အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
အခန်း - ၅၉
ရွှမ်ချင်းတက္ကသိုလ်၏ မွန်းတည့်ရေဒီယိုအစီအစဉ်သည် မူလက နေ့စဉ်သတင်းများ၊ ကျောင်း၏ ကြေညာချက်များနှင့် ခေတ်ပေါ်သီချင်းအချို့ကိုသာ ထုတ်လွှင့်လေ့ရှိသည်။ ထို့ကြောင့် ဤအစီအစဉ်သည် ကျောင်းသားများကြားတွင် အမြဲတမ်း အေးတိအေးစက်သာ ရှိခဲ့သည်။
သို့သော်လည်း မနေ့က ချန်းမင်သည် ဧည့်သည်အဖြစ် ပါဝင်ခဲ့ပြီးနောက်တွင်မူ ရွှမ်ချင်းတက္ကသိုလ်တစ်ခုလုံး၏ အာရုံစိုက်မှုကို ရရှိသွားခဲ့သည်။ ကျောင်း ဖိုရမ် ပေါ်တွင်လည်း ထိုအစီအစဉ်ကို ချီးကျူးသည့် ပို့စ် များစွာ တက်လာပြီး မွန်းတည့်ရေဒီယိုအစီအစဉ်ကို ကျောင်းတွင်း ထင်ရှားကျော်ကြားသူများကို လူတွေ့မေးမြန်းသည့် အစီအစဉ်အဖြစ် ပြောင်းလဲရန်ပင် တောင်းဆိုလာကြသည်။
ကျူးတန်သည်လည်း ဤပြဿနာကို စဉ်းစားနေခဲ့သည်။ မွန်းတည့်အစီအစဉ်မှာ သူမတွင်ရှိသော တစ်ခုတည်းသော အစီအစဉ်ဖြစ်သည်။ အကယ်၍ သူမသာ ၎င်းကို လူကြိုက်များအောင် လုပ်နိုင်ခဲ့လျှင် အနာဂတ် ဘွဲ့ယူပြီးနောက် အလုပ်လျှောက်ရာတွင် အလွန်ကောင်းမွန်သော အမှတ်တရတစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော် အစီအစဉ်ကို ပြောင်းလဲရန်မှာ မလွယ်ကူပေ။ ပထမဦးစွာ ရွှမ်ချင်းတက္ကသိုလ်တွင် ထိုမျှလောက် ထင်ရှားကျော်ကြားသူ များများစားစား မရှိလှပေ။
ထို့အပြင် ကျော်ကြားသူတိုင်းမှာလည်း ချန်းမင်ကဲ့သို့ အစီအစဉ်တွင် တည်တည်ငြိမ်ငြိမ် ပါဝင်နိုင်ကြသူများ မဟုတ်ပေ။ ထို့ကြောင့် ကျူးတန်သည် အစီအစဉ်ပြောင်းလဲရန် တွေဝေနေခဲ့ခြင်း ဖြစ်သည်။
ရှီလဲ့၏ ပေါ်ပေါက်လာမှုကမူ ကျူးတန်ကို ဤအခွင့်အရေးအား အသုံးချပြီး အစီအစဉ်ကို ပြောင်းလဲပစ်ရန် လျှို့ဝှက်စွာ ဆုံးဖြတ်ချက်ချစေခဲ့သည်။
“ရှီလဲ့... နင် ဒီနေ့ မွန်းတည့်အစီအစဉ်မှာ တကယ်ပဲ ပါဝင်ချင်တာ သေချာလား” ဟု ကျူးတန်က အတည်ပြုရန် မေးလိုက်သည်။
ရှီလဲ့က ခေါင်းညိတ်လိုက်ပြီးနောက် စနောက်သည့် လေသံဖြင့် “တင်ဆက်သူ ကျူး... စီနီယာတို့ရဲ့ မွန်းတည့်အစီအစဉ်က သြဇာညောင်းလွန်းလို့ပါ..အကယ်၍ ကျွန်တော်သာ ထွက်ပြီး အမှန်တရားကို မရှင်းပြဘူးဆိုရင် ရွှမ်ချင်းတက္ကသိုလ်ရဲ့ လမ်းမပေါ်က ကြွက်တစ်ကောင်လို ဖြစ်သွားပြီး လူတိုင်းရဲ့ အမုန်းကို ခံရတော့မှာလေ” ဟု ပြောလိုက်သည်။
ကျူးတန်၏ မျက်လုံးများ တောက်ပသွားသည်။ “အမှန်တရားကို ရှင်းပြမယ်.. ကျောင်းသား ရှီလဲ့... နင် တစ်ခုခုကို ဖွင့်ချတော့မှာလား”
ရှီလဲ့က ရယ်မောလိုက်ပြီး “တင်ဆက်သူ ကျူး... အခု ဖွင့်ချလိုက်ရင်တော့ အဓိပ္ပာယ်မရှိတော့ဘူးပေါ့..အစီအစဉ်အတွင်းမှာပဲ ကျွန်တော်ကိုယ်တိုင် ရွှမ်ချင်းတက္ကသိုလ်က စီနီယာတွေ အားလုံးကို အရာအားလုံး ရှင်းပြပါ့မယ်”
“ကောင်းပြီလေ” ကျူးတန်၏ မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်သွားသည်။ “ကျောင်းသား ရှီလဲ့... ၁၂ နာရီခွဲထက် နောက်မကျဘဲ ရေဒီယိုဌာနကို ရောက်အောင်လာခဲ့ပါ”
“ပြဿနာမရှိပါဘူး”
ရှီလဲ့ ထွက်သွားပြီးနောက် ကျူးတန်သည် သတင်းထုတ်လွှင့်မှုအသင်း၏ ပြန်ကြားရေးအဖွဲ့ကို ယနေ့မွန်းတည့်အစီအစဉ်၏ အကြောင်းအရာများကို လူသိရှင်ကြား ကြေညာရန် ချက်ချင်း အမိန့်ပေးလိုက်တော့သည်။
ရှီလဲ့ စာသင်ခန်းသို့ ပြန်မသွားခဲ့ပေ။ ယခုအချိန်တွင် ပြန်သွားပါက ချန်းမင်ကို ပို၍ပင် ဘဝင်မြင့်သွားစေလိမ့်မည်။
သူသည် ပါရဂူတန်း အဆောင်ရှိ သူ၏ အခန်းသို့ ပြန်လာခဲ့ပြီး ကွန်ပျူတာကို ဖွင့်ကာ ရွှမ်ချင်းတက္ကသိုလ်၏ အများသုံးဆာဗာသို့ ချိတ်ဆက်လိုက်သည်။ ဆာဗာ၏ မှတ်တမ်း ထဲတွင် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့် အခြေအနေများကို စစ်ဆေးကြည့်လိုက်သည်။
ရှီလဲ့ စစ်ဆေးကြည့်ပြီးနောက် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ရွှမ်ချင်းတက္ကသိုလ်တွင် အများသုံးဆာဗာကို အကြိမ်ကြိမ် တိုက်ခိုက်ပြီး ကျောင်းဖိုရမ် ၏ အုပ်ချုပ်သူအခွင့်အရေးကို ရယူထားသူတစ်ဦး ရှိနေသည်။ သို့သော် ဆာဗာ၏ အဓိက အခွင့်အရေးများမှာ ရှီလဲ့၏ လက်ထဲတွင်သာ ရှိနေ၏။ ထိုလူသည် ၎င်းကို မရနိုင်ပေ။ ရှီလဲ့အနေဖြင့်လည်း ထိုသူမှာ မည်သူဖြစ်ကြောင်း စုံစမ်းရန် ရည်ရွယ်ချက်မရှိပေ။ ရှီလဲ့ ရှိနေသရွေ့ မည်သူမျှ ထိုအခွင့်အရေးကို လုယူနိုင်မည် မဟုတ်ပါ။
