← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း - ၅၅

မနက်အစောပိုင်း တစ်နာရီကျော်သွားပြီဖြစ်သော်လည်း ရှီလဲ့မှာမူ အလွန်ပင် စိတ်လှုပ်ရှားနေဆဲဖြစ်သည်။

ကမ္ဘာ့အဆင့် (၉) ရှိသော စူပါကွန်ပျူတာသည် ရှီလဲ့၏ လက်နက်တစ်ခု တရားဝင်ဖြစ်လာခဲ့ပြီဖြစ်သည်။ ယခုအခါ အွန်လိုင်းလောကတွင် ရှီလဲ့အနေဖြင့် အလွန်အကျွံမလုပ်သရွေ့ မည်သည်ကိုမျှ ကြောက်လန့်စရာမလိုဘဲ မိုးခေါ်ခေါ် လေခေါ်ခေါ် လုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်သည်။

“ဒုန်း”

ဧည့်ခန်းအပြင်ဘက်ရှိ တံခါး ပိတ်သွားသံ ကြားလိုက်ရသည်။

ရှီလဲ့ အိပ်ခန်းတံခါးကို ဖွင့်ကြည့်လိုက်သောအခါ အိုရန်ရှန်း ပြန်ရောက်လာသည်ကို တွေ့လိုက်ရ၏။

အိုရန်ရှန်းက ရှီလဲ့ကို အံ့သြတကြီးကြည့်ကာ “ရှီလဲ့... နင် အခုထိ မအိပ်သေးဘူးလား” ဟု မေးလိုက်သည်။

“နင် ပြန်မရောက်သေးလို့ ငါ စိတ်ပူနေတာနဲ့ စောင့်နေတာ” ရှီလဲ့က အိုရန်ရှန်းကို ပြုံးကြည့်ရင်း နူးညံ့သောအသံဖြင့် ပြောလိုက်သည်။

အိုရန်ရှန်း၏ မျက်နှာလေးမှာ ချက်ချင်းပင် နီရဲသွားကာ ရင်ထဲမှလည်း လှုပ်ခတ်သွားရသည်။

“နင်... ဘာတွေ လျှောက်ပြောနေတာလဲ...ငါ... ဟွန့်....နင်နဲ့ စကားမပြောတော့ဘူး၊ ငါ ပင်ပန်းနေပြီ၊ သွားနားတော့မယ်” အိုရန်ရှန်းသည် ရှီလဲ့၏ မျက်လုံးများကို တည့်တည့်မကြည့်ရဲဘဲ ရှီလဲ့၏ နူးညံ့သော အမူအရာကို မြင်ကာ အခန်းထဲသို့ ခပ်သုတ်သုတ် ပြေးဝင်သွားတော့သည်။

ရှီလဲ့မှာ အိုရန်ရှန်းကို စနောက်ရန် ရည်ရွယ်ချက်မရှိသော်လည်း သူမ၏ ပြတ်သားသော မျက်နှာထားလေးကို မြင်လျှင် မစနောက်ဘဲ မနေနိုင်ဖြစ်နေရသည်။

ရေချိုးခန်းထဲတွင် ကိုယ်လက်သန့်စင်ပြီးနောက် ရှီလဲ့သည် အခန်းထဲပြန်ဝင်ကာ ကုတင်ပေါ်လှဲပြီး ကျေနပ်စွာ အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့ နံနက် ၇ နာရီကျော်ကျော်တွင် တံခါးခေါက်သံကြောင့် ရှီလဲ့ နိုးလာသည်။

“ရှီလဲ့”

အေပရွန် ဝတ်ထားသည့် အိုးရန်ရှန်းက တံခါးခေါက်နေခြင်းဖြစ်သည်။

ရှီလဲ့က အိပ်ချင်မူးတူးဖြင့် “အိုးရန်ရှန်း.. စောစောစီးစီး ဘာတွေလုပ်နေတာလဲ” ဟု ပြန်ထူးလိုက်သည်။

“ရှီလဲ့... မြန်မြန်ထတော့၊ မနက်စာစားမယ်”

အိုးရန်ရှန်းက ပြောပြောဆိုဆိုနှင့် မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားကာ အလုပ်ရှုပ်နေတော့သည်။

အိပ်ခန်းထဲရှိ ရှီလဲ့မှာ စားစရာရှိသည်ဟု ကြားလိုက်ရသည်နှင့် အိပ်ချင်စိတ်များ ပျောက်သွားကာ အဝတ်အစားပင် ကောင်းကောင်းမဝတ်တော့ဘဲ အမြန်ထွက်လာတော့သည်။

“အိုးရန်ရှန်း... မနက်စာ ဘယ်မှာလဲ” ရှီလဲ့က ဧည့်ခန်းထဲမှ အော်မေးလိုက်သည်။

မီးဖိုချောင်ထဲမှ အိုးရန်ရှန်း၏ အသံထွက်လာသည်မှာ “ခဏစောင့်ဦး.. ရတော့မယ်.. အရင်ဆုံး မျက်နှာသစ် သွားတိုက်ဦး”

ရှီလဲ့မှာ အခန်းထဲ ပြန်ဝင်ပြီး မျက်နှာသစ် သွားတိုက်ရန် ရေချိုးခန်းထဲ ဝင်ရတော့သည်။ သူ၏ ရုပ်ရည်သွင်ပြင်ကို ဂရုမစိုက်ဟု အိုးရန်ရှန်း၏ လှောင်ပြောင်မှုကို သူ မခံချင်ပေ။

ရှီလဲ့ ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် အိုးရန်ရှန်းက မနက်စာ နှစ်ပွဲကို သယ်လာသည်။

မနက်စာမှာ ပေါင်မုန့်ကင် နှစ်ချပ်၊ ကြက်ဥကြော် တစ်လုံး၊ အသီးအရွက်သုပ် တစ်ပွဲနှင့် နွားနို့ပူပူ တစ်ခွက်ဖြစ်သည်။ ဤမနက်စာမှာ ရှနိုင်ငံသားတို့၏ ပုံစံမျိုးမဟုတ်ဘဲ အနောက်တိုင်းဆန်ဆန် ဖြစ်နေသည်။

“အိုးရန်... တို့တွေ ဒါတွေပဲ စားကြမှာလား” ရှီလဲ့မှာ အနည်းငယ် စိတ်ပျက်သွားသည်။ သူက ပဲနို့၊ အီကြာကွေး၊ ဆန်ပြုတ်၊ ပေါက်စီနှင့် ရှူးရှူးရှဲရှဲ ခေါက်ဆွဲမျိုးကို ပိုကြိုက်သူ ဖြစ်သည်။

အိုးရန်ရှန်းက ခေါင်းညိတ်ကာ “မနက်စာက အာဟာရပြည့်ဝဖို့ လိုတယ်၊ ဒါမှ တစ်မနက်လုံး အလုပ်လုပ်ဖို့နဲ့ စာသင်ဖို့ အားရှိမှာ” ဟု ပြောသည်။

ရှီလဲ့က တိုးတိုးလေး ညည်းတွားလိုက်သည်မှာ “ပဲနို့နဲ့ အီကြာကွေး မရှိဘူးလား”

“ရှီလဲ့... ငါ နင့်ကို အကြံပေးချင်တာက အပြင်ထွက်ပြီး ပဲနို့နဲ့ အီကြာကွေးတွေ မစားပါနဲ့...အဲဒီပဲနို့တွေက ဓာတုပစ္စည်းတွေနဲ့ ရောစပ်ထားတာ၊ အီကြာကွေးထဲက ဆီတွေမှာလည်း အလူမီနီယံဓာတ်တွေ အလွန်အကျွံပါတယ်...အများကြီးစားရင် မှတ်ဉာဏ်တွေ လျော့နည်းလာပြီး လူအ တောင် ဖြစ်သွားနိုင်တယ်”

