အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
အခန်း - ၆၁
နောက်တစ်နေ့ နံနက် ၈ နာရီတွင် ရှီလဲ့ နိုးလာခဲ့သည်။
တိုကျိုမြို့မှ ရွှမ်ချင်းမြို့သို့ အောဒေးလေကြောင်းလိုင်း ဖြင့် ပျံသန်းသည့် ခရီးစဉ်မှာ ၆ နာရီကျော်သာ ကြာမြင့်သည်။
ချန်းယွဲ့၏ လူများမှာ ရွှမ်ချင်းမြို့ ပေယွီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် ၁၀ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ရာ ၎င်းတို့သည် ၈ နာရီကတည်းက လေယာဉ်ပေါ်တွင် ရှိနေသင့်ပြီဖြစ်သည်။
ရှီလဲ့ မနက်စာမစားတော့ဘဲ ဆာဗာနံပါတ် (၁) မှတစ်ဆင့် စူပါကွန်ပျူတာ ယန် ကို အသုံးပြုကာ ဟာနီဒါ လေဆိပ်စနစ်ထဲသို့ ဝင်ရောက်ပြီး အောဒေးလေကြောင်းလိုင်း၏ ခရီးသည်မှတ်တမ်းများကို ပြောင်းလဲလိုက်သည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးစနစ်ကို ဟက်ကာ စီးပွားရေးကိုယ်စားလှယ်အဖွဲ့၏ အချက်အလက်များကို ရှာဖွေသည်။ အမှန်တကယ် ပျံသန်းလာသော လူနှစ်ဦး၏ မှတ်တမ်းနောက်တွင် ယဲ့ဖုန်းနှင့် အခြားသုံးဦး၏ ထွက်ခွာမှုမှတ်တမ်းများကိုပါ ပူးတွဲထည့်သွင်းလိုက်တော့သည်။
ထို့နောက် ရှီလဲ့သည် ပေယွီလေဆိပ်၏ အတွင်းပိုင်းစနစ်သို့ ဝင်ရောက်ကာ တိုက်ရိုက်ခရီးစဉ်များ ကြန့်ကြာမှု ရှိ၊ မရှိ စစ်ဆေးနေသည်။
ထိုအချိန်တွင် အိုးရန်ရှန်းမှာ ဧည့်ခန်းထဲတွင် ရှိနေ၏။
၈ နာရီကျော်သွားပြီဖြစ်သော်လည်း အိုးရန်ရှန်း အလုပ်မသွားသေးချေ...
သူမသည် ရှီလဲ့၏ အခန်းတံခါးနှင့် ဖိနပ်များကို အမူအရာမရှိဘဲ စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လာသည်။
"ရှီလဲ့... ရှီလဲ့... နင်နဲ့ ယဲ့ဖုန်းနဲ့ တကယ်ပဲ ပတ်သက်နေတာလား...အကယ်၍ နင်သာ ဘဏ်ဓားပြတိုက်မှုမှာ တကယ်ပါဝင်ပတ်သက်ပြီး ယဲ့ဖုန်းနဲ့ တစ်ဖွဲ့တည်းဆိုရင်တော့ ငါ နင့်ကို လုံးဝခွင့်လွှတ်မှာမဟုတ်ဘူး"
ရှီလဲ့မှာမူ အိုးရန်ရှန်း အပြင်တွင် ရှိနေသည်ကို မသိဘဲ သူမ အလုပ်သွားပြီဟုသာ ထင်နေခဲ့သည်။
အချိန်များမှာ တစ်စက္ကန့်ချင်းစီ ကုန်ဆုံးသွားသည်။
ရှီလဲ့ရော အိုးရန်ရှန်းပါ မိနစ်တိုင်း၊ စက္ကန့်တိုင်းမှာ နာကျင်ဖွယ်ရာ စောင့်ဆိုင်းမှုဖြစ်ကြောင်း ခံစားနေရသည်။
ပေယွီမြို့တွင်မူ ချန်းယွဲ့သည် SUV ကားတစ်စီးကို မောင်းနှင်ကာ လေဆိပ်သို့ ဦးတည်နေသည်။ ရှေ့ခန်းတွင် မည်သူမျှမရှိဘဲ ယဲ့ဖုန်းနှင့် အခြားသုံးဦးမှာ နောက်ခန်းတွင် ထိုင်နေကြသည်။
မာလျန် က တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။ "ခေါင်းဆောင်... တို့တွေ တကယ်ပဲ ဗွိုက်စင်ကို သွားကြမှာလား"
ရှနိုင်ငံသားတစ်ဦးအနေဖြင့် မာလျန်သည် ဗွိုက်စင်နိုင်ငံအပေါ် အမြင်မကြည်လင်သလို ထိုနိုင်ငံ၏ နိုင်ငံသားဖြစ်လာရန်မှာလည်း သူ၏ဆန္ဒမဟုတ်ချေ။
ယဲ့ဖုန်းက တည်ငြိမ်စွာ ခေါင်းညိတ်ပြသည်။ "တို့တွေ သွားမှဖြစ်မယ်... ဒီတစ်ခါတော့ တို့တွေ အကန့်အသတ်ထက် ကျော်လွန်သွားခဲ့ပြီ"
ကျန်းစန်းဖောင်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် "ခေါင်းဆောင်... ဘာလို့လဲ.. ဒီတစ်ခါ ဘယ်မှာ အကန့်အသတ်ကျော်သွားလို့လဲ.. တို့တွေ ဓားစာခံတစ်ယောက်ကိုမှ မထိခိုက်ခဲ့ဘူးလေ.. ဘယ်လိုလုပ် အကန့်အသတ်ကျော်သွားရတာလဲ" ဟု မေးသည်။
မာလျန်က ဘာမှမပြောသော်လည်း သူ၏မျက်လုံးများက ကျန်းစန်ေဖာင်၏စကားကို ထောက်ခံနေသည်။
ယဲ့ဖုန်းက နှာခေါင်းရှုံ့လိုက်ကာ "မင်းတို့ တကယ်ရိုးလွန်းတာပဲ...ဟေးကျန်းမြို့မှာ တို့တွေ လူ ၅၀ ကျော် သတ်ခဲ့ဖူးပေမဲ့ အဲဒီလူတွေထဲမှာ ဘယ်သူကများ သေထိုက်တဲ့လူ မဟုတ်လို့လဲ... ရဲတွေက တို့ကို နိုင်ငံတော်အဆင့် အလိုရှိတဲ့ ရာဇဝတ်သားတွေအဖြစ် စာရင်းသွင်းထားပေမဲ့ တကယ်တမ်း ဖမ်းဖို့ ကြိုးစားခဲ့ကြလို့လား...နောက်ထပ် မင်းတို့မသိတဲ့ အချက်တစ်ခုရှိသေးတယ်...တို့ရဲ့ တပ်မှူးဟောင်းက ငါ့ကို ဖုန်းဆက်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့နဲ့ အကန့်အသတ်ကျော်မသွားခင် ရပ်တန့်ဖို့ သတိပေးခဲ့ဖူးတယ်"
မာလျန်နှင့် ကျန်းစန်းဖောင်တို့ မျက်မှောင်ကြုတ်ကာ စဉ်းစားကုန်ကြသည်။ ၎င်းတို့မှာ လူအများ မဟုတ်ကြချေ။
"ဟေးကျန်းမြို့ကိစ္စမှာ တပ်မှူးဟောင်း ကြားဝင်ပေးခဲ့လို့သာ တို့တွေ ဒီလို လွတ်လွတ်လပ်လပ် နေနိုင်ခဲ့တာ" ယဲ့ဖုန်းက သက်ပြင်းချကာ "ဒီတစ်ခါတော့ တို့တွေက ဓားတွေ၊ သေနတ်တွေနဲ့ ဘဏ်ကို ဗြောင်ကျကျ ဓားပြတိုက်ခဲ့တာ...အရင်က ခွင့်လွှတ်လို့ရနိုင်တဲ့ အခြေအနေကနေ အခုတော့ တက်ကြွစွာ ပြစ်မှုကျူးလွန်သူတွေ ဖြစ်သွားပြီ...ရဲတွေက တို့ကို အလွယ်တကူ လွှတ်ပေးမှာမဟုတ်ဘူး... တို့ကိုဖမ်းဖို့ နည်းလမ်းပေါင်းစုံ သုံးကြလိမ့်မယ်"