ကျောင်းဖိုရမ်ပေါ်ရှိ ပို့စ်များကို လှန်လှောကြည့်ရင်း ရှီလဲ့သည် သူ၏ ဂုဏ်သိက္ခာမှာ မည်မျှအထိ ညိုးနွမ်းနေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ဖိုရမ် ပေါ်ရှိ ပို့စ်များ၏ အနည်းဆုံး ရှစ်ဆယ်ရာခိုင်နှုန်းခန့်မှာ သူနှင့် ချန်းမင်တို့ကြားရှိ အငြိုးအတေးများအကြောင်း ဆွေးနွေးနေကြခြင်း ဖြစ်သည်။
အပေါ်ဆုံးတွင် ကပ်ထားသော Post တစ်ခု၌ သူတို့နှစ်ဦးကြားရှိ အငြိုးအတေးများဖြစ်သော အတန်းစတက်သည့်နေ့မှစ၍ ကျောင်းတွင်း ပြိုင်ပွဲတွင် အလောင်းအစားလုပ်သည်အထိ အသေးစိတ် ရေးသားထားသည်။ ထို့အပြင် သူတို့နှစ်ဦးကြားရှိ အဓိက ပဋိပက္ခမှာ လင်းယွီမော့ ဖြစ်ကြောင်းလည်း အသေးစိတ် ရှင်းပြထားသည်။
လင်းယွီမော့၏ ဓာတ်ပုံပင်လျှင် ပေါက်ကြားသွားခဲ့သည်။
ရှီလဲ့၏ မျက်လုံးများ အေးစက်သွားသည်။
သူက ဒေါသတကြီးဖြင့် “ဒီလို အလုပ်မရှိတဲ့ လူတွေကတော့... သူတို့မှာ ဘာမှလုပ်စရာ မရှိကြဘူးလား” ဟု ရေရွတ်လိုက်မိသည်။
တက္ကသိုလ်ဘဝဆိုသည်မှာလည်း ဤကဲ့သို့ပင် မဟုတ်ပါလား။
ရှီလဲ့သည် ဆာဗာ၏ အထူးအခွင့်အရေးကို အသုံးပြုကာ ကျောင်း ဖိုရမ်ရှိ အချက်အလက်အားလုံးကို ရှင်းလင်းပစ်လိုက်သည်။ ထို့နောက် ကျောင်း၏ Logo နှင့် ကျောင်းအမည်ကိုပါ ကျွမ်းကျင်စွာဖြင့် “ရွှမ်ချင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်” ဟု ပြောင်းလဲပစ်လိုက်သည်။
သိပ္ပံနှင့် နည်းပညာတက္ကသိုလ်ကို အလွယ်တကူ အကောက်ကြံပြီးနောက် ရှီလဲ့သည် ဂုဏ်ယူစွာ လက်ခုပ်တီးလိုက်သည်။ “နည်းပညာတက္ကသိုလ်ဆိုတာ သူရဲကောင်းတွေပဲ... သူရဲကောင်းတွေဆိုတာ သူတို့ရဲ့ အရည်အချင်းကို ပြသဖို့ နေရာလိုတာပေါ့... အခုလို အပြစ်တင်ခံရတာလေးကတော့ သေးသေးမွှားမွှား ကိစ္စပါပဲ မဟုတ်လား”
၁၁ နာရီခွဲတွင် ရှီလဲ့သည် လင်းယွီမော့ထံသို့ SMS ပို့လိုက်သည်။ မုရွှမ်း နှင့်အတူ မနက်စာစားရန်နှင့် သူ့ကို စောင့်မနေရန် ပြောလိုက်သည်။ ရှီလဲ့မှာ မွန်းတည့်အစီအစဉ်တွင် ဧည့်သည်အဖြစ် ပါဝင်ရမည်ဖြစ်သဖြင့် လင်းယွီမော့နှင့်အတူ စားရန် အချိန်မရှိပေ။
မွန်းတည့်အစီအစဉ်မှာ နေ့လယ် ၁ နာရီတွင် စတင်သော်လည်း အစမ်းလေ့ကျင့်မှုများနှင့် အစီအစဉ်အကြောင်း ရှင်းလင်းချက်များအတွက် ၁၂ နာရီခွဲတွင် ရောက်ရှိရန် လိုအပ်သည်။
ရှီလဲ့သည် လေးလွှာရှိ စားသောက်ဆိုင်တွင် ဟင်းနှစ်မျိုးမှာယူကာ ဗိုက်ကို အနည်းငယ် ဖြည့်တင်းလိုက်ပြီးနောက် ရေဒီယိုဌာနသို့ လျှောက်လာခဲ့သည်။ ရှီလဲ့သည် ရွှမ်ချင်းတက္ကသိုလ်တွင် လေးနှစ်တိုင်တိုင် နေထိုင်ခဲ့သူဖြစ်ရာ လမ်းကြောင်းများကို အလွတ်ရနေပြီ ဖြစ်သည်။
သူ ရေဒီယိုဌာနသို့ ရောက်သည့်အခါတွင် ၁၂ နာရီ ၁၅ မိနစ်ပင် မရှိသေးပေ။ သတင်းထုတ်လွှင့်မှုအသင်းဝင်များမှာ စုထိုင်ကာ နေ့လယ်စာ စားနေကြသည်။
ကျူးတန်သည် ရှီလဲ့ကို မြင်သောအခါ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ “ရှီလဲ့... စားပြီးပြီလား..မစားရသေးရင် အတူတူစားရအောင်လေ”
“မလိုတော့ပါဘူး၊ မလိုတော့ပါဘူး..တင်ဆက်သူ ကျူး... ကျွန်တော် စားပြီးပါပြီ” ဟု ရှီလဲ့က ယဉ်ကျေးစွာ ပြောလိုက်သည်။ ရှီလဲ့က သူမကို ခေါ်ဝေါ်ပုံကြောင့် ကျူးတန်မှာ မျက်လုံးလှန်ပြလိုက်မိသော်လည်း ဘာမှတော့ ပြန်မပြောခဲ့ပေ။
မကြာသေးမီက ရှီလဲ့သည် အိုးရန်ရှန်း၏ လက်ရာများကို စားသုံးနေရသဖြင့် သူ၏ အရသာခံစွမ်းရည်မှာ ပို၍ မြင့်မားလာသည်။ ကျောင်းကန်တင်းရှိ အစားအစာများကိုမူ တစ်ခွန်းတည်း ပြောရလျှင် “ရွံစရာကောင်းသည်” ဟုသာ ဆိုရပေလိမ့်မည်။
အချိန်များ ကုန်ဆုံးသွားပြီးနောက် ၁ နာရီသို့ နီးကပ်လာသောအခါ ကျူးတန်နှင့် ရှီလဲ့တို့သည် အသံလွှင့်ခန်းထဲသို့ ဝင်လာခဲ့ကြသည်။
“ကျောင်းသား ရှီလဲ့... အခုလေးတင် ငါပြောခဲ့တာတွေကို မှတ်ထားနော်” ကျူးတန်းသည် ရှီလဲ့အား ပြင်းထန်သော စကားလုံးများ သို့မဟုတ် လူ့အဖွဲ့အစည်းကို ဆန့်ကျင်သော စကားလုံးများ မပြောရန် ထပ်မံ သတိပေးလိုက်သည်။
မဟုတ်ပါက အကျိုးဆက်မှာ အလွန်ပြင်းထန်လိမ့်မည် ဖြစ်သည်။