ရှီလဲ့မှာ အားနည်းစွာဖြင့် ချောင်းတစ်ချက် ဟန့်လိုက်မိသည်။ သူက အိုးရန်ရှန်းကို ပြန်ပြောချင်သည်မှာ ဤအရာများမှာ သူ့အတွက် ဘာမှမဟုတ်ကြောင်းပင်။သူသည် လမ်းဘေးဆီကိုပင် မကြောက်သူဖြစ်ရာ ရောစပ်ပဲနို့နှင့် အလူမီနီယံအီကြာကွေးကို ဘာကြောင့် ကြောက်နေရမည်နည်း။

အရသာမရှိသော ပေါင်မုန့်ကင်ကို နှစ်လုပ်တည်းနှင့် မျိုချပြီးနောက် ရှီလဲ့သည် ကြက်ဥကြော်ကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။

ပါးစပ်ထဲ မထည့်ခင်မှာပင် မွှေးကြိုင်သော ရနံ့က နှာခေါင်းထဲသို့ တိုးဝင်လာသည်။

ရှီလဲ့က အသက်ကို ဝဝရှူလိုက်ပြီးနောက် ကြက်ဥကြော်ကို ကိုက်လိုက်သည်။ သာမန်ကြက်ဥကြော်ဖြစ်သော်လည်း ထူးခြားသော အရသာရှိလှသည်။ တူးနံ့ လုံးဝမရှိဘဲ နူးညံ့လတ်ဆတ်လှသည့်အတွက် ပူတင်းစားနေရသလိုပင်။

ကြက်ဥကို အငမ်းမရ စားပြီးနောက် ရှီလဲ့၏ မျက်လုံးများ တောက်ပလာကာ “အိုးရန်... နင့်လက်ရာက တကယ် မဆိုးဘူးပဲ”

အိုးရန်ရှန်းက ရှီလဲ့ကို မျက်စောင်းထိုးကာ “ရှီလဲ့... မနေ့ညက နင်ချက်တဲ့ ညစာလည်း မဆိုးပါဘူး... နင် သင်ချင်တယ်ဆိုရင် ငါ သင်ပေးနိုင်ပါတယ်”

ရှီလဲ့က ချက်ချင်းပင် ခေါင်းခါလိုက်သည်။ အကယ်၍ သူသာ ဟင်းချက်တတ်သွားလျှင် နောင်တွင် သူပဲ အမြဲချက်နေရမည်မဟုတ်ပါလား။ ထိုကဲ့သို့ အရှုံးပေါ်မည့် အလုပ်မျိုးကို သူ လုံးဝမလုပ်နိုင်ပေ။

“ရပါတယ်... ရပါတယ်၊အိုးရန်... နင့်ရဲ့ ဒီလက်စွမ်းကို ငါ ဘယ်လိုလုပ်ပြီး အမီလိုက်နိုင်မှာလဲ”

မနက်စာစားပြီးနောက် အိုးရန်ရှန်းသည် ယဲ့ဖုန်း၏ အမှုကို ဆက်လက်ကိုင်တွယ်ရန် ရဲစခန်းသို့ အလုပ်သွားသည်။ ရှီလဲ့ကတော့ ကျောင်းမသွားသေးဘဲ ယဲ့ဖုန်း၏ အမှုကိုပင် တစ်ဖက်တစ်လမ်းမှ ဖြေရှင်းရန် ပြင်ဆင်နေသည်။

စူပါကွန်ပျူတာ ယန်မှာ သူ့လက်ထဲ ပြန်ရောက်လာပြီဖြစ်ရာ ရှီလဲ့သည် ဗွိုက်စင် ၏ နိုင်ငံလုံးဆိုင်ရာ လူဦးရေစာရင်း အချက်အလက်ကို ဟက်ကာ အချက်အလက်များကို ပြုပြင်ပြီး ယဲ့ဖုန်းနှင့် အခြားသူများအတွက် ဗွိုက်စင်နိုင်ငံသား အထောက်အထားများ ရရှိအောင် ကူညီရန် ပြင်ဆင်နေခြင်းဖြစ်သည်။

မည်သည့်နိုင်ငံတွင်မဆို လူဦးရေစာရင်း ကောက်ယူမှု မည်မျှပင် စေ့စပ်ပါစေ၊ စာရင်းထဲမပါဘဲ ကျန်ရစ်ခဲ့သူများ အမြဲရှိစမြဲဖြစ်ပြီး တရားမဝင်နေထိုင်သူများလည်း ရှိနေတတ်သည်။

ဗွိုက်စင်မှာလည်း ထိုနည်းအတိုင်းပင်။

ရှီလဲ့သည် ခြေရာခံပရိုဂရမ်ကို ဖွင့်ကာ ဆာဗာနံပါတ် (၁) ထဲသို့ ဝင်လိုက်သည်။ ထို့နောက်အိုက်ကန်၏ ဆာဗာအုပ်စုထဲသို့ ဝင်ရောက်လိုက်သည်။ စူပါကွန်ပျူတာ ယန်ကိုတော့ အသုံးမပြုသေးပေ။

ယခုအချိန်တွင် သူသည် အချက်အလက် စုဆောင်းရုံသာဖြစ်ပြီး အချက်အလက်ကို ဟက်ဦးမည် မဟုတ်သေးပေ။

မဟက်ခင်တွင် ပစ်မှတ်၏ အချက်အလက်များကို စုဆောင်းရန်နှင့် အားနည်းချက်များကို ရှာဖွေရန်မှာ အရေးကြီးဆုံး ဖြစ်သည်။

အိုက်ကန်ဆာဗာအုပ်စုကို ထိန်းချုပ်ရင်း ရှီလဲ့သည် သူ၏ ပစ်မှတ်ကို ဟော့ကိုင်းဒို ရှိ ဆပ်ပရိုမြို့ အဖြစ် သတ်မှတ်လိုက်သည်။

ဟော့ကိုင်းဒိုသည် ဗွိုက်စင်၏ မြောက်ဘက်အစွန်ဆုံးတွင် တည်ရှိပြီး ဗွိုက်စင်၏ ဒုတိယအကြီးဆုံးကျွန်း ဖြစ်သည်။ ကမ္ဘာကျော် ကမ္ဘာလှည့်ခရီးသွားနေရာတစ်ခုဖြစ်ပြီး ကျွန်း၏ ၇၀ ရာခိုင်နှုန်းကျော်မှာ သစ်တောများဖြင့် ဖုံးလွှမ်းနေကာ လူဦးရေသိပ်သည်းဆ အလွန်နည်းပါးသည်။

ဆပ်ပရိုမြို့မှာ ဟော့ကိုင်းဒို၏ မြို့တော်ဖြစ်ပြီး တာ့ရှား၏ ပြည်နယ်မြို့တော်တစ်ခုနှင့် တူညီသည်။ ဆပ်ပရိုသည် ဗွိုက်စင်၏ လူဦးရေ ပဉ္စမမြောက် အများဆုံးမြို့ဖြစ်ကာ လူဦးရေ ၁.၉ သန်းခန့် ရှိသည်။