ယဲ့ဖုန်းသည် သူ၏ဘေးတွင် အိပ်ပျော်နေသော ဒန်ရှောင်လင်း ကို ကြင်နာစွာ ကြည့်လိုက်ပြီးနောက် မာလျန်နှင့် ကျန်းစန်းဖောင်ကို အားနာစွာ ကြည့်သည်။
"ငါ့ညီအစ်ကိုတို့... ငါ့ကြောင့် မင်းတို့ပါ ပတ်သက်ကုန်ပြီ...နောင်ဘဝဆိုတာ ရှိခဲ့ရင် ငါ ယဲ့ဖုန်း မင်းတို့ရဲ့ကျေးဇူးကို အကြေပြန်ဆပ်ပါ့မယ်"
မာလျန်က ခပ်မြန်မြန်ပင် "ခေါင်းဆောင်... စစ်မြေပြင်မှာ ခေါင်းဆောင်နဲ့ ဗိုလ်ကြီးဒန်ခိုင်တို့သာ မရှိခဲ့ရင် ကျွန်တော့်အသက် ဆုံးရှုံးခဲ့တာ အကြိမ်ကြိမ်ပဲ...ကျေးဇူးဆပ်ရမယ်ဆိုရင် ကျွန်တော် ဘယ်တော့မှ ဆပ်လို့ကုန်မှာမဟုတ်ဘူး" ဟု ဆိုသည်။
ကျန်းစန်းဖောင်ကလည်း "ခေါင်းဆောင်... တို့တွေဟာ တစ်သက်လုံး ညီအစ်ကိုတွေပဲ... အတူတူ ခံစားမယ်၊ အတူတူ စံစားမယ်...တို့တွေ တစ်နေ့တည်း မမွေးခဲ့ပေမဲ့ တစ်နေ့တည်း အတူတူ သေချင်ကြတာပါ" ဟု ပြောလိုက်သည်။
ယဲ့ဖုန်းမှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ထိန်းမရအောင် ကျလာတော့သည်။ ယောက်ျားတွေ အလွယ်တကူ မျက်ရည်မကျဘူးဆိုတာ ရင်ထဲထိအောင် မခံစားရသေးလို့သာ ဖြစ်ပေလိမ့်မည်။
"ကောင်းပြီ အတူတူ စံစားမယ်၊ အတူတူ ခံစားမယ်... တစ်နေ့တည်း မမွေးခဲ့ပေမဲ့ တစ်နေ့တည်း အတူတူ သေကြတာပေါ့"
မောင်းသူနေရာတွင် ထိုင်နေသော ချန်းယွဲ့၏ လှပသောမျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ "ယဲ့ဖုန်း၊ မာလျန်၊ စန်းဖောင်... နင်တို့ရဲ့ နာမည်အသစ်တွေကို မှတ်မိကြရဲ့လား"
ယဲ့ဖုန်းက ကျွမ်းကျင်သော ဂျပန်ဘာသာဖြင့် "ချန်းယွဲ့... ကျွန်တော့်နာမည်က ဖုန်းဟွာယဲ့ဖုန်း ပါ..တွေ့ရတာ ဝမ်းသာပါတယ်" ဟု နှုတ်ဆက်သည်။
ယခင် အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သော ယဲ့ဖုန်းသည် ဂျပန်ဘာသာသာမက အင်္ဂလိပ်ဘာသာကိုပါ ကျွမ်းကျင်သူဖြစ်သည်။ သူ၏ အနာဂတ်မှာ တောက်ပနေသင့်သော်လည်း ကံကြမ္မာက မျက်နှာသာ မပေးခဲ့ချေ။
မာလျန်နှင့် ကျန်းစန်းဖောင်တို့မှာ ဂျပန်ဘာသာ မကျွမ်းကျင်သော်လည်း အခြေခံစကားအချို့ကိုမူ ပြောနိုင်ကြသည်။
"ယဲ့ဖုန်း... ရှီလဲ့က ဘာပြဿနာမှ မရှိဘူးလို့ သေချာပေါက် ပြောထားတာလား" ချန်းယွဲ့က စိုးရိမ်နေသည်။ အကယ်၍ လေဆိပ်တွင် အတားခံရပါက ယဲ့ဖုန်းတို့မှာ ထောင်ချောက်ထဲမိသည့် လိပ်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ယဲ့ဖုန်း အသက်ပြင်းပြင်းရှူကာ ဒန်ရှောင်လင်းကို ကြည့်လိုက်သည်။ "ငါ ရှီလဲ့ကို ယုံကြည်တယ် ဒါပေမဲ့ မာလျန်၊ စန်းဖောင်... တို့တွေ တကယ်လို့ အဖမ်းခံရမယ်ဆိုရင် တစ်ခုပဲ တောင်းဆိုချင်တယ်...ရှီလဲ့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လုံးဝမပြောကြပါနဲ့... ရှောင်လင်းအတွက် နောင်ကျရင် သူ့ကိုပဲ အားကိုးရမှာ"
မာလျန်နှင့် ကျန်းးန်းဖောင်တို့က ကန့်ကွက်မှုမရှိဘဲ ခေါင်းညိတ်ကြသည်။
ကားလေးသည် တိတ်ဆိတ်စွာဖြင့် ပေယွီလေဆိပ်သို့ အရှိန်အဟုန်ဖြင့် ပြေးလွှားနေတော့သည်။
နံနက် ၉ နာရီခွဲတွင် ရှီလဲ့သည် ပေယွီလေဆိပ်၏ အတွင်းပိုင်းစနစ်ကို အာရုံစိုက်နေစဉ် ဧည့်ခန်းထဲမှ တိုးတိုးလေး အသံကြားလိုက်ရသည်။
အိုးရန်ရှန်းသည် ကော်ဖီစားပွဲပေါ်မှ ရေဖန်ခွက်ကို မတော်တဆ တိုက်မိသွားခြင်းဖြစ်သည်။
ရှီလဲ့ မျက်မှောင်ကြုတ်လိုက်သည်။ "အိုးရန်ရှန်း အလုပ်မသွားဘူးလား... အိမ်မှာ ဘာလုပ်နေတာလဲ"
အိုးရန်ရှန်းသည် ရှီလဲ့၏ အခန်းတံခါးကို ဂရုတစိုက် ကြည့်လိုက်ပြီးနောက် ရေဖန်ခွက်ကို ပြန်ကောက်လိုက်သည်။
"ရှီလဲ့ ဘာလုပ်နေလဲ မသိဘူး..အခုနက အသံကို သူ ကြားသွားမလား"
ရှီလဲ့ ကီးဘုတ်ပေါ်တွင် လက်တင်ထားရင်း မကောင်းသော အာရုံတစ်ခု ရလာသည်။ "အိုးရန်ရှန်းက ငါ့ကို စောင့်ကြည့်ဖို့ တာဝန်ပေးခံထားရတာလား.. ဒီနေ့ ငါ အိမ်ပြန်လာတော့ တိုက်အောက်မှာ ပိတ်ထားတဲ့ ဗင်ကားတစ်စီး ရှိနေတယ်...မနက်က သွားတုန်းကလည်း ရှိနေတာ...အဲဒါ စောင့်ကြည့်ရေးကားများလား"
ရှီလဲ့၏ မှတ်ဉာဏ်မှာ အလွန်ကောင်းမွန်လှရာ ထိုကဲ့သို့ အသေးစိတ်အချက်အလက်များကိုပါ မှတ်မိနေခြင်းဖြစ်သည်။
"ဒါက ခုနစ်လွှာပဲ၊ ယဲ့ဖုန်းနဲ့ စကားပြောတိုင်း ငါက အသံအလွန်တိုးတယ်။ စောင့်ကြည့်ရေးကား ဆိုရင်တောင် တို့ပြောတာ ကြားနိုင်မှာမဟုတ်ဘူး...သူတို့လက်ထဲမှာ ခိုင်လုံတဲ့ သက်သေရှိရင် ငါ့ကို အခုလောက်ဆို လာဖမ်းပြီး စစ်မေးနေလောက်ပြီ..."
