြို့တွင် A-အဆင့် အလိုရှိနေသည့် ရာဇဝတ်ကောင်တစ်ယောက် ရောက်ရှိနေသဖြင့် ရွှမ်းဟူရဲစခန်း၏ အရေးကြီးအမှုစစ်ဆေးရေးဌာနမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အိုးရန်ရှန်းအတွက် အလုပ်များနေမည်မှာ ဧကန်မလွဲပင်။ သူမ အချိန်ပိုဆင်းနေရသည်မှာလည်း မဖြစ်နိုင်သည့်အရာ မဟုတ်ပေ။

ဆာဗာနံပါတ် (၁) ကို အလိုအလျောက် စောင့်ကြည့်ရေးပရိုဂရမ်ဖြင့် ချိတ်ဆက်ထားခဲ့ပြီးနောက် ရှီလဲ့သည် ဧည့်ခန်းထဲသို့ ထွက်လာကာ ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်သည်။ ထို့နောက် အိုးရန်ရှန်းအတွက် ညစာချက်ပြုတ်ပေးရန် ရွှမ်းဟူမြို့၏ နာမည်ကြီးဟင်းချက်နည်းများကို အင်တာနက်တွင် ရှာဖွေလိုက်တော့သည်။

ရေခဲသေတ္တာထဲတွင် ခရမ်းချဉ်သီး အနည်းငယ်၊ ငရုတ်ပွစိမ်းအချို့နှင့် သခွားသီးတစ်လုံးသာ ရှိတော့သည်။ အအေးခန်းထဲတွင်မူ ဝက်နံရိုးတစ်ထုပ်နှင့် ဝက်သားတုံးတစ်တုံး ရှိနေသည်။

ပထမဦးစွာ သူသည် ခရမ်းချဉ်သီး၊ ငရုတ်ပွနှင့် သခွားသီးတို့ကို ရေဆေးကန်ထဲတွင် စိမ်ထားလိုက်သည်။ ထို့နောက် ဝက်နံရိုးနှင့် ဝက်သားတို့ကို မိုက်ခရိုဝေ့ဖ်ထဲထည့်ကာ အမြန်ခဲဖျော်လိုက်သည်။ ခဲဖျော်နေစဉ်အတွင်း ရှီလဲ့သည် ဆန်ဆေးကာ ထမင်းတည်လိုက်၏။ ထို့နောက် သခွားသီးအခွံခွာ၊ ငရုတ်ပွများကို အကွင်းလိုက်လှီးကာ ပန်းကန်ထဲ ထည့်ထားလိုက်သည်။ ဆက်လက်၍ ခရမ်းချဉ်သီး လေးလုံးကို ရေနွေးပူဖြင့် စိမ်ကာ အခွံခွာပြီးနောက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားလိုက်သည်။

မိုက်ခရိုဝေ့ဖ်မှ အသံမြည်လာသဖြင့် ခဲပျော်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ ရှီလဲ့သည် ဝက်နံရိုးနှင့် ဝက်သားတို့ကို ရေဆေးလိုက်၏။ ရှေးဦးစွာ ဝက်နံရိုးနှင့် ခရမ်းချဉ်သီးတို့ကို ပေါင်းအိုး ထဲထည့်၊ ရေဖြည့်ကာ မီးဖိုပေါ် တင်လိုက်သည်။

စွပ်ပြုတ်တည်ထားစဉ် ရှီလဲ့သည် ဝက်သားတုံးကို ယူကာ အသားမျှင်လေးများဖြစ်အောင် လှီးဖြတ်လိုက်ပြီး ပန်းကန်တစ်ခုထဲတွင် ဂျုံမှုန့်နှင့် ရောနယ်ထားလိုက်သည်။ အားလုံးပြီးစီးသောအခါ ရှီလဲ့သည် လက်ဆေးကာ ဧည့်ခန်းသို့ ထွက်လာပြီး ရွှမ်းဟူမြို့ ရဲစခန်းသို့ ဖုန်းဆက်လိုက်သည်။

"ဟယ်လို... ရွှမ်းဟူမြို့ ရဲစခန်းကပါ" အော်ပရေတာ၏ အသံမှာ တိုတောင်းကာ လောနေသည့်ပုံစံမျိုး ဖြစ်သည်။

ရှီလဲ့က ယဉ်ကျေးစွာဖြင့် "မင်္ဂလာပါ၊ အမှုကြီးစစ်ဆေးရေးဌာနက အရာရှိ အိုးရန်ရှန်းနဲ့ စကားပြောချင်လို့ပါ" ဟု ပြောလိုက်သည်။

"ခဏစောင့်ပါ" အော်ပရေတာသည် ဖုန်းကို အမှုကြီးစစ်ဆေးရေးဌာနသို့ ချက်ချင်းလွှဲပေးလိုက်ရာ တစ်ဖက်မှ ဖုန်းကိုင်လိုက်သည်။

"ဟေး... ကျွန်တော် အမှုကြီးစစ်ဆေးရေးဌာနက ထောင်ကျွင်းပါ"

ထောင်ကျွင်းသည် ချန်ကွမ်းလျန်နှင့်အတူ လိုက်ပါလာခဲ့သည့် ရဲအရာရှိနှစ်ဦးထဲမှ တစ်ဦးဖြစ်သည်။ ရှီလဲ့က ပြုံးလျက် "မင်္ဂလာပါ အရာရှိထောင်၊ ကျွန်တော် ရှီလဲ့ပါ...အိုးရန်ရှန်းနဲ့ စကားပြောချင်လို့ပါ" ဟု နှုတ်ဆက်လိုက်သည်။

ထောင်ကျွင်းက ယဉ်ကျေးစွာဖြင့် "ဪ... ရှီလဲ့ကိုး...ခဏလေး စောင့်ဦးနော်" ဟု ပြောလိုက်သည်။ ဖုန်းကို ခေတ္တချထားပြီးနောက် သူသည် နောက်နားတွင် ရပ်နေသည့် အိုးရန်ရှန်းကို လှည့်ကြည့်ကာ "အရာရှိအိုးရေ... မင်းရဲ့ မောင်ချောချောလေးက ဖုန်းဆက်နေတယ်ဟေ့" ဟု စနောက်လိုက်သည်။