ဤကဲ့သို့သော မြို့ကြီးတွင် မှတ်ပုံမတင်ထားသော နိုင်ငံသားများစွာ ရှိနေမည်ဖြစ်သည်။ အွန်လိုင်းတွင် ရှီလဲ့ ဖတ်ဖူးသည့် သတင်းများအရ မြို့၏ လူဦးရေစာရင်းကို ကိုင်တွယ်သည့် အရာရှိများသည် လာဘ်စားကာ ထိုသို့သောသူများကို နိုင်ငံတော်အချက်အလက်ဘဏ်ထဲသို့ ထည့်သွင်းပေးလေ့ရှိသည်။

ရှီလဲ့သည် ဤအချက်ကို သိထားသည့်အတွက် ဆပ်ပရိုမြို့ကို ပစ်မှတ်ထားခြင်းဖြစ်သည်။ နောက်ထပ် အကြောင်းပြချက်တစ်ခုမှာ ထိုဘက်တွင် ချန်းယွဲ့တို့ မိသားစုမှာ သြဇာအာဏာ အနည်းငယ်ရှိနေခြင်းကြောင့် ဖြစ်သည်။ ရှီလဲ့သည် ထိုသြဇာကို အသုံးချကာ ယဲ့ဖုန်းတို့အဖွဲ့ကို နိုင်ငံပြင်ပသို့ ပို့ဆောင်ရန် ရည်ရွယ်ထားသည်။

အိုက်ကန်ဆာဗာအုပ်စုကို ထိန်းချုပ်ကာ ရှီလဲ့သည် ဆပ်ပရိုမြို့အစိုးရ၏ တရားဝင်ဝက်ဘ်ဆိုက်ကို ဝင်ရောက်ပြီး လူဦးရေစာရင်းရုံး၏ စာမျက်နှာကို ရှာဖွေလိုက်သည်။ လူဦးရေစာရင်းရုံးမှာ အစိုးရဌာနများအကြား အဆင့်နိမ့်သော ဌာနတစ်ခုဖြစ်ပြီး အကျိုးအမြတ်ရလိုပါက အထောက်အထားအတုများ ပြုလုပ်ပေးခြင်းမှာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

ရှီလဲ့သည် အိုက်ကန်ဆာဗာအုပ်စုကို အသုံးချကာ ထိုရုံး၏ ဝက်ဘ်ဆိုက်စာမျက်နှာရှိ ဟာကွက်များကို ရှာဖွေစစ်ဆေးသည်။ ထို့နောက် ဝက်ဘ်ဆိုက်ဆာဗာထဲသို့ ကုဒ်များ ထည့်သွင်းလိုက်သည်။

ဆပ်ပရိုမြို့အစိုးရ ဝက်ဘ်ဆိုက်မှာ အရေးကြီးသော အချက်အလက်များ မရှိဘဲ အစိုးရအမိန့်များနှင့် ကြေညာချက်များသာ ရှိသဖြင့် ကာကွယ်ရေးစနစ်မှာ အားနည်းလှသည်။

ရှီလဲ့သည် ဝက်ဘ်ဆိုက်ဆာဗာထဲတွင် တစ်နာရီကျော်ကြာ ရှာဖွေပြီးနောက် တန်ဖိုးရှိသော အချက်အလက် နှစ်ခုကို တွေ့ရှိခဲ့သည်။

ပထမအချက်မှာ လူဦးရေစာရင်းရုံး၏ ဝက်ဘ်ဆိုက်သည် နိုင်ငံလုံးဆိုင်ရာ အချက်အလက်ဘဏ်နှင့် တိုက်ရိုက်ချိတ်ဆက်ထားခြင်းဖြစ်သည်။ ၎င်းမှာ လျှို့ဝှက်အတွင်းပိုင်းကွန်ရက် အဖြစ် သတ်မှတ်ထားသည်။ အကယ်၍ ၎င်းအတွင်းပိုင်းကွန်ရက်ကို ဟက်လိုပါက ရှီလဲ့အနေဖြင့် ဝင်ပေါက်တစ်ခု လိုအပ်သည်။

ဒုတိယအချက်မှာ လူဦးရေစာရင်းရုံး၏ ဖုန်းနံပါတ်ကို ရှီလဲ့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုဖုန်းနံပါတ်ကို တွေ့လိုက်ရချိန်တွင် ရှီလဲ့၏ ခေါင်းထဲသို့ အတွင်းပိုင်းကွန်ရက်ကိုဟက်ရန် အကြံတစ်ခု ရလာသည်။

ရှီလဲ့သည် ပထမဦးစွာ အိုက်ကန်ဆာဗာအုပ်စုကိုသုံးကာ အင်တာနက်ပေါ်တွင် ဖုန်းနံပါတ်တစ်ခုကို မှတ်ပုံတင်လိုက်သည်။ ထို့နောက် သူရေးထားသော ဖုန်းနံပါတ်ပြောင်းသည့်‌ဆော့ဖ်ဝဲကို အိုက်ကန်ဆာဗာထဲသို့ ထည့်သွင်းလိုက်သည်။ ရှီလဲ့သည် အလိုအလျောက် ဖုန်းခေါ်သည့်ဆော့ဖ်ဝဲကို အမြန်ရေးသားကာ ၎င်းဖုန်းနှင့် ချိတ်ဆက်လိုက်သည်။ ၎င်းကို လူဦးရေစာရင်းရုံး၏ ဖုန်းနံပါတ်သို့ အလိုအလျောက် ခေါ်ဆိုစေပြီး တစ်ချက်မြည်ရုံနှင့် ပြန်ချစေရန် ပြုလုပ်လိုက်သည်။

“မင်းတို့ကို အရင်ဆုံး နည်းနည်း နှောင့်ယှက်လိုက်ဦးမယ်” ရှီလဲ့က ပြုံးစိစိဖြင့် မောက်စ်ကိုသုံးကာ အလိုအလျောက် ဖုန်းခေါ်သည့် ခလုတ်ကို နှိပ်လိုက်တော့သည်။

တစ်ဖက်တွင်မူ ရွှမ်ချင်းတက္ကသိုလ်၌ ရှီလဲ့၏ အရှက်ခွဲခြင်းကို ခံခဲ့ရသော ချန်းမင်မှာ ကျောင်းဝင်းထဲသို့ ပြန်လည်ရောက်ရှိလာသည်။

ချန်းမင် ကျောင်းပြန်ရောက်ရောက်ချင်းမှာပင် သူ၏ အဆောင်ဖော်သူငယ်ချင်း သုံးယောက်ကို ရှာဖွေကာ သူ၏ အပြစ်ကင်းစင်မှုကို သက်သေပြရန် အကူအညီတောင်းသည်။ ချန်းမင် အဆောင်ထဲတွင် တစ်ကိုယ်ရေအာသာဖြေနေစဉ် အဆောင်မှူးက မိသွားသည်ဆိုသော ကိစ္စမှာ မဟုတ်မှန်ကြောင်း သူ၏ သူငယ်ချင်းများက သိကြသည်။

အနည်းငယ် စဉ်းစားကြည့်ရုံနှင့်ပင် ၎င်းမှာ မဖြစ်နိုင်ကြောင်း သိနိုင်သည်။ အဆောင်ထဲတွင် သူငယ်ချင်း သုံးယောက်ရှိနေပါလျက်နှင့် သူတို့ရှေ့တွင် ထိုသို့လုပ်ရန်မှာ မဖြစ်နိုင်ပေ။

နောက်ထပ် အဓိကကျသော ဟာကွက်တစ်ခုမှာ ဗီဒီယိုဖိုင်ထဲတွင် ချန်းမင် ထိုသို့လုပ်နေသည့် တိုက်ရိုက်မှတ်တမ်း မပါရှိခြင်းပင်။

