← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း - ၅၃

အခန်းထဲတွင် ရှီလဲ့၏လက်ချောင်းများသည် ကီးဘုတ်ပေါ်၌ ပုံရိပ်ယောင်များထင်ကျန်ရစ်သည်အထိ မြန်ဆန်လွန်းလှပေသည်။ ကံကောင်းထောက်မစွာဖြင့် ရှီလဲ့ဝယ်ထားသည့် ကီးဘုတ်မှာ အသံတိတ်ကီးဘုတ် ဖြစ်နေ၍သာ စာရိုက်သံများ စဉ်ဆက်မပြတ်ထွက်ပေါ်မနေခြင်းဖြစ်သည်။

ရှီလဲ့သည် အိုက်ကန်၏ ပင်မဆာဗာ ထဲသို့ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ သူသည် စနစ်အတွင်း ဟာကွက်တစ်ခုဖန်တီးကာ ၎င်းဆာဗာ၏ စနစ်ထဲသို့ မူလခွင့်ပြုချက်စနစ် ကို အစားထိုးရန် သူကိုယ်တိုင်ရေးသားထားသည့် ခွင့်ပြုချက်စနစ်အသစ်တစ်ခုကို ထည့်သွင်းလိုက်သည်။

ရှီလဲ့သည် ထိုစနစ်အကြောင်းကို အလွန်နှံ့စပ်ကျွမ်းကျင်သူဖြစ်ရာ ဆာဗာ၏စနစ်တစ်ခုလုံး ပြိုလဲသွားအောင် မလုပ်ဆောင်ဘဲ စနစ်အတွင်း၌ ခွင့်ပြုချက်စနစ်အသစ်ကိုသာ ကျွမ်းကျင်စွာ ထည့်သွင်းပေးလိုက်ခြင်းဖြစ်သည်။

စနစ်သစ်အရ မူလက အဆင့်မြင့်ခွင့်ပြုချက်ရရှိထားသည့် အက်ဒ်မင် နှစ်ဦးမှာ အဆင့်လျှော့ချခံလိုက်ရသည်။ သို့သော်လည်း သူတို့၏ စီမံခန့်ခွဲပိုင်ခွင့်များမှာ မူလအတိုင်းပင်ဖြစ်၍ ၎င်းတို့ကိုယ်တိုင်မှာမူ အဆင့်နှိမ့်ခံလိုက်ရသည်ကို သတိပြုမိမည်မဟုတ်ပေ။ တစ်ခုတည်းသော ကွာခြားချက်မှာ ရှီလဲ့ကိုယ်တိုင်ဖန်တီးထားသည့် တစ်ဦးတည်းသော “အထူးအဆင့်မြင့်အသုံးပြုသူ” ကို သူတို့ ရှာဖွေတွေ့ရှိနိုင်တော့မည်မဟုတ်ခြင်းပင်။

အကယ်၍ ၎င်းတို့အနေဖြင့် ဆာဗာစနစ်တစ်ခုလုံးကို အသေးစိတ်စစ်ဆေးပြီး ခွင့်ပြုချက်စနစ် အစားထိုးခံထားရသည်ကို ရှာမတွေ့သရွေ့ ရှီလဲ့သည် အိုက်ကန်၏ဆာဗာကို အပြည့်အဝထိန်းချုပ်ထားနိုင်မည်ဖြစ်သည်။

အထူးအသုံးပြုသူအဆင့်ကို ရယူပြီးနောက် ရှီလဲ့သည် အိုက်ကန်ဆာဗာ၏ စနစ်ကို ချက်ချင်းပြုပြင်ပြီး နောက်တစ်ကြိမ် အလွယ်တကူ ခိုးဝင်နိုင်ရန် “နောက်ပေါက်” တစ်ခု ဖန်တီးလိုက်သည်။

ဤအထူးခွင့်ပြုချက်ကြောင့် အိုက်ကန်၏ လုံခြုံရေးဝန်ထမ်းများမှာ မည်သည့်ပုံမှန်မဟုတ်မှုကိုမျှ သတိမထားမိကြပေ။ ထို့ကြောင့် ရှီလဲ့သည် စနစ်နောက်ပေါက်ကို အေးအေးဆေးဆေးပင် ဖန်တီးနိုင်ခဲ့သည်။ ယခုမှစ၍ ရှီလဲ့သည် ဤဆာဗာထဲသို့ ဗြောင်ကျကျဝင်ရောက်လျှင်ပင် လုံခြုံရေးဝန်ထမ်းများက သံသယဝင်မည်မဟုတ်တော့ပေ။ အကြောင်းမှာ ရှီလဲ့သည် ဆာဗာ၏စနစ်သို့ ပုံမှန်ဝင်ရောက်ခွင့်ရသည့် အဆင့်မြင့်အသုံးပြုသူဖြစ်သွားပြီဖြစ်သောကြောင့် “ဟက်ကာတစ်ဦးအနေဖြင့် ခိုးဝင်ခြင်း” မဟုတ်ဘဲ “တရားဝင်ဝင်ရောက်ခြင်း” သာ ဖြစ်သွား၍ဖြစ်သည်။

အိုက်ကန်၏ဆာဗာသည် ရှီလဲ့၏ ပထမဆုံး အခြေစိုက်စခန်းဖြစ်လာပြီ ဖြစ်သည်။ ဟက်ကာတစ်ဦး၏ စွမ်းဆောင်ရည်သည် သူ၏လက်ထဲတွင် မည်မျှကောင်းမွန်ပြီး မည်မျှများပြားသည့် ထိန်းချုပ်ခံကွန်ပျူတာများ ရှိသလဲဆိုသည့်အပေါ်တွင် များစွာမူတည်နေသည်။

ဥပမာအားဖြင့် ဟက်ကာတစ်ဦးသည် ပုံမှန် PC အလုံးရေ တစ်သန်းကို ထိန်းချုပ်နိုင်လျှင် သူသည် ကြောက်မက်ဖွယ်တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မည်။ အကယ်၍ ထိုတစ်သန်းဖြင့် ရှေးအကျဆုံးဖြစ်သည့် Flood DDOS တိုက်ခိုက်မှုကို ပြုလုပ်မည်ဆိုလျှင် သာမန်ဆာဗာတစ်ခုကို ပြာကျသွားအောင် လုပ်ရန် လုံလောက်လှသည်။

သို့သော်လည်း စူပါကွန်ပျူတာတစ်ခုကို ဤကဲ့သို့ တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။ နာမည်ကျော်စူပါကွန်ပျူတာတိုင်းတွင် အဆင့်မြင့်ဖိုင်းယားဝေါလ်များ ရှိကြစမြဲဖြစ်ပြီး DDOS တိုက်ခိုက်မှုများကို စစ်ထုတ်ရန်မှာ ၎င်းတို့အတွက် လွယ်ကူသောကိစ္စဖြစ်သည်။ ကွန်ပျူတာ ထောင််သောင်းနှင့်ချီ၍ တစ်ပြိုင်နက်တိုက်ခိုက်မှသာ ထိရောက်နိုင်ပေလိမ့်မည်။

သို့သော်လည်း အကယ်၍ တစ်စုံတစ်ဦးက ကွန်ပျူတာ ဆယ်သန်းကျော်ကို အမှန်တကယ် ထိန်းချုပ်နိုင်ခဲ့လျှင် ထိုသူသည် နတ်ဘုရားတစ်ပါးမဟုတ်ပါက နိုင်ငံတော်မှ သက်ဆိုင်ရာဌာနများ၏ အရေးယူမှုကို မလွဲမသွေခံရမည်ဖြစ်သည်။