အိုးရန်ရှန်းမှာ ခေတ္တကြောင်သွားပြီးနောက် ဖုန်းကို ယူလိုက်ကာ "ဟယ်လို... ရှီလဲ့လား" ဟု မေးလိုက်သည်။

"အိုးရန်... ဒီနေ့ ဘာလို့ ပြန်မလာသေးတာလဲ" ဟု ရှီလဲ့က မေးသည်။

အိုးရန်ရှန်းက ရှီလဲ့သည် သူမပြန်လာပြီး ချက်ကျွေးမှာကို စောင့်နေသည်ဟု ထင်ကာ "ရှီလဲ့... ဒီနေ့တော့ မင်းဘာသာမင်း ချက်စားလိုက်တော့နော်... စခန်းမှာ ကိစ္စတစ်ခုရှိနေလို့ အရေးကြီးအမှုစစ်ဆေးရေးဌာန တစ်ခုလုံး သန်းခေါင်ယံအထိ အချိန်ပိုဆင်းရမှာ" ဟု ပြန်ဖြေလိုက်သည်။

"ဪ... သိပြီ..ဒါနဲ့ အိုးရန်... ထမင်းရော စားပြီးပြီလား" ရှီလဲ့က ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။

အိုးရန်ရှန်းက တိုးတိုးလေး ပြန်ဖြေသည်မှာ "မစားရသေးဘူး... ယဲ့ဖုန်း ရဲ့ အမှုကြောင့် စခန်းမှာ အရမ်းအလုပ်များနေတာ...ကဲ... ငါ ဖုန်းချလိုက်တော့မယ်၊ လုပ်စရာတွေ အများကြီးပဲ"

"ကောင်းပြီ... စောစောပြန်လာခဲ့" ရှီလဲ့ ဖုန်းချလိုက်သည်။ မီးဖိုချောင်ထဲမှ ပေါင်းအိုးမှ လေထွက်သံကို ကြားလိုက်ရသဖြင့် ရှီလဲ့သည် မီးဖိုချောင်ထဲဝင်ကာ မီးကို လျှော့လိုက်သည်။ ထို့နောက် စင်ပေါ်တွင် တစ်ခုခုကို လိုက်ရှာရာ အပေါ်ဆုံးစင်ထဲတွင် သူရှာနေသည့် အစာထည့်ဘူးနှင့် ဓာတ်ဗူးကို တွေ့လိုက်ရသည်။

ထမင်းဘူးနှင့် ဓာတ်ဗူးကို ဆေးကြောပြီးနောက် ရှီလဲ့သည် နောက်ထပ်မီးဖိုတစ်ခုကို ထွန်းကာ ဆီပူအောင် တည်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရေခဲသေတ္တာထဲမှ ကြက်ဥနှစ်လုံးကို ယူကာ ပန်းကန်ထဲတွင် ခေါက်ထားလိုက်သည်။

ဒယ်အိုးထဲမှ ဆီပူလာသောအခါ ရှီလဲ့သည် အသင့်ပြင်ထားသည့် ဝက်သားမျှင်များကို ထည့်ကာ ကြော်လိုက်သည်။ ဝက်သားများ အရောင်ပြောင်းသွားချိန်တွင် ငရုတ်ပွစိမ်းများကို ထည့်ကာ အနည်းငယ် ထပ်ကြော်လိုက်သည်။ ဆားနှင့် အချိုမှုန့် အနည်းငယ်ထည့်ကာ အရသာသွင်းပြီးနောက် ထမင်းဘူးထဲသို့ ပြောင်းထည့်လိုက်သည်။

ဒယ်အိုးကို အနည်းငယ် ပြန်ဆေးကာ ဆီထပ်ထည့်ပြီး သခွားသီးနှင့် ကြက်ဥကြော်ကို ထပ်လုပ်လိုက်သည်။

ထမင်းအိုးမှာလည်း ကျက်ပြီဖြစ်သဖြင့် ရှီလဲ့သည် ပလပ်ကို ဆွဲဖြုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ပေါင်းအိုးမီးကို ပိတ်ကာ အအေးခံထားလိုက်သည်။

ရှီလဲ့ ဧည့်ခန်းထဲသို့ လှည့်ထွက်လာပြီး ထမင်းဘူးများ ထည့်နိုင်မည့် စက္ကူအိတ်တစ်လုံးကို ရှာလိုက်သည်။ အကြီးဆုံးဘူးထဲတွင် ထမင်းဖြူများကို ထည့်ကာ ဟင်းဘူးများနှင့်အတူ စက္ကူအိတ်ထဲ ထည့်လိုက်သည်။ ပေါင်းအိုးထဲမှ ခရမ်းချဉ်သီးဝက်နံရိုးစွပ်ပြုတ်ကိုလည်း ဓာတ်ဗူးထဲသို့ အပြည့်ထည့်လိုက်သည်။

အိတ်နှင့် ဓာတ်ဗူးကို စားပွဲပေါ်တင်ထားပြီးနောက် ရှီလဲ့သည် မြန်မြန်ဆန်ဆန်ပင် ညစာစားလိုက်သည်။ အမှန်အတိုင်း ပြောရလျှင် အင်တာနက်မှ ချက်နည်းများအတိုင်း ချက်ပြုတ်ထားသည့် ဟင်းလျာများမှာ မဆိုးလှပေ။

စားသောက်ပြီးနောက် ရှီလဲ့သည် ဘယ်ဘက်လက်က အိတ်ကိုဆွဲ၊ ညာဘက်လက်က ဓာတ်ဗူးကိုကိုင်ကာ ရွှမ်းဟူရဲစခန်းဆီသို့ လျှောက်လာခဲ့တော့သည်။

လမ်းပေါ်တွင် လူများဖြင့် စည်ကားနေဆဲပင်။

ဂျင်းယာဝင်းမှရွှမ်းဟူရဲစခန်းသို့ ခုနစ်မိနစ်၊ ရှစ်မိနစ်ခန့်သာ လျှောက်ရသည်။ ရဲစခန်းအပေါက်ဝသို့ ရောက်သောအခါ တာဝန်ကျနေသည့် အဘိုးကြီးက သူ့ကို တားလိုက်သည်။

