← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း - ၅၇

ဂျင်းယာဥယျာဉ်ရှိ ရှီလဲ့နှင့် အိုးရန်ရှန်းတို့၏ အခန်းထဲတွင် ရှီလဲ့သည် သူ၏ဖုန်းကို သိမ်းလိုက်သည်။

ချန်းမင်၏ တန်ပြန်တိုက်ခိုက်မှုကို ရှီလဲ့က အလေးအနက်မထားပေ။ ချန်းမင်တွင် သက်သေအထောက်အထားများ မည်မျှပင်ရှိစေကာမူ ၎င်းမှာ သူအပြစ်ကင်းစင်ကြောင်းကိုသာ သက်သေပြနိုင်လိမ့်မည်။ ဤကိစ္စအားလုံး၏ နောက်ကွယ်တွင် ရှီလဲ့ရှိနေသည်ဆိုသည်ကို သက်သေပြရန် ချန်းမင်၌ အဘယ်သက်သေရှိသနည်း။

ရှီလဲ့သည် သက်သေအထောက်အထား အားလုံးကို ဖျက်ဆီးပြီးသား ဖြစ်သည်။

သက်သေမရှိမှတော့ ရှီလဲ့က ဘာကို ကြောက်နေရဦးမည်နည်း။

ရှီလဲ့သည် ကုတင်စောင်းတွင်ထိုင်ရင်း ဆာဗာနံပါတ် (၁) ၏ မော်နီတာကို ကြည့်လိုက်သည်။ အလိုအလျောက် နှောင့်ယှက်သည့် ဆော့ဖ်ဝဲမှာ အလုပ်လုပ်နေပြီး ဆပ်ပရိုမြို့ လူဦးရေစာရင်းရုံး၏ ဖုန်းကို အကြိမ်ကြိမ် ခေါ်ဆိုနေတော့သည်။

ဆပ်ပရိုမြို့ လူဦးရေစာရင်းရုံးတွင်မူ ဗွိုက်စင် လူမျိုးအချို့မှာ မြည်နေသောဖုန်းကို မကျေမချမ်း ကြည့်နေကြသည်။ သူတို့သည် ဖုန်းကို အမြန်ဆုံးကိုင်ရန် ကြိုးစားသော်လည်း ဖုန်းအားလုံးမှာ တစ်ချက်သာမြည်ပြီး ပြန်ကျသွားကြသည်။ အကယ်၍ ဖုန်းကိုင်မိရန် ကံကောင်းခဲ့လျှင်ပင် တစ်ဖက်မှ ဖုန်းလိုင်းမအားသည့် အချက်ပြသံကိုသာ ကြားရလေသည်။

ဝဝဖိုင့်ဖိုင့်နှင့် အလတ်တန်းစားအရွယ် အမျိုးသမီး ဒါရိုက်တာတစ်ဦးက လူငယ်တစ်ယောက်ကို စိုက်ကြည့်ကာ “လူအ နင်က အမြဲတမ်း နင့်ရဲ့ ကွန်ပျူတာစွမ်းရည်ကို ကြွားလုံးထုတ်နေတာ မဟုတ်လား.. နင်က ယာမာတာ နို အာရာဂါမီ လိုမျိုး ဘယ်သူမှ မယှဉ်နိုင်ဘူးဆို..ကဲ... အခု ဒီဖုန်းကိစ္စကို ငါ့အတွက် ရှင်းပေးစမ်း” ဟု အော်ဟစ်လိုက်သည်။

ဝါတာနာဘီက ခေါင်းငြိတ်ကာ “ဒါရိုက်တာ... ကျွန်တော့်ကို အချိန်နည်းနည်းပေးပါ၊ ကျွန်တော် ရှင်းလိုက်ပါ့မယ်” ဟု အရိုအသေပေးကာ ပြောလိုက်သည်။

ဝဝဖိုင့်ဖိုင့် ဒါရိုက်တာမကြီးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်မှာ “ဝါတာနာဘီ... နင် ဒါကို ရှင်းနိုင်တာ ပိုကောင်းလိမ့်မယ်.. မဟုတ်ရင် ဒီညတော့ ငါ နင့်ကို ရှင်းပစ်ရလိမ့်မယ်”

“ဟုတ်ကဲ့... ဟုတ်ကဲ့ပါ..ဒါရိုက်တာ... စိတ်ချပါ” ဝါတာနာဘီသည် ရင်ထဲမှ ရွံရှာမှုကို အောင့်အည်းကာ ခါးကို ကိုးဆယ်ဒီဂရီ ကိုင်းညွှတ်၍ အရိုအသေပေးလိုက်ပြီး ထိုအမျိုးသမီးကို လုံးဝ မကြည့်တော့ပေ။

ဒါရိုက်တာမကြီး လှည့်ထွက်သွားပြီး ရုံးခန်းထဲ ပြန်ဝင်သွားသည့်အခါမှ ဝါတာနာဘီက မတ်တပ်ရပ်လိုက်သည်။ သူသည် ဖုန်းလိုင်းကို ဖြုတ်ကာ မိုဒမ် တစ်ခုနှင့် ချိတ်ဆက်လိုက်သည်။ မိုဒမ်မှတစ်ဆင့် ကွန်ရက်ကြိုးကို သုံးကာ ကွန်ပျူတာနှင့် ချိတ်ဆက်လိုက်တော့သည်။

ဝါတာနာဘီ၏ ကွန်ပျူတာစွမ်းရည်မှာ အမှန်တကယ်ပင် အသင့်အတင့် ရှိလှသည်။ သူသည် သူကိုယ်တိုင် ရေးသားထားသေ ဆော့ဖ်ဝဲကို ဖွင့်ကာ ဖုန်းလိုင်းမှတစ်ဆင့် စီးဆင်းလာသော အချက်အလက်များကို စတင်စစ်ဆေးတော့သည်။

ခဏအကြာတွင် သူသည် လူဦးရေစာရင်းရုံးသို့ ခေါ်ဆိုနေသော နံပါတ်များမှာ တစ်နိုင်ငံလုံးရှိ ကျပန်းနံပါတ်များဖြစ်ကြောင်း သိလိုက်ရသည်။ ဤသည်မှာ လုံးဝ မရိုးသားပေ။

“ဒါဟာ စာရင်းထဲမပါတဲ့ တစ်ယောက်ယောက်က ငါတို့ကို တမင်သက်သက် လက်စားချေနေတာများလား” ဝါတာနာဘီကီရို၏ ခေါင်းထဲသို့ အကြံတစ်ခု ဝင်လာသည်။ သူသည် ဖုန်းမှပေးပို့သော အချက်အလက်များကို ခြေရာခံကာ ဖုန်းခေါ်ဆိုမှု စတင်သည့်နေရာကို ရှာဖွေတော့သည်။