အင်တာနက်ပေါ်တွင် စည်းကမ်းစနစ်မရှိခြင်းမှာ နိုင်ငံတော်၏ အဓိကအကျိုးစီးပွားကို မထိခိုက်သေးသည့်အပေါ်တွင်သာ အခြေခံသည်။ အကယ်၍ ဟက်ကာတစ်ဦးက နိုင်ငံတော်၏ အဓိကအကျိုးစီးပွားကို အမှန်တကယ် ခြိမ်းခြောက်လာပါက နိုင်ငံတော်၏ စွမ်းအားကို လျှော့မတွက်သင့်ပေ။ အကယ်၍ နိုင်ငံတော်က တစ်စုံတစ်ယောက်ကို လိုက်လံရှာဖွေပြီဆိုပါက လွတ်မြောက်နိုင်သူ အလွန်နည်းပါးလိမ့်မည်။

ရှီလဲ့ပင်လျှင် အစိုးရ၏ လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်နိုင်သည်ဟု အာမမခံရဲပေ။ အကြောင်းမှာ ဟက်ကာလောက၏ ထိပ်တန်းအင်အားစုဖြစ်သည့် ပထမမျိုးဆက်ဟက်ကာ အများစုသည် ယခုအခါ ကွန်ရက်လုံခြုံရေးကျွမ်းကျင်သူများ အဖြစ် ပြောင်းလဲသွားကြပြီဖြစ်သလို အချို့မှာလည်း နိုင်ငံတော်၏ ကွန်ရက်လုံခြုံရေးဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်နေကြသောကြောင့်ဖြစ်သည်။ ထိုပထမမျိုးဆက်ဟက်ကာများ၏ စွမ်းဆောင်ရည်မှာ ခန့်မှန်းရခက်လောက်အောင် နက်နဲလှသည်။

သို့သော်လည်း ရှီလဲ့သာ စူပါကွန်ပျူတာ “ယန်” ကို သိမ်းပိုက်နိုင်ခဲ့မည်ဆိုလျှင် သူ၏ IP လိပ်စာကို မည်သူမျှ ခြေရာမခံနိုင်တော့ကြောင်း ယုံကြည်ချက်အပြည့်ရှိနေသည်။

ရှီလဲ့၏ ထိန်းချုပ်မှုအောက်တွင် မည်သူမျှ စူပါကွန်ပျူတာ ယန်၏ ခုခံရေးစနစ်ကို ထိုးဖောက်နိုင်မည်မဟုတ်ပေ။

ရှီလဲ့သည် သူ၏ အထူးအခွင့်အရေးကိုသုံးကာ အိုက်ကန်ဆာဗာအုပ်စုရှိ ဆာဗာ၏ လုံခြုံရေးမူဝါဒကို ပြုပြင်လိုက်သည်။ အိုက်ကန်တွင် ကိုယ်ပိုင်ကွန်ရက်လုံခြုံရေးကျွမ်းကျင်သူများ ရှိသော်လည်း ၎င်းတို့မှာ ရှီလဲ့နှင့်ယှဉ်လျှင် အဝေးကြီးလိုသေးသည်။

လုံခြုံရေးမူဝါဒကို ပြုပြင်ပြီးနောက် ရှီလဲ့သည် ဆာဗာနံပါတ် (၁) မှ သူကိုယ်တိုင်ရေးထားသောပရိုဂရမ် ကို ကူးယူထည့်သွင်းလိုက်သည်။ အိုက်ကန်၏ နော်တန်ဖိုင်းယားဝေါလ်မှာ ရှီလဲ့၏ ဖျက်ဆီးခြင်းကို ခံထားရပြီး အခွံသာကျန်တော့ပေသည်။ ရှီလဲ့သည် အိုက်ကန်ဆာဗာကို အသုံးချကာ စူပါကွန်ပျူတာ ယန်ကို ထိုးဖောက်တော့မည်ဖြစ်ရာ ဖိုင်းယားဝေါလ် ကို ပြန်မပြင်ဘဲ မနေနိုင်ပေ။

အကယ်၍ စူပါကွန်ပျူတာ ယန်ကို ထိုးဖောက်မှုမှာ ပေါ်ပေါက်သွားခဲ့လျှင်ပင် ရှီလဲ့သည် အိုက်ကန်ဆာဗာနှင့် ရော့ခ်ဖိုင်းယားဝေါလ်တို့၏ အကူအညီဖြင့် ဘေးကင်းစွာ ထွက်ပြေးနိုင်မည်ဖြစ်သည်။ စူပါကွန်ပျူတာ ယန်၏ တစ်ကမ္ဘာလုံးအနှံ့ လိုက်လံခြေရာခံမှုကို သူ ခံရမည်မဟုတ်တော့ပေ။

နော်တန်ဖိုင်းယားဝေါလ်မှာ အခွံသာကျန်တော့သော်လည်း ရှီလဲ့က ၎င်းကို စွန့်ပစ်မပစ်လိုက်ပေ။ ယင်းအစား ထိုအခွံထဲသို့ ရော့ခ်ဖိုင်းယားဝေါလ်ကို ပေါင်းစပ်ထည့်သွင်းလိုက်သည်။ ဤနည်းဖြင့် အပြင်ပန်းကိုကြည့်လျှင် နော်တန် အတိုင်းဖြစ်နေသော်လည်း အတွင်းပိုင်း မှာမူ ရှီလဲ့ရေးသားထားသည့် ဖိုင်းယားဝေါလ်သာ ဖြစ်နေပေလိမ့်မည်။ အိုက်ကန်၏ လုံခြုံရေးဝန်ထမ်းများက နော်တန်ဖိုင်းယားဝေါလ်ကို ဖွင့်ကြည့်လျှင်ပင် ပြဿနာရှိနေသည်ကို သတိထားမိမည်မဟုတ်ပေ။

တပ်ဆင်ပြီးနောက် ရှီလဲ့သည် အိုက်ကန်၏ ဆာဗာအုပ်စုကို နောက်ဆုံးအကြိမ် စစ်ဆေးလိုက်သည်။ ထို့နောက် ရှီလဲ့သည် အိုက်ကန်မှ အချက်အလက်တွက်ချက်ရန် လိုအပ်နေသည့် ပရောဂျက်တစ်ခုကို ဆာဗာအုပ်စုမှတစ်ဆင့် ရယူကာ စူပါကွန်ပျူတာ ယန်ထံသို့ တောင်းဆိုချက် တစ်ခု ပို့လိုက်သည်။

အိုက်ကန်သည် တိုကျိုစက်မှုတက္ကသိုလ်ရှိ စူပါကွန်ပျူတာ ယန်ကို အသုံးပြုရန်အတွက် တရားဝင်ခွင့်ပြုချက် ရယူထားပြီးသားဖြစ်ရာ ၎င်းတို့တွင် တရားဝင်အသုံးပြုခွင့် ရှိနေသည်။