ရှီလဲ့က ခေါင်းညိတ်ကာ ပြုံးလျက် “ကြီးမြတ်သော တင်ဆက်သူ ကျူး... ကျွန်တော် နားလည်ပါတယ်” ဟု ဆိုသည်။
အသံလွှင့်ခန်း အပြင်ဘက်တွင် ဒါရိုက်တာဖြစ်သူက ကျူးတန်ကို ကြည့်ကာ “သတိထားပါ... အစီအစဉ် စပါတော့မယ်..သုံး... နှစ်... တစ်... စပြီ” ဟု အချက်ပေးလိုက်သည်။
ကျူးတန်သည် မိုက်ကို ကိုင်ကာ ပြတ်သားထက်မြက်သော အသံဖြင့် “မင်္ဂလာပါ ကျောင်းသားတို့ရေ... ရွှမ်ချင်းတက္ကသိုလ်ရဲ့ မွန်းတည့်ရေဒီယိုအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်..ကျွန်မကတော့ တင်ဆက်သူ ကျူးတန်ပါ”
ခဏမျှ ရပ်လိုက်ပြီးနောက် ကျူးတန်းက ဆက်လက်ပြောကြားသည်မှာ “မနေ့က ကျွန်မတို့ရဲ့ မွန်းတည့်အစီအစဉ်မှာ ပထမဆုံးအကြိမ်အဖြစ် ပြောင်းလဲမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဖြစ်ရပ်တစ်ခုရဲ့ သက်ဆိုင်သူတစ်ဦးဖြစ်တဲ့ ကွန်ပျူတာသိပ္ပံဌာနက ကျောင်းသားသစ် ချန်းမင်ကို ဧည့်သည်အဖြစ် ဖိတ်ခေါ်ခဲ့ပါတယ်။ သူက ဖြစ်ရပ်တစ်ခုရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို အစီအစဉ်မှာ ရင်ဖွင့်သွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ချန်းမင်က ဒီဖြစ်ရပ်ဟာ သူ့ရဲ့ အတန်းဖော်တစ်ယောက်က သူ့ကို အကောက်ကြံဖို့ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တာဖြစ်ကြောင်း အရိပ်အယောင် ပြသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျွန်မတို့ရဲ့ မွန်းတည့်အစီအစဉ်က နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျွန်မတို့ဟာ နောက်ထပ် ပါဝင်ပတ်သက်သူတစ်ဦးကို ဖိတ်ခေါ်ထားပါတယ်။ သူကလည်း ကွန်ပျူတာသိပ္ပံဌာနက ကျောင်းသားသစ်တစ်ယောက်ဖြစ်ပြီး ချန်းမင်ရဲ့ အတန်းဖော်လည်း ဖြစ်ပါတယ်။ မွန်းတည့်အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်၊ ကျောင်းသား ရှီလဲ့”
ရှီလဲ့သည် မိုက်ကို ကိုင်ကာ တည်ငြိမ်သော အသံဖြင့် “မင်္ဂလာပါ စီနီယာတို့နဲ့ ကျောင်းသားတို့ရေ... ကျွန်တော်ကတော့ ဒီမုန်တိုင်းဗဟိုချက်မှာ ပါဝင်နေတဲ့ နောက်ထပ်တစ်ယောက် ရှီလဲ့ ပါ” ဟု နှုတ်ဆက်လိုက်သည်။
ကျူးတန်သည် ရှီလဲ့ကို ချီးကျူးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏ အမူအရာမှာ တည်ငြိမ်ပြီး သဘာဝကျလှကာ အနည်းငယ်မျှပင် ကြောက်ရွံ့နေသည့် အရိပ်အယောင် မရှိပေ။
“ကျောင်းသား ရှီလဲ့... အဲဒီကျောင်းသားရဲ့ ပြောကြားချက်တွေအပေါ် နင် ဘာများ ပြောချင်လဲ” ထို “အပြာကား ဗီဒီယိုဖြစ်ရပ်” မှာ လူတိုင်းသိနေသည့် ကိစ္စဖြစ်သော်လည်း ကျူးတန်သည် မည်သူ့အမည်ကိုမျှ တိုက်ရိုက် ထည့်သွင်းမပြောခဲ့ပေ။ ဤသည်မှာ ကြားနေရပ်တည်ချက်ကို ထိန်းသိမ်းရန် သူမ၏ ပညာရှိမှုပင် ဖြစ်သည်။
ရှီလဲ့မှာမူ ထိုကဲ့သို့ တွန့်ဆုတ်မနေခဲ့ပေ။ “တင်ဆက်သူ ကျူး... ကျွန်တော့် ရင်ထဲမှာတော့ ချန်းမင်က ကျွန်တော့်ကို အကောက်ကြံစွပ်စွဲနေတာကို သိပ်ပြီး ဂရုမစိုက်ပါဘူး... ဒါပေမဲ့ ကျွန်တော် ရှီလဲ့က သူတစ်ပါး အနိုင်ကျင့်တာကို ငြိမ်ခံနေမယ့် လူစားမျိုးတော့ မဟုတ်ဘူး.. ချန်းမင်ရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်မကောင်းဖြစ်ရတယ်လို့ပဲ ပြောချင်ပါတယ်... ဒီလောက်အထိ ကိုယ်ကျင့်တရားနိမ့်ကျပြီး အတွေးအခေါ်တွေ ပုပ်သိုးနေတဲ့ လူတစ်ယောက်ဟာ ကျွန်တော်နဲ့ တစ်ကျောင်းတည်းမှာ ရှိနေတယ်ဆိုတာကိုပဲ ကျွန်တော် ရှက်မိပါတယ်...သူ့လိုလူမျိုးနဲ့ အတူတူ အသတ်မှတ်မခံချင်ပါဘူး”
ကျူးတန်၏ မျက်နှာမှာ ပုံမှန်အတိုင်းဖြစ်သော်လည်း ရင်ထဲတွင်မူ ရယ်မောနေမိသည်။ ရှီလဲ့နှင့် ချန်းမင်ကြားရှိ ပဋိပက္ခမှာ ပိုမိုပြင်းထန်လေလေ၊ လူများက မွန်းတည့်အစီအစဉ်ကို ပိုမို စိတ်ဝင်စားလေလေ ဖြစ်မည် မဟုတ်ပါလား။
“ကျောင်းသား ရှီလဲ့... အဲဒီကျောင်းသားက နင် သူ့ကို အကောက်ကြံတယ်လို့ ပြောပေမဲ့ သူက သက်သေတွေ အများကြီး ပြခဲ့တယ်လေ... နင့်ဘက်ကကော ဘာများ ပြန်ချေပချင်လဲ”