ရှီလဲ့၏ ဘက်တွင်မူ မစ္စတာ ဝါတာနာဘီက ဖုန်းကို ကွန်ပျူတာနှင့်ချိတ်ကာ အင်တာနက် သုံးလိုက်သည်နှင့်တစ်ပြိုင်နက် အလိုအလျောက် ဖုန်းခေါ်သည့် ဆော့ဖ်ဝဲက အချက်ပေးသံ ပို့လွှတ်လိုက်သည်။

ရှီလဲ့က ခပ်တိုးတိုး ရယ်လိုက်သည်။ “ဟိုး... ဟိုး..မင်းက ဖုန်းလိုင်းကတစ်ဆင့် ခြေရာခံတတ်တယ်ပေါ့လေ”

အစောပိုင်းကတည်းက လူဦးရေစာရင်းရုံး၏ ကွန်ရက်သည် နိုင်ငံလုံးဆိုင်ရာ အချက်အလက်ဘဏ်၏ အတွင်းပိုင်းကွန်ရက် ဖြစ်ကြောင်း သိခဲ့ရသဖြင့် သာမန်နည်းလမ်းဖြင့် ဝင်ရောက်ရန် မဖြစ်နိုင်ကြောင်း ရှီလဲ့ သိပြီးသား ဖြစ်သည်။

နိုင်ငံလုံးဆိုင်ရာ အချက်အလက်ဘဏ်နှင့် အင်တာနက် ချိတ်ဆက်ထားသော နေရာများကို ရှာဖွေရန် အချိန်အများကြီး ပေးရမည် ဖြစ်သော်လည်း ရှီလဲ့တွင် ထိုမျှ အချိန်မရှိပေ။

ရွှမ်ချင်းမြို့ ရှိ ICBC ဘဏ်ဓားပြမှု ဖြစ်ပွားပြီးနောက်တွင် ရဲတပ်ဖွဲ့မှာ ပိုမိုတင်းကျပ်လာသည်။ ရှီလဲ့အနေဖြင့် အာရုံတစ်ခု ရနေသည်မှာ အကယ်၍ သူသာ အမြန်မလုပ်လျှင် ယဲ့ဖုန်းနှင့် အခြားသူများမှာ အန္တရာယ်ရှိနိုင်သည်ဟူ၍ ဖြစ်သည်။

အလိုအလျောက် ဖုန်းခေါ်သည့်ဆော့ဖ်ဝဲ က နှောင့်ယှက်နေဆဲမှာပင် ရှီလဲ့သည် သူရေးသားထားသော ပရိုဂရမ်ကို ဖုန်းလိုင်းမှတစ်ဆင့် မစ္စတာ ဝါတာနာဘေး၏ ကွန်ပျူတာဆီသို့ ပို့လွှတ်လိုက်သည်။ ထရိုဂျန်မှာ အလိုအလျောက် အလုပ်လုပ်သွားပြီး ဖုန်းလိုင်းချိတ်ဆက်မှုမှတစ်ဆင့် အိုက်ကန် ဆာဗာသို့ အချက်အလက်များ ပြန်ပို့သည်။ ထို့နောက် အိုက်ကန်ဆာဗာမှတစ်ဆင့် ဆာဗာနံပါတ် (၁) ဆီသို့ ရောက်ရှိလာသည်။ ရှီလဲ့သည် ဝမ်းသာအားရ လက်ခုပ်တီးလိုက်မိသည်။

“အောင်မြင်ပြီ”

ပရိုဂရမ်ငယ်သာ ဖြစ်ပြီး ဆာဗာနံပါတ် (၁) တွင် ပင်မပရိုဂရမ်ရှိသည်။ ၎င်း၏ လုပ်ဆောင်ချက်မှာ စနစ်ကို ဖျက်ဆီးခြင်း သို့မဟုတ် အချက်အလက်များ ခိုးယူခြင်း မဟုတ်ဘဲ ကွန်ပျူတာအတွင်းရှိ ချိတ်ဆက်နိုင်သမျှ လမ်းကြောင်းများကို ရှာဖွေကာ ပင်မဆာဗာဆီသို့ လမ်းကြောင်းဖောက်ပေးရန်သာ ဖြစ်သည်။

နိုင်ငံလုံးဆိုင်ရာ လူဦးရေစာရင်း အချက်အလက်ဘဏ်မှာ အတွင်းပိုင်းကွန်ရက် ဖြစ်သော်လည်း အင်တာနက်နှင့် ချိတ်ဆက်ထားသည့် လျှို့ဝှက်နေရာများ ရှိနေတတ်သည်။ ရှီလဲ့သည် ပရိုဂရမ်ကို အသုံးချကာ လူဦးရေစာရင်းရုံး၏ အတွင်းပိုင်းကွန်ရက်မှတစ်ဆင့် နိုင်ငံလုံးဆိုင်ရာ အချက်အလက်ဘဏ်၏ အပြင်ပန်းကွန်ရက် ချိတ်ဆက်မှုများကို စတင်စုံစမ်းတော့သည်။

ပရိုဂရမ်အောင်မြင်စွာ အလုပ်လုပ်နေပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ရှီလဲ့သည် ဖုန်းဖြင့် နှောင့်ယှက်မှုကို ချက်ချင်း ရပ်တန့်လိုက်သည်။

ဆပ်ပရိုမြို့၊ လူဦးရေစာရင်းရုံး၌ မစ္စတာ ဝါတာနာဘီသည် သူ၏ဆော့ဖ်ဝဲကို ကြည့်လိုက်ရာ ကွန်ရက်အချက်အလက်များ ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။ သူသည် နဖူးမှ ချွေးများကို သုတ်လိုက်မိသည်။ ဘာကြောင့် ဖုန်းနှောင့်ယှက်မှုများ ရုတ်တရက် ရပ်သွားသည်ကို မသိသော်လည်း ရပ်သွားခြင်းမှာ ကောင်းသောအချက်ပင်။ သူသည် ထိုဝဝဖိုင့်ဖိုင့် မိန်းမကြီး၏ နှိပ်စက်မှုကို မခံချင်တော့ပေ။

မစ္စတာ ဝါတာနာဘီသည် ဖုန်းလိုင်းကို မိုဒမ်မှ ဖြုတ်လိုက်ပြီး နိုင်ငံလုံးဆိုင်ရာ လူဦးရေစာရင်း အချက်အလက်ဘဏ်၏ အတွင်းပိုင်းကွန်ရက်ကြိုးကို ကွန်ပျူတာထဲသို့ ပြန်တပ်လိုက်သည်။ ထို့နောက် မိနစ်အနည်းငယ် စောင့်ကြည့်သော်လည်း ဖုန်းနှောင့်ယှက်မှု မလာတော့သဖြင့် သူ စိတ်အေးသွားရသည်။

သူ၏ ဘေးတွင်ရှိသော မျက်မှန်နှင့် လူတစ်ယောက်က ပြုံးကာ “မစ္စတာ ဝါတာနာဘီ... လွတ်မြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်” ဟု ဆိုသည်။

“ဟုတ်တယ်... မစ္စတာ ဖူဂျီဝါရာ၊ ဒီနေ့ အလုပ်ဆင်းရင် သွားသောက်ကြရအောင်” ဟု ဝါတာနာဘီက ပျော်ရွှင်စွာ ပြောလိုက်သည်။