တိုကျိုစက်မှုတက္ကသိုလ်ရှိ စူပါကွန်ပျူတာ ယန်သည် အိုက်ကန်၏ တောင်းဆိုမှုကို လက်ခံရရှိပြီးနောက် စနစ်အတွင်းရှိ အိုက်ကန်၏ ခွင့်ပြုချက်နှင့် အရင်းအမြစ်များကို ချက်ချင်းစစ်ဆေးသည်။ ထို့နောက် အိုက်ကန်ဆာဗာအုပ်စုထံသို့ ပြန်လည်အကြောင်းပြန်ကာ ချိတ်ဆက်ခွင့် ပေးလိုက်သည်။

ရှီလဲ့သည် အိုက်ကန်ဆာဗာအုပ်စုကို အသုံးချကာ စူပါကွန်ပျူတာ ယန်နှင့် ချိတ်ဆက်မိသွားချိန်တွင် အလွန်စိတ်လှုပ်ရှားသွားသည်။ သူ၏ အရင်ဘဝတွင် စူပါကွန်ပျူတာ ယန်သည် ရှီလဲ့၏ ပထမဆုံးသော စူပါကွန်ပျူတာ ဖြစ်ခဲ့ဖူးသည်။

ယခုဘဝတွင်လည်း စူပါကွန်ပျူတာ ယန်သည် နောက်ဆုံးတော့ သူ့ထံသို့ ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်သည်။

စူပါကွန်ပျူတာ ယန်နှင့် ချိတ်ဆက်ပြီးနောက် ရှီလဲ့သည် အိုက်ကန်ဆာဗာအုပ်စုမှ ရယူထားသော လုပ်ငန်းတာဝန်ကို ယန်ထံသို့ အရင်ပို့လိုက်သည်။

စူပါကွန်ပျူတာ ယန်သည် အိုက်ကန်၏ ဖိုင်တွဲကို လက်ခံရန် ရွေးချယ်လိုက်သည်။ ယန်သည် ဖိုင်၏ လုံခြုံရေးကို အလိုအလျောက် စစ်ဆေးမည်ဖြစ်သည်။ ထို့နောက် ၎င်း၏အတွင်းပိုင်း လုံခြုံရေးဝန်ထမ်းများက ဖိုင်ကို ကိုယ်တိုင်တစ်ကြိမ် ထပ်မံစစ်ဆေးကြလိမ့်မည်။ ဖိုင်သည် ဘေးကင်းကြောင်း သေချာမှသာ စူပါကွန်ပျူတာ ယန်၏ ပတ်ဝန်းကျင်တွင် တွက်ချက်မှုများ ပြုလုပ်ရန် ခွင့်ပြုမည်ဖြစ်သည်။

ရှီလဲ့သည် တွက်ချက်ရန်လိုအပ်သည့် ဖိုင်ကို မည်သည့်ပြုပြင်မှုမျှ မလုပ်ဆောင်ခဲ့ပေ။ အကြောင်းမှာ စူပါကွန်ပျူတာ ယန်သည် အဆင့်ဆင့်စစ်ဆေးမည်ဖြစ်ရာ ပြဿနာတစ်ခုခုရှိပါက တိုကျိုစက်မှုတက္ကသိုလ်က အိုက်ကန်ကို မလွဲမသွေ အကြောင်းကြားမည်ဖြစ်သည်။ ထိုအခါ အိုက်ကန်က ၎င်းတို့အနေဖြင့် မည်သည့်တောင်းဆိုမှုမျှ မလုပ်ထားကြောင်း သိသွားပါက ၎င်းတို့၏ ဆာဗာအုပ်စု ဟက်ခံလိုက်ရပြီဖြစ်ကြောင်း ရိပ်မိသွားနိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ရှီလဲ့တင်ပို့လိုက်သောဖိုင်မှာ အိုက်ကန်၏ တကယ့်တွက်ချက်မှုဆိုင်ရာ ဖိုင်စစ်စစ်သာ ဖြစ်သည်။ ထို့နောက် သူသည် အိုက်ကန်၏ တရားဝင်ဝင်ရောက်ခွင့်ကို အသုံးချကာ စူပါကွန်ပျူတာ ယန်၏ စနစ်ကို တိုက်ရိုက်တိုက်ခိုက်တော့မည်ဖြစ်သည်။

စူပါကွန်ပျူတာ ယန်ကို သိမ်းပိုက်ခြင်းမှာ အခက်ခဲဆုံးအဆင့်ဖြစ်သည်။ ပထမဆုံးအဆင့်မှာ စူပါကွန်ပျူတာ ယန်နှင့် ချိတ်ဆက်နိုင်ရန်ဖြစ်သည်။ တရားဝင်ချိတ်ဆက်မှုမရှိဘဲ စူပါကွန်ပျူတာ ယန်သည် ချိတ်ဆက်မှုကို ငြင်းပယ်မည်ဖြစ်သည်။ အကယ်၍ သူက ဟက်ကာတစ်ဦးအနေဖြင့် တိုက်ခိုက်မည်ဆိုပါက လုံခြုံရေးဝန်ထမ်းများကို သတိပေးသလို ဖြစ်သွားပေလိမ့်မည်။

ရှီလဲ့ကဲ့သို့သော သူမျိုးသာလျှင် စူပါကွန်ပျူတာ ယန်ထံသို့ တရားဝင်ဝင်ရောက်ခွင့်ကို ရှာဖွေနိုင်ပြီးမှ စူပါကွန်ပျူတာ ယန်၏ စနစ်ကို တိုက်ခိုက်နိုင်မည်ဖြစ်သည်။

စူပါကွန်ပျူတာ ယန်သည် စီးပွားရေးလောကထဲသို့ စတင်ဝင်ရောက်လာချိန်တွင် ၎င်း၏ စနစ်အတွင်း၌ ကြီးမားသော ဟာကွက်တစ်ခု ရှိနေခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင် အသုံးပြုသူများသည် ထိုဟာကွက်ကို အသုံးချကာ ၎င်းတို့၏ ဝင်ရောက်ခွင့်အဆင့်ကို မြှင့်တင်နိုင်ကြသည်။

ရှီလဲ့၏ အရင်ဘဝတွင်လည်း သူသည် ဤဟာကွက်ကို အသုံးချကာ စူပါကွန်ပျူတာ ယန်၏ အဆင့်မြင့်ဝင်ရောက်ခွင့်ကို ရယူခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် ရှီလဲ့သည် စူပါကွန်ပျူတာ ယန်စနစ်အတွင်းရှိ ကြီးမားသော ဟာကွက်ကို အသေအချာ ရှာဖွေတွေ့ရှိသွားသည်။

ဟာကွက်ကို တွေ့ပြီးနောက် ရှီလဲ့သည် ချက်ချင်း မတိုက်ခိုက်သေးပေ။ ယင်းအစား ၎င်းသည် ဟက်ကာများကို ဖမ်းရန် ထောင်ထားသည့် ထောင်ချောက် ဟုတ်မဟုတ် အရင်စမ်းသပ်လိုက်သည်။ စူပါကွန်ပျူတာ ယန်၏ ခုခံရေးစနစ်မှာ အလွန်စိတ်ချရသော်လည်း ဆာဗာအုပ်စု၏ အပြင်ဘက်တွင် ထောင်ချောက်များ ရှိနေနိုင်သောကြောင့် ဖြစ်သည်။

စမ်းသပ်ပြီးနောက်တွင်မူ ၎င်းမှာ သူသိထားသည့် ကြီးမားသော ဟာကွက်အစစ်အမှန်ဖြစ်ကြောင်း ရှီလဲ့ သေချာသွားသည်။ ရှီလဲ့သည် ကြိုတင်ချမှတ်ထားသည့် အစီအစဉ်အတိုင်း ၎င်းဟာကွက်ကို တိုက်ခိုက်ရန် ကုဒ်များကို ရိုက်နှိပ်လိုက်တော့သည်။