ရှီလဲ့က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး “တင်ဆက်သူ ကျူး... ချန်းမင်ရဲ့ အချက်အလက်တွေကို လိမ္မာပါးနပ်စွာ ပြောင်းလဲလိုက်တဲ့ နည်းပရိယာယ်ကတော့ တကယ်ကို အောင်မြင်ခဲ့ပါတယ်လို့ ပြောရမှာပဲ... သူငယ်ချင်းတို့... သေချာစဉ်းစားကြည့်ကြပါ...ချန်းမင်ပြခဲ့တဲ့ သက်သေတွေထဲမှာ ဘယ်အချက်ကများ ကျွန်တော့်ကို တိုက်ရိုက် ညွှန်ပြနေလို့လဲ..တစ်ခုမှ မရှိပါဘူး သက်သေတွေက ချန်းမင်မှာ အပြစ်မရှိကြောင်းနဲ့ သူ တကယ်ပဲ ဟက်ခံရကြောင်းကိုပဲ သက်သေပြနိုင်တာပါ...ဒီအတွက်လည်း ကျွန်တော် သူ့ကိုယ်စား စိတ်မကောင်းဖြစ်မိပါတယ်... ဒါပေမဲ့ သူက ကျွန်တော့်အပေါ်ကို ပုပ်ခတ်စွပ်စွဲလာတာကတော့ ကျွန်တော့်ကို တကယ် ဒေါသထွက်စေပါတယ်”
ကျူးတန် ခဏမျှ စဉ်းစားကြည့်လိုက်သည်။ အမှန်ပင် ရှီလဲ့ ပြောသကဲ့သို့ပင် ဖြစ်သည်။ လူတိုင်းမှာ ချန်းမင်တူးထားသော ကျင်းထဲသို့ ရောက်သွားခဲ့ကြခြင်း ဖြစ်သည်။
ချန်းမင်သည် သက်သေများကို အသုံးပြုကာ သူ အပြစ်ကင်းစင်ကြောင်း သက်သေပြပြီး လူအများ၏ သနားမှုကို ရယူကာ သူ့စကားကို ယုံကြည်အောင် လုပ်ခဲ့သည်။ ထို့နောက် ဤအခွင့်အရေးကို အသုံးချကာ ရှီလဲ့ကို လူဆိုးအဖြစ် ပုံဖော်ပြီး လူတိုင်းက ရှီလဲ့ကို ထိုကဲ့သို့သော လူစားမျိုးဟု ထင်သွားအောင် လုပ်ခဲ့ခြင်း ဖြစ်သည်။ ချန်းမင်၏ အစီအစဉ်မှာ တကယ်ကို အောင်မြင်ခဲ့သည်ဟု ဆိုရမည်။
ကျူးတန်သည် မိုက်ကို ကိုင်ကာ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် လေသံဖြင့် “ရှီလဲ့ရဲ့ သုံးသပ်ချက်ကို နားထောင်ပြီးတဲ့နောက်မှာတော့ အဲဒီကျောင်းသား ပြခဲ့တဲ့ သက်သေတွေက ရှီလဲ့ကို တိုက်ရိုက် ညွှန်ပြနေတာမျိုး မဟုတ်ဘူးဆိုတာ တွေ့ရပါတယ်” ဟု ပြောလိုက်သည်။
ကွန်ပျူတာသိပ္ပံဌာန၊ အခန်းထဲရှိ စာသင်ခန်းထဲတွင် လင်းယွီမော့၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာသည်။
လီချိုင်က သူ၏ ဘေးတွင်ရှိသော ဝမ်မင် ကို တိုးတိုးလေး ပြောလိုက်သည်။ “မင်လေး... ငါ ပြောသားပဲ၊ အစ်ကိုကြီးရှီက အဲဒီလို လူစားမျိုး မဟုတ်ပါဘူးဆိုတာ”
ဝမ်မင်က ဘာမှပြန်မပြောဘဲ ပြုံးပြလိုက်သည်။ “ရှူး... ဆက်နားထောင်ရအောင်”
ချန်းမင်၏ မျက်နှာမှာမူ ပြာနှမ်းနေတော့သည်။
ရေဒီယိုဌာနတွင် ကျူးတန်က ရှီလဲ့ကို မေးလိုက်သည်။ “ကျောင်းသား ရှီလဲ့... အဲဒီကျောင်းသားမှာ နင့်ကို ညွှန်ပြဖို့ သက်သေမရှိဘဲနဲ့ ဘာကြောင့်များ နင့်ကို အခုလို စွပ်စွဲရတာလဲ”
ရှီလဲ့က ရယ်မောလိုက်ပြီး “ကြီးမြတ်သော တင်ဆက်သူ ကျူး... အမှန်တရားကို ကြားချင်တာလား၊ ဒါမှမဟုတ် လိမ်ညာတဲ့ စကားကို ကြားချင်တာလား” ဟု မေးလိုက်သည်။
ကျူးတန်က ရှီလဲ့ကို လိမ္မာပါးနပ်စွာ ကြည့်ကာ ပြုံးလိုက်သည်။ “ကျောင်းသား ရှီလဲ့... ငါက အမှန်လား အလိမ်လား ကြားချင်တာထက်၊ နင်ကကော အားလုံးကို အမှန်တရား ပြောပြမှာလား ဒါမှမဟုတ် လိမ်မှာလား”
“အားလုံးက ကြားချင်နေကြမှတော့ ကျွန်တော် လိမ်ပြီးပဲ ပြောလိုက်ပါ့မယ်” ဟု ရှီလဲ့က တည်တည်တံ့တံ့ပင် ပြောလိုက်သည်။ “ချန်းမင်နဲ့ ကျွန်တော်က ကျောင်းတွင်း ပြိုင်ပွဲမှာ အလောင်းအစား လုပ်ထားကြတာလေ...ဘာအရည်အချင်းမှမရှိတဲ့ အဲဒီ အမှိုက်ကောင်လေးက ကျွန်တော့်ကို ကြောက်နေတာ သဘာဝပါပဲ... ဒါကြောင့် သူက တိုက်ခိုက်ဖို့ ဒီလို မိုက်မဲတဲ့ နည်းလမ်းကို သုံးလိုက်တာပါ...သူ့ရဲ့ ကိုယ်ကျင့်တရားကတော့ တကယ်ကို ပြဿနာရှိနေပြီလို့ ပြောရမှာပဲ”
“ဟားဟားဟား” ကျူးတန်းမှာ ရှေ့ကို ငိုက်ကာ နောက်ကို လန်အောင် ရယ်မောနေတော့သည်။ ရှီလဲ့၏ တည်တည်တံ့တံ့ ပြောနေသော ပုံစံမှာ တကယ်ကို ချစ်စရာကောင်းလှသည်။
“ကျောင်းသား ရှီလဲ့... ဒါဆိုရင် အမှန်တရားကကော ဘာလဲ” ဟု ကျူးတန်းက ထပ်မေးသည်။
ရှီလဲ့က ရယ်မောကာ သူ၏ ဘယ်ဘက်လက်ဖြင့် ခေါင်းကို ကုတ်လိုက်ပြီး “အမှန်တရားကတော့... ကျွန်တော် မပြောပြပါဘူး၊ ဒါပေမဲ့ လူတိုင်းကတော့ သိကြမှာပါ” ဟု ဆိုသည်။
ကျူးတန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး “ရှေးကတည်းက သူရဲကောင်းတွေဟာ အလှအပရဲ့ ဆွဲဆောင်မှုအောက်မှာ ကျရှုံးခဲ့ကြတာပဲ မဟုတ်လား” ဟု မှတ်ချက်ပေးသည်။
“ဟဲဟဲ... ကြီးမြတ်သော တင်ဆက်သူ ကျူး... စီနီယာလည်း သိနေတာပဲ” ရှီလဲ့ ခဏမျှ စဉ်းစားလိုက်ပြီး အားနာသည့် အမူအရာဖြင့် “တင်ဆက်သူ ကျူး... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါဦး...ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် အများကြီး မပြောချင်တော့လို့ပါ”