"ဟေး... လူငယ်၊ ရဲစခန်းက အလုပ်ဆင်းသွားပြီ... ကိစ္စရှိရင် မနက်ဖြန်မှ ပြန်လာခဲ့"

ရှီလဲ့က လက်ကိုမြှောက်ကာ ရယ်လျက် "အဘိုး... ကျွန်တော် ကျွန်တော့်ရည်းစားအတွက် ထမင်းလာပို့တာပါ... သူမက အချိန်ပိုဆင်းနေရလို့ပါ"

အဘိုးကြီးက ရှီလဲ့ကို သံသယဖြင့် ကြည့်ကာ "မင်းရည်းစားက ဘယ်သူလဲ" ဟု မေးသည်။

"အမှုကြီးစစ်ဆေးရေးဌာနက အိုးရန်ရှန်းပါ" ဟု ရှီလဲ့က တည်ငြိမ်စွာ ဖြေလိုက်သည်။

"ဪ..." အဘိုးကြီးက ရှီလဲ့ကို စူးစမ်းသလို ကြည့်ပြီး "ဝင်သွားလေ" ဟု ဆိုလိုက်သည်။

ရှီလဲ့ ဝင်သွားပြီးနောက် အဘိုးကြီး၏ သက်ပြင်းချသံကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ "အရာရှိအိုးကို ပိုးပန်းတဲ့လူတွေ ဘာလို့ မအောင်မြင်ကြတာလဲဆိုတာ မဆန်းတော့ပါဘူး.. အရာရှိအိုးက ဒီလို မောင်လေးလေးတွေကိုမှ ကြိုက်တာကိုး"

"အဟွတ်" ရှီလဲ့သည် ခြေချော်ကာ လဲမလိုပင် ဖြစ်သွားသည်။

ရှီလဲ့သည် လမ်းတွင် မေးမြန်းကာ နောက်ဆုံး၌ တတိယထပ်ရှိ အမှုကြီးစစ်ဆေးရေးဌာနသို့ ရောက်ရှိလာခဲ့သည်။ အခန်းတံခါးမှာ ပွင့်နေသဖြင့် ရှီလဲ့သည် ဝင်သွားကာ အလုပ်ကြိုးစားနေသည့် အိုးရန်ရှန်းကို တွေ့လိုက်ရသည်။ သူက ပြုံးကာ "အိုးရန်ရှန်း" ဟု ခေါ်လိုက်သည်။

အိုးရန်ရှန်း၏ တစ်ကိုယ်လုံး တုန်တက်သွားပြီး လက်ထဲမှ ဘောပင်မှာလည်း လန့်ကာ လွတ်ကျလုနီးပါး ဖြစ်သွားသည်။ သူမသည် ခေါင်းမော့ကာ ရှီလဲ့ကို ကြောင်ကြည့်လျက် "ရှီလဲ့.. မင်း ဘာလို့ ဒီကို ရောက်နေတာလဲ" ဟု မေးလိုက်သည်။

ရှီလဲ့က လက်ကိုမြှောက်ပြကာ တောက်ပစွာ ပြုံးလိုက်သည်။ သူက ညင်သာစွာဖြင့် "မင်း ထမင်းမစားရသေးဘူးလို့ ကြားလို့၊ ထမင်းလာပို့တာ" ဟု ပြောလိုက်သည်။

အိုးရန်ရှန်းသည် နှာခေါင်းလေးရှုံ့သွားကာ မျက်ဝန်းများတွင် မျက်ရည်များ ဝဲလာသည်။ "မင်းကို... ဘယ်သူက မင်းကို လာပို့ခိုင်းလို့လဲ"

ချန်ကွမ်းလျန်ကမူ တမင်တကာပင် အသံကို မိန်းကလေးအသံလို ပြောင်းကာ "ရှီလဲ့... ငါလည်း မစားရသေးဘူး၊ ငါ့အတွက်ရော မပါဘူးလား" ဟု စနောက်လိုက်သည်။

ရှီလဲ့နှင့် အရင်က ဆုံဖူးသည့် ထောင်ကျွင်းနှင့် ဟွာချန်းတို့ကလည်း "ရှီလဲ့... ဒါကတော့ ခွဲခြားဆက်ဆံတာပဲ.. မင်းကတော့ ရည်းစားတွေ့ပြီး သူငယ်ချင်းတွေကို မေ့သွားပြီပေါ့" ဟု ဝိုင်း၍ နောက်ကြသည်။

အိုးရန်ရှန်းက သူတို့ကို မျက်စောင်းထိုးလိုက်သည်။ ရှီလဲ့က ခပ်ယောင်ယောင် ပြုံးလိုက်ကာ "ဌာနမှူးချန်၊ အရာရှိထောင်၊ အရာရှိဟွာ... ကျွန်တော့်ကို မနောက်ကြပါနဲ့ဗျာ"

အိုးရန်ရှန်းက ဓာတ်ဗူးအဖုံးကို ဖွင့်လိုက်သောအခါ ခရမ်းချဉ်သီးဝက်နံရိုးစွပ်ပြုတ်၏ မွှေးရနံ့သည် အခန်းတစ်ခုလုံး ပျံ့နှံ့သွားသည်။ ချန်ကွမ်းလျန်က နှာခေါင်းကို ရှုံ့ကာ "အို... တကယ် မွှေးတာပဲ" ဟု ရေရွတ်လိုက်သည်။

အမှုကြီးစစ်ဆေးရေးဌာနမှ အဖွဲ့ဝင်များသည် နေ့လယ်စာစားပြီးကတည်းက အလုပ်ရှုပ်နေကြကာ ညစာပင် မစားရသေးပေ။ ယခု ညကိုးနာရီခွဲနီးပါး ရှိပြီဖြစ်ရာ မည်သူက ဗိုက်မဆာဘဲ နေမည်နည်း။

"ဌာနမှူးချန်... လူတွေကို ခေါ်လိုက်ပါ၊ အားလုံးအတူတူ သောက်ကြတာပေါ့" အိုးရန်ရှန်းသည် တစ်ယောက်တည်း စားရန် ရှက်နေသဖြင့် ပြောလိုက်သည်။ ဌာနတွင် ရှစ်ယောက်ရှိသော်လည်း ဓာတ်ဗူးမှာ ကြီးမားသဖြင့် အားလုံး တစ်ယောက်တစ်ခွက်စီ သောက်ရန် လုံလောက်ပေသည်။