သူ၏ အရင်ဘဝတွင် ဤဟာကွက်ကို ဟက်ခဲ့ဖူးသည့်အတွက် ရှီလဲ့သည် အကျွမ်းတဝင်ရှိနေပြီး စူပါကွန်ပျူတာ ယန်၏ အတွင်းပိုင်းစနစ်ထဲသို့ ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့သည်။

အတွင်းပိုင်းစနစ်ထဲ ရောက်ပြီးနောက် ရှီလဲ့သည် ဟာကွက်ကို အသုံးချကာ အိုက်ကန်အကောင့်၏ ဝင်ရောက်ခွင့်အဆင့်ကို မြှင့်တင်လိုက်သည်။ အဆင့်(၃) အထိ မြှင့်တင်ပြီးသောအခါ သူသည် အသုံးပြုသူအသစ် တစ်ဦးကို ဖန်တီးနိုင်လာသည်။ ရှီလဲ့သည် အသုံးပြုသူအသစ်တစ်ခုကို ချက်ချင်းဖန်တီးလိုက်ပြီး အိုက်ကန်၏ အဆင့်ကိုမူ ပုံမှန်စီးပွားဖက်အဆင့်သို့ ပြန်လျှော့ချလိုက်သည်။

ထို့နောက် ရှီလဲ့သည် ဟာကွက်ကို အသုံးချကာ သူ၏အဆင့်ကိုမြှင့်တင်ပြီး ရပ်လိုက်သည်။ ဤကြီးမားသော ဟာကွက်သည် သူ့ကို အဆင့်(၁)အထိသာ မြှင့်တင်ခွင့်ပြုပြီး စူပါကွန်ပျူတာ ယန်၏ အမြင့်ဆုံးအဆင့် ကိုမူ တိုက်ရိုက်ရယူခွင့်မပေးပေ။ အကယ်၍ သူက ယန်၏ အမြင့်ဆုံးအဆင့်ကို ထိုဟာကွက်မှတစ်ဆင့် အတင်းအဓမ္မ ရယူရန်ကြိုးစားပါက စူပါကွန်ပျူတာ ယန်၏ ကာကွယ်ရေးစနစ် ကို ထိမိသွားမည်ဖြစ်သည်။ ထိုအခါ စူပါကွန်ပျူတာ ယန်၏ အတွင်းပိုင်းစနစ်တစ်ခုလုံးတွင် အချက်ပေးသံများ မြည်ဟည်းသွားပေလိမ့်မည်။

အဆင့်(၁)ကို ရရှိပြီးနောက် ရှီလဲ့သည် စူပါကွန်ပျူတာ ယန်၏ အသုံးပြုသူအုပ်စုထဲသို့ ပုံမှန်အတိုင်း ဝင်ရောက်နိုင်ပြီဖြစ်သည်။ သူသည် အဆင့်နိမ့်အသုံးပြုသူများကိုလည်း စီမံခန့်ခွဲနိုင်သည်။ အဆင့်(၁)ကို အသုံးပြုကာ စနစ်၏ လုံခြုံရေးမူဝါဒထဲသို့ ဝင်ရောက်ပြီး စူပါကွန်ပျူတာ ယန်၏ စနစ်ဆက်တင်များကို စတင်ပြောင်းလဲလိုက်သည်။

ပထမဆုံးအဆင့်မှာ စူပါကွန်ပျူတာ ယန်၏ ကာကွယ်ရေးယန္တရားကို ဖယ်ရှားရန်ဖြစ်သည်။ ၎င်းကို ဖယ်ရှားရန်အတွက်မူ စူပါကွန်ပျူတာ ယန်၏ အမြင့်ဆုံးခွင့်ပြုချက်ကို လိုအပ်သည်။ အကယ်၍ သူသည် ထိုကာကွယ်ရေးယန္တရားကို မဖယ်ရှားဘဲ ယန်ကို တိုက်ခိုက်မည်ဆိုပါက ကာကွယ်ရေးစနစ်က ချက်ချင်း တုံ့ပြန်လိမ့်မည်ဖြစ်သည်။

ဒါက အဆုံးမရှိသော လည်ပတ်မှု တစ်ခုပင်။

ယန်၏ ခွင့်ပြုချက်မရှိဘဲ ကာကွယ်ရေးယန္တရားကို မဖယ်ရှားနိုင်သလို၊ ကာကွယ်ရေးယန္တရားကို မဖယ်ရှားဘဲလည်း ယန်၏ ခွင့်ပြုချက်ကို မရယူနိုင်ပေ။

စူပါကွန်ပျူတာ ယန်၏ ဝင်ရောက်ခွင့် ခွင့်ပြုချက်ယန္တရားကို သီးခြားကာကွယ်ထားခြင်းဖြစ်သည်။ ၎င်းသည် စူပါကွန်ပျူတာ ယန်၏ စနစ်နှင့် သီးခြားစီဖြစ်ပြီး စနစ်အတွင်းမှ နှောင့်ယှက်မှုများ၏ သက်ရောက်မှုကို မခံရပေ။

ရှီလဲ့သည် စခရင်ပေါ်ရှိ စူပါကွန်ပျူတာ ယန်၏ ဝင်ရောက်ခွင့်ယန္တရားကို ကြည့်ကာ လှောင်ပြုံးတစ်ချက် ပြုံးလိုက်တော့သည်။

အခန်း - ၅၄

စူပါကွန်ပျူတာ “ယန်” ၏ အထူးအဆင့်မြင့်ခွင့်ပြုချက်ကို သီးခြားကာကွယ်ရေးချစ်ပ်ပြား ဖြင့် ကာကွယ်ထားခြင်းမှာ ကိုင်တွယ်ရ အလွန်ခက်ခဲလှသည်မှာ အမှန်ပင်။

၎င်းကို ဖြေရှင်းရန်မှာ မဖြစ်နိုင်ဟုပင် ဆိုနိုင်ပေလိမ့်မည်။

သို့သော်လည်း ရှီလဲ့မှာ ကမ္ဘာ့ထိပ်တန်းဟက်ကာတစ်ဦးဖြစ်ပြီး တစ်ကြိမ်တစ်ခါက စူပါကွန်ပျူတာ ယန်ကို ထိန်းချုပ်ခဲ့ဖူးသူဖြစ်သည်။ သူသည် ယန်၏ အခြေအနေအရပ်ရပ်ကို မိမိလက်ဝါးပြင်ကဲ့သို့ အသေးစိတ်အကုန်သိနေ၏။

ထိုသီးခြားကာကွယ်ရေးချစ်ပ်ပြားကို ထုတ်လုပ်သူမှာ ချစ်ပ်လုပ်ငန်းစု၏ နာမည်ကျော်ခေါင်းဆောင်ပင် ဖြစ်သည်။ ၎င်း၏ အရည်အသွေးမှာ အလွန်စိတ်ချရပြီး အဆင့်မြင့်စနစ်သာမက လျှပ်ငြိမ်လှိုင်းနှောင့်ယှက်မှု နှင့် လျှပ်စီးပိုလျှံမှုကာကွယ်ရေး စသည်တို့ဖြင့် ချစ်ပ်ပြား၏လုံခြုံရေးကို အပြည့်အဝအာမခံထားသည်။