ကျူးတန်က နားလည်ပေးသည့် အမူအရာဖြင့် “ရပါတယ်... နားထောင်နေတဲ့ ကျောင်းသားတွေလည်း နားလည်ပေးကြမှာပါ” ဟု ဆိုသည်။
“နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ရှီလဲ့က အခွင့်အရေးကို ချက်ချင်း အရယူလိုက်သည်။ “ဒီကိစ္စကို ကျွန်တော် အများကြီး မပြောချင်ပေမဲ့ နောက်ထပ် ကိစ္စတစ်ခုကိုတော့ အားလုံးကို ပြောပြနိုင်ပါတယ်”
“အဲဒါ ဘာလဲ” ကျူးတန်းက စူးစမ်းစွာ မေးလိုက်သည်။
ရှီလဲ့က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး “ကျောင်းသားတို့ရေ... အခု ကျင်းပမယ့် ကျောင်းတွင်းပြိုင်ပွဲရဲ့ နောက်ကွယ်က အဓိကစပွန်ဆာဟာ ကျောင်းသား ချန်းမင်ရဲ့ မိသားစုလုပ်ငန်း ဖြစ်နေတယ်ဆိုတာ အားလုံး သိကြရဲ့လား” ဟု မေးခွန်းထုတ်လိုက်တော့သည်။
အခန်း - ၆၀
ရွှမ်ချင်းတက္ကသိုလ် ကျောင်းတွင်းပြိုင်ပွဲ၏ စပွန်ဆာမှာ ချန်းမင်၏ မိသားစုလုပ်ငန်း ဖြစ်သည်။
ဤသတင်းမှာ ရွှမ်ချင်းတက္ကသိုလ်အတွင်း တောမီးပမာ ပျံ့နှံ့သွားတော့သည်။ ပြိုင်ပွဲဝင် ကျောင်းသားအများအပြားက ဤပြိုင်ပွဲ၏ တရားမျှတမှုအပေါ် သံသယဝင်လာကြသည်။
ချန်းမင်မှာမူ ရှီလဲ့ကို အရိုးထိအောင် နာကျည်းသွားပြီး သူ့ကို အမှုန့်ခြေပစ်ချင်စိတ်များ ပေါက်နေတော့သည်။
ပြိုင်ပွဲဝင်များ၏ စိုးရိမ်မှုများ မြင့်တက်လာသည်ကို မြင်သောအခါ ကွန်ပျူတာသိပ္ပံဌာန၏ ဒုတိယဌာနမှူး ပရော်ဖက်ဆာရှက အရေးပေါ် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။ ပရော်ဖက်ဆာ ရှ က ကျောင်းတွင်းပြိုင်ပွဲသည် တရားမျှတမှု၊ ဘက်မလိုက်မှုနှင့် ပွင့်လင်းမြင်သာမှုရှိရန် အာမခံကြောင်းနှင့် ကိုယ်ကျိုးအတွက် လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်မှုများ လုံးဝရှိမည်မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
ဤကြေညာချက်ကို ကျောင်းရေဒီယိုမှတစ်ဆင့် ပထမဆုံး ထုတ်လွှင့်ခဲ့သည်။ နားချိန်အတွင်း၌လည်း ကျောင်းသားအများစု သိရှိစေရန် အချိန်ကွာခြားပြီး သုံးကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ ထုတ်လွှင့်ပေးခဲ့သည်။ ထို့အပြင် ရွှမ်ချင်းတက္ကသိုလ်၏ ကျောင်းဖိုရမ်တွင်လည်း ထိုကြေညာချက်ကို စာလုံးအနီဖြင့် ရှေ့ဆုံးစာမျက်နှာ၌ ကပ်ထားပေးခဲ့သည်။
အဆောင်ခန်းထဲတွင် ရှီလဲ့သည် ဖိုရမ်ပေါ်ရှိ ပို့စ်ကို ကြည့်ကာ ရင်ထဲမှ လှောင်ရယ်နေမိသည်။
ချန်းမင်က သူ့ကို အကောက်ကြံရဲမှတော့ ရှီလဲ့ကလည်း အားနာနေမည်မဟုတ်ပေ။
သူသည် ကွန်ပျူတာကို ထိန်းချုပ်ကာ အများသုံးဆာဗာသို့ ချိတ်ဆက်လိုက်သည်။ ရှီလဲ့သည် သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၏ အမည်ကို အသုံးချကာ ကျောင်း ဖိုရမ် ကို နောက်တစ်ကြိမ် ထပ်မံဟက်လိုက်ပြန်သည်။
သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ သူရဲကောင်းများမှာမူ ဤကဲ့သို့ အပြစ်တင်ခံရခြင်းကို စိတ်ထဲထားမည်မဟုတ်ဘဲ ဝန်ပင်ခံကြဦးမည်ဟု ရှီလဲ့က ယုံကြည်နေသည်။
ကျောင်းဖိုရမ် ရှိ အချက်အလက်အားလုံးကို ဖျက်ဆီးပြီးနောက် ရှီလဲ့သည် သူ၏လက်ထဲတွင်ရှိသော သက်သေများကို ရှေ့ဆုံးစာမျက်နှာ၌ တိုက်ရိုက် တင်လိုက်သည်။ ၎င်းမှာ ချန်းမင်၏ ကျူကျူချက် ထဲတွင် သူကိုယ်တိုင် ပြိုင်ပွဲ၌ အနိုင်ရရှိသူ ဖြစ်ချင်ကြောင်း ပြောထားသည့် အချက်ပင် ဖြစ်သည်။
ထို စခရင်ရှော့ကို တင်ပြီးနောက် ရှီလဲ့သည် သိပ္ပံနှင့် နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦး၏ လေသံဖြင့် ဆောင်းပါးတစ်ပုဒ်ကိုပါ ရေးသားလိုက်သည်။