ချန်ကွမ်းလျန်က လက်ခုပ်တီးကာ "ကောင်းပြီ၊ ကောင်းပြီ. ။အားလုံးပဲ ပန်းကန်တွေ ယူခဲ့ကြ၊ အိုးရန်ရှန်းရဲ့ အချစ်စွပ်ပြုတ်ကို ဝေမျှသောက်ကြမယ်ဟေ့"

ရှီလဲ့သည် ဤကဲ့သို့ အခြေအနေမျိုးကို ကြိုတင်တွေးဆထားပြီးသား ဖြစ်သည်။ သူက ပြုံးကာ ထမင်းဘူး သုံးဘူးကို ထုတ်လိုက်သည်။ ထမင်းအပြည့်ပါသည့် ဘူးထဲမှ ထမင်းကို ရှစ်ယောက်ခွဲလိုက်ရာ တစ်ယောက်လျှင် ထမင်းတစ်ဝက်ခန့် ရရှိကြသည်။

အားလုံး စားသောက်ပြီးနောက် အိုးရန်ရှန်းသည် ရှီလဲ့ကို စခန်းအပေါက်ဝအထိ လိုက်ပို့ပေးသည်။ သူမ၏ မျက်ဝန်းများတွင် ကျေးဇူးတင်ရိပ်များ ပြည့်နှက်နေကာ "ရှီလဲ့... ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။

ရှီလဲ့က ပြုံးကာ လက်ဝေ့ယမ်းလိုက်ပြီး "အလုပ်ပြန်လုပ်တော့.... ခဏနေရင် ငါ လာကြိုမယ်လေ" ဟု ပြောသည်။

အိုးရန်ရှန်းက ငြင်းလိုက်သည်မှာ "မလိုပါဘူး၊ ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တော်တော်လေး ကောင်းပါတယ်"

အိုးရန်ရှန်းကို နှုတ်ဆက်ပြီးနောက် ပြန်အထွက်တွင် တာဝန်ကျအဘိုးကြီးက သူ့ကို လက်မထောင်ပြလိုက်သဖြင့် ရှီလဲ့မှာ ခေါင်းငုံ့ကာ အမြန်ပြေးထွက်လာခဲ့ရသည်။ ဂျင်းယာဝင်းသို့ ပြန်ရောက်သောအခါ ရှီလဲ့သည် ဆာဗာနံပါတ် (၁) ၏ စောင့်ကြည့်ရေးပရိုဂရမ်ကို အရင်ဆုံး စစ်ဆေးလိုက်သည်။

ကုတင်ဘေးတွင် ထိုင်ရင်း ရှီလဲ့သည် ပြဿနာတစ်ခုကို စဉ်းစားနေသည်။ စူပါကွန်ပျူတာ 'ယန်' ကို သူ ဘယ်လို သိမ်းပိုက်နိုင်မည်နည်း။

ဆာဗာနံပါတ် (၁) တစ်ခုတည်းနှင့်ဆိုလျှင် စူပါကွန်ပျူတာ 'ယန်' ၏ အားနည်းချက်ကို သိထားလျှင်တောင် သိမ်းပိုက်နိုင်ရန် ခက်ခဲပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စူပါကွန်ပျူတာ 'ယန်' ထဲသို့ ဝင်ရောက်ပြီးနောက် လုပ်ငန်းစဉ်များ ပြီးမြောက်ရန်အတွက် စွမ်းဆောင်ရည်မြင့်မားသည့် အခြားဆာဗာတစ်ခု၏ အကူအညီ လိုအပ်သောကြောင့် ဖြစ်သည်။

ရှီလဲ့ ခဏမျှ စဉ်းစားလိုက်သောအခါ 'ယန်' ၏ ကြီးမားသည့် အားနည်းချက်တစ်ခုကို သတိရသွားသည်။ ၎င်းမှာ ပြင်ပသို့ ဖွင့်လှစ်ပေးထားရသည့် 'ယန်' ၏ စနစ်အတွင်းမှ အားနည်းချက်တစ်ခု ဖြစ်သည်။

အကယ်၍ ရှီလဲ့သည် စူပါကွန်ပျူတာ 'ယန်' ထဲသို့ ပေါ်တင်ဝင်ရောက်နိုင်ပြီး လုံခြုံရေးဝန်ထမ်းများက သတိမထားမိပါက 'ယန်' ကို သူ သေချာပေါက် သိမ်းပိုက်နိုင်မည်ဟု အာမခံနိုင်သည်။

သို့သော် လုံခြုံရေးဝန်ထမ်းများ မသိအောင် စူပါကွန်ပျူတာ 'ယန်' ထဲသို့ သူ မည်သို့ ပေါ်တင်ဝင်ရောက်နိုင်မည်နည်း။

ရှီလဲ့သည် ဆာဗာနံပါတ် (၁) ကို ထိန်းချုပ်ကာ ရှနိုင်ငံ၏ ဖိုင်းယားဝေါလ် ကို ဖြတ်ကျော်ပြီး ဗွိုက်စင်၏ ကွန်ရက်ထဲသို့ ဝင်လိုက်သည်။ ထို့နောက် ဗွိုက်စင်၏ ဒေသတွင်း ရှာဖွေရေးအင်ဂျင်ကို အသုံးပြုကာ စူပါကွန်ပျူတာ 'ယန်' နှင့် ပတ်သက်သည့် အချက်အလက်များကို ရှာဖွေလိုက်သည်။

စူပါကွန်ပျူတာ 'ယန်' သည် တိုကျိုစက်မှုတက္ကသိုလ်၏ ဂုဏ်ဆောင်ဖြစ်သလို ဗွိုက်စင်နိုင်ငံ၏ ဂုဏ်ယူစရာလည်း ဖြစ်သည်။ ၎င်းသည် ကမ္ဘာ့အဆင့် (၉) ရှိပြီး နိုင်ငံ၏ ကွန်ပျူတာစက်မှုလုပ်ငန်း အဆင့်အတန်းကို ကိုယ်စားပြုသည်။