ချန်းမင်သည် သူ၏မိသားစုနှင့် သူတို့၏ အဆက်အသွယ်များကို အသုံးချကာ ကျောင်း၏ ရေဒီယိုအသံလွှင့်ဌာနကို အသုံးပြုခွင့် ရအောင် လုပ်လိုက်သည်။ သူသည် သူငယ်ချင်း သုံးယောက်ကို ခေါ်ဆောင်ကာ ရေဒီယိုအသံလွှင့်ဌာနထဲသို့ ဝင်သွားသည်။

ရေဒီယိုဌာနထဲတွင် ချန်းမင်က လက်သီးကို တင်းတင်းဆုပ်ကာ “ရှီလဲ့... ရှီလဲ့... မင်း ကံမကောင်းဘူးလို့သာ မှတ်လိုက်တော့...ငါ့ရဲ့ အမည်းစက်တွေကို ဆေးကြောဖို့အတွက် မင်းကတော့ အပြစ်ပေးခံရမယ့် ဆိတ်ကလေး ဖြစ်ရလိမ့်မယ်.. လင်းယွီမော့ကို ဘာလို့ သွားထိရတာလဲ.. မင်းရဲ့ ဂုဏ်သိက္ခာကို ငါ အဖတ်မဆယ်နိုင်အောင် မဖျက်ဆီးနိုင်ခဲ့ရင် ငါ လူမဟုတ်ဘူးလို့သာ မှတ်လိုက်” ဟု ကျိန်းဝါးနေတော့သည်။

မွန်းတည့်ချိန် ကျောင်းတွင်း ရေဒီယိုအသံလွှင့်ချိန်တွင် ချန်းမင်သည် ရေဒီယိုအစီအစဉ် တင်ဆက်သူထံမှ မိုက်ကို ယူလိုက်ပြီး အမျိုးသမီး တင်ဆက်သူကို ပြုံးပြလိုက်သည်။

“ကျောင်းသားတို့ရေ... ရွှမ်ချင်းတက္ကသိုလ်ရဲ့ မွန်းတည့် ရေဒီယိုအစီအစဉ်ကနေ ကြိုဆိုပါတယ်..ကျွန်မကတော့ အစီအစဉ် တင်ဆက်သူ ကျူးတန်ပါ”

ကျူးတန်မှာ သတင်းစာပညာနှင့် အသံလွှင့်ဌာနမှ ဒုတိယနှစ် ကျောင်းသူတစ်ဦး ဖြစ်သည်။ သူမ၏ ထူးချွန်သော အရည်အချင်းကြောင့် ကျောင်းရောက်ပြီး တစ်နှစ်အတွင်းမှာပင် မွန်းတည့်အစီအစဉ် တင်ဆက်သူ နေရာကို ရရှိခဲ့သူဖြစ်သည်။

“ကျောင်းသားတို့ရေ... မကြာခင်ကပဲ ကျွန်မတို့ ကျောင်းရဲ့ ဖိုရမ်ပေါ်မှာ လူပြောအများဆုံး ကိစ္စတစ်ခု ဖြစ်ပွားခဲ့တာ အားလုံး သိကြမှာပါ.. ဒီနေ့ မွန်းတည့် အစီအစဉ်အတွက် ကျွန်မတို့ဟာ အဲဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ ကျောင်းသား ချန်းမင်ကို အထူးဖိတ်ကြားထားပြီး လူမသိသေးတဲ့ အဖြစ်အပျက်တွေကို ပြောပြခိုင်းသွားမှာ ဖြစ်ပါတယ်”

ရွှမ်ချင်းတက္ကသိုလ်တွင် မူလက လူသိပ်မများသော မွန်းတည့်အစီအစဉ်မှာ ချန်းမင်ကြောင့် ရုတ်တရက် စိတ်ဝင်စားမှုများ ရရှိလာသည်။ ကျောင်းသားအများအပြားမှာ အတန်းထဲတွင် ထိုင်ကာ ရေဒီယိုအစီအစဉ်ကို နားထောင်ရန် ပြင်ဆင်နေကြသည်။

ရေဒီယိုဌာနထဲတွင် ချန်းမင်က မိုက်ကို ကိုင်ကာ တည်ငြိမ်သော အသံဖြင့် နှုတ်ဆက်လိုက်သည်မှာ “စီနီယာတွေ၊ ဂျူနီယာတွေနဲ့ သူငယ်ချင်းအားလုံး မင်္ဂလာပါ..ကျွန်တော်ကတော့ ကွန်ပျူတာသိပ္ပံဌာန၊ အတန်း (၃)၊ အဆင့် (၆) က ပထမနှစ်ကျောင်းသား ချန်းမင် ဖြစ်ပါတယ်”

ကျူးတန်က ချန်းမင်ကို ချီးကျူးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ပြဿနာပေါင်းစုံ ကြုံတွေ့နေရသည့်ကြားမှ ချန်းမင်သည် ဤမျှ တည်ငြိမ်စွာဖြင့် အခြေအနေကို ပြောင်းလဲရန် ကြိုးစားနေသည်မှာ တကယ့်ကို အထင်ကြီးစရာပင်။

“ဂျူနီယာ ချန်းမင်... ကျောင်း ဖိုရမ် ပေါ်က နင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေအပေါ် ကာယကံရှင်တစ်ယောက်အနေနဲ့ ဘာပြောချင်သလဲ”

ချန်းမင်က ကိုယ့်ကိုယ်ကိုယ် လှောင်ပြုံးပြုံးရင်း ပြောလိုက်သည့် အသံမှာ ရေဒီယိုမှတစ်ဆင့် ကျောင်းဝင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။

“စီနီယာ ကျူးတန်... အမှန်အတိုင်း ပြောရရင် ဒေါသထွက်မိတာပေါ့... တကယ်ကို ဒေါသထွက်ပါတယ်...ကျွန်တော်လည်း သာမန်လူတစ်ယောက်ပါပဲ...အဲဒီလို Post မျိုးကို တွေ့လိုက်ရတဲ့အခါ ဒေါသကလွဲလို့ တခြား ဘာမှ မရှိပါဘူး... ဒါပေမဲ့ အဲဒီဒေါသက လျှို့ဝှက်ချက် ပေါ်သွားလို့ ထွက်တဲ့ ဒေါသမဟုတ်ဘဲ၊ အဲဒီ Post တစ်ခုလုံးက လုံးဝ အဓိပ္ပာယ်မရှိတဲ့ အချက်အလက်တွေ ဖြစ်နေလို့ ထွက်တဲ့ ဒေါသပါ”

ကျူးတန်းကလည်း လိုက်ဖက်ညီစွာ ပြန်မေးလိုက်သည်မှာ “အော်... အဲဒီမှာ လူမသိတဲ့ အကြောင်းအရာတွေ ရှိနေတာလား.. ဂျူနီယာ ချန်းမင်... အဲဒါကို အသေးစိတ်လေး ပြောပြပေးလို့ ရမလား”

အခန်း - ၅၆

ရွှမ်ချင်းတက္ကသိုလ်၏ ဖိုရမ်ပေါ်တွင် ချန်းမင်နှင့် ပတ်သက်သော အကြောင်းအရာမှာ ကျောင်းဝင်းအတွင်း အပြင်းအထန် ဆွေးနွေးငြင်းခုံစရာ ကိစ္စတစ်ခု ဖြစ်နေခဲ့သည်။ ကျောင်း၏ ရေဒီယိုအသံလွှင့်ဌာနက ဤကိစ္စကို လူသိရှင်ကြား ဆွေးနွေးတင်ပြလာခြင်းကြောင့် ကျောင်းသားများစွာ၏ စိတ်ဝင်စားမှုကို ပိုမိုနှိုးဆွပေးလိုက်သလို ဖြစ်သွားသည်။