ရှီလဲ့ စိတ်အေးသွားကာ ဂရပ်ဖစ်ဝေါ့စတေရှင်ကို ဖွင့်လိုက်ပြီး အင်တာနက်မှ ဂိမ်းကြီးတစ်ခုကို ရှာဖွေဟန်ဆောင်နေလိုက်သည်။
တိုကျိုမှ ရွှမ်ချင်းသို့ ပျံသန်းသည့် လေယာဉ်မှာ အချိန်မှန်ပင် ဆိုက်ရောက်လာသည်။
ရှီလဲ့သည် ပေယွီလေဆိပ် လူဝင်မှုကြီးကြပ်ရေးဌာန၏ စနစ်ထဲသို့ ဝင်ရောက်ကာ ဗွိုက်စင်စီးပွားရေးကိုယ်စားလှယ်အဖွဲ့မှ လူနှစ်ဦး၏ အမည်စာရင်းကို ရှာဖွေစစ်ဆေးသည်။
နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ရှီလဲ့သည် ယဲ့ဖုန်းနှင့် အခြားသုံးဦး၏ အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးစနစ်ထဲသို့ အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ပြီ ဖြစ်သည်။
ပေယွီအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဗွိုက်စင်ကိုယ်စားလှယ်အဖွဲ့မှ လူလတ်ပိုင်းနှစ်ဦးသည် ချန်းယွဲ့ကို ချိန်းထားသည့်နေရာတွင် တွေ့ဆုံလိုက်ကြသည်။ ထို့နောက် ၎င်းတို့၏ အထောက်အထားစာရွက်စာတမ်းများနှင့် နိုင်ငံကူးလက်မှတ်များကို ချန်းယွဲ့တို့ထံ ခပ်မြန်မြန်ပင် လွှဲပြောင်းပေးအပ်လိုက်သည်။
မနေ့ကတည်းက ချန်းယွဲ့တို့သည် ယဲ့ဖုန်းတို့၏ နာမည်အသစ်များဖြင့် အောဒေးလေကြောင်းလိုင်း ဝဘ်ဆိုက်မှတစ်ဆင့် အပြန်လက်မှတ်များကို ဝယ်ယူထားပြီး ဖြစ်သည်။ ယခုမူ အထောက်အထားစာရွက်စာတမ်းများကို ယူကာ လက်မှတ်များကို ထုတ်ယူရန်သာ လိုတော့သည်။
အောဒေးလေကြောင်းလိုင်းသည် ရွှမ်ချင်းမြို့မှ တိုကျိုသို့ တိုက်ရိုက်ပျံသန်းပြီး အစောဆုံးခရီးစဉ်မှာ ၁၂ နာရီ ၁၀ မိနစ် ဖြစ်ရာ အချိန် တစ်နာရီခွဲခန့်သာ ကျန်တော့သည်။
ယဲ့ဖုန်းတို့သည် အထောက်အထားစာရွက်စာတမ်းများ ရသည်နှင့် အောဒေးလေကြောင်းလိုင်း ကောင်တာသို့ သွားကာ လက်မှတ်ထုတ်ယူပြီး လုံခြုံရေးစစ်ဆေးရန် ပြင်ဆင်ကြသည်။ အစီအစဉ်အရ ယဲ့ဖုန်း ဘဏ်မှ ဓားပြတိုက်လာသော ငွေလေးသန်းကို ကိုယ်စားလှယ်အဖွဲ့ဝင် နှစ်ဦးထံ အပ်နှံလိုက်သည်။ ၎င်းတို့က ထိုငွေများကို ခရီးဆောင်အိတ်များထဲတွင် ထည့်ကာ ကူညီသယ်ဆောင်ပေးမည်ဖြစ်သည်။
ထိုလူနှစ်ဦးမှာ ရွှမ်ချင်းမြို့တွင် တစ်ညအိပ် ကျန်ရစ်မည်ဖြစ်ပြီး ထိုငွေလေးသန်းကို ဗြောင်ကျကျပင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖြစ် ပြောင်းလဲပစ်နိုင်သည်။
ချန်းယွဲ့က ရှေ့မှ ဦးဆောင်ကာ ယဲ့ဖုန်းတို့အုပ်စုကို လူဝင်မှုကြီးကြပ်ရေးဌာနသို့ ခေါ်ဆောင်သွားသည်။ ချန်းယွဲ့တို့ ညီအစ်မမှာ ရင်တထိတ်ထိတ်ဖြင့် ယဲ့ဖုန်းကို ကြည့်နေသော်လည်း ယဲ့ဖုန်းကမူ တည်ငြိမ်နေဆဲပင်။
၎င်းတို့ ငါးဦးစလုံး ပြတင်းပေါက်တစ်ခုတည်းတွင် တန်းစီနေကြသည်။ ခဏအကြာတွင် ချန်းယွဲ့တို့မှာ လုံခြုံရေးစစ်ဆေးမှု ဦးစွာ အောင်မြင်သွားသည်။ ယဲ့ဖုန်းအလှည့် ရောက်သောအခါ သူ၏ အထောက်အထားများနှင့် နိုင်ငံကူးလက်မှတ်ကို ကမ်းပေးလိုက်သည်။
လုံခြုံရေးအရာရှိက ကွန်ပျူတာတွင် စစ်ဆေးပြီးနောက် ဂျပန်ဘာသာဖြင့် မေးလိုက်သည်။ "ဆရာ... ရှင့်အနေနဲ့ ရွှမ်ချင်းကို ရောက်တာမကြာသေးဘူး၊ ဘာလို့ ဒီလောက် အလျင်စလို ပြန်သွားချင်ရတာလဲ"
ယဲ့ဖုန်းက ဂျပန်ဘာသာဖြင့်ပင် တည်ငြိမ်စွာ ဖြေကြားသည်။ "ကျွန်တော်တို့ ရွှမ်ချင်းကို စီးပွားရေးလေ့လာဖို့ လာခဲ့တာပါ...ဒါပေမဲ့ ကုမ္ပဏီက အရေးပေါ်ပြန်ခေါ်လို့ အခုလို ပြန်ရတာပါ..စိတ်မပူပါနဲ့၊ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် နှစ်ယောက် ကျန်ခဲ့ပါသေးတယ်.. ဘာမှ အခက်အခဲမရှိရင် နောက်အပတ်ထဲမှာ ဒီလှပတဲ့ ရွှမ်ချင်းမြို့ကို ကျွန်တော် တစ်ခေါက် ထပ်လာပါဦးမယ်"