အင်တာနက်ပေါ်တွင် 'ယန်' နှင့် ပတ်သက်သည့် သတင်းများစွာ ရှိသော်လည်း အများစုမှာ စွမ်းဆောင်ရည် အစီရင်ခံစာများသာ ဖြစ်သည်။ ဤအချက်အလက်များက ရှီလဲ့အတွက် အသုံးမဝင်ပေ။

ရှီလဲ့သည် ကွန်ရက်ပေါ်ရှိ သတင်းအသေးအဖွဲများအထိ ဂရုတစိုက် ဖတ်ရှုကာ အသုံးဝင်မည့် အချက်အလက်များကို စိစစ်ပြီး အခွင့်အလမ်းများကို ရှာဖွေနေသည်။ ဟက်ကာ တစ်ယောက်၏ အလုပ်မှာ အချက်အလက် စုဆောင်းခြင်းနှင့် အခွင့်အလမ်း ရှာဖွေခြင်းပင် ဖြစ်သည်။ ရှီလဲ့အနေဖြင့် 'ယန်' ကို ဟက်ချင်လျှင် ပထမဦးစွာ တန်ဖိုးရှိသည့် အချက်အလက်များကို ရှာဖွေရမည်ဖြစ်သည်။

တစ်နာရီကျော်ကြာအောင် ရှာဖွေပြီးနောက် ရှီလဲ့သည် သတိမထားမိလောက်သည့် သတင်းတိုလေးတစ်ခုကို နောက်ဆုံးတွင် တွေ့ရှိသွားတော့သည်။

၎င်းမှာ- "ဝယ်ယူသူများအား ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် တိုကျိုမြို့မှ နာမည်ကြီး ကုမ္ပဏီသည် စူပါကွန်ပျူတာ 'ယန်' ကို ငှားရမ်းအသုံးပြုရန် တိုကျိုစက်မှုတက္ကသိုလ်နှင့် တရားဝင် စာချုပ်ချုပ်ဆိုလိုက်ပြီ" ဟူ၍ ဖြစ်သည်။

အခန်း - ၅၂

ထိုကုမ္ပဏီ၏ တည်ထောင်သူမှာ မစ္စတာအိုက်ကန် ဖြစ်သည်။ ၎င်းကို ၁၉၈၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဌာနချုပ်မှာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် တည်ရှိသည်။ အဓိကအားဖြင့် စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးခြင်း၊ ဆော့ဖ်ဝဲလ်ထုတ်လုပ်ခြင်း၊ မိုဘိုင်းကွန်ရက် ဝန်ဆောင်မှုများနှင့် အင်တာနက် ဘရောက်ဆာ လုပ်ငန်းများကို လုပ်ကိုင်သည်။

ကုမ္ပဏီ၏ အောင်မြင်ဆုံးထုတ်ကုန်မှာ နတ်ဖရန့် ဖြစ်ပြီး ဂျပန်နိုင်ငံရှိ မိုဘိုင်းဖုန်းများတွင် အလွန်ရေပန်းစားသည်။ အင်တာနက်ကို အခြေခံသည့် ဤကုမ္ပဏီသည် တိုကျိုစက်မှုတက္ကသိုလ်ထံမှ စူပါကွန်ပျူတာ ‘ယန်’ကို ငှားရမ်းအသုံးပြုရန် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ဤအကြောင်းကို သိရှိသွားပြီးနောက် ရှီလဲ့သည် အိုက်ကန်၏ ကုမ္ပဏီဝဘ်ဆိုဒ်ကို ချက်ချင်း ရှာဖွေကြည့်ရှုတော့သည်။ ကုမ္ပဏီတစ်ခု၏ ဝဘ်ဆိုဒ်စာမျက်နှာမှတစ်ဆင့် အချက်အလက်များစွာကို ရရှိနိုင်သည်။ ဥပမာအားဖြင့် ကုမ္ပဏီ၏ လက်ရှိအခြေအနေ၊ ဘဏ္ဍာရေးရှင်းတမ်းများသာမက ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်နံပါတ် များကိုပင် ရှာဖွေတွေ့ရှိနိုင်ပေသည်။

ရှီလဲ့သည် အိုက်ကန်၏ ဝက်ဆိုဒ်ထဲသို့ဝင်ကာ ကုမ္ပဏီ၏ နောက်ဆုံးအခြေအနေများကို လေ့လာလိုက်သည်။ ဤကုမ္ပဏီသည် အလားအလာ အလွန်ကောင်းမွန်လှသည်။ နတ်ဖရန့်မှ ဘရောက်ဇာ၏ မိတ်ဖက်များမှာ အန်တီတီ နှင့် ဆိုနီ ကဲ့သို့သော ထိပ်သီးကုမ္ပဏီကြီးများ ဖြစ်နေသည်။

ခဏမျှ ရှာဖွေပြီးနောက် ရှီလဲ့သည် ဝက်ဆိုဒ်၏ အားနည်းချက်တစ်ခုကို ရှာတွေ့သွားပြီး အတွင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်လိုက်သည်။ အိုင်တီကုမ္ပဏီတစ်ခုဖြစ်သည့်အားလျော်စွာ အိုက်ကန်တွင် ကိုယ်ပိုင်ဆာဗာရှိသည်။ ၎င်းသည် အခြားဝန်ဆောင်မှုလုပ်ငန်းများထံမှ ငှားရမ်းထားသည့် ဆာဗာမျိုး မဟုတ်ပေ။

ရှီလဲ့သည် ဆာဗာ၏ စနစ်ကို လေ့လာပြီးနောက် မထုတ်ပြန်ရသေးသည့် စနစ်အားနည်းချက် တစ်ခုကို အသုံးချကာ ဆာဗာထဲသို့ ဝင်ရောက်လိုက်သည်။ ထိုဆာဗာထဲတွင် ဖိုင်တွဲများစွာ သိမ်းဆည်းထားရာ ရှီလဲ့သည် ဂရုတစိုက် လိုက်လံရှာဖွေရင်း သူစိတ်ဝင်စားသည့်အရာတစ်ခုကို နောက်ဆုံးတွင် တွေ့သွားတော့သည်။