ကျူးတန်၏ အလိုက်သင့် မေးမြန်းမှုအောက်တွင် ချန်းမင်သည် သူမကို ကျေးဇူးတင်သော အကြည့်တစ်ချက် ကြည့်လိုက်သည်။

“စီနီယာ ကျူးတန်... စီနီယာ ခန့်မှန်းတာ မှန်ပါတယ်...ဒီကိစ္စရဲ့ နောက်ကွယ်မှာ ထိတ်လန့်စရာကောင်းတဲ့ ပူးပေါင်းကြံစည်မှုကြီး တစ်ခုရှိနေတယ်လို့ ကျွန်တော် ထင်တယ်” ချန်းမင်က နက်နဲသော အသံနေအထားဖြင့် ပြောလိုက်သည်။

ကျူးတန်က အံ့သြသွားသည့် အမူအရာ ပြလိုက်သည်။

“ကျောင်းသားတို့ရေ... ငါတို့မသိသေးတဲ့ ဘယ်လို ပူးပေါင်းကြံစည်မှုမျိုးတွေများ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ဖုံးကွယ်နေတာပါလိမ့်” ကျူးတန်က ပတ်ဝန်းကျင်အခြေအနေကို ညှိယူလိုက်ပြီး “ကဲ... ချန်းမင်ရဲ့ အဆောင်ဖော်တွေဖြစ်တဲ့ ဝမ်ပေါ်၊ ဝူဟောင်နဲ့ ချန်းချုံတို့ကိုလည်း ကြိုဆိုလိုက်ကြရအောင်” ဟု မိတ်ဆက်ပေးလိုက်သည်။

သူတို့သုံးယောက်လုံးအတွက် မိုက်တစ်ခုစီ ရှိရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ချန်းမင်က သူတို့တစ်ဦးချင်းစီကို မိုက်ကမ်းပေးပြီး အားလုံးကို နှုတ်ဆက်ခိုင်းလိုက်သည်။

“ဂျူနီယာ ဝမ်ပေါ်... အဲဒီဖြစ်ရပ် ဖြစ်ပွားချိန်မှာ နင်တို့ လေးယောက်လုံး အဆောင်ထဲမှာ ရှိနေကြတယ်လို့ ကြားတယ်...နင် မြင်ခဲ့တဲ့အတိုင်းဆိုရင် ချန်းမင်က ဘာလုပ်နေတာလဲ”

ဝမ်ပေါ်မှာ ချန်းမင်၏ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ပြီး သူက အမှန်အတိုင်းပင် သက်သေထွက်ဆိုပေးခဲ့သည်။ သူက ပြတ်သားသော အသံဖြင့် “တင်ဆက်သူ... အဲဒီအချိန်မှာ ကျွန်တော်တို့ လေးယောက်လုံး အဆောင်ထဲမှာ ရှိနေကြတာပါ...ချန်းမင်က တကယ်ပဲ ကွန်ပျူတာ သုံးနေတာပါ... ဒါပေမဲ့ သူက အပြာကားတွေ ကြည့်နေတာ မဟုတ်ပါဘူး၊ QQ မှာ စာပို့နေတာပါ” ဟု ပြောလိုက်သည်။

ကျူးတန်က ခေါင်းညိတ်ကာ “ဂျူနီယာ ချန်းမင်... အဲဒီတုန်းက အခြေအနေလေးကို အသေးစိတ် ပြန်ပြောပြလို့ ရမလား” ဟု မေးသည်။

ချန်းမင်က ခဏမျှ စဉ်းစားဟန်ပြုပြီး ဝမ်ပေါ်ထံမှ မိုက်ကို ယူလိုက်သည်။ သူက အေးအေးဆေးဆေးပင် ပြောပြလိုက်သည်မှာ “အဲဒီအချိန်က စစ်ရေးလေ့ကျင့်မှု ပြီးသွားတဲ့ အချိန်ပါ..ကျွန်တော်က QQ မှာ သူငယ်ချင်းတစ်ယောက်နဲ့ ဆော့ဖ်ဝဲတစ်ခုအကြောင်း ဆွေးနွေးနေတာ..ပြီးတော့တံခါးခေါက်သံ ကြားလိုက်ရတယ်..တံခါးဖွင့်လိုက်တော့ စစ်ရေးလေ့ကျင့်မှု နည်းပြနဲ့ ဆရာကျန်းစုန့်တို့က အဆောင်တွင်း စည်းကမ်းစစ်ဆေးဖို့ ရောက်လာကြတာပါ.. အဲဒီနောက်မှာပဲ ကျွန်တော့်ရဲ့ ကွန်ပျူတာက အပြာကားတွေကို အလိုအလျောက် ဖွင့်ပြပါတော့တယ်”

“နေဦး” ကျူးတန်က ချန်းမင်၏ စကားကို ဖြတ်ပြောလိုက်ပြီး အဓိက စကားလုံးကို ဖမ်းဆုပ်လိုက်သည်။ “ဂျူနီယာ ချန်းမင်... နင် အခုလေးတင် ပြောလိုက်တာက နင့်ကွန်ပျူတာက ‘အလိုအလျောက်’ ပွင့်သွားတာ ဟုတ်လား”

ချန်းမင်က ပြန်ဖြေသည်မှာ “ဟုတ်ပါတယ်... အလိုအလျောက် ပွင့်သွားတာပါ.. ကျွန်တော်တို့ ကွန်ပျူတာသိပ္ပံဌာနက ကျောင်းသားတွေဆိုရင် ဘာဖြစ်သွားလဲဆိုတာ နားလည်ကြမှာပါ.. ဟုတ်ပါတယ်... ကျွန်တော့်ရဲ့ ကွန်ပျူတာ ဟက်ခံလိုက်ရတာပါ ကျွန်တော်က ကွန်ပျူတာကျောင်းသား ဖြစ်ပေမဲ့ ပရိုဂရမ်ပိုင်းကိုပဲ ကျွမ်းကျင်တာပါ၊ ဟက်ကာတစ်ယောက် မဟုတ်ပါဘူး.. ဒါကြောင့် ဟက်ခံထားရတာကို မသိလိုက်တာက သာမန်ကိစ္စပါပဲ”

ကျူးတန်က ခပ်တိုးတိုး ရယ်လိုက်သည်။ “ဂျူနီယာ ချန်းမင်... ကွန်ပျူတာ ဟက်ခံရတယ်ဆိုတာကို သက်သေပြဖို့ တစ်ခုခု ရှိသလား”

ချန်းမင်က တည်ငြိမ်စွာပင် “သူငယ်ချင်းတို့... စီနီယာ ကျူးတန်း... အားလုံးပဲ သေချာစဉ်းစားကြည့်ကြပါ... ဖိုရမ် ပေါ်က အဲဒီ Post က တကယ်တော့ ကျွန်တော့်ကို ထောင်ချောက်ဆင်ခဲ့တဲ့ သူရဲ့ အကြီးမားဆုံး အမှားပါပဲ...အဲဒီ ပို့စ် ရှိနေတာကပဲ ကျွန်တော့်ကွန်ပျူတာကို ဟက်ကာတစ်ယောက်က ထိန်းချုပ်ထားတယ်ဆိုတာ သက်သေပြနေတာပါ”