ယဲ့ဖုန်းက ရွှမ်ချင်းမြို့ကို ချီးကျူးစကားပြောခြင်းနှင့် သူ၏ ကျွမ်းကျင်လှသော ဂျပန်ဘာသာစကားကြောင့် လုံခြုံရေးအရာရှိမှာ သံသယများ ပြေပျောက်သွားကာ ပြုံးလျက် "မစ္စတာယဲ့ဖုန်း... နောက်တစ်ခေါက် ထပ်လာဖို့ ကြိုဆိုနေပါတယ်" ဟု ဆိုသည်။
ယဲ့ဖုန်းက "ကျေးဇူးတင်ပါတယ်..နောက်တစ်ခေါက်ကျရင် ရွှမ်ချင်းမြို့ရဲ့ ဟော့ပေါ့ကို သေချာပေါက် မြည်းစမ်းကြည့်ရမယ်" ဟု ပြောရင်း ခေါင်းညိတ်ပြလိုက်သည်။
လုံခြုံရေးအရာရှိက ပြုံးလျက် ယဲ့ဖုန်း၏ နိုင်ငံကူးလက်မှတ်ပေါ်တွင် တံဆိပ်တုံးနှိပ်ကာ ဖြတ်သန်းခွင့် ပေးလိုက်တော့သည်။
ယဲ့ဖုန်းသည် ဒန်ရှောင်လင်း၏ အထောက်အထားများကို ထပ်မံပေးအပ်ကာ "ကလေးက နေမကောင်းလို့ အိပ်ပျော်နေတာပါ" ဟု ပြောရင်း ပုခုံးတွန့်ပြလိုက်သည်။
သူသည် ဒန်ရှောင်လင်းကို ပွေ့ချီကာ ပြတင်းပေါက်နားသို့ တိုးသွားသည်။ ဒန်ရှောင်လင်း၏ အဝင်မှတ်တမ်းမှာ ယဲ့ဖုန်းနှင့် အတူတူပင် ဖြစ်ရာ လုံခြုံရေးအရာရှိက အထူးတလည် မစစ်ဆေးတော့ဘဲ တံဆိပ်တုံးနှိပ်ပေးလိုက်သည်။
မာလျန်နှင့် ကျန်းစန်းဖောင်တို့လည်း လုံခြုံရေးစစ်ဆေးမှု အောင်မြင်သွားကြသည်။
လေဆိပ်ခန်းမထဲတွင် လျှောက်လှမ်းနေစဉ် ချန်းယွဲ့တို့က "ယဲ့ဖုန်း... ဒါက တကယ်ကို မယုံနိုင်စရာပဲ..ရှီလဲ့ ဘယ်လိုများ လုပ်လိုက်တာလဲ" ဟု ပြောကာ ကံကောင်းသည်ဟု ခံစားနေရသည်။
ယဲ့ဖုန်းတို့၏ နိုင်ငံကူးလက်မှတ်များမှာ အစစ်ဖြစ်သော်လည်း ရှနိုင်ငံ ဗီဇာ မပါရှိချေ။ ရှီလဲ့က လူဝင်မှုကြီးကြပ်ရေးစနစ်ကို ဟက်ကာ အဝင်မှတ်တမ်းများကို ပြုလုပ်ပေးထားခြင်းကြောင့်သာ ဤကဲ့သို့ လွယ်ကူသွားခြင်းဖြစ်သည်။
ယဲ့ဖုန်းက မျက်မှောင်ကြုတ်ကာ ဂျပန်ဘာသာဖြင့် "ချန်းယွဲ့ ... အခုကစပြီး ငါ့ကို 'ဖုန်းဟွာ' လို့ပဲ ခေါ်တော့" ဟု သတိပေးလိုက်သည်။
"ဟုတ်ကဲ့" ချန်းယွဲ့က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ကြသည်။
ဂျင်းယာဥယျာဉ်တွင်မူ အိုးရန်ရှန်း၏ ဖုန်းထဲသို့ SMS တစ်စောင် ရောက်လာသည်။ သို့သော် သူမ ဖုန်းကို အသံပိတ်လုပ်ထားသဖြင့် ရှီလဲ့ အသံမကြားလိုက်ရချေ။
စာကို ဖတ်ပြီးနောက် အိုးရန်ရှန်းသည် အိမ်တံခါးဝသို့ ခပ်မြန်မြန်သွားကာ တံခါးကို ဖွင့်လိုက်သည်။
တံခါးအပြင်ဘက်တွင် တိုက်ကွမ်ဟွာ၊ ရွှမ်းဟူရဲစခန်းမှ အထူးအမှုစစ်အဖွဲ့ ဒုတိယတပ်ဖွဲ့မှူး လဲ့ယာခွန်း နှင့် အခြားရဲအရာရှိနှစ်ဦး ရှိနေကြသည်။
"အိုးရန်ရှန်း... ရှီလဲ့ ရှိနေသေးလား" တိုက်ကွမ်ဟွာက တိုးတိုးလေး မေးသည်။
အိုရန်ရှန့် ခေါင်းညိတ်ကာ "သူ အခန်းထဲမှာ ရှိနေတုန်းပဲ" ဟု ပြန်ဖြေသည်။
တိုက်ကွမ်ဟွာက ကျေနပ်သွားကာ "အိုးရန်ရှန်း... သွားပြီး တံခါးခေါက်လိုက်၊ တို့တွေ အားလုံး အတူတူ ဝင်မယ်" ဟု အမိန့်ပေးလိုက်တော့သည်။
ရှီလဲ့မှာမူ ထိုအချိန်တွင် ပေယွီလေဆိပ်၏ စနစ်ကို စောင့်ကြည့်နေဆဲပင် ဖြစ်သည်။ အကယ်၍ အိုးရန်ရှန်းနှင့် တိုက်ကွမ်ဟွာတို့သာ အခန်းထဲသို့ ဇွတ်အတင်း ဝင်လာပါက သူသည် ဆာဗာကို ပိတ်ရန်ပင် အချိန်ရတော့မည် မဟုတ်ချေ။
အခန်း - ၆၂
ဧည့်ခန်းထဲတွင် အိုးရန်ရှန်းမှာ စိတ်လှုပ်ရှားစွာဖြင့် တုံ့ဆိုင်းနေမိသည်။ သူမသည် အသက်ကို ပြင်းပြင်းရှူကာ ရှီလဲ့၏ အခန်းတံခါးကို ခေါက်လိုက်သော်လည်း ရှီလဲ့ထံမှ ဘာတုံ့ပြန်မှုမျှ မရရှိခဲ့ပေ။
အိုရန်ရှန့်သည် မေးခွန်းထုတ်လိုသော အကြည့်များဖြင့် တိုက်ကွမ်ဟွာကို လှည့်ကြည့်လိုက်သည်။
“ဆက်ခေါက် ဘာမှ ပြန်မပြောရင် ဇွတ်ဝင်မယ်” တိုက်ကွမ်ဟွာက ရှီလဲ့မှာ အပြစ်ပေးခံရမည်စိုးသဖြင့် ထွက်ပြေးသွားပြီလားဟု သံသယဝင်နေခြင်းဖြစ်သည်။ ရှနိုင်ငံတွင် ရှာဖွေဝရမ်းမပါဘဲ လူနေအိမ်ထဲ ဝင်ရောက်ခြင်းမှာ ထူးဆန်းသောကိစ္စ မဟုတ်ချေ။