အမှန်တော့ အိုက်ကန်ကုမ္ပဏီသည် စူပါကွန်ပျူတာ ‘ယန်’ ၏ အရင်းအမြစ်များကို အများကြီး ငှားရမ်းထားခြင်း မဟုတ်ပေ။ သူတို့တွင် ကိုယ်ပိုင်စွမ်းအားမြင့် ဆာဗာများ ရှိပြီးသားဖြစ်သည်။ ‘ယန်’ ကို ငှားရမ်းရခြင်းမှာ ကုမ္ပဏီ၏ နာမည်ဂုဏ်သတင်း မြှင့်တင်ရန်အတွက်သာ ဖြစ်သည်။

မမျှော်လင့်ဘဲ ရှီလဲ့သည် အိုက်ကန်၏ ဝဘ်ဆာဗာထဲတွင် စူပါကွန်ပျူတာ ‘ယန်’ ထဲသို့ ဝင်ရောက်နိုင်မည့် အကောင့်နှင့် လျှို့ဝှက်နံပါတ်ကို တွေ့ရှိသွားသည်။ အိုက်ကန်သည် ‘ယန်’ ကို အသုံးပြုခွင့်အား ကုမ္ပဏီမှ အဆင့်မြင့်အရာရှိအားလုံးကို ပေးထားခြင်းဖြစ်သည်။ ၎င်းမှာ အိုက်ကန်က သဘောကောင်းလွန်း၍ မဟုတ်ပေ။ သူတို့၏ သုတေသနလုပ်ငန်းများသည် အလွန်လျှို့ဝှက်လွန်းသဖြင့် ‘ယန်’ ကို ပေးမလုပ်လိုခြင်းကြောင့်ဖြစ်ပြီး၊ ငှားထားသည့် အရင်းအမြစ်များ အလဟဿမဖြစ်စေရန် ဝန်ထမ်းများကို ပေးသုံးထားခြင်းသာ ဖြစ်သည်။

၎င်းမှာ ကုမ္ပဏီဝန်ထမ်းများအတွက် အကျိုးခံစားခွင့်တစ်ခု ဖြစ်သော်လည်း ယခုအခါတွင်မူ ရှီလဲ့အတွက် စူပါကွန်ပျူတာ ‘ယန်’ ထဲသို့ ဟက်ရန် လမ်းကြောင်းကောင်းတစ်ခု ဖြစ်သွားတော့သည်။

ရှီလဲ့သည် အိုက်ကန်၏ ဆာဗာကို လေ့လာရင်း ခဏမျှ စဉ်းစားလိုက်သည်။ ထို့နောက် အိုက်ကန်၏ ဆာဗာကို အခြေခံစခန်းအဖြစ် အသုံးပြုကာ စူပါကွန်ပျူတာ ‘ယန်’ ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

အိုက်ကန်၏ ဆာဗာများမှာ အမှန်တကယ်ပင် ကောင်းမွန်လှသည်။ ဤကုမ္ပဏီတွင် ပင်မဆာဗာ ငါးလုံးပါဝင်သည့် ဆာဗာအုပ်စု ရှိပေသည်။

အိုက်ကန်၏ ဆာဗာအုပ်စုမှာ ထိုခေတ်က ကမ္ဘာ့အဆင့်မြင့်ဆုံး စာရင်းဝင်တစ်ခု ဖြစ်နေပေသည်။

ရှီလဲ့သည် ဆာဗာနံပါတ် (၁) ကို အသုံးပြုကာ ကျန်ရှိနေသော ပင်မဆာဗာများ၏ ဟာကွက် များကို စတင်စကန်ဖတ် တော့သည်။ ရှီလဲ့သည် ဝဘ်ဆာဗာထဲသို့ ရောက်နေပြီဖြစ်သော်လည်း ထိုဆာဗာသည် ဝဘ်ဆိုဒ်နှင့် အရေးမကြီးသည့် ဖိုင်များအတွက်သာ ဖြစ်သည်။ ကုမ္ပဏီ၏ အရေးကြီးအချက်အလက်အားလုံးမှာ ပင်မဆာဗာငါးလုံးထဲတွင်သာ ရှိသည်။

ဆာဗာနံပါတ် (၁) ၏ တွက်ချက်မှုအရှိန်မှာ ရှီလဲ့အတွက် အားရကျေနပ်စရာ မရှိလှပေ။ သူ စိတ်လှုပ်ရှားနေသော်လည်း ဘာမှတတ်နိုင်ခြင်း မရှိသေးပေ။ ဆာဗာနံပါတ် (၁) မှ ရလဒ်ထွက်လာသည်ကို စောင့်ဆိုင်းနေစဉ်တွင် ရှီလဲ့သည် “လက်ပ်တော့စုတ်လေးတစ်လုံးနှင့် ဂြိုဟ်တုကို ဟက်နိုင်သည့်” စွမ်းအားရှင်တစ်ယောက်ဖြစ်ရန် စိတ်ကူးယဉ်နေမိသည်။

ဟက်ကာလောကတွင် ထိုးဖောက်ဝင်ရောက်ခြင်း ၊ အချက်အလက်ရယူခြင်း နှင့် ထိန်းချုပ်ခြင်း တို့မှာ တစ်ခုနှင့်တစ်ခု မတူညီကြပေ။ ဥပမာအားဖြင့် လျှို့ဝှက်ဖိုင်များရှိသည့် ဆာဗာထဲသို့ ဝင်နိုင်ရုံနှင့် ထိုလျှို့ဝှက်ချက်များကို ရပြီဟု မဆိုနိုင်သေးပေ။

ဆာဗာတစ်ခုတည်းတွင်ပင် ခွင့်ပြုချက်အဆင့်ဆင့် ရှိသလို ဖိုင်များကိုလည်း ကုဒ်များဖြင့် ပိတ်ထားတတ်သည်။ ထို့ကြောင့် ဖိုင်ကို ရလျှင်ပင် လျှို့ဝှက်နံပါတ်ကို ထပ်မံချိုးဖောက်ရန် လိုအပ်သေးသည်။