“ရွှမ်းချင့်တက္ကသိုလ် ကွန်ပျူတာသိပ္ပံဌာနက ကျောင်းသားတွေဟာ ကိုယ်ကျင့်တရားမရှိဘဲ စည်းမရှိကမ်းမရှိဘူးလို့ ငါ ကြားဖူးတာ ကြာပါပြီ။ အစကတော့ ဒါဟာ ကောလာဟလလို့ပဲ ထင်ခဲ့တာ၊ အခုတော့ တကယ်ပဲဆိုတာ တွေ့လိုက်ရပြီ။ကွန်ပျူတာသိပ္ပံဌာနက ချန်းမင်... မင်းရဲ့ ကွန်ပျူတာကို ဟက်ခဲ့တဲ့ ဟက်ကာကြီးက ငါပဲ...ဘာလို့ ဟက်တာလဲလို့ မေးရင်တော့... ငါ မတော်တဆ ဝင်ကြည့်မိတာလို့ပဲ ပြောပါရစေ... အဲဒီမှာ မင်းရဲ့ ကိုယ်ကျင့်တရားမရှိတဲ့ စာတွေကို တွေ့လိုက်ရပြီး မင်းက အနိုင်ရသူဖြစ်ချင်နေတယ်ဆိုတာ သိလိုက်ရတယ်..ငါ ဒါကို မကြည့်ရက်လို့ မင်းကို တမင်အကောက်ကြံလိုက်တာပဲ။ အမှန်အတိုင်းပြောရရင် ချန်းမင်... ငါ မင်းကို ချီးကျူးပါတယ်။ မင်းက ငါ့လက်ထဲမှာ အရှုံးမပေးဘဲ မင်းအပြစ်ကင်းကြောင်း သက်သေတွေ အများကြီး ရှာပြနိုင်ခဲ့တယ်လေ။ နှမြောစရာပဲ၊ နှမြောစရာပဲ မင်းက ကိုယ်ကျင့်တရားမရှိတဲ့ အမှိုက်ကောင်ဖြစ်ရုံတင်မကဘဲ မင်းရဲ့ အတန်းဖော်ကိုတောင် ပြန်ပြီး အကောက်ကြံရဲသေးတယ်ပေါ့။ ငါ ဆက်ပြီး သည်းမခံနိုင်တော့လို့ မင်းရဲ့ ရုပ်ဆိုးလှတဲ့ မျက်နှာဖုံးကို ထပ်ခွာပေးလိုက်တာပဲ။ ငါ့ကို လက်စားချေချင်ရင်တော့ ငါ့နာမည်ကိုလည်း မပြောင်းဘူး၊ မျိုးရိုးလည်း မပြောင်းဘူး၊ ငါ့နာမည်က ‘ချန်းမင်’ ပဲ ငါ့ကို လက်စားချေဖို့ မြန်မြန်လာရှာလိုက်ပါ၊ ငါ စောင့်နေမယ် ချန်းမင် အမှိုက်ကောင်”
ရွှမ်းချင့်တက္ကသိုလ်၏ ဖိုရမ်မှာ ထပ်မံ အတိုက်ခိုက်ခံရပြန်ပြီ။
သတင်းကြားသော ကျောင်းသားများမှာ ဖိုရမ်သို့ လာရောက်ကာ ကြည့်ရှုကြသည်။ မကြာသေးမီက ကျောင်းဖိုရမ် တွင် ပေါက်ကွဲထွက်မည့် သတင်းများ များပြားလွန်းလှသည်။ ဤသည်မှာ ပျင်းရိဖွယ်ကောင်းသော တက္ကသိုလ်ဘဝကို အဆုံးမဲ့ ပျော်ရွှင်စရာများဖြင့် ပြည့်နှက်သွားစေသည်။
ချန်းမင်လည်း ဤသတင်းကို ရရှိသည်မှာ သေချာသည်။ သူ ကျောင်း ဖိုရမ်ပေါ်ရှိ ပို့စ်ကို မြင်လိုက်ရသည့်အခါ မျက်လုံးများ ပြာသွားကာ မူးမေ့လဲကျသွားတော့သည်။
ရှီလဲ့က မွန်းတည့်အစီအစဉ်တွင် ပါဝင်ခဲ့ခြင်းကပင် ချန်းမင်ကို ယုံကြည်မှု ပျက်ပြားစေခဲ့ပြီး ဖြစ်သည်။ ယခု ဖိုရမ်ပေါ်တွင် ထပ်မံ ပေါက်ကြားလာသော သတင်းများကြောင့် ချန်းမင်၏ အခြေအနေမှာ လမ်းမပေါ်မှ ကြွက်တစ်ကောင်ကဲ့သို့ လူတိုင်း၏ ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံရမည့် အခြေအနေသို့ ဆိုက်ရောက်သွားသည်။
ချန်းမင်၏ အမာခံနောက်လိုက်ဖြစ်သော၊ သူနှင့် တစ်ဆောင်တည်းနေသည့် ဝမ်ပေါ်ပင်လျှင် ချန်းမင်နှင့် ခပ်ကွာကွာနေရန် စဉ်းစားလာတော့သည်။
ရှီလဲ့က ဆက်လက်မတိုက်ခိုက်တော့သဖြင့် ကျောင်း၏ ဆာဗာအုပ်ချုပ်သူက ဖိုရမ်ကို ခဏချင်းအတွင်း ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်နိုင်ခဲ့သည်။ သို့သော်လည်း အခြေအနေကို ပိုပြီး ဆိုးအောင်လုပ်ချင်သော ကျောင်းသားအချို့က ရှီလဲ့၏ ပို့စ်ကို ရိုက်ကာ ပုံမှန်ပြန်ဖြစ်သွားသော ဖိုရမ်ပေါ်သို့ ထပ်မံ တင်လိုက်ကြပြန်သည်။
ရှီလဲ့သည် ထိုပို့စ်များကို လှန်လှောကြည့်ရင်း အလွန်ပင် ပျော်ရွှင်နေမိသည်။
ကျောင်းဆေးခန်းတွင် သတိပြန်ရလာပြီးနောက် ချန်းမင်သည် အဆောင်သို့ ချက်ချင်းပြန်ကာ ဖိုရမ်ပေါ်သို့ တက်လိုက်သည်။ သူသည် သူ၏ နာမည်ရင်းကို အသုံးပြုကာ ရှီလဲ့ကို စိန်ခေါ်သည့် ပို့စ်တစ်ခု တင်လိုက်သည်။
“ရှီလဲ့... ပြီးခဲ့တဲ့တစ်ခေါက်က တို့တွေ ကျောင်းတွင်းပြိုင်ပွဲမှာ အလောင်းအစား လုပ်ခဲ့ကြတယ်...အခု လောင်းကြေးကို ထပ်တိုးရဲလား..အခု တို့တွေက အစမှတ်တစ်ခုတည်းမှာပဲ ရှိနေကြတာ၊ ငါ့ကို တရားမျှတစွာ ယှဉ်ပြိုင်ရဲလား...ရှုံးတဲ့လူက ရွှမ်ချင်းတက္ကသိုလ်ကနေ ထွက်ရမယ်.. ပြီးတော့ ရှီလဲ့... မင်း ပြီးခဲ့တဲ့တစ်ခေါက်က ပြောခဲ့တာကို ငါ မှတ်ထားတုန်းပဲ...မင်းက နာမည်ကြီး ကုမ္ပဏီတွေကို ပြိုင်ပွဲမှာ ဒိုင်အဖြစ် ပါဝင်ဖို့ ဖိတ်ခေါ်မယ်ဆိုလား အဲဒါက ကြွားလုံးထုတ်နေတာလားဆိုတာ ငါ သိချင်တယ်”
ချန်းမင်၏ ဤပို့စ် မှာ ချက်ချင်းပင် အာရုံစိုက်မှု အများအပြား ရရှိသွားသည်။ ဖိုရမ်အုပ်ချုပ်သူ ကျောင်းသားကပင် ချန်းမင်၏ ပို့စ်ကို အပေါ်ဆုံး၌ ကပ်ထားပေးလိုက်သည်။
ရှီလဲ့သည် ဤ ပို့စ်ကို မြင်သောအခါ အကောင့်အသစ်တစ်ခုဖွင့်ပြီး သူ၏ နာမည်ရင်းဖြင့်ပင် ချန်းမင်ကို ပြန်လည် တုံ့ပြန်လိုက်သည်။
“တိုက်ချင်ရင်လည်း တိုက်ရတာပေါ့”
ဤရိုးရှင်းသော စကားလုံး ခြောက်လုံးမှာ ချန်းမင်အတွက် တိုက်ရိုက် တုံ့ပြန်မှုပင် ဖြစ်သည်။ အပိုစကားများ ပြောနေရန် မလိုပေ။