အိုးရန်ရှန်းတံခါးကို အားရပါးရ ထုလိုက်ပြီး “ရှီလဲ့... နင် အထဲမှာ ရှိလား” ဟု အော်မေးလိုက်သည်။
“အိုးရန်မင်းလား” အခန်းထဲမှ ရှီလဲ့၏အသံ ထွက်ပေါ်လာသည်။
ရှီလဲ့၏အသံကို ကြားလိုက်ရမှ အိုးရန်ရှန်း သက်ပြင်းချနိုင်တော့သည်။ “ရှီလဲ့... တံခါးဖွင့်ဦ.. နင်နဲ့ ပြောစရာရှိလို့”
“လာပြီ”
အခန်းထဲတွင် ရှီလဲ့သည် စခရင်နှစ်ခုလုံးကို နောက်တစ်ကြိမ် ထပ်မံစစ်ဆေးလိုက်သည်။ ဘာမှ အမှားအယွင်းမရှိကြောင်း သေချာမှ ထကာ တံခါးဖွင့်ပေးလိုက်သည်။ ထို့နောက် သူသည် ကုတင်ဘေးသို့ ခပ်မြန်မြန်ပြန်သွားကာ နားကြပ်တပ်၊ လက်တစ်ဖက်က ကီးဘုတ်၊ နောက်တစ်ဖက်က မောက်စ်ကို ကိုင်ကာ ဂိမ်းထဲတွင် အပြင်းအထန် တိုက်ခိုက်နေတော့သည်။
အိုရန်ရှန့် တံခါးတွန်းဖွင့်ဝင်လာသောအခါ ရှီလဲ့မှာ ဂိမ်းဆော့နေသည်ကို တွေ့လိုက်ရ၏။
ရှီလဲ့က လှည့်ပင်မကြည့်ဘဲ “အိုးရန်မင်း... ဒီနေ့ ဘာလို့ အလုပ်မသွားတာလဲ.. ငါ အခု အလုပ်ရှုပ်နေတယ်၊ ဘာကိစ္စရှိလို့လဲ” ဟု မေးလိုက်သည်။
ဂိမ်းမှာ ပွင့်နေသည်။ ဤဂိမ်းသည် ယခုနှစ် မတ်လနှောင်းပိုင်းတွင် ထွက်ရှိထားခြင်းဖြစ်ပြီး တစ်ကိုယ်တော်ဆော့ရသည့် ဂိမ်းလောကတွင် အလွန်ရေပန်းစားနေသည့် ဂိမ်းဖြစ်သည်။
အိုးရန်ရှန်းနောက်မှ ကပ်ပါလာသော တိုက်ကွမ်ဟွာသည် ရှီလဲ့၏ အခန်းထဲကို ခပ်မြန်မြန် လှည့်ပတ်ကြည့်လိုက်သည်။ ဆာဗာနှစ်လုံးရှိနေသည်ကလွဲလျှင် ကျန်သည်မှာ သာမန်အတိုင်းပင်။
ဆာဗာနှစ်လုံး ရှိနေသည်ဆိုသော်လည်း ၎င်းတို့မှာ ဝေါ့စတေရှင်အဆင့်ဖြစ်သဖြင့် သာမန်ကွန်ပျူတာများနှင့် ပုံစံချင်း မကွာခြားလှပေ။
“ရှီလဲ့... နင် ဘာလို့ အတန်းမတက်တာလဲ” ဟု အိုးရန်ရှန်းက မေးသည်။
ရှီလဲ့မှာ ဂိမ်းထဲတွင်သာ အာရုံစိုက်နေဆဲ။ စခရင်ပေါ်တွင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အနောက်တိုင်း အလယ်ခေတ် စစ်သည်တော်တစ်ဦးမှာ ရှီလဲ့၏ ထိန်းချုပ်မှုအောက်တွင် တိုက်ခိုက်နေသည်။
ရှီလဲ့က ရယ်လိုက်ပြီး “အိုးရန်မင်း... ငါ ဂိမ်းဆော့နေတာ မမြင်ဘူးလား.. တက္ကသိုလ်မှာ အတန်းလစ်တာ ဘာဆန်းလို့လဲ” ဟု ခပ်ပေါ့ပေါ့ပင် ပြန်ဖြေသည်။
အိုးရန်ရှန်းက တိုက်ကွမ်ဟွာကို လှည့်ကြည့်လိုက်ရာ တိုက်ကွမ်ဟွာက ရှေ့သို့ တစ်လှမ်းတိုးကာ အသံကျယ်ကျယ်ဖြင့် ချောင်းဟန့်လိုက်သည်။
“ဟယ်လို... ကျောင်းသား ရှီလဲ့”
ရှီလဲ့ ကီးဘုတ်ကို နှိပ်ကာ ဂိမ်းကို ခဏရပ်လိုက်သည်။ သူသည် ခေါင်းလှည့်ကြည့်ကာ တိုက်ကွမ်ဟွာကို စဉ်းစားဟန်ဖြင့် ကြည့်ပြီးမှ ညာဘက်လက်ညှိုးကို ထောင်ကာ အထက်အောက် လှုပ်ယမ်းလိုက်သည်။ “ခင်များက အရာရှိတိုက် မဟုတ်လား”
တိုက်ကွမ်ဟွာက ပြုံးလျက် ခေါင်းညိတ်ပြသည်။ “ရှီလဲ့... မင်း ငါ့ကို မှတ်မိနေသေးတာ ဝမ်းသာပါတယ်”
ရှီလဲ့ နားကြပ်ကို ချွတ်ကာ မတ်တပ်ရပ်လိုက်သည်။ “အရာရှိတိုက်... ဒီနေ့ ဘာကိစ္စနဲ့ လာတာလဲ... ပြီးခဲ့တဲ့တစ်ခေါက်က ယဲ့ဖုန်းကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခု ထပ်မေးစရာရှိလို့လား” ရှီလဲ့၏ အမူအရာမှာ ရဲတပ်ဖွဲ့ကို ကူညီချင်နေသည့် စံပြနိုင်ငံသားတစ်ဦးကဲ့သို့ သဘာဝကျလှသည်။
တိုက်ကွမ်ဟွာက ခေါင်းခါလိုက်ပြီး “ရှီလဲ့... ငါတို့က အရင်ကိစ္စတွေ မေးဖို့လာတာ မဟုတ်ပါဘူး” ဟု ဆိုသည်။
ရှီလဲ့က နားမလည်သည့်ပုံစံ ပြသော်လည်း တည်ငြိမ်နေဆဲပင်။ “ဒါဆိုရင် ဘာကိစ္စရှိလို့လဲခင်ဗျ”
တိုက်ကွမ်ဟွာသည် ရှီလဲ့၏ အနီးသို့ လျှောက်သွားကာ ကွန်ပျူတာစခရင်နှစ်ခုကို အနီးကပ် လေ့လာကြည့်သည်။ ခဏအကြာတွင် သူက “ရှီလဲ့... မင်းက ဂရပ်ဖစ်ပိုင်းမှာ အရမ်းတော်တယ်လို့ ကြားတယ်... ငါတို့ မင်းဆီက အကူအညီတစ်ခု လိုချင်လို့ပါ” ဟု ပြောလိုက်သည်။