ဆာဗာတစ်ခုလုံးကို ထိန်းချုပ်ရန်မှာမူ အခက်ခဲဆုံးအလုပ်ဖြစ်သည်။ အထူးသဖြင့် အဆင့်မြင့်ဆာဗာများကို ထိန်းချုပ်ခွင့်ရရန်မှာ အလွန်ပင် ခဲယဉ်းလှသည်။ ထိုသို့သော ဆာဗာများတွင် လုံခြုံရေးစနစ်နှင့် ဖိုင်းယားဝေါလ် များမှာ အလွန်တင်းကျပ်လှသလို တာဝန်ကျနေသည့် လုံခြုံရေးဝန်ထမ်းများလည်း ရှိနေတတ်သည်။

ရှီလဲ့သည် စနစ်၏ အားနည်းချက်များကို သိထားသော်လည်း သူအလိုရှိတိုင်း လျှောက်၍ တိုက်ခိုက်၍မရပေ။ ဟက်ကာတစ်ယောက် ဆာဗာကို ချိတ်ဆက်တိုင်း ဒေတာအဝင်အထွက်များ ရှိလာမည်ဖြစ်သည်။ အကယ်၍ လုံခြုံရေးဝန်ထမ်းက ဒေတာစီးဆင်းမှုကို စောင့်ကြည့်နေပါက ပုံမှန်မဟုတ်သည့် အခြေအနေကို ချက်ချင်း သိရှိသွားနိုင်သည်။ ၎င်းမှာ ရေပြည့်နေသည့် ရေကန်တစ်ခုတွင် ပိုက်လိုင်းအသစ်တစ်ခု လာတပ်လိုက်သဖြင့် ရေများယိုစိမ့်ထွက်သွားသည်ကို ကန်စောင့်က သိသွားသကဲ့သို့ပင် ဖြစ်သည်။

ဆာဗာနံပါတ် (၁) သည် အိုက်ကန်၏ ပင်မဆာဗာအပေါက်များကို ဖြည်းဖြည်းချင်း စကန်ဖတ်နေသည်။ အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် သင့်တော်သည့်လမ်းကြောင်းကို တွေ့ရှိသွားရာ ရှီလဲ့သည် ဆာဗာကို အသုံးချကာ ကုမ္ပဏီအတွင်းပိုင်း ဆက်သွယ်ရေးဟန်ဆောင်ပြီး ပင်မဆာဗာထဲသို့ ဝင်ရောက်ခွင့် တောင်းဆိုလိုက်သည်။

ပင်မဆာဗာ၏ ဖိုင်းယားဝေါလ် သည် ဝဘက်ဘ်ဆာဗာမှလာသော တောင်းဆိုချက်ကို ခွင့်ပြုလိုက်သဖြင့် ရှီလဲ့သည် မထုတ်ပြန်ရသေးသည့် အားနည်းချက်မှတစ်ဆင့် ပင်မဆာဗာအုပ်စုထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။

အတွင်းထဲရောက်သောအခါ ရှီလဲ့သည် ဇိုးဇိုးဇတ်ဇတ် မလုပ်သေးဘဲ စနစ်ကို အရင်ဆုံး လေ့လာလိုက်သည်။ အကယ်၍ ဖိုင်းယား‌ေဝါလ် ကို ကြိုတင်မကိုင်တွယ်ထားပါက သူ၏ လှုပ်ရှားမှုများကို ဖိုင်းယားဝေါလ် က ချက်ချင်း အချက်ပေး လိမ့်မည်ဖြစ်သည်။ ရှီလဲ့သည် ဆာဗာနံပါတ် (၁) ကို သုံး၍ရော၊ ကိုယ်တိုင်ပါ ဖိုင်းယားဝေါလ် ကို စစ်ဆေးသည်။ ဤ ဖိုင်းယားဝေါလ် မှာ ဈေးကွက်ထဲတွင် ဝယ်၍ရသည့် အမျိုးအစားမဟုတ်ဘဲ လုံခြုံရေးကုမ္ပဏီတစ်ခုကို သီးသန့်အပ်နှံ၍ ထုတ်လုပ်ထားသော စနစ်တစ်ခု ဖြစ်သည်။

ဟက်ကာလောကတွင် ပြောလေ့ရှိသည်မှာ “အခမဲ့ ဖိုင်းယားဝေါလ် ဆိုတာ ခုခံကာကွယ်မှု သုညပဲ” ဟူ၍ ဖြစ်သည်။

နှစ်နာရီနီးပါး အချိန်ပေးပြီးနောက် ရှီလဲ့သည် ဤ ဖိုင်းယားဝေါလ် ၏ အခြေခံကို နားလည်သွားသည်။ ၎င်းမှာ နော်တန် ကုမ္ပဏီမှ အထူးပြုလုပ်ပေးထားခြင်း ဖြစ်သည်။ ရှီလဲ့သည် အရင်ဘဝက ‌ေနော်တန်ဖိုင်းယား‌ေဝါလ်များအကြောင်းကို သီးသန့်လေ့လာဖူးသဖြင့် အလွန်ရင်းနှီးနေသည်။ နော်တန် မှ အထူးပြုလုပ်ထားသည်ဆိုသော်လည်း ၎င်း၏ မူရင်းကုဒ်များမှာ နော်တန်၏ ထုတ်ကုန်များအပေါ်တွင်သာ အခြေခံထားသည်။

ရှီလဲ့သည် ဆာဗာအုပ်စုအတွင်း၌ ဖိုင်းယားဝေါလ် ကို ဖျက်ဆီးပစ်ရန် ဗိုင်းရပ်စ်ပရိုဂရမ်တစ်ခုကို စတင်ရေးသားတော့သည်။ ဖိုင်းယားဝေါလ် ကို ဖျက်ဆီးရန် အကောင်းဆုံးနည်းလမ်းမှာ အတွင်းထဲမှနေ၍ တိုက်ခိုက်ခြင်းပင် ဖြစ်သည်။ အပြင်မှလာသော တိုက်ခိုက်မှုကို ကောင်းစွာ ကာကွယ်နိုင်သော်လည်း အတွင်းပိုင်း ခုခံမှုမှာမူ အားနည်းတတ်သည်။