မျက်မှန်နှင့် မစ္စတာ ဖူဂျီဝါရာက “ကောင်းပြီလေ.. ဘားသွားကြတာပေါ့” ဟု ပြန်ပြောသည်။

မစ္စတာ ဝါတာနာဘီသည် ဒါရိုက်တာမကြီး၏ ရုံးခန်းသို့သွားကာ အခြေအနေကို သတင်းပို့နေစဉ်မှာပင် သူ၏ ကွန်ပျူတာထဲရှိ ပရိုဂရမ်မှာမူ နိုင်ငံလုံးဆိုင်ရာ လူဦးရေစာရင်း အချက်အလက်ဘဏ်၏ အတွင်းပိုင်းကွန်ရက်တစ်လျှောက် ပျံ့နှံ့သွားကာ အပြင်ပန်းကွန်ရက်နှင့် ချိတ်ဆက်ထားသော နေရာများကို စတင်စုံစမ်းနေပြီ ဖြစ်ကြောင်း သူ မသိခဲ့ပေ။

ရှီလဲ့သည် အချက်အလက်များကို စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။ ထိုအချက်အလက်ဘဏ်မှာ ဗွိုက်စင်တစ်နိုင်ငံလုံး ပျံ့နှံ့နေသဖြင့် အပြင်ပန်းကွန်ရက်နှင့် ချိတ်ဆက်ထားသော နေရာ လုံးဝမရှိဘဲ မနေနိုင်ပေ။ ယခု သူလုပ်ရမည့်အလုပ်မှာ ငြိမ်ငြိမ်လေး စောင့်နေရန်သာ ဖြစ်သည်။

တစ်နာရီကျော်ကြာပြီးနောက် အချက်အလက်များမှာ ဆာဗာနံပါတ် (၁) သို့ ရောက်ရှိလာသည်။ အချက်အလက်ဘဏ်၏ ကွန်ရက်ချိတ်ဆက်မှုကို ရှာတွေ့သွားပြီဖြစ်သည်။

ရှီလဲ့သည် ပထမဦးစွာ အိုက်ကန်ဆာဗာကို အသုံးချကာ ထိုချိတ်ဆက်မှုနေရာရှိ အခြေအနေကို သွားရောက်စစ်ဆေးသည်။ ထိုနေရာမှတစ်ဆင့် အချက်အလက်ဘဏ်ထဲသို့ ဝင်ရောက်နိုင်သော်လည်း တရားဝင်အကောင့်တစ်ခု လိုအပ်သည်။ ရှီလဲ့သည် ထိုနေရာမှ မဝင်တော့ဘဲ စူပါကွန်ပျူတာ ယန် ထဲသို့ ဝင်ရောက်လိုက်တော့သည်။

ထိုကဲ့သို့ ကြီးမားသော အချက်အလက်ဘဏ်အတွက် စူပါကွန်ပျူတာတစ်လုံးမှာ နောက်ကွယ်မှ ပင်မဆာဗာအဖြစ် ရှိနေမည်မှာ သေချာသည်။ ရှီလဲ့သည် အိုက်ကန်ဆာဗာကို သုံးပြီး စွန့်စားမှု မလုပ်ချင်ပေ။ အကယ်၍ ကျရှုံးသွားပါက ဆုံးရှုံးမှုမှာ ပိုကြီးမားလိမ့်မည်။

စူပါကွန်ပျူတာ ယန်သည် ကမ္ဘာ့နံပါတ် (၉) အဆင့်ရှိပြီး ဗွိုက်စင်နိုင်ငံ၏ အစွမ်းအထက်ဆုံး စူပါကွန်ပျူတာလည်း ဖြစ်သည်။ ရှီလဲ့အနေဖြင့် ၎င်းကို စိတ်ချလက်ချ အသုံးပြုနိုင်သည်။

စူပါကွန်ပျူတာ ယန်ကို ထိန်းချုပ်ကာ ရှီလဲ့သည် ကွန်ရက်ချိတ်ဆက်မှုမှတစ်ဆင့် နိုင်ငံလုံးဆိုင်ရာ အချက်အလက်ဘဏ်ထဲသို့ ဝင်လိုက်သည်။ ဝင်ပြီးနောက်တွင် စနစ်တစ်ခုလုံးကို ထိန်းချုပ်ရန် မကြိုးစားပေ။ ထိုသို့လုပ်ခြင်းမှာ ကိုယ့်သင်္ချိုင်းကိုယ်တူးခြင်းပင် ဖြစ်လိမ့်မည်။

ရှီလဲ့သည် အတွင်းပိုင်းကွန်ရက်ထဲမှ ဆပ်ပရိုမြို့၏ လူဦးရေစာရင်း အချက်အလက်များကိုသာ ရှာဖွေတော့သည်။

စူပါကွန်ပျူတာ ယန်၏ စွမ်းဆောင်ရည်မှာ ဤနေရာတွင် ပေါ်လွင်လာသည်။ ဧရာမ အချက်အလက်ဘဏ်ကြီးထဲတွင် သာမန်ဆာဗာများဖြင့် ရှာဖွေလျှင် အချိန်အများကြီး ပေးရမည်ဖြစ်သော်လည်း ယန်ကမူ သုံးမိနစ်အတွင်းမှာပင် ဆပ်ပရိုမြို့၏ အချက်အလက်များကို ရှာတွေ့သွားသည်။

ရှီလဲ့သည် ယန်၏အကူအညီဖြင့် ဆပ်ပရိုမြို့၏ လူဦးရေစာရင်း အချက်အလက်ဘဏ်ကို အလွယ်တကူ ထိုးဖောက်ကာ အချက်အလက်များကို ပြုပြင်လိုက်သည်။

ယခုအချိန်မှစ၍ ယဲ့ဖုန်း၊ မာလျန် ၊ ကျန်းစန်းဖောင်နှင့် ဒန်ရှောင်လင်းတို့မှာ ဗွိုက်စင်နိုင်ငံသား အထောက်အထားများ ရရှိသွားပြီဖြစ်သည်။ အကယ်၍ ဗွိုက်စင်အစိုးရက အသေအချာ မစစ်ဆေးသရွေ့ သူတို့၏ အထောက်အထားများမှာ တကယ့်ကို တည်ရှိနေပြီ ဖြစ်သည်။

ယဲ့ဖုန်း၏ ဗွိုက်စင်အမည်မှာ ဖုန်းဟွာယဲ့ဖုန်း ၊ မာလျန်မှာ မစ်ဆူအီ မာလျန်နှင့် ကျန်းစန်းဖောင်မှာ ထန်ကျန့် စန်းဖောင် ဖြစ်သည်။

ဒန်ရှောင်လင်းမှာမူ ယဲ့ဖုန်း၏ မျိုးရိုးအမည် ဖုန်းဟွာကိုပင် ယူကာ ဖုန်းဟွာ ရှောင်လင်းဟု အမည်မှည့်လိုက်သည်။