သို့သော်လည်း ဤမျှစေ့စပ်လွန်းသော လုံခြုံရေးစနစ်ကြောင့်ပင် အသုံးချနိုင်သည့် အဖြေတစ်ခု ထွက်ပေါ်လာခြင်းဖြစ်သည်။

အရင်ဘဝတုန်းကလည်း ရှီလဲ့သည် ဤသီးခြားကာကွယ်ရေးချစ်ပ်ပြားကြောင့် လမ်းပိတ်ခဲ့ဖူးသည်။ ထိုစဉ်က သူသည် ဒေါသတကြီးဖြင့် စူပါကွန်ပျူတာအတွင်းရှိ လျှပ်စစ်ဖြန့်ဖြူးမှုကို စီမံသည့် ဆော့ဖ်ဝဲကို အသုံးချကာ သီးခြားကာကွယ်ရေးချစ်ပ်ပြားဆီသို့ ပြင်းထန်သောလျှပ်စီးကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။ ထိုအခိုက်အတန့်တွင် ချစ်ပ်ပြားမှာ လျှပ်စီးပိုလျှံမှုကာကွယ်ရေးစနစ်ကြောင့်ပိတ် သွားခဲ့သည်။

လျှပ်စီးပိုလျှံမှုကြောင့် အလိုအလျောက် ပိတ်သွားချိန်မှ ချစ်ပ်ပြားပြန်လည်ပွင့်လာချိန်အထိ သုံးစက္ကန့်ခန့် ကြာမြင့်တတ်သည်။ ထိုသုံးစက္ကန့်အတွင်း အထူးအဆင့်မြင့်ခွင့်ပြုချက်မှာ မည်သည့်ကာကွယ်မှုမှမရှိသော အခြေအနေသို့ ရောက်ရှိသွားခြင်းပင်။

ရှီလဲ့၏ အရင်ဘဝ နောက်ပိုင်းကာလများတွင် ထွက်ပေါ်လာသော စူပါကွန်ပျူတာများ၌ ဤအကြောင်းပြချက်ကြောင့်ပင် သီးခြားကာကွယ်ရေးချစ်ပ်ပြားကို အသုံးမပြုတော့ပေ။ အကယ်၍ လျှပ်စီးပိုလျှံမှုကာကွယ်ရေးစနစ် ထည့်ထားပါက ဤသို့သော တိုက်ခိုက်မှုမျိုးဖြင့် အလွယ်တကူ ပိတ်ချနိုင်ပြီး၊ အကယ်၍ ထိုစနစ်သာ မပါပါက လျှပ်စီးကြောင်းကြောင့် ချစ်ပ်ပြားမှာ တိုက်ရိုက်လောင်ကျွမ်းသွားမည် ဖြစ်သည်။

လျှပ်စီးပိုလျှံမှုကာကွယ်ရေးစနစ်မှာ သီးခြားကာကွယ်ရေးချစ်ပ်ပြားကို တိုက်ခိုက်ရန် နည်းလမ်းကောင်းတစ်ခုဖြစ်သော်လည်း ဤနည်းလမ်းကို လူအနည်းငယ်သာ သိကြသည်။ ရှီလဲ့မှာမူ သူ၏ ပြန်လည်မွေးဖွားလာမှု အားသာချက်ကြောင့်သာ ဟာကွက်မဟုတ်သော ဤဟာကွက်ကို သိနေခြင်းဖြစ်သည်။

စူပါကွန်ပျူတာတိုင်းမှာ ဧရာမအဆောက်အဦကြီးများကဲ့သို့ပင်။ စူပါကွန်ပျူတာ ယန်၏ ပင်မစက်ကြီး မှာ စတုရန်းမီတာ ၂၀၀ ကျယ်ဝန်းပြီး ၎င်းသုံးစွဲသည့် လျှပ်စစ်ပမာဏမှာလည်း ကြောက်ခမန်းလိလိပင်ဖြစ်သည်။ ထို့ကြောင့် စူပါကွန်ပျူတာထဲတွင် နေရာတစ်ခုချင်းစီ၏ လျှပ်စစ်သုံးစွဲမှုကို ခွဲဝေပေးရန် သီးခြားလျှပ်စစ်စီမံခန့်ခွဲမှု ပရိုဂရမ် ရှိသည်။ ရှီလဲ့သည် ယန်၏ လျှပ်စစ်စီမံခန့်ခွဲမှုပရိုဂရမ်ထဲသို့ အသာအယာဝင်ရောက်ကာ သီးခြားကာကွယ်ရေးချစ်ပ်ပြားအတွက် သီးသန့်ခွဲဝေထားသော ပရိုဂရမ်ငယ်ကို ရှာဖွေလိုက်သည်။

၎င်းကို တွေ့လိုက်ရချိန်တွင် ရှီလဲ့မှာ ချက်ချင်းပင် ဝမ်းသာသွားတော့သည်။

သီးခြားကာကွယ်ရေးချစ်ပ်ပြား၏ လျှပ်စစ်စီမံခန့်ခွဲမှု ပရိုဂရမ်ငယ်မှာ ပိတ်ထားသော်လည်း အဆင့်(၁)ဖြစ်သော သူသည် လျှပ်စစ်စီမံခန့်ခွဲမှု ပရိုဂရမ်တစ်ခုလုံးကို ဖွင့်နိုင်စွမ်း ရှိနေသောကြောင့် ဖြစ်သည်။

ရှီလဲ့သည် တွန့်ဆုတ်မနေဘဲ သူ့ခွင့်ပြုချက်ကိုသုံးကာ လျှပ်စစ်စီမံခန့်ခွဲမှု ပရိုဂရမ်တစ်ခုလုံးကို ဖွင့်လိုက်ပြီးနောက် သီးခြားကာကွယ်ရေးချစ်ပ်ပြား၏ ပရိုဂရမ်ငယ်ကိုပါ ဖွင့်ချလိုက်သည်။

ပြင်ဆင်မှုများပြီးဆုံးသော်လည်း ရှီလဲ့သည် ချစ်ပ်ပြားကို ချက်ချင်းဗုံးမကြဲသေးပေ။ အကြောင်းမှာ ချစ်ပ်ပြား၏ ပိတ်သောကြာချိန်မှာ သုံးစက္ကန့်သာ ရှိသောကြောင့်ဖြစ်သည်။ ရှီလဲ့သည် သူဖန်တီးထားသော အကောင့်ကို ထိုသုံးစက္ကန့်အတွင်း အဆင့်မြင့်ခွင့်ပြုချက် အထိ မြှင့်တင်နိုင်ရမည်ဖြစ်ပြီး ချစ်ပ်ပြားက လုံခြုံရေးဝန်ထမ်းများထံ အချက်ပေးစနစ်မပို့နိုင်အောင် တားဆီးရမည်ဖြစ်သည်။ သို့မဟုတ်ပါက ကြိုးစားသမျှ အချည်းနှီးဖြစ်သွားပြီး ဖော်ထုတ်ခံရနိုင်ခြေ အလွန်များသည်။