မွန်းတည့်အစီအစဉ်ကို နားထောင်နေကြသည့် ရွှမ်ချင်းတက္ကသိုလ် ကျောင်းသားများစွာမှာ ခဏမျှ စဉ်းစားကြည့်ပြီးနောက် ချက်ချင်းပင် နားလည်သွားကြသည်။ အမှန်ပင်... အကယ်၍ ထိုပို့စ် တင်သူသာ ချန်းမင်၏ ကွန်ပျူတာကို ဟက်မထားလျှင် ဤအရာအားလုံးကို ဘယ်လိုသိနိုင်မည်နည်း။

“သူငယ်ချင်းတို့... ကျွန်တော် ဒီရေဒီယိုဌာနကို မလာခင်မှာ ကွန်ပျူတာဌာနက ဆရာကျန်းစုန့်ကို သွားတွေ့ခဲ့ပါတယ်..အဲဒီနေ့က ကျွန်တော့်ကွန်ပျူတာကို ဟက်ကာတစ်ယောက်က နောက်ဆုံးအချိန်မှာ သက်သေတွေဖျောက်ဖို့ ဘယ်လိုမျိုး ထိန်းချုပ်သွားလဲဆိုတာ သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာပါ...ဆရာကျန်းစုန့်က အဲဒီအချိန်က အခြေအနေတွေကို အတည်ပြုပေးဖို့အတွက် ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ သက်သေခံချက်ကို ထုတ်ပေးထားပါတယ်.. ဒီအစီအစဉ်ပြီးရင် ကျွန်တော် အဲဒီစာကို ကျောင်းဖိုရမ် ပေါ်မှာ တင်ပေးပါ့မယ်”

ဘာပဲဖြစ်ဖြစ် ကျန်းစုန့်မှာ အရည်အချင်းရှိသော ဆရာတစ်ယောက် ဖြစ်သည်။ သူ၏ တပည့်မှာ ယခုကဲ့သို့ အကောက်ကြံခံရသည်ကို မြင်နေရသဖြင့် သူသည်လည်း နှုတ်ဆိတ်မနေခဲ့ပေ။ ရာထူးအာဏာကြောင့် မဟုတ်ဘဲ ဆရာတစ်ယောက်၏ တာဝန်အရ ချန်းမင်အတွက် သက်သေလိုက်ပေးခဲ့ခြင်း ဖြစ်သည်။

ချန်းမင်က ခဏမျှ ရပ်လိုက်ပြီးနောက် ပို၍ ပြင်းထန်သော သတင်းကို ထပ်မံချပြလိုက်သည်။ “ကျွန်တော့်လက်ထဲမှာ ဒီကိစ္စအားလုံးဟာ အမည်မသိ ဟက်ကာတစ်ယောက်က ကျွန်တော့်ကို ထောင်ချောက်ဆင်ပြီး တမင်အကောက်ကြံခဲ့တာဆိုတာကို ပြနိုင်မယ့် အရေးကြီးဆုံး သက်သေတစ်ခု ရှိနေပါသေးတယ်”

ဤမျှ ကြီးမားသော သတင်းမျိုးကို ကြားလိုက်ရသဖြင့် အရည်အချင်းရှိသော တင်ဆက်သူတစ်ဦးဖြစ်သည့် ကျူးတန်မှာ စိတ်လှုပ်ရှားစွာဖြင့် “ဂျူနီယာ ချန်းမင်... နင့်လက်ထဲမှာ ဘယ်လို အဓိက သက်သေမျိုး ရှိနေတာလဲ” ဟု မေးလိုက်သည်။

“စီနီယာ ကျူးတန်... ဆရာကျန်းစုန်းဆီက သက်သေခံချက် သွားတောင်းတုန်းက အဲဒီနေ့က အဆောင်တွေကို လိုက်စစ်တဲ့ နည်းပြရဲ့ အမည်ကို ကျွန်တော် မေးခဲ့ပါတယ်... သူကတော့ စီမံခန့်ခွဲမှုဌာန၊ အတန်း၂ က နည်းပြ ကျောက်ဝူပါ... ကျောင်းက တာဝန်ရှိသူတွေရဲ့ ကူညီမှုနဲ့ နည်းပြကျောက်ဝူရဲ့ ဖုန်းနံပါတ်ကို ရခဲ့ပြီး ကျွန်တော် ဖုန်းဆက်မေးခဲ့ပါတယ်.. နည်းပြကျောက်ဝူက သူဟာ အဲဒီနေ့က စစ်ရေးလေ့ကျင့်မှု တပ်ခွဲမှူးဆီကနေ ကျွန်တော့်အဆောင်ကို သွားစစ်ဖို့ SMS လက်ခံရရှိခဲ့တယ်လို့ ပြောပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ တပ်ခွဲမှူးဆီကို ဖုန်းဆက်ပြီး အတည်ပြုလိုက်တဲ့အခါ ထိတ်လန့်စရာ သတင်းတစ်ခု ရခဲ့ပါတယ်...အဲဒါကတော့ တပ်ခွဲမှူးဟာ နည်းပြကျောက်ဝူဆီကို ဘယ်တုန်းကမှ SMS မပို့ခဲ့ဘူးဆိုတာပါပဲ... ဒါက ဘာကို ဆိုလိုတာလဲ နည်းပြကျောက်ဝူဆီကို ရောက်လာတဲ့ SMS ဟာ ဟက်ကာတစ်ယောက်က ပို့လိုက်တာဆိုတာ သေချာနေပါပြီ....ဒီဖုန်းစကားပြောမှတ်တမ်းကို နည်းပြကျောက်ဝူနဲ့ တပ်ခွဲမှူးတို့က ခွင့်ပြုပေးထားပါတယ်။ ကျွန်တော် အဲဒါကို အသံဖမ်းထားပြီးပါပြီ၊ ဒီနေ့ နေ့လယ်မှာပဲ ကျောင်းဖိုရမ် ပေါ် တင်ပေးပါ့မယ်” ချန်းမင်က သူရရှိထားသော သက်သေများကို တစ်ကျော့တည်း ပြောချလိုက်သည်။

ကျူးတန်က “ဂျူနီယာ ချန်းမင်... နင်ပြောတာတွေအရဆိုရင် နင့်အပေါ်မှာ တကယ်ပဲ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေတာပဲ..အဲဒီဟက်ကာက နည်းပြတွေကိုတောင် အသုံးချပြီး အဆောင်တွေကို လိုက်စစ်ခိုင်းနိုင်တယ်ဆိုတော့ တကယ့်ကို ကြောက်စရာကောင်းလိုက်တာ” ဟု မှတ်ချက်ပေးပြီး “ဒါဆိုရင် ဂျူနီယာ ချန်းမင်... နင့်ကို အကောက်ကြံခဲ့တဲ့ အဲဒီဟက်ကာနဲ့ ပတ်သက်ပြီး နင် ဘာများ သိထားလဲ.. ဒါမှမဟုတ် သံသယရှိတဲ့သူကော ရှိလား” ဟု ထပ်မေးလိုက်သည်။

ကွန်ပျူတာသိပ္ပံဌာန၊ အတန်းထဲရှိ စာသင်ခန်းထဲတွင် လင်းယွီမော့သည် သူမ၏ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားသည်။ သူမ၏ ရင်ထဲတွင် စိုးရိမ်စိတ်များ လွှမ်းမိုးနေ၏။ ကျောင်းတွင် ချန်းမင်သည် ရှီလဲ့မရှိသည့် အချိန်တိုင်း သူမကို အမြဲတမ်း နှောင့်ယှက်တတ်ပြီး ရှီလဲ့အကြောင်း မကောင်းပြောလေ့ရှိသည်။ ချန်းမင်သည် ယခုအမှုတွင် အပြစ်အားလုံးကို ရှီလဲ့အပေါ် ပုံချတော့မည်ကို လင်းယွီမော့ စိုးရိမ်နေမိသည်။