ဗွိုက်စင်အမည်များကို ရွေးချယ်ရခြင်းမှာ ရှီလဲ့အနေဖြင့် အချက်များစွာကို စဉ်းစားထားသောကြောင့် ဖြစ်သည်။ ပထမအချက်မှာ ဗွိုက်စင်လူမျိုးနှင့် တရှားလူမျိုးမှာ အသေအချာမကြည့်လျှင် မကွဲပြားခြင်း၊ ဒုတိယအချက်မှာ ရှီလဲ့၏ လက်လှမ်းမီမှုအရ ဗွိုက်စင်၏ အချက်အလက်များကို ပြုပြင်ရန် အလွယ်ကူဆုံးဖြစ်ခြင်းနှင့် တတိယအချက်မှာ ချန်းယွဲ့တို့ မိသားစုက အကူအညီပေးနိုင်ခြင်းတို့ကြောင့် ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ သူတို့ ဗွိုက်စင်နိုင်ငံသား ဖြစ်သွားခြင်းက ရှီလဲ့၏ အနာဂတ် စီမံကိန်းကြီးများအတွက် များစွာ အထောက်အကူပြုမည် ဖြစ်သောကြောင့်ပင်။

ယဲ့ဖုန်းတို့၏ အထောက်အထားကိစ္စ ပြီးစီးသွားသောအခါ ရှီလဲ့သည် စူပါကွန်ပျူတာ ယန်ကိုသုံးကာ ခြေရာလက်ရာများကို ရှင်းလင်းလိုက်သည်။

ဤအရာအားလုံး ပြီးဆုံးသွားချိန်တွင် ညနေ ၄ နာရီကျော်နေပြီ ဖြစ်သည်။ ရှီလဲ့သည် ယဲ့ဖုန်းထံသို့ အီးမေးလ်ပို့ကာ အသံဖြင့် ဆွေးနွေးသည့် ထဲသို့ ဝင်ခိုင်းပြီး ပြည်ပထွက်မည့် အသေးစိတ်ကိစ္စများကို ပြောဆိုရန် ပြင်လိုက်သည်။ သို့သော် သူ၏ အီးမေးလ်ထဲတွင် မဖတ်ရသေးသော မေးလ်ပေါင်း ဆယ်စောင်ကျော် ရှိနေသည်ကို တွေ့လိုက်ရသည်။

ထိုမေးလ်များမှာ ဂလန် မှ အက်ဖရိုဒိုက် ပို့ထားခြင်းဖြစ်ပြီး သူမ၏ နေ့စဉ်ဘဝ အတွေ့အကြုံများကို ရေးသားထားခြင်း ဖြစ်သည်။

သူ့ကို ကယ်တင်ခဲ့သော ထိုမိန်းကလေးလေး၏ အသက်ကို ရှီလဲ့ မသိသော်လည်း သူမက သူ့အသက်ကို ကယ်ခဲ့သည်မှာ အမှန်ပင်။ ရှီလဲ့သည် စိတ်ရှည်စွာဖြင့် မေးလ်ပြန်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။

ထို့နောက် ရှီလဲ့သည် ယဲ့ဖုန်းထံသို့ မေးလ်ပို့လိုက်ရာ မိနစ်အနည်းငယ်အတွင်း ပြန်စာရောက်လာသည်။

“ယဲ့ဖုန်း... ချန်းယွဲ့ မင်းနဲ့အတူ ရှိလား” ရှီလဲ့က ရောက်သည်နှင့် တိုက်ရိုက်ပင် မေးလိုက်သည်။

ယဲ့ဖုန်းက “မရှိဘူး၊ သူမကို ရှာနေတာလား” ဟု ပြန်ဖြေသည်။

“သူမကို ခေါ်လိုက်ဦး၊ ငါ သူမကို ခိုင်းစရာ ရှိတယ်” ရှီလဲ့သည် ချန်းယွဲ့၏ ဆက်ဆံရေးများကို အသုံးချကာ ဆပ်ပရိုမြို့၌ ယဲ့ဖုန်းတို့အတွက် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။ ထို့နောက် ချန်းယွဲ့တို့၏ မိသားစုလုပ်ငန်းမှတစ်ဆင့် သူတို့၏ အထောက်အထားများကို စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ဗွိုက်စင်မှ ရွှမ်ချင်းမြို့သို့ ပို့ဆောင်မည်ဖြစ်သည်။ ထိုအခါမှ ယဲ့ဖုန်းတို့သည် ဗွိုက်စင်အထောက်အထားများကို ကိုင်ဆောင်ကာ ရှနိုင်ငံမှ ထွက်ခွာပြီး ဗွိုက်စင်သို့ သွားကြရမည် ဖြစ်သည်။

ရှီလဲ့က လုပ်ငန်းစဉ်တစ်ခုလုံးကို ရှင်းပြလိုက်သည်။ ချန်းယွဲ့က သူမ၏ မပီကလာပီကလာ ရှဘာသာစကားဖြင့် “ရှီလဲ့... ကျွန်မတို့က ဗွိုက်စင်နိုင်ငံသားတွေလေ..ရှနိုင်ငံကို လာချင်ရင် ရှကောင်စစ်ဝန်ရုံးမှာ ဗီဇာလျှောက်ရမယ်.. ရှင်က ယဲ့ဖုန်းတို့အတွက် အထောက်အထားတွေ လုပ်ပေးထားပေမဲ့ ကောင်စစ်ဝန်ရုံးက ဗီဇာကိုကော ဘယ်လိုလုပ်မလဲ” ဟု မေးလိုက်တော့သည်။

အခန်း - ၅၈

ချန်းယွဲ့က ဗီဇာကိစ္စကို ပြောလိုက်သည့်အခါ ရှီလဲ့ အနည်းငယ် ကြောင်သွားသည်။ သူ ထိုကိစ္စကို မေ့နေခြင်းဖြစ်သည်။ သို့သော် ဤပြဿနာမှာ ဖြေရှင်းရန် အလွန်အမင်း ခက်ခဲလှသည်တော့ မဟုတ်ပေ။

“ချန်းယွဲ့... နင်က ယဲ့ဖုန်းတို့ရဲ့ အထောက်အထားကိစ္စကိုပဲ ကူညီပေးရင် ရပြီ...ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း သူတို့ရဲ့ ID နံပါတ်အသစ်တွေနဲ့ လိုအပ်တဲ့ အချက်အလက်တွေကို ငါ နင့်ဆီ မေးလ်ပို့ပေးမယ်... ဒါ့အပြင် နင်တို့မိသားစု ကုမ္ပဏီကနေ ရွှမ်ချင်းမြို့ကို စီးပွားရေးလေ့လာရေး ခရီးစဉ်တစ်ခု လျှောက်ထားလိုက်ပါ...အဲဒီအဖွဲ့ကို ယာယီအားဖြင့် လူ ခြောက်ယောက်နဲ့ ဖွဲ့စည်းလိုက်...အဲဒီ ခြောက်ယောက်လုံးက တရှားဗီဇာကို လျှောက်ထားရမယ်..ပြီးရင် အဲဒီလူ ခြောက်ယောက်ရဲ့ အထောက်အထားနဲ့ ရွှမ်ချင်းမြို့ကို လာဖို့ စီစဉ်လိုက်.. တကယ်တမ်းတော့ လူ နှစ်ယောက်ပဲ ပို့လိုက်ရုံပဲ...ကျန်တဲ့ ကိစ္စတွေကိုတော့ ငါ အကုန်ကိုင်တွယ်ဖြေရှင်းလိုက်မယ်.. နားလည်တယ်မလား” ဟု ရှီလဲ့က မေးလိုက်သည်။