ချန်းမင်သည် ရှီလဲ့၏ ပြန်စာကို မြင်သောအခါ ရှီလဲ့ဘက်မှ နာမည်ကြီး ကုမ္ပဏီများကို ဖိတ်ခေါ်မည့် သတင်းများ မထွက်ပေါ်လာသေးသည်ကို အခွင့်ကောင်းယူကာ ဆက်တိုက် လှောင်ပြောင်တော့သည်။
ချန်းမင်ကို ထောက်ခံသော အသိဉာဏ်နည်းပါးသူ အချို့ကလည်း ရှီလဲ့ကို ပုပ်ခတ်သည့်အဖွဲ့တွင် ပါဝင်လာကြသည်။ ကျောင်းဖိုရမ်တစ်ခုလုံးမှာ စစ်တလင်းပမာ ဖြစ်နေသော်လည်း ရှီလဲ့ကမူ အနည်းငယ်မျှပင် ဂရုမစိုက်ပေ။
ယနေ့မှာ အောက်တိုဘာ ၁၄ ရက်နေ့သာ ရှိသေးပြီး ကျောင်းတွင်းပြိုင်ပွဲကို အောက်တိုဘာ ၂၅ ရက်နေ့မှ စတင်ဆုံးဖြတ်မည် ဖြစ်သည်။ ဆယ်ရက်ခန့် အချိန်ကျန်သေးသဖြင့် အလျင်စလို လုပ်ရန် မလိုပေ။
မွန်းလွဲပိုင်းတွင် ရှီလဲ့သည် လင်းယွီမော့ထံသို့ စာပို့ကာ သူ အလုပ်ရှိသဖြင့် ညစာ အတူမစားနိုင်ကြောင်း ပြောလိုက်သည်။ လင်းယွီမော့ကလည်း နားလည်ပေးကာ ရပါသည်ဟု ပြန်ဖြေသည်။ ဘာပဲဖြစ်ဖြစ် သူတို့၏ ဆက်ဆံရေးမှာ တကယ့် ချစ်သူရည်းစားများ မဟုတ်ကြသေးပေ။
ဂျင်းယာဥယျာဉ်သို့ ပြန်ရောက်သောအခါ ရှီလဲ့သည် သူ၏ အီးမေးလ်ကို စစ်ဆေးလိုက်ရာ ချန်းယွဲ့ ထံမှ မေးလ်တစ်စောင် ရောက်နေသည်ကို တွေ့ရသည်။ ယဲ့ဖုန်းနှင့် အခြားသုံးဦးအတွက် ဗွိုက်စင်ID ကတ်များ အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်းနှင့် စီးပွားရေးလေ့လာရေးအဖွဲ့မှာလည်း ရွှမ်ချင်းမြို့သို့ လာရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုအဖွဲ့သည် မနက်ဖြန် မနက် ၁၀ နာရီတွင် ရွှမ်ချင်းမြို့သို့ ရောက်ရှိမည်ဖြစ်သည်။ မေးလ်၏ နောက်ဆုံးတွင် အဖွဲ့ဝင် နှစ်ဦး၏ အမည်စာရင်းကိုလည်း ပူးတွဲပေးပို့ထားသည်။
ရွှမ်းချင့်မြို့သည် ရှနိုင်ငံ၏ အနောက်တောင်ဘက်ရှိ အကြီးဆုံး နိုင်ငံတကာမြို့ကြီးဖြစ်ရာ ဗွိုက်စင်သို့ တိုက်ရိုက် လေကြောင်းခရီးစဉ်များ ရှိနေသည်။
ညဘက်တွင် အိုးရန်ရှန်း အိမ်သို့ အချိန်မှန် ပြန်ရောက်လာခြင်းက ရှီလဲ့ကို အနည်းငယ် ထူးဆန်းစေသည်။
“အိုးရန်ရှန်း... မင်းတို့ အထူးအမှုစစ်အဖွဲ့က မကြာသေးခင်က ယဲ့ဖုန်းရဲ့ အမှုကို ကိုင်နေတာ မဟုတ်လား.. အချိန်ပို ဆင်းစရာ မလိုဘူးလား” ဟု ရှီလဲ့က စူးစမ်းစွာ မေးလိုက်သည်။ အမှုဖြစ်ပွားသည့် ပထမဆုံးနေ့တွင် အိုးရန်ရှန်းမှာ မိုးလင်းခါနီးအထိ အချိန်ပိုဆင်းခဲ့ရသည်။ ပြီးခဲ့သည့် နှစ်ရက်အတွင်း ရဲတပ်ဖွဲ့က လျှော့ပေါ့ပေးလိုက်ခြင်းများလား။
အိုးရန်ရှန်း၏ တည်ကြည်သော မျက်နှာမှာ အမူအရာမပျက်ဘဲ “လောလောဆယ် ဘာသဲလွန်စမှ မရှိသေးလို့ ဌာနက သိပ်မအားသေးဘူး.. ငါ သွားပြီး ညစာ ချက်လိုက်ဦးမယ်... နင်ပဲ ဆော့နေလိုက်တော့၊ ပြီးရင် ငါ လှမ်းခေါ်မယ်” ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် အိုးရန်ရှန်းသည် အခန်းထဲဝင်ကာ အိမ်နေဝတ်စုံလဲပြီး ညစာပြင်ဆင်ရန် ထွက်သွားသည်။
ရှီလဲ့သည် အိုးရန်ရှန်း၏ ကျောပြင်ကို ကြည့်ကာ တစ်စုံတစ်ခုကို စဉ်းစားနေမိသည်။
‘မဟုတ်သေးဘူး အိုးရန်ရှန်း ဘာဖြစ်နေတာလဲ’ ရှီလဲ့ မျက်မှောင်ကြုတ်ကာ အခန်းထဲသို့ ပြန်ဝင်ခဲ့သည်။ သူသည် တံခါးကို ဂျက်ထိုးလိုက်ပြီး ကုတင်ပေါ်တွင် လှဲကာ စဉ်းစားနေတော့သည်။
‘အိုးရန်ရှန်း ငါ့ကို ကြည့်တဲ့ အကြည့်တွေက ထူးဆန်းနေတယ် ငါ သူမကို ဘဏ်မှာ ယဲ့ဖုန်းလက်ကနေ ကယ်ခဲ့တယ်၊ ပြီးတော့ ရဲစခန်းကိုလည်း ညစာ သွားပို့ပေးခဲ့သေးတယ်... သူမ ငါ့ကို ဒီလို အကြည့်မျိုးနဲ့ မကြည့်သင့်ဘူး’
ရှီလဲ့ သေသေချာချာ စဉ်းစားကြည့်သည်။ အိုးရန်ရှန်း၏ အကြည့်များ ဘာကြောင့် ပြောင်းလဲသွားရသနည်း။
‘ဒါမှမဟုတ်... သွားပြီ’ ရှီလဲ့ ကြောက်စရာကောင်းသော အချက်တစ်ခုကို တွေးမိသွားပြီး မျက်နှာ ပျက်သွားသည်။ ‘အိုးရန်ရှန်းက ငါ ယဲ့ဖုန်းကို ကူညီနေတာ သိသွားတာများလား’
‘မဖြစ်နိုင်ဘူး အိုးရန်ရှန်း သိစရာ အကြောင်းမရှိဘူး...သူမရဲ့ စရိုက်အရ ငါ ယဲ့ဖုန်းကို ကူညီနေမှန်း သိရင် ငါ့ကို လုံးဝ လွှတ်ထားမှာ မဟုတ်ဘူး’ ရှီလဲ့က သူ၏ ထင်မြင်ချက်ကို ပြန်လည် ငြင်းပယ်လိုက်သည်။ အိုးရန်ရှန်းမှာ တရားမျှတမှုကို မြတ်နိုးသော ရဲအရာရှိတစ်ဦး ဖြစ်သည်မှာ သေချာသည်။
အကယ်၍ သူမသာ ရှီလဲ့ ယဲ့ဖုန်းကို ကူညီနေမှန်း တကယ်သိခဲ့လျှင် ရှီလဲ့ကို ဘယ်တော့မှ ဖုံးကွယ်ပေးထားမည် မဟုတ်ပေ။ အနည်းဆုံးတော့ လက်ရှိ သူတို့၏ ဆက်ဆံရေးအရ သူမသည် ထိုသို့လုပ်မည် မဟုတ်ပါ။