ရေဒီယိုဌာနထဲတွင် ချန်းမင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “စီနီယာ ကျူးတန်း... သံသယရှိသူအကြောင်း ပြောရမယ်ဆိုရင်တော့ ကျွန်တော့်မှာ တစ်ယောက်ရှိပါတယ်.. ကျွန်တော်က ကျောင်းရောက်တာ မကြာသေးတဲ့ ကျောင်းသားသစ်တစ်ယောက်ဖြစ်ပြီး အတန်းခေါင်းဆောင်လည်း ဖြစ်နေတော့ ဘယ်သူ့ကိုမှ မပတ်သက်ချင်ပါဘူး..ဒါပေမဲ့ ချွင်းချက်တစ်ခုတော့ ရှိတယ်...ပထမဆုံး ကျောင်းတက်တဲ့နေ့က ကျွန်တော် အဲဒီလူကို စာအုပ်တွေကူသယ်ပေးဖို့ ပြောခဲ့ပေမဲ့ သူက အတန်းအတွက် ဘာမှမလုပ်ပေးခဲ့ဘူး.. အဲဒီနောက် ကျောင်းတွင်း ပြိုင်ပွဲကြောင့်လည်း ကျွန်တော်တို့ကြားမှာ ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ဖူးပါတယ်... ဖိုရမ် ပေါ်မှာလည်း ပိုစ့်တွေ အများကြီး ရှိခဲ့ပါတယ်.. တကယ်လို့ ကျွန်တော့်ကို အကောက်ကြံချင်တဲ့သူ ရှိတယ်ဆိုရင် ဒီလူကိုပဲ ကျွန်တော် စဉ်းစားမိပါတယ်”

လင်းယွီမော့ကြောင့် ချန်းမင်နှင့် ရှီလဲ့တို့သည် ကျောင်းတွင်း ပြိုင်ပွဲတွင် အလောင်းအစား လုပ်ခဲ့ကြသည်။ ၎င်းမှာ ဖိုရမ် ပေါ်တွင် လူပြောအများဆုံး ကိစ္စတစ်ခု ဖြစ်ခဲ့ဖူးရာ ချန်းမင်က ဤသို့ပြောလိုက်သည်နှင့် လူတိုင်းက ရှီလဲ့ကို ဆိုလိုမှန်း ချက်ချင်းပင် သိသွားကြတော့သည်။

ချန်းမင်၏ စကားကို ကြားလိုက်ရချိန်တွင် လင်းယွီမော့မှာ စိုးရိမ်လွန်းသဖြင့် မျက်ရည်များပင် ဝဲလာသည်။ သူမသည် စာသင်ခန်းထဲမှ ချက်ချင်း ပြေးထွက်သွားပြီး ရှီလဲ့ထံသို့ ဖုန်းဆက်ရန် ပြင်ဆင်တော့သည်။

ချန်းမင်က မိုက်ကို ကိုင်ကာ ပြတ်သားသော အသံဖြင့် ဆက်ပြောသည်မှာ “ဒီနေရာကနေ ကျွန်တော် အလေးအနက် ကြေညာချင်တာကတော့... အဲဒီလူက ကျွန်တော့်ကို ဘယ်လိုပဲ သိက္ခာချပါစေ၊ ဘယ်လိုပဲ အကောက်ကြံပါစေ၊ ကျွန်တော် ကျောင်းတွင်း ပြိုင်ပွဲကို မဖြစ်မနေ တက်ရောက်မှာဖြစ်ပြီး ပထမဆုကိုလည်း မဖြစ်မနေ ရယူမှာပါလို့ သူ့ကို ပြောချင်ပါတယ်...သူ ဘယ်လို ရွံစရာကောင်းတဲ့ နည်းလမ်းတွေပဲ သုံးပါစေ၊ သူက ကျွန်တော့်ထက် ညံ့ဖျင်းတယ်ဆိုတဲ့ အချက်ကိုတော့ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး...အကယ်၍ သူက ကျွန်တော်နဲ့ တရားမျှတစွာ ယှဉ်ပြိုင်ချင်တယ်ဆိုရင် သူရှုံးသွားရင်တောင် ကျွန်တော် သူ့ကို အထင်မသေးပါဘူး...ဒါပေမဲ့ အခုလို ယုတ်ညံ့တဲ့ နည်းလမ်းကို သုံးတာကတော့ ကျွန်တော်တင်မကဘဲ လူတိုင်းက သူ့ကို အထင်သေးသွားစေမှာပါ”

ချန်းမင်သည် လူတိုင်း၏ အာရုံကို ကျောင်းတွင်း ပြိုင်ပွဲဆီသို့ လိမ္မာပါးနပ်စွာ ဆွဲခေါ်သွားခဲ့သည်။ သူသည် ရှီလဲ့ကို သူ၏ အရည်အချင်းအပေါ် မနာလိုဖြစ်ပြီး ကောက်ကျစ်သော နည်းလမ်းဖြင့် အကောက်ကြံသည့် လူယုတ်မာတစ်ဦးအဖြစ် ပုံဖော်ကာ ရှီလဲ့၏ ဂုဏ်သိက္ခာကို ဖျက်ဆီးရန် ကြိုးစားနေခြင်း ဖြစ်သည်။

သူ၏ လုပ်ရပ်မှာ အမှန်တကယ်ပင် အောင်မြင်သွားခဲ့သည်။

အနည်းဆုံးတော့ ကျောင်းသားများအကြားတွင် ချန်းမင်က သက်သေအထောက်အထားများစွာ ပြသနိုင်ခဲ့သဖြင့် လူအများအပြားမှာ ချန်းမင်ကို ယုံကြည်သွားကြသည်။ ထို့ကြောင့် ရှီလဲ့မှာမူ သဘာဝအလျောက်ပင် ကောက်ကျစ်သော လူယုတ်မာကြီး ဖြစ်သွားတော့သည်။

ချန်းမင်တွင် အချို့သော အရည်အချင်းများ ရှိနေသည်ဟု ဆိုရပေမည်။ အကယ်၍ သာမန်လူတစ်ယောက်သာ ယခုကဲ့သို့ အရှက်ခွဲခံရပါက ကျောင်းပြန်တက်ရဲတော့မည်မဟုတ်ဘဲ ကျောင်းပြောင်းသွားမည်မှာ သေချာသည်။ သို့သော် ချန်းမင်မှာမူ ကျောင်းမပြောင်းသည့်အပြင် အခြေအနေကို တက်ကြွစွာ တုံ့ပြန်ပြီး သူ့အတွက် အကျိုးရှိမည့် သက်သေများကို ရှာဖွေကာ အန္တရာယ်မှ လွတ်မြောက်အောင် ကြိုးစားနိုင်ရုံမက ရှီလဲ့ကိုပင် ပြန်လည် တိုက်ခိုက်နိုင်ခဲ့သည်။

သူက ရှီလဲ့ကို အကောက်ကြံရန် ရည်ရွယ်ချက်သက်သက်သာ ရှိသော်လည်း တိုက်ဆိုင်စွာပင် ချန်းမင်ကို တကယ် အကောက်ကြံခဲ့သူမှာ ရှီလဲ့သာ ဖြစ်နေပေသည်။