“ရှီလဲ့... နားလည်ပါပြီ” ချန်းယွဲ့က သူမ နားလည်ကြောင်း ပြန်ပြောသည်။ အကယ်၍ ရှီလဲ့သာ ယဲ့ဖုန်းတို့၏ အထောက်အထားအသစ်များကို သေချာမကိုင်တွယ်ထားလျှင် ချန်းယွဲ့အတွက် အနည်းငယ် အလုပ်ရှုပ်စရာ ဖြစ်နေမည်။ သို့သော် ရှီလဲ့က အရာအားလုံးကို ပြီးစီးအောင် လုပ်ထားပြီးသားဖြစ်ရာ သူမအတွက် ဘာမှ စိုးရိမ်စရာ မရှိတော့ပေ။

စီးပွားရေးလေ့လာရေးအဖွဲ့ ကိစ္စက ပို၍ပင် လွယ်ကူသေးသည်။ တရှားကောင်စစ်ဝန်ရုံးကို သူတို့ဘက်က ရင်းနှီးမြှုပ်နှံချင်ကြောင်း အရိပ်အယောင်လေး ပြလိုက်ရုံဖြင့် ကောင်စစ်ဝန်ရုံးကပင် သူတို့ကို ရှနိုင်ငံသို့ လာရောက်လေ့လာရန် တောင်းပန်တိုးလျှိုးနေလိမ့်မည် ဖြစ်သည်။

“ယဲ့ဖုန်း... ပတ်သက်မှုတွေ ပေါ်သွားမှာ စိုးလို့ တို့တွေ ထပ်ပြီး အဆက်အသွယ် မလုပ်ကြတော့ဘူး..မင်းတို့ ဗွိုက်စင် ရဲ့ ဆပ်ပရိုမြို့ကို ရောက်ပြီဆိုရင် ငါ့ဆီ မေးလ်တစ်စောင် ပို့လိုက်ပါ”

ယခုကာလအတွင်း ရှီလဲ့မှာ ဖုန်းမှတစ်ဆင့်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ ရဲတပ်ဖွဲ့၏ စောင့်ကြည့်ခြင်းကို ခံနေရသည်။ ထို့ကြောင့် ရှီလဲ့မှာ အလွန်ပင် ဂရုစိုက်နေရခြင်း ဖြစ်သည်။

“ကောင်းပြီ” ယဲ့ဖုန်း၏ တိုတောင်းသော ပြန်စာအပြီးတွင် ရှီလဲ့သည် ချိတ်ဆက်မှုကို ဖြတ်တောက်ကာ အချက်အလက် များကိုလည်း ဖျက်ဆီးပစ်လိုက်သည်။

ဂျင်းယာဥယျာဉ်ရှိ လမ်းမလေးပေါ်တွင် လုံခြုံစွာ ပိတ်ထားသော ဗင်ကားတစ်စီးသည် တိုက်အောက်သို့ ဖြည်းညှင်းစွာ မောင်းဝင်လာပြီး ရပ်တန့်လိုက်သည်။ ကားနောက်ခန်းတွင် အား‌ေထာင် နှင့် အာ့လီ တို့ ရှိနေကြသည်။ သူတို့သည် မြို့နယ်ဗျူရို၏ ပထမဒုတိယညွှန်ကြားရေးမှူး တိုက်ကွမ်ဟွာထံမှ ပိုမိုအဆင့်မြင့်သော ခိုးနားထောင်သည့် ကိရိယာများကို တောင်းခံထားပြီး ရှီလဲ့ကို စောင့်ကြည့်ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

သို့သော် သူတို့သည် အကောင်းဆုံးအခွင့်အရေးကို လွဲချော်သွားခဲ့သည်။ အကယ်၍ သူတို့သာ မိနစ် ၃၀ ခန့် သို့မဟုတ် ၁၀ မိနစ်ခန့် စောရောက်ခဲ့လျှင် ရှီလဲ့နှင့် ယဲ့ဖုန်းတို့၏ စကားဝိုင်းကို ခိုးနားထောင်နိုင်ခဲ့မည် ဖြစ်သည်။ ကံမကောင်းစွာဖြင့် သူတို့ ၁၀ မိနစ်ခန့် နောက်ကျသွားခဲ့သည်။ ရှီလဲ့နှင့် ယဲ့ဖုန်းတို့သည် နောက်ဆုံးဆွေးနွေးမှုများကို အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပြီး ယဲ့ဖုန်း ဗွိုက်စင်သို့ မရောက်မချင်း နောက်ထပ် အဆက်အသွယ် ပြုလုပ်တော့မည် မဟုတ်ပေ။

ညနေ ၆ နာရီခန့်တွင် ရှီလဲ့ ကိုယ့်ဘာသာ ဟင်းချက်ရန် ပြင်ဆင်နေစဉ်မှာပင် အိုးရန်ရှန်း ပြန်ရောက်လာသည်။

“ဝါး... အိုးရန်... နင် ပြန်ရောက်လာပြီပဲ၊ တကယ်ကို ကောင်းတာပဲ” ရှီလဲ့က အံ့သြဟန်ဆောင်ကာ “ဒီညတော့ ငါ အရသာရှိတာတွေ ထပ်စားရဦးမယ်..အိုးရန်... နင်ပဲ ချက်လိုက်တော့နော်” ဟု ပြောလိုက်သည်။

အိုးရန်ရှန်းက ဖျော့တော့စွာ ပြုံးပြသော်လည်း သူမ၏ မျက်လုံးများထဲတွင် တစ်စုံတစ်ခုကို ဖုံးကွယ်ထားသလိုပင်။ “ကောင်းပြီလေ... ဒီည ငါပဲ ချက်ပါ့မယ်”

သို့သော် ရှီလဲ့မှာ အိုးရန်ရှန်း၏ ထူးခြားသော မျက်နှာထားကို သတိမပြုမိဘဲ ပျော်ရွှင်စွာ လက်ခုပ်တီးနေမိသည်။ “...တကယ်ကို ကောင်းတာပဲ.. အိုးရန်... ငါ ဂိမ်းသွားဆော့ဦးမယ်..ပြီးရင် ငါ့ကို ခေါ်လိုက်ဦးနော်”