တိုက်ကွမ်ဟွာက မော်နီတာကို ကြည့်နေခြင်းကို ရှီလဲ့ ဂရုမစိုက်ပေ။ ဧည့်ခန်းထဲမှ အသံကြားကတည်းက ရှီလဲ့သည် ဂိမ်းကို ဒေါင်းလုဒ်ဆွဲကာ အခြားသူတစ်ယောက်၏ ဆော့လက်စဖိုင်ကို ကူးယူထည့်သွင်းထားပြီး ဖြစ်သည်။ ဤသည်မှာ အိုးရန်ရှန်းတို့ ဇွတ်ဝင်လာလျှင် ဟန်မပျက်စေရန် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။
ဆာဗာနံပါတ် (၁) မှာမူ လှုပ်ရှားမှုစောင့်ကြည့်စနစ်ဖြင့် ပိတ်ထားပြီး ဖြစ်ရာ တိုက်ကွမ်ဟွာတို့အနေဖြင့် ဘာမှ ထူးခြားချက် တွေ့နိုင်မည်မဟုတ်ပေ။
“အော်... ကျွန်တော့်ကို ဂရပ်ဖစ်ပိုင်းမှာ ထပ်ကူညီပေးစေချင်တာလား” ရှီလဲ့က အိုးရန်ရှန်းကို ကြည့်ကာ တမင် မျက်မှောင်ကြုတ်ပြလိုက်သည်။ “အိုးရန်ရှန်း... မနက်ဖြန်မှ လုပ်ပေးလို့ မရဘူးလား.. ငါ အခု အလုပ်ရှုပ်နေလို့”
အိုးရန်ရှန်းမှာ အနည်းငယ် ဒေါသထွက်သွားသည်။ “နင် ဘာတွေ အလုပ်ရှုပ်နေတာလဲ..ဂိမ်းဆော့ဖို့ အလုပ်ရှုပ်နေတာလား”
ရှီလဲ့က တည်တည်တံ့တံ့ပင် ခေါင်းညိတ်ပြသည်။ “ဟုတ်တယ်လေ..ငါ အခု ဘော့စ်နဲ့ တိုက်တော့မှာ မမြင်ဘူးလား”
တိုက်ကွမ်ဟွာမှာ ရှီလဲ့ကို ကြည့်ကာ အကျပ်ရိုက်သွားသည်။ သူသည် ရင်ထဲတွင် ရှီလဲ့ကို သံသယဝင်နေသော်လည်း ခိုင်လုံသော သက်သေမရှိသဖြင့် ဘာမှ မတတ်နိုင်ချေ။
“ကျောင်းသား ရှီလဲ့... ဓာတ်ပုံအချို့ကို ပြုပြင်ပေးဖို့ အချိန်အနည်းငယ်လောက် ပေးလို့ရမလား” တိုက်ကွမ်ဟွာက အိုးရန်ရှန်းကို မျက်ရိပ်ပြလိုက်သည်။
အိုးရန်ရှန်းက နှာခေါင်းရှုံ့လိုက်ပြီး “ရှီလဲ့... ဒါကို ကူညီပေးတာက ကျေးဇူးတင်စရာတစ်ခုလို့ မှတ်ထားလိုက်မယ်.. ပြီးတော့ ဒီည နင့်အတွက် ဝက်သားနီချက် ချက်ပေးမယ်လေ” ဟု ပြောလိုက်သည်။
ရှီလဲ့ မျက်လုံးများ အရောင်တောက်ပသွားပြီး နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။ “အိုးရန်ရှန်း... ငါ့ကို မလိမ်နဲ့နော်”
“စိတ်ချပါ” အိုးရန်ရှန်းက ရှီလဲ့၏ အမူအရာကို မကျေမနပ်ဖြစ်ဟန်ပြကာ USB တစ်ခုကို ပစ်ပေးလိုက်သည်။
ရှီလဲ့ USB ကို ဖမ်းယူလိုက်ပြီးနောက် ဂိမ်းကို ပိတ်ကာ USB ကို တပ်လိုက်သည်။
တိုက်ကွမ်ဟွာက စိတ်ဝင်တစားဖြင့် “ကျောင်းသား ရှီလဲ့... မင်း ဘယ်လိုလုပ်လဲဆိုတာကို ငါ ဘေးကနေ ထိုင်ကြည့်လို့ ရမလား” ဟု မေးသည်။
“ထိုင်လေ” ရှီလဲ့က သူ၏ဘေးရှိ ကုတင်ပေါ်ကို ပုတ်ပြကာ “အိုးရန်ရှန်း... ငါ့အတွက် စားစရာ တစ်ခုခု သွားလုပ်ပေးဦး... ငါ မနက်စာ မစားရသေးဘူး” ဟု ခိုင်းလိုက်သည်။
အိုးရန်ရှန်းက ရှီလဲ့ကို မျက်စောင်းထိုးလိုက်သော်လည်း နောက်ဆုံးတွင်တော့ အပြင်ထွက်ကာ ရှီလဲ့အတွက် မနက်စာ ပြင်ဆင်ပေးတော့သည်။
တိုက်ကွမ်ဟွာသည် ရှီလဲ့ ပြုပြင်နေသည်ကို ခဏမျှ ထိုင်ကြည့်ပြီးနောက် ဆာဗာနံပါတ် (၁) ၏ စခရင်ပေါ်သို့ အကြည့်ရောက်သွားသည်။ ထိုပေါ်တွင် အပြည့်ဖြစ်နေသော ကုဒ် (Code) များကို ကြည့်ကာ စူးစမ်းစွာ မေးလိုက်သည်။ “ကျောင်းသား ရှီလဲ့... ဒါတွေက ဘာတွေလဲ”
“ဒါက ကျွန်တော့်ကျောင်းက ဆော့ဖ်ဝဲပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ရေးထားတဲ့ ပရိုဂရမ်ပါ” ဟု ရှီလဲ့က အမှန်အတိုင်း ဖြေလိုက်သည်။ ဆာဗာနံပါတ် (၁) ပေါ်တွင် ရှိနေသည်မှာ မျက်နှာသွင်ပြင် ထောက်လှမ်းရေးစနစ်ပင် ဖြစ်သည်။
အချိန်များ ကုန်ဆုံးသွားပြီး ၁၁ နာရီနီးပါး ရှိလာသောအခါ ရှီလဲ့ ဓာတ်ပုံပြုပြင်ခြင်းကို အဆုံးသတ်လိုက်သည်။ “ဒါ ယဲ့ဖုန်း မဟုတ်လား”
ရဲတပ်ဖွဲ့က ရှီလဲ့ကို ပြုပြင်ခိုင်းသော ဓာတ်ပုံမှာ ယဲ့ဖုန်း၏ ပုံပင် ဖြစ်သည်။