ရေဒီယိုဌာန တင်ဆက်သူ ကျူးတန်းက လက်ခုပ်တီးကာ “အရမ်းကောင်းပါတယ်၊ တကယ်ကို ကောင်းပါတယ်... သာမန်လို့ ထင်ရတဲ့ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ဒီလောက်အထိ ရှုပ်ထွေးတဲ့ ဇာတ်လမ်းတွေ ရှိနေမယ်လို့ မထင်ထားမိဘူး...ကျွန်မတို့ရဲ့ ဂျူနီယာ ချန်းမင်ကလည်း အခက်အခဲတွေကို မကြောက်ဘဲ အမှန်တရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် သက်သေပြနိုင်ခဲ့တာဟာ တကယ်ကို သင်ယူသင့်တဲ့ စိတ်ဓာတ်ပါပဲ...ဒီကိစ္စကနေတစ်ဆင့် ကျွန်မတို့ဟာ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ လက်မလျှော့ဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ပိုမို ကြိုးစားသွားရမယ်ဆိုတာကို သိရှိနိုင်ပါတယ်...အစီအစဉ်ကတော့ ပြီးဆုံးဖို့ နီးကပ်လာပါပြီ.... ကျွန်မ ဂျူနီယာ ချန်းမင်ကို နောက်ဆုံးမေးခွန်းတစ်ခုလောက် မေးချင်ပါတယ်၊ ဖြေပေးနိုင်မလား”

ချန်းမင်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ “စီနီယာ ကျူးတန်.... မေးပါခင်ဗျာ”

“ကျောင်းသား ချန်းမင်... ရှေ့လာမယ့် ကျောင်းတွင်း ပြိုင်ပွဲမှာ အဲဒီလူကို အနိုင်ယူပြီး ကိုယ့်ကိုယ်ကိုယ် သက်သေပြနိုင်မယ်လို့ ယုံကြည်ချက် ရှိရဲ့လား” ကျူးတန်၏ မေးခွန်းမှာ ချန်းမင်အတွက် အကွက်ဆိုက်သွားစေသည်။

ချန်းမင်က မရယ်ဘဲ မနေနိုင်တော့ဘဲ “စီနီယာ ကျူးတန်.... ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာ မဟုတ်ပါဘူး...ဒါပေမဲ့ အဲဒီလူက ကျွန်တော့်ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော် ရဲရဲကြီး အာမခံနိုင်ပါတယ်... မဟုတ်ရင် သူက ဘာကြောင့် ကျွန်တော့်ကို အခုလို ယုတ်ညံ့တဲ့ နည်းလမ်းတွေနဲ့ တိုက်ခိုက်နေရမှာလဲ” ဟု ပြောလိုက်သည်။

မွန်းတည့် ရေဒီယိုအစီအစဉ် ပြီးဆုံးသွားပြီးနောက် ရွှမ်းချင်းတက္ကသိုလ်တွင် ကျောင်းတွင်း ပြိုင်ပွဲအပေါ် စိတ်ဝင်စားမှုများ မြင့်တက်လာသည်။ ၎င်းမှာ ပြိုင်ပွဲကိုယ်တိုင်က စိတ်ဝင်စားစရာကောင်းသောကြောင့် မဟုတ်ဘဲ ချန်းမင်နှင့် ရှီလဲ့တို့၏ ဂုဏ်သိက္ခာတိုက်ပွဲကြောင့် ဖြစ်သည်။

စာသင်ခန်းအပြင်ဘက် ဝရန်တာတွင် လင်းယွီမော့သည် ဖုန်းကိုကိုင်ကာ ရှီလဲ့ထံသို့ ဆက်လိုက်သည်။ ဖုန်းနှစ်ချက်မြည်ပြီးနောက် တစ်ဖက်မှ ရှီလဲ့၏ အသံထွက်ပေါ်လာသည်။

“မင်မင်လေး... ဘာကိစ္စရှိလို့လဲ ငါ့ကို လွမ်းနေလို့လား” ရှီလဲ့၏ အသံမှာ ပုံမှန်အတိုင်းပင် စနောက်ချင်သည့် အမူအရာ ပါဝင်နေသည်။

လင်းယွီမော့မှာမူ နောက်ပြောင်နေမည့် အခြေအနေတွင် မရှိပေ။ သူမ၏ အသံမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေ၏။ “ မကောင်းတော့ဘူး၊ ကျောင်းမှာ ကိစ္စကြီး ဖြစ်နေပြီ...အဲဒီချန်းမင်က နေ့လယ် ရေဒီယိုအစီအစဉ်မှာ နင့်ကို လူသိရှင်ကြား အကောက်ကြံသူလို့ စွပ်စွဲသွားပြီ”

လင်းယွီမော့သည် ရေဒီယိုအစီအစဉ်တွင် ဖြစ်ပျက်ခဲ့သမျှကို ရှီလဲ့အား အသေးစိတ် ပြောပြလိုက်သည်။ ချန်းမင်၏ ပုံဖော်မှုမှာ အလွန်အောင်မြင်သွားခဲ့ပြီး ရှောင်လီ မှလွဲ၍ အတန်းဖော်အားလုံးမှာ ချန်းမင်ကို ယုံကြည်သွားကြကြောင်းလည်း ရှင်းပြခဲ့သည်။

ရှီလဲ့မှာ ခဏမျှ တိတ်ဆိတ်သွားသည်။ သူ၏ ရင်ထဲတွင် ဒေါသနှင့် အထင်သေးစိတ်များ တစ်ပြိုင်နက် ဖြစ်ပေါ်လာ၏။

‘ချန်းမင်... မင်းကို ငါ အထင်သေးမိသွားပုံပဲ’

“မင်မင်လေး... စိတ်မပူနဲ့.. မနက်ဖြန် ငါ ကျောင်းပြန်လာပြီး ချန်းမင်နဲ့ စာရင်းရှင်းမယ်.. သူက ကျောင်းတွင်း ပြိုင်ပွဲမှာ ယှဉ်ပြိုင်ချင်တယ်ဆိုတော့လည်း ငါ သူ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့.... သူ လုံးဝ အရှက်ရပြီး အကြီးအကျယ် ရှုံးနိမ့်သွားအောင် ငါ လုပ်ပြမယ်”

လင်းယွီမော့က ခဏမျှ တုံ့ဆိုင်းနေပြီး တိုးတိုးလေး ပြောလိုက်သည်မှာ “ငါ နင့်ကို တစ်ခု ပြောပြစရာ ရှိတယ်.. ကျောင်းတွင်း ပြိုင်ပွဲရဲ့ အဓိကစပွန်ဆာက ချန်းမင်ရဲ့ မိသားစုကုမ္ပဏီတဲ့.. တောင်းပန်ပါတယ် ရှီလဲ့.. ငါ နင့်ကို မယုံလို့ မဟုတ်ပါဘူး၊ သူတို့တွေ မတရားလုပ်ကြမှာကို ငါ စိုးရိမ်လို့ပါ”

ရှီလဲ့က ပြန်လည်နှစ်သိမ့်လိုက်သည်မှာ “မင်မင်လေး... စပွန်ဆာက သူ့မိသားစုကုမ္ပဏီ ဖြစ်နေရင်တောင်မှ ငါကတော့ ဒီမြေခွေးအိုကြီးကို နင်းခြေပြီး သူ ဘယ်လောက်အထိ မျှော်လင့်ချက်မဲ့သွားမလဲဆိုတာကို သိအောင် လုပ်ပြဦးမှာပါ”

All Chapters