“အင်း... သွားဆော့လေ” အိုးရန်ရှန့်က ခေါင်းညိတ်ပြလိုက်သည်။ သူမသည် ရှီလဲ့၏ ကျောပြင်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်နေမိသည်။ ထိုအကြည့်ထဲတွင် မျှော်လင့်ချက်၊ တွေဝေမှုနှင့် ဇဝေဇဝါဖြစ်မှုတို့ ရောပြွမ်းနေ၏။

နောက်တစ်နေ့ နံနက်တွင် အိုးရန်ရှန်းက မနက်စာ မပြင်ပေးခဲ့ပေ။ ရှီလဲ့ နိုးလာသည့်အခါတွင် ကြက်ဥကြော် အရသာလေးကို လွမ်းဆွတ်နေမိသည်။

ကိုယ်လက်သန့်စင်ပြီးနောက် ရှီလဲ့ ကျောင်းသို့ ခပ်မြန်မြန် သွားလိုက်သည်။ သူသည် ချန်းမင်ကို အရေးမပါသူဟု သတ်မှတ်ထားသော်လည်း ချန်းမင်၏ စွပ်စွဲချက်များကို ဒီတိုင်း လွှတ်ထားရန်မှာ ရှီလဲ့၏ စတိုင်မဟုတ်ပေ။

အငြိုးရှိရင် လက်စားချေရမည်၊ အမုန်းရှိရင် တုံ့ပြန်ရမည်။ ၎င်းမှာ ရှီလဲ့၏ မူဝါဒပင် ဖြစ်သည်။

လမ်းကြားထဲ ရောက်သောအခါ ရှီလဲ့က လင်းယွီမော့ဆီသို့ ဖုန်းဆက်ကာ မနက်စာ စားပြီးပြီလားဟု မေးလိုက်သည်။

လင်းယွီမော့က ဖြစ်ခဲလှသော အမူအရာမျိုးဖြင့် ချွဲနွဲ့လိုက်သည်။ သူမ၏ အသံမှာ စနောက်ချင်သည့် အမူအရာများဖြင့် ပြည့်နှက်နေ၏။ “ ရှီလဲ့ ငါလေ တို့ဖူးပူတင်း စားချင်တယ်”

“ဟင်” ရှီလဲ့ ခဏမျှ ကြောင်သွားသည်။ ဤသည်မှာ တကယ်ပဲ လင်းယွီမော့ ဟုတ်ပါရဲ့လား။

“ကောင်းပြီ... ကောင်းပြီ”

ရှီလဲ့က ပြုံးဖြဲဖြဲဖြင့် သဘောတူလိုက်သည်။ လင်းယွီမော့က သူ့ကို ဤကဲ့သို့ အသံမျိုးဖြင့် စကားပြောလာခြင်းမှာ သူတို့၏ ဆက်ဆံရေး တိုးတက်လာသည်ဟု ဆိုနိုင်သည်။ ရှီလဲ့က လင်းယွီမော့သည် သူ၏ ရည်းစားဖြစ်ကြောင်း အမြဲတမ်း ကြေညာလေ့ရှိပြီး လင်းယွီမော့ကလည်း ကန့်ကွက်ဟန် မပြပေ။ သို့သော် လက်တွေ့တွင်မူ သူတို့နှစ်ဦးသာ အမှန်တရားကို သိကြသည်။

လင်းယွီမော့သည် ရှီလဲ့အပေါ်တွင် အမြင်ကောင်းရှိသော်လည်း ရှီလဲ့ကို အသုံးချကာ သူမနောက်မှ တကောက်ကောက် လိုက်နေသော ပုရိသများကို ဟန့်တားနေခြင်းလည်း ဖြစ်သည်။

ယခုမူ လင်းယွီမော့ ပြောင်းလဲလာသည်ကို ခံစားမိသဖြင့် ရှီလဲ့ အလွန်ပင် ပျော်ရွှင်နေမိသည်။

ရှီလဲ့သည် တို့ဖူးပူတင်းကို ဝယ်ယူကာ စာသင်ခန်းထဲသို့ ဝင်လာခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူသည် မခန့်လေးစားကြည့်ခြင်း၊ အံ့သြစွာကြည့်ခြင်းနှင့် ဂရုမစိုက်ဟန် ပြခြင်းများကို ကြုံတွေ့ရသည်။

ရှီလဲ့က ဂရုမစိုက်ဘဲ လင်းယွီမော့၏ ဘေးတွင် သွားထိုင်ကာ တိုဖူးပူတင်းကို ကမ်းပေးလိုက်သည်။

ရှောင်လီ မှာမူ အနည်းငယ် အသိတရားရှိသေးသည်။ သူက ရှီလဲ့အနားသို့ ခပ်မြန်မြန် လျှောက်လာပြီး “အစ်ကိုကြီးရှီ... မကောင်းတော့ဘူး၊ ချန်းမင်က သူ...” ဟု တိုးတိုးလေး ပြောရန် ပြင်သည်။

ရှီလဲ့က လီချိုင်၏ စကားကို ဖြတ်ပြောလိုက်သည်။ “ရှောင်လီ... ငါ သိပြီးသားပါ”

“တို့တွေ ဘာလုပ်ကြမလဲ” လီချိုင်က စိုးရိမ်တကြီး မေးလိုက်သည်။ ‘တို့တွေ’ ဟူသော စကားလုံးကြောင့် ရှီလဲ့ ပို၍ပင် ကျေနပ်သွားရသည်။

ရှီလဲ့က လီချိုင်း၏ ပခုံးကို ပုတ်ကာ “စိတ်မပူနဲ့... ငါ ဒါကို ဖြေရှင်းလိုက်ပါ့မယ်” ဟု ပြောလိုက်သည်။

လင်းယွီမော့က တိုဖူးပူတင်းကို စားရင်း ရှီလဲ့နှင့် လီချိုင်တို့၏ စကားဝိုင်းကို နားထောင်နေသည်။ ရှီလဲ့၏ ယုံကြည်မှုရှိသော စကားများကို ကြားလိုက်ရသည့်အခါ သူမ၏ မျက်နှာပေါ်တွင် ပြုံးယောင်လေး သန်းလာသည်။

ရှီလဲ့ကို ရင်ထဲမှ အားပေးလိုက်ပြီး တိုဖူးပူတင်းကို ဆက်စားနေတော့သည်။

အတန်းတက်ချိန် နီးလာသောအခါ ချန်းမင်သည် နောက်လိုက်တစ်သိုက်နှင့်အတူ စာသင်ခန်းထဲသို့ ဝင်လာသည်။ သူသည် ပုံမှန်အတိုင်း လင်းယွီမော့ကို ရှာကြည့်လိုက်ရာ မမျှော်လင့်ဘဲ ရှီလဲ့ကို တွေ့လိုက်ရသည်။

“ဟေး ရှီလဲ့... မင်း ကျောင်းပြန်လာရဲသေးတယ်ပေါ့” ချန်းမင်က လှောင်ပြောင်သရော်သံဖြင့် ပြောလိုက်သည်။