“ဟုတ်တယ်၊ ဒါ ယဲ့ဖုန်းပဲ” တိုက်ကွမ်ဟွာက ပြောရင်း ရှီလဲ့ကို အကဲခတ်လိုက်သော်လည်း ရှီလဲ့ထံမှ ထူးခြားသော အမူအရာ မတွေ့ရပေ။ “ဒါက ပေယွီခရိုင်ထဲက စောင့်ကြည့်ရေးကင်မရာကနေ ရိုက်မိထားတာ.. မနေ့က ရိုက်မိတာဆိုတော့ ယဲ့ဖုန်းက ရွှမ်ချင်းမြို့ထဲမှာ ရှိနေသေးတယ်ဆိုတာ သေချာသွားပြီ”
တိုက်ကွမ်ဟွာ မတ်တပ်ရပ်လိုက်ပြီး လဲ့ယာခွန်းကို အမိန့်ပေးလိုက်သည်။ “လဲ့ယာ... ပေယွီခရိုင် ရဲစခန်းက အထူးအမှုစစ်အဖွဲ့ကို ချက်ချင်း ဆက်သွယ်ပါ...အဲဒီကင်မရာကို ဗဟိုပြုပြီး ပတ်ဝန်းကျင်က မသင်္ကာစရာ နေရာမှန်သမျှကို စုံစမ်းပါ”
ရှီလဲ့ ဂိမ်းကို ပြန်ဖွင့်လိုက်သည်။ “အရာရှိတိုက်တို့ အလုပ်ရှုပ်နေကြတာဆိုတော့ ကျွန်တော် လိုက်မပို့တော့ဘူးနော်”
ထို့နောက် ရှီလဲ့သည် နားကြပ်တပ်ကာ ဂိမ်းကို ဆက်ဆော့နေတော့သည်။ တိုက်ကွမ်ဟွာသည် ရှီလဲ့ကို သံသယစိတ်ဖြင့် ကြည့်နေသော်လည်း သူ၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်လာသည်။ ရှီလဲ့က တကယ်ပဲ သံသယဖြစ်ဖွယ် လူတစ်ယောက်လား။သူ မှားနေတာများလား။
တိုက်ကွမ်ဟွာ ခေါင်းခါလိုက်ပြီး လဲ့ယာခွန်းတို့နှင့်အတူ ထွက်သွားတော့သည်။
ဧည့်ခန်းအပြင်ဘက်တွင် အိုးရန်ရှန်းသည် ကြက်ဥကြော် သုံးလုံးကို ကိုင်ကာ စောင့်နေသည်။ တိုက်ကွမ်ဟွာ ထွက်လာသည်ကို မြင်သောအခါ သူမက “ညွှန်ကြားရေးမှူး တိုက်... အဆင်ပြေသွားပြီလား” ဟု တိုးတိုးလေး မေးလိုက်သည်။
တိုက်ကွမ်ဟွာ ခေါင်းညိတ်ကာ “ယဲ့ဖုန်းဆိုတာ အတည်ပြုနိုင်ခဲ့ပြီ..အိုးရန်ရှန်း... နင်လည်း ညနေကျရင် ရဲစခန်းကို အလုပ်ပြန်ဆင်းတော့” ဟု ပြောလိုက်သည်။
အိုးရန်ရှန်း၏ မျက်လုံးများ တောက်ပသွားသည်။ “သူက သံသယဖြစ်ဖွယ် လူတစ်ယောက် မဟုတ်တော့ဘူးလား”
“ငါ သံသယလွန်သွားတာ ဖြစ်မှာပါ” တိုက်ကွမ်ဟွာ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။ သူသည် ဂိမ်းကိုသာ အာရုံစိုက်နေသော ရှီလဲ့ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ထွက်ခွာသွားတော့သည်။
အိုးရန်ရှန်း စိတ်အေးသွားတော့သည်။ သူမသည် ကြက်ဥကြော်များကို ရှီလဲ့၏ အခန်းထဲသို့ ယူလာကာ ကွန်ပျူတာစားပွဲပေါ် တင်ပေးလိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် ကြင်နာမှုနှင့် အားနာမှုများ ပြည့်နှက်နေသည်။
“ရှီလဲ့... ဗိုက်ဆာနေပြီလား”
ရှီလဲ့ ဂိမ်းကို ခေတ္တရပ်ကာ မွှေးပျံ့နေသော ကြက်ဥကြော်နံ့ကို ရှူရှိုက်လိုက်သည်။ “အိုးရန်ရှန်း... မင်းရဲ့ ကြက်ဥကြော်က အကောင်းဆုံးပဲ”
အိုးရန်ရှန်းက မျက်စောင်းထိုးလိုက်ပြီး “ဒါနဲ့ ရှီလဲ့... ငါ ညနေကျရင် အလုပ်ပြန်ဆင်းရမယ်.. အခု အချိန်မရှိတော့လို့ နင့်ဘာသာနင်ပဲ ချက်စားလိုက်တော့နော်” ဟု ပြောသည်။
ရှီလဲ့က ခပ်မြန်မြန်ပင် စားသောက်လိုက်ပြီး “ကောင်းပြီ၊ ကောင်းပြီ...ငါ ဂိမ်းဆက်ဆော့လိုက်ဦးမယ်” ဟု ဆိုသည်။
အိုးရန်ရှန်းက ရှီလဲ့ကို စိုးရိမ်တကြီး ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် လှည့်ထွက်သွားခဲ့သည်။
သိပ်မကြာခင်မှာပင် အိမ်ရှေ့တံခါးပိတ်သံကို ရှီလဲ့ ကြားလိုက်ရသည်။ သူသည် ထကာ အခန်းတံခါးကို ဂျက်ထိုးလိုက်သည်။ ထို့နောက် ဂိမ်းကို ပိတ်ကာ ဆာဗာ၏ စောင့်ကြည့်ရေးစနစ်ကို ပြန်ဖွင့်လိုက်သည်။
ဆာဗာနံပါတ် (၁) သည် စူပါကွန်ပျူတာ ယန် မှတစ်ဆင့် ပေယွီလေဆိပ်၏ အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်သည်။
ရှီလဲ့ လေဆိပ်၏ စောင့်ကြည့်ရေးစနစ်ကို အသည်းအသန် စစ်ဆေးလိုက်သည်။ တိုက်ကွမ်ဟွာတို့ ဝင်နှောက်လိုက်သဖြင့် ကင်မရာများကို နှောင့်ယှက်ရန် အချိန်မရလိုက်ဘဲ အားလုံးမှာ ပုံမှန်အတိုင်း အလုပ်လုပ်နေကြသည်။