အရင်ဘဝက ရှီလဲ့သည် သီးခြားကာကွယ်ရေးချစ်ပ်ပြားကို တိုက်ခိုက်စဉ်က ရှနိုင်ငံမှ ဟက်ကာများမှာ ဗွိုက်စင်ထဲသို့ အလုံးအရင်းနှင့် ခိုးဝင်နေချိန် ဖြစ်သည်။ စူပါကွန်ပျူတာ ယန်မှာ အဓိကပစ်မှတ်ဖြစ်နေခဲ့သည်။ ထိုစဉ်က ရှီလဲ့သည် ချစ်ပ်ပြားကို လျှပ်စီးဖြင့် ဗုံးကြဲခဲ့ရာ ချစ်ပ်ပြားပြန်ပွင့်လာချိန်တွင် အချက်ပေးသံ ထွက်ပေါ်ခဲ့သော်လည်း လုံခြုံရေးဝန်ထမ်းများမှာ ရှနိုင်ငံဟက်ကာများကို ခုခံနေရသဖြင့် သတိမထားမိခဲ့ကြပေ။ ထို့ကြောင့် ရှီလဲ့သည် ချစ်ပ်ပြားကို အကြိမ်ကြိမ် ဗုံးကြဲနိုင်ခဲ့ပြီး နောက်ဆုံးတွင် ယန်၏ အမြင့်ဆုံးခွင့်ပြုချက်ကို ရယူနိုင်ခဲ့ကာ ချစ်ပ်ပြား၏ အချက်ပေးမှတ်တမ်းများကိုပါ လက်ဖြင့် ကိုယ်တိုင်ဖျက်ပစ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခုဘဝတွင်မူ ရှီလဲ့၌ ထိုကဲ့သို့ အခွင့်အရေးများစွာမရှိဘဲ တစ်ကြိမ်တည်းသာ အခွင့်အရေးရှိသည်။

သုံးစက္ကန့်အတွင်း အမြင့်ဆုံးခွင့်ပြုချက်ကို ရယူရန်နှင့် အချက်ပေးစနစ်ကို တားဆီးရန်၊ ဤအရာအားလုံးကို သုံးစက္ကန့်အတွင်း ပြီးစီးအောင် လုပ်ရမည်ဖြစ်သည်။

သို့မဟုတ်ပါက အားလုံးမှာ ကျရှုံးမှုဖြင့်သာ နိဂုံးချုပ်ပေလိမ့်မည်။

ရှီလဲ့အနေဖြင့် အမြင့်ဆုံးခွင့်ပြုချက်ရရန် ဤမျှ အားစိုက်နေရခြင်းမှာ အိုက်ကန်ဆာဗာအုပ်စုတုန်းကကဲ့သို့ ခွင့်ပြုချက်စနစ်ကို တိုက်ရိုက်အစားထိုး၍ မရသောကြောင့်ဖြစ်သည်။ အိုက်ကန်ဆာဗာများ၏ စနစ်မှာ မရှုပ်ထွေးသော်လည်း ယန်၏ စနစ်မှာမူ ကျွမ်းကျင်စွာ တည်ဆောက်ထားသည့်အပြင် အလွန်တရာမှလည်း ရှုပ်ထွေးလှသည်။ ရှီလဲ့တွင် ခွင့်ပြုချက်စနစ်တစ်ခုလုံးကို အစားထိုးရန် အချိန်မရှိသလို၊ အချိန်ရလျှင်ပင် အောင်မြင်မည်ဟု အာမမခံနိုင်ပေ။

ထို့ကြောင့်ပင် ရှီလဲ့သည် နည်းလမ်းမျိုးစုံသုံးကာ အမြင့်ဆုံးခွင့်ပြုချက်ကို အရင်ရယူပြီးမှ အတွင်းပိုင်းစနစ်ကို ပြုပြင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

ရှီလဲ့သည် ယန်၏အတွင်း၌ အန္တရာယ်ရှိပရိုဂရမ်တစ်ခုကို စတင်ရေးသားတော့သည်။ ပထမဦးစွာ သူသည် ခွင့်ပြုချက်အဆင့်မြှင့်တင်ရန် စနစ်ထဲသို့ ထိုးဖောက်ဝင်ရောက်သည်။ သူ၏ အဆင့်(၁)အသုံးပြုသူအမည်ကို အန္တရာယ်ရှိပရိုဂရမ်ထဲတွင် ထည့်သွင်းလိုက်သည်။ ၎င်းပရိုဂရမ်သည် စနစ်ထဲသို့ အောင်မြင်စွာ ခိုးဝင်နိုင်သည်နှင့်တစ်ပြိုင်နက် ခွင့်ပြုချက်အဆင့်ကို အလိုအလျောက် မြှင့်တင်ပြီး “အထူးအဆင့်မြင့်အသုံးပြုသူ” ဖြစ်လာပေလိမ့်မည်။

ထို့နောက် သတင်းအချက်အလက် ကြားဖြတ်တားဆီးသည့် ပရိုဂရမ် တစ်ခုကို ရေးသားကာ အန္တရာယ်ရှိပရိုဂရမ်နှင့် ချိတ်ဆက်လိုက်သည်။ အန္တရာယ်ရှိပရိုဂရမ်က အမြင့်ဆုံးခွင့်ပြုချက်ကို ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းသည် သီးခြားကာကွယ်ရေးချစ်ပ်ပြားမှ ပို့လွှတ်သော အချက်ပေးသံများကို ကြားဖြတ်တားဆီးရန်နှင့် ချစ်ပ်ပြား၏ လျှပ်စီးပိုလျှံမှုမှတ်တမ်းများကို ဖျက်ပစ်ရန်အတွက် အမြင့်ဆုံးခွင့်ပြုချက်ကို အသုံးပြုလိမ့်မည် ဖြစ်သည်။

နောက်ဆုံးအနေဖြင့် သူသည် အမြင့်ဆုံးခွင့်ပြုချက်ကို အသုံးပြုကာ စနစ်အတွင်းပိုင်းရှိ ခွင့်ပြုချက်စနစ်များကို ရှာဖွေပြီး သူ၏ အထူးအဆင့်မြင့်အသုံးပြုသူအကောင့်ကို လုံးဝမပေါ်အောင် ဖုံးကွယ်ထားလိုက်မည် ဖြစ်သည်။

ပရိုဂရမ်နှစ်ခုလုံး ပြီးစီးသွားသောအခါ ရှီလဲ့သည် ၎င်းတို့ကို တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီး သီးခြားကာကွယ်ရေးချစ်ပ်ပြား၏ လျှပ်စစ်စီမံခန့်ခွဲမှု ပရိုဂရမ်ငယ်ကို ဖွင့်လိုက်သည်။

“နောင်တစ်ချိန်မှာ ငါ အသားစားရမလား၊ အရိုးစူးနေမလားဆိုတာ ဒါအပေါ်မှာပဲ မူတည်တော့တယ်”

သီးခြားကာကွယ်ရေးချစ်ပ်ပြား၏ လျှပ်စစ်စီမံခန့်ခွဲမှု ပရိုဂရမ်ငယ်ကို ပုံမှန်ထက် ငါးဆအထိ မြှင့်တင်ထားလိုက်သည်။ ရှီလဲ့က အန်းတားခေါက်လိုက်သည်နှင့် တစ်ပြိုင်နက် ချစ်ပ်ပြားမှာ လျှပ်စီးပိုလျှံကာ ပိတ်ကျသွားပေလိမ့်မည်။