ချန်းမင်၏ ဘေးတွင် ရပ်နေသော ဝမ်ပေါ် ကလည်း ဒေါသတကြီးဖြင့် “ရှီလဲ့... မင်းက ဒီလိုလူစားမျိုးမှန်း ငါ မထင်ထားဘူး..ပြိုင်ပွဲမှာ နိုင်ချင်လို့ နင့်အတန်းဖော်ကို ဒီလို အကောက်ကြံရဲတယ်ပေါ့” ဟု ဆိုသည်။

ရှီလဲ့က ချန်းမင်နှင့် သူ၏ နောက်လိုက်များကို အမူအရာမပျက်ဘဲ ကြည့်နေသည်။ လူရွှင်တော်တစ်သိုက်ကို ကြည့်နေသကဲ့သို့ပင်။ သူ၏ အကြည့်ထဲရှိ အထင်သေးမှုနှင့် လျစ်လျူရှုမှုတို့က ချန်းမင်ကို အကြီးအကျယ် ဒေါသထွက်သွားစေသည်။

“ရှီလဲ့... ငါ အစက မင်းကို မမုန်းပါဘူး..ဒါပေမဲ့ ငါ့ကို ဒီလို ယုတ်ညံ့တဲ့ နည်းလမ်းနဲ့ တိုက်ခိုက်လာတယ်ဆိုတော့ ငါ တကယ်ကို အထင်သေးမိတယ်”

ရှီလဲ့က ရယ်မောလိုက်ပြီး “ချန်းမင်... စကားတွေ အများကြီး မပြောနဲ့..အမှန်တရားက ဘာလဲဆိုတာ ငါတို့ အားလုံး သိကြတာပဲ... မင်း ဘာကြောင့် ဒီလောက်အထိ ဖုံးကွယ်နေရတာလဲ” ဟု ပြန်ပြောလိုက်သည်။

ပတ်ဝန်းကျင်ရှိ ကျောင်းသားများမှာ ရှီလဲ့၏ စကားကို ကြားသောအခါ ဤကိစ္စတွင် နောက်ထပ် လျှို့ဝှက်ချက်များ ရှိနေဦးမည်လားဟု စတင် တွေးတောကုန်ကြသည်။

ချန်းမင်၏ မျက်နှာမှာ ခဏမျှ တောင့်တင်းသွားသော်လည်း ချက်ချင်းပင် ပြန်လည် ပြတ်သားစွာ ပြောလိုက်သည်မှာ “ရှီလဲ့... ဆင်ခြေတွေ ပေးမနေနဲ့..ဒီ ရွှမ်ချင်းတက္ကသိုလ် တစ်ခုလုံးမှာ မင်းကလွဲလို့ ဘယ်သူက ငါ့ကို အကြောင်းပြချက်မရှိဘဲ အကောက်ကြံမှာလဲ”

ရှီလဲ့က ခပ်တိုးတိုး ရယ်လိုက်သည်။ “အဲဒါ ငါဆိုရင်ကော ဘာဖြစ်လဲ.. ငါ မင့်ကို အကောက်ကြံချင်လို့ ကြံတာလေ.. မင်းကို မြင်ရတာ အမြင်ကတ်လို့.. မင်းငါ့ကို ဘာလုပ်နိုင်မှာလဲ”

ချန်းမင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “အားလုံး ကြည့်ကြပါဦး.. ကြည့်စမ်း..ငါ ပြောတာ ရှီလဲ့အကြောင်းပါ..အားလုံး မြင်ကြတဲ့အတိုင်းပဲ၊ သူကိုယ်တိုင် ဝန်ခံသွားပြီနော်” ဟု အော်ဟစ်လိုက်သည်။

ရှီလဲ့က ချန်းမင်ကို အေးစက်စွာ ကြည့်ကာ အထင်သေးသော အမူအရာဖြင့် စကားတစ်ခွန်း ပြောလိုက်သည်။

“လူအ”

ထိုသို့ပြောပြီးနောက် ရှီလဲ့သည် လင်းယွီမော့ဘက်သို့ လှည့်ကာ “မင်မင်လေး... ငါ ခဏ သွားဦးမယ်.. အာဟာရချို့တဲ့နေတဲ့ အဲဒီ ဦးနှောက်မပါတဲ့ ကောင်နဲ့ စကားပြောနေရတာ ငါ့အတွက် အချိန်ကုန်တယ်” ဟု တိုးတိုးလေး ပြောလိုက်သည်။

လင်းယွီမော့က မျက်တောင်လေး ခတ်ကာ “ဦးနှောက်မပါတဲ့ ကောင်ဆိုတာ ဘာလဲ” ဟု မေးသည်။

ရှီလဲ့၏ နှုတ်ခမ်းများ တွန့်သွားကာ သူ သွားရည်ပင် လည်ချောင်းထဲ သီးမလို ဖြစ်သွားသည်။ “ဟဲဟဲ... အဲဒီလူရဲ့ အမူအရာတွေက ဦးနှောက်မရှိတဲ့ လူတစ်ယောက်လိုပဲလို့ ဆိုလိုတာပါ... ဘာပဲဖြစ်ဖြစ်... ငါ့အတွက် ခွင့်တိုင်ပေးထားဦးနော်.. ငါ သွားတော့မယ်”

လင်းယွီမော့သည် ရှီလဲ့၏ အတန်းပြေးတတ်သော အကျင့်ကို ကျင့်သားရနေပြီ ဖြစ်ရာ ဘာမှမမေးဘဲ ခေါင်းညိတ်ပြလိုက်သည်။ “အင်း... ကောင်းပြီလေ”

ရှီလဲ့သည် ဒေါသထွက်နေသော ချန်းမင်ကို လျစ်လျူရှုကာ စာသင်ခန်းထဲမှ ထွက်လာခဲ့သည်။ စာသင်ခန်းထဲရှိ ချန်းမင်မှာမူ အနိုင်ရသွားသော ကြက်ဖကြီးတစ်ကောင်ကဲ့သို့ ဝင့်ကြွားစွာဖြင့် “အဲဒီ အမှိုက်ကောင်က အခြေအနေကို သိလို့ ကျောင်းကနေ ထွက်သွားတာပဲ၊ တော်သေးတာပေါ့” ဟု ကြိမ်းဝါးနေတော့သည်။

စာသင်ခန်းအပြင်ဘက်တွင် ရှီလဲ့သည် သတင်းစာပညာနှင့် အသံလွှင့်ဌာနဆီသို့ လျှောက်လှမ်းလာခဲ့သည်။ အကယ်၍ ချန်းမင်က မွန်းတည့် ရေဒီယိုအစီအစဉ်တွင် ဧည့်သည်အဖြစ် ပါဝင်နိုင်လျှင် ရှီလဲ့ကော ဘာကြောင့် မရနိုင်ရမည်နည်း။ အစီအစဉ် တင်ဆက်သူက ရှီလဲ့ကို ဧည့်သည်အဖြစ် ဝမ်းပန်းတသာ ကြိုဆိုလိမ့်မည်မှာ သေချာသည်။