၁၀ မိနစ်ခန့်အကြာတွင် ရှီလဲ့သည်နော်တန်ဖိုင်းယားဝေါလ်ကို တိုက်ခိုက်မည့် ပရိုဂရမ်တစ်ခုကို ရေးသားပြီးစီးသွားသည်။ ထို့နောက် အတွင်းပိုင်းမှနေ၍ ဖိုင်းယားဝေါလ် ကို စတင်ဖျက်ဆီးလိုက်သည်။ ရှီလဲ့ ရေးထားသည့် ပရိုဂရမ်သည် ဖိုင်းယားဝေါလ် ကို တိတ်တဆိတ် ဖျက်ဆီးနေသဖြင့် လုံခြုံရေးဝန်ထမ်းများ သတိမထားမိကြပေ။

ဖိုင်းယားဝေါလ် ကို ဖျက်ဆီးပြီးနောက် ထိုဗိုင်းရပ်စ်သည် မိမိကိုယ်တိုင် ပြန်လည်ဖျက်ဆီး ကာ အစအနဖျောက်ပစ်လိုက်သည်။ ရှီလဲ့သည် ကီးဘုတ်ပေါ်တွင် လက်တင်ရင်း အောင်နိုင်သူတစ်ယောက်ကဲ့သို့ ပြုံးလိုက်သည်။နော်တန်ဖိုင်းယားဝေါလ် ကို ဤမျှလွယ်လွယ်ကူကူ ဖျက်ဆီးနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူ ကုဒ်အချို့ကို ထပ်မံရိုက်နှိပ်လိုက်သောအခါ အိုက်ကန်ဆာဗာထဲရှိ အသုံးပြုသူ အားလုံး၏ စာရင်း တက်လာသည်။ အပေါ်ယံတွင် အဆင့်မြင့်အသုံးပြုသူ သုံးဦးနှင့် အခြားအဆင့်နိမ့်အသုံးပြုသူ ဆယ်ဂဏန်းခန့် ရှိသည်။ ရှီလဲ့သည် သတိထားကာ ကုဒ်များကို ထပ်မံထည့်သွင်းလိုက်ရာ မျက်နှာပြင်ပေါ်တွင် နောက်ထပ် အကောင့်နှစ်ခု ထပ်မံပေါ်ထွက်လာသည်။ ထိုအကောင့်နှစ်ခု၏ လုပ်ပိုင်ခွင့်မှာ အစောပိုင်း သုံးဦးထက်ပင် ပိုမိုမြင့်မားနေသည်။

“တောက်... သူတို့တွေလည်း တော်တော် လည်တာပဲ...တကယ့် အဆင့်မြင့်အသုံးပြုသူတွေကို ဝှက်ထားတာကိုး” ဟု ရှီလဲ့က ခပ်ထေ့ထေ့ ပြောလိုက်သည်။

အဆင့်မြင့်ဆာဗာများတွင် တကယ့် အရှင်သခင် ကို ဝှက်ထားခြင်းမှာ ထုံးစံပင်ဖြစ်သည်။ အကယ်၍ ဟက်ကာအညတရတစ်ယောက်သာဆိုလျှင် အပေါ်ယံတွေ့ရသည့် အကောင့်များကိုပဲ ဟက်ပြီး ကိုယ်ပိုင်အကောင့်သစ် ဖွင့်လိုက်ပါက ချက်ချင်း ဖမ်းမိသွားမည်ဖြစ်သည်။

ရှီလဲ့သည် ထိုဝှက်ထားသော အကောင့်နှစ်ခုကို တွေ့သွားသော်လည်း ၎င်းတို့ကို သွားမထိပေ။ ထို့ပြင် ကိုယ်ပိုင်အကောင့်သစ်လည်း မဖွင့်သေးပေ။ သူလုပ်လိုက်သည်မှာ ဆာဗာ၏ ခွင့်ပြုချက်စနစ် တစ်ခုလုံးကို အသစ်တစ်ခုနှင့် အစားထိုးရန် ကုဒ်များကို ရေးသားခြင်းပင် ဖြစ်သည်။

အကယ်၍ မူရင်းစနစ်ထဲတွင် အကောင့်သစ်သွားဖွင့်လျှင် နောင်တစ်ချိန် စစ်ဆေးသည့်အခါ ပေါ်သွားနိုင်သည်။ ထို့ကြောင့် ရှီလဲ့သည် စနစ်တစ်ခုလုံးကို အစားထိုးပစ်လိုက်သည်။ စနစ်အသစ်ထဲတွင် မူရင်းအကောင့်နှစ်ခုမှာ အမြင့်ဆုံးဟု ထင်ရမည်ဖြစ်သော်လည်း လက်တွေ့တွင်မူ ရှီလဲ့က ၎င်းတို့ထက် မြင့်မားသည့် အကောင့်တစ်ခုကို လျှို့ဝှက်ဖန်တီးထားမည်ဖြစ်သည်။

ဤသို့ စနစ်တစ်ခုလုံးကို အစားထိုးလိုက်ခြင်းကြောင့် လုံခြုံရေးဝန်ထမ်းများက ဆာဗာကို မည်မျှပင် စစ်ဆေးပါစေ၊ စနစ်တစ်ခုလုံး အစားထိုးခံထားရသည်ကို မသိသရွေ့ ရှီလဲ့ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။ ပုံမှန်အားဖြင့် လုံခြုံရေးဝန်ထမ်းများသည် ခွင့်ပြုချက်စနစ်ကြီးတစ်ခုလုံး အစားထိုးခံရလိမ့်မည်ဟု ဘယ်သောအခါမှ သံသယမဝင်တတ်ကြပေ။

အဘယ်ကြောင့်ဆိုသော် စနစ်တစ်ခုလုံးကို အစားထိုးခြင်းမှာ အခက်ခဲဆုံးထဲမှ အခက်ခဲဆုံး အလုပ်ဖြစ်ပြီး ရှီလဲ့ကဲ့သို့ ကမ္ဘာ့အဆင့်မီ ဟက်ကာတစ်ဦးသာလျှင် လုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။

ညသန်းခေါင်ယံသို့ ရောက်လာပြီဖြစ်ရာ ရှီလဲ့သည် အိုးရန်ရှန်း ကို သွားကြိုရန် ပြင်ဆင်ရတော့မည် ဖြစ်သည်။

All Chapters