ရှီလဲ့သည် အန္တရာယ်ရှိပရိုဂရမ်နှစ်ခုလုံးကို အိုက်ကန်၏ ဆာဗာအုပ်စုနှင့် ချိတ်ဆက်ထားသည်။ ယန်ကို တိုက်ခိုက်ရန်အတွက် ဤကဲ့သို့ ကောင်းမွန်သည့် ဆာဗာအုပ်စုတစ်ခု၏ အထောက်အပံ့ လိုအပ်သည်။ ဤသည်မှာလည်း သူ အိုက်ကန်ကို ဟက်လုပ်ခဲ့ရသည့် အကြောင်းရင်းပင် ဖြစ်သည်။ ဆာဗာအုပ်စု၏ တွက်ချက်နိုင်စွမ်းအားသာ မလုံလောက်ပါက သုံးစက္ကန့်အတွင်း ခွင့်ပြုချက်အဆင့်ကို မြှင့်တင်နိုင်မည်မဟုတ်ပေ။ ထိုသို့ဖြစ်ပါက အားလုံးမှာ အဆုံးသတ်သွားမည်ဖြစ်သည်။

“အောင်မြင်ရမယ်” ရှီလဲ့သည် ကိုယ့်ကိုယ်ကိုယ် တီးတိုးရေရွတ်ရင်း ရင်တထိတ်ထိတ်ဖြင့် အန်းတားကို နှိပ်ကာ အတည်ပြုလိုက်သည်။

ပထမတစ်စက္ကန့်အတွင်း ကွန်ပျူတာစခရင်ပေါ်၌ အချက်အလက်များစွာ တဖျတ်ဖျတ် ပေါ်လာကာ စဉ်ဆက်မပြတ် စီးဆင်းနေသည်။

ဒုတိယတစ်စက္ကန့်တွင်လည်း အချက်အလက်များမှာ တဖျတ်ဖျတ် ပေါ်နေဆဲပင်။ ရှီလဲ့၏ နဖူးပေါ်တွင် ချွေးအေးများ စို့လာသည်။ အိုက်ကန်၏ ဆာဗာအုပ်စုမှာ သူထင်ထားသည်ထက် ပိုမိုစွမ်းအားကြီးပါစေကြောင်း သူဆုတောင်းနေမိသည်။

တတိယတစ်စက္ကန့်တွင် အချက်အလက်များအားလုံး ရပ်တန့်သွားသည်။ စခရင်၏ အောက်ခြေတွင် စာလုံးများပေါ်လာသည်။

‘ဝင်ရောက်ခွင့်အဆင့် မြှင့်တင်ပြီးပါပြီ’

ဤစာလုံးနှစ်လုံးကို မြင်လိုက်ရချိန်တွင် ရှီလဲ့ မအောင့်နိုင်ဘဲ ဝမ်းသာအားရ အော်ဟစ်လိုက်မိတော့သည်။

ခွင့်ပြုချက်အဆင့် မြှင့်တင်ပြီးပြီဆိုသည်မှာအမြင့်ဆုံးခွင့်ပြုချက်သို့ ရောက်ရှိသွားခြင်းပင်။

ယန်ကို သိမ်းပိုက်နိုင်ရန် ၉၉ ရာခိုင်နှုန်း သေချာသွားပြီဖြစ်သည်။

ရှီလဲ့သာ ဦးနှောက်မချို့ယွင်းသွားလျှင် သို့မဟုတ် ဆေးမှားမသောက်မိလျှင် ယန်သည် ရှီလဲ့၏ရင်ခွင်ထဲသို့ ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်သည်။

အမြင့်ဆုံးခွင့်ပြုချက်ကို ရရှိပြီးနောက် သတင်းအချက်အလက် ကြားဖြတ်တားဆီးသည့် ပရိုဂရမ်သည် သီးခြားကာကွယ်ရေးချစ်ပ်ပြားမှ ပို့လွှတ်မည့် လျှပ်စီးပိုလျှံမှု အချက်ပေးချက်များကို အောင်မြင်စွာ ပိတ်ဆို့နိုင်ခဲ့ပြီး မှတ်တမ်းများကိုလည်း ဖျက်ပစ်လိုက်သည်။

ပထမဦးစွာ ရှီလဲ့သည် အမြင့်ဆုံးခွင့်ပြုချက်ကို အသုံးချကာ စနစ်မှတ်တမ်း ထဲရှိ သူလုပ်ဆောင်ခဲ့သမျှ ခြေရာလက်ရာများကို ရှင်းလင်းလိုက်သည်။ အိုက်ကန်၏ ခွင့်ပြုချက်ကို မြှင့်တင်ခြင်း၊ အကောင့်အသစ်ဖန်တီးခြင်းနှင့် လျှပ်စစ်စီမံခန့်ခွဲမှုပရိုဂရမ်ကို ဖွင့်ခြင်း စသည့် လုပ်ဆောင်ချက်အားလုံးကို ဖျက်ပစ်လိုက်သည်။

ခြေရာများကို ဖျက်ပြီးသော်လည်း ရှီလဲ့မှာ သတိမပေါ့သေးပေ။ ယင်းအစား သူသည် အမြင့်ဆုံးခွင့်ပြုချက်ကို သုံးကာ စနစ်၏ ပင်မရင်းမြစ်ထဲသို့ ဝင်ရောက်လိုက်သည်။ ထို့နောက် စနစ်အင်ဂျင်နီယာမုဒ်သို့ ပြောင်းကာ စနစ်၏ ခွင့်ပြုချက်ပိုင်းဆိုင်ရာများကို ရယူလိုက်သည်။

လက်ထဲတွင် အမြင့်ဆုံးခွင့်ပြုချက် ရှိနေခြင်းမှာ အမှန်တကယ်ပင် ကျေနပ်စရာကောင်းလှသည်။ ယန်၏ တွက်ချက်မှုအရှိန်မှာ ရှီလဲ့ကို ကမ္ဘာ့ထိပ်တန်းဟက်ကာတစ်ဦးဖြစ်ကြောင်း ခံစားချက်ပေးနေသည်။

စနစ်၏ ခွင့်ပြုချက်ယန္တရားကို အင်ဂျင်နီယာမုဒ်မှတစ်ဆင့် အမြင့်ဆုံးခွင့်ပြုချက်ဖြင့် ထုတ်ယူလိုက်သည်။

ရှီလဲ့သည် ဤလုပ်ငန်းစဉ်နှင့် အကျွမ်းတဝင်ရှိပြီးသား ဖြစ်သည်။ အိုက်ကန်ဆာဗာအုပ်စုကို ပြုပြင်ခဲ့သလိုပင် ယန်၏ ခွင့်ပြုချက်စနစ်ကိုလည်း သူ ပြုပြင်လိုက်သည်။ သူ၏ အထူးအဆင့်မြင့်ခွင့်ပြုချက်ကို လုံးဝဖုံးကွယ်ထားလိုက်ရာ ယန်၏ မူလအမြင့်ဆုံးခွင့်ပြုချက်ရှိသူများပင် ရှာမတွေ့နိုင်တော့ပေ။

ထို့နောက် သူသည် စနစ်အတွင်း၌ နောက်ပေါက် တစ်ခုကို ဖွင့်ထားလိုက်ရာ ရှီလဲ့အနေဖြင့် ယန်ထဲသို့ စိတ်ကြိုက် ဝင်ထွက်နိုင်တော့မည်ဖြစ်သည်။ အိုက်ကန်၏ တွက်ချက်မှုလုပ်ငန်းစဉ်များ ပြီးဆုံးသွားသည့်တိုင်အောင် ရှီလဲ့သည် ယန်ထဲသို့ လွတ်လပ်စွာ ဝင်ထွက်နိုင်ဦးမည် ဖြစ်သည်။