‘ကြည့်ရတာ ရဲတပ်ဖွဲ့က တစ်ခုခုကို သံသယဝင်နေပြီး ငါ့ကို စောင့်ကြည့်နေတာ ဖြစ်မယ်’ ရှီလဲ့ သက်ပြင်းချကာ ဆာဗာနံပါတ် (၁) ရှေ့တွင် ထိုင်လိုက်သည်။ သူသည် ချန်းယွဲ့ထံသို့ မေးလ်ပြန်လိုက်ပြီး စီးပွားရေးအဖွဲ့ ရွှမ်ချင်းမြို့သို့ ရောက်သည်နှင့် ဗွိုက်စင်သို့ ပြန်မည့် လေယာဉ်ပေါ်သို့ ချက်ချင်း တက်ခိုင်းလိုက်သည်။ ဗီဇာကိစ္စကိုမူ ရှီလဲ့က ကိုင်တွယ် ဖြေရှင်းပေးမည် ဖြစ်သည်။
ညစာစားချိန်အတွင်း အခြေအနေမှာ အနည်းငယ် တင်းမာနေသည်။ အိုးရန်ရှန်းက ခေါင်းငုံ့စားနေပြီး ရှီလဲ့ကလည်း သူမကို မစနောက်တော့ပေ။ နှစ်ဦးသား စားသောက်ပြီးနောက် ရှီလဲ့ သူ၏ အခန်းထဲသို့ ပြန်ဝင်ခဲ့သည်။
မီးဖိုချောင်ထဲတွင်မူ အိုးရန်ရှန်း ဖုန်းဖြေနေသည်။
“အိုးရန်ရှန်း... ဘာများ ထူးခြားလဲ.. ရှီလဲ့ ဆီမှာ တစ်ခုခု မသင်္ကာစရာ တွေ့လား” ဖုန်းထဲမှ တိုက်ကွမ်ဟွာ၏ အသံ ထွက်ပေါ်လာသည်။ သူသည် ရှီလဲ့ကို အမြဲတမ်း သံသယဝင်နေသူ ဖြစ်သည်။
အိုးရန်ရှန်းက တိုးတိုးလေး ပြန်ပြောလိုက်သည်မှာ “ညွှန်ကြားရေးမှူး တိုက်... ရှီလဲ့ဆီမှာ ဘာမှ ထူးခြားတာ မရှိပါဘူး.. ကျွန်မ နားမလည်တာက ရှင် ဘာလို့ သူ့ကို ဒီလောက် သံသယဝင်နေရတာလဲ...သူက ရွှမ်ချင်းတက္ကသိုလ်က ပထမနှစ် ကျောင်းသားလေး တစ်ယောက်ပဲလေ”
တိုက်ကွမ်ဟွာက တည်ငြိမ်စွာဖြင့် “အိုးရန်ရှန်း.. ငါ ပြောမယ်၊ နင် လုပ်ရမှာက ရှီလဲ့ကို စောင့်ကြည့်ဖို့ပဲ.. သူ့ဆီမှာ တစ်ခုခု ထူးခြားတာနဲ့ ဌာနကို ချက်ချင်း သတင်းပို့ပါ” ဟု ဆိုသည်။
အိုးရန်ရှန်း၏ မျက်လုံးများထဲတွင် အားကိုးရာမဲ့သည့် အရိပ်အယောင်များ ပေါ်လာသည်။ “နားလည်ပါပြီ၊ ညွှန်ကြားရေးမှူး တိုက်”
ရှီလဲ့၏ အခန်းထဲတွင်မူ သူသည် ဆာဗာနံပါတ် (၁) မှတစ်ဆင့် ဗွိုက်စင်၏ စူပါကွန်ပျူတာ ယန် ဆီသို့ ချိတ်ဆက်လိုက်သည်။ ထို့နောက် တိုကျိုမြို့ ဟာနီဒါ လေဆိပ်မှ ရွှမ်ချင်းမြို့သို့ ပျံသန်းမည့် တိုက်ရိုက် လေကြောင်းခရီးစဉ်များကို ရှာဖွေတော့သည်။
စီးပွားရေးအဖွဲ့သည် မနက် ၁၀ နာရီတွင် ရောက်ရှိမည်ဖြစ်ရာ သူတို့ လက်မှတ်ဝယ်ပြီးသား ဖြစ်သည်မှာ သေချာသည်။ ရှီလဲ့သည် ေလေေကြာင်းလိုင်း၏ စနစ်ထဲသို့ ဟက်ကာ သူတို့၏ ခရီးစဉ်မှတ်တမ်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော် သူ ယခုဘာမှ မလုပ်သေးပေ။
ထိုအဖွဲ့ ရွှမ်ချင်းမြို့သို့ ရောက်သည့်အခါမှ ရှီလဲ့က မှတ်တမ်းများကို ပြုပြင်မည် ဖြစ်သည်။ သူတို့သည် လက်မှတ် ၆ စောင် ဝယ်ယူထားသော်လည်း လက်တွေ့တွင် ၂ ဦးသာ လာမည် ဖြစ်သည်။ ထို့နောက် သူတို့က ယဲ့ဖုန်း၊ ချန်းယွဲ့တို့နှင့်အတူ ဗွိုက်စင်သို့ ပြန်ကြမည် ဖြစ်သည်။
ရှီလဲ့သည် လေကြောင်းလိုင်းနှင့် လူဝင်မှုကြီးကြပ်ရေးဌာန၏ စနစ်များတွင် လျှို့ဝှက်လမ်းကြောင်း တစ်ခု ပြုလုပ်ထားပြီး ဖြစ်ရာ မနက်ဖြန်တွင် အချက်အလက်များကို အလွယ်တကူ ပြုပြင်နိုင်မည် ဖြစ်သည်။ ထို့နောက် သူသည် ရွှမ်ချင်းမြို့ရှိ ပေယွီအပြည်ပြည်ဆိုင်ရာ လေဆိပ်၏ အတွင်းပိုင်းစနစ်ထဲသို့ ဝင်ကာ လူဝင်မှုကြီးကြပ်ရေးဌာနကို ရှာဖွေလိုက်သည်။
ဗွိုက်စင် စီးပွားရေးအဖွဲ့တွင် လူ ၂ ဦး ပါလာသော်လည်း အထောက်အထား ၆ ခု ပါလာသဖြင့် ရှီလဲ့အနေဖြင့် လူဝင်မှုကြီးကြပ်ရေးဌာန၏ စနစ်ကို ပြုပြင်ရန် လိုအပ်သည်။
စူပါကွန်ပျူတာ ယန် မရှိလျှင် ရှီလဲ့အနေဖြင့် လူဝင်မှုကြီးကြပ်ရေးစနစ်ကို ဟက်ရန် ယုံကြည်ချက် ရှိမည်မဟုတ်ပေ။ သို့သော် ယန်နှင့်ဆိုလျှင်မူ ၎င်းမှာ ခက်ခဲသော အလုပ်မဟုတ်တော့ပေ။
လေဆိပ် လူဝင်မှုကြီးကြပ်ရေးစနစ်တွင် လျှို့ဝှက်လမ်းကြောင်း ပြုလုပ်ပြီးနောက် ရှီလဲ့ စိတ်အေးချမ်းစွာ အိပ်စက်လိုက်တော့သည်။
အောင်မြင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းမှာ ဤအချက်အပေါ်တွင် မူတည်နေသည်။
အကယ်၍ ယဲ့ဖုန်း လွတ်မြောက်သွားပါက ရှီလဲ့၏ စီမံကိန်းများ အောင်မြင်စွာ ဆက်လက် အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။
အကယ်၍ ယဲ့ဖုန်း အဖမ်းခံရပါက ရှီလဲ့အတွက် ပြဿနာမရှိနိုင်သော်လည်း သူ၏ စီမံကိန်းများမှာမူ ကြန့်ကြာသွားပေလိမ့်မည်။