‘သက်ပြင်းချမိတယ်...မုန်တိုင်းတစ်ခု မပြီးခင် နောက်တစ်ခု လာပြန်ပြီ အိုးရန်ရှန်းရဲ့ အကြည့်ကို ကြည့်ခြင်းအားဖြင့် ငါ့အပေါ် သံသယနည်းသွားပြီဆိုတာ သိနိုင်ပါတယ်.. ဂိမ်းဆော့ဟန်ဆောင်ရတာလည်း အလကားတော့ မဖြစ်သွားဘူးပေါ့.. ဒါပေမဲ့ လေဆိပ်ကင်မရာတွေက ယဲ့ဖုန်းရဲ့ ပုံရိပ်ကို ဖမ်းမိထားလောက်တယ်’
ရှီလဲ့ လေကြောင်းလိုင်းကို စစ်ဆေးကြည့်ရာ တိုကျိုသို့ ပျံသန်းမည့် ခရီးစဉ်မှာ လူဝင်မှုစစ်ဆေးပြီး၍ လေယာဉ်ပေါ်တက်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ ရှီလဲ့သည် စောင့်ကြည့်ရေးမှတ်တမ်းများကို မဖျက်ဆီးတော့ပေ။
လေယာဉ် ပျံတက်သွားသည်နှင့် ရှနိုင်ငံအနေဖြင့် ယဲ့ဖုန်းကို ဖမ်းနိုင်တော့မည် မဟုတ်ပေ။ ဗွိုက်စင်နှင့် ရှနိုင်ငံကြားတွင် တရားခံလွှဲပြောင်းပေးရေးစာချုပ် မရှိသဖြင့် ယဲ့ဖုန်း တရှားကို ကိုယ့်သဘောနဲ့ကိုယ် ပြန်မလာသရွေ့တော့ လုံခြုံသွားပြီဖြစ်သည်။
ပေယွီရဲစခန်းမှ အထူးအမှုစစ်အဖွဲ့သည် ယဲ့ဖုန်းကို တွေ့ရှိခဲ့သည့် နေရာတဝိုက်ရှိ ကင်မရာများကို စစ်ဆေးရာမှ မသင်္ကာစရာ နေရာတစ်ခုကို တွေ့ရှိခဲ့သည်။
လူနေရပ်ကွက်တစ်ခုမှ လုံခြုံရေးဝန်ထမ်းတစ်ဦးက ထိုရပ်ကွက်တွင် လူစိမ်းအချို့ နေထိုင်နေကြောင်းနှင့် တစ်ဦးမှာ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည့် ပုံနှင့် ဆင်တူကြောင်း သတင်းပေးလာသည်။
တိုက်ကွမ်ဟွာ ကိုယ်တိုင်ဦးဆောင်ကာ ချန်းယွဲ့တို့ ငှားရမ်းထားသော အိမ်ကို ဝိုင်းလိုက်သော်လည်း ၎င်းတို့ ရောက်သွားချိန်တွင် အိမ်မှာ လူမရှိတော့ပေ။
သို့သော်လည်း ရလဒ်မရှိသည်တော့ မဟုတ်ပါ။ အခန်းထဲတွင် ကျန်းစန်းဖောင်၏ စနိုက်ပါရိုင်ဖယ်နှင့် ဖောက်ခွဲရေးပစ္စည်း အမြောက်အမြားကို တွေ့ရှိခဲ့သည်။
တိုက်ကွမ်ဟွာက ထိုပစ္စည်းများကို သေသေချာချာ သိမ်းဆည်းရန် ညွှန်ကြားလိုက်ပြီး လမ်းပန်းဆက်သွယ်ရေးဌာနသို့ ဆက်သွယ်ကာ ယဲ့ဖုန်းတို့၏ သွားရာလမ်းကြောင်းကို စုံစမ်းခိုင်းလိုက်သည်။
သို့သော်လည်း ယဲ့ဖုန်း၊ ချန်းယွဲ့နှင့် ချန်းရွှယ်တို့မှာ အောဒေးလေကြောင်းလိုင်း၏ ပထမတန်းစားခုံများတွင် ထိုင်နေကြပြီဖြစ်သည်။ လေယာဉ်မှာလည်း ပြေးလမ်းပေါ်တွင်ရှိနေပြီး ပျံတက်ရန် ခွင့်ပြုချက်ကို စောင့်ဆိုင်းနေပြီ ဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေးဌာနက ချန်းယွဲ့တို့ မောင်းနှင်ခဲ့သော ကားကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုကားမှာ ငှားရမ်းထားသောကားဖြစ်ကြောင်း သိရှိရပြီးနောက် ချန်းယွဲ့နှင့် ချန်းရွှယ်တို့၏ အမည်များကိုပါ စုံစမ်းသိရှိသွားကြသည်။
“လေဆိပ်ကို အကြောင်းကြားလိုက်..ယဲ့ဖုန်းရဲ့ ပန်းတိုင်က လေဆိပ်ပဲ”
ရဲဌာနချုပ်က သတင်းရသည်နှင့် လေဆိပ်သို့ ဆက်သွယ်ကာ ချန်းယွဲ့တို့၏ အမည်ဖြင့် ခရီးသည်ပါ၊ မပါ စစ်ဆေးခိုင်းလိုက်သည်။ အမည်စာရင်းကို ရသည်နှင့် ရဲဌာနချုပ်သို့ ချက်ချင်း ပေးပို့ရန် ညွှန်ကြားလိုက်သည်။
သို့သော်လည်း အမည်စာရင်း ရောက်ရှိလာချိန်တွင် အောဒေးလေကြောင်းလိုင်း၏ ခရီးစဉ်မှာ ပျံတက်သွားပြီ ဖြစ်သည်။
ဗွိုက်စင်၏ လေကြောင်းလိုင်းသည် ရွှမ်ချင်းရဲစခန်း၏ ခိုင်းစေချက်တစ်ခုတည်းနှင့် လေယာဉ်ကို အရေးပေါ် ပြန်ဆင်းခိုင်းမည် မဟုတ်ပေ။
ရှီလဲ့၏ အကူအညီဖြင့် ယဲ့ဖုန်းသည် ဘေးကင်းစွာ လွတ်မြောက်သွားနိုင်ခဲ့ပြီ ဖြစ်သည်။
လေယာဉ် ပျံတက်သွားသည်ကို လေဆိပ်စနစ်မှတစ်ဆင့် မြင်လိုက်ရသောအခါ ရှီလဲ့ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
“နှုတ်ဆက်ပါတယ်၊ ယဲ့ဖုန်း”