ရှီလဲ့သည် သူ၏ အရင်ဘဝက အမှတ်ရချက်များအရ ထိုအသံလွှင့်ဌာန၏ တင်ဆက်သူမှာ ကျူးတန်အမည်ရှိ ထက်မြက်သော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိထားသည်။ သူမသည် ကျောင်းပြီးသောအခါ ရွှမ်ချင်းရုပ်သံဌာနတွင် အလုပ်ဝင်ခဲ့ပြီး တစ်နှစ်အတွင်းမှာပင် ထိုဌာန၏ အဓိက မဏ္ဍိုင်တစ်ခု ဖြစ်လာခဲ့သူ ဖြစ်သည်။ သူမကို သတင်းတင်ဆက်သူ ဟူခဲ့ နှင့်အတူ ရွှမ်ချင်းရုပ်သံဌာန၏ အကောင်းဆုံး အမျိုးသမီး တင်ဆက်သူနှစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြသည်။

သတင်းစာပညာနှင့် အသံလွှင့်ဌာနသို့ ရောက်သောအခါ ရှီလဲ့သည် သူ၏ မှတ်ဉာဏ်ထဲရှိ အသင်းအဖွဲ့ လှုပ်ရှားမှုအခန်းဆီသို့ သွားလိုက်သည်။ ကျူးတန်မှာ ဒုတိယနှစ်ကျောင်းသူသာ ဖြစ်သော်လည်း အသင်း၏ အလုပ်အများစုကို သူမကသာ ဦးဆောင်ကိုင်တွယ်နေခြင်း ဖြစ်သည်။

အခန်းအပြင်ဘက်တွင် ရှီလဲ့က ယဉ်ကျေးစွာ တံခါးခေါက်လိုက်သည်။

“ဝင်ခဲ့ပါ” ဟု အတွင်းမှ အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။

ရှီလဲ့ အခန်းထဲသို့ ဝင်သွားသောအခါ လူငယ်အများအပြားမှာ ဇာတ်ညွှန်းများကို ကိုင်ဆောင်ကာ မန်ဒရင်းတရုတ်စကား ပြောဆိုရန် လေ့ကျင့်နေကြသည်ကို တွေ့လိုက်ရသည်။

ပုံစံငယ်လေးနှင့် မိန်းကလေးတစ်ဦးက ရှီလဲ့အနားသို့ လျှောက်လာပြီး “ဟယ်လို... ဘယ်သူ့ကို ရှာတာလဲ” ဟု နှုတ်ဆက်လိုက်သည်။

အမှန်အတိုင်း ပြောရလျှင် ရှီလဲ့မှာ ကြည့်ကောင်းသော လူတစ်ယောက်တော့ မဟုတ်ပေ။ သာမန်မျက်နှာထားသာ ရှိသော်လည်း သူ၏ အမူအရာတွင် အချိန်ကာလများက ပေးထားသော ရင့်ကျက်မှုအငွေ့အသက်လေးများ ရှိနေသည်။

“ကျူးတန် ရှိပါသလား” ဟု ရှီလဲ့က ယဉ်ကျေးစွာ မေးလိုက်သည်။

ထိုမိန်းကလေးက ရှီလဲ့ကို သံသယဖြင့် ကြည့်ကာ “နင်က ဘယ်သူလဲ.. ဒုဥက္ကဋ္ဌကို ဘာကိစ္စနဲ့ ရှာတာလဲ” ဟု မေးသည်။

ရှီလဲ့ ခဏမျှ ကြောင်သွားသည်။ ဒုတိယနှစ် ကျောင်းသူလေး ကျူးတန်က ဒုဥက္ကဋ္ဌ ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ကျောင်းပြီးသည့်အခါ သူမ အောင်မြင်နေသည်မှာ မဆန်းတော့ပေ၊ သူမက တကယ်ကို အရည်အချင်းရှိသူ ဖြစ်နေခြင်းကြောင့်ပင်။

“ကျွန်တော် ရှီလဲ့ပါ၊ ကျူးတန်နဲ့ ဆွေးနွေးစရာ ရှိလို့ပါ”

“ဟင် နင်က အဲဒီ အမှိုက်ကောင်လား” ထိုမိန်းကလေးက ပြောပြီးမှ သူမ၏ ပါးစပ်ကို ချက်ချင်း ပြန်ပိတ်လိုက်သည်။ သူမ၏ မျက်နှာလေးမှာ နီရဲသွားကာ ရှက်ကိုးရှက်ကန်း ဖြစ်သွားရှာသည်။

ရှီလဲ့က အားမလိုအားမရ ပြုံးလိုက်မိသည်။ ချန်းမင်၏ အကြံအစည်မှာ တကယ့်ကို ထိရောက်နေသည်မှာ သေချာသည်။

“တောင်းပန်ပါတယ် ရှီလဲ့” ထက်မြက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ စတိုင်ကျသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျူးတန်းသည် ရှီလဲ့အနားသို့ လျှောက်လာပြီး “ရှီလဲ့... ငါတို့ရဲ့ ချစ်စရာကောင်းတဲ့ ယိုယိုကို စိတ်မဆိုးပါနဲ့နော်” ဟု ဆိုသည်။

ရှီလဲ့က အမူအရာမပျက်ဘဲ “ရပါတယ် ဒါပေမဲ့ ကျွန်တော် သူမရဲ့ ကွန်ပျူတာကို ဟက်ပြီး ဗွိုက်စင်ရဲ့ အချစ်ဗီဒီယိုတွေ ဖွင့်ပြလိုက်မယ်နော်” ဟု နောက်ပြောင်လိုက်သည်။

ယိုယိုဟု ခေါ်သော ထိုမိန်းကလေးလေး၏ မျက်လုံးများမှာ ချက်ချင်းပင် နီမြန်းလာပြီး ရှီလဲ့ကို ကြောက်လန့်တကြား ကြည့်နေတော့သည်။

သို့သော် ကျူးတန်က ရယ်မောလိုက်ပြီး “ကျောင်းသား ရှီလဲ့... ယိုယိုကို အဲဒီလို ဟာသတွေနဲ့ မခြောက်ပါနဲ့..ပြောပါဦး... ဒီနေ့ ဘာကိစ္စရှိလို့လဲ”

ရှီလဲ့၏ မျက်နှာပေါ်တွင် နွေဦးလေညင်းကဲ့သို့ နူးညံ့သော အပြုံးတစ်ခု ပေါ်လာပြီး ယိုယိုလေးကို ကြည့်ကာ ပြုံးပြလိုက်သည်။ သို့သော် ယိုယိုလေး၏ အမြင်တွင်မူ ထိုအပြုံးမှာ အဓိပ္ပာယ်တစ်မျိုး ဖြစ်နေသည်မှာ သေချာသည်။

“ကျူးတန်... ကျွန်တော် ဒီနေ့ မွန်းတည့် ရေဒီယိုအစီအစဉ်မှာ ဧည့်သည်အဖြစ် ပါဝင်ချင်လို့ပါ”

All Chapters