ရှီလဲ့သည် ပြုံးပြုံးကြီးဖြင့် ကုဒ်များကို ရိုက်နှိပ်ကာ ယန်အတွက် ခွင့်ပြုချက်စနစ်သစ်တစ်ခုကို ဖန်တီးပေးလိုက်သလို နောက်ပေါက်များစွာကိုလည်း ထားခဲ့သည်။ နောက်ဆုံးတွင် ရှီလဲ့သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။ ယခုအချိန်တွင် စူပါကွန်ပျူတာ ယန်၏ ၉၉.၉ ရာခိုင်နှုန်းကို ရှီလဲ့ ပိုင်ဆိုင်သွားပြီဖြစ်သည်။

ကျန်ရှိနေသော ၀.၁ ရာခိုင်နှုန်းမှာ အင်ဂျင်နီယာမုဒ်ရှိ စနစ်မှတ်တမ်းထဲတွင် ဖြစ်သည်။

ဤမှတ်တမ်းမှာ စူပါကွန်ပျူတာ၏ အထူးကာကွယ်ရေးယန္တရားတစ်ခု ဖြစ်သည်။ ၎င်းကိုလည်း သီးခြားကာကွယ်ထားရာ အမြင့်ဆုံးခွင့်ပြုချက်ရှိသူများပင် ပြင်ဆင်၍ မရပေ။

သို့သော်လည်း ၎င်းမှာ သာမန်လူများအတွက်သာ ဖြစ်သည်။ အမြင့်ဆုံးခွင့်ပြုချက်ရှိသူများသည်ပင် အင်ဂျင်နီယာမုဒ်မှတ်တမ်းကို မဖျက်နိုင်သော်လည်း ယခုအခါ ရှီလဲ့သည် စူပါကွန်ပျူတာတစ်လုံးကို ထိန်းချုပ်ထားပြီဖြစ်သည်။ သူသည် အမှန်တကယ်ပင် ကမ္ဘာ့ထိပ်တန်းဟက်ကာတစ်ဦး ဖြစ်သည်။

ယန်ကို ထိန်းချုပ်ထားသည့် ရှီလဲ့သည် ချစ်ပ်ပြား၏ လျှပ်စီးပိုလျှံမှုကာကွယ်ရေးစနစ်ကို နောက်တစ်ကြိမ် ထပ်မံအသုံးပြုလိုက်သည်။ သူသည် အင်ဂျင်နီယာမုဒ်မှတ်တမ်းကို ကာကွယ်ထားသည်ကို ပိတ်သွားအောင် ထပ်လုပ်လိုက်သည်။ ထို့နောက် စနစ်ခွင့်ပြုချက်ပိုင်းကို သူပြုပြင်ခဲ့သည့် မှတ်တမ်းများကို လျင်မြန်စွာ ဖျက်ပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် အင်ဂျင်နီယာမုဒ်မှတ်တမ်းကို ကာကွယ်ထားသည့်စနစ်ကိုပါ ဖျက်ပစ်လိုက်သည်။

နောက်ဆုံးမှတ်တမ်းကို ဖျက်ပြီးသောအခါ ရှီလဲ့သည် ကုဒ်များကို ထပ်မံရိုက်နှိပ်လိုက်ပြန်သည်။ စူပါကွန်ပျူတာ ယန်၌ တရားဝင်ခွင့်ပြုချက်ရထားသော အသုံးပြုသူများကို စာရင်းထုတ်ခိုင်းလိုက်သည်။ သူ၏ ကိုယ်ပိုင်အထူးအဆင့်မြင့်အသုံးပြုသူအုပ်စုမှာ ပေါ်မလာတော့သော်လည်း သူသည် ယန်၏ အမြင့်ဆုံးစီမံခန့်ခွဲပိုင်ခွင့်ကို အသုံးပြုနိုင်နေဆဲပင်။ ဆိုလိုသည်မှာ စူပါကွန်ပျူတာ ယန်ကို ရှီလဲ့ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

၂၀၀၆ ခုနှစ်တွင် ကမ္ဘာ့အဆင့် (၉) ရှိသော စူပါကွန်ပျူတာ၊ ဗွိုက်စင်နှင့် တိုကျိုစက်မှုတက္ကသိုလ်တို့၏ ဂုဏ်ဆောင်ဖြစ်သော ယန်ကို ရှီလဲ့ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

ယန်ကို အသေအချာ ဂရုစိုက်ပေးခဲ့ကြသော ဗွိုက်စင်နှင့် တိုကျိုစက်မှုတက္ကသိုလ်တို့ကို ရှီလဲ့အနေဖြင့် ကျေးဇူးတင်ရပေလိမ့်မည်။ ယခုအခါ ရှီလဲ့သည် တစ်ပြားမှ မကုန်ဘဲ ကမ္ဘာ့အဆင့် (၉) ရှိ စူပါကွန်ပျူတာကို အသုံးပြုနိုင်ပြီ ဖြစ်သည်။

ယန်ကို သိမ်းပိုက်ပြီးနောက် ရှီလဲ့သည် ယန်ထဲရှိ အိုက်ကန်၏ လျှောက်ထားမှုမှတ်တမ်းအားလုံးကို ဖျက်ပစ်လိုက်သည်။ ထို့နောက် အိုက်ကန်ဆာဗာသို့ ပြန်သွားပြီး ၎င်းတို့၏ ဆာဗာအတွင်းရှိ မှတ်တမ်းအားလုံးကိုလည်း ဖျက်ပစ်လိုက်သည်။ သို့သော်လည်း ရှီလဲ့သည် အိုက်ကန်၏ ဆာဗာအုပ်စုကိုတော့ လက်လွှတ်မခံခဲ့ပေ။

ဘာပဲဖြစ်ဖြစ် ဤဆာဗာအုပ်စုမှာ စူပါကွန်ပျူတာအသေးစားလေးတစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်မဟုတ်ပါလား။ သူက ဘယ်လိုလုပ်ပြီး လက်လွှတ်နိုင်ပါမည်နည်း။

ဗွိုက်စင်နှင့် အင်တာနက်ချိတ်ဆက်မှုကို ဖြတ်တောက်ပြီးနောက် ရှီလဲ့သည် ဆာဗာနံပါတ် (၁) ထံသို့ ပြန်လာသည်။ သူသည် မျက်နှာတွင် အပြုံးများဖြင့် သီချင်းဖွင့်စက်ကို ဖွင့်လိုက်ရာ စပီကာများမှ ချိုသာသော သီချင်းသံများ ထပ်မံထွက်ပေါ်လာတော့သည်။

“ဒီပန်းလေးတွေ ဘယ်သူ့အတွက် ပွင့်တာလဲ...နွေဦးတွေ လာလိုက် သွားလိုက်နဲ့.. ပန်းလေးတွေကတော့ လူတစ်ယောက်ကို စောင့်နေတယ်လို့ ပြောကြတယ်...”

“နှမြောစရာကောင်းအောင် ပန်းတွေ ကြွေကျကုန်ပေမဲ့၊ အကျွမ်းတဝင်ရှိလှတဲ့ ‘ယန်’ လေးကတော့ ပြန်ရောက်လာခဲ့ပြီ...”

All Chapters